← Chapters

ကြည့်ရတာ လုံရန်က ငါ့တွက် အံ့အားသင့်စရာ တစ်ချို့ ချန်ထားခဲ့ပုံပဲ

Vol. 17 Ch. 170

ကြည့်ရတာ လုံရန်က ငါ့တွက် အံ့အားသင့်စရာ တစ်ချို့ ချန်ထားခဲ့ပုံပဲ

Vol. 17 Ch. 170

ဗုန်း

ဦးခေါင်းမရှိသော အလောင်းတစ်ခုသည် စင်မြင့်ထက်သို့ ကျဆင်းသွားပြီး ကြေမွနေသော ခန္ဓာကိုယ်အစိတ်အပိုင်းများမှာ ဟိုတစ်စ ဒီတစ်စ လွင့်စင်သွားတော့သည်။ သွေးများမှာလည်း စင်မြင့်တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွား၏။

လူတိုင်းသည် သက်မဲ့ဖြစ်သွားသော ထိုအလောင်းကို တိတ်ဆိတ်စွာ စိုက်ကြည့်နေကြသည်။ သူတို့၏ အကြည့်များ ချောင်ရို့ချန်ထံသို့ ရောက်ရှိသွားချိန်တွင်မူ ထိုအကြည့်များ၌ လေးစားမှု၊ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေလေပြီ။

ဒါဟာ ဝမ်တောက်ကျောင်းတော်က ပါရမီရှင်တစ်ယောက်ရဲ့ စွမ်းပကားပေါ့လေ။

ချောင်ရို့ချန်သည် ရှေ့သို့လှမ်းလာ၏။ လုံရန် အမှန်တကယ် သေဆုံးသွားပြီဖြစ်ကြောင်း အတည်ပြုပြီးနောက် သူသည် ကိုယ်ကိုကိုင်းကာ သိုလှောင်လက်စွပ်ကို ကောက်ယူလိုက်သည်။

ထိုအခိုက်တွင် စင်အောက်မှ ကြည့်နေသော ယဲ့ပေ့ရွှမ်သည် လုံရန်၏ ခန္ဓာကိုယ်ထဲမှ ကံကြမ္မာအလင်းတန်းတစ်ခု လွင့်ထွက်လာပြီး ချောင်ရို့ချန်၏ ကိုယ်ထဲသို့ ပေါင်းစည်းသွားသည်ကို မြင်လိုက်ရ၏။

ဒုတိယအစ်ကိုကြီးချောင်က ကံကြမ္မာသားတော် တစ်ယောက်ကို ခုလေးတင် နှိမ်နင်းလိုက်တာပဲ။

ချောင်ရို့ချန်ကမူ ၎င်းကို သတိမပြုမိပေ။ သူသည် သိုလှောင်လက်စွပ်ကို ကိုင်မြှောက်လျက် စင်ပေါ်မှ ခုန်ဆင်းကာ စုန့်ကျောက်ယီထံသို့ လျှောက်လှမ်းသွားလေသည်။

စုန့်ကျောက်ယီက သူမ ပြင်ဆင်ထားသော လက်ဖက်ရည်ခွက်ကို မြှောက်လိုက်ရင်း ပြုံးပြလိုက်သည်။ “အစ်ကိုကြီးချန်၊ လက်ဖက်ရည် အဆင်သင့်ဖြစ်ပါပြီ”

ချောင်ယို့ချန်က ခွက်ကိုလှမ်းယူကာ တစ်ငုံသောက်လိုက်ပြီး ချီးကျူးလိုက်၏။

“လက်ဖက်ရည်ကောင်းပဲ။ တကယ်ကို ကောင်းတယ်”

ထိုအခါမှသာ မှင်သက်နေကြသော ပွဲကြည့်ပရိသတ်များမှာ သတိပြန်ဝင်လာကြပြီး တစ်ဦးပြီးတစ်ဦး ကြွေးကြော်သံများ ထွက်ပေါ်လာတော့သည်။

“စီနီယာအစ်ကိုကြီး ချောင်က တကယ်ကို အစွမ်းထက်တာပဲ”

