အနုပညာမြို့လေး
Vol. 5 Ch. 242
ပြင်သစ်နိုင်ငံရဲ့နွေဦးက ဒီလောက်လှလိမ့်မယ်လို့ ကျွန်မမတွေးခဲ့မိဘူး။ ရှုခင်းကြည့်ရထားဖြတ်သွားတဲ့ လမ်းကြောင်းတစ်လျှောက် ဘေးတစ်ဖက်တစ်ချက်စီမှာ စိမ်းစိုနေတဲ့မြက်ခင်းပြင်တွေနဲ့ ဝေဝေဆာဆာပွင့်နေတဲ့ ပန်းတွေကိုမြင်တွေ့ရပါတယ်။
မာဆေးမြို့ကနေဝေးလာလေလေ ကမ်းရိုးတန်းနဲ့ဝေးပြီး ပီးရနီးစ်တောင်တန်းတွေနဲ့ နီးကပ်လာလေဖြစ်တာမလို့ မြေကလည်းမြင့်လာတယ်။ မနက်စောစော ခရီးစခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် နက်ဆန်က ရထားပြတင်းမှန်ကို မှီပြီးတော့အိပ်နေပြီ။ နေ့ဘက်က သူ့ပုံမှန်အိပ်ချိန်လေ။ ကျွန်မတို့ကြောင့် နည်းနည်းကမောက်ကမဖြစ်နေပေမဲ့ ဒီလူလည်း ပုံမှန်အိပ်ဖို့လိုသေးတယ်။
ဆိုးတာက မိုနီကာမကပါ နက်ဆန်ဘေးနားမှာထိုင်ပြီး လိုက်အိပ်နေတာ။ ဒေါသထွက်လွန်းလို့သေတော့မလို ခံစားရပေမဲ့လို့ ဟိုကကျွန်မတစ်ချက်ဆောင့်စာပဲ ရှိတဲ့အတွက်ကြောင့် စိတ်ကိုမနည်းလျှော့ထားရတယ်။
ဒေါ်ရသီကတော့ နက်ဆန့်အရိပ်ထဲကနေထွက်လာပြီး တစ်ယောက်တည်းမှိုင်နေတဲ့ အိုလီရာနာကိုချော့ဖို့ ကြိုးစားနေရတယ်။ ဒေါ်ရသီက အိုလီရာနာကို သူဆော့နေတဲ့ဂိမ်းဆော့ဖို့ ပြကြည့်ပေမဲ့လို့ အိုလီရာနာက ကောင်းကောင်းမကစားဘဲ တမင်ရှုံးအောင်လုပ်နေတဲ့ အတွက်ကြောင့် အရုပ်မလေး မျက်ရည်မထွက်ဘဲ ငိုနေပြီ။
ပထမကတော့ လုပ်စရာမရှိတာနဲ့ ရထားပေါ်မှာပဲ စားစရာသောက်စရာတွေမှာစားဖို့စဥ်းစားကြည့်ပေမဲ့ အိမ်ကမထွက်ခင် မော်လီချက်ကျွေးတဲ့ မနက်စာစားခဲ့ပြီး ဖြစ်နေတာရယ် ရထားပေါ်က စားစရာတွေက ပါပစ်ညန် မြို့ထဲက စားစရာတွေလောက်မကောင်းနိုင်ဘူးလို့ တွေးမိတဲ့အတွက် ငြိမ်ငြိမ်လေးနေဖြစ်ခဲ့တယ်။
သုံးနာရီလောက် ဗိုက်နှိပ်သည်းခံပြီးတဲ့နောက်မှာတော့ ကျွန်မတို့စီးလာတဲ့ ရှုခင်းကြည့်ရထားကြီးက ပါပစ်ညန်မြို့ ရထားဘူတာမှာ ဆိုက်ရောက်ပါတော့တယ်။
“မိုနီကာ... နက်ဆန်... ငါတို့ရောက်ပြီ။ မြန်မြန်ဆင်းပြီး တည်းခိုစရာနေရာ ရှာကြရအောင်။”
