← Chapters

အခန်း (၂၉၃-၂၉၆)

Vol. 15 Ch. 293-296

အခန်း (၂၉၃-၂၉၆)

Vol. 15 Ch. 293-296

Chapter 293 : မတူညီခြင်း

ကျင်းယွင်ကျောင်းသည် ကျင်းရှို့၏ မိသားစုနောက်ခံနှင့် နောက်ကြောင်းရာဇဝင်ကို လုံးဝရှင်းလင်းပေးနိုင်သည်အထိ အစွမ်းအစ မရှိသော်လည်း ကျင်းရှို့၏ အမည်ကိုမူ အလွယ်တကူ ပြောင်းလဲပေးနိုင်စွမ်းရှိသေးသည်။ နာမည်ပြောင်းလိုက်ရုံနှင့် လူအများသည် ကျင်းရှို့နှင့် နာမည်ပျက်ရှိသည့် ကျင်းမိသားစုကို ဆက်စပ်ကြည့်ကြတော့မည် မဟုတ်ဘဲ သူမ၏ နေ့ရက်များက ငြိမ်းချမ်းသွားပေလိမ့်မည်။

ထို့အပြင် ကျောင်းပြောင်းပြီးနောက် ကျင်းရှို့သည် အတန်းဖော်များထံမှ ထပ်မံ၍ အပယ်ခံရမည်ကိုလည်း စိုးရိမ်စရာမလိုတော့ဘဲ အေးအေးဆေးဆေး အနားယူပြီး ကျောင်းစာများကို အာရုံစိုက်နိုင်လိမ့်မည်။

ကျင်းယွင်ကျောင်းက ကျင်းရှို့အား ကျင်းမိသားစုကို စွန့်လွှတ်ဖို့အတွက် မေးရန် အစီအစဥ်မရှိသည်မှာ အသိအသာပင်။ ထိုအစား သူမသည် ကျင်းရှို့၏ အကျင့်စရိုက်အား ရည်ညွှန်း၍ ‘ကျင်းရှို့အဖြစ် ပြန်သွားချင်လျှင်’ ဟုသာ ပြောခဲ့သည်။ အကယ်၍ ကျင်းရှို့က သူမကိုယ်သူမ မပြောင်းလဲချင်ဘဲ အမြဲတမ်း ကြောက်ရွံ့အားနည်းနေသည့် ကျင်းရှို့အဖြစ်သာ ပြန်နေချင်သည်ဆိုပါက ကျင်းယွင်ကျောင်းလည်း သူမကို ကူညီနိုင်မည် မဟုတ်တော့။

ထိုအခါ ကျင်းရှို့သည် ထိတ်လန့်၍ အံ့အားသင့်သွားသော်လည်း တစ်ချိန်တည်းမှာပင် စိုးရိမ်နေခဲ့သည်။

ကျင်းရှို၌ အလွန်သေးငယ်သော တောင်းဆုလေးတစ်ခုသာရှိ၍ ထိုဆုမှာလည်း ကျောင်းတက်ချင်ခြင်းပင်။ သို့ရာတွင် လက်ရှိအခြေအနေအရ သူမသည် ကျောင်းစာများကို အာရုံမစိုက်နိုင်ပေ။ သို့သော် သူမသာ ကျောင်းပြောင်းလိုက်ပါက အခြေအနေသည် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားလိမ့်မည်။

“အစ်မက ဘာလို့ ကျွန်မကို ကူညီတာလဲ။ ကျွန်မရဲ့မိဘတွေက အစ်မကို ရက်ရက်စက်စက် ဆက်ဆံခဲ့တာလေ”

ကျင်းရှို့က စိတ်ရှုပ်စွာဖြင့် ပြောလာသည်။

“ဘာလို့လဲဆိုတော့ နင်က မတူလို့ပေါ့”

ကျင်းယွင်ကျောင်းက အခိုင်အမာ ပြန်ဖြေလိုက်၏။

“ဒါက ဖြစ်နိုင်ပါ့လား”

ကျင်းရှို့က ခပ်တိုတိုး မေးလိုက်၏၊။ သူမသည် ကျင်းယွင်ကျောင်းကဲ့သို့သော လူတစ်ယောက်ဖြစ်လာအောင် အမှန်တကယ်ပင် ပြောင်းလဲနိုင်မည်လား။ သို့သော် ကျင်းယွင်ကျောင်းက ပြန်မဖြေပေ။ ဖြစ်နိုင်၊ မဖြစ်နိုင်ကို ကျင်းရှိူ့ကိုယ်တိုင်သာသိ၍ အရာအားလုံးကလည်း သူမ၏ ဆုံးဖြတ်ချက်အရသာ ဖြစ်သည်။

ကျင်းယွင်ကျောင်းက အလျင်မလိုဘဲ ကျင်းရှို့၏ အဖြေကို စိတ်ရှည်စွာ စောင့်ဆိုင်းနေစဥ် တုလင်းက မီးဖိုခန်းထဲဝင်၍ သူတို့နှစ်ယောက်အတွက် အလျှံအပယ် စားပွဲသောက်ပွဲ ပြင်ဆင်ပေးရန် ချက်ပြုတ်နေ၏။ နောက်ဆုံး ထမင်းတစ်နပ် စားပြီးနောက်တွင် ကျင်းရှို့သည် သူမ၏ သတ္တိလေးကို စုစည်း၍ ကျင်းယွင်ကျောင်းအား ကြည့်လိုက်သည်။

“အစ်မကြီးယွင်ကျောင်း၊ ကျွန်မ ကျောင်းပြောင်းချင်တယ်။ နာမည်ပြောင်းချင်တယ်။ ဘဝသစ်စချင်တယ်”

ကျင်းရှို့က ခံယူချက် ခိုင်ခိုင်မာမာဖြင့် ပြောလိုက်၏။

ဤမိန်းကလေးငယ်လေးသည် အရပ်ပု၍ အာဟာရချို့တဲ့ပုံပေါ်သည်။ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် အမြန်ရင့်ကျက်ရန် ဖိအားပေးခံရသောကြောင့် သူမ၏ ဆံပင်များက အဝါရောင်ပြောင်းနေသည်။ ပုံမှန်အားဖြင့် ရင့်ကျက်သူတစ်ယောက်ဖြစ်လာခြင်းသည် ဂုဏ်ယူစရာဖြစ်သော်လည်း ကလေးတစ်ယောက်က လောကဒဏ်တရားများကို နားလည်နေ၍ အခြားသူများနှင့်ယှဥ်ပါက ပို၍ ရင့်ကျက်နေခြင်းသည် မြင်ရကြားရသူများအား အမှန်တကယ်ပင် သူတို့ကိုယ်စား ပူပင်သောကရောက်စေ၍ စိတ်မကောင်းဖြစ်စေသည်။

