← Chapters

လက်ရာမွန် (၁)

Vol. 5 Ch. 243

လက်ရာမွန် (၁)

Vol. 5 Ch. 243

ဘာလိုလိုနဲ့ ကျွန်မ သခင်နက်ဆန်ဆီမှာ အလုပ်လုပ်တာ လအနည်းငယ်လောက်ရှိလာပြီ။ မြေကျောင်းတော်မှာ နေရတဲ့ဘဝက မကောင်းတာမဟုတ်ပေမဲ့လို့ ဒီနေရာမှာ ကျွန်မကို အစားထိုးရုပ်သေးရုပ်တစ်ရုပ်လို၊ လူသတ်စက် တစ်ခုလိုမျိုး ဘယ်သူမှမဆက်ဆံကြဘူး။

သခင်နက်ဆန်ပဲဖြစ်ဖြစ် မမလေးနှစ်ယောက်ပဲဖြစ်ဖြစ် ကျွန်မကို တကယ့်လူသားတစ်ယောက်လိုမျိုးပဲ ဆက်ဆံ ကြပါတယ်။ ကျွန်မရဲ့အတုအယောင်အရေပြားလွှာ အောက်မှာရှိနေတဲ့အရာက သတ္တုအရိုးအဆစ်တွေနဲ့ အဂ္ဂိရတ်ကျောက်တုံးတစ်တုံး ဖြစ်နေခဲ့တာတောင်မှပေါ့။

“ဒေါ်ရသီ၊ နင်ငါတို့နဲ့ မလိုက်တာသေချာလား။ နောက်မှာ တစ်နေရာလွတ်သေးတယ်နော်။”

ဒီနေ့မနက်လည်း မမလေးဆယ်ဗီက ဘာစိတ်ကူး ပေါက်လာတယ်မသိဘူး။ သုံးဘီးဆိုင်ကယ်တစ်စီးကို အပြတ်ငှားလာပြီးတော့ မြို့ထဲလျှောက်လည်ဖို့လုပ်တယ်။ ကျွန်မတို့မေးကြည့်တော့ မိုနီကာကနေမကောင်းလို့ ဆိုင်ကယ်ဘေးတွဲပေါ်တင်သွားမလို့တဲ့လေ။ သခင့်ကို ဆိုင်ကယ်မောင်းခိုင်းပြီး သူကဆိုင်ကယ်နောက်ခံကနေ ထိုင်ပြီးလိုက်မှာတဲ့။

“အကျင့်မကောင်းလိုက်တဲ့ မမလေးဆယ်ဗီ၊ မမလေး မိုနီကာနေမကောင်းတာကိုဗန်းပြပြီး သခင့်နောက်ကထိုင် ခါးကိုဖက်ဖို့ကြံနေတာမဟုတ်လား။ ဒီအတိုင်းဆိုရင် မမလေးမိုနီကာ တတိယဘီးဖြစ်ပြီ။” ဒါပေါ့၊ ကျွန်မရဲ့ ဒီအတွေးတွေကို အကျယ်ကြီးထုတ်မပြောဖြစ်ခဲ့ဘူး။

မမလေးဆယ်ဗီကတော့ သူ့ကိုမကြည်ကြည့်နဲ့ ကြည့်နေတဲ့ မမလေးမိုနီကာကို ခါးကနေ အရုပ်လိုမျိုး ပွေ့ချီပြီး ဘေးတွဲရှေ့ခုံမှာချထားပေးလိုက်တယ်။ အဲဒီနောက်တော့ နက်ဆန်ကိုပြုံးပြလိုက်ပြီး...

“နက်ဆန်၊ ရှင်ဆိုင်ကယ်မောင်းတတ်တယ်မဟုတ်လား။”

ဒါပေမဲ့ လက်တွေ့ဘဝကြီးဆိုတာ ဆန်းကျယ်သား။ ဘယ်လောက်အကွက်ချထားချထား လွဲဖြစ်အောင် လွဲတာမျိုးပါ။

“ဆယ်ဗီ... ကိုယ်စက်ဘီးတောင် စီးတတ်တာ မဟုတ်ဘူး။”

“.....” ဆယ်ဗီ။

“.....” ကျွန်မ။

“....” မိုနီကာ။

မမလေးမိုနီကာကတော့ ဆိုင်ကယ်ရောစက်ဘီးပါ မမောင်းတတ်တဲ့နက်ဆန်ရဲ့အကြောင်း ကြားရတဲ့အခါ ပြုံးရုံလေးပြုံးလိုက်ပါတယ်။ အဲဒီနောက်...

