အခန်း (၃၇၆-၃၇၈)
Vol. 26 Ch. 376-378
အခန်း (၃၇၆) - ဟာ... ဒီလိုလား... ဒါက နှလုံးသားနာကျင်ရမှုပဲ
~ဟိုယွင်ကျဲ ၏ မျက်နှာထား လေးနက်သွားသည်။
အကြောင်းမူကား ယဲ့ဖုန်း ၏ မျက်ဝန်းထဲတွင် သနားဂရုဏာ သက်သော အရိပ်အယောင်များ ပေါ်လွင်နေသောကြောင့် ဖြစ်သည်။
“ဂိုဏ်းချုပ်ဦးလေး... ကျွန်တော့်ရဲ့ ဟိုမိသားစု တစ်ခုခု ဖြစ်လို့လား”
ဟိုယွင်ကျဲ သည် ယဲ့ဖုန်း၏ လက်မောင်းကို အလျင်အမြန် ဆွဲကိုင်လိုက်ပြီး ဒူးထောက်ချလိုက်၏။ သူ့မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ အထင်းသား ပေါ်နေ၏။
“မဟုတ်ဘူး... မီးရှူးတိုင်မြို့တော် က ဟိုမိသားစု ဘာမှ မဖြစ်ဘူး”
ယဲ့ဖုန်း သည် ဟိုယွင်ကျဲ ၏ ပခုံးကို ပုတ်ပေးရင်း ပြောလိုက်သည်။
“ဒီကိစ္စက... မင်း သဘောကျနေတဲ့ ကောင်မလေးနဲ့ ဆိုင်တယ်”
“ကျွန်တော် သဘောကျတဲ့ ကောင်မလေး ဟုတ်လား... မဟုတ်ပါဘူး။ ကျွန်တော် ဘယ်သူ့ကိုမှ သဘောမကျပါဘူး။ တကယ်လို့ ပြောရမယ် ဆိုရင်တော့... တင်းပိုင်ရွှယ် ကို သဘောကျတယ် ဆိုပေမယ့် ချစ်ကြိုက်တဲ့ အဆင့်ထိ မရောက်သေးပါဘူး။ သူ အန္တရာယ် ကြုံနေရလို့လား။ မဖြစ်ဘူး... ကျွန်တော် သွားကယ်မှ ဖြစ်မယ်”
ဟိုယွင်ကျဲ သည် ‘အေးစက် အလင်းဓား’ ကို ဆုပ်ကိုင်လိုက်ပြီး ချက်ချင်း ထွက်ခွာရန် ပြင်လိုက်၏။
“မလောပါနဲ့... သူ အန္တရာယ် မကြုံပါဘူး။ မင်း သူ့ကို သွားတွေ့လိုက်ရင် အကုန် ရှင်းသွားပါလိမ့်မယ်။ ဒါပေမဲ့... ငါ့အထင်တော့ ဒီတွေ့ဆုံမှုက သိပ်ပြီး ပျော်စရာ ကောင်းမယ် မထင်ဘူး”
ယဲ့ဖုန်း သည် ဟိုယွင်ကျဲ ၏ ပခုံးကို ထပ်မံ ပုတ်ပေးရင်း “ဂရုစိုက်နော်” ဟူသော အကြည့်မျိုးဖြင့် ကြည့်လိုက်၏။
ဟိုယွင်ကျဲ ပို၍ နားမလည်နိုင် ဖြစ်သွားသည်။
တင်းပိုင်ရွှယ် နဲ့ တွေ့ရတာ ဘာလို့ ပျော်စရာ မကောင်းရမှာလဲ။
မဖြစ်သင့်ပါဘူး။
အရင်တုန်းက သူတို့နှစ်ယောက် အဆင်ပြေခဲ့ကြတာပဲလေ။
'ငါ့နှလုံးသားက ဓားသိုင်းအတွက်ပဲ ရှိတာ။ တင်းပိုင်ရွှယ် အပေါ်မှာ အဲဒီလို ခံစားချက်မျိုး မရှိပါဘူး။ ဒါပေမဲ့ ဂိုဏ်းချုပ်ဦးလေး ပြောသလို တွေ့ဆုံမှုက မပျော်စရာ ဖြစ်မယ် ဆိုရင်... တင်းပိုင်ရွှယ် က ငါ့ကို ကြိုက်နေပြီး ငါက ပြန်မကြိုက်လို့ အချစ်ကနေ အမုန်း ပြောင်းသွားတာများလား’
ဟိုယွင်ကျဲ မျက်မှောင်ကြုတ်လိုက်ပြီး အမျိုးမျိုး ထင်ကြေးပေး တွေးတောနေမိသည်။
ထိုအချိန်တွင် ချောင်ကျားရှီး နှင့် လုံထျန်းရှင်း တို့ လျှောက်လာကြ၏။
ပြင်းထန်စွာ လေ့ကျင့်ပြီးနောက် တစ်ယောက်က ‘ခန္ဓာကိုယ် သန့်စင်ခြင်း နဝမအဆင့်’ ၊ နောက်တစ်ယောက်က ‘ချီစုစည်းခြင်း နဝမအဆင့်’ သို့ ရောက်ရှိနေကြပြီး ‘ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်’ သို့မဟုတ် ‘စစ်သူကြီး အဆင့်’ သို့ တက်လှမ်းရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။
“စီနီယာအစ်ကိုကြီး... (၄) ထပ်မြောက်ကို အောင်မြင်သွားတဲ့အတွက် ဂုဏ်ပြုပါတယ်”
ချောင်ကျားရှီး နှင့် လုံထျန်းရှင်း တို့ ပြိုင်တူ နှုတ်ဆက်လိုက်ကြ၏။
“အင်း... ငါ (၅) ထပ်မြောက်ကနေ အခုပဲ ထွက်လာတာ။ ‘မြင့်မြတ်သော လေ ဓားဂိုဏ်း’ ကို ခရီးထွက်မလို့။ မင်းတို့နှစ်ယောက် လိုက်မလား”
“ဟာ... ကောင်းတာပေါ့။ ကျွန်တော်နဲ့ ကျားရှီး လည်း တာဝန် တစ်ခု ယူထားတယ်။ လေနတ်ဘုရားမြို့တော် နားမှာပဲ။ လမ်းကြုံ ဝင်လို့ ရတာပေါ့”
“ကောင်းပြီ... ဒါဆို တို့ (၃) ယောက် အတူတူ သွားကြမယ်”
မကြာမီ ညီအစ်ကို (၃) ယောက်သည် ဓားပျံများကို စီးလျက် မိုင်ထောင်ချီ ဝေးကွာသော မြင့်မြတ်သော လေ ဓားဂိုဏ်း ဆီသို့ ထွက်ခွာသွားကြ၏။
ယဲ့ဖုန်းသည် ကုလားထိုင်ရှည်ပေါ်တွင် ထိုင်နေ၏။
ဟိုယွင်ကျဲ ထွက်ခွာသွားရာ လမ်းကြောင်းကို ကြည့်ရင်း သူ ခေါင်းခါလိုက်မိသည်။
“ယွင်ကျဲ... တောင့်ထားနော်”
ပြောပြီးသည်နှင့် ယဲ့ဖုန်းသည် စိတ်ငြိမ်စေရန် ‘ပျော်ရွှင်ခြင်း ရေ’ (ဟက်ပီး ဝေါတား - ကိုလာ) ကို တစ်ငုံ သောက်လိုက်၏။
အခြားသော မြူခိုးဂိုဏ်း တပည့်များသည်လည်း ကြိုးစား ကျင့်ကြံနေကြ၏။
ယဲ့ဖုန်းက တပည့် အဆင့်သတ်မှတ်ချက် အသစ်တွေကို ကြေညာပြီးကတည်းက တပည့်အားလုံးဟာ မနားမနေ ကျင့်ကြံလာကြသည်။
တချို့လူတွေဆိုရင် နေ့တိုင်း ကျင့်ကြံရေး မျှော်စင် ကို သွားပြီး ကံစမ်းနေကြ၏။
သို့သော် အများစုကတော့ (၂) ထပ်မြောက် ‘ဆွဲငင်အားနယ်မြေ’ မှာပဲ သောင်တင်နေကြပြီး၊ နောက်ပိုင်း အဆင့်တွေဖြစ်တဲ့ ‘ဉာဏ်အလင်းပွင့်နယ်မြေ’ ၊ ‘တိုက်ခိုက်ရေးနယ်မြေ’ ၊ ‘စိတ်ကူးယဉ် နယ်မြေ’ နှင့် အခွင့်အလမ်းနယ်မြေ’ တွေကို မရောက်နိုင်ကြသေးပေ။
ယန်ယွင် မြို့ (၁၃) မြို့မှ ပြည်သူများ ရေပေါ်ဖြူမြို့တော် သို့ ရောက်ရှိလာပြီးနောက်၊ ကူးလူးဆက်ဆံမှုများ များပြားလာပြီး ကုန်သည်အသင်းအဖွဲ့များ ပူးပေါင်းကာ စီးပွားရေး အင်အားစု အသစ်များ ပေါ်ပေါက်လာသည်။
လူဦးရေ များလာသည်နှင့်အမျှ ရေပေါ်ဖြူမြို့တော်သည် စည်ကားသိုက်မြိုက်လာ၏။
မြို့စားမင်း ကုန်းချင်းချိုး သည် ရေပေါ်ဖြူမြို့တော်သို့ မကြာခဏ သွားရောက်ပြီး လီဇီလုံ၊ ချူယွင်အာ တို့နှင့်အတူ ပြဿနာများကို ဖြေရှင်းပေးလေ့ရှိသည်။
ဒုတိယ မြို့စားမင်း၊ နီရှန် နန်းတော် သခင်မ နှင့် အခြားသော ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ပညာရှင်များ၏ ကူညီမှုဖြင့် ရေပေါ်ဖြူမြို့တော်၏ ဖွံ့ဖြိုးတိုးတက်မှုသည် ဓားပျံစီးထားသကဲ့သို့ လျင်မြန်စွာ တိုးတက်နေ၏။
*
ရွှေယန်မြို့တော် အပျက်အစီးများဝယ်၊
ရှီလေ့ သည် ရက်အနည်းငယ် ကြိုးစားပြီးနောက် ဝိညာဉ်ဆေးပညာ ဌာနခွဲ ခန်းမဆောင် အသစ်ကို တည်ဆောက်ပြီးစီးသွားခဲ့သည်။ အချိန် အကန့်အသတ် ရှိသောကြောင့် သစ်သား အဆောက်အအုံကို အလှဆင်ခြင်း မပြုလုပ်ဘဲ ရိုးရှင်းစွာ ထားရှိလိုက်၏။
“အုတ်ခဲ ဆက်သယ်ရမယ်”
ရှီလေ့ ခဏ နားပြီးနောက် အလုပ်ဆက်လုပ်ပါတော့သည်။
...
