အခန်း (၃၁၃-၃၁၆)
Vol. 16 Ch. 313-316
Chapter 313 : နှင်ထုတ်ခြင်း
ထိုသားအမိနှစ်ယောက်သည် လက်ဖက်ရည်ဆိုင်ထဲသို့ စတင်ခြေချပြီးကတည်းက အရှုံးနှင့်သာ တစ်ခုပြီးတစ်ခု ရင်ဆိုင်နေရ၍ သူတို့၏ အကြံမအောင်မြင်သောအခါ ဒေါသထွက်လာကြသည်။
သို့ရာတွင် နှစ်နာရီ မပြည့်ခင်မှာပင် လူတိုင်းက သူတို့သားအမိ ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်အား ပြဿနာသွားရှာသည်ကို သိထားနှင့်ကြပြီဖြစ်ကြောင်း သူတို့ သဘောပေါက်သွား၍ ထိုကိစ္စကို လူတိုင်းအား မည်သူက လိုက်ပြောခဲ့မှန်း မသိကြပေ။
ကျန်ဝမ်ရှန်းသည် ဒေါသထွက်လွန်းသဖြင့် လူသတ်ချင်နေသည်။ သူသည် ထိုမိန်းမလောက် တုံးအသောသူကို တစ်ခါမှမမြင်ဖူးခဲ့။ သူသည် သူမအား အခြေအနေကို စနည်းနာရန်အတွက် သွားခွင့်ပြုခဲ့သော်လည်း သူမက ရမ်းရမ်းကားကား ပြုမူလာခဲ့သည်။ ထို့အပြင် သူမသည် တစ်ပါးသူ၏ စီးပွားရေးကို နာမည်မဖျက်နိုင်ရုံသာဆိုပါက အဆင်ပြေသေး၏။ သို့သော် သူမသည် ထိုသို့မလုပ်နိုင်ရုံသာမက သူတို့မိသားစု၏စီးပွားရေးကိုပါ နာမည်ပျက်စေ၍ ပိုက်ဆံပါကုန်လာသေးသည်။
သို့ရာတွင် ဤကိစ္စသည် ကျန်မိသားစုမျှော်လင့်ထားသကဲ့သို့ ဤမျှနှင့် ပြီးမသွားဘဲ ထပ်မံ၍ ဂယက်ရိုက်သွား၏။
နောက်တစ်နေ့တွင် ကျင်းယွင်ကျောင်းသည် ကျန်ရှ သူမအား ရေးပေးခဲ့သည့် ရည်းစားစာများကို ရုံးခန်းသို့သွား၍ အပ်လိုက်ရာ ထိုစာများကို တစ်ချက်ကြည့်ပြီးနောက် ကျောင်းအုပ်ကြီး၏ မျက်နှာမှာ မည်းမှောင်သွားတော့သည်။
အကယ်၍ ဤကိစ္စသာပြန့်သွားပါက ကျောင်း၏ ဂုဏ်သတင်းကို အကြီးအကျယ်ထိခိုက်စေမည့်အပြင် အထက်လူကြီးများက သူ၏ လေးစားဖွယ်ရာ ကျောင်းအုပ်တစ်ယောက်၏ ဂုဏ်သိက္ခာကို ပြစ်တင်ဝေဖန်ကြလိမ့်မည်။ ထို့အပြင် ကျင်းယွင်ကျောင်းသည် ဤကိစ္စကို ပုံကြီးချဲ့ရန် အစီအစဥ်မရှိပေ။ လက်တွေ့တွင်လည်း ကျောင်းသည် အစောပိုင်းကတည်းက သူမအား အများကြီး ကူညီထား၍ ကျောင်းအုပ်ဆရာကြီးသည်လည်း လက်တွေ့ဖြစ်ရပ်များနှင့် အမှန်တရားကိုသာ အခြေခံပြီး ဆုံးဖြတ်ချက်ချတတ်သောကြောင့် ကျန်ရှနှင့် ပတ်သတ်ကာ ကျောင်းအုပ်ဆရာကြီးအား လူများက အပြစ်တင်ရန် မလိုပေ။
သို့ရာတွင် ယခုအချိန်၌ ကျောင်းသည် ကျင်းယွင်ကျောင်းထံမှ ဤကဲ့သို့သောစာမျိုးကို လက်ခံရရှိလိုက်ရာ ထိုအကျင့်စာရိတ္တပျက်ပြားသော လူယုတ်မာမျိုးကို ဤနေရာ၌ မည်သို့ ဆက်၍ ပညာသင်ကြားခွင့်ပြုနိုင်မည်နည်း။
အကယ်၍ ကျန်ရှသည် သာမန်ရည်းစားစာတစ်စောင်ကိုသာ ရေးခဲ့ပါက အများဆုံးအနေဖြင့် သတိပေးခံရရုံသာဖြစ်ပြီး သူက ထိုသတိပေးချက်ကို လျစ်လျူရှုကာ အကြိမ်ပေါင်းများစွာ ထပ်မံ၍ စည်းကမ်းဖောက်ဖျက်လျှင်တောင်မှ ပြစ်ဒဏ်အနည်းငယ်သာ ပေးခံရမည်ဖြစ်သည်။ သို့ရာတွင် ယခု သူ၏ ရည်းစားစာတွင် ပါရှိသော အကြောင်းအရာများမှာ လူအများက လက်ညှိုးထိုး၍ အတင်းအဖျင်းအပြောခံရမည့် ညစ်ညမ်းအကြောင်းအရာများသာ ဖြစ်၏။ ထို့ကြောင့် ရလဒ်အနေဖြင့် ကျန်ရှ ကျောင်းထုတ်ခံလိုက်ရသည်။
မူလက ကျန်ရှသည် ဤကိစ္စအား ဖြေရှင်းပြီးသည်မှာ အချိန်အတော်ကြာပြီဟုသာ တွေးထားခဲ့သော်လည်း ယခုအခါ ပြဿနာကလည်း ပြန်လည်အစပျိုးလာပြန်၏။
ကျောင်းထုတ်ခံရခြင်းကြောင့် သူ၏ ပညာရေးနှင့် ဘဝအောင်မြင်ရေးများတွင် သေချာပေါက် အမဲစက်စွန်းထင်းသွားပြီဖြစ်ရာ အကယ်၍ သူသည် ရိကျုံးကျောင်းနှင့် အဆင့်အတန်းချင်းတူသော ကျောင်းတစ်ကျောင်းသို့ ပြောင်းချင်ပါက ငွေအများအပြား ကုန်ကျမည်ဖြစ်သည်။ သို့ရာတွင် ပို၍ အဆင့်နိမ့်သော ဒုတိယတန်းစား သို့မဟုတ် တတိယတန်းစား ကျောင်းများသို့ပြောင်းရန်လည်း ကျန်ရှက လက်မခံနိုင်ပေ။
ဒါတွေအားလုံးက ကျင်းယွင်ကျောင်းရဲ့အမှားတွေပဲ။
