အခန်း (၂၉၇-၃၀၀)
Vol. 15 Ch. 297-300
Chapter 297 : ဘော့စ်
“မျိုးရိုးနာမည်က ကျင်းလား။ မင်းက ဘော့စ်ကျင်းများလား”
ချူးရုန်က အံ့အားသင့်စွာဖြင့် ပြုံးလိုက်သော်လည်း သူသည် ချက်ချင်းပင် အလန့်တကြားဖြစ်သွားပြန်သည်။
“တောင်းပန်ပါတယ်။ ကျွန်တော့် ဘော့စ်ရဲ့မျိုးရိုးနာမည်ကလည်း ကျင်းဆိုပြီး ဒီနေ့မှ ကြားထားတာ။ အခုန မင်းကို တွေ့တော့ သူလို့ထင်လိုက်လို့ပါ”
ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ။ သူက အရမ်းငယ်သေးတာ၊ သေချာပေါက် အသက်မပြည့်သေးတဲ့ ကလေးတစ်ယောက်ပဲ မဟုတ်လား။
ထို့အပြင် ကျင်းယွင်ကျောင်း... သူသည် ထို ‘ယွင်ကျောင်း’ ဟူသော နာမည်နှစ်လုံးနှင့် ရင်းနှီးနေပြီး ယခင်က တစ်နေရာရာ၌ ကြားဖူးနေသည်။
“မန်နေဂျာချူး၊ ရှင် မမှားပါဘူး”
ကျင်းယွင်ကျောင်းက ပြုံး၍ လက်ဆွဲနှုတ်ဆက်ရန်အတွက် လက်ကမ်းပေးလိုက်၏။
သူ၏ အရှေ့တွင် ကမ်းပေးနေသော လက်သေးသေးလေးတစ်ဖက်ကိုကြည့်၍ ချူးရုန်သည် ဥာဏ်မမှီတော့ပေ။ သူ မမှားဘူးတဲ့လား။ ဒါ ဘာအဓိပ္ပါယ်လဲ။
“မင်း...မင်းက ဒီနေရာရဲ့သူဌေးလား”
ချူးရုန်သည် ထိတ်လန့်လွန်း၍ ဖြူဖပ်ဖြူလျော်ဖြစ်နေပြီး သရဲတစ်ကောင်နှင့်တွေ့လိုက်သည့်အလားပင်။ သူသည် စကားဆုံးသည်နှင့် မျက်မှောင်ကြုံ့လိုက်ပြီး ကျင်းယွင်ကျောင်းအား အကဲခတ်လိုက်သည်။
“မဖြစ်နိုင်ဘူး။ ပိုင်ယွီအန်း ကျွန်တော့်ကိုပြောတာ ဒီလက်ဖက်ရည်ဆိုင်နဲ့ ကျောက်စိမ်းဝိညာဥ်ဝိုင်ရဲ့နောက်ကွယ်က လူက အတူတူပဲတဲ့”
လက်ဖက်ရည်ဆိုင်တစ်ဆိုင်တည်းဆိုပါက အံ့သြစရာ မဟုတ်သော်လည်း အဓိကမှာ သူမသည် ကျောက်စိမ်းဝိညာဥ်ဝိုင်နှင့် ပတ်သတ်နေသည်ဆိုသည့်အချက်ပင်။
ကျောက်စိမ်းဝိညာဥ်ဝိုင် ကုမ္ပဏီသည် ကြီးမားသည့် စီးပွားရေးကုမ္ပဏီကြီးတစ်ခု မဟုတ်သော်လည်း ယခုအချိန်၌ အတော်လေး ရေပန်းစားသည်ဟု ယူဆနိုင်သည်။ သူတို့၏ ဝိုင်ကို တစ်ငုံလောက် သောက်လိုက်မိသည့် မည််သူမဆို အမြဲတမ်း အကြီးအကျယ် ချီးမွမ်းစကားဆိုလေ့ရှိ၏။ အကယ်၍ လက်ရှိစျေးကွက်ထဲ၌ ရောင်းအားအကောင်းဆုံး ယမကာတံဆိပ်ကို မေးပါက ခြွင်းချက်မရှိ ကျောက်စိမ်းဝိညာဥ်ဝိုင်ပင်။
ကံဆိုးသည့်အချက်မှာ ထိုဝိုင်သည် နင်းမြို့တော်တွင်သာ ရေပန်းစား၍ ၎င်း၏ အမည်က ဟွားနင်ခရိုင်အထိ မရောက်သေး။
“တကယ်လို့ ရှင် ကျွန်မကို မယုံဘူးဆိုရင် ဖုန်းခေါ်ပြီး မေးကြည့်လို့ရတယ်နော်”
ကျင်းယွင်ကျောင်းက ပခုံးတွန့်ပြလိုက်ပြီး ကမ်းထားသည့် လက်ကို ပြန်ရုတ်လိုက်သည်။ ထို့နောက် သူမသည် ရုံးခန်းထဲသို့ လှည့်ပတ်၍ လေ့လာနေ၏။
အရေးကြီးကိစ္စဖြစ်သောကြောင့် ချူးရုန်သည်လည်း သေချာစုံစမ်းရန် လိုအပ်သဖြင့် ပိုင်ယွီအန်းကို ချက်ချင်း ဖုန်းဆက်လိုက်သည်။
ပိုင်ယွီအန်းသည် ကျင်းယွင်ကျောင်းက လက်ဖက်ရည်ဆိုင်သို့ သွားကြည့်မည့်အကြောင်းကို သိထားပြီးဖြစ်သဖြင့် ချက်ချင်းပင် ဖုန်းကိုင်လိုက်သည်။ လက်တွေ့၌ လှပသော မိန်းကလေးငယ်လေးတစ်ယောက် ရုတ်တရက်ပေါ်လာပြီး သူမကိုယ်သူမ ဘော့စ်တစ်ယောက်အဖြစ် မိတ်ဆက်လိုက်ခြင်းအား မအံ့သြသည့်သူရှိမည် မဟုတ်ပေ။ ဖုန်းထဲမှ ချူးရုန်၏ တုန်လှုပ်၍ ကယောင်ခြောက်ခြား ဖြစ်နေသည့်အသံကို ကြားသောအခါ သူ၏ ရင်ထဲတွင် ကျေနပ်ပျော်ရွှင်မှုများ ဝေဖြာသွားခဲ့သည်။
ချူးရုန်သည် ပိုင်ယွီအန်း၏ တက္ကသိုလ်မှ ဂျူနီယာဖြစ်၏။ သူသည် လက်ဖက်ရည်နှင့် ဆက်စပ်နေသော အရာအားလုံးကို စွဲစွဲလန်းလန်း ချစ်မြတ်နိုးလေသည်။ တက္ကသိုလ်တက်နေစဥ်က သူသည် သူ၏ ပိုက်ဆံများအားလုံးကို လက်ဖက်ရည်ဖျော်သည့် ကိရိယာများနှင့် လက်ဖက်ရွက်များဝယ်ရန် သုံးပစ်တတ်၍ သူ့အား လူထူးဆန်းတစ်ယောက်ဟုပင် ယူဆနိုင်၏။
