← Chapters

အခန်း (၁၂၁၆-၁၂၁၈)

Vol. 82 Ch. 1216-1218

အခန်း (၁၂၁၆-၁၂၁၈)

Vol. 82 Ch. 1216-1218

အခန်း (၁၂၁၆) ခေါင်းဆောင်ကြီး

၅ယောက်သားက သူတို့သက်ဆိုင်ရာ စက်ကွင်းများကို ထုတ်ဖော်လိုက်ကြသည်။ ထိုစက်ကွင်းများက ပေါင်းစည်းသွားသည့်အခါ သူတို့က လက်ဝါးချက်ကို တောင့်ခံလိုက်ကြ၏။

ယွီကျန့်ဟိုင်၏ လက်ဝါးချက်က ထိုခရမ်းရောင်စက်ကွင်းနှင့် ထိသွားသည့်အခါ သူတို့၏ စွမ်းအားက သိသိသာသာ လျေ့ာကျသွားသည်။ ထို့နောက် ကျန်ရှိနေသည့် စွမ်းအားက သူ့ကာကွယ်ရေးစွမ်းအားဖြင့် ရှင်းထုတ်ခံလိုက်ရသည်။

ယွီကျန့်ဟိုင်က သူတို့ရှေ့မှ ချက်ချင်း ပေါ်ထွက်လာကာ လက်ဝါးချက်ဖြင့် ရိုက်ချလိုက်သည်။

“ဝုန်း”

ညီအစ်ကို၅ယောက်က တစ်ပြိုင်နက်တည်း လွင့်စဉ်သွားကြသည်။

သူတို့၏ သွေးနှင့် ချီတို့က ရုတ်ရုတ်သဲသဲဖြစ်နေပြီး သူတို့၏ လက်မောင်းက ထုံကျဉ်လာသည်။ ယွီကျန့်ဟိုင်က ပြောလိုက်သည်။

“အားနည်းလွန်းတယ်”

ညီအစ်ကို၅‌ယောက်က ကြောင်အမ်းသွားကြသည်။

မိစ္ဆာဝေဟင်မျှော်နန်းရဲ့ ပထမတပည့်က ဘာကြောင့် ဒီလောက် အားကောင်းနေရတာလဲ ...

“ဒီတစ်ခေါက် ကျွန်တော့်အလှည့်”

လူအုပ်ကြားမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာကာ ညီအစ်ကို၅ယောက်ဆီ ဓားတစ်ချောင်းဖြင့် ရောက်ရှိလာသည်။

ဝှစ် ဝှစ် ဝှစ်

စွမ်းအင်ဓားများက လေထဲမှ ထွက်ပေါ်လာသည်။

ညီအစ်ကို၅ယောက်က ကြောက်ကြောက်လန့်လန့်ဖြင့် နောက်ဆုတ်လိုက်ကြသည်။

စွင်းမူက ဦးဆောင်လျက် လက်၂ဖက်ကို ပူးကပ်လိုက်သည်။ အစိမ်းရောယှက်နေသည့် ခရမ်းရောင်စက်ကွင်းက သူ့ခြေထောက်အောက်တွင် ပေါ်ထွက်လာပြီး ခရမ်းရောင်မီးခိုးများ ထုတ်လွှတ်လာသည်။ ယွီရှန်းရုန်က ထိုအလင်းအတွင်း တုံ့ဆိုင်းခြင်းမရှိ ဝင်ရောက်လိုက်၏။

“အစီအရင် ခင်းကြ”

ကျန်းကျင့်က အော်ပြောလိုက်သည်။

ညီအစ်ကို၅ယောက်က စုန်းအတတ်အစီအရင်ကို အလျင်အမြန် ခင်းကျင်းလိုက်၏။

ယွီရှန်းရုန်၏ စွမ်းအင်ဓားက ထိုညီအစ်ကို ၅ယောက်ကို ‌ကျော်လွန်လျက် ထွက်ပေါ်လာသည်။ ထိုစွမ်းအင်ဓားနောက်ကွယ်တွင် ရွှေရောင်ရောင်ဝါပါ လိုက်ပါလာသည်။ သူ ဓားကိုဓားအိမ်မှ ချွတ်ပြီးသည်မှာ အသက်တစ်ရှိုက်စာမျှသာ ရှိသေး၏။

“...”

ညီအစ်ကို ၅ယောက်က ကြောင်အမ်းသွားကြ၏။

“ဝုန်း”

စုန်းအတတ်စက်ဝန်းက ကြေမွသွားကာ ထက်ရှသည့် ရွှေရောင်ဓားက ယွီရှန်းရုန်ဆီ ပြန်လည်ရောက်ရှိလာသည်။ ထို့နောက် တခြား ရွှေရောင်ဓားများကလည်း သူ့ဆီ ပြန်လည်ရောက်ရှိလာ၏။

ညီအစ်ကို၅ယောက်၏ ဝတ်ရုံများက ဓားဖြင့် ဖြတ်တောက်ခံထားရ၏။

“...”

သူတို့၏ အမြင်တွင် ယွီရှန်းရုန်က ဓားရူးဖြစ်သည့် နတ်ဝိညာဥ်ဝဋ်ကြွေးချေအဆင့် ကျင့်ကြံသူမျှသာ ဖြစ်၏။ သူက အရည်အချင်း ရှိသော်လည်း ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဥ်သဏ္ဌာန်က မည်မျှပင် အားကောင်းစေကာမူ ဘုံတစ်ထောင်လေပွေအဆင့် ကျင့်ကြံသူတစ်ယောက်အား အနိုင်ပိုင်းနိုင်လိမ့်မည်ဟု ထင်မထားကြပေ။ သူတို့က ယွီရှန်းရုန်၏ စွမ်းအားပြသမှုမှ ပါးဖြတ်ရိုက်ခံရသလို ခံစားနေရ၏။ သူက သူတို့ကို အလွယ်တကူ အနိုင်ယူနိုင်ရုံတင်မကဘဲ သူတို့၏ မာနကိုပင် နင်းခြေပစ်ခဲ့သည်။

သူတို့၏ စုန်းအတက်က ယွီရှန်းရုန်နှင့် ယှဥ်သည့်အခါ အသုံးမဝင်ကြောင်း … နောက်ဆုံးတွင် သူတို့အနေနှင့် ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်တို့သည် ကျူးယန်ကို တိုက်ခိုက်နေစဥ်အခါက ပုံရိပ်ယောင် မဟုတ်ကြောင်း သဘောပေါက်သွားခဲ့သည်။

“ဝုန်း ဝုန်း ဝုန်း”

မင်ရှစ်ရင်က ချုံးချီကို အသာပုတ်လိုက်၏။ ထို့နောက် သူက ပျင်းရိစွာ ပြောလိုက်သည်။

“ပျင်းစရာကြီး။ သူတို့ကို အစီအရင်ခင်းကျင်းဖို့ အချိန်ပေးတယ်ဆိုရင်တောင် ငါ့အတွက်တောင် အလုပ်ဖြစ်မှာမဟုတ်ဘူး။ ငါက အားနည်းတဲ့သူတွေကို အနိုင်ကျင့်ရတာ သဘောမကျဘူး”

ထိုစကားများက မင်ရှစ်ရင်၏ စိတ်ထဲမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ တခြားသူများက သူ့ကို ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ သူက မသိသလို ဂရုလည်း မစိုက်ပေ။

“ဝုန်း ဝုန်း ဝုန်း”

ချုံးချီက အမြီးကို ဝှေ့ယမ်းလိုက်သည်။

“...”

ညီအစ်ကို ၅ယောက်က မင်ရှစ်ရင်အား စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြ၏။ သူက အမှန်တကယ်ထူးကဲသည့် ပြိုင်ဘက်တစ်ယောက် ဖြစ်ပေသည်။ မဟုတ်ပါက သူတို့နှင့် ရင်ဆိုင်ရစဥ်အခါက စိတ်တိုင်းကျ မည်သို့ထွက်သွားနိုင်မည်နည်း။

ထိုစဥ် ယန်ကျန်းလော့နှင့် လုလီတို့ကလည်း လျှောက်လှမ်းလာသည်။ သူတို့က ညီအစ်ကို၅ယောက်ထံ လက်နှစ်ဖက်ယှက်ကာ ပြောလိုက်သည်။

“ကျုပ်တို့ကိုလည်း အကြံပေးပါအုံး”

၂ဦးသားက တုံ့ဆိုင်းမနေဘဲ သူတို့ကြယ်တာရာဒိုင်ခွက်များကို ထုတ်ပြလိုက်ကြသည်။ ယန်ကျန်းလော့၏ ကြယ်တာရာဒိုင်ခွက်က မွေးဖွားဇယားချပ် ၆ခုဖြင့် တောက်ပနေ၏။

လုလီက အပြည့်အဝ ပြန်လည်မကောင်းမွန်သေးသော်လည်း သူ့မွေးဖွားဇယားချပ် ၅ခုက ဝံ့ဝံ့စွားစွား တောက်ပနေဆဲသာ ဖြစ်၏။

ဒါက...

