← Chapters

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

အခန်း (၁၁၇-၁၁၈)

Vol. 12 Ch. 117-118

Chapter 117

~

အခန်း ၁၁၇

~

ဓားသမားဟူက လူအုပ်ထဲသို့ ပြေးဝင်သွားပြီး မြက်ပင်ခုတ်သလို တိုက်ခိုက်နေ၏ ။

သူ၏ အလွန်တိကျသော ဓားစွမ်းရည်ကြောင့် ဓားချက်တိုင်းက အသက်တစ်သက်ကို နုတ်ယူပစ်နိုင်သည် ။

ကျောက်စိမ်းမျက်နှာနဂါးနှင့် ကျန်သူများက အံ့သြနေကာ လက်နက်ပုန်းများဖြင့်သာ အဝေးမှ ပစ်ပေါက်နေကြ၏ ။ ဤ ရွာသားများကို သူတို့ အလွယ်တကူ အနိုင်ယူနိုင်သော်လည်း လီမီးတောက်နှင့် မတော်တဆ ထိခိုက်မိပါက မတန်ချေ ။ ထို့ကြောင့် အနားအထိ ချဥ်းကပ်လိုခြင်းမရှိ ။

" သံတမန် ဒီတစ်ခါ လူရှာထားတာက အရည်အချင်းရှိတဲ့သူတွေ ကြည့်ပဲ.. "

မိုးကြိုးလက်က ပြောလိုက်သည် ။

" အင်း.. ဒါပေမဲ့ ဓားသမားဟူက ဘာလို့ စာရင်းထဲ မပါတာလည်းမသိဘူး.. သူ့ရဲ့ အတွင်းအားက နိမ့်သေးရင်တောင် ဒီဓားကျွမ်းကျင်မှုက စာရင်းထဲမှာ ပါသင့်နေပြီ.. "

" စာရင်းသုံးခုပေါ်မှာ မပါပေမဲ့ တခြား စာရင်းတစ်ခုထဲမှာ ဟူ မျိုးရိုးနာမည်နဲ့ နာမည်ကြီး ဓားသမားတစ်ယောက်ရှိတယ်လေ.. "

ကျောက်စိမ်းမျက်နှာနဂါးက ပြောလိုက်၏ ။

" ဘယ်စာရင်းလဲ.. ကျုပ်မသိပါလား.. စာရင်းသုံးခုထက် နာမည်ကြီးတာ ရှိသေးလို့လား.. "

မိုးကြိုးလက်က မေးလိုက်သည် ။

" ရှိတယ်လေ.. လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကတည်းက အရာအားလုံးသိသူ ကိုယ်တိုင် အဆင့်သတ်မှတ်ခဲ့တဲ့ သူရဲကောင်း စာရင်းကို မေ့သွားပြီလား.. "

ကျောက်စိမ်းမျက်နှာနဂါး၏ စကားကြောင့် ကျန်လူများ အံ့အားသင့်သွားကြ၏ ။

လူသားလောက၏ အကျော်ကြားဆုံး ပုဂ္ဂိုလ်ဟု ဆိုရလျှင် အရာအားလုံးသိသူ ကိုသာ လက်ညိုးထိုး၍ ပြရချေမည် ။

လွန်ခဲ့သော နှစ်ငါးဆယ်က အရာအားလုံးသိသူ ဖန်တီးခဲ့သည့် အရာများတွင် သူရဲကောင်းစာရင်းက နာမည်အကြီးဆုံးပင်ဖြစ်သည် ။

သိုင်းသူတော်စင်သည် လွန်ခဲ့သော နှစ်လေးဆယ်က အင်ပါယာရုံးတော်၏ အသန်မာဆုံး စစ်သူကြီး ဖြစ်သလို သိုင်းလောက၏ နံပါတ် ၁ လည်းဖြစ်၏ ။ သို့ရာတွင် သူ၏ ခွန်အားထက် ရာထူးနှင့် အာဏာကြောင့် ပို၍ လူသိများပေသည် ။ ထိုစဥ်အခါက သိုင်းသူတော်စင်၏ ခွန်အားမှာ သန်မာသော်လည်း သိုင်းလောကခေါင်းဆောင် မဟုတ်သေးပေ ။

