မိဘခေါ်ကာ အတိုင်ခံလိုက်ရသည့်အလား
Vol. 21 Ch. 286
အခန်း (၂၈၆) မိဘခေါ်ကာ အတိုင်ခံလိုက်ရသည့်အလား
ကျန်းလန် ပကတိအခြေအနေတွင် ရှိနေသည်။
သူက မှန်သားပြင်တစ်ခုထက်တွင် မတ်တတ်ရပ်နေသည့်အလား ဖြစ်သည်။ သူ့ပတ်ဝန်းကျင်တွင် များပြားလှစွာသော တောတောင်ရေမြေများကို တွေ့မြင်နေရသည်။
တစ်ချိန်တည်းမှာပင် မိုးနဲ့မြေတာအိုတရားကို နားလည်မှုအသစ်ဖြင့် နားလည်လာသည်။
လောကကြီးကို မတူညီသည့် ရှုထောင့်တစ်ခုမှ ကြည့်မြင်နေရသည့်ပမာ မဟာတာအို၏ သွေးကြောများအားလုံးက လေထုထဲတွင် ကွန်ယက်ပမာ တည်ဆောက်ထားဟန် ရှိသည်။
ထိုအရာက ကမ္ဘာလောကကြီး၏ အစ ဖြစ်သည်။ အရာအားလုံး၏ မိခင် ဖြစ်သည်။
ထိုအရာ မည်သို့ အလုပ်လုပ်သည်ကို ကျန်းလန် တွေ့မြင်ချင်ခဲ့သည်။ ကမ္ဘာလောကကြီး၏ လုပ်ဆောင်ချက်များကို သိရှိနားလည်လိုသည်မှာ လူတစ်ယောက်အတွက် သာမာန်ပင် ဖြစ်သည်။
ထိုနေရာက စကားလုံးဖြင့် ဖော်ပြရန်ပင် မတတ်နိုင်လောက်အောင် လျှို့ဝှက်ဆန်းကျယ်လွန်းလှသည်။
"ဘုန်း"
ထိုခဏမှာပင် သူ့ပတ်ဝန်းကျင်မှ လောကတစ်ခုလုံး ပေါက်ကွဲထွက်သွားသလို ခံစားလိုက်ရသည်။
ပတ်ဝန်းကျင်တစ်ခုလုံး ပြောင်းလဲသွားပြီး မိုးနှင့်မြေ၏ အံ့သြဖွယ်ရာ ဖြစ်ရပ်များ သူ့ပတ်ပတ်လည်တွင် ထွက်ပေါ်လာသည်။
သူ လေထုထဲတွင် မတ်တတ်ရပ်လျှက်ရှိပြီး မဟာတာအိုသည် တွင်းနက်ကြီးတစ်ခုအလား တစ်စတစ်စ ကျယ်ပြန့်ချဲ့ထွက်လာသည်ကို တွေ့မြင်နေရသည်။
လက်ရှိ သူ့အနေဖြင့် နားလည်နိုင်စွမ်းမရှိသည့် တစ်စုံတစ်ရာပင် ဖြစ်သည်။ သို့သော် ကျန်းလန် အရာအားလုံးကို မှတ်မိသိရှိနေလေသည်။
အချိန်က ဖျတ်ခနဲပင် ကုန်ဆုံးသွား၏။
အရာအားလုံး ပြန်လည်ပြောင်းလဲသွားပြီးနောက် မိုးနှင့်မြေ၏ အံဖွယ်ဖြစ်ရပ်များမှာလည်း တဖြည်းဖြည်း ပြန်လည် ပျောက်ကွယ်သွားသည်။
ကျန်းလန် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ အရာအားလုံးက တစ်ခဏအတွင်း ဖြစ်ပျက်သွားသကဲ့သို့ပင်။
သို့သော် တကယ်တမ်းတွင် ဖြစ်ပျက်ခဲ့သမျှက ခဏတာ မဟုတ်ကြောင်း အလျှင်အမြန် သဘောပေါက်သွားသည်။
အဘယ်ကြောင့်ဆိုသော်...
