← Chapters

အခန်း (၃၁၇-၃၂၀)

Vol. 16 Ch. 317-320

အခန်း (၃၁၇-၃၂၀)

Vol. 16 Ch. 317-320

Chapter 317 : စဥ်းလဲသော

ချောင်ဟုန်ယဲ့ ကျောင်းထွက်ပြီးသည့်နောက် ကျင်းယွင်ကျောင်းသည် ဟွားဇယ်နှင့် အဆက်အသွယ်ဖြတ်ခဲ့သည်။ သို့ရာတွင် ဟွားဇယ်သည် စည်းရှိသူတစ်ယောက်ဖြစ်သောကြောင့် ဤကိစ္စကို သူ့အား ဖြေရှင်းခိုင်းလိုက်ပါက ပို၍သင့်လျော်၏။

အကယ်၍ သူမသာ သူတို့အား ရဲစခန်းသို့ပို့လိုက်ပါက ထိုလမ်းသရဲများသည် သူမအား ကျေးဇူးတင်ကြမည် မဟုတ်ပေ။

လက်တွေ့၌ ထိုလမ်းသရဲများသည် ဒုက္ခမျိုးစုံကြုံဖူးသူများဖြစ်၍ အချုပ်ထဲ၌ ရက်အနည်းငယ်နေရခြင်းက သူတို့အပေါ်တွင် အကျိုးသက်ရောက်မှုရှိမည်မဟုတ်ပေ။ ထို့အပြင် ကျင်းယွင်ကျောင်း အလိုရှိသည်မှာ ယနေ့မှစ၍ ဟွားနင်ခရိုင်၌ အခြားသူများက သူမအား တိုက်ခိုက်ခြင်းမှ ကာကွယ်၍ ပြန်လည်ခြိမ်းခြောက်နိုင်ရန်ဖြစ်သည်။

ယခင်က ကျင်းယွင်ကျောင်း ဟွားဇယ်ကိုဆက်သွယ်ခဲ့စဥ်က သူမသည် အိုင်ဒီကိုခြေရာခံမရသောဖုန်းတစ်လုံးကိုသာ သုံးခဲ့၍ ဟွားဇယ်နှင့်အဆက်အသွယ်ဖြတ်လိုက်သောအခါ သူမလည်း ထိုဖုန်းကို မသုံးတော့ပေ။ သို့ရာတွင် ယခုအချိန်၌ ကျင်းယွင်ကျောင်းသည် ထပ်မံ၍ ဖုံးကွယ်မထားချင်တော့သောကြောင့် သူမ၏ကိုယ်ပိုင်ဖုန်းနံပါတ်ကိုသာသုံး၍ ဟွားဇယ်ကို ဆက်သွယ်လိုက်သည်။

ထိုအချိန်၌ ဟွားဇယ်သည် မရင်းနှီးသောဖုန်းဝင်လာသဖြင့် မျက်ခုံးပင့်လိုက်ပြီး သူ့အား လုပ်ငန်းအပ်ရန်အတွက် ဆက်သွယ်သူတစ်ယောက်ဖြစ်မည်ဟုသာ တွေးလိုက်၏။

သို့ရာတွင် ချောင်ဟုန်ယဲ့၏ကိစ္စကို ဖြေရှင်းပြီးကတည်းက ဟွားဇယ်နှင့်သူ၏ညီအစ်ကိုများသည် ထိုသို့လွယ်ကူရိုးရှင်းသောအလုပ်မျိုး တစ်ခါမှထပ်မလုပ်ရတော့သဖြင့် သူတို့သည် ထိုကိစ္စကို မကြာခဏ သတိရအောက်မေ့မိကြသည်။

ဖုန်းဝင်သွားသည်နှင့် ဟွားဇယ်၏အသံက ပျင်းရိစွာ ပေါ်ထွက်လာ၏။

သူ၏အသံကိုကြားသောအခါ ကျင်းယွင်ကျောင်းက ကွေ့ဝိုက်မနေတော့ပဲ လိုရင်းကိုသာ ချက်ချင်းပြောလိုက်သည်။

“ဟွားဇယ်၊ ခင်ဗျား မဟူရာသစ်နက်နဲ့ ရင်းနှီးလား။”

ဖုန်းတစ်ဖက်မှ ရင်းနှီးနေသောအသံကိုကြားလိုက်ရသဖြင့် ဟွားဇယ်သည် အံ့သြသွားပြီး ဖုန်းနံပါတ်ကို တစ်ခေါက်ပြန်၍ အမြန်စစ်ကြည့်လိုက်ပြီးနောက် မေးလာ၏။

“မင်းလား။”

ထိုရင််းနှီးနေသောအသံသည် သူတို့အားငွေလွှဲပြီးနောက် အဆက်အသွယ်ဖြတ်သွားသည့် ညီငယ်လေး၏အသံဖြစ်၍ ထိုအချိန်က သူတို့သည်လည်း အသံတိတ်စည်းမျဥ်းကို နားလည်သူများဖြစ်ကြရာ ထိုညီငယ်လေးကို ထပ်မံ၍ လိုက်ရှာရန် မကြိုးစားကြပေ။ သူတို့အားလုံးသည် ကျင်းယွင်ကျောင်းက သူတို့အား ဘယ်တော့မှထပ်၍ ဆက်သွယ်တော့မည်မဟုတ်ဟု ထင်ထားခဲ့ကြသော်လည်း လအနည်းငယ်ကြာပြီးနောက် သူမက သူတို့အား ထပ်မံ၍ဆက်သွယ်လာမည်ဟု မည်သူသိမည်နည်း။

“မင်း ဘာလို့ မဟူရာသစ်နက်ရဲ့အကြောင်းကို မေးတာလဲ။ သူ့ကို အပြစ်ပြုမိခဲ့တာလား။ ဒါဆိုရင် ငါ မင်းကို အကြံပေးချင်တယ်။ မဟူရာသစ်နက်က ညီအစ်ကိုတွေအများကြီးရှိပြီးတော့ အရမ်းရက်စက်ကြမ်းကြုတ်တဲ့သူပဲ။ ဒါတင်မကဘူး၊ သူ့ရဲ့ကာကွယ်မှုအောက်မှာ ကိုယ်ပိုင်လုပ်ငန်းတွေအများကြီးရှိတယ်၊ ပြီးတော့ သူက လုပ်ငန်းမရွေး လက်ခံတတ်တဲ့လူစားမျိုးပဲ။ သက်ကြီးရွယ်အိုတစ်ယောက်ကို ရိုက်ရရိုက်ရ၊ ကလေးငယ်တစ်ယောက်ကို ရိုက်ရရိုက်ရ သူက မျက်တောင်တစ်ချက်တောင် မခတ်ဘဲ လုပ်နိုင်တယ်။ သူနဲ့ကောင်းရှင်းက လုံးဝတခြားစီပဲ၊ ယှဥ်လို့မရဘူးဆိုတာ မင်း စိတ်ထဲမှာ မှတ်ထားဦး၊ တကယ်လို့ မင်း သူနဲ့တွေ့ရင် ရှောင်သွားပြီး ဝေးဝေးနေဖို့ ကြိုးစားတာက အကောင်းဆုံးပဲလို့ ငါ မင်းကို အကြံပေးချင်တယ်။”