ညီအစ်ကို၅ယောက်က အံ့အားသင့်သွားကြ၏။

ထိုစဥ် ခုံဝမ်နှင့် သူ့ညီအစ်ကိုများက မျက်နှာပူသွားကြသည်။ ဤသည်က ပို၍ပင် နေရခက်လာ၏။ ကြည့်ရသည်မှာ လုကျိုးက သူတို့အား နောက်ယောင်ခံဖို့သာ လိုအပ်ကြောင်း ပြောစဥ်အခါက လွန်ခဲ့ရာမကျပေ။

စွင်းမူနှင့် သူ့ညီအစ်ကိုများက မျက်နှာဖြတ်ရိုက်ခံလိုက်ရသလို ခံစားနေကြရသည်။ ယခင်က လုကျိုးမှလွဲ၍ သူတို့က အားအကောင်းဆုံးဟု ထင်ခဲ့ကြသည်။ သို့သော်လည်း ဤသို့ဖြစ်ဟန်မပေါ်ပေ။ မိစ္ဆာဝေဟင်မျှော်နန်းက မည်သို့ အကျိုးအကြောင်းမသင့် ဤမျှအားကောင်းနေရသနည်း။

စွင်းမူ တွေးနေသည့်အရာကို မည်သူကများ သိမည်နည်း။ သူက နောက်ဆုံးသော မာနကို ထိန်းသိမ်းဖို့ ကြံစည်နေသော်လည်း နတ်ခြင်္သေ့ကျောပေါ်မှ မိန်းကလေး၂ယောက်ကို ကြည့်လိုက်မိသည်။

ထိုအရာကို မြင်သော် ရှောင်ယွမ်အာက သူ့နိဗာနခါးစည်းကို ထုတ်ကာ ခါးထောက်ရင်း ပြောလိုက်သည်။

“ရှစ်ရှိုး သူက ညီမကို ကြည့်နေတယ်။ သူ့ကို ရိုက်ပစ်ချင်တယ်”

မင်ရှစ်ရင်က ခေါင်းရမ်းကာ ပြောလိုက်သည်။

“ရှစ်မေ့ စိတ်မဆိုးပါနဲ့။ အကြည့်တစ်ချက်လောက်က ဘာမှမဖြစ်ပါဘူး”

“ကြည့်ရတာ သူက လက်သင့်ခံသေးတဲ့ပုံ မပေါ်ဘူး”

“မဟုတ်ပါဘူး။ မဟုတ်ပါဘူး။ ကျုပ်လက်ခံပါတယ်”

စွင်းမူက အလျင်အမြန် ပြောလိုက်သည်။

“ကျုပ်တို့ လက်ခံပါတယ်”

“ကျုပ်တို့ လက်ခံပါတယ်”

”ကျုပ်တို့ လက်ခံပါတယ်”

”ကျုပ်တို့ လက်ခံပါတယ်”

သူတို့အနေနှင့် မိစ္ဆာဝေဟင်မျှော်နန်း၏ ရှစ်ရှိုးတို့ကပင် မျက်နှာသာပေးရသည့် သူမက ထိုနေရာမှ ဘိုးဘေးလေး ဖြစ်မှန်း သိသာလှသည်။ သူမကို ရန်စပြီး သေခြင်းတရားကို မရှာဖွေလိုပေ။ ညီအစ်ကို၅ယောက်က ဒူးထောက်လိုက်ကြသည်။

“မျှော်နန်းသခင် ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ။ ကျုပ်တို့က မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စည်းမျဥ်းတွေကို သေသည်အထိ လိုက်နာဖို့ ကျိန်ဆိုပါ့မယ်”

လုကျိုးက ခေါင်းယမ်းလိုက်သည်။

“မိစ္ဆာဝေဟင်က ဘယ်လိုနေရာလို့ထင်လဲ။ မင်းတို့ လာချင်တိုင်းလာ သွားချင်တိုင်း သွားလို့ရမယ်ထင်နေလား”

လုကျိုး၏စကားများက ထိုညီအစ်ကို၅ယောက်အတွက် သတိပေးရုံမျှသာမကဘဲ မိစ္ဆာဝေဟင်မျှော်နန်းသည် လွယ်လွယ်ကူကူ မှတ်ယူလို့ ရသည့်နေရာ မဟုတ်ကြောင်း သိစေလိုသည်။

လုကျိုးက နတ်ခြင်္သေ့ကျောပေါ် ပြန်လည်ရောက်ရှိသွားကာ ပြောလိုက်သည်။

“မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စည်းမျဥ်းအရ မျှော်နန်းကို သစ္စာဖောက်တဲ့လူတွေက ပြစ်မှုသေးငယ်ရင် ကျင့်ကြံဆင့် ဖျက်ဆီးခံရမယ်။ ပြစ်မှု ကြီးရင်တော့ သေဒဏ်ပဲ”

ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်နှင့် မင်ရှစ်ရင်တို့က မနေနိုင်ဘဲ လုကျိုးကို လှည့်ကြည့်လိုက်ကြသည်။

“ဘယ်အချိန်က ဘယ်လိုစည်းမျဥ်းမျိုး ရှိသွားတာလဲ...”

စွင်းမူနှင့် သူ့ညီအစ်ကိုများက အကြောက်တရားဖြင့် မျက်လုံးအပြူးသား ဖြစ်နေကြ၏။

လုကျိုးက ခေါ်လိုက်သည်။

“ယွီကျန့်ဟိုင်”

“ရှစ်စွင်းအမိန့်ရှိပါ”

“သူတို့ရဲ့ကျင့်ကြံဆင့်ကို ဖျက်ဆီးလိုက်”

လုကျိုးကပြောလိုက်သည်။ တကယ်တော့သူက သူတို့ရဲ့ ကျင့်ကြံဆင့်ကို မဖျက်ဆီးလိုပဲ သူတို့ကို သတိပေးလိုရုံမျှသာ ဖြစ်၏။

“ဟုတ်ကဲ့”

စွင်းမူက အလျင်အမြန် ဒူးထောက်လိုက်၏။

“ကျုပ်တို့ကို ခွင့်လွှတ်ပေးပါ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ကျုပ်တို့မှားမှန်းသိပါတယ်။ ကျေးဇူးပြုပြီး သက်ညှာပေးပါ”

ရှောင်ယွမ်အာက ပြောလိုက်သည်။

“အဲဒါက တကယ်လို့ ကျွန်မတို့သာ သက်ညှာပေးနေမယ်ဆိုရင် မိစ္ဆာဝေဟင်မျှော်နန်းကို လူတွေက စိတ်တိုင်းကျ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်လို့ရတဲ့နေရာလို့ လူတွေက ထင်နေမှာပေါ့။ အဲဒါက မဆိုးရွားဘူးလား။ ကျွန်မရဲ့ ရှစ်စွင်းအတွက် ပြဿနာမဖြစ်ဘူးလား...”

စွင်းမူက ဆက်လက် တောင့်ခံလိုက်သည်။

“ကျုပ်ရဲ့အပြစ်ကြွေးအတွက် တန်ကြေးတစ်ခုပေးဖို့ လိုလားပါတယ်။ ကျေးဇူးပြုပြီး အခွင့်အရေးတစ်ခု ပေးပါ”

“မင်းရဲ့အပြစ်ကြွေးအတွက် ပေးမှာလား”

လုကျိုးက မေးလိုက်သည်။

ကျုပ်တို့၅ယောက်က ဒီနဲ့ မိုင်၃၀၀အကွာက မြောက်ပိုင်းချိုင့်ဝှမ်းက ရောက်လာတာပါ။ အဲ့ဒီ့မှာ လျှို့ဝှက်ဆန်းကြယ် ကျောက်တုံးငယ်တွေ ရှိပါတယ်” စွင်းမူက ပြောလိုက်သည်။

“လျှို့ဝှက်ဆန်းကြယ် ကျောက်တုံးငယ်တွေလား” မင်ရှစ်ရင်က အလျင်အမြန် တုန့်ပြန်ကာ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်သည်။ သူက တခြားသူများ သူတို့စကားဝိုင်းကို နားမထောင်နိုင်စေရန် အကာအရံကို ထုတ်ဖော်လိုက်၏။

“ဟုတ်ပါတယ်။ ကျုပ်တို့တွေ ဖြတ်သွားတုန်းက တွေ့ခဲ့တာပါ”