“အာရာ... ဒါလင့်မှာလည်း ထင်မထားဘဲ ချစ်စရာကောင်းတဲ့ အချက်လေးတွေရှိတာပဲ။”

တခြားမိန်းကလေးတစ်ယောက်ဆိုရင် သခင့်ရဲ့အခုလို မပြည့်စုံဘဲ အားနည်းတဲ့ဘက်ခြမ်းကိုကြားရင် အထင်မသေးတောင် လှောင်ရယ်မိကြမှာဆိုပေမဲ့လို့ မမလေးမိုနီကာကတော့မတူဘူး။ မမလေးမိုနီကာက သခင့်ရဲ့အားနည်းချက်အားသာချက်အားလုံးကို လက်ခံထားတဲ့သူလေ။

“မဖြစ်နိုင်တာ... နက်ဆန်၊ ရှင်ကယောက်ျားလေးလေ။ ဆိုင်ကယ်တွေဘာတွေ စီးတာပုံမှန်ပဲမဟုတ်လား။ ကျွန်မ ဆေးရုံမှာအလုပ်လုပ်တုန်းက စီနီယာတွေပြောတာတော့ ဆိုင်ကယ်စီးတာကို ယောက်ျားလေးတွေက ဂုဏ်သိက္ခာလိုကို တန်ဖိုးထားတာဆို။ မိန်းကလေးဖြစ်တဲ့ ရိုစယ်လီယာတောင်စီးသေးတာ။”

မမလေးဆယ်ဗီ အထွန့်တက်လိုက်တော့ သခင့်မျက်နှာ ပြာနှမ်းသွားပြီး ရှက်စရာကောင်းလှတဲ့ သူ့အတိတ်က ဇာတ်လမ်းတစ်ခုကို ပြောပြတော့တာပဲ။

“မော်လီကပြောတယ်... ဆိုင်ကယ်စီးတဲ့သူတွေက အသက်တိုလွယ်တယ်တဲ့။ အဲဒါကြောင့် ငါ့ကို ပေးမသင်ခဲ့ဘူး။”

အဲဒီလိုနဲ့ပဲ သခင်က မမလေးမိုနီကာနဲ့ကျောချင်းကပ် ဘေးတွဲနောက်ခုံမှာ ဝင်ထိုင်ဖြစ်သွားပြီး ဆိုင်ကယ်ကို မောင်းမယ့်သူက မမလေးဆယ်ဗီဖြစ်သွားရော။

“တ.... တတိယဘီးက ဘာလို့ငါပဲဖြစ်နေရတာလဲ။” ဆိုပြီးတော့ မမလေးဆယ်ဗီ တီးတိုးလေးရေရွတ်တဲ့ အသံကိုတောင်ကြားလိုက်ရသေးတယ်။

ဒါပေမဲ့ မမလေးဆယ်ဗီက ဆိုင်ကယ်ကိုစက်နှိုးပြီး မြို့ထဲမထွက်ခင် ကျွန်မကိုထပ်မေးပြန်တယ်။

“ဒေါ်ရသီ... နင်တကယ်မလိုက်ဘူးလား။”

ကျွန်မလည်း လက်ကာပြလိုက်ရင်းနဲ့ “အင်း... ကျွန်မမှာ လုပ်စရာနည်းနည်းရှိလို့ပါ။”

“ဒါဆိုလည်း သွားပြီ၊ တာ့တာ။” မမလေးဆယ်ဗီက ကျွန်မကို နှုတ်ဆက်ပြီးတဲ့နောက် ဆိုင်ကယ်ဦးထုပ် ဝတ်ပြီးတော့ တဘူးဘူးမောင်းထွက်သွားရော။

ဒါနဲ့လေ၊ လူသားတွေက ဆိုင်ကယ်မောင်းရင် ဆိုင်ကယ်ဦးထုပ်စောင်းဖို့ မဖြစ်မနေကိုလိုတယ်။ စျေးနည်းနည်းကြီးတယ်ဆိုပေမဲ့ အသက်လောက်တော့ တန်ဖိုးမကြီးဘူးမဟုတ်လား။ သူတို့တွေက ကျွန်မလို ပျက်စီးသွားရင် ပြန်ကောင်းလာနိုင်တဲ့ စွမ်းအားမှ မရှိကြတာ။

...

