အခန်း (၃၀၅-၃၀၈)
Vol. 16 Ch. 305-308
Chapter 305 : တန်ဖိုးမထားခြင်း
မိခင်ဖြစ်သူ၏ စကားကို ကြားသောအခါ ကျန်ရှသည် ရှက်လွန်းသဖြင့် တောင့်ခဲသွားတော့သည်။
သူသည် ဂုဏ်သိက္ခာကို အလွန်အလေးထားသူဖြစ်သောကြောင့် သူ ကိုယ်တိုင်ကိုယ်ကျ လျှော့စျေးမေးရန် တစ်ခါမှပင် စိတ်မကူးဖူးချေ။ သို့ရာတွင် သေချာတွေးကြည့်လိုက်ပါက ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်သည် သူတို့၏ ပြိုင်ဘက်ဖြစ်သောကြောင့် ထိုသူများအား သေချာပေါက် ပိုက်ဆံမပေးနိုင်။ ထိုအကြောင်းပြချက်ကြောင့် ကျန်ရှသည် မိခင်ဖြစ်သူ၏ လုပ်ရပ်ကို ထောက်ခံလိုက်တော့သည်။
အမေကျန်၏ စကားကိုကြားသောအခါ ဝန်ထမ်းလေးက လုံးဝအံ့သြမသွားခဲ့၊ ယနေ့သည် ပထမဆုံး ဆိုင်ဖွင့်ရက်ဖြစ်သောကြောင့် လူစည်ကားသောနေရာများကို စိတ်ဝင်စားသူများ၊ လျှော့စျေးလိုချင်သူများ သေချာပေါက်လာရောက်ကြလိမ့်မည်။ ထိုသို့မဟုတ်ပါက အသစ်ဖွင့်သောဆိုင်အများစုသည် လူများကို ဆွဲဆောင်ရန်အတွက် စျေးလျှော့ပေးတော့မည် မဟုတ်ပေ။
“နေ့လည် နှစ်နာရီမထိုးခင် လာသမျှဧည့်သည့်အားလုံး ကျွန်တော်တို့ဆီမှာရတဲ့ လက်ဖက်ရည်မျိုးစုံကို စိတ်ကြိုက်သုံးဆောင်နိုင်ပါတယ်လို့ မန်နေဂျာကြီးက မှာထားပါတယ်ခင်ဗျ”
ဝန်ထမ်းလေးက ယဥ်ကျေးပျူငှာစွာ ပြန်ဖြေလိုက်၏။
မူလက ဆိုင်သည် စျေးအနည်းငယ် လျှော့ပေးရန်သာ စီစဥ်ထားသော်လည်း ယနေ့ ဤနေရာသို့ လာရောက်ကြသည့် ဧည့်သည်အများစုမှာ ကျင်းယွင်ကျောင်းက ဂုဏ်သတင်းကျော်ကြားစေရန်အတွက် ဖိတ်ကြားထားသော ဧည့်သည်များဖြစ်ကြသည်။ ထိုဧည့်သည်များသည် လက်ဖက်ရည်တစ်ခွက်ဖိုးကို ဂရုမစိုက်သော်လည်း သူတို့၏ ဂုဏ်သတင်းကိုမူ အထူးဂရုစိုက်ကြ၏။ ထို့ကြောင့် သူတို့အားလုံးဆီမှ ကျသင့်ငွေ မယူရန် ကျင်းယွင်ကျောင်းက ချူးရုန်အား မှာထားခြင်း ဖြစ်သည်။
လက်တွေ့တွင်လည်း သူတို့ယူလာသည့် ဂုဏ်ပြုလက်ဆောင်များမှာ သူတို့သောက်သည့်လက်ဖက်ရည်ထက်ပင် ပို၍ စျေးကြီးသေး၏။
ဖိတ်ကြားထားသော ဧည့်သည်များဆီမှ ကျသင့်ငွေမယူပါက စိတ်ဝင်စား၍ လာရောက်ကြသော စျေးဝယ်များကိုလည်း အတူတူပင် လုပ်ပေးရမည်ဖြစ်သည်။ သို့မဟုတ်လျှင် ဧည့်သည်များ ပိုက်ဆံရှင်းစရာ မလိုသည်ကို စျေးဝယ်သူများ မြင်သွားပါက ခွဲခြားဆက်ဆံခံရသည်ဟု ထင်သွားနိုင်၏။ ထို့ကြောင့် ချူးရုန်က အချိန်ကန့်သတ်၍ စျေးလျှော့ပေးလိုက်ခြင်း ဖြစ်သည်။
ထို့နောက် အမေကျန်က သူမ၏ ဖုန်းကို ထုတ်၍ အချိန်ကြည့်လိုက်သောအခါ နေ့လည်တစ်နာရီခွဲသာရှိသေး၍ နှစ်နာရီထိုးရန် နာရီဝက်ခန့်လိုသေး၏။
“သား၊ အထဲဝင်ကြစို့”
အမေကျန်က သားဖြစ်သူအား ဝမ်းပန်းတသာ ပြောလိုက်ပြီးနောက် ဝန်ထမ်းလေး၏ ဘက်သို့ ပြန်လှည့်၍ ညွှန်ကြားလိုက်သည်။
“ဒါဆိုရင် ငါတို့နှစ်ယောက်စာ စားပွဲလိုချင်တယ်။ ပြီးတော့ အထူးစပယ်ရှယ် ကျွင်းရှန်ယင်းကျန်း လက်ဖက်ရည်တစ်အိုးနဲ့ လုံကျင်း လက်ဖက်ရည်တစ်အိုး ရနိုင်မလား”
အမေကျန်၏ စကားကို ကြားသောအခါ ဝန်ထမ်းလေး၏ မျက်နှာက တောင့်တင်းသွားသော်လည်း သူသည် ချက်ချင်း တောက်ပစွာပြုံး၍ ပြန်ဖြေလိုက်သည်။
“ရပါတယ် ခင်ဗျ”
“ဒါဆိုရင် လက်ဖက်ခြောက်များများနဲ့ ခပ်ပြင်းပြင်းလေး ဖျော်ပေးပါ”
