← Chapters

အခန်း (၃၈၅-၃၈၇)

Vol. 26 Ch. 385-387

အခန်း (၃၈၅-၃၈၇)

Vol. 26 Ch. 385-387

အခန်း (၃၈၅) - ရှုမိသားစု၏ မဟာတန်ခိုးရှင် သုံးပါး၊ ဆွေးနွေးတိုင်ပင်ခြင်း

~“မဟုတ်ဘူး... သူတို့ သေသွားပြီ”

ပင်လယ်လူသား ခေါင်းဆောင်ကြီးက ခေါင်းခါလိုက်ပြီး ရှင်းပြသည်။

“သတ္တိရှင် လမ်းကြောင်းပေါ်က အန္တရာယ်တွေ အကုန်လုံးက အစစ်အမှန်တွေချည်းပဲ။ ဒါ စိတ်ကူးယဉ် နယ်ပယ် မဟုတ်ဘူး။ ဒါပေမဲ့... ငါတို့ မျိုးနွယ်စုဝင်တွေ လမ်းကြောင်းပေါ်မှာ ကျဆုံးသွားခဲ့ရင် သူတို့ရဲ့ ဝိညာဉ်တွေက ‘ဘိုးဘေး သစ်ပင်’ ဆီကို ပြန်ရောက်သွားကြတယ်။ (၁၀) လ ကြာအောင် ပြုစုပျိုးထောင်ပြီးရင် အတိတ်ဘဝက မှတ်ဉာဏ်တွေနဲ့အတူ ပြန်လည် မွေးဖွားလာနိုင်တယ်”

“အံ့သြစရာ ကောင်းလိုက်တဲ့ ပါရမီပါလား”

ဟိုယွင်ကျဲနှင့် အခြားသူများ အံ့သြတကြီး ရေရွတ်လိုက်ကြ၏။

တစ်ချိန်တည်းမှာပင် သူတို့ တုန်လှုပ်သွားကြ၏။

‘ကြည့်ရတာ သတ္တိရှင် လမ်းကြောင်းပေါ်က အန္တရာယ်တွေက အစစ်အမှန်တွေ ဖြစ်နေတာကိုး။ တကယ်လို့ လမ်းပေါ်မှာ ကျဆုံးသွားခဲ့ရင်... ငါတို့ တကယ် အသက်ဆုံးရှုံးရမှာပေါ့။

ကံကောင်းလို့ ဖြတ်ကျော်နိုင်ခဲ့တာ။’,

မကြာမီ ပင်လယ်လူသား အားကြီးမောင်းသန်များသည် ငါးကြီး အကောင် (၁၀၀) ကို ယဇ်ပလ္လင် အနီးသို့ သယ်ဆောင်လာကြ၏။ အလျင်အမြန် သန့်စင်လိုက်ပြီး မီးပုံပွဲ ကျင်းပကာ ငါးကင်ကြ၏။

တစ်စုံတစ်ယောက်က မီးနဂါးသီးများကို အပိုင်းပိုင်း လှီးဖြတ်ပြီး အရောင်တင်ထားသော အရိုးပန်းကန်ပြားများပေါ်တွင် ထည့်ကာ ဟိုယွင်ကျဲတို့ ရှေ့သို့ လာချပေးသည်။

ထို့အပြင် အဖြူရောင် အနှစ်ရည် ပန်းကန်လုံး တစ်လုံးလည်း ပါဝင်သည်။

“နတ်ဘုရား ပူဇော်သက္ကာ အသီးရဲ့ မီးတောက်က အရမ်း ပြင်းထန်တယ်။ ဒီအနှစ်ရည်နဲ့ တွဲစားမှ မီးတောက်ကို ဖြေလျော့ပေးပြီး ပြီးပြည့်စုံစွာ စုပ်ယူနိုင်မှာ”

ဟု ပင်လယ်လူသား မိန်းကလေးက မိတ်ဆက်ပေးလာပါသည်။

“တိုက်ရိုက် စားလို့ မရဘူးလား”

လုံထျန်းရှင်းက မေးလိုက်၏။

မိန်းကလေးက သူ့စကားအား ခေါင်းခါလိုက်၏။

“ဒါဆို သေသွားလိမ့်မယ်”

“ဟေ...”

လုံထျန်းရှင်း ကြောင်အမ်းအမ်း ဖြစ်သွားသည်။

“နတ်ဘုရား ပူဇော်သက္ကာ အသီးရဲ့ မီးတောက်စွမ်းအားက အရမ်း ပြင်းထန်တယ်။ အနှစ်ရည် မပါဘဲ စားလိုက်ရင် ခန္ဓာကိုယ်ထဲမှာ မီးတောက်တွေ ပေါက်ကွဲပြီး သေဆုံးဖို့ များတယ်”

မိန်းကလေး ရှင်းပြလိုက်၏။

“သြော်... ဒါကြောင့်ကိုး”

လုံထျန်းရှင်း ရင်ထဲတွင် ထိတ်လန့်သွားသည်။

ကံကောင်း၍ ပင်လယ်လူသားတွေနှင့် သိကျွမ်းပြီး ဒီလျှို့ဝှက်ချက်ကို သိလိုက်ရခြင်းတည်း။ မဟုတ်လျှင် မီးနဂါးသီးကို ဒီတိုင်း စားမိပြီး အဆင့်တက်ဖို့ နေနေသာသာ အသက်အန္တရာယ်ပါ ကြုံရနိုင်သည်။

“ဒီ အဖြူရောင် အနှစ်ရည်က ဘာလဲ”

ဟု ချောင်ကျားရှီး ဘေးမှ ဝင်မေးလိုက်၏။

“ဒါက မီးနဂါးသီးပင်ရဲ့ အစေးလေ”

မိန်းကလေးက ကျောက်နံရံပေါ်တွင် တွားသွားပေါက်ရောက်နေသော နှစ်တစ်ထောင် မီးနဂါးသီးပင်ကို လက်ညှိုးထိုးပြလိုက်သည်။

“သြော်... အဲဒီလိုလား”

ဟိုယွင်ကျဲနှင့် အခြားသူများ နောက်ဆုံးတော့ သဘောပေါက်သွားကြ၏။

ကြည့်ရတာ သူတို့ ပြန်ရောက်လျှင် သိုလှောင်လက်စွပ်ထဲမှ မီးနဂါးသီး အစေ့ (၅) စေ့ကို စိုက်ပျိုးပြီး အပင်ရှင်သန်လာအောင် လုပ်ရမည်။

ပြီးမှ အပင်က ထွက်သော အစေးနှင့် မီးနဂါးသီးကို တွဲစားလျှင် မီးတောက် ပေါက်ကွဲတာကို ရှောင်ရှားနိုင်ပြီး အန္တရာယ်ကင်းကင်း အဆင့်တက်နိုင်မှာ ဖြစ်သည်။

မကြာမီ ငါးကင်များ ကျက်သွား၏။

ဟိုယွင်ကျဲတို့သည် မီးနဂါးသီး အပိုင်းအစများနှင့် မွှေးကြိုင်သော ငါးကင်များကို စားသုံးလိုက်ရာ ဒေသထွက် အစားအစာများသည် ထူးခြားပြီး အရသာရှိကြောင်း တွေ့ရှိလိုက်ရသည်။

“ကကြစို့”

ထိုအချိန်တွင် ပင်လယ်လူသား ခေါင်းဆောင်ကြီးက လူတိုင်းကို မီးပုံပွဲ ဘေးတွင် စုရုံးစေပြီး ‘လက်ခုပ်တီး အက’ ကို စတင် ကခုန်စေ၏။

ပင်လယ်လူသား မိန်းကလေးသည် ဟိုယွင်ကျဲကို ချိုသာစွာ ပြုံးပြပြီး အကထဲ ဝင်ပါရန် ဖိတ်ခေါ်လိုက်သည်။

“ကကြတာပေါ့။ ကိုယ်မရှက်သရွေ့... ရှက်ရမှာက သူများတွေပဲ”

ဟိုယွင်ကျဲ မျက်နှာကို လက်ဖြင့် အုပ်လိုက်ပြီး မတတ်သာဘဲ ဝင်ကလိုက်ရ၏။

မကြာမီ နေ့တစ်ဝက် ကုန်ဆုံးသွားသည်။

ဝလင်စွာ စားသောက်ပြီးနောက် သူတို့ (၃) ဦးသည် ပင်လယ်လူသားများ ပေးအပ်သော လက်ဆောင်များစွာကို လက်ခံ ရရှိခဲ့ပြီး ကျောက်နံရံ လမ်းကြောင်းမှတဆင့် ပြန်လည် ပို့ဆောင်ခြင်း ခံလိုက်ရ၏။

တစ်နာရီခန့် ကြာပြီးနောက်...

