← Chapters

အခန်း (၃၇၉-၃၈၁)

Vol. 26 Ch. 379-381

အခန်း (၃၇၉-၃၈၁)

Vol. 26 Ch. 379-381

အခန်း (၃၇၉) - မြေကမ္ဘာ သားရဲ၊ ဒါတွေအားလုံးက လှည့်ကွက်တွေချည်းပဲ

~“သေချာပေါက် အဆင်ပြေမှာပါ”

‘ကျောက်ယွဲ့ရူ’ ဟု ခေါ်သော လှပသည့် မိန်းကလေးငယ်လေးသည် တိုးညှင်းစွာ ပြုံးလျက် ပြောလိုက်၏။

ကျန်သော ဂိုဏ်းတူ မောင်နှမ (၂) ယောက်ကတော့ တိတ်ဆိတ်နေကြ၏။

ထိုစကားကို ကြားသောအခါ တင်းပိုင်ရွှယ် ခေါင်းညိတ်လိုက်၏။

‘အတွင်းစည်း တပည့် (၅) ယောက် ပေါင်းစည်းထားမှတော့ တာဝန် အောင်မြင်ဖို့ သေချာသလောက် ရှိတာပေါ့။ ဒါပေမဲ့ အခက်အခဲတချို့တော့ ကြုံရမှာပဲလေ။’

'တကယ်လို့ အန္တရာယ် ကြုံလာရင်... ကျင်းထျန်း က ငါ့ကို ကာကွယ်ပေးမှာ မဟုတ်လား’

တင်းပိုင်ရွှယ် သည် ဘေးနားရှိ ကျန်းကျင်းထျန်း ကို လှည့်ကြည့်လိုက်ရာ၊ သူက ကျောက်ယွဲ့ရူ ကိုသာ မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

ထိုအခိုက်အတန့်တွင် သူမ ရင်ထဲ တုန်လှုပ်သွားသည်။

“ဟေ... ရွှယ်အာ... ဘာဖြစ်လို့လဲ”

ကျန်းကျင်းထျန်း သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိလိုက်ပြီး တင်းပိုင်ရွှယ် ၏ ပခုံးများကို အလျင်အမြန် ကိုင်လိုက်၏။ ထို့ထက်ပို၍ ရင်းနှီးသော အပြုအမူများ လုပ်ဆောင်ရန်ပင် ကြံစည်လိုက်သေးသည်။

တင်းပိုင်ရွှယ် နောက်သို့ တစ်လှမ်း ဆုတ်လိုက်၏။

“ကျင်းထျန်း... ငါတို့ သဘောတူထားတာ ရှိတယ်လေ။ လက်မထပ်ရသေးခင် ငါ့အသားကို မထိပါနဲ့လို့”

“အင်းပါ... ကိုယ် သိပါတယ်”

ကျန်းကျင်းထျန်း သည် နွေးထွေးစွာ ပြုံးပြလိုက်သော်လည်း စိတ်ထဲတွင်တော့ ကျိန်ဆဲနေမိသည်။

‘ဟန်ဆောင်နေလိုက်တာ... ဘာပဲဖြစ်ဖြစ် ငါကလည်း မင်းကို ထိချင်လို့မှ မဟုတ်တာ။ အသုံးချချင်ရုံ သက်သက်ပဲ။ ဟား ဟား’

ဝိညာဉ်လှေသည် ရှေ့သို့ ဆက်လက် ရွေ့လျားသွားသည်။

မိုင် ဆယ်ဂဏန်း အကွာတွင်...

ဟိုယွင်ကျဲ၊ ချောင်ကျားရှီး နှင့် လုံထျန်းရှင်း တို့သည်လည်း ရေပြင်ပေါ်တွင် ခရီးနှင်နေကြ၏။ လမ်းတစ်လျှောက်တွင် ဝိညာဉ်ဆေးပင် အများအပြား စုဆောင်းရရှိခဲ့ပြီး မြေကမ္ဘာ သားရဲ နှင့် ဆင်တူသော နတ်ဆိုးသားရဲ အများအပြားကိုလည်း သတ်ဖြတ်နိုင်ခဲ့သည်။

“စီနီယာအစ်ကိုကြီး... ဘာဖြစ်လို့ အဲဒီ မြေကမ္ဘာ သားရဲ ကို ရှာမတွေ့တာလဲ”

လုံထျန်းရှင်း ဘေးဘီဝဲယာကို ကြည့်လိုက်သော်လည်း အပြာရောင် ရေပြင်မှလွဲ၍ ဘာမှ မတွေ့ရပေ။

“စောစောက ငါတို့ သတ်ခဲ့တဲ့ မြေကမ္ဘာ သားရဲတွေက နတ်ဆိုးစစ်သည် အဆင့် တွေပဲလေ။ အဲဒီကောင်ရဲ့ လက်အောက်ငယ်သားတွေ ဒါမှမဟုတ် အမျိုးတွေ ဖြစ်လောက်တယ်”

ဟု ဟိုယွင်ကျဲ က ပတ်ဝန်းကျင်ကို အကဲခတ်ရင်း ပြောလိုက်၏။

“ဟုတ်သားပဲ”

လုံထျန်းရှင်း ခေါင်းညိတ် ထောက်ခံလိုက်သည်။

သူတို့သည် မြေအောက် ပင်လယ်ပြင်၏ ပိုမို နက်ရှိုင်းသော နေရာများဆီသို့ ဆက်လက် ဝင်ရောက်သွားကြ၏။

...

မိုင်ပေါင်း ဆယ်ဂဏန်း ရှည်လျားသော ဧရာမ မြေအောက် လိုဏ်ဂူကြီး တစ်ခု အတွင်းတွင်...

ကျယ်ပြန့်သော အပြာရောင် ရေပြင်ကြီး တစ်ခု ရှိသည်။ လိုဏ်ဂူ နံရံများတွင် မီးအိမ်ပုံစံ ‘အလင်းရောင် အသီး’ များ သီးနေသော ရှေးဟောင်း နွယ်ပင်များ ပေါက်ရောက်နေပြီး မြေအောက် ကမ္ဘာတစ်ခုလုံးကို လင်းထိန်စေသည်။

ထိုအချိန်တွင် တင်းပိုင်ရွှယ်၊ ကျန်းကျင်းထျန်း၊ ကျောက်ယွဲ့ရူ နှင့် အခြား မြင့်မြတ်သော လေ ဓားဂိုဏ်း တပည့် (၂) ဦးတို့သည် ဝိညာဉ်လှေဖြင့် ထိုနေရာသို့ ရောက်ရှိလာကြ၏။

“ကြည့်စမ်း... မြေအောက် ပင်လယ်ပြင် အလယ်က ကျွန်းပေါ်မှာ ငါတို့ လိုချင်တဲ့ ‘နှစ်တစ်ထောင် မီးနဂါးသီး’ တွေ ရှိတယ်”

ကျန်းကျင်းထျန်း သည် အလယ်ကျွန်းကို လက်ညှိုးထိုးပြရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

“အဲဒါကို စားလိုက်ရင် ‘မီးမူလစွမ်းအား’ ကို စုစည်းနိုင်ပြီး ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကို တက်လှမ်းနိုင်ဖို့ အခွင့်အလမ်း အများကြီး တိုးလာလိမ့်မယ်”

“သွားကြစို့... အဲဒီကို သွားကြမယ်”

တပည့်များသည် ဝိညာဉ်လှေကို မောင်းနှင်ထွက်ခွာလိုက်ကြ၏။ လမ်းတစ်လျှောက်တွင် ငါးခေါင်းလူသားများ၊ ဓားရှည်ငါးများ နှင့် ရေဘဝဲများ အပါအဝင် ပင်လယ် နတ်ဆိုးသားရဲ အများအပြား လာရောက် တားဆီးကြသော်လည်း အားလုံးက နတ်ဆိုးစစ်သည် အဆင့်များသာ ဖြစ်သဖြင့် လွယ်ကူစွာ ရှင်းလင်းနိုင်ခဲ့ကြ၏။

‘ဘုန်း...’

လူ (၅) ယောက် အဖွဲ့သည် မီးနဂါးသီးပင် ရှိသော အပြာရောင် ကျွန်းပေါ်သို့ ရောက်ရှိလာကြသည်။ အကိုင်းအခက်များပေါ်တွင် တွဲလျားခိုနေသော မီးနဂါးသီး (၅) လုံးကို တွေ့လိုက်ရသောအခါ မျက်လုံးများ အရောင်တောက်သွားကြ၏။

“တစ်ယောက် တစ်လုံးစီပဲ”

“ဟုတ်တယ်... အောင်မြင်သွားရင် (၃) လ အတွင်း ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ရောက်နိုင်ပြီ”

“ဝမ်းသာစရာပဲ”

တင်းပိုင်ရွှယ် လည်း အလွန် ပျော်ရွှင်နေ၏။

ကျောက်ယွဲ့ရူ ကတော့ တိတ်ဆိတ်နေ၏။

ကျန်းကျင်းထျန်း ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးညွတ်သွားသည်။

“ဒီမှာ အန္တရာယ် မရှိပါဘူး။ သွားယူကြစို့”

ပြောပြီးသည်နှင့် သူ အရင်ဆုံး လမ်းလျှောက်ထွက်သွားသည်။

“ဟဲ ဟဲ... ငါ အရင် ယူမယ်”

တပည့်တစ်ဦးသည် စိတ်လောကြီးစွာဖြင့် ရှေ့သို့ ပြေးထွက်သွားပြီး နှစ်တစ်ထောင် မီးနဂါးသီးပင် အနီးသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။

သို့သော် နောက်တစ်ခဏတွင်... အပင်အောက်ရှိ တွင်းပေါက်ထဲမှ အရိပ်တစ်ခု ခုန်ထွက်လာပြီး ထိုတပည့်၏ ခေါင်းကို ကိုက်ဖြတ်ကာ တစ်ကောင်လုံးကိုပါ မျိုချပစ်လိုက်၏။

“အား...”