သူက ငါ့ကိုရိုက်ပြီးတော့ ငွေညစ်ရုံတင်မကဘူး၊ ငါ့ဘဝကိုလည်း ဖျက်ဆီးသေးတယ်။
ရိကျုံးကျောင်းသည် ရည်းစားစာများကို လူထုအား ထုတ်မပြသော်လည်း ကျန်ရှ၏ ကျောင်းထုတ်ခံရသည့် အကြောင်းကိုမူ ထုတ်ပြန်ကြေညာခဲ့သည်။ ယခုအခါ လူတိုင်းသည် ကျန်ရှတစ်ယောက် ရေးခဲ့သော ရိုင်းစိုင်းညစ်ညမ်းသည့် ရည်းစားစာများအကြောင်းကို သိသွားပြီဖြစ်၍ ယခင်က သူနှင့်ပေါင်းသင်းခဲ့သော မိန်းကလေးများသည် သူ့အား ရှောင်ဖယ်ကာ ဥပေက္ခာပြုထားကြပြီး အချို့ကမူ ရွံရှာစက်ဆုပ်စွာဖြင့် ကြည့်လာကြ၏။
အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ ယခင်က သူသည် အတန်းခေါင်းဆောင်တစ်ယောက်ဖြစ်၍ လူတိုင်းနှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိခဲ့သည်။ ထိုမျှသာမက သူ၏ ရုပ်ရည်သည်လည်း တစ်ကျောင်းလုံးတွင် အချောဆုံးဟုပင် ယူဆနိုင်၍ ဘတ်စကတ်ဘောအသင်းခေါင်းဆောင်လည်း ဖြစ်ရာ သူ့အား ချစ်ခင်နှစ်သက်သော မိန်းကလေးများ မရေမတွက်နိုင်အောင်ရှိခဲ့၏။ သို့သော် ယခုအခါ သူသည် လမ်းသရဲတစ်ယောက်ကဲ့သို့ ဆက်ဆံခံနေရသည်။
ဆက်ဆံပုံချင်းကွာခြားချက်မှာ ကြီးမားလွန်းလှ၏။
ကျန်ရှ ကျောင်းထုတ်ခံရကြောင်း ကျန်မျိုးနွယ် လင်မယားအား အကြောင်းကြားလိုက်ရာ သူတို့သည် အလွန်အမင်း စိတ်ထိခိုက်သွားကြသည်။
“ငါတို့ ကျင်းယွင်ကျောင်းကို ရည်းစားစာထဲမှာ ရေးထားတဲ့အကြောင်းတွေ အပြင်ကို ဖြန့်ခွင့်ပြုလိုက်သင့်တာ။ ငါတို့ ငွေအများကြီးသုံးပြီး ဒီကိစ္စကို ဖုံးကွယ်ဖို့ကြိုးစားခဲ့ပေမယ့် နောက်ဆုံးတော့ အမှန်တရားက ပေါ်သွားတာပဲလေ”
ကျန်ဝမ်ရှန်းက အံကြိတ်ရင်း ပြောလိုက်သည်။
ထိုအချိန်က ကျင်းယွင်ကျောင်းသည်လည်း ကျန်ရှကို ရိုက်နှက်ခဲ့သည်ဖြစ်ရာ သူတို့သည် သူမအား လျော်ကြေးတောင်းချင်နေ၏။
ကျန်ရှကမူ ခေါင်းငုံ့ထားဆဲဖြစ်ကာ သူ့တစ်ကိုယ်လုံးက ဒေါသထွက်လွန်းသဖြင့် တုန်ယင်နေသည်။
“အဖေ၊ ကျွန်တော့်ကို နင်းမြို့တော်မှာ စာဆက်သင်ခွင့်ပြုနိုင်မလား။ အဲဒီမှာ ပညာရေးရော ပတ်ဝန်းကျင်အသိုင်းအဝိုင်းကရော ကောင်းတယ်လို့ ကျွန်တော် ကြားတယ်”
အချ်ိန်အတော်ကြာ တိတ်ဆိတ်နေပြီးသည့်နောက် ကျန်ရှက ပြောလာ၏။
အကယ်၍ ယခင်ကသာဆိုပါက ကျန်ဝမ်ရှန်းသည် ကျန်ရှအား အလိုလိုက်မည်ဖြစ်သော်လည်း ယခုမူ သူသည် ကျန်ရှ၏ တောင်းဆိုချက်အား ချက်ချင်းပင် ခေါင်းခါ၍ ငြင်းဆန်လိုက်ပြီး ပြန်ဖြေလာသည်။
“မင်းက ကျောင်းထုတ်ခံထားရတာဆိုတော့ မဖြစ်နိုင်ဘူး။ နင်းမြို့တော်ကျောင်းက မင်းရဲ့အရင်ကျောင်းကို မင်း ကျောင်းထွက်တာနဲ့ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကို ဖုန်းဆက်ပြီး မေးဦးမှာ။ တကယ်လို့ ငါ သူတို့ကို လာဘ်ထိုးရင်တောင်မှ သူတို့က မင်းလို ပြဿနာရှိတဲ့ကျောင်းသားမျိုးကို လက်ခံ၊ မခံဆိုတာ ဘာ အာမခံချက်မှ မရှိဘူး”
“ရှောင်ရှ၊ မင်း ဒီရယ်စရာကောင်းတဲ့တောင်းဆိုချက်ကို မေ့ပစ်လိုက်ဖို့ ငါမျှော်လင့်တယ်။ ပြီးတော့ ဒီခရိုင်ထဲမှာလည်း အခြားကျောင်းတွေ အများကြီးရှိတယ်လေ၊ အဲဒီထဲက မင်း ကြိုက်တဲ့တစ်ကျောင်း ရွေးလို့ရတယ်။ တကယ်တမ်းကျ ဇာမဏီငှက်ရဲ့အမြီးထက် ကြက်ရဲ့ခေါင်းက ပိုကောင်းတာပါကွာ၊ မင်း အဲ့ဒီကျောင်းတွေထဲက တစ်ကျောင်းကိုသာ အပ်လိုက်ရင် မင်းရဲ့အမှတ်တွေနဲ့တင် အဲ့ဒီကျောင်းမှာ နာမည်ကြီးဖို့ လုံလောက်တယ်၊ ပြီးတော့ ဆရာဆရာမတွေကလည်း မင်း အရင်ကျောင်းမှာ လုပ်ခဲ့တာတွေကိုတောင်မှ ဂရုစိုက်တော့မှာ မဟုတ်ဘူး”
ကျန်ဝမ်ရှန်းက ဆက်ပြောလာ၏။
(T/N : ဇာမဏီငှက်ရဲ့အမြီးထက် ကြက်ရဲ့ခေါင်းက ပိုကောင်းတယ်ဆိုတာက အကောင်းဆုံးနေရာမှာ မထင်မရှားနဲ့ ဘိတ်ချေးနေရာမှာ နေရတာထက် အနူတောမှာ လူချောလုပ်ရတာ ပိုကောင်းတယ်လို့ ပြောတာပါ။)
