အခန်း (၁၂၈၂-၁၂၈၄)
Vol. 86 Ch. 1282-1284
အခန်း (၁၂၈၂) တစ်ခုမှသုံးခုအဖြစ်ပြောင်းလဲကာ ပွင့်ချပ်တစ်ခုထွက်ပေါ်ခြင်းနှင့် မွေးဖွားစမ်းသပ်ချပ်ကို ဖြတ်ကျော်ခြင်း
လုကျိုးက သူ့ချီပင်လယ်ထဲမှ နံရံကို ထိတွေ့နေသည့် စွမ်းအင်လှိုင်းကိုခံစားမိလိုက်သည်။ ထို့အပြင် ထိုနံရံက မကြာခင်ပျက်စီးတော့သလို ခံစားနေရ၏။
သူက လက်ကိုဆန့်ထုတ်လိုက်သည့်အချိန် မတည်မြဲခြင်းတိုင်လုံး၏အရှိန်က နှစ်ဆဖြစ်သွားလေသည်။ ၁၅ဆပိုမိုမြန်ဆန်လာခြင်းမှာ ယခုအခေါက် ၃၀ဖြစ်လာခဲ့၏။
ခရမ်းရောင်တောက်ပသံကျောက် အကူအညီဖြင့် သူ့အံ့ဖွယ်စွမ်းအားပြန်လည်ကောင်းမွန်နှုန်းက အနည်းငယ်တိုးမြင့်လာသည်။ ကံဆိုးစွာဖြင့်
စုပ်ယူနှုန်းဖြင့် မကာမိသေးပေ။ သူ့ချီပင်လယ်မှ နံရံကို ထိန်းထားနိုင်ဖို့ဆိုလျှင် သိပ်မဆိုးလှပေ။ ပြဿနာက အံ့ဖွယ်ဝိညာဉ်ပုလဲ၏ သက်ရောက်မှုက အားပြင်းလွန်းနေခြင်းသာဖြစ်သည်။
“အရှိန်မြင့်လိုက်ရအောင်” လုကျိုးက မြေကြီးကို လက်ဖြင့်ရိုက်ချလိုက်သည်။
မြေအောက်ထဲတွင် ဝှက်ထားသည့်မတည်မြဲခြင်းတိုင်လုံးက ကြီးမားလာပြီး အဆ၁၀၀တိုးပွားလာ၏။
“မလုံလောက်သေးဘူး” လုကျိုးက မျက်မှောင်ကျုံ့လိုက်သည်။ အံ့ဖွယ်စွမ်းအားက သူ့ချီပင်လယ်၏စုပ်ယူနှုန်းကို ကာမိနိုင်ရုံမျှသာဖြစ်၏။ ထိုအခိုက်အတန့်၌ သူက စိတ်ဝိညာဉ်သဏ္ဌာန်နှစ်ခုရှိကြောင်း ရုတ်ခြည်းအမှတ်ရသွားသည်။
သူက ဘုံတစ်ထောင်လေပွေအဆင့်ရောက်ရှိနေသည်မှာ ကြာမြင့်လှပြီဖြစ်သည့်အတွက် အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်အကြောင်း ရံဖန်ရံခါမေ့လေ့ရှိသည်။ အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်က ဒုက္ခမိုင်တစ်ရာရှုကွင်းစိတ်ဝိညာဉ်သဏ္ဌာန်အဖြစ်ပြောင်းလဲပြီးသည့်နောက်တွင် ပိုမိုကောင်းမွန်လာ၏။
“ဒုက္ခမိုင်တစ်ရာရှုကွင်းစိတ်ဝိညာဉ်သဏ္ဌာန်”
သူက အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို ထုတ်ဖော်လိုက်၏။ ထိုအရာက ဖုံးကွယ်ရေးကတ်၏ သက်ရောက်မှုအောက်တွင် ရှိနေသေးဆဲသည်။ ထို့နောက်သူက အပြာရောင်စိတ်ဝိညာဉ်သဏ္ဌာန်ကို ချီပင်လယ်၏နံရံကို ထိန်းဖို့ယူလိုက်သည်။ ကံကောင်းစွာဖြင့် အပြာရောင်ဒုက္ခမိုင်တစ်ရာရှုကွင်း စိတ်ဝိညာဉ်သဏ္ဌာန်က စုပ်ယူနှုန်းဖြင့် သဟဇာတဖြစ်ဖို့ လုံလောက်နေသည်။ ထိုအရာဖြင့် နံရံက ဖြည်းဖြည်းချင်းတည်ငြိမ်လာပြီး သူ့ချီပင်လယ်ထဲ ပြန်လည် ငြိမ်သက်လာလေသည်။
လုကျိုးက သူ့မွေးဖွားနန်းဆောင်ကိုကြည့်လိုက်၏။ ယခင်က ရွှေရောင်ဥနှင့်တူသည့်အလင်းဘောလုံးတစ်ခု ရှိနေသေးသည်။ ထိုနေရာက သူ့အံ့ဖွယ်ဝိညာဉ်ပုလဲကို ထားရှိသည့်နေရာဖြစ်၏။ သို့သော်ငြား ယခုအခါ အလင်းဘောလုံးနှစ်ခုရှိလာခဲ့သည်။
“နှစ်ခုလား” လုကျိုးက စိတ်ရှုပ်သွားလေ၏။ နောက်ထပ်အလင်းဘောလုံးတစ်ခု ပေါ်ထွက်လာစရာ အကြောင်းအရင်း မရှိပေ။ သူက မျက်လုံးကို မှိတ်ကာ မွေးဖွားနန်းဆောင်အတွင်း အာရုံခံဖို့ ကြိုးစားလိုက်သည်။ သူ့မွေးဖွားနန်းဆောင်မျက်နှာပြင်ထဲတွင် ထိုပစ္စည်းနှစ်ခုရှိနေဟန်ပေါ်၏။ ထို့အပြင် ထိုအလင်းဘောလုံးနှစ်ခုက စွမ်းအားဖြင့် တောက်ပနေသည်။
သူက အံ့ဖွယ်ဝိညာဉ်ပုလဲကို သူ့မွေးဖွားနန်းဆောင်ထဲ ထားရှိလိုက်ပြီးကတည်းက ဖြစ်ပျက်လာသမျှ ကိစ္စအားလုံးက သူ့နားလည်နိုင်စွမ်းထက်ကျော်လွန်နေလေ၏။ သူက မွေးဖွားဇယားချပ် အသက်သွင်းသည့် ဖြစ်စဉ်နှင့် အင်မတန် ရင်းနှီးနေသော်လည်း ယခုကြုံတွေ့နေရသည့်အရာက အသစ်အဆန်းဖြစ်နေသည်။
“...”
ထားလိုက်ပါတော့ ငါ တစ်ခါမှာ တစ်ကြိမ်ပဲကြိုးစားကြည့်လို့ရတယ် ...