ကျန် (၄) ယောက် ထိတ်လန့်သွားကြ၏။

ဟိုယွင်ကျဲ သာ ရှိနေလျှင်... ဒီနတ်ဆိုးသားရဲက သူ ဓားတစ်ချက်တည်းနှင့် ဒဏ်ရာရအောင် လုပ်ခဲ့သော မြေကမ္ဘာ သားရဲ ဆိုတာ ချက်ချင်း သိလိုက်မှာ သေချာသည်။

‘ဝေါင်း...’

မြေကမ္ဘာ သားရဲ ဟိန်းဟောက်လိုက်၏။ ‘အနိမ့်အဆင့် ကောင်းကင် ဗိုလ်ချုပ်’ အရှိန်အဝါများ ထုတ်လွှတ်လိုက်ပြီး ကျန် (၄) ယောက်ဆီသို့ ပြေးဝင်လာ၏။

“မင်း... နေ့လယ်စာ ဖြစ်လိုက်တော့”

ကျန်းကျင်းထျန်း သည် အခြား တပည့် တစ်ဦး၏ ပါးစပ်ထဲသို့ ဆေးလုံး တစ်လုံး ပစ်ထည့်လိုက်ပြီး မြေကမ္ဘာ သားရဲ ရှိရာဘက်သို့ ကန်ထုတ်လိုက်ရာ ထိုတပည့်သည် သားရဲ၏ ပါးစပ်ထဲသို့ တန်းတန်းမတ်မတ် ရောက်ရှိသွားပြီး ဝါးအစား ခံလိုက်ရသည်။

“ရှင်... ရှင် ဘာလုပ်တာလဲ”

တင်းပိုင်ရွှယ် မျက်နှာ ပျက်သွားသည်။

“သူက ငါတို့ရဲ့ ဂိုဏ်းတူ မောင်နှမလေ။ ရှင်က ဘယ်လိုလုပ်ပြီး...”

သူမ ဆူပူကြိမ်းမောင်းလို့ မပြီးခင်မှာပင် ကျန်းကျင်းထျန်း သည် သူမ၏ လည်ပင်းကို ဖမ်းညှစ်လိုက်ပြီး ချီစွမ်းအားများကို ချိတ်ပိတ်လိုက်၏။ တင်းပိုင်ရွှယ် မျက်လုံးများ ပြူးကျယ်သွားသည်။

“အင်း... အရသာ မဆိုးဘူး။ မင်းထည့်ပေးလိုက်တဲ့ ဆေးလုံးက တော်တော် စားလို့ကောင်းတာပဲ”

မြေကမ္ဘာ သားရဲ နောက်ဆုံးတော့ စကားပြောလာသည်။ ကျေနပ်အားရနေသော မျက်နှာထားဖြင့် ဖြစ်ပြီး၊ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများသည် မျက်စိရှေ့မှောက်တွင်ပင် လျင်မြန်စွာ ကျက်သွားသည်ကို မြင်လိုက်ရသဖြင့် တင်းပိုင်ရွှယ် အံ့သြသွားသည်။

“မဟာ မြေကမ္ဘာ သားရဲကြီး... ဒီမှာ နောက်ထပ် တစ်ယောက် ကျန်ပါသေးတယ်။ သူ့ကို ဘယ်လို စီစဉ်မလဲ မသိဘူး။ ကျွန်တော် သိသလောက်တော့ ဒီမိန်းမက အပျိုစင် စစ်စစ်ပါ”

ကျန်းကျင်းထျန်း ကောက်ကျစ်စွာ ပြုံးလိုက်၏။

“ကောင်းပြီ... သူ့ကို ငါ့အတွက် ‘ကြင်ဖော်’ အဖြစ် ချန်ထားခဲ့လိုက်။ ငါတို့နှစ်ယောက် ပေါင်းလိုက်ရင် အလွန် လှပတဲ့ သတ္တဝါလေးတွေ မွေးဖွားလာနိုင်တယ်”

မြေကမ္ဘာ သားရဲ ထူးဆန်းစွာ ရယ်လိုက်သည်။

“ဝေါ့...”

ဒီလို ရုပ်ဆိုးပန်းဆိုး မြေကမ္ဘာ သားရဲကြီးရဲ့ ကြင်ဖော် ဖြစ်ရမယ် ဆိုသည့် အတွေးဝင်လာတာနှင့် တင်းပိုင်ရွှယ် ပျို့အန်ချင်စိတ် ဖြစ်လာသည်။ မျက်နှာ ဖြူလျော့သွားပြီး ကျန်းကျင်းထျန်း ကို နာကျည်းစွာ ကြည့်လိုက်၏။

“နင် ပြောခဲ့တဲ့ ကတိသစ္စာတွေ အကုန်လုံးက ငါ့ကို လိမ်ဖို့ သက်သက်ပဲလား”

“ဒါပေါ့... အရူးမရဲ့။ ငါ တကယ် ကြိုက်တာက မိသားစုကြီးက ဆင်းသက်လာတဲ့ ယွဲ့ရူ ကိုပဲ။ မင်းနဲ့က ဟန်ဆောင် တွဲပြရုံ သက်သက်ပါ”

ကျန်းကျင်းထျန်း သည် ကျောက်ယွဲ့ရူ ကို ဖက်ထားလိုက်ပြီး နှစ်ယောက်သား အလွန် ရင်းနှီးနေပုံ ပေါက်နေ၏။

“နင်... ဝေါ့...”

ဒေါသထွက်လွန်းသဖြင့် တင်းပိုင်ရွှယ် သွေးတစ်လုပ် အန်လိုက်ရသည်။

မီတာ ရာချီ မြင့်မားသော ကမ်းပါးယံ အထက်တွင်...

ဟိုယွင်ကျဲ၊ လုံထျန်းရှင်း နှင့် ချောင်ကျားရှီး တို့သည် နွယ်ပင်များကို ကိုင်လျက် လျှောက်လာကြရာ အောက်ဘက် ကျွန်းပေါ်တွင် ဖြစ်ပျက်နေသမျှ အားလုံးကို မြင်တွေ့လိုက်ရသည်။

“အမယ်လေး... တင်းပိုင်ရွှယ် ကံဆိုးရှာပါ့”

“ဒုတိယ စီနီယာအစ်ကိုကြီးကို စွန့်ပစ်ခဲ့တဲ့ အပြစ်ပဲ”

ပွဲကြည့်ရင်း၊ လုံထျန်းရှင်း နှင့် ချောင်ကျားရှီးတို့ ကြိတ်၍ ရယ်လိုက်ကြ၏။

ဟိုယွင်ကျဲ မျက်နှာသေဖြင့် ပြောလိုက်၏။

“အထင်မလွဲကြနဲ့။ တကယ်တမ်းကျတော့ ငါနဲ့ တင်းပိုင်ရွှယ် က တရားဝင် တွဲခဲ့ကြတာ မဟုတ်ပါဘူး။ ဒါကြောင့် ဘယ်သူက ဘယ်သူ့ကို စွန့်ပစ်တယ် ဆိုတာ မရှိပါဘူး။ ပြီးတော့... ငါ သေချာ စဉ်းစားပြီးပါပြီ။ ငါ့မှာ သူ့အပေါ် အဲဒီလို ခံစားချက်မျိုး မရှိပါဘူး။ ကံကြမ္မာက လူတွေကို ကစားနေတယ်လို့ပဲ မှတ်ယူလိုက်ပါ”

“ဒါဆို ကျွန်တော်တို့ ဝင်ပါကြမလား”

လုံထျန်းရှင်း မေးလိုက်ခြင်းပါ။

“ဒါပေါ့... စောစောက ကြားတယ် မဟုတ်လား။ နှစ်တစ်ထောင် မီးနဂါးသီးပင် က မီးနဂါးသီးတွေက ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ရောက်ဖို့ အထောက်အကူ ပြုတယ်တဲ့။ အသီးတင် မကဘူး... အပင်လိုက်ပါ ယူသွားရမယ်”

“ပြီးတော့... မြေကမ္ဘာ သားရဲ လို သတ္တဝါမျိုး နဲ့ ကျန်းကျင်းထျန်း၊ ကျောက်ယွဲ့ရူ လို လူမျိုးတွေကို အပိုင်းပိုင်း ခုတ်ပစ်ရမယ်”

ဟု ဟိုယွင်ကျဲက ဖြည့်စွက် ပြောလိုက်၏။

“ဟုတ်ကဲ့ပါ”

ကျန်နှစ်ယောက် သဘောတူလိုက်ကြသည်။

ကျွန်းအလယ်တွင်...