ရထားပေါ်မှာနေရတာ ငြီးငွေ့နေပြီဖြစ်တဲ့ကျွန်မလည်း နက်ဆန်နဲ့မိုနီကာတို့ကို လှုပ်နှိုးလိုက်တယ်။ မိုနီကာ အိပ်နေတဲ့ပုံစံလေးက ချစ်စရာကောင်းပြီး မျက်နှာ ရှည်ရှည်လေးပေါ်မှာ ပြုံးနေတဲ့နှုတ်ခမ်းပါးပါးကြောင့် အလိုလိုနေရင်း သူ့ပါးနှစ်ဖက်ကို ကျွန်မဆွဲညှစ်ပြီးသား ဖြစ်သွားရော။
နိုးလာတဲ့ မိုနီကာကတော့ ကျွန်မကို သူ့ရဲ့တောက်ပတဲ့ မျက်လုံးတွေနဲ့စိုက်ကြည့်လိုက်တာပေါ့။
“ဆယ်ဗီ... နင်မိန်းကလေးတစ်ယောက်ကို အသားယူနေတာလား။ ထင်မထားဘူးပဲ။ အဲဒါကြောင့် ငါတို့ကို သုံးယောက်တစ်တွဲ သစ္စာဆိုခိုင်းခဲ့တာလား။”
မိုနီကာဆီကနေ ရုတ်တရက်ကြားလိုက်ရတဲ့ ကြောက်စရာစကားကြောင့် ကျွန်မအတော်လေး တုန်လှုပ်သွားတယ်။
“ငါ... ငါ့မှာအဲဒီလို အကြံမျိုးမရှိဘူးနော်။” မိုနီကာက ကျွန်မငြင်းလိုက်တာတောင်မှ နောက်နေတာကို မရပ်သေးဘူး။ အဲဒီအစား မေးကိုလက်နဲ့ထောက်ပြီး ကျွန်မကို ညုတုတုကြည့်လိုက်တယ်။
“အာရာ... ဆယ်ဗီရေ၊ ရှက်စရာမလိုပါဘူး။ တို့တွေ ကွင်းဆိုက်မွေ့ရာတစ်ခုဝယ်ထားရင် သုံးယောက် ကစားချင်တိုင်းကစားလို့ရမှာပါ။ အဟိအဟိ။”
“......” မိုနီကာရဲ့ညစ်ပတ်ပတ်စကားတွေကို နားထောင်ပြီးနောက် အသက်ရှုဖို့မေ့နေတာနဲ့ ကျွန်မမျက်နှာတစ်ခုလုံး ပြာနှမ်းသွားရော။
အထုပ်အပိုးတွေကိုသယ်ပြီး ဆင်းဖို့အသင့်ဖြစ်နေတဲ့ ဒေါ်ရသီကတော့ အနားလာပြီး သတိပေးရှာပါတယ်။
“မမလေးတို့... အခုနေမဆင်းရင် နောက်ဘူတာကို ပါသွားလိမ့်မယ်နော်။”
...
ခဏနေတော့ ကျွန်မ အိုလီရာနာကိုကလေးလိုမျိုး ချီထားရင်းနဲ့ ရထားဘူတာပလက်ဖောင်းပေါ်မှာ ရောက်နေပြီ။ တစ်ညလုံးအိပ်ရေးပျက်ထားပုံရတဲ့ အိုလီရာနာကို မနေနိုင်ဘဲငုံကြည့်လိုက်တော့ အိုလီရာနာကလည်း ကျွန်မကိုပြန်မော့ကြည့်နေတာ မြင်လိုက်ရရော။
“နင့်အသက်မငယ်တော့ဘူးမဟုတ်လား။ ကလေးလို နေနေတာရပ်ပြီး လမ်းဆင်းလျှောက်လို့မရဘူးလား။”
ကျွန်မအထွန့်တက်လိုက်တယ်။ အိုလီရာနာကတော့ ကျွန်မနားရွက်ကို အားနဲ့လိမ်ဆွဲလိုက်ပြီး...
