← Chapters

အခန်း (၃၀၁-၃၀၄)

Vol. 16 Ch. 301-304

အခန်း (၃၀၁-၃၀၄)

Vol. 16 Ch. 301-304

Chapter 301 : အံ့ချီးဖွယ်သမားတော်၏ ဂုဏ်ကျက်သရေ

သာမန်လူများအတွက် အဖိုးရှု၏ အမည်ကို သိရန်မှာ အလွန်ခက်ခဲသော်လည်း ဤဓနရှင်လူတန်းစားများကမူ မတူပေ။ အဖိုးရှုသည် မည်သူ့ကိုမှ ဆေးမကုပေးခဲ့သော်လည်း ထိုလူများက အမှတ်မရှိဘဲ သူ့အား ဆက်တိုက် အနှောက်အယှက်ပေးနေကြသည်။ ထို့နောက်တွင်တော့ အဖိုးအိုသည် သူတို့အား သူမ ဆီသို့ ကန်ထုတ်လိုက်တော့၏။

သူမက ထိုလူများအား အပြည့်အဝကျန်းမာလာသည်အထိ ကုပေးခဲ့ရာ ဤကိစ္စသည် မည်သည့်အရာနှင့်မှ ထေ၍ မရနိုင်သည့် ကျေးဇူးတရားတစ်ခုဖြစ်လာခဲ့သည်။ အဖိုးရှု၏ စကားကို ယူသုံးပါက ဤလူများသည် သူမအား ခြေကြွခပေးရန် အလွန်စိတ်အားထက်သန်နေကြ၏။

ရာထူးအဆင့်အတန်း မြင့်လေလေ၊ သေရမည်ကို ပိုကြောက်လေလေပင်။ အကယ်၍ သူမက ခြေကြွခယူပြီးနောက် နှုတ်ဆက်ထွက်သွား၍ သူတို့နှင့် ထပ်မဆက်သွယ်တော့ပါက ထိုလူများသည် နေမရ၊ ထိုင်မသာ ဖြစ်လာကြလိမ့်မည်။

သို့ရာတွင် သူမက ရံဖန်ရံခါ လိုအပ်သည်များရှိ၍ သူတို့အား သူမဆီသို့ ကိုယ်တိုင်လာရောက်ပြသခွင့်ပေးပါက သူတို့သည် မငြင်းရုံသာမက ဤတကူးတကလာပြရမည့် အခက်အခဲကို ဝမ်းမြောက်စွာဖြင့် ခံယူကြလိမ့်မည် ဖြစ်သည်။ ထိုသို့လုပ်မှသာ အနာဂတ်၌ သူတို့ တစ်ခုခုဖြစ်ပါက သူမက သူတို့အား တွေဝေခြင်းမရှိဘဲ ကယ်တင်လိမ့်မည်ဟု စိတ်ချလက်ချ ယုံကြည်နိုင်ပေမည်။

သူတို့သည် စီးပွားဖက်များကိုသာ ရန်စနိုင်သော်လည်း သမားတော်တစ်ယောက်ကိုမူ သေချာပေါက် ရန်မစရဲပေ။ အကယ်၍ သာမန်သမားတော်တစ်ယောက်ဆိုပါက ပြောရခက်သော်လည်း ကျင်းယွင်ကျောင်းကမူ ကွာခြား၏။ သူမသည် အကြီးအကဲရှု၏ အလွန်အကျွံ ချီးမွမ်းခြင်းခံရသည့် အံ့ချီးဖွယ်သမားတော်ဖြစ်သည်လေ။

ထို့အပြင် သူမသည် တစ်ကောင်ကြွက် မဟုတ်။

အံချီးဖွယ်သမားတော်ဟူသော ဂုဏ်ပုဒ်၏ စွမ်းအားသည် အလွန်မြင့်မား၍ ထို အံ့ချီးဖွယ်သမားတော်ဟူသည့် ဂုဏ်ပုဒ်ကို အကြီးအကဲရှုကိုယ်တိုင်က ရည်ညွှန်းပေးအပ်ထားခြင်းဖြစ်ရာ ပို၍ပင် အဆင့်အတန်းမြင့်မားသွားသည်။

ထို့နောက် အဖိုးရှု၏ လမ်းပြပေးမှုဖြင့် ကျင်းယွင်ကျောင်းသည် တွေဝေမနေတော့ဘဲ ထိုလူများအား မက်ဆေ့ချ်မှတဆင့် ဖိတ်ကြားလိုက်၏။ ရလဒ်မှာ မျှော်လင့်ထားသည့်အတိုင်းပင်၊ ဖိတ်ကြားချက်ကို ရရှိပြီးသည့်နောက် ထိုသူများက သူမအား ချက်ချင်း ဖုန်းပြန်ခေါ်လုနီးပါး ကောင်းမွန်သော တုံ့ပြန်ချက်များကို ပေးလာကြသည်။ သူတို့တစ်ယောက်ချင်းစီက သူမထက်ပင် ပို၍ စိတ်လှုပ်ရှားနေကြသေး၏။

ထိုအခါ ကျင်းယွင်ကျောင်းက သူတို့၏ လက်ဖက်ရည်ကြိုက်နှစ်သက်သော မိတ်ဆွေများကိုပါ ဖိတ်ခေါ်လာ၍ရကြောင်း ပြန်လည်အကြောင်းကြားလိုက်သည်။

သို့သော် ထိုသူများက ယနေ့ သူမအား မျက်နှာသာပေးသည့်အနေဖြင့် လာကြခြင်းဖြစ်၍ လက်ဖက်ရည်ကို ကြိုက်နှစ်သက်ခြင်း မရှိပါက လက်ဖက်ရည်ဆိုင်၏ အနာဂတ်သည် ခြောက်ကပ်နေလိမ့်ဦးမည်သာ ဖြစ်၏။ ထို့ကြောင့် သူမ၏ အဓိကရည်ရွယ်ချက်မှာ လက်ဖက်ရည်၏ အရသာကို ဝေဖန်ပေးစေလိုခြင်း ဖြစ်သည်။

သို့ရာတွင် ကျင်းယွင်ကျောင်းက သူတို့အား ဤလက်ဖက်ရည်ဆိုင်သည် သူမ၏ အပိုင်ဖြစ်ကြောင်း မပြောခဲ့ပေ။ စိတ်နှလုံး အေးချမ်းစေ၍ အားပြန်ဖြည့်ပေးနိုင်သော နေရာကောင်းတစ်ခုဟုသာ ပြောခဲ့သည်။

