အခန်း (၁၂၆၇-၁၂၆၉)
Vol. 85 Ch. 1267-1269
အခန်း (၁၂၆၇) ပေါ်ပေါက်သွားခြင်း
မိစ္ဆာဝေဟင်မျှော်နန်းအကြောင်း ရှင်းရှင်းလင်းလင်း သဘောပေါက်သည့်လူတိုင်းသည် မင်ရှစ်ရင်က တပည့်များကြားထဲ အသန်မာဆုံးမဟုတ်ကြောင်း သိကြပေ၏။ သို့သော် သူသည် လုဝူကိုတောင် တွန်းပို့နိုင်သည့် ဖိအားကို အလွယ်တကူခံနိုင်ရည်ရှိ၏။ သူ မည်ကဲ့သို့ ပြုလုပ်ခဲ့သနည်း။ သူက လုံးဝသက်ရောက်မခံရပေ။
လုကျိုးက မင်ရှစ်ရင်ကို သံသယဖြင့် ကြည့်လိုက်တော့၏။ တစ်စုံတစ်ခု မဟုတ်သေးပေ။
လူတိုင်း၏အာရုံစိုက်မှုက မင်ရှစ်ရင်ပေါ်ကျရောက်နေပြီး သူတို့က မျောက်တစ်ကောင်၏သရုပ်ပြမှုကို ကြည့်နေသည့်ပမာပင်။
မင်ရှစ်ရင်က လက်နှစ်ဖက်ဖြန့်လိုက်၏။ “ဘာတွေဖြစ်နေမှန်း ကျုပ် မသိဘူး”
“...”
ယန်ကျန်းလော့က ကျောင်းယွိဖက် လှည့်မေးလိုက်တော့သည်။
“သခင်လေးကျောက် ... ခင်ဗျားက ဒီနေရာအကြောင်းအများကြီးသိတယ်ဆိုတော့ ဘာတွေဖြစ်နေလဲ သိလား”
ကျောင်းယွိက စိတ်တည်ငြိမ်သွားပြီးနောက် ပြောလိုက်၏။ “ဖြစ်နိုင်ခြေ သုံးခုရှိတယ်။ ပထမတစ်ချက်က သူက အစီအရင်သခင်၊ ဒုတိယတစ်ချက်က သူက တိုင်လုံးရဲ့အသိအမှတ်ပြုမှုကို ရနိုင်တဲ့ အရည်အချင်းရှိတာ တတိယတစ်ချက်က သူက သူတောင်စင်တစ်ပါး”
မင်ရှစ်ရင်က စိတ်လေးသွား၏။ “ကျုပ်မှာ အံမခန်းအရည်အချင်းတွေရှိတယ်လို့ ခင်ဗျားပြောလိုက်လို့ ရတာပဲ။ ကွေ့ဝိုက်ပြောနေဖို့ လိုလို့လား”
လူတိုင်း “...”
ပထမနှင့် တတိယဖြစ်နိုင်ခြေက သုညဖြစ်၏။ သို့သော် ဒုတိယဖြစ်နိုင်ခြေကလည်း နည်းနည်း ယုံကြည်စရာမကောင်းပေ။
“အံ့မခန်း အရည်အချင်းလား”
မိစ္ဆာဝေဟင်မျှော်နန်းမှ လူတို့သည် မင်ရှစ်ရင်ကို စိုက်ကြည့်ပြီး တစ်ယောက်ပြီးတစ်ယောက် မျက်မှောင်ကျုံ့မိကုန်၏။ တချို့ကဆို ခေါင်းခါလိုက်၏။ တချို့ကဆို သက်ပြင်းချကာ တချို့က သူ့ကို ဇဝေဇဝါကြည့်နေတော့သည်။
“ဟေ့ ဟေ့ ဟေ့ ... ခင်ဗျားတို့မျက်လုံးထဲက အကြည့်တွေနဲ့တင် ခင်ဗျားတို့ ဘာတွေးနေလဲ ပြောနိုင်တယ်။ ရှစ်စွင်း ကျွန်တော့်ကို ကူညီရမယ်နော်” မင်ရှစ်ရင်က တဖက်လှည့်လျက် ဒူးတစ်ဖက် ထောက်လိုက်တော့သည်။ ထိုကဲ့သို့ စွပ်စွဲသည့်အကြည့်မျိုးက သည်းခံဖို့ ခက်လွန်းသည်။
လုကျိုးက ကျောင်းယွိကို ကြည့်ကာ မေးလိုက်တော့သည်။
“လိုအပ်တဲ့အရည်အချင်းတွေ ပိုင်ဆိုင်ထားသရွေ့ အလွယ်တကူဝင်နိုင်တယ်လို့ မင်း ပြောခဲ့တဲ့အရာအတွက် သက်သေအထောက်အထား ရှိလား”
“ဒါက ...” ကျောင်းယွိက အခက်တွေ့သွား၏။ “ရိုးရိုးသားသားပြောရရင် ဘာသက်သေမှမရှိပါဘူး။ ရှေးစာအုပ်တွေထဲကပဲ ဖတ်ဖူးတာပါ”
“ခင်ဗျား ကျုပ်ကို ပိုစိတ်ကျေနပ်စရာကောင်းမဲ့အဖြေတစ်ခုပေးနိုင်မလား။ ခင်ဗျား သင်ယူထားသမျှက ရှေးစာအုပ်တွေထဲကပဲ။ ခင်ဗျားတို့ မိသားစုရဲ့ရှေးဟောင်းစာအုပ်တွေက ဒီလောက် ကြီးမြတ်နေလို့လား။ ကျုပ် ဘာကြောင့် သန့်စင်ခန်းသွားရလဲဆိုတာ ခင်ဗျားသိလား” မင်ရှစ်ရင်က အခဲမကြေလျက် ပြောလိုက်တော့သည်။
ကျောင်းယွိက လက်ဝေ့ယမ်းလိုက်တော့သည်။ “ဒါက မင်း ယုံမယုံပေါ်မူတည်တယ်”
လုကျိုးက ပြောလိုက်၏။ "မိစ္ဆာဝေဟင်မျှော်နန်းမှာ ပါရမီရှင်တွေများတယ်။ တစ်ယောက်ချင်းဆီမှာ ခွန်အားကိုယ်စီ ရှိကြတယ်။ ဒါပေမဲ့ ကျင့်ဝတ်သိက္ခာနေရာမှ လောင်စစ်က အကောင်းဆုံးမဟုတ်ဘူး”
“...”
ရှစ်စွင်း ဒါမျိုး ဘယ်လိုလုပ် ပြောနိုင်ရတာလဲ ...
ကျောင်းယွိက သက်ပြင်းချလိုက်လေ၏။ “ကျုပ် တကယ်မသိဘူး။ ဒါပေမဲ့ ကျုပ် အမှန်အတိုင်း ပြောနေတာပါ။ လိမ်နေတာမဟုတ်ဘူး”
လုကျိုးက ပြောလိုက်တော့၏။ “လောင်တာ့၊ လောင်အာ့ ထပ်စမ်းကြည့်”
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်သည် ထူးဆန်းသော တောအုပ်ထဲ ထပ်သွားပြန်၏။ တစ်ယောက်က ဘယ်၊ တစ်ယောက်က ညာ။ အစောတုန်းက တည်ငြိမ်နေသောနေရာသည် ရေကဲ့သို့စွမ်းအင်များ ထပ်မံပေါ်ထွက်လာပြီး နှစ်ယောက်သားကို တွန်းထုတ်လိုက်၏။
“...”
ယင်းကို အခြေခံလျှင် ကျင့်ကြံဆင့်နှင့် ခွန်အားက အစီအရင်ကို ဖြတ်ကျော်ရန် အရည်အသွေး ဖြစ်ပုံမပေါ်။
“တပည့် စမ်းကြည့်ချင်တယ်” ရှောင်ယွမ်အာက ပျံသန်းသွား၏။ ထင်သည့်အတိုင်း သူမသည်လည်း အစီအရင်အတိုင်းအတာထဲ ဝင်လျှင်ဝင်ချင်း တွန်းထုတ်ခံလိုက်ရပြီး သူမ မီတာဝက်ခန့်သာ ပျံသန်းနိုင်ခဲ့တာဖြစ်သည်။
ခရုလေးကလည်း ရှောင်ယွမ်အာကို ထိန်းပေးရန် ရှေ့သို့အမြန်သွားလိုက်၏။
“ကြိုးစားကြည့်ဖို့ မလိုတော့ဘူး” လုကျိုးက ပြောလိုက်လေ၏။
“ဒါဆို ကျွန်တော်တို့ အစီအရင်ကို ဘယ်လိုဖြတ်ကျော်ကြမလဲ” ခုံဝမ်က မေးကာ ဇဝေဇဝါ ဖြစ်သွားလေ၏။
ထိုစဉ် ကျောင်းယွိက မင်ရှစ်ရင်ကို လက်ညှိုးထိုးပြလိုက်သည်။ “သူက ဖျက်ဆီးခြင်းတိုင်လုံးရဲ့သော့ချက်ပဲ”
“ကျွန်တော်လား” မင်ရှစ်ရင်က သူ့ကိုယ်သူလက်ညှိုးထိုးလိုက်၏။
ကျောင်းယွိက ခေါင်းညိတ်လိုက်သည်။ “မင်းပဲ အစီအရင်မျက်လုံးကို ရှာနိုင်မှာ"
မင်ရှစ်ရင်က လက်ဝေ့ယမ်းလိုက်၏။ “ဒီတစ်ခေါက် ကျုပ်ကို အထင်ကြီးလွန်းနေပြီ။ ချီရှစ်တိသာ ဒီမှာရှိနေရင် အဆင်ပြေပါဦးမယ်”
ဝှစ် ဝှစ် ဝှစ်
မင်ရှစ်ရင်က ထူးဆန်းသောတောအုပ်တဝိုက်ပျံသန်းသွားလေ၏။ သူသည် မီတာတစ်ရာဝန်းကျင် ဖြန့်ကျက်ရှာဖွေပြီးနောက် မီတာတစ်ထောင်အကွာကို ဖြန့်ကျက်လိုက်၏။ ပြီးနောက် သူက ထိုဧရိယာကို သုံးကြိမ်တိုင်တိုင် ပိုင်းလိုက်တော့သည်။ နောက်ဆုံး၌ သူ လူတိုင်းရှေ့၌ ရပ်ကာ အမောတကော ပြောလိုက်တော့သည်။ “ဒီတုံးအတဲ့အစီအရင်မျက်လုံးကို ကျုပ် မရှာနိုင်ဘူး”
“တင်း ... သင့်တပည့်မင်ရှစ်ရင်က အကြောက်တရားတောအုပ်ရဲ့အစီအရင်ကို ဖယ်ရှားလိုက်ပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၁၀၀၀၀”
“...”