အမေကျန်က စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ ထို့နောက် သူမသည် ခန်းမထဲရှိ စားပွဲအလွတ်တစ်လုံးကိုမြင်သောအခါ ကျန်ရှအား ထိုနေရာသို့ ချက်ချင်းဆွဲခေါ်သွားတော့သည်။
များသောအားဖြင့် ပထမထပ် ခန်းမထဲရှိ လူအများစုသည် စီးပွားရေး၊ နိုင်ငံရေးအကြောင်းအရာများကို ပြောဆိုဆွေးနွေးနေကြသောကြောင့် ပတ်ဝန်းကျင်က သက်တောင့်သက်သာ မရှိသဖြင့် ဝန်ထမ်းများသည် စိတ်အေးလက်အေး အနားယူချင်သူများကို ဒုတိယထပ်သို့ လိုက်ပို့ပေးလေ့ရှိ၏။
ထိုသားအမိနှစ်ယောက်သည် ဤမျှ သတ္တိရှိလိမ့်မည်ဟု ဝန်ထမ်းလေးက တစ်ခါမှ မတွေးမိခဲ့ပေ။
ဤနေရာသို့လာကြသော ဧည့်သည်အများစုသည် စျေးနှုန်းကို ဂရုမစိုက်ကြ။ လက်ဖက်ရည် စာရင်းစာရွက်အတိုင်း မှာယူသောက်သုံးကြ၍ သူတို့က ပိုက်ဆံရှင်းမည့်အချိန်မှသာ ဝန်ထမ်းများက အခမဲ့သောက်သုံးနိုင်ကြောင်း ပြောပြကြခြင်း ဖြစ်သည်။ ထိုအခါ စျေးကြီးသော လက်ဖက်ရည်ကို မှာယူသောက်သုံးထားကြသည့် ဧည့်သည့်အနည်းစုက အားတုံ့အားနာဖြစ်နေကြသေး၏။ သို့ရာတွင် ဤသားအမိနှစ်ယောက်ကမူ ဝင်လာပြီးနောက် ချက်ချင်း လက်ဖက်ရည်နှစ်အိုး မှာခဲ့သည်။
“သူတို့က လမ်းဟိုဘက်က ‘မူလ ပထမ’ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ရဲ့ အမျိုးသမီးနဲ့သားလေ”
ထိုအခါ အခြားဝန်ထမ်းတစ်ယောက်က ရောက်လာပြီး ရှင်းပြလိုက်၏။
“အရင်က ကျွန်တော် သူတို့ဆိုင်မှာ လုပ်ဖူးတယ်။ သူတို့က အရမ်းတွန့်တိုတာ”
လက်ဖက်ရည်ဖျော်ရာ၌ သုံးရသော လက်ဖက်ခြောက်ပမာဏသည် လက်ဖက်ရည်အမျိုးအစားကိုလိုက်၍ ကွာခြားသည်။ သို့သော် ကျန်ဝမ်ရှန်း ဖျော်သည့် လက်ဖက်ရည်များကမူ အမြဲတမ်း အချိုးအဆ အတူတူပင် ဖြစ်သည်။
“သူတို့ဆိုင်က ဖူအာ လက်ဖက်ရည်တစ်အိုးက ယွမ်ခြောက်ရာကနေ ယွမ်ထောင့်သုံးရာကျော်အထိ ရှိတယ်။ ဒါပေမယ့် အဲဒီလက်ဖက်ရည် ဖျော်တိုင်း လက်ဖက်ခြောက် ဆယ့်ခြောက်ဂရမ်ပဲ အများဆုံးသုံးနေကျလေ”
ဝန်ထမ်းတစ်ယောက်က ပြောလိုက်၏။
ဖူအာ လက်ဖက်ခြောက်ရိုးရိုး ငါးရာဂရမ်သည် ယွမ်သုံးသောင်းမှ ယွမ်ငါးသောင်းအထိသာ ပေးရသည်။ သေချာတွက်ကြည့်ပါက ကျန်မိသားစု မည်မျှ အမြတ်ကြီးစားထားကြောင်း သိနိုင်လေ၏။
ချူးရုန်ကမူ ထိုကဲ့သို့ လက်ဖက်ရည်အပေါ် လေးစားမှုမရှိဘဲ ငွေရှာရန်သက်သက် အသုံးချသူများကို အလွန်မုန်းသည်။ သို့သော် သူ၏ ဘေးတွင်ရှိသော ကျင်းယွင်ကျောင်းက မျက်ခုံးပင့်၍ ပြုံးလိုက်ပြီး ...
“သူတို့က လိုချင်တယ်ဆိုမှတော့ ချပေးလိုက်ပါ။ သူတို့က လက်ဖက်ရည်ကို တန်ဖိုးမထားရင် သေချာပေါက် အရသာကိုလည်း နားလည်မှာ မဟုတ်ဘူး”
သူမတို့သည် ဆိုင်၏ဂုဏ်သတင်းနှင့် စားသုံးသူဧည့်သည့်များ၏ ယုံကြည်စိတ်ချမှုကို လိုချင်သေးသည်။ နေ့လည်နှစ်နာရီမထိုးခင် အားလုံး အခမဲ့ဟုပြောထားသောကြောင့် ထိုတောင်းဆိုချက်အား မငြင်းနိုင်ပေ။
သို့ရာတွင် မူလ ပထမ လက်ဖက်ရည်ဆိုင်မှ လူများသည် ဤနေရာသို့ အမှန်တကယ်ပင် လက်ဖက်ရည်သောက်ရန် ရောက်နေကြ၏။ အကယ်၍ အခြားသူများက ထိုအကြောင်းကိုသိသွားပါက မည်သို့တွေးမည်နည်း။
ကျင်းယွင်ကျောင်းသည် ချက်ချင်းပင် ဝန်ထမ်းတစ်ယောက်ကိုရှာကာ အနီးအနားပတ်ဝန်းကျင်သို့ လှည့်ပတ်သွား၍ သတင်းဖြန့်ခိုင်းလိုက်၏။
မကြာမီ ကျန်မျိုးနွယ် သားအမိမှာထားသည့် လက်ဖက်ရည်ကို ဝန်ထမ်းတစ်ယောက်က သွားပို့ပေးလိုက်လေသည်။
