အခန်း (၂၉၈-၃၀၀)
Vol. 20 Ch. 298-300
အခန်း (၂၉၈) - ယိရွှမ် နတ်ဘုရားသိုင်း (အပိုင်း - ၃)
~“အဲဒီလူက ဒဏ်ရာအပြင်းအထန် ရထားပေမယ့်... မင်းအဖေနဲ့ ငါ လှုပ်ရှားသမျှကို တစ်နေ့တစ်နေ့ ထိုင်ကြည့်နေခဲ့တာ... အကုန်လုံးကို မြင်နေခဲ့တာပေါ့”
“အဲဒီတုန်းက ငါကလည်း လူငယ်သွေးဆိုတော့... သူ့စကားကို လက်မခံနိုင်ဘူးလေ”
“ငါက ချက်ချင်းပဲ ပြန်ခံပြောလိုက်တယ်... ဒါပေမဲ့ သူက နည်းနည်းလေးမှ စိတ်မဆိုးတဲ့အပြင်... ငါ့ကို သူ့ကိုယ်ပေါ် စမ်းသပ်တိုက်ခိုက်ကြည့်ပါလား ဆိုပြီး စိန်ခေါ်လာတယ်”
“ငါကလည်း သေလုမျောပါး ဖြစ်နေတဲ့ လူနာတစ်ယောက်ကို လက်မပါချင်ပါဘူးကွာ...”
“ဒါပေမဲ့ သူက ထပ်ခါထပ်ခါ စိန်ခေါ်နေတာရယ်... ပြီးခဲ့တဲ့ (၃) လလုံး ဘာမှမလုပ်ဘဲ ထိုင်နေခဲ့ရတဲ့ စိတ်ဖိစီးမှုတွေရယ် ပေါင်းလိုက်တော့... ငါ ဘယ်လောက် အစွမ်းထက်လဲ ဆိုတာ သူ့ကို ပြသချင်စိတ် ပေါက်သွားတယ်”
“နောက်ဆုံးတော့... ငါ တိုက်ခိုက်လိုက်တယ်”
“ငါ့တိုက်ခိုက်မှုက သူ့အသက်ကို မထိခိုက်စေဖို့ ရည်ရွယ်ခဲ့ပေမယ့်... သာမန်ကာလျှံကာတော့ မဟုတ်ဘူး”
“ဒါပေမဲ့ အံ့သြစရာကောင်းတာက... သူက ဒဏ်ရာတွေ ဗလပွနဲ့ အားနည်းနေတာတောင်မှ... ပေါ့ပေါ့ပါးပါးလေး ကာကွယ်လိုက်တယ်... ထူးဆန်းတဲ့ အင်အားတစ်ခုက ငါ့ကို ရစ်ပတ်ပြီး ပြန်ကန်ထွက်လာတာ... ငါတောင် နောက်ကို ခြေလှမ်းအတော်များများ ဆုတ်လိုက်ရတယ်”
“သူ့သိုင်းပညာက ဆန်းကြယ်လွန်းတယ်... ငါ တစ်ခါမှ မကြားဖူး၊ မမြင်ဖူးတဲ့ ပညာမျိုးပဲ”
“ဝမ်းနည်းစရာ ကောင်းတာက... သူက ဒဏ်ရာအပြင်းအထန် ရထားတာလေ... လှုပ်ရှားလိုက်တာနဲ့ သွေးတွေ အန်ထွက်လာတော့တာပဲ”
“နောက်ဆုံးတော့ သူက သက်ပြင်းချလိုက်တယ်... သူ ဆက်ပြီး တောင့်ခံထားနိုင်တော့မှာ မဟုတ်ဘူးတဲ့... ဒီအသက်တစ်ချောင်းက ဒီနေရာမှာတင် ဆုံးရှုံးရတော့မယ်တဲ့”
“ပြီးတော့ သူက မင်းအဖေနဲ့ ငါ့ကို မေးတယ်... ထွက်သွားမှာလား၊ ဆက်နေမှာလား တဲ့”
“မင်းအဖေကတော့ ဆက်နေမယ်လို့ ပြောတာပေါ့... သူနေမယ်ဆိုမှတော့ ငါလည်း ဘယ်လိုလုပ် ထွက်သွားလို့ ဖြစ်တော့မလဲ”
“ဒါကို မြင်တော့ အဲဒီလူက သက်ပြင်းချပြီး ပြောတယ်... ဒါ ကံကြမ္မာပဲ ဖြစ်ရမယ်တဲ့... မရှောင်လွှဲနိုင်တဲ့ ဘေးအန္တရာယ်တွေကို ရင်ဆိုင်နိုင်အောင် သိုင်းပညာ (၂) မျိုး သင်ပေးခဲ့မယ်တဲ့”
“မင်းအဖေနဲ့ ငါကတော့ လက်မခံချင်ကြပါဘူး... ဒါပေမဲ့ သူက ပြောတယ်... တကယ်လို့ ငါတို့ ငြင်းရင်... ဘယ်လိုပဲဖြစ်ဖြစ် အားလုံး သေရမယ့်အတူတူ... ငါတို့ရှေ့မှာတင် အသက်ထွက်ပြလိုက်မယ်တဲ့”
“သူ့လေသံကို နားထောင်ကြည့်တော့ နောက်နေတာ မဟုတ်မှန်း သိသာတယ်... ဒါနဲ့ ငါတို့လည်း လက်ခံလိုက်ရတော့တာပေါ့”
ယန်ရှောင်ယွင်က ကြားဖြတ်မေးလိုက်သည်။
“အဖေ အမြဲတမ်း သုံးနေကျ သိုင်းပညာလားဟင်”
“အင်း...”
