← Chapters

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

Chapter 119

~

အခန်း ၁၁၉

~

ကောင်းကင်ယံက တဖြည်းဖြည်းမှောင်မိုက်လာပြီး ညအချိန်သို့ ချဥ်းကပ်လာ၏ ။

တောင်ပေါ်လေတိုက်ခတ်မှုကြောင့် ဘုရားကျောင်းဝင်ပေါက်ရှိ အနီရောင်မီးတောက်များသည် ကခုန်နေကြသည် ။ ဤမီးသည် ရွာတွင် တစ်ခုတည်းသော အလင်းရောင်နှင့် အပူဓာတ်ဖြစ်သည်။

ပျံသန်းနေသော ဓားတစ်ချောင်းပေါ်တွင် ရပ်နေသော သူတော်စင် ဝူချင်းရှင်းသည် လေထဲတွင် ရပ်နေပြီး သူမ၏ပုံပန်းသဏ္ဌာန်သည် မီးလျှံများဖြင့် တောက်ပနေ၏ ။

သူမသည် လေထဲတွင် တဖျပ်ဖျပ်လွင့်နေသော အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး မြင့်မား၍ထူးခြားသော ခန္ဓာကိုယ်အချိုးအစားဖြင့် အောက်ဘက်ရှိ မီးကို ငေးကြည့်နေလေသည် ။

သူမ၏ အသွင်မှာ ဘုရားကျောင်းတွင် ရှိသော အင်မော်တယ်ရုပ်ထုနှင့် အနည်းငယ်ဆင်တူပြီး ရုပ်ထု၏ ဂရုဏာတရားနှင့် သန့်ရှင်းသော ဟန်ပန်သာ ချို့တဲ့နေသည် ။

ရွာသားများသည်တော့ သူတို့၏ နတ်ဘုရားမကို မျက်မြင်တွေ့နေရ၍ ဝမ်းသာအားရ အော်ဟစ်နေကြသည် ။

အဝေးမှနေ၍ ဘုရားကျောင်းအား သုံးကြိမ်ဦးညွှတ်ကာ ကိုးကြိမ်ဒူးထောက်ပြီး အရိုအသေ ပေးနေကြသည် ။

ယခုအချိန်တွင် အဖြစ်အပျက်ကို မသိသော လူစိမ်းတစ်ယောက် ရောက်လာလျှင် မီးပုံပွဲ ကျင်းပနေသည်ဟုပင် ထင်မိပေလိမ့်မည် ။

" သူတော်စင်မ တကယ်ပေါ်လာပြီ..ရွာထဲဝင်လာတဲ့ လူဆိုးတွေ သန့်ရှင်းတဲ့မီးနဲ့ လောင်ကျွမ်းပြီး ထာဝရငရဲကို ကျရောက်စေခဲ့တယ်..."

" နတ်ဘုရားမရဲ့မီးက လောကီအပြစ်အားလုံးကို လောင်ကျွမ်းစေတယ်.."

" လောကီနယ်ပယ်မှာ အခက်အခဲတွေနဲ့ ပြည့်နှက်နေတယ်.. မဟာယန်မင်းဆက်ရဲ့ အုပ်ချုပ်မှုကြောင့် ပင်ပန်းနွမ်းနယ်ပြီး စိတ်ပျက်အားငယ်မှုတွေ ကြုံတွေ့နေရတယ်.. မြို့တော်မှာ အခွန်ကောက်ခံတာက ဝန်ထုပ်ဝန်ပိုးဖြစ်ပေမယ့် တောင်တန်းတွေမှာတော့ အခွန်မရှိဘူး..တောင်တန်းတွေမှာသာ သူတော်စင်မကို ရှာတွေ့နိုင်တယ်..."

တောက်လောင်နေသော မီးလျှံများ၏ ကြားတွင်...