မြေကမ္ဘာ သားရဲ သည် ကျောက်ယွဲ့ရူ နှင့် တင်းပိုင်ရွှယ် တို့ကို တစ်လှည့်စီ ကြည့်လိုက်ပြီး ပြောလိုက်၏။

“ဟဲ ဟဲ... ကောင်မလေး နှစ်ယောက်စလုံး မိုက်သားပဲ။ ငါ နှစ်ယောက်စလုံးကို လိုချင်တယ်”

“ဟင်... မဖြစ်ဘူးလေ”

ကျောက်ယွဲ့ရူ မျက်နှာ ဖြူလျော့သွားပြီး ကျန်းကျင်းထျန်း ၏ လက်ကို အလျင်အမြန် ဆွဲကိုင်လိုက်၏။

“ကိုကိုထျန်း... ရှင် ကျွန်မကို စွန့်ပစ်လို့ မရဘူးလေ။ ကျွန်မတို့ အတူရှိခဲ့တဲ့ ညတွေကို မေ့သွားပြီလား”

“စိတ်မပူပါနဲ့... ကိုယ် မင်းကို ဘယ်လိုလုပ် စွန့်ပစ်ရက်မှာလဲ”

ကျန်းကျင်းထျန်း အသက်ပြင်းပြင်း ရှူလိုက်၏။ ရုတ်တရက် ကျောက်ယွဲ့ရူ ၏ လည်ပင်းကို ဖမ်းညှစ်လိုက်ပြီး ရက်စက်စွာ ပြုံးလိုက်၏။

“ဟဲ ဟဲ... မိန်းမနှစ်ယောက် ပေးပြီး မီးနဂါးသီး (၅) လုံး ပြန်ရမယ် ဆိုရင်... ငါ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကို သေချာပေါက် ရောက်မှာပဲ”

ကျောက်ယွဲ့ရူ နှင့် တင်းပိုင်ရွှယ် တို့၏ ရွံရှာသော အကြည့်များကို လျစ်လျူရှုပြီး မြေကမ္ဘာ သားရဲ ကို ရိုသေစွာ ပြောလိုက်သည်။

“လေးစားရတဲ့ မဟာမြေကမ္ဘာ သားရဲကြီး... ဒီမိန်းမနှစ်ယောက်ကို ခင်ဗျားအတွက် ဆက်သပါတယ်”

“ကောင်းတယ်... အရမ်း ကောင်းတယ်”

မြေကမ္ဘာ သားရဲက ဟားတိုက် ရယ်လိုက်၏။

ထိုအချိန်၌၊ ကျန်းကျင်းထျန်း သည် တင်းပိုင်ရွှယ် နှင့် ကျောက်ယွဲ့ရူ ကို ဆက်သလိုက်၏။ မျက်နှာပေါ်တွင် အပြုံးတုကြီး ဆင်မြန်းထားသော်လည်း ရင်ထဲတွင် အဆိပ်ပြင်းသော အတွေးများ ပြည့်နှက်နေသည်။

‘မြေကမ္ဘာ သားရဲ... မင်း ဇာတ်သိမ်းပြီသာ မှတ်။ ငါ့မိန်းမကို ထိရဲတယ်ပေါ့။ ငါ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ရောက်တာနဲ့ မင်းရဲ့ ခွေးခေါင်းကို ဖြတ်ပစ်မယ်...’

သို့သော် ကျန်းကျင်းထျန်း စိတ်ကူးယဉ်၍ မပြီးခင်မှာပင် မြေကမ္ဘာ သားရဲ သည် ရုတ်တရက် သူ့ဆီသို့ အရှိန်ပြင်းစွာ ပြေးဝင်လာပြီး ခေါင်းကို တစ်ချက်တည်း ကိုက်ဖြတ်လိုက်၏။

‘ခွပ်...’

ကျန်းကျင်းထျန်း နေရာတင် ပွဲချင်းပြီး သေဆုံးသွားသည်။

မြေကမ္ဘာ သားရဲ က သူ့ထက် ပိုရက်စက်လိမ့်မည်ဟု သူ လုံးဝ ထင်မထားခဲ့မိပေ။ ခဏလေး ပူးပေါင်းဆောင်ရွက်ခဲ့တာတောင်မှ သူ့ကို သတ်ပစ်လိုက်သည်တည်း။

“ငါ မကျေနပ်ဘူး”

မသေခင်လေးမှာ ကျန်းကျင်းထျန်း ဒေါသတကြီး အော်ဟစ်လိုက်သေးသည်။

“ဟီး ဟီး ဟီး... အခုတော့ မီးနဂါးသီးတွေလည်း ရပြီ၊ အလှလေး နှစ်ယောက်လည်း ရပြီ။ တကယ့် အကြီးစား ရိတ်သိမ်းမှုကြီးပါလား”

မြေကမ္ဘာ သားရဲ သည် အလင်းကွန်ရက် တစ်ခုကို မှုတ်ထုတ်လိုက်ပြီး တင်းပိုင်ရွှယ် နှင့် ကျောက်ယွဲ့ရူ တို့ကို ဖမ်းချုပ်လိုက်၏။

ချီစွမ်းအားများ ချိတ်ပိတ်ခံထားရသဖြင့် မိန်းကလေးနှစ်ယောက် လုံးဝ လှုပ်ရှား၍ မရတော့ပေ။

ထိုအချိန်တွင် တင်းပိုင်ရွှယ် ရင်ထဲ၌ နောင်တများ ပြည့်နှက်နေ၏။

ဟိုတုန်းကသာ သူမ သတ္တိရှိရှိနှင့် ဟိုယွင်ကျဲ ကို ဖွင့်ပြောခဲ့လျှင်... အခုချိန် သူတို့နှစ်ယောက် အတူတူ ရှိနေလောက်ပြီလား။

ကံဆိုးစွာနှင့်ပင်... အရာအားလုံး နောက်ကျသွားခဲ့ပါပြီ။

သူမတို့ နှစ်ယောက်က ကမ္ဘာမတူတော့ပါ။

“ဟူး...”

တင်းပိုင်ရွှယ် ကူရာမဲ့စွာ သက်ပြင်းချလိုက်မိသည်။

အခန်း (၃၈၀) - ဒါကို ဆောင်းလိုက်ပါ၊ မင်း..ဘုရင်အဖြစ် ဘိသိက်မြှောက်ခံရလိမ့်မယ်

~ကမ်းပါးယံအောက်ရှိ နွယ်ပင်များပေါ်တွင်...

ဟိုယွင်ကျဲ၊ ချောင်ကျားရှီး နှင့် လုံထျန်းရှင်း တို့သည် ကျွန်းပေါ်တွင် ဖြစ်ပျက်နေသမျှကို ကြည့်ရင်း မျက်လုံးများ ပြူးကျယ်ကာ အံ့သြနေကြ၏။

ကျန်းကျင်းထျန်းက တင်းပိုင်ရွှယ်နှင့် အခြား တပည့် (၂) ဦးအား လှည့်စားခဲ့သည်။ မြေကမ္ဘာသားရဲက ကျန်းကျင်းထျန်းအား ပြန်လည် လှည့်စားကာ လက်ဝါးကြီးအုပ်လိုက်ပြန်၏။

လှည့်ကွက်များ... အားလုံးမှာ လှည့်ကွက်များချည်းသာ ဖြစ်သည်။

အကယ်၍ သူတို့ (၃) ဦးသာ ဤနေရာသို့ မတော်တဆ ရောက်ရှိမလာခဲ့ပါက... မြေကမ္ဘာသားရဲသည် အကြီးမားဆုံး အကျိုးအမြတ်ကို ရရှိသွားမည့်သူ ဖြစ်လာမည်မှာ အသေအချာပင် ဖြစ်၏။

“ခရု နဲ့ ကြိုးကြာ ရန်ဖြစ်နေတုန်း... တံငါသည်က အကျိုးအမြတ် ရသွားတာပေါ့။ အခုတော့ တို့အလှည့် ရောက်ပြီ”

ဟိုယွင်ကျဲ သည် လုံထျန်းရှင်း နှင့် ချောင်ကျားရှီး တို့၏ ပခုံးကို ပုတ်လိုက်ပြီး မြေကြီးပေါ်သို့ ဆင်းသက်လိုက်ကြ၏။

ကျွန်းပေါ်တွင်...