မျိုးနွယ်ခြားစစ်ပွဲ မတိုင်မီက သိုင်းသူတော်စင်သည် သူရဲကောင်း စာရင်း၏ အဆင့် ၁၁ တွင်သာ ရှိနေခဲ့သည် ။

" ဒါပေမဲ့.. စာရင်းဆိုပေမဲ့ အဆင့် ၁ မှာ နှစ်ယောက်.. အဆင့် ၃ မှာ ငါးယောက်.. အဆင့် ၁၀ မှာ အယောက် နှစ်ဆယ်ဆိုပြီးလည်း နာမည်ကြီးတယ်လေ.. "

( တစ်ယောက်နဲ့ တစ်ယောက် ခွန်အားသိပ်မကွာတော့ အဆင့် သတ်မှတ်ထားပေမဲ့ ငြင်းလို့ မဆုံးကျဘူးပြောတာ..)

" အဲ့အချိန်တုန်းက ဟူမျိုးရိုး ဓားသမားက အဆင့် ၁၀ မှာ.."

ကျောက်စိမ်းမျက်နှာနဂါးက ...

" ဓားသမားဟူက နန်းတော်မှာ စားဖိုမှူးလုပ်တာ အနှစ်နှစ်ဆယ်လောက် အတွင်း ဝိညာဥ်သားရဲ အမျိုးမျိုးကို လှီးဖြတ်ခဲ့တယ်တဲ့.. တနေ့မှာ​တော့ အဆင့် ၃ သိုင်းပညာရှင် တစ်ယောက် နန်းတော်ထဲကို ခိုးဝင်လာပြီး သူ့ကို သတိလစ်အောင် ဝင်တိုက်တာကို စာဖိုမှူးဟူးက ဓားနဲ့ တစ်ချက်တည်း ခေါင်းဖြတ်ပစ်လိုက်တယ်.. "

ချောင်မူ စိတ်လှုပ်ရှားသွား၏ ။ ထိုဇာတ်လမ်းကို သူကြားဖူးသည်ဟု ခံစားမိလိုက်သည် ။

" အဲ့အချိန်ကစပြီး စားဖိုမှူးဟူ က နန်းတော်ကနေထွက်လာပြီး သူ့ရဲ့ သားသတ်ဓားနဲ့ သိုင်းလောကမှာ အကျော်ကြားဆုံး ဓားသမား ဖြစ်လာခဲ့တာပေါ့.. "

အရင်ခေတ်က အကြောင်းအရာများကို ပြောကြရင်း လူတိုင်းအတိတ်ကို လွမ်းဆွတ်မိသွားကြ၏ ။

မျိုးနွယ်ခြားစစ်ပွဲ မတိုင်မီက သိုင်းလောကသည် ယနေ့ခေတ် သိုင်းလောကနှင့်မတူခဲ့ပေ ။ ထိုအကြောင်းများကို လူကြီးများ ပြောပြသည့် ဇာတ်လမ်းများမှသာ စိတ်ကူးယဥ်နိုင်တော့သည် ။

ကျောက်စိမ်းမျက်နှာ နဂါးက စကားပြောရင်း အတွေးထဲတွင် ပို၍ နစ်မြောသွား၏ ။

" အရာအားလုံးသိသူဖြစ်ဖြစ်.. သူရဲကောင်းစာရင်းဖြစ်ဖြစ်.. ဒါတွေအားလုံးဟာ အတိတ်မှာပဲ ကျန်ခဲ့ပါပြီ.. "

" လွန်ခဲ့တဲ့ နှစ်လေးဆယ်က မျိုးနွယ်ခြား စစ်ပွဲ ရောက်လာတာနဲ့အတူ သိုင်းလောကတစ်ခုလုံး ပြောင်းလဲလာခဲ့ပြီး သူရဲကောင်းစာရင်းဆိုတာ ခေတ်တစ်ခုရဲ့ သမိုင်းမှတ်တမ်းတစ်ခုလိုပဲ ဖြစ်သွားပြီ.."

