အခန်း (၁၁၃-၁၁၄)
Vol. 12 Ch. 113-114
Chapter 113
~
အခန်း ၁၁၃
~
နေ့လည်အချိန်...
ချောင်မူနှင့် သူ့အပေါင်းအပါများသည် ခေတ္တအနားယူရန် လမ်းမဘေးရှိ ယာယီတည်းခိုခန်းသို့ ရောက်ရှိလာခဲ့ကြသည် ။
အဆင့်မြင့် သိုင်းပညာရှင်များ ဖြစ်သော်လည်း သာမန်သွေးသားဖြင့် ဖွဲ့စည်းထားသဖြင့် အချိန်အကြာကြီး မြင်းစီးရသည်က ပင်ပန်း၏ ။ မြင်းများလည်း လျှာထွက်နေလေပြီ ။
လူကိုးယောက်အဖွဲ့သည် လျှို့ဝှက်ကြယ်သံတမန်မှလွဲ၍ တစ်ယောက်နှင့် တစ်ယောက် မသိကြသဖြင့် စကားဟဟ မပြောကြချေ ။
ချောင်မူက အဝစားပြီးနောက် အပိုစားစရာအချို့ကို ထုတ်ယူကာ အပြင်သို့ ထွက်လာခဲ့၏ ။
သူ အပြင်ဘက်တွင် ခဏတာ စောင့်ဆိုင်းပြီးနောက် မြက်ခင်းထဲမှ အသံတိုးတိုးလေး မြည်လာပြီး ကြောင်ခေါင်းလေးက ပေါ်ထွက်လာ၏ ။
" မင်း ငါ့နောက်ကို လိုက်လာတာလား.. မြင်းကိုတောင် မီအောင် လိုက်နိုင်တယ် ဝိညာဥ်သားရဲလို့ မပြောရဘူး.. "
ချောင်မူက ယူလာသော အသားကို ချကျွေးလိုက်သည် ။
ကြောင်ပေါက်လေးက ဗိုက်ဝအောင် စားပြီးသည်နှင့် ထွက်မပြေးတော့ဘဲ ချောင်မူ၏ အရိပ်ထဲသို့ ခုန်ဝင်သွား၏ ။ ထို့နောက် သူ၏ ခန္ဓာကိုယ်က အရိပ်နှင့် တစ်သားတည်းဖြစ်သွားပြီး ပျောက်ကွယ်သွားသည် ။
' ဟမ်..အရိပ်ထဲမှာပုန်းလို့ ရတာလား.. တော်တော်ထူးခြားတဲ့ စွမ်းရည်ပဲ..'
ချောင်မူ မနာလို ဖြစ်သွား၏ ။ ဝိညာဥ်သားရဲများတွင် ထူးခြားသော စွမ်းရည်အမျိုးမျိုးရှိပြီး ကျင့်ကြံသူများတွင် နည်းလမ်းအမျိုးမျိုးရှိ၏ ။ သိုင်းပညာရှင်များသာ နှစ်ဖက်ညှပ်ရိုက်သည်ကို ခံနေရသည် ။
သူ တည်းခိုခန်းထဲသို့ ပြန်ဝင်သွားလျှင် အခြားသူများက အနားယူနေကြပြီး ဟူးကြီးက ထောင့်စားပွဲတစ်ခုတွင်ထိုင်ကာ ခပ်ပါးပါး စာအုပ်တစ်အုပ်ကို ဖတ်နေ၏ ။
" ဓားသမားက စာဖတ်နေတာလား .."
ချောင်မူ စိတ်ဝင်စားသွားသည် ။ သိုင်းပညာရှင်များသည် ပညာရှင်များ မဟုတ်သဖြင့် စာပေ လိုက်စားသည်က မြင်ရခဲ၏ ။ ဝူချင်းရှင်းအား လိုက်ဖမ်းနေသည့် အချိန်တွင်ပင် စာဖတ်နေသဖြင့် ချောင်မူ စပ်စုချင်စိတ်ပေါက်သွားသည် ။
သူ၏ အမြင်အာရုံမှာ ကောင်းမွန်လှသဖြင့် စာအုပ်အဖုံးပေါ်ရှိ စာလုံးကြီးများကို တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်ပေသည် ။
' ကောင်းကင်လက်ချောင်းနည်းစနစ်တဲ့လား ..'