Chapter 306 : အခွင့်ကောင်းယူခြင်း
အမေကျန်က ဝန်ထမ်းလေး လက်ဖက်ရည်လာချပေးသည်အား စောင့်ကြည့်နေပြီးနောက် ခပ်တိုးတိုးရယ်လိုက်သည်။
ဤ ကျွင်းရှန်ယင်းကျန်း လက်ဖက်ရည်အစစ်အား တော်ဝင်လက်ဖက်ရည်ဟုပင် ယူဆနိုင်၍ စျေးအချိုဆုံး အမျိုးအစားသည်ပင် ယွမ်နှစ်ထောင်ကျော်တန်၏။ ပထမတန်းစား အဆင့်ဆိုပါက သေချာပေါက် ယွမ်သောင်းနှင့်ချီ၍ တန်ပေသည်။ အကယ်၍ စျေးပေါသော လက်ဖက်ရွက်အမျိုးအစားကိုသာ သုံးထားပါက ယွမ်တစ်ရာကျော်ခန့်သာ ကျမည်ဖြစ်၏။
အစောပိုင်းက သူမသည် ပထမတန်းစားအဆင့် လက်ဖက်ရည်ကိုသာ လိုချင်ကြောင်းပြောထားခဲ့သဖြင့် သူတို့ကသာ သူမအား စျေးပေါသောအမျိုးအစားကို ပေးလာပါက ငြိမ်ခံနေမည် မဟုတ်။
လက်ဖက်ရည်အိုးကို ချပြီးသည့်နောက် အမေကျန် ပထမဆုံးလုပ်သည့်အရာမှာ လက်ဖက်ရည်အိုးထဲသို့ ငုံ့ကြည့်ခြင်းဖြစ်သည်။ လက်တွေ့၌ သူမ၏ ခင်ပွန်းဖြစ်သူသည် ဤနယ်ပယ်၌ နှစ်အတော်ကြာအောင် ကျင်လည်ခဲ့ပြီး ဖြစ်၏။ သူ့ဆီမှ ရရှိသော ဗဟုသုတအချို့ကြောင့် သူမသည် သုံးထားသောကုန်ကြမ်းပစ္စည်း ကောင်း၊ မကောင်းကို ခွဲခြား၍ ပြောနိုင်သေးသည်။
ထို့နောက် သူမသည် အိုးအတွင်းထဲ၌ ကျကျနနနေရာယူထားသော လက်ဖက်ရွက်များ၏ အရှည်နှင့် အရွယ်အစားကို မြင်လိုက်ရ၏။ လက်ဖက်အညွှန့်လေးများ၏ အတွင်းဘက် မျက်နှာပြင်သည် ရွှေအိုရောင်သန်းနေပြီး အပြင်ဘက်၌ အဖြူရောင်ပျပျပြေးနေရာ လုံးဝ အကောင်းပကတိဖြစ်ကြောင်း ဖော်ပြနေ၏။ ထို့အပြင် လက်ဖက်ရွက်များကို တင်းတင်းကြပ်ကြပ် စည်းထား၍ အရွယ်အစားမှာလည်း အပ်ကလေးများကဲ့သို့ ချွန်မြနေကာ လက်ဖက်ရွက် အစစ်အမှန်၏ ဝိသေသလက္ခဏာအားလုံးကို ပိုင်ဆိုင်ထားလေသည်။
ထိုအခါ အမေကျန်က နှုတ်ခမ်းကိုမဲ့လိုက်၏။
သူတို့က တကယ် စေတနာပါတာပဲ။
တကယ်တမ်း ဆိုင်ထဲတွင်ရှိသော လက်ဖက်ရွက်များအားလုံးသည် အလွန်စျေးမကြီးပေ။ ယွမ်တစ်ရာ မကျော်သော လက်ဖက်ခြောက်သုံးထားသည့် လက်ဖက်ရည်အိုးများသည် ဆိုင်တိုင်းတွင် ရနိုင်၏။ သို့သော် ကျင်းယွင်ကျောင်းကမူ တစ်ချိန်တည်းမှာပင် လက်ဖက်ခြောက်ကိုလည်း ကုန်ပစ္စည်းတစ်ခုအဖြစ် ဆိုင်တွင် တင်ရောင်းသောကြောင့် သူမသည် သာမန်လက်ဖက်ခြောက်ကို ဝယ်မသုံးနိုင်ခြင်း ဖြစ်သည်။
ထို့နောက် အမေကျန်သည် လက်ဖက်ရည်နှစ်အိုးကိုကြည့်၍ ရင်ထဲ၌ မသက်မသာဖြစ်လာ၏။
သည်လက်ဖက်ရည်ဆိုင်ပိုင်ရှင်က ဘယ်လောက်တောင် ချမ်းသာလို့ သည်လို အဖိုးတန်လက်ဖက်ခြောက်တွေကို အလွယ်တကူ သုံးနိုင်ရတာလဲ။
မည်သို့ပင်ဆိုစေကာမူ ဤအရာသည် လက်ဖက်ခြောက်များများ သုံးမထားသည့် လက်ဖက်ရည်တစ်အိုးသာဖြစ်၏။ သို့ဖြစ်၍ သူတို့သည် ပိုင်ရှင်အား ဆက်လက်၍ သူတို့အပေါ် အခွင့်ကောင်းယူခွင့်မပြုနိုင်ပေ။ ထို့ကြောင့် သူတို့သည် လက်ဖက်ခြောက်နည်းနည်းထပ်ထည့်ပြီးမှသာ သောက်သုံးသင့်သည်။
သို့သော် အမေကျန် မသိလိုက်သည်မှာ လက်ရှိအချိန်၌ ကျင်းယွင်ကျောင်း အနီးနားပတ်ဝန်းကျင်သို့ သတင်းဖြန့်ရန် လွှတ်လိုက်သော ဝန်ထမ်းလေးသည် မူလ ပထမ လက်ဖက်ရည်ဆိုင်၌လည်း အလုပ်လုပ်ခဲ့ဖူး၍ သူသည် ဤပတ်ဝန်းကျင်နှင့် ကောင်းစွာ ရင်းနှီးကျွမ်းဝင်နေ၏။ ထို့နောက် ဝန်ထမ်းလေးသည် သူနှင့် ရင်းနှီးသော ဆိုင်အချို့သို့သွား၍ နှုတ်ဆက်လိုက်ကာ ရောက်တတ်ရာရာ စကားထိုင်ပြောနေသည်။