မြေကမ္ဘာ သားရဲ သည် မျက်လုံးများကို မှေးစင်းလျက် တင်းပိုင်ရွှယ် နှင့် ကျောက်ယွဲ့ရူ တို့ကို စိုက်ကြည့်ရင်း ကောက်ကျစ်စွာ ရယ်လိုက်၏။

“မလုပ်နဲ့... ငါ့ကို မထိနဲ့”

ကျောက်ယွဲ့ရူ က လေနတ်ဘုရားမြို့တော် က မိသားစုကြီး တစ်ခုရဲ့ သမီးပင်။ ပါရမီ သိပ်မကောင်းပေမယ့် စည်းစိမ်ဥစ္စာ ပြည့်စုံစွာ မွေးဖွားလာသူ ဖြစ်ပြီး ယခုလို အရှက်ခွဲခံရမျိုး တစ်ခါမှ မကြုံဖူးခဲ့ပေ။

အခုတော့ မြေကမ္ဘာ သားရဲ တစ်လှမ်းချင်း တိုးလာတာ မြင်နေရပြီး၊ မကြာခင် ဖြစ်ပျက်တော့မယ့် ဆိုးရွားသော အခြေအနေကို တွေးကာ အော်ဟစ် ငိုကြွေးနေ၏။

“မဟာ နတ်ဆိုးဗိုလ်ချုပ်ကြီး... ရှင်... ရှင် သူ့ဆီကို အရင် သွားမလားဟင်”

ကိုယ့်ကိုယ်ကိုယ် အသက်ရှင်ဖို့အတွက် ကျောက်ယွဲ့ရူ သည် ဘေးနားရှိ တင်းပိုင်ရွှယ် ကို စူးရဲစွာ ကြည့်လိုက်ပြီး ကံဆိုးမိုးမှောင်ကျမှုကို လွှဲချရန် ကြိုးစားလိုက်၏။

“နင်... အရှက်မရှိလိုက်တာ”

တင်းပိုင်ရွှယ် သည် ကျောက်ယွဲ့ရူ ကို အေးစက်စွာ ပြန်ကြည့်လိုက်၏။ ဂုဏ်သရေရှိ မိသားစုကြီး တစ်ခုရဲ့ သခင်မလေးက ဒီလောက်ထိ စက်ဆုပ်ရွံရှာဖွယ် ကောင်းလိမ့်မည်ဟု သူမ ထင်မထားခဲ့မိပေ။

“မရဘူး... ငါက မင်းလို မိန်းမမျိုးကို ပိုကြိုက်တယ်။ အပေါ်ယံ ကြည့်ရင်တော့ အပြစ်ကင်းစင်မယ့်ပုံ ပေါက်ပေမယ့်... တကယ်တမ်းကျတော့ လုံးဝ အပြစ်မကင်းတဲ့ မိန်းမမျိုးလေ။ မနက်ဖြန်ကျရင် မင်းကနေ စလိုက်မယ်... ဟဲ ဟဲ”

မြေကမ္ဘာ သားရဲ ခုန်အုပ်လိုက်ပြီး ကျောက်ယွဲ့ရူ ဆီသို့ ဦးတည်သွားသည်။

“အား...”

ကျောက်ယွဲ့ရူ ၏ ပါးစပ်မှ အော်သံကြီး ထွက်ပေါ်လာသည်။

တင်းပိုင်ရွှယ် သည် ထိုမြင်ကွင်းကို ကြည့်ရင်း မဖော်ပြနိုင်သော ကျေနပ်မှုကို ခံစားလိုက်ရသော်လည်း၊ မကြာမီ သူမလည်း ထိုကံကြမ္မာဆိုးနှင့် ကြုံရတော့မည်ကို တွေးမိပြီး မျက်နှာ ဖြူဖျော့သွားရသည်။

‘ဘုန်း... ဘုန်း... ဘုန်း...’

လေးလံသော အရာဝတ္ထုများ မြေကြီးပေါ်သို့ ကျရောက်သံ (၃) သံ ထွက်ပေါ်လာ၏။

မြေကမ္ဘာ သားရဲ၊ ကျောက်ယွဲ့ရူ နှင့် တင်းပိုင်ရွှယ် တို့ အသံကြားရာသို့ လှည့်ကြည့်လိုက်ကြရာ ဟိုယွင်ကျဲ၊ လုံထျန်းရှင်း နှင့် ချောင်ကျားရှီး တို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ သူတို့ ဆင်းသက်လိုက်သော နေရာရှိ မာကျောသော ကျောက်သားများတွင် ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ဖြစ်ပေါ်သွား၏။

“မင်းတို့...”

မြေကမ္ဘာ သားရဲ သည် ဟိုယွင်ကျဲ ကို မြင်လိုက်ရသောအခါ မျက်လုံးအိမ် ကျဉ်းမြောင်းသွားသည်။

ဟိုတစ်ခါက ချောင်ကျားရှီး၏ သွေးကြောစွမ်းအားကို လိုချင်၏ တိုက်ခိုက်တုန်းက ဟိုယွင်ကျဲ၏ ဓားချက်နှင့် လွင့်ထွက်သွားခဲ့ရတာကို သူ ကောင်းကောင်းကြီး မှတ်မိနေပါသည်။

အချိန်မီ မပြေးခဲ့လျှင် သူ သေနေလောက်ပြီ ဖြစ်၏။

ဟိုယွင်ကျဲ ကောင်းကင်မှ ဆင်းသက်လာသည်ကို မြင်လိုက်ရသောအခါ တင်းပိုင်ရွှယ် မျက်ဝန်းထဲတွင် မျက်ရည်များ ပြည့်လျှံလာပြီး ဘာပြောရမှန်း မသိ ဖြစ်နေသည်။

“ရှင်က ဟိုယွင်ကျဲ မဟုတ်လား။ မြန်မြန်... ကျွန်မကို ကယ်ပါဦး။ ကယ်ပေးရင် ရှင့်ကို တစ်သက်လုံး ပြုစုပါ့မယ်။ တခြား မိန်းမတွေ မသိတာတွေ အကုန်လုံး ကျွန်မ သိတယ်”

ရေနစ်နေသူက ကောက်ရိုးမျှင်ကို လှမ်းဆွဲသကဲ့သို့ ကျောက်ယွဲ့ရူ အော်ဟစ်လိုက်၏။

“ပါးစပ်ပိတ်ထားစမ်း... ယုတ်မာတဲ့ မိန်းမ”

မြေကမ္ဘာ သားရဲ သည် ကျောက်ယွဲ့ရူ ကို တန်းခနဲ မျိုချပစ်လိုက်၏။ သူမ၏ စွမ်းအားများကို စုပ်ယူပြီး ကိုယ့်ကိုယ်ကိုယ် အားဖြည့်လိုက်သည်။

“နဂါးအကြေးခွံ ချပ်ဝတ်”

မြေကမ္ဘာ သားရဲ ၏ အရေပြားပေါ်တွင် မာကျောသော နဂါးအကြေးခွံများ လျင်မြန်စွာ ဖုံးလွှမ်းသွားပြီး အေးစက်သော သတ္တုရောင် တောက်ပနေ၏။

သို့သော် စွမ်းအား မလုံလောက်သေးဟု ခံစားရသဖြင့် တင်းပိုင်ရွှယ် ကိုပါ မျိုချရန် ပါးစပ်ကို ဟလိုက်သည်။

ဟိုယွင်ကျဲ ဘာမှ မပြောပေ။ သို့သော် သူ့လက်ထဲရှိ ‘အေးစက် အလင်းဓား’ သည် ဓားအိမ်ထဲမှ ထွက်နေပြီ ဖြစ်၏။

‘ချွင်...’

အေးစက်သော ဓားအလင်းတန်း တစ်ခု ဝေဝါးသွားသည်။ ၎င်းသည် ကမ္ဘာပေါ်တွင် အထက်မြက်ဆုံး ရတနာဓား တစ်လက် အလား ဟိုယွင်ကျဲ ၏ ပါးပြင်ပေါ်တွင် အရိပ်ထင်ဟပ်နေပြီး၊ သူ့ကို အလွန် အေးစက် တည်ငြိမ်နေစေ၏။

‘ရွှပ်...’

မြေကမ္ဘာ သားရဲ လှမ်းလိုက်သော လက်သည်းကြီး ပြတ်ထွက်သွားပြီး မြေကြီးပေါ်သို့ ပြုတ်ကျသွားသည်။

“စွမ်းလိုက်တာ...”

တင်းပိုင်ရွှယ် သည် ဟိုယွင်ကျဲ ကို ကြည့်ရင်း အံ့သြနေမ်ိ၏။

‘ နောက်ဆုံး တွေ့ခဲ့တုန်းကနဲ့ ယှဉ်ရင် သူ အများကြီး ပိုသန်မာလာပါလား။

ဓားတစ်ချက်တည်းနဲ့ ‘အနိမ့်အဆင့် နတ်ဆိုးဗိုလ်ချုပ်’ ရဲ့ လက်သည်းကို ဖြတ်ပစ်နိုင်တယ်တဲ့လား။ ’

“ဝေါင်း...”

မြေကမ္ဘာ သားရဲ သည် ပြိုင်ဘက် မဟုတ်မှန်း သိလိုက်သဖြင့် လှည့်ပြေးရန် ပြင်လိုက်၏။ သို့သော် ပြတ်ထွက်သွားသော လက်သည်းမှတဆင့် ရေခဲများ ဖုံးလွှမ်းလာပြီး တစ်ကိုယ်လုံး အေးခဲသွားကာ လှုပ်ရှားမရ ဖြစ်သွားသည်။

သူသည် တစ်ကိုယ်လုံးရှိ သွေးနှင့် ချီစွမ်းအားများကို လှည့်ပတ်ပြီး ရေခဲများကို ခွဲထုတ်ရန် ကြိုးစားလိုက်၏။

သို့သော် တောက်ပပြီး အေးစက်သော ဓားအလင်းတန်း တစ်ခု ဖြတ်သန်းသွားပြီး၊ မြေကမ္ဘာ သားရဲ ၏ ခေါင်းသည် ကောင်းကင်သို့ မြောက်တက်သွားကာ မြေကြီးပေါ်သို့ လိမ့်ကျသွားသည်။

‘ချွင်...’