ဟွားဇယ်က ယဥ်ယဥ်ကျေးကျေး ပြန်ဖြေလိုက်သည်။

ထို့နောက် သူသည် စကားအများကြီးပြောလိုက်ရသဖြင့် ပါးစပ်ပင် ညောင်းသွား၏၊ အကယ်၍ ဤမေးခွန်းအား တခြားသူတစ်ယောက်ကသာ မေးခဲ့ပါက သူသည် တစ်ဖက်လူအား ထိုသတင်းစကားအတွက် အဖိုးအခတောင်းလိမ့်မည်ဖြစ်၏။

သို့ရာတွင် ဤညီငယ်လေးသည် အခြားသူနှင့် မတူပေ၊ ကောင်းရှင်း အပြီးတိုင် ပျက်ဆီးသွားပြီးနောက်တွင် သူ၏နောက်လိုက်များအားလုံးသည် ဟွားဇယ်၏လက်မရွံလူယုံများဖြစ်လာကြရုံသာမက ကောင်းရှင်း အပိုင်စားရသောနယ်မြေများသည်လည်း ဟွားဇယ်၏အာဏာအောက်သို့ ရောက်လာခဲ့သည်။ ထို့ကြောင့် သူသည် မဟူရာသစ်နက်နှင့် မနှိုင်းယှဥ်နိုင်သော်လည်း ဟွားနင်ခရိုင်၌ သြဇာလွှမ်းမိုးမှုရှိနေဆဲပင်။

“ကျုပ် သူတို့ကို ရန်တောင် စပြီးသွားပြီ။ အခု ကျုပ်တို့က ချင်းနျန်လမ်းမကြီးဘေးက လမ်းကြားလေးတစ်ခုထဲမှာ။”

“အဲဒီမှာ လူဘယ်နှယောက်လောက်ရှိလဲ။”

ကျင်းယွင်ကျောင်း၏စကားမဆုံးမီမှာပင် ဟွားဇယ်က ဖြတ်မေးလာ၏။

“ဒီနေရာမှာတော့ ငါးဆယ်လောက် ရှိတယ်။”

ကျင်းယွင်ကျောင်းက ပြန်ဖြေလိုက်သည်။

“ငါနဲ့ညီအစ်ကိုတွေလာနေတဲ့အချိန်မှာ မင်းက နည်းလမ်းတစ်ခုလောက် ကြိုးစားရှာပြီး အချိန်ဆွဲထားလိုက်။”

ဟွားဇယ်က စကားဆုံးသည်နှင့် ချက်ချင်း ဖုန်းချလိုက်ပြီး သူ၏ညီအစ်ကိုများကို ခပ်မြန်မြန် အကူအညီလှမ်းတောင်းလိုက်၏။

ဒီမဟူရာသစ်နက်ကတော့ တကယ့်ကို ကောက်ကျစ်စဥ်းလဲတာပဲ၊ ဒီညီငယ်လေးက ကလေးပဲရှိသေးတာ အသိသာကြီးကို သူက ဒီလိုတိုက်ခိုက်ရဲသေးတယ်။

(T/N : ဒီနေရာမှာ ကျင်းယွင်ကျောင်းက ယောက်ျားလေးဟန်မဆောင်တော့ပါဘူးနော်၊ တကယ်က ယွင်ကျောင်းက (我)တို့ (你)တို့လို့ ဘုံသုံးနာမ်စားတွေနဲ့ပဲ ပြောတာပါ၊ တရုတ် (I, You)ပါပဲ၊ ‘ငါ၊ကျွန်တော်၊ကျွန်မ၊ကျုပ်’ ‘မင်း၊နင်၊ရှင်၊ခင်ဗျား’ ကြိုက်သလိုသုံးလို့ရပါတယ်။ ကျုပ်တို့၊ ခင်ဗျားဆိုတဲ့ နာမ်စားတွေက ဟွားဇယ်ဘက်က ကြားတဲ့အနေနဲ့ ဘာသာပြန်ထားတာမို့လို့ပါ။)

အကယ်၍ ဤနေရာ၌ တခြားသူတစ်ယောက်သာ ဖြစ်ပါက ဟွားဇယ်သည် အများကြီး ဂရုစိုက်နေမည်မဟုတ်ပေ၊ သို့ရာတွင် သူသည် သူ့အား မျက်နှာသာပေးဖူးသည်များကို မမေ့တတ်ပေ။ ယခင်က သူသည် ဤညီငယ်လေးထံမှ ပိုက်ဆံယူခဲ့သော်လည်း ထိုအချိန်က သူသည် အမှန်တကယ်ပင် များများစားစား မလုပ်ပေးခဲ့ရပေ။ ထို့ကြောင့် သူသည် ယခု ဤညီငယ်လေးအား မကူညီပါက သူ၏ဂုဏ်သတင်းသည် မြောင်းထဲရောက်သွားလိမ့်မည်။

ကျင်းယွင်ကျောင်းက ဖုန်းကို ငေးကြည့်နေမိသည်၊ သူမ၏ပြောစကားများကို ကြားပြီးနောက် ဟွားဇယ်က သူမအား မည်သည့်မေးခွန်းမှ မေးမလာဘဲနေလိမ့်မည်ဟု သူမ တစ်ခါမှ မျှော်လင့်မထားခဲ့ပေ။ ကျင်းယွင်ကျောင်း ခေါင်းသာ ခါမိလိုက်တော့သည်။

ထို့နောက် အေးစက်စက် ညအချိန်တွင် လေအေးတစ်ချက်ဝေ့တိုက်လာပြီး သူမသည် ပျင််းရိလာသောကြောင့် နံရံနားတွင် နေရာတစ်ခုရှာ၍ ဆောင့်ကြောင့်ထိုင်လိုက်ကာ ဟွားဇယ်နှင့်သူ၏လူများ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေ၏။

ထိုသို့စောင့်ဆိုင်းနေစဥ်အတွင်း သူမအား တိုက်ခိုက်ချင်နေသေးသည့် လမ်းသရဲအချို့ အခါအားလျော်စွာ ထွက်ပေါ်လာသော်လည်း ကျင်းယွင်ကျောင်းက ခပ်မြန်မြန်ပင် ကြမ်းကြမ်းတမ်းတမ်း တိုက်ခိုက်ပစ်လိုက်သည်။ ရလဒ်အနေဖြင့် ဒဏ်ရာရထားသော လမ်းသရဲများသည် အစုလိုက်အပုံလိုက်ဖြစ်လာ၍ အများစုကလည်း နာနာကျင်ကျင် သံရှည်ဆွဲ၍ ညည်းညူနေကြ၏။

မိနစ်နှစ်ဆယ်ခန့်ကြာပြီးနောက်တွင် ဤလမ်းကြားလေးထဲ၌ ဖြတ်သွားသူအနည်းအကျဥ်းရှိသော်လည်း သူတို့သည် လမ်းထဲရှိ ဤသွေးထွက်သံယိုမြင်ကွင်းကို မြင်သောအခါ ဘာကိုမှမမြင်ခဲ့ရသည့်အလား ခပ်သွက်သွက်လျှောက်၍ ထွက်ပြေးသွားကြသည်။