အဖိုးရှုသည်လည်း ထိုလှည့်စားမှုအား အတော်လေး သဘောကျ ကျေနပ်နေ၏။

ထိုလူများ၏ အမြင်တွင် ကျင်းယွင်ကျောင်းကိုယ်တိုင် မျက်နှာလာပြပြီး ဖြစ်သဖြင့် သူတို့သည် စိတ်ထဲ၌ ကျေနပ်သွားကြ၍ နောက်ဆုံးတွင် လက်ဖက်ရည်အား အရသာခံမြည်းစမ်းရန် အခွင့်အရေးရလာတော့သည်။ ထို့နောက် သူတို့သည် လက်ဖက်ရည်၏ ရနံ့ကို ခံစားကြည့်လိုက်ပြီး သေချာအာရုံစိုက်၍ အနည်းငယ် သောက်ကြည့်လိုက်၏။ သို့သော် လက်ဖက်ရည် ပါးစပ်ထဲသို့ဝင်သွားသည်နှင့် သူတို့သည် အံ့သြထိတ်လန့်သွားပြီး နှစ်သက်သဘောကျသော ချီးမွမ်းသံများ ထွက်ပေါ်လာတော့သည်။

လက်ဖက်ရည်သည် တရုတ်ယဥ်ကျေးမှု၏ တစိတ်တပိုင်းဖြစ်သောကြောင့် သူတို့သည် လက်ဖက်ရွက်မျိုးစုံနှင့် အမြဲတမ်းလိုလို ထိတွေ့သောက်သုံးနေရ၏။ လက်ဖက်ရည်သောက်ခြင်းသည် သူတို့၏ ကိုယ်ပိုင်ဟန်ပန်ကို တိုးတက်စေရုံသာမက လက်ဆောင်ပေးရန်အတွက် အကောင်းဆုံးရွေးခြယ်မှုတစ်ခုလည်း ဖြစ်သည်။

အရက်လက်ဆောင်ပေးခြင်းသည် စရိုက်ဆန်လွန်း၍ ပိုက်ဆံလက်ဆောင်ပေးခြင်းက တဲ့တိုးဆန်လွန်းကာ လက်ဖက်ခြောက် လက်ဆောင်ပေးခြင်းကမူ ထိုအရာများနှင့် ကွာခြား၏။ လက်ဖက်ခြောက်ကို ကောင်းစွာရွေးခြယ်နိုင်ပါက ပညာရှင်အဆင့်ပင်။

အဖိုးထန်သည်ပင် ဟိတ်ကြီးဟန်ကြီး မလုပ်နိုင်ဘဲ လက်ဖက်ရည်ကို အချိန်အတော်ကြာ အရသာခံ၍သောက်နေသည်။

“လက်ဖက်ရည်ကောင်းပဲ။ သမားတော်ကျင်းက ဒီလောက်ညွှန်းနေတာကို မအံ့သြတော့ပါဘူး။ ဒီနေ့ လာရတဲ့ခရီးက အလကား မဖြစ်တဲ့ပုံပဲ”

လူတစ်ယောက်က ချီးကျူးလိုက်၏။

ကျင်းယွင်ကျောင်းသည် ထိုစကားပြောလိုက်သူအပေါ် မည်သည့်ထင်မြင်ချက်မှ မရှိပေ။ လူနာတစ်ယောက်၏ မိသားစုဝင်ဖြစ်မည်ဟုသာ တွေးလိုက်သည်။

ထိုစကားအား ဒုတိယမြို့တော်ဝန်ကလည်း ခေါင်းညိတ်၍ ထောက်ခံလိုက်ပြီး ကျင်းယွင်ကျောင်းအား သဘောတကျ ချီးမွမ်းလိုက်၏။

“သမားတော်ကျင်း၊ မကြာသေးခင်က ခင်ဗျားရဲ့သတင်းတွေ ကြားခဲ့ပါတယ်”

ဒုတိယမြို့တော်ဝန်က ခပ်တိုးတိုး စပြောလိုက်သည်။

ယခင်က သူ၏ ဖခင်ဖြစ်သူသည် ပြင်းပြင်းထန်ထန် နာမကျန်းဖြစ်ခဲ့ပြီး သမားတော်များစွာက လက်လျော့ထားရာ သူသည် ကံစမ်းကြည့်စမ်းရန်အတွက် ကျင်းယွင်ကျောင်းဆီသို့ သွားခဲ့ခြင်းဖြစ်သည်။ ထိုအချိန်က သူမသည် သူ၏ ဖခင်ဖြစ်သူအား လုံးဝပျောက်ကင်းအောင် ကုသပေးနိုင်မည်ဟု မယုံကြည်ခဲ့ပေ။ သို့သော် ဆေးရည် အကြိမ်တော်တော်များများ သောက်ပြီးနောက်တွင် သူ့ ဖခင်၏ အခြေအနေမှာ အမှန်တကယ်ပင် တိုးတက်လာ၏။ လက်ရှိအချိန်တွင် ဖခင်ဖြစ်သူသည် အနည်းငယ် အားနည်းနေသေးသော်လည်း ဖြည့်စွက်စာအချို့စားနေနိုင်သဖြင့် မကြာမီအချိန်အတွင်း အပြည့်အဝ ပြန်လည်ကျန်းမာလာတော့မည် ဖြစ်သည်။

သူ၏ ဖခင်သည် ကျင်းယွင်ကျောင်းနှင့် မကုသရသေးခင်က အိပ်ယာထဲမှ လုံးဝမထနိုင်ခဲ့သော်လည်း ယခုအခါ ဖခင်ဖြစ်သူက လက်ဖက်ရည် မြည်းစမ်းရန်အတွက် သူနှင့်အတူ ဟွားနင်ခရိုင်သို့ပင် လိုက်နိုင်နေပြီ ဖြစ်သည်။

ဤကျင်းယွင်ကျောင်း၏ နည်းလမ်းများသည် အမှန်တကယ်ပင် လျို့ဝှက်ဆန်းကြယ်လှရာ သူက သူမအား အဘယ် မျက်နှာသာမပေးဘဲ နေနိုင်မည်နည်း။ ထို့အပြင် သူကိုယ်တိုင်သည်လည်း လက်ဖက်ရည် ကြိုက်နှစ်သက်သူဖြစ်၍ ဤလက်ဖက်ရည်၏ အရသာမှာ အမှန်တကယ်ပင် ထူးကဲလှသည်။ လက်ဖက်ခြောက်၏ သဘာဝရနံ့သည်လည်း အလွန်မွေးပျံ့၍ လတ်ဆတ်နေရာ သူ ယခင်က သောက်ဖူးသည်များနှင့် နှိုင်းယှဥ်ပါက သိသိသာသာပင် ခြားနားလှလေသတည်း။

Chapter 302 : အချို့က ပျော်ရွှင်နေချိန်မှာ အချို့ကတော့ စိုးရိမ်နေတယ်

ဒုတိယမြို့တော်ဝန်က အွန်လိုင်းပေါ်တွင် ပြန့်နေသည့် ကောလဟာလများအကြောင်း ပြောသည်ကိုကြားသောအခါ ပတ်ဝန်းကျင်မှ လူများအားလုံးက အာရုံစိုက်လာကြသည်။

“စိတ်ပူပေးလို့ ရှင်တို့အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။ ဒါပေမယ့် အားလုံး အဆင်ပြေသွားပါပြီ”

