အခန်း (၂၉၅-၂၉၇)
Vol. 20 Ch. 295-297
အခန်း (၂၉၅) - ရှောင်မိုက လွဲပြီး တခြားသူနဲ့ မပေါင်းဖက်နိုင် (အပိုင်း - ၃)
~“မင်း သိလိုက်ပြီ ဆိုရင်... စုံစမ်းစစ်ဆေးမှုတွေ လုပ်ရလိမ့်မယ်... အဲဒီအခါကျရင် ဘေးအန္တရာယ် ကင်းပါ့မလား ဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်ဘူး”
“ဒါကြောင့်... ရှောင်မို... မင်း တကယ် သိချင်သလား”
ယခုတစ်ကြိမ်တွင်မူ ဆုမိုသည် တုံ့ဆိုင်းမနေတော့ပေ။
သူ ရိုးရှင်းစွာပင် ခေါင်းညိတ်ပြလိုက်သည်။
ဒီလိုလုပ်ရတာက သူ မမြင်ဖူးခဲ့သော ဖခင်တစ်ယောက်အပေါ် သံယောဇဉ်ရှိ၍၊ ဒါမှမဟုတ် လက်စားချေချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာ၍ မဟုတ်ပါ။
အကြောင်းရင်းက...
ပထမအချက်က သူသည် မူလပိုင်ရှင်၏ ခန္ဓာကိုယ်ကို ရယူထားပြီး သူ့ကံကြမ္မာကို ဆက်ခံထားရသောကြောင့်ပင်။
မူလ ဆုမိုကတော့ သူ့အဖေအပေါ် ကျေးဇူးကန်းချင် ကန်းလိမ့်မည်။ ဘာလို့လဲ ဆိုတော့ ယန်ရှောင်ယွင်နှင့် ယန်ရီဇီတို့သာ ဖေးမ ကူညီမထားခဲ့လျှင်... သူက လမ်းဘေးမှာ အသေဆိုးနှင့် သေဆုံးသွားလောက်ပြီ ဖြစ်၏။
သို့ရာတွင်၊ လက်ရှိ ဆုမိုကတော့ ထိုသို့ နေ၍ မရပေ။
အနာဂတ်မှာ သူ သိုင်းလောကထဲ ခရီးနှင်ရဦးမှာ သေချာသည်။ သူ၏ သိုင်းပညာနှင့် ဉာဏ်ရည်ဉာဏ်သွေးကြောင့် သိုင်းလောကမှာ နာမည်ကျော်ကြားလာဖို့က အချိန်မရွေး ဖြစ်လာနိုင်သည့် ကိစ္စပင်။
လူမသိ သူမသိ အချိန်တုန်းကတော့ ပြဿနာတွေက ကိုယ့်ဆီ ရောက်မလာတတ်။
သို့ရာတွင်၊ အောင်မြင်ကျော်ကြားလာသော အချိန်ကျလျှင်တော့... ဖိတ်မခေါ်ဘဲနှင့် ရောက်လာကြစမြဲပါပင်။
ဒုတိယအချက်ကတော့... လီစစ်ယွင် နှင့် ဖြစ်ခဲ့သော နားလည်မှုလွဲမှားခြင်း ကိစ္စပင်။
ဆုမိုသည် ထိုကိစ္စ၏ အမှန်တရားကို ဘာမှ မသိရသေးပေ။
လီစစ်ယွင်က စကားတစ်ခွန်းမှ မဟဘဲ ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။
သို့သော်၊ ဆုမိုအတွက်တော့ ဒီ 'နားလည်မှုလွဲမှားခြင်း' ဆိုတာက အတော်လေး အသက်အန္တရာယ် များလှသည်။
လီစစ်ယွင်ပင်လျှင် သူ့အပေါ် အထင်လွဲခဲ့သေးလျှင်... အခြားသူများလည်း အထင်မလွဲနိုင်ဟု မည်သို့ ပြောနိုင်မည်နည်း။ ထိုသို့ဆိုပါက ဆုထျန်းယန် ကြုံတွေ့ခဲ့ရသည့် အဖြစ်ဆိုးမျိုး သူ ထပ်မံကြုံတွေ့ရနိုင်သည်။
ယုတ္တိတန်တန် စဉ်းစားကြည့်လျှင်ဖြစ်စေ၊ ခံစားချက်အရဖြစ်စေ... ထိုအခြေအနေက ဖြစ်တန်စွမ်း အလွန်များပြားနေ၏။
ပထမအချက်နှင့် ပေါင်းစပ်လိုက်လျှင်... သူ နာမည်ကျော်ကြားလာချိန်၌ ဆုထျန်းယန်အား ဒုက္ခပေးခဲ့သူများက သူ့ကိုပါ 'အထင်လွဲ' ၍ ရန်ရှာလာလျှင် မည်သို့လုပ်မည်နည်း။ သတိထားနေသူနှင့် သတိလွတ်နေသူကြားရှိ ပဋိပက္ခတွင် မည်သို့သော လှိုင်းဂယက်များ ထကြွလာမည်ကို မည်သူ သိနိုင်မည်နည်း။
အချိန်တန်မှ ရှင်းပြကာ ခံစစ်ပြင်နေမည့်အစား... ယခုကတည်းက ကြိုတင်လေ့လာထားခြင်းက ပို၍ကောင်းမွန်၏။
မည်သို့ပင်ဖြစ်စေ အနာဂတ်အတွက် ပြင်ဆင်မှုတစ်ခု ရှိထားခြင်းက အမှားအယွင်း မရှိ။
နောက်ဆုံးအချက်မှာမူ... ယန်ရှောင်ယွင်နှင့် ယန်ရီဇီတို့ကြောင့်ပင် ဖြစ်သည်။
ယန်ရီဇီက ထိုကိစ္စကို အဆုံးတိုင် ဆောင်ရွက်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ ယန်ရှောင်ယွင်ကလည်း ဘေးဖယ်နေမည် မဟုတ်။
အတိတ်က အကြောင်းအရာများကို ယခု သိလိုက်ရလျှင်... ယန်ရီဇီအနေဖြင့် သူ၏ အစီအစဉ်များကို ပြန်လည် သုံးသပ်လာနိုင်သည်။ အနည်းဆုံးတော့... အိမ်တွင် ကျန်ရစ်ခဲ့သည့် ကလေးများ မုန်တိုင်းဒဏ် ခံနိုင်မည်လားဟု ရင်တမမ စိုးရိမ်နေစရာ မလိုတော့။
ထိုအချက်များကို ထည့်သွင်းစဉ်းစားလိုက်သောအခါ... ဆုမိုအနေဖြင့် ဤကိစ္စကို လျစ်လျူရှုထား၍ မရတော့ကြောင်း သဘောပေါက်သွားတော့၏။
“ကောင်းပြီလေ...”