ချောင်မူ အလွန်စိတ်လှုပ်ရှားလာ၏ ။ သူ့တွင် လူအများရှေ့ သူရဲကောင်းဟန်ဆောင်ခြင်းနှင့် သိုင်းကျမ်းစုဆောင်းခြင်း ဟူ၍ ဝါသနာနှစ်ခုသာ ရှိလေသည် ။
' သွေးကြောပိတ်တဲ့ သိုင်းမျိုးလား မသိဘူး.. ငါ့မှာ အဲ့တာမျိုး မရှိသေးဘူး.. '
ချောင်မူက ခဏစဥ်းစားပြီး ဟူးကြီးထံ ချဥ်းကပ်ရန် ဆုံးဖြတ်လိုက်၏ ။
" ဟဲဟဲ ညီလေးဟူး.. လျှို့ဝှက်စာအုပ် လေ့လာနေတာလား.. ကြိုးစားလိုက်တာ.. "
" အမ်.."
ဟူးကြီးက အနည်းငယ်လန့်သွားပြီး ချောင်မူ မမြင်ရစေရန် စာအုပ်ကို ထောင်ထားလိုက်သည် ။
' ကပ်စေးနဲလိုက်တာ.. '
ချောင်မူ က ဤကမ္ဘာပေါ်ရှိ သိုင်းပညာရှင်များသည် သူတို့၏ လျှို့ဝှက်သိုင်းကျမ်းများကို တန်ဖိုးထားကြသည်ကို သိ၏ ။
သိုင်းသူတော်စင်က ထိပ်တန်းသိုင်းကျမ်းများစွာကို ဖြန့်ဖြူးပေးခဲ့သော်လည်း သိုင်းပညာရှင်များ၏ အမြင်ကို မပြောင်းလဲနိုင်သေးပေ ။
ထို့ကြောင့် ဟူးကြီး မပြချင်သည်က ပုံမှန်သာဖြစ်သည် ။
" ဟူးကြီး.. မင်းနဲ့ငါက တခြားသူတွေနဲ့ တူတာမဟုတ်ဘူး.. ငါတို့နှစ်ယောက်က စိတ်ဝိညာဥ်သန့်စင်ခြင်း အောင်မြင်နိုင်ဖို့ သိုင်းလောကထဲမှ လေလွင့်နေရတဲ့ လူနှစ်ယောက်ပါ.. "
ချောင်မူက ရယ်လိုက်ပြီး...
" ဝူကျိအသင်းက သိုင်းပညာတွေ ရဖို့က မလွယ်တော့ ငါတို့နှစ်ယောက်မှာ ရှိတဲ့ ကျင့်စဥ်တွေ မျှဝေပြီး ဆွေးနွေးကြရင် မကောင်းဘူးလား.. "
" ဒီ ကောင်းကင်လက်ချောင်း ပညာရပ်အတွက် ကျုပ်မှာ ရှိတဲ့ တန်ဖိုးတူ ကျင့်စဥ်တစ်ခုခုနဲ့ လဲပေးမယ်လေ ..ဘယ်လိုလဲ.. ခဏပဲ လဲဖတ်ကြတာပေါ့.. "
ချောင်မူသည် စာအုပ်ထဲမှ စာအား တစ်ခေါက်ဖတ်ပြီးသည်နှင့် လေကျင့်နိုင်သဖြင့် ထိုသို့ ပြောလိုက်ခြင်းဖြစ်သည် ။
သို့ရာတွင် ဟူကြီး၏ အမူအရာက အံ့အားသင့်နေပုံရလေ၏ ။ သူက မယုံကြည့်နိုင်စွာဖြင့်...
