← Chapters

အခန်း (၃၀၉-၃၁၂)

Vol. 16 Ch. 309-312

အခန်း (၃၀၉-၃၁၂)

Vol. 16 Ch. 309-312

Chapter 309 : သာမန်အပ်စိုက်နည်း

ကျင်းယွင်ကျောင်းက အမေကျန်အား ဆွဲထားရင်း ချူးရုန်ကို ပြောလိုက်သည်။

“ကျွန်မရဲ့ အိတ်လေးယူလာပေးပါဦး”

ချူးရုန်က ကျင်းယွင်ကျောင်း၏ ရည်ရွယ်ချက်ကို မသိသော်လည်း သူသည် သူမ ခိုင်းသည့်အတိုင်း အိတ်ကို ယူသွားပေးလိုက်၏။ အိတ်က ပေါ့နေသည်ဟု သူက ထင်လိုက်သော်လည်း များများစားစား မတွေးမိပေ။

ထို့နောက် ကျင်းယွင်ကျောင်းက အိတ်ကို လှမ်းယူလိုက်၍ အထဲသို့ မွှေလိုက်ပြီးနောက် လက်ရာမြောက်သော သေတ္တာလေးတစ်လုံးကို ထုတ်ယူလိုက်သည်။

ထို့နောက် သူမက သေတ္တာကိုဖွင့်လိုက်တော့ အထဲ၌ အပ်မျိုးစုံအား အထူအပါးကိုလိုက်၍ သပ်သပ်ရပ်ရပ် စီထည့်ထားသည်ကို လူတိုင်း မြင်လိုက်ကြရ၏။

အခြားစျေးဝယ်များသည် ဘာဖြစ်နေမှန်း မသိကြသော်လည်း ဖိတ်ကြားထားသည့် ဧည့်သည်များကမူ ကျင်းယွင်ကျောင်းသည် ထူးချွန်သော သမားတော်တစ်ယောက်မှန်း သိထားပြီး ဖြစ်သည်။ ထို့နောက် သူတို့သည် ကျင်းယွင်ကျောင်းက ငွေအပ်များအား ထုတ်လာသည်ကို မြင်လိုက်ကြရ၏။

ကျင်းယွင်ကျောင်းက သည်အမျိုးသမီးကို အပ်စိုက် ကုသချင်နေတာများလား။

ထိုအခါ ဤနေရာ၌ရှိနေကြသူ လူအနည်းစုသည် ကျင်းယွင်ကျောင်းအား မလေးစားဘဲ မနေနိုင်တော့ပေ။ သူမသည် အံ့ချီးဖွယ် သမားတော်တစ်ယောက်ဖြစ်သည့်အပြင် အပ်စိုက်ကုထုံးကိုပင် သိနေသေးသည်။ သို့ရာတွင် အပ်စိုက်ကုထုံးဖြင့် ထိုအမျိုးသမီး၏ အဆိပ်ကို ကုသပေးနိုင်မည်ဟု မည်သူသိမည်နည်း။

“နင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ”

ကျန်ရှသည် ငွေအပ်မျှင်လေးများကို မြင်သည်နှင့် ကျင်းယွင်ကျောင်းအား ချက်ချင်း တားလိုက်သည်။

“မဒမ်ကျန်က အဆိပ်မိနေတာဆိုတော့ မမလေးကျင်းက သူ့ကို ကုပေးနေတုန်းမှာ မနှောက်ယှက်ပါနဲ့”

ချူးရုန်က ချက်ချင်းပင် သူ့အား အရှေ့မှ ပိတ်ထားလိုက်၏။

သူသည်လည်း ယနေ့မှ သူ၏ ဘော့စ်ဖြစ်သူသည် သမားတော်တစ်ယောက်ဖြစ်ကြောင်း သိလိုက်ရ၍ ဝန်ထမ်းများသည်လည်း ထိုအရေးကြီးပုဂ္ဂိုလ်များအားလုံးသည် ကျင်းယွင်ကျောင်း၏ လူနာများဖြစ်ကြသည်ကို သိသွားကြ၏။

ထို့နောက် ကျန်ရှသည် ချူးရုန်၏ အားကို မယှဥ်နိုင်၍ နောက်ပြန်ဆုတ်လိုက်ရပြီး အမေကျန်သည်လည်း ငွေအပ်များကိုမြင်သောအခါ ကြက်သီးထသွားသည်။

သည်ငကြောင်မက ဘယ်ကနေရောက်လာတာလဲ။ ပြီးတော့ သူက သွားလေရာကို ငွေအပ်တွေယူသွားနေတာလား။ ငါတို့က ရုပ်ရှင်ရိုက်နေတာလို့ သူက ထင်နေတာလား။ သူက လူတစ်ယောက်ကိုမြင်လိုက်တာနဲ့ အဲဒီလူက ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အပ်လိုက်စိုက်နေတာလား။

“ငါ့ကိုလွှတ်”

အမေကျန်က ဒေါသတကြီး အော်လိုက်သည်။

သို့သော် လက်တွေ့၌ ကျင်းယွင်ကျောင်းသည် ကိုယ်ခံပညာရှင်တစ်ယောက်ဖြစ်၍ အမေကျန်က အားနည်းသော အမျိုးသမီးကြီးတစ်ယောက်သာဖြစ်ရာ မည်သို့ယှဥ်နိုင်မည်နည်း။ သူမသည် သနားစဖွယ်ကောင်းလောက်အောင် ရုန်းကန်နေသော်လည်း တစ်လက်မမျှပင် မရွေ့ချေ။

ထို့နောက် ကျင်းယွင်ကျောင်းက ပြုံးလိုက်ပြီး လက်တစ်ဖက်က ငွေအပ်တစ်ချောင်းကိုကိုင်ကာ ခြိမ်းခြောက်လိုက်သည်။

“တအားမရုန်းနဲ့လေ၊ တော်ကြာ ကျွန်မ, မတော်တဆ နေရာမှားပြီး စိုက်မိသွားရင်ရော။ ရှင့်ရဲ့အသက်ပါ, ပါသွားနိုင်တယ်နော်”