ဆရာဖြစ်သူ သေရည်ဆိုင်ထဲတွင် ထိုင်နေသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်၏။
သေရည်ဆိုင်တံခါးပိတ်ထားသည်ကို တွေ့ရှိရပြီး ဆရာဖြစ်သူက သေရည်ဆိုင်တံခါးကို စောင့်ကြည့်နေသည်။ ဆရာနှင့် မျက်နှာချင်းဆိုင်တွင်တော့ ဆိုင်ရှင်အဘိုး ထိုင်လျှက် ရှိ၏။
သူတို့က လက်ဖက်ရည်ကြမ်းသောက်ရင်း စကားစမြည်ပြောနေကြလေသည်။
တစ်ခုခုလွဲနေသည့်အလား ခံစားလိုက်ရပြီး အပြစ်လုပ်မိသည့်ကျောင်းသားမှာ မိဘခေါ်ကာ အတိုင်ခံရသည့်အလား ကျန်းလန် ခံစားလိုက်ရသည်။
ယခုကဲ့သို့ ရုတ်တရက် ဉာဏ်အလင်းပွင့်သွားခြင်းမှာ တိုက်ဆိုင်မှုတစ်ခု မဟုတ်ကြောင်း သိရှိလိုက်သည်။ သူ့ကို အထောက်အပံ့ပေးလိုက်သည့်အရာမှာ နာမ်ဝိညာဉ်သေရည်ဆိုင်အတွင်းမှ ရတနာပစ္စည်းတစ်ခု ဖြစ်သည်။
ထိုရတနာပစ္စည်းကြောင့် သူ့အနာဂတ်ကျင့်စဉ်လမ်း ပိုမိုလွယ်ကူသွားပြီ ဖြစ်ည်။
အစစ်အမှန်အင်မော်တယ်တစ်ပါး ဖြစ်လာပြီးနောက် သူ့အတွက် အခက်ခဲဆုံးအရာမှာ လောကကို သဘောပေါက်ပြီး မဟာတာအိုကို နားလည်ရန် ဖြစ်သည်။
ယခု သူရရှိခဲ့သည့် ဉာဏ်အလင်းပွင့်ခြင်းက ထိုအချက်များအပေါ် များစွာသက်ရောက်သည်သာမက ပို၍ပင် အသုံးဝင်နေသေးသည်။
ထိုရတနာပစ္စည်းကို ကလေးငယ်အတွက် ၊ သို့မဟုတ် ဇာမဏီကောင်မလေးအတွက် သေရည်ဆိုင်ရှင်အဘိုးအိုက ထားရှိခြင်း ဖြစ်ဟန်တူသည်။
သူတို့ရရှိမည့်အရာကို သူက လုယူသလိုများ ဖြစ်သွားလေသည်လား။ ထို့ကြောင့် ဆရာ ရောက်လာခြင်း ဖြစ်ဟန်တူလေသည်။
"မင်းနိုးထလာပြီလား"
မော့ကျန်းသုန့်က အကြမ်းရည်တစ်ငုံသောက်ရင်း တိုးလျသိမ်မွေ့စွာ မေးလာသည်။
ဆရာ့လေသံတွင် ပြစ်တင်လိုသည့် အရိပ်အယောင် တစ်ခုမှ မတွေ့ရပေ။
"ဆရာ"
ကျန်းလန်က နေရာမှ ချက်ချင်းထလိုက်ပြီး ဦးညွှတ်အရိုအသေပေးလိုက်သည်။ အမှားတစ်ခုခုလုပ်မိသူပမာ သူ့အမူအရာက ညှိုးငယ်လျှက်ပင်။
သေရည်ဆိုင်ပိုင်ရှင်၏ ရတနာပစ္စည်းက အလွန်တန်ဖိုးကြီးမားရပေမည်။ သူက ထိုရတနာပစ္စည်းကို အသုံးပြုလိုက်မိသောကြောင့် ဆရာဖြစ်သူက မည်မျှ တန်ဖိုးပေးဆပ်ရမည်လဲ မသိရှိပေ။
သူကတော့ မည်သည့်နည်းနှင့်မှ တန်ဖိုးပေးဆပ်နိုင်စွမ်းရှိမည် မဟုတ်ပေ။
"ပြန်ကြရအောင်လေ..."