ဘွဲ့ရပြီးသည့်နောက်တွင် သူသည် လက်ဖက်ရည်ဆိုင်တစ်ဆိုင်၌ အလုပ်ရခဲ့သည်။ သို့သော် အလုပ်ရပြီး မကြာခင်မှာပင် အလုပ်ထွက်လိုက်လေ၏။ ဤနှစ်များအတွင်းတွင် သူသည် လက်ဖက်ရည်ဆိုင်ပေါင်းများစွာ ပြောင်း၍ အလုပ်လုပ်ခဲ့ပြီး နောက်ပိုင်း၌မူ ကမ္ဘာပတ်၍ လက်ဖက်ရည်ယဥ်ကျေးမှုကိုသာ လေ့လာနေတော့သည်။ ထို့ကြောင့် ပိုင်ယွီအန်းသည် သူ့အား ပြန်လာရန်အတွက် ဖိတ်ခေါ်ရသည်မှာ မလွယ်ကူလှပေ။
ပိုင်ယွီအန်းသည် ချူးရုန်၏ အကြောင်းကို ရှင်းရှင်းလင်းလင်း သိသည်။ ချူးရုန်သည် အရည်အချင်းရှိပြီး စိတ်အားထက်သန်မှုလည်း ရှိ၏။ သို့သော် လက်ဖက်ရည်ဆိုင်များ၌ ကြာကြာအလုပ်မလုပ်နိုင်ခြင်းမှာ သူသည် လက်ဖက်ရည်နှင့်ပတ်သတ်လျှင် မည်သည့် အပြစ်အနာအဆာကိုမှ သည်းမခံနိုင်ခြင်းကြောင့် ဖြစ်သည်။ လက်တွေ့၌ လက်ဖက်ရည်ဆိုင်များသည် အမြတ်ရရေးကိုသာ အဓိကဦးစားပေး၍ ဧည့်သည်များကိုသာ ဂရုစိုက်ကာ လက်ဖက်ရွက်ကိုမူ အမှန်တကယ် အလေးထားမှု မရှိကြပေ။
သို့ရာတွင် ကျင်းယွင်ကျောင်းကမူ မတူ။ သူမ၏ ကုန်ပစ္စည်းအရည်အသွေးအပေါ် အလေးထားပုံကို ကျောက်စိမ်းဝိညာဥ်ဝိုင် ကုမ္ပဏီအား စီမံခန့်ခွဲပုံမှတစ်ဆင့် သူတွေ့မြင်နိုင်ပေသည်။
“ပိုင်ယွီအန်း၊ ဘာတွေဖြစ်နေတာလဲ။ ကျွန်တော်တို့ဘော့စ်ရဲ့နာမည်က ဘာလဲဆိုတာ ခင်ဗျား ကျွန်တော့်ကို ပြောပြရင် ပိုကောင်းမယ်။ သူက အသက်ဘယ်လောက်လဲ။ ယောက်ျားလေးလား၊ မိန်းကလေးလား”
ချူးရုန်က တရစပ် မေးလိုက်၏။
ပိုင်ယွီအန်းသည် သူ၏အသံကြောင့် နားအူသွားသော်လည်း ရယ်နေဆဲပင်။
“မင်း သူနဲ့တွေ့ပြီးပြီလား။ ဘယ်လိုလဲ။ လှရဲ့လား”
ဤစကားသည် ချူးရုန်အား အမှန်တကယ်ပင် စိတ်ရှုပ်သွားစေသည်။
“တကယ်လား။ ကျင်းယွင်ကျောင်းလား။ ဆယ့်ခြောက်၊ ဆယ့်ခုနစ်လောက် ကောင်မလေးလေ”
ဒီခေတ် ကလေးတွေအားလုံးက တကယ်ပဲ တအားလုပ်ရည်ကိုင်ရည် ရှိကြတာလား။ သူတို့က အသက်တောင် မပြည့်သေးဘဲ ဒီလိုမျိုး အဆင့်အတန်းရှိတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို စပြီးတည်ထောင်ပြီးသွားပြီ။ ဒီလိုသာဆိုရင် ငါတို့လို အရွယ်ရောက်ပြီးသား လူကြီးတွေကရော။ ငါတို့လည်း စိတ်ဝင်စားမယ့် လုပ်ငန်းအသစ်တစ်ခုလောက် ရွေးပြီး အစကနေ ပြန်စရမလား။
“အမှန်ပဲ၊ ကျင်းယွင်ကျောင်းက ငါ အရမ်းဂုဏ်ယူရတဲ့ အလုပ်ရှင်သူဌေးကြီးပဲ”
ပိုင်ယွီအန်းက ထပ်မံ၍ အတည်ပြုပေးလိုက်၏။
ချူးရုန်သည် ဒုတိယအကြိမ်မြောက် အံ့သြထိတ်လန့်သွား၍ ပိုင်ယွီအန်းဆီမှ သူ၏ ဘော့စ်အကြောင်း ပထမဆုံးကြားဖူးခဲ့သည့်အချိန်ကို ပြန်စဥ်းစားလိုက်သည်။
ကျောက်စိမ်းဝိညာဥ်ဝိုင် ချက်လုပ်သည့်နည်းလမ်းများအားလုံးကို ဘော့စ်ကိုယ်တိုင်ထံမှ ရရှိခြင်းဖြစ်သည်ဟု ပြောခဲ့ဖူး၏။ ဘော့စ်သည် တစ်ခါမှ လူလုံးထွက်ပြခြင်း မရှိခဲ့သောကြောင့် ထိုစကားသည် အနည်းငယ် ယုံကြည်စရာ မကောင်းဘဲ ဖြစ်နေလိမ့်မည်ဟုလည်း သူက ထပ်ပြောခဲ့ဖူးသည်။ သို့သော် လက်တွေ့တွင် သူတို့၏အမြင်၌ အတော်လေး ပွင့်လင်းမြင်သာမှု မရှိပေ။ လက်ရှိ ကျောက်စိမ်းဝိညာဥ်ဝိုင်၏ အဓိကဆုံးဖြတ်ချက်များအားလုံးကို ဘော့စ်ကိုယ်တိုင်မှ အတည်ပြုပေးခြင်းသာဖြစ်ချေသည်။
Chapter 298 : တကယ်လား
သို့သော် သူမ၏ ပုံပန်းသွင်ပြင်ကိုမူ သူက တစ်ခါမှမပြောပြဖူးခဲ့။
သူမသည် ရုပ်မဆိုးသော်လည်း ငယ်လွန်း၍ လှလွန်းသည်။
မကြာမီမှာပင် ပိုင်ယွီအန်းဘက်မှ အရင်ဖုန်းချသွားပြီး ချူးရုန်သည် ကမောက်ကမဖြစ်၍ ကျန်ခဲ့၏။ ဤကဲ့သို့ ကလေးငယ်တစ်ယောက်နှင့် ရင်ဆိုင်ရခြင်းကြောင်း သူသည် ခေတ္တမျှ ပြောစရာစကားများ ပျောက်ရှနေသည်။ ထို့အပြင် ဘော့စ်အများစုသည် အကျိုးအမြတ်တစ်ခုတည်းကိုသာကြည့်သော စီးပွားရေးသမားများဖြစ်ကြ၏။ သို့သော် ဤမိန်းကလေးသည်... ... ...