ထိုတတိယတန်းစား အထက်တန်းကျောင်းများရှိ ကျောင်းသားများ၏ ရမှတ်များမှာ ဆိုးရွားလွန်းလှရာ ထိုကျောင်းများ၏ ဝင်ခွင့်အဆင့်သတ်မှတ်ချက်မှာလည်း ကြောက်စရာကောင်းလောက်အောင် ဆိုးရွားလွန်းလှသည်။ အကယ်၍ ကျန်ရှကိုသာ ထိုကျောင်းများတွင် ကျောင်းအပ်ပါက သူတို့က ဝမ်းသာအားရ ကြိုဆိုကြလိမ့်မည်ဖြစ်၏။
“သြော်...ဟုတ်သားပဲ။ မင်းတို့တွေ ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်ကိုသွားတုန်းက ကျင်းယွင်ကျောင်းက အဲဒီဆိုင်မှာ ဘာလုပ်နေတာလဲ။ သူက အဲဒီမှာ အချိန်ပိုင်းအလုပ်သမား လုပ်နေတာလား”
Chapter 314 : လိမ်လိမ်မာမာ ပူးပေါင်းခြင်း
သူ၏ ဇနီးနှင့်သားဖြစ်သူက ကျင်းယွင်ကျောင်းသည် ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်တွင် အတော်လေး သြဇာရှိစွာ ပြုမူနေ၍ မန်နေဂျာဖြစ်သူကပင် သူမ၏ အမိန့်ကို နားထောင်နေကြောင်း ပြောပြသောအခါ ကျန်ဝမ်ရှန်းသည် စိတ်ရှုပ်သွားခဲ့သည်။
သဘောတရားအရ ပြောပါက ထိုသို့မဖြစ်သင့်ပေ၊ ကျင်းယွင်ကျောင်းသည် မိသားစုနောက်ခံကောင်းမရှိသည့်အပြင် သူမ၌ ပိုက်ဆံရှိလျှင်တောင်မှ သူမသည် အထက်တန်းကျောင်းသူတစ်ယောက်သာ ဖြစ်နေသေး၏။ အကယ်၍ အလုပ်တစ်ခုရှာလျှင်တောင်မှ သူမ၏ အရည်အချင်းများနှင့်ဆိုပါက အမြင့်ဆုံးအနေဖြင့် စားပွဲထိုးနေရာသာ ရနိုင်လိမ့်မည်။ သို့ရာတွင် မန်နေဂျာတစ်ယောက်သည် စားပွဲထိုးတစ်ယောက်၏ ဆုံးဖြတ်ချက်များ၊ အမိန့်များကို လိုက်နာရိုးထုံးစံမရှိပေ။
လက်ဖက်ရည်ဆိုင်က တကယ်ပဲ ကျင်းယွင်ကျောင်း ပိုင်တာများလား။
သို့သော် ထိုသို့တွေးပြီးနောက် ကျန်ဝမ်ရှန်းသည် ခေါင်းကို ခပ်ပြင်းပြင်း ယမ်းပစ်လိုက်သည်။
ကျင်းယွင်ကျောင်းသည် သူတို့ထံမှ ယွမ်တစ်သိန်း ငွေညစ်သွားသော်လည်း ထိုကဲ့သို့ အဆင့်မြင့်လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖွင့်ရန် ယွမ်တစ်သိန်းနှင့် မလုံလောက်ပေ။ ယွမ် ငါးသိန်းရှိလျှင်တောင်မှ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖွင့်ရန် မဖြစ်နိုင်သေး။
လက်ဖက်ရွက်၊ လက်ဖက်ရည်နှင့်စပ်ဆက်ပစ္စည်းများ၊ ဝန်ထမ်းများ၊ ဆိုင်အပြင်အဆင်၊ အားလုံးအတွက် ငွေလိုသည်။ ထို့အပြင် ထိုဆိုင်၏ မြေနေရာကို လက်ဖက်ရည်ဆိုင်ပိုင်ရှင်အား ရောင်းလိုက်ပြီဟုသော ကောလဟာလများပြန့်နေ၏။ ကျင်းယွင်ကျောင်းက အဘယ် ဝယ်နိုင်မည်နည်း။
ဒါဆိုရင် အစောပိုင်းတုန်းက ကျင်းယွင်ကျောင်းက ဘာလို့ လက်ဖက်ရည်ဆိုင်မှာ ဝင်ရှုပ်နေတာလဲ။
“ကျွန်တော်တို့လည်း ဒီကိစ္စနဲ့ပတ်သတ်ပြီး သေချာမသိဘူး။ ဘာပဲပြောပြော ကျင်းယွင်ကျောင်း စကားပြောပုံဆိုပုံရယ်၊ မန်နေဂျာ ချုးက သူ့ကိုဆက်ဆံတဲ့ပုံနဲ့ အခြားသူတွေကိုဆက်ဆံတဲ့ပုံချင်း ယှဥ်လိုက်ရင် သူကမှ တကယ့် မန်နေဂျာအစစ်လို့တောင် ထင်မိသွားတဲ့အထိပဲ”
ကျန်ရှက မကျေမနပ်ပြောလာ၏။
“ယောက်ျား၊ သူက အရင်တစ်ခါ ကျွန်မတို့လက်ဖက်ရည်ဆိုင်ကိုလည်း ရောက်လာသေးတယ် မဟုတ်လား။ သူက သူများရဲ့လျှို့ဝှက်ချက်တွေကို လိုက်စုံစမ်းပြီး သတင်းပြန်ရောင်းနေတာများလား”
အမေကျန်က မေးလိုက်သည်။
အမေကျန်၏ မေးခွန်းကိုကြားသောအခါ ကျန်ဝမ်ရှန်းသည် ချက်ချင်း ဒေါသထွက်သွားသော်လည်း စိတ်လျှော့လိုက်ပြီးနောက် ထိုသို့ မဖြစ်နိုင်ကြောင်း စဥ်းစားလိုက်၏။
ငါတို့လက်ဖက်ရည်ဆိုင်က လက်ဖက်ရည်ပဲရောင်းတာလေ၊ ဖုံးကွယ်ထားတဲ့ ဘာလျှို့ဝှက်နည်းလမ်းမှ မရှိဘူး။ ရေဆူတာနဲ့ လက်ဖက်ခြောက်ခတ်ပြီး အသင့်သောက်ရုံပဲဟာ၊ ဘာများ စုံစမ်းစရာရှိမှာလဲ။ တကယ်လို့ ငါသာ ရင်ကွဲမြက်တွေကို လက်ဖက်ရွက်နဲ့ မှားပြီးထည့်ခဲ့တာကြောင့်သာ မဟုတ်ရင် ...
