← Chapters

အခန်း (၂၈၆-၂၈၈)

Vol. 20 Ch. 286-288

အခန်း (၂၈၆-၂၈၈)

Vol. 20 Ch. 286-288

အခန်း (၂၈၆) - မျက်လှည့်ပညာများ (အပိုင်း - ၃)

~မျက်တောင်တစ်ခတ်စာ အချိန်လေးအတွင်းမှာပင် ထိုလူလေးဦး၏ တိုက်ပွဲသည် သည်းကြီးမည်းကြီး ပြင်းထန်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးတွင် ဖုန်မှုန့်များနှင့် အပျက်အစီးများ လွင့်ပျံနေတော့၏။

အခြားတစ်ဖက်တွင်လည်း ပလ္လင်ထမ်းလေးဦးအနက် သုံးဦးမှာ မြေပြင်ပေါ်တွင် အသက်မဲ့ လဲကျနေပြီး... ကျန်ရှိနေသော တစ်ဦးသည်သာ ဝူတောက်ယို နှင့် အကြိတ်အနယ် ယှဉ်ပြိုင်တိုက်ခိုက်နေဆဲ ဖြစ်သည်။

ဤမျှ ရုတ်ချည်း ပြောင်းလဲသွားသော အခြေအနေများကြောင့် ဖုန်းပိုင်ချွမ်းနှင့် သူ၏ အပေါင်းအပါများမှာ ကြောင်အမ်းအမ်း ဖြစ်သွားကြရ၏။

သူတို့၏ တာဝန်သည် ဖူဟန်ယွမ်ကို ကယ်တင်ရန်သာ ဖြစ်သည်ဟု ထင်မှတ်ထားခဲ့သော်လည်း... မျက်စိရှေ့တွင် ဖြစ်ပျက်နေသော မြင်ကွင်းများက သူတို့၏ ထင်မြင်ချက်များနှင့် လားလားမျှ မသက်ဆိုင်နေပေ။

တကယ်ကို နားလည်ရခက်သော အခြေအနေပင်။

သို့သော် ယခုအချိန်တွင် သူတို့အနေဖြင့် ဤအတွေးများကို အာရုံစိုက်နေ၍ မဖြစ်ပေ။ သူတို့ကို ဝိုင်းရံထားသော အနက်ရောင်ဝတ် လူများသည် သာမန်လက်ရည်မျိုး မဟုတ်ကြဘဲ... ၎င်းတို့၏ စုပေါင်းတိုက်ခိုက်မှုများကို ကာကွယ်ရန် အတော်ပင် ခက်ခဲနေပြီ ဖြစ်၏။

လျိုမိုက အော်ဟစ်လိုက်သည်။

“တိုက်ပွဲမှာ အချိန်မဆွဲနဲ့... ထွက်ပြေးလို့ရရင် ပြေးကြ”

သူသည် ယန်ရီဇီနှင့် သုံးပါးအစွန်းရောက်ဂိုဏ်းကြားက ရှုပ်ထွေးပွေလီသော ဆက်နွှယ်မှုများကို နားမလည်ပေ။ သူတို့အဖွဲ့သည် မတော်တဆ ဤအရှုပ်တော်ပုံထဲသို့ ဝင်ရောက်မိခြင်း ဖြစ်သည်ဟုသာ ခံစားနေရသည်။

ထို့ကြောင့် သူတို့၏ ဦးစားပေးမှာ ဤတိုက်ပွဲမြေပြင်မှ လွတ်မြောက်ရန်သာ ဖြစ်၏။

သို့သော် ရုတ်တရက် ဆိုသလို သတ်ဖြတ်သံများ တစ်ဟုန်ထိုး နီးကပ်လာပြန်သည်။ အခြားတစ်ဖက်မှ လူတစ်စုသည် တိုက်ပွဲအတွင်းသို့ ဝင်ရောက်လာပြီး အခြေအနေကို ပိုမို ရှုပ်ထွေးသွားစေသည်။

ဤလူစုသစ်သည် အနက်ရောင်ဝတ် လူများကို ရက်စက်ကြမ်းကြုတ်စွာ သည်းကြီးမည်းကြီး သတ်ဖြတ်လေတော့၏။

စစ်ကူရောက်လာသည်ကို မြင်လိုက်ရသောအခါ သူတို့၏ စိတ်ဓာတ်များ ပြန်လည် တက်ကြွလာကြသည်။

“အကုန်သတ်ကြ”

ရန်သူက ကိုယ့်ထက် အင်အားကြီးနေလျှင် ထွက်ပြေးခြင်းသည် သဘာဝကျသော်လည်း... ကူညီမည့်သူ ရှိလာသောအခါ အနာဂတ် ရန်စွယ်များကို အမြစ်ပြတ် ရှင်းလင်းပစ်ခြင်းသည်သာ အကောင်းဆုံး နည်းလမ်း ဖြစ်ပေသည်။

တိုက်ပွဲမြေပြင် တစ်ခုလုံးတွင် သိုင်းကွက်အမျိုးမျိုးဖြင့် တိုက်ခိုက်နေကြသည်မှာ ဆူညံပွက်လောရိုက်နေတော့၏။

သို့သော် ဆုမို၊ ယန်ရှောင်ယွင်နှင့် ကျန်းရှောင်ရှောင်တို့သည် အေးဆေးတည်ငြိမ်စွာဖြင့် အခြေအနေကို စောင့်ကြည့်နေကြသည်။

ယန်ရှောင်ယွင်က သူမ၏ စိတ်ကို ထိန်းချုပ်နိုင်စွမ်း ရှိ၍တော့ မဟုတ်ပေ။ ဆုမိုက သူမကို ဝင်ရောက်စွက်ဖက်ခွင့် မပြုသေးသောကြောင့်သာ ဖြစ်၏။

ယန်ရှောင်ယွင်သည် ဆုမို၏ ညွှန်ကြားချက်ကို အမြဲတမ်း လိုက်နာလေ့ရှိသည်။ ထို့ကြောင့် သူမသည် စိတ်ကို လျှော့ကာ သည်းခံနေခြင်း ဖြစ်၏။ သို့သော် သူမ၏ မျက်ဝန်းများသည် ယန်ရီဇီ၏ ပုံရိပ်ကို မမှိတ်မသုန် စိုက်ကြည့်နေမိသည်။

အထူးသဖြင့် ယန်ရီဇီက မိုးပြာနဂါး အရပ်ရှစ်မျက်နှာ လျှပ်စီးလှံသိုင်း ကို ထုတ်သုံးလိုက်သောအခါ သူမ၏ အာရုံစိုက်မှုသည် ပိုမို ခိုင်မာသွား၏။

အရင်က သံသယများ ရှိခဲ့သော်လည်း... ထိုလှံသိုင်းကို မြင်လိုက်ရသည့် အချိန်တွင်မူ ယန်ရှောင်ယွင်၏ စိတ်ထဲ၌ မသေချာမှု အစအနလေး တစ်ခုတောင် မကျန်ရှိတော့ပေ။

ဆုမိုကမူ မျက်ခုံးများကို အနည်းငယ် တွန့်ချိုးထားသည်။ ဒီတိုက်ပွဲထဲမှာ နောက်ထပ် အပြောင်းအလဲတွေ ဖြစ်လာဦးမည်ဟု သူ အာရုံခံမိနေ၏။

ယခုအချိန်တွင် ကူပိရန် သည် ယန်ရီဇီ ဦးဆောင်သော သုံးယောက်အဖွဲ့၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေရသည်။

ယန်ရီဇီသည် သူ၏ နက်ရှိုင်းသော အတွင်းအား၊ ကျင်းဟုန် ဖေးရွှယ် လက်သီးသိုင်းနှင့် မိုးပြာနဂါး အရပ်ရှစ်မျက်နှာ လျှပ်စီးလှံသိုင်း တို့ကို ပေါင်းစပ်ကာ ခန့်မှန်းရခက်သော ပုံစံဖြင့် ဦးဆောင်တိုက်ခိုက်နေ၏။