ကျင်းယွင်ကျောင်းက ပြုံး၍ ပြန်ဖြေလိုက်၏။

ကျင်းယွင်ကျောင်းက စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်တစ်ချက်လေးမှပင်မရှိဘဲ ရာထူးအဆင့်အတန်းမြင့်သူများစွာနှင့် တည်တည်ငြိမ်ငြိမ် ပြောဆိုဆက်ဆံနေသည်ကိုမြင်သောအခါ ချူးရုန်က သူသည် သူ၏ ဘဝအား အလဟဿဖြုန်းတီးမိခဲ့သလို ခံစားလိုက်ရသည်။ ကျင်းယွင်ကျောင်းသည် ချူးရုန်ထက် အနည်းဆုံး ဆယ်နှစ်ကျော်မျှငယ်သော်လည်း သူ့ထက် ပို၍ တည်ငြိမ်၏။ ကျင်းယွင်ကျောင်းသည် များများစားစား ရှင်းပြစရာမလိုဘဲ သူမ၏ သာမန်စကားတစ်ခွန်းတည်းနှင့်ပင် ဘေးလူများ၏ သံသယများကို ဖြေရှင်းနိုင်သည်။

ဤနေရာတွင် ရှိနေကြသူများအားလုံးသည် ပရိယာယ်များသော မြေခွေးအိုကြီးများသာဖြစ်ကြ၍ ကျင်းယွင်ကျောင်းအား အမှန်တကယ် စိတ်ပူနေကြသူများ မဟုတ်ပေ။ သူတို့၏ စိတ်ပူနေသော စကားများသည် လောကဝတ်အရသာ ဖြစ်သည်။ ထို့ကြောင့် ကျင််းယွင်ကျောင်းကသာ သူမ, မကြာသေးမီက ဒုက္ခရောက်ခဲ့ရသည်များကို ပြောပြပါက စကားဝိုင်းသည် ကိုးရိုးကားယား ဖြစ်သွားလိမ့်မည်။

လက်တွေ့၌ ဤမြေခွေးအိုကြီးများနှင့် ကျင်းယွင်ကျောင်းသည် အတော်လေး အသက်ကွာသည်ဖြစ်ရာ ကျင်းယွင်ကျောင်းက သူတို့အား စကားအမျှင်မပြတ်ပြောမိပါက သူတို့သည် သူမအပေါ် မည်သို့အကောင်းမြင်နိုင်တော့မည်နည်း။

ထို့ကြောင့် ကျင်းယွင်ကျောင်း၏ သာမန်ဖြေရှင်းချက်တစ်ခုနှင့် သူတို့၏ စိုးရိမ်ပေးမှုကို တုံ့ပြန်လိုက်ခြင်းသည် လူတိုင်းအား အချိန်ကုန်သက်သာစေ၍ လူအုပ်ကြီးသည် သူမအပေါ် ပို၍ပင် အထင်ကြီးလာစေ၏။

ချူးရုန်သည်လည်း ကျင်းယွင်ကျောင်းအား သူ၏ စိတ်ထဲမှ လက်မ, မထောင်ပြဘဲ မနေနိုင်တော့ချေ။

ပိုင်ယွီအန်းက ကျင်းယွင်ကျောင်း ပေးအပ်သမျှ တာဝန်တိုင်းကို အလေးအနက်ထား၍ ပြီးမြောက်အောင်လုပ်ပေးသည်မှာ အံ့သြစရာ မဟုတ်တော့။ ချူးရုန်နှင့် စကားပြောသည့်အခါတိုင်း ပိုင်ယွီအန်းသည် ကျင်းယွင်ကျောင်းအား မဆုံးနိုင်အောင်ပင် ချီးမွမ်းတတ်သည်။ ယခုအခါ ကျင်းယွင်ကျောင်း၏ အရှိန်အဝါကို အထင်အရှားတွေ့မြင်လိုက်ရသဖြင့် ချူးရုန်သည် ပိုင်ယွီအန်း၏ စကားကို ယုံကြည်ရန် လုံလောက်သွားပေပြီ။

ကျင်းယွင်ကျောင်းက ယနေ့ မျက်နှာထွက်ပြရခြင်းမှာ ထိုသြဇာရှိသောသူများ အားလုံးနှင့် သူမ၏ အကြားရှိ ဆက်ဆံရေးကို ထိန်းသိမ်းရုံအတွက်သာဖြစ်ပြီး သူမက စကားအများကြီးမပြောတော့ဘဲ အဖိုးထန်၏ ဘေးတွင်သာ ဝင်ထိုင်လိုက်သည်။

ထိုအချိန်၌ အခြားလူများသည်လည်း စိတ်အေးလက်အေး ဖြစ်သွားကြပြီး လက်ဖက်ရည်သောက်ရင်း ဆိုင်၏ တိတ်ဆိတ်အေးချမ်းမှုကို သဘောတကျဖြင့် အချင်းချင်း ခပ်တိုးတိုး စကားစမြည်ပြောနေကြ၏။

“အဖိုးထန်၊ အဖိုးကိုယ်တိုင် ဒီကိုလာမယ်လို့ ကျွန်မ တစ်ခါမှ မမျှော်လင့်ထားဘူး။ ကျွန်မ ဂုဏ်ယူမိပါတယ်”

ကျင်းယွင်ကျောင်းက ပြုံး၍ ပြောလိုက်ရင်း သူမကိုယ်တိုင် လက်ဖက်ရည်နှပ်ပေးလိုက်သည်။

ထိုအခါ အဖိုးထန်က နှုတ်ခမ်းသပ်ရင်း ပြန်ဖြေလိုက်၏။

“အရင်တစ်ခေါက်ပြီးကတည်းက ငါ မင်းနဲ့ မတွေ့တာလည်း ကြာပြီလေ။ ပြီးတော့ ဟွားနင်ခရိုင်က ဖုန်းရွှေကလည်း ကျန်းမာရေးအတွက် အထောက်အကူဖြစ်တယ်။ ဒါကြောင့် ငါ့လို အဖိုးကြီးတစ်ယောက်က နည်းနည်းပါးပါး အသက်ရှည်ရှည်လေးနေရဖို့ ဒီကိုလာရတာပေါ့ကွယ်”

ကျင်းယွင်ကျောင်းက ပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။

ထို့နောက် အဖိုးထန်၏ မျက်လုံးများက လက်ခနဲဖြစ်သွားပြီး ဟယ့်မိသားစုကိစ္စနှင့် ပတ်သတ်၍ သူ၏ လိပ်ပြာမလုံဖြစ်နေမှုကို ဖုံးကွယ်ရန်အတွက် လက်ဖက်ရည်ကိုသာ ငုံ့သောက်နေလိုက်၏။