ကျင်းယွင်ကျောင်းက ခေါင်းညိတ်၍ ပြန်ဖြေလိုက်၏။

“ယခု နင့်နာမည်ကိုပြောင်းမယ်ဆိုတာက လက်ရှိအခြေအနေတွေ အေးချမ်းပြီး ငြိမ်သက်သွားဖို့အတွက်ပါပဲ။ အခြေအနေတွေ ငြိမ်သွားတဲ့အထိစောင့်ပြီးရင် နင် ကျင်းရှို့ဆိုပြီး နာမည်ပြန်ပြောင်းလို့ရတယ်။ တကယ်လို့ နင်က နာမည်ပျက်ရှိတဲ့ ကျင်းမိသားစုရဲ့သမီးဆိုတာ တခြားလူတွေသိသွားရင်တောင်မှ ဘာဖြစ်လဲ။ နင်က အပြစ်ကင်းပြီးတော့ ဘာရာဇဝတ်မှုမှ မကျူးလွန်ခဲ့ဘူးလေ။ နင်က ဘာကြောင့် ကြောက်နေရမှာလဲ”

ထိုအခါ ကျင်းရှို့က ‘အင်း’ ဟုဆို၍ ထောက်ခံလိုက်ပြီး သူမ၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်ရောင်ခြည်လေး တောက်ပနေခဲ့လေသည်။

“နင် ငါပြောတာကို သဘောတူပြီဆိုရင် နင် ဒီနေရာမှာ ရက်နည်းနည်းလောက် အနားယူနေလိုက်ပါ။ ငါ နင် နာမည်ပြောင်းဖို့နဲ့ ကျောင်းပြောင်းဖို့ စီစဥ်ပေးမယ်။ ပြီးရင်တော့ နင့်ကို နင်းမြို့တော်ကို ခေါ်သွားဖို့ စီစဥ်ထားတယ်။ အဲဒီမှာ မင်းကို စောင့်ရှောက်ပေးမယ့်သူတွေရှိတယ်”

ကျင်းယွင်ကျောင်းက ဆက်ပြောလိုက်၏။

လက်ရှိအချိန်တွင် ကျောက်စိမ်းဝိညာဥ်ဝိုင်သည် ရေပန်းစားနေသဖြင့် ဘဏ္ဍာရေး ပြဿနာများကိုလည်း အလွယ်အကူဖြေရှင်းနိုင်ပြီး ဟွားနင်ခရိုင်မှ လူများစွာသည် ကျင်းယွင်ကျောင်းနှင့် အသိမိတ်ဆွေဖြစ်လာကြသည်။

ကျင်းရှို့သည် ရုတ်ချည်း တိုးတက်ပြောင်းလဲမှုများကြောင့် ဆွံ့အနေ၏။ သူမတွင် ကိုယ်ပိုင်အခန်းလေးတစ်ခန်း ရုတ်တရက်ရှိလာပြီး တုလင်း၏ ဖခင်ဖြစ်သူကလည်း သူမအား ချစ်ခင်နှစ်သက်သောကြောင့် သူမသည် တုမိသားစုအိမ်တွင် ရက်အနည်းငယ်ကြာအောင် နေထိုင်ခဲ့ရသည်။

ထို့နောက် ကျင်းယွင်ကျောင်းသည် အိမ်ပြန်လမ်းတွင် ပိုင်ယွီအန်းအား ဖုန်းခေါ်၍ သူမ၏ ပြဿနာ အသေးအမွှားလေးကို ဖြေရှင်းပေးရန် အကူအညီတောင်းခံခဲ့သည်။

ကျင်းရှို့က နာမည်ပြောင်းချင်သော်လည်း ကျင်းမိသားစုနှင့် သူမ၏ သွေးသားတော်စပ်မှုကို အမှန်ပင် မပယ်ဖျက်ချင်ပေ။ ကျင်းယွင်ကျောင်းသည်လည်း သွေးသားတော်စပ်သူများနှင့် ဆက်ဆံရေးကို ဖြတ်တောက်ရန်မှာ ခက်ခဲကြောင်း နားလည်၏။

နှစ်ပတ်ကြာပြီးနောက်တွင် အခြေအနေအားလုံး ငြိမ်သက်သွားသည်။

ကျင်းမိသားစု၏ ခြံဝန်းသည် ဖုန်မှုန့်များဖုံးလွှမ်းနေပြီး အိမ်ထဲသို့ လူများ ဝင်ထွက်သွားလာထားသည့် လက္ခဏာ မရှိပေ။

ကျင်းရှို့က ကျင်းဖန်ဟု အမည်ပြောင်းလိုက်သည်။ ရှန်းကျင် ပြသည့် နာမည်စာရင်းစာရွက်ထဲမှ အမည်အသစ်ကို သူမကိုယ်တိုင် ရွေးထားခြင်းဖြစ်၏။ သူမ ရွေးသောအမည်သည် ထူးထူးခြားခြား မဟုတ်သော်လည်း ကျင်းရှို့ဟူသောအမည်က ခါးသီးသောခံစားချက်ကို ပေး၍ ကျင်းဖန်ဟူသော အမည်သည် နွေးထွေးတောက်ပသည့်ခံစားချက်ကို ပေးသည်မှာမူ ထင်ရှားလေသည်။

ရှန်းကျင်သည် အသက်သုံးဆယ့်သုံးနှစ်ရှိပြီဖြစ်၍ ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြီး နင်းမြို့တော်သို့ ပြန်ပြောင်းလာကတည်းက တစ်ကိုယ်တည်းနေထိုင်နေခြင်းဖြစ်ရာ ကျင်းယွင်ကျောင်းက အကူအညီလိုသည်ဟုကြားသည်နှင့် မည်သည့်မေးခွန်းမှ မမေးဘဲ ကျင်းဖန်၏ နေ့စဥ်ဘဝ လုပ်ငန်းစဥ်များကို တာဝန်ယူပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမ နေထိုင်သောနေရာသည် ကျင်းဖန်၏ ကျောင်းအသစ်နှင့် နီးသည်ဖြစ်ရာ အလွန်အဆင်ပြေလှချေ၏။

Chapter 294 : နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများ

ကျင်းဖန်၏ ကိစ္စ နေရာကျသွားပြီး နောက်ဆုံး၌ စတိုးဆိုင်ပိုင်ရှင်သည် ပိုင်ယွီအန်းအား ဆက်သွယ်လာသည်။