မတည်မြဲခြင်းတိုင်လုံး၏အရှိန်က မိစ္ဆာဝေဟင်မျှော်နန်းရှိလူများကို စိတ်လှုပ်ရှားစေသလို စိုးရိမ်လာစေသည်။ သူတို့စိတ်လှုပ်ရှားစေသည့်အကြောင်းကမူ ကျင့်ကြံနှုန်းမြန်ဆန်လာသည့်အတွက် သူတို့၏ကျင့်ကြံနှုန်းကလည်း မြန်ဆန်လာလေသည်။ တခြားတစ်ဖက်တွင်မူ သူတို့က အလျင်အမြန်တိုးတက်နေသည့်အတွက် သူတို့၏အုတ်မြစ်မခိုင်မည်ကို စိုးရိမ်နေ၏။ ထို့အပြင် သူတို့က သက်တမ်းမြန်မြန်ဆန်ဆန် ဆုံးရှုံးနေရသည်။ ကျင့်ကြံရေးအတွက် သက်တမ်းကိုလဲလှယ်လိုက်ခြင်းက ရေဆာဖို့အဆိပ်သောက်နေရခြင်းနှင့်တူ၏။
....
သုံးရက်ကြာမြင့်ပြီးသည့်နောက်
တောအုပ်အတွင်း
လက်ရည်စမ်းပြီးသည့်နောက်တွင် ယောင်ကိုင်းနေသည့်မျက်နှာဖြင့် မင်ရှစ်ရင်က မြေကြီးပေါ် ထိုင်လိုက်သည်။ သူ့ဒဏ်ရာဟောင်းများနှင့် ဒဏ်ရာအသစ်များက အင်မတန် ဆိုးရွားနေလေ၏။
ယွီရှန်းရုန်က ဓားကိုသိမ်းပြီးသည့်နောက်တွင် ပြုံးကာပြောလိုက်သည်။
“အရင်ကထက် မင်းတော်တော်တိုးတက်လာတယ်။ ဒါပေမဲ့ မင်း ကြိုးစားဖို့လိုတုန်းပဲ”
မင်ရှစ်ရင်က ပူပန်သောက ရောက်သည့်အမူအရာဖြင့် ပြောလိုက်သည်။
“အာ့ရှစ်ရှိုး လမ်းညွှန်ပေးတာ ကျေးဇူးပါ”
“သတ္တိဆိုတာက ကျရှုံးခြင်းကနေလာတာ။ ဖျက်ဆီးခြင်းတိုင်လုံးရဲ့အသိအမှတ်ပြုမှုနဲ့ဆို မင်းက မကြာခင် ငါ့ကိုမှီလာလိမ့်မယ်” ယွီရှန်းရုန်က ပြောလိုက်သည်။
“တာ့ရှစ်ရှိုးက ကျွန်တော်တို့တွေ တာ့ထန်မြို့တော်မှာရှိနေတုန်းကထက် ပိုတောင်အားကောင်းလာသလိုပဲ” မင်ရှစ်ရင်က ပြောလိုက်သည်။
“အဲ့လိုလား” ယွီရှန်းရုန်က ထိုစကားများကိုကြားသည့်အခါ များများစားစား အာရုံမရှိပေ။
“အမှန်ပဲ” မင်ရှစ်ရင်က ပြောလိုက်၏။
“မဟာလေဟာနယ်မျိုးစေ့နဲ့ပေါင်းစည်းသွားတော့ တိုးတက်နှုန်းကလည်း သိပ်မနှေးကွေးဘူး” တကယ်တော့ သူတို့နှစ်ယောက်လုံးကျင့်ကြံနှုန်းများက တိုးတက်လာလေသည်။
ယွီရှန်းရုန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလာ၏။
“ကြည့်ရတာ ကျင့်ကြံရေးလမ်းစဉ်အသစ်နဲ့ပတ်သက်နေလောက်တယ်”
“ကျင့်ကြံရေးလမ်းစဉ်အသစ်လား”
“ငါ့ကြာပွင့်ကို ဖြတ်တောက်ပြီးကတည်းက ငါ့ရဲ့ကျင့်ကြံရေးလမ်းစဉ်က အတားအဆီးတွေနဲ့ ပြည့်နှက်နေခဲ့တာ။ အမည်မသိကုန်းမြေကို ရောက်ရှိပြီးတဲ့နောက်မှာ လမ်းစဉ်က ပိုပြီးချောမွေ့လာတယ်။ ပြီးတော့ အဆင့်ချိုးဖောက်တော့မဲ့ခံစားချက်ကလည်း ပိုပြီးတော့ ပြင်းထန်လာတယ်လေ” ယွီရှန်းရုန်က ပြောလိုက်၏။
မင်ရှစ်ရင်က ဦးညွှတ်လိုက်သည်။
“အဲ့ဆိုရင်တော့ အရင်ကြိုပြီးတော့ ဂုဏ်ပြုထားရမှာပဲ”
ယွီရှန်းရုန်က မင်ရှစ်ရင်အားကြည့်ကာ ပြောလိုက်သည်။
“မင်းရဲ့ပါရမီကလည်း ထူးကဲတယ်။ အခုမင်းက ဖျက်ဆီးခြင်းတိုင်လုံးရဲ့အသိအမှတ်ပြုမှုကို ရပြီဆိုတော့ ဒီလိုအခွင့်အရေးကောင်းကို မဖြုန်းတီးသင့်ဘူး”
“ကျွန်တော်သေချာမှတ်ထားပါ့မယ်” မင်ရှစ်ရင်က ပြောလိုက်၏။
ယွီရှန်းရုန်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ငန်းတစ်ကောင်လိုမျိုး ကျော့ရှင်းစွာ ပျံသန်းထွက်သွား၏။
ယွီရှန်းရုန် မြင်ကွင်းမှပျောက်ကွယ်သွားပြီးသည့်နောက်တွင် မင်ရှစ်ရင်က ကူကယ်ရာမဲ့စွာ ခေါင်းသာယမ်းလိုက်သည်။ သူ့ပတ်ဝန်းကျင်ကို အကဲဖြတ်ပြီးသည့်နောက်တွင် သူက ရေရွတ်လိုက်၏။
“အဲ့ဒီအရူးနှစ်ယောက်နဲ့ကတော့ ....”
…
တစ်လကြာမြင့်ပြီးသည့်နောက်
မတည်မြဲခြင်းတိုင်လုံး၏ သက်ရောက်မှုအောက်တွင် အပြင်ဖက်တွင်တစ်လတာက တိုင်လုံအတွင်း လ ၁၀၀နှင့် တူညီသည်။
ထိုစဉ် မိစ္ဆာဝေဟင်မျှော်နန်းရှိလူများက ပိုမိုစိုးရိမ်လာကြ၏။ သူတို့က တစ်နှစ်တာ အသက်တမ်းကို ဆုံးရှုံးသွားခဲ့ရသည်။ သူတို့က သိသိသာသာတိုးတက်နေလေသည်။ စိတ်အေးလက်အေး မနေနိုင်သေးပေ။
.....