“စီနီယာအစ်ကိုကြီး ချောင်က အနှိုင်းမဲ့ပဲ”

ပွဲကြည့်စင်မြင့်ထက်ရှိ အကြီးအကဲများပင် စုန့်မျိုးနွယ်စု အကြီးအကဲထံသို့ မနာလိုသော အကြည့်များ ပို့လွှတ်နေကြသည်။

“အစ်ကိုကြီးစုန့်... ခင်ဗျားတို့မျိုးနွယ်စုကတော့ နဂါးတစ်ကောင်လို သမက်လောင်းကို တကယ်ပဲ ရှာတွေ့ခဲ့တာပဲဗျာ။”

စုန့်အကြီးအကဲက တဟားဟား ရယ်မောလိုက်၏။ “သူတို့က တရားဝင်တော့ မစေ့စပ်ရသေးပါဘူး။ စောပါသေးတယ် ဟားဟား...”

အခြားအကြီးအကဲများကမူ စိတ်ထဲမှ ကြိတ်၍တွေးနေကြသည်။

‘ဒီလောက် ဗြောင်ကျကျ ရယ်နေပြီးတော့မှ ဘာမှမသေချာသေးဘူး ပြောနေတာလား။ ခင်ဗျား စိတ်ထဲမှာတော့ ဒီညပဲ သူတို့ကို လက်ထပ်ပေးချင်နေမှာ သေချာပါတယ်။’

‘ ငါတို့မျိုးနွယ်စုက မိန်းကလေးတွေကျတော့ ဘာလို့ ဒီလောက် အစွမ်းထက်တဲ့လူမျိုးကို ခေါ်မလာနိုင်ကြပါလိမ့် ‘

လူအုပ်ကြီးကြားတွင် ချောင်ရို့ချန်သည် လက်ဖက်ရည်ကို သောက်ကာ ပြီးစီးသွားသောအခါ သူ၏ ဓားကျောက်စိမ်းကို ယူဆောင်လျက် မရေမတွက်နိုင်သော အားကျသည့် အကြည့်များကြားမှ စုန့်ကျောက်ယီနှင့်အတူ ထွက်ခွာသွားလေသည်။

မကြာမီမှာပင် စုန့်ကျောက်ယီသည် ချောင်ရို့ချန်နှင့် ယဲ့ပေ့ရွှမ်တို့ တည်းခိုရန် သီးသန့်ဝင်းတစ်ခုကို စီစဉ်ပေးလိုက်၏။

ချောင်ရို့ချန်က ယဲ့ပေ့ရွှမ်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။

“ညီလေး... ယွမ်လင်ဂိုဏ်းက လုံလုံလောက်လောက် ဘေးကင်းပါတယ်။ မင်း အဲဒီ ဝိညာဉ်ဆေးပင်ကို သန့်စင်ဖို့ပဲ အာရုံစိုက်လိုက်ပါ”

ယဲ့ပေ့ရွှမ်က လက်ဆုပ်ကာ မေးလိုက်သည်။

“ကျေးဇူးတင်ပါတယ် ဒုတိယအစ်ကိုကြီး။ ဒါပေမဲ့ ကျွန်တော် ဘယ်လိုရတနာမျိုး ရခဲ့လဲဆိုတာ အစ်ကိုကြီး မသိချင်ဘူးလား”

ချောင်ရို့ချန်က ပခုံးတွန့်ပြလိုက်သည်။ “မင်း ဘယ်ရတနာပဲရရ ဒါဟာ မင်းရဲ့ ကံတရားပဲ။ ဆရာကိုယ်တိုင်တောင် ငါတို့ ဘာရတနာတွေ ရခဲ့လဲဆိုတာ ဘယ်တော့မှ မမေးဘူး။ ငါက ဘာလို့ မင်းကို မေးရမှာလဲ”

ယဲ့ပေ့ရွှမ်မှာ ဆွံ့အသွားရ၏။

ချောင်ရို့ချန်က ပြုံးစိစိဖြင့်

“ကဲ... ငါ မင်းကို မနှောင့်ယှက်တော့ပါဘူး။ သွားပြီနော်”