ယန်ရီဇီသည် ဆုမိုကို စိမ်းစိမ်းကြည့် လိုက်ပြီး အချိန်အတော်ကြာ စဉ်းစားပြီးမှ သက်ပြင်းတစ်ချက် ထပ်ချလိုက်သည်။
“ဒီကိစ္စက ပြောရရင် ဇာတ်လမ်းရှည်ကြီးပါကွာ... ငါ့ရင်ထဲမှာ နှစ်ပေါင်းများစွာ စွဲထင်ကျန်ရစ်နေခဲ့တာ... အခု ပြောပြဖို့ ဆုံးဖြတ်လိုက်ပေမယ့် ဘယ်ကနေ စပြောရမှန်းတောင် မသိတော့ဘူး...”
“ဒါပေမဲ့ ဒီအကြောင်း ဆွေးနွေးမယ်ဆိုရင်... ပထမဆုံးအနေနဲ့ မင်းအဖေက ဘယ်လိုလူစားမျိုးလဲ ဆိုတာ မင်း သိထားဖို့ လိုတယ်”
ဆုမို အံ့အားသင့်သွားသည်။
သူရော ၊ ယန်ရှောင်ယွင်ပါ သူတို့ ကြားဖူးထားသည့် ဆုထျန်းယန်နှင့် သူများတွေ မြင်ဖူးသော ဆုထျန်းယန် လုံးဝ ကွဲပြားခြားနားနေကြောင်း သိထားပြီးသား ဖြစ်၏။
ယန်ရီဇီက ဒီအချက်ကို ထောက်ပြလိုက်တော့ ဆုမို ပိုပြီး စိတ်ဝင်စားသွားသည်။
ယန်ရီဇီ၏ မျက်ဝန်းများသည် အတိတ်ကို ပြန်လည် တူးဆွနေသလို ငေးမောနေပြီး ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်၏။
“ဦးလေးရဲ့ နောက်ခံကို မင်း သိပါတယ်... ငယ်ငယ်တုန်းက မျောင်ချန်းတောင် မှာ ပညာသင်ခွင့် ရခဲ့တယ်... ကမ္ဘာအနှံ့ လှည့်လည်သွားလာပြီး ကူမူတာအိုဆရာ ဆီကနေ သိုင်းပညာ အမွေဆက်ခံခဲ့ရတယ်”
“မိုးပြာနဂါး အရပ်ရှစ်မျက်နှာ လျှပ်စီး လှံသိုင်း ကို အားကိုးပြီး သိုင်းလောကမှာ နာမည်တစ်လုံးနဲ့ နေချင်ခဲ့တာပေါ့”
“အဲဒီအချိန်ကနေ အခုထိဆိုရင်... နှစ်ပေါင်း (၃၀) လောက်တောင် ရှိနေပြီ”
“အဲဒီတုန်းက မင်းအဖေနဲ့ ငါ စတွေ့ခဲ့တာ”
“ငါ မှတ်မိသေးတယ်... အဲဒီနှစ်တုန်းက တောလမ်းလေးတစ်ခုကို ဖြတ်သွားရင်း... ရုတ်တရက် မိန်းကလေးတစ်ယောက်ရဲ့ အော်ဟစ်အကူအညီတောင်းသံကို ကြားလိုက်ရတယ်”
“မင်းလည်း သိတဲ့အတိုင်းပဲ... သိုင်းလောကဆိုတာ အန္တရာယ်များတယ်... ရာသီဥတုကလည်း မှန်းဆရခက်သလို... ငါ ဖြတ်သွားတဲ့ နေရာကလည်း သိပ်ပြီး အေးချမ်းတဲ့နေရာ မဟုတ်ဘူး”
“လူတွေကို ချုံခိုတိုက်ခိုက်ပြီး ပစ္စည်းလု၊ လူသတ်လေ့ရှိတဲ့ နေရာမျိုး”
“ဒါကြောင့် အကူအညီတောင်းသံ ကြားလိုက်ရတဲ့အခါ... ပုံမှန်မဟုတ်ဘူးလို့ ထင်ပြီး သတိထားနေခဲ့တယ်”
“ဒါပေမဲ့ သိုင်းပညာတတ်တဲ့ လူငယ်တစ်ယောက်အနေနဲ့... ဓားကို ဆွဲထုတ်ပြီး ကူညီချင်စိတ် ဖြစ်မိတာ သဘာဝပါပဲ”
“ဒါပေမဲ့ ငါ သွားမကြည့်ရသေးခင်မှာပဲ... သစ်ပင်ပေါ်မှာ အိပ်နေတဲ့ လူတစ်ယောက်က လန့်နိုးလာတယ်...”
“အဲဒါ မင်းအဖေပဲ”
ဒီနေရာ ရောက်တော့ ယန်ရီဇီက ခပ်ပြုံးပြုံး ဖြစ်သွားသည်။
“သူ့ကို ပထမဆုံး မြင်လိုက်တုန်းကတော့... ဘာမှ ထူးခြားမှု မရှိပါဘူး”
“ဆင်းရဲနွမ်းပါးတဲ့ အဝတ်အစားတွေ ဝတ်ထားတယ်... ပါးစပ်မှာ ကောက်ရိုးတစ်မျှင် ကိုက်လို့... ရုတ်တရက် ထထိုင်လိုက်တာ အိပ်မှုန်စုန်မွှားနဲ့ပေါ့”
“ငါတို့နှစ်ယောက် အကြည့်ချင်း ဆုံမိတဲ့အချိန်မှာ ငါ တွေးလိုက်မိတယ်... ဒီလူသာ သိုင်းလောကထဲ ထွက်လာရင် (၃) ရက်တောင် အသက်ရှင်မှာ မဟုတ်ဘူးလို့”
“ဒါပေမဲ့ မထင်မှတ်ဘဲ သူက ငါ့ကို စကားလှမ်းပြောတယ်... အကူအညီတောင်းသံ ကြားလိုက်သလားတဲ့”
“သူ မေးလိုက်တဲ့ပုံစံက... တောင်ပေါ်ဓားပြအဖွဲ့ဝင်များ ဖြစ်နေမလားလို့ ငါ သံသယဝင်မိသွားတယ်”
“တကယ်လို့ ဟုတ်ရင်တော့... သူက ငါ့ကို ထောင်ချောက်ထဲ မျှားခေါ်ပြီး သတ်ဖြတ်လုယက်ဖို့ ကြံစည်နေတာ ဖြစ်နိုင်တယ်”