“ဒီတော့ အလုပ်စလိုက်ကြတော့မလား။” ကျွန်မကိုယ်ကျွန်မ မှန်ထဲကြည့်လိုက်ပြီး ဝတ်ထားတာ အဆင်ပြေမပြေကြည့်ဖြစ်တယ်။ အိမ်စေဝတ်စုံရယ် မဟုတ်ပေမဲ့လို့ ရိုးရိုးရှင်းရှင်းရှိတဲ့ဂါဝန်လေးရယ်။ ကျွန်မဆံပင်ရှည်တွေကို ရှုပ်ပွမနေအောင်ထိန်းပေးတဲ့ ဘီးကုပ်လေးရယ်ရှိနေတာကြောင့် သေသေသပ်သပ် ဝတ်စားဆင်ယင်ထားတယ်လို့ပြောလို့ရတယ်။

“အစေခံတစ်ယောက် သခင်ကိုခစားရင် သန့်ရှင်း သပ်ယပ်မှုကို သတိထားဖို့လိုတယ်။” အိမ်စေချုပ် မော်လီရဲ့စကားတွေက ကျွန်မခေါင်းထဲမှာ ပြန်ပေါ်လာတယ်။

သခင်က ကျွန်မကိုသက်တော်စောင့်အဖြစ် အသိအမှတ် ပြုထားပေမဲ့လို့ မော်လီက ကျွန်မကို အသစ်ဝင်လာတဲ့ အိမ်စေလိုမျိုးကို ဆက်ဆံနေတော့တာ။ အိမ်စေဝတ်စုံ ဝတ်ဖို့အတွက် ကျွန်မငြင်းတော့ ဘဏ္ဍာစိုးဝတ်စုံ ဝတ်ရမယ်ဆိုပြီးတော့ အကျပ်ကိုင်သေးတယ်။

အခုလည်းကျွန်မနေခဲ့တာ မြို့ထဲမလည်ချင်လို့မဟုတ်ဘဲ မော်လီခိုင်းထားတဲ့ကိစ္စတစ်ခုကြောင့်ပါ။

“ဒေါ်ရသီရေ... တို့သခင်လေး အခုတလောအပြင်စာတွေ စားတာများနေပြီလားလို့။”

“အင်းနော်၊ မမလေးဆယ်ဗီက ဟိုဆိုင်စားမယ် ဒီဆိုင်စားမယ်နဲ့ သခင့်ကိုဆွဲဆွဲခေါ်နေတာမလား။” ကျွန်မ အမှန်အတိုင်းပြောလိုက်တော့ မော်လီ့မျက်နှာပေါ်မှာ စိုးရိမ်တဲ့အမူအရာတွေပေါ်လာတော့တာပဲ။

“အပြင်စာတွေဆိုတာက စျေးသာကြီးတာဟဲ့။ ဘာတွေထည့်ချက်ထားမှန်းသိတာမဟုတ်ဘူး။ ကြက်သားမှုန့်တွေတစ်ပုံတစ်ပင်၊ အချိုမှုန့်တရဲရဲနဲ့ အသားငါးတွေကလည်း လတ်ဆတ်တာမဟုတ်ဘူး။ အို၊ ကုန်အောင်ပြောရရင် မီးဖိုချောင်တောင် သန့်ရဲ့လားမသိ။”

အဲဒီနေ့ညက ညနက်တဲ့အထိ မော်လီက ကျွန်မကို သူ့မကျေနပ်ချက်တွေ ဖောက်ချနေတော့တာ။ နာရီဝက်လောက် အပြင်စာတွေမကောင်းတဲ့အကြောင်း ဝါဒဖြန့်ချီပြီးခါမှ ကျွန်မကိုလိုရင်းပြောတယ်။