လေနတ်ဘုရားမြို့တော် အပြင်ဘက် မိုင် (၅၀၀) အကွာမှာကား၊
ဟိုယွင်ကျဲ၊ လုံထျန်းရှင်း နှင့် ချောင်ကျားရှီးတို့ ထိုနေရာသို့ ရောက်ရှိလာကြ၏။
ထိုနေရာတွင် လူသူကင်းမဲ့သော ချိုင့်ဝှမ်းတစ်ခု ရှိသည်။
ချိုင့်ဝှမ်း အတွင်း၌ ရှေးဟောင်း ကျောက်မျှော်စင် တစ်ခု ရှိပြီး၊ ထိုနေရာတွင် နတ်ဆိုးသားရဲ အချို့ နေထိုင်ကျက်စားလျက် ကောင်းကင်သို့ ဟိန်းဟောက်နေကြ၏။
‘ရွှစ်...’
ငွေရောင် အကြေးခွံများ ဖုံးလွှမ်းထားသော လူတစ်ယောက် ကောင်းကင်မှ ဆင်းသက်လာသည်။ ငွေရောင် အလင်းတန်းများ ယှက်သန်းသွားပြီး နတ်ဆိုးသားရဲများ၏ ခေါင်းများ ပြတ်ထွက်သွားသည်။
‘ဘုန်း...’
နတ်ဆိုးသားရဲ၏ ခေါင်းသည် မြေကြီးပေါ်တွင် လိမ့်သွား၏။
လုံထျန်းရှင်း သည် ‘နတ်ဆိုးအမြုတေ’ နှင့် နတ်ဆိုးသွေးများကို ယူဆောင်လိုက်ပြီး၊ သားရဲ အလောင်းများကို (၁၀) မိုင်အကွာရှိ မြို့ငယ်လေး တစ်ခုဆီသို့ ဆွဲယူသွားကာ ပစ်ချပေးလိုက်၏။
“ဒါ ဒုက္ခပေးနေတဲ့ နတ်ဆိုးကောင်တွေပဲ”
“နောက်ဆုံးတော့ သေသွားကြပြီ”
“ကျေးဇူးတင်ပါတယ် အင်မော်တယ် ဆရာသခင်”
မြို့သူမြို့သားများသည် ဒူးထောက်ကာ ကျေးဇူးတင်စကား ဆိုကြသည်။ အချို့က ကြက်မကြီးများ၊ ကြက်ဥများ ကိုင်ဆောင်လျက် နဂါး စစ်ဘုရင် တစ်ပါးအလား ဖြစ်နေသော လုံထျန်းရှင်း ကို လက်ဆောင်ပေးရန် ပြင်နေကြ၏။
“အားလုံးပဲ... ကျေးဇူးတင်စရာ မလိုပါဘူးခင်ဗျ”
လုံထျန်းရှင်းက လက်ဝှေ့ယမ်းပြလိုက်ပြီး ခုန်တက်ကာ ပျောက်ကွယ်သွားတော့သည်။
နတ်ဆိုးသားရဲများကို သတ်ဖြတ်ပြီး နတ်ဆိုးသွေးအိုးကြီး တစ်လုံးနှင့် နတ်ဆိုးအမြုတေများ ပြန်ယူလာခြင်းသည် သူ၏ ဂိုဏ်း တာဝန် ဖြစ်သည်။
“နောက်ထပ် တာဝန် တစ်ခု ပြီးရင် ငါ ‘အတွင်းစည်း တပည့်’ ဖြစ်ပြီ”
လုံထျန်းရှင်း သည် ဟိုယွင်ကျဲ နှင့် ချောင်ကျားရှီး တို့ ရှိရာသို့ ပြန်ရောက်လာပြီး ပြုံးလျက် ပြောလိုက်၏။
အတွင်းစည်း တပည့် ဖြစ်ဖို့ လိုအပ်ချက် (၃) ချက် ရှိလေသည်။
ပထမအချက် - ချီစုစည်းခြင်း သတ္တမအဆင့် ရှိရမည်။
ဒုတိယအချက် - ဂိုဏ်း တာဝန် (၃) ခု ပြီးမြောက်ရမည်။
တတိယအချက် - ကျင့်ကြံရေး မျှော်စင်ရဲ့ (၁၀) ဆသော ဆွဲငင်အားအောက်မှာ (၂) မော့သောက်ချိန် ကြာအောင် တောင့်ခံနိုင်ရမည်။
ယန်ယွင် မြို့ (၁၃) မြို့ ရွှေ့ပြောင်းရေး လုပ်ငန်းစဉ်တုန်းက မြူခိုးဂိုဏ်း တပည့် ဒါဇင်ပေါင်းများစွာ တာဝန် ယူခဲ့ကြပြီး အားလုံး အောင်မြင်ခဲ့ကြ၏။
ဒီအခွင့်အရေးကို အသုံးချပြီး ဒုတိယမျိုးဆက် တပည့် အချို့သည် ‘စာရင်းသွင်းထားသော တပည့်’ ဘဝမှ ‘အပြင်စည်း တပည့်’ အဖြစ်သို့ တက်လှမ်းနိုင်ခဲ့ကြသည်။
“ဟဲ ဟဲ... ကျွန်တော်လည်း တာဝန် ပြီးသွားပြီ။ နောက်တစ်ဆင့် အနေနဲ့ လေနတ်ဘုရားမြို့တော်ကို သွားပြီး တင်းပိုင်ရွှယ် ကို ရှာကြမယ်”
ချောင်ကျားရှီး ပြောလိုက်၏။
သူ့တာဝန်က ရိုးရှင်းပါသည်။ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ပါ။
အနီးနားက မြို့ငယ်လေး တစ်ခု ရေလွှမ်းမိုးခံရ၍ ချောင်ကျားရှီးက သူ၏ သန်မာသည့် ရုပ်ခန္ဓာ အင်အားကို သုံးပြီး စပါးတွေ အများကြီး ကယ်တင်ပေးခဲ့သလို၊ ဒဏ်ရာရ ပြည်သူတွေကိုလည်း ရွှေ့ပြောင်းပေးခဲ့သည်။
“မင်းက မြန်လိုက်တာ။ ကျင့်ကြံတာလည်း ကြိုးစားသလို၊ တာဝန် လုပ်တဲ့ နေရာမှာလည်း တက်ကြွလွန်းလို့ ကြောက်စရာတောင် ကောင်းနေပြီ”
လုံထျန်းရှင်း အံ့သြသွား၏။
“ဟာ... မြှောက်လွန်းပါပြီ စီနီယာအစ်ကိုကြီးရာ”
ချောင်ကျားရှီး ခေါင်းကုတ်လိုက်သည်။
‘ခန္ဓာကိုယ် ကျင့်ကြံခြင်း’ လမ်းစဉ်ကို လိုက်ခဲ့ကတည်းက သူ အလွန် ကြိုးစားခဲ့သည်။ မြူခိုးဂိုဏ်း တစ်ခုလုံးတွင် အကြိုးစားဆုံးနှင့် ဇွဲအကောင်းဆုံး လူအဖြစ် သတ်မှတ်ခံထားရ၏။
ယနေ့တွင် သူသည် ‘ခန္ဓာကိုယ် သန့်စင်ခြင်း နဝမအဆင့်’ သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သို့သော် ထပ်ဆင့်တက်ပြီး ‘စစ်သူကြီး အဆင့်’ ခန္ဓာကိုယ် ကျင့်ကြံသူ ဖြစ်လာဖို့ ဆိုရင် သူ၏ သွေးကြောကို ပြောင်းလဲပစ်ဖို့ လိုအပ်သည်။
အဲဒါက နေ့တိုင်း ကြိုးစား ကျင့်ကြံရုံနှင့် မရဘဲ၊ သက်ဆိုင်ရာ စွမ်းအားတွေ ပါဝင်သော ‘ဝိညာဉ်အသီး’ တွေကို စားသုံးဖို့ လိုအပ်သည်။