သူသည် ကူပိရန်၏ လျှို့ဝှက်ဆန်းကြယ်သော သိုင်းပညာအတွက် ပြီးပြည့်စုံသော ပြိုင်ဘက်ကောင်း တစ်ဦး ဖြစ်သည်။

ယွီလင်းရှင်းသည် ဘေးမှနေ၍ အလစ်ချောင်းနေ၏။ သူမ၏ သိုင်းပညာသည် ယန်ရီဇီနှင့် ကူပိရန်တို့ကို မယှဉ်နိုင်သော်လည်း... သူမ၏ မိသားစုပိုင် ယွီဝိညာဉ် သတ်ဖြတ်ခြင်း သိုင်းနှင့် အသက်ငွေ့ ဖုံးကွယ်ခြင်း ပညာတို့ကို ပေါင်းစပ်အသုံးပြုကာ ရန်သူ၏ အားနည်းချက်များကို ချိန်ရွယ်တိုက်ခိုက်နေသည်။

နောက်ဆုံး ပါဝင်တိုက်ခိုက်နေသူမှာ ချီလင်ဓားသမား ဖြစ်၏။ သူ၏ (၇) ပေ နက်မှောင်အလင်းဓားကြီးကို ဝှေ့ယမ်းကာ ပြင်းထန်သော ဓားချက်များဖြင့် ဖိအားပေးနေ၏။

သူတို့လေးဦး၏ တိုက်ပွဲသည် အလွန် ပြင်းထန်လှပြီး ခေတ္တမျှ အနိုင်အရှုံး မကွဲပြားဘဲ ရှိနေသည်။

သို့သော် ဤအခြေအနေသည် ကြာရှည်မခံလိုက်ပေ။ ဝူတောက်ယိုက နောက်ဆုံးကျန်နေသော ပလ္လင်ထမ်းကို ဓားတစ်ချက်ဖြင့် အဆုံးစီရင်လိုက်ပြီး တိုက်ပွဲထဲသို့ ဝင်ရောက်လာသောအခါ အခြေအနေသည် တစ်ဟုန်ထိုး ပြောင်းလဲသွားတော့သည်။

ဝူတောက်ယိုက နောက်ဆုံးမှ ရန်သူကို အနိုင်ယူနိုင်ခဲ့ခြင်းမှာ သူ၏ သိုင်းပညာ ညံ့ဖျင်းလို့တော့ မဟုတ်ပေ။

ယွီလင်းရှင်းက ယွီဝိညာဉ် သတ်ဖြတ်ခြင်း သိုင်း၏ စွန့်စားရသော နည်းလမ်းကို သုံးပြီး ရုတ်တရက် အသေခံ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပလ္လင်ထမ်းမှာ စွမ်းရည်အကုန် မထုတ်ရသေးခင် သေဆုံးသွားရခြင်း ဖြစ်၏။

ချီလင်ဓားသမားကတော့ သူ၏ ဓားရှည်ကြီး အစွမ်းဖြင့် နောက်ထပ် ပလ္လင်ထမ်းတစ်ဦးကို အလစ်အငိုက် ဖမ်းကာ နှစ်ပိုင်းပိုင်းပစ်ခဲ့သည်။

ဝူတောက်ယို တစ်ဦးတည်းသာလျှင် သူ၏ ပြိုင်ဘက်နှင့် အပြန်အလှန် အကြိတ်အနယ် တိုက်ခိုက်ခဲ့ရပြီး နောက်ဆုံးမှ အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်၏။

ယခု ဝူတောက်ယိုပါ ပါဝင်လာသဖြင့် ကူပိရန်မှာ အရပ်မျက်နှာ အသီးသီးမှ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံလိုက်ရလေပြီ။

နောက်ဆုံးတွင် ယန်ရီဇီ၏ လက်ဝါးတစ်ချက်သည် သူမ၏ ပခုံးကို ထိမှန်သွားပြီး ပခုံးရိုးကို ချက်ချင်း ကျိုးကြေသွားစေသည်။ ထို့နောက် ယွီလင်းရှင်း၏ သွေးရောင် မန်ဒရင်းဘဲ ဓားက သူမ၏ ခြေမျက်စိများကို ပိုင်းဖြတ်လိုက်ရာ ကောင်းကင်ဂိုဏ်းချုပ်မှာ ဗိုင်းခနဲ ဒူးထောက်ကျသွားပြီး မတ်တတ်မရပ်နိုင်တော့ပေ။

ချီလင်ဓားသမားက သူ၏ ဓားကို သူမ၏ လည်ပင်းပေါ်သို့ တင်ကာ အပြီးတိုင် ချုပ်နှောင်လိုက်တော့၏။

“အရာအားလုံး ပြီးဆုံးသွားပြီ... သုံးပါးအစွန်းရောက်ဂိုဏ်းသား တစ်ယောက်မှ အရှင်မထားနဲ့”

ယန်ရီဇီ၏ အသံသည် ပြတ်သားစွာ ထွက်ပေါ်လာသည်။ ဝူတောက်ယိုက ဟားတိုက် ရယ်မောလိုက်ပြီး...

“အဲဒါ ကျုပ်အကြိုက်ပဲဗျာ”

သူသည် ခုန်ပျံတိုက်ခိုက် ကာ အနက်ရောင်ဝတ် လူအုပ်ကြားထဲသို့ ထိုးဖောက်ဝင်ရောက် သွားလေတော့၏။

ယန်ရီဇီသည် ကူပိရန်၏ အနီးသို့ လျှောက်သွားပြီး သူမကို ငုံ့ကြည့်လိုက်သည်။

“နောက်ဆုံးတော့ မင်း ငါ့လက်ထဲ ရောက်လာပြီပဲ”

“ဘယ်လိုလုပ်ပြီး...”

ကူပိရန်သည် ယခုအချိန်တွင် ဆိုးရွားစွာ ဒဏ်ရာရထားသော်လည်း သူမ၏ အလှတရားကတော့ ပျက်စီးမသွားသေးပေ။ သူမသည် မျက်လုံးများကို ပင့်ကြည့်လိုက်ပြီး...

“ရှင်ကလည်း ကျွန်မကို ကုတင်ဘေးက အမြဲတမ်း ဧည့်သည်တော်... လိုက်ကာစနောက်က ကြင်ယာတော်အဖြစ် ထားချင်နေတာလားဟင်”

ယန်ရီဇီ၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်များ ရိပ်ခနဲ ဖြတ်ပြေးသွားသည်။ သူ စကားပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် မျက်မှောင်ကြုတ်ကာ နောက်သို့ ချာခနဲ လှည့်ထွက် လိုက်သည်။

ကျောက်ခဲတစ်လုံးသည် လေကို ခွင်းလျက် သူ့ဆီသို့ အဟုန်ပြင်းစွာ ပျံသန်းလာနေ၏။ မျက်တောင်တစ်ခတ်စာ အတွင်း (၃) ပေ အကွာသို့ ရောက်ရှိနေပြီ ဖြစ်၏။

“ဟင်...”