မကြာသေးမီက ဟယ့်မိသားစုပါဝင်နေသည့် ပြဿနာဖြစ်ခဲ့၍ ထန်လင်းသည် သူ၏ အခြေအနေအရ ကျဥ်းထဲကြပ်ထဲကျနေသဖြင့် ကျင်းယွင်ကျောင်းအား မကူညီနိုင်ခဲ့ပေ။ တစ်ချိန်တည်းမှာပင် သူသည် ထိုဖြစ်ရပ်ကြောင့် သူနှင့်ကျင်းယွင်ကျောင်း၏ ဆက်ဆံရေးသည် ခပ်တန်းတန်းဖြစ်သွားမည်ကို စိုးရိမ်နေ၏။ ထို့ကြောင့် ကျင်းယွင်ကျောင်းက သူ မြည်းစမ်းရန်အတွက် လက်ဖက်ခြောက်ထုပ်အနည်းငယ် ပို့ပေးချင်နေသည်ဟု ကြားသောအခါ ဤနေရာသို့ ချက်ချင်း ကိုယ်တိုင်ကိုယ်ကျ ထွက်လာခဲ့ခြင်းဖြစ်သည်။

ထက်မြက်သောသူများသည် အခြားသူများ၏ လုပ်ရပ်များ နောက်ကွယ်မှ ဖုံးကွယ်ထားသော ရည်ရွယ်ချက်များကို ကောင်းစွာနားလည်နိုင်သည်။ သူသည် ဤမိန်းကလေးငယ်လေးအား ပါးစပ်မှထုတ်ပြော၍ တောင်းပန်လျှင် သူ၏ အသက်အရွယ်အရ အရှက်ရစရာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကျင်းယွင်ကျောင်း၏ လက်ဖက်ရည်ဆိုင်သို့လာခဲ့သည့် သူ၏ ရည်ရွယ်ချက်အစစ်အမှန်ကို သူမ ကောင်းစွာသိမြင်နိုင်သင့်ပေ၏။

ထိုအခါ ကျင်းယွင်ကျောင်းသည်လည်း အဖိုးထန်၏ ရည်ရွယ်ချက်ကို အလိုလို သိရှိနားလည်၍ သူ့ကို အပြစ်မတင်ပေ။ လက်တွေ့၌လည်း ထိုဖြစ်ရပ်ကို ဟယ့်မိသားစုကသာ ဖန်တီးခဲ့ခြင်းဖြစ်ရာ ထန်မိသားစုအား မည်သို့အပြစ်တင်နိုင်မည်နည်း။

သူမ၏ နားလည်ပေးမှုကြောင့် စကားဝိုင်း၏ အခြေအနေသည်လည်း လိုက်လျောညီထွေမှု ရှိနေ၏။

ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင် အလွန်စည်ကား အသက်ဝင်နေချိန်တွင် လမ်းတစ်ဖက်ရှိ ‘မူလပထမ’ လက်ဖက်ရည်ဆိုင်မှလူများသည် အံတကြိတ်ကြိတ် ဖြစ်နေကြသည်။

ကျန်မိသားစုဝင် သုံးယောက်သည် အသစ်ဖွင့်ထားသော လက်ဖက်ရည်ဆိုင်ရှေ့ရှိ ကားမျိုးစုံကို စောင့်ကြည့်နေကြ၏။ သူတို့ကြည့်နေစဥ်မှာပင် ကျောက်စိမ်းဝိညာဥ် လက်ဖက်ရည်ဆိုင်မှ လက်ခံရရှိသော ဂုဏ်ပြုပန်းခြင်းများမှာ အတန်းအရှည်ကြီးဖြစ်လာသည်အထိ များပြားလာရာ သူတို့သည် ထိုဆိုင်၏ ဆိုင်းဘုတ်ကို သွားရောက် ဖျက်ဆီးချင်သည်အထိ ဒေါသထွက်လာကြသည်။

ကျန်မိသားစု လက်ဖက်ရည်ဆိုင်သည် မူလက ဤပတ်ဝန်းကျင်၌ တစ်ဆိုင်တည်းသော လက်ဖက်ရည်ဆိုင်ဖြစ်ရာ အကျိုးအမြတ်များစွာရှိခဲ့၏။ လက်ဖက်ရည်သမားများက သူတို့၏ လက်ဖက်ရည်ဆိုင်သို့ အုပ်စုလိုက် လာရောက်အားပေးလေ့ရှိသော်လည်း ရင်ကွဲမြက်ကိစ္စဖြစ်ပြီးနောက်တွင်မူ လက်ဖက်ရည်ဆိုင်သည် လုံးဝခြောက်ကပ်သွား၍ စီးပွားရေးအရသာ ဖွင့်ထားရသော်လည်း ဆိုင်ထဲတွင် ခွေးတစ်ကောင်၊ ကြောင်တစ်မြီးမှ မရှိတော့ပေ။

“ဒီဆိုင်က လက်ဖက်ရည်က လူသတ်လုနီးပါးပဲဟေး”

ထိုကဲ့သို့သော ကောလဟာလများကို ကြားပြီးနောက် မည်သူက သူတို့၏ လက်ဖက်ရည်ဆိုင်သို့ လာရဲတော့မည်နည်း။

သူတို့သည် ကာလရှည်ကြာ အားပေးလာသည့် ဖောက်သည်များကို ကိုယ်တိုင်ကိုယ်ကျ ဖုန်းဆက်၍ ရှင်းပြသော်လည်း ထိုသူများက လုံးဝ ဂရုမစိုက်ကြတော့။

ထိုသို့ သူတို့၏ စီးပွားရေး ကျဆင်းနေချိန်တွင် လက်ဖက်ရည်ဆိုင်သစ်တစ်ဆိုင် ဖွင့်လိုက်ခြင်းက သူတို့၏ မျက်နှာအား ဖြတ်ရိုက်လိုက်သလိုပင်။

“အဖေ၊ အဲဒီလက်ဖက်ရည်ဆိုင်ကို ဘယ်သူဖွင့်တာလဲ။ ဘာလို့ ကားတွေအများကြီး ရောက်နေတာလဲ။ အထဲကိုဝင်သွားတဲ့လူတွေက ဒီလောက်အချိန်တွေကြာနေတာတောင် ထွက်မလာကြသေးဘူး။ အဲဒီဆိုင်ထဲမှာ ဘာမှလုပ်စရာမရှိဘူး မဟုတ်လား”

ထိုဆိုင်ကို အလွန်စိတ်ဝင်စားနေသော ကျန်ရှက မေးလိုက်သည်။

ချောင်ဟုန်ယဲ့ ပျောက်သွားပြီးကတည်းက ကျန်ရှသည် ရက်အနည်းငယ်ကြာအောင် စိတ်ဓါတ်ကျ၍ နာကျင်နေခဲ့၏။ သို့ရာတွင် ကိုယ့်ကိုကိုယ် အချိန်ခဏကြာအောင် ကုစားပြီးသည့်နောက် သူ၏ နှလုံးသားဒဏ်ရာမှာ အပြည့်အဝ အနာကျက်သွား၍ သူ၏ စိတ်အခြေအနေမှာလည်း ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာခဲ့လေသည်။