ချောင်မူက စုပေါင်းအော်ဟစ်နေသော ရွာသားများ၏ အသံကို ကြားနေရ၍ မကျေမနပ်ဖြစ်နေ၏ ။

' ချီးပဲ စိတ်ညစ်စရာ ကောင်းလိုက်တာ.. '

မီးက တောက်လောင်သော်လည်း အတွင်းအားဖြင့် အဆက်မပြတ် ဖိနှိပ်ထားသဖြင့် အတွင်းထဲအထိ မဝင်ရောက်နိုင်သေးပေ ။

ဟဲရန်မြို့တွင် ရှိစဥ်က ရွှမ်ထျန်း ဘုရားကျောင်းဘက်မှနေ၍ သူ့ကို ဝေဖန်သူများကို ကြုံခဲ့ဖူး၏ ။

ယန်မြို့၌လည်း အလွန်ကြောက်တက်သော ပညာရှင်နှင့် ငြင်းခုံခဲ့ဖူးသည် ။

သို့သော်လည်း ယန်မြို့တွင် သူရဲကောင်းစွပ်ပြုတ်ကို သောက်ရဲသူနှင့် ဟဲရန်မြို့တွင် ကျင့်ကြံသူများပါဝင်နေသည့် အမှုကို စုံစမ်းရဲသော လူဆိုးထိန်းကိုလည်း ကြုံခဲ့ဖူး၏ ။

ကမ္ဘာကြီး မည်မျှပင် မှောင်မိုက်နေပါစေ ၊ မတရားမှုကို မည်သို့ပင် ငုံ့ခံနေပါစေ ရင်ထဲတွင် တရားမျှတမှု မီးတောက်ကလေး ရှိနေအုံးမည်ဟု သူထင်ထားခဲ့၏ ။

ယခု ဤရွာငယ်လေးတွင်မတော့ ချောင်မူ၏ အသိကို ပြောင်းပြန်လှန်လိုက်သလိုပင် ။

" ဟူး.. ငါ အသက်ကြီးလာတာတောင် သတိမထားမိလိုက်ပါလား.. ငါပိုပြီး တည်တည်ငြိမ်ငြိမ်နေသင့်ပြီ.."

ချောင်မူက မီးတောက်ထဲတွင် တီးတိုးရေရွတ်​​​နေသည် ။

" ငါဘယ်လိုပဲ လူကြီးပုံဖမ်းနေနေ အဆုံးသတ်ခံနီးရင် မထိန်းချုပ်နိုင်တော့ဘူး.. "

ချောင်မူက ခေါင်းညိတ်လိုက်ပြီး...

" နောက်တစ်ကြိမ် ထပ်တွေ့ကြတာပေါ့.. "

" ကောင်းကင်နတ်ဆိုးပြိုကွဲခြင်း... "

ချောင်မူ၏ ကိုယ်ပေါ်တွင် တောက်လောင်နေသော မီးလျှံက အနည်းငယ် ငြိမ်ကျသွားသည် ။ သူက ထိုမီးများကို ဂရုမစိုက် ။

မီးပင်လယ်အတွင်းမှ ပုံရိပ်တစ်ခုက အမြှောက်ဆန်တစ်လုံးလို ပေါက်ကွဲထွက်လာပြီး ဝူချင်းရှင်းထံသို့ ဓားဖြင့် ခုတ်လိုက်သည် ။

" ထန်..."

လီမီးတောက်ဖြင့် လောင်ကျွမ်းနေသော ဓားရှည်သည် ဝူချင်းရှင်း၏ စီးနင်းထားသော ဓားပျံနှင့် ထိပ်တိုက်တွေ့ဆုံသွားပြီး ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာသည် ။

ဝူချင်းရှင်းက လီမီးတောက်နှင့် မထိမိအောင် အမြန်ရှောင်လိုက်ရသဖြင့် အောက်သို့ ပြုတ်ကျသွားလေသည် ။

ဒူးထောက်၍ ဆုတောင်းနေကြသော ရွာသားများ၏ အသံတိတ်သွား၏ ။

မီးလျှံ မကောင်းဆိုးဝါးကြောင့် သူတို့၏ သူတော်စင်မ ပြုတ်ကျသွားသည်လော ။

မီးလျှံ အတွင်းမှ နောက်ထပ် ပုံရိပ်ငါးခု ပြေးထွက်လာပြီး အပြင်သို့ ရောက်လျှင် ခြေချိတ်ထိုင်ကာ မီး​တောက်ကို ဆက်လက် ဖိနှိပ်နေကြသည် ။

ချောင်မူက စတင်လှုပ်ရှားလိုက်၍ သူတို့ အသက်ရှုရန် အခွင့်အရေး ရလိုက်ခြင်းပင် ။

' ဒီလူ.. ရဲရင့်လိုက်တာ.. ငါတို့ လီမီးတောက်ကနေ လွတ်မြောက်ချိန်အထိ အချိန်ဆွဲထားနိုင်ရင် ကောင်းမယ်..'