ယန်ရီဇီ အံ့သြသွားသည်။ ကျောက်ခဲသည် အသံမမြည်ဘဲ ရောက်လာသဖြင့် ရှောင်တိမ်းရန် အချိန်မမီတော့ပေ။ ထို့ကြောင့် သူသည် လက်ဝါးတစ်ဖက်ကို ဆန့်ထုတ်ကာ ခုခံလိုက်ရသည်။

“ဝီ…”

တဝီဝီ မြည်သံနှင့်အတူ ကျောက်ခဲသည် သူ၏ လက်ဝါးနှင့် (၃) လက်မခန့် အကွာတွင် တုန်ခါနေ၏။

သို့သော် ထိုကျောက်ခဲမှ သက်ရောက်နေသော အားသည် ကြီးမားလွန်းလှသဖြင့် ယန်ရီဇီမှာ ခြေထောက်ကို မြေကြီးထဲ စိုက်ထားသော်လည်း နောက်သို့ တရွတ်တိုက် ပါသွားရသည်။

သူသည် အခြားလက်တစ်ဖက်ဖြင့် ခုခံထားသော လက်၏ နောက်ကျောကို ပင့်ကူလိုက်ပြီး အတွင်းအား အကုန်ထုတ်ကာ တွန်းကန်လိုက်သည်။

လက်ဝါးနှစ်ဖက် ပေါင်းစပ်လိုက်သောအခါ ကျိုးပဲ့သံတစ်သံ ထွက်ပေါ်လာပြီး ကျောက်ခဲသည် ရုတ်ချည်း အမှုန့်ဖြစ်ကာ လေထဲတွင် လွင့်ပျံသွားတော့၏။

သို့သော် သူ မော့ကြည့်လိုက်သောအခါ ဖရိုဖရဲ ပုံစံနှင့် အနက်ရောင်ဝတ် လူတစ်ယောက်သည် ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိဘဲ သူ့ရှေ့တွင် ပေါ်လာပြီး လက်ဝါးဖြင့် တိုက်ခိုက်လိုက်၏။

လက်ဝါးရိပ်များသည် တိမ်တိုက်များ ရွေ့လျားသလို လျင်မြန်စွာ ပြောင်းလဲနေပြီး ရုတ်တရက် မရေမတွက်နိုင်သော လက်ဝါးရိပ်များအဖြစ် ကွဲပွားသွားသည်။

တိမ်စီးကြောင်း လက်ဝါးသိုင်း။

ယန်ရီဇီသည် လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် လှည့်ပတ်လိုက်ပြီး လက်ဝါးနှစ်ဖက်စလုံးဖြင့် ပြန်လည် တွန်းထုတ်လိုက်သည်။

"ဝုန်း"

ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ လက်ဝါးလေးဖက် ထိတွေ့သွားကြသည်။ ကြီးမားသော ဖိအားကြောင့် ယန်ရီဇီမှာ နောက်သို့ ဆက်တိုက် ဆုတ်ခွာသွားရသည်။

သူ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်တွင် အတွင်းအားများ ပေါက်ကွဲထွက်နေပြီး မြေကြီးများ ပွင့်ထွက်ကုန်၏။

မျက်တောင်တစ်ခတ်စာ အတွင်း (၅) ကျန်း ခန့် နောက်ဆုတ်လိုက်ရပြီးနောက် သူတို့နှစ်ဦး ရုတ်တရက် နေရာချင်း လဲလိုက်ကြသည်။

ထို့နောက် ယန်ရီဇီက ဟိန်းဟောက် လိုက်သည်။

“မင်းလား... မင်းက ကောင်းကင်ဂိုဏ်းချုပ်လား”

“မင်း သိတာ နောက်ကျသွားပြီ”

တစ်ဖက်လူ၏ အသံတွင် နွေးထွေးမှု အစအနပင် မပါရှိပေ။ အတွင်းအားများ ရိုက်ခတ်မှုကြောင့် ယန်ရီဇီ၏ မျက်နှာဖုံးနှင့် ဝတ်ရုံလက်စများ အပိုင်းပိုင်းအစစ စုတ်ပြဲသွားကြသည်။

သူ၏ မျက်နှာအစစ်အမှန် ပေါ်ထွက်လာလေပြီ။

“အဖေ”

ယန်ရှောင်ယွင်က လွှတ်ခနဲ အော်ဟစ် လိုက်သည်။

ထိုစဉ် ကောင်းကင်မှ အနီရောင် အလင်းတန်းတစ်ခု ကျဆင်းလာသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။

ဓားရောင်..

ထိုဓားရောင်ထဲတွင် သွေးကဲ့သို့ နီရဲသော လူရိပ်တစ်ခု ပါဝင်နေပြီး ကောင်းကင်မှ ကျဆင်းလာသော သွေးစက်များပမာ ဖြစ်နေ၏။

ကောင်းကင်ဂိုဏ်းချုပ် အစစ်အမှန်က ရုတ်တရက် မော့ကြည့်လိုက်ပြီး အေးစက်စွာ လှောင်ပြောင် လိုက်သည်။

“သွေးရောင် မန်ဒရင်းဘဲ ဓား ..

လင်းဟုန်ရှ... ဒါ မင်းရဲ့ နောက်ဆုံးဝှက်ဖဲလား... သိပ်တော့ မမိုက်ပါလား”

သူသည် လက်တစ်ဖက်ကို မြှောက်ကာ ဓားသဖွယ် ပြုလုပ်လိုက်ပြီး... မျက်တောင်တစ်ခတ်စာ အတွင်း ဓားချက်ပေါင်း သုံးထောင် မြေကြီးထဲမှ ထိုးထွက်လာသလို အပေါ်သို့ ပင့်တင်လိုက်၏။

ဓားရောင်များ ဖြတ်သန်းသွားသောအခါ လင်းဟုန်ရှ၏ ပုံရိပ်သည် ရုတ်ချည်း ကွဲကြေသွားပြီး (၃) ကျန်း အကွာတွင် ပြန်လည် ပေါ်ထွက်လာသည်။

သူမသည် ခြေကို ခိုင်မြဲစွာ ရပ်လိုက်ပြီး လက်တစ်ဖက်စီတွင် သွေးရောင် ဓားတိုတစ်လက်စီ ကိုင်ဆောင်ထား၏။

ပါးစပ်မှ သွေးများ ဝေါ့ခနဲ အန်ချ လိုက်ပြီး အလန့်တကြား အော်ဟစ်လိုက်သည်။

“သူ့သိုင်းပညာက အရမ်း အားကောင်းလွန်းတယ်... မဖြစ်ဘူး... ယန်ကြီး ... မြန်မြန်ဆုတ်”

“နောက်ကျသွားပြီ”

ကောင်းကင်ဂိုဏ်းချုပ်က လှောင်ပြောင် လိုက်သည်။

“မင်းတို့ ပေါင်းပြီး ငါ့ကို ထောင်ချောက်ဆင်တယ်... နည်းလမ်းပေါင်းစုံ သုံးပြီး ငါ့ကို အပြင်ထွက်လာအောင် လုပ်တယ် မဟုတ်လား... အခု ငါ ရောက်လာပြီလေ... မင်းတို့ ဘယ်လို ထွက်ပြေးကြမလဲ”

“ရှင်က အရမ်းနှေးတာပဲ”

ကူပိရန်၏ အသံသည် အဝေးမှ ပဲ့တင်ထပ် ထွက်ပေါ်လာ၏။

ကောင်းကင်ဂိုဏ်းချုပ်က ခေါင်းခါလိုက်သည်။

“ငါ မပေါ်လာခင် သူ့ကို အိပ်ပျော်သွားအောင် အရင်လုပ်ရသေးတယ်လေ... အခု အချိန်ကိုက်ပါပဲ”

သူသည် အတွင်းအားများကို စုစည်းပြီး ယန်ရီဇီကို တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

သို့သော် အတွင်းအား လွှဲပြောင်းနေစဉ်မှာပင် ယန်ရီဇီ၏ လက်ဝါးမှ အားကောင်းသော စွမ်းအင်တစ်ခု ပေါက်ကွဲထွက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။

“ဟမ်...”