လုကျိုးကလည်း မသက်မသာဖြစ်နေမိ၏။ သူက ၁၂ခုမြောက် မွေးဖွားဇယားချပ်ကို အံ့ဖွယ်ဝိညာဉ်ပုလဲအသုံးပြု၍ အသက်သွင်းသည်က လွယ်ကူလိမ့်မည်ဟု ထင်ထားခဲ့မိသည်။ သို့သော် မလွယ်ကူရုံသာမကပေ အင်မတန်ခက်ခဲနေ၏။ ထို့အပြင် ခရမ်းရောင်တောက်ပသံကျောက် အကူအညီနှင့် မတည်မြဲခြင်းတိုင်လုံး၏အကူအညီဖြင့်ပင်ဖြစ်သည်။ အကယ်၍သူသာ ပုံမှန်အတိုင်းကျင့်ကြံပါက သူ့အနေနှင့် ၁၀နှစ်တာ ကြာမြင့်နိုင်သည်။ အံ့ဖွယ်ဝိညာဉ်ပုလဲက ထျန်းဝူ၏ အသက်ဓာတ်နှလုံးသားများ ပေါင်းစည်းသွားခြင်း၏ ရလဒ်သာဖြစ်သည်။ ထိုစဉ် သူ့စွမ်းအင်ဗဟိုချက်ရှိ ချီပင်လယ်ထဲ စွမ်းအင်လှိုင်းများက အရှေ့အနောက် ဖြတ်သန်းစီးဆင်းနေသည်။
မွေးဖွားနန်းဆောင်အတွင်းမူ အလင်းလုံးသုံးခုက တောက်ပနေ၏။ သူက ထိုအရာ၏ အကြောင်းရင်းကို မသိရသေးပေ။
“အချိန်ကျလာပြီလား” လုကျိုးက စွမ်းအင်လှိုင်းသုံးခုသည် သူ့ချီပင်လယ်၏တစ်နေရာကို ချိုးဖောက်တော့မည်ဟု ခံစားမိလိုက်သည်။ မဆုတ်သာမတိုးသာ အခြေအနေက နောက်ဆုံးတွင် အဆုံးသတ်သွားတော့မည်ဖြစ်၏။ သူ့အလိုလိုသိစိတ်က ယခုအချိန်က ရွှေရောင်အခွင့်အရေး ဖြစ်ကြောင်း ပြောပြနေသည်။
“ဖျက်ဆီးခြင်းမရှိဘဲနဲ့ ပြန်လည်တည်ဆောက်မှုဆိုတာ မရှိနိုင်ဘူး” လုကျိုးက မြေကြီးကို လက်ဖြင့်ရိုက်ခိုင်းလိုက်သည်။ ထို့နောက် အပြာရောင်ဒုက္ခမိုင်တစ်ရာရှုကွင်းစိတ်ဝိညာဉ်သဏ္ဌာန်မှ အံ့ဖွယ်စွမ်းအားနှင့် သူ့ကျန်ရှိနေသေးသည့် အံ့ဖွယ်စွမ်းရည်တို့ကို တနေရာတည်းတွင် စုဝေးသွားလေ၏။
မတည်မြဲခြင်းတိုင်လုံး၏ အရှိန်အဟုန်ကလည်း အဆ၁၀၀မှ အဆ ၅၀၀၀အထိတိုးသွားသည်။
ဝှစ်
ထို့နောက် မီတာ ၁၀၀၀ပတ်လည်ရှိသည့် ဝဲဂယက်တစ်ခုပေါ်ထွက်လာသည်။
....
မိစ္ဆာဝေဟင်မျှော်နန်းမှလူများက ထိုအပြောင်းအလဲကို ခံစားမိသည့်အခါ တုန်လှုပ်သွားတော့သည်။
....
လုကျိုးက သူ့စွမ်းအင်ဗဟိုချက်၏ ချီပင်လယ်ထဲမှ အံ့ဖွယ်စွမ်းအားကို ပြန်လည်ရုပ်သိမ်းပြီးသည့်နောက်တွင် စွမ်းအင်လှိုင်းသုံးခုက ပိုမိုအားကောင်းလာလေ၏။
ဘန်း
သူ့ချီပင်လယ်၏နံရံက ကျိုးပြတ်သွားခဲ့သည်။
ထို့နောက် လုကျိုးက မှော်ဆန်ဆန်မြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။
အလင်းသုံးခုရှိနေသည့် အလင်းသတ္တုလုံးရှိနေသည့်နေရာက ပေါ်ထွက်လာသည်။ ပထမအလင်းသတ္တုလုံးက မွေးဖွားဇယားချပ်ထဲတွင် ပုလဲက ပင်လယ်ထဲ ပြုတ်ကျသွားသလိုဖြစ်၏။ ဒုတိယသတ္တုလုံးကမူ ကြာပလင်၏အစွန်းဆီ ရောက်ရှိသွားခဲ့သည်။
ဘန်း
ထို့နောက် ကြာပလင်၏အစွန်းမှ ပွင့်ချပ်တစ်ခုထွက်ပေါ်လာသည်။
“ဒါက ၁၁ခုမြောက်ပွင့်ချပ် ပေါ်ထွက်လာတာလား” ထိုစဉ် လုကျိုးက လန်ရှီဟယ်၏ ပြောစကားကို ပြန်လည်အမှတ်ရသွား၏။ ထိုစဉ် သူမက ကျင့်ကြံရေးတွင် အမှားအယွင်းတစ်ခုရှိခဲ့သည့်အတွက် သူမက မွေးဖွားဇယားချပ် ၁၂ခုအပြီးတွင် ပွင့်ချပ်၁၁ခုထွက်ခဲ့သင့်ကြောင်း ပြောခဲ့ဖူးသည်။
ဆိုလိုသည်မှာ ပထမအလင်းစက်လုံးကျရောက်သွားသည့် စက်ဝိုင်းသဏ္ဌာန်ဇုန်နေရာက သူ့၁၂ခုမြောက် မွေးဖွားဇယားချပ်ဖြစ်၏။ ထို့နောက် သူ့ဒုတိယမြောက်မွေးဖွားစမ်းသပ်ချက်ကကော
ထိုစဉ် တတိယမြောက်အလင်းသတ္တုလုံးက စက်ဝိုင်းပုံသဏ္ဌာန်ဖြစ်တည်လာသည်။ ထိုအရာက တောက်ပနေမင်းနှင့် လမင်းတို့ခေါ်ဆိုသည့်နေရာတွင် ရောက်ရှိသွားသည်။
“…”
ထိုအလင်းသတ္တုလုံးနှစ်ခုက နေမင်းနှင့်လမင်းသဖွယ်မှတ်ယူနိုင်သည့်အတွက် အင်မတန်သင့်တော်သည့် နာမည်တစ်ခုဖြစ်ပေသည်။ ထိုအရာဖြင့် သူ့မွေးဖွားနန်းဆောင်က တည်ငြိမ်သွားကာ သူ့ချီပင်လယ်ကလည်း နံရံသစ်တစ်ခုရရှိလာသည်။ အကန့်အသတ်မဲ့ ကမ္ဘာဦးချီနှင့်စွမ်းအားတို့က တည်ငြိမ်သွားလေ၏။