သူတို့ (၃) ဦး နောက်ဆုံးတွင် မြေပြင်ပေါ်သို့ ပြန်ရောက်လာကြသည်။

သဘာဝ ဝိညာဉ်စွမ်းအင်များနှင့် ရင်းနှီးနေသော လေထုကို ရှူရှိုက်လိုက်ပြီးနောက်၊ သူတို့ (၃) ဦးသည် မြက်ခင်းပြင်ပေါ်တွင် လဲလျောင်းကာ ဗိုက်ကားနေအောင် စားထားသော ဗိုက်များကို ပုတ်လိုက်ကြ၏။

“ဗိုက်ကားနေပြီ”

လုံထျန်းရှင်း နားထင်ကို ဖိနှိပ်လိုက်၏။

နှစ်တစ်ထောင် မီးနဂါးသီးတွေ အများကြီး စားထားမိ၍ သူ့တစ်ကိုယ်လုံး ပူလောင်နေပြီး ‘ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်’ ကို ချိုးဖျက်တော့မလို ခံစားနေရသည်။

“ဂျူနီယာညီလေး လုံ... မင်း အဆင့်တက်တော့မလို့လား”

ဟိုယွင်ကျဲ မျက်မှောင်ကြုတ်လိုက်၏။

‘ဒီအချိန်က အဆင့်တက်ဖို့ သင့်တော်တဲ့ အချိန် မဟုတ်သေးဘူးလေ။’

“စိတ်မပူပါနဲ့ အစ်ကိုကြီး။ ကျွန်တော် ထိန်းထားနိုင်ပါသေးတယ်။ ဂိုဏ်းကို အရင် ပြန်ကြတာပေါ့။ ‘ဝိညာဉ်စမ်းရေတွင်း’ နားမှာ အဆင့်တက်ရင် အောင်မြင်နိုင်ချေ (၁၀) ရာခိုင်နှုန်း ပိုများမယ်လို့ ခံစားရတယ်”

လုံထျန်းရှင်း သည် ‘နဂါးသွေးမျိုးဆက် အသွင်ပြောင်း’ပုံစံ သို့ ပြောင်းလဲလိုက်ပြီး ထွက်ခွာရန် ပြင်လိုက်၏။

ထိုစဉ်၊ ချောင်ကျားရှီး ၏ အသံ ထွက်ပေါ်လာသည်။

“အစ်ကိုကြီး... ကျွန်တော် သယ်သွားပေးမယ်”

သူသည် မြင်းစီးသိုင်းကွက်ဟန် ယူလိုက်ပြီး လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်ကာ အော်ဟစ်လိုက်၏။

ဆယ်ဆကျော်သော အရှိန်အဝါကို ထုတ်ဖော်လိုက်ရာ ဆံပင်များ ထောင်ထလာပြီး ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာသည်။

လုံထျန်းရှင်းကို လက်တစ်ဖက်တည်းဖြင့် မ,တင်လိုက်ပြီး ကောင်းကင်သို့ ပျံတက်သွားလေသည်။

‘ရွှစ်...’

ဟိုယွင်ကျဲ လည်း ဓားပျံစီးပြီး လိုက်ပါသွား၏။

အရှိန်ပြင်းစွာ ပျံသန်းနေသော ချောင်ကျားရှီးကို ကြည့်ရင်း ဟိုယွင်ကျဲ အံ့သြနေမိသည်။

“ကျားရှီး... မင်း တကယ် ပျံနိုင်နေပြီပဲ။ မြင်ရတာ ထူးဆန်းနေတုန်းပဲကွာ”

“ဟား ဟား... ကျွန်တော်လည်း အရင်က မသိခဲ့ဘူး။ အရှိန်အဝါ (၁၀) ဆ ကျော်သွားရင် ပျံလို့ ရမယ် ဆိုတာ။ ပြီးတော့ ကျွန်တော့် အရှိန်ကလည်း တော်တော် မြန်သားပဲ”

ချောင်ကျားရှီး အရှိန်မြှင့်လိုက်သည်။

သူတို့ (၃) ဦးသည် အလင်းတန်းများ အဖြစ် ပြောင်းလဲကာ မြူခိုးဂိုဏ်း ဆီသို့ အမြန်ဆုံး ပြန်သွားကြ၏။

*

နောက်ကွယ်တွင်...

ယဲ့ဖုန်းသည် ပြန်ရောက်လာသော တပည့် (၃) ဦးကို ကြည့်လိုက်၊ ရွှေယန်မြို့တော် အပျက်အစီးများ ပေါ်တွင် အသစ်တည်ဆောက်ထားသော ခန်းမဆောင်ကြီးများကို ကြည့်လိုက်ဖြင့် အလွန် ကျေနပ်အားရနေသည်။

“တပည့်တွေကလည်း ကြိုးစားကျင့်ကြံကြတယ်။ ဂိုဏ်းကိစ္စတွေကလည်း လျင်မြန်စွာ တိုးတက်နေတယ်။ အရမ်း ကောင်းတယ်”

ယဲ့ဖုန်း ကုလားထိုင်ပေါ်တွင် လှဲလျောင်းရင်း အနာဂတ်ကို စိတ်ကူးပုံဖော်နေ၏။

...

*

မြူခိုးဂိုဏ်းနှင့် မိုင်ထောင်ချီ ဝေးကွာသော နေရာတွင်...

မိုင် (၁၀၀၀) ကျော် ရှည်လျားသော ဧရာမ မြို့တော်ကြီး တစ်ခု ရှိသည်။ အတွင်းတွင် ‘အသေးစား’ ၊ ‘အလယ်အလတ်စား’ နှင့် ‘အလတ်စား’ ဝိညာဉ်သွေးကြော ပေါင်းများစွာ ရှိပြီး သဘာဝ ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေ၏။

မြို့တော်၏ အလယ်ဗဟိုတွင် အံ့မခန်း ကြီးမားသော ‘အကြီးစား ဝိညာဉ်သွေးကြော’ တစ်ခု ရှိသည်။

ဤနေရာကား... ‘လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်’ ၏ မြို့တော်ပင် ဖြစ်၏။

*

‘လျှို့ဝှက်ဆန်းကြယ် မြို့တော်။

ဒါက မြို့တော်၏ နာမည်အပြည့်အစုံ ဖြစ်ပေမယ့်၊ လူအများစုကတော့ ‘တော်ဝင်မြို့တော်’ သို့မဟုတ် ‘မြို့တော်’ဟုသာ ခေါ်ကြ၏။

ထိုအချိန်တွင် ရှုဟွာမို သည် ရှေးဟောင်း မျှော်စင် တစ်ခု၏ ရှေ့မှောက်တွင် ဒူးထောက်လျက် ရှိပြီး၊ ခရိုင်ဘုရင်မြို့တော် တွင် ကြုံတွေ့ခဲ့ရသမျှကို ရိုသေစွာ တင်ပြနေသည်။

“သြော်... မင်း ပြောချင်တာက မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းစောင့်ရှောက်သူ ဟူဖေးဖေး က ‘မူလနတ်ဘုရား အဆင့်’ နဲ့ အကန့်အသတ်မရှိ နီးကပ်တဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတယ် ဆိုတဲ့ သဘောလား”

စေတီပေါ်မှ သန်မာထွားကြိုင်းသော အသံ တစ်ခု ဆင်းသက်လာ၏။

“ဟုတ်ပါတယ်”

ရှုဟွာမို အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

“မင်း ပြောပုံအရ ဆိုရင်... အဲဒီ အမျိုးသမီး နောက်ဆုံး ထုတ်သုံးလိုက်တဲ့ တိုက်ခိုက်မှုက မဟာတန်ခိုးရှင် အဆင့် ကို ရောက်နေပြီ။ မင်း သတိမထားမိလိုက်ရုံပဲ”

အနည်းငယ် အေးစက်သော နောက်ထပ် အသံ တစ်ခု စေတီအတွင်းမှ ထွက်ပေါ်လာ၏။

ရှုဟွာမို လန့်ဖျပ်သွားသည်။

ဒီဘိုးဘေး (၂) ယောက် ပြောပုံအရ ဆိုရင်... ဟူဖေးဖေး က မူလနတ်ဘုရား အဆင့်ကို ရောက်နေပြီလို့ ဆိုလိုတာလား။

ဒါကြောင့် သူ လုံးဝ ပြန်မခုခံနိုင်ဘဲ အဖိနှိပ်ခံလိုက်ရတာကိုး။

ထို့နောက် တတိယမြောက် အိုမင်းပြီး အက်ကွဲနေသော အသံ တစ်ခု ထွက်ပေါ်လာ၏။

“လောလောဆယ် ဒီကိစ္စကို ခေါင်းထဲ မထည့်နဲ့ဦး။ အရေးအကြီးဆုံးက စောင့်ဆိုင်းဖို့ပဲ”

“စောင့်ဆိုင်းဖို့ ဟုတ်လား”

ရှုဟွာမို နားမလည်နိုင် ဖြစ်သွားသည်။

ရှုမိသားစု ဆိုတာ မြို့တော်၏ ထိပ်တန်း မိသားစုကြီး တစ်ခု ဖြစ်သည်။ မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင် (၃) ပါးတောင် ရှိ၏။ ထိုအထဲက အသန်မာဆုံး ဖြစ်သော အဘိုးအို အသံပိုင်ရှင် ဆိုလျှင် သာမန် မူလနတ်ဘုရား အဆင့်တွေကို လက်တစ်ဖက်တည်းနဲ့ ဖိနှိပ်နိုင်သည်။