စွင်းမူက ပြောလိုက်သည်။

“အဲဒါဆိုရင် မင်းတို့တွေက ဘာဖြစ်လို့ မတူးရတာလဲ”

မင်ရှစ်ရင်က ပြောလိုက်သည်။

“အဲဒီအချိန်တုန်းက ကျုပ်တို့ တခြားကျင့်ကြံသူတွေလည်း ရှိနေလို့ပါ။ သူတို့က ယန်နန်ကောင်းချီးနယ်မြေကပါ”

“အဲဒါဆိုတော့ ဘယ်သူမှမရှိတဲ့အချိန်မှာ သွားတူးဖို့ စီစဥ်နေတာပေါ့။ နှမျောစရာပဲ။ မင်းတို့က ဥာဏ်မကောင်းဘူးဘဲ။ မိစ္ဆာဝေဟင်မျှော်နန်းကို လူတွေအများကြီး ဘာလို့ဝင်ချင်နေတာလဲဆိုတာ သိလား။ ငါ့ရှစ်စွင်းရဲ့ စွမ်းအားနဲ့ ငါတို့ရဲ့ စွမ်းအားအပြင် မျှော်နန်းမှာက လက်နက်၊ အရင်းအမြစ်၊ အရည်အသွေးမြင့် ကျင့်စဥ်၊ ရတနာတွေက ပေါများလို့ပဲ”

ညီအစ်ကို၅ယောက်က သူတို့၏ အပြုအမူကို အမှန်တကယ် နောင်တရနေကြသည်။ လုကျိုးက ပြောလိုက်သည်။

“အခုကစပြီး မင်းတို့က မိစ္ဆာဝေဟင်မျှော်နန်းနဲ့ ဘာမှမဆိုင်တော့ဘူး။ မင်းတို့တွေ သေသေရှင်ရှင် ငါတို့နဲ့ ဘာမှမဆိုင်တော့ဘူး။ သွားတော့”

စွင်းမူက သက်ပြင်းချကာ သူ့ညီအစ်ကို ၄ယောက်နှင့် ထွက်သွားဖို့ ပြင်လိုက်သည်။

ရှောင်ယွမ်အာ စိုးရိမ်စွာ မေးလိုက်သည်။

“ရှစ်စွင်း သူတို့က လိမ်နေမှာကို မစိုးဘူးလား”

“ငါတို့သွားတာနဲ့ သူတို့တွေ လိမ်နေလားဆိုတာ သိရမှာပဲ”

လုကျိုးက ပြောလိုက်သည်။

“သူတို့တွေလိမ်နေတယ်ဆိုရင် အဲ့ဒီ့သစ္စာဖောက်တွေကို ဘယ်လိုရှာမှာလဲ”

ရှောင်ယွမ်အာက မေးလိုက်သည်။

“အဲ့ဒီ့အခါကျရင် ငါတို့တွေ တစ်ခုခုလုပ်ပြီးပြီလို့ မထင်ဘူးလား”

လုကျိုးက မေးလိုက်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့ကျင့်ကြံဆင့်ကို ဖျက်ဆီးပစ်သင့်တယ်။ မိစ္ဆာဝေဟင်မျှော်နန်းရဲ့ စည်းမျဥ်းကို ထိန်းသိမ်းထားပြီးတော့ လျှို့ဝှက်ဆန်းကြယ် ကျောက်တုံးတွေကိုလည်း ရယူရမယ်။ ဟုတ်တာပေါ့။ တပည့်ကတော့ တပည့်နည်းလမ်းကို အတော်‌လေးကောင်းတယ်လို့ထင်တာပဲ”

ရှောင်ယွမ်အာက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

လုကျိုးက မုတ်ဆိတ်သပ်ကာ မင်ရှစ်ရင်ကို ကြည့်လိုက်၏။ ‌‌ရှောင်ယွမ်အာက အကောင်းအဆိုး မည်သို့ချင့်ချိန်ရမည်မှန်း သိသည်မှန်သော်လည်း သူမ၏ အတွေးက အနည်းငယ် လိုအပ်နေသည်။

မင်ရှစ်ရင်က သူ့ရှစ်စွင်း၏ အကြည့်ကို နားလည်ဟန်ဖြင့် ရှောင်ယွမ်အာကို ဖျောင်းဖျဖို့ ကြိုးစားလိုက်၏။

“ကျိုးရှစ်မေ့ ပြောတာမှန်တယ်”

စွင်းမူနှင့် အခြားသူများက လေထဲပျံသန်းရင်း ပြုတ်ကျလုမတက် ဖြစ်သွားကြသည်။

လုကျိုးက ပြောလိုက်သည်။

“ကောင်းပြီ။ ပေါက်ကရတွေလုပ်မနေနဲ့။ သွားကြစို့”

“ဟုတ်ပြီ”

ဤတစ်ကြိမ် ခုံဝမ်က ရှေ့တိုးလာကာ နေရခက်စွာ မေးလိုက်သည်။

“လောင်ချန်းပေ့ ကျုပ်တို့က ခင်ဗျားနောက်လိုက် လုပ်ရအုံးမလား” သူ့ရှေ့တွင် ရှိနေသည့်သူကြီးက တကယ့်ကို ခေါင်းဆောင်ကြီး ဖြစ်၏။ သူက ဘာမှ မရရှိစေကာမူ ထိုသို့သော ပုဂ္ဂိုလ်နောက်က လိုက်ခြင်းဖြင့် အတွေ့အကြုံများ ရလာနိုင်သည်။

သူ့ဘဝထဲတွင် အကြီးမားဆုံးသော ကောင်းချီး ဖြစ်လာလိမ့်မည်။

...

အခန်း (၁၂၁၇) ဆန်းကြယ်ကျောက်တုံးများ

လုကျိုးက ခုံဝမ်ကိုလှည့်ကြည့်လိုက်၏။ သူက မုတ်ဆိတ်သပ်ကာ ပြောလိုက်တော့သည်။

“ဆန်းကြယ်ကျောက်တုံးငယ်တွေ ရှာတွေ့ပြီးရင် မင်းကို မေ့မထားပါဘူး”

ခုံဝမ်သည် ထိုစကားများကိုကြားသောအခါ အပျော်လွန်သွားလေ၏။ သူက အမြန်ဦးညွှတ်ကာ ယုံကြည်ချက်ရှိရှိ ပြောလိုက်လေ၏။

“ဆရာကြီး ကျေးဇူးပြုပြီး စိတ်ချထားလိုက်ပါ။ ဆရာကြီးကိုခစားဖို့အကောင်းဆုံးလုပ်မှာပါ”

လုကျိုးက ပြန်မပြောဘဲ နတ်ခြင်္သေ့၏ကျောပေါ်တက်ကာ အနောက်မြောက်အရပ်ဆီသို့ သွားလိုက်၏။ ပြီးနောက် လူတိုင်းက လျင်မြန်စွာလိုက်သွားတော့သည်။

ကျင့်ကြံသူများသည် တုန်လှုပ်ခြောက်ခြားနေသောအမူအရာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်သည်။ ဒဏ်ရာရထားသည့်သူများက အိမ်သို့စောစောပြန်သွားကြပြီး ရဲတင်းသည့် ကျင့်ကြံသူတချို့သာ အနောက်မြောက်အရပ်ဆီ ပျံသန်းသွား၏။ လောဘအလွန်မကြီးသည့်သူများက ကျူးယန်၏ အလောင်းရှိရာသို့ ကမန်းကတန်းသွားကာ ဆေးလုံးများအတွက် လဲလှယ်နိုင်သည့် ကျူးယန်၏ အမွေးကဲ့သို့ ရတနာမျိုးကို ရယူရန် မျှော်လင့်နေ၏။ ထို့အပြင် ကျူးယန်၏ပုံပန်းသွင်ပြင်အရ ပတ်ဝန်းကျင်၌ ရတနာများရှိလောက်သည်။

လုကျိုးနှင့် ကျန်သည့်သူများ ခရီးနှင်နေစဉ် ပတ်ဝန်းကျင်အနေအထားက ပိုမိုကြမ်းတမ်းလာပြီး ကြမ်းတမ်းခက်ထန်သားရဲများက သန်မာပြီးရင်းသန်မာလာ၏။ အဆုံးကျ လုကျိုးသည် နတ်ခြင်္သ့၊ ရှောင်ယွမ်အာနှင့် ခရုလေးကိုကာကွယ်ရန် စွမ်းအင်စည်းတံဆိပ်များ သုံးရတော့၏။ ကျန်သည့်သူများကမူ သူတို့ဖာသာ ခုခံကာကွယ်နိုင်၏။