အကြောက်တရားတောအုပ်အတွင်းပိုင်း၌ ရောင်ခြည်တစ်ခုက တဖြည်းဖြည်းချင်း ပြန့်ကားလာ၏။ ကျောက်တုံးတစ်တုံးသည် တည်ငြိမ်နေသော ရေကန်ထဲပြုတ်ကျသွားသည့်ပမာ လှိုင်းဂယက်က ဖြည်းဖြည်းချင်း ပေါ်ထွက်လာသည်။ ယင်းက လူတိုင်း၏အာရုံစိုက်မှုကို ချက်ချင်း ဖမ်းစားသွားတော့သည်။
“...”
ခဏအကြာတွင် ရှောင်ယွမ်အာက လက်ခုပ်တီးလျက် ဝမ်းသာအားရ ပြောလိုက်တော့သည်။
“ဂုဏ်ပြုပါတယ် စစ်ရှစ်ရှိုး။ ရှစ်ရှိုးက ဖျက်ဆီးခြင်းတိုင်လုံးရဲ့ အသိအမှတ်ပြုမှု ရသွားပြီပဲ"
“ဂုဏ်ပြုပါတယ် စတုတ္ထသခင်လေး”
“စစ်ရှစ်တိ ဒီတစ်ခေါက် မင်းကောင်းကောင်းဆောင်ရွက်ခဲ့တာပဲ”
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်က ပြောလိုက်၏။
မင်ရှစ်ရင်သည် အစီအရင်ကို သူ ဖြိုခွဲအောင် မည်သည်ကိုဆောင်ရွက်ခဲ့မှန်း အတိအကျမသိသေးသော မင်ရှစ်ရင် “...”
ယန်ကျန်းလော့က ပြုံးပြီးပြောလိုက်သည်။ "စတုတ္ထသခင်လေး ဒါကို ခင်ဗျား သတိမပြုလောက်ပေမဲ့ မင်းမှာ ဖုံးကွယ်နေတဲ့အရည်အချင်း တချို့ရှိလောက်တဲ့ပုံပဲ”
“ကျုပ် သတိမထားမိဘူး” မင်ရှစ်ရင်က တကယ်ဆွံ့အကာ စိတ်ရှုပ်ထွေးနေလေ၏။
လူတိုင်းက ပြုံးလျက် မှတ်ချက်မပေးကြတော့ပေ။
ကျောင်းယွိက အရင်ဆုံးလျှောက်သွားလိုက်၏။ ယခုတစ်ခေါက်တွင် သူ လွင့်ထွက်မသွားတော့ချေ။
“အကြောက်တရားတောအုပ်ထဲက အစီအရင်က တကယ်ပြိုကွဲသွားပြီ”
လုကျိုးသည် မြေပြင်ပေါ်ဆင်းသက်လျက် သူတို့အဖွဲ့နှင့် ရှေ့ဆက်လာသည်။
တစ်နာရီခန့်အကြာတွင် ကြွယ်ဝသည့်ဆေးရနံ့က လူတိုင်း၏နှာခေါင်းဝ တိုးဝင်လာတော့သည်။
“ဆေးပင်တွေ”
“သွေးဂျင်ဆင်း”
“ဆန်းကြယ်အသက်မြက်”
သူတို့သည် အကြောက်တရားတောအုပ်ကို ဖြတ်ကျော်သွားစဉ် ခြေရာခံအဆောင်မပါခဲ့လျှင် ထောင့်တိုင်း၌ ပေါက်ရောက်နေသည့် ရတနာမျိုးစုံကို တွေ့ရသည်။
ကျောင်းယွိ၊ ခုံဝမ်နှင့် ညီနောင်သုံးဖော်က မှင်သက်နေလေ၏။
“ဒါ သုခဘုံပဲ .. ဒါက သုခဘုံပဲ”
တောအုပ်က ငြိမ်သက်အေးဆေးပြီး အသက်စွမ်းအင်က တည်ငြိမ်နေ၏။ ဤနေရာသည် မျှခြေမညီမျှမှုကြောင့် သက်ရောက်မခံရသလိုပင်။
“ခင်ဗျားတို့ ဘာစောင့်နေကြတာလဲ။ မြန်မြန် ... အဲ့ဒီရတနာတွေကို စုဆောင်းလေ” မင်ရှစ်ရင်က ပြောပြီး သူ့နားရှိဆန်းကြယ်အသက်ဓာတ်မြက်ကို ယူလိုက်၏။
မီတာတစ်ရာတိုင်း၌ ဆန်းကြယ်အသက်ဓာတ်မြက်တစ်ပင်ရှိနေသည်။
ခုံဝမ်ကလည်း မယုံနိုင်ကာ ခေါင်းခါမိသွားသည်။ သူနှင့် သူ့ညီနောင်များက အမည်မသိကုန်းမြေတွင်နေပြီး တစ်နှစ်ပတ်လုံးလှည့်လည်သွားခဲ့၏။ သူတို့နှစ်တချို့ကြာပြီးနောက် ဆန်းကြယ်အသက်ဓာတ်မြက်တစ်ပင်တောင် ရှာမတွေ့သည့်အချိန်လည်းရှိသည်။ သို့သော် ဤနေရာတွင် ဆန်းကြယ်အသက်ဓာတ်မြက်များစွာ ပေါက်ရောက်နေ၏။
မင်ရှစ်ရင်က ကျန်သည့်သူများကို စိတ်ထဲမထားတော့ပေ။ ယခုအချိန်တွင် သူ မြင်သမျှက သွေးကြယ်စင်၊ မီးကြာပွင့်၊ နှင်းကြာပွင့်နှင့် ဆန်းကြယ်အသက်ဓာတ်မြက်ပင်များပဲဖြစ်သည်။ သူက သူတို့အားလုံးကို နှုတ်ကာ အိတ်ထဲထည့်လိုက်၏။ သူ၏အရှိန်က မြန်လွန်းသဖြင့် မကြာမီ၌ ရေအိုင်စပ်သို့ ရောက်သွားတော့သည်။
“ဒီမှာ ရေကန်တစ်ကန်ရှိနေတယ်” မင်ရှစ်ရင်က ရေရွတ်ပြောလိုက်၏။
ဗွမ်း
တစ်စုံတစ်ခုက ရေထဲမှခုန်တက်လာပြီး မင်ရှစ်ရင်ကို ခုန်အုပ်လိုက်သည်။
ဝှစ်
မင်ရှစ်ရင်က လျှပ်ပြက်သော အရှိန်ဖြင့် ရှောင်တိမ်းလိုက်၏။ ရေထွက်မှခုန်ထွက်လာသည့် သတ္တဝါက ခေါင်းရှစ်လုံး၊ ခြေရှစ်ဖက်၊ အမြီးရှစ်ချောင်းရှိ၏။ ၎င်း၏ခန္ဓာကိုယ်က ကျားတစ်ကောင်နှင့်ဆင်တူပြီး အဝါရောင်နှင့် အစိမ်းရောင်ရောနေသည်။ ၎င်းက ရေကန်မျက်နှာပြင်ပေါ်၌ ပျံဝဲနေလျက် သွေးမြူမှုတ်ထုတ်နေတော့သည်။
ဤသတ္တဝါကြောင့် ကျန်သည့်သူများကလည်း ထိတ်လန့်သွားကာ နောက်ဆုတ်လိုက်၏။ သူတို့က ရောက်လာသည့်သူကို ကြည့်မိချိန်တွင် မဟာရန်သူတော်တစ်ပါး ရင်ဆိုင်နေရသလိုပင်။ လုဝူက ဖင်ထိုင်လျက်ကျသွားကာ ပြောလိုက်၏။ "ထျန်းဝူ"
ထိုသတ္တဝါက လျင်မြန်စွာမြင့်တက်လာပြီး ဖြန့်ကားလာကာ လုဝူနီးပါး လျင်မြန်စွာ ကြီးထွားလာသည်။
ထိုစဉ် လုကျိုးက ထျန်းဝူသည် ရေပြင်ပြုလုပ်ထားပုံပေါ်တာကို ရှာတွေ့သွား၏။ ထိုသို့ဆိုလျှင် သူ ထျန်းဝူကို မည်သို့သတ်ရမည်နည်း။ ပတ်ဝန်းကျင်အခြေအနေက ချက်ချင်းပင် တင်းမာလာ၏။
ကျောင်းယွိက တံတွေးမျိုချလိုက်သည်။
ခဏတာတိတ်ဆိတ်နေပြီးနောက် ရေဖြင့်ဖွဲ့တည်ထားသည့် သတ္တဝါက ပြောလိုက်သည်။ "မင်းက အကြောက်တရားတောအုပ်ရဲ့အစီအရင်ကို တကယ်ဖြိုခွင်းနိုင်တာလား”
ရှောင်ယွမ်အာက တစ်ဖက်လှည့်ကာ ပြောလိုက်တော့သည်။ “စစ်ရှစ်ရှိုး ... ရှစ်ရှိုးကို ပြောနေတာ”
မင်ရှစ်ရင်က ဇဝေဇဝါဖြင့် ဘယ်ညာကြည့်လိုက်၏။ “ဘယ်သူလဲ ... ဘယ်သူက အကြောက်တရားတောအုပ်ရဲ့ အစီအရင်ကို ချိုးဖြတ်လိုက်တာလဲ”
လူတိုင်း “...”
