← Chapters

ထျန်ဆန်းဖုန်းကို သူ့အပြစ်တွေအတွက် ပေးဆပ်ခိုင်းရမယ်

Vol. 2 Ch. 14

ထျန်ဆန်းဖုန်းကို သူ့အပြစ်တွေအတွက် ပေးဆပ်ခိုင်းရမယ်

Vol. 2 Ch. 14

“လင်းအာ...”

ဟုန်ကျန့်လင်နှင့် ဟုန်လင်းရှီတို့သည် သူတို့၏သမီးကို မျက်နှာချိုသွေးသော အမူအရာများဖြင့် ကြည့်နေ ကြသည်။

“အင်း...”

ဟုန်လင်းက ရေခဲကဲ့သို့ အေးစက်သော မျက်နှာပေးဖြင့် အတိုချုံးသာ ပြန်ထူးလိုက်သည်။

“လင်းအာ...”

ဟုန်ကျန့်ချင်းကလည်း ပြုံးရွှင်သော မျက်နှာဖြင့် နှုတ်ဆက်ရန် အနားသို့ ရောက်လာပြန်သည်။

“ဟမ်...”

ဟုန်လင်း၏ မျက်နှာမှာ ပို၍ပင် အေးစက်သွားတော့သည်။

သူမသည် သူမ၏ မိသားစုအပေါ် တကယ့်ကို မကျေမနပ် ဖြစ်နေခဲ့သူ ဖြစ်သည်။ ငယ်စဉ်က မိဘများ၏ ဂရုစိုက်မှုကို သူမ လုံးဝမရရှိခဲ့ပေ။ သူမ၏ မိသားစုမှာ ချမ်းသာသော်လည်း ဟုန်ထော့ ရရှိခဲ့သော အချစ် နှင့် ဂရုစိုက်မှုမျိုးနှင့် ယှဉ်လျှင် ဘာမှမဟုတ်ပေ။

ငယ်စဉ်ကတည်းက ဟုန်ထော့၏ နှိပ်စက်မှုကို သူမ ခံခဲ့ရသော်လည်း မိဘများက ဟုန်ထော့ကို သူ့ စိတ်ကြိုက် လွှတ်ပေးထားခဲ့ကြသည်။ အပြင်လောကတွင် သူမမှာ ဟုန်မိသားစု၏ သမီးကြီး ဖြစ်သော် လည်း မိဘများ၏ မျက်လုံးထဲတွင် သူမမှာ ဟုန်ထော့၏ လက်ချောင်းတစ်ချောင်းစာလောက်ပင် တန်ဖိုးမရှိကြောင်း သူမသာ သိခဲ့သည်။

ထိုအချိန်က ဦးလေးဖြစ်သူ ဟုန်ကျန့်ချင်းမှာလည်း သူမ၏အဖေနှင့် အာဏာလုနေချိန်ဖြစ်ရာ သူမက ဟုန်ကျန့်ချင်းကိုလည်း အတော်လေး မုန်းတီးလေသည်။

သူမ အသက် (၁၂) နှစ်အရွယ်တွင် မြစိမ်းတောင်ဂိုဏ်းမှ လူများ ဖျင်ကျင်းမြို့သို့ တပည့်လာရောက် စုဆောင်းချိန်မှသာ သူမ၏ဘဝမှာ မြင့်မားသော နေရာသို့ ပျံတက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဂိုဏ်းထဲသို့ ရောက်ရှိသွားချိန်မှသာ ကမ္ဘာကြီးမှာ မည်မျှ ကျယ်ပြောကြောင်းနှင့် သူမ၏ ဟုန်မိသားစုမှာ ဂိုဏ်း အတွင်း၌ အလွန်ပင် သေးငယ်သိမ်ဖျင်းကြောင်း သိရှိခဲ့ရသည်။ ထိုအချိန်က သူမသည် ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်ဝင်နေခဲ့ပြီး မည်သူ့ကိုမျှ ထိုအကြောင်း မပြောဝံ့ခဲ့ပေ။