" ကျုပ်စာအုပ်နဲ့ သိုင်းကျင့်စဥ် လဲဖတ်ချင်တာလား.. "
" ဟုတ်တယ်လေ.. သွေးကြောနဲ့ ပက်သက်တဲ့ သိုင်းတွေကို ငါတစ်ခုမှ မမြင်ဖူးဘူး မင်းဆန္ဒ ရှိရင် လဲဖတ်ကြတာပေါ့.. "
ချောင်မူက ပြောလိုက်သည် ။
" ဒါပေါ့ ဆန္ဒ ရှိတာပေါ့ ရော့.. "
ဟူးကြီးက ပြုံးစိစိဖြင့် စာအုပ်ထိုးပေးလိုက်၏ ။
" ရက်ရောလိုက်တာ.. မင်းက တကယ့်ကို..... "
ချောင်မူ စာအုပ်ဖွင့်ကြည့်ပြီး ဆွံ့အ သွား၏ ။ စာအုပ်ထဲတွင် စာသား အနည်းငယ်သာ ပါပြီး ပုံများသာ မြင်နေရ၏ ။ ထိုပုံများသည်က...
" ဟ..ကောင်းကင်လက်ချောင်းပညာက.. အပြာစာအုပ်ကြီးလား..."
ချောင်မူ၏ အသံက ကျယ်သွားသဖြင့် ပတ်ဝန်းကျင်ရှိလူများ လှည့်ကြည့်လိုက်ကြ၏ ။
" ဟုတ်တယ်လေ.. "
မုတ်ဆိတ်မွေးထူထူဖြင့် ဓားသမား ဟူးက လေးနက်ဟန်ဖြင့်...
" နာမည်နဲ့တင် သိသာနေတာပဲလေ.. ဒါပေမဲ့ အပြာစာအုပ် မဟုတ်ဘူး ကာမကျမ်းလို့ ခေါ်တယ်.. "
ချောင်မူ.... " ...."
ဝူချင်းရှင်းအား လိုက်ဖမ်းသည့် အချိန်တွင်ပင် ကာမကျမ်းအား လေ့လာနေသည်လော ။ မျက်ခုံးထူထူ ၊မျက်လုံးကြီးကြီး ၊ မုတ်ဆိတ်မွေးများ ထူလပျစ်နှင့် အသက် ၅၀ အရွယ်ခန့် ဟူးကြီးက သာမန်လူ ဟုတ်ပုံမရပေ ။
ဝူချင်းရှင်းအား လိုက်ဖမ်းနေသည်က သာမန်မှ ဟုတ်၏လောဟုပင် သံသယဝင်မိသွား၏ ။
ထိုသည်ကို စဥ်းစားရင်း ချောင်မူက နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိသည် ။
ဓားသမားဟူးက ချောင်မူ၏ အမူအရာကို သတိထားမိသွားပြီး ကြင်နာသော ဟန်ဖြင့် ရှင်းပြလိုက်လေသည် ။
" ဒါက ခင်ဗျား ထင်ထားသလို မဟုတ်ဘူး.. "
" ဟဲရန်မြို့မှာ သာမန်လူတွေထက် သာလွန်တယ်လို့ ထင်နေတဲ့ ကျင့်ကြံသူတွေကို မြင်ဖူးတယ်မလား.. "
" ကျုပ်တို့ သိုင်းပညာရှင်တွေက ကျင့်ကြံသူတွေကို အနိုင်မယူနိုင်တာ သိုင်းပညာရှင်တွေရဲ့ သက်တမ်းက တိုနေလို့လားလို့ ကျုပ်တွေးမိတယ်.. "
" ကျုပ်တို့ သက်တမ်းက တိုနေရင်တောင် ကျုပ်တို့ အမွေကို နောက်မျိုးဆက်ကို လက်ဆင့်ကမ်းပေးနိုင်ရင်..."