မော့ကျန်းသုန့်က အကြမ်းပန်းကန်ကိုချလိုက်ပြီး ခပ်တိုးတိုးပြောသည်။ကျန်းလန်က မည်သည့်စကားမှမပြောဘဲ ခေါင်းညိတ်လိုက်၏။
ထို့နောက် သေရည်ဆိုင်ရှင်အဘိုးအိုကို နှုတ်ဆက်ပြီးနောက် သေရည်ဆိုင်မှ ထွက်လာခဲ့ပြီး ဆရာ့နောက် လိုက်လာခဲ့သည်။
သေရည်ဆိုင်ရှင်အဘိုးအိုက အကြမ်းရည်သောက်ရင်း ကျန်းလန်ထွက်ခွာသွားသည်ကို ကြည့်နေ၏။
သူ့မျက်လုံးများထဲတွင် အံ့သြမှုများဖြင့် ပြည့်နက်နေသည်။
"အိမ်း... အံ့သြစရာပဲ... တကယ့်ကို အံ့သြစရာပဲ ၊ ဒီကောင်လေးကို သိပ်တော်တယ်လို့ ထင်ခဲ့ပေမယ့် ဒီလောက်တော်လိမ့်မယ်လို့ ထင်မထားမိဘူး ၊ ကျုပ်သူ့ကို လျှော့တွက်မိခဲ့တာပဲ ၊ စိတ်စွမ်းအားရော ခံယူချက်ရော အတော်လေးကောင်းတဲ့ကလေးပဲ"
သေရည်ဆိုင်ပိုင်ရှင်အဘိုးအိုမှာ မချီးကျူးဘဲ မနေနိုင်တော့ပေ။
"သူသာအစစ်အမှန်အင်မော်တယ် ဖြစ်လာရင်တော့... အင်း... ကြောက်စရာပဲ ၊ မော့ကျန်းသုန့်တော့ တကယ်ကံကောင်းတာပဲ…"
"ဘိုးဘိုး..."
ကလေးငယ်က ရုတ်တရက် ခေါ်လိုက်၏။
"အဲဒီအစ်ကိုကြီးရဲ့ အရည်အချင်းက သာမန်ပဲလို့ ဘိုးဘိုးပြောခဲ့တယ်နော်"
ကလေးငယ် မေးခွန်းကြောင့် အဘိုးအိုက စိတ်ရှုတ်ထွေးသွားဟန်ဖြင့်...
"မင်းပဲ စမ်းသပ်ကြည့်ပြီးပြီ မဟုတ်ဘူးလား ၊ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကိုလည်း မင်းသိတာပဲလေကွာ"
"ကျွန်တော် စမ်းသပ်ခဲ့တာတော့ ဟုတ်ပါတယ်... ဒါပေမဲ့..."