ညသန်းခေါင်အချိန်ပင် ရောက်နေပြီဖြစ်ရာ စိတ်သာမှန်ပါက မည်သူက ကိုယ့်ဒုက္ခကိုယ်ရှာချင်မည်နည်း။

ဟွားဇယ်သည် သူနှင့်အတူ လူဆယ်ယောက်ခန့်စုလိုက်နိုင်သဖြင့် သူ၏လုပ်ရည်ကိုင်ရည်မှာ မြန်ဆန်သည်ဟု ယူဆနိုင်သည်။ ထို့အပြင် သူသည် မဟူရာသစ်နက်နှင့်ညှိနှိုင်းရန်သာ လာခဲ့ခြင်းဖြစ်၍ တိုက်ခိုက်ရန်မဟုတ်ပေ။ လက်တွေ့၌ သူသည် ယနေ့ မဟူရာသစ်နက်ကို အနိုင်ယူနိုင်လျှင်တောင်မှ အနာဂတ်တွင် မဟူရာသစ်နက်၏လက်စားချေမှုကြောင့် ရှုံးနိမ့်ရလိမ့်မည်သာဖြစ်၏၊ အကယ်၍ ထိုသို့သာဖြစ်ခဲ့ပါက သူတို့၏ကံတရားသည် အဆုံးသတ်သွားလိမ့်မည်ဖြစ်၍ ဇာတ်သိမ်းလည်း လှမည်မဟုတ်ပေ။

Chapter 318 : အားလုံးက ကျွန်မလက်ချက်ပါပဲ

သို့ရာတွင် ဟွားဇယ်သည် လမ်း၌ စိုးရိမ်စပြုနေပြီဖြစ်၏။ အချိန်ကြာလွန်း၍ ပြဿနာပင် ပြီးဆုံးသွားတော့မည်။ သူတို့ရောက်သွားသောအချိန်၌ ထိုသူများက ညီငယ်လေးအား တစ်ခေါက်လောက် ရိုက်နှက်ပြီးသား ဖြစ်ကောင်းဖြစ်နေနိုင်သည် မဟုတ်လား။

ထို့အပြင် ဤကိစ္စအားကိုင်တွယ်သူမှာ မဟူရာသစ်နက်ကိုယ်တိုင်ဖြစ်ရာ သူတို့သည် တစ်ကြိမ်ရိုက်ပြီးရုံနှင့် သေချာပေါက်ရပ်မည်မဟုတ်ပေ။ မဟူရာသစ်နက်ထံမှ အမှတ်တရပစ္စည်းအနေဖြင့် ခန္ဓာကိုယ်အစိတ်အပိုင်းအချို့အား သုံးစားမရဖြစ်သွားအောင် လုပ်ကြလိမ့်မည်။

ဟွားဇယ်က ခပ်ဖွဖွ သက်ပြင်းချလိုက်၏။

မေ့လိုက်တော့။ ငါတို့နောက်ကျသွားရင်လည်း အဲဒီညီငယ်လေးကို ဆေးရုံပဲပို့ပေးလိုက်မယ်။ ဒါဆိုရင်ကို ငါတို့က အတော်လေးတာဝန်ကျေတယ်လို့ ပြောလို့ရနေပြီ။

သူသည် တစ်လမ်းလုံး မှိုင်တွေငေးမောလာသော်လည်း ချိန်းထားသော နေရာသည် ရောက်သည်နှင့် လမ်းကြားလေးထဲသို့ ကပျာကယာ ပြေးဝင်သွား၍ ချက်ချင်း အံ့အားသင့်သွား၏။

ထိုလမ်းထဲ၌ မိန်းကလေးငယ်လေးတစ်ယောက်သည် နံရံကိုကျောမှီ၍ ဆောင့်ကြောင့်ထိုင်နေသည်ကို မြင်လိုက်ရပြီး အမှောင်ထဲ၌ သူမ၏ပြောင်လက်နေသော မျက်ဝန်းတစ်စုံက သူ့အား စိုက်ကြည့်လာသည်။ ထိုအချိန်၌ သူမနှင့်မျက်နှာချင်းဆိုင်တွင်လည်း အမှန်တကယ်ပင် လူငါးဆယ်ကျော်ရှိနေသော်လည်း ထိုလူများသည် တစ်နည်းမဟုတ် တစ်နည်းဖြင့် ဒဏ်ရာရထားပုံပေါ်၏။ အချို့က နှာခေါင်းရိုးကျိုး၍ မျက်နှာများ ဖူးရောင်နေကာ ခြေလက်များကျိုးနေကြပြီး အချို့ကမူ ခန္ဓာကိုယ်များပေါ်၌ သွေးချင်းချင်းနီနေ၍ မြင်ကွင်းတစ်ခုလုံးမှာ သွေးပျက်ဖွယ်ရာ ကောင်းလှသည်။

ထိုလူစုထဲတွင် ဟွားဇယ်နှင့် ရင်းနှီးကျွမ်းဝင်နေသောပုံရိပ်တစ်ခုလည်း ပါဝင်နေပြီး ထိုသူမှာ သူက ယဥ်ကျေးမှုအရ ‘အစ်ကိုကြီး’ဟု ခေါ်ရသူဖြစ်၍ အတိအကျဆိုရပါက မဟူရာသစ်နက်ပင် ဖြစ်၏။

ညအမှောင်ထဲ၌ပင် ဟွားဇယ်သည် သူ ဒုက္ခရောက်နေသည်ကို မြင်နိုင်၍ သူ၏ခန္ဓာကိုယ်ဘေး၌ သွေးများအိုင်ထွန်းနေသည်။

သူ ဒဏ်ရာရထားတာလား။

ဟွားဇယ်သည် အတွေးများယောက်ယက်ခတ်နေ၏။

တခြားအုပ်စုကများ စစ်ကူလာသွားလား။

ထိုအချိန်၌ ကျင်းယွင်ကျောင်းက မတ်တပ်ထရပ်လိုက်၍ အသစ်ရောက်လာသူများဆီသို့ ဦးတည်၍ လျှောက်သွားလိုက်သည်။

သူမသည် ဟွားဇယ်အား မြင်လိုက်ချိန်၌ အံ့သြသွားခြင်းကို ငြင်းမရပေ။ ဟွားဇယ်သည် အသက်နှစ်ဆယ့်လေး၊ နှစ်ဆယ့်ငါးခန့်သာရှိသေး၍ အတော်လေး ငယ်ရွယ်၏။ သူ၏ရုပ်ရည်သွင်ပြင်မှာ မင်းသားလေးတစ်ပါးကဲ့သို့ ချောမောခံ့ညားသည်ဟု မယူဆနိုင်သော်လည်း သူ့ဟာနှင့်သူတော့ မဆိုးလှပေ။ သို့ရာတွင် လမ်းသရဲတို့၏ ဂျစ်ကန်ကန် အကျင့်စရိုက်များနှင့် ပလွှားမောက်မာမှုများက ပေါ်လွင်နေသည်။

“ရှင် ရောက်လာပြီလား။ ဒါဆိုရင် ကျွန်မ ဒီလူတွေကို လက်ဆောင်အနေနဲ့ ရှင့်ကို ပေးလိုက်မယ်။”

ထို့နောက် ကျင်းယွင်ကျောင်းက ဆက်၍ မှတ်ချက်ပေးလိုက်ပြန်၏။

“မဟူရာသစ်နက်ရဲ့လက်အောက်က လူတွေက ဒီလောက်ပမာဏလေးပဲတော့ မဟုတ်ဘူး မဟုတ်လား။”

ထိုအချိန်၌ ဟွားဇယ်သည် ဇဝေဇဝါဖြစ်နေဆဲပင်။

“မင်းက အဲဒီ...”