“ပွင့်ချပ် ၁၁လွှာနဲ့ မွေးဖွားဇယားချပ် ၁၃ခုလား” လုကျိုးက အံ့အားသင့်သွားသည်။ သူက အံ့ဖွယ်ဝိညာဉ်ပုလဲဖြင့် အတော်လေးတိုးတက်သွားလေ၏။ ဤသည်က သူ့မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။ ဖြစ်စဉ်က ခက်ခဲသော်လည်း ရလဒ်က ကျေနပ်ဖို့ကောင်းသည်။
ထိုစဉ် ကြာပွင့်က ရုတ်ခြည်းဆိုသလို လည်ပတ်လာသည်။
“ဟမ်” လုကျိုးက အသိပြန်ကပ်လာသည့်အချိန် သူ့ပတ်ဝန်းကျင်မှ အသက်ဓာတ်စွမ်းအားတို့က ထွက်ပေါ်နေကြောင်း ခံစားလိုက်ရသည်။ မတည်မြဲခြင်းတိုင်လုံးမှ စွမ်းအားကလည်း အင်မတန်မြန်ဆန်လွန်းလှ၏။ သူက လက်ကိုရုတ်သိမ်းကာအော်ပြောလိုက်သည်။
“ပြန်ရုတ်သိမ်းမယ်”
ဘန်း
မတည်မြဲခြင်းတိုင်လုံးက သူ့လက်ဝါးထဲ ပြန်လည်ရောက်ရှိလာသော်လည်း စွမ်းအင်တို့က သူ့ကြာပွင့်မှ ထွက်ပေါ်နေဆဲဖြစ်၏။
သူက မရပ်မနားလည်ပတ်နေသည့်ကြာပွင့်ကိုကြည့်ကာ ပြောလိုက်သည်။
“ထုတ်လုပ်ခြင်း”
ဤသို့ဖြင့် ကြာပွင့်က အဆ ၁၀၀၀ ကြီးမားလာသည်။
ဝုန်း ဝုန်း ဝုန်း
ပတ်ဝန်းကျင်ရှိသစ်ပင်များကလည်း ရွှေကြာပွင့်ကြောင့် ဖြတ်တောက်ခံလိုက်ရသည်။
ထိုစဉ် ရွှေကြာပွင့်လည်ပတ်နေစဉ် စက်ဝိုင်းသဏ္ဌာန်ဇုံနှစ်ခုမှ ဆူနာမီနှင့်တူသည့် စွမ်းအင်လှိုင်းထုတ်လွင့်လာ၏။
ဝုန်း ဝုန်း ဝုန်း
လေထဲတွင်ရှိသည့် ရေငွေ့က ရေခဲအဖြစ်ပြောင်းလဲသွားကာ ရေခဲက မြေပြင်ကို ဖုံးလွှမ်းသွားခဲ့သည်။
ထို့နောက် နှင်းပွင့်နှင့်တူသည့် ရေကြာပွင့်များက နေရာအနှံ့ပျံသန်းထွက်လာ၏။ သူတို့က သစ်ပင်ထောင်ချီကို တစ်ပိုင်းစီဖြတ်တောက်ခဲ့သည်။
လုကျိုး “...”
ကြည့်ရသည်မှာ အံ့ဖွယ်ဝိညာဉ်ပုလဲက သူ့အား ဒုတိယမွေးဖွားစမ်းသပ်ချပ်အောင်မြင်အောင် ကူညီပေးလိုက်ဟန်တူသည်။ ဤသည်မှာ သူ့ဒုတိယမြောက်မွေးဖွားစမ်းသပ်ချပ်၏ စွမ်းရည်ဖြစ်ပြီး ရေကြာပွင့်မုန်တိုင်းဖြစ်သည်။
....
ထိုစဉ် မိစ္ဆာဝေဟင်အဖွဲ့သားများက သူတို့၏ကြယ်တာရာဒိုင်ခွက်များကို ဖွဲ့တည်ကာ ရေကြာပွင့်များကို တားဆီးလိုက်သည်။
…
အခန်း (၁၂၈၃) ရေကြာမုန်တိုင်း
လုကျိုး၏ပထမဆုံးမွေးဖွားစမ်းသပ်မှု စွမ်းရည်သည် မီးတောက်ရွှေကြာဖြစ်သည်။ ကံမီးတောက်သည် သူ၏ရွှေကြာနားတဝိုက် အဟုန်ပြင်းပြင်းပေါ်ထွက်လာပြီး ၎င်းသည် မီးတောက်ကြာပွင့်ငယ်လေးကို ထုတ်ပေး၏။ ၎င်းကအလွန်ကျယ်ဝန်းသည့် အတိုင်းအတာကို လွှမ်းခြုံထားသည်။
သူ၏ဒုတိယမြောက်မွေးဖွားစမ်းသပ်မှု စွမ်းရည်သည် ရေကြာမုန်တိုင်းဖြစ်ပြီး ပေါက်ကွဲခြင်းစွမ်းအား ပိုင်ဆိုင်ထား၏။ ၎င်းသည် သူ၏ရေခဲချိတ်ပိတ်မှုစွမ်းအားစွမ်းရည်နှင့် ထျန်းဝူ၏ စွမ်းရည်ပေါင်းစည်းမှု ဖြစ်ဟန်တူပြီး ရေကို ထိန်းချုပ်နိုင်၏။ ပမာဏအနည်းအကျဉ်းက ရေကြာမုန်တိုင်းကို ရွတ်ဆိုရန် အသုံးပြုနိုင်သော်ငြား ၎င်း၏ဖိအားသည် လုကျိုးကို အံ့ဩသွားစေ၏။ ရေကြာသည် သူတို့ဖြတ်ကျော်သွားသည့် သစ်ပင်များအားလုံးကို လှီးဖြတ်သွား၏။ တစ်ချိန်တည်းတွင် သစ်ပင်ပန်းမန်များအပေါ် အအေးဓာတ်က ကျရောက်သွားပြီး သဘာဝ၏အသက်စွမ်းအင်အများအပြားကို ခိုးယူနေတော့သည်။
လုကျိုးသည် တစ်နှစ်ပတ်လုံးနေရောင်မရှိသည့် အမည်မသိကုန်းမြေထဲ၌ သစ်ပင်ပန်းမန်များ မည်သို့ပေါက်ရောက်ကြောင်း ပိုသိချင်သွား၏။ ဆိုလိုသည်က ထိုကဲ့သို့ ရွက်စိမ်းပင်များ အလင်းရောင်စွမ်းအင်ဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်အငွေ့မှ အစာချက်လုပ်ခြင်းတို့မရှိကြောင်း ဆိုလိုနေတောပဲဖြစ်သည်။ ထိုသစ်ပင်ပန်းမန်များ မည်ကဲ့သို့ စိမ်းစိုနေသနည်း။