ဟိုယွင်ကျဲ ဓားကို ပြန်သိမ်းလိုက်၏။ သူ့မျက်နှာထားသည် ခံစားချက် ကင်းမဲ့နေသည်။

‘ရက်စက်သော ဓားစိတ်ဆန္ဒ’ ကို နားလည်သဘောပေါက်ပြီးနောက် သူ၏ တိုက်ခိုက်ရေး စွမ်းရည်မှာ အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့သည်။ မိုယင်၊ မူရူရွှယ် တို့ကဲ့သို့သော ပါရမီရှင်များနှင့် ယှဉ်လျှင် မမီသေးသော်ငြား... သာမန် အဆင့်တူ ကျင့်ကြံသူများကိုမူ ဟင်းသီးဟင်းရွက် လှီးဖြတ်သကဲ့သို့ လွယ်ကူစွာ ခုတ်ထစ်ပစ်နိုင်ပြီ ဖြစ်၏။

“မိတ်ဆွေတင်း... အဆင်ပြေရဲ့လား”

ချောင်ကျားရှီး နှင့် လုံထျန်းရှင်း တို့သည် တင်းပိုင်ရွှယ် ကို ချည်နှောင်ထားသော ပိုက်ကွန်များကို ဆွဲဖြတ်ပေးလိုက်ပြီး ချိတ်ပိတ်ထားသော စွမ်းအားများကို ပြန်ဖွင့်ပေးလိုက်၏။

သို့သော် ဟိုယွင်ကျဲ က သူမဘက်ကို ကျောပေးထားပြီး မြေကမ္ဘာ သားရဲ အလောင်းဘေးတွင် ရပ်နေသည်ကို ကြည့်ရင်း တင်းပိုင်ရွှယ် ဘာပြောရမှန်း မသိ ဖြစ်နေသည်။

လေထုက အနည်းငယ် လေးလံနေ၏။

ချောင်ကျားရှီး နှင့် လုံထျန်းရှင်း တို့ နှစ်ယောက်သား နေရခက်စွာဖြင့် ဘေးတွင် ရပ်နေကြသည်။

“မင်း သွားသင့်ပြီ”

နောက်ဆုံးတွင် ဟိုယွင်ကျဲ သည် သူတို့ လာခဲ့သော လမ်းဘက်ကို ညွှန်ပြပြီး ပြောလိုက်၏။

“အဲဒီလမ်းကြောင်း တစ်လျှောက်လုံးကို ငါတို့ ညီအစ်ကို (၃) ယောက် ရှင်းလင်းထားပြီးပြီ။ အလယ်အလတ်အဆင့် နတ်ဆိုးစစ်သည် အထက် သားရဲကောင်တွေ မရှိတော့ဘူး”

ငါ့ကို သွားခိုင်းနေတာလား။

တင်းပိုင်ရွှယ် မျက်နှာ ညှိုးငယ်သွားသည်။

သူမ အသက်ပြင်းပြင်း ရှူလိုက်၏။ မြေကြီးပေါ်တွင် ကျနေသော အဆင့်နိမ့် ဝိညာဉ်ဓားကို ကောက်ယူလိုက်ပြီး နှုတ်ခမ်းကို ကိုက်ကာ တစ်ခုခု ပြောချင်သော်လည်း ဘယ်က စပြောရမှန်း မသိ ဖြစ်နေ၏။

ဟိုယွင်ကျဲ ခေါင်းပေါ်ရှိ အစိမ်းရောင် ဦးချိုပုံစံ ဦးထုပ်ကို မော့ကြည့်ရင်း ခဏ စဉ်းစားလိုက်ပြီးမှ ပြောလိုက်၏။

“အစ်ကိုကြီးဟို... ကျွန်မ...”

“ဘာမှ မပြောပါနဲ့တော့”

ဟိုယွင်ကျဲ သည် တင်းပိုင်ရွှယ် ကို ကျောပေးထားဆဲပင်။ ကျောက်နံရံပေါ်တွင် ဖုံးလွှမ်းနေသော နွယ်ပင်များကို မော့ကြည့်လိုက်၏။

‘ဒီနေရာက ရှုခင်းတွေက ငါ ‘စိတ်ကူးယဉ် နယ်ပယ်’ ထဲမှာ မြင်ခဲ့ရတာတွေနဲ့ တော်တော် တူတာပဲ။ အကုန်လုံးက စိမ်းလန်းနေတာပဲ။ စိတ်မသက်မသာ ဖြစ်ရလောက်အောင်ကို စိမ်းလန်းနေတာ’

မြေအောက် ကမ္ဘာ၊ စိမ်းပြာရောင် ပင်လယ်ရေ၊ အစိမ်းရောင် နွယ်ပင်တွေ၊ ကျွန်းပေါ်က နှစ်တစ်ထောင် မီးနဂါးသီးပင်။

အရာအားလုံးက အစိမ်းရောင်တွေချည်းပဲ။

ဟုတ်တယ်... အရမ်း ကျန်းမာရေးနဲ့ ညီညွတ်တာပေါ့။

ဟိုယွင်ကျဲ ကိုယ့်ကိုယ်ကိုယ် သရော်ပြီး ရယ်လိုက်၏။

ထို့နောက်.. ခေါင်းပေါ်မှ ဦးထုပ်ကို ချွတ်လိုက်ပြီး လှည့်ကြည့်လိုက်ရာ တင်းပိုင်ရွှယ် ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုနှင့် ဆုံးရှုံးမှု အရိပ်အယောင်များ ရောထွေးနေသည်ကို တွေ့လိုက်ရသည်။

“ဒီဦးထုပ်ကို ဂိုဏ်းချုပ်က ငါ့ကို ပေးခဲ့တာ။ သူက ငါ့ကို ‘ကြံ့ကြံ့ခံပါ’ လို့ ပြောခဲ့တယ်။ အခုတော့ ငါ စိတ်ရှုပ်ထွေးမှုတွေထဲကနေ ရုန်းထွက်နိုင်ခဲ့ပြီ ဆိုတော့... ဒီဦးထုပ်က တကယ် အသုံးဝင်ခဲ့တာပဲ။ ဒီနေ့... ဒါကို မင်းကို ပေးလိုက်မယ်”

သူ လျှောက်လာပြီး လူတိုင်း၏ အံ့သြနေသော မျက်လုံးများအောက်တွင် အစိမ်းရောင် ဦးချိုပုံစံ ဦးထုပ်ကို တင်းပိုင်ရွှယ် ၏ ခေါင်းပေါ်သို့ ဆောင်းပေးလိုက်၏။

သူမ၏ ပခုံးကို ပုတ်ပေးရင်း ဟိုယွင်ကျဲ ပြောလိုက်သည်။

“ဒါကို ဆောင်းလိုက်ပါ... မင်း ဘုရင်တစ်ပါး အဖြစ် ဘိသိက်မြှောက်ခံရလိမ့်မယ်။ ဒီနေ့ကစပြီး မင်းမှာ အဆုံးအစမဲ့ စွမ်းအားတွေ၊ အလားအလာတွေ ပိုင်ဆိုင်လာပြီး အမှောင်ရိပ်ထဲကနေ ရုန်းထွက်နိုင်ပါလိမ့်မယ်”

“ဒီနေ့ကစပြီး... ကိုယ့်လမ်းကိုယ် လျှောက်ကြစို့”

ဘေးနားတွင် ရပ်နေသော ချောင်ကျားရှီး နှင့် လုံထျန်းရှင်း တို့သည် ဖြစ်ပျက်သမျှ အားလုံးကို မြင်တွေ့လိုက်ရပြီး ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။

သူတို့ ဘာတွေ ဖြစ်နေလဲ ဆိုတာ လုံးဝ နားမလည်နိုင်တော့ပေ။

နောက်ကွယ်တွင်...

ယဲ့ဖုန်းသည် ‘ပျော်ရွှင်ခြင်း ရေ’ ကို သောက်ရင်း ‘ကောင်းကင်မေးမြန်း ကြေးမုံပြင်’ ကို ဖွင့်ကြည့်လိုက်ရာ ဟိုယွင်ကျဲ က တင်းပိုင်ရွှယ် ကို အစိမ်းရောင် ဦးထုပ် ဆောင်းပေးနေသည်ကို အံကိုက် မြင်တွေ့လိုက်ရသည်။

‘ဖူး...’

ယဲ့ဖုန်း ပါးစပ်ထဲမှ ရေများ ပန်းထွက်ကုန်သည်။

“ရှယ်ပဲကွာ...”

ယဲ့ဖုန်း ဘာပြောရမှန်း မသိတော့ဘဲ နောက်ဆုံးတွင် ထိုစကားသာ ထွက်လာတော့သည်။

အစိမ်းရောင် ဦးချိုပုံစံ ဦးထုပ်ကို ဆောင်းလိုက်ရင် ဘုရင်တစ်ပါး အဖြစ် ဘိသိက်မြှောက်ခံရမယ်၊ အဆုံးအစမဲ့ စွမ်းအားတွေ ရလာမယ်၊ ပြီးတော့ အမှောင်ရိပ်ထဲကနေ ရုန်းထွက်နိုင်မယ် ဟုတ်လား။

ယွင်ကျဲ... မင်းရဲ့ စိတ်ကူးစိတ်သန်းတွေက ငါ လိုက်မမီနိုင်အောင် ကောင်းလွန်းပါတယ်ကွာ။

ယဲ့ဖုန်း မျက်နှာကို လက်ဝါးဖြင့် အုပ်လိုက်ပြီး ခါးသီးစွာ ပြုံးလိုက်မိသည်။

ဟိုယွင်ကျဲ တစ်ခုခုကို အကြီးအကျယ် နားလည်မှု လွဲနေပြီဟု သူ ခံစားလိုက်ရ၏။

မြေအောက် ကမ္ဘာရှိ ကျွန်းပေါ်တွင်...