ညီငယ်လေးလား။

ဖုန်းထဲမှာ အသံသည် မသိမသာ နူးညံ့သော်လည်း အတော်အသင့် သြရှရှဖြစ်ကြောင်း သူ သတိရလိုက်၏။ ထို့ကြောင့် ထိုအသံသည် ယောက်ျားလေးတစ်ယောက်၏အသံသာဖြစ်သင့်သော်လည်း အဘယ်ကြောင့် မိန်းကလေးတစ်ယောက်အဖြစ် ပြောင်းသွားသနည်း။ ထိုမျှသာမက သူမသည် မိန်းမလှလေးတစ်ယောက်လည်း ဖြစ်နေသေးသည်။

ထို့အပြင် ဤနေရာ၌ မည်သို့ဖြစ်ပျက်ခဲ့သနည်း။ မဟူရာသစ်နက်၏လူများသည် အဘယ်ကြောင့် ဤကဲ့သို့ အဆုံးသတ်သွားသနည်း။

“ကျွန်မပါပဲ။”

ကျင်းယွင်ကျောင်းက တွန့်ဆုတ်ခြင်းမရှိဘဲ ဝန်ခံလိုက်၏။

ထို့နောက် ဟွားဇယ်သည် ထပ်မံ၍ စိတ်ရှုပ်သွားပြန်သည်၊ အချိန်အတော်ကြာပြီး နောက်ဆုံး၌ သူသည် အတွေးများကိုရပ်၍ သူ၏ညီအစ်ကိုများအား လမ်းကြား၏ပတ်ဝန်းကျင်ကို ထောက်လှမ်းရန်နှင့် အစောင့်ချထားရန် အမိန့်ပေးလိုက်သည်။ သူသည် ခေါင်းထဲရှိ ကိစ္စတစ်ခုချင်းစီအား စနစ်တကျဖြေရှင်းပြီးသည်နှင့် သူမအား ဂရုတစိုက် မေးလာ၏။

“ခုနတုန်းက ငါ့ကိုခေါ်လိုက်တာ တကယ်ပဲ မင်းလား။”

ကျင်းယွင်ကျောင်းက ခေါင်းငြိမ့်ပြလိုက်သည်။

ထိုအခါ ဟွားဇယ်က ကြိတ်၍ညည်းတွား၏။

ဟုတ်ပါတယ်။ ငါ နားကြားလွဲတာပဲ ဖြစ်မှာပါ၊ ပြီးတော့ ငါတို့က တစ်ခါမှလည်း မတွေ့ဖူးကြဘူး။ ဒါကြောင့် ဒီအမှားက လုံးဝယုတ္တိရှိတယ်။

“မင်း ငါ့ကို ဖုန်းမခေါ်ခင်က တစ်ယောက်ယောက်ကို အကူအညီတောင်းခဲ့သေးလား။”

သူက ထပ်၍မေးလိုက်ပြန်ရာ ကျင်းယွင်ကျောင်းက သူ၏ယူဆချက် မေးခွန်းကို ချက်ချင်း ငြင်းပယ်လိုက်သည်။

“မရှိဘူး၊ ရှင်တစ်ယောက်တည်းကိုပဲ အကူအညီတောင်းခဲ့တာ။”

“ဒါဆိုရင် ဒီလူတွေအားလုံးက...”

ဟွားဇယ်သည် မယုံသင်္ကာဖြစ်နေ၏။

“သူတို့အကုန်လုံးကို ကျွန်မ ရိုက်ထားတာလေ။”

ကျင်းယွင်ကျောင်းသည် ခါးကိုဖြောင့်၍ ခပ်မတ်မတ်ရပ်နေပြီး ကြောက်ရွံ့ခြင်း တစိုးတစိမှမရှိပေ။ ထိုအချိန်၌ ဟွားဇယ်က ရုတ်တရက် သူသည် မိန်းကလေးငယ်တစ်ယောက်နှင့် မဟုတ်ဘဲ အရွယ်ရောက်ပြီးသူတစ်ယောက်နှင့် စကားပြောနေရသလို ခံစားလိုက်ရသည်။

ထို့နောက် သူက ပြောမည့်စကားလုံးများကို စနစ်တကျ ပြင်ဆင်၍ ပြုံးလိုက်၏။

“မင်းက သူတို့ကို ရိုက်ခဲ့တာလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ မင်းရဲ့တုတ်ချောင်းလို ပိန်ပါးပါးခြေလက်တွေကို ကြည့်ပါဦး။ အဲဒီခြေလက်တွေက အရွယ်ရောက်ပြီးသား သန်သန်မာမာ ယောက်ျားကြီးတွေကို လဲကျသွားအောင် ဘယ်လိုလုပ်ပြီး ရိုက်နိုင်မှာလဲ။ ညီမလေး၊ ငါတို့အချင်းချင်း ရင်းနှီးတယ်လို့ ယူဆလို့ရတာပဲ၊ ငါ့ကို အမှန်အတိုင်းပြောပြလိုက် အား...”

ဟွားဇယ်သည် သူမအား ဝေဖန်၍ရှုံ့ချ၍ မပြီးသေးမီမှာပင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ရုတ်တရက် လေထဲသို့ ပျံဝဲသွားသည်ဟု ခံစားလိုက်ရ၍ နောက်တစ်စက္ကန့်မှာပင် ကွန်ကရစ်လမ်းနှင့် ရိုက်မိလုနီးပါးဖြစ်သွား၏။ ထို့နောက် သူ၏ခေါင်းသည် ခေတ္တမျှ မူးဝေသွား၍ မျက်လုံးများပင် ဝါးတားတားဖြစ်သွားသည်။

ထိုသူများသည်် သူတို့၏စကားကြောင့် အမှန်တကယ်ပင် အရိုက်ခံရခြင်းဖြစ်သော်လည်း သူကမူ သတိပေးရုံနှင့်ပင် အထိနာသွားသည်လား။

သူသည် သူ့ကိုယ်သူအတွက် ဝမ်းနည်းသွားသည့် အမူအယာကို ချက်ချင်းရုတ်သိမ်းလိုက်၍ မြေကြီးပေါ်မှ ခပ်ဖြည်းဖြည်း ကုန်းထလိုက်၏။ ထို့နောက် ဟွားဇယ်သည် အနည်းငယ် စိတ်ဓါတ်ကျနေစဥ်မှာပင် ကျင်းယွင်ကျောင်းက ပြောသည်အား ကြားလိုက်ရသည်။