ယန်ရီဇီ ခေါင်းညိတ်လိုက်သည်။
“သူက ငါတို့ကို သိုင်းပညာ (၂) မျိုး သင်ပေးခဲ့တယ်... တစ်မျိုးက ယိရွှမ် နတ်ဘုရားသိုင်း လို့ ခေါ်တဲ့ အတွင်းအားကျင့်စဉ် တစ်မျိုးပဲ”
“နောက်တစ်မျိုးကတော့... ကျင်းဟုန် ဖေးရွှယ် လက်ဝါးသိုင်း ပေါ့”
“ယိရွှမ် နတ်ဘုရားသိုင်းက သဘာဝတရားရဲ့ အနှစ်သာရကို စုပ်ယူနိုင်ပြီး... ကောင်းကင်အောက်က သိုင်းပညာမှန်သမျှရဲ့ အခြေခံအုတ်မြစ် ဖြစ်လာနိုင်တယ်လို့ သူ ပြောခဲ့တယ်”
“ဒီကျင့်စဉ်ကို လေ့ကျင့်ရတာရဲ့ အကြီးမားဆုံး အကျိုးကျေးဇူးက... ဘယ်ဂိုဏ်း၊ ဘယ်ဂိုဏ်းခွဲရဲ့ သိုင်းပညာနဲ့မှ မဆန့်ကျင်တာပဲ”
“ရရှိလာတဲ့ အတွင်းအားကို မူလရှိပြီးသား အတွင်းအားနဲ့ ပေါင်းစပ်လို့ရတယ်”
“အစပိုင်းမှာတော့ ဂရုတစိုက် ထိန်းချုပ်ဖို့ လိုပေမယ့်... အချိန်ကြာလာတာနဲ့အမျှ ကိုယ့်ရဲ့ ကိုယ်ပိုင် အတွင်းအားကို လေ့ကျင့်နေရင်းနဲ့ ယိရွှမ် နတ်ဘုရားသိုင်း ကို အလိုအလျောက် ထုတ်သုံးလာနိုင်လိမ့်မယ်”
“ရလဒ်အနေနဲ့... အတွင်းအားနှစ်မျိုး ပေါင်းစပ်သွားပြီး အဆပေါင်းများစွာ တိုးတက်လာလိမ့်မယ်”
“သူ့ရဲ့ ထူးခြားတဲ့ ယိရွှမ် ကောင်းကင် အရှိန်အဝါက သဘာဝအတိုင်း အကာအကွယ်
တစ်ခု ဖြစ်ပေါ်စေတယ်”
“ငါ သုံးနေတာကို မင်းတို့ မြင်ဖူးကြမှာပါ...”
“အစတုန်းကတော့ ငါ သိပ်အထင်မကြီးခဲ့ပေမယ့်... နောက်ပိုင်း လေ့ကျင့်ကြည့်မှ သူ့ရဲ့ နက်နဲမှုကို သဘောပေါက်လာတယ်”
“မင်းအဖေနဲ့ ငါက ပါရမီရှင်တွေလို့ ပြောလို့ရတယ်... လဝက်လောက် လေ့ကျင့်ပြီးတာနဲ့ ယိရွှမ် နတ်ဘုရားသိုင်း က တိုးတက်မှု အရိပ်အယောင်တွေ ပြလာပြီ”
“အဲဒီအချိန်ရောက်မှ အဲဒီလူက သူ့နောက်ကြောင်းကို ငါတို့ကို ပြောပြခဲ့တယ်...”
“သူ့နာမည်က... ‘စောင့်ရှောက်ခြင်း’ နဲ့ ‘ဆန်းကြယ်ခြင်း’ ကို ပေါင်းစပ်ထားတဲ့... ရှို့ရွှမ် ပါတဲ့”
ထိုနာမည်နှစ်လုံးကို ကြားလိုက်ရသည့် အခါ ဆုမို မျက်မှောင်ကြုတ်လိုက်မိ၏။
“ရှို့ရွှမ် ဟုတ်လား... စောင့်ရှောက်ခြင်း နဲ့ ဆန်းကြယ်ခြင်း...”
ယန်ရီဇီက ဆုမိုကို မော့ကြည့်ပြီး အနည်းငယ် ပြုံးလိုက်သည်။ နေရာတစ်နေရာ ရှာပြီး ထိုင်လိုက်ကာ အတိတ်ကို ပြန်ပြောင်းပြောပြသည်။
“အဲဒီတုန်းက မင်းအဖေနဲ့ ငါသာ မင်းလို ထက်မြက်ခဲ့မယ်ဆိုရင်... နောက်ပိုင်း ဖြစ်လာမယ့် ကိစ္စဆိုးတွေ ဖြစ်လာမှာ မဟုတ်ဘူး”
“ဒါပေမဲ့ အဲဒီတုန်းကတော့ ငါတို့က သာမန် နာမည်တစ်ခုလို့ပဲ ထင်ခဲ့ကြတာ”
“ရှို့ရွှမ် က ပြောပြတယ်... သူက လျှို့ဝှက်မျိုးနွယ်စု တစ်ခုက ဆင်းသက်လာတာတဲ့... မျိုးရိုးစဉ်ဆက် တစ်စုံတစ်ခုကို စောင့်ရှောက်လာခဲ့တဲ့ မိသားစုပေါ့”
“ဒီတစ်ခါ သူ ဒဏ်ရာအပြင်းအထန် ရခဲ့ရတဲ့ အကြောင်းရင်းက... ရန်သူက အဲဒီအရာတွေကို လိုချင်လို့ သူတို့လူတစ်ယောက်ကို သွေးခွဲပြီး သစ္စာဖောက်ခိုင်းခဲ့တယ်... အဲဒီလိုနဲ့ ပစ္စည်းတချို့ အခိုးခံလိုက်ရတယ်”
“သူက အဲဒီပစ္စည်းတွေကို ပြန်ယူဖို့ ထွက်လာရင်း... ရန်သူ့ထောင်ချောက်ထဲ မိသွားတာ”
“အင်အားချင်း မမျှတော့... နောက်ဆုံးမှာ ဒီလို အခြေအနေမျိုး ရောက်သွားရတာပေါ့”
“ဒါတွေကို ပြောပြပြီးတဲ့နောက်... သူက ငါတို့ကို ပစ္စည်းတစ်ခု ပေးအပ်ခဲ့တယ်... သူ့အသက်က မသေချာတော့ဘူး... ငါတို့ကလည်း ယိရွှမ် နတ်ဘုရားသိုင်းကို လက်ခံရရှိထားပြီးပြီ ဆိုတော့...”
“ဒီပစ္စည်းကို သူ့မိသားစုဆီ ပို့ပေးပါတဲ့”
“မိသားစု အကြီးအကဲဆီ အပ်ပေးပါလို့ မှာကြားခဲ့တယ်”
“ဒါပေမဲ့... သူ စကားဆုံးတာနဲ့ တပြိုင်နက်... အနက်ရောင်ဝတ် လူတွေက အရပ်မျက်နှာ အသီးသီးကနေ ငါတို့ကို ဝင်တိုက်ကြတော့တာပဲ...”