“ငါ စိတ်ကောင်းဝင်မနေဘူး။ အလိုမလိုက်ရင် နင့်ကို တုတ်ထိုးလုပ်ပစ်ဖို့ ဝန်မလေးဘူး။”
“......” ရင့်လှချေလား။
ဒါပေမဲ့ အိုလီရာနာကို သူ့ကောင်မလေးကထားရစ်ခဲ့တဲ့ ကိစ္စကိုတွေးမိတော့ သူလည်းအသည်းကွဲနေမှာပဲဆိုပြီး ကျွန်မသည်းခံနေလိုက်တယ်။ တခြားလုပ်စရာမရှိတော့ ပတ်ဝန်းကျင်ကို လေ့လာဖြစ်ရော။
ရထားဘူတာက သိပ်မကြီးဘူးပြောရမယ်။ ခေတ်သစ် ရထားဘူတာတွေလိုမျိုးမဟုတ်ဘဲ ပလက်ဖောင်းက ခပ်ကျဥ်းကျဥ်းလေးပဲရှိတာပါ။ ရထားလမ်းပေါ်မှာ ဖြူးထားတဲ့ ကျောက်စရစ်ခဲတွေကိုတောင်မှ မြင်နေရသေးတယ်။ အမိုးကတော့ဝိုးတဝါး ထွင်းဖောက်မြင်နိုင်တဲ့ ဖန်သားအမိုးဖြစ်ပြီး ဘူတာအတွင်းပိုင်းကမနက်ခင်းနေရောင်ကြောင့် လင်းထိန်နေပါတယ်။
ကျွန်မတို့တွေ ဘူတာအပြင်ကိုရောက်တဲ့အခါမှာတော့ ဘူတာက အုတ်တိုက်တစ်ခုဖြစ်ပြီး ရှေးဆန်ဆန်နာရီစင် တစ်ခုပါတွဲဆောက်ထားမှန်းသတိထားမိလိုက်ရော။
“လမ်းပြကြီးနက်ဆန်... ရှင်ဒီမြို့နဲ့ဘူတာတွေအကြောင်း ကြိုလေ့လာထားသေးတယ်မဟုတ်လား။”
ကျွန်မဘာသာ ဖတ်ထားရင်ရတယ်ဆိုပေမဲ့လို့ နက်ဆန်ကို မေးလိုက်တာကပိုပြီးကောင်းတယ်လို့ ခံစားရပါတယ်။ မိုနီကာနေမကောင်းဖြစ်တဲ့ကိစ္စကို သူသိပြီးကတည်းက မှောင်မိုက်နေတဲ့အတွေးတွေနဲ့ပြည့်ခဲ့တဲ့တဲ့သူက စကား အများကြီးနည်းသွားတယ်။ တစ်ခါတလေ သူရှိလို့ ရှိနေမှန်းတောင် ကျွန်မသတိမထားမိတော့ဘူး။
အဲဒီလိုခံစားချက်မျိုးကို ကျွန်မမုန်းတယ်။သူက အရာအားလုံးကို ကျောမှာထမ်းပိုးထားပြီးတော့ သူ့အနားကလူတွေ ဘယ်လိုခံစားရလဲဆိုတာ ထည့်မတွေးတော့သလိုပဲ။ ဒါကြောင့်မလို့ သူစကားမပြောပြောအောင် ကျွန်မကြိုးစားနေတာ။
“ဒီအတိုင်း ဟိုတယ်ကို မြန်မြန်သွားလို့ မရဘူးလား။” နက်ဆန်က သူ့အနားမှာခက်ခက်ခဲခဲရပ်နေပြီး ဝှီးချဲပေါ် တက်ဖို့ငြင်းဆန်နေတဲ့ မိုနီကာကိုကြည့်ရင်းပြောခဲ့တာ။