ကျင်းယွင်ကျောင်းသည် ငွေအပ်များကို မကြာသေးမီကမှ ဝယ်ခဲ့ခြင်းဖြစ်၏။ သူမသည် လွန်ခဲ့သော နှစ်လအတွင်း နောက်ထပ် ဝိညာဥ်ကျောက်စိမ်းအပိုင်းလေးပိုင်းကို စုပ်ယူခဲ့ပြီး နောက်ဆုံး ကျောက်စိမ်းအပိုင်းတွင် အပ်စိုက်ကုထုံးအချို့ပါရှိလေသည်။ သို့ရာတွင် ထိုကုထုံးများသည် လွယ်ကူရိုးရှင်း၍ အပေါ်ယံသာဖြစ်၏။ ထို့အပြင် အပ်စိုက်ကုသခြင်းသည် ပထမဆုံးလက်တွေ့ အတွေ့အကြုံအပေါ်၌ အတော်လေး မူတည်သည်။ ထို့ကြောင့် သူမသည် အပ်များကိုဝယ်၍ သူမ၏နေရာလွတ်နယ်မြေထဲတွင် ပြင်းပြင်းထန်ထန် လေ့ကျင့်နေခဲ့ခြင်း ဖြစ်၏။

သူမ၏ စကားကို ကြားသောအခါ အမေကျန်က စိတ်မသက်မသာဖြစ်သွား၍ ပြန်ဖြေလိုက်သည်။

“အရူးမ၊ ငါ စိန်ခေါ်တယ်။ နင် ငါ့ကို အပ်စိုက်ရဲမလားဆိုတာ။ အကယ်လို့ ငါသာ တစ်ခုခုဖြစ်သွားရင် နင့်ကို လုံးဝအလွတ်ပေးမှာ မဟုတ်ဘူး”

“ရှင် ဘာတွေပြောနေတာလဲ။ ရှင်က ဗိုက်နာတယ်ဆိုပြီး အော်ငိုနေလို့ ကျွန်မက ရှင့်ကို ကူညီဖို့ကြိုးစားနေတာ မဟုတ်ဖူးလား”

ထို့နောက် ကျင်းယွင်ကျောင်းက သူမ၏ လက်ထဲရှိ အပ်ကိုမြှောက်၍ အလင်းရောင်အောက်တွင် စစ်ဆေးကြည့်လိုက်ရာ အပ်ထိပ်ဖျားသည် အလင်းပြန်၍ လက်ခနဲဖြစ်သွားပြီး အမေကျန်၏ မည်သည့်ခန္ဓာကိုယ်အစိတ်အပိုင်းကိုမဆို ထိုးဖောက်ပစ်နိုင်သည့်အလားပင်။

ကျင်းယွင်ကျောင်းက အတည်လုပ်နေသည်ကို မြင်သောအခါ အမေကျန်သည် ကြက်သီးများပင်ထလာ၏။

ထို့ကြောင့် သူမသည် ချက်ချင်းပင် အသည်းယားလာ၍ ကပျာကယာ တားလိုက်သည်။

“နင် ငါ့ကို ကုပေးစရာမလိုတော့ဘူး။ ငါ အခု ပိုသက်သာလာပြီ။ ထပ် မနာတော့ဘူး”

ထိုအခါ ကျင်းယွင်ကျောင်းက ခဏရပ်၍ မေးလိုက်၏။

“ရှင် သေချာလား”

အမေကျန်က အလျင်စလို ခေါင်းညိတ်ပြလိုက်သည်။

“အစောပိုင်းတုန်းက အရမ်းနာနေတာ၊ ဒါပေမယ့် အခု နေလို့ကောင်းသွားပြီ။ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ အဆိပ် မဟုတ်လို့ နေမယ်”

အမေကျန်၏ စကားသည် လက်ဖက်ရည်၌ အဆိပ်ရှိသော်လည်း အပျော့စားအဆိပ်ဖြစ်ကြောင်း လူတိုင်းအား ပြောပြနေသည့် အဓိပ္ပါယ်မှန်း အသိအသာပင်။

ထိုအခါ ကျင်းယွင်ကျောင်းက သူမအား လွှတ်ပေးလိုက်ရာ သူမသည် ချက်ချင်းပင် မတ်တပ်ထရပ်လိုက်၏။

“နင်က ဘာဖြစ်နေတာလဲ။ အရင်တုန်းက ငါတို့လက်ဖက်ရည်ဆိုင်မှာ လူနာတွေကို ဆေးတွေလျှောက်တိုက်ခဲ့တယ်။ အခုလည်း နင်က ငါ့ကိုတောင် အပ်နဲ့စိုက်ချင်နေပြီလား။ နင် ရူးနေလား”

အမေကျန်က ကျင်းယွင်ကျောင်း၏ လက်မှ လွတ်သည်နှင့် ချက်ချင်းပင် အော်ပြောလိုက်သည်။

ထိုအခါ ကျင်းယွင်ကျောင်းက ငွေအပ်များကို သေတ္တာလေးထဲသို့ ပြန်ထည့်လိုက်ပြီး အမေကျန် ထိုင်ခဲ့သော ထိုင်ခုံပေါ်သို့ ထိုင်ချလိုက်၏။

ထို့နောက် လက်ကို အသာမြှောက်ပြလိုက်၍ စကားတစ်ခွန်းမှမပြောဘဲ ကျန်မျိုးနွယ် သားအမိသောက်ခဲ့သည့် ရေနွေးအိုးထဲမှ ရေနွေးကို ခွက်ထဲသို့ငှဲ့၍ ချက်ချင်း မော့သောက်လိုက်သည်။

သူမ၏ ခပ်ကြမ်းကြမ်း လုပ်ရပ်များသည် တစ်မျိုးကြည့်ကောင်းနေ၏။ သူမသည် လက်ဖက်ရည်သောက်ပြီးသည်နှင့် ပါးစပ်သုတ်၍ ရေနွေးအိုးကို စားပွဲပေါ်သို့ ဆောင့်ချလိုက်ရာ အချို့လူများ၏ ရင်ထဲ၌ ဒိန်းခနဲပင် ဖြစ်သွားကြသည်။

Chapter 310 : စိတ်ထားယုတ်သော စုန်းမကြီး

“ရှင်က ဗိုက်နာနေတယ်လို့ပြောလို့ ကျွန်မက ရှင့်ကို ကုပေးမယ်ဆိုပြီး ကမ်းလှမ်းခဲ့တယ်။ ဒါပေမယ့် အဆုံးမှာတော့ ရှင်က ကြမ်းပြင်ပေါ်ကို အကြိမ်နည်းနည်းလောက် လှိမ့်ချပြီး တကယ်ပဲ ပြန်ပြီးသက်သာလာတယ်။ အန်တီကျန်၊ ပြိုင်ဘက် လက်ဖက်ရည်ဆိုင်ပိုင်ရှင်ရဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ရှင်က ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်ကို နာမည်ဖျက်ဖို့ မကြိုးစားနေပါဘူးလို့ပြောရင် ဘယ်သူက ယုံမှာလဲ”