ထိုရောက်တတ်ရာရာ စကားဝိုင်းသည် ဆိုင်အသစ်နှင့် ဆိုင်အဟောင်းကို ဟိုဟိုဒီဒီ နှိုင်းယှဥ်၍ ပြောဆိုနေကြရာ အလိုလိုပင် သူတို့နှစ်ဆိုင်ကြားရှိ ကွာခြားချက်သည် ပို၍သိသာလာ၏။
“ကျွန်တော် ဆိုင်ရှင်ကို တစ်ခါမှ မမြင်ဖူးဘူး။ အခု ကျွန်တော်တို့ဆိုင်မှာ မန်နေဂျာပဲရှိတာ။ ဘော့စ်က တကယ်ကို လူလုံးထွက်မပြဘူးဗျာ”
ဝန်ထမ်းလေးက ပြုံး၍ ပြောလိုက်သည်။
ဆိုင်တစ်ဆိုင်လုံးတွင် ချူးရုန်မှ လွဲ၍ မည်သူမှ ဘော့စ်ဖြစ်သူကို မသိကြချေ။
ထို့အပြင် သူတို့သည် ကျင်းယွင်ကျောင်းအား ချူးရုန်၏ သူငယ်ချင်းခေါ်လာသည့် အလုပ်သင် သမားတော်လေးတစ်ယောက်ဟုသာ ထင်နေကြသည်။ လက်တွေ့တွင်လည်း ဧည့်သည်များက သူမအား သမားတော်ဟုသာ ခေါ်ကြရာ လူတိုင်းသည် ထိုအကြောင်းကို များများစားစား မတွေးကြတော့ပေ။
“ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်က မင်းတို့လို ဝန်ထမ်းတွေကို ဘယ်လိုဆက်ဆံလဲ။ မူလ ပထမ လက်ဖက်ရည်ဆိုင်ထက် ပိုကောင်းလား”
အတင်းအဖျင်း ဝါသနာပါသည့် အိမ်ရှင်မတစ်ယောက်က မေးလိုက်၏။
လက်တွေ့၌ သူတို့သည် တစ်လမ်းတည်းသားချင်းများ ဖြစ်နေကြသောကြောင့် လက်ရှိအခြေအနေအား အချိန်နှင့်တပြေးညီ သိထားရမည် ဖြစ်သည်။ အနာဂတ်၌ ထိုသတင်းများက သူတို့နှင့်ဆက်ဆံရာတွင် အသုံးဝင်လာမည်ဟု မည်သူသိမည်နည်း။
ထိုအခါ ဝန်ထမ်းလေးက ခေါင်းညိတ်ပြလိုက်ပြီး ပြန်ဖြေလိုက်သည်။
“ဒီဆိုင်က ဆက်ဆံတာက သေချာပေါက် ပိုကောင်းတာပေါ့ဗျာ။ ကျွန်တော်တို့ ဘော့စ်နဲ့ တစ်ခါမှမတွေ့ဖူးပေမယ့် သူက ကျန်ဝမ်ရှန်း ကျွန်တော်တို့ကို ဆက်ဆံတာထက် ပိုပြီးတော့ ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်။ မန်နေဂျာက ပြောတယ်၊ ဆိုင်မှာ ရက်လွန်သွားတဲ့ ပစ္စည်းတွေကို မထားဘူးတဲ့။ အထူးသဖြင့် ဘီစကစ်လို ပစ္စည်းတွေပေါ့။ ဒါတင်မကဘူး၊ ဆိုင်မှာ တစ်ရက်တည်းနဲ့ ရောင်းမကုန်တဲ့ပစ္စည်းတွေကို ညဘက် ကျွန်တော်တို့ အိမ်ပြန်ရင် ယူသွားလို့ရတယ်။ အဲ့အချက်က ဒီနေ့ မကုန်တဲ့ ပစ္စည်းတွေကို နောက်တစ်နေ့မှာ ဆက်ရောင်းတတ်တဲ့ ကျန်ဝမ်ရှန်းနဲ့ လုံးဝတခြားစီပဲ။ ပြီးတော့ သူက ပစ္စည်းတွေ ရောင်းမထွက်ရင်တောင်မှ ပုပ်သိုးသွားတဲ့အထိ သူ့ဟာသူ သိမ်းထားတာရယ်။ အဲဒါထက် အခု ကျန်ဝမ်ရှန်းရဲ့ မိန်းမနဲ့သားက ကျွန်တော်တို့ဆိုင်ကို ရောက်နေတယ်”
သူတို့သည် လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖြစ်သော်လည်း အတူပါလာသည့် ဧည်သည့်အချို့က လက်ဖက်ရည် မကြိုက်တတ်သောကြောင့် ဆိုင်တွင် ဘီစကစ်နှင့် အသီးများ တင်ထားရခြင်းဖြစ်၏။
ကျန်မိသားစုမှ ဇနီးနှင့်သား ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်သို့ ရောက်နေသည်ဟု ကြားသောအခါ အတင်းပြော ဝါသနာပါသော အိမ်ရှင်မက စိတ်လှုပ်ရှားစွာ ထပ်မေးလိုက်သည်။
“သူတို့က ဒီကို ဘာလာလုပ်ကြတာတုန်း”
“ကျွန်တော်တို့ ဆိုင်ရဲ့လက်ဖက်ရည်က အကောင်းဆုံးဆိုတော့ သူတို့ အရသာလာမြည်းကြတာများ ဖြစ်နိုင်မလား။ အဲဒါထက် ခင်ဗျားတို့ လျစ်လျူရှုထားလို့မရတာ ရှိသေးတယ်။ ကျန်မိသားစုက တအားကပ်စေးနဲတယ်ဆိုတာ ခင်ဗျားတို့အားလုံးလည်း သိတာပဲ။ အခု ကျွန်တော်တို့ဆိုင်က နေ့လည် နှစ်နာရီမထိုးမချင်း အလကားတိုက်တယ်ဆိုတာ သူတို့ သိသိချင်း စျေးအကြီးဆုံးလက်ဖက်ရည်နှစ်အိုးမှာပြီး အငမ်းမရသောက်တော့တာပဲ”