“ရှင် အခု ကျွန်မကို ယုံပြီလား။ ရှင့်လိုလူမျိုး တစ်ယောက်မပြောနဲ့၊ အယောက်တစ်ရာရှိရင်တောင် ကျွန်မရဲ့ပြိုင်ဘက် မဖြစ်နိုင်ဘူး။”

Chapter 319 : ကျားခံတွင်းထဲသို့ သိုးတစ်ကောင်အား စေလွှတ်ခြင်း

ကျင်းယွင်ကျောင်းက သူမ၏ရှေ့ရှိဖြစ်ရပ်သည် သူမနှင့်မသက်ဆိုင်သည့်အလား လက်မှဖုန်များကို ခါလိုက်သည်။

ဟွားဇယ်သည် မိုးကြိုးပစ်ခံရသကဲ့သို့ တောင့်တင်းစွာ ရပ်နေပြီးနောက် တံတွေးမျိုချ၍ သူ၏ပတ်ဝန်းကျင်ရှိလူများကို ကြောင်ငေးကြည့်နေကာ ရုတ်တရက် တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများ ထလာ၏။

“ဒါဆိုရင် ငါတို့ မင်းကို ဘယ်လိုများခေါ်သင့်လဲ။”

ဟွားဇယ်သည် သတိပြန်ကပ်သည်နှင့် အချိန်မဆိုင်းဘဲ ယဥ်ကျေးစွာ မေးလိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် ကျင်းယွင်ကျောင်းအား ယခင်က တွေ့ဖူးသည်ဟု ခံစားလိုက်ရ၍ သူမသည် ချောင်ဟုန်ယဲ့၏ သနားစရာကောင်းသော ခပ်နုံနုံအစ်မဖြစ်ကြောင်း တွေးမိသွား၏။

“ကျင်းယွင်ကျောင်းပါ။”

သူမက ပြန်ဖြေလိုက်သည်။

“မင်း ငါ့ကို ဖုန်းခေါ်တုန်းက သူတို့ကို ပြန်တိုက်ပေးဖို့ မတောင်းဆိုခဲ့ဘူး၊ ဒါပေမယ့် ဒီအရှုပ်တွေကို ရှင်းပေးဖို့တော့ တောင်းဆိုခဲ့တယ် မဟုတ်လား။ မမလေးကျင်း၊ မင်းက တောင်းဆိုထားမှတော့ ငါ မင်းကို အမှန်အတိုင်းပြောပြပါ့မယ်။ မင်း ရိုက်ခဲ့တဲ့လူမှာ ညီအစ်ကိုတွေအများကြီးရှိတာကြောင့် မင်း သူ့ကို ဒီနေ့ရိုက်ခဲ့နိုင်လည်း အသုံးမဝင်ဘူး။ သိပ်မကြာခင် အနာဂတ်မှာ သူက မင်းကို လက်စားချေဖို့ သူ့ရဲ့ညီအစ်ကိုတွေနဲ့အတူ ထပ်ရောက်လာလိမ့်မယ်။”

ဟွားဇယ်၏ရင်ထဲ၌ ကစဥ့်ကလျားဖြစ်နေ၏။

မဟူရာသစ်နက်သည် ဆိုးဆိုးဝါးဝါး အရိုက်ခံထားရ၍ သူသည် ချွင်းချက်မရှိ အလွန်အမင်း အငြိုးအတေးကြီး၍ လက်စားချေလိုစိတ်ကြီးသူတစ်ယောက်လည်း ဖြစ်သည်။ ယခု ဟွားဇယ်သည် မဟူရာသစ်နက်နှင့်ကျင်းယွင်ကျောင်းတို့၏ ပဋိပက္ခနှင့် လုံးဝမသက်ဆိုင်သည့် ဘေးလူဖြစ်သော်လည်း မဟူရာသစ်နက်သည် ဂရုမစိုက်ဘဲ ဟွားဇယ်ကိုပါ ရန်ငြိုးထားတော့မည်ဖြစ်၏။

အထူးသဖြင့် မဟူရာသစ်နက်က သူသည် ကျင်းယွင်ကျောင်းကို အန္တရာယ်ပေးနိုင်စွမ်းမရှိကြောင်း သိထားပြီဖြစ်သည်။

ထို့ကြောင့် ပွင့်ပွင့်လင်းလင်း ဝန်ခံရလျှင် ကျင်းယွင်ကျောင်းက ဤကိစ္စအား ဖြေရှင်းပေးရန်အတွက် သူ့ကို ခေါ်လိုက်ခြင်းက အတော်လေး ခေါင်းကိုက်စေ၏။ သို့ရာတွင် အကူအညီတောင်းလာသူကလည်း သူမဖြစ်နေ၍ သူ ဥပေက္ခာပြုလိုက်နိုင်သော ကြုံရာကျပန်းလူတစ်ယောက် မဟုတ်ပေ။

ထို့ကြောင့် သူသည် မချင့်မရဲခံစားနေရ၏။

“ကျွန်မ သိပါတယ်၊ ဒါကြောင့် ရှင့်ကို ဆက်သွယ်လိုက်တာပေါ့။ ကျွန်မလည်း ဒီနည်းအတိုင်းပဲ မေးရဦးမယ်၊ မဟူရာသစ်နက်က အရိုက်ခံရပြီးသားပဲလေ၊ လူငါးဆယ်ကိုရိုက်တာနဲ့ လူတစ်ရာကိုရိုက်တာ ဘာများကွာခြားချက်ရှိလို့လဲ။”

ကျင်းယွင်ကျောင်းက ပြန်၍မေးခွန်းထုတ်လိုက်သည်။

“ငါတို့ အခုပြောနေတာ လူငါးဆယ်၊တစ်ရာလောက်ကို တိုက်တဲ့အကြောင်းပြောနေတာ မဟုတ်ဘူး၊ လူထောင်ချီနဲ့ တိုက်ရမယ့်အကြောင်းကို ပြောနေတာ။ ဟွားနင်ခရိုင်ရဲ့နယ်မြေအများစုက သူ့လက်အောက်မှာချည်းပဲ။”

ဟွားဇယ်က မျက်မှောင်ကြုံ့၍ ပြောလိုက်၏။

ထိုအခါ ကျင်းယွင်ကျောင်းက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် မပြောင်းလဲသောမျက်နှာထားဖြင့်ပင် ပြန်ဖြေလာသည်။

“ဒါကြောင့် ကျွန်မတို့ သူတို့ကို တစ်ခါတည်းနဲ့ ဖြေရှင်းကြဖို့ ပြောတာပေါ့။”

သူမသည် ဤစကားအား တိုက်တွန်းနှိုးဆော်လို၍၊ ကြွားဝါလို၍ ပြောလိုက်ခြင်း မဟုတ်ဘဲ သေသေချာချာ တွေးတောစဥ်းစားပြီးမှ ဆုံးဖြတ်ချက်ချ၍ ပြောလိုက်ခြင်းဖြစ်၏။ မဟူရာသစ်နက်သည် သူမအား ဒုက္ခမပေးရမချင်း ဘယ်တော့မှ အလွတ်ပေးမည်မဟုတ်ဘဲ ထပ်ခါထပ်ခါ လာရှာနေလိမ့်မည်။ သူသည် ဤတစ်ကြိမ်တွင် လူငါးဆယ်ကျော်ခေါ်လာပါက နောက်တစ်ကြိမ်တွင် သူ၏လမ်းသရဲဂိုဏ်းတစ်ခုလုံးကို ခေါ်လာနိုင်ချေရှိသည်။ ထို့အပြင် သူသည် သူမ၏သူငယ်ချင်းများကို ပစ်မှတ်ထား၍လည်း သူမအား လက်စားချေနိုင်၏။