" သားတွေ မြေးတွေ... အဆက်အဆက် မျိုးဆက်တွေ အကန့်အသတ်မရှိတဲ့အထိ ..လက်ဆင့်ကမ်းပေးပြီး သိုင်းပညာရပ်တွေကို တဖြည်းဖြည်း တိုးတက်အောင် လုပ်ဆောင်နေသရွေ့ တစ်နေ့ကျရင် အင်မော်တယ်တွေကို ယှဥ်နိုင်မယ့် သိုင်းပညာရှင် ပေါ်ထွက်လာလိမ့်မယ်ဆိုတာ ကျုပ်ယုံကြည်တယ်.. "
ချောင်မူ ဆွံ့အ နေ၏ ။ သူမည်သို့ ပြန်ပြောရမည်ကိုပင် ရုတ်တရက် မတွေးနိုင်ဖြစ်သွားပြီး...
" ဒါ အပြာစာအုပ် ဖတ်ရတဲ့ အကြောင်းရင်းလား.. "
ဓားသမားဟူက ယုံကြည်မှု အပြည့်ဖြင့် ...
" ကျုပ်က ဒီလိုမျိုး ကိစ္စတွေမှာ မကျွမ်းကျင်ပေမဲ့ ဒီလို ကာမကျမ်းကို မဟာယန်မှာ ရှိတဲ့ လူတိုင်း လေ့ကျင့်နိုင်မယ်ဆိုရင် မဟာယန်ရဲ့ လူဦးရေက အများကြီး ပိုများလာမှာ သေချာတယ်.."
" လူတိုင်းအတွက်.. ကျုပ် ဟူက ဒီတာဝန်ကို ထမ်းရွက်ဖို့ ကြိုးစားမှာပါ .. "
" ခင်ဗျားက ဒီကျမ်းကို လေ့လာထားတယ်ဆိုတော့ ကလေးတော်တော်များများ ရနေပြီပေါ့.. "
ချောင်မူက ရွှတ်နောက်နောက် ပြောလိုက်၏ ။
သို့သော်လည်း ဓားသမားဟူက ထိုစကား ကြားလျှင် ခဏတာ တိတ်ဆိတ်သွားပြီး သက်ပြင်းချလိုက်ကာ...
" ကလေးတွေ ရှိတာက အသက်ကြီးလာရင် သက်တောင့်သက်သာဘဝကို ပိုင်ဆိုင်နိုင်တယ်လို့ ဆိုကြပေမဲ့ ကလေးတွေကို ပြုစုပျိုးထောင်ဖို့က မလွယ်ပါဘူး.. "
ချောင်မူ အံ့အားသင့်နေ၏ ။ သူ၏ အသက်သည် ၆၀ ကျော်နေသော်လည်း ဤအကြောင်းအရာက သူ၏ နားလည်မှုထက် ကျော်လွန်နေ၍ မည်သို့ နှစ်သိမ့်ပေးရမည်ကို မသိချေ ။
" တခြားသိုင်းကျမ်းတွေရှိလား.. ငါတို့ လဲမယ်လေ.. ဒီကာမကျမ်းက လွဲလို့ပေါ့.. "
ဟူကြီးက ခေါင်းညိတ်ပြီး သဘောတူရန်ပြင်လိုက်သော်လည်း ဆိုင်အတွင်းသို့ ကြယ်သံတမန်က ရုတ်တရက် ဝင်ရောက်လာပြီး...
" ရှုချန်အပြင် ပျောက်နေတဲ့ ယွမ်ညီအကို နှစ်ယောက်လည်း ဝူချင်းရှင်း မီးရှို့သတ်တာကို ခံလိုက်ရတယ်.. "
" ဒါပေမဲ့ သူတို့နှစ်ယောက်က မသေခင်မှာ သဲလွန်စတွေ ရှာတွေ့ထားတယ်.. "
" တောနက်ထဲကို ဆက်ဝင်သွားရင် ကုံးမိသားစု ရွာဆိုတာ ရှိတယ်တဲ့ သူတော်စင်မ ရွာလို့လည်း ခေါ်ကြတယ်.. "
Chapter 114
~
အခန်း ၁၁၄
~
တောနက်ထဲတွင်...