အားလုံးအဖို့ အံ့ဩသွားရသည်က ရေသတ္တဝါသည် တိုက်ခိုက်လိုစိတ် ရှိပုံမပေါ်။ ရေခန္ဓာက ယိုယွင်းသွားပြီးနောက် အမျိုးသမီးတစ်ယောက် ပုံသဏ္ဌာန်ပေါ်လာ၏။ ပြီးနောက် ရေက လှုပ်ရမ်းသွားကာ မူလအသွင်ပြောင်းလဲသွားသည်။ ယင်းက သက်ပြင်းချပြီးပြောလိုက်တော့သည်။
“ရှင်က အစီအရင်ကို ဖြိုခွဲနိုင်တာ မဟုတ်ဘူးဆိုရင်တော့ ယူထားတဲ့ပစ္စည်းတွေ ထားပြီးသွားလိုက်တော့။ ဒါတွေက ရေစက်ပါတဲ့သူအတွက်ပဲ”
“ရေစက်ပါတဲ့သူလား”
မင်ရှစ်ရင်၏ မျက်လုံးတို့က ဝေ့ဝိုက်ကြည့်လျက် အဖွဲ့ရှေ့သို့ ပျံသန်းသွားကာ ရပ်လိုက်တော့၏။ ပြီးနောက် သူက ပြုံးလျက် ပြောလိုက်တော့သည်။ “ကျုပ်က အစီအရင်ကို ဖြိုခွဲလိုက်တဲ့သူပါ”
“အစီအရင်ကို ဖြိုခွဲလိုက်တဲ့သူလား”
ရေခန္ဓာက တလိမ့်လိမ့်ထလာပြန်၏။ ပြီးနောက် ရေလှိုင်းတစ်ခုပေါ်လာကာ မင်ရှစ်ရင်ကို တိုက်ခိုက်တော့သည်။
ဘန်း
လူတိုင်းက အလိုလိုမျက်လုံးမှိတ်မိသွားကာ မင်ရှစ်ရင် ထိခိုက်ဒဏ်ရာရမှာ ကြိမ်းသေနေသောကြောင့် ဖြစ်သည်။ သူတို့တွေးထင်နေသည်နှင့် ဆန့်ကျင်ဖက်ပင် မင်ရှစ်ရင်ရှေ့၌ ရွှေရောင်ကြယ်တာရာဒိုင်ခွက်က ပေါ်လာပြီး သူ့ကိုကာပေးလိုက်၏။
လုကျိုးက လေသံအတက်အကျမရှိပြောလိုက်တော့သည်။ “မင်းက လူကြီးတစ်ယောက်ပဲ။ အငယ်တစ်ယောက်ကို ဒါမျိုးပြုမူနေဖို့ လိုလို့လား။ သူက မင်းရဲ့အစီအရင်ကို ဖြိုခွဲနိုင်တာကြောင့်လား"
“ရှင်က ဘယ်သူလဲ”
မင်ရှစ်ရင်က ပြောလိုက်သည်။ "သူက ကျုပ်ဆရာပဲ"
ထျန်းဝူက လူအသွင်သဏ္ဌာန် ပြောင်းပြီးနောက် သူမ၏တိုက်ခိုက်မှုကို ရုပ်သိမ်းလိုက်၏။ သူမက လုကျိုးကို တစ်ချက်ကြည့်ပြီးနောက် မင်ရှစ်ရင်ကို ကြည့်ကာပြောလိုက်သည်။
“ကျွန်မရဲ့အစီအရင်ကို ဖြိုခွဲနိုင်တဲ့သူက တစ်မျိုးပဲရှိတယ်”
လူတိုင်းက ထိုစကားကိုကြားသောအခါ နားစွင့်ထား၏။
“သာလွန်တဲ့အရည်အချင်းရှိတဲ့ လူတစ်ယောက်။ ဒါပေမဲ့ သူက မထိုက်တန်တာ အသိသာကြီးကို”
ရေလှိုင်းက မင်ရှစ်ရင်ဆီတိုးဝင်သွားပြန်၏။
“ဟေ့ ကျုပ်ရဲ့အရည်အချင်းကို မပြတာကြောင့်ပဲ ကျုပ်ကို ပေါ့ပေါ့သေးသေးထင်နေတာလား” မင်ရှစ်ရင်က အခဲမကြေပြောလိုက်၏။
ဘန်း
ခွဲခွာချိတ်ကောက်က လည်ထွက်သွားပြီး လှိုင်းကိုဖြတ်တောက်လိုက်၏။ လှိုင်းက လျင်မြန်စွာ ကွဲထွက်သွားသည်။
ရေသတ္တဝါက တုန်ယင်သည့်အသံဖြင့်ပြောလိုက်တော့သည်။ “မျိုးစေ့”
ကျန်သည့်သူများက မသိပေ ... ဘာမျိုးစေ့လဲ။
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်က ခေါင်းခါလိုက်သည်။ အဆုံးကျ သူတို့ဖော်ထုတ်လိုက်ပေ၏။
မင်ရှစ်ရင်က ခေါင်းငုံ့ထား၏။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ရေစက်များက အဖြူရောင်မြူအဖြစ်ငွေ့ရည်ပျံသွားတာကို တွေ့လိုက်ရသည်။ ပြီးနောက် ကြွယ်ဝသည့် မဟာလေဟာနယ်စွမ်းအင်က အရပ်မျက်နှာအနှံ့ပေါ်ထွက်လာသည်။ တစ်ချိန်တည်းတွင် သူ၏ခန္ဓာကိုယ်က အပြာရောင်အလင်းဖျော့ဖျော့တောက်ပနေ၏။
ကျောင်းယွိက ထိတ်လန့်သွားတော့သည်။
“ဒီတော့ ဒါကြောင့်ကိုး။" ထျန်းဝူက အသံတိုးတိုးဖြင့် ပြောလိုက်၏။
တကယ်တော့ အဲ့လိုမဟုတ်ဘူးလေ။ မဟာလေဟာနယ်မျိုးစေ့တွေက အစီအရင်တွေကို ဖြိုခွဲနိုင်တယ်ဆိုရင် ငါ့ရဲ့တပည့်အားလုံး အစီအရင်ကို ဖြိုခွဲနိုင်ရမှာပေါ့။
ကန်ရေက စတင်လှုပ်ခတ်လာပြီး ထျန်းဝူက ကြီးသထက်ကြီးလာ၏။
“မဟာလေဟာနယ်မျိုးစေ့ကို ပြန်ယူလာပေးတာ ကျေးဇူးပဲ။ ဒီလိုဆို ငါ နောက်ထပ် နှစ်ပေါင်း သုံးသောင်းစောင့်စရာမလိုတော့ဘူး”
ကျောင်းယွိက မျက်မှောင်ကျုံ့လိုက်၏။ “ထျန်းယွီက မဟာလေဟာနယ်မျိုးစေ့ကို လုယူဖို့ လုပ်နေတယ်”
...