ကောင်ငယ်လေး ဘာဆက်ပြောရမှန်းမသိ ဖြစ်နေလေသည်။
ထိုအချိန် ဇာမဏီမလေး ဟုန်ယာက ဝင်ပြောလိုက်၏။
"သာမန်အရည်အချင်းလောက်ပဲရှိတဲ့ လူတစ်ယောက်က အဘိုးထည့်ထားတဲ့ ရတနာပစ္စည်းကို ဘယ်လိုလုပ် ရယူနိုင်မှာလဲ ၊ ကျွန်မတို့တောင် ထိလို့မရတဲ့ ရတနာပစ္စည်းကို သူက ထိုင်ပြီးအာရုံစိုက်လိုက်ရုံလေးနဲ့ ရယူသွားနိုင်တယ် ၊ ဘယ်လိုပဲတွေးကြည့် တွေးကြည့် သူက သာမန်လူတစ်ယောက်နဲ့ မတူသလိုပဲနော်"
ကောင်ငယ်လေးကလည်း သူမစကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။ တကယ်တော့ သူလည်း ထိုစကားမျိုး ပြောချင်နေသည်ပင်။
ဒီအစ်ကိုကြီးက တကယ့်ကို အံ့သြဖွယ်ရာဖြစ်နေသည် မဟုတ်လား။
"ဒါက ရိုးရှင်းပါတယ် ၊ သူက အဲဒီပစ္စည်းကို ရယူလိုစိတ်မရှိဘူးလေ၊ ဒါကြောင့် ရသွားတာပေါ့"
အဘိုးအိုက နူးညံ့သည့်လေသံဖြင့် ရှင်းပြသည်။
"အရေးကြီးဆုံးက စွန့်လွှတ်နိုင်စွမ်း ရှိဖို့ပဲ"
အဘိုးအိုက ကလေးငယ်၏ခေါင်းကို အသာပုတ်လိုက်ရင်း...
"သူ့စိတ်တံခါးကိုဖွင့်နိုင်ဖို့ ကြိုးစားပါ... ဒါပေမဲ့ လက်လျှော့လိုက်မယ်ဆိုလည်း အဘိုး မင်းကို ဖိအားမပေးပါဘူး ၊ လက်လျှော့ဖို့ဆုံးဖြတ်လိုက်ရင်တော့ နောက်ပိုင်းမှာ မင်း အဘိုးစကားကို နားထောင်ဖို့လိုလိမ့်မယ်"
ကလေးငယ်က ဆုံးဖြတ်ချက်ခိုင်မာဟန်ဖြင့်...
"ကျွန်တော် လုံး၀ လက်မလျှော့ဘူး အဘိုး"
သူသာ အစ်ကိုကြီး၏ စိတ်အတွင်းသို့ ဝင်ရောက်နိုင်လျှင် သူ လုပ်ချင်ရာ လုပ်ခွင့်ရမည်ဖြစ်ပြီး အဘိုးဖြစ်သူ၏စကားကို နားထောင်နေစရာ မလိုတော့ပေ။
ထို့ပြင် အစ်ကိုကြီး၏ ကျင့်ကြံခြင်းအဆင့်ကလည်း မြင့်မားခြင်း မရှိလေရာ သူ ကြိုးစားနေသရွေ့ တစ်နေ့နေ့တွင် ကျိန်းသေ အောင်မြင်မှု ရရှိမည် ဖြစ်သည်။
အဘိုးအိုက မြေးငယ်ကို ကျေနပ်အားရစွာဖြင့် ကြည့်လိုက်သည်။
မြေးဖြစ်သူတွင် ရည်မှန်းချက်ရှိနေပြီး လက်လျှော့လိုစိတ်မရှိသည့်အတွက် အဘိုးတစ်ယောက်အနေဖြင့် စိတ်သက်သာရာ ရသွားခဲ့သည်။
သို့သော် ကလေးငယ် ထားရှိသည့် ရည်မှန်းချက်က အလွန်ကြီးမားလှလေသည်။
***
"ဆရာ… ကျွန်တော့်လုပ်ရပ်ကြောင့် ဆရာ ဆိုင်ရှင်အဘိုးကို တန်ဖိုးတစ်ခု နောက်တစ်ခါ ထပ်ပေးရပြန်ပြီလား"
တောင်ပေါ်သို့အပြန်လမ်းတွင် ကျန်းလန်က မေးလိုက်သည်။