အကယ်၍ သူသာ တစ်ခုခုမှားပြောမိပါက သူမ, မငိုသွားလောက်ဘူး မဟုတ်လား။
“ဟို...ဘော့စ်ကျင်း”
ချူးရုန်က စကားစပြောလိုက်သော်လည်း ဘာဆက်ပြောရမှန်း မသိပေ။
ထိုအခါ ကျင်းယွင်ကျောင်းက မျက်လုံးတစ်ချက်စွေကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
“ဒီလက်ဖက်ခြောက်တွေက ရှင်ကိုယ်တိုင် အခြောက်ခံထားတာလား”
ချူးရုန်က ခေါင်းညိတ်ပြလိုက်၏။
“မဆိုးဘူး”
ကျင်းယွင်ကျောင်းက ချီးကျူးလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“ဒါပေမယ့် ဆိုင်က စီးပွားရေးပိုကောင်းလာတဲ့အချိန်ကျရင် ကျွန်မတို့ ရှင့်ကိုပဲ အမြဲတမ်း မှီခိုနေလို့ မဖြစ်ဘူးလေ။ ရှင် အားမှာ မဟုတ်တော့ဘူး။ ရှင့်ကို အကူအညီပေးဖို့ ကျွန်မတို့ ပညာရှင်တွေ ငှားလို့ရတယ်”
“ကျွန်တော် နားလည်ပါပြီ။ ဒါပေမယ့် ကျွန်တော် သိချင်တာလေး ရှိသေးတယ်။ ဒီနားလေးမှာ လက်ဖက်ခြံတွေလည်းမရှိဘဲနဲ့ ကျွန်တော်တို့ဆိုင်ရဲ့လက်ဖက်ရွက်တွေကို ဘယ်ကနေရတာလဲ”
ချူးရုန်က မေးလိုက်၏။
သူတို့ စကားစပြောသည်နှင့် ပတ်ဝန်းကျင်ကလည်း ပို၍ ငြိမ်ကျသွားတော့သည်။
“ရှင် ဒါနဲ့ပတ်သတ်ပြီးတော့ ဂရုစိုက်စရာ မလိုပါဘူး။ ဒါက ကျွန်မတို့ ကုမ္ပဏီရဲ့လျို့ဝှက်ချက်ပါ။ ကျွန်မတို့ ဖွင့်ပွဲပြီးသွားရင် ရှင် မြောက်ပိုင်းကို သွားပြီး စနည်းနာကြည့်လို့ရတယ်။ တကယ်လို့ ရှင်နဲ့သိတဲ့ လက်ဖက်ရွက်ကောင်း တင်သွင်းတဲ့သူရှိရင် ရှင် သူတို့ကို ဆက်သွယ်ပြီးတော့ ဆိုင်အတွက် အရည်အသွေးကောင်းတဲ့ လက်ဖက်ရွက်တွေ၊ ဒါမှမဟုတ် နိုင်ငံခြားက လက်ဖက်ရွက်တွေတင်သွင်းလို့ရတယ်”
ကျင်းယွင်ကျောင်းက သူ့အား အမှန်အတိုင်း မပြောပေ။
လက်ဖက်ရွက်များကို ပြင်ပမှ ဝယ်ယူခြင်းသည် မလိုလားအပ်သော သံသယများကို တားဆီးနိုင်သည်။
ချူးရုန်သည် အမှန်ပင် နားမလည်သော်လည်း အလွန်ပူးပေါင်းလိုစိတ်ရှိစွာဖြင့် သဘောတူလိုက်သည်။ သို့ရာတွင် တစ်ဖက်လူက စကားနှစ်ခွန်း၊ သုံးခွန်းပြောရုံဖြင့် သူ၏ စိတ်ထဲတွင် အသိအမှတ်ပြုပြီးသား ဖြစ်နေကြောင်း ရုတ်တရက် သဘောပေါက်သွား၏။
ကျင်းယွင်ကျောင်းသည် သူမအား လူများက အလွယ်တကူ ယုံကြည်လာစေသော အရှိန်အဝါရှိပြီး သူမ စကားပြောသောအခါတွင်လည်း အလွန်အိန္ဒြေကြီးကာ ဆယ်ကျော်သက်တစ်ယောက်နှင့် မတူပေ။
ချူးရုန်သည် သူမအား ဆက်လက်၌ အကဲခတ်နေပြီး ကျင်းယွင်ကျောင်းဟူသော အမည်အား ယခင်ကတည်းက ကြားဖူးနေသည်ဟုလည်း ထင်နေမိသည်။
မကြာသေးမီက သူ ဟွားနင်ခရိုင်တွင်ရောက်နေကြောင်း သူ၏ ဆွေမျိုး လူကြီးသူမတစ်ယောက်က သိသွားသဖြင့် သူတို့က သူ့အား ရိကျုံးကျောင်းသို့သွား၍ ကျင်းယွင်ကျောင်းဟုခေါ်သော မိန်းကလေးတစ်ယောက်အား သွားတွေ့ပြီး စုံစမ်းစေချင်ကြောင်း ဖုန်းဆက်၍ ပြောခဲ့၏။ ထို့နောက် သူတို့က ထိုကလေးသည် အလွန်သနားစရာကောင်းကြောင်း၊ လူအများက သူမအား မည်သို့မည်ပုံနှိပ်စက်ပြီး မဟုတ်မမှန် စွပ်စွဲကြကြောင်းများကို တစ်ယောက်တစ်ပေါက်ပြော၍ နားပူနားဆာလုပ်တော့သည်။
သို့ရာတွင် ထိုအချိန်၌ သူသည် ပိုင်ယွီအန်း၏တောင်းဆိုချက်ကို သဘောတူ၍ ဤလက်ဖက်ရည်ဆိုင်အား ပြင်ဆင်နေခါစ ဖြစ်ရာ ထိုသို့သွားရောက်စုံစမ်းရန် အဘယ် အချိန်ရှိမည်နည်း။ ထို့ကြောင့် သူသည် ထိုလူကြီးများ၏ တောင်းဆိုချက်ကို သေချာ ငြင်းပယ်လိုက်သဖြင့် ပြင်းပြင်းထန်ထန်ပင် အဆူအငေါက်ခံလိုက်ရသေးသည်။
ဒါဆိုရင် အခု အင်တာနက်ပေါ်မှာ အရမ်းနာမည်ကြီးနေတဲ့ ကလေးက သူ့ရဲ့ဘော့စ်ဆိုတဲ့ အဓိပ္ပါယ်လား။