ထို့နောက် ဝန်ထမ်းလေးက ဒေါသတကြီး ဆက်ပြောပြန်၏။
“သူတို့သောက်နေတဲ့ လက်ဖက်ရည်တစ်အိုးက အပြင်မှာဆို ယွမ်ရာနဲ့ ချီပြီး ပေးရတာဗျ။ အရှက်မရှိချက်ပဲ”
Chapted 307 : အကြီးအကျယ် ရှုံးနိမ့်သူ
ဝန်ထမ်းလေးသည် စကားများများပြောမိလျှင် မကောင်းမှန်းသိသဖြင့် ခဏမျှသာ ဟောင်ဖွာဟောင်ဖွာပြောပြီးနောက် ငြိမ်နေလိုက်သည်။
အစောပိုင်းက ဝန်ထမ်းလေးနှင့် စကားပြောနေသော အိမ်ရှင်မသည် အတင်းအဖျင်းပြော ဝါသနာပါသူဖြစ်ကြောင်း ဆိုင်နီးချင်းအားလုံး သိကြ၏။ သူမက လူတစ်ယောက်ဆီမှ ကြားခဲ့သောသတင်းတစ်ပုဒ်ကို နောက်တစ်နေ့တွင် နေရာအနှံ့ လိုက်ဖြန့်တတ်သည်။
ထို့ကြောင့် မျှော်လင့်ထားသည့် အတိုင်းပင်၊ အိမ်ရှင်မသည် ဝန်ထမ်းလေး ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်သို့ ပြန်သွားသည်အား မြင်သည်နှင့် ချက်ချင်း မတ်တပ်ထရပ်လိုက်ပြီး သူမ၏ မိတ်ဆွေများဆီသို့ အတင်းအဖျင်းပြောရန်အတွက် စိတ်လှုပ်ရှားစွာ ပြေးသွားတော့၏။
ကျန်မိသားစု လက်ဖက်ရည်ဆိုင်သည် စီးပွားရေးကောင်းစဥ်အခါက စိတ်ကြီးဝင်၍ သူတို့အပေါ် မတူသလို မတန်သလို ဆက်ဆံခဲ့သည်။ သို့သော် လွန်ခဲ့သည့် နှစ်လအတွင်း လက်ဖက်ရည်ဆိုင်သည် သရဲအိမ်ကဲ့သို့ ခြောက်ကပ်သွား၍ လူများစွာက သူတို့အား ဟာသလုပ်၍ လှောင်ပြောင်ရန် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြ၏။ ထို့အပြင် ယခု ကျန်မိသားစုမှ သားအမိနှစ်ယောက်သည် ကျောက်စိမ်းဝိညာဥ် လက်ဖက်ရည်ဆိုင်ထဲ၌ တစ်ခုခုလုပ်ရန် ရောက်နေကြသည်ဖြစ်ရာ လူအများသည် သူတို့အကြောင်း မည်သို့ အတင်းမပြောဘဲ နေနိုင်ဦးမည်နည်း။
ခဏအတွင်းမှာပင် ထိုပတ်ဝန်းကျင်၌ ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။
သူတို့က သူတို့ရဲ့ လက်ဖက်ရည်ဆိုင် အရှုံးပေါ်ရုံတင်မကဘူး၊ သူတစ်ပါးရဲ့စီးပွားရေးကိုပါ သွားပြီး ဒုက္ခပေးတဲ့အထိ အတင့်ရဲနေကြသေးတာလား။ သည်လို လူမျိုးတွေက အနိုင်ကိုပဲ လက်ခံနိုင်ပြီး အရှုံးကို လက်ခံနိုင်စွမ်းမရှိတဲ့ လူစားမျိုးတွေပဲ။
ဆိုင်နီးချင်းများ၏ အတင်းအဖျင်းပြောသည့်စွမ်းအားကို အထင်မသေးသင့်ပေ။
ဥပမာအားဖြင့် အခြားဆိုင်မှ စျေးဝယ်သူများသည် လက်ဖက်ရည်သောက်ချင်သော်လည်း မည်သည့်ဆိုင်က ပိုကောင်းသည်ကို မဆုံးဖြတ်နိုင်ပါက ဆိုင်နီးချင်းများက မည်သည့်ဆိုင်က ပိုကောင်းကြောင်း စတင်၍ အတင်းအဖျင်းပြောကြလိမ့်မည်ဖြစ်သည်။
အထူးသဖြင့် ယနေ့သည် ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင် စဖွင့်သည့်နေ့ဖြစ်ရာ စျေးဝယ်သူများစွာက အခြေအနေမေးနေကြ၏။
“ရှင်က အဲ့လက်ဖက်ရည်ဆိုင်အကြောင်း မေးတာလား။ ကျွန်မကြားတာကတော့ ဆိုင်က ဖွင့်တာမကြာသေးပေမယ့် အရသာက အရမ်းကောင်းလွန်းလို့ မူလ ပထမ လက်ဖက်ရည်ဆိုင်က ကပ်စေးအိုးမိသားစုတောင် သွားသောက်ကြတဲ့အထိပဲတဲ့”
ထိုကဲ့သို့ အဓိပ္ပါယ်ရသည့် စကားများအား တစ်နေကုန် ကြားနေရတော့သည်။
ထိုအချိန်၌ ကျန်မျိုးနွယ် သားအမိနှစ်ယောက်သည် ကောလဟာလများပြန့်နေသည်ကို သတိမထားမိသေးဘဲ လက်ဖက်ရည်သောက်နေကြ၏။
ကျန်မိသားစုသည် လက်ဖက်ရည်ရောင်းသော်လည်း အမေကျန်သည် လက်ဖက်ရည် မကြိုက်ပေ။ သူမသည် ခါးသက်သက် လက်ဖက်ရည် အရသာထက် ချိုမြမြ စွပ်ပြုတ်များကိုသာ ပိုသောက်လေ့ရှိသည်။