" မျိုးနွယ်ခြားစစ်ပွဲပြီးတော့ မဟာယန်အင်ပါယာရဲ့ ထိပ်တန်းစစ်သည်တော် ၁ သိန်း ပျောက်ကွယ်သွားပြီး သိုင်းသူတော်စင်တစ်ယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့တယ်.. သိုင်းသူတော်စင်က နန်းတော်ကနေ နှုတ်ထွက်ပြီး သိုင်းလောကထဲ ပြန်ဝင်လာခဲ့တာပေါ့.. "

" အဲ့စစ်ပွဲ ပြီးတော့ လူတိုင်းက သူရဲကောင်းစာရင်းရဲ့ ထိပ်တန်း ဆယ်ယောက်ဟာ မျိုးနွယ်ခြား တွေကို အနိုင်ယူနိုင်မယ်လို့ မျှော်လင့်ခဲ့ကြဘူးသေးတယ်.. "

" ဒါပေမဲ့ သူတို့ သတင်းက လုံးဝ ထွက်မလာဘဲ ဆယ်ယောက်လုံး တိတ်တဆိတ်ပျောက်ကွယ်သွားခဲ့ကြတယ်.."

" အချို့က သူတို့ဟာ သိုင်းသူတော်စင်လိုပဲ ရှုံးနိမ့်သွားတယ်လို့ ပြောကြတယ်.. တချို့က အကုန်လုံး သေသွားပြီလို့ ပြောကြတယ်.. တချို့ကတော့ သူတို့က ကျင့်ကြံသူတွေရဲ့ သိုင်းကျွန်ဖြစ်သွားပြီလို့တောင် ပြောခဲ့ကြတယ်.. "

" ခု နှစ်လေးဆယ်ကြာလာပေမဲ့ သူတို့ဘာဖြစ်သွားတာလဲကို ဘယ်သူမှမသိကြသလို ဘယ်သူမှလဲ အဲ့အကြောင်းကို စိတ်မဝင်စားကြတော့ဘူး.. "

" သူရဲကောင်းစာရင်းဆိုတာ ကျင့်ကြံသူတွေနဲ့ ယှဥ်ရင် အမှိုက်စက္ကူ တစ်ရွက်လိုပဲ.. "

" ပြီး​တော့ ဟူမျိုးရိုး ဓားသမားနဲ့ သူ့ဓားပညာက.. "

ကျောက်စိမ်းမျက်နှာနဂါးက ရွာသားများကြားတွင် လှုပ်ရှားနေသော ဓားသမားဟူး၏ ဓားကို တစ်ချက် ကြည့်လိုက်၏ ။ ဓားသမားဟူ သည် ချောင်မူ၏ လက်ကို လှီးခဲ့စဥ်က အရိုးနှင့်အကြောများကို ရှောင်ပြီး အသားနှင့်အရေပြားကိုသာ လှီးဖြတ်ခဲ့၏ ။ ထိုသည်က သာမန်ဓားသမားတစ်ယောက် အနေဖြင့် လွယ်ကူသည့် အလုပ်မဟုတ်ပေ ။

" သူက သူရဲကောင်းစာရင်း အဆင့် ၁၀ ဓားသမားဟူးလို့ ခင်ဗျား မထင်ဘူးလား.. "

မိုးကြိုးလက်က မေးလိုက်သည် ။

" ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. "

ကျောက်စိမ်းမျက်နှာနဂါးက ခေါင်းခါလိုက်ပြီး...

" သူက သားသတ်ဓားသမားဟူရဲ့ မျိုးဆက်.. ဒါမှမဟုတ် ဆက်ခံသူတစ်ယောက်ပဲ ဖြစ်နိုင်တယ်.. "

လူတိုင်းက ဓားသမားဟူးကို ကြည့်လိုက်ကြ၏ ။ ဤဓားသမားသည် အလွန်ရက်စက်ပြီး သာမန်ရွာသားများကို ကောက်ရိတ်သလို သတ်ဖြတ်နေသည် ။ ကျင့်ကြံသူများ၏ သတ်ဖြတ်ချင်းကို ခံခဲ့ရသော ဓားဂိုဏ်း၏ မျိုးဆက်ဆိုပါက ကျိုးကြောင်းဆီလျော် လှပေသည် ။