သူမက မိဘမဲ့တစ်ယောက်ဖြစ်ပြီးတော့ ဆင်းရဲကြပ်တည်းတဲ့ အခြေအနေလို့ သူတို့ပြောခဲ့တာ မဟုတ်လား။
ချူးရုန်၏ ရင်ထဲတွင် မေးခွန်းများဖြင့် ပြည့်နေသော်လည်း ကိုယ်ရေးကိုယ်တာကိစ္စများဖြစ်သောကြောင့် ကျင်းယွင်ကျောင်းအား မေးရန်မသင့်တော်သဖြင့် သူသည် သိချင်စိတ်ကိုသာ ထိန်းထားလိုက်ရသည်။
နောက်ပိုင်းတွင် သူသည် သူမအား လက်ဖက်ရွက်တစ်မျိုးချင်းစီတိုင်း၏ ထူးခြားမှုများနှင့် အရသာကို မိတ်ဆက်ပေးလိုက်၏။ ထိုသို့မိတ်ဆက်ပေးရာ၌ ကျင်းယွင်ကျောင်းသည် ဤနယ်ပယ်၌ ဗဟုသုတများများစားစား မရှိသော်လည်း လက်ဖက်ရွက် အခြောက်ခံနည်း၊ အကျိုးကျေးဇူးများနှင့် ကန့်သတ်ချက်အချို့ကို အတော်လေး ရှင်းရှင်းလင်းလင်း နားလည်ထားကြောင်း သိလိုက်ရသဖြင့် ချူရုန် အံအားသင့်သွားသည်။
ထို့နောက် ညနေစောင်းသွား၍ ကျင်းယွင်ကျောင်း ပြန်သွားပြီးနောက်တွင် ချူးရုန်သည် ပိုင်ယွီအန်းအား နောက်တစ်ခေါက် ထပ်၍ ဖုန်းခေါ်ပြန်၏။ သို့သော် ဤတစ်ကြိမ်၌မူ စိတ်လှုပ်ရှားနေပြီး ကိစ္စများအားလုံးကို ရှင်းအောင်မေးချင်၍ ဖြစ်သည်။
သည်ဘော့စ်က တကယ့်ကို ပါရမီရှင်တစ်ယောက်ပဲ။ သူပြောသမျှကို သူမက တစ်ခါနားထောင်လိုက်ရုံနဲ့ နားလည်တယ်။ သူ့ဆီမှာ ဓါတ်ပုံရိုက်ထားသလို အသေးစိတ်မှတ်မိနိုင်တဲ့ မှတ်ဥာဏ်ရှိတယ်လို့တောင် ပြောလို့ရတယ်။
ချူးရုန်က သူနားမလည်နိုင်သည့်ကိစ္စများကို မေးလိုက်သော်လည်း ပိုင်ယွီအန်းထံမှ သက်ပြင်းချသံကိုသာ ကြားလိုက်ရပြီး သူက ပြန်ဖြေလာသည်။
“တကယ်တော့ အင်တာနက်ပေါ်မှာ ပြန့်နေတဲ့ကိစ္စတွေက အမှန်တွေပါပဲ။ ယွင်ကျောင်းက မိဘ မရှိဘူး။ သူ့ရဲ့မွေးစားမိဘတွေကလည်း သူ့ကို ကောင်းကောင်းမွန်မွန် မဆက်ဆံဘူး။ သူ့ကို အခြားသူတွေကတောင် ကူညီပေးခဲ့ရပေမယ့် အခု သူက ဆင်းဆင်းရဲရဲနေရတယ်လို့ ပြောတာတွေကတော့ လုံးဝအဓိပ္ပါယ်မရှိဘူး။ မင်းကိုယ်တိုင် အွန်လိုင်းပေါ်မှာ ရှာကြည့်လို့ရတယ်။ လှူတာတွေက အရင်က ကိစ္စတွေပါ”
ချူးရုန်သည် ပိုင်ယွီအန်း၏ စကားကို ကြားသည်နှင့် ချက်ချင်းပင် အင်တာနက်၌ ရှာဖွေကြည့်လိုက်သည်။ ထိုအခါ ကျင်းယွင်ကျောင်းနှင့် ပတ်သတ်သောပို့စ်များ အမှန်တကယ်ပင် မရေမတွက်နိုင်အောင် ရှိကြောင်း သိလိုက်ရ၏။
သူသည် အခြေအနေအသွားအလာကို ဆက်၍ ရှာဖွေကြည့်လိုက်ရာ သူ၏ ရင်ထဲ၌ ရထားတစ်စင်းဖြတ်သွားသကဲ့သို့ ခံစားလိုက်ရ၍ စိတ်မကောင်းဖြစ်ကာ အံ့သြထိတ်လန့်သွားပြီးနောက် ကျင်းယွင်ကျောင်းကိုပင် လေးစားမိသွားလေသည်။ အန္တရာယ်ကို မမှုခြင်း၊ ခမ်းနားထည်ဝါခြင်းနှင့် စိတ်ဓါတ်ခွန်အား လှုံ့ဆော်ပေးနိုင်ခြင်း၊ ထိုစကားလုံးများအားလုံးသည် ကျင်းယွင်ကျောင်းကဲ့သို့သော လူတစ်ယောက်အား ရည်ညွှန်းနေခြင်းပင် မဟုတ်ပေလား။
Chapter 299 : သူ့ကို စောင့်နေတာလား။
ချူးရုန်သည် ကျင်းယွင်ကျောင်းနှင့် ပတ်သတ်၍ ချက်ချင်းပင် သိချင်စိတ်များ တရှိန်ထိုးမြင့်တက်လာ၏။
လက်တွေ့၌ သူသည် မယုံနိုင်သေးပေ။ ညှင်းပန်းနှိပ်စက်မှုများစွာကို ခံစားရင်း ကြီးပြင်းလာရသည့် ကျင်းယွင်ကျောင်းကဲ့သို့သော မိန်းကလေးတစ်ယောက်သည် စီးပွားရေးလုပ်ငန်းတစ်ခုကို ထူထောင်နိုင်သည့်အထိ မည်ကဲ့သို့ လုပ်နိုင်စွမ်းရှိ၍ ကြွယ်ဝလာသနည်း။
ပိုင်ယွီအန်းက သူမသည် ထူးခြားဆန်းကြယ်သော ဆရာသခင်တစ်ယောက်နှင့်တွေ့ခဲ့သည်ဟု ပြောပြခဲ့သော်လည်း ထိုဆရာသခင်အား တွေ့ဖူးသူတစ်ယောက်မှ မရှိပေ။ အကယ်၍ သူတို့၌ လုပ်နိုင်စွမ်းနှင့်အရည်အချင်း အနည်းငယ်မရှိပါက ဆရာသခင်တစ်ယောက်၏ အသိအမှတ်ပြုခြင်းကို ခံရရန် အိမ်မက်ပင် မမက်သင့်။