ကျန်တဲ့ ဘိုးဘေး (၂) ယောက်နှင့် ပေါင်းလိုက်လျှင် မြူခိုးဂိုဏ်းကို ပြားပြားဝပ်သွားအောင် လုပ်နိုင်ရမည်။ ဘာကြောင့် ဟူဖေးဖေးကို နည်းနည်း စိုးရိမ်နေပုံ ပေါက်နေရသည်နည်း။

“ဟွန်း... မင်းက ငါတို့ ကြောက်နေတယ်လို့ ထင်နေတာလား”

သန်မာထွားကြိုင်းသော အသံပိုင်ရှင်က ရှုဟွာမို ၏ အတွေးကို ဖတ်မိသကဲ့သို့ မထီမဲ့မြင် ပြောလိုက်၏။

“ကျွန်တော်.. မထင်ရဲပါဘူး”

ရှုဟွာမို နဖူးကို မြေကြီးနှင့် ထိသည်အထိ ဦးညွှတ်လိုက်၏။

“ငါတို့က ‘ကောင်းကင်ဘုံ ကပ်ဘေး’ ကို စောင့်နေတာ”

အိုမင်းသော အသံက ထပ်ပြောလာသည်။

“တော်ဝင် ဘိုးဘေးကြီး ‘ဟင်းလင်းပြင် ဖြိုခွင်း အဆင့်’ ကို တက်လှမ်းဖို့ သေချာနေပြီ။ မကြာခင် ကောင်းကင်ဘုံ ကပ်ဘေးကြီး ရောက်လာတော့မယ်။ ဒီအချိန်မှာ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် အတွင်းက မူလနတ်ဘုရား အဆင့်တွေ အကုန်လုံး တံခါးပိတ် ကျင့်ကြံနေကြတယ်။ ဝိညာဉ်ပင်လယ် အထွတ်အထိပ် အဆင့်တွေလည်း ကိုယ့်ကိုယ်ကိုယ် အားဖြည့်နေကြတယ်။ အားလုံးက အဲဒီ ကပ်ဘေးကြီးကို စောင့်နေကြတာ”

ထိုစကားကို ကြားသောအခါ ရှုဟွာမို သဘောပေါက်သွားသည်။

“ကျွန်တော် နားလည်ပါပြီ။ ဘိုးဘေး (၃) ပါးလုံးက ကောင်းကင်ဘုံ ကပ်ဘေးကြီး ပြီးသွားမှ... ကျွန်တော်တို့ရဲ့ ကျင့်ကြံခြင်းနဲ့ စွမ်းအားတွေ တိုးတက်လာပြီး နေရာထိုင်ခင်း ခိုင်မာသွားမှ မြူခိုးဂိုဏ်းကို ရှင်းပစ်မယ်လို့ ရည်ရွယ်ထားတာကိုး”

ထိုသို့ တွေးမိသောအခါ ရှုဟွာမို ရင်ထဲတွင် ဝမ်းသာသွား၏။

ခဏလောက် သည်းခံလိုက်ရုံပါပဲ။ ပြီးရင် မြူခိုးဂိုဏ်းကို ကိုယ်တိုင် သွားပြီး သိက္ခာပြန်ဆယ်လို့ ရပြီ။

“ကဲ... မင်း ထွက်သွားလို့ ရပြီ”

အိုမင်းသော အသံက စိတ်မရှည်သလို ပြောလိုက်သည်။

“ပြီးတော့... ကောင်းကင်ဘုံ ကပ်ဘေးကြီး နီးလာပြီ။ မင်းလည်း ‘မဟာဆရာသခင် အဆင့်’ ကို ခြေတစ်လှမ်း လှမ်းထားပြီပဲ။ သေချာ ပြင်ဆင်ထား။ အဆင့်တက်ဖို့ အခွင့်အရေး ရကောင်း ရနိုင်တယ်”

“ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်။ လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘိုးဘေး”

ရှုဟွာမို အလျင်အမြန် ထွက်ခွာသွားသည်။

သူ ထွက်သွားပြီးနောက် စေတီတော် အတွင်း၌ မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင် (၃) ပါး၏ တီးတိုး ပြောဆိုသံများ ထွက်ပေါ်လာသည်။

“ဟင်းလင်းပြင် ဖြိုခွင်း အဆင့် ပညာရှင်တစ်ဦး မွေးဖွားလာမယ်။ ‘ရှေးဟောင်း သူတော်စင်’ တစ်ပါး ဆင်းသက်လာမယ်။ ကောင်းကင်ဘုံ ကပ်ဘေးကြီး အတွင်းမှာ ငါတို့လည်း ဒီအခွင့်အရေးကို အသုံးချပြီး အဆင့် (၁) ဆင့်၊ (၂) ဆင့်လောက် တက်နိုင်ကောင်း တက်နိုင်လိမ့်မယ်”

“ဟုတ်တယ်။ ဒီလို အခွင့်အရေးမျိုးက တစ်သက်မှာ တစ်ခါ ကြုံရခဲတယ်။ ငါတို့ ကံတရားက တကယ် ကောင်းတာပဲ”

“ကောင်းကင်ဘုံက ငါတို့ ရှုမိသားစု ဘက်မှာ ရှိနေတာကိုး”

...

မြူခိုးဂိုဏ်းမှာမူ၊

ဟိုယွင်ကျဲ၊ လုံထျန်းရှင်း နှင့် ချောင်ကျားရှီး တို့သည် လွမ်းဆွတ်နေရသော မြူခိုးတောင်ထိပ် ပေါ်သို့ ခြေချလိုက်ပြီး အိမ်ပြန်ရောက်သည့် နွေးထွေးသော ခံစားချက်ကို ခံစားလိုက်ရတော့သည်။

အခန်း (၃၈၆) - ဟိုယွင်ကျဲ၏ ဓား၊ အဆင့်ချိုးဖျက်ခြင်း

~ရွှေရောင် အလင်းတန်းများ လွှမ်းခြုံလျက် လေထဲတွင် ပျံဝဲနေသော ချောင်ကျားရှီး ကို ကြည့်ရင်း၊ ကမ်းပါးစွန်းတွင် ဆေးဖော်နေသော ဝမ်ဖင်းအန်း မျက်လုံးများ ပြူးကျယ်သွားသည်။

“ဝိုး... စီနီယာအစ်ကိုကြီး ချောင်... ခင်ဗျား တကယ်ကြီး ပျံနေတာပဲ”

ဝမ်ဖင်းအန်း အသက်ပြင်းပြင်း ရှူလိုက်ပြီး ချီးကျူးစကား ပြောရန် ပြင်လိုက်၏။

‘ရွှစ်...’

ယဲ့ဖုန်း သည် ချက်ချင်းပင် ဝမ်ဖင်းအန်း ၏ ဘေးနားသို့ ရောက်လာပြီး ပါးစပ်ကို လက်ဖြင့် အုပ်လိုက်၏။

“တော်ပြီ... ဖင်းအန်း။ စကားထပ်မပြောနဲ့တော့”

ဝမ်ဖင်းအန်း မျက်တောင်ခတ်လိုက်၏။ သူ ချီးကျူးမိတော့မလို့ ဖြစ်သွားတာကို သတိရသွားသည်။ ဂိုဏ်းချုပ်ဦးလေး အချိန်မီ တားလိုက်လို့သာ တော်သေးတယ်ဟု တွေးကာ ကျေးဇူးတင်လိုက်၏။

နောက်တစ်ခဏတွင် ယဲ့ဖုန်းသည် မျက်နှာဖုံး တစ်ခုကို ထုတ်ယူလိုက်သည်။

“ရော့... ဒါကို တပ်ထားလိုက်”

ယဲ့ဖုန်း ကိုယ်တိုင် ဝမ်ဖင်းအန်း ကို တပ်ပေးလိုက်၏။

ဒါက သာမန် မျက်နှာဖုံး မဟုတ်ပါဘူး။ နေ့စဉ် ဆုတောင်းခွင့်က ရထားခြင်းပင်။

လုပ်ဆောင်ချက်တွေ အများကြီး ပါသည်။ ဥပမာ - တပ်ထားလျှင် စကားပြော၍ မရတော့ပေ။ ပြောချင်လျှင် ချွတ်မှ ရမည်။

“အွန်း... အွန်း...”