ယခုအခါ လက်ဖက်ရည်နှစ်အိုးမှ သူမ သောက်လိုက်သော လက်ဖက်ရည် ပမာဏက အတော်များသွားသည်ဖြစ်ရာ ပျို့အန်ချင်လာ၏။
သို့သော် ထိုကိစ္စသည် အရေးမကြီးပေ။ လက်ရှိ ခန်းမထဲရှိ အခြေအနေက ထူးဆန်းနေသည်ဟု သူမ ခံစားနေရသည်။
ယခု ဤနေရာ၌ ရှိနေသော ဧည့်သည်များသည် သူမတို့၏ ဆိုင်သို့ လာနေကျဖောက်သည်များနှင့် မတူပေ။ ဤဧည့်သည်များသည် လေးနက်သောအမူအယာရှိ၍ အားလုံးက အနောက်တိုင်းဝတ်စုံများကို နက်ကတိုင်များနှင့် တွဲဖက် ဝတ်ဆင်ထားကြပြီး ဤနေရာ၌ သက်တောင့်သက်သာနေရန် လာကြခြင်း မဟုတ်ဘဲ အရေးကြီးသည့်ပွဲတစ်ခုကို လာတက်သည်နှင့် တူနေသည်။
“အမေ၊ ဒီလက်ဖက်ရည်က အရသာလည်း မရှိဘဲနဲ့ ဘာလို့ စျေးကြီးနေတာလဲ”
ကျန်ရှက တဲ့တိုးပင် ထုတ်မေးလာ၏။
ဤတစ်ကြိမ်၌ ပိုက်ဆံပေးစရာ မလိုသောကြောင့် ဘုရားသခင်အား ကျေးဇူးတင်မိသည်။ သို့မဟုတ်ပါက သူတို့ အမှန်တကယ် ကံဆိုးခြင်းပင်။
ငါတို့ မိသားစုရဲ့စီးပွားရေးအခြေအနေက ဆိုးသထက်ဆိုးလာတာ အံ့သြစရာ မဟုတ်တော့ပါဘူး။ ဒီလိုအရသာကြီးကို ဘယ်သူက သောက်မှာလဲ။ ငါတို့ ခေတ်နဲ့ အညီလိုက်ပြီးတော့ ကော်ဖီဆိုင်လေး ဖွင့်သင့်တာ မဟုတ်လား။
ထိုအခါ အမေကျန်က သူ့အား တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။
“မင်း နားမလည်ပါဘူး။ လူယဥ်ကျေးတွေက ဒါမျိုးသောက်ရတာကို သဘောကျတာ”
သူမတို့၏ ဆိုင်သို့လာသော ဧည့်သည်များက လက်ဖက်ရည်သောက်ခြင်းသည် ဘဝ၏ အခက်အခဲများနှင့် ပျော်ရွှင်မှုများကို တစ်ပြိုင်နက်တည်း ခံစားရစေသည်ဟု ပြောခဲ့ကြသည်အား သူမ သတိရသွား၏။ ထို့အပြင် လက်ဖက်ရည်ဖျော်နေစဥ် လက်ဖက်ရွက်များ အပေါ်အောက်ရွေ့လျားနေသည်က ဘဝ၏ တက်လိုက်ကျလိုက် လောကဒဏ်နှင့် တူသည်ဟုလည်း သူတို့က ပြောခဲ့ဖူးသည်။
သူမက သူတို့၏ ဆိုလိုရင်းအား အမှန်တကယ်ပင် နားမလည်နိုင်သော်လည်း လက်ဖက်ရည် စသောက်လိုက်သည်နှင့် သူတို့သည် ပို၍ အိန္ဒြေကြီးလာပြီး တိတ်ဆိတ်သွားကာ သူတို့၏ စကားများကလည်း ပို၍ ယုတ္တိရှိလာမှန်း သူမ သိပေ၏။
ထိုအခါ ကျန်ရှက မဲ့လိုက်ပြီး မသိမသာ ခေါင်းယမ်းကာ တုံ့ပြန်လိုက်သည်။
အမေကျန်သည် သူမ၏ အရှေ့ရှိ လက်ဖက်ရည်ခွက်လေးအား မော့သောက်လိုက်ရင်း ပတ်ဝန်းကျင်အား အကဲခတ်လိုက်ရာ အခြားဧည့်သည်များက လက်ဖက်ရည်၏ အနံ့အရသာနှင့် ပတ်သတ်၍ မဆုံးနိုင်အောင် ချီးကျူးနေသည်ကို ကြားလိုက်ရသဖြင့် သူမ၏ ရင်ထဲ၌ ပို၍ ခါးသီးသွားတော့၏။
ထို့နောက် ခဏမျှ အခြေအနေအား စဥ်းစားချင့်ချိန်လိုက်ပြီးနောက်တွင် သူမသည် ရုတ်တရက် ဗိုက်ကိုဖိလိုက်ပြီး စတင်အော်ဟစ်တော့သည်။
“အား...နာလိုက်တာ၊ ရှောင်ရှ၊ အမေ့ဗိုက်က နာလိုက်တာ။ အစာ အဆိပ်သင့်တာများလား”
တစ်ချိန်တည်းမှာပင် သူမသည် သူမ၏ လက်ဖက်ရည်ခွက်ကို အသာတွန်းချလိုက်သည်။ သို့သော် သူမသည် လက်ဖက်ရည်များ မပေချင်သောကြောင့် ကြမ်းပြင်ပေါ်တွင်သာ လူးလိမ့်နေသည်။
သူမ၏ ပြင်းထန်သော တုံ့ပြန်မှုက ခန်းမအတွင်းရှိလူများအား ထိတ်လန့်လွန်း၍ တောင့်ခဲသွားစေ၏။
ဧည့်သည်အများစုသည် ဒုတိယထပ်တွင်ရှိသော်လည်း ခန်းမထဲ၌ အနည်းအကျဥ်းကျန်နေသေးသည်။ အမေကျန်၏ ဖြစ်အင်ကိုမြင်သောအခါ သူတို့၏ မျက်နှာများသည် ချက်ချင်း ဖြူဆုတ်သွားကြ၏။