အလစ်အငိုက် မိသွားသော ကောင်းကင်ဂိုဏ်းချုပ်သည် ရုတ်ချည်း နောက်သို့ လွင့်စင်သွားလေတော့၏။

လက်ဝါးနှစ်ဖက်သည် သူ့ရှေ့တွင် လည်ပတ်နေပြီး အတွင်းဘက်သို့ ဖိချလိုက်သည်။ လူရိပ်တစ်ခုသည် သစ်ရွက်တစ်ရွက်ကဲ့သို့ ပေါ့ပါးစွာဖြင့် မြေပြင်ပေါ်သို့ သက်ဆင်းလိုက်ရာ ဖုန်မှုန့် အနည်းငယ်မျှပင် ထွက်ပေါ်လာခြင်း မရှိပေ။

ရုတ်တရက် မော့ကြည့်လိုက်သောအခါ ယန်ရီဇီ၏ ကျောနောက်တွင် ရပ်နေသော လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။ ထိုလူငယ်၏ ကျောပေါ်တွင် ဓားသေတ္တာ တစ်လုံးကို လွယ်ထား၏။

ကောင်းကင်ဂိုဏ်းချုပ်၏ မျက်နှာပေါ်တွင် ဇဝေဇဝါ ဖြစ်မှုများ ပေါ်ပေါက်လာ၏။

“လူသားဂိုဏ်းချုပ်က... ရုတ်တရက် ကောင်းကင်ဂိုဏ်းချုပ် ဖြစ်သွားတယ်... ဦးလေးယန်... ဒါက ဘယ်လို မျက်လှည့်မျိုးလဲဗျ”

“...ရှောင်မို”

ယန်ရီဇီသည် အံ့သြတကြီး လှည့်ကြည့်လိုက်ရာ ဆုမိုက နွေးထွေးစွာ ပြုံးပြလိုက်သည်။

“စိတ်မပူပါနဲ့... ဦးလေးရဲ့ တူတော်မောင် ရောက်လာပါပြီ”

အခန်း (၂၈၇) - ကောင်းကင်နှင့် လူသားတို့၏ တိုက်ပွဲ

~ဆုမိုသည် ဇာတ်သိမ်းခန်း၌ ကိုယ်ထင်ပြလိုခြင်း မရှိပေ။

ထို့အတူ ယန်ရီဇီ၏ အသက်အန္တရာယ် ကြုံနေရချိန်တွင် သူရဲကောင်း တစ်ဦးအဖြစ် ရုတ်တရက် ပေါ်ထွက်လာပြီး ကယ်တင်ရှင် လုပ်လိုခြင်းလည်း မရှိပေ။

အကြောင်းရင်းမှာ ရိုးရှင်းလှသည်။ အစကတည်းက ဤကစားပွဲ မပြီးဆုံးသေးကြောင်း ဆုမို အာရုံခံမိနေသောကြောင့် ဖြစ်၏။

တစ်ဖက်တွင် ကျိလေ ကောင်းကင်နန်းတော်၏ ဒုတိယ နန်းတော်သခင်သည် သူမ၏ ထူးဆန်းအံ့ဖွယ် သိုင်းပညာများဖြင့် ယန်ရီဇီနှင့် အဖွဲ့ကို ယှဉ်ပြိုင်တိုက်ခိုက်နေ၏။

အခြားတစ်ဖက်တွင် ယန်ရီဇီသည် သူ၏ စွမ်းအားအကုန်ကို ထုတ်မသုံးဘဲ တစ်စုံတစ်ခုကို စောင့်မျှော်နေသလို ခံစားရသည်။

အထူးသဖြင့် ကူပိရန် အဖမ်းခံလိုက်ရချိန်တွင် ထိုခံစားချက်က ပိုမို ပြင်းထန်လာခဲ့သည်။

ထို့ကြောင့် ဆုမိုသည် စိတ်ရှည်လက်ရှည်ဖြင့် အခြေအနေကို ဆက်လက် စောင့်ကြည့်နေခဲ့ခြင်း ဖြစ်၏။

အကယ်၍ အခြေအနေက ဒီနေရာမှာတင် ရပ်တန့်သွားခဲ့လျှင် ဆုမိုအနေဖြင့် ဝင်ရောက်စွက်ဖက်ရန် အသင့်တော်ဆုံး အချိန်ဖြစ်ပေလိမ့်မည်။ ယန်ရီဇီကို ချက်ချင်း ဖမ်းဆီးပြီး လေးလေးနက်နက် ဆွေးနွေးမှု ပြုလုပ်ရုံသာ။

သို့သော် အခြား အပြောင်းအလဲများ ဖြစ်ပေါ်လာပါက သူ ပုန်းအောင်းနေခြင်းသည် မည်သည့် အခြေအနေမျိုးကိုမဆို ရင်ဆိုင်ရန် အကောင်းဆုံး ပြင်ဆင်မှု ဖြစ်ပေလိမ့်မည်။

နောက်ဆုံးရလဒ်သည် ဆုမို မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်လာခဲ့သည်။

တကယ်ပင် နောက်ဆက်တွဲ ဇာတ်လမ်းများ ရှိနေခဲ့သည်။

ဘိုးဘေး ခန်းမဆောင်အောက်မှ တွင်းနက်ကြီးထဲမှ ထွက်ပေါ်လာသော လူသားဂိုဏ်းချုပ်သည် ကျောက်ခဲတစ်လုံးတည်းဖြင့် သူ၏ သိုင်းပညာ အဆင့်အတန်းကို ပြသခဲ့သည်။

ထို့ပြင် တောက်လျှောက် ပုန်းအောင်းနေခဲ့သော လင်းဟုန်ရှသည်လည်း မမျှော်လင့်ဘဲ လှုပ်ရှားလာခဲ့၏။

ဤအချက်များက ဆုမို၏ ထင်မြင်ယူဆချက်များသည် အခြေအမြစ်မရှိသော မှန်းဆချက်များ မဟုတ်ကြောင်း သက်သေပြလိုက်ခြင်းပင်။

ဤအကွက်ချ စီစဉ်မှုတွင် ယန်ရီဇီ၌ အခြားသော အစီအစဉ်များ ရှိနေသေးသည်။

ယခုအခါ ထိုအစီအစဉ်များကို ဆုမို နားလည်သဘောပေါက်သွားပြီ ဖြစ်၏။

သုံးပါးအစွန်းရောက်ဂိုဏ်းတွင် ကောင်းကင်ဂိုဏ်းချုပ်သည် နဂါးတစ်ကောင်ပမာ ကိုယ်ထင်မပြဘဲ အမြဲတမ်း လျှို့ဝှက်ဆန်းကြယ်စွာ နေထိုင်လေ့ရှိသူ ဖြစ်သည်။ သံသယများပြီး ဉာဏ်နီဉာဏ်နက် များပြားသူ တစ်ဦးလည်း ဖြစ်၏။

ယန်ရီဇီနှင့် ယွီလင်းရှင်းတို့သည် ‘လျှို့ဝှက်သိုလှောင်ရုံ’ ကို အသုံးပြုပြီး သူ့ကို မျှားခေါ်ခဲ့ကြသည်။ ထို့နောက် ‘ကောင်းကင်ဂိုဏ်းချုပ်’ ကို သိုလှောင်ရုံထဲသို့ ဝင်ခွင့်မပေးဘဲ အပြင်တွင် ဖမ်းဆီးရန် နည်းဗျူဟာ အမျိုးမျိုးကို အသုံးပြုခဲ့ကြသည်။

ဒါဆိုရင် အကြီးမားဆုံး မေးခွန်းတစ်ခု ပေါ်လာပြီ...