“ဒါပေမဲ့ အံ့သြစရာကောင်းတာက... သူက ငါ့ကို ကျေးဇူးတင်စကား ပြောပြီး နောက်ကို လှည့်မကြည့်ဘဲ ထွက်သွားတော့တာပဲ”
“သူ ထွက်သွားတာကို မြင်တော့ ငါလည်း အလျင်မလိုတော့ဘူး... စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်... လက်ဖက်ရည်တစ်ခွက် သောက်ချိန်လောက်တောင် မကြာပါဘူး... တိုက်ခိုက်သံတွေ ထွက်ပေါ်လာတော့တာပဲ... တကယ့် တိုက်ပွဲ ဖြစ်နေပုံရတယ်”
“အဲဒီတော့မှ သူက ဓားပြအဖွဲ့ဝင် မဟုတ်ဘူးဆိုတာ ငါ အတည်ပြုနိုင်လိုက်တယ်”
“ငါလည်း တိတ်တဆိတ် လိုက်သွားပြီး အခြေအနေကို အကဲခတ်ကြည့်တယ်”
“သစ်ပင်ပေါ်မှာ ပုန်းပြီး ကြည့်လိုက်တော့... မင်းအဖေက မိန်းကလေးတစ်ယောက်ကို နောက်မှာ ကာထားပြီး တောင်ပေါ်ဓားပြ (၁၀) ယောက်လောက်ကို ရင်ဆိုင်နေတာ တွေ့လိုက်ရတယ်... တိုက်ခိုက်နေရင်းနဲ့လည်း သူတို့ကို ဖျောင်းဖျနေသေးတယ်... သူ့သိုင်းပညာက အများကြီး သာလွန်နေပေမယ့် လူသေစေလောက်တဲ့အထိ မတိုက်ခိုက်ချင်တဲ့ပုံပဲ”
“ငါ အံ့သြသွားတယ်... သူ့သိုင်းပညာက ငါ့ထက် မလျော့ဘူး ဆိုတာ တွေ့လိုက်ရလို့”
“အဲဒီတုန်းက ငါ့မျက်လုံးတွေက တော်တော်လေး စူးရှနေပြီ... သူ သုံးနေတာက ဇီယန်ဂိုဏ်း ရဲ့ မဟာနေမင်း ဖြန့်ကျက်လက်ဝါး ဆိုတာ ငါ သိလိုက်တယ်... တကယ့်ကို ကျွမ်းကျင်ပိုင်နိုင်ပြီး သိုင်းကွက်ရဲ့ သဘောတရားကို နက်နက်ရှိုင်းရှိုင်း နားလည်ထားတဲ့ ပုံပါပဲ”
“ငါက အခွင့်ကောင်းယူပြီး သူ့ကို စမ်းသပ်ကြည့်မလား... နောက်မှ ဇီယန်ဂိုဏ်းကို သွားပြီး စိန်ခေါ်ရမလားလို့ စဉ်းစားနေတုန်းမှာပဲ...”
“မင်းအဖေ ကာကွယ်ပေးထားတဲ့ မိန်းကလေးက ဓားမြှောင်တစ်ချောင်းကို တိတ်တဆိတ် ဆွဲထုတ်ပြီး... မင်းအဖေရဲ့ ကျောကုန်းကို ချိန်ရွယ်လိုက်တာ တွေ့လိုက်ရတယ်”
“သူက စေတနာအမှန်နဲ့ ကယ်တင်ချင်နေတာကို ငါ မြင်နေရတော့... စိတ်လိုက်မာန်ပါနဲ့ သစ်ခေါက်တစ်စကို ကောက်ပြီး အတွင်းအားထည့်ပြီး ပစ်လိုက်တယ်... မိန်းကလေးလက်ထဲက ဓားမြှောင် လွတ်ကျသွားအောင်ပေါ့”
“အသံကြားမှ မင်းအဖေက သတိထားမိသွားပြီး သက်ပြင်းချလိုက်တယ်... အဲဒီကစပြီး သူ ပြတ်ပြတ်သားသား လှုပ်ရှားတော့တာပဲ”
“သူ့ရှေ့က လူတိုင်းကို သတ်ပစ်လိုက်တယ်... ပြီးတော့ အဲဒီမိန်းကလေးဘက် လှည့်ကြည့်လိုက်တယ်... မိန်းကလေးရဲ့ မျက်လုံးတွေက ရက်စက်ကြမ်းကြုတ်နေပေမယ့်... မင်းအဖေရဲ့ မျက်လုံးတွေကတော့ သနားဂရုဏာတွေ ပြည့်နေတယ်... နောက်ဆုံးတော့ လက်ဝါးတစ်ချက်တည်းနဲ့ အဲဒီမိန်းကလေးရဲ့ အသက်ကို အဆုံးစီရင်ပေးလိုက်တယ်”
စကားခေတ္တရပ်ပြီး သူက ဆုမိုနှင့် ယန်ရှောင်ယွင်ကို လှမ်းကြည့်လိုက်သည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး... နောက်ပိုင်းကျမှ ငါ သူ့ကို မေးခွန်းနှစ်ခု မေးခဲ့ဖူးတယ်”
“ပထမမေးခွန်းက... ဘာဖြစ်လို့ လူတွေကို ကယ်ချင်ရတာလဲ တဲ့... သိုင်းလောကမှာ ကောက်ကျစ်စဉ်းလဲတဲ့ လူတွေက လူကောင်းတွေကို အမြတ်ထုတ်ဖို့ ထောင်ချောက်ဆင်လေ့ ရှိကြတယ်... ဒီဓားပြတွေက သူရဲကောင်းတွေကို မျှားခေါ်ဖို့ အကူအညီတောင်းသံ လုပ်ကြံဖန်တီးထားတာ ထင်ရှားနေတာပဲ... အဲဒီတော့ ဝင်မပါဘဲ နေလိုက်ရင် ကိုယ့်ဘာသာကိုယ် အေးအေးချမ်းချမ်း နေရမှာ မဟုတ်ဘူးလား လို့ မေးခဲ့တယ်”
“သူ ငါ့ကို ပြောပြတယ်... ဒီလောကကြီးမှာ ဘယ်သူက လူကောင်း၊ ဘယ်သူက လူဆိုးဆိုတာ ရှင်းရှင်းလင်းလင်း ခွဲခြားနိုင်လို့လဲ တဲ့... သိုင်းလောကဆိုတာ အဖြူနဲ့ အမည်း သီးသန့် ခွဲခြားထားတာ မဟုတ်ဘူး... တောင်ပေါ်ဓားပြတွေတောင်မှ အခြေအနေအရ မိုက်မဲမိတာမျိုး ရှိတတ်တယ် တဲ့”