ဝမ်ဖင်းအန်း မျက်နှာဖုံး တပ်လိုက်ပြီးနောက် မျက်တောင်ခတ်ကြည့်လိုက်ရာ တကယ်ပဲ စကားပြော မရတော့ကြောင်း တွေ့ရှိလိုက်ရ၏။

နည်းနည်းတော့ နေရခက်သော်လည်း... လွဲချော်သည့် စကားတွေ ပြောမိပြီး ပြဿနာတက်တာထက် စာလျှင် တော်ပါသေးသည်။

“ဟား ဟား... ရယ်ရလိုက်တာကွာ”

လုံထျန်းရှင်း သည် ဝမ်ဖင်းအန်း တပ်ထားသော မျက်နှာဖုံးကို ကြည့်လိုက်ရာ ‘ရှူး... တိုးတိုး’ဟူသော စာလုံးကြီး ရေးထားသည်ကို တွေ့လိုက်ရသဖြင့် သဘောကျသွား၏။

“ဂိုဏ်းချုပ်... ကျွန်တော်တို့ ပြန်ရောက်ပါပြီ”

ချောင်ကျားရှီး သည် (၁၀) ဆသော စွမ်းအား အခြေအနေကို ရပ်တန့်လိုက်ရာ လေထဲတွင် မပျံသန်းနိုင်တော့ဘဲ မူလပုံစံအတိုင်း မြေကြီးပေါ်သို့ ပြန်ဆင်းသက်လာသည်။

(၁၀) ဆနှင့် အထက် စွမ်းအားကို ထုတ်သုံးမှသာ သူ ပျံသန်းနိုင်မှာ ဖြစ်၏။

သူသည် ယဲ့ဖုန်း ကို လက်ယှက် ဂါရဝပြုပြီး ပြောလိုက်၏။

“အစ်ကိုလုံ နဲ့ ကျွန်တော် ဂိုဏ်း တာဝန် ကို ပြီးမြောက်ခဲ့ပါပြီ။ တာဝန် အပ်ဖို့ သွားလိုက်ပါဦးမယ်”

“သွားကြ”

ယဲ့ဖုန်းက ခေါင်းညိတ်ပြလိုက်သည်။

ထို့နောက် လုံထျန်းရှင်း နှင့် ချောင်ကျားရှီး တို့သည် ဖေးလိုင် တောင်ထိပ် သို့ အလျင်အမြန် သွားရောက်ပြီး ချူယွင်အာ ထံ တာဝန် အပ်နှံကြ၏။

‘အေးစက် အလင်းဓား’ ကို ကျောပိုးထားသော ဟိုယွင်ကျဲ ရှေ့တိုးလာပြီး ယဲ့ဖုန်း ကို ရိုသေစွာ ဦးညွှတ်လိုက်သည်။

“ဂိုဏ်းချုပ်... အဝေးကြီးကနေ လှမ်းပြီး လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဂိုဏ်းချုပ်သာ အကြံမပေးရင် ကျွန်တော်တို့ (၃) ယောက် ဘေးကင်းကင်း ပြန်ရောက်လာမှာ မဟုတ်သလို၊ ပင်လယ်လူသားတွေရဲ့ ယုံကြည်မှုကိုလည်း ရမှာ မဟုတ်ပါဘူး”

“အဲဒါ မင်းရဲ့ ကံတရားပါပဲ”

ယဲ့ဖုန်း ပြုံးလိုက်၏။

“ဒါနဲ့... မင်း ရင်ထဲက ပဋိပက္ခတွေ ပြေလည်သွားပြီလား”

“ဟုတ်ကဲ့... ပြေလည်သွားပါပြီ။ ကျွန်တော် ကျင့်ကြံရေး မျှော်စင် ကို ဝင်ပြီး ‘စိတ်ကူးယဉ် နယ်ပယ်’ ကို သွားစိန်ခေါ်မလို့ပါ”

ဟိုယွင်ကျဲ ခေါင်းညိတ် အတည်ပြုလိုက်သည်။

သူ တစ်ခုခုကို သတိရသွားပြီး မီးနဂါးသီး (၁၀) လုံးနှင့် မီးနဂါးသီးပင်၏ အကိုင်းအခက် အချို့ကို စားပွဲပေါ် တင်ပေးလိုက်၏။

“ဒါတွေက မပြန်ခင် ပင်လယ်လူသား ခေါင်းဆောင်ကြီး ပေးလိုက်တဲ့ လက်ဆောင်တွေပါ။ ‘ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်’ ရောက်ဖို့ အရမ်း အထောက်အကူ ပြုပါတယ်။ မြူခိုးတောင်ထိပ် ပေါ်မှာ စိုက်ပျိုးလို့ ရမလားလို့ပါ”

“ရှင်းပြစရာ မလိုပါဘူး။ ငါ အကုန် သိပြီးသားပါ”

ယဲ့ဖုန်း သည် ဟိုယွင်ကျဲ ၏ ပခုံးကို ပုတ်လိုက်၏။

“မင်းရဲ့ ‘ရက်စက်သော ဓားစိတ်ဆန္ဒ’ က မဆိုးဘူး။ ကောင်းကောင်း အသုံးချ။ ပြီးတော့... အခု အရေးကြီးဆုံးက ကျင့်ကြံရေး မျှော်စင်ရဲ့ စစ်ဆေးချက်တွေကို အောင်မြင်ပြီး အမြန်ဆုံး ‘စစ်မှန်သော တပည့်’ ဖြစ်လာဖို့ပဲ”

ထိုသို့ပြောဆိုသည်ကို ကြားလိုက်ရသောအခါ၊ ဟိုယွင်ကျဲ ရင်ထဲ လှုပ်ခတ်သွားရသည်။

ယဲ့ဖုန်း အကုန်လုံး သိနေလိမ့်မည်ဟု သူ ထင်မထားခဲ့မိပေ။

“ဟုတ်ကဲ့... ဒါဆို ကျွန်တော် မျှော်စင်ကို သွားလိုက်ပါဦးမယ်”

ဟိုယွင်ကျဲ သည် အေးစက် အလင်းဓား ကို သိမ်းဆည်းလိုက်ပြီး လေပေါ်တွင် လမ်းလျှောက်ကာ မျှော်စင်ဆီသို့ ဦးတည်သွား၏။ လူတိုင်း၏ လေးစားအားကျသော အကြည့်များအောက်တွင် သူသည် (၅) ထပ်မြောက် စိတ်ကူးယဉ် နယ်ပယ် သို့ ရောက်ရှိသွားသည်။

“နောက်ဆုံးတော့ ပြန်ရောက်ပြီ”

“ဒီခရီးစဉ် ပြီးသွားတဲ့အခါ... ငါ့ရင်ထဲက ပဋိပက္ခတွေ တကယ် ပြေလည်သွားပြီလား ဆိုတာ မသေချာသေးဘူး။ ဒါပေမဲ့ အောင်မြင်သည် ဖြစ်စေ၊ မအောင်မြင်သည် ဖြစ်စေ... ငါ ဆက်ပြီး ကြိုးစားရမှာပဲ”

မုခ်ဦးပေါက် ရှေ့တွင် ဟိုယွင်ကျဲ ခေတ္တမျှ တွေးတောနေမိသည်။

ထို့နောက် သူသည် မုခ်ဦးပေါက်ထဲသို့ ခြေလှမ်းဝင်ရောက်လိုက်၏။

‘ကလစ်...’

ရွှေရောင် အလင်းတန်းများ ကွဲကြေသွားပြီး ဟိုယွင်ကျဲ ပြန်ကန်ထွက်လာသည်။

သူ့မြင်ကွင်းထဲတွင် စာတန်း တစ်တန်း ပေါ်လာ၏။

“ဂုဏ်ယူပါတယ်။ သင်သည် ရင်တွင်း ပဋိပက္ခများကို ဖြေရှင်းနိုင်ခဲ့ပါပြီ”

ရွှေရောင် စာတန်းက လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး ဟိုယွင်ကျဲ သည် (၆) ထပ်မြောက်သို့ တက်လှမ်းသွားကာ ရတနာသေတ္တာကြီး ရှေ့တွင် ရပ်လိုက်၏။

‘ကျွီ...’

သေတ္တာ ပွင့်လာသော်လည်း အတွင်းထဲတွင် ဘာမှ.. မရှိပေ။

သို့သော် မကြာမီ အလင်းတန်းများစွာသည် သေတ္တာပတ်လည်တွင် သိပ်သည်းလာပြီး (၃) ပေခန့် ရှည်လျားသော ရိုးရှင်းသည့် ဓားတစ်လက် အဖြစ် ဖွဲ့တည်လာလေ၏။

အေးစက်သော အငွေ့အသက်များ ပြင်းထန်စွာ ပေါက်ကွဲထွက်ပေါ်လာသည်။

“ ‘အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်’ ... ‘ရေခဲဓား’ ”

ဓားကို ကိုင်လိုက်သည်နှင့် ဟိုယွင်ကျဲ သည် သူ့ ရက်စက်သော ဓားစိတ်ဆန္ဒ နှင့် လိုက်ဖက်ညီသော အေးစက်သည့် အရှိန်အဝါကို ခံစားလိုက်ရပြီး လျင်မြန်စွာ ပိုင်ရှင်မဲ့ အမှတ်အသား ပြုလုပ်လိုက်၏။

ထို့နောက် ဓားသည် ‘လက်နက် ဝိညာဉ်’ ပါရှိသကဲ့သို့ သူ့ဘေးပတ်လည်တွင် လှည့်ပတ် ပျံသန်းနေသည်။

*

မြူခိုးတောင်ထိပ် ပေါ်တွင်...