ထိုအချိန်က ဆုထျန်းယန်နှင့် ယန်ရီဇီ နှစ်ဦးစလုံးက ယိရွှမ် နတ်ဘုရားသိုင်းတွင် တိုးတက်မှု အနည်းငယ် ရှိနေပြီး... သူတို့၏ အတွင်းအားများက အဆပေါင်းများစွာ တိုးတက်နေပြီ ဖြစ်၏။
ကျင်းဟုန် ဖေးရွှယ် လက်ဝါးသိုင်း ကိုမူ အသစ်စက်စက် သင်ယူထားခါစ ဖြစ်သဖြင့် ထုတ်မသုံးဖြစ်ခဲ့။
အနက်ရောင်ဝတ် လူများက သူတို့ကို လျှော့တွက်ခဲ့ကြသဖြင့်... နောက်ဆုံးတွင် သူတို့နှင့် မယှဉ်နိုင်ခဲ့ကြ။
ရှို့ရွှမ် တစ်ဦးတည်းသာ ဤတိုက်ပွဲတွင် အသက်မရှင်နိုင်ခဲ့ခြင်း ဖြစ်သည်။
ရွေးချယ်စရာ မရှိတော့သည့်အဆုံး... ဆုထျန်းယန်နှင့် ယန်ရီဇီတို့က တိုက်ပွဲမြေပြင်ကို ရှင်းလင်း၊ ခြေရာလက်ရာများကို ဖျောက်ဖျက်ကာ... ရှို့ရွှမ် ပြောခဲ့သည့် မိသားစုထံသို့ ထွက်ခွာလာခဲ့ကြတော့၏။
“ဒါပေမဲ့ မထင်မှတ်ထားတာက...”
“ငါတို့ ရောက်သွားတဲ့အချိန်မှာ... မြင်လိုက်ရတဲ့ မြင်ကွင်းက ငရဲဘုံလို တိတ်ဆိတ်ခြောက်ကပ်နေတာပဲ”
“သွေးတွေက မြေပြင်တစ်ဝိုက်ကို ရဲရဲတောက် နီစွေးနေအောင် စွန်းထင်းနေတယ်”
“အလောင်းတွေက တောင်လို ပုံနေတယ်... ပြောပြဖို့တောင် ခက်ခဲလွန်းတဲ့ ကြောက်မက်ဖွယ် မြင်ကွင်းပါပဲ”
“ငါတို့က အလောင်းတွေကြား၊ ပြိုကျနေတဲ့ အိမ်တွေကြားထဲမှာ ရှာဖွေခဲ့ကြတယ်”
“နောက်ဆုံးတော့... ဒဏ်ရာအပြင်းအထန် ရထားပေမယ့် အသက်မသေသေးတဲ့ လူတစ်ယောက်ကို တွေ့ခဲ့တယ်”
“အဲဒီလူက ရင်ဘတ်မှာ ဓားဒဏ်ရာ ရထားတာ... ဒါပေမဲ့ ကံကောင်းစွာနဲ့ သူ့နှလုံးက ညာဘက်မှာ ရှိနေတော့... မင်းအဖေနဲ့ ငါ ရောက်သွားတဲ့အချိန်ထိ အသက်ငွေ့ငွေ့လေး ကျန်နေသေးတယ်”
“ငါတို့ ချက်ချင်းပဲ မသေဆေးလုံးကို သုံးပြီး ကုသပေးလိုက်တယ်... နောက်ဆုံးတော့ သူ့အသက်ကို ကယ်တင်နိုင်လိုက်တယ်”
“ဒါပေမဲ့ သူ့ရဲ့ မူလခန္ဓာကိုယ် ပျက်စီးသွားတဲ့အတွက်... သိုင်းပညာကတော့ အရင်လို ပြန်ကောင်းလာနိုင်မှာ မဟုတ်တော့ဘူး”
“နာမည်မေးကြည့်တော့... သူက ရှို့လီ ပါတဲ့”
သူက ဆုမိုကို စိမ်းစိမ်းကြည့် ပြီး ပြောလိုက်သည်။
“အဲဒီလူက... နောက်ပိုင်း မင်း တွေ့ခဲ့ရတဲ့... လီစစ်ယွင် ပဲ”
“ဟွန်း... တကယ်ဆို သူက အဲဒီတုန်းကတည်းက သေသင့်နေပြီ”
“မင်းအဖေသာ မကယ်ခဲ့ရင်... အခုထိ ဘယ်လိုလုပ် အသက်ရှင်နိုင်မှာလဲ”
“ဒါကိုတောင် မင်းရှေ့မှာ ပေါက်ကရတွေ လာပြောပြီး... မင်းကို ဒီကိစ္စတွေထဲ ဆွဲထည့်သွားသေးတယ်... တကယ်ကို စက်ဆုပ်ရွံရှာဖွယ် ကောင်းလိုက်တာ”
ဆုမိုက ထိုစကားကို ကြားလိုက်ရသောအခါ... ယခင်က သူ နားမလည်ခဲ့သော အချက်တချို့ကို သဘောပေါက်သွားသည်။
“လီစစ်ယွင် က ကျွန်တော့်အပေါ် နားလည်မှု လွဲမှားနေတာက... ဒီယိရွှမ် နတ်ဘုရားသိုင်းကြောင့်များလား”
သာမန် သိုင်းပညာရှင် တစ်ဦးက မည်သို့ လုပ်၍ ရုတ်တရက် ဤမျှ တိုးတက်လာနိုင်မည်နည်း။
သာမန် သိုင်းပညာများဖြင့်ဆိုလျှင် ဤအရာက ဖြစ်တန်စွမ်း မရှိသလောက်ပင် ဖြစ်၏။
သို့သော်ငြား ယိရွှမ် နတ်ဘုရားသိုင်း ဆိုလျှင်မူ ဖြစ်နိုင်သည်။
ဆုထျန်းယန်နှင့် ယန်ရီဇီတို့သည် ပါရမီရှင်များ ဖြစ်ကြသော်ငြား... ယိရွှမ် နတ်ဘုရားသိုင်း သာ ဤမျှ မထူးခြားလျှင်... လဝက်အတွင်း၌ သူတို့၏ အတွင်းအားများ ဤမျှအထိ တိုးတက်လာနိုင်မည်လော။
လီစစ်ယွင်က ယခင်က သာမန်လူတစ်ဦးသာ ဖြစ်ခဲ့သော ဆုမိုသည်... ရွှမ်ကျီတောင်ကြားတွင် ဓားတစ်ချက်တည်းဖြင့် လူသုံးဦးအား သတ်ဖြတ်နိုင်သည်ကို မြင်တွေ့လိုက်ရသောအခါ...