ထိုရတနာပစ္စည်းကြောင့် သူ ဉာဏ်အလင်းပွင့်သွားခြင်းအတွက် ဆရာဖြစ်သူက ဘာပြန်ပေးဆပ်ရမည်ကို သူ သိလိုလှသည်။
ထိုသို့ ဉာဏ်အလင်းပွင့်ခြင်းသည် အတော်လေး အထင်ကြီးစရာဖြစ်ပြီး ထူးခြားလှသည်။
"မင်း တစ်ခုခု ရခဲ့တယ် မဟုတ်လား"
မော့ကျန်းသုန့်က ကျန်းလန်ကို တစ်ချက်လှမ်းကြည့်ပြီး ပြောလိုက်သည်။
သို့သော် သူ မေးသည့်မေးခွန်းကိုတော့ မဖြေခဲ့ပေ။
"ကျွန်တော် အကျိုးကျေးဇူးအများကြီး ရခဲ့တယ် ၊ လောလောဆယ်မှာ ရှင်းမပြနိုင်သေးပေမယ့် အနာဂတ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနိုင်မယ်ထင်တယ်"
ကျန်းလန်က အမှန်အတိုင်းပင် ပြောလိုက်သည်။ ဤသည်က သူ့ခံစားချက်လည်း ဖြစ်သည်။
ဉာဏ်အလင်းပွင့်သွားစဉ်တွင် သူ မဟာတာအိုတံခါးသို့ ဝင်ရောက်နိုင်ခဲ့ရုံသာမက ခပ်လှမ်းလှမ်းသို့တိုင် လျှောက်လှမ်းသွားနိုင်ခဲ့သည် မဟုတ်ပါလား။
သေရည်ဆိုင်တွင် ကြုံတွေ့ခဲ့ရသည့်အဖြစ်အပျက်ကြောင့် တာအိုအကြောင်းကို နက်နဲစွာ နားလည်သဘောပေါက်ခဲ့ရသည်။ လောက၏ လျှို့ဝှက်ဆန်းကျယ်မှုများကို သူ ရှင်းလင်းစွာ အာရုံခံနိုင်ခဲ့သည်။
ထိုသို့သောအခွင့်အရေးမျိုးက ကံကောင်းမှသာ ရရှိနိုင်မည် ဖြစ်သည်။
မော့ကျန်းသုန့်က တည်ငြိမ်သည့်လေသံဖြင့်…
"ဒါလည်း ကောင်းပါတယ်လေ"
ပြီးမှ သူက စကားဆက်ပြောသည်။
"မင်း အဲဒါကို ရရှိခဲ့တာ မင်းနဲ့ ကံစပ်လို့ပါ ၊ စိတ်ထဲထားမနေနဲ့"
ကျန်းလန် ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့..."
သူက ထိုရတနာပစ္စည်းကို ရယူရန် သေရည်ဆိုင်သို့ သွားရောက်ခဲ့ခြင်း မဟုတ်ပေ။
ထိုရတနာပစ္စည်း ရှိနေကြောင်းကိုပင် သိရှိခဲ့ခြင်း မရှိဘဲ မထင်မှတ်စွာ ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။
မသိလျှင် သေရည်ဆိုင်ရှင်အဘိုးအိုက သူ ထိုရတနာပစ္စည်းကို ရယူရန်အတွက် ရည်ရွယ်ချက်ရှိရှိဖြင့် လုပ်ထားသလား ထင်မှတ်ရသည်။
"ဆရာ့ဆီက သူလိုချင်တာ တစ်ခုခုရှိလို့ သေရည်ဆိုင်ရှင်အဘိုးက ငါ့ကို အသုံးချလိုက်တာလား"
ကျန်းလန်တွေးလိုက်သည်။
ဖြစ်နိုင်ခြေရှိသည်ဟုလည်း ခံစားလိုက်မိ၏။ သို့သော် သူရရှိသည့် အကျိုးအမြတ်က များပြားလွန်းလှသည်။
မော့ကျန်းသုန့်က…
"စိတ်ထဲဘာမှ မထားနဲ့ ၊ နောက်တစ်ခါ ဒီလိုအခွင့်အရေးတွေရလာမယ်ဆိုရင်လည်း ရအောင်သာယူနော် ၊ ဟုတ်လား"
ကျန်းလန်က...