လုကျိုးက ခေါင်းခါမိသွားသည်။ လောကကြီး၌ ဆန်းကြယ်မှုများပြည့်နေ၏။ သူက သိပ္ပံပညာရှင်တစ်ယောက် မဟုတ်သလို စူးစမ်းရှာဖွေသူလည်းမဟုတ်ပေ။ ထို့ကြောင့် ဤကဲ့သို့မေးခွန်းမျိုးစဉ်းစားနေရန် မလိုအပ်ချေ။
မိစ္ဆာဝေဟင်မျှော်နန်းမှလူများသည် ရေကြာပွင့်ကို ကာကွယ်ရန် သူတို့ကြယ်တာရာဒိုင်ခွက်များကို ထိန်းထား၏။ ကံကောင်းသည်မှာ ရေကြာမုန်တိုင်းသည် လုကျိုး၏ကြာပွင့်မှာ စွမ်းအင်လျှံထွက်မှုကြောင့် ပေါ်ထွက်လာတာပဲဖြစ်၏။ ထို့ကြောင့် ၎င်း၏ဖိအားက မပြင်းထန်ပေ။ အများစုသည် မီတာတစ်ဒါဇင်ခန့်သာ တွန်းပို့ခံလိုက်ရ၏။ ရေကြာမုန်တိုင်းသည် ခဏတာကြာနေခဲ့ပြီး ၎င်းသည် တဖြည်းဖြည်းချင်း တည်ငြိမ်သွားကာ အပြည့်အဝပျောက်ကွယ်သွားတော့သည်။ တောအုပ်က တိတ်ဆိတ်သွားပြန်၏။ မဟုတ်ပေ သစ်ပင်များအားလုံး သစ်ငုတ်တိုဖြစ်သွားသည့်အချိန်တွင် တောအုပ်ဟု ခေါ်ဆို၍မရတော့ပေ။
ယန်ကျန်းလော့နှင့်လုလီတို့က သူတို့၏ကြယ်တာရာဒိုင်ခွက်ကို ဖယ်ထားပြီးနောက် ခုံဝမ်နှင့်သူ၏ညီနောင်များက ပျံသန်းလာပြီး ယွီကျန့်ဟိုင်၊ ယွီရှန်းရုန်၊ မင်ရှစ်ရင်၊ ရှောင်ယွမ်အာနှင့်ခရုလေးတို့က နောက်မှပျံသန်းလာ၏။
“မျှော်နန်းသခင်ဘာလုပ်နေတာလဲ” ခုံဝမ်က ရေရွတ်ပြောလိုက်တော့သည်။ လူတိုင်းက သူ့ကို လှမ်းကြည့်လိုက်၏။ မသေမသပ်ဖြစ်နေသည်မှအပ သူ အဆင်ပြေနေပုံပေါ်၏။
ယွီကျန့်ဟိုင်က မေးလိုက်သည်။ “ခင်ဗျား အဆင်ပြေလား”
“ကျုပ် အဆင်ပြေပါတယ်။ အငိုက်မိသွားရုံပဲ” ခုံဝမ်က မဝံ့မရဲပြောလိုက်သည်။
“ခင်ဗျား အသားကျလိမ့်မယ်။ နောက်ထပ်အကြံတစ်ခု ပေးမယ်။ နောင်ကျ မျှော်နန်းသခင် ကျင့်ကြံနေတဲ့အချိန် ဘယ်လောက်ပဲ သိချင်စိတ်ဖြစ်ဖြစ် အနားမကပ်နဲ့” ယန်ကျန်းလော့က ပြောလိုက်လေ၏။
ခုံဝမ်က ခေါင်းညိတ်လိုက်သည်။ သူနှင့်သူ၏ညီနောင်များ မိစ္ဆာဝေဟင်မျှော်နန်းထဲ ဝင်ချိန်မှစပြီး သူတို့သည် ယန်ကျန်းလော့ကသာ မျှော်နန်းထဲရှိအမျိုးမျိုးသော ဖွင့်ဆိုရှင်းပြ၍မရသည့် စည်းမျဉ်းများအကြောင်း မပြောပြခဲ့လျှင် သူတို့ညီနောင်သည် အညိုအမဲစွဲသည်အထိ အရိုက်ခံရပြီး အိပ်ရာထဲလဲသည်အထိ ဖြစ်လောက်သည်။ ဥပမာအနေဖြင့် ယန်ကျန်းလော့သည် မိစ္ဆာဝေဟင်မျှော်နန်းထဲရှိ အကြီးအကဲလေးဦးနှင့် ဘိုးလေးလေးကို ရန်မစရန်မှာထား၏။
လုကျိုး၏အမိန့်မပါဘဲ ကျန်သည့်သူများက အနားမကပ်ရဲချေ။
လုကျိုးသည် သူ၏စွမ်းအားဗဟိုချက်ချီပင်လယ်ကို လေ့လာလိုက်၏။ ၎င်းက ပုံမှန်အတိုင်း ပြန်ဖြစ်နေလေပြီ။ သူ ခေါင်းညိတ်လိုက်၏။ သူ၏ကျင့်ကြံမှုက သိသိသာသာ တိုးတက်လာသည်။ ပြီးနောက် သူသည် စနစ်မျက်နှာပြင်ကို ကြည့်လိုက်၏။
ကျန်ရှိသောသက်တမ်း ၄၀၉၆၈၆၂ရက်၊ ၁၁၂၂၄ နှစ်
“ဟမ် .. ငါ့သက်တမ်း ဆုပ်ယူမခံရဘူးလား” သူသည် ၁၂ချပ်မြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းနေချိန် သူ၏သက်တမ်းမဆုံးရှုံးရုံသာမက သူ၏သက်တမ်းကလည်း တိုးလာတော့သည်။
သူ၏၁၂ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းခြင်းသည် အနှစ်၅၀၀တိုးစေ၏။ ၁၂ချပ်မြောက်ပွင့်ချပ်ကို ဖူးပွင့်စေပြီး ၁၃ခုမြောက်မွေးဖွားဇယားချပ်ကို အသက်သွင်းခြင်းက သူ့ကို အနှစ်သုံးထောင်ပေးခဲ့သည်။ ပေါင်းလိုက်ပါက သူသည်သက်တမ်း ၆၅၀၀ရလာတော့၏။ ပုံမှန်ဆို မွေးဖွားဇယားချပ်တစ်ခု အသက်သွင်းရန် သက်တမ်း ၃၀၀၀လိုအပ်သည်။ သို့သော် အံ့ဖွယ်နတ်ဝိညာဉ်ပုလဲဖြင့် သူ၏သက်တမ်းကို မလိုအပ်တော့ပေ။ နတ်ဝိညာဉ်ပုလဲက မွေးဖွားဇယားချပ်၂ခုကို တိုက်ရိုက်အသက်သွင်းပြီး ပွင့်ချပ်တစ်ခု ဖူးပွင့်စေကာ သူ့ကို ဒုတိယမြောက်မွေးဖွားစမ်းသပ်ချပ် ဖြတ်ကျော်ရာ၌ ကူညီပေးခဲ့၏။ ဤတိုးတက်မှုနှုန်းက ရှေးတုန်းက မရှိလောက်ပေ။