ကံကောင်းထောက်မစွာဖြင့် သူမသည် ပါရမီ ထူးချွန်လွန်းသဖြင့် သူမ၏ ဆရာက တပည့် အဖြစ် လက်ခံခဲ့ရာမှ သူမ၏ ယုံကြည်မှုများ ပြန်လည်ရရှိလာခဲ့ခြင်း ဖြစ်သည်။

ဟုန်ကျန့်ချင်းမှာ ယခုအချိန်တွင် အလွန်ပင် အရှက်ရနေပြီး စိတ်ထဲမှလည်း ဟုန်လင်းကို အပြင်းအထန် ဆဲဆိုနေတော့သည်။

“နတ်မိမယ်လင်း...”

သူက မျက်နှာချိုသွေးကာ လက်အုပ်ချီ နှုတ်ဆက်လိုက်ရသည်။

“အင်း...”

ဟုန်လင်းက အရေးမစိုက်ဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။

အားလုံး အရက်ဆိုင်သို့ ရောက်ရှိသွားကြပြီး ဧည့်သည်နှင့် အိမ်ရှင်များမှာ စည်ကားသိုက်မြိုက်စွာ စားသောက်နေကြသည်။ နောက်ဆုံးတွင် အချိန်ကောင်းရောက်ပြီဟု ယူဆကာ ဟုန်လင်းက ထရပ် လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်၏။

“လွန်ခဲ့တဲ့ နှစ်လက တစ်စုံတစ်ယောက်က ကျွန်မရဲ့ ဟုန်မိသားစုနဲ့ ကျွန်မရဲ့ အစ်ကိုကြီးကို နှိပ်စက် သွားခဲ့တယ်။ ဒါဟာ ကျွန်မတို့ ဟုန်မိသားစုကို မလေးစားတာပဲ။ ကျွန်မ ဟုန်လင်းကို မလေးစားတာ တင်မကဘဲ မြစိမ်းတောင်ဂိုဏ်းကိုပါ စော်ကားလိုက်တာပဲ…။”

အမှန်တကယ်တော့ သူမသည် ဟုန်မိသားစုနှင့် ဟုန်ထော့ နှိပ်စက်ခံရသည်ကို အနည်းငယ်မျှပင် ဂရုမစိုက်ပေ။ ဟုန်ထော့ ဒုက္ခိတဖြစ်သွားသည့် သတင်းကို ကြားချိန်တွင် သူမသည် အားရပါးရပင် ရယ်မောခဲ့သေးသည်။ သို့သော်လည်း ထိုလုပ်ရပ်က သူမ၏ မျက်နှာကို အိုးမည်းသုတ်လိုက်သလို ဖြစ်နေပြီး မြစိမ်းတောင်ဂိုဏ်း၏ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေသည်ဟု သူမ ယူဆထားသည်။

အကယ်၍ သူမက ဘာမှမလုပ်ဘဲ နေနေပါက သူမနှင့် မြစိမ်းတောင်ဂိုဏ်းမှာ အသုံးမကျဟု အခြား သူများက ထင်မြင်သွားကြလိမ့်မည်။ ဂိုဏ်းအတွင်း၌ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရာ သူမ၏ ပါရမီနှင့် ဆရာ၏ အရှိန်အဝါကြောင့် အမြဲတမ်း အာရုံစိုက်ခံခဲ့ရသူ ဖြစ်သည်။ သူမသည် ငယ်ဘဝ အတွေ့အကြုံ များကြောင့် အခြားသူများ၏ အထင်သေးမှုကို အမုန်းဆုံး ဖြစ်သည်။

ထို့ကြောင့်ပင် သူမက ဂိုဏ်းတူ ညီအစ်ကို မောင်နှမများကို ခေါ်လာကာ သူမကို ပြစ်မှားသူများ မည်သို့ဖြစ်သွားမည်ကို ပြသရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။