ကျောက်စိမ်းမျက်နှာနဂါးက စကားပြောနေစဥ် လျှို့ဝှက်ကြယ်သံတမန်၏ အမူအရာကို ခိုးကြည့်လိုက်သော်လည်း မျက်နှာဖုံးတပ်ထားသဖြင့် မည်သည်ကိုမှ မမြင်ရပေ ။

ယခုအချိန်တွင် မီးလောင်နေသော ရွာသားအများစုမှာ သေဆုံးသွားလေပြီ ။ ဓားသမားဟူးနှင့် ချောင်မူ၏ လက်ချက် မမိသူလျှင်ပင် မီးလောင်ကျွမ်းမှုကြောင့် ကြောက်မက်ဖွယ်အော်သံများနှင့်အတူ ပြာဖြစ်သွားကြ၏ ။

ပိုဝေးသော နေရာမှ ကောက်ရိုးများ ကိုင်ဆောင်ပြီး ကြည့်နေကြသော ရွာသားများမှာ ကြောက်လန့်တကြား ထွက်ပြေးသွားကြသည် ။

ဓားသမားဟူက မီးလောင်နေသူများ ကုန်ဆုံးသွားလျှင် ကျန်လူများနောက်သို့ ဆက်မလိုက်ဘဲ ဓားကိုမှီရင်း အမောဖြေနေ၏ ။ သူက သက်ပြင်းချလိုက်ပြီး...

" အသက်အရွယ် ရလာတော့ သွေးနဲ့ချီက ငယ်ငယ်တုန်းကလို အမောမခံနိုင်တော့ဘူး.."

" ခင်ဗျားတို့ လျှောက်ပြီး ခန့်မှန်းနေစရာ မလိုဘူး.. အဲ့စာရင်းထဲက ဟူ က ကျုပ် မဟုတ်ဘူး.."

ကျောင်စိမ်းမျက်နှာနဂါးတို့ ဆွေးနွေးနေကြသော အသံများက သိပ်မတိုးသဖြင့် တိုက်ပွဲဝင်နေသော ဓားသမားဟူနှင့် ချောင်မူတို့က အတိုင်းသား ကြားနေရ၏ ။

" ကျုပ် အတွင်းအား အတော်များများ ကုန်သွားပြီ.. ဝူချင်းရှင်းနဲ့ တွေ့ရင် ခင်ဗျားတို့ကိုပဲ အားကိုးရတော့မယ်.. "

" ဒါပေါ့ ဒါပေါ့.. အေးဆေးနားပါ.. "

ကျန်လူများက သဘောတူလိုက်ကြသည် ။

မြို့မှ စထွက်လာစဥ်ကတည်းက ကြယ်သံတမန်သည် ဝင်ရောက်တိုက်ခိုက်ခြင်းမပြုဘဲ ​နောက်ဆုံးမှနေ၍ အမိန့်ပေးနေခဲ့သည် ။ ယခုလည်း...

" ရွာသားတွေ အများကြီး ဆို​တော့ ငါတို့ ရွာနားကို ရောက်နေပြီထင်တယ်.. "

" သူတို့နောက်ကို လိုက်ကြ.. "

သံတမန်၏ အမိန့်ဆုံးလျှင် လူတိုင်းက ကိုယ်ဖော့သိုင်းဖြင့် ပြေးလိုက်သွားကြလေသည် ။ မကြာမီပင် ရှေ့တွင် ပွင့်လင်းသော နေရာတစ်ခုကို မြင်လိုက်ရပြီး တောင်တန်းများအကြားရှိ ရွာလေးတစ်ရွာ ပေါ်လာ၏ ။

ရွာကသိပ်မကြီးသော်လည်း အိမ်တိုင်းက တံခါးများ တင်းကျပ်စွာ ပိတ်ထားကြပြီး အသံလုံးဝ မထွက်ကြ ။ အလွန်တိတ်ဆိတ်နေသဖြင့် သရဲခြောက်သော ရွာလေးနှင့်ပင် တူနေပေသည် ။