“အရေးကြီးဆုံးကတော့... လူတစ်ထောင်ကို မှားကယ်မိလို့ အကြိမ်တစ်ထောင် လှည့်စားခံရပါစေ... မကြားချင်ယောင် ဆောင်လိုက်မိလို့ အပြစ်မဲ့တဲ့ လူတစ်ယောက်ကို မကယ်တင်နိုင်ဘဲ ဖြစ်သွားမှာမျိုးတော့ အဖြစ်မခံနိုင်ဘူး တဲ့”
အခန်း (၂၉၆) - ယိရွှမ် နတ်ဘုရားသိုင်း
~ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည် တိတ်ဆိတ်စွာ အကြည့်ချင်း ဖလှယ်လိုက်မိကြသည်။ သူတို့နှစ်ဦးစလုံး စကားမပြောနိုင်ဘဲ ခေတ္တမျှ ဆွံ့အသွားကြ၏။
ဆုမိုက သူ့မွေးစားဖခင်၏ စရိုက်ကို ဘယ်လို နားလည်ရမလဲပင် မသိတော့ပေ။
လီစစ်ယွင် ပြောခဲ့ဖူးသော စကားတစ်ခွန်းကို သူ ပြန်သတိရသွားသည်။
ကျောက်လုံ ရေတပ်စခန်း ထဲမှာတုန်းက ဆုထျန်းယန်သာ ရှိနေခဲ့ရင်... ဆုမိုရဲ့ ဖြေရှင်းနည်းနဲ့ လုံးဝ ကွဲပြားခြားနားတဲ့ နည်းလမ်းကို သုံးလိမ့်မယ်တဲ့။
အဆိပ်ဖြေဆေးကို ရှာဖို့အတွက် ဖမ်းဆီးထားတဲ့ သူတွေကို စမ်းသပ်မယ့်အစား... သူက ကိုယ့်ကိုယ်ကို အဆိပ်ခတ်ပြီး ဖြေဆေးကို ရှာဖွေလိမ့်မယ်တဲ့။
ယခု ယန်ရီဇီ၏ စကားတွေကို ကြားလိုက်ရသည့်အခါ... လီစစ်ယွင် ပြောတာ မှန်ကန်ကြောင်း ဆုမို ဝန်ခံလိုက်ရသည်။
ဆုထျန်းယန် ဆိုတာ တကယ်ပဲ အဲဒီလို လူစားမျိုး ဖြစ်နေခဲ့တာကိုး။
“ပြီးတော့ ငါ သူ့ကို မေးခဲ့တဲ့ ဒုတိယ မေးခွန်းက...”
“မင်း ဘာလို့ သူတို့ကို အစကတည်းက အပြတ်မရှင်းခဲ့တာလဲ... အဲဒီ မိန်းကလေးက မင်းကို သတ်ဖို့ ကြိုးစားမှ ဘာလို့ ပြန်တိုက်ခိုက်ရတာလဲ ဆိုပြီး မေးခဲ့တယ်”
“အဲဒီတုန်းက သူ ငါ့ကို ပြောပြတယ်... အစကတည်းက အပြတ်မရှင်းခဲ့ရတဲ့ အကြောင်းရင်းက... ဒီလူတွေ လမ်းမှန်ပြန်ရောက်လာဖို့ မျှော်လင့်ခဲ့လို့ပါတဲ့”
“ဒီဘဝမှာ... လူတစ်ယောက် ပျက်စီးရာ ပျက်စီးကြောင်း ရောက်သွားစေမယ့် လမ်းတစ်ခုတည်း ရှိတာမှ မဟုတ်တာ... တကယ်လို့ သူတို့ နောက်လှည့်ချင်စိတ် ရှိရင်... သူတို့ကို အခွင့်အရေး ထပ် ပေးသင့်တာပေါ့တဲ့”
“နောက်ပိုင်း ပြန်တိုက်ခိုက်လိုက်ရတဲ့ အကြောင်းရင်းကတော့... အဲ့ဒီ မိန်းကလေး လှုပ်ရှားလိုက်တာနဲ့ သူ သိလိုက်တယ်... ဒါ သူတို့ရဲ့ ပထမဆုံး အကြိမ် ကျူးလွန်တာ မဟုတ်ဘူး ဆိုတာကိုပေါ့”
“ဓားကို ကိုင်ထားတဲ့ သူ့ရဲ့ လက်တွေက နည်းနည်းလေးမှ တုန်လှုပ်ခြင်း မရှိဘူး... ဓားချက်ကလည်း ရက်စက်ပြီး ပြင်းထန်တယ်... သိုင်းပညာ မသင်ဖူးပေမယ့် သူ့ရဲ့ ကျွမ်းကျင်မှုက သာမန် မဟုတ်ဘူး”
“ဒါကို ကြည့်ရင် သူတို့ အရင်တုန်းက ဒီလိုကိစ္စတွေ ကျူးလွန်ခဲ့ဖူးတယ် ဆိုတာ ထင်ရှားနေတယ်”
“တကယ်လို့ သူ၊ ဆုထျန်းယန် တစ်ယောက်တည်းကိုပဲ သူတို့ ဒီလို လုပ်ခဲ့တာဆိုရင်... သူက ခွင့်လွှတ်ပြီး အခွင့်အရေး ပေးချင်ပါသေးတယ်တဲ့”
“ဒါပေမဲ့... သေဆုံးသွားခဲ့ရတဲ့ သူတွေ ကိုယ်စား... လူသတ်သမားတွေကို သူ ဘယ်လိုလုပ် ခွင့်လွှတ်ပေးနိုင်မှာလဲ”
“ဒါကြောင့် သူတို့ကို သေရွာမှာပဲ တရားစီရင် ခံစေလိုက်တော့တာပေါ့”
ယန်ရီဇီ၏ မျက်နှာပေါ်တွင် မဲ့ပြုံး တစ်ခု ပေါ်ပေါက်လာ၏။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့၏ မျက်နှာများတွင် အံ့သြတုန်လှုပ်မှုများ အထင်းသား ပေါ်လွင်နေ၏။
“ဟား... ဟား... ဟား... ဟား...”