ဒီလူက တကယ်ရော ကောင်းကင်ဂိုဏ်းချုပ် ဟုတ်ရဲ့လား။

တိုက်ပွဲအတွင်းတွင် အသေးစိတ် အချက်အလက် တစ်ခုကို ဆုမို သတိထားမိလိုက်သည်။

ယန်ရီဇီနှင့် ယွီလင်းရှင်းတို့ ဝိုင်းရံတိုက်ခိုက်နေစဉ် ကူပိရန် ပြောခဲ့သော စကားတစ်ခွန်း ရှိသည်။

“နင် တစ်ယောက်တည်းနဲ့ ငါ့ကို သတ်နိုင်မယ် ထင်နေလား”

ထိုအခြေအနေမျိုးတွင် ဤစကားကို ပြောခြင်းသည် ထူးဆန်းသော ကိစ္စတော့ မဟုတ်ပေ။

သို့သော် ထိုစကားကို ပြောလိုက်ပြီးနောက် ယွီလင်းရှင်းနှင့် ယန်ရီဇီတို့၏ မျက်ဝန်းများတွင် အပြောင်းအလဲများ ဖြစ်ပေါ်သွားသည်ကို တွေ့လိုက်ရသည်။

အကွာအဝေး ဝေးကွာလွန်းသဖြင့် အတိအကျ မမြင်ရသော်လည်း ဆုမို တစ်စုံတစ်ခုကို သဘောပေါက်သွားသည်။

ထိုစကားက အချက်တစ်ခုကို ဖွင့်ဟပြလိုက်ခြင်းပင်။

ကူပိရန်သည် ကောင်းကင်ဂိုဏ်းချုပ် မဟုတ်ပေ။

ဤကောက်ချက်ချရခြင်း၏ အကြောင်းရင်းမှာ ရိုးရှင်းလှသည်။ ကူပိရန်၏ အမူအရာသည် ကောက်ကျစ်စဉ်းလဲပြီး တွက်ချက်မှုများသော ကောင်းကင်ဂိုဏ်းချုပ်နှင့် လုံးဝ ကွဲပြားခြားနားနေ၏။

ကောင်းကင်ဂိုဏ်းချုပ် ဆိုသည်မှာ မည်သို့သော လူစားမျိုးနည်း။

သူ၏ ဉာဏ်နီဉာဏ်နက်နှင့် ဗျူဟာများသည် ပြိုင်ဘက်ကင်း ဖြစ်၏။

အကယ်၍ ယန်ရီဇီနှင့် ယွီလင်းရှင်းတို့သည် သူ့ကို သတ်ဖြတ်ရန်အတွက် ဤမျှလောက် အားထုတ်ခဲ့ရလျှင် ဘာကိစ္စကြောင့် ‘လျှို့ဝှက်သိုလှောင်ရုံ’ ထဲသို့ ဝင်ခွင့်မပေးဘဲ တားဆီးနေရပါသနည်း။

သူ့ကို အထဲဝင်ခွင့်ပေးလိုက်ပြီး တစ်ခါတည်း မိုင်းခွဲသတ်ပစ်လိုက်ခြင်းက ပိုမကောင်းပေဘူးလား။

အထူးသဖြင့် သိုလှောင်ရုံထဲမှ မိုးကြိုးမိုင်းများသည် မီးရှို့ပြီးသား အခြေအနေ ဖြစ်နေချိန်တွင်ပေါ့။

အကယ်၍ ကူပိရန်သာ ကောင်းကင်ဂိုဏ်းချုပ် အစစ်အမှန် ဖြစ်ခဲ့လျှင် ဒီအချက်ကို သူမ သေချာပေါက် ကြိုတင်တွက်ဆထားမိမည် ဖြစ်၏။

ထို့ကြောင့် ထိုစကားကို ကြားလိုက်ရသည့် အချိန်တွင် ကူပိရန်၏ ဇာတ်ရုပ်အမှန်အပေါ် သံသယဝင်စရာ ရှိကြောင်း ဆုမို သိလိုက်သည်။

ယွီလင်းရှင်းနှင့် ယန်ရီဇီတို့သည် ဖြစ်နိုင်ချေ ရှိသမျှ အခြေအနေ အားလုံးကို ကြိုတင်စဉ်းစားထားပြီး ဖြစ်ပေလိမ့်မည်။

သူတို့သည် ဉာဏ်ပညာကို အသုံးပြုကာ နည်းဗျူဟာ အမျိုးမျိုးကို ပြောင်းလဲ ကျင့်သုံးပြီး အသေးစိတ် တွက်ချက်ထားခဲ့ကြသည်။

ထိုသို့ အရေးကြီးသော အပိုင်းကို သူတို့ ဘယ်လိုလုပ် သတိမမူမိဘဲ နေပါ့မည်နည်း။

ထို့ကြောင့် လင်းဟုန်ရှကို ဘေးဖယ်ထားပြီး အရေးကြီးချိန်တွင် လေထဲမှနေ၍ အဆုံးအဖြတ် တိုက်ခိုက်မှု ပြုလုပ်ရန် လျှို့ဝှက်ထားခဲ့ခြင်း ဖြစ်၏။

သူတို့ မမျှော်လင့်ထားသည့် အရာမှာ သူမ၏ တိုက်ခိုက်မှုကို တစ်ဖက်လူက သန့်ရှင်းသပ်ရပ်စွာ ချေဖျက်လိုက်နိုင်ခြင်းပင်။

ကောင်းကင်ဂိုဏ်းချုပ်၏ သိုင်းပညာသည် ယန်ရီဇီနှင့် အခြားသူများ မျှော်မှန်းထားသည်ထက် များစွာ သာလွန်နေခဲ့၏။

“ရှောင်မို ... မင်း...”

ယန်ရီဇီသည် သူ၏ မျက်လုံးများကိုပင် မယုံနိုင်အောင် ဖြစ်နေရသည်။

သူသည် အလွန် သတိထားပြီး ဆောင်ရွက်ခဲ့ပါလျက်နှင့်...

ဘယ်လိုလုပ်ပြီး သူ ရောက်လာရတာလဲ။

အခု ဆုမို ရောက်နေမှတော့...

ထိုအတွေး ဝင်လာသည်နှင့် ယန်ရီဇီ ခေါင်းကို လျင်မြန်စွာ လှည့်ကြည့်လိုက်ရာ မျှော်လင့်ထားသည့်အတိုင်းပင် လူရိပ်တစ်ခုသည် အနက်ရောင်ဝတ် လူအုပ်ကြားထဲသို့ တိုးဝင်တိုက်ခိုက်နေသည်ကို တွေ့လိုက်ရသည်။ ဓားကဲ့သို့ ထက်မြက်သော လှံရှည်သည် အေးစက်စွာ တောက်ပနေပြီး နဂါးရိပ်တစ်ခု လွှမ်းမိုးထားသလို ရံဖန်ရံခါ ထိုးနှက်လိုက်တိုင်း အနက်ရောင်ဝတ် လူများ၏ လည်ချောင်းများကို ဖောက်ထွင်းသွား၏။

“ယွင်အာ...”

ယန်ရီဇီ၏ မျက်ဝန်းများထဲတွင် ရှုပ်ထွေးသော ခံစားချက်များစွာ ဖြတ်သန်းသွားသည်။

“ဦးလေးယန်... ခဏလောက် စောင့်ပါဦး”

ဆုမို၏ အသံ ထပ်မံ ထွက်ပေါ်လာသောအခါမှ ယန်ရီဇီ သတိပြန်ဝင်လာပြီး အလျင်စလို သတိပေးလိုက်သည်။

“ရှောင်မို... ပေါ့ပေါ့ဆဆ မလုပ်နဲ့... မင်းရဲ့ သိုင်းပညာက အားကောင်းမှန်း ငါ သိပါတယ်... ဒါပေမဲ့ ဒီလူက ခန့်မှန်းရခက်တယ်”

“ကောင်းကင်ဂိုဏ်းချုပ်က တကယ်ပဲ ခန့်မှန်းရခက်တာပါ”

ဆုမိုက ကောင်းကင်ဂိုဏ်းချုပ်ဘက်သို့ လှမ်းကြည့်ရင်း ပြုံးလိုက်သည်။

“ဒါပေမဲ့ ပြောရမယ်ဆိုရင်... ဒါက ကျွန်တော်တို့ တတိယအကြိမ်မြောက် တွေ့ဆုံခြင်းပဲ မဟုတ်လား... ခင်ဗျား မသိလိုက်တဲ့ အကြိမ်ကိုပါ ထည့်တွက်မယ်ဆိုရင် လေးကြိမ်မြောက် ဖြစ်သင့်တယ်”