သို့သော်လည်း ချောင်မူတို့ အဖွဲ့သည် အဆင့်မြင့် သိုင်းပညာရှင် များဖြစ်ကြ၍ အိမ်ထဲတွင် ပုန်းအောင်းနေကြသော ရွာသားများကို အာရုံခံမိကြလေသည် ။

Chapter 118

~

အခန်း ၁၁၈

~

ချောင်မူက ဦးဆောင်ပြီး တင်းတင်းကျပ်ကျပ်ပိတ်ထားသော သစ်သားတံခါးကို ကန်ဖွင့်လိုက်သည် ။ တံခါးအတွင်းတွင် အသက်လတ်ပိုင်း လယ်သမားတစ်ဦးနှင့် ၎င်း၏ဇနီးနှင့် သမီးတစ်ဦးတို့သည် ကြောက်ရွံ့နေသော မျက်နှာများဖြင့် ကောက်ရိုးများကို ကိုင်ဆောင်ထားကြ၏ ။

ချောင်မူ ထိုလူကို မြင်ဖူးသည် ။ မီးလောင်နေသော လူအုပ်၏ နောက်ကွယ်ရှိ ကောက်ရိုးကိုင်ဆောင်ထားသော လူအုပ်ထဲတွင် ပါဝင်ပြီး ဓားသမားဟူကြောင့် ကြောက်လန့်ထွက်ပြေးသွားသောသူဖြစ်လေသည် ။

" ပြော.. မင်းတို့ သူတော်စင်မ ဝူချင်းရှင်း ဘယ်မှာလဲ.. "

ချောင်မူက တင်းမာနေသော အမူအရာဖြင့် မေးလိုက်၏ ။

သို့ရာတွင် ထိုလူက ကြောက်ရွံ့နေသော်လည်း နှုတ်ဆိတ်နေဆဲပင် ။

" မင်းတို့လူတွေ ဒီလောက်သေသွားတာတောင် ကာကွယ်ချင်နေတုန်းပဲလား.. "

လယ်သမား၏ မျက်နှာက ပို၍ ဖြူဖျော့သွား၏ ။ သူ၏ နှာဖူးမှ ချွေးစက်များ စီးကျလာသည် ။မီးလောင်၍ သေဆုံးသွားသူများကို မျက်မြင် တွေ့မြင်ခဲ့ရ၍ စိတ်ဖိစီးမှု ကြီးစွာ ခံစားခဲ့ရပေသည် ။

" သူတော်စင်မ က ရွှမ်ထျန်းဂိုဏ်းရဲ့ နတ်သမီးလေ.. သူ ဘယ်လိုလုပ် မှားနိုင်မှာလဲ.. "

" သူတို့က လုံလောက်အောင် မယုံကြည်ကြလို့.. သူတို့က စေတနာ လုံလောက်မှု မရှိလို့ မီးလျှံရဲ့ လောင်ကျွမ်းမှုကို ခံရတာ.. သူတို့သေတာ သူတို့ အပြစ်ပဲ.. "

လယ်သမားက ကြောင်တောင်တောင်ဖြင့် တီးတိုးရေရွတ်နေ၏ ။

ချောင်မူက မျက်မှောင်ကြုတ်ကာ စေ့စေ့ကြည့်လိုက်ပြီး ဓားကိုဖြည်းဖြည်းချင်း ဆွဲထုတ်ကာ နောက်ကွယ်က ကောင်မလေးကို အေးစက်စွာ စိုက်ကြည့်လိုက်သည် ။

" သ..."

မိန်းကလေးငယ်က ​မျက်လုံးပြူးကျယ်ကာ တုန်ရီနေပြီး တွန့်ဆုတ်စွာဖြင့် ...

" သ...သမီး မသိဘူး.. "

ထိုအခိုက် ဓားသမားဟူ၏ သက်ပြင်းချသံက တံခါးဝမှ ပေါ်ထွက်လာပြီး...

" ဟူးး... ခင်ဗျား အဲ့လို မေးနေရင် ဘာအဖြေမှ ရမှာမဟုတ်ဘူး.. "

" မျိုးနွယ်ခြား စစ်ပွဲ ပြီးကတည်းက မဟာယန်အင်ပါယာမှာ ထာဝရအသက်လမ်းစဥ်ကို ​ရှာဖွေနေသူတွေနဲ့ နတ်ဘုရား ကိုးကွယ်ယုံကြည်မှု တွေ ပေါ်ထွန်းလာခဲ့တယ်.."