သို့သော် မည်သို့ပင်ဆိုစေကာမူ ကျင်းယွင်ကျောင်းနှင့် ကျန်မိသားစု၏ ကြားရှိ အမုန်းတရားသည် အခြေခိုင်သွားပြီဖြစ်၏။
ထို့နောက် ကျန်ဝမ်ရှန်း၏ စိတ်ထဲတွင် ရက်စက်ကောက်ကျစ်ပြီး အဆိပ်ပြင်းသော အတွေးများနှင့်သာ ပြည့်နေကာ သူသည် ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်အား ဆက်လက်၍ လေ့လာစောင့်ကြည့်နေခဲ့သည်။ သို့သော် ရက်အနည်းငယ်ကြာအောင် စောင့်ပြီးသည်အထိ ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်၏ ရောင်းအားက လုံးဝ ကျမသွားသည်ကိုမြင်သောအခါ သူသည် ချက်ချင်းပင် လူတစ်ယောက်အား ဖုန်းခေါ်လိုက်တော့၏။
နှစ်ရက်ကြာပြီးနောက် ကျင်းယွင်ကျောင်းသည် အဖိုးရှု၏ အိမ်မှ အပြန်လမ်းတွင် ရုတ်တရက် ပတ်ဝန်းကျင်မှ လူသတ်ချင်နေသော အငွေ့အသက်များကို ခံစားလိုက်ရသည်။
လမ်းကြားလေး၏ ထွက်ပေါက်နှစ်ဖက်လုံးတွင် လူလေးငါးဆယ်ခန့်ဖြင့် ပြည့်နေကာ သူမ အနောက်မှလည်း လူများလိုက်ပါပြီး သူမ၏အရှေ့တွင်မူ နံရံကိုမှီ၍ ဆေးလိပ်သောက်နေသူများရှိ၍ အချို့က မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်နေကာ တစ်စုံတစ်ယောက်အား စောင့်မျှော်နေပုံပေါ်သည်။ ထို့နောက် သူတို့သည် သူမအား မြင်သောအခါ သူမဆီသို့ ခပ်ဖြည်းဖြည်း လျှောက်လာကာ ဝိုင်းထားလိုက်ကြ၏။
ထိုအခါ ကျင်းယွင်ကျောင်းက ဖုန်းထုတ်လိုက်သော်လည်း သူမ အနောက်ရှိ လူတစ်ယောက်က ဖုန်းကို ဆတ်ခနဲ ဆွဲယူလိုက်ပြီး ပြောလာသည်။
“မင်းက ကျင်းယွင်ကျောင်း မဟုတ်လား။ ရဲခေါ်ဖို့ကြိုးစားနေတာလား။ နောက်ဆယ်မိနစ်လောက်နေမှ ထပ်ကြိုးစားကြည့်ရင်ရော ဘယ်လိုလဲ”
သူမသည် သူမ၏ ခွန်အားဖြင့် ကိုယ်ပိုင်ပစ္စည်းများကို ကာကွယ်နိုင်စွမ်းရှိသော်လည်း ယခုကမူ အချိန်မကျသေးပေ။ ထို့အပြင် သူမ၌ ရဲခေါ်ရန် ရည်ရွယ်ချက်လည်း မရှိ။
“ရှင်တို့က ဘယ်သူတွေလဲ”
ကျင်းယွင်ကျောင်းက ကြောက်ချင်ယောင်ဆောင်၍ မေးလိုက်သည်။
“မင်း အခု ကြောက်နေတာလား”
လမ်းသရဲခေါင်းဆောင်က အပြုံးတစ်ခုနှင့် မေးခွန်းထုတ်လိုက်ပြီးနောက် ရယ်ရင်း ဆက်ပြောလာ၏။
“လူတိုင်း ကြည့်ကြစမ်း။ ဟိုမိသားစုက ပုဂ္ဂိုလ်ကြီးက ပြောတော့ သူက ကိုယ်ခံပညာတတ်တယ်ဆို၊ ဒါပေမယ့် အခုတော့ ကြည့်ပါဦး၊ သူက ဘာမှအဖြစ်မရှိဘူး မဟုတ်လား”
“ညီမလေး၊ မင်း ငါတို့နဲ့ လိမ်လိမ်မာမာ ပူးပေါင်းပြီး ပြန်မတိုက်ခိုက်ဖို့ ငါ အကြံပေးတယ်နော်၊ ဒါမှမဟုတ်ရင် မင်းကို အများကြီး ပိုပြီး ပြင်းပြင်းထန်ထန် ရိုက်ပစ်မယ်။ သူတို့က ငါတို့ကို မင်းရဲ့ လက်တစ်ဖက်နဲ့ခြေတစ်ဖက်ကို ချိုးပြီး မျက်နှာပေါ်ကို ဓါးနဲ့နည်းနည်းမွှန်းစေချင်ရုံပဲ။ ဘယ်လိုလုပ်ရမလဲ၊ မင်းရဲ့မျက်နှာလေးက အရမ်းလှနေတာကိုမြင်တော့ ငါတို့ လုပ်နေကျအတိုင်း မမွှန်းဘဲ ဂရုတစိုက် မွှန်းပေးရမလား”
လမ်းသရဲခေါင်းဆောင်က ရယ်ရင်း မေးလာသည်။
သူ့စကားများက ပေါ့ပေါ့ပျက်ပျက်သာဖြစ်၍ ကျင်းယွင်ကျောင်း၏ လက်များ၊ ခြေများနှင့် မျက်နှာသည် ဂျုံပြားဖြင့် လုပ်ထားသည့်အလားပင်။
ထိုအခါ ကျင်းယွင်ကျောင်းက တရားခံသည် မည်သူဖြစ်ကြောင်းကို စဥ်းစားစရာပင် မလိုဘဲ ပြန်မေးလိုက်၏။
“ရှင်တို့ကို ကျန်ဝမ်ရှန်းက ငှားထားတာလား”
တစ်ဖက်လူက ပြုံးဖြီးဖြီးသာ လုပ်နေ၍ ပြန်မဖြေသော်လည်း အခြားမည်သူကမှ သူမအား ပစ်မှတ်ထားစရာအကြောင်းမရှိသဖြင့် ကြိုးကိုင်သူမှာ ကျန်ဝမ်ရှန်းသာဖြစ်ကြောင်း သူမ သိထားပြီးဖြစ်သည်။ ကြိုးကိုင်သူအစစ်မှာ ဟယ့် မိသားစုလည်း ဖြစ်နိုင်သော်လည်း ထန် မိသားစုသည် ဟယ့်မိသားစု၏ စီမံကိန်းလုပ်ငန်းနှစ်ခုထဲမှ ထောက်ပံ့ငွေများကို ပြန်လည်ထုတ်ယူထားပြီးဖြစ်ကြောင်း ထန်ကျစ်ဟွားက သူမကို ပြောပြထားသဖြင့် ဤကိစ္စသည် ဟယ့် မိသားစု၏ လက်ချက် ဖြစ်နိုင်ခြေနည်း၏။ ယခုအချိန်၌ ဟယ့် မိသားစုသည် အသည်းအသန်ရုန်းကန်နေရကာ အလုပ်များနေသောကြောင့် ကျင်းယွင်ကျောင်းအား လူငှား၍ အနိုင်ကျင့်ခိုင်းရန် အချိန်ရှိမည် မဟုတ်ပေ။ ထို့အပြင် ဟယ့် မိသားစုက သူတို့သည် အကြီးအကဲ ထန်၏ စည်းကို ကျော်မိသွားကြောင်း သိထားပြီဖြစ်သဖြင့် ကျင်းယွင်ကျောင်းအား ထပ်မံပြီး ဒုက္ခပေးရဲတော့မည် မဟုတ်။