ယဲ့ဖုန်းသည် မျှော်စင်ဘက်သို့ အံ့သြစွာ မျှော်ကြည့်လိုက်မိ၏။

“ ‘ထိပ်တန်းအဆင့် နတ်ဆိုးဗိုလ်ချုပ်’ရဲ့ ဝိညာဉ်ကို လက်နက် ဝိညာဉ် အဖြစ် သွန်းလုပ်ထားတဲ့ အလယ်အလတ်အဆင့် ရေခဲဓား... ကိုယ်ပိုင် အသိစိတ်နဲ့ တိုက်ခိုက်နိုင်တယ်တဲ့လား။ အိုက်ယား... ဒီဓားရဲ့ တန်ဖိုးက အနည်းဆုံး ‘အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး’ ထောင်ချီ တန်မှာပဲ”

ယဲ့ဖုန်း ပင်လျှင် မနာလို ဖြစ်သွားသည်။

တန်ဖိုးချင်း ယှဉ်မည် ဆိုလျှင်... ရေခဲဓား က ‘ငှက်ပျောရွက် ယပ်တောင် အသေးစား’ ထက် မလျော့ပါချေ။

*

ကျင့်ကြံရေး မျှော်စင် (၇) ထပ်မြောက်၌၊

ဟိုယွင်ကျဲ သည် အေးစက် အလင်းဓား နှင့် ရေခဲဓား နှစ်လက်စလုံးကို လွယ်ပိုးလျက် ဤအလွှာသို့ ဖြည်းညှင်းစွာ တက်ရောက်လာသည်။ မြောက်ဘက်နှင့် နီးကပ်သော နေရာတွင် တင်ပျဉ်ခွေ ထိုင်လိုက်၏။

“ငါ မြောက်ဘက်ကို ကြိုက်တယ်။ ဘာလို့လဲဆိုတော့ အေးလို့”

“အရိုးခိုက်အောင် အေးတဲ့ ဒဏ်ကို မခံနိုင်ရင်... မက်မွန်ပန်းရဲ့ ရနံ့က ဘယ်လိုလုပ် မွှေးပျံ့နိုင်မှာလဲ”

“ငါ့လိုပဲပေါ့... ပါရမီ မကောင်းပေမယ့် ကြိုးစားမှုရဲ့ တန်ဖိုးကို ငါ နားလည်တယ်။ ဆီးနှင်းဒဏ်ကို ခံနိုင်ရည် ရှိတဲ့ မက်မွန်ပန်းလိုပဲ... ဒါမှသာ လန်းဆန်းတဲ့ ရနံ့ကို ထုတ်လွှတ်နိုင်မှာ”

ဟိုယွင်ကျဲ သည် ဓားနှစ်လက်ကို ဖြုတ်ပြီး ဒူးပေါ်တွင် တင်လိုက်၏။

ထို့နောက် ကျင့်ကြံခြင်း စတင်တော့သည်။

‘ဝှီး...’

မျှော်စင်၏ ဆုလာဘ်များ စတင် စီးဆင်းလာ၏။

မြူခိုးဂိုဏ်း၏ တောင်ထိပ် (၄) ခု အတွင်းရှိ သဘာဝ ဝိညာဉ်စွမ်းအင်များသည် ပြင်းထန်စွာ လှုပ်ရှားလာပြီး၊ မျှော်စင် နှင့် ‘သန့်စင်ခြင်း ကြာပန်းစိမ်း’ တို့၏ သန့်စင်ပေးမှုကြောင့် ဖြူစင်သော ကျင့်ကြံခြင်း စွမ်းအားများ အဖြစ် ပြောင်းလဲကာ ဟိုယွင်ကျဲ ၏ ‘ချီပင်လယ်’ ထဲသို့ စီးဝင်သွားသည်။

သူ့ ချီပင်လယ် လျင်မြန်စွာ ကျယ်ပြန့်လာသည်ကို ခံစားလိုက်ရသည်။

သူ့ ‘စစ်မှန်သော အစစ်အမှန်ယွမ်’ များလည်း မျက်စိဖြင့် မြင်နိုင်လောက်အောင် တိုးပွားလာသည်။

ဓာတ်ကြီးငါးပါး စုစည်းခြင်း ပထမအဆင့် ထိပ်ဆုံး။

ဓာတ်ကြီးငါးပါး စုစည်းခြင်း ဒုတိယအဆင့်။

ဓာတ်ကြီးငါးပါး စုစည်းခြင်း ဒုတိယအဆင့် ထိပ်ဆုံး။

ဟိုယွင်ကျဲ ၏ ကျင့်ကြံခြင်း အဆင့်သည် ဤနေရာအထိ တရိပ်ရိပ် တက်လာပြီးမှ ရပ်တန့်သွားသည်။

သူ တတိယအဆင့် ကို ချိုးဖျက်ဖို့ မလောပါပေ။ တင်ပျဉ်ခွေ ထိုင်လျက် သူ့အဆင့်ကို တည်ငြိမ်အောင် ခိုင်မာစေလိုက်၏။

ပထမအဆင့်မှ တတိယအဆင့် နီးပါးအထိ တစ်ရှိန်ထိုး တက်လာတာ ဆိုတော့... တော်တော်ကြီးသော ခုန်ပျံကျော်လွှားမှုပင်။

“ဟူး... နောင်တရလိုက်တာ။ ဒီကို မလာခင် ပထမအဆင့် ထိပ်ဆုံး ရောက်အောင် အရင် လုပ်ခဲ့သင့်တယ်။ ဒါဆိုရင် တတိယအဆင့် ကို တိုက်ရိုက် ရောက်သွားလောက်ပြီ”

ဟိုယွင်ကျဲ အနည်းငယ် နှမြောမိသည်။

သို့သော်၊ အဆင့်တက်ပြီးသွားပြီ ဆိုတော့လည်း... ဖြစ်သလိုပဲ နေလိုက်ပါတော့မည်။

နောက်ပိုင်း ဆက်ကြိုးစားလျှင် တတိယအဆင့် ရောက်ဖို့ အခွင့်အရေး ရှိပါသေးသည်။

*

ဖေးလိုင် တောင်ထိပ်ဝယ်၊

ချောင်ကျားရှီး နှင့် လုံထျန်းရှင်း တို့ တာဝန် အပ်နှံပြီးပြီ ဖြစ်သည်။

အဝေးမှ ကျင့်ကြံရေး မျှော်စင် ကို လှမ်းကြည့်ရင်း သူတို့နှစ်ဦး အားကျနေမိသည်။

“ကြည့်ရတာ ဒုတိယ စီနီယာအစ်ကိုကြီး (၇) ထပ်မြောက် ရောက်သွားပြီး အဆင့်တက်သွားပြီ ထင်တယ်။ ငါတို့လည်း ပိုကြိုးစားမှ ဖြစ်မယ်”

“ဟုတ်တယ်။ ငါ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကို တက်လှမ်းဖို့ ပြင်ဆင်နေပြီ”

သူတို့နှစ်ဦး ပခုံးချင်းယှဉ်လျက် မြူခိုးတောင်ထိပ် ဆီသို့ လျှောက်သွားကြ၏။

လုံထျန်းရှင်း သည် ဝိညာဉ်စမ်းရေတွင်း ဘေးသို့ ရောက်ရှိလာပြီး တင်ပျဉ်ခွေ ထိုင်လိုက်၏။ ပင်လယ်လူသားများဆီက ရခဲ့တဲ့ မီးနဂါးသီး အများအပြား စားထားသည့် အရှိန်ဖြင့် ဆေးစွမ်းအားများကို လှုံ့ဆော်ပြီး ကိုယ့်ကိုယ်ကိုယ် သန့်စင်လိုက်၏။

‘ဝူး... ဝူး...’

သန့်စင်ခြင်း ကြာပန်းစိမ်း အနည်းငယ် တုန်ခါသွားပြီး ပွင့်ဖတ်တစ်ဖတ် ကြွေကျလာကာ မြစိမ်းရောင် ဝိညာဉ်အရည် တစ်စက်အဖြစ် ပြောင်းလဲပြီး လုံထျန်းရှင်း ၏ နဖူးထဲသို့ စီးဝင်သွားသည်။

‘ဝုန်း...’

သူ့ခန္ဓာကိုယ်မှ အလင်းရောင်များ တောက်ပလာပြီး အပူငွေ့များ ထွက်ပေါ်လာသည်။ ခန္ဓာကိုယ်ထဲတွင် မီးဖိုတစ်ခု ရှိနေသကဲ့သို့ ခံစားရပြီး အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာသည်။

‘ရွှစ်...’

လုံထျန်းရှင်း သည် ရုတ်တရက် ပိတ်ဆို့နေသော အဆို့အတားကို ချိုးဖျက်လိုက်နိုင်ပြီး သွေးကြောများထဲရှိ ဝိညာဉ်စွမ်းအားများသည် စစ်မှန်သော အစစ်အမှန်ယွမ် အဖြစ် အရည်ပျော်သွားကြ၏။ နဖူးထဲရှိ သိစိတ်ပင်လယ် သည်လည်း ကြာပန်းစိမ်း၏ အထောက်အပံ့ဖြင့် ‘နတ်ဘုရားအာရုံ’ ကို စတင် ထုတ်လုပ်လာပြီး တစ်ကြိမ်တည်းဖြင့် အောင်မြင်သွားသည်။

*

ရွှေရောင် မိုးမခပင် အောက်တွင်...