ကျင်းယွင်ကျောင်းက တဲ့တိုးပင် ထုတ်ဖော်ပြောကြားလိုက်ပြီး ဆက်ပြောလိုက်သည်။

“အခု ကျွန်မလည်း လက်ဖက်ရည်သောက်ပြီးပြီ။ အရသာလည်း ဘာမှမပြောင်းလဲတဲ့ တစ်အိုးတည်းက လက်ဖက်ရည်ပဲ။ ပြီးတော့ ကျွန်မက ရှင့်ထက် ပိုသောက်ခဲ့တာတောင် အခုထိ ဘာလို့ ကောင်းနေသေးတာလဲ။ ဒါဆိုရင် လက်ဖက်ရွက်တွေက မျက်စိပေါက်ပြီး လူရွေးပြီးများ အဆိပ်သင့်တာလား။ ရှင်က စိတ်ထားယုတ်တဲ့ စုန်းမကြီးမို့လို့များ ပန်းသီး အဆိပ်သင့်တာလား”

ထိုအခါ ချူးရုန်က ကြိတ်ပြုံးလိုက်၏။

ပန်းသီးအဆိပ်သင့်တာ စနှိုးဝှိုက် မဟုတ်ဘူးလား။ ကျင်းယွင်ကျောင်းရဲ့ဗားရှင်းမှာကျ ဘာလို့ စုန်းမကြီးဖြစ်နေတာလဲ။

အမေကျန်၏ အမူအယာက ဖြူဖျော့သွားလိုက် စိမ်းပုတ်သွားလိုက်နှင့် တစ်လှည့်စီပြောင်းနေသည်။

ထိုအချိန်၌ စောင့်ကြည့်နေကြသူအားလုံးသည် အခြေအနေကို နားလည်သွားတော့၏။

အစောပိုင်းက စိုးရိမ်နေကြသည့် ဧည့်သည်အနည်းစုပင် စိတ်သက်သာရာ ရသွားကြသည်။

အကယ်၍ အခြားတစ်ယောက်သာဖြစ်ပါက သူတို့သည် ကျောက်စိမ်းဝိညာဥ် လက်ဖက်ရည်ဆိုင်၏ မသန့်ရှင်းမှုဟု တွေးကြမည်ဖြစ်သော်လည်း နစ်နာသူသည် မူလ ပထမလက်ဖက်ရည်ဆိုင်ပိုင်ရှင်၏ ဇနီး ဖြစ်နေ၏။

မူလ ပထမ လက်ဖက်ရည်ဆိုင်သည် အဘယ်ကြောင့် စီးပွားရေး ယိုယွင်းလာသနည်း။ သူတို့၏ ဆိုင်၌ တစ်ခုခုဖြစ်ခဲ့သောကြောင့် မဟုတ်လား။

ယခုအခါ မူလ ပထမ လက်ဖက်ရည်ဆိုင်သည် စီးပွားရေး မကောင်းတော့သောကြောင့် ကျောက်စိမ်းဝိညာဥ် လက်ဖက်ရည်ဆိုင်ကို မနာလိုမရှုစိမ့် ဖြစ်နေကြသည်။ ထိုကြောင့် ထိုသူတို့သည် ကျောက်စိမ်းဝိညာဥ် လက်ဖက်ရည်ဆိုင်အား စွပ်စွဲရန်အတွက် အလွန်ယုတ္တိရှိသော အကြောင်းပြချက်ကို သုံးခဲ့ခြင်းဖြစ်၏။ မူလ ပထမ လက်ဖက်ရည်ဆိုင်မှ လူများသည် အမှန်တကယ်ပင် ရက်စက်လွန်းလှသည်။ သူတို့သည် ထိုဆိုင်သို့ ဘယ်တော့မှထပ်၍ ခြေချတော့မည် မဟုတ်ပေ။

ထို့အပြင် ကျောက်စိမ်းဝိညာဥ် လက်ဖက်ရည်ဆိုင်မှ လက်ဖက်ရည်သည် မူလ ပထမ လက်ဖက်ရည်ဆိုင်မှ လက်ဖက်ရည်နှင့် ယှဥ်ပါက အများကြီး ပိုကောင်းပေသည်။

တစ်ငုံသောက်လိုက်ရုံနှင့် သင်းပျံ့သော ရနံ့သည် အာခံတွင်းထဲမှ သွားများနှင့် ပါးများအထိပါ စွဲထင်သွား၏။ လက်ဖက်ရည်၏ အရောင်အဆင်းသည်လည်း အရည်အသွေးမြင့် ပစ္စည်းများ သုံးထားကြောင်း ပြသနေသည်။ ယခင်ကမူ, မူလပထမလက်ဖက်ရည်ဆိုင်သည် ဤအနားတစ်ဝိုက်တွင် ဖွင့်ထားသည့် အခြားလက်ဖက်ရည်ဆိုင်များထက် ပို၍ နာမည်ကြီးသောကြောင့် သူတို့သည် ထိုဆိုင်သို့သာ သွားဖြစ်ကြ၏။ သို့သော် ယခု ကျောက်စိမ်းဝိညာဥ် လက်ဖက်ရည်ဆိုင် ဖွင့်လိုက်ပြီဖြစ်ရာ သူတို့သည် ထိုဆိုင်သို့ထပ်၍ သွားကြတော့မည် မဟုတ်ပေ။

ကျောက်စိမ်းဝိညာဥ် လက်ဖက်ရည်ဆိုင်ရှိ ဝန်ထမ်းများအားလုံးသည် အလုပ်ကို အာရုံတစိုက်ရှိ၍ စဥ်းစားတွေးခေါ်တတ်သည်။ ထို့အပြင် အဆာပြေစားစရာများသည်လည်း သန့်ရှင်း၍ လတ်ဆတ်၏။ အခြာလက်ဖက်ရည်ဆိုင်များသည် ဤဆိုင်နှင့် လုံးဝ မယှဥ်နိုင်ပေ။

“ကျင်းယွင်ကျောင်း၊ နင်နဲ့ ကျန်ရှက တစ်ချိန်က အတန်းဖော်တွေပါ။ ငါတို့ရဲ့ကျန်ရှက နင့်ကို စိတ်ပျက်ပြီးတော့ လမ်းခွဲလိုက်ရင်တောင်မှ နင်က အခုချိန်ထိ အငြိုးထားပြီးတော့ လက်စားချေနေစရာမလိုဘူး မဟုတ်လား။ ခုနက နင်က ငါ့ကို အပ်အရှည်ကြီးနဲ့စိုက်ချင်နေတယ်။ ငါ ဘယ်လောက်တောင် နာလိုက်မလဲ။ တကယ်လို့ အပ်က ကျိုးပြီး ငါ့ အသားထဲမှာ ကျန်ခဲ့ရင်ရော၊ နောက်ဆက်တွဲဖြစ်ရပ်တွေက ဘယ်လောက်ပြင်းထန်မယ်ဆိုတာ နင် မသိဘူးလား”