“သွားကြစို့... လေနတ်ဘုရားမြို့တော်ကို”
ဟိုယွင်ကျဲ ဦးဆောင်ပြီး ထွက်ခွာသွား၏။
သူတို့ (၃) ဦး၏ အရှိန်ဖြင့် တစ်နာရီ မပြည့်ခင်မှာပင် လေနတ်ဘုရားမြို့တော်၏ မြောက်ဘက် မြို့နယ်သို့ ရောက်ရှိလာကြပြီး လမ်းလျှောက် ကြည့်ရှုကြသည်။
“ဒုတိယ စီနီယာအစ်ကိုကြီး... မိတ်ဆွေတင်း ကို ဘယ်လို ဆက်သွယ်မလဲ”
ဟု ချောင်ကျားရှီးက မေးလိုက်၏။
“ငါ့မှာ ‘သတင်းပို့ စက္ကူကြိုးကြာ’ ရှိတယ်”
ဟိုယွင်ကျဲ သည် အဖြူရောင် စက္ကူကြိုးကြာ တစ်ကောင်ကို ထုတ်ယူလိုက်ပြီး ‘စစ်မှန်သော အစစ်အမှန်ယွမ်’ မှုတ်သွင်းကာ တင်းပိုင်ရွှယ် ကို အကြောင်းကြားရန် ပြင်လိုက်၏။
“ဟေ့... ဟိုမှာ တင်းပိုင်ရွှယ် မဟုတ်ဘူးလား”
မျက်စိလျင်သော လုံထျန်းရှင်း က လမ်းတစ်ဖက်ကို လက်ညှိုးထိုးပြလိုက်၏။
ချောင်ကျားရှီး နှင့် ဟိုယွင်ကျဲ တို့ လှမ်းကြည့်လိုက်ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး လက်ချင်းချိတ်လျက် လမ်းလျှောက်လာသည်ကို တွေ့လိုက်ရသည်။ သူတို့သည် ပျော်ရွှင်ကြည်နူးနေပုံ ရပြီး၊ ချစ်သူ ရည်းစားများကဲ့သို့ ဖြစ်နေကြ၏။
ဟိုယွင်ကျဲ ရင်ထဲတွင် နှလုံးခုန်သံ တစ်ချက် လွတ်သွားသည်။
သူ တင်းပိုင်ရွှယ် အပေါ်မှာ အချစ်စိတ် မရှိ၊ သူငယ်ချင်းကောင်း တစ်ယောက် အနေနှင့်သာ သဘောထားတယ် ဆိုတာ သူ သေသေချာချာ မှတ်မိနေပါသည်။
သို့ရာတွင်၊ ... မည်သို့မှန်း မသိ။ သူမ တခြား ယောက်ျား တစ်ယောက်နှင့် လက်ချင်းချိတ်ပြီး လမ်းလျှောက်လာတာ မြင်လိုက်ရတော့ ရင်ထဲမှာ စူးအောင့်ပြီး နာကျင်သွားသလို ခံစားလိုက်ရသည်။
အပ်နှင့် ထိုးလိုက်သလိုပင်။
“ဒါ... နှလုံးသား နာကျင်ရမှုနဲ့ ဆုံးရှုံးရမှု ဆိုတာ ဒီလိုမျိုးကိုး”
ဟိုယွင်ကျဲ တိုးတိုးလေး ရေရွတ်လိုက်မိသည်။ ပါးစပ်အဟောင်းသား ဖြစ်သွားပြီး မျက်ခွံများ လှုပ်ခတ်နေ၏။
“ဟဲ... ငါ တကယ်တော့ တင်းပိုင်ရွှယ် ကို ဂရုစိုက်မိနေတာပဲ။ သူ့အပေါ်မှာ အဲဒီလို စိတ်မျိုး ရှိနေခဲ့တာပဲ။ ဒီနေ့မှ ကိုယ့်ကိုယ်ကိုယ် သတိထားမိတော့တယ်”
ချောင်ကျားရှီး နှင့် လုံထျန်းရှင်း တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။ ပြဿနာ တက်ပြီ ဆိုတာ ရိပ်မိလိုက်ကြ၏။
ဟိုယွင်ကျဲ ဆိုတာ သူတို့ရဲ့ ဒုတိယ စီနီယာအစ်ကိုကြီးလေ။
ဒီလို အချိန်မျိုးမှာ... သူတို့က ဟိုယွင်ကျဲ ဘက်ကပဲ အပြည့်အဝ ရပ်တည်ရမှာပေါ့။
ထိုသို့ တွေးတောကာ သူတို့သည် တင်းပိုင်ရွှယ် နှင့် အခြား အဖြူရောင် ဝတ်စုံနှင့် ရုပ်ရည် ချောမောသော ဓားသမားကို မကြည်မလင် စိုက်ကြည့်လိုက်ကြ၏။
အခန်း (၃၇၇) - ငါ..မင်းအပေါ် ခံစားချက် ရှိခဲ့ဖူးတယ်၊ ရက်စက်သော ဓားစိတ်ဆန္ဒ
~မကြာမီ အမျိုးသားနှင့် အမျိုးသမီး ထွက်ခွာသွားကြ၏။
သူတို့သည် လမ်းထောင့်တွင် ရပ်နေသော ဟိုယွင်ကျဲကို သတိမထားမိသလို၊ သူ့ဝတ်ရုံလက်အောက်တွင် တင်းတင်းကျပ်ကျပ် ဆုပ်ထားသော လက်သီးကိုလည်း မမြင်တွေ့လိုက်ကြပေ။
“စီနီယာအစ်ကိုကြီး... အဆင်ပြေရဲ့လား”
ချောင်ကျားရှီးသည် ဟိုယွင်ကျဲ၏ ပခုံးပေါ်သို့ လက်တင်လိုက်ပြီး တိုးတိုးလေး မေးလိုက်၏။ သူ့မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှုများ အထင်းသား ပေါ်လွင်နေ၏။
“ငါ အဆင်ပြေပါတယ်”
ဟိုယွင်ကျဲ ခေါင်းခါလိုက်၏။
သူသည် အဝေးမှ လက်ဖက်ရည်ဆိုင် တစ်ဆိုင်ကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်၏။
“ငါ မင်းတို့ကို လက်ဖက်ရည် တိုက်မယ်”
ပြောပြီးသည်နှင့် သူ ရှေ့မှ ဦးဆောင် ထွက်ခွာသွားသည်။ ယဲ့ဖုန်း ပေးထားသော အစိမ်းရောင် ဦးချိုပုံစံ ဦးထုပ်ကို ဆောင်းထားဆဲ ဖြစ်ပြီး ခြေလှမ်းများ ယိုင်နဲ့နဲ့ ဖြစ်နေ၏။
ချောင်ကျားရှီးနှင့် လုံထျန်းရှင်းတို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြ၏။ ဘာပြောရမှန်း မသိတော့ပေ။
အစိမ်းရောင် ဦးထုပ် ဆောင်းထားသော ဟိုယွင်ကျဲ၏ ကျောပြင်သည် စစ်ရှုံးထားသော ကြက်ဖကြီး တစ်ကောင်အလား အထီးကျန် ဆွေးမြေ့ဖွယ် ကောင်းနေသည်ဟု သူတို့ ခံစားလိုက်ရသည်။
“ဟူး... ဒီကိစ္စက တော်တော် ခက်ခဲတာပဲ”
သူတို့နှစ်ဦးစလုံး ခေါင်းခါလိုက်ကြပြီး အလျင်အမြန် လိုက်ပါသွားကြ၏။
*
လက်ဖက်ရည်ဆိုင် အတွင်း၌...