ယဲ့ဖုန်း နှင့် ချောင်ကျားရှီး တို့သည် စမ်းရေတွင်းဘက်သို့ အံ့သြစွာ လှမ်းကြည့်လိုက်ကြ၏။ လုံထျန်းရှင်း အဆင့်တက်သွားသည်ကို အာရုံခံမိပြီး သူတို့ အံ့သြနေကြသည်။

သူ အောင်မြင်မယ် ဆိုတာ သူတို့ ယုံကြည်ပါသည်။

ဒါပေမဲ့ ဒီလောက် မြန်မြန် အောင်မြင်လိမ့်မည်ဟု ထင်မထားခဲ့မိချေ။ လက်ရှိ မြူခိုးဂိုဏ်း တပည့်တွေ အားလုံးထဲမှာ... လုံထျန်းရှင်း က ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကို အမြန်ဆုံး ရောက်ရှိသွားသူ ဖြစ်လာခဲ့ပြီပင်။

ချောင်ကျားရှီး ပြုံးရွှင်စွာ ပြောလိုက်၏။

“စီနီယာအစ်ကိုကြီး လုံ လည်း အဆင့်တက်သွားပြီ ဆိုတော့... ကျွန်တော့်အတွက် ယှဉ်ပြိုင်ဖက် နောက်တစ်ယောက် ရလာပြီပေါ့”

ထိုအခါ၊ ယဲ့ဖုန်းကလည်း ပြုံးလိုက်ပြီး

“ဟုတ်တယ်။ ထျန်းရှင်း ဒီလောက် ချောချောမွေ့မွေ့ အဆင့်တက်နိုင်လိမ့်မယ်လို့ မထင်ထားဘူး။ ဒါပေမဲ့ ဒါ ကောင်းတဲ့ ကိစ္စပဲ။ စိတ်ပူစရာ မလိုပါဘူး။ အောင်ပွဲခံသင့်တယ်”

သူ ..ချောင်ကျားရှီး ဘက်သို့ လှည့်လိုက်၏။

“မင်း လာတာ... နောက်ဆက်တွဲ ကျင့်စဉ် ကိစ္စ မဟုတ်လား”

“ဟုတ်ပါတယ်”

ချောင်ကျားရှီး ခေါင်းညိတ်ပြလိုက်သည်။

“ကျွန်တော်က ‘ရှေးဟောင်း လူ့ဘီလူး နတ်ဘုရား ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ် - စစ်သူကြီး အခန်းကဏ္ဍ’ ရဲ့ ပထမ (၅) ဆင့်ပဲ ရထားတာ။ ပြီးတော့ ဆက်စပ်နေတဲ့ ‘အသက်စွမ်းအား အခြေခံ မန္တန်’ တွေလည်း မရှိဘူး။ ဂိုဏ်းချုပ်က မန္တန် ပညာရှင်ကြီး ဆိုတော့... သေချာပေါက် ကူညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်”

“စိတ်မပူပါနဲ့... ငါ အကုန် ပြင်ဆင်ပြီးပါပြီ”

ယဲ့ဖုန်း သည် ရှေးဟောင်း ကျမ်းစာအုပ် တစ်အုပ်ကို ထုတ်ပြီး စားပွဲပေါ် တင်ပေးလိုက်၏။

ဒါက ‘ရှေးဟောင်း လူ့ဘီလူး နတ်ဘုရား ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ် - စစ်သူကြီး အခန်းကဏ္ဍ’ ၏ ပြီးပြည့်စုံသော ဗားရှင်း ဖြစ်သည်။ ချောင်ကျားရှီး ကို ‘စစ်သူကြီး အထွတ်အထိပ် အဆင့်’ အထိ ကျင့်ကြံနိုင်စေမည့် အရာပင်။

ကျမ်းစာအုပ်ကို မြင်လိုက်ရသောအခါ ချောင်ကျားရှီး ၏ မျက်လုံးအိမ်များ ရုတ်တရက် ကျဉ်းမြောင်းသွားသည်။

အခန်း (၃၈၇) - နီရှန် နန်းတော်သို့ အလည်တစ်ခေါက်၊ လမ်းညွှန်မှု

~ချောင်ကျားရှီး တုန်လှုပ်သွားသည်။

သူ့ရှေ့မှ စာအုပ်သည် အလွန် သစ်လွင်နေပြီး၊ မင်သားများပင် မခြောက်သေးပေ။

ပြီးတော့... ဒါတွေက ယဲ့ဖုန်းရဲ့ လက်ရေးတွေပင်။

“ဂိုဏ်းချုပ်... ဂိုဏ်းချုပ် ဘယ်လိုလုပ်ပြီး စစ်သူကြီး အခန်းကဏ္ဍ အပြည့်အစုံကို ရထားတာလဲ”

ချောင်ကျားရှီး.. ရှေးဟောင်း စာအုပ်ကို ကောက်ယူပြီး လှန်လှော ကြည့်ရှုရင်း ပိုမို အံ့သြလာသည်။

ငါက ဂိုဏ်းချုပ်ကို မပြည့်စုံတဲ့ ကျင့်စဉ်တောင် မပေးရသေးဘူး။ ဒါပေမဲ့ ဂိုဏ်းချုပ်က ဘယ်လိုလုပ်ပြီး ကြိုသိနေရတာလဲ။

ဒါ နတ်မျက်စိနဲ့ ကြိုမြင်တာများလား။

ချောင်ကျားရှီး ပိုပြီး တုန်လှုပ်သွားသည်။

“ဒီလောကကြီးမှာ ဒီဂိုဏ်းချုပ် မလုပ်နိုင်တာ ဘာမှ မရှိဘူး။ တချို့ကိစ္စတွေက ယုံနိုင်စရာ မရှိဘူး ဆိုပေမယ့်၊ အံ့သြမနေဘဲ အေးဆေး လက်ခံလိုက်တာ ပိုကောင်းတယ်”

ယဲ့ဖုန်း မျက်နှာသေဖြင့် ဘလိုင်းကြီး လိမ်ညာ လေလုံးထွားလိုက်၏။

ချောင်ကျားရှီး ကတော့ အဟုတ်ကြီး မှတ်သွားသည်။

သူသည် ကျမ်းစာအုပ်ကို လက်ခံယူလိုက်ပြီး ပြောလိုက်၏။

“ဂိုဏ်းချုပ်... ကျွန်တော် ကျင့်စဉ်ကို အလွတ်ရတာနဲ့ ဒီစာအုပ်ကို ပြန်လာပေးပါ့မယ်”

“ပြန်ပေးစရာ မလိုပါဘူး။ မင်းအတွက်ပါ”

ယဲ့ဖုန်း ပြောလိုက်၏။

သူက (၂) အုပ် ရေးထားသည်လေ။ တစ်အုပ်ကို ကျီဇီလင်းဆီ ပေးပြီး သိုင်းကျမ်းဆောင် မှာ ထားခိုင်းထားသည်။

နောက်မှ အားနေတာနှင့် နောက်ထပ် တစ်အုပ် ထပ်ရေးပြီး ချောင်ကျားရှီး ကို ပေးလိုက်ခြင်းပါ။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်”

ချောင်ကျားရှီး အလွန် ကျေးဇူးတင်သွားသည်။ ကျင့်စဉ်ကို ယူဆောင်ပြီး ကမ်းပါးစွန်းသို့ သွားကာ အလေးအနက်ထား ဖတ်ရှုလေတော့၏။

အတွင်းထဲတွင် ‘ချီနှင့်သွေး ဓား’နှင့် ဆင်တူသော မန္တန်အချို့ ပါဝင်နေသည်ကို တွေ့လိုက်ရသောအခါ ချောင်ကျားရှီး အလွန် ဝမ်းသာသွားတော့သည်။

“ဒါတွေ ရှိရင်... ငါ့တိုက်ခိုက်မှုတွေက တစ်မျိုးတည်း ဖြစ်နေတော့မှာ မဟုတ်ဘူး”

ချောင်ကျားရှီး တိုးတိုးလေး ရေရွတ်လိုက်၏။

‘ချီနှင့်သွေး ဓား’ ကဲ့သို့သော မန္တန်များ မရှိလျှင်... သူတစ်ပါးနှင့် တိုက်ခိုက်သောအခါ သန်မာသည့် ရုပ်ခန္ဓာကိုသာ အားကိုး၍ အတင်း ဝင်တိုက်ရ၏။

ကြည့်ကောင်းသော်ငြား လက်တွေ့တွင်မူ အင်မတန် ပင်ပန်းရပါသည်။

ထို့ပြင် ဧရိယာအလိုက် တိုက်ခိုက်မှုများကိုလည်း မလုပ်နိုင်ပေ။

ရေရှည်တွင် ထိုအချက်က အားနည်းချက် တစ်ရပ် ဖြစ်လာလိမ့်မည်။

သို့သော် ယခုအခါတွင်မူ... ‘ချီနှင့်သွေး ဓား’ နှင့် ဆင်တူသည့် မန္တန်များကို ရရှိလာပြီဖြစ်ရာ သူ၏ အားနည်းချက်ကို ဖြည့်ဆည်းပေးနိုင်ပြီ ဖြစ်ပါ၏။

*

မြူခိုးတောင်ထိပ် ပေါ်တွင် တပည့်များသည် ဆက်လက်၍ ကြိုးစား ကျင့်ကြံနေကြသည်။

ဒုတိယမျိုးဆက် တပည့် အချို့သည် တာဝန် အသစ်များကို ပြီးမြောက်အောင် လုပ်ဆောင်ပြီး ‘ချီစုစည်းခြင်း စတုတ္ထအဆင့်’သို့ ရောက်ရှိသွားကာ ‘အပြင်စည်း တပည့်’ အဖြစ် အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ကြ၏။

‘အတွင်းစည်း တပည့်’ စစ်ဆေးမှုကတော့ နည်းနည်း နှေးနေ၏။

လောလောဆယ် ဘယ်သူမှ အတွင်းစည်း တပည့် ဖြစ်မလာကြသေးပေ။

အခက်ခဲဆုံး ဖြစ်တဲ့ ‘စစ်မှန်သော တပည့်’ စစ်ဆေးမှု အတွက်ကတော့... ဒီအဆင့်မှာ မိုယင်နှင့် ဟိုယွင်ကျဲ (၂) ယောက်သာ မျှော်လင့်ချက် ရှိကြ၏။

“တိုးတက်မှုက နည်းနည်း နှေးနေတုန်းပဲ”

ယဲ့ဖုန်း ညည်းတွားရင်း ပိုမို သက်တောင့်သက်သာ ရှိမည့် အနေအထားသို့ ပြောင်းလဲ အိပ်စက်လိုက်သည်။

‘ဒေါင်...’