Chapter 303 : သူတို့ အားလုံးက ငှားထားတာပဲ

ကျန်ရှ၏ မေးခွန်းက မီးလောင်ရာ လေပင့်လိုက်သဖြင့် ကျန်ဝမ်ရှန်း၏ ရင်ထဲတွင် ဒေါသများ တလိပ်လိပ်တက်လာသည်။ ထို့ကြောင့် သူသည် မကြာသေးမီကမှ ဝယ်ထားသည့် ရွှံ့စေး ရေနွေးအိုးတစ်အိုးကို လက်သင့်သလို ဆွဲယူလိုက်ပြီး ကြမ်းပြင်ပေါ် ကိုင်ပေါက်လိုက်၏။

ထိုဆိုင်နေရာအား လွန်ခဲ့သော နှစ်လကျော်ကတည်းက ဝယ်ယူခဲ့ခြင်း ဖြစ်သော်လည်း ဝယ်ပြီးကတည်းက ဆိုင်နေရာအား လှသထက်လှအောင်သာ ပြင်ဆင်မွမ်းမံနေခဲ့သည်။ သူသည် ထိုသူများအား နေ့တိုင်း စောင့်ကြည့်နေသော်လည်း မည်သည့်ပြောင်းလဲမှုမှ မရှိသဖြင့် သူ၏ စိတ်ထဲတွင် ထိုပြင်ဆင်နေမှုများအား အတည်ဟု မထင်ခဲ့ပေ။

ပတ်ဝန်းကျင်က အေးစိမ့်နေ၍ လူသူကင်းမဲ့သောကြောင့် ထိုဆိုင်၏ တည်နေရာသည် အမှန်တကယ် ဆိုးဝါးလှသည့်အပြင် အဝင်အထွက်လည်း အနည်းငယ် ခက်ခဲ၏။ သို့သော် မမျှော်လင့်ဘဲ ဆိုင်ဖွင့်ပွဲ၌ လူများစွာရောက်လာလိမ့်မည်ဟု မည်သူထင်ထားမည်နည်း။ ကားအတန်းလိုက်ကြီးသည် လူများစွာ၏ အကြည့်ကို ဆွဲဆောင်နေ၍ ယခုအခါ သူ၏ ပုံမှန်ဖောက်သည်များစွာပင် ထိုဆိုင်ထဲသို့ ဝင်သွားကြပြီဖြစ်သည်။

“ရှင် ဘာလို့ ဒီအိုးကို ခွဲပစ်တာလဲ။ ဒါက အလကားရတာလား။ ဒီပိုက်ဆံက ရှင်ကိုယ်တိုင်ရှာထားတာ မဟုတ်လို့ နှမြောစရာမဟုတ်ဘူးလို့ ရှင်က တွေးနေတာလား”

အမေကျန်သည် ရွှံ့စေးရေနွေးအိုး အစိတ်စိတ်အမြွှာမြွှာ ကွဲသွားသည်ကို မြင်သောအခါ စိတ်ရှုပ်သွားပြီး ဒေါသထွက်လွန်း၍ အသားများပင် နာလာသည်။

ထိုအခါ ကျန်ဝမ်ရှန်းသည် ချက်ချင်းမျက်နှာပျက်သွား၏။

သူသည် ဤလက်ဖက်ရည်ဆိုင်အတွက် ငွေတလုံးတခဲတည်း ပုံပေးခဲ့ရသည်။

မကြာသေးမီက အဆိပ်မိခဲ့သည့် လူသုံးယောက်၏ မိသားစုသုံးစုသည် နစ်နာကြေးအဖြစ် ယွမ်ခြောက်သိန်းလိုချင်သောကြောင့် ပေးခဲ့ရပြီး ကျိုးပဲ့ပျက်စီးသွားသော ပစ္စည်းများမှာလည်း အတော်လေး တန်ကြေးရှိ၍ အားလုံးပေါင်း ယွမ်သောင်းဂဏန်းမက တန်ပေသည်။ ထို့အပြင် လွန်ခဲ့သောနှစ်လအတွင်း ဆိုင်မှ အမြတ်များများစားစား မရခဲ့သော်လည်း ရေဖိုး၊ မီးဖိုး၊ ဝန်ထမ်းလခများ အပါအဝင် ဆိုင်၏ အထွေအထွေ ကုန်ကျစရိတ်မှာမူ အနည်းငယ်မျှပင် လျော့နည်းမသွားခဲ့ချေ။

စီးပွားရေး ပြန်လည်ဦးမော့လာစေရန် သူသည် နာမည်ကြီး လက်ဖက်ရည်ကောင်းများကိုပင် ပါဆယ်ထုပ်၍ သူ၏ ပုံမှန်ဖောက်သည်များထံသို့ အလကား ပို့ပေးခဲ့သည်။ သို့ရာတွင် ရလဒ်အနေဖြင့် သူတို့က ထိုလက်ဖက်ရည်ထုပ်များကို တစ်ထုပ်မှမယူထားဘဲ သူ့ဆီသို့ အားလုံးပြန်ထည့်ပေးလိုက်ကြပြီး ထိုလက်ဖက်ရည်များကို မသောက်ရဲကြောင်း ပြောလွှတ်လိုက်ကြ၏။

ထို့ကြောင့် သူသည် လက်ရှိအချိန်၌ သေလောက်အောင်ပင် စိတ်ဓါတ်ကျနေသည်။

ဒါက လက်ဖက်ရည်လေးပဲလေ၊ ဘာ မသောက်ရဲစရာ ရှိလို့လဲ။ သူတို့က အရင်က ကိစ္စကို သင်ပုန်းမချေနိုင်သေးတာ အသိအသာကြီး။ အဲဒါက ပစ္စည်းမှားသုံးမိတဲ့ မတော်တဆဖြစ်ရပ်လေးပဲ မဟုတ်လား။ ပြီးတော့ တစ်ခါလေးပဲ ဖြစ်ဖူးတာလေ။ သည်လောက်တောင် ကြောက်ပြနေစရာ လိုလို့လား။

အချို့လူများသည် သူ၏ ဆိုင်ရှေ့မှ ဖြတ်သွားသောအခါ ခပ်ဝေးဝေးမှပင် ကွင်းလျှောက်သွားတတ်ကြ၏။ အမှန်တကယ်ပင် မုန်းစရာကောင်းလှသည်။

ယခု လက်ဖက်ရည်အိုးအသစ်များနှင့် ကျန်ပစ္စည်းပစ္စယများအားလုံးကို ဇနီးဖြစ်သူ၏ ဖက်ရှင်ပစ္စည်းဆိုင်မှရသော အမြတ်ငွေများဖြင့် ဝယ်ယူထားခြင်းဖြစ်ရာ သူ၏ စိတ်ထဲတွင် ကွာခြားချက်က ကြီးမားလှ၏။ ထို့ကြောင့် ယောက်ျားတစ်ယောက်အနေဖြင့် ဇနီးဖြစ်သူထံမှ ထိုကဲ့သို့သော စကားများကို မကြားလိုပေ။

“ဒါက လက်ဖက်အိုးလေးတစ်အိုး ကွဲသွားတာပဲ မဟုတ်လား။ စီးပွားရေး ပိုကောင်းလာရင် ငါ ချက်ချင်း ပြန်လျော်ပေးမယ်”

ကျန်ဝမ်ရှန်းက မှုန်တေတေဖြင့် ပြောလိုက်၏။ ထိုအခါ အမေကျန်က မျက်လုံးလှန်ကြည့်လိုက်ပြီး ...