ဆုထျန်းယန် မသေဆုံးမီက ယိရွှမ် နတ်ဘုရားသိုင်းအား သူ၏ သားထံသို့ လက်ဆင့်ကမ်း ပေးအပ်ခဲ့သည်ဟု ထင်မှတ်သွားပုံ ရ၏။
ထို့ကြောင့်ပင် ဆယ်နှစ်တာလုံးလုံး ငြိမ်သက်နေခဲ့ပြီးမှ ရုတ်ချည်း ထကြွလာခြင်း ဖြစ်မည်ဟု ယူဆလိုက်ခြင်း ဖြစ်ဟန် တူသည်။
ယန်ရီဇီက ဆုမို၏ အတွေးတွေကို ရိပ်မိလိုက်ပြီး သက်ပြင်းသဲ့သဲ့ ချလိုက်သည်။
“ဒါက တစ်စိတ်တစ်ပိုင်းပါပဲ... ဒီကိစ္စက ဒီလောက်နဲ့ မပြီးသေးပါဘူး...”
အခန်း (၂၉၉) - သူရဲကောင်း စိတ်ဓာတ်
~“လီစစ်ယွင်က အစတုန်းက ငါနဲ့ မင်းအဖေအပေါ်မှာလည်း သံသယတွေ ရှိခဲ့တာပေါ့”
“အဲဒီ သံသယက သာမန်ကာလျှံကာ မဟုတ်ဘူး... နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့တဲ့ အတွေ့အကြုံတွေကနေ ဖြစ်ပေါ်လာတဲ့ သတိကြီးမှုမျိုးပဲ”
“ဒါပေမဲ့... ယိရွှမ် နတ်ဘုရားသိုင်း နဲ့ အဲဒီတုန်းက ငါတို့ သိပ်မကျွမ်းကျင်သေးတဲ့ ကျင်းဟုန် ဖေးရွှယ် လက်ဝါးသိုင်းကို မြင်လိုက်ရတဲ့အခါ...လီစစ်ယွင်ရဲ့ စိုးရိမ်ပူပန်မှုတွေ တော်တော်လေး လျော့နည်းသွားခဲ့တယ်”
“သူက ရှို့ရွှမ် ရဲ့ အကြောင်းကိုပဲ ထပ်ခါထပ်ခါ မေးနေတော့တာ”
“ငါတို့လည်း အမှန်အတိုင်း ပြောပြလိုက်ရတာပေါ့... ကြားပြီးတဲ့အခါ လီစစ်ယွင်.. မိုးကောင်းကင်ကြီးကို မော့ကြည့်ပြီး သည်းကြီးမည်းကြီး ငိုကြွေးတော့တာပဲ”
“ဒီနေ့ကစပြီး သူတို့မျိုးနွယ်စုကြီး လုံးဝ ပြတ်တောက်သွားပြီ ဆိုပြီးတော့လေ”
“မေးကြည့်တော့မှ သိရတာက... ရှို့ရွှမ် ထွက်သွားတဲ့နေ့မှာ သူက ခိုးယူခံလိုက်ရတဲ့ ပစ္စည်းတွေကို ပြန်ယူဖို့ လူတချို့ ခေါ်သွားခဲ့တာတဲ့”
“မထင်မှတ်ထားတာက... မျိုးနွယ်စုထဲမှာ သစ္စာဖောက်တွေ ကျန်နေသေးတာကိုပဲ”
“လူအင်အား နည်းပါးနေချိန်၊ သတိလွတ်နေတဲ့ အချိန်ကို အခွင့်ကောင်းယူပြီး... ပြင်ပလူတွေကို ခေါ်လာပြီး ကိုယ့်မျိုးနွယ်စုကို ပြန်သတ်ခိုင်းကြတာလေ”
“ဒီလောက်ကြီးမားတဲ့ မျိုးနွယ်စုကြီးက... အတွင်းကနေ ပြိုကွဲသွားပြီး... နောက်ဆုံးတော့ မျိုးဖြုတ်သတ်ဖြတ် ခံလိုက်ရတာပေါ့ကွာ”
ယန်ရီဇီက ခေါင်းကို ညင်သာစွာ ခါလိုက်သည်။
“အဲဒီတုန်းက လီစစ်ယွင် ပြောပြတာက... ကျူးကျော်ဝင်ရောက်လာတဲ့ အနက်ရောင်ဝတ် လူတွေက မျိုးနွယ်စုဝင်တွေ အားလုံးကို ရင်ပြင်ကျယ်ကြီးဆီ ဆွဲခေါ်သွားပြီး စစ်ဆေးမေးမြန်းကြသတဲ့... သိုင်းပညာရှင်တွေရော၊ သိုင်းပညာ မတတ်တဲ့ သာမန်လူတွေ၊ အဘိုးအို အဘွားအိုတွေ၊ ကလေးသူငယ်တွေ အပါအဝင် အားလုံးကိုပေါ့”
“သူတို့ မေးတာက... စောင့်ရှောက်ထားတဲ့ ပစ္စည်း ဘယ်နားမှာ ထားသလဲ ဆိုတာပဲ”
“မပြောရင်... သူတို့ရဲ့ သားမယားတွေကို ရက်ရက်စက်စက် နှိပ်စက်ပြီး စော်ကားမယ်လို့ ခြိမ်းခြောက်ကြတယ်”
“ခဏလေးအတွင်းမှာပဲ... ရင်ပြင်တစ်ခုလုံး သွေးတွေ ချောင်းစီးသွားတော့တာပဲ... ခေါင်းပြတ်တွေက မိုးစက်မိုးပေါက်တွေလို ကျဆင်းလာပြီး... အော်ဟစ်ငိုယိုသံတွေက မိုးထိအောင် ညံစီနေတော့တာပေါ့”
“လီစစ်ယွင် တို့က ကိုယ့်အမျိုးကို ပြန်သစ္စာဖောက်တဲ့ ကောင်တွေကို ဒေါသတကြီး မေးကြတယ်... ဘာလို့ ဒီလို လုပ်ရက်ရတာလဲ ကွ ဆိုပြီးတော့”
“သစ္စာဖောက်တွေက ပြန်ပြောကြတယ်... မျိုးနွယ်စုရဲ့ စည်းကမ်းတွေက မိုက်မဲလွန်းတယ်တဲ့... အဓိပ္ပာယ်မရှိတဲ့ ပစ္စည်းတွေကို စောင့်ရှောက်နေပြီး... နေရောင်မမြင်ရတဲ့ နေရာမှာ ဘိုးစဉ်ဘောင်ဆက် နေလာကြတာတဲ့”
“သိုင်းပညာတွေ တတ်ထားပြီးတော့... ဘဝရဲ့ အကောင်းဆုံး အချိန်တွေကို ဒီမှာပဲ ဖြုန်းတီးပစ်နေကြရတယ်တဲ့”
“သိုင်းလောကကြီးက အရောင်အသွေး စုံလင်ပြီး စိတ်လှုပ်ရှားစရာ ကောင်းနေတာကို... ဘာကိစ္စ သူတို့က ဒီမှာပဲ ကိုယ့်ကိုယ်ကို မြှုပ်နှံထားရမှာလဲ တဲ့”
“သူတို့ရဲ့ သိုင်းပညာနဲ့သာ ဆိုရင်... ဒီနေရာကနေ ထွက်သွားတာနဲ့... ချုပ်နှောင်မှုတွေကနေ လွတ်မြောက်တာနဲ့... ရှေ့ဆက်မယ့် လမ်းခရီးက ဖြောင့်ဖြူးနေပြီတဲ့”
“အဲဒီအတွက်... သွေးချောင်းစီးရမယ် ဆိုရင်တောင် တန်တယ်လို့ သူတို့က ယူဆထားကြတာ”
“...”