“ဂရုစိုက်ပါ အစ်ကိုကြီး။”

ထွက်ခွာသွားသော ချောင်ရို့ချန်၏ ကျောပြင်ကို ကြည့်ရင်း ယဲ့ပေ့ရွှမ်၏ နှလုံးသားမှာ နွေးထွေးသွားရသည်။

သူ၏ အတိတ်ဘဝတုန်းက ဝမ်တောက်ကျောင်းတော်တွင် သူ အားကောင်းလာခဲ့သော်လည်း ဤကဲ့သို့သော ညီအစ်ကိုသံယောဇဉ်မျိုးကို မခံစားခဲ့ဖူးချေ။ အနည်းဆုံးတော့ သူ နာမည်မကြီးခင်အထိပေါ့။ သို့သော် ဤ သောင်းပြောင်းပညာရပ်ဌာန တွင်မူ အစ်ကိုကြီးတစ်ယောက်ရှိခြင်း၏ အဓိပ္ပာယ်ကို သူ အမှန်တကယ် ခံစားလိုက်ရသည်။

ဒီတစ်ကြိမ်တော့ ငါ ဒီနှောင်ကြိုးကို ကာကွယ်စောင့်ရှောက်မယ်။

ထိုသို့တွေးရင်း သူသည် တံခါးကိုပိတ်ကာ သိုလှောင်လက်စွပ်ထဲမှ ရွှမ်ဟွမ်သစ်သီးကို ထုတ်ယူလိုက်၏။

၎င်းကို မျိုချလိုက်ပြီးနောက် တင်ပျဉ်ခွေထိုင်ကာ ဆေးစွမ်းအင်များကို စတင်သန့်စင်တော့သည်။

အချိန်များမှာ တရွေ့ရွေ့ ကုန်လွန်သွား၏။ ယဲ့ပေ့ရွှမ်သည် အသီး၏ စွမ်းအားများကို စုပ်ယူလိုက်သည်နှင့် သူ၏ ကိုယ်တွင်း၌ မူလစွမ်းအင် အမျှင်တန်းလေးတစ်ခု စတင်ဖြစ်ပေါ်လာလေသည်။

သူ ကျင့်ကြံနေစဉ်အတွင်းမှာပင် ချောင်ရို့ချန်နှင့် စုန့်ကျောက်ယီတို့မှာ လုံရန်၏ သိုလှောင်လက်စွပ်အတွင်းရှိ အရာများကို စစ်ဆေးနေကြသည်။

မကြာမီမှာပင် ချောင်ရို့ချန်၏ အာရုံမှာ ကျောက်စိမ်းပြားတစ်ခုထံသို့ ရောက်ရှိသွား၏။ သူသည် နတ်ဘုရားအာရုံကို ၎င်းအတွင်းသို့ ထည့်သွင်းလိုက်သည်။

၎င်းမှာ လက်ဖြင့် ရေးဆွဲထားသော မြေပုံတစ်ခု ဖြစ်၏။ မြေပုံပေါ်တွင် အနီရောင်ဖြင့် အမှတ်အသားပြုထားပြီး မိုးကြိုးစုတောင်ကြား ဟု စာတန်းထိုးထားလေသည်။

ကျောက်စိမ်းပြားထဲတွင် ထိုနေရာ၏ အကြောင်းအရာ အတိုချုပ်ကိုလည်း ဖော်ပြထားသည်။

မိုးကြိုးစုတောင်ကြားသည် မိုးကြိုးမုန်တိုင်းများ အမြဲတစေ ကျရောက်လေ့ရှိသော နေရာတစ်ခု ဖြစ်၏။

နှစ်စဉ် နဝမမြောက် လဆန်း ၉ ရက်နေ့တိုင်းတွင် ကြီးမားသော မိုးကြိုးမုန်တိုင်းကြီးတစ်ခု ကျရောက်လေ့ရှိပြီး ကောင်းကင်မိုးကြိုးများ ငြိမ်သက်သွားပြီးနောက် ဒဏ္ဍာရီလာ မိုးကြိုးဝိညာဉ်သစ်သီး များ ပေါ်ထွက်လာတတ်သည်ဟု ဆိုကြသည်။