“မင်း မလိုအပ်တဲ့ မေးခွန်းတွေမေးပြီး ကိုယ့်ဒုက္ခကိုယ်ပြန်ရှာနေတာကို ရပ်လိုက်သင့်တယ်။ ပြီးတော့ ငါတို့ မင်းနဲ့ရှင်းပြီးသွားရင် မင်း ရဲခေါ်လိုက်လို့ရတယ်နော်၊ ဒါပေမယ့် ငါတို့အကြောင်းကို ပြောပြလိုက်ရင်တော့ မင်း အနာဂတ်မှာ သတိထားနေတာ ပိုကောင်းမယ်၊ အထူးသဖြင့် ဒီလိုမျိုး မှောင်မဲပြီး လေထန်တဲ့နေ့တွေမှာပေါ့ကွာ”
Chapter 315 : ကြောက်လွန်းလို့ ရူးသွားတာလား
လမ်းသရဲခေါင်းဆောင်သည် အသက်နှစ်ဆယ်ခန့်ရှိ၍ အတော်လေး အကျည်းတန်သည်။ သူ့မျက်လုံးများက အောက်ဘက်သို့ စွေစောင်းနေ၍ နှုတ်ခမ်းပါးပြီး နှာခေါင်းကြီးကာ မျက်နှာတွင်လည်း ကျောက်ပေါက်မာများရှိ၏။ သူ စကားပြောသောအခါ အမူအယာများနှင့် ပြောစကားများသည်လည်း မျှော်လင့်ထားသည့်အတိုင်း လမ်းသရဲတစ်ယောက်ဟူသော ဂုဏ်ပုဒ်နှင့် ကိုက်ညီသည်။ တစ်ချက်ကြည့်ရုံနှင့်ပင် သူသည် လမ်းပေါ်နှင့် လမ်းကြားများထဲတွင်သာ ရှာတွေ့နိုင်သည့် ဆန်ကုန်မြေလေးတစ်ယောက်ဖြစ်ကြောင်း လူတိုင်းပြောနိုင်၏။
ကျင်းယွင်ကျောင်းသည် ယခု သူမ ကြုံတွေ့နေရသည်နှင့် တူညီသောအခြေအနေကို ကြုံဖူးပြီးသားဖြစ်သော်လည်း ထိုအချိန်က သူမ ရင်ဆိုင်ခဲ့ရသော လူအရေအတွက်မှာ ယခုထက်ပိုနည်း၍ ထိုလူများအား ကိုယ်ခံပညာတတ်သူများဟုပင် မယူဆနိုင်ပေ။
တစ်ဖက်တွင်မူ ယခု သူမ အရှေ့တွင် ရှိနေသူများအားလုံးမှာ နေ့စဥ် တိုက်ခိုက်သတ်ပုတ်နေကြသည့် လမ်းသရဲများဖြစ်ရုံသာမက လမ်းသရဲခေါင်းဆောင်သည် ခြေနင်းသိုင်းကွက်အချို့ကိုပင် တက်မြောက်သေးသည်။ ထို့ကြောင့် ယခု သူမ ရင်ဆိုင်နေရသည့် ပြိုင်ဘက်များအား ယခင်ပြိုင်ဘက်များနှင့် လုံးဝနှိုင်းယှဥ်၍ မရပေ။
“အရင်တုန်းကလည်း ရှင်တို့လို လူတွေက ကျွန်မကို ခြိမ်းခြောက်ဖူးတယ်။ ဒါပေမယ့် အခု သူတို့ထဲက တချို့က ထောင်ထဲမှာ၊ တချို့ကကျ ဒုက္ခိတဖြစ်အောင် အရိုက်ခံလိုက်ရတယ်။ ရှင်တို့ရော ဘယ်အမျိုးအစားထဲ ရောက်သွားမယ်လို့ ထင်လဲ”
ကျင်းယွင်ကျောင်းက ရုတ်တရက် ထမေးလိုက်၏။
ယခင်ကလည်း လုကျားနှင့် ဝမ်းကွဲအစ်ကိုများသည် ကျင်းယွင်ကျောင်းအား ရိုကျိုးလာစေရန်အတွက် သူမ၏ မျက်နှာကို ဓါးနှင့် မွှန်းချင်ခဲ့ဖူးသည်၊ သို့သော် အဆုံးသတ်တွင် ကံဆိုးမိုးမှောင်ကျသွားသူများမှာ သူတို့သာဖြစ်၍ သူမ မဟုတ်ပေ။
ထိုအခါ လမ်းသရဲအုပ်စုသည် ခဏမျှ အံ့သြဆွံ့အသွားပြီးနောက် ဝါးလုံးကွဲရယ်လိုက်ကြသည်။
“နှစ်တိုင်း ထူးထူးဆန်းဆန်း အခြေအနေတွေကြုံရတာ၊ ဒါပေမယ့် ဒီနှစ်ကတော့ ခဏခဏ ကြုံနေရမယ့်ပုံပဲ။ ညီအစ်ကိုတို့၊ သူပြောတာကို မင်းတို့ကြားလိုက်လား။ ဒီကောင်မလေးပြောလိုက်တာကို မင်းတို့ကြားလိုက်ကြလား။ အခု ခြိမ်းခြောက်ခံနေရတဲ့သူက ငါတို့များလားကွာ။ အား...ငါ နားကြားမှားသွားတာထင်တယ်၊ မင်း ခုနက ပြောလိုက်တာလေးကို နောက်တစ်ခေါက် ပြန်ပြောရဲသေးလား”
ထို့နောက် လမ်းသရဲခေါင်းဆောင်က မထီမဲ့မြင်ဟန် လှောင်ပြောင်နေသော မျက်နှာပေးဖြင့် ပုံကြီးချဲ့၍ နားစွင့်နေဟန်ပြု၍ မေးလာ၏။
ခေါင်းဆောင်ဖြစ်သူ၏ စကားကို ကြားသောအခါ နောက်လိုက်တစ်ယောက်ကလည်း သံယောင်လိုက်၍ ဝင်ပြောလာသည်။
“သူက သေချာပေါက် ကြောက်လွန်းလို့ ရူးသွားတာပဲ မဟုတ်လား။ အစ်ကိုကြီး၊ ဒီစော်လေးက အတော်လှတယ်နော်။ ကျွန်တော်တို့ သူ့ကိုခေါ်သွားပြီး ကစားကြရင်ရော”
“ရှူး...မင်းက သူနဲ့ကစားချင်တယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ။ ငါတို့ ပိုက်ဆံလက်ခံပြီးပြီဆိုတော့ စည်းမျဥ်းအတိုင်းပဲ လိုက်နာရမယ်လေ။ ဟုတ်ပြီ မိန်းကလေး၊ ငါ့ရဲ့ညီအစ်ကိုတွေက သွေးဆာနေပြီဆိုတော့ မင်းကို အပြစ်ပေးဖို့ အချိန်ကျပြီ”