သူတို့ကို တိုက်ခတ်လာသည့်လေပြင်းတို့သည် ဓားသွားများပမာ သူတို့၏ ကာကွယ်ရေးစွမ်းအင်များကို တိုက်ခိုက်နေ၏။ ရံဖန်ရံခါ၌ သားရဲပျံလေးတချို့ကလည်း သူတို့ထုတ်ထားသည့် အရံအတားနှင့် ဝင်တိုက်မိ၏။

ခဏအကြာ၌ ခရုလေးက ဇဝေဇဝါဖြင့် မေးလိုက်တော့သည်။

“ရှစ်စွင်း ... တပည့်တို့တွေ ညီနောင်ငါးဖော်ကိုဖမ်းပြီး သူတို့ကို ဘာကြောင့်လမ်းမပြခိုင်းတာလဲ”

ခုံဝမ်က ပြုံးပြီးပြောလိုက်၏။

“ဆရာကြီးက မှန်ကန်တဲ့ဆုံးဖြတ်ချက် ချခဲ့တာလို့ထင်တယ်။ အဲ့ဒီလူငါးယောက်မှာ သေးသိမ်တဲ့လှုပ်ရှားမှုတွေ ရှိလောက်တယ်။ သူတို့ကို ခေါ်လာတာက ငါတို့ကို နှေးစေမှာ မဟုတ်ပေမဲ့ ဒုက္ခတွေ့လောက်တယ်။ ဒါ့အပြင် ဓားသမား ၄၉ယောက်ပေါ်လာပြီဆိုတော့ ဆရာသခင်ချင်နဲ့ သူ့အဖွဲ့လည်း ဒီကိုရောက်နေလောက်ပြီ။ ဒါ့အပြင် သူတို့လိမ်ရဲတယ်ဆိုရင် ဆရာကြီးရဲ့အမျက်ဒေါသကို သူတို့ခံရုံပဲပေါ့။ အမ်း ... ဒါ ကျွန်တော်ဆိုလိုတာ မဟုတ်ပါဘူး။ ဆရာကြီးက သဘောထားကြီးတယ်။ ဒါကြောင့် ဒီလိုအဆင့်မျိုးကို စိတ်ထဲထည့်မှာမဟုတ်ဘူး”

ဝှစ် ဝှစ် ဝှစ်

ထိုစဉ် ချွန်ထက်သောအစွယ်များဖြင့် သားရဲပျံများက အနက်ရောင်မြူထဲမှ ပေါ်ထွက်လာ၏။

လုကျိုးက စကားမပြောခဲ့သော်ငြား ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်က သားရဲပျံများဆီ ပျံသန်းသွား၏။ သူတို့နှစ်ယောက်က စွမ်းအင်ဓားနှင့် စွမ်းအင်ဓားမော့များကို သုံးကာ သားရဲပျံများကို သတ်ဖြတ်ပြီး ကျန်သည့်သူများအတွက် သွေးလမ်းကြောင်းတစ်ခုကို ခွန်အားသုံးဖွင့်ပေးလိုက်သည်။

တစ်ရက်တစ်ညပျံသန်းပြီးနောက် ကြမ်းတမ်းခက်ထန်သားရဲအရေအတွက်က နောက်ဆုံး၌ လျော့ကျသွားသည်။ ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့သည် သူတို့အတွက် လမ်းဖွင့်ပေးဖို့ မလိုအပ်တော့ပေ။

ထိုစဉ် ခုံဝမ်က တောင်တန်းများဝန်းရံနေသည့် မြူဆိုင်းချောက်နက်တစ်ခုကို လက်ညှိုးထိုးပြပြီး အလယ်၌ ရှေးသစ်ပင်များပေါက်ရောက်နေတာကို ပြကာ ပြောလိုက်၏။ “ကျုပ်တို့ရောက်လာပြီ”

“ဒီနေရာက ကျင့်ကြံသူအများစုအတွက် အလွန်အန္တရာယ်များတယ်။ တောင်ကြားထဲက မြူထဲမှာ အစွမ်းထက်တဲ့ကြမ်းတမ်းခက်ထန်သားရဲတွေ ပုန်းနေနိုင်လောက်တယ်။ တကယ်တော့ အမည်မသိကုန်းမြေမှာ ဒါမျိုးတောင်ကြားတွေ မရေအတွက်နိုင်အောင်ရှိတယ်” ခုံဝမ်က ပြောပြီးနောက် ထပ်ပြောလိုက်သည်။

“ဆရာကြီး ကျုပ်တို့ညီအစ်ကိုလေးယောက်ကို ဒါဖြေရှင်းခွင့်ပေးပါ”

မင်ရှစ်ရင်က သူတို့ကို သိချင်စိတ်ဖြင့်ကြည့်ပြီးပြောလိုက်၏။ “ခင်ဗျား သဘောပဲ”

“စိတ်မပူပါနဲ့” ခုံဝမ်က ယုံကြည်ချက်ရှိရှိဖြင့် ပြောလိုက်တော့သည်။

ညီနောင်လေးဖော်က တောင်ကြားအစွန်းဆီ ပျံသန်းသွားပြီးနောက် ခုံဝမ်သည် သူ၏အိတ်ကပ်ထဲမှ အဆောင်တစ်ရာနီးပါး ဆွဲထုတ်လိုက်သည်။ ပြီးနောက် ဒုတိယညီခုံဝူကမူ မြေပြင်ပေါ်၌ အစီအရင် အခင်းအကျင်းတစ်ခု စတင်ရေးဆွဲတော့သည်။ အစီအရင်က ရိုးရှင်းပုံပေါ်သော်ငြား ရေးဆွဲရန် အတွေ့အကြုံများစွာ လိုအပ်၏။ ခုံဝူရေးဆွဲပြီးနောက် အဆောင်များကို အစီအရင်အတိုင်း ထားလိုက်သည်။

ခုံဝူက အစီအရင်အလယ်၌ လက်ကိုရိုက်ချလိုက်ရာ အစီအရင်က ဘီးခနဲ မြည်ပြီးလင်းလာ၏။ ပြီးနောက် ကနဦးချီများ ဝေ့တက်လာပြီး အဆောင်တစ်ခုပြီးတစ်ခု မီးလောင်လာကာ တောက်ပသည့်အလင်းတစ်ခုကို ဖွဲ့တည်လိုက်သည်။

“ဒီအစီအရင်က အတော်ရိုးရှင်းတယ်။ ဆန်းကြယ်ကျောက်တုံးငယ်တွေကို ရှာဖို့သုံးနေကြပဲ။ ဒါကို ထိန်းချုပ်ဖို့ ခက်ခဲမှုကတော့ ကျောက်တုံးငယ်တွေကို တိတိကျကျ လျင်လျင်မြန်မြန်ရှာနိုင်ဖို့ ခက်ခဲတယ်။ ဆန်းကြယ်ကျောက်တုံးထဲမှာ ပါတဲ့ ထူးခြားတဲ့စွမ်းအင်တွေက အဆောင်တွေ သူတို့အနားကပ်ထားရင် အဆောင်တွေကို နှင်းပွင့်တွေလိုပြုတ်ကျလာစေတာ”

“အဖြူရောင်မြူက ကျုပ်တို့အမြင်အာရုံကို ဟန့်တားထားတယ်” စတုတ္ထညီက ပြောလိုက်၏။ ပြီးနောက် သူသည် တောင်ကြားပေါ်ရှိ မြူဆီပျံသန်းသွား၏။ သူ၏ပတ်ဝန်းကျင်ကို ခဏတဖြုတ်လေ့လာပြီးနောက် သူက ပြောလိုက်လေ၏။ “ပုံမှန်အခြေအနေတွေမှာဆို ဒီနေရာမှာ ဒီလောက်သိပ်သည်းတဲ့မြူတွေမရှိသင့်ဘူး။ စွင်းမူနဲ့တခြားသူတွေက ဒီနေရာကိုဝှက်ထားဖို့ စုန်းအတတ်သုံးထားတယ်လို့ သံသယဖြစ်မိတယ်”

“ဒါပြဿနာမဟုတ်ဘူး”

ဘန်း

ယွီကျန့်ဟိုင်က တောင်ကြားအထက်ဝေဟင်ဆီပျံသန်းသွားပြီးနောက် လက်ကိုလှုပ်ရှားလိုက်၏။

နဂါးသွဲ့ကျောက်ဓားမော့က ယွီကျန့်ဟိုင်ရှေ့၌ ပျံဝဲနေလျက်သူသည် အမှောင်ကောင်းကင် ကြယ်အလင်းကို ရွတ်ဆိုလိုက်သည်။ အလယ်တွင် ဓားမော့ဖြင့် စွမ်းအင်စည်းတံဆိပ်များသည် လေပွေပမာအရပ်မျက်နှာအနှံ့ပျံသန်းသွားပြီး မြူများကို ရှင်းထုတ်နေ၏။