“မရဘူး...” ကျွန်မက ခေါင်းမာမာနဲ့ငြင်းလိုက်တော့ သူသက်ပြင်းချတယ်။ သူငြင်းရင် သူ့မျက်နှာကို လက်သီးနဲ့ထိုးဖို့ အသင့်ပြင်ထားပြီးပြီဆိုပေမဲ့လို့ အကုန်တတ်ဆရာကြီးနက်ဆန်ရဲ့ခရီးသွားလမ်းညွန် စကားသံက ထွက်ပေါ်လာရော။
“မြို့ခံတွေကတော့ ဒီဘူတာကြီးကို စကြဝဠာကြီးရဲ့ဗဟို ဆိုပြီးတော့ တင်စားကြတယ်။ ပဲရစ်ကနေစလို့ မာဆေး၊ ဘာစီလိုနာနဲ့မက်ထရစ် စသည်ဖြင့်ဥရောပမြို့ကြီးတွေနဲ့ ဆက်သွယ်ထားတဲ့ ရထားဘူတာဖြစ်နေလို့လေ။ ဘူတာက သိပ်မကြီးပေမဲ့လို့ ဘယ်ကိုသွားသွား ဒီမြို့ကိုဖြတ်ရတာ အမှန်ပဲ။ ရထားလမ်းဆုံမြို့ပဲဆိုပါတော့။”
သူ့ရှင်းပြချက်တွေက အသက်မပါဘူး။ ဒီထပ်ပိုပြီး ဖိအားပေးမယ်ဆိုရင်လည်း ဘာမှထပ်ပြောတော့မယ့် ပုံမပေါ်တာမလို့ သက်ပြင်းချပြီးတော့ဘဲ လက်လျှော့ လိုက်မိပါတယ်။
ဘူတာအပြင်ကိုရောက်တော့ ကျွန်မဟိုဟိုဒီဒီလိုက်ပြီး အကဲခတ်ရင်းကနေ ရင်းနှီးနေတဲ့ဗိုက်တစ်လုံးကို ရှာမိရော။ ဒေါ်ရသီကလည်း ကျွန်မကြည့်တဲ့နေရာ မှန်သမျှကိုကြည့်ရင်းနဲ့ မေးလိုက်တာပေါ့။
“မမလေးဆယ်ဗီ၊ ဘာလိုက်ရှာနေတာလဲဟင်။”
“ထုံးစံအတိုင်း အယ်မာရှိမရှိရှာနေတာလေ။ သူရှိရင် ငါတို့တွေအလုပ်ရှုပ်ဦးမယ်ဆိုတဲ့သဘောမလား။ အခုဘယ်နေရာမှာမှမတွေ့ရဘူးဆိုတော့ ဒီမြို့ကို စိတ်အေးအေးထားပြီးလည်လို့ရမယ့်ပုံပဲ။”
“ဒါလည်းဟုတ်တာပဲနော်။” ဒေါ်ရသီက ခပ်ဟဟ ရယ်မောလိုက်တယ်။
အဲဒီနောက်တော့ နက်ဆန်က တက္ကစီငှားလို့ရသွားပြီး မိုနီကာကိုအရင်ဝင်ထိုင်စေပါတယ်။ ကျွန်မတို့တွေလည်း ကားထဲလိုက်ဝင်ပြီးတော့ ကားစီးနေရင်းနဲ့မြို့ထဲက ရှုခင်းတွေကို ကြည့်ဖြစ်တယ်။
“ဝိုး... အဆောက်အဦးတိုင်းလိုလိုက ရီနေးဆန့်ပုံစံပဲ။ ဒါပေမဲ့ဆေးအရောင်ကျ အဝါရောင်သုတ်ထားတာ များလားလို့။ ပြီးတော့ပြင်သစ်အလံနဲ့ ဟိုဝါဝါနဲ့အနီကြား အလံတွေကိုနေရာတိုင်းမှာ ချိတ်ထားကြတယ်နော်။”
ကျွန်မက နက်ဆန်ရဲ့ဘေးတစ်ဖက်မှာကပ်ထိုင်ရင်း ပြတင်းပေါက်အပြင်ဘက်ကို လက်ညိုးညွန်ပြတယ်။ သူက ကျွန်မကိုလစ်လျူရှုထားပေမဲ့ တက္ကစီသမား ဦးလေးကြီးက ကြားသွားပြီးတော့ ကျွန်မကို လှမ်းပြောရော။