မဟူရာသစ်နက်သည် ဟွားဇယ်နှင့်မတူပေ။ တစ်ဖက်၌ ဟွားဇယ်သည် ကိုယ်ပိုင်စည်းမျဥ်းနှင့်အညီ နေထိုင်တတ်၍ သူ မကျော်သင့်သောစည်းကို လုံးဝမကျော်သော်လည်း မဟူရာသစ်နက်မှာမူ သူနှင့်လုံးဝဆန့်ကျင်ဘက်ပင်။

ထို့ကြောင့် သူတို့က သူမအား လက်တုံ့ပြန်မည့်အချိန်ကို စောင့်နေမည့်အစား သူတို့အား တစ်ချက်တည်း ချေမှုန်းပစ်မည်ဖြစ်သည်။

ကျင်းယွင်ကျောင်းသည် ဟွားဇယ်နှင့် အချိန်အတော်ကြာအောင် အလုပ်လုပ်ဖူး၍ သူ၏အကျင့်စရိုက်မှာ မဆိုးကြောင်း သိ၏၊ ထို့ကြောင့် သူမက သူနှင့်အတူ အလုပ်တွဲလုပ်ရန် ဆန္ဒရှိခြင်းပင်။

“မင်းဘာပြောလိုက်တယ်ဆိုတာကို မင်းသိရဲ့လား။ သူတို့ကို တစ်ခါတည်းနဲ့ ဖြေရှင်းမယ်ဟုတ်လား။ ငါ့ကို ကူညီဖို့အတွက် ညီအစ်ကို သုံးလေးရာလောက် ငါခေါ်နိုင်ပေမယ့် သူ့ကို ဖြေရှင်းဖို့တော့ မလုံလောက်သေးဘူး။”

ဟွားဇယ်က နှာခေါင်းရှုံ့၍ အေးတိအေးစက်ပြောလိုက်၏။

သို့သော် ကျင်းယွင်ကျောင်းက စိတ်မပြောင်းဘဲ ဆက်ပြောပြန်သည်။

“ရှင်က ရှင့်ရဲ့ညီအစ်ကိုတွေကိုသာ ခေါ်ပေးပါ။ ကျွန်မတို့ မရှုံးဘူးလို့ ကျွန်မ အာမခံတယ်။”

သူမသည် လမ်းသရဲများ၏ အသံတိတ်စည်းမျဥ်းများကို နားမလည်သော်လည်း အင်အားပိုကြီးသူက စည်းမျဥ်းများကိုသတ်မှတ်ကြောင်း သူမ နားလည်၏။

အကယ်၍ သူမသည် နွေရာသီကျောင်းပိတ်ရက်မတိုင်မီက ကျင်းယွင်ကျောင်းသာ ဖြစ်ပါက ထိုကဲ့သို့ အာမခံ၍စိန်ခေါ်ရဲလိမ့်မည် မဟုတ်ပေ။ သို့ရာတွင် ယခု လေးငါးလသည် သူမ၏နေရာလွတ်နယ်မြေထဲတွင် တစ်နှစ်ခန့်ကြာသွားပြီဖြစ်သည်။ ကိုယ်ခံပညာလေ့ကျင့်သောကြောင့် သူမ၏ခန္ဓာကိုယ်သည်လည်း တစ်နေ့ထက်တစ်နေ့ သန်မာလာ၍ သူမလေ့ကျင့်သော ကိုယ်ခံပညာရပ်မှာလည်း ပြိုင်စံရှားသည့်ပညာရပ်ဖြစ်ရာ ထိုလမ်းသရဲများလေ့ကျင့်သည့် ပညာအတုအယောင်များနှင့် မတူပေ။ ထို့ကြောင့် ရန်သူများစွာကို သွေးပင်လယ်စီးသည်အထိ တိုက်ခိုက်ရန်မှာ သူမအတွက် ပြဿနာမဟုတ်ပေ။

ထိုအခါ ဟွားဇယ်က ရုတ်တရက် သူသည် ယနေ့ အရူးတစ်ယောက်နှင့် တွေ့နေရသလို ခံစားလိုက်ရ၏။

သစ်ကိုင်းခက်ကလေးနှင့်တူသော အသက်ဆယ့်ခြောက်၊ ဆယ့်ခုနစ်နှစ်အရွယ် ပိန်လှီလှီမိန်းကလေးတစ်ယောက်သည် မဟူရာသစ်နက်ကို တိုက်ခိုက်ပြီး နယ်မြေကိုသိမ်းရန်အတွက် သူ့အား ဖုန်းဆက်ခေါ်ခဲ့သည်။

ဟွားဇယ်သည် ကပျာကယာပင် စီးကရက်တစ်လိပ်ကို ခပ်မြန်မြန် ဆွဲထုတ်လိုက်၍ မီးညှိပြီး အနည်းငယ်ရှိုက်ဖွာလိုက်၏။

“ကျင်းယွင်ကျောင်း၊ တကယ်လို့ ငါတို့ရှုံးသွားရင်ရော နောက်ဆက်တွဲအကျိုးဆက်တွေကို မင်း တွေးထားပြီးပြီလား။ ဒါက သဘောတရားအရပြောရရင် ကျားခံတွင်းထဲကို သိုးတစ်ကောင်ကို လွှတ်လိုက်သလိုပဲ၊ မင်းကို နှိပ်စက်ဖို့တော့ လူတစ်ယောက်ကို မင်း မတောင်းဆိုဘူး မဟုတ်လား၊ မင်းရဲ့ အရမ်းလှတဲ့ရုပ်ရည်ကိုတော့ ထည့်မပြောနဲ့ပေါ့။ မိုးကောင်းကင်ရဲ့အောက်မှာရှိတဲ့ အရာရာတိုင်းက ကြင်နာတတ်ပြီး အေးချမ်းနေတာ မဟုတ်ဘူးကွ၊ သာမန်မြင်ကွင်းတစ်ခုထဲမှာတင်ကို စက်ဆုပ်စရာကောင်းပြီး ရက်စက်တဲ့အရာတွေက ပုန်းကွယ်နေတာ။”