လျှို့ဝှက်သံတမန်၏ ဆင့်ခေါ်စာ ရပြီး ဝူချင်းရှင်းကို အမဲလိုက်နေကြသူများသည် မိမိကိုယ်ကို ယုံကြည်ပြီး ရည်မှန်းချက် ကြီးကြသူများ ဖြစ်၏ ။

သူတို့တွင် ဝှက်ဖဲ ကိုယ်စီရှိကြသော်လည်း စိုးရိမ်စိတ်ကြောင့် အသုံးမပြုခဲ့ပေ ။ ရုတ်တရက် ဝူချင်းရှင်း၏ မီးပင်လယ်နှင့် ကြုံလိုက်ရသဖြင့် အငိုက်မိသွားကြသည် ။

သူတို့၏ ရှင်သန်လိုစိတ်ကြောင့် လီမီး​တောက်ကို ဖိနှိပ်ရင်း လွှတ်မြောက်ရာလမ်းကို အပြင်းအထန် စဥ်းစားနေကြသည် ။

ချောင်မူတစ်ယောက်ထဲသာ ရှေ့သို့ တိုးပြီး အသေခံ တိုက်နေခြင်းပင် ။

" သေစမ်း.. "

ချောင်မူ ကိုင်ထားသော ဓားရှည်သည် အတွင်းအားများ အဆက်အပြတ် ထည့်ပေးနေသော်လည်း တဖြည်းဖြည်း ပုံပျက်လာ၏ ။

ချောင်မူ၏ တစ်ကိုယ်လုံးတွင် မီးများ တောက်လောင်နေသော်လည်း သတိမထားမိဘဲ သဲကြီးမဲကြီး ဆက်လက် တိုက်ခိုက်နေသည် ။

သူ၏ အရိပ်ပြောင်းလဲခြင်း ဓားသိုင်းသည် အဆင့်တစ်ခုအထိ ရောက်နေသဖြင့် တစ်ချက် ဝှေ့ယမ်းလိုက်တိုင်း ပုံရိပ်များစွာ ထွက်ပေါ်လာသည် ။

' ဒီ ခွေးကောင်..ဘာလို့ ငြိမ်​ငြိမ်လေး မီးလောင်ပြီး မသေချင်ရတာလဲ.. '

ဝူချင်းရှင်းက တည်ငြိမ်သော ဟန်ပန်နှင့် တိုက်ခိုက်နေသော်လည်း စိတ်ထဲမှ ကျိန်ဆဲနေမိ၏ ။

Chapter 120

~

အခန်း ၁၂၀

~

ဝူချင်းရှင်းသည် အရိုးစားလီမီးတောက်ကို လုံးဝ ထိန်းချုပ်နိုင်သဖြင့် အချိန်မီ ငြိမ်းသက်နိုင်လျှင် မကြောက်သော်လည်း ချောင်မူက တစ်ကိုယ်လုံး မီးလောင်နေပြီး ဇွတ်ဝင်တိုးနေသဖြင့် သူမ သတိထားပြီး တိုက်ခိုက်နေရ၏ ။

" ငါ သေရင်တောင်.. "

ချောင်မူ၏ မျက်လုံးများက နီရဲနေပြီး ပါးစပ် ပြုံးနေသဖြင့် နတ်ဆိုးတစ်ကောင်ဟုပင် ထင်ရပေသည် ။

" နင့်ကိုပါ ..အပါခေါ်မယ်.. "

ချောင်မူက ကောင်းကင်နတိဆိုးပြိုကွဲခြင်းကို အဆုံးစွန်အထိ ထုတ်သုံးထားသဖြင့် ဓားချက်တိုင်းက ပြင်းထန်လှပြီး မီးလျှံက လှုပ်ခပ်နေ၏ ။

" ဂျွက်.. "

ချောင်မူ ကိုင်ထားသောဓားသည် အပူရှိန်ကြောင့် ပျော့ပြောင်းလိမ်ကောက်လာပြီး ဝူချင်းရှင်း၏ ဓားချက်ကြောင့် နှစ်ပိုင်းပြတ်သွား၏ ။

" ဓားမရှိလည်း ငါ့မှာ လက်သီး ရှိသေးတယ်.."