ထိုစဉ် လုကျိုးသည် မတည်မြဲခြင်းတိုင်လုံး၏အရှိန်ကိုပြန်တွေးမိသွား၏။ အတိတ်နှင့်ယှဉ်လျှင် အရှိန်က ပုံမှန်မဟုတ် မြန်ဆန်နေသည်။ လုကျိုးက ကျန်သည့်လူများဆီ အသံပို့လိုက်တော့သည်။
“ဒီကိုလာ”
မိစ္ဆာဝေဟင်မျှော်နန်းမှ လူတို့သည် ချက်ချင်းပင်အပြေးအလွှားရောက်လာ၏။
“နှုတ်ခွန်းဆက်ပါတယ် မျှော်နန်းသခင်”
“နှုတ်ခွန်းဆက်ပါတယ် ရှစ်စွင်း”
လုကျိုးက လှည့်လာကာ အားလုံးကိုသိမ်းကြုံးကြည့်လိုက်တော့၏။ သူ၏ကျင့်ကြံမှုနှင့်ခွန်အားက ယခင်ကထက်ပိုကောင်းလာတာ သိသာသည်။ ပြီးနောက် သူက လုလီကိုကြည့်ကာ မေးလိုက်တော့၏။
“အပြာရောင်သလင်းရဲ့ အကျိုးသက်ရောက်မှုက ဘယ်လိုလဲ”
လုလီက တလေးတစားပြန်ပြောလိုက်သည်။ "အပြာရောင်သလင်းက မဟာလေဟာနယ်စွမ်းအင်က အားကောင်းတဲ့အကူအညီနဲ့ ကျုပ်ရဲ့ မွေးဖွားနန်းဆောင်ကို တိုးချဲ့ပြီးပြီ။ မတည်မြဲခြင်းတိုင်လုံးရဲ့ကျေးဇူးကြောင့် မကြာခင်မှာ နောက်ထပ်မွေးဖွားဇယားချပ်ကို အသက်သွင်းနိုင်တော့မှာ”
“ဂုဏ်ပြုပါတယ်” ယန်ကျန်းလော့က ပြောလိုက်၏။
ကျန်သည့်သူများကလည်း လုလီကို ဂုဏ်ပြုစကားပြောကြတော့သည်။
လုကျိုးက ခေါင်းညိတ်လိုက်၏။ ပြီးနောက် သူက လက်နောက်ပစ်ကာ ပြောလိုက်တော့သည်။ “မင်းရဲ့ကျင့်ကြံဆင့်ပြ”
ယန်ကျန်းလော့က အရင်ဆုံးပြန်ပြောလိုက်၏။ သူက ...
“ကျွန်တော် သတ္တမမြောက်မွေးဖွားဇယားချပ်ကို အသက်သွင်းနိုင်ခဲ့ပါပြီ”
လုလီက ပြောလိုက်၏။ "မွေးဖွားဇယားချပ် ၅ခု"
ခုံဝမ်က ခေါင်းကုတ်လျက် ပြောလိုက်၏။ “ကျုပ် ကျုပ်က ပဉ္စမမြောက်မွေးဖွားဇယားချပ်ကို အသက်သွင်းပြီးကာစ”
ခုံဝမ်၊ ကျန်းချန်နှင့် ကျန်းလောင်စစ်တို့သည် မွေးဖွားဇယားချပ်လေးခုရှိကြ၏။ သူတို့က ကျန်သည့်သူများထက် ပိုအားနည်းသော်ငြား အမည်မသိကုန်းမြေတွင် သူတို့၏အချိန်ကြောင့် ရှင်သန်နိုင်စွမ်းရည်များစွာ ပိုင်ဆိုင်ထား၏။ ထိုစွမ်းရည်များသည် သူတို့၏အားနည်းသော ကျင့်ကြံဆင့်အတွက် ဖြည့်ပေးနိုင်သည်။
ယွီကျန့်ဟိုင်က လည်ချောင်းရှင်းလျက် ကျယ်လောင်စွာ ပြောလိုက်သည်။ “မွေးဖွားဇယားချပ် ၈ခု”
လုကျိုးက မအံ့ဩပေ။ ဆိုရလျှင် ယွီကျန့်ဟိုင်က လုဝူ၏ရေခဲချိတ်ပိတ်မှုစွမ်းရည်ကို အသုံးပြုပြီး ပထမဆုံးမွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်ခဲ့၏။ မွေးဖွားစမ်းသပ်မှုကို ဖြတ်ကျော်ပြီးနောက် သတ္တမနှင့် အဌမ မွေးဖွားဇယားချပ်ကို အသက်သွင်းခြင်းက အတော်လေးလွယ်ကူသွားတော့သည်။ ၎င်းက ပထမနှင့် ဒုတိယမွေးဖွားဇယားချပ်ကို အသက်သွင်းခြင်းနှင့်တူ၏။ ထို့အပြင် မတည်မြဲခြင်းတိုင်လုံး၏အာနိသင်အောက်တွင် ယွီကျန့်ဟိုင်က ၁၀ကျော်ကျင့်ကြံခဲ့သည်။
“ပွင့်ချပ် ၁၁ခု” ယွီရှန်းရုန်က ပြောလိုက်သည်။
လူတိုင်းက အကြည့်ချင်းဖလှယ်လိုက်၏။ ပွင့်ချပ် ၁၁ခုဟူသည် ယွီရှန်းရုန်၏ကျင့်ကြံမှုက တန့်နေသေးတာပဲဖြစ်သည်။ ယွီရှန်းရုန်က ပုံမှန်မဟုတ်သည့် ကျင့်ကြံရေးလမ်းစဉ်ပေါ် ရှိနေကြောင်း သူတို့သိထား၏။ သို့သော် အချိန်အတော်ကြာပြီးနောက် သူ့၌ ပွင့်ချပ်၁၁ခုသာ ရှိနေသည်။ တစ်စုံတစ်ခု မဟုတ်သေးပေ။
“မင်း အဆင့်တန့်နေတာလား” လုကျိုးက မေးလိုက်၏။
ယွီရှန်းရုန်က အတော်လေးတည်ငြိမ်စွာ ပြန်ပြောလိုက်၏။ "မဟုတ်ဘူး။ ကျွန်တော် မကြာခင် အဆင့်ချိုးဖြတ်တက်တော့မယ်ထင်တယ်”