ချက်ချင်းပင် ပိုင်ယွီအန်းသည် တစ်ဖက်လူနှင့် စျေးနှုန်းညှိနှိုင်း၍ ကျင်းယွင်ကျောင်း မျက်စိကျသောနေရာအား ဝယ်လိုက်၏။ တစ်ချိန်တည်းမှာပင် ပိုင်ယွီအန်းသည် လက်ဖက်ရည်ဆိုင် မန်နေဂျာတစ်ယောက်ကိုလည်း ငှားလိုက်သည်။

ထိုမန်နေဂျာသည် ချူးရုန်ဟု ခေါ်ပြီး အသက်သုံးဆယ်ကျော်ခန့်ရှိကာ အနည်းငယ် ရှေးဆန်သူတစ်ယောက််ဖြစ်သော်လည်း စကားပြောအလွန်ကောင်း၍ လက်ဖက်ရည်ကို သိသိသာသာ စွဲလန်းနှစ်ခြိုက်သူဖြစ်သဖြင့် ကျန်ရှ၏ ဖခင်ဖြစ်သူ ကျန်ဝမ်ရှန်းနှင့် လုံးဝကွာခြားလေ၏။

ကျန်ဝမ်ရှန်းသည် သူ၏ စီးပွားရေးလုပ်ငန်းနှင့် လိုက်ဖက်ညီစေရန် ယဥ်ကျေးသိမ်မွေ့သော ပညာတော်သင် ကျောင်းသားပုံဖမ်းလေ့ရှိပြီး ချူးရုန်နှင့်လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။

ကျင်းယွင်ကျောင်းသည် လက်ဖက်ရည်ဆိုင်နှင့်ပတ်သတ်သောကိစ္စများကို ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းချင်သော်လည်း ယခုအချိန်၌ သူမသည် အိမ်ထဲက အိမ်ပြင်မထွက်နိုင်သေးပေ။

ကျင်းမိသားစုနှင့် ချောင်မိသားစုသည် ပျက်စီးသွားပြီဖြစ်သော်လည်း သူမအပေါ်၌ပါ နောက်ဆက်တွဲဆိုးကျိုး ကြီးကြီးမားမား သက်ရောက်လျက်ရှိ၏။ သူမ နေ့စဥ် အိမ်နှင့်ကျောင်းသို့ပင် အပြေးအလွှားသွားနေရသည်။

အကြောင်းမှာ ထိုဖြစ်ရပ်ပြီးသွားသော်လည်း လူများစွာသည် သူမအား အထီးကျန်ပြီး အကူအညီကင်းမဲ့နေသော မိန်းကလေးငယ်လေးဟု ယူဆနေကြသေး၍ ဖြစ်၏။

ဥပမာအားဖြင့် သူမ နေထိုင်ရာပတ်ဝန်းကျင်တွင် ဖြတ်သွားဖြတ်လာများသည် သူမအား မြင်သောအခါ စာနာသနားစွာဖြင့် လှည့်ကြည့်၊ လှည့်ကြည့် လုပ်သွားလေ့ရှိသည်။ ထိုမျှသာမက တစ်ခါက အဖွားအိုတစ်ယောက်သည် ရုတ်တရက်ပေါ်လာပြီး သူမ၏ လက်ကို ဖြတ်ခနဲ လှမ်းဆွဲကာ သက်ပြင်းချ၍ပင် ပြောလာ၏။

“လိမ္မာတဲ့ကလေးလေးရယ်၊ မင်း ဒုက္ခတွေ အများကြီး ကြုံတွေ့ခဲ့ရပြီးပါပြီကွယ်”

ကျင်းယွင်ကျောင်းတစ်ယောက် လုံးဝစိတ်ညစ်နေရလေသည်။

သို့သော် ထိုမျှနှင့် မပြီးသေးပေ။ သူမ ကျောင်းသွားသောအခါ လွန်ခဲ့သောနှစ်ပတ်အတွင်း ကမ္ဘာအရပ်ရပ်မှ လက်ဆောင်များစွာ လက်ခံရရှိထားကြောင်း သိလိုက်ရပြန်၏။

ဆရာ၊ ဆရာမများ၏ ရုံးခန်းသည်လည်း ကြင်နာတတ်သူများမှ ပေးပို့ထားသည့် လက်ဆောင်ပစ္စည်းများဖြင့် ပြည့်နှက်နေသည်။

“ကြည့်ပါဦး...ဒါတွေအားလုံးက ဘာတွေလဲ။ မွေးပွဂျာကင်လား။ ဒါပေမယ့် ခုမှ စက်တင်ဘာပဲ ရှိသေးတာလေ”

ဆရာမကျင်သည် အံ့သြလွန်း၍ ကြောင်အနေသည့်ကြားမှ မနေနိုင်ဘဲ ပြောလိုက်မိ၏။

“ဒါက မွေးပွဂျာကင်လေးတစ်ထည်ပဲ ရှိသေးတယ်။ ကျန်တဲ့ လက်ဆောင်တွေကိုလည်း ကြည့်ပါဦး။ မုန့်တွေ၊ ဖျော်ရည်တွေ၊ အရုပ်တွေတောင်ပါသေးတယ်။ ဒါတွေတင်မကသေးဘူး၊ ငါကြားတာ ကျောင်းက အလှူငွေတွေအများကြီးလည်း ရထားတယ်တဲ့။ အလှူငွေ အားလုံးပေါင်းက အနည်းဆုံး ယွမ်နှစ်သိန်းနဲ့အထက်ပဲတဲ့”

(T/N : နောက်ပိုင်းနဲ့ပြန်ညှိပြီး နှစ်သိန်းလို့ပြင်ရေးထားပါတယ်။)

ထိုအခါ ဆရာမကျင်၏ဘေးတွင် ရပ်နေသော ဆရာမတစ်ယောက်က သက်ပြင်းချရင်း ပြောလိုက်သည်။

“ဒီလူတွေက စေတနာနဲ့ ပို့ပေးကြတာဆိုပေမယ့် စိတ်လိုက်မာန်ပါ လုပ်ကြလွန်းတယ်။ ကျင်းယွင်ကျောင်းက သူတို့ကို ဘယ်တုန်းက အကူအညီတောင်းလို့လဲ။ ကျောင်းကလည်း မလှူကြဖို့ ခဏခဏ စာထုတ်ပြီး ကြေညာနေတာပဲ။ အပြင်မှာ တကယ် အကူအညီလိုနေတဲ့သူတွေအများကြီးရှိတယ်။ အဲဒါကျတော့ သူတို့က မလှူကြဘူး။ အရှုပ်ထုပ်တွေ”