ဝူချင်းရှင်း၏ မျက်နှာက အလွန်လေးနက်နေပြီး စက္ကူကြိုးကြာကို စီးကာ ပျံသန်းနေသည် ။
သူမ၏ လက်ထဲတွင် ရွှမ်ထျန်းဂိုဏ်း၏ အကြီးအကဲထံမှ နောက်ဆုံးပေးပို့လိုက်သော သတင်းစကားပါသည့် ကျောင်းစိမ်းအဆောင်ကို ကိုင်ထား၏ ။
" မဟာလမ်းစဥ် ငါးဆယ် ... ကောင်းကင်ဘုံသို့ လမ်းစဥ် လေးဆယ့်ကိုးခုနဲ့ လွတ်မြောက်ရာ လမ်းစဥ်တစ်ခု.. "
" ဝူချင်းရှင်း.. မင်းရဲ့ အမှားကြောင့် သူတော်စင်ဘွဲ့ကနေ ရုတ်သိမ်းခံရပြီး နှင်ထုတ်ခံရပေမဲ့ အခက်အခဲတိုင်းဟာ စမ်းသပ်မှုတစ်ခုပဲ.. "
" ချင်းမင်တောင်တန်းက ရွှမ်ထျန်းဂိုဏ်းရဲ့ တံခါးဝကို မင်းရောက်လာနိုင်သရွေ့ တပည့်တစ်ဦးအဖြစ် ပြန်လက်ခံပေးမယ်.. ငါတို့ဂိုဏ်းက မင်းကို နွေးနွေးထွေးထွေးနဲ့ လက်ကမ်းကြိုနေမှာပါ.. "
ဝူချင်းရှင်း၏ မျက်နှာကမည်းမှောင်နေပြီး ကျောင်းစိမ်းအဆောင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသဖြင့် ကျိုးလုနီးပါး ဖြစ်သွား၏ ။
" ဒါက အခွင့်အရေးလား .. ရွှမ်ထျန်းဂိတ်ပေါက်အထိက မဖြစ်နိုင်တဲ့ ခရီးကို.. "
" ကြည့်ရတာ ငါ့ကို ဘယ်တုန်းကမှ သူတို့ထဲက တစ်ယောက်လို့ သတ်မှတ်ထားပုံ မပေါ်ဘူး.. "
သူမအား သိုင်းသူတော်စင်၏ တပည့်တစ်ဦးအနေဖြင့် ရော သူတော်စင်မအဖြစ်ပါ လူသိများကြ၏ ။ သူမ ရွှမ်ထျန်းဘုရားကျောင်းမှ ထွက်လာသည်နှင့် ဝူကျိအသင်းမှ အမဲလိုက်သူများမှာ ချက်ချင်းလိုက်လာမည်မှန်း သူမ သိသည် ။
ရွှမ်းထျန်းဂိုဏ်းသို့ ပြေးပါက တောင်ခြေသို့ပင် ရောက်နိုင်မည်ဟု မထင်ပေ ။ သူမကို ဘုရားကျောင်းမှ နှင်ထုတ်လိုက်စဥ်က ပေးအပ်ထားသော အကာအကွယ်အဆောင်အချို့ကိုပါ ပြန်သိမ်းယူထားလိုက်၏ ။ သူမအား အသက်ရှင်စေချင်ပုံ မပေါ်ပေ ။
" ငါ ရွှမ်ထျန်းဂိုဏ်းဆီကို ရောက်နိုင်မှာ မဟုတ်ဘူး.. ဒါပေမဲ့ တောထဲက သူတော်စင်ရွာကို ရောက်နိုင်ရင်တော့ မျှော်လင့်ချက် ရှိအုံးမယ်.. "
ဝူချင်းရှင်း အကြံထုတ်နေ၏ ။ ဤနှစ်များတလျောက် သူမသည် ဘုရားကျောင်းမှ ထွက်ခွာခဲသော်လည်း သိုင်းပညာရှင်တစ်ဦးအား ဝေးလံခေါင်သီသော ရွာလေးတစ်ရွာတွင် ဘုရားကျောင်း ဆောက်လုပ်ရန် တိတ်တဆိတ် စေလွှတ်ခဲ့သည် ။