အခန်း (၁၂၆၈) ထျန်းဝူကို သတ်ဖြတ်ဖို့လား
ရေခန္ဓာသည် ရုတ်တရက် ရေလူသားအယောက်၁၀၀အဖြစ် ပြောင်းလဲသွားလေ၏။ သူတို့က မိစ္ဆာဝေဟင်မျှော်နန်း၏ လူတို့ကို တပြိုင်နက်တည်း တိုက်ခိုက်ကြတော့သည်။ တစ်ယောက်ချင်းစီ၏ လက်၌ ရေခဲလက်နက် ကိုင်ဆောင်ထားသည်။
လုဝူက ၎င်း၏ခြေထောက်ကိုမြှောက်ကာ မိုးခြိမ်းသံပမာ ကျယ်လောင်လှသောအသံဖြင့် ဟိန်းဟောက်လိုက်တော့သည်။
“မင်းတို့ ငါ့ကို ကျော်သွားရမယ်”
လုဝူက ရေစွမ်းအင်များမှုတ်ထုတ်လိုက်ရာ ထျန်းဝူနှင့်အတူ ရေလူသားများကို အေးခဲသွားစေ၏။
ရေခဲစည်းတံဆိပ်သည် ရေစွမ်းအင်ရှိသည့် သူတို့ကို ဖြေရှင်းရန် အကောင်းဆုံးသောနည်းလမ်းထဲမှ တစ်ခုဆိုတာ သံသယဖြစ်ဖွယ်မရှိပေ။ လူတိုင်း နောက်ဆုတ်လျက် သက်ပြင်းချလိုက်လေ၏။
ရေခဲလူသားတို့သည် ရေခဲရုပ်ထုများပမာ မြေပြင်ပေါ်သို့ပြုတ်ကျသွားပြီး အတော်ကြာသည်အထိ ခဲမနေတော့ပေ။ ရေခဲများလျင်မြန်စွာ အရည်ပျော်သွားပြီးနောက် လှုပ်ရှားနိုင်စွမ်းပြန်ရလာတော့သည်။
“ဂရုစိုက်”
ရေပေါ် ထျန်းဝူ၏ထိန်းချုပ်မှုသည် အထွတ်အထိပ်အဆင့်တွင်ရှိသည်။
ရေလူသားများနှင့် မိစ္ဆာဝေဟင်မျှော်နန်းမှ လူတို့က စတင်တိုက်ခိုက်ကြလေ၏။
ယွီရှန်းရုန်နှင့် ယွီကျန့်ဟိုင်က ဦးဆောင်လျက် ဝေဟင်ထဲ ခပ်မြင့်မြင့်ပျံသန်းသွားတော့သည်။ စွမ်းအင်ဓားမော့နှင့် စွမ်းအင်ဓားတို့က ပူးတွဲလျက် သတိူ့က ရေလူသားတို့ကို ပိုင်းဖြတ်နေတော့သည်။ ရေလူသားတို့ကို ထိခိုက်ဒဏ်ရာစိုးစဉ်းမျှ မရစေခဲ့ပေ။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
“ဒီအတိုင်း ဆက်သွားနေလို့မရဘူး”
ယန်ကျန်းလော့၊ လုလီ၊ ခုံဝမ်နှင့် သူ၏ညီနောင်များကလည်း ဖိအားကို ခံစားလိုက်ရသည်။ သူတို့က ရွေးချယ်စရာမရှိတော့ဘဲ သူတို့စွမ်းရည်အကုန်ထုတ်သုံးပြီး ခုခံရန် ကြယ်တာရာဒိုင်ခွက်များကို ဖွဲ့တည်လိုက်၏။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
မိစ္ဆာဝေဟင်မျှော်နန်း၏လူတို့က အရေးနိမ့်နေကြသည်။
ရှောင်ယွမ်အာက မီးဇာမဏီလေးကို ပုတ်လျက် မေးလိုက်တော့သည်။ “မင်း မီးမှုတ်နိုင်လား”
အံ့ဩဖွယ်ကောင်းလောက်အောင်ပင် မီးဇာမဏီလေးက တောင်ပံတဖျပ်ဖျပ်ခတ်လျက် ပျံသန်းသွား၏။ ကံဆိုးသည်မှာ စွမ်းအင်လှိုင်းတစ်ခုကြောင့် ထိမှန်သွားသည့်အခါ ၎င်းက ခပ်မြင့်မြင့်မပျံသန်းနိုင်ခဲ့ပေ။ ၎င်းက ကြောက်အားလန့်အားဖြင့် ရှောင်ယွမ်အာ၏ပခုံးပေါ် အမြန်ပျံသန်းလာ၏။
“...”
ခရုလေးက ကြိုးမျှင်ကိုးသွယ်ဗျပ်စောင်းကို ထုတ်လိုက်တော့သည်။ သူက ဗျပ်စောင်း၏ကြိုးများကို ထိလိုက်စဉ် အနီရောင်မြူတို့က စတင်ရစ်ဝဲလာလျက် လေထဲဂီတသံစဉ်ပျံလွင့်လာကာ ရေလူသားများကို တိုက်ခိုက်တော့သည်။ သူမ၏ကျင့်ကြံဆင့်က ရှောင်ယွမ်အာထက်တောင် ပိုနိမ့်၏။ အဆုံးကျ မိန်းကလေးနှစ်ယောက်လည်း နောက်ဆုတ်ရန်ဖိအားပေးခံလိုက်ရတော့သည်။
ထိုစဉ် ကျောင်းယွိက အော်ပြောလိုက်တော့သည်။ “ဆရာကြီး ဒါထွက်ပြေးဖို့ အကောင်းဆုံး အခွင့်အရေးပဲ”
တစ်ချိန်တည်းတွင် ကျန်သည့်သူများကို နောက်သို့တွန်းပို့ပြီးနောက် ရေလူသားများသည် သူတို့ကို အာရုံမစိုက်တော့ပေ။ ထိုအစား အားလုံး၏အာရုံသည် မင်ရှစ်ရင်ပေါ်တွင် ကျရောက်နေ၏။ သူတို့က သူ့ကို လိုက်ဖမ်းကာ တမင်တကာ မတော်တဆရေအိုင်ဆီသို့ ဆွဲခေါ်လိုက်ကြသည်။
မင်ရှစ်ရင်က ရှေ့နောက်ပျံသန်းနေလျက် ရန်သူတို့၏ တိုက်ခိုက်မှုကို ဆက်တိုက် ရှောင်တိမ်းနေတော့သည်။
ဖုန်း
ထိုစဉ် လုကျိုးကခြေဆောင့်နင်းလျက် လေထဲပျံသန်းသွားတော့သည်။ ပြီးနောက် သူသည် ရွှေရောင်ထိုက်ရွှီကြေးမုံကို ဆွဲထုတ်လျက် ရေကန်ပေါ် လင်းထိန်သွားစေသည်။
ဘီး
ရေလူသားများကို အလင်းတန်း ဖြတ်ကျော်သွားပြီး ရေကန်အောက်ခြေ၌ ချပ်ပြားကဲ့သို့ တောက်ပနေသည့် အရာဝတ္ထုတစ်ခုပေါ်ထွက်လာတော့သည်။
“ဒီဟာက သူရေကို ထိန်းချုပ်နိုင်ရတဲ့အကြောင်းအရင်းဖြစ်မယ်”
လုကျိုးသည် ရှေ့သို့ပျံသန်းသွားတော့သည်။ “မီးတောက်ရွှေကြာ”
လုကျိုးက သူ၏ပထမဆုံးမွေးဖွားစမ်းသပ်မှုစွမ်းရည်ကို ရွတ်ဆိုလိုက်၏။ သူ၏ခြေထောက်အောက်၌ ရွှေကြာတစ်ပွင့်ပေါ်လာကာ ကံမီးတောက် တောက်လောင်နေတော့သည်။ ၎င်းက လျင်မြန်စွာ လှည့်ပတ်နေပြီး သေးငယ်သည့်မီးတောက်ရွှေကြာများထုတ်လွင့်လိုက်၏။
“ကံမီးတောက်လား”
ကံမီးတောက်သည် သာမန်မီးတောက်မဟုတ်ပေ။ ကံမီးတောက်ကို ရေကခံနိုင်ရည်မရှိပေ။
ချက်ချင်းပင် ရေလူသားများရေငွေ့ပျံသွားလေ၏။
လုကျိုးက ရေကန်ပေါ်ရောက်သည်အထိ ရှေ့သို့ဆက်လက်တိုးသွားတော့သည်။
ထျန်းဝူက အပေါ်တက်လာကာ ချက်ချင်းတိုက်ခိုက်တော့သည်။ “ရာရာစစ”
လုကျိုး၏မျက်နှာဆီ ရေခဲပန်းဆွဲတစ်ခုဖြင့် ပစ်လိုက်တော့သည်။
လုကျိုးက လက်မြှောက်လိုက်ရာ ဓားအသွင်ဖြင့် အမည်မဲ့ကပေါ်လာပြီး စွမ်းအင်ဓားများ လှည့်ပတ်လိုက်တော့သည်။
ဘန်း ဘန်း ဘန်း ဘန်း ဘန်း
ဓားစွမ်းအင်က ရေခဲပန်းဆွဲကို ထိုးဖောက်သွားပြီး ၎င်းကိုဖြိုခွဲလိုက်သည်။ လုကျိုးက ရှေ့ဆက် တက်သွားပြီးနောက် လက်ကိုတွန်းထုတ်လိုက်၏။ “စွန့်ပစ်ခံဉာဏ်ပညာ”
လုကျိုး၏ ကောင်းကင်စွမ်းအားတဝက်ဖြင့် ရောထားသည့် စွန့်ပစ်ခံဉာဏ်ပညာက ကျရောက်လာတော့သည်။
ဖုန်း
ကန်ရေက ကောင်းကင်ထဲပန်းတက်လာ၏။
လူတိုင်းသည် ရေကိုကာရန် သူတို့၏ကာကွယ်ရေးစွမ်းအင်များကို အသက်သွင်းလိုက်ကြသည်။
မြေပြင်ပေါ်တွင် ရေစက်တိုင်းက ရေလူသားများအဖြစ် ချက်ချင်းဖွဲ့တည်သွားပြန်၏။
“...”