တင်းပိုင်ရွှယ် သည် သူမရှေ့ရှိ ဟိုယွင်ကျဲ ကို ချစ်ခင်စုံမက်စွာ ကြည့်လိုက်သည်။ ခေါင်းပေါ်ရှိ ဦးထုပ်ကို ပြင်ဆောင်းလိုက်ရာ သူ့ကိုယ်သင်းနံ့လေးကို ရလိုက်သဖြင့် မေးလိုက်၏။

“ဒါကို ဆောင်းထားရင်... တကယ်ပဲ စွမ်းအားတွေ ရလာမှာလားဟင်”

ဟိုယွင်ကျဲ ပြန်မဖြေပေ။

သူတို့ လာခဲ့သော လမ်းဘက်ကို ညွှန်ပြလိုက်၏။ စကားပြောစရာ မလိုဘဲ အဓိပ္ပာယ် ရှင်းလင်းနေသည်။

ဒါက “နှင်လွှတ်ခြင်း” ပါပင်။

တင်းပိုင်ရွှယ် နှုတ်ခမ်းကို ကိုက်လိုက်၏။ ဦးထုပ်ကို သေချာ ပြင်ဆောင်းလိုက်ပြီး ဟိုယွင်ကျဲ ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။

“အစ်ကိုဟို... ရှင် ကျွန်မကို အထင်သေးနေမယ် ဆိုတာ သိပါတယ်။ စိတ်ပျက်တာလည်း ဖြစ်နိုင်သလို၊ ရွံရှာတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့... ကျွန်မ ကြိုးစားပါ့မယ်။ တစ်နေ့ကျရင်...

... ကျွန်မ ရှင့်ခြေရာနောက်ကို ထပ်ပြီး လိုက်ပါ့မယ်”

ပြောပြီးသည်နှင့် သူမ ပြတ်ပြတ်သားသား လှည့်ထွက်လိုက်၏။ မျက်ရည်များ လေထဲတွင် လွင့်ပျံသွားသည်။

‘တောက်...’

မျက်ရည်ပေါက်များ မြေကြီးပေါ်သို့ ကျဆင်းသွားချိန်တွင် တင်းပိုင်ရွှယ် သည် ဓားပျံစီး၍ ထွက်ခွာသွားပြီ ဖြစ်၏။ ကျက်သရေရှိသော်လည်း အထီးကျန် ဆွေးမြေ့ဖွယ် ကောင်းသော ကျောပြင်တစ်ခုကိုသာ ချန်ထားရစ်ခဲ့သည်။

ကျယ်ပြောလှသော ကျွန်းပေါ်တွင် ဟိုယွင်ကျဲ၊ လုံထျန်းရှင်း နှင့် ချောင်ကျားရှီး တို့ (၃) ဦးသာ ကျန်ရစ်ခဲ့သည်။

‘ဝုန်း...’

လှိုင်းလုံးများ ကမ်းခြေကို ရိုက်ခတ်ပြီး ရေစက်များ ဖြာထွက်သွားသည်။

ထိုအခိုက်အတန့်တွင် တင်းပိုင်ရွှယ် ၏ နှလုံးသား ကွဲကြေသွားသလိုပါပင်…။

အခန်း (၃၈၁) - ပင်လယ်အောက် လူသားမျိုးနွယ်၊ ရှေးဟောင်း အကအလှ

~“ဒုတိယ စီနီယာအစ်ကိုကြီး... သူ ထွက်သွားပြီ”

ချောင်ကျားရှီး တိုးတိုးလေး ပြောလိုက်၏။ တင်းပိုင်ရွှယ် မြင်ကွင်းမှ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ဟိုယွင်ကျဲ စကားတစ်ခွန်းမှ မပြောဘဲ ခေါင်းညိတ်လိုက်၏။

လုံထျန်းရှင်း ကမူ မြင့်မြတ်သော လေ ဓားဂိုဏ်း တပည့် (၄) ယောက်၏ အလောင်းများမှ သိုလှောင်လက်စွပ်များကို ချွတ်ယူနေ၏။ အသုံးဝင်မည့် ပစ္စည်းများကို သိမ်းဆည်းပြီး မလိုအပ်သည်များကို ပင်လယ်ထဲသို့ လွှင့်ပစ်လိုက်၏။

ထို့နောက် သူတို့ (၃) ဦးသည် နှစ်တစ်ထောင် မီးနဂါးသီးပင် ကို အာရုံစိုက်လိုက်ကြ၏။

အကိုင်းအခက်များပေါ်တွင် မီးနဂါးသီး (၅) လုံး တွဲလျားခိုနေပြီး၊ မျက်နှာပြင်ပေါ်တွင် ခရမ်းရောင် သန်းသော အနီရောင် မီးတောက်များ ဖုံးလွှမ်းနေ၏။ ထူးဆန်းသော အငွေ့အသက်များ ထွက်ပေါ်နေ၏။

“ဒီမီးတောက်တွေက ‘မီးမူလစွမ်းအား’ ပဲ။ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကို ရောက်အောင် ကူညီပေးနိုင်တယ်”

လုံထျန်းရှင်း သည် ‘ဝိညာဉ်ပိုးမျှင် လက်အိတ်’ တစ်စုံကို ထုတ်ယူလိုက်ပြီး မီးနဂါးသီးများကို ခူးဆွတ်ရန် ပြင်လိုက်၏။ သို့သော် လက်အိတ်များသည် ချက်ချင်း မီးလောင်ကျွမ်းသွားသည်။

သူ့လက်ဖဝါးများပင် ပူလောင်သွားသည်ကို ခံစားလိုက်ရသည်။

“ငါ့လို နဂါးသွေးမျိုးဆက် အသွင်ပြောင်း ထားတဲ့သူတောင် နာကျင်နေတာ။ သာမန် ချီစုစည်းခြင်း အဆင့် ကျင့်ကြံသူတွေသာ ဆိုရင် လက်တွေ ပြာကျသွားလောက်တယ်”

လုံထျန်းရှင်း အံ့သြသွားသည်။

ပြင်းထန်သော နာကျင်မှုကို အောင့်အီးလျက် လုံထျန်းရှင်း သည် မီးနဂါးသီး (၅) လုံးကို ခူးဆွတ်လိုက်၏။

“စီနီယာအစ်ကိုကြီး... ဒီ နှစ်တစ်ထောင် မီးနဂါးသီးပင် ကို တူးယူသွားမလား”

ချောင်ကျားရှီး က ဟိုယွင်ကျဲ ကို မေးလိုက်သည်။

“တူးလိုက်”

ဟိုယွင်ကျဲ ခေါင်းညိတ်လိုက်၏။

ချောင်ကျားရှီး နှင့် လုံထျန်းရှင်း တို့ အလုပ်စလုပ်ကြ၏။

သို့သော် အချိန်အတော်ကြာ တူးဆွပြီးနောက် အပင်၏ အမြစ်ကို ရှာမတွေ့ဘဲ ဖြစ်နေ၏။ အစားထိုး အနေဖြင့် ကျွန်းအလယ်ဗဟိုတွင် မြေအောက်သို့ ဆင်းသွားသော (၁) မီတာ အချင်းရှိသည့် လမ်းကြောင်းတစ်ခုကို တွေ့ရှိလိုက်ရသည်။

သူတို့ မြင်နေရသော မီးနဂါးသီးပင် ဆိုတာ ဒီလမ်းကြောင်း အောက်ဘက်ကနေ ထွက်ပေါ်လာသည့် အကိုင်းအခက် တစ်ခုမျှသာ ဖြစ်နေ၏။

“အောက်ဆင်းကြည့်ရအောင်... ငါ ရှေ့က သွားမယ်။ သတိထားကြ”

ဟိုယွင်ကျဲ သည် လက်ချောင်းများကို ဓားသဏ္ဌာန် ပြုလုပ်လိုက်သည်။ ‘အေးစက် အလင်းဓား’ ၏ ထိပ်ဖျားကို အောက်ဘက်သို့ ချိန်ရွယ်လိုက်ပြီး ခန္ဓာကိုယ်ကို လှည့်ပတ်ကာ ကာကွယ်ထားလိုက်၏။

ချောင်ကျားရှီး နှင့် လုံထျန်းရှင်း တို့ ထပ်ကြပ်မကွာ လိုက်ပါသွားကြ၏။

နောက်ကွယ်တွင်...