ယန်ရီဇီက ဟားတိုက် ရယ်လိုက်သည်။
“အဲဒီတုန်းက သူ့စကားတွေကို ကြားပြီးတဲ့နောက်... ငါ့မျက်နှာထားကလည်း မင်းတို့နဲ့ ဘာမှ မခြားပါဘူးကွာ... သူ့ရဲ့ ပထမအဖြေကို ကြားတုန်းကတော့... သူရဲကောင်း စိတ်ဓာတ်တွေ မွှန်နေတဲ့ ရှေးရိုးစွဲ လူအကြီးစားကြီးလို့ ငါ ထင်ခဲ့တာ... ဒါပေမဲ့ နောက်စကားတွေကို ကြားလိုက်ရတော့မှ... သူက အပေါ်ယံပဲ ရိုးသားသလို ရှိပေမယ့်... တကယ်တမ်းကျတော့ ထင်သလောက်လည်း မရိုးအပါလားလို့ တွေးမိလိုက်တယ်”
“အဲဒီ တွေ့ဆုံမှု ပြီးတဲ့နောက်... ငါ ဆုထျန်းယန် အကြောင်းကို တကယ် သိလာခဲ့ရတယ်”
“အစတုန်းကတော့ ငါက သူနဲ့ အရမ်း ရင်းနှီးဖို့ ရည်ရွယ်ချက် မရှိပါဘူး... ဒါပေမဲ့ သူက အသက်ကယ်ခဲ့တဲ့ ကျေးဇူးကို ဆပ်ချင်တယ် ဆိုပြီး တကောက်ကောက် လိုက်နေတာကိုး”
“အချိန်ကြာလာတာနဲ့အမျှ... သိုင်းလောကထဲ ခရီးသွားရင်း သူ့ရဲ့ ထူးဆန်းတဲ့ စရိုက်တွေကို ငါ သတိထားမိလာတယ်”
“သူက ရက်ရောတယ်၊ စိတ်အားထက်သန်တယ်... သူ မှန်တယ်လို့ ယုံကြည်တဲ့ အရာကို ဘယ်လောက်ပဲ ပေးဆပ်ရပါစေ လုပ်လေ့ရှိတယ်... သွေးသံရဲရဲ ဖြစ်နေရင်တောင် ခြေတစ်လှမ်းမှ နောက်မဆုတ်ဘူး”
“သူတစ်ပါးအပေါ် သဘောထားကြီးပေမယ့်... ကိုယ့်ကိုယ်ကိုတော့ စည်းကမ်းတင်းကျပ်တယ်... ရှေးရိုးစွဲ ဆန်သလို ထင်ရပေမယ့်... သူ့နှလုံးသားထဲမှာ ခိုင်မာတဲ့ မူဝါဒတွေ ရှိတယ်”
“အဲဒီ မူဝါဒတွေနဲ့ တိုင်းတာကြည့်လိုက်ရင်... သိုင်းလောကရဲ့ ရှုပ်ထွေးတဲ့ အကောင်းနဲ့ အဆိုး ဆိုတာတွေက သူ့နှလုံးသားထဲမှာ ရှင်းလင်းပြတ်သားတဲ့ နေရာကိုယ်စီ ရှိနေကြတယ်”
“သေသင့်တဲ့သူတွေ အတွက်ဆိုရင် သူ ဘယ်တော့မှ တုံ့ဆိုင်းမနေဘူး... မသေသင့်ဘူးလို့ သူ ယူဆတဲ့သူတွေ အပေါ်ကျတော့... လက်ဖျားနဲ့တောင် မထိဘူး”
“အစပိုင်းတုန်းကတော့ သိပ်မသိသာပေမယ့်... တဖြည်းဖြည်းနဲ့ သူ့ရဲ့ ဆန့်ကျင်ဘက် ဖြစ်နေတဲ့ သဘာဝလေးတွေက ငါ့ကို ဆွဲဆောင်လာခဲ့တယ်”
“သေအတူ ရှင်မကွာ အခက်အခဲတွေကို အတူတူ ရင်ဆိုင်ကျော်ဖြတ်ပြီးတဲ့နောက်... ငါတို့ သံယောဇဉ်တွေ ပိုနက်ရှိုင်းလာခဲ့တယ်”
“ဒါကြောင့် သွေးသောက်ညီအစ်ကိုတွေအဖြစ် သစ္စာဆိုလိုက်ကြတာပေါ့”
“အခု ပြန်စဉ်းစားကြည့်ရင်တော့... ငါ နည်းနည်းများ လောသွားသလားလို့ တွေးမိသား”
ယန်ရီဇီမှာ ပြောရင်း သက်ပြင်းသဲ့သဲ့ ချလိုက်သည်။
သူခိုးလှေပေါ် မှားတက်မိလိုက်သလို ပုံစံမျိုး။
ဆုမို တိတ်ဆိတ်သွားပြီး ယန်ရှောင်ယွင်ပင်လျှင် မသိမသာ ပြုံးလိုက်မိ၏။
သူ့စကားတွေထဲမှာ ယန်ရီဇီနှင့် ဆုထျန်းယန်ကြားက နက်ရှိုင်းသည့် သံယောဇဉ်ကို အထင်းသား မြင်နေရသည်။
ယန်ရီဇီ ဆုထျန်းယန်ကို နှစ်သက်သဘောကျပြီး နောက်ဆုံးမှာ သွေးသောက်ညီအစ်ကို တော်လိုက်ရသော အကြောင်းရင်းက... သူကိုယ်တိုင်လည်း သည်လို လူစားမျိုး ဖြစ်နေ၍ပါပင်။
ထက်သန်ပြင်းပြသော သူရဲကောင်း စိတ်ဓာတ်သာ မရှိလျှင်... လမ်းတွင်ကြုံရသည့် မတရားမှုများအတွက် ဓားဆွဲထုတ်ကာ မည်သို့ ကူညီဖြေရှင်းပေးမည်နည်း။
ဆုထျန်းယန်၏ လုပ်ရပ်များကို ထောက်ခံအားပေးခြင်း မဟုတ်လျှင်... အဘယ်ကြောင့် ယန်ရီဇီက အကြိမ်ကြိမ် အသက်စွန့်၍ ကူညီပေးနေမည်နည်း။
သူ ပြောပြသော ဇာတ်လမ်းများထဲတွင်... သွေးသံရဲရဲ ဖြစ်နေသည့်တိုင် ခြေတစ်လှမ်းမျှ နောက်မဆုတ်သော ဆုထျန်းယန် ရှိသကဲ့သို့... ငွေရောင်လှံတံကို ကိုင်စွဲကာ ရန်သူကို ရင်ဆိုင်နေသည့် နောက်ထပ် လူရိပ်တစ်ခုလည်း ရှိနေသည် မဟုတ်ပါလား။
သို့မဟုတ်လျှင် ထိုဇာတ်လမ်းများကို မည်သို့လုပ်၍ တန်ဖိုးရှိသော အမှတ်တရများအလား ကွက်ကွက်ကွင်းကွင်း ပြန်လည်ပြောပြနိုင်မည်နည်း။
ယန်ရီဇီ ပြောပြနေစဉ်... သူစိမ်းဆန်နေသော ဆုထျန်းယန်၏ ပုံရိပ်သည် ဆုမိုနှင့် ယန်ရှောင်ယွင်တို့၏ စိတ်ထဲတွင် တဖြည်းဖြည်း ထင်ရှားလာ၏။
ဆုထျန်းယန်နှင့် ယန်ရီဇီတို့၏ ခင်မင်မှုသည် သိုင်းလောက လမ်းမထက်တွင် စတင်ခဲ့ပြီး... နောက်ပိုင်းတွင် သူတို့သည် သိုင်းလောကကို အတူတကွ ဖြတ်သန်းခဲ့ကြသည်။
ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း သူတို့ အတူတကွ ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများမှာ မနည်းလှပေ။
ထိုအချိန်တုန်းက ဆုမိုရဲ့ အဘိုး ရှိနေသေးပြီး... အာမခံဌာနအတွက် ဆုထျန်းယန်ကို မလိုအပ်သေးပါ။
ဆုထျန်းယန်ကလည်း ငယ်ရွယ်စဉ်တုန်းက ဇီယန်ဂိုဏ်းမှာ ပညာသင်ခဲ့ဖူးသည်တဲ့။
ဒီနေရာရောက်တော့ ယန်ရီဇီက ဆုမိုကို သတိပေးစကား ပြောလိုက်သည်။
“အရင်တုန်းက မင်းက အသုံးမကျတဲ့ ကောင် ဖြစ်နေလို့... ဇီယန်ဂိုဏ်းက မင်းနဲ့ မဆက်သွယ်ခဲ့တာပါ”
“ဒါပေမဲ့ အဲဒါက ငါ ဝင်ပါပြီး တားထားလို့ပါ”
“မင်းရဲ့ ဆုမိသားစု နဲ့ ဇီယန်ဂိုဏ်းကြားက ရှုပ်ထွေးမှုတွေက... မင်း ထင်ထားတာထက် အများကြီး ပိုနက်ရှိုင်းတယ်”
“တစ်နေ့နေ့ မင်း အားတဲ့အခါ... ဇီယန်ဂိုဏ်းကို ကိုယ်တိုင် သွားလည်ကြည့်ပါ... ဒီကိစ္စတွေကိုတော့ ငါ ပြောပြဖို့ မသင့်တော်ပါဘူး... မင်းဘာသာမင်း နားလည်လာပါလိမ့်မယ်”
“...”