“ဒါပေမယ့် ဒီစီးပွားရေးက ပြန်ရောကောင်းလာဦးမှာလား။ တခြားသူတွေက ကျွန်မတို့ဆိုင်ရှေ့ထိ ဆိုင်လာဖွင့်ပြီး စော်ကားနေတာကိုလည်း ကြည့်ပါဦး။ ပြီးတော့ ရှင်က ပိုကောင်းလာတယ်ဆိုတာကလည်း ပစ္စည်းတွေကို ပေါက်ခွဲပစ်တဲ့နေရာမှာပဲ မဟုတ်လား။ တကယ်လို့ ဧည့်သည့်တစ်ယောက်ဝင်လာရင်တောင် ရှင့်ရဲ့ဒီလိုပုံစံကိုမြင်ပြီး ထွက်ပြေးသွားနိုင်တယ်”

“မင်းက ငါ့မိန်းမနော်၊ ဒီလို စိတ်ပျက်စရာ စကားတွေကို ဘယ်လိုများ ပြောထွက်နိုင်တာလဲ။ အဲဒီတုန်းက မင်းသာ အဲဒီ ခံဝန်ကတိလွှာတွေမှာ လက်မှတ်ထိုးမပေးလိုက်ရင် ငါလည်း ဒီလောက်အများကြီး ပေးစရာမလိုဘူး။ ယွမ် ခြောက်သိန်းကွ။ မင်း လက်လေး တစ်ချက်လှုပ်လိုက်လို့ ယွမ်ခြောက်သိန်း ပေးလိုက်ရတာ။ ဒီလောက် ပိုက်ဆံအများကြီးကို ပြန်ရှာနိုင်ဖို့ ငါဘယ်လောက်တောင် ကြိုးစားရမလဲဆိုတာ မင်းသိလား”

အမေကျန်သည် သူ၏ စွပ်စွဲချက်များကို ကြားသောအခါ ချက်ချင်းပင် မတရားသလို ခံစားလိုက်ရ၏။

ထိုကိစ္စဖြစ်ခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သော်လည်း ထိုနေ့က အဖြစ်အပျက်များကို ပြန်တွေးလိုက်တိုင်း သူမ၏ တစ်ကိုယ်လုံး တုန်ယင်လာသည်အထိ ကြောက်ရွံ့နေဆဲပင်။

“ရှင်က အဲဒီအကြောင်းကို ပြောရဲသေးတယ်နော်။ အဓိက တရားခံက ရှင်လေ။ ရှင်သာ ဆေးပင် အမှတ်မမှားရင် ဘာမှဖြစ်လာစရာအကြောင်းမရှိဘူး။ ဒါ့အပြင် ကျွန်မက အဲ့ ခံဝန်ကတိလွှာတွေကို လက်မှတ်ထိုးချင်လို့ ထိုးခဲ့တာလို့ ရှင် ထင်နေတာလား။ တခြားသူတွေက ရှောင်ရှကို ဝိုင်းရိုက်နေကြလို့ ဒီလိုလုပ်ခဲ့ရတာ မဟုတ်ဘူးလား။ သူက ရှင့်သားပါ၊ ရှင် မနာဘူးလားဟင်။ ရှင်ဆိုရင်ရော သူတို့က ရှောင်ရှကို ဒုက္ခိတဖြစ်အောင် ရိုက်တဲ့အထိ ရှင် ကြည့်နေချင်လား၊ ကြည့်နေနိုင်လား ပြော”

အမေကျန်က အကြောမပေးဘဲ ဆက်လက်အော်ဟစ်နေသည်။

ရင်ကွဲမြက်ပြဿနာ ဖြစ်ပြီးကတည်းက ထိုလင်မယားသည် အချိန်ပြည့် ရန်ဖြစ်နေကြသောကြောင့် ကျန်ရှသည် အသားကျနေပြီဖြစ်ကာ ကြားဝင် ဖျန်ဖြေပေးရန်လည်း ရည်ရွယ်ချက်မရှိပေ။

သို့သော် ယခုတစ်ခေါက်၌ မိခင်ဖြစ်သူက သူ့ကိုပါ ဆွဲထည့်နေသဖြင့် အလွန်စိတ်ရှုပ်သွား၏။

တခြားသူတွေက သူ့ကို ဝိုင်းရိုက်တဲ့ကိစ္စက အော်ကြီးဟစ်ကျယ် ပြောလို့ကောင်းတဲ့ ကိစ္စလား။ အမေက သည်ကိစ္စကို အမြဲတမ်း အစပြန်ဖော်ပြီး သူ့ကို ရည်ရွယ်ချက်ရှိရှိ သိက္ခာချနေတာလား။ ဆိုင်ထဲမှာ ဧည့်သည်တစ်ယောက်မှ မရှိဘူးဆိုပေမယ့် ဝန်ထမ်းတွေတော့ ရှိနေသေးတယ်လေ။ သူတို့တွေကို သူ့ကို ဘယ်လိုမျက်လုံးနဲ့ ကြည့်ကြမလဲ။

“အဖေ၊ အမေ၊ ရန်ဖြစ်နေတာတွေ ရပ်လိုက်တော့”

ကျန်ရှက မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

“ဒါက လက်ဖက်ရည်ဆိုင်သစ်တစ်ဆိုင် ဖွင့်တာလေးပဲ မဟုတ်လား။ ကျွန်တော်တို့ အဲ့ဆိုင်ကို သွားကြည့်ပြီးမှ ဖြေရှင်းလို့မရဘူလား။ အဖေတို့က မသိလို့၊ အဲဒီဆိုင်ထဲက လူတွေအားလုံးက ဆိုင်လူစည်အောင်လို့ ငှားထားတဲ့လူတွေလည်း ဖြစ်နိုင်တာပဲ”

Chapter 304 : မနာလိုမစ္ဆရိယစိတ်၊ မုန်းတီးစိတ်

ကျန်ရှ၏ စကားဆုံးသည်နှင့် အမေကျန်က မကျေမနပ်ဖြင့် တစ်ဖက်သို့လှည့်သွား၍ ကျန်ဝမ်ရှန်က စိတ်မသက်မသာဖြင့် သက်ပြင်းချလိုက်သည်။