“ဒီတော့လေ... မနက်ဖြန် သခင့်အတွက် ညစာချက်ပေးဖို့ ပြင်ရမယ်။ ပြင်သစ်စာတွေငြီးနေမှာစိုးလို့ စပိန်စာ ကောင်းကောင်းချက်မှာ။ ညည်းကတော့ လိုအပ်တာတွေ ထွက်ပြီးဝယ်ရမယ်။”

“ဒါပေမဲ့၊ အစ်မရေ။ ကျွန်မတို့တည်းနေတာ ဟိုတယ်ကြီးလေ။ ဘယ်နေရာမှာ သွားချက်မှာတုန်း။”

ကျွန်မက အဲဒီလိုလည်းပြောရော မော်လီက ကြိုးတပ် တံစဥ်ကြီးကို ထောင်ပြပြီးတော့

“ဒီဟိုတယ်က စားဖိုမှူးနဲ့ စကားနည်းနည်း သွားပြောကြမယ်လေ။”

အဲဒီလိုနဲ့ မမလေးတို့နဲ့မြို့ထဲမလိုက်ဘဲ ကိုယ့်ဘာသာ မြို့ထဲသွားစျေးဝယ်ဖို့ ဖြစ်လာတော့တာ။ မြို့ထဲကို တစ်ယောက်တည်းထွက်ရတာမလို့ လူသားမဟုတ်မှန်း သိပ်မသိသာစေဖို့အတွက် လက်အိတ်ထပ်ဝတ်ရတယ်။ ကျွန်မလက်ဆစ်တွေက လူသားတစ်ယောက်နဲ့မတူဘဲ စက်ယန္တရားနဲ့တူနေလို့ပါ။

ပူလွန်းတဲ့နေရောင်အောက်မှာ ကျွန်မမျက်လုံးတွေ သဘာဝလွန်တောင်ပမနေစေဖို့အတွက် မျက်မှန်တပ်ပြီး ထီးလေးပါစောင်းထားလိုက်တယ်။

ပါပစ်ညန်မြို့ရဲ့နံနက်ခင်းစျေးကိုရောက်တော့ ဒီနေရာရဲ့ သာယာလှပပုံကြောင့် အတော်လေးအံ့ဩသွားမိတယ်။ စျေးက မြို့လယ်ခေါင်မှာတည်ရှိနေဆဲဖြစ်ပြီး မြို့ရင်ပြင် အလယ်မှာတော့ ကြေးနဲ့သွန်းလုပ်ထားတဲ့ အညိုရောင် တောက်ပနေတဲ့ ရေသူမရုပ်ရှိလို့နေလေရဲ့။

လူတွေကလည်း ဟိုဟိုဒီဒီသွားလာနေကြပြီး ပြုံးလို့ ရွှင်လို့ရယ်။ စျေးဆိုပေမဲ့ အဆောက်အဦး သားသားနားနား၊ ဆိုင်ခန်းလေးတွေနဲ့ရောင်းချနေတာ မဟုတ်ဘူး။ မြို့လယ်ရင်ပြင်မှာ ဧရာမထီးကြီးတွေကို ဖွင့်ပြီးတော့ ပစ္စည်းတွေကိုဖြန့်ခင်း ရောင်းချနေတာ။ တချို့နေရာတွေမှာ တွန်းလှည်းလေးတွေကိုမြင်ရပြီး ရီနေးဆန့်ခေတ်က အုတ်တိုက်ကြီးတွေနဲ့ဝန်းရံခံထားရတဲ့ ဒီမြို့ရင်ပြင်ဟာ စိတ်ကူးယဥ်ကမ္ဘာတစ်ခုထဲက ထွက်လာသလိုပါပဲ။