သူတို့ (၃) ဦးသည် မျက်နှာချင်းဆိုင် ထိုင်ပြီး လက်ဖက်ရည် သောက်နေကြ၏။
ဟိုယွင်ကျဲ၏ မျက်နှာသည် ဝမ်းနည်းပက်လက်နှင့် မှုန်မှိုင်းနေ၏။
လက်ဖက်ရည်ခွက်ကို ကိုင်လိုက်စဉ် မတော်တဆ ဖျစ်ညှစ်မိပြီး ခွက်ကွဲသွားကာ လက်ဖက်ရည်များ ဖိတ်စင်သွားသည်။ ကံကောင်းထောက်မစွာ လုံထျန်းရှင်းက သူ့အသက်ရှူသံကို အသုံးပြုပြီး လက်ဖက်ရည်များကို အနီးနားရှိ ရေပုံးထဲသို့ ဝင်ရောက်သွားအောင် ထိန်းချုပ်လိုက်နိုင်သည်။
“စီနီယာအစ်ကိုကြီး... တကယ် အဆင်ပြေရဲ့လား”
ချောင်ကျားရှီးနှင့် လုံထျန်းရှင်းတို့ အလွန် စိုးရိမ်နေကြ၏။
“ငါ အဆင်ပြေပါတယ်။ ငါ ထူးဆန်းနေတာ တစ်ခုက... ငါ တင်းပိုင်ရွှယ်ကို ဘယ်အချိန်က စပြီး သဘောကျသွားတာလဲ ဆိုတာပဲ။ ငါ့ဘာသာငါတောင် သတိမထားမိလိုက်ဘူး။ ဒီနေ့သာ မဟုတ်ရင်... ငါ သူ့ကို သဘောကျဖူးတယ် ဆိုတာတောင် သိလိုက်ရမှာ မဟုတ်ဘူး”
ဟိုယွင်ကျဲသည် လက်နှစ်ဖက်ကို အေးစက်သော သစ်သား စားပွဲခုံပေါ်တွင် တင်လိုက်ပြီး သက်ပြင်းတိုးတိုး ချလိုက်၏။
ချောင်ကျားရှီးနှင့် လုံထျန်းရှင်းတို့ တိတ်ဆိတ်နေကြသည်။
သူတို့သည် ဟိုယွင်ကျဲ၏ ရင်ဖွင့်သံများကို နားထောင်သူ အဖြစ်သာ နေနေလိုက်ကြ၏။
“ငါ တင်းပိုင်ရွှယ်နဲ့ ‘ပိုင်ရှားမြို့တော်’ မှာ စတွေ့ခဲ့တာ။ အဲဒီတုန်းက သူက ပခုံးကျော်ကျော် ဆံပင်တိုလေးနဲ့ လမ်းမပေါ်မှာ ရပ်နေပြီး ငါ့ကို ‘နတ်ဆိုးချုပ်လှောင် မျှော်စင်’ ကို သွားပြီး နတ်ဆိုးသားရဲ ဖမ်းမလား လို့ မေးခဲ့တယ်။ ငါလည်း သဘောတူလိုက်တယ်”
“အဲဒီညမှာ ငါတို့ (၅) ယောက် ပေါင်းတိုက်တာတောင် အဲဒီ သားရဲကောင်ကို မနိုင်ခဲ့ဘူး။ သေရေးရှင်ရေး အခြေအနေမှာ သူနဲ့ ငါ အပြန်အလှန် အသက်ကယ်ခဲ့ကြတယ်။ အဲဒီကတည်းက သံယောဇဉ် တွယ်ခဲ့ကြတာ”
“နောက်ပိုင်း ငါ ဒဏ်ရာရပြီး အိပ်ရာထဲ လဲနေတုန်း... ဂိုဏ်းချုပ်၊ ဂျူနီယာညီမလေး မိုယင်နဲ့ ရူယွီတို့ လာမတွေ့ခင်အထိ သူ ငါ့ကို ကောင်းကောင်း ပြုစုပေးခဲ့တယ်”
“ပြီးတော့... ငါ ‘ရေစီးသန်သော မြစ်’ ကမ်းပါးမှာ ဓားဆွဲထုတ်ခြင်း နည်းစနစ်ကို လေ့ကျင့်တုန်းကလည်း သူက ငါ့ဘေးမှာ အမြဲ ရှိနေပြီး တိတ်တဆိတ် အားပေးခဲ့တယ်”
“အဲဒီတုန်းကတော့ ငါ ဘာမှ သိပ်မတွေးခဲ့ဘူး။ သူငယ်ချင်းကောင်း တစ်ယောက်လို့ပဲ သဘောထားခဲ့တာ”
ဟိုယွင်ကျဲ သူ့ရင်ထဲက စကားလုံးတွေကို ဆက်လက် ဖွင့်ဟနေ၏။
ချောင်ကျားရှီးနှင့် လုံထျန်းရှင်းတို့သည် လက်ဖက်ရည် တစ်ငုံစီ သောက်ရင်း ဂရုတစိုက် နားထောင်နေကြသည်။ မျက်မှောင်အနည်းငယ် ကြုတ်ထားကြ၏။
ဟိုယွင်ကျဲ ပြောတာကို
နားထောင်ကြည့်ရသလောက်... သူ တင်းပိုင်ရွှယ်ကို သဘောကျဖူးတယ် ဆိုတာ တကယ် မသိသာခဲ့ပေ။
*
တိမ်တိုက်ဖြူများ အထက်၌...၊
ယဲ့ဖုန်းသည် ဟင်းလင်းပြင်ထဲ၌ တင်ပျဉ်ခွေ ထိုင်နေ၏။ ထပ်မံ အဆင့်မြှင့်တင်ထားသော ‘ကောင်းကင်မေးမြန်း ကြေးမုံပြင်’ ကို ကိုင်ဆောင်ထားပြီး လက်ဖက်ရည်ဆိုင်ထဲမှ တပည့် (၃) ဦးကို စောင့်ကြည့်နေ၏။
“အရူးလေး...”
“အဲဒါကို သဘောကျတယ်လို့ မခေါ်ဘူးကွ”
ယဲ့ဖုန်း နှုတ်ခမ်း တွန့်ကွေးပြီး ရေရွတ်လိုက်သည်။
ဟိုယွင်ကျဲက တင်းပိုင်ရွှယ်အပေါ် ထားရှိသော ခံစားချက်က အချစ်စစ် မဟုတ်ပါ။ အမှီသဟဲ ပြုလိုစိတ်နှင့် အကျင့်ပါနေတာ သက်သက်ပါပင်။
အရင်တုန်းက တင်းပိုင်ရွှယ်က ဟိုယွင်ကျဲ ဘေးနားမှာ အမြဲ ရှိနေတော့... သူက ထို အဖော်ပြုမှုကို ယဉ်ပါးနေခဲ့ခြင်းပါ။
ယခု တင်းပိုင်ရွှယ်က တခြား တစ်ယောက်နှင့် တွဲသွားတာ မြင်လိုက်ရတော့... ဟိုယွင်ကျဲ ခံစားချက်ထဲမှာ ဆုံးရှုံးသွားသလို ခံစားလိုက်ရခြင်း ဖြစ်ပါသည်။
“ထားလိုက်ပါတော့... ငါ ဝင်ပြီး သတိမပေးချင်တော့ပါဘူး။ ဒီလို ကိစ္စမျိုးက တပည့်တွေ ကိုယ်တိုင် သဘောပေါက် နားလည်မှ ရမှာ။ ဒါမှ သူတို့ရဲ့ စိတ်ဝိညာဉ် အဆင့်တက်မှာ”
“သူတို့အတွက်တော့... ဒါက နှလုံးသားကို စစ်မှန်စွာ သန့်စင်ခြင်း ခရီးစဉ်ပဲ”
ယဲ့ဖုန်း တိုးတိုးလေး ရေရွတ်လိုက်၏။
သူက ကိုယ်ထင်မပြဘဲ နောက်ကွယ်မှ တိတ်တဆိတ် စောင့်ကြည့်နေပြီး အရာအားလုံးကို စီမံခန့်ခွဲနေ၏။
လက်ဖက်ရည်ဆိုင် အတွင်း၌...
“ဆုံးရှုံးရတယ် ဆိုတာ ဒီလို ခံစားချက်မျိုး ဖြစ်မယ်”
ဟိုယွင်ကျဲ အသက်ပြင်းပြင်း ရှူလိုက်၏။ အသစ်လဲပေးထားသော လက်ဖက်ရည်ခွက်ကို ကြမ်းပြင်ပေါ်သို့ ပစ်ခွဲလိုက်ပြီး (၃) ထပ်မြောက် ပြတင်းပေါက်မှ တိုက်ရိုက် ခုန်ချသွားသည်။ လမ်းဘေးမှ အရက်အိုး တစ်အိုးကို ဝယ်လိုက်ပြီး ယိုင်နဲ့နဲ့ လမ်းလျှောက်ရင်း မော့သောက်နေတော့သည်။
ချောင်ကျားရှီးနှင့် လုံထျန်းရှင်းတို့သည် လက်ဖက်ရည်ဖိုး ရှင်းပေးလိုက်ပြီး အလျင်အမြန် နောက်မှ လိုက်သွားကြ၏။
“ဒုတိယ စီနီယာအစ်ကိုကြီး... တစ်ခုခု ကြံစည်နေတာများလား”
လုံထျန်းရှင်း တိုးတိုးလေး မေးလိုက်၏။
“ငါလည်း မသိဘူးလေ”
ချောင်ကျားရှီး လက်ကာပြလိုက်သည်။
“ငါလည်း ဘယ်သူ့ကိုမှ မကြိုက်ဖူးဘူး။ ဒီလို အတွေ့အကြုံလည်း မရှိဘူး။ ငါ ဘယ်လိုလုပ် နားလည်မှာလဲ”
“တိုက်ဆိုင်လိုက်တာ... ငါလည်း နားမလည်ဘူး”
ဟု လုံထျန်းရှင်းလည်း ပြန်ပြောလိုက်၏။
ထိုအချိန်တွင် မြင့်မြတ်သော လေ ဓားဂိုဏ်း၏ အတွင်းစည်း တပည့် ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသား အမျိုးသမီး (၅) ဦးသည် အနီးနား လမ်းကြားမှ လျှောက်လာကြ၏။
ထိုအထဲတွင် တင်းပိုင်ရွှယ်နှင့် သူမ၏ ချစ်သူလည်း ပါဝင်သည်။
ထိုအခိုက်အတန့်တွင် ဟိုယွင်ကျဲနှင့် တင်းပိုင်ရွှယ်တို့ အကြည့်ချင်း ဆုံသွားကြ၏။ နှစ်ယောက်စလုံး၏ ခန္ဓာကိုယ်များ မထိန်းနိုင်ဘဲ တုန်ရီသွားကြ၏။
ဟိုယွင်ကျဲက ခါးသီးစွာ ပြုံးလိုက်သည်။
တင်းပိုင်ရွှယ်၏ မျက်ဝန်းထဲတွင် ပျော်ရွှင်မှု အရိပ်အယောင် တစ်ခု ဖြတ်ပြေးသွားသော်လည်း၊ ချက်ချင်းပင် နှုတ်ခမ်းကို ကိုက်လိုက်ပြီး ခေါင်းငုံ့ထားလိုက်၏။
“ရွှယ်အာ... ဘာဖြစ်လို့လဲ”
ဘေးနားရှိ အဖြူရောင် ဝတ်စုံနှင့် ချောမောသော ဓားသမားက မေးလိုက်သည်။ သူ၏ အမူအရာသည် ယဉ်ကျေးသိမ်မွေ့ပြီး ပညာတတ် ပုံစံ ပေါက်သည်။ ထို့နောက် သူသည် ဟိုယွင်ကျဲ ဘက်သို့ လှည့်လိုက်၏။
“သြော်... ဒါ မြူခိုးဂိုဏ်းက အစ်ကိုဟိုပဲ။ ရွှယ်အာက ခင်ဗျားအကြောင်း ခဏခဏ ပြောပြပါတယ်”
“ဟို... အစ်ကိုဟို... နေကောင်းလားဟင်”
တင်းပိုင်ရွှယ်သည် ဟိုယွင်ကျဲကို မျက်လုံးချင်း မဆုံရဲပေ။
“အစ်ကိုဟို... ကျွန်တော်က ‘ကျန်းကျင်းထျန်း’ ပါ။ ရွှယ်အာရဲ့ ဂိုဏ်းတူ မောင်နှမ ဖြစ်သလို... သူ့ရဲ့ အနာဂတ် ‘ကျင့်ကြံဖော်’ လည်း ဖြစ်ပါတယ်”
ကျန်းကျင်းထျန်းသည် နွေးထွေးစွာ ပြုံးပြလိုက်၏။ နွေဦးလေညှင်း ခံနေရသကဲ့သို့ ကြည်လင်လန်းဆန်းပြီး ဖြောင့်မတ်မည့်ပုံ ပေါက်သည်။
ထိုမြင်ကွင်းကို ကြည့်ရင်း ဟိုယွင်ကျဲ ခါးသီးစွာ ပြုံးလိုက်၏။
“ကံကောင်းပါစေဗျာ”
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်၊ သူသည် အရက်ကို မော့သောက်လိုက်ပြီး ယိုင်နဲ့နဲ့ ထွက်ခွာသွားသည်။ တင်းပိုင်ရွှယ်အတွက် အထီးကျန် ဆွေးမြေ့ဖွယ် ကျောပြင် တစ်ခုကိုသာ ချန်ထားရစ်ခဲ့သည်။
“ဟူး...”