“ဒါက ထျန်းဝူရဲ့ကြောက်ဖို့ကောင်းတဲ့ စွမ်းရည်ပဲ”
ကျောင်းယွိက ဆက်တိုက်ပြောပြီး နောက်သို့ဆုတ်နေသည်။ သူ ဆက်သည်းမခံနိုင်တော့ပေ။ သူ၏ခန္ဓာကိုယ်က တုန်ယင်နေပြီး သူ၏ခြေထောက်များက ပျော့ခွေနေသောကြောင့် သူ လမ်းလျှောက်ဖို့ ခက်ခဲနေတော့သည်။
ထျန်းဝူ၏စွမ်းရည်သည် ရှေးစာအုပ်များထဲတွင် မှတ်တမ်းတင်ထားသည်နှင့်တထပ်တည်းတူပေ၏။ ထို့အပြင် ဤရေခန္ဓာသည် သူ၏သရုပ်ပြမှုတစ်ခုသာဖြစ်၏။ သူ ဤတိုက်ပွဲကို မြန်မြန် အဆုံးသတ်ရမည်မှန်း သိနေသည်။
“သွားတော့”
လုကျိုး၏စွမ်းအင်ဓားက ရေကန်အောက်ခြေသို့ ထိမှန်သွား၏။
ဘန်း
မြေကမ္ဘာက တုန်လှုပ်သွားတော့သည်။ ချပ်ပြား၏အလင်းက ချက်ချင်းမှေးမှိန်သွားတော့သည်။
“ငါ့ရဲ့အစီအရင်ကို ဖျက်ဆီးလိုက်တာလား။ နင့်အသက်နဲ့ပေးဆပ်ရမယ်”
ရေစက်တိုင်း မြေပြင်ပေါ်ရှိ ရေအိုင်နှင့် ကန်ရေတိုင်းက ရေခဲပန်းဆွဲအဖြစ်ပြောင်းလဲသွားပြီး လုကျိုးဆီသို့ တိုးဝင်သွားကြသည်။
လုကျိုးက လှည့်လာချိန် အန္တရာယ်ကို အာရုံခံမိသွား၏။
ဘီး
ကံကောင်းသည်မှာ လုကျိုးသည် ရွှေရောင်ဗုဒ္ဓခန္ဓာကြောင့် ကောင်းချီးပေးခံထားရသောကြောင့် သူ ဘေးကင်းလုံခြုံနေသည်။
“ရှစ်စွင်းကိုကူ...”
ယွီကျန့်ဟိုင်က စွမ်းအင်ဓားမော့များထုတ်သုံးလျက် နဂါးတေးသံကို ရွတ်ဆိုကာ ရေအရင်းမြစ်တချို့ကို ကုန်ဆုံးစေ၏။ ၎င်းက မဖြိုဖျက်နိုင်ပေ။
ဘီး
ရွှေရောင်ဗုဒ္ဓခန္ဓာက သူ့ကိုကာကွယ်ပေးထားပြန်၏။ သူ၏ ခန္ဓာကိုယ်ကို ကာကွယ်ပေးထားကာ တိုက်ခိုက်မှုအားလုံးကို ပိတ်ဆို့လိုက်သည်။
“ကူဦး”
ယွီရှန်းရုန်သည် ဓားမဲ့လမ်စဉ်ကို အသုံးပြုလျက် ရေအရင်းအမြစ်တချို့ကို ဖယ်ထုတ်ရန် ဓားများဖန်တီးလိုက်သည်။
ရှောင်ယွမ်အာက ပျံတက်သွားလျက် နိဗာနခါးစည်းကို ပစ်ထုတ်လိုက်၏။ ပြီးနောက် ၎င်းသည် မီးတောက်များအဖြစ်ပေါက်ကွဲသွားသည်။
“ကံမီးတောက်ပဲလား” ကျောင်းယွိက နောက်သို့ယိုင်နဲ့သွားကာ မြေပြင်ပေါ်ပြုတ်ကျသွားတော့သည်။ သူ အိမ်မက်မက်နေသလို ခံစားလိုက်ရ၏။ တစ်ရက်တည်းနဲ့ ဒီလောက်များပြားတဲ့ ရှားပါးတဲ့ပါရမီရှင်တွေကို တွေ့ဖို့ဖြစ်နိုင်လို့လား။
ခရုလေးသည် ရှောင်ယွမ်အာဖက်ပျံသန်းသွား၏။ သူမခြေထောက်အောက်တွင် ကံမီးတောက်ဖြင့် တောက်လောင်နေသည့် အနီရောင်ကြာပွင့်က ဖူးပွင့်နေသည်။
ရှေးယခင်ကာလတည်းက ရေနဲ့မီးတို့သည် ဆန့်ကျင်ဖက်ဖြစ်သည်။ ရေသည် မီး၏ဘုံရန်သူဖြစ်ပြီး မီးသည်လည်း ရေ၏ဘုံရန်သူဖြစ်သည်။
“မဖြစ်နိုင်တာ ... ကံမီးတောက်” ကျောင်းယွိက တံတွေးမျိုချလိုက်တော့သည်။
ခုံဝမ်၏ရင်ထဲတွင် ဗြောင်းဆန်နေတော့သည်။ လုကျိုးအလွန်သန်မာမှန်း သူ သိပေ၏။ မိစ္ဆာဝေဟင်မျှော်နန်း၌ ပါရမီရှင်များစွာ ရှိကြောင်းလည်း သူ သိထားပေသည်။ သို့သော် တပည့်များ၏ခွန်အားကို မျက်မြင်တွေ့ခြင်းက အလွန်ဆန်းသစ်နေသည်။
“အစိမ်းရောင်ကြာနယ်မြေထဲမှာ လူတစ်သောင်းမှာ တစ်ယောက်တောင် ကံမီးတောက်ကို မပိုင်ဆိုင်ကြဘူး။ ဒါပေမဲ့ ရွှေကြာနဲ့အနီရောင်ကြာနယ်မြေမှာ အများကြီးရှိတယ်လား” ကျောင်းယွိက စိတ်ရှုပ်ထွေးသွားလေ၏။
“ဒါက မျှခြေဖြစ်နိုင်တယ်” လုလီသည် မိစ္ဆာဝေဟင်မျှော်နန်း၏ တပည့်များကို ကြည့်ကာ ရေရွတ်ပြောလိုက်သည်။
“မျှခြေလား”
ကောင်းကင်ဘုံသည် အစိမ်းရောင်ကြာနယ်မြေကို အားကောင်းသည့်ကျင့်ကြံဆင့်များ ချီးမြှင့်ပေးခဲ့သော်ငြား မျှခြေကြောင့် ဆရာသခင်များသည် အနီရောင်မျဉ်းကို မဖြတ်ကျော်နိုင်ခဲ့ပေ။ အစိမ်းရောင်ကြာနယ်မြေသည် သာလွန်သည်ဟု ဆိုလျှင် မမှားပေ။ ရွှေကြာနယ်မြေ၊ အနီရောင်ကြာနယ်မြေ၊ အနက်ရောင်ကြာနယ်မြေနှင့် အဖြူရောင်ကြာနယ်မြေတို့က ၎င်းကိုယှဉ်နိုင်မှာမဟုတ်။
သို့သော် ယခုအချိန်တွင် ကျောင်းယွိက ရွှေရောင်နှင့်အနီရောင်ကြာကျင့်ကြံသူများကို ကြည့်ပြီး သိမ်ငယ်သလိုခံစားလိုက်ရ၏။
ထိုစဉ် ယွီကျန့်ဟိုင်က တသိမ့်သိမ့် ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "ကျုပ်ကိုကြည့်"
ဘီး
ရွှေရောင်မီးတောက်များတောက်လောင်နေသည့် စိတ်ဝိညာဉ်သဏ္ဌာန်က ပေါ်လာ၏။ ပြီးနောက် ၎င်းက ဆက်လက်ပြန့်ကားသွားကာ ရပ်တန့်မည့်အရိပ်အယောင်မပြပေ။
ဖုန်း
ရေများ ချက်ချင်း အငွေ့ပျံသွားတော့သည်။
“ဒါက တာ့ရှစ်ရှိုးရဲ့ပထမဆုံး မွေးဖွားစမ်းသပ်မှု စွမ်းရည်ပဲ”
“ပေါက်ကွဲခြင်းစိတ်ဝိညာဉ်သဏ္ဌာန်”
လုကျိုးက သူ၏တပည့်များကိုကြည့်ပြီး စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ ရေလူသားတချို့က သူ့ကို ဝိုင်းထားသေးသော်ငြား မြင့်မားသောအပူချိန်ကြောင့် ၎င်းတို့လျင်မြန်စွာအငွေ့ပျံသွားသည်။ ထိုစဉ် ရေလူသားများနောက်မှ ဝေဝါးဝါးအရိပ်တစ်ခု ပေါ်လာလေ၏။