သူမ ဟန်ဆောင်နေသည်ဖြစ်စေ၊ မဆောင်သည်ဖြစ်စေ၊ ဤလက်ဖက်ရည်ဆိုင်၏ ပိုင်ရှင်သည် ကိုယ်တိုင်လူလုံးထွက်ပြ၍ သူမအား ဆေးရုံသို့ လိုက်ပို့သင့်သည်ဟု အမေကျန် ခံစားနေရ၏။

သို့သော် ယခုမူ ပိုင်ရှင်က ထွက်မလာသည့်အပြင် မန်နေဂျာကလည်း တိတ်ဆိတ်နေသည်။ ဆန့်ကျင်ဘက်အနေဖြင့် ကျင်းယွင်ကျောင်းကသာ အမှန်တကယ် လက်ဦးမှုယူ၍ ပါဝင်စွက်ဖက်နေသည်။

သူမကိုယ်သူမ မည်သူဟု ထင်နေသနည်း။ ထို့အပြင် အဘယ့်ကြောင့် သူမသည် လက်ဖက်ရည်ဆိုင်တိုင်း၌ ရှိနေရသနည်း။

လမ်းခွဲတယ် ဟုတ်လား။

ကျင်းယွင်ကျောင်း၏ မျက်လုံးများက မှိန်ဖျော့သွား၏။

ထိုအခါ ကျန်ရှသည် အံ့သြထိတ်လန့်သွားသော်လည်း မိခင်ဖြစ်သူ၏ ကြံရည်ဖန်ရည်ရှိမှုကို ချက်ချင်း ချီးကျူးမိသည်။

ရည်းစားစာများကို ဖျက်ဆီးပြီးသားဖြစ်သောကြောင့် ထိုကိစ္စသည် ပြီးဆုံးသွားပြီဟု ယူဆနိုင်၏။ အကယ်၍ သူတို့ကသာ ကျင်းယွင်ကျောင်းသည် သူ၏ အစွန့်ပစ်ခံခဲ့ရသူတစ်ယောက်ဟု လုပ်ကြံဇာတ်လမ်းဆင်လိုက်နိုင်ပါက သူသည် သေချာပေါက် ပို၍ ကျေနပ်ပီတိ ဖြစ်ရလိမ့်မည်ပင်။

သို့ရာတွင် ထိုစကားကိုကြားသောအခါ ဤနေရာ၌ ရှိနေသူများသည် မယုံကြည်နိုင်စွာဖြင့် ပင့်သက်မရှိုက်ဘဲ မနေနိုင်ပေ။

ကျင်းယွင်ကျောင်းက တကယ်ပဲ သည်လို ရယ်စရာကောင်းပြီး ကြောက်တတ်တဲ့ ကောင်လေးကို ကြိုက်တာလား။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။

အချို့လူများ၏ အတွင်းစိတ်သည် အလွန်ဆိုးဝါးလှသည်။ ချစ်သူရည်းစားများဖြစ်မလာကြသောအခါ သူတို့သည် ရန်သူများအဖြစ်သို့ ပြောင်းသွားကြပြီး တစ်ဖက်လူ၏ ဂုဏ်သတင်းကို ဖျက်ဆီးရန် ကြိုးစားကြသည်။ ဤကောင်လေးသည် ထိုကဲ့သို့လူစားမျိုးပင်။

“အဲ့ စာတွေကို ဖျက်ဆီးလိုက်ပြီလို့ ရှင်က တွေးနေတာလား။ ဒါကြောင့် ကိစ္စတွေကို ဒီလိုမျိူး ရှင့်စိတ်ကြိုက် ပြောချင်သလို ပြောလို့ရပြီလို့များ ထင်နေတာပေါ့”

ကျင်းယွင်ကျောင်းက ရုတ်တရက် ထိုစာများအကြောင်းကို ထုတ်ပြောလာ၏။ ထို့နောက် သူမသည် ပမာမခန့် အမူအယာနှင့် ဖုန်းကိုထုတ်ယူလိုက်ပြီး ဂယ်လာရီကို ဖွင့်လိုက်ရာ ကျန်ရှသည် ကယောင်ခြောက်ခြားဖြစ်သွားသည်။

သူမ၏ ဖုန်းထဲ၌ ထိုရည်းစားစာများ၏ ဓါတ်ပုံများကို အမှန်တကယ်ပင် သိမ်းဆည်းထားသည်အား မြင်လိုက်ရ၏။

စကားလုံးတစ်လုံးချင်းစီတိုင်းသည် ရှင်းလင်းပြတ်သားနေပြီး အထူးသဖြင့် သူ၏ လက်မှတ်ဖြစ်သည်။

ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ယခင်က သူမသည် ထိုရည်းစားစာများကို သူတို့မိသားစုထံမှ ယွမ်တစ်သိန်းနှင့် လဲလှယ်ရန် အသုံးပြုခဲ့ပြီးသားဖြစ်ချေ၏။

Chapter 311 : စကားမတည်ခြင်း

အမေကျန်သည် သူမ၏ ဖုန်းထဲရှိ ဓါတ်ပုံများကိုမြင်သွားသည်နှင့် ဒေါသတကြီး အော်ဟစ်ဆဲဆိုတော့သည်။

“ခွေးမ၊ နင် ဒါက ဘာအချိုးချိုးတာလဲ။ စာနဲ့လဲဖို့အတွက် ငါတို့ နင့်ကို ယွမ်တစ်ထောင်ပေးပြီးသားလေ။ ဒါပေမယ့် နင်က တကယ်တမ်းကျ ကော်ပီကူးထားတာပဲ၊ နင့်စကားနင် မတည်ဘူး”

ရက်စက်လိုက်တဲ့ မိန်းကလေး၊ သူက အခုမှ ဆယ့်ခြောက်နှစ်၊ ဆယ့်ခုနစ်နှစ်ပဲရှိသေးပေမယ့် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ပြီး တန်ပြန်တိုက်ခိုက်ဖို့တွေတောင် လုပ်ထားသေးတယ်။

“အန်တီကျန်၊ ရှင် စကားပြောတာ ပိုပြီးတော့ ယဥ်ကျေးသင့်တယ်နော်”