ဘန်း ဘန်း ဘန်း ဘန်း ဘန်း

ပြီးနောက် ယွီကျန့်ဟိုင်သည် မီတာထောင်ချီအတွင်းရှိ သစ်ပင်များကို ဖြတ်တောက်လိုက်သည်။ သစ်ပင်များ မရှိဘဲ လေပြင်းများက ကျန်ရှိသည့်မြူများကို မှုတ်ထုတ်လိုက်၏။ ဤနည်းဖြင့် လူတိုင်းက ချောက်နက်ပေါ် ပိုကောင်းသည့်အမြင်ရှိလာသည်။

ခုံဝမ်က ခေါင်းညိတ်ပြီးပြောလိုက်တော့သည်။ “အကွက်ကောင်းပဲ”

ခြေရာခံအဆောင်များက လျင်မြန်စွာ ပျံဝဲနေတော့သည်။ သူတို့က တောင်ကြား၏ မြောက်ပိုင်းနား ရောက်သည့်အခါ ရုတ်တရက် ရပ်တန့်သွားပြီး တောက်ပနေသောနှင်းပွင့်များပမာ ပြုတ်ကျလာ၏။

“ရှာတွေ့ပြီ”

“ဒီမှာ တကယ်ဆန်းကြယ်ကျောက်တုံးငယ်တစ်ခု ရှိနေတာပဲ” ညီနောင်လေးဖော်က ချက်ချင်း ပျံသန်းသွားလိုက်၏။ လုကျိုးက နတ်ခြင်္သေ့၏ကျောပေါ်တွင် ထိုင်လျက် ခပ်နိမ့်နိမ့်ပျံသန်းကာ ကျန်သည့်သူများသည် နောက်မှ နီးကပ်စွာလိုက်ပါလာ၏။

“ဒီမှာ ဖြစ်လောက်တယ်” ခုံဝမ်ကပြောလိုက်သည်။

“ဆန်းကြယ်ကျောက်တုံးငယ်တွေက ရှားပါးလွန်းလို့ တစ်ခုရှာတွေ့ရင် ကံကောင်းနေပြီလို့ သတ်မှတ်လို့ရတယ်။ ဒီမှာ သတ္တုရိုင်းတွေရှိနေတာ သူတို့ကို စစ်ဆေးကြည့်လိုက်မယ်။ ငါက ဒီလိုအလုပ်မျိုးနဲ့ ပိုသင့်တော်တယ်”

ခုံဝမ်သည် မြေပြင်ပေါ်သို့ စွမ်းအင်စည်းတံဆိပ်များ ချက်ချင်းရိုက်ချလိုက်၏။

ဖုန်း ဖုန်း ဖုန်း ဖုန်း

မြေပြင်ကအနည်းငယ် တုန်ယင်သွားပြီးနောက် အက်ကွဲလာတော့သည်။

ဖုန်း ဖုန်း ဖုန်း

ခုံဝမ်သည် မြေပြင်ပေါ် စွမ်းအင်စည်းတံဆိပ်များ ဆက်တိုက် ပစ်လွှတ်ပြီးနောက် နောက်ဆုံးတွင် မြေပြင်ကို ပြိုကွဲသွားအောင်လုပ်လိုက်သည်။

လူတိုင်းက အက်ကွဲကြောင်းထဲကြည့်လိုက်၏။

အက်ကွဲကြောင်းထဲတွင် မှိတ်တုတ်မှိတ်တုတ်ဆန်းကြယ်ကျောက်တုံးငယ်တစ်ခုက လူတိုင်း မျက်စိရှေ့မှောက် ပေါ်လာ၏။ အက်ကွဲကြောင်းထဲ၌ ဖောက်ထွင်းမြင်ရသည့် အစိမ်းရောင်ဥတစ်လုံး ညပ်နေသလိုပင်။

“တကယ်ဆန်းကြယ်ကျောက်တုံးငယ်ပဲ” ခုံဝမ်က အပျော်လွန်သွား၏။ သူက ၎င်းကို ထုတ်ယူပြီးနောက် ညင်သာစွာ သန့်ရှင်းလိုက်သည်။ ပြီးနောက် သူ၏လက်ထဲ၌ နိုင်ငံ့ရတနာကို ဆုပ်ကိုင်ထားသလိုပင်။ ပြီးနောက် နာရီဝက်ခန့် ကြာပြီးနောက် လက်သီးဆုပ်အရွယ်အစားရှိသည့် ဆန်းကြယ်ကျောက်တုံးငယ်က သူ့လက်ထဲ၌ ပေါ်လာသည်။

ခုံဝမ်က စိတ်အားထက်သန်စွာပြောလိုက်သည်။

“ဒါ အံ့ဩစရာပဲ။ ဒီဆန်းကြယ်ကျောက်တုံးက ဆန်းကြယ်ကျောက်တုံးငယ်သုံးခုအဖြစ် ခွဲနိုင်တယ်။ ဒီလိုဟာကို တစ်ခါမှမတွေ့ဖူးဘူး” ပြီးနောက် သူက လုကျိုးကို တလေးတစားပေးလိုက်တော့သည်။

“ဆရာကြီး တစ်ချက်ကြည့်ပါဦး”

လုကျိုးက စိတ်ကျေနပ်စွာခေါင်းညိတ်ပြီးနောက် ပြောလိုက်၏။ "သိပ်ကောင်းတယ်” ပြီးနောက် သူသည် မင်ရှစ်ရင်ကို တစ်ချက်ကြည့်ပြီးနောက် ပြောလိုက်၏။ “ကောင်းကောင်းသိမ်းထားလိုက်”

ခုံဝမ်က ဆန်းကြယ်ကျောက်တုံးငယ်များအား မင်ရှင်ရင်ကို ပေးလိုက်သည်။

ခုံဝမ်နှင့် သူ၏ညီနောင်များသည် မင်ရှစ်ရင်က ဆန်းကြယ်ကျောက်တုံးငယ်များကို ပေးလိုက်တာကို တွန့်ဆုတ်စွာကြည့်ပြီး သူတို့မျက်နှာထက်တွင် အားကျသည့်အမူအရာများဖြစ်နေ၏။ မည်သို့ပင်ဆိုစေ သူတို့၎င်းကို မရနိုင်မှန်းသိပြီးသားဖြစ်သည်။

ထိုစဉ် လုကျိုးက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ “ကျူးယွမ်ရဲ့အသက်ဓာတ်နှလုံးသားကို ထုတ်လိုက်”

မင်ရှစ်ရင်က သူ ပြောသည့်အတိုင်းလုပ်လိုက်သည်။

ပြီးနောက် လုကျိုးကပြောလိုက်သည်။ "ဆန်းကြယ်ကျောက်တုံးငယ်တွေက တန်ဖိုးရှိမှန်းသိတယ်။ ဒါပေမဲ့ ငါ အဲဒါတွေကို လိုအပ်နေတယ်။ ဒီအသက်ဓာတ်နှလုံးသားက မင်းတို့အတွက် ပိုသင့်တော်မယ်ထင်တယ်” ပြီးနောက် သူက လက်ဝေ့ယမ်းကာ ခုံဝမ်ကို ပေးလိုက်သည်။

ခုံဝမ်သည် အပျော်လွန်နေ၏။

“ကျေးဇူးပါ ဆရာကြီး။ ဆရာကြီးရဲ့ သဘောထားကြီးမှုက လွှမ်းမိုးနိုင်စွမ်းရှိပါပေရဲ့”

ခုံဝမ်သည် သူနှင့် ညီအစ်ကိုများက ကျူးယန်၏အသက်ဓာတ်နှလုံးသားကို ရယူရန်မဆိုထားနှင့် သူ့ကို သတ်ဖို့ မဖြစ်နိုင်မှန်း သိ၏။ ထို့ကြောင့် လုကျိုးက သူ့ကို ၎င်းကို သူတို့အားပေးသောအခါ အပျော်လွန်သွားသည်။ ဆန်းကြယ်ကျောက်တုံးငယ်များကမူ ပိုသန်မာသည့် ဆန်းကြယ်ကျောက်တုံးငယ်များနှင့် လဲလိုက်တာ ပိုထိုက်တန်သည်။

ကျူးယန်သည် သားရဲဧကရာဇ်တစ်ပါးဖြစ်ရန် နီးစပ်နေပြီဖြစ်၏။ လုကျိုး၏တပည့်များက ထိုကဲ့သို့ အသက်ဓာတ်နှလုံးသားကို လိုအပ်မှန်းသိသာသည်။ သို့သော် သူက သူ့တပည့်များကိုသာ ခွံ့ကျွေးတတ်သောသူမျိုးမဟုတ်ပေ။ သူတို့ပိုသန်မာလာချင်သည်ဆိုပါက ပိုကြိုးစားရမည်။