“ထျန်အာဖုန်းက သေသွားပြီ... ဒါပေမဲ့ သူ သေသွားရုံနဲ့ သူ့အပြစ်တွေက ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ သူ့မှာ ထျန်ဆန်းဖုန်း ဆိုတဲ့ ညီတစ်ယောက် ရှိသေးတယ်လို့ ကျွန်မ ကြားတယ်။ ထျန်ဆန်းဖုန်းကို ကျွန်မဆီ လာပြီး ဒူးထောက် တောင်းပန်ဖို့ သတင်းပါးလိုက်ကြပါ။ ဒါဆိုရင်တော့ သူ့အသက်ကို ကျွန်မ ချမ်းသာပေးနိုင်မယ်…။”

“တကယ်လို့ သူ မလာဘူးဆိုရင်တော့ သူဟာ ဒီနယ်မြေမှာ တစ်သက်လုံး နာမည်ဝှက်နဲ့ ပုန်းအောင်း နေရတဲ့ ကြွက်တစ်ကောင်လိုပဲ နေသွားရလိမ့်မယ်။ နေရောင်ခြည်အောက်ကို ဘယ်တော့မှ ထွက်လာ နိုင်မှာ မဟုတ်ဘူး…။”

ဟုန်လင်း၏ စကားများမှာ ပြတ်သားလွန်းလှပြီး သတ်ဖြတ်လိုသော အရှိန်အဝါများ ပြည့်နှက်နေသည်။ ရောက်ရှိနေသူ အားလုံးမှာ တိတ်ဆိတ်သွားကြပြီး အသက်ပင် ပြင်းပြင်းမရှူဝံ့ကြပေ။

စီနီယာအစ်ကို ယွမ်လီကလည်း ထရပ်လိုက်ပြီး ဟုန်လင်း၏ မက်မွန်သီးများကို မသိမသာ ခိုးကြည့်ကာ ပြောလိုက်သည်။

“ငါက ယွမ်လီ ပါ။ အခု ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၉) မှာ ရှိနေပြီး မကြာခင် အခြေခံအုတ်မြစ် တည်ဆောက်တော့မှာပါ။ ဒါဟာ ငါ့ရဲ့ ဆန္ဒလည်း ဖြစ်တယ်။ တကယ်လို့ အဲဒီကောင် မလာဘူးဆိုရင် သူ့ကို တွေ့တဲ့နေရာမှာ ငါကိုယ်တိုင် တစ်စစီ ဆွဲဖြဲပစ်မယ်။ လေလွင့်ကျင့်ကြံသူ တစ်ယောက်က ငါ့ရဲ့ ဂိုဏ်းတူညီမလေး လင်းအာကို စော်ကားရဲတယ် ဟုတ်လား…။”

ထိုစကားများကြောင့် လူတိုင်း၏ နားထဲတွင် အုန်းအုန်းကျွက်ကျွက် ဖြစ်သွားတော့သည်။

*ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၉) တဲ့လား….။ *

*အခြေခံအုတ်မြစ် တည်ဆောက်တော့မည့်သူလား… *

*ဒါက တကယ့်ကို ဩဇာကြီးမားတဲ့ ပုဂ္ဂိုလ်ပဲ…။*

“စိတ်ချပါ အင်မော်တယ်သခင်... ကျွန်တော်တို့ သတင်းကို သေချာပေါက် ပေးလိုက်ပါ့မယ်…။”

“ဟုတ်ကဲ့ပါ... ထျန်ဆန်းဖုန်းနဲ့ ပတ်သက်တဲ့ သတင်းရတာနဲ့ ကျွန်တော်တို့ ချက်ချင်း တင်ပြပါ့မယ်…။”

“ဒီ ထျန်ညီအစ်ကိုတွေကတော့ တကယ့်ကို သေတွင်းတူးနေတာပဲ။ မြစိမ်းတောင်ဂိုဏ်းရဲ့ တပည့်တွေကို တောင် ဆန့်ကျင်ရဲတယ်ပေါ့…။”