တင်းပိုင်ရွှယ် တိုးတိုးလေး သက်ပြင်းချလိုက်၏။
ဟိုယွင်ကျဲ ပျောက်ကွယ်သွားရာ လမ်းကြောင်းကို ကြည့်ရင်း သူမ၏ ရင်ထဲတွင် ခံစားချက်များ ရောထွေးနေ၏။
‘အစ်ကိုဟို... ရှင် သိလား။ ကျွန်မ ရှင့်အပေါ် ခံစားချက် ရှိခဲ့ဖူးတယ်။ ဒါပေမဲ့ ရှင့်နှလုံးသားထဲမှာ ဓားသိုင်း ဆိုတာပဲ ရှိတယ်။ ဓားလေ့ကျင့်ဖို့ပဲ စိတ်ဝင်စားတယ်။ ရှင့်နှလုံးသားထဲမှာ ကျွန်မက ရှင့်ဓားလောက် ဘယ်တော့မှ အရေးမပါနိုင်ဘူး ဆိုတာ ကျွန်မ သိနေခဲ့တယ်…’
တင်းပိုင်ရွှယ် ရင်ထဲတွင် အားငယ်မိသည်။
သူမသည် ဟိုယွင်ကျဲနှင့်အတူ အသက်စွန့် တိုက်ပွဲဝင်ခဲ့ဖူးပြီး၊ သူ့ကို သဘောကျနေခဲ့တာ ကြာပြီ ဖြစ်ပါသည်။
ကံဆိုးစွာနှင့်ပင်... ဒါက တစ်ဖက်သတ် အချစ် ဖြစ်နေခဲ့သည်။ သူမက ချစ်ပေမယ့်၊ သူကတော့ ဂရုမစိုက်ခဲ့ပါချေ။
ဟိုယွင်ကျဲ... ရှင်က ဓားသိုင်းကိုပဲ နားလည်ပြီး မိန်းမသား တစ်ယောက်ရဲ့ နှလုံးသားကို နားမလည်ပါလား။
တင်းပိုင်ရွှယ်သည် လက်ချောင်းများကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်၏။ လက်သည်းများ ဖြူလျော့ပြီး အပြာရောင် သန်းလာသည်အထိ ဖျစ်ညှစ်ထားသော်လည်း၊ နာကျင်မှုကို လုံးဝ ဂရုမစိုက်နိုင်တော့ပေ။ ရင်ထဲတွင် တိတ်တဆိတ် အော်ဟစ်ငိုကြွေးနေမိသည်။
“ရွှယ်အာ... တို့တွေ လုပ်စရာ တာဝန်တွေ ရှိသေးတယ်။ ဒီမှာ ကြာကြာနေလို့ မရဘူး”
ဘေးနားတွင် ရပ်နေသော ကျန်းကျင်းထျန်းသည် ဟိုယွင်ကျဲ ထွက်ခွာသွားရာ လမ်းကြောင်းကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်တွင် မောက်မာသော အပြုံး တစ်ခု ပေါ်လာသည်။ တင်းပိုင်ရွှယ် ဘက်သို့ ပြန်လှည့်လိုက်သောအခါ သူ့မျက်နှာထားသည် စိုးရိမ်ပူပန်သော ပုံစံသို့ ချက်ချင်း ပြောင်းလဲသွား၏။
အနီးနားတွင် ရှိနေသော ချောင်ကျားရှီးနှင့် လုံထျန်းရှင်းတို့သည် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသည်။
သူတို့နှစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ပြီး ကျန်းကျင်းထျန်းကို ချက်ချင်း တံဆိပ်ကပ်လိုက်ကြ၏။
‘ဟန်ဆောင်ကောင်းတဲ့ ကောင်’
‘ဒီလူက အပေါ်ယံ ကြည့်ရင်တော့ သိမ်မွေ့ပြီး ယဉ်ကျေးမည့်ပုံ ပေါက်ပေမယ့်... သေချာတယ်၊ သူက လူကောင်း မဟုတ်ဘူး။’
သူတို့ နှစ်ယောက်လုံး ထပ်တူ တွေးလိုက်ကြ၏။
ထို့နောက် ခုန်တက်လိုက်ပြီး ဟိုယွင်ကျဲ နောက်သို့ လိုက်ပါသွားကြသည်။
...
လေနတ်ဘုရားမြို့တော် အပြင်ဘက်ဝယ်၊
ဟိုယွင်ကျဲသည် လေချဉ်တက်လိုက်ပြီး မြက်ခင်းပြင်ပေါ်တွင် လဲလျောင်းနေ၏။ မျက်နှာ ရဲရဲနီနေပြီး ကောင်းကင်ကို မျက်တောင်မခတ်ဘဲ ငေးကြည့်နေသည်။
“စီနီယာအစ်ကိုကြီး... မိန်းမတစ်ယောက်အတွက်နဲ့ ဒီလောက် ဖြစ်နေစရာ မလိုပါဘူးဗျာ”
“ဟုတ်တယ်”
ချောင်ကျားရှီးနှင့် လုံထျန်းရှင်းတို့ စတင် နှစ်သိမ့်ကြ၏။
“ဒါနဲ့ စကားမစပ်... စီနီယာအစ်ကိုကြီး။ ယွမ်ဟွာဂိုဏ်းက မယ်မင်းကြီးမ ‘လင်းယွီယန်’ ရှိသေးတယ်လေ”
လုံထျန်းရှင်း ရုတ်တရက် လူတစ်ယောက်ကို သတိရသွားသည်။
သူမက ယွမ်ဟွာဂိုဏ်းရဲ့ အတွင်းစည်း တပည့် ဖြစ်သလို၊ မီးရှူးတိုင်မြို့တော် လင်းမိသားစု၏ သခင်မလေး လင်းယွီယန်လည်း ဖြစ်သည်။ ဟိုယွင်ကျဲနှင့် သိကျွမ်းတာ ကြာပြီ ဖြစ်ပါ၏။
တစ်ချိန်တုန်းက ဟိုယွင်ကျဲနှင့် လင်းယွီယန်တို့ စေ့စပ်မလို ဖြစ်ခဲ့ဖူးသေးသည်။
မအောင်မြင်ခဲ့ပေမယ့်... လူတိုင်းကတော့ သူတို့နှစ်ဦးကြားမှာ မျှော်လင့်ချက် ရှိနေသေးသည်ဟု ထင်မြင်နေကြ၏။
“မိန်းမတွေ... ဟွန်း... မိန်းမတွေ”
ဟိုယွင်ကျဲသည် အရက်အိုးကို အနီးနားရှိ ကျောက်တုံးနှင့် ရိုက်ခွဲလိုက်၏။ ‘အေးစက် အလင်းဓား’ ကို ဆွဲထုတ်လိုက်ပြီး မြက်ခင်းပြင်ပေါ်တွင် မူးရူး ကခုန်သကဲ့သို့ ဓားသိုင်း ကစားလေတော့သည်။
သူ့ဓားကွက်များသည် ဟာကွက်များ ပြည့်နှက်နေပြီး ယိုင်နဲ့နဲ့ ဖြစ်နေသော်လည်း... ထိုးချက်၊ ခုတ်ချက်၊ ပင့်ချက် တစ်ခုစီတိုင်းတွင် စူးရှပြီး ရက်စက်သော အငွေ့အသက်များ ပါဝင်နေ၏။ ခံစားချက် ကင်းမဲ့နေပြီး အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည်။
“မိန်းမတွေ... သူတို့က ငါ့ ဓားဆွဲထုတ်တဲ့ အရှိန်ကို နှေးကွေးစေရုံပဲ ရှိတယ်”
“နှလုံးသားထဲမှာ မိန်းမသား မရှိမှ... ငါ့ဓားသိုင်းက နတ်ဘုရားအဆင့် ရောက်မှာ”
“ဓားသိုင်းကျမ်းရဲ့ ပထမ စာမျက်နှာ... နှလုံးသားထဲက လူကို မေ့ပစ်လိုက်”
ဟိုယွင်ကျဲသည် ရုတ်တရက် အေးစက် အလင်းဓားကို ဝှေ့ယမ်းလိုက်၏။ သူ့စိတ်ထဲရှိ အနှုတ်လက္ခဏာ ဆန်သော ခံစားချက် အားလုံးကို ‘နတ်ဘုရားအာရုံ’ ထဲသို့ ပို့လွှတ်လိုက်ပြီး၊ ထိုမှတဆင့် စွမ်းအင်များနှင့်အတူ ဓားထဲသို့ စီးဝင်စေလိုက်တော့သည်။
“ဗြိ...”