တောင်ခြေမှ ခေါင်းလောင်းသံ ထွက်ပေါ်လာသည်။

ယဲ့ဖုန်း မျက်ခုံးပင့်လိုက်၏။ လက်ဝှေ့ယမ်းလိုက်ရာ ‘မြေခွေးတာ့ဟုန်’ သည် ကြက်ပေါင် တစ်ချောင်း ကိုက်လျက် တောင်အောက်သို့ ပြေးဆင်းသွားသည်။ ခဏအကြာတွင် အနီရောင် ဝတ်စုံ ဝတ်ဆင်ထားသော ကျက်သရေရှိသည့် လူလတ်ပိုင်း အမျိုးသမီး တစ်ဦးကို ခေါ်ဆောင်လာခဲ့၏။

“ဟေ... နီရှန် နန်းတော် သခင်မပါလား။ ဘာကိစ္စ ရှိလို့လဲ”

ယဲ့ဖုန်း အံ့သြစွာ မေးလိုက်သည်။

“ဂိုဏ်းချုပ်ယဲ့ က တကယ့်ကို မေ့တတ်တာပဲ။ ကျွန်မတို့ နီရှန် နန်းတော် ကို လာပြီး တပည့်တွေကို လမ်းညွှန်ပေးဖို့ ဖိတ်ထားတာ ကြာပြီလေ။ အခုထိ တစ်ခါမှ ရောက်မလာသေးဘူး။ တကယ် ဝမ်းနည်းစရာ ကောင်းလိုက်တာ”

နီရှန် နန်းတော် သခင်မ သည် ယဲ့ဖုန်း၏ ဘေးတွင် ဝင်ထိုင်လိုက်ပြီး ချိုသာစွာ ပြုံးလျက် စိုက်ကြည့်နေ၏။

‘အသက် နည်းနည်း ကြီးနေလို့သာပေါ့... မဟုတ်ရင် ဒီနန်းတော် သခင်မက တော်တော် မိုက်မှာ’

ယဲ့ဖုန်း သူမကို အကဲခတ်ကြည့်လိုက်ရာ ရုပ်ရည်၊ အမူအရာ၊ ကိုယ်ခန္ဓာ အားလုံး ပထမတန်းစား ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် စိတ်ထဲတွင် တီးတိုး ရေရွတ်လိုက်မိသည်။

“ဂိုဏ်းချုပ်ယဲ့... ဂိုဏ်းချုပ်ယဲ့...”

ယဲ့ဖုန်း စိုက်ကြည့်နေသည်ကို သတိထားမိပြီး နန်းတော် သခင်မက လက်ဝှေ့ယမ်းပြလိုက်၏။

“အာ... တောင်းပန်ပါတယ်၊ စောစောက အိပ်ချင်နေလို့ အတွေးလွန်သွားတယ်”

ယဲ့ဖုန်း အရှက်ပြေအောင် ပြောလိုက်သည်။

“ဒါဆို... ဂိုဏ်းချုပ်ယဲ့ အားရင် ကျွန်မတို့ နီရှန် နန်းတော် ကို လာပြီး ဆိုးသွမ်းတဲ့ တပည့်လေးတွေကို လမ်းညွှန်ပေးပါဦးလား”

“ကောင်းပြီလေ... လိုက်ခဲ့ပါ့မယ်”

ယဲ့ဖုန်း ဘာမှ လုပ်စရာ မရှိတာနှင့် အပြင်ထွက်ပြီး အလှအပတွေ (အဲလေ... ရှုခင်းတွေ) ခံစားရတာ မဆိုးဘူးဟု တွေးလိုက်ပါ၏။

*

‘ရွှစ်...’

သူတို့နှစ်ဦး လေပေါ်တွင် လမ်းလျှောက်ပြီး ရေပေါ်ဖြူမြို့တော် ၏ မြို့ဟောင်း အပိုင်း (ယခင်က အနောက်ဘက် မြို့နယ်) သို့ ရောက်ရှိသွားကြ၏။ ပန်းရောင် နံရံ၊ အနီရောင် အမိုးများဖြင့် ဆောက်လုပ်ထားသော ရှေးဟောင်း နန်းတော်ကြီး ရှေ့တွင် ရပ်တန့်လိုက်ကြသည်။

ဤနေရာကား... နီရှန် နန်းတော်ပင် ဖြစ်သည်။

“ကြိုဆိုပါတယ် ဂိုဏ်းချုပ်ယဲ့”

နီရှန် နန်းတော်မှ အကြီးအကဲများ၊ ကြီးကြပ်သူများ နှင့် အမျိုးသမီး တပည့်များ အားလုံး ဝဲယာ စီတန်း ရပ်နေကြ၏။ ယဲ့ဖုန်း နှင့် နန်းတော် သခင်မ ရောက်လာသည်ကို မြင်သောအခါ အလျင်အမြန် ဦးညွှတ် နှုတ်ဆက်ကြ၏။

ထိုအခိုက်အတန့်တွင် ယဲ့ဖုန်းသည် ပန်းခင်းကြီးထဲသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူ့မျက်လုံးများကို တည့်တည့် ကြည့်ထားသော်လည်း၊ မျက်လုံးထောင့်စွန်းမှတဆင့် အသားအရေ ဖြူဝင်းပြီး ရုပ်ရည်ချောမောကာ ခြေတံရှည်သော မိန်းကလေးများကို မြင်တွေ့နေရသည်။

“လူတွေ နီရှန် နန်းတော် မှာ မီးဖိုချောင် အလုပ်သမား ဖြစ်ဖို့ အသည်းအသန် ကြိုးစားကြတာ မဆန်းပါဘူးလေ။ ဒီက အလှလေးတွေကို လာချောင်းကြတာကိုး”

ယဲ့ဖုန်း သဘောပေါက်သွား၏။

မကြာမီ နီရှန် နန်းတော်၏ ပင်မ ခန်းမဆောင်ကြီး အတွင်း၌...

ယဲ့ဖုန်းသည် သူ့ရှေ့တွင် တန်းစီနေသော ရာချီသည့် လှပသော အမျိုးသမီး တပည့်များကို ကြည့်ပြီး ပြောလိုက်၏။

“မလုကြပါနဲ့။ တစ်ယောက်ချင်းစီ တန်းစီကြပါ”

သူ အရင်က နီရှန် နန်းတော် သခင်မ ကို ကတိပေးထားဖူးသည်လေ။ တပည့်တွေ အားလုံးကို ကိုယ်တိုင် လမ်းညွှန်ပေးပါ့မည်ဟူ၍။ ဒါကြောင့် ကတိဖျက်လို့ မဖြစ်ပေ။

“ဂိုဏ်းချုပ်ယဲ့... ကျွန်မက နီရှန် နန်းတော်ရဲ့ အစ်မကြီး ‘ရွှီယွင်ပင်း’ ပါ။ ကျင့်ကြံခြင်း အဆင့်က ‘ချီစုစည်းခြင်း အဋ္ဌမအဆင့်’ ပါ။ ကျွန်မရဲ့ ကိုယ်လုံးအတိုင်းအတာ နဲ့ ကိုယ်အလေးချိန်ကတော့...”