“ကလေးမတို့က ဒီမြို့ခံမဟုတ်တော့ ဘယ်သိမလဲ။ အဲဒီရွှေရောင်နဲ့အနီရောင်အလံက ကက်သလန်ကောင်တီ အလံလေ။ တို့မြို့လေးက မြောက်ပိုင်း ကက်သလန်ကောင်တီရဲ့မြို့တော်ပဲ။”
“အဲဒီလိုလား....” ဦးလေးကြီးက သမိုင်းကြောင်းကို အသေးစိတ်ကျကျသိပုံမပေါ်ပေမဲ့ သူ့စကားထဲမှာပါတဲ့ ဂုဏ်ယူတဲ့လေသံကိုထောက်ရင် ဒီကမြို့သားတွေရဲ့ မျိုးချစ်စိတ်ဓာတ်ကိုပါ ခံစားမိပြီးသားပဲ။
“ဒါပေမဲ့ ကောင်တီလေးတစ်ခုပဲမဟုတ်လား...” ကျွန်မ နားကိုမလည်နိုင်ဘူး။ ဒီတော့မှ နက်ဆန်က ခေါင်းဟန့်ပြီး ကျွန်မကိုရှင်းပြတယ်။
“ပါပစ်ညန်မြို့က သာမန်မြို့တစ်မြို့မဟုတ်ဘူးဆယ်ဗီ။ သမိုင်းကြောင်းအတော်ကြီးမားတဲ့မြို့ပဲ။ ဟိုးအရင်က အာရာဂွန်တိုင်းပြည်ရဲ့ကသလိုးနီးယားမင်းသား အုပ်ချုပ်ခံနယ်မြေမြို့တော်ဖြစ်ခဲ့တာ။ မဂျော်ကာ ဘုရင့်နိုင်ငံဆိုပြီးတော့ လွတ်လပ်တဲ့တိုင်းပြည်အဖြစ်လဲ ရပ်တည်ဖူးသေးတယ်။ ဒါပေမဲ့နောက်ပိုင်းတော့ အဲဒီတိုင်းပြည်ကို အာရာဂွန်ကပဲပြန်သိမ်းပြီးတော့ စပိန်လူမျိုးတွေရဲ့ပိုင်နက်အဖြစ် အချိန်အတော်ကြာ ရှိခဲ့တာ။ ၁၇ ရာစုနှစ်လောက်မှ ကိုယ်တို့ပြင်သစ်နယ်ထဲ ဒီမြို့လေးရောက်လာတာလေ။”
“အဲဒီလိုလား” သကလိုးနီးယား မင်းသားအုပ်ချုပ်ခံနယ်၊ မြောက်ပိုင်း ကသလန်ကောင်တီ။ အတိတ်တစ်ချိန်က ကျန်ရစ်ခဲ့တဲ့ သမိုင်းအမွေအနှစ်တွေပေါ့။
“ဟုတ်တယ်၊ တူမလေးရေ။ ဦးလေးကတော့ တက္ကသိုလ်ပြီးတဲ့အထိမနေဖူးတော့ လူချောလေးလိုမျိုး သေချာရှင်းမပြတတ်ဘူး။ ဒါပေမဲ့မြို့လယ်ခေါင်မှာ မဂျော်ကာနန်းတော်ရာကြီး ရှိသေးတယ်ကွဲ့။”
တက္ကစီသမားဦးလေးကြီးက ပြောပြောဆိုဆိုနဲ့ ကားကို အရှိန်ခဏနှေးလိုက်တယ်။ ကျွန်မတို့ရှေ့မှာလမ်းဆုံ တစ်ခုရှိပြီးတော့ ကျွန်မတို့လမ်းကိုဖြတ်ထားတဲ့ လမ်းမကြီးပေါ်မှာ စီတန်းလှည့်လည်နေတဲ့ လူအုပ်ကြီးတစ်အုပ်ရှိနေတယ်။