သရဲတစ္ဆေဆန်သော ဓားအလင်းတန်း တစ်ခု လေထုကို ခွဲဖြတ်သွား၏။ ‘ဆိတ်သမင် ဦးချို’ ကဲ့သို့ မြေပြင်ကို ရှပ်တိုက်သွားပြီးနောက် ရုတ်တရက် အပေါ်သို့ ထောင်တက်သွားကာ အနီးနား တောင်ကုန်းပေါ်ရှိ ဧရာမ ကျောက်တုံးကြီး တစ်တုံးကို အမှုန့် ဖြစ်သွားအောင် ရိုက်ခွဲပစ်လိုက်သည်။
“ခွပ်...”
ဓားချီ ထိမှန်သွားသော နေရာသည် ရေခဲရိုက်ထားသကဲ့သို့ အေးခဲသွားပြီး၊ ထွက်ပေါ်လာသော အေးစက်မှုကြောင့် ချောင်ကျားရှီးနှင့် လုံထျန်းရှင်းတို့ မှင်သက်သွားကြ၏။
အမှောင်ရိပ် ထဲတွင်...
ယဲ့ဖုန်းသည် ထိုမြင်ကွင်းကို မျက်လုံးပြူးကာ ကြည့်နေမိသည်။
“ဒါ... ဒါက ‘ရက်စက်သော ဓားစိတ်ဆန္ဒ’ ပဲ”
အခန်း (၃၇၈) - ဓားသိုင်းကျမ်း ဒုတိယ စာမျက်နှာနှင့် မြေအောက်ပင်လယ်
~ယဲ့ဖုန်းသည် အလွန်အမင်း အံ့အားသင့်နေမိသည်။
ဟိုယွင်ကျဲသည် နှလုံးသားနာကျင်ရမှုကြောင့် သူ့ရင်ထဲတွင် စုပုံနေသော အနှုတ်လက္ခဏာ ဆန်သော ခံစားချက်များကို ‘နတ်ဘုရားအာရုံ’ နှင့် ပေါင်းစပ်ပြီး ‘ရက်စက်သော ဓားစိတ်ဆန္ဒ’ ကို နားလည်သဘောပေါက်သွားခဲ့သည်။
“မဆိုးဘူး... ကံဆိုးတာကနေ ကံကောင်းခြင်း ဖြစ်လာတာပဲ”
ယဲ့ဖုန်း မေးစေ့ကို ပွတ်သပ်ရင်း သူ့လက်ဖဝါးပေါ်တွင် ပေါ်လာသော ရက်စက်သော ဓားစိတ်ဆန္ဒ အမျှင်တန်းလေးကို ကြည့်လိုက်၏။
“ ‘နှလုံးသားထဲတွင် မိန်းမသားဟူသော အရာ မရှိလျှင်၊ ဓားသိုင်းသည် သဘာဝကျကျ ထူးချွန်ပြောင်မြောက်လာလိမ့်မည်’ ဆိုတဲ့ စကားက တကယ် မှန်တာပဲ။ ကြည့်ရတာ ယွင်ကျဲက ‘စိတ်ကူးယဉ် နယ်ပယ်’ ရဲ့ စမ်းသပ်မှုကို အောင်မြင်သွားပြီ ထင်တယ်”
မြက်ခင်းပြင်ပေါ်တွင်...၊
ဟိုယွင်ကျဲ၏ မူးဝေမှုများ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
သူသည် ဓားစိတ်ဆန္ဒကြောင့် အေးခဲသွားသော တောင်ကမ်းပါးယံကို မျက်တောင်မခတ်ဘဲ ငေးကြည့်နေ၏။ မျက်ခွံများ မထိန်းနိုင်ဘဲ လှုပ်ခတ်နေ၏။
ချောင်ကျားရှီးနှင့် လုံထျန်းရှင်းတို့သည် နေရာတင် ကျောက်ရုပ် ဖြစ်သွားကြသည်မှာ ကြာပြီ ဖြစ်သည်။
ခဏတာအတွင်း သူတို့ ဘာပြောရမှန်း မသိ ဖြစ်နေကြ၏။
“စီနီယာအစ်ကိုကြီး... အဆင်ပြေရဲ့လား”
နောက်ဆုံးတွင် သူတို့နှစ်ဦး နှုတ်မှ ထိုစကား ထွက်ပေါ်လာသည်။
ဟိုယွင်ကျဲ နဖူးကို ပုတ်လိုက်ပြီး အသိစိတ် ပြန်ဝင်လာ၏။ သို့သော် သူတို့မေးခွန်းကို ချက်ချင်း မဖြေဘဲ မြေကြီးပေါ်တွင် တင်ပျဉ်ခွေ ထိုင်ချလိုက်ကာ မကြာသေးမီက ဖြစ်ပျက်ခဲ့သည်များကို ပြန်လည် သုံးသပ်နေသည်။
ချောင်ကျားရှီးနှင့် လုံထျန်းရှင်းတို့သည် ဟိုယွင်ကျဲ ဓားစိတ်ဆန္ဒကို ခိုင်မာအောင် လုပ်နေမှန်း သိလိုက်သဖြင့် အလိုက်တသိပင် ဘေးနားတွင် နေကာ အစောင့်အရှောက် လုပ်ပေးနေကြ၏။
သူ့မှတ်ဉာဏ်များထဲတွင်...
တင်းပိုင်ရွှယ် ပါဝင်သော မြင်ကွင်းပေါင်းများစွာ ဖြတ်သန်းသွားပြီး၊ ဟိုယွင်ကျဲသည် သူမအပေါ် ထားရှိသော ခံစားချက်ကို သဘောပေါက်သွားသည်။
‘ဒါ အချစ်စစ် မဟုတ်ဘူး။
တင်းပိုင်ရွှယ်က သူ့ဘေးနားမှာ တိတ်တဆိတ် ရှိနေပေးခဲ့တာကို သူက အကျင့်ဖြစ်နေခဲ့တာ။ သူမ ထွက်သွားတော့မှ သူ့ရင်ထဲမှာ နာကျင်မှုကို ခံစားလိုက်ရတာ။
ဒါက... သူငယ်ချင်းကောင်း တစ်ယောက် ဆုံးရှုံးလိုက်ရသလို ခံစားချက်မျိုးပဲ။’
“ဒါ အချစ် မဟုတ်ဘူး။ သက်သက်မဲ့ အမှီသဟဲ ပြုလိုစိတ်နဲ့ ပိုင်ဆိုင်လိုစိတ် ပါလား... ဟူး... တင်းပိုင်ရွှယ်.. မင်းနဲ့ ထိုက်တန်တဲ့ ပျော်ရွှင်မှုကို ရှာတွေ့ပါစေလို့ ဆုတောင်းပေးပါတယ်”
ထိုသို့ တွေးမိသောအခါ သူသည် ခေါင်းပေါ်ရှိ အစိမ်းရောင် ဦးချိုပုံစံ ဦးထုပ်ကို မော့ကြည့်လိုက်မိသည်။
“ဂိုဏ်းချုပ်က ဒီဦးထုပ်ကို ဆောင်းပေးတုန်းက... ငါ့ကို ဘုရင်တစ်ပါး အဖြစ် ဘိသိက်မြှောက်မယ်လို့ ပြောခဲ့တယ်။ ဒါမှမဟုတ်... ငါ အချစ်ကြောင့် ဒဏ်ရာရမယ် ဆိုတာကို ကြိုသိနေခဲ့တာလား”
“ဂိုဏ်းချုပ်ဦးလေးက တကယ် အမြော်အမြင် ကြီးမားတာပဲ”
“ရှေးလူကြီးတွေ ပြောသလိုပဲ... ‘သရဖူ ဆောင်းထားရင် သရဖူရဲ့ အလေးချိန်ကို ခံနိုင်ရည် ရှိရမယ်’ တဲ့။ ဒါက ရက်စက်သော ဓားစိတ်ဆန္ဒကို နားလည်သဘောပေါက်ဖို့ ငါ ထမ်းရွက်ရမယ့် ဝန်ထုပ်ဝန်ပိုး ဖြစ်မယ် ထင်တယ်”
“ရက်စက်သော ဓားစိတ်ဆန္ဒ ဆိုတာ ရင်ထဲမှာ ဖိနှိပ်ထားတဲ့ ခံစားချက် အားလုံးကို ပေါက်ကွဲထွက်စေပြီး၊ နတ်ဘုရားအာရုံနဲ့ ကိုယ်ပိုင် အရှိန်အဝါကို ပေါင်းစပ်လိုက်တာပဲ။ နောက်ဆုံးမှာတော့ ဝိညာဉ်ကိုတောင် အေးခဲသွားစေနိုင်တဲ့ အေးစက်ပြီး ရက်စက်တဲ့ ဓားစိတ်ဆန္ဒ အဖြစ် ပြောင်းလဲသွားတာ”