ယဲ့ဖုန်း သည် ထိုမြင်ကွင်းကို ကြည့်ရင်း မေးစေ့ကို ပွတ်သပ်နေမိသည်။

“မြေအောက်မှာ ဘာတွေ ရှိနေတာလဲ”

သူလည်း စူးစမ်းချင်စိတ် ဖြစ်ပေါ်လာ၏။

‘ကောင်းကင်မေးမြန်း ကြေးမုံပြင်’ ကို ပြုပြင်မွမ်းမံပြီးနောက် စောင့်ကြည့်နိုင်သော အကွာအဝေး ကျယ်ပြန့်လာသော်လည်း၊ မိုင်ထောင်ချီ ဝေးကွာသော မြင့်မြတ်သော လေ ဓားဂိုဏ်း အနီးတစ်ဝိုက်ကို မြူခိုးဂိုဏ်း မှ တိုက်ရိုက် ကြည့်ရှုရန် မလုံလောက်သေးပေ။

ယခု ဟိုယွင်ကျဲ တို့ အဖွဲ့ကို မြင်တွေ့နေရခြင်းမှာ ကြေးမုံပြင်၏ လုပ်ဆောင်ချက် အသစ်ကြောင့် ဖြစ်သည်။

မြူခိုးဂိုဏ်း တပည့်၊ ဝိညာဉ်လက်နက်၊ ဝိညာဉ်သားရဲ၊ မြက်ပင် တစ်ပင် မကျန်... မြူခိုးဂိုဏ်း၏ အမှတ်အသား ပါရှိနေသရွေ့၊ ကြေးမုံပြင်၏ စောင့်ကြည့်မှု အောက်တွင် ရှိနေမည် ဖြစ်သည်။

မြေအောက် လမ်းကြောင်းသည် ရှည်လျားလှ၏။

မီတာ ရာချီ ဆင်းသက်ပြီးနောက် သူတို့ (၃) ဦးသည် ကြီးမားကျယ်ပြန့်သော မြေအောက် ကမ္ဘာတစ်ခုသို့ ရောက်ရှိသွားကြသည်။

ကောင်းကင် ဝိုင်းဝိုင်း၊ မြေကြီး လေးထောင့်ပုံစံ ကမ္ဘာတစ်ခု ကဲ့သို့ ဖြစ်ပြီး၊ အမြင့် (၁) ကီလိုမီတာ၊ အချင်း မိုင် (၁၀၀) ကျော် ရှိ၏။ ကျောက်နံရံများပေါ်တွင် မီးနဂါးသီးပင်များ တွားသွား ပေါက်ရောက်နေသည်။

ထို့အပြင် အလင်းရောင် ထုတ်လွှတ်သော အပင်များစွာ ရှိနေသဖြင့် မြေအောက် ကမ္ဘာကို လင်းထိန်နေစေ၏။

ကျောက်နံရံများ၏ အောက်ဘက်တွင် ကျယ်ပြန့်သော စိမ်းပြာရောင် ပင်လယ်ရေပြင် ရှိပြီး၊ ကမ်းခြေများတွင် ကျွန်းငယ်လေးများ ဟိုမှသည် သည်မှသည် ပေါ်ထွက်နေသည်။

ဟိုယွင်ကျဲ သည် အပေါ်ဘက်တွင် ထူးဆန်းသော သတ္တဝါအချို့ကို တွေ့လိုက်ရ၏။

လူသားများနှင့် အတော်လေး တူသော်လည်း၊ ပါးပြင်ပေါ်တွင် အပြာရောင် ပါးဟက်များ ပါရှိပြီး လက်မောင်းနှင့် ခြေထောက် ဘေးဘက်များတွင် ငါးဆူးတောင်များ ပါရှိကာ လိုသလို ပြန်သိမ်းဆည်းနိုင်သည်။

“ပင်လယ်လူသား မျိုးနွယ် ပဲ”

ချောင်ကျားရှီး မျက်လုံးများ ပြူးကျယ်သွားသည်။

ဟိုယွင်ကျဲ နှင့် လုံထျန်းရှင်း တို့ အံ့သြစွာ ကြည့်လိုက်ကြ၏။

ချောင်ကျားရှီး အလျင်အမြန် ရှင်းပြလိုက်သည်။

“အစတုန်းက ကျွန်တော်လည်း မသိပါဘူး။ ဒါပေမဲ့ စီနီယာအစ်မ ကျီဇီလင်း က စာဖတ်ဝါသနာပါပြီး ဗဟုသုတ ကြွယ်ဝတယ်လေ။ သူ ဖတ်တဲ့ စာအုပ်တွေထဲမှာ ပင်လယ်လူသား မျိုးနွယ် အကြောင်း ပါတယ်။ ကျွန်တော်လည်း အဲဒီကနေ သိလာတာ”

“ကျီဇီလင်း သိတာတော့ မဆန်းပါဘူး။ သူက ‘သိုင်းကျမ်းဆောင်’ ကြီးကြပ်သူပဲလေ။ ဒါပေမဲ့ မင်းက ဘယ်လိုလုပ် သိတာလဲ”

ဟိုယွင်ကျဲ မျက်လုံးပြူးကာ မေးလိုက်၏။

“ပြောရရင်တော့ ရှည်ပါတယ်။ စီနီယာအစ်မက စာဖတ်ပြီးရင် စာအုပ်ကို ကျွန်တော့်ဆီ ပေးပြီး မေးခွန်းပြန်မေးခိုင်းတယ်။ သူ မှတ်မိ၊ မမှတ်မိ စစ်ဆေးတာပေါ့။ အဲဒီလို လုပ်ရင်းနဲ့ ကျွန်တော်လည်း တော်တော်များများ သိလာတာ”

ချောင်ကျားရှီး စိတ်ပျက်လက်ပျက် ပြောလိုက်၏။

သူက ကြိုးကြိုးစားစား ကျင့်ကြံချင်တာ။ ကျီဇီလင်း ရဲ့ အစေခံ မလုပ်ချင်ပါချေ။

“ဒါနဲ့... ပင်လယ်လူသား မျိုးနွယ် ဆိုတာ ဘာလဲ”

လုံထျန်းရှင်း စိတ်ဝင်တစား မေးလိုက်၏။

“သူတို့က သမုဒ္ဒရာထဲမှာ နေထိုင်တဲ့ လူသားမျိုးနွယ် တစ်မျိုးပဲ။ ပုံမှန် လူသားတွေနဲ့ မိတ်လိုက်လို့ ရတယ်လို့ ပြောကြတယ်။ မွေးလာတဲ့ ကလေးတွေက လူသားပုံစံ အပြည့်အဝ ရှိပေမယ့် ရေအောက်မှာ အသက်ရှူနိုင်ပြီး ငါးတွေလို လျင်မြန်ကြတယ်တဲ့”

ချောင်ကျားရှီး ရှင်းပြလိုက်၏။

“ဒါပေမဲ့... ပင်လယ်လူသားတွေက ပင်လယ်နက်ထဲမှာ နေရမှာ မဟုတ်ဘူးလား။ ဘာလို့ မြေအောက် ရောက်နေရတာလဲ”

လုံထျန်းရှင်း မျက်လုံးလှန်ကြည့်ပြီး အောက်ဘက်ကို လက်ညှိုးထိုးပြလိုက်သည်။

“ဒါ ပင်လယ်အသေးစားလေး မဟုတ်လို့လား”

“သြော်... ဟုတ်သားပဲ”

ချောင်ကျားရှီး ခေါင်းညိတ်လိုက်၏။

ထိုအချိန်တွင် ပင်လယ်လူသား အများအပြားသည် ကျောက်နံရံများပေါ်တွင် တွယ်တက်နေကြပြီး ကျောပေါ်တွင် ရောင်စုံခရုခွံများဖြင့် ပြုလုပ်ထားသော ခြင်းတောင်းများကို လွယ်ထားကြသည်။ အထူး ပြုလုပ်ထားသော ငါးဖမ်းလှံတံများကို အသုံးပြုပြီး ရင့်မှည့်နေသော မီးနဂါးသီးများကို ခူးဆွတ်ကာ ခြင်းတောင်းများဖြင့် ဖမ်းယူနေကြ၏။

“နှစ်တစ်ထောင် မီးနဂါးသီးတွေ အများကြီးပါလား”

သူတို့ (၃) ဦး ဘေးဘီဝဲယာကို ကြည့်လိုက်ရာ အနည်းဆုံး အလုံး (၁၀၀) ၊ (၁၀၀၀) မက ရှိနေကြောင်း တွေ့လိုက်ရသည်။

ဒီအသီးတွေ အကုန်လုံးသာ ဆေးဖော်လိုက်ရင်... ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ရောက်ဖို့ အထောက်အကူပြုတဲ့ ဆေးလုံးတွေ ဘယ်လောက်တောင် ရလိုက်မလဲ။

“မင်းတို့ ဒီမှာ ဘာလုပ်နေကြတာလဲ”

ထိုအချိန်တွင် ခရုခွံခြင်းတောင်း လွယ်ထားသော ပင်လယ်လူသား မိန်းကလေး တစ်ဦးသည် အနီးနားသို့ ရောက်လာပြီး နွယ်ပင်များပေါ်တွင် ရပ်နေသော ဟိုယွင်ကျဲ တို့ကို တွေ့သွားသည်။

“ဟာ... နင်တို့ အသီး လာခိုးတာ မဟုတ်လား”

မိန်းကလေးသည် နောက်သို့ အလျင်အမြန် ဆုတ်လိုက်ပြီး ငါးဖမ်းလှံတံကို ကိုင်ကာ ဟိုယွင်ကျဲ တို့ကို သတိထား စောင့်ကြည့်လိုက်၏။

ဟိုယွင်ကျဲ တို့ တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြသည်။

ငါတို့ပုံစံက အသီးခိုးမယ့် ပုံ ပေါက်နေလို့လား။

ဗြောင်ကျကျ ယူတာကို ခိုးတယ်လို့ ခေါ်လို့ ရမလား။

“ဘယ်သူတွေလဲ”

နောက်ထပ် ပင်လယ်လူသား အများအပြားကလည်း ဟိုယွင်ကျဲ တို့ကို တွေ့ရှိသွားကြ၏။

“အပေါ်က ဆင်းလာတဲ့ လူသားတွေပဲ”