အခုတလော ဘာတွေဖြစ်နေတာလဲ။ ပထမဆုံး မူလ ပထမ လက်ဖက်ရည်ဆိုင်မှာ လူတွေအဆိပ်သင့်ပြီးတော့ သေလုနီးပါးဖြစ်တယ်။ ဒါပေမယ့် အခု လက်ဖက်ရည်ဆိုင်အသစ်ဖွင့်တဲ့ ပထမဆုံးနေ့မှာပဲ လူတစ်ယောက်ထပ်ဖြစ်ပြန်ပြီ။ အခု လက်ဖက်ရွက်တွေ အကုန်လုံးမှာ ချို့ယွင်းချက်ရှိနေတာများလား။
Chapter 308 : လက်ဖက်ရည်က မသန့်ဘူး
ကျေးဇူးတင်ရမည်မှာ ခန်းမထဲရှိ လူအများစုသည် အတွေ့အကြုံများစွာရှိသည့် အရည်အချင်းရှိသူများဖြစ်ပြီး ယခင်ကထက်ပို၍ အလေးအနက်ရှိနေကြသောကြောင့် သူတို့သည် ထိတ်လန့်နေကြသော်လည်း ဝရုန်းသုန်းကား မဖြစ်ပေ။ ထို့အပြင် သူတို့သည် ကျင်းယွင်ကျောင်းက သမားတော်တစ်ယောက်မှန်းသိ၍ ဝန်ထမ်းများသည် အကူအညီတောင်းရန်အတွက် ချူးရုန်ကို လိုက်ရှာနေကြသည်။
လူတစ်ယောက် သူတို့၏ လက်ဖက်ရည်ကို သောက်ပြီးနောက် ဗိုက်နာနေသည်ဟု ကြားသောအခါ ချူးရုန်သည် ထိတ်လန့်သွား၍ တစ်ချိန်တည်းမှာပင် နားမလည်နိုင်ဖြစ်သွား၏။
ထို့ကြောင့် သူမသည် ကျင်းယွင်ကျောင်းနှင့်အတူ ထိုနေရာသို့ အပြေးအလွှားသွားကြည့်ရာ နစ်နာသူသည် ကျန်မိသားစုဝင်ဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် သူမ၏ နားမလည်နိုင်ဖြစ်နေမှုများ ရုတ်ချည်း ရှင်းလင်းသွားလေသည်။
သည်မိန်းမက သည်လိုမျိုး ဟန်ဆောင်နေသေးတယ်။ သူက ကိစ္စတွေကို သေချာမစဥ်းစားဘဲနဲ့ အတော် စိတ်မရှည်တာပဲ။ သူက အစာအဆိပ်သင့်ချင်ယောင်ဆောင်ပြီး ငါတို့ကို စွပ်စွဲချင်တယ်ဆိုရင်တောင်မှ သူတို့နဲ့ မပတ်သတ်တဲ့ ဘေးလူတစ်ယောက်ကို လုပ်ခိုင်းသင့်တာလေ။ တကယ်လို့ သူသာ အလိမ်ပေါ်သွားရင် သူ့ဂုဏ်သိက္ခာက ဘယ်ရောက်သွားမလဲ။
လက်တွေ့၌ အမေကျန်သည်လည်း သူမ၏ လုပ်ရပ်ကို နောင်တရနေ၏။
သူမသည် လူများစွာက ဤလက်ဖက်ရည်ဆိုင်အား ချီးမွမ်းနေကြသည်ကို ကြားပြီးနောက် စိတ်မသက်မသာဖြစ်လာ၍ ထိုစိတ်၏ လှုံ့ဆော်မှုဖြင့် ရုတ်တရက် အဆိပ်မိချင်ယောင်ဆောင်လိုက်ခြင်းဖြစ်သည်။ သို့သော် သူမ သေချာစဥ်းစားကြည့်ပြီးနောက်တွင် သူမ၏ လုပ်ရပ်များ မှားယွင်းနေကြောင်း သတိထားမိသွား၏။
သို့သော် အခြေအနေများက ဤအဆင့်အထိရောက်နေပြီဖြစ်ရာ သူမသည် ကြိတ်မှိတ်၍သာ လက်ခံလိုက်ရပြီး ဆက်၍ ဟန်ဆောင်နေလိုက်သည်။
ထို့အပြင် ယနေ့သည် လက်ဖက်ရည်ဆိုင်ဖွင့်ပွဲနေ့ဖြစ်ရာ ဤကဲ့သို့အရေးကြီးသောကိစ္စသည် ဆိုင်အပေါ်၌ သေချာပေါက် ကြီးကြီးမားမား အကျိုးသက်ရောက်စေလိမ့်မည်။
အမေကျန်က သူမ၏ ဗိုက်ကို လက်ဖြင့်ညှစ်ထား၍ ကြမ်းပြင်ပေါ်တွင် ထိုင်ကာအော်နေစဥ် ကျင်းယွင်ကျောင်းက သူမအား အေးစက်စက်ကြည့်လိုက်ပြီး မေးလာသည်။
“အန်တီ ကျန်း၊ ရှင် ရှင့်ရဲ့အိမ်မှာ အဆိပ်ပါတဲ့လက်ဖက်ရည်သောက်လာပြီးတော့ ဘာလို့ ကျောက်စိမ်းဝိညာဥ် လက်ဖက်ရည်ဆိုင်မှာ ပြဿနာလာရှာနေတာလဲ”
ထိုအခါ ကျန်ရှက စကားပြောသူဘက်သို့ လှည့်ကြည့်လိုက်ရာ ချက်ချင်းပင် ထိတ်လန့်သွား၏။
ကျင်းယွင်ကျောင်းက ဘာဖြစ်လို့ သည်နေရာမှာ ရှိနေတာလဲ။
ကျင်းယွင်ကျောင်း၏ စကားကို ကြားသောအခါ အမေကျန်က ဒေါသတကြီး ပြန်ဖြေလိုက်သည်။
“ဒီ...ဒီသောက်ကလေးတော့...ငါ တကယ်နာနေ...အား”
ထိုအခါ ကျင်းယွင်ကျောင်းက ရယ်၍ ပြန်ဖြေလိုက်၏။
“စိတ်မပူပါနဲ့၊ ခဏနေရင် ရှင် တကယ် နာ၊ မနာ ကျွန်မတို့သိရမှာပါ”