ချောင်ရို့ချန်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

“အဲဒီ လုံရန်က ငါ့အတွက် အံ့အားသင့်စရာလေးတစ်ခု ချန်ထားခဲ့လိမ့်မယ်လို့ မထင်ထားဘူး”

ထိုစကားကို ကြားသောအခါ စုန့်ကျောက်ယီက စူးစမ်းလိုစိတ်ဖြင့် ခေါင်းလေးစောင်းကာ မေးသည်။“အစ်ကိုကြီးချန်၊ အဲဒီကောင်ရဲ့ လက်စွပ်ထဲမှာ ဘာတွေ့လို့လဲဟင်”

ချောင်ရို့ချန်က မဖုံးကွယ်ဘဲဖြေလိုက်သည်။

“မြေပုံတစ်ခုလေ။ မိုးကြိုးစုတောင်ကြားကို သွားတဲ့ လမ်းကြောင်းပဲ

စုန့်ကျောက်ယီက ပြောသည်။ “အဲဒီနေရာအကြောင်း ကျွန်မ ကြားဖူးတယ်။ အဲဒါက လျှို့ဝှက်နယ်မြေတစ်ခုလို့ ပြောကြတာပဲ။ အဲဒီထဲကို ဝင်ဖို့ဆိုတာ မြေပုံတစ်ခုတည်းနဲ့တော့ မရလောက်ဘူး ထင်တယ်”

ချောင်ယို့ချန်းက ရယ်မောရင်း ဆိုလိုက်၏။

“ဒါဆိုရင် ဆက်ရှာကြည့်ရမှာပေါ့”

သူသည် လက်စွပ်ထဲကို ထပ်မံမွှေနှောက် ရှာဖွေလိုက်ရာ မကြာမီမှာပင် ‘မိုးကြိုး’ ဟူသော စာလုံးထွင်းထုထားသည့် တိုကင်ပြားတစ်ခုကို တွေ့လိုက်ရလေသည်။

“တွေ့ပြီ။”

စုန့်ကျောက်ယီ၏ မျက်လုံးများမှာ တောက်ပသွား၏။

“အစ်ကိုကြီးချန်က တကယ်တော်တာပဲ။ ကျွန်မတို့ မိုးကြိုးစုတောင်ကြားကို ဘယ်တော့သွားကြမှာလဲ။”

ချောင်ရို့ချန်ကမမေးပဲမနေနိုင်တော့ပေ။

“မင်းက ယွမ်လင်ဂိုဏ်းကနေ ထွက်သွားဖို့ အဲဒီလောက်တောင် စိတ်လောနေတာလား”

စုန့်ကျောက်ယီက ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ခေါင်းညိတ်ပြသည်။

“ဂိုဏ်းထဲမှာ စိတ်ဝင်စားစရာ ဘာမှမရှိဘူး။ နေ့တိုင်း အကြီးအကဲတွေနဲ့ အဖေ့ရဲ့ စောင့်ကြည့်မှုအောက်မှာ ကျင့်ကြံနေရတာပဲ။ အပြင်သွားရတာက ပိုပျော်ဖို့ကောင်းတယ်။ အထူးသဖြင့် အစ်ကိုကြီးနဲ့အတူ သွားရတာပေါ့။”

“ဒါဆိုရင်လည်း ကောင်းပါပြီ။ နောက် (၇) ရက်နေရင် ငါတို့ ထွက်ကြတာပေါ့။”

ချောင်ရို့ချန် စကားပြောပြီးသည်နှင့် မလှမ်းမကမ်းမှ ခြေသံများ နီးကပ်လာသည်။ စုန့်ကျောက်ယီက လှမ်းကြည့်လိုက်ရာ သူမ၏ အစေခံမလေး ရှောင်ဟွမ် သူတို့ဆီသို့ အပြေးအလွှား လာနေသည်ကို တွေ့လိုက်ရ၏။

“ဘာကိစ္စလဲ။ ဘာလို့ ဒီလောက် လောနေရတာလဲ”