ကောင်းကင်ဂိုဏ်းချုပ်၏ မျက်နှာထားသည် ရေခဲတမျှ အေးစက်နေသော်လည်း ခေါင်းကို ညင်သာစွာ ခါလိုက်သည်။

“မင်း အထင်မှားနေပြီ... ဒါက ငါတို့ ပထမဆုံး တွေ့ဆုံခြင်းပဲ... အရင်ကတော့ ခေါင်းဆောင်ဆုရဲ့ ဂုဏ်သတင်းကို ကြားဖူးရုံပဲ ရှိသေးတယ်”

“အို... ဟုတ်လား”

ဆုမိုက စဉ်းစားဟန်ဖြင့် ကြည့်လိုက်သည်။

“ဒါဆိုရင်... အရင်က ကျွန်တော် တွေ့ခဲ့တဲ့လူက တကယ်ပဲ လူသားဂိုဏ်းချုပ် ပေါ့”

“ဟုတ်တယ်... အဲဒါ သူပဲ”

“ဒါဆို ခင်ဗျားကရော”

“ဒါက ငါလေ”

ခန္ဓာကိုယ် တစ်ခုတည်း၊ တစ်ယောက်က ‘သူ’၊ တစ်ယောက်က ‘ငါ’ တဲ့လား။

ဆုမို မျက်ခုံးပင့်လိုက်သည်။

“စရိုက်နှစ်မျိုး လား”

“ဟမ်...”

ကောင်းကင်ဂိုဏ်းချုပ်သည် ထိုစကားလုံးကို စဉ်းစားကြည့်လိုက်ပြီး မျက်ဝန်းများတွင် စိတ်ဝင်စားမှု အရိပ်အယောင်များ တောက်ပလာ၏။

“စိတ်ဝင်စားစရာကောင်းတဲ့ တင်စားမှုပဲ... အကြမ်းဖျင်းတော့ မှန်တယ်လို့ ပြောရမှာပေါ့”

“အကြမ်းဖျင်း ဟုတ်လား”

ဆုမို ခေါင်းခါလိုက်သည်။

“ခင်ဗျားက ကျွန်တော့်ကို ရှုပ်ထွေးအောင် လုပ်နေတာပဲ... ဟုတ်ရင်ဟုတ်၊ မဟုတ်ရင်မဟုတ် ပေါ့... ဘာလို့ အကြမ်းဖျင်း ဖြစ်နေရတာလဲ”

“ငါတို့ မတိုက်ခိုက်ခင် စကားတွေ ဒီလောက် အများကြီး ပြောဖို့ လိုလို့လား”

ကောင်းကင်ဂိုဏ်းချုပ်က ခေါင်းကို ခပ်ဖွဖွ ခါလိုက်သည်။

“ရွှမ်ကျီတောင်ကြား မှာတုန်းက... မင်း တစ်ယောက်တည်းနဲ့ ယူချွမ်ဂိုဏ်းရဲ့ တပ်မှူး (၃) ယောက်စလုံးကို ဓားတစ်ချက်တည်းနဲ့ ရှင်းပစ်လိုက်တယ်လို့ ငါ ကြားထားတယ်”

အခန်း (၂၈၈) - ကောင်းကင်နှင့် လူသားတို့၏ တိုက်ပွဲ (အပိုင်း - ၂)

~“သူတို့လိုပဲ ငါ့ကို အနိုင်ယူနိုင်မယ်လို့ မင်း ယုံကြည်နေတာတော့ မဟုတ်ပါဘူးနော်”

ဆုမိုသည် လက်ကို အလျင်အမြန် ဝှေ့ယမ်းကာ ငြင်းလိုက်သည်။

“ကောင်းကင်ဂိုဏ်းချုပ်ရဲ့ စကားက မှားယွင်းနေပါပြီ... ကျွန်တော် သိုင်းလောကထဲ ခြေချခဲ့ကတည်းက ဘယ်ပြိုင်ဘက်ကိုမှ လျှော့မတွက်ရဲခဲ့ပါဘူး... ဘယ်သူ့ကို ရင်ဆိုင်ရပါစေ ကိုယ့်ကိုယ်ကို အထင်မကြီးရဲပါဘူး”

“အထူးသဖြင့် ကောင်းကင်ဂိုဏ်းချုပ်လို လေးစားထိုက်တဲ့ ပုဂ္ဂိုလ်တစ်ဦးကို ပိုလို့တောင် အလေးထားပါတယ်”

“ဒါပေမဲ့ ဒီလို အဆင့်မြင့် ပုဂ္ဂိုလ်မျိုးနဲ့ တွေ့ရခဲတာမို့... ပိုပြီး နားလည်ချင်ရုံပါ”

“ဘာပဲပြောပြော မတော်တဆ လက်လွန်ပြီး သတ်မိသွားရင်... နောက်ပိုင်းကျမှ သူတို့အကြောင်း ပြန်လေ့လာဖို့ ခက်ခဲသွားမှာ စိုးလို့ပါ”

“မောက်မာလိုက်တာ”

ကောင်းကင်ဂိုဏ်းချုပ်သည် ဆုမိုကို စိမ်းစိမ်းကြည့် လိုက်ပြီး သူ၏ မျက်ဝန်းများတွင် အေးစက်သော အလင်းရောင် တစ်ချက် ဝင်းလက် သွား၏။

သူသည် လက်နှစ်ဖက်ကို ပူးကပ်လိုက်ပြီး လေထဲတွင် ဓားတစ်လက်ကို ကိုင်ဆောင်ထားသလို အပေါ်မှ အောက်သို့ ခုတ်ချလိုက်သည်။

ဝီ...

ထိုအခိုက်အတန့်တွင် သူတို့နှစ်ဦးကြား၌ သုံးမီတာကျော် ကွာဝေးနေသော်လည်း... ကောင်းကင်ဂိုဏ်းချုပ်၏ လက်ဝါးခုတ်ချက်ကြောင့် ဆုမို၏ ပတ်ဝန်းကျင်ရှိ လေထုတစ်ခုလုံး စုပ်ယူခံလိုက်ရသလို ဟာလာဟင်းလင်း ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။

ပြင်းထန်သော ဓားရောင်သည် ကောင်းကင်ဂိုဏ်းချုပ်၏ လက်များမှ ထွက်ပေါ်လာပြီး မီတာပေါင်းများစွာ ရှည်လျားကာ မိုးမျှော်တိုက်ကြီး တစ်ခု ပြိုကျလာသလို တစ်ဟုန်ထိုး ကျဆင်းလာတော့၏။

နားမလည်သူများက ဤသိုင်းကွက်ကို သာမန်ဟု ထင်မြင်နိုင်သော်လည်း... သုံးပါးအစွန်းရောက်ဂိုဏ်းသားများနှင့် တိုက်ခိုက်နေသော ဖုန်းပိုင်ချွမ်း၏ မျက်နှာထားသည် ကွက်ခနဲ ပျက် သွားပြီး လွှတ်ခနဲ အော်ဟစ် လိုက်သည်။

“ကောင်းကင်နဲ့ မြေကြီး ပြိုင်ဘက်ကင်း ဓားသိုင်း ပါလား”

ကောင်းကင်ဂိုဏ်းချုပ် အသုံးပြုလိုက်သော သိုင်းကွက်မှာ ကောင်းကင်ဓားဂိုဏ်း ၏ လျှို့ဝှက်သိုင်းကွက် ဖြစ်သော ကောင်းကင်နှင့် မြေကြီး ပြိုင်ဘက်ကင်း ဓားသိုင်း ပင် ဖြစ်ချေသည်။