နာရီဝက် မပြည့်ခင်မှာပင် ဟိုယွင်ကျဲ သတိပြန်ဝင်လာသည်။
သူသည် ရက်စက်သော ဓားစိတ်ဆန္ဒကို အောင်မြင်စွာ ခိုင်မာစေလိုက်ပြီ ဖြစ်၏။
ဒီနေ့ကစပြီး သူ၏ အသက်စွမ်းအားနှင့် စိတ်စွမ်းအားကို အသုံးပြုလိုက်ရုံနှင့် အချိန်မရွေး ဓားစိတ်ဆန္ဒကို ထုတ်ဖော်နိုင်ပြီး တိုက်ခိုက်ရေး စွမ်းရည်ကို သိသိသာသာ မြှင့်တင်နိုင်ပြီ ဖြစ်သည်။
“ပြန်ကြစို့”
ဟိုယွင်ကျဲသည် စိတ်ရှုပ်ထွေးမှုများ ကင်းစင်သွားသကဲ့သို့ ခံစားလိုက်ရ၏။
သူသည် ‘အမည်မဲ့ ဓားသိုင်းကျမ်း’ ကို ထုတ်ယူလိုက်ပြီး ပထမ စာမျက်နှာကို လှန်ကြည့်လိုက်ရာ စာတန်း နှစ်ကြောင်း၏ အဓိပ္ပာယ်ကို နောက်ဆုံးတွင် နားလည်သွားသည်။
“နှလုံးသားထဲတွင် မိန်းမသားဟူသော အရာ မရှိလျှင်၊ ဓားသိုင်းသည် သဘာဝကျကျ ထူးချွန်ပြောင်မြောက်လာလိမ့်မည်…”
“ဓားသိုင်းကျမ်းရဲ့ ပထမ စာမျက်နှာ... နှလုံးသားထဲက လူကို မေ့ပစ်လိုက်”
“တကယ်တော့ ဒါက.. ငါ့ရင်ထဲက မဖြစ်နိုင်တဲ့ အတွေးတွေကို စွန့်လွှတ်ပြီး ဓားသိုင်း လေ့ကျင့်ဖို့ပဲ အာရုံစိုက်ရမယ် ဆိုတာကို ပြောပြနေတာပဲ။ ဒါက အနှစ်သာရ အစစ်အမှန်ပဲ”
ဟိုယွင်ကျဲ အသက်ပြင်းပြင်း ရှူလိုက်၏။ ဒီနေ့မှ ပန်းတွေက ပိုနီနေသလို၊ လေက ပိုလတ်ဆတ်နေသလို၊ ဂျူနီယာညီလေး နှစ်ယောက်ကလည်း ပိုချစ်စရာ ကောင်းနေသလို ခံစားလိုက်ရသည်။
ကမ္ဘာကြီးက သာယာလိုက်တာ။
“ရင်ထဲက ပဋိပက္ခတွေကို ဖြေရှင်းပြီးတဲ့နောက် လူတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ အမူအရာက ဒီလောက်တောင် ပြောင်းလဲသွားတာလား။ တကယ့်ကို မထင်မှတ်ထားဘူး”
ဟိုယွင်ကျဲသည် အေးစက် အလင်းဓားကို ကျောပိုးလျက် ရှေ့မှ ဦးဆောင် ထွက်ခွာသွားသည်။
လုံထျန်းရှင်းနှင့် ချောင်ကျားရှီးတို့သည် နားမလည်နိုင်သော မျက်လုံးများဖြင့် ကြည့်နေကြ၏။
ဟိုယွင်ကျဲ ပြောနေတာတွေက ဘာအဓိပ္ပာယ်လဲ ဆိုတာ သူတို့ နားမလည်ကြပေ။
ဘာပဲဖြစ်ဖြစ်... နက်နဲသော ပုံတော့ ပေါက်နေသည်။
“နေဦး”
ဟိုယွင်ကျဲ ရုတ်တရက် လက်မြှောက်လိုက်၏။
သူ့ သိစိတ်ပင်လယ်ထဲရှိ ရက်စက်သော ဓားစိတ်ဆန္ဒ အမျှင်တန်းလေး တုန်ခါသွားသည်။ မူလဇာစ်မြစ်တူသော အရာတစ်ခုခုနှင့် တွေ့ဆုံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး ဟိုယွင်ကျဲ အလျင်အမြန် ပြေးသွားလိုက်၏။
“စီနီယာအစ်ကိုကြီး... စောင့်ပါဦး”
ချောင်ကျားရှီးနှင့် လုံထျန်းရှင်းတို့ အနောက်မှ အပြေးလိုက်ကြသည်။
ပျံသန်း၍ မရသော ချောင်ကျားရှီး အဆင်ပြေစေရန်အတွက် လုံထျန်းရှင်းသည် ‘နဂါးလူသား ပုံစံ’ သို့ ပြောင်းလဲလိုက်၏။ သူတို့နှစ်ဦးသည် လူသားပုံစံ သားရဲကောင်များအလား မြေကြီးပေါ်တွင် ပြေးလွှားသွားကြရာ ‘ချီတာ’ များထက်ပင် မြန်ဆန်လှပြီး ဖုန်လုံးကြီးများ ထသွားစေသည်။
မိုင် ဆယ်ဂဏန်း အကွာတွင်...၊
ချိုင့်ဝှမ်း တစ်ခု အတွင်း၌...
ဟိုယွင်ကျဲသည် ကမ်းပါးယံရှိ ကျောက်တုံးကြီး တစ်တုံးကို ဓားဖြင့် ခွဲလိုက်ပြီး စုတ်ပြတ်နေသော ဓားသိုင်းကျမ်း တစ်အုပ်ကို တွေ့ရှိလိုက်၏။ ကျမ်းစာအုပ်ပေါ်တွင် စာတန်းတစ်တန်း ရေးထားသည်။
“ဓားသိုင်းကျမ်း၏ ဒုတိယ စာမျက်နှာ... ‘လောကီသံယောဇဉ် ဖြတ်တောက်ရန် ဓားကို ကိုင်စွဲလော့’ ”
ဟိုယွင်ကျဲ ရင်ထဲ လှုပ်ခတ်သွားသည်။
ဖော်ပြမရနိုင်သည့် ၊ ဆုပ်ကိုင်မရနိုင်သော နားလည်သဘောပေါက်မှု တစ်ခုကို ရရှိလိုက်သလို ခံစားလိုက်ရသော်လည်း လောလောဆယ်တွင် အတွေးများကို စုစည်း၍ မရသေးပေ။ မှတ်သားထားရုံသာ တတ်နိုင်သေး၏။
“စီနီယာအစ်ကိုကြီး... အဲဒါ ဘာကြီးလဲ”
လုံထျန်းရှင်းနှင့် ချောင်ကျားရှီးတို့ ရောက်ရှိလာကြပြီး အမည်မဲ့ ဓားသိုင်းကျမ်း၏ ဒုတိယ စာမျက်နှာကို စူးစမ်းချင်စိတ်ဖြင့် ကြည့်လိုက်ကြသည်။
“ဒါက ဓားသိုင်းကျမ်းရဲ့ ဒုတိယ စာမျက်နှာပဲ။ ဒါပေမဲ့... ငါ လောလောဆယ် ဘာမှ နားမလည်သေးဘူး”
ဟိုယွင်ကျဲ ခေါင်းခါလိုက်ပြီး ကျမ်းစာအုပ်ကို ကမ်းပေးလိုက်၏။
“လောကီသံယောဇဉ် ဖြတ်တောက်ရန် ဓားကို ကိုင်စွဲလော့ ဟုတ်လား”
“ကြီးကျယ်ခမ်းနားလိုက်တဲ့ ရည်မှန်းချက်ပါလား”
“လောကီသံယောဇဉ် ဆိုတာ ဒီလောက် လွယ်လွယ် ဖြတ်တောက်လို့ ရပါ့မလား”
“ငါ စီနီယာအစ်မ ကျီဇီလင်းပြောတာ ကြားဖူးတယ်။ ရှေးဟောင်း စာပေတွေထဲမှာ ပါတယ်.. ကျင့်ကြံသူ တချို့က အထွတ်အထိပ် အဆင့်တွေကို ရောက်ဖို့အတွက် လူသားအဖြစ် ဝင်စားပြီး လောကီဘဝကို ဖြတ်သန်းကြတယ်တဲ့။ ‘မဟာလမ်းစဉ်’ ကို ရှာဖွေဖို့ပေါ့”
“ဟာ... အဲဒါ စွမ်းအားလား”
ချောင်ကျားရှီးနှင့် လုံထျန်းရှင်းတို့ ဆွေးနွေးရင်း ပိုမို အံ့သြလာကြ၏။
“ခွပ်...”