လီစစ်ယွင်လည်း ထိုသို့.. ပြောခဲ့ဖူးပါသည်။
သို့သော်၊ ယန်ရီဇီ၏ စကားက ပိုပြီး လေးနက်မှု ရှိတာကြောင့်... ဆုမို ခေါင်းကို လေးလေးနက်နက် ညိတ်လိုက်သည်။
စကားဝိုင်းက ဆုထျန်းယန်နှင့် ယန်ရီဇီ အကြောင်း ပြန်ရောက်သွား၏။
သူတို့နှစ်ဦးသည် သိုင်းလောကထဲတွင် ဆယ်စုနှစ်တစ်ခုကြာအောင် လှည့်လည်သွားလာခဲ့ကြပြီး... ထိုကာလအတွင်း ဖြစ်ရပ်များစွာ ကြုံတွေ့ခဲ့ကြရသည်။
သူရဲကောင်း အလုပ်များ လုပ်ဆောင်ကြသည်... မိတ်ဆွေများ ဖွဲ့ကြသည်... ပခုံးချင်းယှဉ်ကာ သိုင်းလောက၌ ခရီးနှင်ကြသည်။
ထိုကာလအတွင်း၌ပင် သူတို့ ချစ်မြတ်နိုးရသော အမျိုးသမီးများနှင့် တွေ့ဆုံခဲ့ကြကာ... လူပေါင်းများစွာ၏ အသက်ကို ကယ်တင်ခဲ့ကြသည်။
တုန်းချန် ဂိုဏ်းများနှင့် မပတ်သက်ခဲ့သော်ငြား... သူတို့၏ ဂုဏ်သတင်းမှာ များစွာ ထင်ရှားမလာခဲ့။
သို့သော်ငြား အမှန်တကယ် ပျော်ရွှင်စရာ ကောင်းခဲ့သော အချိန်ကာလများပင် ဖြစ်သည်။
ထိုနောက်ပိုင်းမှသာ ယန်ရီဇီက လော့ရှားမြို့တွင် အခြေချခဲ့ခြင်း ဖြစ်၏။
အခန်း (၂၉၇) - ယိရွှမ် နတ်ဘုရားသိုင်း (အပိုင်း - ၂)
~“ဆုထျန်းယန်က ငါ့မိသားစု စီးပွားရေးတွေကို ကူညီစီမံပေးခဲ့တယ်... ပြီးတော့ ငါ့ကို ဇီယန် အာမခံဌာန ထဲ ဝင်ဖို့ မိတ်ဆက်ပေးခဲ့တယ်... အဲဒီတုန်းကတော့ နာမည်ခံ သက်သက်ပေါ့ကွာ”
“အကယ်၍ အရာအားလုံးသာ ဒီအတိုင်း ဆက်သွားခဲ့မယ်ဆိုရင်... တော်တော်လေး ကောင်းမွန်တဲ့ အဆုံးသတ်တစ်ခု ဖြစ်လာနိုင်လောက်တယ်”
“သူ သိုင်းလောကမှာ လှည့်လည်သွားလာပြီး အတွေ့အကြုံတွေ ပြည့်ဝလာတဲ့အခါ... အာမခံဌာနကို ပြန်လာပြီး လုပ်ငန်းကိစ္စတွေကို ဦးစီးလိမ့်မယ်”
“သူ ဇီယန် အာမခံဌာနကို လွှဲပြောင်းယူလိုက်တဲ့ အချိန်ကျရင်... ငါက သူ့ရဲ့ ဒုတိယခေါင်းဆောင် အဖြစ် ဝမ်းမြောက်ဝမ်းသာ တာဝန်ထမ်းဆောင်ပေးဖို့ ရည်ရွယ်ထားခဲ့တာ”
“သိုင်းလောကဆိုတာက... အစပိုင်းမှာတော့ လူတိုင်း ရည်မှန်းချက်ကြီးကြတာပဲ... ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ အရာရာတိုင်းကို အသက်နဲ့ရင်းပြီး တိုက်ခိုက်နေစရာ မလိုတော့ဘူးဆိုတာ သိလာကြတယ်”
“အထူးသဖြင့် ကိုယ့်ဘေးနားမှာ ဂရုစိုက်ရမယ့်သူတွေ ရှိလာတဲ့အခါ... တည်ငြိမ်အေးချမ်းမှုကို တောင့်တလာကြစမြဲပါပဲ”
“မထင်မှတ်ထားတာက... အဲဒီလို အခြေအနေမျိုး ရောက်မှ ကိစ္စတွေ လွဲချော်သွားခဲ့တာပဲ”
ဆုမိုနှင့် ယန်ရှောင်ယွင်တို့ နှစ်ယောက်စလုံး နားစွင့် လိုက်ကြသည်။ ဇာတ်လမ်း၏ အဓိက အပိုင်းသို့ ရောက်လာပြီ ဖြစ်ကြောင်း သိလိုက်ကြ၍ပင်။
ယန်ရီဇီက သက်ပြင်းချလိုက်သည်။
“ဒီကိစ္စက အာမခံ ပစ္စည်းတစ်ခု ပို့ဆောင်ရာကနေ စတင်ခဲ့တာ... သာမန် ပို့ဆောင်မှုတစ်ခုလို့ ထင်ရပေမယ့်... နောက်ဆုံးမှာ ပစ္စည်း ပျောက်ဆုံးသွားခဲ့တယ်”
သူက ဆုမိုကို တစ်ချက် လှမ်းကြည့်လိုက်သည်။
“မင်းအဘိုးနဲ့တကွ ဇီယန် အာမခံဌာနက သိုင်းပညာရှင် အယောက် (၂၀) ကျော်လောက် အစအနမကျန် ပျောက်ဆုံးသွားခဲ့ကြတာ”
“အဲဒီလို ဖြစ်လာတော့ ဆုထျန်းယန် က ဘယ်လိုလုပ် ငြိမ်နေနိုင်တော့မှာလဲ”
“သဘာဝကျစွာပဲ... သူ ကိုယ်တိုင် စုံစမ်းစစ်ဆေးဖို့ ထွက်ခွာခဲ့တယ်... ငါလည်း သူနဲ့အတူ လိုက်ပါသွားခဲ့တာပေါ့... လပေါင်းများစွာ ခြေရာခံ ရှာဖွေပြီးတဲ့နောက်... နောက်ဆုံးတော့ မင်းအဘိုးကို ရှာတွေ့ခဲ့တယ်...”