လူတိုင်းက တစ်ခဲနက် ထောက်ခံနေကြပြီး ယွမ်လီ၏ မျက်နှာသာရရန်အတွက် မြှောက်ပင့်ပြောဆို နေကြလေတော့သည်။

“ကောင်းပြီ... အားလုံးကို ကျေးဇူးတင်ပါတယ်….။”

ယွမ်လီ က ပေါ့ပေါ့ပါးပါးပင် လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။

စားသောက်ပြီးနောက် မြစိမ်းတောင်ဂိုဏ်းဝင်များမှာ ဟုန်ကျန့်လင်တို့နှင့်အတူ ဟုန်အိမ်တော်သို့ ပြန်လာ ခဲ့ကြလေသည်။ ဟုန်အိမ်တော်သို့ ရောက်သောအခါ ဟုန်လင်းမှာ ဟုန်ထော့၏ သနားစဖွယ် အခြေအနေ ကို သွားရောက်ကြည့်ရှုချင်နေသည်။ သို့သော် ဂိုဏ်းတူ ညီအစ်ကိုများရှေ့တွင် ဟုန်ထော့ကို မုန်းတီး ကြောင်း မပြချင်သဖြင့် ဆင်ခြေတစ်ခု ပေးလိုက်သည်။

“စီနီယာအစ်ကို ယွမ်လီ... ဂိုဏ်းတူ မောင်လေး ဝူ... ဂိုဏ်းတူ ညီမလေး... လင်းအာ ကျွန်မ အစ်ကိုကြီးကို အရင်သွားကြည့်ချင်ပါတယ်။ သူ ထျန်အာဖုန်းကြောင့် အများကြီး နာကျင်နေရမှာပဲ…။”

ဟုန်လင်းက မျက်ရည်များကို သုတ်ဟန်ဆောင်ကာ အသံတိမ်တိမ်ဖြင့် ပြောလိုက်သည်။

“ကျွန်မနဲ့ အစ်ကိုကြီးနဲ့က ဆက်ဆံရေး သိပ်မကောင်းပေမယ့် သူ့အကြောင်း တွေးမိတိုင်း... ကျွန်မ... ဟင့်... ဟင့်...။”

ရုတ်တရက် သူမ၏ မျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာရာ အဖြစ်မှန်ကို မသိသူများအဖို့ ဤမောင်နှမနှစ်ဦးမှာ အလွန်ပင် ချစ်ခင်ကြသည်ဟု ထင်မှတ်သွားကြပေလိမ့်မည်။

“အို... ဂိုဏ်းတူညီမလေး လင်းအာက တကယ့်ကို သစ္စာရှိပြီး ကြင်နာတတ်တာပဲ။ သွားပါ... သွားကြည့် လိုက်ပါဦး….။”

ယွမ်လီ က သူမ၏ ပခုံးကို ပုတ်ရန် ရှေ့သို့ တိုးလိုက်သော်လည်း သူမက မသိမသာ ရှောင်လိုက်သဖြင့် ယွမ်လီ၏ လက်မှာ လေထဲတွင် တန့်သွားတော့သည်။

“ဂိုဏ်းတူအစ်မ... သွားပါ... ကျွန်တော်တို့ကို စိတ်မပူပါနဲ့…။”

သူတို့က လိုက်ပို့မည်ဟု မပြောကြပေ။ သူတို့ အခြေအနေကို သိရှိထားကြသည်။ မိန်းမစိုးတစ်ယောက် ဖြစ်သွားသူကို လူစုလူဝေးဖြင့် သွားကြည့်ခြင်းမှာ ကြည့်ရှုစစ်ဆေးခြင်း မဟုတ်ဘဲ လှောင်ပြောင်ရာ ရောက်ပေလိမ့်မည်။ အကယ်၍ သူတို့နှင့် မပတ်သက်သူဆိုပါက ပွဲကြည့်ရန် သွားကြမည်ဖြစ်သော် လည်း ဒါက ဟုန်လင်း၏ မောင်အရင်း ဖြစ်နေသည်မဟုတ်ပါလား။