နောက်တစ်နေ့ လက်ဖက်ရည်ဆိုင်ဖွင့်ပွဲသို့ ရောက်သည်အထိ ချူးရုန်သည် ကျင်းယွင်ကျောင်းအပေါ်၌ ခံစားချက်များရှုပ်ထွေးနေဆဲပင်။
သူတို့၏ လက်ဖက်ရည်ဆိုင်ဖွင့်ပွဲသို့ ဖိတ်ကြားထားသည့် ဧည့်သည်မှာ မများလှ။ တကယ်တမ်း ဤဆိုင်သည် လက်ဖက်ရည်တစ်ဆိုင်သာ ဖြစ်သည့်အပြင် ဟွားနင်ခရိုင်၌သာ တည်ရှိသောကြောင့် သူတို့သည် လက်ဖက်ရည်ကို ကြိုက်နှစ်သက်သည့် စီးပွားရေးလုပ်ငန်းရှင်အချို့နှင့် အစိုးရအရာရှိများကိုသာ ဖိတ်ကြားထားသည်။ ထိုပမာဏကို များပြားသည်ဟု မယူဆနိုင်ပေ။
သို့ရာတွင် သူတို့သည် စီးပွားရေးအရ လက်ဖက်ရည်ဆိုင်ဖွင့်ခြင်း ဖြစ်သောကြောင့် ဤနေရာသည် တိတ်ဆိတ်ခြောက်ကပ်မနေတော့ဟုသာ တွေး၍ စိတ်ထဲမထားကြချေ။
အချိန်ကျလာသောအခါ လက်ဖက်ရည်ဆိုင်အနီးနားတွင် ကားများစွာ ဆိုက်ရောက်လာကြသည်။
ဖိတ်ကြားထားသောသူများသည် အမှန်တကယ်ပင် မများပြားလှဘဲ ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်နှင့် ကျောက်စိမ်းဝိညာဥ်ဝိုင်ကို စိတ်ဝင်စားသည့် လူလက်တစ်ဆုပ်စာလောက်သာ လာရောက်ကြခြင်းဖြစ်၏။ ထိုသူများထဲအနက် ဦးစီးမှူးတစ်ယောက်သာ ရာထူးအမြင့်ဆုံး ဖြစ်သည်။
သို့ရာတွင် မကြာမီမှာပင် ရုတ်တရက် ကားများစွာရောက်ရှိလာပြီး ယာဥ်ကြောပိတ်ဆို့သွား၏။ ထို့နောက် ကားများထဲမှ ထွက်လာကြသူများသည် အချင်းချင်း တစ်ချက်ကြည့်လိုက််ကြသည်။ ထိုအချိန်တွင် အစောပိုင်းက ရောက်နှင့်နေကြသည့် ဟွားနင်ခရိုင်မှ ဂုဏ်သရေရှိလူကြီးမင်းများအားလုံးသည် ရုတ်တရက် ရိုသေကျိုးနွံသွားကြပြီး ထိုလူများ ခိုင်းစေသမျှကို ချက်ချင်းလုပ်ပေးမည့်အလား ဖြစ်သွားကြ၏။
လက်ဖက်ရည်ကို အရူးအမူးစွဲလန်းသူတစ်ယောက်ဖြစ်သောကြောင့် သူသည် အမှန်တကယ်ပင် လူများစွာကို မသိသော်လည်း ထိုလူများသည် အချင်းချင်း သိနေကြ၏။ သူတို့အချင်းချင်း ပြောနေသမျှအားလုံးကို သူ ရှင်းရှင်းလင်းလင်း ကြားနေရသည်။ ထို့အပြင် သူတို့သည် တစ်ယောက်ပြီးတစ်ယောက် နာမည်ကဒ်များ ကမ်းပေးနေကြရာ ထိုကဒ်များပေါ်၌ ပုံနှိပ်ထားသည့် နာမည်များနှင့် ရာထူးများအားလုံးသည် အတုများ ဖြစ်နိုင်ပါ့မလား။
“မန်နေဂျာကြီး၊ ဘာလုပ်နေလဲ”
ဝန်ထမ်းများအားလုံး စိတ်ရှုပ်ကုန်ကြ၏။
ယမန်နေ့က ဘော့စ်သည် ယနေ့ လူအများကြီး မဖိတ်ထားကြောင်း သူတို့အား သတိပေးခဲ့ပြီး ဖိတ်ကြားထားသော ဧည့်သည်အချို့ကိုပင် သူတို့နှင့် မိတ်ဆက်ပေးခဲ့သောကြောင့် သူတို့သည် ချက်ချင်းပင် ပြည့်စုံလုံလောက်သော ကြိုတင်ပြင်ဆင်မှုအချို့ ပြုလုပ်ထားနိုင်ခဲ့သည်။ သို့သော် အခြေအနေက မျှော်လင့်ထားသည်နှင့် လုံးဝ ခြားနားသွားလိမ့်မည်ဟု မည်သူထင်မည်နည်း။
“တွေ့ရတာ ဝမ်းသာပါတယ်။ ခင်ဗျားက မန်နေဂျာ ချူး ဖြစ်ရမယ်။ မမလေးကျင်း ဒီမှာ မရှိဘူးလား”
အမျိုးသားတစ်ယောက်က ချူးရုန်၏ အရှေ့တွင် ရပ်၍ မေးလာသည်။
ထိုအမျိုးသားသည် သပ်ရပ်စွာဝတ်စားထား၍ အလွန်ပြီးပြည့်စုံသည့် ခံစားချက်ကို ပေးစွမ်းနိုင်၏။ ထိုအခါ ချူးရုန်က အားတင်း၍ ပြုံးပြလိုက်ပြီး
“သူ...သူ ခဏနေရင် ရောက်လာပါလိမ့်မယ်”
ချူးရုန်သည် လုံးဝကြောင်အနေသည်။ ပိုင်ယွီအန်းက ကျင်းယွင်ကျောင်း၏ အထောက်အထားကို အပြင်လူများအား ထုတ်မပြောဘဲ လျို့ဝှက်ထားရန် ပြောခဲ့သည် မဟုတ်လား။ လက်တွေ့၌ သူမသည် ငယ်ရွယ်သေးသော်လည်း ယခုအချိန်၌ သူမ၏ နာမည်သည် မသိသူမရှိ ဖြစ်နေ၏။ အကယ်၍ သူမနှင့် ကျောက်စိမ်းဝိညာဥ်ဝိုင်၏ ပတ်သတ်မှုကိုပါ ထည့်ပေါင်းလိုက်ပါက သူမသည် တစ်ရက်မှ ငြိမ်းငြိမ်းချမ်းချမ်း နေရတော့မည် မဟုတ်ဘဲ ကျောင်းသို့ပင် အေးအေးချမ်းချမ်း သွားနိုင်တော့မည် မဟုတ်ပေ။