ကျင်းယွင်ကျောင်းက ဖုန်းကိုကိုင်ထားရင်း ဆက်ပြောလိုက်၏။

“ရှင့်လိုလူမျိုးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျွန်မမှာ ဝှက်ဖဲ မရှိရင် အနာဂတ်မှာ ကျွန်မ ဘာဖြစ်သွားနိုင်မလဲဆိုတာ ဘယ်သူသိမှာလဲ။ လက်ရှိအခြေအနေကိုကြည့်ရင် ကျွန်မ ပြင်ထားတာ အဆင်သင့်ဖြစ်မနေဘူးလား”

အကယ်၍ အခြားသူသာ ဖြစ်ပါက သူမသည် သူတို့၏ ကတိသစ္စာကို ယုံကြည်လက်ခံပေးနိုင်သော်လည်း ကျန်ရှကမူ လုံးဝ မတူပေ။

အတိတ်ဘဝက သူမသည် ကျန်ရှ၏ ချစ်ရေးဆိုမှုများကို ငြင်းပယ်ခဲ့သော်လည်း သူက အချိန်အတော်ကြာ ဆက်လက်နှောက်ယှက်နေခဲ့ရာ သူမသည် ကျန်ရှ၏ စရိုက်ကို အဘယ်မသိဘဲ နေမည်နည်း။

ထို့အပြင် ကျန်ရှတစ်ယောက် ရည်းစားစာများကို ရေးခဲ့စဥ်က သူမသည် အဖတ်မတန်သလို ခံစားရ၍ လွှတ်ပေးထားပြီး နောက်ပိုင်းမှ သူ့အား သူမ စိတ်ကျေနပ်သည်အထိ ရိုက်နှက်ခဲ့သည်။ အကယ်၍ ထိုအချိန်တုန်းကသာ ကျန်ရှအား ပြင်းပြင်းထန်ထန် ဒဏ်ရာရသည်အထိ ရိုက်နှက်ခဲ့ပါက ဤကိစ္စသည် တရားမျှတမှုရှိတော့မည် မဟုတ်ပေ။

သို့ရာတွင် ယခုအခြေအနေကမူ ယခင်ကနှင့် မတူ၊ ကျန်ရှ၏ ဒဏ်ရာများ ကျက်သွားသည်မှာ အချိန်အတော်ကြာပြီဖြစ်၍ အမာရွတ်ပင် မကျန်တော့ချေ။

သိက္ခာကျ၍ အရှက်ကွဲသည်လား။ သူတို့နှင့် ယှဥ်ပါက မည်သူက ပို၍ အရှက်ကွဲသနည်း။

ပထမအချက်၊ သူမသည် ကျန်ရှ၏ ချစ်ရေးဆိုမှုများကို လက်မခံခဲ့။ ဒုတိယအချက်၊ သူမသည် မိမိကိုယ်ကို ချစ်မြတ်နိုး၍ တန်ဖိုးထားသူဖြစ်သည်၊ အကယ်၍ ဤသတင်းသာ အပြင်ကိုပြန့်သွားလျှင်တောင်မှ ကျောင်းက သူမအတွက် ကိုင်တွယ်ဖြေရှင်းပေးလိမ့်မည်ဖြစ်ရာ ထိုကိစ္စသည် သူမအပေါ်သို့ အကျိုးသက်ရောက်မှုပင် ရှိမည် မဟုတ်။

ထိုအခါ ရန်လိုနေသော ကျန်မျိုးနွယ် သားအမိနှစ်ယောက်သည် ချက်ချင်းပင် ငြိမ်ကျသွား၏။

ကျန်မိသားစု၌ မျိုးဆက်အဖြစ် ကျန်ရှတစ်ယောက်သာရှိသည်။

“ကျင်းယွင်ကျောင်း၊ မင်း အရမ်းတရားလွန်မလာနဲ့နော်။ ခွေးတောင်မှ ချောင်ပိတ်ရိုက်ရင် ပြန်ကိုက်တယ်”

အမေကျန်က အံကြိတ်၍ တုံ့ပြန်လိုက်၏။

ထိုအချိန်၌ ကျန်ရှသည် စိတ်နှင့်ကိုယ်နှင့် မကပ်ဘဲ မှင်သက်မိနေ၍ သူသည် ရည်းစားစာထဲ၌ ရေးထားသော အကြောင်းအရာများကိုသာ တွေးနေမိသည်။

ကျန်ရှလုပ်ခဲ့သော အရှုပ်တော်ပုံများကို ဖြေရှင်းရန်အတွက် ကျန်မိသားစုသုံးခဲ့သော ငွေပမာဏမှာ နည်းနည်းနောနော မဟုတ်ပေ။

သူတို့သည် ထိုရည်းစားစာများအတွက် ယွမ်တစ်သိန်းသုံးခဲ့ရ၏။ ထို့နောက် သူတို့၏ လက်ဖက်ရည်ဆိုင်တွင် ပြဿနာတက်သောအခါ အမေကျန်သည် ကျန်ရှ၏ လုံခြုံရေးဖြင့် ခြိမ်းခြောက်ခံရသောကြောင့် ယွမ်ခြောက်သိန်းတန် ခံဝန်ကတိလွှာများတွင် လက်မှတ်ထိုးခဲ့ရသည်။ ထိုမျှသာမက ချောင်ဟုန်ယဲ့နှင့် ကျန်ရှတို့ အတူတူနေသောအခါ ချောင်ဝေ့မင်က သူတို့အိမ်အထိ လိုက်လာပြီး အရှက်ခွဲခဲ့သဖြင့် ကျန်မိသားစုသည် ချောင်ဝေ့မင်၏ ပါးစပ်ကို ငွေပေး၍ ပိတ်ခဲ့ရ၏။

ထို့ကြောင့် ကျန်ရှ အထက်တန်းကျောင်း စတက်စဥ်ကတည်းက သူတို့မိသားစု ပိုက်ဆံများသည် အခြားသူများ၏ အိတ်ကပ်ထဲသို့ ဒလဟော စီးဆင်းနေခဲ့ရသည်။

ကျန်မိသားစုသည် ကြွယ်ဝသော်လည်း မည်သည့်မိသားစုကမှ ထိုကဲ့သို့ ရေရေရာရာမရှိသော အကြောင်းအရင်းများကြောင့် ပိုက်ဆံ အလဟဿကုန်ခြင်းဒဏ်ကို မခံနိုင်ကြပေ။