“ဒါပေမဲ့... ငါတို့ တွေ့တဲ့အချိန်မှာ သူက သေမင်းတံခါးဝ ရောက်နေပြီ”
“မသေဆုံးခင်မှာ သူက ဆုထျန်းယန်ကို ပစ္စည်းတစ်ခု ပေးအပ်ခဲ့ပြီး... အဲဒီပစ္စည်းကို ဇီယန်ဂိုဏ်း ဆီ ပို့ပေးဖို့ မှာကြားခဲ့တယ်”
“အဲဒီနောက်မှာတော့ သူ လောကကြီးကို စွန့်ခွာသွားခဲ့တယ်”
“အခု ပြန်စဉ်းစားကြည့်မှ... ငါ အနည်းငယ် နားလည်လာသလိုပဲ... ဒါပေမဲ့ အဲဒီအချိန်တုန်းကတော့ ငါတို့ ဘာမှ မသိခဲ့ကြဘူး”
“ဖခင်တစ်ယောက် ဆုံးရှုံးလိုက်ရတဲ့ နာကျင်မှုက ဘယ်လောက်တောင် ခံစားရခက်လိုက်မလဲ”
“ဒါပေမဲ့ ငါတို့ တတ်နိုင်တာက ဒီလောက်ပါပဲ... ဝိညာဉ်တွေကို စုစည်းပြီး အဘိုးအိုရဲ့ ရုပ်အလောင်းကို လော့ရှားမြို့ဆီ ပြန်သယ်လာပြီး မြေမြှုပ်သင်္ဂြိုဟ်ပေးဖို့ပဲ ရှိတော့တယ်”
“ဒါပေမဲ့ မထင်မှတ်ထားတာက... အပြန်လမ်းခရီးမှာ လမ်းဘေးမှာ သေလုမျောပါး ဖြစ်နေတဲ့ လူတစ်ယောက်ကို တွေ့လိုက်ရတာပဲ”
“ဒါက ငါနဲ့ ဆုထျန်းယန် အတွက် အကြပ်အတည်း တစ်ခု ဖြစ်လာခဲ့တယ်”
“အဲဒီအချိန်က နွေရာသီ အပူဆုံးအချိန်လေ... အမြန်ပြန်မှ အဘိုးအိုကို ကောင်းကောင်းမွန်မွန် သင်္ဂြိုဟ်ပေးနိုင်မှာ”
“နောက်ထပ် ကြန့်ကြာနေမယ်ဆိုရင်... ရုပ်အလောင်း ပျက်စီးသွားမှာ စိုးရိမ်ရတယ်”
ယန်ရီဇီက ခေါင်းခါလိုက်သည်။
“ဆုထျန်းယန် ဆိုတဲ့ကောင်က ဂရုဏာတရား ကြီးမားလွန်းသူပါ... သူသာ မမြင်ခဲ့ရင် မသိချင်ယောင် ဆောင်နေလို့ ရကောင်း ရနိုင်ပါရဲ့”
“ဒါပေမဲ့ သူ့မျက်စိရှေ့မှာတင် ဒီလိုမြင်ကွင်းမျိုး မြင်လိုက်ရတော့... လူတစ်ယောက်ကို လမ်းဘေးမှာ ဒီအတိုင်း ပစ်ထားပြီး သေခိုင်းလိုက်ဖို့ သူ ဘယ်လိုလုပ် ရက်စက်နိုင်မှာလဲ”
“သိုင်းလောကမှာ တိုက်ခိုက်သတ်ဖြတ်မှုတွေက ရှောင်လွှဲလို့ မရပါဘူး... အဲဒီလူက လူကောင်းလား၊ လူဆိုးလား ဆိုတာလည်း ငါတို့ မသိနိုင်ဘူး”
“နောက်ဆုံးတော့... သူက အဲဒီလူကို ကယ်တင်ဖို့ ဆုံးဖြတ်လိုက်တယ်”
“ဒါပေမဲ့ ကယ်တင်ပြီးမှ သိလိုက်ရတာက... အဲဒီလူရဲ့ ဒဏ်ရာတွေက ဆေးဝါးနဲ့ ကုသလို့ မရနိုင်လောက်အောင် ဆိုးရွားလွန်းနေတယ် ဆိုတာပါပဲ”
“ရွှမ်ဟူမျှော်စင် ရဲ့ မသေဆေးလုံး ဆိုတာ ကမ္ဘာပေါ်မှာ ရှားပါးတဲ့ အသက်ကယ် ဆေးစွမ်းကောင်း တစ်လက်ပါ”
“ဒါပေမဲ့ အဲဒီဆေးတောင်မှ သူ့ကို အပြည့်အဝ ကုစားမပေးနိုင်ခဲ့ဘူး”
“သူ့ခန္ဓာကိုယ်ထဲမှာ ထူးဆန်းတဲ့ အတွင်းအားတစ်ခု ရှိနေတယ်... ငါတို့က သူ့ကို ကုသပေးလိုက်တိုင်း အဲဒီအတွင်းအားက သူ့ကို ပြန်သတ်ဖို့ ကြိုးစားနေသလိုပဲ”
“မင်းအဖေနဲ့ ငါက အတွေ့အကြုံ ရင့်ကျက်ပါတယ်လို့ ကိုယ့်ကိုယ်ကို ထင်ထားခဲ့ပေမယ့်... ဒီလို ထူးဆန်းတဲ့ အတွင်းအားမျိုး တစ်ခါမှ မကြုံဖူးခဲ့ဘူး”
“ဒီလို ထူးဆန်းတဲ့ အတွင်းဒဏ်ရာကြောင့်... ငါတို့မှာ ရွေးချယ်စရာ မရှိတော့ဘူး... မသေဆေးလုံးနဲ့ သူ့အသက်ကို ဆွဲဆန့်ထားပြီး... နေ့ရောညပါ ငါတို့ရဲ့ အတွင်းအားတွေကို သူ့ခန္ဓာကိုယ်ထဲ လွှဲပြောင်းပေးနေရတယ်”
“ဆေးလုံး (၉) လုံး ကုန်သွားပြီး (၃) ရက်ကြာတဲ့အခါမှ... သူ့ကို သတိပြန်လည်လာအောင် လုပ်နိုင်ခဲ့တယ်”
“ဒါပေမဲ့ မထင်မှတ်ထားတာက... ဒီလူက သတိကြီးလွန်းတယ်... ဆုထျန်းယန်နဲ့ ငါ့အပေါ် လုံးဝ မယုံကြည်ဘူး”