ကောလာဟလများအရ ကောင်းကင်ဓားဂိုဏ်း၏ ကိုင်ရှန်းခန်းမ သခင်ကြီးသည် ဤဓားသိုင်းဖြင့် ကောင်းကင်မှ မိုးကြိုးတစ်ချက်ကို ဖမ်းဆုပ်ပြီး မိုင်တစ်ထောင်အတွင်းရှိ တိမ်တိုက်များကို ဖြိုခွင်းခဲ့ဖူးသည်ဟု ဆိုကြသည်။

ဤသိုင်းကွက်ကြောင့်ပင် ကောင်းကင်ဓားဂိုဏ်းသည် နှစ်ပေါင်း (၃၀၀) တိုင်အောင် သိုင်းလောကတွင် ကျော်ကြားသော ဂုဏ်သတင်းကို ရရှိခဲ့ခြင်း ဖြစ်၏။

မထင်မှတ်ထားသည်မှာ ယခုအချိန်တွင် ဤဓားသိုင်းကို ကောင်းကင်ဂိုဏ်းချုပ်၏ လက်ထဲတွင် တွေ့မြင်နေရခြင်းပင်။

ဤဓားချက်သည် ဒဏ္ဍာရီထဲက ကိုင်ရှန်းခန်းမ သခင်ကြီး၏ ဓားချက်လောက် အစွမ်းမထက်သော်လည်း အလွန်အမင်း အံ့သြဖွယ် ကောင်းနေဆဲ ဖြစ်၏။

ချီစွမ်းအင် မရောက်ရှိမီ မြေပြင်ပေါ်တွင် လေပြင်းများ သည်းကြီးမည်းကြီး တိုက်ခတ်နေပြီး... ဆွေးမြေ့ဖွယ်ကောင်းသော ဓားသွားရာ တစ်ခုသည် မြေပြင်ပေါ်တွင် တဖြည်းဖြည်း ထင်ရှားလာ၏။ ဆုမိုသည် ထိုဓားသွားရာ၏ ဗဟိုချက်မ တည့်တည့်တွင် ရပ်လျက် မော့ကြည့်နေ၏။

“ရှောင်မို...”

ယန်ရီဇီနှင့် အခြားသူများ၏ ရင်ထဲတွင် ဒေါသနှင့် စိုးရိမ်စိတ်များ ပေါက်ကွဲလုမတတ် ဖြစ်သွားကြရသည်။

ဆုမို မလှုပ်မယှက် ရပ်နေသည်ကို မြင်သောအခါ... လူတိုင်းက သူ့ကို ဓားချီ၏ ဖိအားပေးမှု ခံထားရပြီး သေမင်းကို စောင့်ဆိုင်းနေရုံမှတစ်ပါး ရွေးချယ်စရာ မရှိတော့ဟု ထင်မှတ်လိုက်ကြသည်။

ရှေ့တိုးပြီး ကယ်တင်ချင်သော်လည်း အချိန်နှောင်းသွားချေပြီ။

မျှော်လင့်ချက် ကင်းမဲ့နေသော အခိုက်အတန့်တွင်... ဆုမိုသည် လက်ကို ညင်သာစွာ မြှောက်လိုက်ပြီး လက်ချောင်းလေးဖြင့် လေထဲတွင် ဝှေ့ယမ်းလိုက်သည်ကို တွေ့လိုက်ရသည်။

ရွှမ်း...

ကောင်းကင်ပေါ်မှ ကျဆင်းလာသော ဓားချီများသည် ချက်ချင်းပင် အပိုင်းပိုင်းအစစ ကွဲကြေသွားပြီး... ဆုမို၏ ဆံပင်တစ်မျှင်ကိုပင် မထိခိုက်စေနိုင်ခဲ့ပေ။

ဆုမိုသည် ကောင်းကင်ဂိုဏ်းချုပ်ကို မော့ကြည့်လိုက်ပြီး ခပ်ပြုံးပြုံး ပြောလိုက်သည်။

“ကောင်းကင်ဂိုဏ်းချုပ်ရဲ့ သိုင်းပညာက အဆင့်မြင့်မားလှပါတယ်... ဒါပေမဲ့ ကျွန်တော် ဆုမို ကတော့ ခင်ဗျားရဲ့ သိုင်းကွက်တွေကို ကြည့်ရုံနဲ့တင် သုံးပုံတစ်ပုံလောက် နားလည်သွားပါပြီ”

“ကောင်းကင်နဲ့ မြေကြီး ပြိုင်ဘက်ကင်း ဓားသိုင်း က ကောင်းကင်ဓားဂိုဏ်းရဲ့ အထွတ်အထိပ် သိုင်းကွက်ပါ... ခင်ဗျား အသုံးပြုလိုက်တဲ့ ဖုန်မှုန့်နီ လမ်းမ ၃၀၀၀ နည်းလမ်းက အပေါ်ယံလောက်ပဲ ရှိပါသေးတယ်”

“ကဲ... ကောင်းကင်ဂိုဏ်းချုပ်က ကိုယ့်ဂိုဏ်းရဲ့ အထွတ်အထိပ် သိုင်းကွက်ကို မသုံးချင်ဘူး ဆိုမှတော့... ကျွန်တော်ကပဲ အုတ်ခဲပစ်ပြီး ကျောက်စိမ်းကို မျှားခေါ်ရတော့မှာပေါ့”

ဆုမို၏ စကားသံ ဆုံးသည်နှင့် တပြိုင်နက် သူသည် ကောင်းကင်ဂိုဏ်းချုပ်၏ ရှေ့သို့ ရိပ်ခနဲ ရောက်ရှိသွားသည်။

လက်ကို မြှောက်လိုက်သည်နှင့် လက်ဝါးတစ်ချက်သည် ကောင်းကင်ဂိုဏ်းချုပ်၏ မျက်နှာဆီသို့ တစ်ဟုန်ထိုး ဝင်ရောက်လာ၏။

ကောင်းကင်ဂိုဏ်းချုပ်၏ မျက်လုံးများ ကျဉ်းမြောင်း သွားပြီး မျက်ဝန်းများထဲတွင် အလင်းရောင်များ စီးဆင်းသွားသည်။ သူသည် လက်ဝါးတစ်ဖက်ကို ရုတ်တရက် ထိုးထုတ်လိုက်ရာ လက်ဝါးရိပ် အထပ်ထပ် ပေါ်ပေါက်လာ၏။

တခဏချင်းတွင် ဆုမိုသည် သူ၏ လက်ဝါးက ရွှံ့နွံအိုင်ထဲသို့ နစ်ဝင်သွားသလို လေးလံသွားသည်ဟု ခံစားလိုက်ရသည်။

မျက်တောင်တစ်ခတ်စာ အချိန်လေးသာ ဖြစ်သော်လည်း... လက်တစ်လုံးလောက် ရှေ့ဆက်တိုးဖို့ ခက်ခဲခြင်း ဆိုတာ ဘာလဲဆိုတာကို ဆုမို ကောင်းကောင်းကြီး နားလည်လိုက်သည်။

ဤသိုင်းကွက်သည် သာမန်မဟုတ်ပေ။ တုန်းချန်နယ်မြေတွင် နာမည်ကျော်ကြားသော ချီဝူတောင်စံအိမ်၏ ပိုးချည်မျှင် တစ်ထောင် ရစ်ပတ်ခြင်းဟု ခေါ်သော သိုင်းကွက် ဖြစ်၏။

လက်ထဲတွင် ပိုးချည်မျှင် အစစ်အမှန် မရှိသော်လည်း... ထူးခြားသော လက်ဝါးသိုင်းကွက်နှင့် အတွင်းအားကို ပေါင်းစပ်ပြီး ချည်မျှင်များအဖြစ် ယက်လုပ်ကာ ရန်သူကို လက်တစ်ကမ်း အလိုတွင် ရပ်တန့်သွားစေနိုင်သည်။

လက်ဝါးလေပြင်း ရပ်တန့်သွားသော ထိုခဏတာ အချိန်လေးအတွင်း... ကောင်းကင်ဂိုဏ်းချုပ်သည် လက်ညှိုးကို ထိုးထုတ်လိုက်ပြီး ဆုမို၏ လက်ဝါး အလယ်ဗဟို တည့်တည့်ကို ချိန်ရွယ်လိုက်သည်။

ဤလက်ညှိုးထိုးချက်တွင် ပါဝင်သော သိုင်းကွက်ကို ဆုမို တစ်ခါမှ မမြင်ဖူးပေ။ ထို့ပြင် ထိုလူ၏ ကြောက်မက်ဖွယ် ကောင်းသော အတွင်းအားကြောင့် လေထုကို ဖောက်ထွင်းသွားသော စူးရှသည့် အသံတစ်ခု ထွက်ပေါ်လာ၏။

ရုတ်တရက်...