“ပြောပြောဆိုဆိုနဲ့ ကြုံရပြီဗျာ။ တူမလေးတို့ မြို့ထဲ လည်ချင်ရင် မဂျော်ကာနန်းတော်ကိုရောက်အောင်သွား။ ဧပြီသုံးရက်နေ့အထိ ဂီတပွဲတော်ရှိတယ်။ အခု စီတန်းလှည့်လည်နေတဲ့ လူတွေကလည်း အဲဒီပွဲတော်ကပဲ။”
ကျွန်မလည်း ခါးကိုရှေ့ကိုင်းပြီး ရှေ့ကားမှန်ကနေ လှည့်လည်နေတဲ့လူစုကို သေချာမြင်ရဖို့အတွက် ကြိုးစားကြည့်လိုက်တယ်။ အနက်ရောင်ဝတ်စုံရှည်ကြီးနဲ့ ခေါင်းစွပ်ချွန်ချွန်ကြီးတွေကို ဝတ်ဆင်ထားတဲ့လူတွေက သံကြိုးတွေနဲ့အချည်ခံထားရတဲ့ အပြစ်သားရုပ်ထုကြီးကို စင်ပေါ်တင်ပြီးတော့ လှည့်လည်သွားလာနေကြတာ။
“ဘာ....ဘာပွဲတော်ကြီးလဲ....” ကြည့်ရတာ ကျက်သီးထစရာကြီး။
တက္ကစီသမားဦးလေးကြီးကတော့ ကျွန်မကိုကြည့်ပြီး ရယ်တော့တောပေါ့။ “မင်္ဂလာရှိသောသောကြာနေ့ ပွဲတော်လေ ကလေးမရဲ့။ ခုနက စီတန်းလှည့်လည်နေတဲ့ လူတွေက ဟိုးဘုရင်တွေကခေတ် ပါးကွပ်သားတွေက အပြစ်သားကို ကွပ်မျက်ခါနီး မြို့ကိုပတ် လှည့်လည်ပြသတဲ့အတိုင်း ဟန်လုပ်ပြီး လှည့်လည်ပြသကြတာ။
အဲဒီအပိုင်းကတော့ ရှေးရိုးဆန်တယ်ဆိုပေမဲ့ဂီတပွဲက ဟစ်ဟော့တွေဘာတွေနဲ့ ခေတ်မီပါတယ်ကွ။”
“.....” ကျွန်မကတော့ အဲဒီဦးထုပ်ချွန်ကြီးတွေနဲ့ လူတွေကို မြင်ပြီးကတည်းက ဂီတပွဲတော်ဆိုတဲ့ဟာကြီးကို မသွားချင်တော့ဘူး။ နိမိတ်မရှိဘာမရှိနဲ့။
စီတန်းလှည့်လည်သူတွေ သွားပြီးတဲ့နောက်မှာတော့ ကျွန်မတို့တွေခရီးဆက်ခဲ့ကြပါတယ်။ မကြာခင်မှာပဲ တည်းရမယ့်ဟိုတယ်လေးကိုရောက်လာပြီ။
ရီနေးဆန့်စတိုင်သုံးထပ်အဆောက်အဦးလေးဖြစ်ပြီး သစ်သားတံခါးတွေမှာမှန်ချပ်လှလှလေးတွေတပ်ထားတဲ့ ကြယ်သုံးပွင့်ဟိုတယ်ကလေးပါ။ နက်ဆန်ပြောတာတော့ မြို့ထဲမှာအကောင်းဆုံးဟိုတယ်တဲ့။
ဟိုတယ်ခေါင်မိုးမှာ ပန်းအိုးလေးတွေ စီတန်းချထားပြီး ပြင်သစ်တောင်ပိုင်းရဲ့ကြောက်စရာကောင်းလှတဲ့ နွေအပူချိန်ကိုဆန့်ကျင်ဖို့ ပြင်ဆင်ထားတဲ့ပုံရတယ်။ အခုကတော့နွေဦးဖြစ်လို့ ထင်သလောက်မပူသေးဘူး။