အံ့သြစရာကောင်းသည််မှာ ကျင်းယွင်ကျောင်းအား လှူနေကြသူများ ရှိနေဆဲဖြစ်၍ တစ်ယောက်ချင်းစီ လှူဒါန်းသည့်ပမာဏက နည်းသော်လည်း အလှူရှင်များက ပေါများလှသည်။

လက်ရှိ ကျင်းယွင်ကျောင်းသည် ကိုယ်ပိုင်ဝင်ငွေဖြင့် ရပ်တည်နေနိုင်သောကြောင့် ဆရာ၊ ဆရာမများသည် သူမအား အလှူငွေအကြောင်းကို ပြောပြပါက သူမ၏ မာနထိခိုက်သွားမည်ကို စိုးရိမ်နေကြ၏။

ပထမ၌ ကျောင်းတာဝန်ရှိသူများသည် ထိုလူများ၏ သနားကြင်နာမှုက ရက်အနည်းငယ်အတွင်း တဖြေးဖြေး လျော့ကျသွားမည်ဟု ထင်ထားကြသော်လည်း ထိုကြင်နာမှုများက နှစ်ပတ်ကြာသည်အထိ ခံနေရုံသာမက ထို့ထက်ပို၍ပါ ကြာရှည်ဦးမည့်ပုံပေါ်သည်ဟု မည်သူကမှ မျှော်လင့်မထားခဲ့ကြပေ။ ထို့ကြောင့် ကျင်းယွင်ကျောင်းအား ထိုလှူဒါန်းမှုများနှင့်ပတ်သတ်၍ အကြောင်းမကြားဘဲ နေ၍ မရတော့။ သို့သော်လည်း သူတို့က ကျင်းယွင်ကျောင်း၏ မာနကြီးသောမျက်နှာထားကို တွေးမိသောအခါ သူမအား မပြောရဲပြန်တော့ပေ။

ထို့ကြောင့် ဆရာ၊ ဆရာမများသည် ကူကယ်ရာမဲ့စွာဖြင့်သာ လက်ဆောင်ပစ္စည်များကို စုပုံထားရပြီး ထိုနေ့ နေ့လည်ပိုင်းတွင် ကျင်းယွင်ကျောင်းအား ကျောင်းအုပ်ကြီးရုံးခန်းသို့ ဆင့်ခေါ်လိုက်ရတော့သည်။

ကျောင်းအုပ်ကြီးသည် ကြင်နာတတ်သူတစ်ဦးဖြစ်ပြီး စကားကို ခပ်ဖြေးဖြေးနှင့် ပီပီသသပြောတတ်ကာ မောက်မာမှုလည်း မရှိပေ။ သူသည် အမြဲတမ်း ရှပ်အင်္ကျီ အဖြူတစ်ထည်နှင့် ကုတ်အင်္ကျီတစ်ထည်ကို တွဲဖက်ဝတ်ဆင်လေ့ရှိသည်။

ကျင်းယွင်ကျောင်း ရုံးခန်းထဲသို့ ဝင်သွားသောအခါ ရုံးခန်းထဲတွင် ပစ္စည်းများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရ၏။ အချို့မှာ စာအုပ်များဖြစ်ပြီး အချို့က အဝတ်အစားများဖြစ်ကာ စာအချို့လည်း ပါရှိသည်။

ကျင်းယွင်ကျောင်းသည် ကျောင်းအုပ်ကြီးနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီးနောက် စားပွဲပေါ်၌ ယွမ် နှစ်သိန်း ခုနစ်သောင်းတန် ချက်လက်မှတ်တစ်စောင် တင်ထားသည်ကို မြင်လိုက်ရ၏။

“ကျင်းယွင်ကျောင်း၊ ငါ မင်းကို မေးစရာလေးနည်းနည်းရှိလို့ ခေါ်လိုက်တာပါ”

ထို့နောက် ကျောင်းအုပ်ဆရာကြီးက ချောင်းဟန့်လိုက်ပြီး ဆက်ပြောသည်။

“ဒီအခန်းထဲမှာရှိတဲ့ ပစ္စည်းတွေအားလုံးနဲ့ စားပွဲက ငွေတွေက တစ်ကမ္ဘာလုံးက ကြင်နာတတ်တဲ့လူတွေက လှူထားကြတာပါ။ ငါတို့ကျောင်းက ဒီလိုလှူဒါန်းတာတွေကို လက်မခံဘူးလို့ ပြောပေမယ့် သူတို့ကို မတားနိုင်ဘူး။ ဒါကြောင့် မင်းရဲ့အမြင်ကို မေးချင်လို့ပါ။ မင်း ဒီအလှူပစ္စည်းတွေကို လက်ခံချင်ရဲ့လား”

ကျောင်းအုပ်ဆရာကြီး၏ စကားဆုံးသောအခါ တစ်ခန်းလုံးသည် လုံးဝငြိမ်ကျသွားသဖြင့် ကျောင်းအုပ်ဆရာကြီးသည် အနည်းငယ် ရှက်ရွံ့သွား၏။ ကျောင်းသားတစ်ယောက်၏ အရှေ့၌ ထိုကဲ့သို့ ကူကယ်ရာမဲ့သည့် အမူအယာကိုဖော်ပြမိသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ကျင်းယွင်ကျောင်းသည် ချက်ချင်းပင် ဆက်စပ်တွေးမိသွား၍ နောက်ဆုံး၌ ကျောင်းက ယခင် သူမအား ငွေလိုသလား၊ အကူအညီတစ်ခုခုလိုသလားဟု မေးနေခြင်းမှာ တစ်ကမ္ဘာလုံးမှလူများ၏ ကြင်နာမှုများက များပြားလွန်း၍ ဖြစ်ကြောင်း နားလည်သွားခဲ့လေ၏။

Chapter 295 : သနားကြင်နာမှု အလျှံအပယ်

ကျင်းယွင်ကျောင်း၏ အတိတ်ဘဝသည် အလွန်သနားကောင်းသော်လည်း သူမသည် အခြားသူများထံမှ သနားကရုဏာကိုတောင်းခံရန် ဘယ်တော့မှမတွေးခဲ့ဖူးကြောင်း သတိရမိ၏။ အထူးသဖြင့် ဤနည်းလမ်းမျိုးဖြင့် ဖြစ်သည်။