ထိုဘုရားကျောင်းတွင် သူမ၏ ရုပ်ထုအား ကိုးကွယ်ရာအဖြစ် ထားခဲ့သည် ။ ဤသည်က ရွှမ်ထျန်းဂိုဏ်း၏ စည်းမျဥ်းများနှင့် မညီပေ ။ ထို့ကြောင့် သူမ သည် လျှို့ဝှက်စွာ လုပ်ကိုင်ခဲ့ပြီး ထိုရွာသို့ပင် လုံးဝ မသွားခဲ့ချေ ။
' ဒီနှစ်တွေ တလျောက် ရွာထဲမှာ စုထားတဲ့ ယုံကြည်မှုစွမ်းအား တွေကို အသုံးချပြီး အခြေခံထူထောင်ခြင်းအဆင့်ကို ရောက်နိုင်မယ်ဆိုရင် ငါ့အတွက် ဘဝပြန်စနိုင်ပြီလို့ ဆိုရမယ်.. '
' ငါအောင်မြင်သွားရင် ဂိုဏ်းကို ပြန်လို့ရပြီ..'
ချီသန့်စင်အဆင့် များ၏ ခန္ဓာကိုယ်သည် သာမန်လူများနှင့် မခြားသဖြင့် သိုင်းပညာရှင်များနှင့် အနီးကပ် ရင်ဆိုင်ပါက သေဆုံးနိုင်ချေရှိ၏ ။
ဝူချင်းရှင်းသည် အရင်က အဆင့် ၄ သိုင်းပညာရှင် ဖြစ်သဖြင့် အနီးကပ် တိုက်ခိုက်ရမည်ကို မကြောက်ပေ ။
' သိုင်းသူတော်စင် ကိုယ်တိုင်.. ဒါမှမဟုတ် ငါ့ထက် အဆင့်မြင့်တဲ့ သိုင်းသူတော်စင်ရဲ့တပည့်တစ်ယောက်မလာရင် ကိစ္စမရှိဘူး.. '
ဝူချင်းရှင်းသည် ဆုံးဖြတ်ချက် ချလိုက်သော်လည်း အန္တရာယ် ခံစားချက်က မပျောက်သေးသဖြင့် ပူပန်နေ၏ ။
' ဒါ ငါ့ရဲ့ ဆဋ္ဌမ အာရုံကြောင့်လား.. '
သူမသည် သိုင်းသူတော်စင်စိတ်ဝိညာဥ်ကျမ်းကို မလေ့ကျင့်သည်မှာ ကြာပြီဖြစ်သော်လည်း အာရုံခံစားမှု ထက်မြက်နေသေး၏ ။
' သိုင်းသူတော်စင်ကိုယ်တိုင် ရောက်လာတာများလား.. '
သူမ သိုင်းသူတော်စင်အား မတွေ့ရသည်မှာ နှစ်ဆယ်ဂဏန်း ရှိနေသော်လည်း ကြောက်ရွံ့မှုက အရိုးထဲထိ စွဲနေဆဲပင် ။
' ဒီစိတ်အာရုံက နှစ်ဖက် အလုပ်လုပ်တာဆိုတော့ သိုင်းသူတော်စင်သာ နန်ကျိုး မှာ ရှိနေရင် ငါ့ကို အာရုံခံမိလောက်မှာ.. ဒါပေမဲ့ သိုင်းသူတော်စင် သာ ရှိနေရင်လည်း ငါ ခံစားမိရမှာပေါ့.. '
သူမ၏ စိတ်များ ရှုပ်ထွေးနေ၏ ။ အန္တရာယ်အာရုံ ခံစားချက်သည် မည်သည့်အတွက်ကြောင့် ပေါ်နေရပါသနည်း ။
သူမ တွေးနေစဥ်တွင် လေခွင်းသံတစ်ခု ပေါ်လာလေသည် ။ အေးစက်သော အရှိန်အဝါဖြင့် မြားကြီးတစ်စင်းသည် သူမစီးလာသော စက္ကူကြိုးကြာကို ထိုးဖောက်သွားသည် ။