ရုတ်တရက် တောင်ကမ်းပါးယံ ကွဲအက်သွားပြီး ထူးဆန်းသော သတ္တဝါတစ်ကောင် ခုန်ထွက်လာသည်။
ခြေထောက် (၂) ချောင်းသာ ပါရှိပြီး ဖားတစ်ကောင်အဖြစ် ပြောင်းလဲနေသော ဖားလောင်းတစ်ကောင်နှင့် တူသည်။ ရှေ့လက်သည်း (၂) ခုက ထက်မြက်နေပြီး၊ အားကောင်းသော အမြီးတစ်ချောင်း ပါရှိသည်။ ခေါင်းပေါ်တွင် ငါးမန်းပါးစပ်ပေါက် ပါရှိသည်။ ၎င်းသည် ဟိုယွင်ကျဲနှင့် လုံထျန်းရှင်းတို့ကို ဖြတ်ကျော်ပြီး ချောင်ကျားရှီးကို ကိုက်ခဲရန် ပြင်လိုက်၏။
“ငါ့ ဂျူနီယာညီလေးကို ထိရဲတယ်ပေါ့လေ”
ဟိုယွင်ကျဲ ဒေါသပေါက်ကွဲသွားပြီး ဓားဖြင့် ခုတ်ပိုင်းလိုက်၏။
“ဒေါင်...”
သတ္တဝါကောင် လွင့်ထွက်သွားသည်။ ခန္ဓာကိုယ်ပေါ်တွင် နက်ရှိုင်းသော ဒဏ်ရာတစ်ခု ရရှိသွားပြီး နာကျင်စွာ အော်ဟစ်လိုက်၏။
“ဟေ... မသေဘူးလား”
ဟိုယွင်ကျဲ အံ့သြသွားသည်။
ကြည့်ရတာ အားနည်းမယ့်ပုံ ပေါက်နေတဲ့ ဒီနတ်ဆိုးသားရဲက တကယ်တမ်းကျတော့ ‘နတ်ဆိုးဗိုလ်ချုပ် အဆင့်’ ဖြစ်နေတာကိုး။ ယုံတောင် မယုံနိုင်စရာပဲ။
“ဒါ ‘မြေကမ္ဘာ သားရဲ’ ပဲ”
ချောင်ကျားရှီးက ထွက်ပြေးသွားသော သတ္တဝါကို ကြည့်ရင်း ပြောလိုက်၏။
“စီနီယာအစ်မ ကျီဇီလင်း ပြောဖူးတယ်။ ဒီလို နတ်ဆိုးသားရဲတွေက မြေအောက် လိုဏ်ဂူတွေထဲမှာပဲ နေတတ်ကြတာတဲ့။ သူတို့ရဲ့ အသိုက်နားမှာ ‘သွေးကြော အားဖြည့် ဝိညာဉ်ဆေးပင်’ တွေ တွေ့ရတတ်တယ်တဲ့”
“စစ်သူကြီး အဆင့် ခန္ဓာကိုယ် ကျင့်ကြံသူ ဖြစ်လာအောင် လုပ်ပေးနိုင်တဲ့ သွေးကြော အားဖြည့် ဆေးပင်လား”
ဟိုယွင်ကျဲ မျက်ခုံးပင့်လိုက်ပြီး ချောင်ကျားရှီးကို ကြည့်လိုက်၏။
“ဟုတ်ပါတယ်”
ချောင်ကျားရှီး လက်သီးကို ဆုပ်လိုက်၏။
“ကောင်းပြီ... ဒါဆို သတ်ပြီး ဝင်ယူကြတာပေါ့”
ဟိုယွင်ကျဲသည် အေးစက် အလင်းဓားကို မြှောက်လိုက်ပြီး ရှေ့ဆောင် လိုက်ပါသွားသည်။ ချောင်ကျားရှီးနှင့် လုံထျန်းရှင်းတို့လည်း ထပ်ကြပ်မကွာ လိုက်ပါသွားကြ၏။
မြေကမ္ဘာ သားရဲသည် ကျောက်ဆောင် ကြားရှိ အပေါက်တစ်ခုထဲသို့ ဝင်ရောက် ထွက်ပြေးသွားသည်။
သူတို့ (၃) ဦးသည် လိုဏ်ဂူထဲသို့ ဝင်ရောက်လိုက်ပြီး ‘ဝိညာဉ်မျက်လုံး’ များကို အသက်သွင်းကာ အတွင်းပိုင်းကို ရှင်းလင်းစွာ မြင်ရအောင် ပြုလုပ်လိုက်၏။ လေကဲ့သို့ လျင်မြန်စွာ ရွေ့လျားပြီးနောက် မကြာမီ ကျယ်ပြောလှသော မြေအောက် ရေပြင်ကြီး တစ်ခုသို့ ရောက်ရှိသွားကြ၏။
ဒါက မြေပြင်အောက် မိုင်ဆယ်ဂဏန်း အနက်မှာ ရှိသော ကမ္ဘာ တစ်ခုပါလား။
မီတာ ရာချီ မြင့်မားသော လိုဏ်ဂူ ပေါင်းများစွာ ရှိပြီး၊ မိုင်ထောင်ချီ ကျယ်ပြန့်သည်။ အောက်ခြေ အများစုကို ပြာလဲ့နေသော ပင်လယ်ရေများဖြင့် ဖုံးလွှမ်းထား၏။
ဟိုမှသည် သည်မှသည် ကျွန်းငယ်လေးများ ရှိနေပြီး၊ ထိုကျွန်းများပေါ်တွင် အထူး ဝိညာဉ်ဆေးပင်များ ပေါက်ရောက်နေသည်။
“ဒါက ‘လျှို့ဝှက်ဆန်းကြယ် ပန်း (၇) ပွင့်’ ၊ ဒါက ‘ဝိညာဉ်စုစည်း အသီး’ ၊ ဒါက ‘အဖြူရောင် ပန်းဆေးပင်’ ...”
ချောင်ကျားရှီးသည် ထူးခြားဆန်းပြားသော ပန်းများနှင့် ဝိညာဉ်ဆေးပင်များကို စိတ်ဝင်စားသူ ဖြစ်ပြီး ကျီဇီလင်းထံမှ မကြာခဏ သင်ယူလေ့လာထားသဖြင့် ဗဟုသုတ ကြွယ်ဝနေပြီ ဖြစ်၏။
“ဒီနေရာက သဘာဝ ဝိညာဉ်ပစ္စည်းတွေ စုဝေးနေတဲ့ နေရာပဲ”
“ဟေ... မြေကမ္ဘာ သားရဲ ဘယ်ရောက်သွားပြီလဲ”
“ထားလိုက်ပါတော့... ဝိညာဉ်ဆေးပင်တွေ အရင် စုဆောင်းကြတာပေါ့”
သူတို့ (၃) ဦးသည် ကျောက်စိမ်းသေတ္တာများနှင့် ‘ဝိညာဉ်ပိုးမျှင် လက်အိတ်’ များကို ထုတ်ယူလိုက်ပြီး ဝိညာဉ်ဆေးပင်များနှင့် ဝိညာဉ်မြေဆီလွှာများကို ဂရုတစိုက် တူးဆွ စုဆောင်းလိုက်ကြ၏။
ရင့်မှည့်နေသော အပင်များကို ဝမ်ဖင်းအန်းဆေးဖော်ရန်အတွက် ပေးမည်။
နုနယ်သော အပင်များကို ကျားယွိလန်ထံ ပေးပို့ပြီး ဝိညာဉ်ဆေးပင် စိုက်ခင်းတွင် ပြန်လည် စိုက်ပျိုးစေမည်။ နှစ်အနည်းငယ် ကြာလျှင် ဆက်လက် အသုံးပြုနိုင်မည် ဖြစ်သည်။
“ဒီနေရာက တော်တော် ကျယ်တယ်။ ဆေးပင်တွေ ရှာရင်း မြေကမ္ဘာ သားရဲကိုလည်း ရှာကြတာပေါ့”
ဟိုယွင်ကျဲ ဆုံးဖြတ်လိုက်၏။
“ကောင်းပါပြီ”
ကျန်နှစ်ယောက် သဘောတူလိုက်ကြ၏။
...
မြေအောက် ပင်လယ်ပြင်၏ အခြားတစ်ဖက်တွင်...
တင်းပိုင်ရွှယ်၊ ကျန်းကျင်းထျန်းနှင့် မြင့်မြတ်သော လေ ဓားဂိုဏ်းမှ အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားသော အတွင်းစည်း တပည့်အချို့သည် ‘အဆင့်နိမ့် ဝိညာဉ်ဓား’ များကို ကိုင်ဆောင်လျက် ရေပြင်အထက် (၃) မီတာ အမြင့်တွင် ပျံဝဲနေသော ‘ဝိညာဉ်လှေ’ ပေါ်တွင် ထိုင်ကာ တစ်စုံတစ်ခုကို ရှာဖွေနေကြ၏။
“ကျင်းထျန်း... ငါတို့ တာဝန် အောင်မြင်ပါ့မလား”
တင်းပိုင်ရွှယ် စိုးရိမ်တကြီး မေးလိုက်၏။
“စိတ်မပူပါနဲ့... ကိုယ် ရှိနေသရွေ့ တာဝန်က သေချာပေါက် အောင်မြင်မှာပါ။ ဟုတ်တယ်မလား... ယွဲ့ရူ”
ကျန်းကျင်းထျန်းသည် သူ့နောက်တွင် ထိုင်နေသော ပန်းပွင့်လေးကဲ့သို့ လှပသည့် မိန်းကလေးတစ်ဦးကို လှည့်ကြည့်ရင်း မေးလိုက်၏။
သူတို့နှစ်ဦး အကြည့်ချင်း ဆုံသွားကြပြီး၊ မျက်ဝန်းထဲတွင် ကျီစယ်လိုသော အပြုံးများ လက်သွားကြ၏။