“ဒါ သူက သေချာပေါက်လာမယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ မဟုတ်လား။ ဒါဆိုရင် ကျွန်တော့်အတွက် ထိုင်ခုံတစ်ခုံလောက် စီစဥ်ပေးဖို့ မန်နေဂျာ ချူး ကိုပဲ ဒုက္ခပေးရတော့မှာပဲ။ ကျွန်တော် သီးသန့်အခန်း မလိုချင်ဘူး။ ခန်းမထဲမှာ ထိုင်စောင့်ရုံနဲ့တင် အဆင်ပြေပါတယ်”
အမျိုးသားက စကားဆုံးသည်နှင့် သူခေါ်လာသည့် သူငယ်ချင်းအုပ်စုကိုလည်း လက်ယပ်ခေါ်ရန် မမေ့ခဲ့ပေ။
ထိုအချိန်၌ ချူးရုန်သည် ဤအခြေအနေအား အတော်လေး အံ့အားသင့်၍ ဆွံ့အနေပြီ ဖြစ်၏။
ထိုလူများသည် အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသော သတင်းများကြောင့် ဤနေရာသို့ရောက်လာသူများဖြစ်ပါက ဂုဏ်သရေရှိ လူကြီးမင်းများ ဖြစ်မနေသင့်။
ထိုသူများထဲ၌ သူ၏အဖေနှင့် ရာထူးတူဖြစ်သည့် စျေးကွက်ခေါင်းဆောင်တစ်ယောက်ပင် ပါဝင်လေသည်။ လက်ရှိအချိန်၌ သူတို့သည် အမှန်တကယ်ပင် ခန်းမထဲ၌ တိတ်တိတ်ဆိတ်ဆိတ် စောင့်ဆိုင်းနေကြ၍ ဆိုင်ထဲသို့ လှည့်ပတ်ကြည့်ရှုနေကြ၏။ နာမည်ကဒ်ပေါ်တွင်ရေးထားသည့် နာမည်အရ ချူးရုန်တို့နှင့် စကားလာပြောသောလူသည် ကော်ပိုရေးရှင်းကြီးတစ်ခု၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။
ကော်ပိုရေးရှင်းကြီးတစ်ခုဖြစ်ပြီး စီးပွားရေးလုပ်ငန်းလေးတစ်ခု မဟုတ်။
ချူးရုန်သည် သူတို့အား ဧည့်ခံရန်အတွက် ကပျာကယာ ညွှန်ကြားလိုက်၍ အပြင်ဘက်တွင်မူ ဗျောက်အိုးများ အဆက်မပြတ် ပစ်ဖောက်နေ၍ ကောင်းကင်ကြီးက နီရဲတောက်ကာ ဆူညံနေ၏။ ဆိုင်ထဲရှိ အခြေအနေမှာမူ ဖြေးဖြေးချင်း ငြိမ်သက်သွားသော်လည်း တအံ့တသြဖြစ်နေမှုများနှင့် မေးခွန်းများ ကျန်ရှိနေသေးသည်။
လက်ဖက်ရည်များ တည်ခင်းဧည့်ခံထားသော်လည်း မည်သူကမှ အမှန်တကယ် မသောက်ကြပေ။ သူတို့အားလုံးသည် တံခါးပေါက်ကိုသာ ကြည့်နေကြ၍ တစ်ယောက်ယောက်အား စောင့်မျှော်နေသည့်ပုံပင်။
သူတို့စောင့်နေကြသည့်သူမှာ ကျင်းယွင်ကျောင်းသာ ဖြစ်နိုင်သည်။
ယခင်က ချူးရုန်သည် လက်ဖက်ရည်ဆိုင်များစွာ၌ အလုပ်လုပ်ခဲ့ဖူးသော်လည်း ယခုကဲ့သို့ အခြေအနေမျိုးကြုံရသည်မှာ ပထမဆုံးဖြစ်သည်။ ထိုအချိန်၌ စပ်စုချင်စိတ်ဖြင့် လာကြသူများသည်လည်း အကြီးအကဲတစ်ဦးအား မြင်ရသည့်အလား အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။
မူလက ချူးရုန်သည် ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင််မှ ကမ်းလှမ်းချက်တစ်စောင်ကို လက်ခံရရှိခဲ့စဥ်က အမှန်တကယ် လာချင်စိတ်မရှိခဲ့။ တကယ်တမ်း ထိုဆိုင်သည် လက်ဖက်ရည်ဆိုင်တစ်ဆိုင်သာဖြစ်၍ သူကိုယ်တိုင်ကိုယ်ကျ လာရန် မလိုပေ။ သို့သော် သူသည် ကမ်းလှမ်းချက်ပေါ်တွင် ရိုက်နှိပ်ထားသော အမည်ကိုမြင်သောအခါ ပိုင်ယွီအန်းနှင့် ဆက်စပ်နေမည်ဟု တွေးမိလိုက်သဖြင့် တစ်ချက်လောက် ကြည့်ပေးရန် သူကိုယ်တိုင်လာခဲ့ခြင်းဖြစ်သည်။
သို့သော် သူ ရောက်လာသည်နှင့် သူ၏ တစ်သက်တွင် တွေ့ခွင့်ရလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးသော လူများစွာကို အမှန်တကယ် တွေ့ရလိမ့်မည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။
Chapter 300 : ကျွဲတစ်ကောင်ကဲ့သို့ တုံးအခြင်း
လက်ဖက်ရည်ဆိုင်ထဲ၌ တိတ်ဆိတ်ငြိမ်သက်နေ၍ ချူးရုန်သည် ကျင်းယွင်ကျောင်း မကြာခင်ရောက်လာရန်သာ မျှော်လင့်နေရသည်။ သူသည် အမှန်တကယ်ပင် ဤအခြေအနေနှင့်ပတ်သတ်ပြီး ဘာလုပ်ရမှန်း မသိပေ။