" အင်မော်တယ်တွေက အလွန်ထူးခြားပြီး လောကီလောကုတ္တရာ ကိစ္စ တွေနဲ့ ကင်းကင်းရှင်းရှင်းနေကြတယ်.. ထာဝရသက်တမ်းနဲ့ တန်ခိုးကြီးမားကြတယ်.. အဲ့တာကြောင့် သူတို့တွေက လူသားတွေရဲ့ ကိုးကွယ်ယုံကြည်တဲ့ ရုပ်ထု ဖြစ်လာကြတယ်.. "

" စဥ်းစားဉာဏ်မရှိတဲ့ သူတွေက မျက်လုံး စုံမှိတ်ပြီး နတ်ဘုရားတွေကို ကိုးကွယ်ကြတာပေါ့.. သူတို့ ကိုးကွယ်တဲ့ နတ်ဘုရားက မှားနေရင်တောင် သင့်တော်တဲ့ ဆင်ခြေကို ဖန်တီးကြလိမ့်မယ်.."

" ဒီ ယုံကြည်မှုက သူတို့ဘာသာ ယုံကြည်ကြတာဆိုတော့ ခင်ဗျား ပါးစပ်နဲ့ မေးနေရင် ဘာမှ ထွက်လာမှာ မဟုတ်ဘူး.. "

ဓားသမားဟူက စကား​​ပြောပြီးနောက် ချောင်မူကို ကျော်ဖြတ်သွား၏ ။ သူကိုင်ထားသော ဓားက အလင်းတန်း တစ်ချက်လက်သွားသည် ။

" ဝှစ်..."

လယ်သမားသည် နာကျင်လှသဖြင့် လဲကျလုနီးပါး ဖြစ်သွား၏ ။

" လင်ချီ အကြောင်း ကြားဖူးလား.. "

ဓားသမားဟူက ...

" အကျွမ်းကျင်ဆုံး ကွက်မျက်သူတစ်ယောက်က လူတစ်ယောက်ကို မသေအောင် ဓားနဲ့ အချက်တစ်ထောင် ထိုးနိုင်တယ်တဲ့.. ဓားချက်တိုင်းမှာ ပြင်းထန်တဲ့ နာကျင်မှုကို ခံစားရစေနိုင်တယ်.. ဒါက မီးလောင်ပြီး သေတာထက် ပိုပြီး အချိန်ကြာကြာ ခံစားရတယ်နော်.. "

" မင်း ဓားဘယ်နှချက်ကို ခံနိုင်မလဲဆိုတာ ခန့်မှန်းကြည့်ပါအုံး ..မင်းရဲ့ မိန်းမကရော.. မင်းရဲ့ သမီးကရော.. သူတို့ရော ဓားဘယ်နှချက် ခံနိုင်လောက်မလဲ.. "

လယ်သမား၏ ခန္ဓာကိုယ်က တုန်ရီနေပြီး ကြောက်ရွံ့စွာဖြင့် ဦးတည်ရာ တစ်ခုသို့ လက်ညိုးထိုးပြလိုက်သည် ။

…………….

ဤရွာ၏ မူလအမည်က ကော်မိသားစုရွာ ဖြစ်ပြီး တောင်တန်းများ အကြားရှိ ရိုးရှင်းသည့် ရွာငယ်လေးတစ်ရွာဖြစ်သည် ။

ဝူချင်းရှင်း၏ ဘုရားကျောင်း ပေါ်ထွက်လာကာမှ သူတော်စင်ကျေးရွာ ဟူ၍ လူသိများလာခဲ့၏ ။

ရွာ၏ အနောက်​​မြောက်ထောင့်အရပ်ရှိ တောင်ပေါ်တွင် တာအိုဘုရားကျောင်းငယ်လေး တစ်ခု ရှိနေသည် ။

ရွာက သေးငယ်သော်လည်း အမွှေးတိုင်များ အဆက်မပြတ် ထွန်းညှိထား၏ ။

အဆင့်မြင့် ကျင့်ကြံသူများသည် ဤသို့သော သေးငယ်လှသည့် ယုံကြည်မှု စွမ်းအားကို ထည့်မတွက်သော်လည်း ဝူချင်းရှင်း အတွက်မူ အလွန်အဖိုးတန်လှပေသည် ။

ယခုအချိန်တွင်...