ခေါင်းဆောင်က ပြန်ပြောလိုက်ပြီး စကားဆုံးသည်နှင့် သူ၏ ဘေးတွင်ရှိသော နောက်လိုက်အား မျက်စပစ်ပြလိုက်၏။
ထိုအခါ လမ်းသရဲအချို့က ရုတ်တရက် စတင်လှုပ်ရှားလိုက်ပြီး ကျင်းယွင်ကျောင်း၏ လက်ကို ဆွဲချုပ်ထားရန် ကြိုးစားလိုက်ကြသည်။
သူတို့က တိုက်ခိုက်ချင်နေတယ်ဆိုမှတော့ ငါကလည်း ထပ်ပြီးတော့ ယဥ်ကျေးနေစရာ မလိုတော့ဘူးပေါ့။
ကျင်းယွင်ကျောင်းက လက်ပြန်ဖြင့် ရှေ့သို့တက်လာသော လမ်းသရဲနှစ်ယောက်အား ဖမ်းချုပ်ထားလိုက်ပြီး နှစ်ယောက်စလုံး၏ လက်များကို ကွေး၍ လိမ်ပစ်ရာ လမ်းသရဲနှစ်ယောက်သည် ခေတ္တမျှ သတိလက်လွတ်ဖြစ်သွားပြီးနောက် နာကျင်စွာဖြင့် အော်ဟစ်လိုက်ကြသည်။ ထို့နောက် ကျင်းယွင်ကျောင်းက သူတို့အား ရက်ရက်စက်စက် ဆောင့်ကန်လိုက်ရာ မျက်နှာနှင့် ကွန်ကရစ်လမ်းရိုက်မိသွားပြီး လမ်းသရဲနှစ်ယောက်၏ မျက်နှာရှိ ဒဏ်ရာများမှ သွေးများဖြာကျလာတော့၏။
ထိုသွေးသံတရဲရဲမြင်ကွင်းကို မြင်သောအခါ အခြားလမ်းသရဲများသည် ခေါင်းဆောင်ဖြစ်သူအား ကြည့်လိုက်ကြသည်။ သူတို့၏ ခေါင်းဆောင်ဖြစ်သူသည်လည်း ကျင်းယွင်ကျောင်းက ပြန်လည်ခုခံနိုင်စွမ်းရှိမည်ဟု မမျှော်လင့်ထားသည်မှာ သိသာ၍ မျက်မှောင်ကြုတ်ကာ ပြောလာ၏။
“မင်းက ငါတို့နဲ့ လိမ်လိမ်မာမာ ပူးပေါင်းဖို့ ဆန္ဒမရှိဘူးဆိုမှတော့ ငါတို့လည်း ထပ်ပြီးတော့ ယဥ်ကျေးမနေတော့ဘူး။ ညီအစ်ကိုတို့၊ သူ့ကိုဖမ်း”
ထိုအခါ ကျယ်လောင်သည့် ညာသံပေးသံနှင့်အတူ တိတ်ဆိတ်နေသော လမ်းကြားလေးအတွင်း၌ ချက်ချင်းပင်် ရုတ်ရုတ်သဲသဲဖြစ်၍ ဆူညံသွားတော့သည်။
လူလေးငါးဆယ်ခန့်သည် ကျင်းယွင်ကျောင်းဆီသို့ ဘက်ပေါင်းစုံမှ ပြေးဝင်လာရာ ကျင်းယွင်ကျောင်း၏ နေရာတွင် သာမန်လူတစ်ယောက်သာဆိုပါက ကြောက်လွန်း၍ သေသွားနိုင်၏။ ထိုမျှသာမက ကျင်းယွင်ကျောင်းသည် လက်ဗလာဖြစ်၍ လက်နက်တစ်ခုမှ မပါပေ။
ထို့အပြင် ယနေ့ညကဲ့သို့ တိမ်ထူ၍ လမိုက်နေသော ညတစ်ညတွင် ပတ်ဝန်းကျင်၌ မည်သူမျှမရှိဘဲ အနီးနားတွင်လည်း ငှားရမ်းနေထိုင်သူများ နည်းပါးလှသည်ဖြစ်ရာ ဤလမ်းသရဲများက ရန်ပွဲဖန်တီးကြလျှင်တောင်မှ အမှောင်ထဲ၌ ဖုံးကွယ်နေသည့် သူတို့ကျူးလွန်နေသော မကောင်းမှု ဒုစရိုက်များကို မည်သူက သတိပြုမိမည်နည်း။
ဆယ်ချီသောလူများစွာက လူတစ်ယောက်တည်းအား တိုက်ခိုက်နေခြင်းဖြစ်ရာ သေချာပေါက် သူတို့ဘက်မှ အနိုင်ရမည်သာဖြစ်သည်။ ထို့ကြောင့် လမ်းသရဲခေါင်းဆောင်သည် သူ့နောက်လိုက်များ ပြေးဝင်သွားသည်ကိုမြင်သောအခါ နောက်ဆုတ်လိုက်ပြီး ရန်ပွဲကို ဆက်၍ အကဲခတ်နေလိုက်၏။
သို့ရာတွင် ခေါင်းဆောင်သည် လူများ၏ နာနာကျင်ကျင် သံရှည်ဆွဲအော်ဟစ်သံကြီးကို ရုတ်တရက် ကြားလိုက်ရပြီးနောက် ကျင်းယွင်ကျောင်းဆီသို့ ပထမဆုံး ပြေးဝင်သွားသူများသည် ယခုအခါ ပြန်၍ လွင့်ထွက်လာကြသည်ကို မြင်လိုက်ရသည်။
ထို့နောက် ကျင်းယွင်ကျောင်းသည် သူမထံသို့ ပြေးဝင်လာသည့် ဒုတိယအသုတ်အား လျှပ်စီးကဲ့သို့ လျင်မြန်စွာ တိုက်ခိုက်လိုက်သည်ကိုလည်း သူ မြင်လိုက်ရ၏။ သူမသည် ထိုသူများ၏ ဦးခေါင်းပေါ်မှ ခုန်ကျော်သွားကာ ခြေထောက်ကို သုံးပြီး ထိုလမ်းသရဲတစ်ယောက်ကို လည်ဂုတ်ကိုညှပ်လိုက်ကာ ဆွဲလွှင့်ပစ်လိုက်သည်။
ထိုအခါ ခေါင်းဆောင်ဖြစ်သူသည် နေရာ၌ပင် မလှုပ်မယှက်ဖြင့် ကြောင်အသွားပြီးနောက် ရုတ်တရက် တစ်ကိုယ်လုံး တုန်လှုပ်လာကာ စိတ်ရှုပ်နေသောမျက်နှာထားဖြင့် အော်လိုက်၏။
“ဘာတွေဖြစ်နေတာလဲ”
သူက တကယ်ပဲ ကိုယ်ခံပညာတတ်တာလား။