သို့သော် သူ စောင့်မျှော်နေဆဲမှာပင် လက်ဖက်ရည်ဆိုင်အတွင်း၌ ရုတ်တရက် ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။
နင်းမြို့တော်မှ အုပ်စုသည် တိုင်ပင်စရာမလိုဘဲ ရုတ်တရက် ထရပ်လိုက်ကြ၍ ဆိုင်ဝင်ပေါက်သို့ လျှောက်သွားကြသည်။ မူလက ချူးရုန်သည် နောက်ဆုံး၌ ကျင်းယွင်ကျောင်း ရောက်လာပြီဟု တွေးလိုက်သော်လည်း သူလှမ်းကြည့်လိုက်သောအခါ အဖိုးအိုတစ်ယောက်နှင့် ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်အရွယ် ယောက်ျားလေးတစ်ယောက် အတူဝင်လာသည်ကိုသာ မြင်လိုက်ရလေ၏။
“အကြီးအကဲထန်၊ ခင်ဗျားလည်း ဒီကိုရောက်လာတယ်ပေါ့။ အပြင်ထွက်ပြီး မကြိုဆိုလိုက်ရလို့ ခွင့်လွှတ်ပါ ခင်ဗျာ”
အစောပိုင်းက ချူးရုန်နှင့် စကားပြောခဲ့သော ဒါရိုက်တာအဖွဲ့ဝင်သည် အလွန်အမင်း ယဥ်ကျေးလှစွာဖြင့် လက်ဆွဲနှုတ်ဆက်ရန်အတွက် လက်ကမ်းပေးလိုက်ပြီး ခါးညွှတ်၍ပင် နှုတ်ဆက်လိုက်သည်။
“အို...ရှောင်ရှု့ပဲ။ မင်း ရောက်နေတာ မြန်လိုက်တာ”
အကြီးအကဲ ထန်က သူ့အား တစ်ချက်ငဲ့ကြည့်၍ ပြုံးပြလိုက်၏။
ထိုအချိန်တွင် တစ်ဖက်မှ ဒုတိယမြို့တော်ဝန်သည် အံ့အားသင့်နေသော မျက်နှာဖြင့် လျှောက်လာ၍ ...
“အကြီးအကဲထန်၊ ခင်ဗျားကရော ဘာကြောင့် ဒီကိုရောက်လာတာလဲ”
“ကျုပ်မြေးရဲ့ ကျေးဇူးရှင်လေးက ကျုပ်ကို ဒီနေရာက လက်ဖက်ရည်က ကောင်းတယ်ဆိုလို့ တစ်ခါလောက် လာမြည်းကြည့်တာပါ”
အကြီးအကဲထန်က စကားဆုံးသည်နှင့် လက်ဖက်ရည်ဆိုင်ထဲသို့ ဝင်လိုက်သည်။
ထိုအခါ လူအုပ်ကြီးက ရှဲသွားပြီး သူ့အတွက် လမ်းဖယ်ပေးကြ၏။
အစိုးရ အရာရှိများသည် သာမန်လူများကို အဖတ်လုပ်၍ စကားမပြောဟူသည့် ဆိုရိုးစကားရှိသော်လည်း အကြီးအကဲထန်သည် နင်းမြို့တော်၌ အကြွင်းမဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သည်။ သူသည် နယ်ပယ်ပေါင်းစုံ၌ စီးပွားရေးလုပ်ငန်းများစွာရှိ၍ အလွန်အရည်အချင်းပြည့်ဝသူဖြစ်ရာ ငွေကြေးကသာ အရာရာဖြစ်၍ ဒုစရိုက်များနှင့်ပြည့်နေသော ယနေ့ခေတ်တွင် သူ၏အဆင့်အတန်းမှာ အလိုအလျောက်ပင် ထင်ရှားကြီးကျယ်လှ၏။ သူ၏ အသက်အရွယ်ကလည်း သူ၏ ခံ့ညားကြီးကျယ်မှုကို အားဖြည့်ပေးနေသည်ပင်။
မူလက ဤနေရာသို့ အပျင်းပြေလာရောက်သည့် ခရိုင်ဦးစီးမှူးသည် အံ့သြလွန်းသဖြင့် ပါးစပ်မပိတ်နိုင်အောင်ပင် ဖြစ်နေ၏။ သူသည် မူလက ဤလက်ဖက်ရည်ဆိုင်သည် ပိုင်ယွီအန်း၏ ဆိုင်ဖြစ်သောကြောင့် လူများစွာက သူ့အား မျက်နှာသာပေးရန် လာရောက်ကြခြင်းဖြစ်မည်ဟု တွေးနေခဲ့သော်လည်း ယခုအခါ သူသည် ဘာကိုမှထပ်၍ မစဥ်းစားတတ်တော့ပေ။
ပိုင်ယွီအန်းက မည်မျှပင် အောင်မြင်နေပါစေ၊ သူသည် ဖွံဖြိုးဆဲ စီးပွားရေးလုပ်ငန်းတစ်ခု၏ အထွေထွေမန်နေဂျာတစ်ယောက်သာ ဖြစ်နေဆဲပင်။ သူ၏ အဆင့်အတန်းသည် ယခု ဤနေရာတွင် ရောက်နေသူများနှင့် လုံးဝမယှဥ်နိုင်သေး။ ထို့အပြင် ဒုတိယမြို့တော်ဝန်သည်ပင် ဤနေရာ၌ ရှိနေ၏။ နင်းမြို့တော်၌ မြို့တော်ဝန်ကို ထည့်မတွက်လျှင် ဒုတိယမြို့တော်ဝန်က ရာထူးအကြီးဆုံးပင်။
ထိုမျှသာမက နောက်မှရောက်လာသော အဖိုးအိုသည် မည်သူမှန်း သူ မသိသော်လည်း ထိုအဖိုးအို၏ အမူအယာသည် အမှန်တကယ်ပင် ဝံ့ကြွားလွန်း၍ မည်သူကမှ သူ့ကို မထီမဲ့မြင် မပြုရဲကြပေ။ ထို့အပြင် လူတိုင်းက ထိုအဖိုးအိုအား အကြီးအကဲထန်ဟု ခေါ်သောကြောင့် သူသည် နင်းမြို့တော်၏ အချမ်းသာဆုံးပုဂ္ဂိုလ် ထန်လင်းအား မတွေးမိဘဲ မနေနိုင်တော့။