ဟိုတယ်အတွင်းပိုင်းကိုဝင်လိုက်တော့ ရိုးရှင်းပေမဲ့ ခမ်းနားတဲ့အပြင်အဆင်ကိုမြင်လိုက်ရပြီ။ အပေါ်ထပ် လှေကားကို လှပတဲ့ပတ္တီပါနီကောဇော်ခင်းထားပြီးတော့ ကဖေးဆိုင်လေးတစ်ခုကို ဝင်ဝင်ခြင်းဧည့်ခန်းမှာ ဖွင့်ထားပါတယ်။
“မိသားစုခန်းတစ်ခန်းပေးပါ။” နက်ဆန်က ပင်ပန်းနေတဲ့ မျက်နှာထားနဲ့ ဟိုတယ်ကောင်တာရှေ့ကိုလျှောက်သွားပြီး ဝန်ထမ်းကောင်လေးကိုပြောလိုက်တယ်။ ဝန်ထမ်းက ကျွန်မတို့လူအုပ်ကိုကြည့်ပြီး မျက်နှာနီရဲသွားတယ်။ နောက်တော့စိတ်ဓာတ်ကျသလိုလို၊ မနာလိုသလိုလိုပုံစံနဲ့ ကျွန်မတို့တစ်ယောက်ချင်းစီကို လိုက်ကြည့်တော့တာ။
ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးသုံးယောက် + မုန်လာဥအိုလီရာနာ။ အင်း၊ တော်တော် သံသယဖြစ်စရာ လူစာရင်းမဟုတ်လား။
အခန်းသော့ရပြီးတဲ့နောက်မှာတော့ ကုတင်နှစ်လုံးပါတဲ့ ဟိုတယ်မှာအကြီးဆုံးအခန်းကို ကျွန်မတို့ရောက်ခဲ့ပြီ။ ကုတင်ကနှစ်လုံးဆိုပေမဲ့ ဘေးချင်းယှဥ်လျက်မဟုတ်ဘဲ တစ်ခုက အခန်းရှေ့ဘက်မှာဖြစ်ပြီး တခြားတစ်ခုက အခန်းမြောက်ဘက်မှာ။ ကြားထဲမှာတော့ စားပွဲဝိုင်းကြီးနဲ့ ဧည့်ခန်းရှိတယ်။
အခန်းထဲရောက်ရောက်ချင်းပဲ ကျွန်မခြေဆောင့်ပြီး ပါစီဗယ်ကိုဆင့်ခေါ်လိုက်တယ်။
“ပါစီဗယ်...”
“ဟုတ်၊ မဒမ်မူဆဲဆယ်ဗီ။”
“နက်ဆန်က ဆိုဖာခုံပေါ်မှာအိပ်လိမ့်မယ်။ ငါနဲ့မိုနီကာက အရှေ့ဘက်ကကုတင်ကိုယူမယ်။ ဒေါ်ရသီနဲ့အိုလီရာနာက မြောက်ဘက်မှာအိပ်လိမ့်မယ်။ ဘယ်မိန်းမမှ နက်ဆန်နား ငါ့အလစ်မကပ်စေနဲ့။ ငါပြောတာ နားလည်တယ်မလား။”
“ဟုတ်... ဟုတ်ကဲ့ပါ၊ ဗိုလ်ချုပ်ကြီး။”
ကျွန်မ ဗိုလ်စုတ်ဗိုလ်ပျက်ကို အင်္ကျီကော်လံကနေဆွဲ အမိန့်ပေးလိုက်တော့ ပါစီဗယ်က ကျွန်မကိုအလေးပြုပြီး လိုက်ကာတွေနဲ့အမှောင်ချထားတဲ့ အခန်းထဲမှာ သူ့တပ်သားတွေကို ကင်းလှည့်ခိုင်းတော့တာပဲ။
အဲဒီနောက်တော့လား... အင်း....
ဂွီ....
ကျွန်မဗိုက်က အသံစုံမြည်နေတဲ့အတွက်ကြောင့် စားစရာ သွားရှာဖို့ ဆုံးဖြတ်လိုက်ပြီ။