ရှောင်ဟွမ်က ရိုသေသေဖြင့် ဦးညွှတ်ကာ ပြောသည်။ “သခင်မလေး... သခင်ကြီးက ဒီည သခင်လေးနှစ်ယောက်ကို ဧည့်ခံဖို့အတွက် စားသောက်ပွဲတစ်ခု ကျင်းပချင်တယ်လို့ ပြောပါတယ်။ သူတို့ကို ခေါ်လာပေးဖို့ မှာလိုက်ပါတယ်”

စုန့်ကျောက်ယီက ချက်ချင်း ပြန်မဖြေဘဲ ချောင်ရို့ချန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

ချောင်ရို့ချန်က ပြုံးလိုက်သည်။ “မင်းရဲ့သခင်ကို သွားပြောလိုက်ပါ၊ ဒီည ဧည့်ခံပွဲကို ငါ သေချာပေါက် တက်ရောက်ခဲ့ပါ့မယ်လို့”

“ဟုတ်ကဲ့ပါ သခင်လေး။”

ရှောင်ဟွမ်က ခေါင်းညိတ်ပြပြီး အလျင်အမြန် ထွက်ခွာသွားတော့သည်။

သူမ၏ စိတ်ထဲတွင်မူ တွေးနေမိသည်။

“ဒီသခင်လေးချောင်က ကောလာဟလတွေထဲကလို မောက်မာတဲ့ပုံစံမျိုး လုံးဝမပေါက်ပါလား”

ထိုညတွင် ချောင်ရို့ချန်သည် စုန့်ကျောက်ယီနှင့်အတူ စုန့်မိသားစု၏ ဧည့်ခံပွဲသို့ တက်ရောက်ခဲ့သည်။

တက်ရောက်လာသူများမှာ စုန့်မျိုးနွယ်စုမှ အကြီးအကဲများသာ ဖြစ်ကြသည်။ အစပိုင်းတွင် စုတိ့ကျောက်ယီမှာ အနည်းငယ် စိုးရိမ်နေခဲ့၏။ သူမ၏ အဖေ သို့မဟုတ် အဘိုးဖြစ်သူက အစ်ကိုကြီးချန်ကို အခက်တွေ့အောင် လုပ်မည်လား၊ သို့မဟုတ် အစ်ကိုကြီးက ဤကဲ့သို့သော ပတ်ဝန်းကျင်မျိုးကို ကိုင်တွယ်နိုင်ပါ့မလားဟူ၍ စိုးရိမ်နေခြင်း ဖြစ်သည်။

သို့သော်လည်း သူမသည် သူ့ကို အထင်သေးခဲ့မိကြောင်း မကြာမီ သိလိုက်ရသည်။ အစ်ကိုကြီးချန်သည် ရေကူးနေသော ငါးတစ်ကောင်ကဲ့သို့ ထိုဧည့်ခံပွဲတွင် အေးဆေးသက်သာစွာပင် လှုပ်ရှားသွားလာနိုင်ပြီး သူမ၏ အဖေနှင့် အဘိုးကိုပါ အထင်ကြီးသွားအောင် လုပ်နိုင်ခဲ့၏။

လေထုမှာ နွေးထွေးပြီး သဟဇာတဖြစ်လှသည်။ လူတိုင်းမှာ သူတို့နှစ်ဦး၏ ဆက်ဆံရေးအကြောင်းကို ထည့်သွင်းမပြောမိအောင် ပါးနပ်ကြပြီး ဧည့်ခံပွဲမှာ ညဉ့်နက်မှသာ ပြီးဆုံးသွားခဲ့လေသည်။

…

မျက်စိတစ်မှိတ်အတွင်းမှာပင်(၇)ရက် ကုန်လွန်သွားခဲ့ပြီ။

ဧည့်သည်အဆောင်အတွင်း၌ ယဲ့ပေ့ရွှမ်သည် သူ၏မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။

သူ၏ ကိုယ်တွင်း၌ မှေးမှိန်သော ရွှမ်ဟွမ် မူလစွမ်းအင်များ လည်ပတ်နေသည်ကို သူ ခံစားလိုက်ရပြီး သူ၏ မျက်နှာတွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။