ဆုမို သက်ပြင်းသဲ့သဲ့ ချလိုက်ပြီး ဘာမှ ဝင်မပြောလိုတော့ပေ။
ယန်ရှောင်ယွင်ကတော့ ဒေါသနှင့် မတရားမှုကို မခံမရပ်နိုင် ဖြစ်နေ၏။
“ကိုယ့်ရဲ့ ကိုယ်ကျိုးစီးပွားအတွက်နဲ့... ကိုယ့်မျိုးနွယ်စုကို ပြန်ဒုက္ခပေးရက်တယ်လား... ဒီမှာမွေး၊ ဒီမှာကြီးလာပြီးတော့... ကျေးဇူးတရား ဆိုတာ နည်းနည်းလေးမှ မရှိကြဘူးလား”
“ဒါက လူ့စိတ်ထဲက မကောင်းဆိုးဝါးတွေပဲ သမီး”
ယန်ရီဇီက ယန်ရှောင်ယွင်ကို ကြည့်ပြီး နူးညံ့စွာ ပြုံးလိုက်သည်။
“သိုင်းလောကကြီး ရက်စက်တယ် ဆိုတာက... လူတချို့ရဲ့ ကိုယ်ကျိုးစီးပွား လိုအင်ဆန္ဒတွေကြောင့်ပဲ ဖြစ်ရတာပါ”
“လိုချင်တဲ့ ပစ္စည်းက မရှိမဖြစ် လိုအပ်နေပြီး... ကိုယ်ကျင့်တရားနဲ့ လိပ်ပြာသန့်မှုတွေ မရှိတော့ဘူး ဆိုရင်... သူတို့က နည်းလမ်းပေါင်းစုံ သုံးလာကြမှာပဲ”
“သိုင်းလောကသားတိုင်းကို ဆုထျန်းယန် လို ဖြစ်နေမယ်လို့ မျှော်လင့်ထားလို့ မရဘူးလေ”
“အင်းပါ...”
ယန်ရှောင်ယွင်သည် ငယ်စဉ်က ဖခင်ဖြစ်သူ၏ ရင်ခွင်ထဲတွင် ခိုလှုံရင်း သိုင်းလောက ပုံပြင်များကို နားထောင်ခဲ့ရသည့် နေ့ရက်များကို ပြန်သတိရနေမိ၏။
သူမက ခပ်တိုးတိုး မေးလိုက်သည်။
“နောက်တော့ ဘာဆက်ဖြစ်လဲဟင်”
“နောက်တော့... နောက်ဆုံးမှာ တစ်ယောက်က မနေနိုင်တော့ဘူး... သူ့မိန်းမကို နှိပ်စက်တာ မကြည့်ရက်တော့ဘူး... လမ်းလျှောက်တတ်ခါစ ကလေးလေးကို နှိပ်စက်တာ မခံစားနိုင်တော့ဘူး”
“နောက်ဆုံးတော့ သူ ဖွင့်ပြောလိုက်တယ်”
“လီစစ်ယွင် ပြောတာကတော့... ဒါက သူတို့မျိုးနွယ်စု အမှန်တကယ် ကာကွယ်စောင့်ရှောက်သင့်တဲ့ အရာပါပဲတဲ့”
“အဲဒီလူ ဖွင့်ပြောလိုက်ပေမယ့်... လီစစ်ယွင်က သူ့ကို မမုန်းနိုင်ခဲ့ဘူးတဲ့”
“သူတို့ ပေးဆပ်ခဲ့ရတာတွေက များလွန်းနေပြီ... အဲဒီလူက သူ့သားမယားတွေ အရှက်တကွဲ အကျိုးနည်း ဖြစ်မှာကို မလိုလားခဲ့ရုံပါပဲ”
ဆုမိုက သက်ပြင်းချလိုက်သည်။
“ဖွင့်ပြောလိုက်ပေမယ့်... နောက်ဆုံးတော့ သေလမ်းကနေ မလွတ်မြောက်နိုင်ခဲ့ကြဘူးပေါ့”
‘ယန်ရီဇီက ဇာတ်လမ်းအစမှာကတည်းက ပြောခဲ့ပြီးသားလေ... မျိုးနွယ်စု နယ်မြေတစ်ခုလုံး သွေးတွေ စွန်းထင်းနေပြီး အလောင်းတွေ တောင်လို ပုံနေသည်တဲ့။ ... အသက်ရှင်ကျန်ရစ်သူ မရှိဘူး ဆိုတာ ထင်ရှားနေသည်ပဲ။
ဖွင့်ပြောလိုက်ပေမယ့် သေရတာကတော့ သေရမှာပါပဲ။
ဒါပေမဲ့ အနည်းဆုံးတော့... ဂုဏ်သိက္ခာရှိရှိ သေဆုံးသွားခွင့် ရတာပေါ့’
“ဒါပေမဲ့... အဲဒီ ရန်သူတွေလည်း သူတို့ လိုချင်တာကို အလွယ်တကူ မရလိုက်ပါဘူး”
“သူတို့က သဲလွန်စတွေအတိုင်း လိုက်ရှာပြီး ပုန်းခိုရာနေရာကို တွေ့သွားကြတယ်... လိုချင်တာ ရတော့မယ့် ဆဲဆဲမှာ... ကိုယ့်လူမျိုးကို သစ္စာဖောက်ခဲ့တဲ့ ကောင်တွေက ရုတ်တရက် ပြန်ပုန်ကန်ကြတော့တာပဲ”
“ဒါကတော့ မျှော်လင့်ထားပြီးသားပါ”
ယန်ရီဇီက ဆုမိုကို ကြည့်လိုက်သည်။
ဆုမိုက ခပ်လေးလေး ခေါင်းညိတ်လိုက်၏။
“အချိန်ကာလတွေ ပြောင်းလဲလာတာနဲ့အမျှ... တကယ်တမ်းကျတော့ သူတို့က ရန်သူတွေကို မျိုးနွယ်စု နယ်မြေထဲ ခေါ်လာကတည်းက အသုံးမဝင်တော့ပါဘူး”
“နောက်ဆုံး ပုန်းခိုရာ နေရာကို ဖွင့်ပေးလိုက်တဲ့ အချိန်မှာတော့... သူတို့ရဲ့ နောက်ဆုံး လက်ကျန် တန်ဖိုးလေးပါ ကုန်ဆုံးသွားပြီလေ”