လုလီက မျက်မှောင်အနည်းငယ်ကျုံ့လျက် ပြောလိုက်၏။ "ဒီလမ်းကြောင်းအတိုင်း သွားမယ်ဆိုရင် အဆင့်ချိုးဖြတ်တက်မှုက ၁၂ခုမြောက်ပွင့်ချပ် ဖူးပွင့်တဲ့အချိန်မှ ဖြစ်လိမ့်မယ်။ လူသားကျင့်ကြံသူတွေက အလွန်ဆုံးမှ ပွင့်ချပ် ၁၂ခုပဲပွင့်နိုင်တာ။ ဒါအကန့်အသတ်ပဲ ဟုတ်တယ်မလား”
“ပွင့်ချပ် ၁၂ခုလား”
“ဒါက ကျုပ်ကြားဖူးတဲ့အရာပဲ။ ၁၂ခုမြောက်မွေးဖွားဇယားချပ်ကို အသက်သွင်းပြီးရင် ၁၁ခုမြောက်မွေးဖွားဇယားချပ်ကို အသက်သွင်းနိုင်တယ်။ ၂၄ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းပြီးရင် ဒုတိယသခင်လေး မွေးဖွားဇယားချပ်ကို အသက်မသွင်းဘဲ ပွင့်ချပ် ၁၁နဲ့ ၁၂ခု ဖူးပွင့်နိုင်တဲ့သူအကြောင်း တစ်ခါမှ မကြားဖူးဘူး” လုလီက တောင်းပန်စကားဆိုလိုက်၏။
ယွီရှန်းရုန်သည် ကိုးကားစရာအတွေ့အကြုံမရှိပေ။ သူက စွန့်ဦးတည်ထွင်သူ လမ်းကြောင်းသာ ဖြစ်နေတော့သည်။
“ဒီတော့ ၃၆ခုမြောက် မွေးဖွားဇယားချပ်ကို အသက်သွင်းပြီးရင် ပွင့်ချပ်မဖူးပွင့်နိုင်တော့ဘူးပေါ့”
“ကျုပ် မသိဘူး။ ပြောရရင် မွေးဖွားဇယားချပ် ၃၆ခုလုံးအသက်သွင်းနိုင်တဲ့ ကျင့်ကြံသူကို ဘယ်သူမှ မတွေ့ဖူးဘူး။ ရှေးစာအုပ်တွေထဲမှာလည်း မပါဘူး” ခုံဝမ်က ပြောလိုက်၏။
ခရုလေးက သိချင်စိတ်ဖြင့်မေးလိုက်၏။ “အထွတ်အထိပ်တည်ရှိမှုတွေတောင် မွေးဖွားဇယားချပ်၃၆ခု မရှိဘူးလား”
“အထွတ်အထိပ်တည်ရှိမှုတွေရဲ့နည်းလမ်းကို ကျုပ်မသိဘူး။ မျှော်နန်းသခင်ကို မေးရမှာပဲစိုးတယ်” ခုံဝမ်က လုကျိုးကို လှည့်ကြည့်လိုက်၏။
လူတိုင်းက လုကျိုးကို လှည့်ကြည့်လာတော့သည်။
“...”
လုကျိုး၏အမူအရာက အပြောင်းအလဲမရှိပေ။ သူ၏အသံက တိုးလျနေကာ ပြစ်တင်ရှုတ်ချမှုဖြင့် ပြောလိုက်၏။
“ဝါးနိုင်တာထက် ပိုမစားနဲ့။ လက်ရှိကို အာရုံစိုက်” မည်သူကမှ မေးခွန်းမထုတ်ရဲတော့ချေ။
မင်ရှစ်ရင်က ထိုစဉ် ဝင်ပြောလာသည်။
“အားလုံးအဆင်ပြေနေတယ်လို့ ကျွန်တော်ယုံကြည်တယ်။ အစက လမ်းကြောင်းမရှိဘူး။ လမ်းတွေကို လူတွေဖောက်တာပဲ။ ဒီတော့ အာ့ရှစ်ရှိုးက သူ့ကိုယ်ပိုင်လမ်းစဉ်ကို ဖောက်နိုင်မယ်လို့ ကျွန်တော်ယုံတယ်”
ယွီရှန်းရုန်က ခေါင်းညိတ်လျက်ယုံကြည်ချက်ရှိရှိပြုံးလိုက်သည်။
“မင်းရဲ့စကားအတွက် ကျေးဇူးပါပဲ။ တကယ်တော့ သမားရိုးကျကျင့်ကြံခြင်းရှိရင် ဒီလမ်းစဉ်ကို ပိုသဘောကျတယ်။ လမ်းစဉ်က လွယ်လွန်းနေရင် ငါ့ရဲ့ဓားကို တုံးသွားစေမှာ”
“...”
ခဏတာတိတ်ဆိတ်နေပြီးနောက် တွမ့်မူရှန်းက နယ်ရှင်လှံကို မြှောက်ကာပြောလိုက်၏။ "ကျွန် ကျွန်တော့်ခွန်အားက တတိယ ဒါမှမဟုတ် စတုတ္ထမွေးဖွားဇယားချပ်ကျင့်ကြံသူလောက် ရှိမယ်ထင်တယ်”
လုကျိုးက ခေါင်းညိတ်လိုက်၏။ တွမ့်မူရှန်းသည် သူ၏ ၁၁ခုမြောက်ပွင့်ချပ်မဖူးပွင့်သေးဘဲ တိုးတက်ရန်အတွက် အသက်ဓာတ်နှလုံးသားများ ဆက်လက်စုပ်ယူနေသေးသော်ငြား သူ၏အစစ်အမှန်တိုက်ခိုက်ရေးခွန်အားက တတိယ ဒါမှမဟုတ် စတုတ္ထမွေးဖွားဇယားချပ် ကျင့်ကြံသူတစ်ယောက်အဆင့်တွင်ရှိသည်။
ပြီးနောက် လုကျိုးက မင်ရှစ်ရင်ကို ကြည့်လိုက်သည်။
မင်ရှစ်ရင်က ပြောလိုက်သည်။ “ကျွန်တော်က ပါရမီရှင်မဟုတ်ဘူး။ ကျွန်တော့်မှာ မွေးဖွားဇယားချပ် ၄ခုပဲရှိတယ်”
“စစ်ရှစ်ရှိုး အဲ့ထက်ပိုတယ်မလား။ ဒါ့အပြင် ရှစ်ရှိုးက ဖျက်ဆီးခြင်းတိုင်လုံး အသိအမှတ်ပြုတာခံထားရပဲ” ရှောင်ယွမ်အာက ပြောလိုက်၏။
ထိုစဉ် ယွီရှန်းရုန်က ပြုံးလျက်ပြောလိုက်သည်။ "ကျွန်တော်ထင်တာမမှားရင် စစ်ရှစ်တိမှာ အနည်းဆုံးမွေးဖွားဇယားချပ် ၇ခုလောက် ရှိလောက်တယ်”
လူတိုင်းက ထိတ်လန့်သွားလေ၏။
“...”