အမှန်အတိုင်းပြောရလျှင် ကျန်ဝမ်ရှန်းက သူ့အား ထိုအကြောင်းကို ပြောပြထားဖူး၍ ကျင်းယွင်ကျောင်းသည် သူတို့မိသားစု၏ သားဖြစ်သူအား အိပ်ယာထဲတွင်သာ အားပြန်ပြည့်အောင်နေရသည်အထိ ရိုက်နှက်ခဲ့ဖူးသော ဒေါသထွက်လွယ်သူတစ်ယောက်ဖြစ်ကြောင်းလည်း သူ့အား ပြောပြခဲ့သည်။ ထိုမျှသာမက သူမသည် အမှန်တကယ်ပင် ကိုယ်ခံပညာကျွမ်းကျင်လှသည်ဟု သူမ၏ကျောင်းမှ လူများက ကောလဟာလလွှင့်ကြသည်ကိုလည်း ကြားဖူး၏။ သို့ရာတွင် သူသည် ကောလဟာလများကို ယုံတတ်သည့်သူမျိုး မဟုတ်သောကြောင့် ထိုသူများက ပုံကြီးချဲ့ပြောနေသည်ဟုသာ တွေးခဲ့ပြီး အများဆုံးအနေဖြင့် ကျင်းယွင်ကျောင်းသည် သာမန်လူတစ်ယောက်ထက် အနည်းငယ် ပို၍ သန်မာရုံဟုသာ ထင်ခဲ့မိလေသည်။
Chapter 316 : ရှင်က ကျွန်မကို အရူးလုပ်နေတာလား
သို့ရာတွင် ယခုအချိန်၌ သူတို့ဘက်မှ လူများစွာဖြင့် ကျင်းယွင်ကျောင်းအား တိုက်ခိုက်နေသော်လည်း သူမ၏တိုက်ခိုက်မှုများကို တန်ပြန်နိုင်သည့်ခွန်အားမရှိပေ။
ထိုအခါ သူ၏နောက်လိုက်များထဲမှ တစ်ယောက်သည် မတ်တပ်ပင်မရပ်နိုင်သည်အထိ အရိုက်ခံလိုက်ရသည်ကိုမြင်သောအခါ လမ်းသရဲခေါင်းဆောင်၏မျက်နှာသည် ဖြူဖတ်ဖြူလျော်ဖြစ်သွား၍ ကပ်ဘေးဒုက္ခကြီးတစ်ခုကို ရင်ဆိုင်တိုက်ခိုက်ရတော့မည့်အလား ပြင်ဆင်လိုက်သည်။ ထို့နောက် လမ်းသရဲခေါင်းဆောင်သည် တစ်ချက်ဆဲရေးလိုက်ပြီး သူ၏အိတ်ကပ်ထဲမှ ဓါးတစ်ချောင်းကိုထုတ်၍ သူကိုယ်တိုင် ရန်ပွဲထဲသို့ ဝင်ပါလိုက်တော့၏။ လက်တွေ့တွင်လည်း သူသည် ထိုလမ်းသရဲများ၏ခေါင်းဆောင်ဖြစ်ရာ သူတို့ ဆိုးဆိုးဝါးဝါး အရိုက်ခံနေရသည်ကို သူက ဘေးမှနေ၍ အဘယ် ရပ်ကြည့်နေနိိုင်မည်နည်း။
ဓါးသည် အရှည်ကြီးမဟုတ်ဘဲ လက်တစ်ဝါးခန့်သာရှိသော်လည်း တစ်ချက်ကြည့်ရုံဖြင့်ပင် အလွန်ထက်ကြောင်း သိနိုင်၍ အမှောင်ထဲ၌ ငွေရောင်လက်နေသည်။
ကျင်းယွင်ကျောင်းသည် သူမဆီသို့ ချဥ်းကပ်လာသည့် အန္တရာယ်၏အငွေ့အသက်ကို မသိမသာ အာရုံခံမိလိုက်၍ တစ်ချက်အကဲခတ်လိုက်ရာ ပါးစပ်ပြဲပြဲနှင့် ခေါင်းဆောင်သည် ခပ်ပြုံးပြုံးမျက်နှာပေးနှင့် လက်သီးကိုတင်းတင်းဆုပ်၍ တကျစ်ကျစ် စုပ်သပ်နေသည်ကို မြင်လိုက်ရ၏။
ညအမှောင်ထဲ၌ ပြေးဝင်လာသော ရန်သူများကို ကျင်းယွင်ကျောင်းသည် အဆိပ်ပြင်းသော မြွေတစ်ကောင်အလား အေးတိအေးစက်ဖြင့်သာ စိုက်ကြည့်နေသည်။
ထို့နောက် လမ်းသရဲခေါင်းဆောင်သည် ကျင်းယွင်ကျောင်းအား သူ၏လူများက တိုက်ခိုက်နေသည်ကို အခွင့်ကောင်းယူ၍ ဓါးနှင့်ထိုးရန် ကြိုးစားလိုက်၏။
“အား.....”
ဝေဒနာပြင်းထန်စွာ ခံစားနေရသော အသံနက်ကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
သို့သော် အသံပိုင်ရှင်မှာ လမ်းသရဲခေါင်းဆောင်ဖြစ်၍ သူ၏ပခုံးမှ ရုတ်တရက်ပေါ်ထွက်လာသည့် နာကျင်မှုကြောင့် အော်ဟစ်လိုက်ခြင်းပင်။
လမ်းသရဲခေါင်းဆောင်သည် ကျင်းယွင်ကျောင်း၏လှုပ်ရှားမှုများကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ရဘဲ သူမသည် သူ၏လက်ဖျံကိုချိုးပစ်လိုက်ပြီး အနောက်မှ တံတောင်နှင့်တွက်လိုက်ရာ သူသည် ဓါးနှင့် သူ့ကိုယ်သူ ပြန်ထိုးမိသွား၍ ဒဏ်ရာအကြီးအကျယ်ရသွားတော့သည်။ ချက်ချင်းပင် သွေးနံ့များက လှိုက်တက်လာ၏။
ခေါင်းဆောင် ဓါးထိုးခံရသည်နှင့် နောက်လိုက်များ၏သတ္တိမှာလည်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားပြီး အချို့က မတ်တပ်ပင် မရပ်နိုင်တော့ဘဲ အချို့ကမူ ကျင်းယွင်ကျောင်း၏အနားသို့ ချဥ်းကပ်သင့်၊မကပ်သင့် ဆွေးနွေးတိုင်ပင်နေကြသည်။
လမ်းသရဲခေါင်းဆောင်၏တစ်ကိုယ်လုံးတွင် ချွေးအေးများ စီးကျနေပြီး အကယ်၍ ဓါး၏ဦးတည်ရာကသာ အပေါ်သို့ နည်းနည်းတက်သွားပါက လည်ပင်းသို့ ထိုးမိသွားမည်ဖြစ်ကြောင်း သူသိ၍ ထိုသို့သာဖြစ်သွားပါက သူ့အား ဘုရားပင် ကယ်နိုင်တော့မည်မဟုတ်ပေ။
ကျင်းယွင်ကျောင်း၊ သူက ဘယ်လိုကိုယ်ခံပညာမျိုးကို လေ့ကျင့်ထားတာလဲ။