“သူတို့ ပြန်ပုန်ကန်တယ် ဆိုတာက... လောဘကြောင့် မျက်စိကန်းသွားတာ မဟုတ်ဘူး... ပုန်ကန်မှ အသက်ရှင်မှာမို့လို့ပါ... မဟုတ်ရင် ရန်သူတွေ လိုချင်တာ ရသွားတာနဲ့ သူတို့ သေနေ့စေ့ပြီလေ”
ယန်ရီဇီက ခေါင်းကို ဖွဖွလေး ညိတ်လိုက်သည်။
“မင်း ဒီဘက်ကို တွေးခေါ်တတ်တာ ကောင်းပါတယ်... ကျားနဲ့ စီးပွားရေး လုပ်တာက အန္တရာယ် မများလွန်းဘူးလား... သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု ဆိုတာက အပြန်အလှန် သံသယတွေနဲ့ ပြည့်နှက်နေတာပါ”
“ဒီလောကကြီးမှာ... စွန့်စားရဲတဲ့ ဉာဏ်ကြီးရှင် ဘယ်နှစ်ယောက်လောက် ရိုးရှင်းလို့လဲ”
“လူမိုက်တစ်ယောက်က သူများ ဒုက္ခရောက်အောင် လုပ်ချင်ရင်တောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ သိမှာ မဟုတ်ဘူး”
“မှတ်ထားပါ... နောင်တစ်ချိန် မင်း သိုင်းလောကထဲ ရောက်လာတဲ့အခါ... အန္တရာယ် ဆိုတာက ပြိုင်ဘက်ရဲ့ သိုင်းပညာ ကိုယ့်ထက် သာလွန်နေတာ တစ်ခုတည်း မဟုတ်ဘူး”
“ပိုအရေးကြီးတာက... ဉာဏ်နီဉာဏ်နက် ကစားကွက်တွေပဲ”
“ဒီလူတွေက ကိုယ့်ကိုယ်ကျိုးအတွက် ကိုယ့်အမျိုးကို ပြန်သစ္စာဖောက်ခဲ့ကြပေမယ့်... ရန်သူတွေကို အသုံးချပြီး သူတို့ကို ချည်နှောင်ထားတဲ့ သံသရာကနေ လွတ်မြောက်ချင်ခဲ့ကြတာ”
“ဒါပေမဲ့... သံသရာ တစ်ခုကနေ လွတ်ပြီး နောက်ထပ် သံသရာ တစ်ခုထဲ ဝင်သွားဖို့တော့ သူတို့ မရည်ရွယ်ခဲ့ကြဘူး”
“ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ထိန်းချုပ်နိုင်ဖို့အတွက်... သူတို့ ရွေးချယ်မှုတွေ လုပ်ခဲ့ရတယ်”
“သူတို့ရဲ့ ရွေးချယ်မှုကတော့... နောက်ဆုံး အခိုက်အတန့်မှာ နောက်ထပ် တစ်ကြိမ် ထပ်ပြီး သစ္စာဖောက်လိုက်တာပဲ”
“ဒီအလှည့်အပြောင်းကို ရန်သူတွေဘက်က မျှော်လင့်မထားတာ မဟုတ်ပေမယ့်... ရုတ်တရက် ဖြစ်သွားတော့ အလစ်အငိုက် မိသွားတာပေါ့”
“ဒါကြောင့် အဖမ်းခံထားရတဲ့ မျိုးနွယ်စုဝင်တွေပါ ပြန်လည် တိုက်ခိုက်လာကြပြီး... အခြေအနေက လုံးဝ ရှုပ်ထွေးသွားတော့တာပဲ”
“အဲဒီလို ရှုပ်ထွေးပွေလီနေတဲ့ တိုက်ပွဲကြားမှာ... သစ္စာဖောက် တချို့က စောင့်ရှောက်ထားတဲ့ ပစ္စည်းတွေထဲက တစ်စိတ်တစ်ပိုင်းကို လုယူသွားနိုင်ခဲ့တယ်”
အခန်း (၃၀၀) - သူရဲကောင်း စိတ်ဓာတ် (အပိုင်း - ၂)
~“သူတို့က အများစုကို ဟန့်တားနိုင်ခဲ့ပေမယ့်... တချို့ကတော့ လွတ်မြောက်သွားခဲ့တယ်”
“ဒါက လီစစ်ယွင် သတိမလစ်ခင် နောက်ဆုံး မြင်ခဲ့ရတဲ့ မြင်ကွင်းပဲ”
ယန်ရီဇီသည် စကားများကို တရစပ် ပြောလိုက်ပြီးနောက် ခန္ဓာကိုယ်ကို ညင်သာစွာ ဆန့်ထုတ်လိုက်၏။
ထို့နောက် သူတို့ကို လှမ်းကြည့်လိုက်ပြီး...
“ဘယ်လိုလဲ... ဆက်နားထောင်ချင်ကြသေးလား”
“နားထောင်ချင်တာပေါ့”
ဆုမို ခေါင်းညိတ်လိုက်သည်။
“ဒီအထိက ဇာတ်လမ်းရဲ့ အဓိက အချက်အချာကို မရောက်သေးဘူးလေ”
“ဟုတ်တယ်...”
ယန်ရီဇီ သက်ပြင်းသဲ့သဲ့ ချလိုက်၏။
“နောက်ဆက်တွဲ ဖြစ်ရပ်တွေကမှ အရေးအကြီးဆုံးပဲ”
“အခုဆိုရင် မင်းအဖေရဲ့ စိတ်နေသဘောထားကို မင်း နားလည်လောက်ပါပြီ”
“သူက သဘောထားကြီးပြီး ဖြောင့်မတ်မှန်ကန်တဲ့ သူရဲကောင်း တစ်ယောက်ပါ... လီစစ်ယွင် နဲ့ သူ့မျိုးနွယ်စု ဘာကို ကာကွယ်စောင့်ရှောက်နေသလဲ ဆိုတာ ဒီနေ့ထိ ငါတို့ မသိရသေးပေမယ့်...”