ဝူချင်းရှင်းက တောအုပ်အတွင်းသို့ ခုန်ဆင်းလိုက်သည် ။
ခြေလှမ်းတစ်ရာကျော်အကွာရှိ အဆင့်၄ သိုင်းပညာရှင် မိုးကြိုးလက်က ကျေနပ်အားရနေသော မျက်နှာနှင့် လေးကို ပြန်လွယ်လိုက်သည် ။
" လိုက်ရှာကြ.. "
ချောင်မူတို့ အဖွဲ့တွင် အနိမ့်ဆုံး အဆင့် ၅ သာဖြစ်၍ အတွင်းအား သုံးလိုက်သည်နှင့် ဝူချင်းရှင်း ခုန်ဆင်းသွားသော နေရာသို့ ချက်ချင်းရောက်သွား၏ ။
ချုံပုတ်များ အတွင်းသို့ ခုန်ဝင်လိုက်သည်နှင့် နီရဲနေသော မီးတောက်က သူတို့ကို ကြိုဆိုနေသည် ။
ဝူချင်းရှင်းသည် ခုန်ဆင်းလိုက်သော်လည်း မြေပြင်ပေါ်သို့ မကျဘဲ ဓားပျံအား စီးနင်းရင်း အဆောင်တစ်ခုကို ပစ်လွှတ်လိုက်၏ ။
" အရိုးစားလီမီးတောက် သွား.. "
မီးတောက်မီးလျှံများ ပေါ်ထွက်လာပြီး ခုန်ဝင်လာသော လူစုကို ဖုံးလွှမ်းသွားလေသည် ။
ဝူချင်းရှင်း၏ လီမီးတောက်သည် မင်ယွဲ့သုံးသည်နှင့်မတူဘဲ မီတာ ဆယ်ဂဏန်းအထိ ဖုံးလွှမ်းသွား၏ ။
" ရှောင်..."
သို့သော်လည်း ဝူချင်းရှင်းအား လိုက်ဖမ်းနေကြသူများသည် သာမန်သိုင်းပညာရှင်များ မဟုတ်သဖြင့် ကိုယ်ပိုင်နည်းလမ်းများရှိကြပေသည် ။
အဖြူရောင် ဝတ်စုံဖြင့် ကျောက်စိမ်းမျက်နှာနဂါးက ကိုယ်ဖော့သိုင်းကို အသုံးပြုပြီး သစ်ပင်များကို အသုံးပြုကာ ပေါ့ပါးသွက်လက်စွာ ရှောင်တိမ်းသွား၏ ။
ချောင်မူသည်တော့...
ချောင်မူက ရှောင်တိမ်းခြင်းမရှိ ။ ကြောင်အနေသော ဓားသမားဟူကို ကန်ထုတ်လိုက်ပြီး ဓားကို ဝှေ့ယမ်းကာ လီမီးတောက်အား ထိပ်တိုက်ရင်ဆိုင်လိုက်သည် ။
လီမီးတောက်က ဓားကို ကူးစက်သွားပြီး ချောင်မူ၏ ညာလက်မောင်းပေါ်သို့ အနည်းငယ် ကူးစက်လာ၏ ။
" ကောင်းကင်နတ်ဆိုးပြိုကွဲခြင်း.."
ချောင်မူက အတွင်းအားကို အမြင့်ဆုံးအထိ မြှင့်တင်ပြီး အရိပ်ခြေလှမ်းအသုံးပြုကာ ဝူချင်းရှင်းထံသို့ ခုန်ဝင်သွားသည် ။
ဤတိုက်ခိုက်မှုက ဝူချင်းရှင်းကိုသာမက ကျန်လူအားလုံးကိုပါ အံ့သြသွားစေ၏ ။
ဝူချင်းရှင်းက နောက်အဆောင်တစ်ခုကို အသက်သွင်းရန် ပြင်နေသော်လည်း ချောင်မူက လီမီးတောက်ဓားဖြင့် ခုတ်လိုက်သဖြင့် ...