“ကျွန်မက ဘာအမှားကိုမှ ကျူးလွန်ခဲ့တဲ့သူ မဟုတ်ဘူး။ ကျွန်မက မျက်လုံးတစ်လုံးဆုံးရင် မျက်လုံးတစ်လုံးအစား ပြန်ပေးရတယ်ဆိုတဲ့ ဥပဒေကို လိုက်နာရုံပဲ။ တကယ်လို့ ရှင်တို့က အမှန်တကယ်ပဲ စက်ဆုပ်စရာကောင်းတဲ့ လုပ်ရပ်တွေကို ကျူးလွန်ပြီး ရမ်းကားနေဦးမယ်ဆိုရင် ကျွန်မရဲ့ဧည့်သည်တွေကိုတော့ အားနာပေမယ့် ကျွန်မ ရှင်တို့ကို အဆတစ်ရာ ပြန်လုပ်ပြမယ်။ ဘယ်သူက ရှင်တို့ကို ကြောက်မှာလဲ”

ကျင်းယွင်ကျောင်းက အေးတိအေးစက် ပြောလိုက်ရာ အမေကျန်သည် ဆွံ့အသွားပြီ ကျန်ရှက အံကြိတ်၍ ပြန်တုံ့ပြန်လိုက်၏။

“ကျင်းယွင်ကျောင်း၊ နင် ဘာလို့ ဒီလောက်ထိ ပုံကြီးချဲ့နေရတာလဲ။ နင် ငါ့အမေပြောတာတွေကို စိတ်ဆိုးတယ်ဆိုရင် သူ့အစား ငါ တောင်းပန်တယ်၊ နင့်ဖုန်းထဲက ဓါတ်ပုံတွေကိုတော့ ဖျက်ပေး”

“ဒါဆိုရင် ပိုက်ဆံရှင်းပေးလေ”

ကျင်းယွင်ကျောင်းက ပက်ခနဲ ပြန်ပြောလိုက်သည်။

“လက်ဖက်ရည်က အလကားတိုက်တာ မဟုတ်လား”

အမေကျန်က ပြန်အော်၏။

“ရှင်ပြောတာ မှန်တယ်၊ အဲဒါက အလကားတိုက်တာ၊ ဒါပေမယ့် ဧည့်သည်တွေအတွက်ပဲ အကျုံးဝင်တာလေ။ ရှင်တို့တွေက ဧည့်သည်လား။ ရှင်တို့က ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်ရဲ့ ပြိုင်ဘက်တွေပဲ၊ ပြီးတော့ ဒီနေရာကို စုံစမ်းထောက်လှမ်းဖို့၊ ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်ကို နာမည်ပျက်အောင် လုပ်ဖို့ လာတာဆိုတော့ နစ်နာကြေးတောင်းရင် မှားသွားမလား။ ပြီးတော့ ရှင် ဒီလက်ဖက်ရည်ခွက်အတွက် လျော်ကြေးလည်း ပေးရမယ် မဟုတ်လား”

ကျကွဲသွားသော လက်ဖက်ရည်ခွက်သည် ရွှံ့စေးမြေနှင့် လုပ်ထားသည့် ခွက်အစစ်ဖြစ်သည်။

ရွှံ့စေးလက်ဖက်ရည်ခွက်များကို အမျိုးအစားများစွာခွဲခြားနိုင်၍ အနိမ့်ဆုံးအမျိုးအစားသည် ယွမ်တစ်ရာခန့်၊ အလယ်အလတ်အဆင့်သည် ယွမ်ထောင်ဂဏန်းခန့်နှင့် အမြင့်ဆုံးအမျိုးအစားသည် ယွမ်သောင်းနှင့်ချီ၍ တန်၏။

တိုက်ဆိုင်စွာပင် အမေကျန် ခွဲပစ်လိုက်သောခွက်သည် သန့်စင်သော ခရမ်းရောင်ရွံ့စေးမှပြုလုပ်ထားခြင်းဖြစ်ပြီး ယွမ်သုံးထောင်ခန့်တန်သည်။

အမှန်အတိုင်းပြောရလျှင် ကျွင်းရှန်ယင်းကျန်းလက်ဖက်ရည်သည် ဖန်ခွက်နှင့်ထည့်ပါက ပို၍ အရသာကောင်း၏။ သို့ရာတွင် အမေကျန်က သူမကိုယ်သူမ လက်ဖက်ရည်နှင့်၊ လက်ဖက်ရည်စပ်ဆက်ပစ္စည်းများတွင် အလွန်ဗဟုသုတရှိသည်ဟု သတ်မှတ်ထားသည်။ ထို့ကြောင့် သူမသည် ကျွင်းရှန်ယင်းကျန်းလက်ဖက်ရည်ကို မှာရာတွင် အကောင်းဆုံးခွက်နှင့် ထည့်ပေးရန် ဝန်ထမ်းလေးအား တမင်မှာလိုက်ခြင်းဖြစ်၏။ သူမသည် စိတ်ရင်းအစစ်အမှန်ဖြင့် တစ်ဖက်လူအား ဒုက္ခရောက်စေချင်ခဲ့သော်လည်း တကယ်တမ်း ဒုက္ခရောက်သူမှာ သူမသာဖြစ်သည်။ ထို့ကြောင့် ဤဖြစ်ရပ်တွင် မည်သူ့ကို အပြစ်တင်ရမည်နည်း။

“ဒါက လက်ဖက်ရည်ခွက်လေးတစ်လုံးပဲ ကွဲတာ မဟုတ်လား။ နင်က ငါ့ကို အရင်က ရွံ့စေးလက်ဖက်ရည်ခွက် တစ်ခါမှ မဝယ်ဖူးဘူးလို့ ထင်နေတာလား။ ဒီခွက်တွေက ဒီလောက်စျေးမကြီးဘူးဆိုတာ ငါသိပြီးသား၊ ယွမ်သုံးထောင်က အဲလိုခွက်မျိုး ခွက်သုံးဆယ်ဝယ်လို့ ရတယ်ဟဲ့”

Chapter 312 : အပေါစားပစ္စည်းများ

အမေကျန်သည် ကြမ်းပြင်ပေါ်ရှိ ခွက်အကွဲကို မြင်သောအခါ ထိုခွက်သည် သူတို့မိသားစုဝယ်သောခွက်နှင့် မတူကြောင်းကို အမှန်တကယ်ပင် မြင်နိုင်၍ သူမသည် မခံချင်စိတ်များ တလိပ်လိပ်တက်လာတော့သည်။

“ခွီး...”