"အခုက ကျွန်တော် တမင်လုပ်တာမဟုတ်ပါဘူး ၊ တိုက်ဆိုင်သွားတာပါ"
တကယ်လည်း တိုက်ဆိုင်မှုပင် ဖြစ်သည်။
ဆရာတပည့် (၂)ယောက် လမ်းလျှောက်လာရင်း ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ရှေ့သို့ ရောက်သည့်အခါ သူ အောင်မြင်ထားသည့် တိုက်ပွဲရလဒ်များ မှတ်တမ်းတင်ထားသည့် မှော်ဝင်ပစ္စည်း အပ်နှံရမည်ကို ကျန်းလန် သတိရသွားသည်။
သူ ဆရာဖြစ်သူကို နှုတ်ဆက်စကားဆိုပြီးနောက် ခွန်လွန်တောင် ၊ အဓိကခန်းမဆောင်ကြီးဆီသို့ ထွက်ခွာလာခဲ့သည်။
ထွက်ခွာသွားသည့် ကျန်းလန်၏ ကျောပြင်ကိုကြည့်ရင်း မော့ကျန်းသုန့် ပြုံးလျှက် ကျန်ရစ်ခဲ့သည်။
"သူက အင်မော်တယ်ဖြစ်လာဖို့ သိပ်မလိုတော့ဘူး ၊ ပြီးရင်တော့ သူ့ရဲ့ အနာဂတ်လမ်းဟာလည်း လွယ်ကူနေပါလိမ့်မယ် ၊ လူသားအင်မော်တယ်အဆင့်ရောက်ပြီး နောက်ပိုင်း ဖြည်းဖြည်းမှန်မှန်သာ ဆက်လျှောက်နိုင်မယ်ဆိုရင်…"
မော့ကျန်းသုန့် ခေါင်းခါယမ်းရင်း ပြုံးလိုက်သည်။
"အလျင်လိုစရာတော့ မရှိပါဘူး ၊ သူ ဖြည်းဖြည်းချင်းပဲ သွားပါစေလေ"
သူ လောဘကြီးခြင်း မရှိပေ။
နဝမတောင်ထွတ်တွင် နေထိုင်နိုင်စွမ်းရှိသည့် တပည့်တစ်ယောက်အဖြစ် ကျန်းလန် ရှိနေခြင်းကပင် သူ့အတွက် ကံကောင်းနေပြီ ဖြစ်သည်။
တပည့်ဖြစ်သူက ပါရမီနည်းပါးသည့်တိုင် သူက ကူညီလမ်းပြပေးမည်ဟု အစပိုင်းတွင် မော့ကျန်းသုန့် ဆုံးဖြတ်ထားခဲသည်။
သို့သော်...
သူ့တပည့်လေးက အမှန်တကယ်ပင် ကြိုးစားသူတစ်ယောက်ဖြစ်ပြီး သူမျှော်လင့်ထားသည်ထက်ပင် တော်လွန်းလှသည်။
***
ဖြစ်ခဲ့သည့်အကြောင်းအရာများကို ကျန်းလန် ခေါင်းထဲမှ ထုတ်ပစ်လိုက်ပြီး တည်ငြိမ်စွာပင် ခွန်လွန်တောင် အဓိကခန်းမဆောင်သို့ ထွက်ခွာလာခဲ့သည်။
ထို့နောက် ကျောက်စာတိုင်ထက်တွင် မှတ်တမ်းတင်ထားသည့် တပည့်အသီးသီးနှင့် တောင်ထွတ်အသီးသီး၏ ရလဒ်များကို ကြည့်ရှုလိုက်သည်။
တပည့်အများစုက သာမန်ရလဒ်များကိုသာ ရရှိခဲ့ကြသည်။
သူက တိုက်ပွဲ (၅) ပွဲအနိုင်ရခဲ့လေရာ သာမန်ထက်ပင် ကျော်လွန်သည်ဟု ဆိုနိုင်သည်။ ဤသည်က သင့်တော်သည်ပင် ဖြစ်၏။