“ဒီရွှမ်ဟွမ်စွမ်းအင်နဲ့ဆိုရင် ငါ ဖရိုဖရဲမူလစွမ်းအင် တွေကို ပိုပြီး မြန်မြန် သန့်စင်နိုင်တော့မယ်။ ဒါက နတ်ဘုရားခန္ဓာကိုယ်ကို နိုးထစေဖို့အတွက် အခြေခံအုတ်မြစ် ဖြစ်လာလိမ့်မယ်။”

သူသည် ဝတ်စုံကို သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီးနောက် အပြင်သို့ ထွက်လာခဲ့သည်။ သူ ထွက်လာသည်နှင့် သူ၏ ဒုတိယအစ်ကိုကြီးနှင့် စီနီယာအစ်မစုန့်တို့မှာ ဝင်းအတွင်း၌ စကားပြောနေကြသည်ကို တွေ့လိုက်ရ၏။

ချောင်ရို့ချန်သည် ခြေသံကြားသဖြင့် အလိုအလျောက် လှည့်ကြည့်လိုက်ပြီး စိတ်အားထက်သန်စွာ ထွက်လာသော ယဲ့ပေ့ရွှမ်ကို မြင်သောအခါ ပြုံးပြလိုက်၏။

“ညီလေးယဲ့... မင်း အတော်လေး အကျိုးအမြတ် ရခဲ့ပုံပဲ။”

“နည်းနည်းပါပဲ။ အစ်ကိုကြီးနဲ့ ယှဉ်ရင်တော့ ဘာမှမဟုတ်ပါဘူး”

ယဲ့ပေ့ရွှမ်က နှိမ့်ချစွာ ပြန်ပြောသည်။

ချောင်ရို့ချန်က ပြောလိုက်သည်။ “မင်းလည်း ကျင့်ကြံလို့ ပြီးပြီဆိုတော့... ငါတို့ ယွမ်လင်ဂိုဏ်းကို နှုတ်ဆက်ရမယ့်အချိန် ရောက်ပြီပေါ့”

ယဲ့ပေ့ရွှမ်က ခေါင်းညိတ်ပြသည်။

“ကောင်းပါပြီ။ အစ်ကိုကြီးနဲ့ စီနီယာအစ်မစုန့်တို့ ဘယ်ကို ဦးတည်မလို့လဲဆိုတာ မေးလို့ရမလား”

“ငါတို့က အနောက်ဘက်ကို သွားဖို့ စီစဉ်ထားတယ်။ မင်းကော”

ယဲ့ပေ့ရွှမ်က ခဏတာ စဉ်းစားလိုက်ပြီး “ကျွန်တော်ကတော့ အရှေ့မြောက်ဘက်ကို သွားဖို့ စီစဉ်ထားပါတယ်”

“ဒါဆိုရင်တော့ ငါတို့ လမ်းကြောင်းတူမှာ မဟုတ်တော့ဘူး။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ ညီလေး”

ချောင်ရို့ချန်က ပြုံးလျက် သူ၏ ပခုံးကို ပုတ်ကာ ပြောလိုက်လေသည်။

“အစ်ကိုကြီးတို့လည်း ဂရုစိုက်ကြပါ”

ယဲ့ပေ့ရွှမ်က ပြန်လည်နှုတ်ဆက်လိုက်၏။

လူမှုရေးအရ စကားအချို့ ထပ်မံပြောဆိုပြီးနောက် သူတို့သည် ယွမ်လင်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် အကြီးအကဲများကို သွားရောက်နှုတ်ဆက်ကြသည်။

ယဲ့ပေ့ရွှမ်သည် ယွမ်လင်ဂိုဏ်းမှ ထွက်ခွာလာပြီးနောက် သာမန်ဝတ်စုံသို့ လဲလှယ်ဝတ်ဆင်ကာ အရှေ့မြောက်ဘက်သို့ စတင်ထွက်ခွာလာခဲ့တော့၏။

“ကိုးရွက်ခရမ်းကြာပန်း... ငါ လာနေပြီ…”

All Chapters