“အသီးအနှံတွေလည်း စုံစုံလင်လင်ရှိတာပဲနော်။” ဟင်းသီးဟင်းရွက်တွေကို သစ်သားသေတ္တာလေးတွေထဲ ထည့်ပြီးတော့ ဖြန့်ခင်းရောင်းချနေတဲ့ဆိုင်ရှေ့မှာ ကျွန်မ ရပ်လိုက်တယ်။ ကြက်ဥ၊ အာလူးနဲ့ ခရမ်းချဥ်သီးများများ ဝယ်ဖို့မော်လီက မှာလိုက်တယ်။ ဆန်ရောနည်းနည်း ပါမယ်။ စပိန်ဟင်းချက်နည်းတွေမှာ ဆန်လည်းသုံးတယ် ဆိုလားပဲ။

ခရမ်းချဥ်သီးတွေကို လတ်ဆတ်ပြီး ပိုးထိုးတာမပါ၊ ပိုးသတ်ဆေးနံထွက်နေတာမပါအောင် တစ်နေကုန် ထိုင်ရွေးပြီးတဲ့နောက်မှာတော့ အသားတန်းကိုသွားဖို့ အချိန်တန်ပြီလို့ စဥ်းစားလိုက်တယ်။ ဒါပေမဲ့...

“တစ်ယောက်ယောက် ငါ့နောက်ကနေလိုက်နေသလိုပဲ။”

ကျွန်မကို ထုတ်လုပ်ခဲ့တဲ့သူတွေက ဒီခန္ဓာကိုယ်ကို တိုက်ပွဲဝင်ဖို့အသင့်တော်ဆုံးဖြစ်အောင် ဖန်တီးခဲ့တာ။ လေးလံပေမဲ့ မြန်ဆန်တယ်။ အကြမ်းခံပြီးတော့ အန္တရာယ်တွေကို အလွယ်တကူသတိထားမိနိုင်တယ်။ ပြီးတော့ ကျွန်မနောက်ကိုလိုက်နေတဲ့သူက သိပ်ပြီး အကျွမ်းကျင်ကြီးမဟုတ်ဘူးရယ်။

“ကစားချင်တယ်ဆိုတော့လည်း ကစားပေးရ သေးတာပေါ့။” ကျွန်မ တီးတိုးရေရွတ်လိုက်ရင်းနဲ့ မသိမသာစျေးထဲကနေ ထွက်လာလိုက်တယ်။ ကျွန်မ သူ့ကိုသတိထားမိသွားပြီမှန်းမသိအောင်လို့ နောက်ကို ပြန်လှည့်မကြည့်သလို ခြေလှမ်းကိုလည်းသာမန်အတိုင်း ထားပြီးလျှောက်ခဲ့တာ။ သံသယမဝင်အောင်လို့ လမ်းမှာ ဆိုင်တချို့ကိုတောင် ဝင်ကြည့်ခဲ့သေးတယ်။

အစကနေ အဆုံးအထိ စျေးဝယ်လို့ပြီးသွားတဲ့ အိမ်စေမိန်းကလေးလို သရုပ်ဆောင်နေခဲ့တာ။ စျေးအပြင်ကိုရောက်တော့ ခပ်တည်တည်နဲ့လူပြတ်တဲ့ လမ်းကြားထဲ ချိုးဝင်လိုက်တာပေါ့။

အဲဒီနောက် ကျွန်မဝယ်လာတဲ့ ပစ္စည်းတွေကိုလမ်းပေါ် အသာချထားလိုက်ပြီး အုတ်တိုက်တစ်ခုရဲ့ဒုတိယထပ် ဝရံတာပေါ်ခုန်တက်လိုက်တယ်။ ဖြစ်စဥ်ကမြန်လွန်းလို့ တစ်စက္ကန့်တောင်မကြာဘူး။ ဒီလိုလျင်မှလည်းကျွန်မကို နောက်ယောင်ခံလိုက်နေတဲ့သူကို အငိုက်ဖမ်းနိုင်မှာ။

ဒေါက်... ဒေါက်... ဒေါက်....