ခုံဝမ်က သူ၏စိတ်လှုပ်ရှားမှုကို ဖိနှိပ်ပြီး အသက်ဓာတ်နှလုံးသားကိုသိမ်းပြီးနောက် သူက မေးလိုက်၏။

“ဆရာကြီး ... ဆရာကြီးမှာ အဆောင်လွတ်အပို ရှိသေးလား”

ယန်ကျန်းလော့က အဆောင်ရာချီထုတ်သုံးပြီးပြောလိုက်၏။

“ငါ့မှာရှိတယ်” ခုံဝမ်က ပြောလိုက်၏။ "ပုံမှန်ဆို တောင်ကြားလိုနေရာမျိုးက ရတနာတွေအများကြီး ဝှက်ထားတယ်။ ဒီအဆောင်တွေကို သုံးပြီး သူတို့ကို ရှာလို့ရလောက်တယ်”

မင်ရှစ်ရင်က ပြုံးပြီးပြောလိုက်၏။

“ခုနကတင် ရှာတွေ့ထားတယ်မဟုတ်ဘူးလား”

“ခုနတုန်းက ဆန်းကြယ်ကျောက်တုံးငယ်တွေကိုပဲ အထူးတလည်ရှာခဲ့တာ။ ဒီတစ်ခေါက် အဆောင်တွေက ဆေးပင်ဆန်းကြယ်အသက်မြက်၊ ကောင်းကင်ဝိညာဉ်မြက်၊ သွေးဂျင်စင်းနဲ့ ရတနာတွေကို ရှာပေးလိမ့်မယ်။ ဒါတွေက ဆန်းကြယ်ကျောက်တုံးငယ်ထက်တော့ မလျော့ပါဘူး”

လူတိုင်းက ခေါင်းညိတ်လိုက်၏။

အလွန်ဇွဲကောင်းနေသည့် ခုံဝမ်က အဆောင်များကို ခုံဝူအားပေးလိုက်သည်။

“ညီနှစ် ... အဆောင်တွေကို ရေးဆွဲလိုက်”

“ဟုတ်ပြီ” ခုံဝူက သူ၏စုတ်တံကိုထုတ်ကာ လေနှင့်အရိပ်၏အရှိန်ဖြင့် အဆောင်တွေကို စတင် ရေးဆွဲတော့သည်။ တစ်နာရီမပြည့်မီ၌ သူသည် နောက်ဆုံး၌ အဆောင်အားလုံး ရေးဆွဲပြီးသားပြီဖြစ်သည်။

နောက်ဆုံး၌ ခုံဝူက ပြောလိုက်သည်။

“ညီအစ်ကိုတို့ ဆရာကြီးက ငါတို့ကို ဒီလောက် ယုံကြည်နေတယ်ဆိုမှတော့ ငါတို့ ပျင်းနေလို့မရတော့ဘူး။ သူပေးထားတဲ့ အသက်ဓာတ်နှလုံးသားအတိုင်း ကိုက်ညီအောင်နေရမယ်။ ဟုတ်ပြီ ... အခုလှုပ်ရှားကြတော့”

ပြီးနောက် ညီနောင်သုံးဖော်သည် မတူညီသည့်အရပ်မျက်နှာဆီ ပျံသန်းသွား၏။

ပြီးနောက် ခုံဝမ်က ပြောလိုက်၏။ “ဆရာကြီး ကျေးဇူးပြုပြီး ကျုပ်တို့အတွက် တစ်ချက်ကြည့်ပေးပါဦး။ ဒီနေရာက အန္တရာယ်များတယ်။ ကြမ်းတမ်းခက်ထန်သားရဲတွေ ခြုံခိုတိုက်ခိုက်လာမှာစိုးတယ်”

လုကျိုးက လက်ဝေ့ယမ်းလိုက်၏။ ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်နှင့် မင်ရှစ်ရင်သည် ညီနောင်သုံးဖော်ကို ကာကွယ်ရန် အသီးသီးပျံသန်းသွားပြီး ယန်ကျန်းလော့နှင့်လုလီက သူတို့နေရာတွင် နေရစ်ခဲ့သည်။

“စွင်းမူနဲ့ သူတို့ညီနောင်တွေက ဒီနေရာကိုရှာပြီးဖြစ်မှာပဲ။ မင်းအားစိုက်ထုတ်တာတွေ ဖြုန်းတီးရာဖြစ်မှာ မစိုးဘူးလား” လုကျိုးက မေးလိုက်၏။

ခုံဝမ်က ပြောလိုက်၏။ “သူတို့က စုန်းအတတ်ကျင့်ကြံသူတွေဆိုတော့ စုန်းအတတ်ပညာတွေသုံးပြီး ရှာဖွေနေတာပဲဖြစ်ရမယ်။ ကျုပ်တို့ညီနောင်တွေက ကျုပ်တို့နည်းလမ်းရှိတယ်။ ဒါ့အပြင် နေရာတစ်ခုက ရှာထားပြီးပြီဆိုရင်တောင် ထပ်ရှာနိုင်သေးတယ်။ တခြားသူတွေ မတွေ့လိုက်တဲ့ရတနာတွေ ရှိဦးမလားဆိုတာ ဘယ်သူက သိမှာလဲ။ တစ်ခုခုရှာတွေ့နိုင်ခဲ့ရင်ကောင်းတာပေါ့။ မရှာတွေ့ခဲ့ရင် ဘာမှ မဆုံးရှုံးဘူး”

“မင်းက တကယ်ဉာဏ်ကောင်းတာပဲ” လုကျိုးက ခေါင်းညိတ်လိုက်၏။

ပြီးနောက် ခုံဝမ်က အဆောင်များကို မီးမြှိုက်လိုက်ရာ ၎င်းတို့သည် ပိုးစုန်းကြူးများပမာ အရပ်မျက်နှာအနှံ့ပျံထွက်သွားတော့၏။

...

အခန်း (၁၂၁၈) နတ်ငှက်ပေါ်ထွက်လာခြင်း

လုကျိုးက ဘေးဘက်မှ ကြည့်နေရင်း ချောက်နက်ထဲတွင် နောက်ယောင်ခံအဆောင်များဖြင့် ပြည့်နှက်သွားလေသည်။

ခုံဝမ်က လေထုထဲ ခုန်ဝင်လာပြီး အဆောင်စာရွက်များက နေရာအနှံ့ ပျံ့ကျဲသွားလေ၏။ တောင်ပိုင်းမှ မြောက်ပိုင်းအထိ နေရာအနှံ့ရှာဖွေနေလိုက်သည်။

ထို့နောက် ထူးထူးဆန်းဆန်း မြင်ကွင်းတစ်ခု ရုတ်ခြည်းပေါ်ထွက်လာသည်။

အဆောင်အားလုံးက ရုတ်တရက် စုဝေးသွား၏။

ခုံဝမ်၏ ညီအစ်ကို၃ယောက်ကလည်း သူ့ဘေးသို့ အလျင်အမြန် ပျံသန်းလာကာ ထို ထူးထူးဆန်းဆန်း မြင်ကွင်းကို တအံ့တသြဖြင့် ကြည့်လိုက်ကြသည်။

ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်နှင့် မင်ရှစ်ရင်တို့ကလည်း ပျံသန်းလာကာ ထိုအဆောင်များ စုဝေးသွားသည့် နေရာဆီ လှမ်းကြည့်လိုက်ကြသည်။

အဆောင်က လိပ်ပြာများသဖွယ် တဖျတ်ဖျတ်လွင့်နေပြီး စွမ်းအားတချို့ကြောင့် တူညီသည့် နေရာတစ်ခုဆီ ဆွဲဆောင်ခံလိုက်ရဟန်ပေါ်သည်။

“ထူးဆန်းတယ်”

ခုံဝမ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

လုကျိုးက နတ်ခြင်္သေ့ကျောပေါ်တွင် စီးနင်းလျက် အားလုံး၏နောက်မှ လိုက်ပါလာသည်။

အဆောင်များက ချောက်နက်အစွန်းသို့ ရောက်ရှိသွားသည့်အခါ သူတို့က နယ်နိမိတ်ကို ကျော်လွန်၍ ပျံသန်းထွက်သွားကြ၏။

“ဘာတွေဖြစ်နေတာလဲ” မင်ရှစ်ရင်က မေးလိုက်သည်။

“ကျုပ်လည်း မသိဘူး။ ဒီလိုကိစ္စမျိုးကို ပထမဦးဆုံးမြင်ဖူးတာပဲ” ခုံဝမ်က ပြောလိုက်သည်။