“ဒါဆို ကျွန်မ ခွင့်ပြုပါဦးရှင်….။”

ဟုန်လင်းက ဦးညွှတ်ကာ ထွက်ခွာသွားခဲ့သည်။ ယွမ်လီ ကမူ သူမ၏ ဖြူစင်လှပသော ပုံရိပ်ကို ခြေဖျား ထောက်ကာ ငေးကြည့်ကျန်ရစ်ခဲ့လေသည်။

ဟုန်ထော့၏ အိပ်ဆောင်မှာ ယခင်ကထက် လုံခြုံရေး ပိုမိုတင်းကျပ်ထားသော်လည်း ချီစွမ်းအင်သန့်စင် ခြင်း အဆင့် (၃) ရှိသူ နှစ်ဦးသာ ရှိလေသည်။ ဖျင်ကျင်းမြို့လေးတွင် အဆင့် (၃) ကျင့်ကြံသူမှာ ရှားပါး လှသည်တော့ မဟုတ်ပေ။ မည်သူမျှ မတားဝံ့သဖြင့် ဟုန်လင်းက တံခါးကို တွန်းဖွင့်ကာ ဝင်လိုက်သည်။

ဟုန်ထော့မှာ တစ်ယောက်တည်း မနေရဲသဖြင့် အခန်းထဲတွင် အဆင့် (၃) ကျင့်ကြံသူ တစ်ဦးကို အဖော် အဖြစ် ထားထားလေသည်။ တံခါးပွင့်လာသံကို ကြားသည်နှင့် ဟုန်ထော့က ချက်ချင်း ဆဲဆိုလိုက်တော့ သည်။

“ဘယ်သူလဲ... ဘယ်သူက ငါ့အခန်းထဲကို ခွင့်ပြုချက်မရှိဘဲ ဝင်ရဲတာလဲ….။”

ဆဲဆိုသံနှင့်အတူ ရေခွက်တစ်ခွက်က ပျံထွက်လာသည်။

ထျန်ဖုန်းကြောင့် ဒုက္ခိတဖြစ်သွားကတည်းက သူ၏ စိတ်ဓာတ်မှာ ပိုမို ကြမ်းတမ်းလာခဲ့သည်။ ယခင်က စိတ်မကြည်ပါက မြို့ထဲသွားကာ လူများကို နှိပ်စက်ခြင်း သို့မဟုတ် အမျိုးသမီးများဖြင့် အာရုံပြောင်း ခြင်းများ လုပ်နိုင်သော်လည်း ယခုအခါ ထိုအရာများ မလုပ်နိုင်တော့သဖြင့် သူသည် ဒေါသအိုးကြီး ဖြစ်နေတော့သည်။

“မင်း အပြင်ထွက်နေလိုက်တော့….။”

ဟုန်လင်းက ရေခွက်ကို အသာအယာ ရှောင်လိုက်ပြီး အစောင့်ကို ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ သခင်မလေး….။”

အစောင့်က ရိုသေစွာဖြင့် ထွက်ခွါသွားလေသည်။

ဟုန်ထော့မှာ ဝင်လာသူမှာ မည်သူမှန်း သိရှိသွားသဖြင့် မျက်နှာ ပျက်ယွင်းသွားတော့သည်။ တံခါးပိတ် သွားသည်နှင့် ဟုန်လင်းက သူမ၏ ဟန်ဆောင်မှုများကို ဖယ်ရှားလိုက်ပြီး လှောင်ပြောင်သော မျက်နှာ ထားကို ပြသလိုက်သည်။

“အို... နေကောင်းရဲ့လား ညီမလေး ဟုန်ထော့ရယ်…။”

ဟုန်လင်းက ချိုသာစွာ ပြုံးပြလိုက်သည်။

“နင်... နင် ယုတ်မာတဲ့ မိန်းမ….။”