ဤလမ်းသရဲများသည် ကိုယ်ခံပညာကို ပုံမှန်လေ့ကျင့်နေကျဖြစ်၍ တိုက်ရည်ခိုက်ရည်အချို့ရှိသည်။ သို့ရာတွင် ကျင်းယွင်ကျောင်း၏ကိုယ်ခံပညာအဆင့်မှာမူ သူတို့နှင့်ယှဥ်ပါက လုံးဝကွာခြားလှပြီး သူမ၏ပုံစံမှာ ခန့်မှန်း၍မရသလို ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။ ထို့အပြင် သူမထံမှ ထွက်ပေါ်လာသော အရှိန်အဝါသည်လည်း အလွန်အမင်း ထူးခြားဆန်းကြယ်လှ၍ သူမ၏ရန်သူများအား နောက်ကြောင်းပြန်ဆုတ််စေ၏။
“ငါတို့တိုက်ခိုက်လို့ပြီးပြီ၊ ကျင်းယွင်ကျောင်း၊ ပြဿနာတစ်ခုခုရှိသေးရင် အေးအေးချမ်းချမ်း ညှိနှိုင်းလို့ရတယ်။”
လမ်းသရဲခေါင်းဆောင်သည် ငတုံး မဟုတ်သဖြင့် သူ၏ဒဏ်ရာကို လက်ဖြင့်ဖိထားရင်း ချက်ချင်း အော်ပြောလိုက်သည်။
သူတို့၌ လူများစွာရှိလျှင်တောင်မှ ကျင်းယွင်ကျောင်းအား ယခုအထိ မရိုက်နိုင်သေးပေ၊ ထို့ကြောင့် ဆက်၍တိုက်ခိုက်နေပါက သူတို့ သေချာပေါက်သွားရမည့်လမ်းမှာ ဆေးရုံသာဖြစ်၏။
“ရှင့်နာမည် ဘယ်လိုခေါ်လဲ။”
ကျင်းယွင်ကျောင်းက ရုတ်တရက် မေးလာသည်။
“မဟူရာသစ်နက်။”
လမ်းသရဲခေါင်းဆောင်က ခပ်ယဲ့ယဲ့ ပြန်ဖြေ၏။
သူ၏ပခုံးရှိ ဒဏ်ရာသည် ဆယ်လက်မခန့်ရှည်၍ သွေးများအိုင်ထွန်းမနေသော်လည်း နာကျင်မှုမှာမူ လူတစ်ယောက်အား မူးမေ့သွားစေမတတ်ပင်။ သူ၏လက်များသည်လည်း သွေးများရွှဲနစ်နေ၍ ဤကဲ့သို့တစ်ကိုယ်လုံး သွေးများဖြင့်စေးကပ်နေသည်ကို သူ မကြုံရသည်မှာ နှစ်အတော်ကြာနေပြီဖြစ်သည်။
“မဟူရာသစ်နက်လား။”
ကျင်းယွင်ကျောင်းက ရယ်ရင်း ဆက်ပြောလာ၏။
“ရှင်က တိုက်ခိုက်တာကို ရပ်သင့်တယ်လို့ပြောတိုင်း ကျွန်မတို့က ရပ်ရမှာလား။ ရှင်က ကျွန်မကို အရူးလို ဆက်ဆံနေတာလား။”
စကားဆုံးသည်နှင့် ကျင်းယွင်ကျောင်းက ခြေထောက်မြှောက်လိုက်ပြီး လမ်းသရဲခေါင်းဆောင်အား ဆောင့်ကန်လိုက်ရာ သူသည် ကွန်ကရစ်လမ်းနှင့်ရိုက်မိသွား၍ မေ့လဲသွား၏။
အခြားလမ်းသရဲများသည် သူတို့ခေါင်းဆောင်ဖြစ်သူ၏ ကံတရားကို မြင်သောအခါ နည်းမျိုးစုံဖြင့် တုံ့ပြန်လာကြသည်၊ အချို့က သူ့အား ကူညီရန်အတွက် ပြေးသွားကြ၍ အချို့က လက်နက်များကို ထုတ်ကာ ကျင်းယွင်ကျောင်းနှင့် သူသေကိုယ်သေတိုက်ချင်နေကြပြီး အချို့က အခြေအနေအား အခွင့်ကောင်းယူကာ ထွက်ပြေးကြ၏။
သို့သော် ကျင်းယွင်ကျောင်းသည် သူမအား တိုက်ခိုက်ရဲသူမှန်သမျှကို အလွတ်ပေးမည်မဟုတ်ပေ။ ထို့ကြောင့် သူမ၏ခြေထောက်အောက်မှ ကျောက်ခဲများကို ငုံ့ကြည့်လိုက်ပြီး ထိုကျောက်ခဲများအား ထွက်ပြေးသွားသော လမ်းသရဲများ၏ အပ်စိုက်မှတ်များဆီသို့ ဦးတည်၍ ကန်ထုတ်ပစ်လိုက်သည်။ ခဲများသည် ဥက္ကာပျံခဲများအလား ထိုလမ်းသရဲများဆီသို့ ပြေးဝင်သွား၍ ရည်ရွယ်ထားသောနေရာများဆီသို့ အားပြင်းပြင်းဖြင့် ထိမှန်သွားရာ သူတို့သည် လမ်းပေါ်သို့ လဲကျသွားကြပြီး မလှုပ်နိုင်ကြတော့ပေ။
ကျန်လမ်းသရဲများကိုမူ ကျင်းယွင်ကျောင်းသည် ပို၍ပင် ရက်စက်သေး၏။ သူမ၏ခန္ဓာကိုယ်လှုပ်ရှားမှုများသည် ကျော့ရှင်းလှပ၍ ကိုယ်ဟန်အနေအထားကလည်း ရေကဲ့သို့ ကြည်လင်ပြတ်သားကာ လမ်းကြားလေးထဲ၌ ရပ်နေသည်ဟုပင်် မထင်ရချေ၊ သူမ၏လက်ကလေးများက သွယ်လျနေသော်လည်း ဓါးသွားကဲ့သို့ ထက်ရှလှ၍ လက်သီးချက်များကလည်း ဟာရီကိန်းမုန်တိုင်းကဲ့သို့ အားပြင်းလှသည်။ သူမသည် ထိုလမ်းသရဲများအား မူးမေ့မသွားမချင်း ရိုက်နှက်၍ သူတို့အား ရှုံးနိမ့်ခြင်းကို ဆက်တိုက်ခံစားစေ၏။
တဝုန်းဝုန်း လဲကျသံများသည် လမ်းကြားလေးထဲမှ ဆူညံစွာ ထွက်ပေါ်လာ၍ ဆယ်မိနစ်ခန့်ကြာပြီးနောက်တွင်မူ ထိုလမ်းကြားလေးသည် ယခင်အတိုင်း တဖန်ပြန်၍ တိတ်ဆိတ်သွားသော်လည်း သွေးပျက်ဖွယ်မြင်ကွင်းတစ်ခုက ထင်ထင်ရှားရှားရှိနေ၏။
လမ်းကြားလေးထဲ၌ ယောက်ျားကြီးများစွာသည် လဲကျနေ၍ ကျင်းယွင်ကျောင်းက သူတို့အား တရွတ်တိုက်ဆွဲကာ တောင်ပူစာလေးဖြစ်အောင် ပုံထားလိုက်သည်။ ထို့နောက် တောင်ပူစာလေး ဖန်တီးပြီးသွားသောအခါ လမ်းပေါ်ရှိ သူမ၏ဖုန်းကို ကောက်ယူလိုက်ပြီး လူတစ်ယောက်အား ဖုန်းခေါ်လိုက်၏။