" နင်..."
ဝူချင်းရှင်းက အတွင်းအား ထုတ်လွှတ်ကာ ဓားကို လက်ဗလာဖြင့် ဖမ်းလိုက်သည် ။ တစ်ချိန်တည်းမှာပင် ချောင်မူ ဗိုက်ကို ဒူးဖြင့် တိုက်လိုက်သဖြင့် ချောင်မူ လွင့်ထွက်သွား၏ ။
ဝူချင်းရှင်းက သူမ၏ လက်တွင် ကူးစက်သွားသော လီမီးတောက်ကို ငြိမ်းသက်လိုက်သည် ။ သိုင်းပညာရှင်များအား ဒုက္ခပေးသော လီမီးတောက်မှာ သူမ၏ အပေါ်ရံအရေပြားကိုပင် သိပ်မလောင်ကျွမ်းခဲ့ပေ ။
" လာ.."
ဝူချင်းရှင်းက ဓားပျံပေါ် ခုန်တက်သွားပြီး လျင်မြန်စွာ ပျောက်ကွယ်သွား၏ ။
" ချီးပဲ ထွက်ပြေးပြန်ပြီ.. ဘာလို့ သူ့နောက် မလိုက်ကြတာလဲ.. "
မီးတောက်နေသော ညာဘက်ဖြင့် ချောင်မူက မကျေမနပ် ပြောလိုက်ပြီး နောက်လှည့်ကြည့်လိုက်ရာ ပြာဖြစ်ခါနီးအထိ လောင်ကျွမ်းနေသော မီးတောက်ပုံရိပ် နှစ်ခုကို တွေ့လိုက်ရ၏ ။
ခဏတာ ထိပ်တိုက်တွေ့ဆုံမှုတွင် ဝူချင်းရှင်း၏ အရေပြားအနည်းငယ်သာ ဒဏ်ရာ ရသွားသော်လည်း သူတို့ဘက်မှ လူနှစ်ယောက် ဆုံးရှုံးလိုက်လေပြီ ။
ထိုနှစ်ယောက်လုံးမှာ အဆင့် ၅ သိုင်းပညာရှင်များ ဖြစ်ကြပြီး ကိုယ်ဖော့သိုင်း သိပ်မကောင်းသဖြင့် ထွက်ပြေးချိန်မရလိုက်ပေ ။
" ချောင်ကျန့်.. ခင်ဗျား ကျုပ်ကို ဘာလို့ ကန်လိုက်တာလည်း.. "
ဓားသမားဟူက ထရပ်ကာ ဖုန်ခါလိုက်ပြီး ချောင်မူ၏ မီးလောင်နေသော ညာလက်ကို ထူးဆန်းသည့် အကြည့်ဖြင့် စိုက်ကြည့်ရင်း အနားသို့ တိုးလာ၏ ။
" အမ်..မင်းနဲ့ငါ သိုင်းကျင့်စဥ်တွေမှ မလဲရသေးတာ မင်းသေလို့ မဖြစ်သေးဘူးလေ.. "
ချောင်မူက ခပ်တည်တည်ပြန်ဖြေလိုက်၏ ။ အမှန်တော့ သူကိုယ်တိုင်ပင် ကန်မိလိုက်မှန်း သတိမထားမိပေ ။ အကျင့်ပါနေသည့် ခြေထောက်က သူ့အလိုလို ကန်လိုက်မိခြင်းပင် ။
" ချီး.. အဘွားအိုကြီး ကြနေတာပဲ.. "
ဓားသမားဟူက ခေါင်းခါလိုက်ပြီး ချောင်မူ၏ မီးလောင်နေသော ညာလက်ကို ကြည့်ရင်း ဓားကို ဆွဲထုတ်လိုက်၏ ။