ဟုန်ထော့မှာ အလှောင်ခံရခြင်းကို အမုန်းဆုံး ဖြစ်သည်။

“ဒီနေ့ မြို့တံခါးဝမှာ နင်ပါ လာကြိုသင့်တာ။ ဒါဆိုရင် အားလုံးကို နင်က ငါ့ရဲ့ ညီမလေးပါလို့ မိတ်ဆက် ပေးလို့ ရတာပေါ့။ ဒါက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းမှာပဲ။ ဒါပေမဲ့ နင်က ငါ့မျက်နှာကို ပျက်အောင် လုပ်မှာစိုးလို့ ငါ မခေါ်ခဲ့တာ…။”

“ငါ နင်ငယ်ငယ်ကတည်းက သတ်ပစ်လိုက်သင့်တာ။ ဒါဆိုရင် မိဘတွေက ငါ့ကို ရိုက်ရင်ရိုက်မယ်၊ အခု လိုတော့ အရှက်ရမှာ မဟုတ်ဘူး….။”

ဟုန်ထော့မှာ နောင်တရနေမိသည်။ ငယ်ငယ်က သူ နှိပ်စက်ခဲ့သော ကလေးမလေးမှာ ယခုအခါ ရွှေဟင်္သာ ဖြစ်သွားခဲ့လေပြီ။

ဟုန်ထော့မှာ အံကို ကြိတ်ကာ ဟုန်လင်းကို သေစေချင်နေမိသည်။ သူသည် ဟုန်လင်းကြောင့် မိသားစု က ရရှိနေသော အကျိုးကျေးဇူးများကို ခံစားနေရသော်လည်း သူမအပေါ်တွင်မူ အမြဲတမ်း မနာလို ဝန်တိုနေခဲ့သူ ဖြစ်သည်။

“နင်က ကျင့်ကြံခြင်း ပါရမီလေး နည်းနည်း ပိုကောင်းနေရုံနဲ့ ဒီလောက် မာန်တက်မနေနဲ့…။”

“ဟုတ်လား...”

ဟုန်လင်းက အေးစက်စွာ ပြောလိုက်သည်။

ရုတ်တရက် အေးစက်သော အငွေ့အသက်များ ထွက်ပေါ်လာပြီး ခဏအတွင်းမှာပင် ဟုန်ထော့မှာ ရေခဲဂူအတွင်းသို့ ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ စောင်ပေါ်တွင် နှင်းခဲလွှာပါးလေး တစ်ခု ဖုံးအုပ်သွားတော့သည်။

ထိုအအေးဓာတ်မှာ ချက်ချင်း ပျောက်ကွယ်သွားသော်လည်း ဟုန်ထော့မှာမူ အအေးဒဏ်ကြောင့် တုန်ရီ နေပြီး နှုတ်ခမ်းများ ညိုမည်းကာ ကြောက်လန့်တကြားဖြင့် စကားတစ်လုံးပင် မဟဝံ့တော့ပေ။

“နင်လို အမှိုက်ကောင်က ငါ့ရဲ့ ပါရမီကို ဘယ်လို နားလည်နိုင်မှာလဲ။ ငါက ရေခဲဝိညာဉ်ခန္ဓာကို ပိုင်ဆိုင် ထားတာ။ ငါဟာ မြစိမ်းတောင်ဂိုဏ်းမှာ ပါရမီ အကောင်းဆုံး ဆယ်ယောက်ထဲက တစ်ယောက်ပဲ….။”

ဟုန်လင်းက မာန်တက်စွာဖြင့် ခေါင်းမော့ကာ ပြောလိုက်သည်။ သူမ၏ ပါရမီကို စစ်ဆေးတွေ့ရှိချိန် ကတည်းက သူမ၏ဘဝမှာ ထူးခြားမြင့်မြတ်တော့မည်ကို သူမ သိရှိခဲ့ပြီး ဖြစ်သည်။

All Chapters