“ငါ့စိတ်သဘောထားအရ ဆိုရင်တော့... သူ့ကို ပစ်ထားခဲ့ပြီး ထွက်သွားလိုက်ပြီ”
“မင်းအဖေကတော့... အဲဒီလူက လူဆိုးမဟုတ်ဘူး... သူများတွေရဲ့ နှိပ်စက်မှုကို ခံထားရလို့ လူတွေကို မယုံကြည်တော့တာ ဖြစ်မယ်လို့ ယုံကြည်နေတယ်”
“ဒါ့အပြင် အဲဒီအချိန်မှာ သူ့ဒဏ်ရာတွေက သက်သာလာမယ့် အရိပ်အယောင် မရှိသေးဘူး... သတိရလာတာက ကံကောင်းလို့... ငါတို့သာ ပစ်ထားခဲ့ရင် သူက သေရွာကို တန်းရောက်သွားမှာ သေချာတယ်”
“ရွေးချယ်စရာ မရှိတော့တဲ့အဆုံး... ဆုထျန်းယန် က အဘိုးအိုရဲ့ ရုပ်အလောင်းကို အဲဒီနေရာမှာပဲ မြေမြှုပ်သင်္ဂြိုဟ်လိုက်ရတယ်”
“အဲဒီနောက်မှာတော့... ငါတို့နဲ့ အဲဒီလူရဲ့ ရှည်လျားတဲ့ ဇာတ်လမ်း စတင်တော့တာပါပဲ”
“ဒီဇာတ်လမ်းက... (၃) လတိတိ ကြာမြင့်ခဲ့တယ်”
“သူ့အခြေအနေက တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာတယ်... မကြာခဏဆိုသလို ငါနဲ့ မင်းအဖေကို ဆဲဆိုပြီး မောင်းထုတ်လေ့ ရှိတယ်”
“မင်းအဖေကတော့ မကြားချင်ယောင် ဆောင်နေတယ်... ငါကတော့ စော်ကားခံရသလို ခံစားရပေမယ့်... မင်းအဖေကို တစ်ယောက်တည်း ထားခဲ့လို့မှ မရတာ”
“နောက်ဆုံးတော့... (၃) လလောက် ဒုက္ခခံပြီးတဲ့နောက် အဲဒီလူ လက်လျော့သွားတယ်”
“သူ ငါတို့ကို ခေါ်ပြီး ရှင်းပြတယ်... သူ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခဲ့တာတွေက ငါတို့ ကောင်းဖို့အတွက်ပါတဲ့”
“သူ့ရဲ့ ရန်သူက အရမ်း အင်အားကြီးလွန်းတယ်... သူ အခုလောလောဆယ် ငြိမ်သက်နေနိုင်ပေမယ့်... ရန်သူတွေက သူ့နောက်ကို လိုက်လာမှာ သေချာတယ်တဲ့”
“ငါတို့က ဘာမှ မပတ်သက်တဲ့ လူစိမ်းတစ်ယောက်ကို ကယ်တင်ပေးဖို့ ဆန္ဒရှိနေမှတော့... သူက ငါတို့ကို ဘယ်လိုလုပ် ဒုက္ခရောက်စေချင်မှာလဲ တဲ့”
“ဒါကြောင့်ပဲ ငါတို့ကို မောင်းထုတ်နေခဲ့တာပါ... ငါတို့နဲ့ အဆက်အသွယ် ဖြတ်ပြီး ဘေးကင်းစေချင်လို့ပါတဲ့”
“အဲဒီလို ရှင်းပြပြီးတဲ့နောက်... သူက ပိုပြီး ပြင်းပြင်းထန်ထန် ပြောလာတယ်... ချက်ချင်း ထွက်သွားကြ... သူလို လူစိမ်းတစ်ယောက်အတွက်နဲ့ အသက်မသေကြနဲ့တဲ့”
ဆုမို သက်ပြင်းချလိုက်သည်။
“အဲဒီလို ပြောမှတော့... အဖေက ပိုပြီး ထွက်မသွားတော့ဘူးပေါ့”
“ဟုတ်တာပေါ့”
ယန်ရီဇီ ခေါင်းညိတ်လိုက်သည်။
“မင်းအဖေက အဲဒီလို လူစားမျိုးလေ... သူ ကယ်တင်လိုက်တဲ့သူက လူယုတ်မာ ဆိုရင်တော့... နေရာတင် သတ်ပစ်လိုက်မှာ... ဒါပေမဲ့ ရည်ရွယ်ချက်ကောင်း ရှိတဲ့ လူကောင်းတစ်ယောက် ဆိုရင်တော့... သေမင်းနဲ့ ရင်ဆိုင်ရပါစေ... လျစ်လျူရှုထားခဲ့မယ့်သူ မဟုတ်ဘူး”
“ဒါကြောင့် သူက ကူညီဖို့ ဆက်နေခဲ့တယ်... ငါကလည်း တစ်ယောက်တည်း ဘယ်လိုလုပ် ထွက်သွားရက်မှာလဲ”
“ငါတို့ရဲ့ ဆုံးဖြတ်ချက် ခိုင်မာတာကို မြင်တော့ အဲဒီလူ ဒေါသထွက်သွားတယ်... အခုချိန်ထိ ငါ့နားထဲ ကြားယောင်နေတုန်းပဲ... သူ ဆဲဆိုလိုက်တာတွေက တော်တော် ရိုင်းစိုင်းတာကွ”
“ဒါပေမဲ့ နောက်ပိုင်းကျတော့... ငါတို့ကို မောင်းထုတ်လို့ မရတော့ဘူး ဆိုတာ သိသွားပြီး သက်ပြင်းချလိုက်တယ်”
“မင်းတို့ ငါ့နားမှာ နေပြီး ကူညီချင်တယ် ဆိုရင်တော့... မင်းတို့ရဲ့ လက်ရှိ သိုင်းပညာ အဆင့်အတန်းနဲ့ လုံးဝ မလုံလောက်ဘူး တဲ့”