သို့သော် ဤလှူဒါန်းမှုများက ကျိုးကြောင်းဆီလျော်မှုရှိ၏။ အစပိုင်း၌ အင်တာနက်သုံးစွဲသူများက ကျင်းလင်မယား၏ ဘဝမှာ ခက်ခဲကြမ်းတမ်းလွန်းလှသည်ဟု ယူဆ၍ ညတွင်းချင်းပင် ယွမ်တစ်သိန်းကျော် စုပေါင်းထောက်ပံ့ပေးခဲ့၏။ ယခုအချိန်၌ သူတို့သည် အမှန်တကယ် သနားစရာကောင်းသူမှာ သူမ ဖြစ်ကြောင်း သိရှိသွားသဖြင့် သူမအတွက် ထိုကဲ့သို့လက်ဆောင်များ၊ ငွေသားများ ပို့ပေးကြသည်မှာ ပုံမှန်ပင်။

သူမသည် ကျောင်း၏ ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့၏။ ငွေပမာဏမှာ များပြားလွန်းလှသည်။

တကယ်တမ်း သူမသည် ငွေကို ချစ်မြတ်နိုးသော်လည်း သူမ၌ စည်းတစ်ခုရှိသေး၏။ သူမ, မထိချင်သော ငွေအချို့ရှိသေးသည်။

ထို့ကြောင့် ကျင်းယွင်ကျောင်းက လေးလေးနက်နက် စဥ်းစားပြီး ဖြေလိုက်၏။

“ကျွန်မ ဒီငွေတွေကို မလိုချင်ပါဘူး။ ဒါပေမယ့် အားလုံးကိုပြန်ပေးဖို့ မဖြစ်နိုင်ဘူးဆိုတာလည်း ကျွန်မ နားလည်ပါတယ်။ ဒီလိုဆ်ိုတော့...ကျွန်မတို့ ပြန်လှူလိုက်ရင်ရော”

“တကယ်တော့ ကျောင်းကလည်း ဒီလိုအတွေးရှိပါတယ်”

ကျောင်းအုပ်ဆရာကြီးက ခါးသက်သက်ရယ်လိုက်ပြီးနောက် သက်ပြင်းချလိုက်သည်။

“သူတစ်ပါးရဲ့အစားအသောက်ကို စားရင် ပါးစပ်နူမယ်။ သူတစ်ပါးရဲ့ပစ္စည်းကိုယူရင် လက်တိုမယ်ဆိုတဲ့ စကားပုံအတိုင်းပါပဲ။ မင်းက မင်းကိုယ်တိုင်ရပ်တည်နိုင်မှတော့ ဒီလိုအလှူမျိုးကို လက်ခံစရာ မလိုဘူးပေါ့ကွယ်”

ကျင်းယွင်ကျောင်းက ထိုငွေများကို လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ ကျောင်းအပေါ် သက်ရောက်မှု မရှိပေ။ သို့သော် ထိုငွေများအပေါ် အာရုံစိုက်နေရသည့် တစ်ခုတည်းသောရည်ရွယ်ချက်မှာ နောက်ပိုင်း၌ သူမ ပြဿနာထပ်ဖြစ်မည် စိုးသောကြောင့် ဖြစ်သည်။

အကယ်၍ သူမသာ ငွေများကို လက်ခံလိုက်ပါက ထိုသို့လက်ခံခြင်းသည် လူများ၏ ကောင်းမွန်သောစေတနာများကို လက်ခံလိုက်ခြင်းဟု အဓိပ္ပါယ်ရသော်လည်း ထိုအဓိပ္ပါယ်အစစ်အမှန်ကို မည်သူကမှမြင်နိုင်မည် မဟုတ်ပေ။ ထိုအခါ အနာဂတ်၌ သူမကို စောင့်ကြည့်နေသူများ ရှိလာနိုင်၏။ အကယ်၍ သူမသာ ကျောင်း၌ အဆင့်အနည်းငယ်ကျသွားပါက သူမသည် ယခုအချိန်၌ ပိုက်ဆံရှိသွားသောကြောင့် ပေါ့ပေါ့နေ၊ ပေါ့ပေါ့စား၍ စာမကြိုးစားတော့ဟု အကျိန်ဆဲခံရနိုင်သလို သူမက စျေးကြီးသော ပစ္စည်များကို ဝယ်ယူလျှင်လည်း အသုံးအဖြုန်းကြီးသူဟု တံဆိပ်ကပ်ခံရနိုင်၏။

ဤကမ္ဘာပေါ်ရှိလူများသည် မေ့လွယ်တတ်ကြ၍ ကျင်းယွင်ကျောင်း၏ အခက်အခဲများကိုလည်း အလွန်လွယ်ကူစွာ မေ့ပျောက်သွားကြမည်ဖြစ်သည်။ သူတို့ကိုယ်တိုင် ထောက်ပံ့ငွေပေးခဲ့သည့်အကြောင်းကိုသာ သတိရနေမည်ဖြစ်၍ ထိုငွေများအား အကျိုးရှိရှိသုံး၊ မသုံးကိုလည်း သိချင်ကြလိမ့်မည်။

ထိုအထဲ၌ အလွန်တွက်တတ်ချက်တတ်သူ လက်တစ်ဆုပ်စာလည်း သေချာပေါက်ပါနိုင်၍ သူတို့က ကျင်းယွင်ကျောင်းအား ထိုငွေများကို သေရေးရှင်ရေးတမျှ အရေးကြီးသည့်အချိန်မှသုံးရန် မျှော်လင့်ထားကြလိမ့်မည် ဖြစ်သည်။

ကျောင်းအုပ်ကြီး၏ အမြင်တွင်လည်း ကျင်းယွင်ကျောင်းသည် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်သူဖြစ်သောကြောင့် ထိုငွေများကို လက်ခံရန် မလိုပေ။

“ဆရာကြီးရှင့်၊ ကျွန်မ ဒါတွေအားလုံးကို ဒီနေရာမှာပဲ လှူပါမယ်။ လှူပြီးသွားရင်လည်း ဒီပစ္စည်းတွေကို ကျွန်မအတွက် တစ်ခုမှ မယူထားပါဘူးဆိုတဲ့အကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားတဲ့ သက်သေအဖြစ် လက်ခံရရှိလွှာတစ်စောင်ရေးပေးဖို့လည်း မျှော်လင့်ပါတယ်။ ပြီးတော့ အဲဒီလက်ခံရရှိလွှာကို အွန်လိုင်းပေါ်တင်ပေးဖို့လည်း ဆရာကြီးကိုပဲ ကျွန်မ ဒုက္ခပေးရပါဦးမယ်။ တကယ်လို့ ပစ္စည်းတွေ၊ ငွေတွေထပ်ပို့ကြရင်လည်း ဒီလိုမျိုးပဲ လုပ်ပေးပါ။ ဒါဆိုရင် ဒီလိုပို့တာတွေ မကြာခင်မှာပဲ ရပ်သွားကြလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်”