“သူကတော့ လျစ်လျူရှုထားဖို့ လုံးဝ စိတ်ကူးမရှိခဲ့ဘူး”
“ဒါ့အပြင် အဲဒီမျိုးနွယ်စု ကြုံတွေ့ခဲ့ရတဲ့ အဖြစ်ဆိုးကြီးက... ဘယ်သူ့ရင်ထဲမှာမဆို ဒေါသတွေ တဖွားဖွား ပေါ်လာစေမှာ အမှန်ပဲ”
“မင်းအဖေ တင်မကဘူး... ငါကိုယ်တိုင်လည်း အဲဒီလူတွေကို လိုက်ရှာပြီး ဟောက်ရန် အကယ်ဒမီ ရဲ့ 'တရားမျှတမှု' နဲ့ ဆုံးမပေးချင်ခဲ့တာ”
“ဒါပေမဲ့ ဒီအကြံကို လီစစ်ယွင် ကို ပြောပြလိုက်တော့... သူက ငြင်းဆန်ခဲ့တယ်”
“သူတို့မျိုးနွယ်စုက ဘိုးဘွားတွေရဲ့ ဆိုဆုံးမစကားတွေကို လိုက်နာပြီး... စည်းမျဉ်းစည်းကမ်းတွေကို တန်ဖိုးထားတဲ့အတွက်... အသက်နဲ့ရင်းပြီး အဲဒီပစ္စည်းတွေကို ကာကွယ်ခဲ့တာပါတဲ့”
“မင်းအဖေနဲ့ ငါက ပြင်ပလူတွေလေ... သူ့အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရုံကလွဲပြီး ဘာမှ မမျှော်လင့်ရဲပါဘူးတဲ့”
“ငါတို့ ဘယ်လိုပဲ ပြောပြော သူ လက်မခံဘူး... နောက်ဆုံးတော့ သူ့ဒဏ်ရာတွေ သက်သာလာမယ့်အချိန်ကို စောင့်ဖို့ပဲ ဆုံးဖြတ်လိုက်ရတယ်”
“ဒါပေမဲ့ မထင်မှတ်ထားတာက... ဒီ ခေါင်းမာတဲ့ကောင်က ဒဏ်ရာ မပျောက်သေးခင်မှာပဲ တိတ်တဆိတ် ထွက်သွားခဲ့တယ်”
“ကံကောင်းတာက... မင်းအဖေနဲ့ ငါ စောစောစီးစီး ရိပ်မိလိုက်လို့... သူ့နောက်ကို ခြေရာခံ လိုက်သွားနိုင်ခဲ့တယ်”
“ငါတို့ သူ့ကို အမီလိုက်နိုင်တဲ့အချိန်မှာ... သူက ထောင်ချောက်ထဲ ရောက်နေပြီ”
“သူ့ကို ဝိုင်းထားတဲ့သူတွေက တခြားသူတွေ မဟုတ်ဘူး... အဲဒီ အနက်ရောင်ဝတ် လူတွေပဲ”
“မင်းအဖေနဲ့ ငါ၊ ပြီးတော့ ရှို့ရွှမ် တို့ တိုက်ခိုက်ခဲ့တုန်းက... ခြေရာလက်ရာ တချို့ ကျန်ခဲ့ပုံရတယ်... အဲဒါကို သူတို့ ခြေရာခံမိသွားတာ”
“သူတို့က အရိပ်ထဲမှာ ပုန်းအောင်းပြီး စောင့်နေခဲ့တာ ကြာပြီ”
“လီစစ်ယွင် ရဲ့ မျိုးနွယ်စုမှာ ယိရွှမ် နတ်ဘုရားသိုင်း နဲ့ ကျင်းဟုန် ဖေးရွှယ် လက်ဝါးသိုင်း အပြင် တခြား နည်းလမ်းတွေလည်း ရှိသေးတော့... သူ ကြိုသိနေခဲ့တာ”
“ဒါပေမဲ့ သူက ငါတို့ကို အသိမပေးဘဲ... ငါတို့ကို ဒီကိစ္စထဲ ထပ်မပါစေချင်လို့... သူ့ဘာသာသူ ရန်သူတွေကို မျှားခေါ်သွားဖို့ ကြံစည်ခဲ့တာ”
“သူ့ရည်ရွယ်ချက်က ကောင်းပေမယ့်... အစီအစဉ်က ရိုးရှင်းလွန်းတယ်... အဲဒီအချိန်မှာ ငါတို့က ရွှံ့နွံထဲ နစ်နေပြီလေ... ဘယ်လိုလုပ် အလွယ်တကူ ရုန်းထွက်လို့ ရတော့မှာလဲ”
“အဲဒီညက သူသာ ထွက်မသွားရင်... ငါတို့အားလုံး အတူတူ ရင်ဆိုင်လို့ ရသေးတယ်”
“သူ တစ်ယောက်တည်း ထွက်သွားတော့... ရန်သူတွေ တိုက်ခိုက်လာဖို့ အချိန်ကို ပိုမြန်ဆန်သွားစေတာပေါ့”
“အဲဒီတိုက်ပွဲမှာ... ရန်သူ့ဘက်က သိုင်းပညာရှင် တစ်ယောက် ပါလာတယ်... သူ့သိုင်းပညာက အရမ်း ကြောက်စရာကောင်းတယ်”
“မြေကြီးပေါ်မှာ ရပ်နေလိုက်တာနဲ့... တောင်ကြီးတစ်လုံးလိုပဲ... လုံးဝ မယိမ်းယိုင်ဘူး”
“မင်းအဖေက ဇီယန် နတ်ဘုရားလက်ဝါးနဲ့ အစွမ်းကုန် ရိုက်ထုတ်လိုက်တာတောင်... သူက (၃) လှမ်းပဲ နောက်ဆုတ်သွားတယ်... (၃) ခါလောက် အသက်ပြင်းပြင်း ရှူလိုက်ပြီးတာနဲ့ ပြန်တိုက်ခိုက်လာတော့တာပဲ”
“နောက်ပိုင်းကျမှ ငါတို့ သိလိုက်ရတာက... အဲဒီလူဟာ သုံးပါးအစွန်းရောက်ဂိုဏ်း ရဲ့ လက်ရှိ မြေကမ္ဘာဂိုဏ်းချုပ် ဖြစ်နေတာကိုး”
“သူ့ရဲ့ ကျိခွန်သိုင်းက တော်တော်လေး နက်နဲတယ်”
ပြောရင်းနဲ့ သူက ဆုမိုကို လှမ်းကြည့်လိုက်သည်။
“အဲဒီနေ့တုန်းက လူသားဂိုဏ်းချုပ် ပြောတာ ကြားတယ်... မင်းက မြေကမ္ဘာဂိုဏ်းချုပ် အသစ်ကို လက်သီးတစ်ချက်တည်းနဲ့ သေလုမျောပါး ဖြစ်အောင် လုပ်လိုက်တယ်ဆို”
ဆုမို အနည်းငယ် ရှက်ရွံ့သွားသည်။
“တကယ်တော့... သူ ဘယ်သူလဲ ဆိုတာ ကျွန်တော် မသိခဲ့ပါဘူး...”