ယင်းကိုမြင်သောအခါ လုဝူက ၎င်း၏အေးခဲခြင်းစွမ်းအင်များကို ထပ်မံမှုတ်ထုတ်လိုက်ပြန်၏။
“မင်း ငါ့ကို ခဲအောင်မလုပ်နိုင်ဘူး” ထျန်းဝူက ပြောလိုက်သည်။
ရေလူသားများနောက်မှပေါ်လာသည့် အရိပ်က လုကျိုး၏ ရွှေရောင်ဗုဒ္ဓခန္ဓာကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ဘန်း
ထိုပုံရိပ်၌ ခေါင်း၈လုံး၊ ခြေ၈ခု၊ အမြီး၈ချောင်းရှိသည့် ပုံရိပ်သည် လုကျိုးနှင့် တိုက်မိပြီးနောက် နောက်သို့ မီတာတစ်ထောင်လွင့်ထွက်သွားတာကို မြင်သောအခါ လူတိုင်းပါးစပ်အဟောင်းသားဖြစ်သွားလေ၏။
လုကျိုးက ခေါင်း၈လုံးနှင့် သတ္တဝါကိုငုံ့ကြည့်ပြီး မျက်မှောင်ကျုံ့မိသွားသည်။ “ဒီတော့ မင်းက ထျန်းဝူလား”
အစစ်အမှန်ထျန်းဝူက နောက်ဆုံး၌ ပေါ်လာလေ၏။
၎င်း၏သွင်ပြင်သည် လူတိုင်းကို ကြက်သီးထစေသည်။
“မင်း ဘယ်သူလဲ” ထျန်းဝူက ၎င်း၏တိုက်ခိုက်မှု ထိရောက်မှုမရှိသောကြောင့် ထိတ်လန့်နေ၏။
“မင်း ရန်စဖို့မတတ်နိုင်တဲ့သူ” လုကျိုးသည် သူ၏လက်ကိုတွန်းထုတ်လျက် လေသံအတက်အကျမရှိ ပြောလိုက်သည်။ သာမန်အသေရိုက်ချက်ကတ်တစ်ခု ပျောက်ကွယ်သွားပြီး လေပွေတစ်ခုအဖြစ်ပြောင်းလဲသွားသည်။ ပြီးနောက် မဟာမိုးကြိုးလက်သင်္ကေတက လေအလင်းလုံးပမာ ပေါ်ထွက်လာသည်။
ဘန်း
၎င်းသည် ထျန်းဝူ၏ရင်ဘတ်ကို ထိမှန်သွားပြီးနောက် ၎င်းကို ဒေါသတကြီးဟိန်းဟောက်မိစေ၏။ ပြီးနောက် မဟာမိုးကြိုးဘီးလက်သင်္ကေတသည် ထျန်းဝူ၏မျက်နှာကို ထိမှန်သွားသည်။
“...”
ကျောင်းယွိက ကြက်သေသေသွားတော့သည်။ ဒီထျန်းဝူက အစွမ်းထက်တယ်မဟုတ်ဘူးလား။ သူ ထင်ထားခဲ့တာနဲ့ ဘာလို့ကွာခြားနေတာလဲ။
ထျန်းဝူသည် ဘယ်ညာရှောင်ရန် ကြိုးစားခဲ့၏။ ထိုလက်ဝါးစည်းတံဆိပ်မှ ခြိမ်းခြောက်မှုကို သူ ခံစားမိသည်။ ထိုစဉ် ၎င်းက ဖျက်ဆီးခြင်းတိုင်လုံးဆီ တွန်းပို့ခံလိုက်ရသည်။
ဖုန်း
ပေါက်ကွဲသံက လေထဲပြန့်လွင့်လာ၏။ တစ်ချိန်တည်းတွင် ကျင့်ကြံသူများစွာ ဝန်းရံထားသည် ရထားလုံးပျံနှစ်စင်းက ဖျက်ဆီးခြင်းတိုင်လုံးဘေး၌ ပေါ်လာတော့သည်။ “စောစောရောက်လာတာထက် အချိန်ကိုက်ရောက်လာတာ ပိုကောင်းတယ်”
...
အခန်း (၁၂၆၉) ကသောင်းကနင်းစစ်ပွဲ
မိစ္ဆာဝေဟင်မျှော်နန်းမှ လူတို့သည် ရထားလုံးပျံနှစ်စင်းကို မြင်သောအခါ အသိစိတ် ပြန်ကပ်သွားတော့သည်။
ဘယ်ဖက်ခြမ်းရှိရထားလုံးပျံက ရှည်ပြီးကျဉ်းမြောင်း၏။ ကျင့်ကြံသူများစွာဝန်းရံထားသည်။ သူတို့ဝတ်ရုံများက သေသပ်သပ်ရပ်နေကာ ဤနေရာသို့လာသည့် ခရီးစဉ် အလွန်ချောမွေ့ကြောင်း ညွှန်ပြနေသည်။
ညာဖက်ခြမ်းရှိရထားလုံးပျံက အနည်းငယ်ပိုသေး၏။ တစ်ဖက်ရထားလုံးပျံနှင့်ယှဉ်လျှင် ကျင့်ကြံသူများစွာ မပါပေ။
သူတို့ဖျက်ဆီးခြင်းတိုင်လုံးနားရောက်သောအခါ သူတို့သည် ရုတ်ရုတ်သဲသဲဖြစ်ရပ်ကို အာရုံခံမိပြီး ချက်ချင်းရောက်လာ၏။ သူတို့က ရောက်လျှင်ရောက်ခြင်း ပြိုင်ပွဲကောင်းတစ်ခုတွေ့ရလိမ့်မည်ဟု မထင်ထားပေ။ ထိုစဉ် လုကျိုးက လေထဲတည်ငြိမ်စွာပျံဝဲနေသေးပြီး ဆရာသခင်များရောက်လာသည့်အကြောင်းကို အံ့ဩနေမိသည်။
လုကျိုးက မဖော်ထုတ်ရသေးခင် ကျောင်းယွိက ပြောလိုက်၏။ "ဆရာသခင်ထော့ပါနဲ့ ဆရာသခင်ဖန်း”
ကျောင်းယွိရင်နာသွားတော့သည်။ သူသည် သုတေသနများစွာပြုလုပ်ခဲ့ပြီး ဆရာသခင်များ ပေါ်ပေါက်လာမှာမဟုတ်သည့်နေရာကို ရွေးချယ်ခဲ့၏။ လက်ရှိတွင် သူက ဆရာသခင်တစ်ယောက်သာမက နှစ်ယောက်တောင်ပေါ်လာ၏။ ယခုအချိန်တွင် သူ၏လေ့လာမှုက ပြက်လုံးတစ်ခုမျှသာဖြစ်သွားတော့သည်။
အစိမ်းရောင်ကြာနယ်မြေနားတွင် ရှိသည့် အနီရောင်မျဉ်း၏အဆုံးသတ်သည် ဆရာသခင်များ အလာနည်းသည့် နေရာတစ်ခုဖြစ်သည်။ သူတို့နှစ်ယောက်ကို ဤနေရာ၌ တွေ့ရလိမ့်မည်ဟု မထင်ထားပေ။
အစိမ်းရောင်ကြာနယ်မြေ ဤမျှအစွမ်းထက်သည့်အကြောင်းရင်းများထဲမှ တစ်ရပ်မှာ ဖျက်ဆီးခြင်းတိုင်လုံးနားရှိ အရင်းအမြစ်များအားလုံးကို သူတို့ ယူသွားသောကြောင့်ဖြစ်သည်။
ကျောင်းယွိက ပြဿနာတစ်ခုကို ကြိုတွေးမိသွား၏။ သူက မျှခြေမညီမှုကို ထည့်စဉ်းစားရန် မေ့လျော့သွားသည်။ မျှခြေမညီမျှမှုကြောင့် ဆရာသခင်များသည် အနီရောင်မျဉ်းကြောင့် ကန့်သတ်မခံရတော့ပေ။ ထို့အပြင် မျှခြေထိန်းသိမ်းသူတို့က ပေါ်မလာသေးပေ။ ဆရာသခင်များက ယခင်က သူတို့တစ်ခါမှမရောက်ဖူးသေးသည့် နေရာများကို လာရန်ရွေးချယ်မည်ဆိုတာ သိသာနေသည့်အကြောင်းရင်းတစ်ရပ်ဖြစ်သည်။ ဆိုရလျှင် အနက်ရောင်နှင့် အဖြူရောင်ကြာမြေမှ ကျင့်ကြံသူများ ဤနေရာသို့ ရောက်လာသောအခါ အန္တရာယ်ကြောင့် အရင်းအမြစ်များစွာကို ဆောင်ယူနိုင်မှာ မဟုတ်ပေ။ အချိန်ကြာလာသည်နှင့်အမျှ ဤနေရာ၌ စုပုံလာတော့သည်။ ယခု ကန့်သတ်ချက်မရှိသောအခါ ဆရာသခင်များက ဤနေရာသို့ မည်ကဲ့သို့မလာဘဲ နေမည်နည်း။
ထိုစဉ် ...