ထိုဘုရားကျောင်း၏ အမွှေးတိုင် အခိုးအငွေ့ များကြားတွင် အဖြူရောင်ဝတ် အမျိုးသမီးသည် ခြေချင်းချိတ်၍ ထိုင်နေပြီး ကျင့်ကြံနေ၏ ။

သူမ၏ ကိုယ်နေဟန်ထားသည် သူမ၏ နောက်တွင်ရှိသော ရုပ်ထုနှင့် တထေရာတည်း တူနေသည် ။

သူမက မျက်လုံးမှိတ်ထားသော်လည်း တဖြည်းဖြည်းနီးလာသော ခြေသံများဖြင့် ဆူညံသံများကို ကြားနေရသည် ။

' ဒီထက်ပိုနှေးလို့ မရဘူးလား.. '

ဝူချင်းရှင်းသည် သက်ပြင်းချပြီး ထရပ်လိုက်၏ ။ ဤရွာရှိ ဘုရားကျောင်းသည် သူမ ၏ တစ်ဆို့နေသော အတားအဆီးကို ချိုးဖျက်နိုင်ရန် တည်ဆောက်ထားခြင်းဖြစ်၍ ဖြစ်နိုင်လျှင် ရွာသားများကို စတေးမခံခိုင်းချင်ပေ ။

' ငါ့ စိတ်တွေက မတည်ငြိမ်မှတော့ ဘယ်လိုလုပ် အဆင့်တက်နိုင်မှာလဲ.. ငါ သူတို့ကို သတ်ပြီးမှ ပြန်​ကြိုးစားရမယ်.. '

သူမက ဘေးနားရှိ ဓားကို ကောက်ကိုင်ကာ အပြင်သို့ ထွက်လာရင်း အေးစက်နေသော အမူအရာနှင့် တိုးတိုးလေး ရေရွတ်လိုက်၏ ။

'' ထွက်မလာတဲ့ လျှို့ဝှက်ကြယ်သံတမန်အပြင် နောက်ထပ် ခြောက်ယောက်.."

သူမ ဘုရားကျောင်း အဝင်မှ ထွက်လာလျှင် ချောင်မူတို့ အဖွဲ့သည်လည်း ဘုရားကျောင်းသို့ ရောက်လာကြသည် ။

နှစ်ဖက်စလုံး စကားမပြောကြဘဲ ချက်ချင်းတိုက်ခိုက်ကြတော့၏ ။

ဓားသမားဟူက ရှေ့ဆုံးမှနေ၍ တစ်ချက်ဝင်ခုတ်ပြီး နောက်သို့ ပြန်ဆုတ်သွားသည် ။ ကျန်ငါးယောက်က ဝူချင်းရှင်းကို ဝန်းရံထား၏ ။

ဝူချင်းရှင်းသည် လွန်ခဲ့သော နှစ်သုံးဆယ်ကတည်းက အဆင့် ၄ သို့ ရောက်ရှိသဖြင့် ယခု လမ်းစဥ်ပြောင်းလဲ သွားသော်လည်း သန်မာနေဆဲပင် ။

သူမ၏ ဓားသိုင်းက လျင်မြန်လှသဖြင့် လူငါးဦး ဝိူင်း၍ တိုက်ခိုက်နေသော်လည်း အောက်စည်းသို့ မကျချေ ။

" နွားရိုင်း နတ်ဘုရားခွန်အား.. "

ကြွက်သားများ အပြည့်ဖြင့် လူတစ်ယောက်က ဧရာမ ပုဆိန်ကြီးကို ကိုင်မြှောက်ပြီး ဝင်ခုတ်လိုက်၏ ။

" ဒုန်း..."