ဟော၊ ခြေသံစကြားရပြီ။ မကြာခင်မှာပဲ လူတစ်ယောက် ကျွန်မရှိနေတဲ့ လမ်းကြားထဲကိုလိုက်ဝင်လာပြီ။ ဒီလိုနဲ့ နှောင့်နှေးမနေတော့ဘဲ ဝရန်တာပေါ်ကနေ ပင့်ကူလူသား တစ်ယောက်လိုမျိုးခုန်ချပြီး အဲဒီလူရဲ့ခန္ဓာကိုယ်ကို အပေါ်စီးကနေဖမ်း ကြမ်းပြင်နဲ့ဖိကပ်ပစ်လိုက်တယ်။

“အောင်မလေး၊ သေပါပြီဗျ။”

“နင်ဘယ်သူလဲ... ဘုရားကျောင်းကလွှတ်လိုက်တာလား၊ လင်ဘိုဘုံကလား။” ကျွန်မ လက်သီးကိုဆုပ်ပြီး မျက်နှာကိုတည်ထိုးတော့မယ့်ပုံစံနဲ့မေးလိုက်တယ်။ ဒါပေမဲ့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ကျွန်မကိုယ်ကျွန်မ မယုံနိုင်အောင် ဖြစ်သွားတော့တာပဲ။

“ လူမှားဖမ်းမိတာများလား....”

ကျွန်မရဲ့ခန္ဓာကိုယ်အလေးကြီးနဲ့ ကြမ်းပြင်မှာ ဖိကပ် ခံထားရတဲ့သူက အသက်ဆယ့်သုံးနှစ် ဆယ့်လေးနှစ်ပဲ ရှိဦးမယ့်ကောင်လေးတစ်ယောက်ပါ။ ရွှေရောင်ဆံပင်နဲ့ ရှားပါးတဲ့ အပြာရောင်မျက်လုံးတွေရှိပြီးတော့ ဝတ်စ်ကုတ် အဖြူရောင်နဲ့ အဖြူရောင်ရှပ်အင်္ကျီ အကောင်းအစားကို ဝတ်ဆင်ထားတယ်။ ဂျင်းဘောင်းဘီအဖြူရောင်အတိုနဲ့ ဖြစ်ပြီးတော့ ပြောင်လက်နေအောင်တိုက်ထားတဲ့ လယ်သာရှုးဖိနပ်နဲ့။

ချမ်းသာတဲ့မိသားစုကြီးတစ်ခုက သခင်လေးလိုပဲ။ နည်းနည်းလေးမှ လူဆိုးပုံကိုမပေါက်တာ။

“တောင်းပန်ပါတယ်... နာသွားသေးတာလား။”

ကျွန်မလည်း အမှားလုပ်မိပြီလို့ထင်ပြီးတော့ ကောင်လေး ပေါ်ကနေဖယ်ပေးလိုက်တယ်။ ချစ်စရာကောင်းတဲ့ ကောင်လေးကတော့ သူ့ခေါင်းသူနာကျင်စွာနဲ့ဆုပ်ကိုင် ထားတုန်းပါပဲ။ ဒါပေမဲ့ မကြာခင်မှာပဲ ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ ပန်းချီဆရာသုံး ပုံကြမ်းစာအုပ်တစ်အုပ်နဲ့ ရောင်စုံခဲတံတွေပြန့်ကျဲနေတာ သတိထားမိသွားရော။

“အခုချက်ချင်း ပြန်ကောက်ထည့်ပေးမှာမလို့ မစိုးရိမ်ပါနဲ့။ အစ်မက နောက်ယောင်ခံလိုက်လာတဲ့ နှာဘူးမှတ်လို့ ခြေလွန်လက်လွန်လုပ်မိသွားတာ။”

ကျွန်မလည်း ရယ်တစ်ဝက်တောင်းပန်လိုက်ရင်းနဲ့ ပန်းချီပစ္စည်းတွေဆီလက်လှမ်းလိုက်တော့ ကောင်လေးရဲ့မျက်လုံးတွေ ပြူးကျယ်သွားပြီး နာကျင်နေတာကိုတောင်မေ့သွားပုံနဲ့ ကျွန်မကို တားတော့တာပဲ။

“အဲ... အဲဒါတွေကို မကြည့်နဲ့....”