“ဆရာသခင်ဖန်း ... မတွေ့ရတာကြာပြီ”
အနက်ရောင်ရထားလုံးပျံထဲမှ အသံတစ်သံပြန့်လွင့်လာ၏။
“ဆရာသခင်ထောပါ ... မင်း ငါ့ကို ဒီနေရာဆီဖိတ်လိုက်တယ်ဆိုမှတော့ ဘယ်လိုလုပ် ဒီနေရာဆီ မလာဘဲနေမှာလဲ။ ဆရာသခင်ယဲ့ဘယ်မှာလဲ”
“သူ ခဏနေရင် ရောက်လာမယ်”
“ဒီလူတွေက ဘယ်သူလဲ” ဖန်ကျုံးက မေးလိုက်၏။
ပိုသေးသည့်ရထားလုံးပျံက အနည်းငယ်လှည့်လာပြီးနောက် မပြုပြင်နိုင်ခဲ့သည့် သစ်သားတံခါးသံလိုမျိုး တကျွီကျွီမြည်လာတော့သည်။
မည်သူမှ ဘာမှမပြောရသေးခင် လုကျိုးက ပြောလိုက်၏။ “ထော့ပါစစ်ချန်းလား”
ထော့ပါစစ်ချန်းက ပြုံးလိုက်သည်။ “ကျုပ်ကို မှတ်မိတာလား”
“ငါ သိပြီ။ ဒီတော့ မင်းက ယဲ့ကျန်းကို ကယ်ခဲ့တဲ့သူပဲ” လုကျိုးက တည့်တိုးပြောလိုက်လေ၏။ ထော့ပါစစ်ချန်းက ဤနေရာသို့ မကောင်းသည့်ရည်ရွယ်ချက်ဖြင့် ရောက်လာတာသိသာသည်။ ဤမြင်ကွင်းသည် ယခင်က မြင်ကွင်းနှင့်ဆင်တူပေ၏။
ထော့ပါစစ်ချန်းက ပြောလိုက်သည်။ “ကျုပ် ခင်ဗျားပြောတာကို နားမလည်ဘူး”
လုကျိုးက ခေါင်းခါပြီးပြောလိုက်သည်။ “မင်း ယဲ့ကျန်းကို ကူညီရင် ငါ့ကိုဆန့်ကျင်နေတာပဲ”
အဆင့်မြင့်လျော့ချရေးကတ်နှင့် အဆင့်မြင့်တိုးမြင့်အသေရိုက်ချက်ကတ်တို့က သူ့လက်ထဲတွင် ပေါ်လာတော့သည်။ သူတို့ထဲမှတစ်ယောက်လှုပ်ရှားသည်နှင့် ချက်ချင်းသေလိမ့်မည်။ သူက ဆရာသခင်တစ်ပါးကို ဖြေရှင်းနေစဉ် လုဝူကနောက်တစ်ယောက်ကို ဖြေရှင်းလိမ့်မည်။ ယင်းက ပြဿနာကြီးတစ်ရပ်မဟုတ်ပေ။
“မဟုတ်ဘူး .. မဟုတ်ဘူး မဟုတ်ဘူး။ ခင်ဗျား ကျုပ်ကို အထင်လွဲနေပြီ။ ကျုပ်က အကြွေးဆပ်ဖို့ ယဲ့ကျန်းကို ကယ်ရုံပဲ” ထောပါ့စစ်ချန်းက ပြောလျက် လုကျိုး၏စကားကို မငြင်းတော့ပေ။ မင်ရှစ်ရင်က စိတ်လေးသွား၏။ “ကွာခြားတာရှိလို့လား”
လုဝူက ရှေ့တိုးလိုက်၏။ "ဆရာသခင်တစ်ပါးနဲ့ မတိုက်ရတာကြာလှပြီ။"
လုဝူ “...”
ထော့ပါစစ်ချန်းနှင့် ဖန်ကျုံးတို့သည် လုဝူ၏သားရဲဧကရာဇ်အရှိန်အဝါကို ချက်ချင်းအာရုံခံမိသွားလေ၏။
တွမ့်မူရှန်းက လုဝူ၏ကျောကိုပုတ်လျက်မေးလိုက်တော့သည်။ “မင်း တိုက်ခိုက်နိုင်တာ သေချာလို့လား”
လုဝူက မကြေမချမ်းအမူအရာဖြင့် မေးလိုက်၏။ “သခင်လေး ကျုပ်ကို အထင်သေးနေတာလား”
လုဝူကို သိပ်မောက်မာထောင်လွှားတာမျိုး မဖြစ်စေချင်သည့် တွမ့်မူရှန်းက မေးလိုက်၏။ “မင်းက မျှော်စင်သခင်လန်ကိုတောင် အနိုင်မယူနိုင်တာပဲ။ ငါ မှတ်မိတယ်”
လုဝူက ပြောလိုက်လေ၏။
“ကျုပ် တမင်တကာလုပ်ခဲ့တာ။ ဒါ့အပြင် အရင်တုန်းက ကျုပ် ဒဏ်ရာရထားတာလေ”
အနက်ရောင်ရထားလုံးပျံထဲမှ လက်ခုပ်တီးသံကပေါ်ထွက်လာ၏။
“သားရဲဧကရာဇ်လုဝူက တကယ်သန်မာပါပေရဲ့။ ဆရာသခင်တွမ့်မူရှိနေသေးတုန်းက လူတိုင်း မင်းရဲ့နာမည်ကို သိတယ်။ ကံဆိုးတာက အခု အခြေအနေတွေက မတူတော့ဘူး”
“ဟမ်”
“ခင်ဗျား သိမှာပါ” ထော့ပါစစ်ချန်းက စိတ်မပူတာသိသာ၏။
ထိုစဉ် လုကျိုးက ဖျက်ဆီးခြင်းတိုင်လုံးကို ကြည့်လိုက်သည်။ သာမန်အသေရိုက်ချက်ကတ် တစ်ကတ်သည် ထျန်းဝူ၏ အသက်တစ်သက်ကို နှုတ်နိုင်လိမ့်မည်ဖြစ်သော်ငြား အသိပေးစာ မရသေးပေ။ ယင်းက အဓိပ္ပာယ်မရှိ။
ထင်သည့်အတိုင်းပင် ယခုအချိန်၌ တိုင်လုံးနားကျောက်တုံးအပိုင်းအစများ ကျလာ၏။
“တင်း ... ပစ်မှတ်တစ်ယောက်သတ်ပြီးပါပြီ။ ဆုလာဘ်ကုသိုလ်မှတ် ၅၀၀၀”
ထျန်းဝူသည် လုဝူထက်အားမနည်းတာ ကြိမ်းသေ၏။ သာမာန်အသေရိုက်ချက်ကတ်တစ်ကတ်က သူ့ကို သတ်နိုင်မှာမဟုတ်ပေ။ သို့သော် အဟန့်အတားအနေဖြင့်တော့ ဆောင်ရွက်နိုင်လိမ့်မည်။
အနက်ရောင်မြူများက လိမ့်တက်လာ၏။
ဆရာသခင်နှစ်ပါးဖြစ်သည့် ထော့ပါစစ်ချန်းနှင့် ဖန်ကျုံးတို့သည် လှုပ်ရှားမှုကို အာရုံခံမိပြီး လှည့်ကြည့်လိုက်သည်။
မျက်နှာ၈ခုဖြင့် ထျန်းဝူက မြူများရစ်ဝဲလျက် ကျောက်ပုံကြားထဲမှ ထွက်လာတော့သည်။ ၎င်း၏အသံသည် ငရဲမှထွက်လာသည့်အသံနှင့် ဆင်တူနေသည်။ “ဒီလိုစည်ကားနေတာ မမြင်ရတာကြာခဲ့ပြီ”
“ထျန်းဝူလား” ထော့ပါစစ်ချန်းနှင့် ဖန်ကျုံးတို့က အနည်းငယ်အံ့ဩသွားသည်။
လူတိုင်းကြည့်နေစဉ် အနက်ရောင်အရိပ်၇ခုက လှစ်ခနဲပေါ်လာလျက် တစ်ခုတည်း ပေါင်းစည်းသွားသည်။ ပြီးနောက် ကန်ရေများ မြင့်တက်လာကာ အနက်ရောင်မြူဆီ ပစ်လိုက်၏။
ဝှစ် ဝှစ် ဝှစ်
အနက်ရောင်မြူတို့လောင်ကျွမ်းသွားပြီးနောက် မြူအတွင်းမှရေများပန်းထွက်လာတော့၏။
အထဲ၌မည်သို့ဖြစ်နေမှန်း မသိပေ။
မကြာမီ၌ အရိပ်၈ခုက မြူထဲတွင် ပေါ်လာတော့သည်။ လုကျိုးက မျက်မှောင်ကျုံ့မိသွား၏။ ဆိုလိုသည်က ထျန်းဝူသည် ၎င်းဆုံးရှုံးသွားကာစ အသက်ကိုပြန်ရလာ၏။ သူ့စိတ်ထဲ အတွေးတစ်ခု ပေါ်လာတော့သည်။ ထျန်းဝူကို အသုံးပြုပြီး အကန့်သတ်မရှိ ကုသိုလ်မှတ်များ ရနိုင်မလားဟု သိချင်မိသည်။
ထိုစဉ် ထျန်းဝူက စူးစူးဝါးဝါး ရယ်လိုက်၏။ “မင်းက အစွမ်းထက်ပြီး မျှခြေထိန်းသိမ်းသူတွေ ပေါ်မလာသေးတာကြောင့် မင်း စိတ်တိုင်းကျ လုပ်နိုင်မယ်လို့ ထင်နေတာလား”
ထော့ပါစစ်ချန်းက ထျန်းဝူကို ကြည့်ပြီးမေးလိုက်၏။ “ထျန်းဝူ မင်းအခုချိန်ထိ အရှင်ကျန်းနန်နဲ့တိုက်ခိုက်နေတာ နှစ်ဖက်လုံးဒဏ်ရာရသွားပြီ။ လွန်ခဲ့တဲ့နှစ်ပေါင်း သုံးသောင်းကသာဆိုရင် ငါတို့တွေက ဖျက်ဆီးခြင်းတိုင်လုံးနား ချဉ်းကပ်ရဲမှာမဟုတ်ဘူး။ ဒါပေမဲ့ အခု ...”