လက်ညှိုးထိပ်နှင့် လက်ဝါး ထိတွေ့သွားသောအခါ တင်း ခနဲ အသံ မြည်သွားသည်။

နှစ်ဖက်စလုံးသည် အသားနှင့် သွေးများသာ ဖြစ်သော်လည်း... ထိတွေ့မှုကြောင့် သတ္တုချင်း ရိုက်ခတ်သံ ထွက်ပေါ်လာခြင်း ဖြစ်၏။

ထိုအသံ မထွက်ပေါ်မီက ကောင်းကင်ဂိုဏ်းချုပ်၏ မျက်ဝန်းများသည် သာမန်လူသား မဟုတ်သလို အေးစက်တည်ငြိမ်နေခဲ့သည်။

သို့သော် လက်ညှိုးထိမှန်သွားပြီးနောက် သူ၏ မျက်ဝန်းအိမ်များ ရုတ်ချည်း ကျဉ်းမြောင်းသွားပြီး မျက်လုံးများ ပြူးကျယ်လာ၏။

သူ၏ လက်ညှိုးထိပ်တွင် ထိတွေ့လိုက်ရသည်မှာ လူသားတစ်ယောက်၏ လက်ဝါးနှင့် လုံးဝ မတူပေ။

သံမဏိ သို့မဟုတ် ကျောက်တုံး ကဲ့သို့ မာကျောလွန်းလှပြီး မည်သည့်အရာနှင့်မျှ ထိုးဖောက်၍ မရနိုင်ပေ။

"ဂျွတ်..."

အရိုးကျိုးသံနှင့်အတူ သူသည် ခန္ဓာကိုယ်ကို တိမ်းစောင်းကာ ကပျာကယာ နောက်ဆုတ်လိုက်ရသည်။

ငုံ့ကြည့်လိုက်သောအခါ သူ၏ လက်ချောင်းတစ်ချောင်းသည် နောက်ဘက်သို့ လိမ်ကောက်သွားပြီး ကျိုးပဲ့နေသည်ကို တွေ့လိုက်ရသည်။

“ဒါက ဘယ်လို အကာအကွယ် သိုင်းပညာလဲ”

ကောင်းကင်ဂိုဏ်းချုပ်သည် အလန့်တကြား မေးလိုက်မိ၏။ သူ၏ မျက်နှာပေါ်တွင် အံ့သြမှုနှင့် မရေရာမှုများ ပြည့်နှက်နေ၏။

သို့သော် ဆုမို၏ ခပ်ဟဟ ရယ်မောသံကိုသာ ကြားလိုက်ရသည်။

“သာမန် မျက်လှည့်ပညာလေးပါဗျာ... ပြောပြလောက်တဲ့ အရာ မဟုတ်ပါဘူး... ကောင်းကင်ဂိုဏ်းချုပ်... ကျွန်တော့်ရဲ့ လက်သီးကို မြည်းစမ်းကြည့်ပါဦး”

လက်သီးတစ်လုံး ထိုးထုတ်လိုက်သည်နှင့် မရေမတွက်နိုင်သော လက်သီးရိပ်များ တစ်ဟုန်ထိုး ပေါ်ထွက်လာ၏။

ကောင်းကင်ဂိုဏ်းချုပ်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူ၏ ကျိုးနေသော လက်ချောင်းကို ပြန်ဆွဲဆန့်လိုက်သည်။ ခြေတစ်လှမ်း နောက်ဆုတ်လိုက်ပြီး ဆုမို၏ လက်သီးကို မမှိတ်မသုန် အာရုံစိုက်လိုက်သည်။

ထို့နောက် ရုတ်တရက် ရှေ့သို့ တိုးဝင်ကာ သူကလည်း လက်သီးတစ်လုံး ပြန်လည် ထိုးထုတ်လိုက်သည်။

ရိပ်ခနဲ ဆိုသလို... လေထုတစ်ခုလုံး လက်သီးရိပ်များဖြင့် ပြည့်နှက်သွားတော့၏။

သူတို့နှစ်ဦး အနီးကပ် ရောက်ရှိသွားသောအခါ... မရေမတွက်နိုင်သော လက်သီးရိပ်များ အားလုံးသည် ရုတ်တရက် အမှတ်တစ်ခုတည်းသို့ စုစည်းသွားကြသည်။

လက်သီးနှစ်လုံး ဝုန်းခနဲ ထိပ်တိုက် တွေ့ဆုံသွားကြသည်။

လက်သီးနှစ်လုံး ထိတွေ့သော ဗဟိုချက်မမှ ကြီးမားသော အတွင်းအားများ ပေါက်ကွဲထွက်လာပြီး ကျယ်လောင်သော ဟိန်းသံကြီးနှင့်အတူ ပြင်းထန်သော လေပြင်းမုန်တိုင်းတစ်ခု အရပ်မျက်နှာ အသီးသီးသို့ သည်းကြီးမည်းကြီး ပျံ့နှံ့သွား၏။

လေပြင်း ဖြတ်သန်းသွားသော နေရာတိုင်းတွင် မြေကြီးများ ပေါက်ကွဲထွက်ကုန်ပြီး နက်ရှိုင်းသော တွင်းကြီးများ တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာ၏။

သဲများနှင့် ကျောက်ခဲများသည် လေထဲသို့ လွင့်ပျံတက်သွားကြပြီး... ထိုအပျက်အစီးများ ထိမှန်ခံရသူတိုင်း နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားနိုင်၏။

ထိုအချိန်တွင် ယန်ရီဇီ၊ ယွီလင်းရှင်း၊ ချီလင်ဓားသမား၊ လင်းဟုန်ရှ၊ လျိုမိုနှင့် အခြားသူများ... အားလုံးသည် လွင့်ပျံလာသော ကျောက်ခဲများကို ရှောင်တိမ်းရန် ကိုယ်ဖော့ပညာများကို ကပျာကယာ ထုတ်သုံးလိုက်ကြရသည်။

ယန်ရှောင်ယွင်သည် ရှောင်တိမ်းနေရင်း လော့ဖုန်း မဟာမိတ်အဖွဲ့ဝင်များကို ထိမှန်တော့မည့် ကျောက်ခဲများကိုလည်း ကူညီကာကွယ်ပေးလိုက်၏။

ကျန်းရှောင်ရှောင်ကမူ ခြေတစ်ချောင်းထောက် ကြေးနီတူ ကြီးကို အဟုန်ပြင်းစွာ ဝှေ့ယမ်းလိုက်ရာ လေတိုးမပေါက်နိုင်သော အကာအကွယ် အလွှာတစ်ခု ဖြစ်ပေါ်လာသည်။

ပထမအကျော့ တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိပြီးနောက် သူမသည် အဝေးသို့ ထွက်ပြေးသွားပြီး လက်ဖြင့် မျက်လုံးကို ကာလျက် ပွဲကြည့်ပရိသတ် လုပ်နေတော့၏။

All Chapters