“ရှောင်ရှ၊ မင့် အမေကိုခေါ်ပြီး တစ်ချက်သွားကြည့်လိုက်။ လမ်းထဲက လူတိုင်းက ငါ့ကိုသိနေတော့ ငါ သွားစုံစမ်းရင် အဆင်မပြေဘူး”

ကျန်ဝမ်ရှန်းက အစီအစဥ် ဆွဲလိုက်၏။ ကျန်သားအမိနှစ်ယောက်ကလည်း သူ၏ စကားကို သဘောတူကြသည်။

သူတို့သည် စီးပွားရေးချင်းတူသောကြောင့် ကျန်ဝမ်ရှန်းကဲ့သို့ လူကြီးတစ်ယောက်က အခြေအနေကို သွားရောက် စုံစမ်းထောက်လှမ်းပါက လုံးဝအရှက်ရစရာဖြစ်ကုန်လိမ့်မည်။

ထို့နောက် သားအမိနှစ်ယောက်သည် အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြင်ဆင်၍ လက်ဖက်ရည်ဆိုင်ထဲမှ ချက်ချင်း ထွက်သွားကြ၏။ ဤလမ်းသည် အပြင်ဘက်ရှိ မိန်းလမ်းမကြီးနှင့် မတူဘဲ တစ်လမ်းသွားဖြစ်သောကြောင့် ဆိုင်သို့လာသူများအတွက် အဆင်ပြေ၍ အနီးနားပတ်ဝန်းကျင်ရှိ စျေးဆိုင်များသည်လည်း အတော်လေး အလုပ်ဖြစ်ကြသည်။ ယခင်က လူတစ်ယောက်သည် ဤလမ်းအတွင်းပိုင်းသို့ ဝင်လာလေလေ၊ ပို၍ လူသူကင်းမဲ့လာလေလေဖြစ်သော်လည်း ယနေ့တွင်မူ ကွာခြား၏။

ထိုလမ်းထဲရှိ ရှေးဟောင်းပစ္စည်းဆိုင်များနှင့် လက်မှုပစ္စည်းဆိုင်များသို့ လာကြသော စျေးဝယ်များသည်လည်း အနီးနားသို့ လျှောက်ပတ်ကြည့်ကြသည်။ ထို့နောက် ကားများ၊ လူများ တရုံးရုံးဖြစ်နေသည့် မြင်ရခဲ့သောမြင်ကွင်းအား တွေ့သွားကြကာ သွားရောက်စုံစမ်းရင်း သူတို့ပါ ဆိုင်ဖွင့်ပွဲသို့ ဝင်ရောက်ဆင်နွှဲကြသဖြင့် ဤလမ်းလေးပေါ်တွင် ယခင်ကထက်ပို၍ စည်ကားရှုပ်ထွေးနေ၏။

ထို အကျိုးဆက်သည် ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင် ပတ်ဝန်းကျင်ရှိ စျေးဆိုင်လေးများအပေါ်၌ပင် သက်ရောက်မှုရှိသည်။

ယခင်က လူတိုင်းသည် သူတို့လိုချင်သမျှ ပစ္စည်းများကို ဤလမ်းလေး၏ အပြင်ဘက်တွင်လည်း ဝယ်နိုင်သည်ဟု တွေး၍ စျေးပတ်ဝယ်ရန် ပျင်းရိနေတတ်ကြ၏။ သို့သော် ယနေ့တွင်မူ အချို့လူများ၏ သဘောထားများက ပြောင်းလဲသွားကြသည်။ များသောအားဖြင့် ထိုဆိုင်သည် စျေးဝယ်သူများများစားစား မရှိသောကြောင့် ဆိုင်ပိုင်ရှင်များသည် လူတစ်ယောက်ကို မြင်သည်နှင့် အလွန်ဖော်ရွေပျူငှာစွာကြိုဆိုလေ့ရှိပြီး သူတို့၏ ကုန်ပစ္စည်းများ ရောင်းရရေးအတွက် စိတ်အားထက်သန်စွာ ကြိုးစားလေ့ရှိသဖြင့် အပြင်ဘက်ရှိ မရောင်းချင် ရောင်းချင်၊ မထုံတတ်တေးအမူအယာများရှိသည့် ဆိုင်ရှင်များနှင့် လုံးဝမတူပေ။

ကျောက်စိမ်းဝိညာဥ်ဆိုင်မှ လက်ဖက်ရည်အနံ့သည် မိုင်ပေါင်းများစွာအကွာအထိ ပျံ့နှံ့နေသဖြင့် လမ်းကြားလေးထဲ၌ ဝိုင်အနံ့များ စွဲထင်ကျန်နေမည်ကိုလည်း စိတ်ပူစရာမလိုခဲ့။

ထိုအချိန်၌ ကျန်မျိုးနွယ် သားအမိနှစ်ယောက်သည် ဆိုင်ပေါက်ဝသို့ ရောက်လာကြ၍ တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေကြသည်။

အမေကျန်က အထဲသို့ ဝင်သွားသင့်၊ မသွားသင့် တွေဝေနေချိန်တွင် ကျန်ရှသည် ကားပါကင်၌ ရပ်ထားသော ကားများစွာထဲမှ တစ်စီးကိုညွှန်ပြ၍ ပြောလာ၏။

“အမေ၊ ကျွန်တော် အဲ့ကားကို သိတယ်။ အဲဒါက အာမခံပါတဲ့ ထိပ်တန်းအဆင့် ဇိမ်ခံကားအမျိုးအစားပဲ။ ယွမ်သန်းဆယ်ချီပြီး တန်တာလို့ ကျွန်တော် ကြားဖူးတယ်”

“ဒီ တစ်စီးကလည်း စျေးမပေါဘူး။ အနည်းဆုံး ယွမ်သန်းနဲ့ ချီပြီး တန်တယ်”

ကျန်ရှသည် ထိုနေရာ၌ ကျောက်ရုပ်ကြီးကဲ့သို့ မတ်တပ်ရပ်နေရင်း တောင့်ခဲနေသည်။

သူသည် ယောက်ျားလေးတစ်ယောက်ဖြစ်သောကြောင့် ကားများကို သေချာပေါက် စိတ်ဝင်စားသည်။ များသောအားဖြင့် သူသည် အွန်လိုင်းပေါ်မှ ကားများကို မိတ်ဆက်ပေးသော ဗီဒီယိုများ၊ ကားများနှင့်ပတ်သတ်သော ဗီဒီယိုများကို ရှာကြည့်လေ့ရှိပြီး သူကိုယ်တိုင် လူကြီးလူကောင်းတစ်ယောက်ဖြစ်လာကာ သူ၏ ကားပေါ်တွင် မိန်းမလှလေးများ တင်နိုင်မည့်နေ့ကို စိတ်ကူးယဥ်လေ့ရှိ၏။