ဒါပေမဲ့ နောက်ကျသွားပြီ။ ကျွန်မလက်က ပုံကြမ်းစာအုပ်ပေါ် ရောက်နေပြီဖြစ်ပြီးတော့ သဘာဝအလျောက် အနားကိုယူပြီးကြည့်မိသွားရော။ အဲဒီနောက်တော့ ကျွန်မနှုတ်ခမ်းကို သွားနဲ့ဖိကိုက် လိုက်မိတော့တာပဲ။

အဲဒီဆယ်ကျော်သက်အစောပိုင်း ကောင်ချောလေးကို ကြည့်တဲ့ကျွန်မအကြည့်တွေလည်း ပြောင်းလဲသွားပြီ။ စက္ကန့်ပိုင်းလောက် တိတ်ဆိတ်နေပြီးတဲ့နောက်မှာတော့ ကလေးတစ်ယောက်ကို မပြောသင့်တဲ့စကားခွန်းကို ကျွန်မပြောလိုက်မိတော့တာပဲ။

“နှာ... နှာဘူး... နောက်ယောင်ခံလိုက်တဲ့ကောင်....”

ကောင်လေးက ကျွန်မကို ငိုမဲ့မဲ့နဲ့ မော့ကြည့်တယ်။ အချိန်မရွေးငိုချမိတော့မလိုပဲ။ ဒါပေမဲ့ကျွန်မလုံးဝ သူ့ထောင်ချောက်ထဲမကျတော့ဘူး။ ငယ်ငယ်လေးဆိုပြီး သနားမိလိုက်တော့မဖြစ်ဘူး။ တဏှာရူးလေးမှ တဏှာရူးလေးအစစ်။

ဘာလို့လဲဆိုတော့...

သူ့ပုံကြမ်းစာအုပ်တစ်အုပ်လုံးက ကျွန်မပုံတွေနဲ့ ပြည့်နေလို့။ ကျွန်မ စျေးထဲမှာ လမ်းလျှောက်နေတဲ့ပုံ၊ ခရမ်းချဥ်သီးရွေးနေတဲ့ပုံ၊ အထုပ်အလေးကြီးတွေ သယ်ပြီးတော့ တစ်ဆိုင်ကနေတစ်ဆိုင်ကူးနေတဲ့ပုံ။ ရှုထောင့်ပေါင်းစုံ၊ ကိုယ်ဟန်ပေါင်းစုံကနေ ဆွဲထားတဲ့ ခဲပန်းချီပုံကြမ်းပေါင်း တစ်ဒါဇင်လောက်ကိုရှိနေတာ။

“ကျ... ကျွန်တော်ရှင်းပြပါရစေ...” ကောင်စုတ်လေးက ကျွန်မကိုတောင်းပန်ဖို့လုပ်ပေမဲ့ ကျွန်မကတော့သူ့ဆီက ဘာမှမကြားချင်တော့ဘူး။ အဲဒါကြောင့် ကောင်စုတ်လေး မျက်နှာကို စာအုပ်နဲ့ပစ်ပေါက်ပြီး နေရာကနေထွက်ပြေး လာခဲ့တော့တာပဲ။

...

“အောင်မလေး၊ အောင်မလေး... ခုခေတ်ကလေးတွေက ကြောက်စရာကောင်းလိုက်တာ။”

အခန်းကိုပြန်ရောက်တော့ မမလေးတို့တွေနေ့လယ်စာ စားဖို့အတွက် ပြန်ရောက်နေတာတွေ့တာနဲ့ အကုန်လုံး ပြောပြဖြစ်လိုက်တယ်။ မော်လီလည်း သခင့်အရိပ်ထဲက ထွက်လာပြီးတော့ ကျွန်မကိုအားပေးရှာပါတယ်။

ဒါပေမဲ့ သူထပ်မေးလိုက်တဲ့မေးခွန်းအတွက် ကျွန်မမှာ ဖြေစရာအဖြေမရှိခဲ့ဘူး။

“ဒါနဲ့၊ ဒေါ်ရသီရေ။ ငါမှာလိုက်တဲ့ ပစ္စည်းတွေရော။”

“.....”

“.....”

ဟော၊ ကျွန်မ အဲဒါတွေကို လမ်းပေါ်မှာ ဒီအတိုင်း ပစ်ချထားခဲ့မိတာပဲ။

All Chapters