သွယ်ဝိုက်ပြောဆိုမှုက သိသာ၏။ ထျန်းဝူ၏ခွန်အားက အမြင့်အဆုံးအခြေအနေတွင် မရှိပေ။
ယင်းက အံ့ဩစရာမဟုတ်။ ထျန်းဝူသည် အရှင်ကျန်းနန်နှင့်တိုက်ခိုက်ခဲ့ပြီး အရှင်ကျန်းနန်သည် အသက်ရှင်ရန် သစ်ပင်တစ်ပင်ကို ပူးကပ်ထားရသည်။ ထျန်းဝူက မည်ကဲ့သို့ ထိခိုက်ဒဏ်ရာမရှိ လွတ်မြောက်နိုင်မည်နည်း။
ထျန်းဝူက စူးစူးဝါးဝါးရယ်လိုက်ပြန်၏။ ထော့ပါစစ်ချန်းက လက်ဝေ့ယမ်းလိုက်သည်။
ကျင့်ကြံသူတစ်ဒါဇင်ခန့်က မိစ္ဆာဝေဟင်မျှော်နန်းနား ပျံသန်းသွားသည်။ ဖန်ကျုံးက မလှုပ်ရှားပေ။ ထိုအစား သူက ပြောလိုက်သည်။ “ကျုပ် ယဲ့ကျန်းလာမှာစောင့်နေတယ်”
လုကျိုး၏အမူအရာက ပြောင်းလဲသွားခြင်းမရှိပေ။ ဖန်ကျုံး၏စကားအရ ဖန်ကျုံးသည် ထော့ပါစစ်ချန်းတို့နှင့် သဘောတူညီချက်တစ်ခုယူထား၏။ ထော့ပါစစ်ချန်းနှင့် ယဲ့ကျန်းက ယခုဆို မဟာမိတ်ဖွဲ့ပြီးသားဖြစ်လိမ့်မည်။ ဆိုလိုသည်က ယခုဖက်လေးဖက်ဖြစ်သွားတော့သည်။ မိစ္ဆာဝေဟင်မျှော်နန်း၊ ထော့ပါစစ်ချန်း၊ ဖန်ကျုံးနှင့် ထျန်းဝူ
လုကျိုးက တစ်ဖက်လှည့်ကာခေါ်လိုက်၏။ “လုဝူ”
လုဝူက ဆင်းလာ၏။
လုကျိုးက တည်ငြိမ်စွာ ပြောလိုက်သည်။ “မင်း သူတို့ရဲ့ဘေးကင်းမှုကို အာမခံပေးနိုင်ဖို့ မျှော်လင့်တယ်”
လုဝူ၏အကြည့်သည် မိစ္ဆာဝေဟင်မျှော်နန်းမှ လူတို့ဆီရောက်သွားပြီးနောက် အသံတိုးတိုးဖြင့် ပြောလိုက်သည်။ “ကောင်းပြီ”
၎င်းသည် စကားတစ်ခွန်းမျှသာ ဖြစ်သော်ငြား ယုံကြည်ချက်ရှိမှုနှင့် ရဲစွမ်းသတ္တိရှိမှုတို့ ပြည့်နေသည်။
ယွီကျန့်ဟိုင်နှင့် ယွီရှန်းရုန်တို့က လေထဲမျက်နှာချင်းဆိုင်ရပ်နေကာ သူတို့စိတ်ထဲတင်းမာနေတော့သည်။ စစ်ပွဲတစ်ပွဲအချိန်မရွေးဖြစ်ပွားလာလိမ့်မည်။
အဖွဲ့လေးဖွဲ့က တစ်ဖွဲ့နှင့်တစ်ဖွဲ့ကြည့်နေကြ၏။
ထျန်းဝူက ထိုစဉ် အရယ်ရပ်သွားတော့၏။ မကြာမီ၌ မြူထဲမှ ခေါင်းတစ်လုံးထွက်လာသည်။ ၎င်း၏မျက်နှာက ဖြူဖျော့နေပြီး မျက်လုံးက လုကျိုးကိုကြည့်မိချိန်၌ ခြောက်ခြားဖွယ်ကောင်းနေသည်။
“မင်းနဲ့စလိုက်မယ်”
လုကျိုးက မျက်နှာသေဖြင့် ပြောလိုက်၏။ "မင်း သေချာလား”
ထော့ပါစစ်ချန်းက လက်ဖြန့်လျက် ဖြောင့်မတ်မှန်ကန်သော လေသံဖြင့်ပြောလိုက်တော့သည်။ “ထျန်းဝူပြောတာ လက်ခံတယ်”
ထျန်းဝူက ပြောလိုက်တော့၏။ “မင်း ငါ့ကိုထိခိုက်အောင်လုပ်ခဲ့တယ်ဆိုတော့ မင်းရဲ့အသက်ကို အရင်ယူမယ်”
ဝုတ် ဝုတ် ဝုတ်
မထင်မှတ်ထားဘဲ ချုံးချီက ဟောင်လိုက်လေ၏။
လူတိုင်းက လှည့်ကြည့်လိုက်ကြသည်။ သူတို့သည် အပြာရောင်အလင်းဖျော့ဖျော့ တောက်ပနေသည့် မင်ရှစ်ရင်ကိုသာ တွေ့ရ၏။ မင်ရှစ်ရင်က စိတ်ပျက်သွားတော့သည်။ သူ၏အရှိန်အဝါကို ဖုံးကွယ်ချင်သော်ငြား ထျန်းဝူ၏နည်းလမ်းများက အစွမ်းထက်လွန်း၏။ သူ၏ဆရာတူတပည့်များ အဆင်ပြေနေပြီး သူ တစ်ယောက်တည်းသာ ဖော်ထုတ်ခံလိုက်ရသည်။
“မဟာလေဟာနယ်မျိုးစေ့လား” ထော့ပါစစ်ချန်း၏အသံက အနည်းငယ်တုန်ယင်နေတော့သည်။
ဖန်ကျုံးက သဘောပေါက်သွားလေ၏။ “မဟာလေဟာနယ်မျိုးစေ့လား ... မင်းနဲ့ယဲ့ကျန်းနဲ့ တိုက်တွန်းနေတာ အံ့ဩစရာမရှိဘူးပဲ”
ထိုစဉ် ထျန်းဝူက အနက်ရောင်မြူထဲမှ ရုတ်တရက်ထွက်လာသောအခါ ကောင်းကင်ထဲသို့ ကန်ရေများတဟုန်ထိုးတက်လာတော့သည်။ ယင်းက မည်သူ့ကိုမှ အာရုံမစိုက်ဘဲ မင်ရှစ်ရင်ဆီသို့သာ ဦးတည်နေ၏။ “မင်းက ငါ့ဟာပဲ”
မင်ရှစ်ရင် “...”
“အမ်း ... ငါအခုဘာလုပ်သင့်လဲ”
ထိုစဉ် ညာဖက်ခြမ်းမှ ကြယ်တာရာဒိုင်ခွက်တစ်ခု ပျံသန်းလာ၏။ အချိန်က ရပ်တန့်သွားပုံပေါ်သည်။
ဘန်း
“ငါ့ကို ဘယ်သူတားရဲလဲ”
ရထားလုံးပျံနှစ်စင်းရှိ ကျင့်ကြံသူများက လှုပ်ရှားလာကာ ထျန်းဝူဆီတိုးဝင်သွားတော့သည်။
“သူ့ကိုတားကြ”
စွမ်းအင်ဓားများ၊ ကြယ်တာရာဒိုင်ခွက်များနှင့် စွမ်းအင်စည်းတံဆိပ်များက လေထဲပြန့်နှံ့နေတော့သည်။ မင်ရှစ်ရင်နှင့် သူ၏မဟာလေဟာနယ်မျိုးစေ့သည် အန္တရာယ်များသည့်မျှခြေ ဟန်ချက်ညီမှုကို ချိုးဖျက်လိုက်တော့သည်။
“ထွက်သွား” ထျန်းဝူက ခြိမ်းခြောက်ပြီးနောက် အရပ်မျက်နှာအနှံ့လှိုင်းဂယက်ထစေသည့် စွမ်းအားများ ပေါက်ကွဲသွားစေတော့သည်။
ဖုန်း
...