ချောင်မူက ဓားကို ပစ်ချလိုက်ပြီး လက်သီး နှစ်ဖက်ဖြင့် ဝင်ထိုး၏ ။

" လက်သီး မရှိရင်လည်း ငါ့မှာ ခြေ​ထောက်တွေ ရှိသေးတယ်.. "

ချောင်မူက အပူဒဏ်ကြောင့် နာကျင်နေသော်လည်း တိုက်ခိုက်မှုများမှာ အားလျော့သွားခြင်း မရှိပေ ။

ခြေချိတ်ထိုင်နေကြသူများ၏ အမြင်တွင်မူ ဤ မြင်ကွင်းက စိတ်နှလုံးလှုပ်ခပ်ချင်စရာ ကောင်းလှ၏ ။

" ဒီလူ..."

ကျောက်စိမ်းမျက်နှာနဂါးက အလွန်ဝမ်းနည်းနေသော မျက်လုံးများ​ဖြင့် ထရပ်လိုက်သည် ။

သူ နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားခဲ့သော်လည်း လီမီးတောက်ကို မငြိမ်းသက်နိုင်ခဲ့ချေ ။

သူတင်မဟုတ် ။ ကျန်သည့် သူများလည်း အတူတူပင်ဖြစ်သည် ။ သူတို့မည်သို့ပင် ကြိုးစားစေကာမူ မီးတောက်က ခေါင်းမာစွာ တောက်လောင်နေစမြဲပင် ။

သူတို့၏ နှလုံးသား အတွင်းတွင် မျှော်လင့်ချက် ပျောက်ဆုံး သွားသော်လည်း ချောင်ကျန့်၏ ရဲရင့်မှုကို မြင်နေရ၍ .....

" သိုင်းလောကသားဆိုတာ ဒီလိုပဲ ဖြစ်သင့်တယ်.. "

" ဝူချင်းရှင်း.. ငါတို့ သေရရင်တောင် နင့်ကို ရအောင် သတ်မယ်ကွ.."

" အတူတူ တိုက်..."

ကျောက်စိမ်းမျက်နှာနဂါးက ကြုံးဝါးလိုက်​ပြီး ခုန်ဝင်သွား၏ ။

ဝူချင်းရှင်းကို အမဲလိုက်ရန် ထွက်လာကြသူများ ဖြစ်သဖြင့် သတ္တိခေသူများ မဟုတ်ကြချေ ။

အသက်ရှင်ရန် မျှော်လင့်ချက် မတွေ့သဖြင့် ရန်သူ၏ အသားကို တစ်ကိုက် ကိုက်နိုင်လျှင်ပင် ရအောင် ကိုက်မည်ဟု ဆုံးဖြတ်လိုက်ကြတော့၏ ။ ချောင်ကျန့် တစ်ယောက်ထဲ တိုက်ခိုက်နေသဖြင့် သူတို့မျက်နှာ ပူလှလေပြီ ။

" တိုင်တောင်ဓား.. တောင်ခွဲခြင်း ..."

" ထိုက်ယီ နတ်ဘုရားလက်သီး.. "

" စိန်လက်ဝါး.. "

လူတိုင်းက ချောင်မူ၏ နောက်သို့ လိုက်လာကြပြီး အသက်စွန့်ကာ ဝူချင်းရှင်းအား သတ်နိုင်ရန်သာ ကြိုးစားကြတော့သည် ။

" လှိုင်းဆင့်ခွန်အား.. နှစ်ထပ်လှိုင်း .."