အနီရောင် ဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦး ယဲ့ဖုန်း ရှေ့တွင် ရပ်လိုက်၏။ မျက်နှာ ရဲရဲနီနေပြီး စိတ်လှုပ်ရှားနေပုံ ရသည်။

“မိတ်ဆက်စရာ မလိုပါဘူး။ ကြုံတွေ့နေရတဲ့ ပြဿနာကိုသာ ပြောပါ”

ယဲ့ဖုန်း ချောင်းဟန့်လိုက်ပြီး လက်ကာပြကာ တားလိုက်၏။

“ကျွန်မ အလွန် ခက်ခဲတဲ့ ပြဿနာ တစ်ခု ကြုံနေရပါတယ်။ အဲဒါကတော့... ကျွန်မရှေ့မှာ ရပ်နေတဲ့ ခန့်ညားချောမောတဲ့ လူငယ်လေး တစ်ယောက် ရှိတယ်။ သူက ကျွန်မကို ကြိုက်လား၊ မကြိုက်လား ဆိုတာ မသိရဘူး”

ရွှီယွင်ပင်း စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

ယဲ့ဖုန်း မျက်နှာ ရဲသွားသည်။

ခန့်ညားချောမောတဲ့ လူငယ်လေး ဆိုတာ... ငါ့ကို ပြောတာများလား။

ထိုစဉ်၊ နီရှန် နန်းတော် သခင်မ သည် ရွှီယွင်ပင်း ကို မျက်စောင်းထိုးလိုက်ပြီး ဒေါသတကြီး ဆူပူလိုက်သည်။

“ဒီကောင်မလေး... ဘာတွေ ပြောနေတာလဲ။ ဂိုဏ်းချုပ်ယဲ့ ကို ဖိတ်ထားတာ ကျင့်ကြံခြင်းနဲ့ မန္တန် ပြဿနာတွေကို ဖြေရှင်းပေးဖို့။ ရည်းစားစကား ပြောဖို့ မဟုတ်ဘူး”

သူမ မပြောဘဲ ချန်ထားခဲ့သော စကားတစ်ခွန်း ရှိပါသေးသည်။

‘ရည်းစားစကား ပြောမယ် ဆိုရင်တောင်... နန်းတော် သခင်မ ဖြစ်တဲ့ ငါနဲ့ ဂိုဏ်းချုပ်ယဲ့ ပြောရမှာ။ ညီမလေး... မင်း အလှည့် မဟုတ်သေးဘူး။ သွား တန်းစီချေ’

ထိုစဥ်၊ ရွှီယွင်ပင်း နှုတ်ခမ်းကို ကိုက်လိုက်ပြီး တောင်းပန်လိုက်သည်။

“အို... တောင်းပန်ပါတယ်။ ကျွန်မ မှားပြောမိသွားတယ်”

“ကျွန်မ မကြာသေးမီက ‘ချီစုစည်းခြင်း နဝမအဆင့်’ကို ရောက်ဖို့ အခက်အခဲ တွေ့နေပါတယ်။ ပြီးတော့ ‘ပန်းပွင့် လွင့်ပျံ ဝတ်ရုံစအက’ မန္တန်ကို ကျင့်ကြံတဲ့အခါ...”

မန္တန် ပညာရှင်ကြီး တစ်ယောက် အနေနှင့် ယဲ့ဖုန်း အများကြီး သိထားပါသည်။

ဒီ ‘ပထမအဆင့် မန္တန်’ ဖြစ်သော ‘ပန်းပွင့် လွင့်ပျံ ဝတ်ရုံစအက’ က မြူခိုးဂိုဏ်း၏ သိုင်းကျမ်းဆောင် မှာလည်း ရှိသည်။ ယဲ့ဖုန်း က ထိုအထဲက မန္တန်တွေ အကုန်လုံးကို နားလည်သဘောပေါက်ပြီးသားပင်။

ဘယ်လို နားလည်သလဲ ဆိုရင်တော့... ပိုက်ဆံ သုံးပြီးပေါ့။

“ဒီမန္တန်က နူးညံ့သိမ်မွေ့တဲ့ စွမ်းအား လိုအပ်တယ်။ အသက်ရှူနှုန်းကို ရှည်လျားပြီး တည်ငြိမ်အောင် ပြောင်းလဲရမယ်။ ဒါမှ အဆင့်တက်နိုင်မှာ...”

ထိုသို့၊ ယဲ့ဖုန်းက စတင် ရှင်းပြလိုက်၏။

ခဏအကြာတွင် ရွှီယွင်ပင်း သည် ဉာဏ်အလင်း ပွင့်သွားပြီး ဝမ်းသာအားရဖြင့် ယဲ့ဖုန်း ဆီသို့ ပြေးဝင်လာကာ ဖက်လိုက်တော့မလို ဖြစ်သွားသည်။

“ဟွန်း... ဂိုဏ်းချုပ်ယဲ့ ကို ထိရဲတယ်ပေါ့လေ။ နံရံကို မျက်နှာမူပြီး (၃) ရက် ဒဏ်ပေးမယ်”

နီရှန် နန်းတော် သခင်မ သည် ရွှီယွင်ပင်း ၏ လက်မောင်းကို ဆွဲကာ ဘေးသို့ ပစ်ထုတ်လိုက်၏။

ယဲ့ဖုန်း သည် ကုလားထိုင်ပေါ်တွင် ထိုင်လျက် မလှုပ်မယှက် နေနေ၏။

“နှမြောစရာပဲ... နည်းနည်းလေး လိုတော့တာကို”

ယဲ့ဖုန်း အပြင်ပန်းမှာ တည်ငြိမ်ခန့်ညားနေပေမယ့်... ရင်ထဲမှာတော့ တော်တော် စိတ်ပျက်နေမိသည်။

ကျေးဇူးတင်လို့ ဖက်တာလေးကိုများ... နန်းတော် သခင်မရာ။ ဘာကိစ္စ အတင်း ဆွဲထုတ်ပစ်လိုက်ရတာလဲ။

ယဲ့ဖုန်း ရင်ထဲ နာကျင်မိ၏။

သို့သော် ၊ မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီး တစ်ယောက် အနေနှင့်... တည်တည်ငြိမ်ငြိမ်ပဲ နေရမည်ပင်။ ရင်ထဲမှာ ဆုံးရှုံးမှုကြီး တစ်ခု ဖြစ်ပေါ်နေသော်ငြားလည်းပေါ့။

ထို့နောက် နီရှန် နန်းတော်မှ တပည့်များ တစ်ယောက်ပြီး တစ်ယောက် လာရောက် မေးမြန်းကြ၏။ ယဲ့ဖုန်း သည် ပြဿနာ အားလုံးကို လွယ်ကူစွာ ဖြေရှင်းပေးလိုက်၏။

“ဂိုဏ်းချုပ်ယဲ့... ကျွန်မရဲ့ သွေးခုန်နှုန်းကို စမ်းပေးပါလားဟင်”

နောက်ထပ် အမျိုးသမီး တပည့်တစ်ဦး လာမေးပြန်သည်။

“ယောက်ျား နဲ့ မိန်းမ မထိတွေ့ရဘူး”

နီရှန် နန်းတော် သခင်မ သည် ထိုမိန်းကလေး၏ ကော်လာကို ဆွဲပြီး ဆွဲထုတ်သွားပြန်သည်။

ယဲ့ဖုန်းခမျာ.. ကုလားထိုင်ပေါ်တွင် ထိုင်ရင်း စိတ်ပျက်လက်ပျက် ဖြစ်နေတော့၏။

*

ထိုစဉ်၊ ကောင်းကင်ယံ အထက်..

သွေးနီရောင် ဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် အဖြူရောင် မိကျောင်းခေါင်းခွံကြီး တစ်ခုပေါ်တွင် လက်နောက်ပစ်လျက် ရပ်နေ၏။ လေထဲတွင် ပျံသန်းလာပြီး နီရှန် နန်းတော်၏ တံခါးပေါက် ရှေ့သို့ ဆင်းသက်လိုက်၏။

ပတ်ဝန်းကျင်ကို အကဲခတ်ပြီးနောက် သူ အေးစက်စွာ ပြုံးလိုက်၏။

“ဒီနေရာ ဖြစ်လောက်တယ်။ နှစ်တွေ အကြာကြီး နေပြီးမှ ဒီဌာနခွဲက ဘယ်လောက် တိုးတက်လာလဲ ကြည့်ရသေးတာပေါ့။ ငါ့အတွက် အရည်အသွေး ကောင်းတဲ့ ‘မီးဖို’ (နှစ်ကိုယ်တူ ကိင့်ကြံခြင်းအတွက် အသုံးပြု) တွေ လုံလောက်အောင် ထုတ်ပေးနိုင်မလား ဆိုတာ”

ပြောပြီးသည်နှင့် သူ နီရှန် နန်းတော် ထဲသို့ ဝင်ရောက်သွားသည်။

“ငါက ‘သွေးနတ်ဆိုး ခန်းမဆောင်’ ဌာနခွဲရဲ့ အကြီးအကဲ ‘ဝူဝူခိုင်’ ပဲ။ လက်ရှိ နီရှန် နန်းတော် သခင်မ ဘယ်သူလဲ။ ထွက်ခဲ့စမ်း”

ဝူဝူခိုင် သည် ရှေးဟောင်း အနီရောင် အမိန့်ပြား တစ်ခုကို ထုတ်ပြလိုက်၏။

‘ဓာတ်ကြီးငါးပါး စုစည်းခြင်း ပဉ္စမအဆင့်’ အရှိန်အဝါများ မုန်တိုင်းအလား ပေါက်ကွဲထွက်ပေါ်လာပြီး နီရှန် နန်းတော် တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ယဲ့ဖုန်း မှလွဲ၍ ကျန်လူအားလုံးသည် ပခုံးပေါ်တွင် တောင်ကြီးနှစ်လုံး ပိနေသကဲ့သို့ လေးလံသော ဖိအားကို ခံစားလိုက်ရပြီး၊ ဝူဝူခိုင် ကို ထိတ်လန့်တကြား ကြည့်လိုက်ကြ၏။

All Chapters