သူ့ရဲ့မျက်နှာက သွေးရောင်လွှမ်းပြီး အရောင်တောက်နေတာ၊ ခေါင်းအစ ခြေအဆုံး အဆိပ်မိတဲ့လက္ခဏာ လုံးဝ မရှိဘူး။ ဒါတောင် သူက နာလှချည်ရဲ့ဆိုပြီး အော်နေသေးတယ်။ သူက ငါ့ကို အရူးလုပ်ချင်နေတာလား။
ကျင်းယွင်ကျောင်း၏ စကားသည် ကြောက်ရွံ့ထိတ်လန့်နေသော ဧည့်သည်များစွာအား စိတ်သက်သာရာရစေ၍ သူတို့၏ စိတ်ထဲတွင် ဤအခြေအနေအား စဥ်းစား၍ ကောက်ချက်ချလာကြသည်။
သည်အမျိုးသမီးရဲ့ မျိုးရိုးနာမည်က ကျန်၊ ပြီးတော့ သူက သူ့ရဲ့အိမ်ကနေ အဆိပ်ပါတဲ့ လက်ဖက်ရည်သောက်လာတာလား။ ဒါက မူလ ပထမ လက်ဖက်ရည်ဆိုင်က လူတွေက ရည်ညွှန်းနေတာပဲ မဟုတ်လား။
အထူးသဖြင့် သူတို့ အနီးကပ်ကြည့်လိုက်သောအခါ သူမသည် အမှန်တကယ်ပင် ကျန်ဝမ်ရှန်း၏ ဇနီး ဖြစ်နေကြောင်း တွေ့လိုက်ရ၏။ လက်ဖက်ရည်ကြိုက်သူ အများစုသည် မူလ ပထမ လက်ဖက်ရည်ဆိုင်မှ ဖောက်သည်ဟောင်းများဖြစ်ကြရာ ယခင်က အမေကျန်အား သေချာပေါက် မြင်ဖူးကြသည်။
မတူသည်က ကျင်းယွင်ကျောင်းကိုမူ လူအနည်းငယ်ကသာ မှတ်မိကြခြင်းပင်။
တကယ်တမ်း ယခင် သူမ၏ ဗီဒီယိုများကို အင်တာနက်ပေါ်တွင် တင်ခဲ့စဥ်က သူမသည် အေးစက်၍ လက်စားချေလိုသော စရိုက်ဟန်ပန်ရှိသည်။ သို့သော် ယခု နှစ်လခန့်ကြာပြီးနောက်တွင် သူမ၏ စရိုက်မှာ အများကြီး ပို၍ နွေးထွေးလာခဲ့၏။ ထို့အပြင် နေရာလွတ်နယ်မြေထဲတွင်နေသော အချိန်ကလည်း ပိုများလာသဖြင့် သူမ၏ ရုပ်ရည်သည် ပို၍ပင် လှပလာခဲ့သည်။ ထိုအချက်များကြောင့် လူအများစုသည် ယခု ကျင်းယွင်ကျောင်းနှင့် အင်တာနက်ပေါ်မှ ကျင်းယွင်ကျောင်းအား တွဲ၍ မမှတ်မိခြင်းပင်။
“နင် ဘာပြောလိုက်တာလဲ။ ငါ့အမေရဲ့အခြေအနေကိုလည်း ကြည့်ဦး။ မြန်မြန်၊ ဆေးရုံကားခေါ်ပေ”
ကျန်ရှက သူ၏ မိခင်ဖြစ်သူ သရုပ်ဆောင်နေသည်ကို သတိမထားမိသေးသဖြင့် သူ၏ စိုးရိမ်ကြောင့်ကြနေသောပုံစံက စစ်မှန်နေသည်။
ထိုအခါ ကျင်းယွင်ကျောင်းက စားပွဲပေါ်ရှိ လက်ဖက်ရည်အား ကြည့်လိုက်ပြီး ပြန်ဖြေလိုက်၏။
“မလိုဘူး။ ငါက သမားတော်ပဲ”
“တန်ဖိုးရှိတဲ့အရာကို ဖြုန်းတီးလိုက်တာ တကယ်ကို ဝမ်းနည်းစရာပဲ”
ကျင်းယွင်ကျောင်းက စကားပြောရင်း ထိုနေရာသို့ လျှောက်သွားလိုက်ပြီး အမေကျန်အား ခန်းမအလယ်သို့ ဆွဲခေါ်လာလိုက်သည်။ သူမသည် လက်တစ်ဖက်တည်းဖြင့် အမေကျန်၏ လက်ကောက်ဝတ်နှစ်ဖက်ကို ပူးကိုင်၍ ဆွဲလိုက်ကာ အမေကျန်၏ ခန္ဓာကိုယ်ကို သူမ၏ ဒူးဖြင့် ဖိထား၍ မလှုပ်နိုင်အောင် ပုံသွင်းထား၏။
ထို့နောက် သူမ၏ နောက်လက်တစ်ဖက်က အမေကျန်၏ ဗိုက်ကို ဖိလိုက်ရင်း ရယ်၍ မေးလိုက်သည်။
“ဒီနေရာက နာတာလား”
“နာတယ်၊ အရမ်းနာတယ်”
အမေကျန်က မကျေမနပ်ဖြစ်နေသော်လည်း ပြန်ဖြေလိုက်၏။
“ဒီနားဆိုရင်ရော”
ကျင်းယွင်ကျောင်းက မတူသောနေရာတစ်ခုကို ဖိ၍ ထပ်မေးလိုက်သည်။
“အဲဒီနားကလည်း နာတယ်”
ကျင်းယွင်ကျောင်းက ရယ်ရင်း ဆက်မေးလိုက်သည်။
“ဒါဆိုရင် ဒီနေရာရော၊ ဟိုနေရာရောက နာနေတာပေါ့ ဟုတ်လား”
“မှန်တယ်။ ငါ့ဗိုက်က အရမ်းနာနေတာ။ နင်တို့ရဲ့လက်ဖက်ရည်က မသန့်ဘူးဆိုတာ သိသာတယ်”
အမေကျန်က အံကြိတ်ရင်း ပြောလိုက်၏။ လက်တွေ့၌ သူမသည် ရင်ကွဲမြက်အဆိပ်သင့်သည့်ပုံစံကို တစ်ခါမှမမြင်ဖူးပေ။ ထို့ကြောင့် နောက်ဆုံးတွင် သူမသည် လက်ဖက်ရည်က မသန့်ရှင်းဟုသာ စွပ်စွဲရန် ဆုံးဖြတ်လိုက်သည်။
အစားအသောက်မသန့်လို့ ဗိုက်နာတယ်ဆိုတာက ပုံမှန်ပဲ မဟုတ်လား။