ချောင်မူက လက်သီးဖြင့် ပစ်ထိုးလိုက်၏ ။ လက်သီးမှ တဆင့် အတွင်းအား များသည် ရေထဲမှလှိုင်းလုံးသဖွယ် ထပ်ဆင့် တက်လာပြီး အတွင်းအား၏ တောက်ပခြင်းနှင့်အတူကောင်းကင်နတ်ဆိုးပြိုကွဲခြင်း၏ နီရဲနေသော အရောင်က ​ ပေါင်းစပ်ပြီး ဝူချင်းရှင်း၏ ဗိုက်ဆီသို့ ထိမှန်သွား၏ ။

ဝူချင်းရှင်းက ဘုရားကျောင်းဝင်ပေါက်သို့ လွင့်ထွက်သွားသည် ။

" လီမီးတောက်က ဝူချင်းရှင်းကြောင့် ပေါ်လာတာ.. သူ့ကို ​မြန်မြန်သတ်.. သူသေရင် မျှော်လင့်ချက် ရှိနိုင်သေးတယ် .."

ဘုရားကျောင်းအတွင်း ဝူချင်းရှင်းသည် လဲကျသွားပြီး သွေးတလုပ်အန်လိုက်၏ ။ သူမ၏ စုတ်ပြတ်နေသော အမူအရာမှာ နောက်ကွယ်ရှိ ရုပ်ထုနှင့် နှိုင်းယှဥ်ကြည့်လျှင် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည် ။

သူမက ပြန်ထရပ်လိုက်ကာ အနောက်ဘက်မှ ရုပ်ထုကို လှည့်ကြည့်လိုက်ပြီး...

" နောက်ဆုံးတော့ သေမျိုးနဲ့ မသေမျိုး ကြားက ကွာခြားချက်ဆိုတာ ဒါလား.. "

ဝူချင်းရှင်းသည် လွန်ခဲ့သော နှစ်သုံးဆယ်မှ စတင်ပြီး ခါးသီးသော ကျင့်ကြံမှုလမ်းကို လျှောက်လှမ်းခဲ့ရ၏ ။ သူမ၏ တိုးတက်မှုသည် တခြားသူများထက် မြန်သော်လည်း အခြေခံထူတောင်ခြင်း အဆင့်၏ အတားအဆီးကို မချိုးဖျက် နိုင်သေးပေ ။

ထို့ကြောင့် သူမက ရွှမ်ထျန်းဂိုဏ်း၏ သူတော်စင် အစစ်အမှန်မဟုတ်သဖြင့် ရုပ်ထု ထားခွင့် မရ၍ မချိုးဖျက်နိုင်ခဲ့ဟု ယုံကြည်ပြီး ဝေးလံခေါင်သီသော ဤရွာကလေးတွင် ယုံကြည်မှု စွမ်းအား စုဆောင်းရန် လူယုံတစ်ယောက်ကို စေလွှတ်ခဲ့သည် ။ နှစ်ပေါင်းများစွာ စုဆောင်းထားသော ယုံကြည်မှုစွမ်းအားကို အသုံးပြု၍ အတားအဆီးကို ချိုးဖတ်နိုင်မည်ဟု ထင်ခဲ့၏ ။

သို့သော်လည်း အရေးကြီးသည့် အချိန်တွင် သူမ၏ စိတ်ကို တည်ငြိမ်မှု ရှိအောင် မလုပ်နိုင်ခဲ့ ။ သူမ၏ ​နောက်လိုက်များကို စတေးခဲ့သော်လည်း သူမ မျှော်လင့်နေသည့် ကောင်းကင်ဘုံသို့ သွားရာလမ်းမှာ ပေါ်မလာနိုင်ခဲ့ပေ ။

" ငါသေတာနဲ့ နင်တို့ အသက်ရှင်နိုင်မယ် ထင်နေတာလား.. သောက်ရူးတွေ.. "

ဝူချင်းရှင်းက မဲ့ပြုံး ပြုံးလိုက်၏ ။ သူမ၏ ခွန်အားမှာ အများကြီး ကျန်သေးသော်လည်း သူမ၏ နှလုံးသားထဲတွင် လီမီးတောက် တောက်လောင်နေသော သိုင်းသမားများလို လမ်းပျောက်နေလေပြီ ။

" အဆင့် ၃ သိုင်းပညာရှင်တောင် လီမီးတောက်ကို ခံနိုင်ရည် မရှိဘူး .."

" ဒီ မီး​တောက်ကို ငါငြိမ်းပေးလိုက်ရင်တောင် နင်တို့ အသက်ရှင်နိုင်မယ် ထင်နေသေးတာလား.. "

သူမက ချောင်မူတို့ကို အေးစက်စွာ ကြည့်လိုက်ပြီး...