ဟွားဇယ်က ဒေါသတကြီး ပြောလိုက်သည်။

“ရှင့်ရဲ့သဘောထားကို အခြေခံပြီးပြောရရင် မဟူရာသစ်နက် လက်စားချေမယ့်အကြောင်းကို ရှင် တွေးထားပြီးသားလို့ ကျွန်မပြောနိုင်တယ်၊ ဒါ့ကြောင့် ရှင်က မဟူရာသစ်နက်ကို အပြစ်ပြုမိသွားပြီဆိုရင် ရှင်က သူလက်စားချေမှာကို စောင့်နေနိုင်သလို သူ့ကို ဆန့်ကျင်ပြီး ပြန်ခုခံတိုက်ခိုက်နိုင်တယ်၊ ဒါပေမယ့် ရှင်က ရှင့်အနာဂတ်ကို ချောက်ကမ်းပါးစွန်းမှာ လောင်းကြေးထပ်ထားရတယ်လို့ ကျွန်မတော့ မယုံဘူး။ အခု လက်တွေ့မှာ မဟူရာသစ်နက်က ကျွန်မတို့ရဲ့လက်ထဲကို ရောက်ထားပြီးသားလေ။”

Chapter 320 : အဆတစ်ရာခန့် ပြန်ပေးခြင်း

ကျင်းယွင်ကျောင်းက သူမ၏အတွေးအခေါ်များသည် ထက်မြက်လှကြောင်း မကြာခဏ ခံစားမိ၏၊ ဥပမာ ယခုကဲ့သို့သော ကိစ္စမျိုး၌ ဖြစ်သည်။

ကျင်းယွင်ကျောင်း၏စကားက ချက်ကောင်းကို ထိသွား၍ ဟွားဇယ်သည် စကားမပြောနိုင်လောက်အောင် ဖြစ်သွား၏။ ကျင်းယွင်ကျောင်းပြောသည်က မမှားပေ။ ယခုအချိန်၌ ကိစ္စများက ဤအခြေအနေများအထိ ရောက်လာပြီဖြစ်ရာ သူသည် မဟူရာသစ်နက်၏ဂိုဏ်းကို အလစ်ဝင်တိုက်ရန်သာ သေချာပေါက် ရွေးခြယ်ရလိမ့်မည်၊ သို့သော် ဤကိစ္စသည် သေချာပေါက် အန္တရာယ်လည်း များလှ၏။

“မင်းမှာလည်း အစွမ်းအစရှိတာပဲ...ဟုတ်ပြီလေ၊ ငါ မင်းကိုပါ ခေါ်သွားပေးမယ်၊ ဒါပေမယ့် မင်း သေချာစဥ်းစားဖို့တော့လိုမယ်။ တစ်ခုခုဖြစ်ရင် ငါ ဘာမှတာဝန်ယူမှာ မဟုတ်ဘူးနော်။”

နောက်ဆုံး၌ ဟွားဇယ်က ဆုံးဖြတ်ချက်ချလိုက်သည်။

သူသည် ဤမျှကြမ်းတမ်းသော မိန်းမမျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်၏။

သူသည် ချောင်ဟုန်ယဲ့အား နောက်ယောင်ခံစုံစမ်းရန် သူ၏လူများကို လွှတ်လိုက်စဥ်က ကျင်းယွင်ကျောင်း၏အကြောင်းကိုလည်း စုံစမ်းထားပြီးသားဖြစ်၍ သူမသည် စံပြကျောင်းသူတစ်ယောက်ဖြစ်ကြောင်း သိထားပြီးဖြစ်သည်။ စာမေးပွဲရမှတ်များမှာလည်း မည်သူမှလိုက်မမီအောင်ပင်။

ဒီလိုမျိုး အနာဂတ် အလားအလာကောင်းတဲ့ လူတစ်ယောက်က သူကိုယ်တိုင် ဘာလို့ ငါတို့နဲ့ အပေါင်းအသင်းလာလုပ်နေတာလဲဆိုတာ ငါ တကယ်ပဲနားမလည်တော့ဘူး။

ပြီးတော့ သူက ဘယ်သူ့ကိုများ အပြစ်ပြုမိခဲ့တာလဲ။ အဲဒီသူတွေက တကယ်ပဲ မဟူရာသစ်နက်ကိုတောင် ကိုယ်တိုင်ကိုယ်ကျ ဝင်ပါအောင် စီစဥ်နိုင်တာပဲ၊ သူ့ကိုငှားဖို့က စျေးတအားကြီးတာကို။

ထိုအခါ ကျင်းယွင်ကျောင်းက နားလည်ကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။

ထို့နောက် ဟွားဇယ်သည် အလုပ်များသွားတော့၏။ သူသည် သူ၏ညီအစ်ကိုများအား ဖုန်းဆက်ခေါ်လိုက်ပြီး မဟူရာသစ်နက်၏လူများအား ကားဖြင့် အဝေးသို့ ခေါ်သွားစေသည်။

သို့ရာတွင် သူတို့ရောက်မလာကြမီ ဟွားဇယ်က ကျင်းယွင်ကျောင်းအား တစ်ချက်ကြည့်လိုက်၍ ခဏထွက်သွားလေ၏။ သူပြန်ရောက်လာသောအခါ လက်ထဲတွင်ပါလာသည့် အဝတ်အစားတစ်စုံကို သူမအား ကမ်းပေးလာသည်။

အဝတ်အစားတစ်စုံလုံးသည် အနက်ရောင်ဖြစ်၍ ခပ်ဖားဖား ဆိုဒ်လွန်ဖြစ်ကာ လျှာထိုးဦးထုပ်တစ်လုံးလည်း ပါ၏။ ထိုဦးထုပ်အား ဆောင်းလိုက်သောအခါ အခြားသူများသည် သူမ၏မျက်နှာကို မမြင်ရတော့ဘဲ မည်းနက်တောက်ပနေသော မျက်လုံးလေးများသည်ပင် ဦးထုပ်၏အရိပ်အောက်၌ ကွယ်သွားသည်။ ထို့အပြင် အနက်ရောင်မက်စ်တစ်ခုလည်း ပါသေး၏။ ထိုပစ္စည်းများကို အတူတကွဝတ်ဆင်ပြီး သူမသည် ဤယောက်ျားသားအုပ်စုထဲ၌ရောနေလျှင်တောင်မှ မည်သူကမှ သူမအား မိန်းကလေးတစ်ယောက်ဟု ပြောနိုင်တော့မည် မဟုတ်ပေ။

ရိုးရိုးသားသားဝန်ခံရလျှင် ဟွားဇယ်က သူမအား ဤအဝတ်အစားများ မပေးလျှင်တောင်မှ ကျင်းယွင်ကျောင်းသည် သူမကိုယ်သူမ ဖုံးကွယ်ရန်အတွက် ပစ္စည်းတစ်ခုခု ရှာနေရဦးမည်ဖြစ်သည်။

“ကျေးဇူးတင်ပါတယ်။”

ကျင်းယွင်ကျောင်းက ကျေးဇူးတင်ဖို့ မမေ့ချေ။

ထိုအခါ ဟွားဇယ်သည် မလုံမလဲပြုံးလိုက်မိ၏။

ဤမိန်းကလေးအား တိုက်ခိုက်ကြမည့်နေရာသို့ ခေါ်သွားမည့် သူသည် မည်သို့သောလူစားမျိုးဖြစ်သနည်း။ သူသည် မယုံကြည်ရသော လမ်းသရဲတစ်ဦးဖြစ်သော်လည်း သာမန်လူတစ်ယောက်သာ ဖြစ်သည်။ အကယ်၍ နောက်ပိုင်း၌ ဤကလေးသာ တစ်ခုခု ဖြစ်သွားလျှင်ရော။ လူတိုင်းက သူ့အား သားရဲတိရစ္ဆာန်ကောင်ဟု ခေါ်ကြပေလိမ့်မည်။