ကျင်းယွင်ကျောင်းက တောင်းဆိုလိုက်၏။

သူမသည် စာအုပ်တစ်အုပ်၊ ဘောပင်တစ်ချောင်းမှ မချန်ထားခဲ့ပေ။

ယခု ထိုလူများသည် သူမအား သနားနေကြသော်လည်း ထိုသနားမှုသည် မကြာခင် ပျောက်ကွယ်သွားလိမ့်မည်။ ထိုလူများ၏ မျက်လုံးထဲတွင် သူမ၏ သနားစရာကောင်းသောပုံရိပ်သည် ထာဝစဥ် တည်တံ့နိုင်မည် မဟုတ်ပေ။

ထိုအခါ ကျောင်းအုပ်ဆရာကြီးက ခေါင်းသာညိတ်ပြလိုက်သော်လည်း သူ၏ စိတ်ထဲ၌မူ အတော်လေး လှုပ်ရှားသွား၏။

ကျင်းယွင်ကျောင်းသည် ဆယ့်ခြောက်နှစ်သာရှိသေးသည်။ ဤအရွယ်၌ ကလေးအများစုသည် အသုံးအဆောင်ပစ္စည်းများစွာ၏ ဆွဲဆောင်မှုကို တောင့်ခံနိုင်စွမ်း မရှိပေ။ သို့ရာတွင် ကျင်းယွင်ကျောင်းသည် ထိုပစ္စည်းများကို ချက်ချင်းပင် အဝေးသို့ ပို့ပစ်ခဲ့သည်။ ထို ဆုံးဖြတ်ချက်ခိုင်မာသော လုပ်ရပ်က အရွယ်ရောက်ပြီးသူများပင် လုပ်နိုင်ရန် ခက်ခဲလှ၏။

ထို့အပြင် ငွေပမာဏသည် မနည်းလှ။ ယွမ်နှစ်သိန်းကျော်သည် ခရိုင်မြို့လယ်ရှိ အိမ်တစ်လုံးအား စပေါ်ငွေ ပေးချေနိုင်သည်ထက်ပင် ပိုသေး၏။

“မင်း ဒီလိုလုပ်မှာ သေချာရဲ့လား”

ကျောင်းအုပ်ဆရာကြီးက တစ်ခေါက်ထပ်မေးလိုက်သည်။

ကျင်းယွင်ကျောင်းက ခေါင်းသာညိတ်ပြလိုက်၍ သူမ၏ ရပ်တည်မှုက မယိမ်းယိုင်ခဲ့ပေ။

အကယ်၍ သူမ၌ ယွမ် နှစ်သိန်း မရှိလျှင်တောင်မှ ထိုအလှူငွေများကို သူမ၏ ကိုယ်ကျိုးအတွက် သုံးစွဲမည် မဟုတ်ပေ။ သူမ၌ ရိုးသားဖြောင့်မတ်သည့် ကိုယ်ကျင့်တရားရှိနေသေးသည်။ ထို့အပြင် သူမသည် ဒုက္ခိတတစ်ယောက် မဟုတ်သလို အချိန်ပြည့် နေ့ဖို့ညစာအတွက် စိုးရိမ်နေရသည်အထိလည်း သနားစရာ မကောင်းသေးပေ။ ထို့ကြောင့် ထိုလူစု၏ ကြီးမားလှသော စေတနာကို သူမ လက်မခံနိုင်ခဲ့။

ထိုအခါ ကျောင်းအုပ်ဆရာကြီး၏ မျက်လုံးများက တောက်ပသွားပြီး နောက်ဆုံး၌ ကျောင်းရှိ ဆရာ၊ ဆရာမတိုင်း ဤကလေးအား အလွန်ချစ်ခင်ကြသည့် အကြောင်းအရင်းကို သဘောပေါက်သွားခဲ့သည်။

သူမ၏ အနောက်တွင် အမြဲတမ်း ပြဿနာများက လိုက်ပါနေ၍ တစ်ခါတစ်ရံ ကျောင်းအထိပင် ပြဿနာများ ပါလာတတ်သော်လည်း ဆရာ၊ ဆရာမတစ်ယောက်ချင်းစီက သူမဘက်မှသာ ရပ်တည် ပြောဆိုပေးကြ၏။ ထို့သို့ ရပ်တည်ပေးကြခြင်းသည်လည်း သူမ၏ ကျောင်းစာထူးချွန်မှုတစ်ခုတည်းကြောင့် မဖြစ်နိုင်ပေ။

သူမက မျက်နှာသာပေးခံရသော်လည်း တုန်လှုပ်မသွားဘဲ ပြဿနာကိုသာ စိတ်အေးအေးထား၍ ရင်ဆိုင်လေ့ရှိ၏။ ထိုအချက်က အခြားသူများ၏ ရင်ကိုထိစေ၍ သူမအား လေးစားလာစေသည်။

ယခုအခါ ကျင်းယွင်ကျောင်းကိုယ်တိုင်က သဘောတူလိုက်ပြီဖြစ်သဖြင့် ကျောင်းအုပ်ဆရာကြီး၏ တုံ့ပြန်မှုက တောင်ပံတက်ထားသကဲ့သို့ လျင်မြန်လှပြီး မိုးကြိုးသွားကဲ့သို့ တိကျပြတ်သား၏။ ထိုနေ့ ညနေပိုင်းမှာပင် သူသည် ဒေသတွင်းရှိ မိဘမဲ့ဂေဟာတစ်ခုကို ဆက်သွယ်ပြီး ပစ္စည်းများ၊ ငွေများအားလုံးကို လှူဒါန်းခဲ့သည်။ ထိုလှူဒါန်းသည့်ဖြစ်စဥ်တစ်ခုလုံးလည်း မှတ်တမ်းတင်ထားပြီး လက်ခံရရှိလွှာကိုလည်း ရှင်းရှင်းလင်းလင်း စီစဥ်ရေးသားခဲ့၏။ ထို့နောက် မကြာမီမှာပင် ထိုကိစ္စအား အွန်လိုင်းပေါ်သို့ တင်လိုက်သည်။

ထိုအခါ ပြည်သူများကြား၌ ထင်မြင်ချက်မျိုးစုံဖြင့် အုတ်အုတ်ကျက်ကျက် ဖြစ်လာပြန်၏။

Chapter 296 : အလင်းရောင်ကို မြင်ရခြင်း

ယနေ့ခေတ်၌ အလှူရှင်များအား လှည့်စားပြီး အလှူငွေများကို လိမ်ယူသွားသူများစွာရှိ၍ လှူဒါန်းမှုများ၏ ရာခိုင်နှုန်းအနည်းငယ်ကသာ အမှန်တကယ် အထမြောက်တတ်ကြလေသည်။ ရိကျုံးကျောင်းက ကျင်းယွင်ကျောင်း၏ ကိုယ်စား ပြည်သူလူထုကို သူမသည် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ကြောင်း ပြောပြသော်လည်း လူထု၏ အမြင်တွင်မူ ဆယ့်ခြောက်နှစ်အရွယ် မိန်းကလေးငယ်လေးတစ်ယောက်က အဘယ်ရပ်တည်နိုင်စွမ်းရှိမည်နည်း။