“လွန်ခဲ့တဲ့ ရက်နည်းနည်းကမှ... ကောင်းကင်ဓားဂိုဏ်းက နန်ကုန်းယွီ ကို သတ်ချင်နေတဲ့ မျက်နှာဖုံးစွပ်လူက မြေကမ္ဘာဂိုဏ်းချုပ် ဆိုတာ သိလိုက်ရတာပါ”
“...နှမြောစရာ ကောင်းတာက ကျွန်တော်တို့ တိုက်ခိုက်တာ မြန်လွန်းသွားတယ်... တစ်ကွက်တည်းနဲ့ သူက အခွင့်ကောင်းယူပြီး ထွက်ပြေးသွားတယ်လေ”
“အဲဒီတုန်းက သူက ကျွန်တော့်ကို မျက်နှာသာ ပေးလိုက်တာပါလို့တောင် ပြောသွားသေးတယ်”
“သူ့ဒဏ်ရာ ဒီလောက် ပြင်းထန်သွားလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
“...”
ယန်ရီဇီ၏ မျက်နှာထားသည် ထူးဆန်းသွားသည်။
မြေကမ္ဘာဂိုဏ်းချုပ် လောက် လူတစ်ယောက်က ဆုမိုရှေ့မှာတော့ ဘာမှ မဟုတ်တဲ့ ကောင်လေးလို အထုခံလိုက်ရပါလား။
သူ ခေါင်းခါလိုက်ပြီး ဆက်ပြောသည်။
“ဒါပေမဲ့ အဲဒီညတုန်းက... မင်းအဖေရယ်၊ ငါရယ်၊ မြေကမ္ဘာဂိုဏ်းချုပ်ရယ် တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲက မရိုးရှင်းပါဘူး”
“ငါရော မင်းအဖေပါ အစွမ်းကုန် ထုတ်သုံးခဲ့ရတာ”
“သူ့ရဲ့ ကျိခွန်သိုင်း က ကောက်ကျစ်တယ်... မြေကမ္ဘာရဲ့ စွမ်းအင်ကို စုပ်ယူပြီး ကိုယ့်ဒဏ်ရာကို ကုစားနိုင်တယ်”
“နောက်ဆုံးမှာ ငါက အားကုန်သုံးပြီး သူ့ရင်ဘတ်ကို လှံနဲ့ ထိုးဖောက်... လေပေါ် မ,တင်ပေးလိုက်မှ... မင်းအဖေက နေမင်းသုံးစင်း နှလုံးကြေ လက်ဝါး နဲ့ အဆုံးသတ်ပေးလိုက်နိုင်တာ”
“ဒီတိုက်ပွဲ ပြီးတဲ့နောက်... မင်းအဖေနဲ့ ငါ ..ရှို့ရွှမ် ပြောခဲ့တဲ့ စကားတွေကို ပိုပြီး နားလည်လာခဲ့တယ်”
“သူတို့ရဲ့ သိုင်းပညာတွေက ငါတို့ မျှော်မှန်းထားတာထက် အများကြီး သာလွန်နေတယ်”
“တိုက်ပွဲမြေပြင်ကို ရှင်းလင်းပြီးတဲ့နောက်... ခြေရာလက်ရာ တချို့ကို ကြည့်ပြီး ငါတို့ ကောက်ချက်ချလိုက်တယ်... ရန်သူတွေက ငါတို့ရဲ့ အစစ်အမှန် စွမ်းရည်တွေကို အပြည့်အဝ မသိသေးဘူး ဆိုတာကိုပေါ့”
“ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်းလောက်ပဲ သိထားတာ ဖြစ်မယ်... အခု သူတို့အကုန်လုံး ဒီမှာ သေသွားပြီဆိုတော့... ရန်သူ့ဆီ သတင်းရောက်ဖို့ လမ်းစ ပြတ်တောက်သွားနိုင်တယ်”
“သေချာ တိုင်ပင်ပြီးတဲ့နောက်... ငါတို့က လီစစ်ယွင် ကို ငြင်းခွင့်မပေးဘဲ... သူ့ဒဏ်ရာ ကုသဖို့ ခေါ်သွားလိုက်တော့တယ်”
“မင်းအဖေနဲ့ ငါ သိုင်းလောကမှာ နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့တဲ့ အတွေ့အကြုံတွေရယ်... ရန်သူ့ရဲ့ အင်အားကြီးမားမှုရယ်ကို ထည့်တွက်ပြီး... ငါတို့ ကိုယ့်ကိုယ်ကို ဖုံးကွယ်ဖို့ အထူး သတိထားခဲ့ကြတယ်”
“အခုတော့... မင်းအဖေက ငါ စိတ်ကူးတောင် မယဉ်ရဲတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်တယ်”
ဆုမို မျက်ခုံးပင့်လိုက်သည်။
သူသာ အဲဒီနေရာမှာ ရှိနေခဲ့လျှင်... ဘာလုပ်မလဲ ဆိုတာ စဉ်းစားကြည့်လိုက်သည်။
သူတို့ ရထားသော သတင်းအချက်အလက်တွေက မှားယွင်းကောင်း မှားယွင်းနိုင်၏။
‘တကယ်လို့ အဲဒီ မြေကမ္ဘာဂိုဏ်းချုပ် ဟောင်းကသာ ယန်ရီဇီ တို့အကြောင်း သတင်းမပို့လိုက်ဘူး ဆိုရင်... ဘယ်လမ်းကို ရွေးတာ အမှန်ကန်ဆုံး ဖြစ်မလဲ။ ဘယ်လို သေချာအောင် လုပ်မလဲ’
ဆုမို ရုတ်တရက် ယန်ရီဇီကို မော့ကြည့်လိုက်သည်။
“ဦးလေးတို့... ဇီယန် အာမခံဌာန ကို ပြန်သွားခဲ့ကြတာလား”
သို့သော်၊ ပြောပြီးပြီးချင်း သူ ခေါင်းခါလိုက်၏။
“မဟုတ်ဘူး... ဦးလေးတို့ ဇီယန်ဂိုဏ်း ကို သွားခဲ့ကြတာပဲ..”