ထိုအခိုက်၌ သူတို့၏ဘေးတွင် ရပ်နေသော ဝန်ထမ်းလေးတစ်ယောက်က စိတ်မထိန်းနိုင်ဘဲ ရယ်ချလိုက်၏။

“မဒမ်ကျန်၊ ခင်ဗျားတို့ဝယ်တဲ့ ရွှံ့စေးလက်ဖက်ရည်ခွက်တွေက သွမ့်နယ် မိုင်းတွင်းတွေကနေရတဲ့ ရွှံ့စေးကြမ်းတွေကနေလုပ်ထားတဲ့ အပေါစားပစ္စည်းတွေပါ၊ ဒီခရမ်းရောင်ရွှံ့စေးကနေလုပ်တဲ့ လက်ဖက်ခွက်နဲ့ တခြားစီလေ။ ကျွန်တော် ထပ်ပြီးတော့ ပြောပြပါဦးမယ်၊ ဒီခွက်တွေက ကျွန်တော်တို့ရဲ့မန်နေဂျာကြီးကိုယ်တိုင် ရွေးထားတာ။ ခွက်က လေကို တားဆီးထားတာမျိုး မရှိလို့ လေဝင်လေထွက်ကောင်းတယ်။ ဒါကြောင့် လက်ဖက်ရည်နံ့မွှေးမွှေးလေးက သင်းပျံ့နေတာပေါ့။ ဒါ့အပြင် ခင်ဗျား ဒါကို မသုံးချင်ဘူးဆိုရင်တောင်မှ ရှားပါးပစ္စည်းအဖြစ်နဲ့ စုဆောင်းထားလို့ရတယ်”

ဝန်ထမ်းလေးက ရှင်းပြလိုက်သည်။

အမှန်တကယ်ပင် ထိုစကားလုံးများကို ချူးရုန်က သင်ပေးထားခြင်းဖြစ်၏။

ရွှံ့စေးခွက်သည် လက်ဖက်ရည်အချို့နှင့်သာ လိုက်ဖက်၍ ဆိုင်၌ အခြားလက်ဖက်ရည်မျိုးစုံအတွက် အသုံးပြုရန် ခွက်အမျိုးအစားစုံရှိသည့်အထဲတွင် ရွှံ့စေးလက်ဖက်ရည်ခွက်မှာ အရေအတွက် အနည်းငယ်သာပါ၏။

ထိုအခါ အမေကျန်သည် ဒေါသထွက်လွန်းသဖြင့် မရှုနိုင် မကယ်နိုင်ဖြစ်သွားသည်။

သူမသည် စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ယောက်ဖြစ်သည့်အပြင် လက်ဖက်ရည်ဆိုင်လုပ်ငန်းတွင်လည်း နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သောကြောင့် သူမ၏ ပထမဦးစားပေးမှာ သေချာပေါက် အမြတ်ရရှိရေးပင်။ အမြင်လှရုံသက်သက်နှင့် ထိုသို့စျေးကြီးပစ္စည်းများကို မည်သူက ဝယ်မည်နည်း။ အကယ်၍ တစ်ယောက်ယောက်ကသာ မတော်တဆ တိုက်ချမိသွားပါက သူမ ရင်နာရမည်မဟုတ်လား။

“ဒါက ငါ့ကိုအပြစ်တင်လို့မရဘူးလေ၊ ဒီခွက်က စျေးအရမ်းကြီးတာ ငါ ဘယ်လိုလုပ်သိမှာလဲ”

အမေကျန်၏ မျက်နှာပေါ်ရှိ အရေးအကြောင်းအချို့က ပို၍ ထင်ရှားလာသည့်အလားပင်။

“ခင်ဗျားမသိဘူး၊ ဟုတ်လား”

စားပွဲထိုးလေးက ရယ်လိုက်သည်။

“ခင်ဗျား ကျွန်တော်တို့ဆိုင်ထဲကို ခြေစချလိုက်ကတည်းက ဆိုင်ရဲ့စျေးအကြီးဆုံးလက်ဖက်တွေကို မှာတယ်။ ကျွန်တော်တို့ ခင်ဗျားတို့ကို ဖန်ခွက်တွေနဲ ထည့်ပေးတော့ကျ ခင်ဗျားက ငြင်းတယ်လေ။ ရွှံစေးခွက်တွေပဲလိုချင်တယ်ဆိုပြီး ခေါင်းမာနေခဲ့ပြီးတော့ အကောင်းဆုံးခွက်ကိုတောင် တောင်းခဲ့တာ။ ခင်ဗျားက အခုမှ အ’ချင်ယောင်ဆောင်ဖို့ ကြိုးစားနေတာတော့ မဟုတ်ဘူးမလား”

ထိုအခါ အမေကျန်သည် တဖက်သို့ လှည့်သွားတော့၏။ သူမသည် သူတို့အား ရန်စရန် ရည်ရွယ်ချက်ရှိရှိ ကြိုးစားခဲ့ရုံသာဖြစ်သော်လည်း ဝန်ထမ်းဖြစ်သူက အလွန်နာခံမှုရှိ၍ ထိုသို့စျေးကြီးသည့် ပစ္စည်းကောင်းတစ်ခုကို ထုတ်ပေးလာမည်ဟု မည်သူထင်ထားမည်နည်း။

ဤနေရာတွင်ရှိနေသူများအားလုံးသည် တိတ်ဆိတ်ငြိမ်းချမ်းခြင်းကိုသာ နှစ်သက်ကြ၍ ကျင်းယွင်ကျောင်းကလည်း သူတို့အား စိတ်အနှောက်အယှက်မဖြစ်စေလိုသောကြောင့် သူမသည် ဝန်ထမ်းများအား ကြမ်းပြင်ကို ပထမဆုံး သန့်ရှင်းခိုင်းလိုက်သည်။

“ဒီအနားမှာလည်း သက်သေအနေနဲ့ လူတွေအများကြီးရှိပါတယ်။ ကျွန်တော် မဒမ်ကျန်ကို သေချာစဥ်းစားကြည့်ဖို့ အကြံပေးချင်ပါတယ်။ ခင်ဗျား ဒီနေ့ ပိုက်ဆံပေးရင်ပေး၊ မပေးရင် ကျွန်တော်တို့ ခင်ဗျားကို ရဲတိုင်ရပါလိမ့်မယ်။ ကိစ္စတွေသာ အကြီးအကျယ်ဖြစ်ပြီး လူကြားထဲပြန့်သွားရင် သိက္ခာကျမှာက ခင်ဗျားတို့ ကျန်မိသားစုရဲ့ဆိုင်ပါ၊ ကျွန်တော်တို့ ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင် မဟုတ်ပါဘူး”