ထို့ကြောင့် ရလဒ်အနေဖြင့် လူများစွာက ကျောင်း၏ ကြေညာချက်ကို အလေးအနက်မထားဘဲ ဆက်၍ လှူဒါန်းခဲ့ကြသည်။

သို့သော် ကျောင်းက လက်ခံရှိသမျှ ပစ္စည်းများအားလုံးကို အခြားနေရာသို့ အလွယ်တကူပင် ပြန်လှူလိုက်မည်ဟု မည်သူမှထင်မထားရာ စေတနာကောင်းဖြင့် လှူဒါန်းသူအားလုံး ဆွံအသွားကြ၏။

တစ်ဖက်၌ ကျင်းယွင်ကျောင်းသည် အနာဂတ်၌ မည်သည့်လှူဒါန်းမှုကိုမှ ထပ်မံ၍လက်မခံတော့ဘဲ ထိုကြင်နာတတ်သောသူများသည် သူတို့၏ အကူအညီကို အမှန်တကယ်လိုအပ်သော နေရာများ၌ လှူဒါန်းကြဖို့ဟု သူမ မျှော်လင့်ကြောင်း ကျောင်းက ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။ ထိုကြေညာချက်သည် အတု မဟုတ်ဘဲ အစစ်အမှန်ဖြစ်ကြောင်းကို ကျင်းယွင်ကျောင်းက ထိုကြေညာချက်ပေါ်တွင် လက်မှတ်ထိုး၍ ထပ်မံအတည်ပြုပေးထား၏။

ထိုအခါ အင်တာနက်သုံးစွဲသူများ၏ တုံ့ပြန်မှုများက အမျိုးမျိုးကွဲသွားကြသည်။ အချို့က ဤကိစ္စသည် ကျောင်းက နာမည်ပိုကြီးရန်အတွက် ဇာတ်တိုက်၍ စီစဥ်ထားသည်ဟု ခံစားရပြီး အချို့က ကျင်းယွင်ကျောင်းသည် ရိုးသားသူတစ်ယောက်ဟု ခံစားကြရ၏။

သို့ရာတွင် မည်သို့ပင်အပြောခံရပါစေ ကျောင်းတာဝန်ရှိသူများသည် နောက်ဆုံး၌ လှူဒါန်းမှုများ လျော့နည်းသွားသဖြင့် သက်ပြင်းချနိုင်သွားသည်။

ကျင်းယွင်ကျောင်းသည်လည်း လူထု၏ မျက်စိအောက်တွင် နောက်ထပ်နှစ်လခန့် စောင့်ကြည့်ခံလိုက်ရပြီး နောက်ဆုံး၌ လွတ်လပ်ရေးရလာခဲ့၏။

သူမအပေါ် လူထု၏ စိတ်ဝင်စားမှုများ လျော့ကျသွားပြီးနောက် လမ်းပေါ်တွင်လည်း သူမအား မှတ်မိသူများ အတော်ကြီး လျော့ကျသွားသည်။ သူမအား မှတ်မိသူအချို့ကလည်း သနားကရုဏာသက်သော မျက်နှာထားဖြင့် ထပ်မကြည့်ကြတော့ပေ။

ထို့ကြောင့် ကျင်းယွင်ကျောင်းသည် နောက်ဆုံး၌ လက်ဖက်ရည်ဆိုင်ကို ကိုယ်တိုင်ကိုယ်ကျ စီမံခန့်ခွဲနိုင်သွားသည်။

လက်ဖက်ရည်ဆိုင်ဖွင့်ထားသည်မှာ နှစ်လကြာပြီဖြစ်သော်လည်း သူမသည် ပထမဆုံးအကြိမ် ဆိုင်ထဲသို့ ရောက်ဖူးခြင်းဖြစ်၏။ ထို့ကြောင့် ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် သူမ အံ့အားသင့်သွားသည်။

သူမ ဆိုင်နေရာကိုကြည့်၍ ရွေးခြယ်ခဲ့စဥ်က ဆိုင်သည် လူသူကင်းမဲ့၍ စုတ်ချာနေသော်လည်း ယခုတွင်မူ ထိုအချိန်ကနှင့် လုံးဝကွာခြားသွားပြီဖြစ်၏။

လက်ဖက်ရည်ဆိုင်ဝင်ပေါက်ကို နို့စိမ်းရောင် နံရံကပ်ကျောက်ပြားများနှင့် အလှဆင်ထားပြီး တံခါး၏ တစ်ဖက်တစ်ချက်တွင် ကျက်သရေရှိသော မဟော်ဂနီရောင် တိုင်လုံးကြီးနှစ်လုံးရှိကာ ထိပ်ဖျားပိုင်း၌ကွေးသွားသည့် ပုံစံတူတိုင်လုံးတစ်စုံက ရှေးဆန်သည့်ခံစားချက်ကို ပေးစွမ်းနေသည်။ ထိုမျှသာမက တံခါးများ၏အထက်တွင် ကျောက်ပြားတစ်ချပ်ရှိပြီး ထိုကျောက်ပြားပေါ်တွင် ‘ကျောက်စိမ်းဝိညာဥ် လက်ဖက်ရည်ဆိုင်’ ဟူသော စကားလုံးများကို လက်ရာမြောက်စွာဖြင့် သေသေသပ်သပ် ရေးထိုးထားသည်။

အပြင်၌ ရပ်ကြည့်၍ အားရသွားသောအခါ ကျင်းယွင်ကျောင်းသည် လက်ဖက်ရည်ဆိုင်အတွင်းသို့ ဝင်လိုက်၏။

အတွင်းဘက်၌ ခပ်ကွေးကွေး ဝါးပင်ပုလေးတစ်ပင်စီကို ဘေးတစ်ဖက်တစ်ချက်စီ၌ စိုက်ပျိုးထားပြီး နံရံပေါ်တွင် လက်ရေးလှစာလုံးများ၊ ပန်းချီကားများနှင့် အလှဆင်ထား၏။

လက်ဖက်ရည်ဆိုင်သည် တိတ်ဆိတ်ငြိမ်သက်နေသောကြောင့် ကျင်းယွင်ကျောင်း ပို၍ပင် သဘောကျသွားသည်။