ဝူချင်းရှင်းက ဓားဖြင့် ခုခံလိုက်သော်လည်း တစ်ဘက်လူ၏ ခွန်အားမှာ သန်မာလှသဖြင့် ဓားလွင့်ထွက်သွား၏ ။

အားလုံးက ဝင်တိုက်ရန် ပြင်လိုက်စဥ်မှာပင် လွင့်ထွက်သွားသော ဓားက ပျံဝဲလာကာ လူထွားကြီး၏ လည်ပင်းကို ဖြတ်ပြီး ဝူချင်းရှင်း၏ လက်ထဲသို့ ပြန်ရောက်သွားသည် ။

' ငါးခု.. '

ဝူချင်းရှင်းက လက်ဟန်တစ်ခု ပြုလုပ်လိုက်ရာ ရုတရက် ဓားကိုင်ထားသော ဝူချင်းရှင်း ငါးယောက် ပေါ်လာသည် ။

' သူက ပုံတူကူးနိုင်တာလား.. '

လူတိုင်းအံ့အားသင့်သွားသည့် အခိုက် ဝူချင်းရှင်း ငါးယောက်က အပြင်းအထန် တိုက်ခိုက်လိုက်၏ ။ ပုံတူ ငါးယောက်က ဓားများကို ပစ်လွှတ်လိုက်ပြီး တစ်ကိုယ်လုံး လီမီးတောက်များဖြင့် တောက်လောင်လာကာ ခန္ဓာကိုယ်အချင်းချင်း ဝင်ရောက် ပွေ့ဖက်လိုက်ကြသည် ။

ချောင်မူတို့ အဖွဲ့မှာ မည်သို့ တုန့်ပြန်ရမည်ကို မသိလိုက်ဘဲ မီးဆွဲကုန်ကြတော့၏ ။ မီးလောင်နေသော ဝူချင်းရှင်း၏ ပုံရိပ်များက ပျောက်ကွယ်သွားပြီး အသက်ဝင်နေသော စက္ကူရုပ် ငါးရုပ် ပေါ်ထွက်လာသည် ။

ခဏအတွင်းမှာပင် အနောက်မှ ရပ်နေသော ဓားသမားဟူအပါအဝင် လူတိုင်း မီးပင်လယ်အတွင်းသို့ ရောက်သွားတော့သည် ။

အဝေးမှ ရပ်ကြည့်နေသော ကြယ်သံတမန်တစ်ယောက်သာ ထိခိုက်ဒဏ်ရာ ရရှိခြင်း မရှိပေ ။ သို့သော်လည်း သူကိုယ်တိုင်ပင် စိတ်မသက်မသာ ဖြစ်မိလေသည် ။

လီမီးတောက်ဖြင့် ထိတွေ့မိလျှင် ထိမိသည့်နေရာကို ဖြတ်တောက်ရမည်ဖြစ်သော်လည်း ယခုမူ လူငါးယောက်လုံးက တစ်ကိုယ်လုံးနီးပါး လောင်ကျွမ်းနေ၍ အသက်ရှင်ရန် လမ်းစ ပျောက်လေပြီ ။

" ​ပွဲ ပြီးပြီ.."

ဝူချင်းရှင်းက ဓားပျံပေါ်ခုန်တက်သွားပြီး မီးလောင်နေသော လူငါးယောက်ကို အပေါ်ဆီးမှ ငုံ့ကြည့်နေလိုက်သည် ။

သာမန် သိုင်းပညာရှင်များသည် ခြေလက်များနှင့်သာ တိုက်ခိုက်တက်ရာ ကျင့်ကြံသူများ၏ စွမ်းရည်များကို မည်သို့ ယှဥ်နိုင်ပါမည်နည်း ။

ယခုအချိန်တွင် ရွာထဲတွင် တိတ်ဆိတ် မနေတော့ချေ ။ ရွာသားများက ဘုရားကျောင်းအနီးအထိ ရောက်လာပြီး ဆူညံစွာ အော်ဟစ်နေကြ၏ ။

" အပြစ်သားတွေအားလုံး မီးရှို့ခံရပြီး ငရဲမှာ ထာဝရ လောင်ကျွမ်းခံရတော့မယ်..."

All Chapters