ချူးရုန်ကလည်း ဝင်ပြောလာ၏။

ထိုအခါ အမေကျန်၏ အမူအယာက ခံစားမှုများပျောက်ဆုံးသွား၍ ချက်ချင်း တင်းမာအေးစက်သွားကာ နဖူးကြောများထောင်ထလာသည်အထိ ဒေါသတကြီး အော်ဟစ်လာသည်။

“ပေးမယ်၊ ငါ ပေးမယ်”

ထို့နောက် သူမသည် ဒေါက်မြင့်ဖိနပ်ကို ဟန်ပါပါစီး၍ ကောင်တာဆီသို့ လျှောက်သွားလိုက်ပြီး ပိုက်ဆံအိတ်ကို ထုတ်လိုက်သည်။ လက်ဖက်ရည်ဖိုးနှင့် လက်ဖက်ရည်ခွက်ဖိုး စုစုပေါင်း ယွမ်လေးထောင်ကျော် ကျသင့်၏။ သို့သော် ကျင်းယွင်ကျောင်းက အလွန်သနားကရုဏာထား၍ အစွန်းထွက်များကို လျှော့ပေးလိုက်သောကြောင့် အားလုံးပေါင်း ယွမ်လေးထောင်သာ ပေးချေရန်လိုအပ်သည်။

လက်ဖက်ရည်တစ်ခွက်စာ ကျသင့်ငွေသည် ... ...

လက်တွေ့တွင်လည်း အမေကျန်သည် သွေးအန်၍ သေလုနီးပါးပင်။

“သူတို့ကို အကောင်းဆုံးလက်ဖက်ရည်ပန်းကန်အစုံလိုက် ပေးသင့်တယ်ဆိုတာ မင်း ဘယ်လိုလုပ်သိတာလဲ။ အနာဂတ်ကို ကြိုမြင်နိုင်နေတာတော့ မဟုတ်ပါဘူးနော်”

ချူးရုန်က အံ့သြနေပြီး သိချင်စိတ်ဖြင့် မေးလာ၏။

အမေကျန်က သူမအတွက် အကောင်းဆုံးလက်ဖက်ရည်ပန်းကန်အစုံလိုက်ကို ယူလာပေးစေချင်ခဲ့သည်၊ ထိုအခါ ဝန်ထမ်းလေးက သာမန်ရွှံ့စေးခွက်များကိုသာ ယူသွားပေးသော်လည်း ကျင်းယွင်ကျောင်းက မြင်သွား၍ ထိုဝန်ထမ်းလေးအား တားလိုက်ပြီး အရည်အသွေး ပိုကောင်းသောခွက်များကို ထုတ်ပေးလိုက်ခြင်းဖြစ်သည်။

“ဒီသားအမိနှစ်ယောက် ဒီကို သေချာပေါက် ကောင်းတဲ့ရည်ရွယ်ချက်နဲ့ လာတာမဟုတ်ဘူးလို့ ကျွန်မ တွေးမိလို့ပါ။ သူတို့ဆီကို ပိုကောင်းတဲ့ပစ္စည်းတွေ ယူသွားပေးရင် သူတို့ခွဲပစ်ရင်တောင်မှ ကျွန်မတို့ ပစ္စည်ကောင်းတွေကို သုံးထားတယ်ဆိုတာ ကိုယ်တိုင်ကြေညာဖို့ အခွင့်အရေးပဲလေ”

ကျင်းယွင်ကျောင်းက ပြုံး၍ ပြောလိုက်၏။

ထိုအခါ ချူးရုန်က ပြုံးလိုက်သည်။ အဆုံးသတ်တွင်တော့ ကိစ္စများက ပြောင်းလဲသွားသည် မဟုတ်လား။ သူတို့၏ ဝန်ထမ်းဖြစ်သူကလည်း ကျန်မိသားစုအပေါ်၌ မကျေနပ်ချက်များရှိ၍ သူ့စကားများကလည်း အဆိပ်ပြင်းလှကာ မူလပထမလက်ဖက်ရည်ဆိုင်၏ ပစ္စည်းများကို အပေါစားပစ္စည်းများဟု ပြောလိုက်သည်ဟု လူတိုင်းကြားလိုက်ကြသည်။

လက်ဖက်ရည်သည် ဇိမ်ခံပစ္စည်းတစ်မျိုးဖြစ်၍ လက်ဖက်ရည်နှင့် စပ်ဆက်ပစ္စည်းများသည်လည်း အရေးပါ၏။ ယခုအခါ အခြေအနေက ဤသို့ဖြစ်လာရာ လူများ၏မျက်လုံးထဲ၌ ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်သည် လက်ဖက်ရည်ကိုဖြစ်စေ သို့မဟုတ် လက်ဖက်ရည်နှင့် စပ်ဆက်ပစ္စည်းများကိုဖြစ်စေ အထူးအလေးထားကြောင်း သိမြင်သွားမည်ဖြစ်သည်။ ထို့အပြင် ဧည့်သည်အချို့သည် ဤအရည်အသွေးမြင့် ရွှံ့စေးလက်ဖက်ရည်ခွက်နှင့် ဖျော်သည့် လက်ဖက်ရည်၏ အရသာကို နောက်တစ်ကြိမ်ပြန်လာ၍ မြည်းစမ်းကြမည်ဟု သူမ ယုံကြည်သည်။

အကယ်၌ ထိုခွက်သာကွဲသွားပါက လျော်ကြေးပေးရန်လိုသော်လည်း ဤနေရာသည် ငြိမ်သက်၍ တိတ်ဆိတ်သော လက်ဖက်ရည်ဆိုင်တစ်ခုဖြစ်၍ ဆူဆူညံညံရန်ဖြစ်ရမည့် နေရာမဟုတ်ပေ။ အကယ်၍ ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်းသာ မဟုတ်ပါက ထိုလက်ဖက်ရည်ခွက်သည် ကွဲလိမ့်မည် မဟုတ်။

ထို့အပြင် သူတို့၏ ခြေဖဝါးအောက်ရှိ ကြမ်းပြင်ပေါ်၌ ကော်ဇောတစ်ထပ် ခင်းထားသေးသည်။ အကယ်၍ လက်ဖက်ရည်ခွက်သာ သူ့အလိုလိုပြုတ်ကျပါက အသံပင်မြည်လိမ့်မည် မဟုတ်ဘဲ အမေကျန်၏ လက်ချက်ကဲ့သို့ အစွန်းတစ်ဖက်ပင် ပဲ့ထွက်သွားလိမ့်မည် မဟုတ်ပေ။

All Chapters