အတွင်းပိုင်း၌ ပိတ်ကားများ၊ ကန့်လန့်ကာများကဲ့သို့သော ရှေးဆန်ဆန် အငွေ့အသက်ရှိသည့် ပရိဘောဂပစ္စည်းများနှင့်ပြည့်နေ၍ တစ်ချိန်တည်းမှာပင် ခေတ်မီနည်းပညာများနှင့်လည်း ပေါင်းစပ်၍ ဒီဇိုင်းဆွဲထားကာ လက်ရာမြောက်မှုကို ထုတ်ဖော်ပြသထား၏။

“အားနာပါတယ်၊ ကျွန်တော်တို့ဆိုင်က မနက်ဖြန်မှ ဖွင့်မှာပါဗျ”

ဝန်ထမ်းတစ်ယောက်က ကျင်းယွင်ကျောင်း လျှောက်ပတ်ကြည့်နေသည်ကို မြင်သောအခါ သူမဆီသို့ လျှောက်လာရင်း ပြောလိုက်သည်။

ဝန်ထမ်းသည် ထန်ရိုးရာဝတ်စုံ အရောင်ဖျော့ဖျော့ကို ဝတ်ဆင်ထားပြီး သပ်ရပ်သန့်ရှင်းနေကာ သူ၏ ဆံပင်ရှည်ကိုလည်း အပေါ်သို့ပင့်တင်၍ ထုံးဖွဲ့ထားပြီး မျက်နှာပေါ်တွင်လည်း မိတ်ကပ်လိမ်းထားခြင်း မရှိပေ။

“ချူးရုန် ဒီမှာရှိလား”

ကျင်းယွင်ကျောင်းက မေးလိုက်သည်။

ပိုင်ယွီအန်းအား လက်ဖက်ရည်ဆိုင်အတွက် အလုပ်သမားများ ရှာခိုင်းမိခြင်းမှာ သေချာပေါက် ကောင်းမွန်လှသော အကြံဥာဏ်ပင်။

ဤဆိုင် အပြင်အဆင်နှင့် အလုပ်သမားများအားလုံးကို ချူးရုန်ကိုယ်တိုင် ကိုင်တွယ်ခြင်းဖြစ်၍ အရည်အသွေးမှာ စင်းလုံးချောဖြစ်သည်။

ထိုအခါ ဝန်ထမ်းက ခေတ္တစကားရပ်သွားပြီးနောက် ပြန်ဖြေလာ၏။

“မန်နေဂျာကို ရှာနေတာလားခင်ဗျာ။ သူက ဒုတိယထပ်မှာပါ။ ကျွန်တော် ခေါ်သွားပေးပါ့မယ်”

ဝန်ထမ်းလေး၏ နောက်သို့လိုက်သွား၍ ကျင်းယွင်ကျောင်းသည် ဒုတိယထပ်ရှိ သီးသန့်ခန်းများမှ အပြင်သို့ ကြည့်လိုက်ရာ လက်ဖက်ရည်ဆိုင်ဘေးရှိ ကားပါကင်တစ်ခုကို မြင်နိုင်လေသည်။ ထုံးစံအတိုင်းပင် ဒုတိယထပ်သည် ပထမထပ်နှင့် ယှဥ်ပါက ပိုစျေးကြီးသောကြောင့် ပို၍ ကျယ်ပြန့်ပြီး တိတ်ဆိတ်၏။

ထို့နောက် ဒုတိယထပ်သို့ ရောက်သောအခါ သူမသည် လက်ဖက်ရည်နံ့ပြင်းပြင်းကို ရလိုက်သည်။

“မန်နေဂျာကြီး၊ ဒီအမျိုးသမီးလေးက ခင်ဗျားကို ရှာနေပါတယ်”

ဝန်ထမ်းက လက်ဖက်ရည်တစ်ခွက်ကို မြည်းစမ်းနေသော ချူးရုန်အား ပြောလိုက်၏။

ထို့နောက် ကျင်းယွင်ကျောင်းက ချူးရုန်အား ကြည့်လိုက်ရာ ပထမဆုံးအနေဖြင့် သူမ၏ စိတ်ထဲ၌ ကြည်လင်မှုကို ခံစားလိုက်ရသည်။

ထိုအခါ သူတို့သည် လက်ဖက်ရည်ခွက်ကိုချထားလိုက်ပြီး သူမ၏ အနီးသို့ လျှောက်လာပြီးနောက် မေးလိုက်၏။

“ကျွန်တော့်ကို ဘာကြောင့် ရှာနေတာလဲခင်ဗျာ။ လက်ဖက်ရည် ဝယ်ချင်လို့များလား”

ပုံမှန်အားဖြင့် လက်ဖက်ရည်ဆိုင်သည် ဧည့်သည်များ လက်ဖက်ရည်သောက်ရင်း စကားစမြည်ပြောကြသည့် နေရာဖြစ်သော်လည်း လက်ဖက်ရည်ဆိုင်မှ လက်ဖက်ခြောက်များကိုလည်း ဝယ်ယူနိုင်သည်။ ပြောစရာ မလိုအောင်ပင် လက်ဖက်ရည်ဆိုင်သို့ ပို့သော လက်ဖက်ခြောက်များအားလုံးက လတ်ဆတ်၍ အချို့လက်ဖက်ရွက်များကို သူတို့ကိုယ်တိုင် အခြောက်ခံထားကြ၏။

မျှော်လင့်ထားသည့်အတိုင်း လက်ဖက်ခြောက်သည် အရည်အသွေးအမြင့်ဆုံးဖြစ်၍ သူတို့သည် လက်ဖက်ရွက်တစ်ရွက်ကိုမှ မဖြုန်းတီးချင်ပေ။

“မင်္ဂလာပါ၊ ကျွန်မက ကျင်းယွင်ကျောင်းပါ၊ မျိုးရိုးနာမည်က ကျင်း”

ကျင်းယွင်ကျောင်းက ယဥ်ကျေးပျူငှာစွာ နှုတ်ခွန်းဆက်လိုက်သည်။

ပိုင်ယွီအန်းသည် ချူးရုန်အား သူမ၏အကြောင်းကို သေချာပေါက် ပြောပြထားသော်လည်း ကျင်းယွင်ကျောင်းသည် နာမည်ကြီးလွန်းသဖြင့် သူမ၏ မျိုးရိုးနာမည်အား ပြောပြလိုက်ရုံနှင့်ပင် ပိုင်ယွီအန်းသည် ချူးရုန်အား ကြောက်လန့်သွားအောင် လုပ်နိုင်ခဲ့လေ၏။

All Chapters