ထို့နောက် သူသည် တံတွေးမြိုချ၍ ခပ်တိုးတိုး ကျိန်တွယ်လိုက်သည်။

သို့သော် သူသည် သူ့ကိုယ်သူ ထိန်းထိန်းသိမ်းသိမ်း နေသင့်သည်ဟု ယူဆထား၍ ကျင်းယွင်ကျောင်း၏ရှေ့၌ ထိုကဲ့သို့ ထူးထူးဆန်းဆန်း ပြုမူလိမ့်မည်မဟုတ်ပေ။ သူ၏စိတ်ထဲ၌ ဤကဲ့သို့စံပြကျောင်းသူတစ်ယောက်အား လမ်းမှားသို့ ဦးဆောင်ရခြင်းက မသင့်လျော်လွန်းဟု ခံစားနေရသည်။

မကြာမီမှာပင် ဒဏ်ရာရနေသူများအား ဖိနှိပ်ရန် ဟွားဇယ်၏လူများရောက်လာကြ၍ ထိုသူများအား မီနီဘတ်စ်ကားများပေါ်သို့ တွန်းတင်လိုက်ကြ၏။ သို့သော် သူတို့မထွက်ခွာကြမီမှာပင် ကျင်းယွင်ကျောင်းသည် တစ်စုံတစ်ခုကို ရုတ်တရက် တွေးမိသွားပုံရ၍ အရိုးကျိုးသံနှစ်သံသည် ဆက်တိုက်ထွက်ပေါ်လာသည်။ ယခုအချိန်၌ မဟူရာသစ်နက်သည် လက်တစ်ဖက်နှင့်ခြေထောက်တစ်ဖက် အချိုးခံလိုက်ရပြီဖြစ်၍ သူသည် နာကျင်လွန်းသဖြင့် မေ့မျောသွား၏။

လွန်ခဲ့သောဆယ်မိနစ်ခန့်က ဟွားဇယ်သည် ကိုယ့်ကိုကိုယ် အပြစ်တင်နေသော်လည်း ကျင်းယွင်ကျောင်းက ထိုသို့ ဥပဒေအား အလွယ်တကူ ဖောက်ဖျက်ကျူးလွန်လိုက်သည်ကို မြင်သောအခါ သူသည် စိတ်ကယောက်ကယက်ဖြစ်သွားတော့သည်။

ငါ သူ့အပေါ်မှာ အပြစ်ရှိသလိုခံစားနေရတာ ရူးနေလို့ပဲဖြစ်ရမယ်။ ဒီကလေးစုတ်လေးက ငါ့ထက်တောင် ပိုရက်စက်သေးတယ်လား။

အနိုင်ကျင့်ခံရပြီးသည့်နောက်တွင် ကျင်းယွင်ကျောင်းသည် အကြမ်းမဖက် လက်တုံ့မပြန်တတ်သော လူကောင်းတစ်ယောက် မဖြစ်ချင်တော့ပေ။ မဟူရာသစ်နက်က သူမ၏ခြေလက်များကို ချိုးချင်ခဲ့၏၊ သူမသည် ထိုကဲ့သို့သော ဖြစ်ရပ်မျိုးကို ရှောင်ရှားနိုင်ရန် လုံလုံလောက်လောက် သန်မာသော်လည်း ထိုသို့ရှောင်ရှားနိုင်ခြင်းက ယခင် သူပြောခဲ့သော စကားများအား လျစ်လျူရှုသင့်သည်ဟူသော အဓိပ္ပါယ်တော့ မဟုတ်ပေ။

သူမအား ဒုက္ခိတဖြစ်စေချင်နေသည့်လူတိုင်းအား သူမသည် တူသောအကျိုးဆယ်ဆ၊ အဆတစ်ရာမက ပြန်ပေးလိမ့်မည်သာ။

ထို့နောက် ကျင်းယွင်ကျောင်းသည် ပုံမှန်အတိုင်းပင် ဘာမှမဖြစ်ပျက်သွားသကဲ့သို့ ပြုမူ၍ အနက်ရောင်ဝတ်ရုံသဖွယ် အဝတ်အစားများကို ဝတ်ဆင်ကာ ဘတ်စ်ကားပေါ်သို့ တက်သွားတော့သည်။

ဟွားဇယ်၏လှုပ်ရှားမှုများသည် အလွန်လျင်မြန်သွက်လက်ပြီး တစ်နာရီအတွင်းမှာပင် သူသည် လူတစ်ရာခန့်ကိုစုလိုက်နိုင်၍ ဒုက္ခိတ မဟူရာသစ်နက်နှင့် ကျန်ဒဏ်ရာရနေသူများအား တရွတ်တိုက်ဆွဲခေါ်ကာ မဟူရာသစ်နက်၏ပိုင်နက်ထဲသို့ တိုက်ရိုက်ပင် ကျူးကျော်ဝင်ရောက်သွား၏။

ရဲများသည် သူတို့ဆန္ဒရှိလျှင်တောင်မှ ဤကဲ့သို့နယ်မြေလုသည့်ကိစ္စများကို ဝင်ရှုပ်နိုင်သည့် အင်အားမရှိကြပေ။ ထို့အပြင် ကမ္ဘာပေါ်၌ အလင်းရောင်ရှိနေသရွေ့ အမှောင်ထုက ရှိနေမည်ဖြစ်သည်။ အချို့သောကိစ္စများကို မသိချင်ယောင်ဆောင်လိုက်ခြင်းက ပိုကောင်း၏။ ထိုကိစ္စများကို တရားမျှတခြင်းဟူသည့် ဥပဒေသများကို အသုံးပြု၍တိုင်းတာနေရန် မလိုပေ။ ထို့ကြောင့် လူအုပ်ကြီးတစ်အုပ်သည် လမ်းမများပေါ်၌ ပိတ်ရပ်နေ၍ မဟူရာသစ်နက်၏လူများမှလွဲလျှင် မည်သူမှ ထိခိုက်ဒဏ်ရာမရကြသေးပေ။

ကျင်းယွင်ကျောင်းသည် ဟွားဇယ်၏ဘေး၌ မတ်တပ်ရပ်နေ၏။ သူတို့ရောက်သွားသည့်အချိန်၌ နှစ်ဖက်လုံးသည် စတင်ရန်စောင်နေကြပြီဖြစ်သည်။ ထို့နောက် ဟွားဇယ်သည် မဟူရာသစ်နက်အား သူတို့နှစ်ဖွဲ့ကြားထဲရှိ နေရာလွတ်သို့ ပစ်ချလိုက်သည်။ တစ်ဖက်မှ ပြိုင်ဘက်များသည် မဟူရာသစ်နက်၏အဖြစ်အား မြင်သည်နှင့် ချက်ချင်းပင် ဒေါသထွက်သွားကြ၏။

ဤသည်မှာ သူတို့၏ဘော့စ်ဖြစ်သည်။ သူ့အား တကယ်ပင် ဒုက္ခိတဖြစ်အောင် လုပ်လိုက်သည်လား။

All Chapters