သို့သော် ယခုအချိန်တွင် တကယ့် ကားအစစ်က သူ၏ရှေ့တွင်ရောက်နေရာ သူသည် ထိပင် မထိရဲချေ။

အနည်းဆုံးတော့ သူ့တွင် လူတစ်ယောက်၌ ရှိသင့်ရှိထိုက်သည့် ကိုယ်ပိုင်အသိဥာဏ်၊ ဗဟုသုတ အနည်းအကျဥ်းရှိနေသေးသည်။ အကယ်၍ သူသာ ထိုကားပေါ်တွင် ခြစ်ရာသေးသေးလေးဖြစ်အောင် လုပ်မိသွားပါက သူတို့မိသားစု ဒေဝါလီခံသွားရနိုင်၏။

ကျန်ရှ၏ မျက်လုံးများသည် မနာလိုဖြစ်လွန်းသဖြင့် နီရဲနေပြီး သူ၏ နှလုံးသားက ရှာလကာရည်အိုင်ထဲတွင် နစ်မြုပ်နေသည်။ သူတို့အားလုံးသည် လူသားများဖြစ်ကြသော်လည်း အဘယ်ကြောင့် သူတို့အကြားတွင် ကွာဟချက်ကြီးကြီးမားမား ရှိနေရသနည်း။ အချို့လူများသည် မွေးကတည်းက ရွှေလင်ဗန်းနှင့် အချင်းဆေး၍ ဇိမ်ခံပစ္စည်းများကိုသာ သုံးစွဲနေချိန်၌ သူတို့မိသားစုသည် ယွမ်သောင်းဂဏန်းသာတန်သည့် ကားစုတ်လေးတစ်စီးကိုသာ မောင်းနေရဆဲပင်။

(T/N : ရှာလကာရည်က မနာလိုအူတိုတာကို ညွှန်းတာပါနော်။)

ယခင်က သူသည် သူ့ မိသားစုပိုင်သောကားကို သိပ်မဆိုးဟု အမှန်တကယ်ပင် တွေးခဲ့သော်လည်း ယခု သူ့ အရှေ့တွင်ရှိသော ကားနှင့် နှိုင်းယှဥ်လိုက်ပါက ထိုကားသည် လုံးဝ အမှိုက်သာသာပင်။

“ဒီလောက် စျေးကြီးတဲ့ကားကို ငှားဖို့ဆိုတာ မဖြစ်နိုင်ဘူး မဟုတ်လား”

ထိုကားများကို ကြည့်၍ အမေကျန်သည် ပို၍ပင် စိတ်ဓါတ်ကျလာသည်။

သူတို့ လက်ဖက်ရည်ဆိုင်ဖွင့်သည်မှာ ဆယ်နှစ်ကျော်ကြာပြီဖြစ်သော်လည်း ဤကဲ့သို့ မက်မောဖွယ်ကောင်းသော မြင်ကွင်းမျိုး တစ်ခါမှ မရှိဖူးပေ။ မိမိကိုယ်ကို အခြားသူများနှင့် နှိုင်းယှဥ်ခြင်းက ကိုယ့်ကိုကိုယ် ပို၍ပင် ဒေါသထွက်လာစေသည်။

“သေချာပေါက် မဖြစ်နိုင်ဘူးပေါ့”

ကျန်ရှက ကိုယ့်ကိုကိုယ် လှောင်ရယ်ရင်း ပြန်ဖြေလိုက်၏။

“မေ့လိုက် သားလေး။ ကားတွေကို ဂရုစိုက်မနေနဲ့။ အထဲကိုဝင်ပြီး တစ်ချက်ကြည့်ရအောင်”

အမေကျန်က သူမ၏ သားကို ဆွဲခေါ်၍ ဆိုင်ထဲသို့ တိုက်ရိုက်ဝင်ချသွားသည်။

သို့သော် တံခါးပေါက်ကို ဖြတ်၍ ခြေချလိုက်သည်နှင့် သားအမိနှစ်ယောက်လုံး ကယောင်ခြောက်ခြားဖြစ်သွား၏။ ဆိုင်ထဲရှိ အရာအားလုံးသည် အသစ်စက်စက်များဖြစ်ကြ၍ မျက်စိအေးဖွယ် အပင်ငယ်လေးများက နေရာအနှံ့ရှိနေသည်။ လက်ဖက်ရည်အနံ့သည်လည်း ဆိုင်တစ်ခုလုံးကို ပျံ့လွင့်နေ၍ ထိုအနံ့ကို ရှုမိသူတိုင်း ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးလန်းဆန်းသွားသလို ခံစားလိုက်ရ၏။ အရေးအကြီးဆုံးအချက်မှာ အတွင်းပိုင်းအပြင်အဆင်ဖြစ်သည်။ ထိုအပြင်အဆင်သည် အမှန်တကယ်ပင် အလွန်အကျွံပြင်ဆင်ထားခြင်း မဟုတ်သော်လည်း လက်ရာမြောက်၍ ကျက်သရေရှိလှ၏။ နှိုင်းယှဥ်ကြည့်ပါက သူတို့မိသားစု၏ လက်ဖက်ရည်ဆိုင်သည် အပြတ်အသတ် နောက်ကောက်ကျကျန်ခဲ့ပြီ ဖြစ်သည်။

“မင်္ဂလာပါ၊ နှစ်ယောက်စာ စားပွဲပြင်ပေးရမလား ခင်ဗျာ”

ဝန်ထမ်းတစ်ယောက်က ချိုသာစွာပြုံး၍ မေးမြန်းလာရာ ကျန်မျိုးနွယ် သားအမိနှစ်ယောက်သည် မျက်စိကန်းလု နီးပါးပင် ဖြစ်သွားကြသည်။

သူတို့မိသားစုဆိုင်၏ ကိုယ်ပိုင်ဝန်ထမ်းများသည် ထိုကဲ့သို့ မဟုတ်၊ မျက်နှာသေများနှင့် ဖြစ်၏။ ဤဆိုင်မှ ဝန်ထမ်းများကဲ့သို့သော အမူအယာမျိုးသည် မြင်ရခဲလှသည်။

ထို့နောက် ထိုသားအမိနှစ်ယောက်သည် ခေါင်းယမ်းလိုက်ကြ၏။ ဝန်ထမ်းအသစ်များသည် အမြဲတမ်း ဤကဲ့သို့ပင်။ နောက်ဆုံး သူတို့သည် အလုပ်၌ အသားကျသွားသည်နှင့် ဘဝသည် မည်မျှ ခက်ခဲကြောင်း သိလာရလိမ့်မည်။ ထိုအချိန်သို့ရောက်လျှင် သူတို့သည် အဘယ် မကြာခဏ ပြုံးနိုင်တော့မည်နည်း။

“ဒါက မင်းတို့ဆိုင်ရဲ့ပထမဦးဆုံး ဖွင့်တဲ့နေ့ဆိုတော့ သေချာပေါက် စျေးလျှော့ပေးတာတွေရှိတယ် မဟုတ်လား”

အမေကျန်က မေးလိုက်သည်။

All Chapters