" သိုင်းသူတော်စင် စိတ်ဝိညာဥ် ကျမ်း လေ့ကျင့်ပြီးရင် ရွေးချယ်စရာ မရှိတော့ဘူး.. "

" ဒီသိုင်းကျမ်းက တစ်ခုခု မှားနေတာ နင်တို့ သတိမထားမိဘူးလား.. ဘာလို့ တစ်ယောက်နဲ့ တစ်ယောက် အာရုံခံနိုင်ရတာလဲ.. ငါ ထွက်ပြေးဖို့ ကြိုးစားလဲ နင်းတို့ အာရုံခံနိုင်နေမှာပဲ.. "

ဝူချင်းရှင်းက ဓားပျံကို ပြန်ခေါ်လိုက်ပြီး ငါးယောက်တစ်ယောက် ပြင်းထန်စွာ တိုက်ခိုက်တော့၏ ။ သူမ၏ မျက်နှာထက်တွင်​တော့ ရူးသွပ်နေသော အပြုံးက နေရာယူထားသည် ။

" သောက်ခွေး သိုင်းသူတော်စင်.. သောက်ရေး မပါတဲ့ စိတ်အာရုံခံစားမှု.. အဆင့်နိမ့်သိုင်းပညာရှင်တွေအတွက် ဆဋ္ဌမအာရုံ ရနိုင်တဲ့ ကျမ်းတဲ့ ဟားဟားဟား...."

" ဒီသိုင်းကို သိုင်းသူတော်စင် ဖန်တီးထားတာက ဒီကျင့်စဥ် ကျင့်ထားတဲ့ သူတွေကို အလွယ်တကူ ဖမ်းနိုင်အောင်လို့ပဲ.. "

ဤသည်ကို ကြားလျှင် ချောင်မူတို့ အံ့အားသင့် သွားကြပြီး လှုပ်ရှားမှုများ နှေးကွေး လာကြ၏ ။

ဝူချင်းရှင်းက ဓားရှည်ကို ဝှေ့ယမ်းရင်း စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို ဆက်လက်လုပ်ဆောင်နေသည် ။

" သိုင်းသူတော်စင်ဟာ မျိုးနွယ်ခြားစစ်ပွဲ အပြီးမှာ သိုင်းလောကရဲ့ ထိပ်သီးအဖြစ်ပေါ်ထွက်လာခဲ့ပြီး ကွန်ဖြူးရှပ် ဝါဒရဲ့ သူတော်စင်ဘွဲ့ကို ခံယူခဲ့တာ နှစ်လေးဆယ်ရှိပြီ.. "

" ဒီနှစ်လေးဆယ်အတွင်း သူ ယန်အင်ပါယာ တစ်ခုလုံး ခရီးထွက်ခဲ့ပြီး အရမ်းထူးချွန်တဲ့ ပါရမီရှင် သုံးထောင်ကို မွေးစားသားသမီး တစ်ဖြစ်လဲ တပည့်အဖြစ် လက်ခံခဲ့တယ်.. "

" သိုင်းသူတော်စင်က အကုန်လုံးကို သူ့ရဲ့ ထိပ်တန်းကျင့်စဥ်တွေ သင်ပေးခဲ့ပြီး အဲ့ဒီထဲမှာ သိုင်းသူတော်စင် စိတ်ဝိညာဥ်ကျမ်း လည်း အပါအဝင်ပေါ့.. "

" သိုင်းသူတော်စင် စိတ်ဝိညာဥ်ကျမ်း လေ့ကျင့်တဲ့ သူ့တပည့်တွေပဲ ဖြစ်ဖြစ် အပြင်လူတွေပဲ ဖြစ်ဖြစ်.. နောက်ဆုံးမှာ သူ့အတွက် အားဖြည့်ဆေး ဖြစ်လာလိမ့်မယ်.. "

" နှစ်လေးဆယ်အတွင်းမှာ သိုင်းသူတော်စင်က တပည့်သုံးထောင် ခေါ်ခဲ့ပေမဲ့ ခု ဘယ်နှစ်​ယောက် အသက်ရှင်သေးလဲဆိုတာ ခန့်မှန်းကြည့်ကြပါလား.. "

All Chapters