“မြန်မြန် ဝိုင်းထားလိုက်။ ငါတို့ရဲ့ ‘နတ်ဘုရား ပူဇော်သက္ကာ အသီး’ တွေကို အခိုးခံလို့ မဖြစ်ဘူး”

နတ်ဆိုးဗိုလ်ချုပ် အဆင့် ရှိသော ပင်လယ်လူသား ပညာရှင် အုပ်စုကြီး တစ်စု ကောင်းကင်သို့ ပျံတက်လာသည်။

မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့ (၃) ဦး ဝိုင်းရံ ပိတ်ဆို့ခံလိုက်ရ၏။

“အနိမ့်အဆင့် နတ်ဆိုးဗိုလ်ချုပ် (၁၅) ကောင်၊ အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ် (၃) ကောင်၊ ထိပ်တန်းအဆင့် နတ်ဆိုးဗိုလ်ချုပ် (၁) ကောင်... ကြည့်ရတာ ငါတို့ နိုင်မယ့်ပုံ မရှိဘူး”

လုံထျန်းရှင်း တံတွေး မျိုချလိုက်မိသည်။

“သေချာပေါက် မနိုင်ဘူး”

ဟိုယွင်ကျဲ စိတ်ပျက်သွားသည်။

အခုမှ ရောက်ကာစ ရှိသေးတယ်၊ ဝိုင်းခံလိုက်ရပြီ။ ကံဆိုးလိုက်တာ။

*

နောက်ကွယ်တွင်...

ယဲ့ဖုန်းသည် မျက်မှောင်ကြုတ်လျက် ကြည့်ရှုနေ၏။

ထိုအချိန်တွင် ကျင့်ကြံရေး မျှော်စင်မှ ထွက်လာသော ကျီဇီလင်း သည် သိုင်းကျမ်းဆောင်သို့ သွားရန် ပြင်ဆင်နေစဉ် ယဲ့ဖုန်းကို တွေ့လိုက်ရသည်။ ကြေးမုံပြင်ပေါ်မှ မြင်ကွင်းကိုလည်း မြင်လိုက်ရသည်။

“ဟာ... ပင်လယ်လူသား မျိုးနွယ်ပါလား”

ကျီဇီလင်း ရှေ့တိုးလာပြီး ယဲ့ဖုန်း၏ နောက်တွင် ရပ်လိုက်၏။ မွှေးကြိုင်သော ခရမ်းရောင် ဆံနွယ်များ လေတိုက်ခတ်မှုကြောင့် ယဲ့ဖုန်း၏ မျက်နှာပေါ်သို့ ကျရောက်သွားပြီး မျက်လုံးတစ်ဖက်ကို ဖုံးအုပ်သွားသည်။

“ဇီလင်း... ငါ မျက်စိကွယ်တော့မယ်”

ယဲ့ဖုန်း ရေရွတ်လိုက်၏။

“အို... တောင်းပန်ပါတယ် ဂိုဏ်းချုပ်”

ကျီဇီလင်း ဆံပင်များကို အလျင်အမြန် သိမ်းလိုက်ပြီး လက်တစ်ဖက်ဖြင့် ကြေးမုံပြင်ကို ညွှန်ပြလိုက်၏။

“ဒုတိယ စီနီယာအစ်ကိုကြီးတို့ ဝိုင်းခံနေရပြီ။ အန္တရာယ် ရှိတယ်”

“ဘယ်လို လုပ်ကြမလဲ”

ယဲ့ဖုန်း မျက်မှောင်ကြုတ်လိုက်၏။

အဝေးကြီးမှာ ရောက်နေတော့ အချိန်မီ သွားကူညီဖို့ မဖြစ်နိုင်။

‘ဟင်းလင်းပြင် သံလိုက်အိမ်မြှောင်’ က တစ်ခါသွားလျှင် မိုင် (၁၀၀) ပဲ ရောက်၏။ မိုင်ထောင်ချီ ဝေးသည့် ခရီးကို သွားဖို့ အကြိမ်ကြိမ် ခုန်ကူးရမှာ ဆိုတော့ အချိန်တော်တော် ကြာလိမ့်မည်။

“တကယ်တော့... ပင်လယ်လူသားတွေက နယ်မြေပိုင်စိုးလိုစိတ် ပြင်းထန်ပေမယ့် သိပ်တော့ မကြမ်းကြုတ်ပါဘူး။ သူတို့နဲ့ မိတ်ဆွေ ဖြစ်အောင် လုပ်နိုင်ရင် အဆင်ပြေပါတယ်”

ကျီဇီလင်း ၏ စာပေ ဗဟုသုတများ အသုံးဝင်လာလေပြီ။

“ဘယ်လို လုပ်ရမလဲ.. ပြောစမ်းပါ”

ယဲ့ဖုန်း မေးလိုက်၏။

“စဉ်းစားပါရစေဦး... ဟုတ်ပြီ။ ပင်လယ်လူသားတွေက မီးပုံပွဲ ကျင်းပပြီး ကခုန်ရတာကို သဘောကျကြတယ်။ အစ်ကိုကြီးဟိုတို့က သီချင်းဆို ကခုန်ရတာ ဝါသနာပါတယ်လို့ ပြောလိုက်ရင် သူတို့နဲ့ မိတ်ဆွေ ဖြစ်သွားနိုင်တယ်။ အကောင်းဆုံးကတော့ ‘လက်ခုပ်တီး အက’ ဆိုတဲ့ ရှေးဟောင်း အက တစ်မျိုးကို ကပြလိုက်ရင် ပိုကောင်းတယ်”

ကျီဇီလင်း သည် ‘တိုင်းတစ်ပါး မျိုးနွယ်များ မှတ်တမ်း’ ကျမ်းစာအုပ်ကို ထုတ်ယူလိုက်ပြီး စာမျက်နှာ တစ်ခုကို လှန်ပြလိုက်၏။

ယဲ့ဖုန်း ကြည့်လိုက်ရာ ရိုးရှင်းပြီး သင်ယူရ လွယ်ကူသော ရှေးဟောင်း အကကွက် တစ်ခုကို တွေ့လိုက်ရသည်။

‘ဒါပေမဲ့... ဒီအကက ကြည့်ရတာ နည်းနည်းတော့ နေရခက်စရာ ကောင်းပြီး ရှက်စရာလည်း ကောင်းတယ်။’

“ဂိုဏ်းချုပ်... ဒုတိယ စီနီယာအစ်ကိုကြီးတို့သာ ဒီအကကို ကပြလိုက်ရင် ရန်သူကနေ မိတ်ဆွေ ဖြစ်သွားမှာ သေချာတယ်”

ကျီဇီလင်း အာမခံ ပြောဆိုလိုက်၏။

“တကယ်လား”

“တကယ်ပေါ့။ အခြေအနေကို ကြည့်ရတာ... အစ်ကိုကြီးတို့က ပင်လယ်လူသားတွေရဲ့ နယ်မြေထဲကို မှားပြီး ဝင်သွားတာပဲ ရှိသေးတယ်။ ပဋိပက္ခ မဖြစ်သေးဘူး ဆိုတော့ ပြန်ပြင်ဆင်ဖို့ အခွင့်အရေး ရှိပါသေးတယ်”

“ကောင်းပြီ... ငါ သူတို့ကို ဒီအက သင်ပေးလိုက်မယ်”

ယဲ့ဖုန်း မတ်မတ် ထိုင်လိုက်၏။

ကျီဇီလင်း မျက်လုံးပြူးသွားသည်။

“ဂိုဏ်းချုပ်... လူကိုယ်တိုင် မရှိဘဲ ဘယ်လို သင်ပေးမှာလဲ”

“မင်းရဲ့ ဂိုဏ်းချုပ်မှာ နည်းလမ်း ရှိပါတယ်”

ယဲ့ဖုန်း လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်၏။

...

မြေအောက် ပင်လယ်ကမ္ဘာဝယ်၊

ဟိုယွင်ကျဲ သည် ဘေးပတ်လည်ရှိ ပင်လယ်လူသား ပညာရှင်များ၏ အရှိန်အဝါကို ကြည့်ရင်း ထွက်ပြေးဖို့ ကြိုးစားရင်တောင် လွတ်မြောက်ဖို့ ခဲယဉ်းကြောင်း သိလိုက်ရသည်။

ထို့အပြင် ရေအောက်ထဲကနေ နောက်ထပ် ပင်လယ်လူသားတွေ ထပ်ထွက်လာနေသေးသည်။ အားလုံးက အရှိန်အဝါ ပြင်းထန်ကြ၏။

ဟိုယွင်ကျဲ နှင့် ဂျူနီယာညီလေး (၂) ယောက် အန္တရာယ် ရှိနေလေပြီ။

“မင်းတို့ ဘယ်သူတွေလဲ။ ငါတို့ ပင်လယ်လူသား မျိုးနွယ်ရဲ့ နယ်မြေထဲကို ဘာကိစ္စ ကျူးကျော်ဝင်ရောက်လာတာလဲ”

ထိပ်တန်းအဆင့် နတ်ဆိုးဗိုလ်ချုပ် ခေါင်းဆောင်ကြီးက မာရေကျောရေ အသံဖြင့် မေးလိုက်၏။

လေထုက ရုတ်တရက် အလွန် တင်းမာသွားလေတော့သည်။

All Chapters