“အတော်လေးကို အဖိုးတန်တဲ့ရတနာကို တွေ့တာများလား”

“အဲ့လိုတော့ မဟုတ်လောက်ဘူး”

ကြည့်ရတာ ရတနာနဲ့တော့ မတူဘူး။ ဒီအဆာင်က စွမ်းအားတချို့ကို ရင်ဆိုင်ပြီးတဲ့နောက်မှာ ပျက်သုဥ်းသွားမှာ။ ကြည့်ရတာ အသက်ဓာတ်စွမ်းအားကို စုပ်ယူထားတဲ့ အစီအရင်တစ်ခု ဖြစ်ပုံပဲ”

အားလုံးက အဆောင်များနောက်မှ လိုက်ပါသွားကြသည်။

ရုတ်တရက်ဆိုသလို နောက်ယောင်ခံအဆောင်များက အောက်ဆင်းသွားကာ မြေကြီးထဲမှ လျှို့ဝှက် တွင်းတစ်ခုဆီ ဝင်သွားသည်။

“သတိထား”

ခုံဝမ်က အားလုံးကို သတိပေးလိုက်သည်။

အားလုံးက ရပ်တန့်လိုက်ပြီး ကောင်းကင်မှ ရပ်ကြည့်လိုက်ကြသည်။

ထိုတွင်းနက်ထဲတွင် အမှောင်ထုကလွဲ၍ ဘာမှမမြင်ရ‌ပေ။

ထိုအရာက ရေနက်ဆန်းကြယ်ဂူလိုမျိုး ဖြစ်၏။

လုကျိုးက ငရဲဝံပုလွေဘုရင်၏ စွမ်းရည်ကို အသက်သွင်းကာ ငုံံ့ကြည့်လိုက်သည်။ သူအနေဖြင့် အဆောင်များက တစ်စုံတစ်ခုမှ ဆွဲယူခံလိုက်ရသလိုမျိုး ဆက်တိုက် ကျဆင်းနေသည်ကိုသာ မြင်လိုက်ရသည်။ ဤသည်က အမှန်တကယ် ထူးဆန်းလှ၏။ ထို့နောက် သူက လက်ကိုအောက်ချလိုက်သည်။

ထိုစဥ် ရွှေရောင်လက်ဝါးစည်းတံဆိပ်က ကောင်းကင်မှ တွင်းနက်ထဲဆီ ကျရောက်သွားကာ အလင်းပေးလိုက်၏။

ခဏကြာကျဆင်းပြီးသည့်နောက်တွင်

“ဝုန်း”

လက်ဝါးစည်းတံဆိပ်က တွင်းနက် ဘေးဘက်ကို ထိသွားလေသည်။

လုကျိုးက သူ့လက်ကို ပြန်မြှောက်လိုက်သည်။

ယခင်ထက် ကြီးမားသည့် လက်ဝါးစည်းတံဆိပ်က တွင်းနက်ထဲ ထပ်မံကျဆင်းသွားသည်။

“ဝှစ်”

နားကွဲလုမတက် အော်သံကြီးတစ်ခု ထွက်ပေါ်လာလေသည်။ ထို့နောက် ထိုတွင်းနက်ကြီးမှ လေထုထဲဆီ မီးဘောလုံးများ ပစ်ခတ်လာသည်။

“မီးဇာမဏီဘဲ”

ခုံဝမ်က ရေရွတ်လိုက်သည်။

အပူချိန်ကြောင့် အားလုံးက ချက်ခြင်းနောက်ဆုတ်လိုက်ရသည်။

မီးဘောလုံးက ကောင်းကင်အထက် မြင့်မြင့်ရောက်ရှိလာသည့်အခါ အရွယ်အစားအားဖြင့် ရာချီထောင်ချီ ရုတ်ခြည်းကြီးမားလာသည်။ ထို့နောက် ပေထောင်ချီရှည်လျားသည့် မီးတောက်တောင်ပံကြီးက မီးတောက်ကို ဖုံးလွှမ်းသွား၏။

အနက်ရောင်မြူခိုးမှ အမှောင်ထုက ချက်ချင်းဆိုသလို မီးဇာမဏီ၏မီးတောက်ကြောင့် ရှင်းထုတ်ခံလိုက်ရသည်။

ဤသည်က နေ့အခါလိုမျိုး တောက်ပနေ၏။

“ဒါက မီးဇာမဏီပဲ”

ခုံဝမ်က စိတ်လှုပ်ရှားစွာ‌ ပြောလိုက်သည်။

လုကျိုးနှင့် တခြားသူများကလည်း အံ့အားသင့်နေကြ၏။

လုလီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ဒါက နတ်ငှက် ပေါ်ထွက်လာတာပဲ။ မီးဇာမဏီ ပေါ်ထွက်လာတာက ကပ်ဘေးလား ကောင်းကျိုးလားဆိုတာကို မသိတော့ဘူး”

ယန်ကျန်းလော့က ပြောလိုက်သည်။

“မီးဇာမဏီလိုမျိုး နတ်ငှက်ကို မြင်တွေ့ရလိမ့်မယ်လို့ ထင်မထားဘူး။ ဒါကို ရှေးဟောင်းစာအုပ်တွေထဲမှာပဲ ဖတ်ခဲ့ဖူးတာ”

ထိုမီးတောက်များကြောင့် မီးဇာမဏီကို ဦးခေါင်း၊ အမြီးနှင့် တောင်ပံ၏ ပုံကြမ်းကိုသာ မြင်တွေ့နိုင်သည်။ ထိုအရာ၏ အရွယ်အစားက ကြီးမားလွန်းပြီး မီးတောက်များကလည်း အင်မတန် ပူကျစ်နေကာ အတော်‌လေး တောက်ပသည်။ မီးဇာမဏီက ဤသို့သော အပူချိန်မျိုးတွင် မည်သို့ရှင်သန်နေသနည်းဟု စဥ်းစားဖွယ်ဖြစ်၏။ နှိုင်းယှဥ်ရမည်ဆိုလျှင် လူသားများက အမှန်တကယ် အားနည်းလွန်းလှသည်။

မီးဇာမဏီက ထပ်မံ အော်ဟစ်ပြီး တောင်ပံကို ခတ်လိုက်သည်။

မီးမိုးများက ချက်ချင်းဆိုသလို အဖက်ဖက်မှ ရွာသွန်းလာ၏။

ကုန်းမြေပေါ်ရှိ ခက်ထန်သားရဲများနှင့် ဝေဟင်ရှိ သားရဲပျံများကလည်း ကျွတ်ကျွတ်ရွရွဖြစ်သည်အထိ အကင်ခံလိုက်ရသည်။

“ရှောင်ကြ”

လုကျိုးက စွမ်းအင်အကာအရံကို ထုတ်ကာ မီးမိုးကို တားဆီးလိုက်သည်။

ထိုစဥ် မီးဇာမဏီက မြောက်ဘက်ဆီ ပျံသန်းသွားသည့်အခါ သားရဲပျံများနှင့် ခက်ထန်သားရဲများက ကြောက်ကြောက်လန့်လန့်ဖြင့် နောက်ဆုတ်သွားကြသည်။ ဤသည်က အမှောင်ထုကို မီတာ၁၀၀၀၀ပတ်လည် အလင်း‌ပေးထားလေ၏။

ခုံဝမ်က မလုံမလဲ ပြောလိုက်လေ၏။

“လူကြီးမင်း အဲဒါက မီးဇာမဏီကို ဆွဲယူခံလိုက်ရမယ်ဆိုတာ ထင်မှတ်မထားမိဘူး။ ကျုပ်ကို ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”

လုကျိုးက ခေါင်းယမ်းလိုက်သည်။

“မဟုတ်ဘူး။ မင်း ကောင်းကောင်းလုပ်ခဲ့တယ်”

ချီးကျူးခံလိုက်ရသည့် ခုံဝမ်က ပျာပျာယာယာ ဖြစ်သွားလေသည်။ ခေတ္တမျှ စဥ်းစားပြီးသည့်နောက်တွင် သူက အလျင်စလိုပြောလိုက်၏။

“လောင်ချန်းပေ့က မီးဇာမဏီကို နှိမ်နင်းဖို့ ကြံစည်နေတာလား”

လုကျိုးက နတ်ခြင်္သေ့ ပေါ်တက်ကာ ပြောလိုက်သည်။

“ငါ့နောက်လိုက်ခဲ့”

လုကျိုးက ထိုအရာသည် ကောင်းကင်ကျမ်းအမြင်စွမ်းအားမှ မြင်တွေ့ခဲ့ရသည့် အနီရောင်အလင်းတန်း ဖြစ်ကြောင်း သေချာနေ၏။ ခုံဝမ်က ကြောင်အမ်းသွားသည်။

“အစ်ကို”

ခုံဝူက ခုံဝမ်ကို ပုတ်ကာ ပြောလိုက်သည်။

ထိုပုတ်ခတ်မှုကြောင့် ခုံဝမ်က အသိပြန်ဝင်လာကာ ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ပြောလိုက်သည်။

“ကောင်းခြင်းပဲဖြစ်ဖြစ် ကပ်ဘေးပဲဖြစ်ဖြစ် ငါတို့တွေ မရှောင်နိုင်တော့ဘူး။ ငါ့နောက်လိုက်ခဲ့”

ညီအစ်ကို၄ယောက်လုံးက လုကျိုးနောက် လိုက်သွားကြသည်။

……………..