ထို့နောက် သူယူဆောင်လာသည့် မှတ်တမ်းတင်မှော်ဝင်ပစ္စည်းကို ပြန်လည်လွှဲအပ်ပြီးနောက် ကျန်းလန် ခန်းမဆောင်အတွင်းမှ ပြန်ထွက်လာခဲ့သည်။
သူ နဝမတောင်ထွတ်သို့ ပြန်ရပေမည်။
အဓိကခန်းမဆောင်မှ သူ ထွက်လာစဉ် ရွှေပြဒါးအမြုတေအဆင့် တပည့်လေး (၂)ယောက် သူ့ထံရောက်လာသည်။ သူတို့နှင့်အတူ ဒဏ်ရာအပြင်းအထန်ရထားသည့် တပည့်ငယ်တစ်ယောက်ကို သယ်ဆောင်လာ၏။
"ဂိုဏ်းတူအစ်ကို နှုတ်ဆက်ပါတယ်"
လူငယ်လေးတစ်ယောက်က သူ့ကို အလျှင်အမြန်ဂါရဝပြုရင်း ဆိုသည်။
"ဂိုဏ်းတူအစ်ကို ၊ ကျွန်တော်တို့ကို စတုတ္ထတောင်ထွတ်ကို အမြန်ဆုံးပြန်ရောက်အောင် ပို့ပေးနိုင်မလား ၊ ဂိုဏ်းတူညီလေးချွိယွင်ကျီက ဒဏ်ရာအပြင်းအထန်ရထားလို့ပါ ၊ ကျွန်တော်တို့ကလည်း သူ့ကိုခေါ်ပြီး အမြန်သွားဖို့ မစြဖစ်နိုင်လို့ပါ"
ကျန်းလန်က အထီးကျန်မန္တန်ကို အသုံးပြုမထားသည့်အတွက် ထိုတပည့်ငယ်များ သူ့ကို သတိပြုမိသွားကြခြင်း ဖြစ်သည်။
ဒဏ်ရာအပြင်းအထန်ရထားသည့် တပည့်ငယ်ကိုကြည့်လိုက်တော့ တွေ့မြင်ဖူးနေသလို ခံစားလိုက်ရ၏။
ခဏမျှစဉ်းစားပြီးနောက် အဋ္ဌမတောင်ထွတ်တွင် သူ့ကို ခုနစ်စဉ်ကြယ်ဓားသိုင်းအကြောင်း မေးမြန်းခဲ့သည့် ဂိုဏ်းတူညီငယ်ဖြစ်ကြောင်း မှတ်မိလိုက်သည်။
ထိုညီငယ်က အလွန်မှ အရည်အချင်းပြည့်ဝသည့် ပါရမီရှင်တစ်ယောက် ဖြစ်သည်။
ကျန်းလန်က ချက်ချင်းပင် မန္တန်တစ်ခု အသုံးပြုလိုက်ပြီး ထိုတပည့် (၃)ယောက်ကို စတုတ္ထတောင်ထွတ်သို့ ပို့ပေးလိုက်သည်။
သူက မရှိမှုအာကာသ ၊ အလယ်ဆင့် ကျင့်ကြံခြင်းတန်ခိုးစွမ်းအားကိုသာ အသုံးပြုပေးခဲ့ခြင်း ဖြစ်သည်ပြီး သူ တတ်နိုင်သမျှ ကူညီပေးလိုက်ခြင်းသာ ဖြစ်သည်။
ဤဂိုဏ်းတူညီလေးက အလွန်တရာ မောက်မာသူ ဖြစ်သည်။ ယခုတော့ ပြောင်းလဲသွားပြီလား မပြောတတ်ပေ။
ဆက်ပြီးသာ မောက်မာနေဦးမည်ဆိုပါက အနာဂတ်တွင် ရှေ့ဆက်လျှောက်မည့်လမ်းက ခက်ခဲရပေလိမ့်မည်။
လူတစ်ယောက် သိပ်ထက်မြက်နေပြန်လျှင်လည်း ရန်သူပေါများသည်ဖြစ်လေရာ သတိတစ်ချက်ပေါ့ဆမိသည်နှင့် သေခြင်းတရားနှင့် ရင်ဆိုင်ရပေလိမ့်မည်။