ထိုအချိန်၌ ချူးရုန်သည် အံ့သြလွန်း၍ ထုံနေပြီဖြစ်သည်။ အစောပိုင်းက သူသည် ပိုင်ယွီအန်းအား ဖုန်းဆက်၍ ထိုလူများ ဤနေရာသို့ရောက်လာခြင်းက ပိုင်ယွီအန်း၏ လက်ချက်လားဟု မေးခဲ့သည်။ သို့သော် ပိုင်ယွီအန်းကပင် ပို၍ အံအားသင့်သွားလိမ့်မည်ဟု မည်သူထင်ထားမည်နည်း။ သူသည် ချူးရုန်အား ထိုနာမည်ကဒ်များကို သေချာသိမ်းထားခိုင်း၍ သူတို့နှင့် တွေ့ရန်အတွက် သူကိုယ်တိုင်ပင် လာချင်နေသည်။
ထို မိချောင်းကဲ့သို့သော လူများသည် တွေ့ချင်တိုင်း တွေ့လို့ရသည့် လူများ မဟုတ်သည့်အပြင် သူတို့၏ နာမည်ကဒ်များသည်လည်း လူတိုင်းရနိုင်သည့် အရာများ မဟုတ်ပေ။
အကယ်၍ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကြောင့် ထိုကဲ့သို့သော ပုဂ္ဂိလ်ကြီးများစွာ လာရောက်ကြလိမ့်မည်ဟု ပိုင်ယွီအန်းသာ ကြိုသိခဲ့ပါက သူသည် ကျင်းယွင်ကျောင်းအား လက်ဖက်ရည်ဆိုင်ကို စောစော ဖွင့်ခိုင်းမိလိမ့်မည် ဖြစ်သည်။
ပိုင်ယွီအန်းက အမှန်တကယ်ပင် ရင်ထဲ၌ ပျော်ရွှင်လှိုက်ဖိုနေသော်လည်း ချူးရုန်ကဲ့သို့ပင် ကြောင်တောင်တောင် ဖြစ်နေသေး၏။
ဤအခြေအနေသည် ယုံရခက်လှသည်ဟု သူ မတွေးမိဘဲ မနေနိုင်ပေ။ ကျင်းယွင်ကျောင်းက မည်သို့များ လုပ်ခဲ့သနည်း။
ထိုအချိန်၌ ကျင်းယွင်ကျောင်းလည်း အချိန်ကိုက် ရောက်ရှိလာသည်။
သို့သော် နောက်ဆုံး သူမ ရောက်ရှိလာချိန်၌ ဤနေရာတွင် ရှိနေသူများအားလုံးသည် ချူးရုန်ထက်ပင်ပို၍ စိတ်လှုပ်ရှားသွားကြသည်မှာ အသိအသာပင်။ သူတို့၏ တုံ့ပြန်မှုက အစောပိုင်း အကြီးအကဲထန်အား ကြိုဆိုကြသည်နှင့်ပင် အတော်လေးဆင်တူ၏။
“သမားတော်ကျင်း၊ မင်းက ဒီမှာပဲ”
“မတွေ့တာ ရက်နည်းနည်းပဲရှိသေးတယ်၊ သမားတော်ကျင်းက ပိုပြီးတော့ လှလာပြန်ပြီလားဗျာ”
“သမားတော်ကျင်း၊ အမြန်လေးလာပြီးတော့ ကျွန်တော် အပြည့်အဝ ပြန်ကောင်းလာ၊ မလာ ကြည့်ပေးပါဦး”
...
ထိုအခါ ချူးရုန်က မဲ့လိုက်သည်။
သည်လူတွေက ဖျော်ပေးတဲ့ လက်ဖက်ရည်ကို မကြိုက်ကြဘူးလား။ လက်ဖက်ရည်ဆိုင်ကို ရောဂါဆွေးနွေးဖို့ လာနေတာဆိုတော့ သည်အခြေအနေက ဘာလဲ။ အားလုံးကို မောင်းထုတ်လိုက်လို့ ရလား။
“ကျွန်မရဲ့ဆန္ဒအတိုင်း ဒီကိုလာပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ဒီနေ့ ဒီလက်ဖက်ရည်ဆိုင်က ခြောက်ကပ်နေမှာပဲလို့ တွေးမိတယ်။ ပြီးတော့ လူတိုင်းက ဒီလက်ဖက်ရည်ကို ဘယ်လိုသဘောရလဲဆိုတာ ကျွန်မ သိချင်ပါတယ်။ တကယ်လို့ လက်ဖက်ရည်က ရှင်တို့သောက်နေကျ အရသာမဟုတ်ရင် ဝန်ထမ်းတွေကိုပြောပြီး လဲခိုင်းလို့ရပါတယ်။ ဒီနေ့ အားလုံးကို ကျွန်မ လက်ဖက်ရည်နဲ့ ဧည့်ခံပါတယ်”
ကျင်းယွင်ကျောင်းက ကြေညာလိုက်၏။
ပြောရမည်ဆိုပါက သူမသည် အဖိုးရှုအား ကျေးဇူးတင်ရမည်ဖြစ်သည်။
ယခု ဤနေရာ၌ ရှိနေသူများသည် သူမ၏ လူနာဟောင်းများနှင့် လူနာများ၏ မိသားစုဝင်များ ဖြစ်ကြ၏။ သူမသည် လက်ဖက်ရည်ဆိုင် စဖွင့်တော့မည့်အကြောင်း အဖိုးရှုအား ပြောပြ၍ သူမ၏ ဂုဏ်သတင်းကို မည်သို့တိုးတက်အောင် လုပ်သင့်ကြောင်း သူ့ဆီမှ အကြံဥာဏ်တောင်းခဲ့သည်။ သို့သော် အဆုံး၌ အဖိုးရှုက သူမအား မျက်လုံးလှန်ကြည့်လိုက်ပြီး ကျွဲတစ်ကောင်ကဲ့သို့ တုံးအသည်ဟုသာ ပြောခဲ့၏။
ထို့နောက်တွင် အဖိုးရှုက လူနာများအား သူမဆီသို့ ညွှန်းပေးသည့် ရည်ရွယ်ချက် အစစ်အမှန်ကို သူမ သဘောပေါက်သွားလေသည်။
ထိုသို့ညွှန်းပေးခြင်းမှာ တစ်ဖက်က သူမ၏ ဆေးပညာ ဗဟုသုတ ကျယ်ပြန့်လာစေရန်ဖြစ်ပြီး အခြားတစ်ဖက်က သူမ၏ ဂုဏ်သတင်းနှင့် အဆက်အသွယ်များ တိုးပွားလာစေရန်သာဖြစ်ချေလေ၏။