မီးဇာမဏီက အတော်လေး အာရုံဖမ်းစားနိုင်၏။ လုကျိုးက အသေရိုက်ချက်ကတ်တချို့ကို သုံးပြီး နှိမ်နင်းချင်မိသည်။ သို့သော်လည်း မီးဇာမဏီကို မသေမျိုးငှက် အဖြစ်လည်း သိကြသည်။ ထိုအရာက ထူးကဲသည့် စွမ်းရည်ရှိထားပြီး ပြာအဖြစ်မှ ပြန်လည်မွေးဖွားနိုင်၏။

“အဲဒါက ဘယ်လောက်အားကောင်းတာလဲ” လုကျိုးက မေးလိုက်သည်။

“မသေမျိုးငှက်တွေက မဟာလေဟာနယ်က နတ်သားရဲလို့ ကောလဟာလတွေ ရှိတယ်။ နောက်ပိုင်းမှ အမည်မသိ အကြောင်းအရင်းတချို့ကြောင့် အမည်မသိကုန်းမြေထဲမှာပဲ ပုန်းအောင်းနေခဲ့ကြတာ။ အမြင်နဲ့တင် ဒီမီးဇာမဏီက စွမ်းအားပြည့် မရှိသေးဘူးဆိုတာ သိသာတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ သားရဲဧကရာဇ်လောက်တော့ အားကောင်းမှာပဲ”

ခုံဝမ်က သူ့စိတ်လှုပ်ရှားမှုကို ချိုးနှိမ်ဖို့ကြိုးစားရင်း ပြန်ဖြေလိုက်သည်။

“အဲဒါကြောင့် ဆရာသခင်တွေအားလုံးက ဒီရောက်နေတာလား”

လုကျိုးက မေးလိုက်သည်။

ခုံဝမ်က ပြောလိုက်သည်။

“မီးဇာမဏီက အထွတ်အထိပ်မှာရှိရင် အမြင့်မြတ်ဆုံးနဲ့ အဆင့်အမြင့်ဆုံး ခက်ထန်သားရဲပဲ။ ပြန်လည်မွေးဖွားလာရင်တော့ အားအနည်းဆုံးပေါ့။ ဒါပေမဲ့ သားရဲဧကရာဇ်နဲ့တော့ ယှဥ်နိုင်သေးတယ်။ ဆရာသခင်တွေက သူ့ရဲ့အသက်ဓာတ်နှလုံးသားကို လိုချင်တာက ပုံမှန်ပါပဲ။ နှစ်စဥ်နှစ်တိုင်း ဆရာသခင်၄ယောက်က သားရဲဧကရာဇ်တွေကို လိုက်လံရှာဖွေဖို့ လူတွေ စေလွှတ်ခဲ့တယ်လေ။

ဒါပေမဲ့ အမည်မသိကုန်းမြေက ကျယ်ပြန့်လွန်းပြီးတော့ အမည်မသိကုန်းမြေရဲ့ ဗဟိုချက်မှာ ကောင်းကောင်းမွန်မွန် ပုန်းကွယ်ခဲ့ကြတယ်။ သူတို့က ဥာဏ်ကောင်းပြီး အလွယ်တကူ မတွေ့အောင် ပုန်းနိုင်ကြတယ်လေ။ အခု မျှခြေမညီမျှမှု ထွက်ပေါ်လာပြီဆိုတော့ ဆရာသခင်က ဒီလိုအခွင့်အရေးကောင်းမျိုးကို ဘယ်လိုလုပ် လက်လွှတ်မှာလဲ”

ယန်ကျန်းလော့က စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။

“ပစ်မှတ်က အရမ်းကို ထင်သာမြင်သာ ရှိလွန်းတယ်။ ကျုပ်တို့တွေ ဆက်ပြီး လိုက်ဖမ်းသင့်ရဲ့လား”

“ဆက်လိုက်မယ်”

လုကျိုးက ဆုံးဖြတ်ချက်ပြတ်သားစွာ ပြောလိုက်သည်။ လျှို့ဝှက်ဆန်းကြယ် ကျောက်တုံးငယ် ၁၀၀ကပင် ထိုနတ်ငှက်နှင့် မယှဥ်နိုင်ပေ။ သူက မည်သို့ လက်လွှတ်နိုင်မည်နည်း။

အချိန်အတော်ကြာပြီးသည့်နောက်တွင် မီးဇာမဏီက ငြိမ်ကျသွားပြီး မီးတောက်များ ပျောက်ကွယ်သွားကာ ဧရာမတောင် အက်ကြောင်းတစ်ခုအတွင်း ဝင်ရောက်ပျောက်ကွယ်သွားသည်။ လုကျိုးက ဆက်လိုက်မည့်ဆဲဆဲတွင် မိုးကုတ်စက်ဝန်းမှ ကျင့်ကြံသူအုပ်စုက ပေါ်ထွက်လာလေ၏။

“ဓားသမား ၄၉ယောက်ပဲ”

ခုံဝမ်က လုကျိုးကို သတိပေးလိုက်သည်။

ဓားသမား၄၉ယောက်က ကောင်းမွန်စွာ လေ့ကျင့်ထားသူများ ဖြစ်၏။ သူတို့က အစီအရင်တစ်ခုအတွင်း ပျံသန်းလာကာ တောင်အက်ကြောင်းထဲ ရောက်ရှိလာသည်။

“ဓားသမား၄၉ယောက်တင် မကသေးဘူး”

အဖက်ဖက်မှ ထိုတောင်ဆီ ကျင့်ကြံသူများစွာက ပျံသန်းလာနေကြသည်။

ကျင့်ကြံသူတချို့က ရပ်ကာ ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။

“ဓားသမား၄၉ယောက်က အရင်ရောက်လာတာ”

ကျင့်ကြံသူအပ်စုက အဝေးတစ်နေရာတွင် စုဝေးနေကြသည်။ အများစုက မီးတောင်များ ပြန်လည်ပေါ်ထွက်လာမည့် အချိန်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်၏။ သိသာလှစွာ သူတို့သည် မီးတောက်ပေါ်ထွက်လာသည်နှင့် ပြေးဝင်ဖို့ စီစဥ်နေကြခြင်း ဖြစ်သည်။

“နောက်ထပ်အုပ်စုလည်း ရောက်လာပြီ”

“မျှခြေမညီမျှမှုက ပိုပြီးတော့ အသက်ဝင်လာစေတာပဲ။ သေရမှာ မကြောက်တဲ့သူတွေက အများကြီးပဲကို”

လုကျိုးက အားလုံးကို ဝေ့ကြည့်လိုက်သည်။ သူတို့၏ အသေးစိတ်က သူ့ဆီတွင် ပေါ်ထွက်လာသည်။ သူက ဘုံတစ်ထောင်လေဗွေအဆင့်တွင် ရှိကြသည့် အနက်ရောင်ကြာကျင့်ကြံသူများစွာကို မြင်လိုက်ရသည်။ ထို့အပြင် အနီရောင်ကြာ ကျင့်ကြံသူတချို့ပင် ရှိနေကြသည်။ အဖြူရောင်ကြာကျင့်ကြံသူနှင့် ခရမ်းရောင်ကြာ ကျင့်ကြံသူများလည်း ရှိနေသည်။ သို့သော်လည်း တစ်ဝက်ကျော်က အစိမ်းရောင်ကြာနယ်မြေမှ ဖြစ်ကြ၏။

ကျင့်ကြံသူများက စောင့်ဆိုင်းနေစဥ် သူတို့က အချင်းချင်းကြား ဆွေးနွေးနေကြသည်။

“ဒုက္ခမိုင်တစ်ရာရှုကွင်းအဆင့် ကလူတွေက ဒီနေရာမှာ အမှိုက်ကောက်ဖို့ပဲ တတ်နိုင်တယ်”

“ဘယ်လိုပဲဖြစ်ဖြစ် သေရမှာ မကြောက်တဲ့ လူတွေကတော့ ရှိနေတာပဲလေ”

All Chapters