မင်ရှစ်ရင်က ယွီရှန်းရုန်ကို အနေခက်စွာ ကြည့်လိုက်၏။ “အာ့ရှစ်တိ ဒီလိုပွင့်လင်းမှ ရမှာလား။ ကျုပ်ကို ခင်ဗျားရဲ့လေ့ကျင့်ရေးကိရိယာအဖြစ် အသုံးပြုပြီးပြီကို ဒါမျိုးဖော်ထုတ်မှရမှာလား”
“မွေးဖွားဇယားချပ် ၇ခုလား” လုကျိုးက မင်ရှစ်ရင်ကို ကြည့်လိုက်သည်။
မင်ရှစ်ရင်က အားတင်းပြုံးကာ ပြောလိုက်သည်။ "ရှစ်စွင်းကို တကယ်ဘာမှဖုံးကွယ်ထားလို့ မရဘူးပဲ။"
ရှောင်ယွမ်အာက ထိုစဉ် လုကျိုးဆီသို့စိတ်အားထက်သန်စွာ ခုန်ဝင်လာကာ ပြောလိုက်သည်။ “ရှစ်စွင်း တပည့်မှာ မွေးဖွားဇယားချပ် ၂ခုရှိပြီ။ အခုအာ့ရှစ်ရှိုးနားကပ်လာပြီ။ နောက်ထပ် ၅နှစ်နေရင် အာ့ရှစ်ရှိုးကို သေချာပေါက် ကျော်တက်မှာ”
ရှောင်ယွမ်အာဟု ၅နှစ်ဟု ဆိုသည့်အချိန် သူက သာမန်အချိန်စီးဆင်းမှုကို ဆိုလိုတာပဲဖြစ်၏။
ယွီရှန်းရုန်က အတန်ငယ်ပြုံးကာ ပြောလိုက်တော့သည်။ “ဆန္ဒရှိရင် နည်းလမ်းရှိတယ်။ ဒါပေမဲ့ ကျိုးရှစ်မေ့ရဲ့ပန်းတိုင်ဖြစ်ရတာ ပျော်တယ်”
ယွီကျန့်ဟိုင် “...” “ကျိုးရှစ်မေ့ အဲ့လိုလုပ်လို့မရဘူးလေ။ မင်းမှာ ရွှေကြာရှိနေတာ။ ဒီတော့ မင်းရဲ့အာ့ရှစ်တိနဲ့ မတူညီနဲ့ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်မှာရှိနေတာ”
ရှောင်ယွမ်အာက ခေါင်းကုတ်လိုက်သည်။ “တာ့ရှစ်ရှိုးပြောတာ မှန်ပုံပဲ”
လုကျိုးကပြောလိုက်သည်။ “တော်လောက်ပြီ။ ခရုလေးကော”
ခရုလေးက ပြောလိုက်သည်။ “ရှစ်စွင်း တပည့်လည်း ကျိုးရှစ်ကျဲလိုပဲ အချိန်ကြာကြာပိုယူရမှာ။ ဒါပေမဲ့ တပည့်ရဲ့ ဒုတိယမြောက်မွေးဖွားဇယားချပ် အသက်သွင်းနိုင်တော့မှာ”
မိန်းကလေးနှစ်ယောက်သည် အချိန်များစွာ အတူကုန်ဆုံးခဲ့သောကြောင့် သူတို့သည် တစ်ယောက်၏ကျင့်ကြံဆင့် လမ်းစဉ်ကို တစ်ယောက်ထောက်ပံ့ပေးနိုင်၏။ သူတို့နှစ်ယောက်လုံး၌ မွေးဖွားဇယားချပ် ၂ခုရှိသော်ငြား သူတို့ခွန်အားကြားကွာဟမှုသည် မိုးနဲ့မြေပမာပင်။ ထို့အပြင် ကွာဟချက်က အချိန်ကြာလာသည်နှင့်အမျှ ပိုသိသာလာလိမ့်မည်။
လုကျိုးက ခရုလေးကို ကြည့်ကာ ပြောလိုက်တော့သည်။ “မင်းက အစတုန်းက အမည်မသိကုန်းမြေကလို့ ငါတို့ပြောခဲ့ပေမဲ့ ကြည့်ရတာ အဲ့လိုမဟုတ်တဲ့ပုံပဲ”
ဤကာလအတွင်း ခရုလေးကလည်း ဤကိစ္စကို စဉ်းစားခဲ့ဖူးသည်။ သူမသည် သူမဇာစ်မြစ်အကြောင်း စုံစမ်းရန် စိတ်မလောတော့ဘဲ သဘာဝအတိုင်းထားရန် ဆုံးဖြတ်လိုက်၏။ သူမ အမည်မသိကုန်းမြေသို့ ရောက်လာချိန်မှ စပြီး သူမသည် ကြမ်းတမ်းသော ပတ်ဝန်းကျင်အနေအထားအကြောင့် သူမသည် ဤနေရာမှ ရောက်လာတာမတူဟု ခံစားမိသည်။
ထိုစဉ် လုဝူက ခေါင်းငုံ့လျက်ပြောလိုက်သည်။ “လူတစ်ယောက်ချဉ်းကပ်လာတယ်”
လူတိုင်းက လုဝူကို လှည့်ကြည့်လာ၏။
"ဘယ်သူလဲ။"
မင်ရှစ်ရင်က ထေ့ငေါ့ပြောလိုက်သည်။ "အမည်မသိကုန်းမြေက ဒီလောက်ကျယ်တာ ကျုပ်တို့ ဒီနေရာမှာရှိနေတာ အဲ့ဒီလူက လွဲပြီး ဘယ်သူသိမှာလဲ”
“ကျောင်းယွိလား"
…
အခန်း (၁၂၈၄) ယန်းနန်ကို သွားရောက်ခြင်း
လုကျိုးက ထိုအရာက ခေါင်းမမော့ခင် ခေါင်းညိတ်လိုက်သည်။
အားလုံးက လေထဲပျံသန်းလာကာ လုဝူနှင့်တန်းတူရပ်လိုက်ကြသည်။
လုကျိုးက အနောက်ဖက်ပိုင်းကို ကြည့်လိုက်သည့်အခါ လူလေးငါးယောက်ကို မြင်လိုက်ရ၏။ ထိုစဉ် လူငါးယောက်က ရောက်ရှိလာသည်။ ခေါင်းဆောင်လာသည့်သူက ပိုးသားငွေရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ကျောင်းယွိဖြစ်၏။
ကျောင်းယွိက ပျော်ရွှင်စွာပြောလိုက်သည်။
“လောင်ချန်းပေ့ ဒီမှာရှိနေသေးသားပဲ။ မတွေ့ရတာ သုံးနှစ်လောက်ကြာပြီလို့ ထင်နေတာ။ လောင်ချန်းပေ့ကို တကယ်ကို လွမ်းနေခဲ့တာ”
မင်ရှစ်ရင်က မျက်လုံးကို ဝေ့လိုက်၏။
“ငါ့ဆရာကို လာပြီးဖားမနေနဲ့။ မင်းရဲ့အဆင့်နဲ့ အမည်မသိကုန်းမြေကို လာရဲသေးတယ်လား။ ပြီးတော့ မျှခြေမညီမျှမှုက ပိုပြီးတော့ ဆိုးရွားလာတာကို အစားခံရမှာ မကြောက်ဘူးလား”
ကျောင်းယွိက လက်ဝေ့ကာ ပြောလိုက်၏။
“ကျုပ်က အမှားကနေ သင်ယူပြီးသွားပြီ။ ဒီတစ်ကြိမ် လုပ်ရည်ကိုင်ရည်ရှိတဲ့ စစ်သူကြီးတစ်ယောက်ကို ခေါ်လာတယ်လေ”
သူက အနည်းငယ်လှည့်ကာ သူ့နောက်မှလူများကို လှည့်ကြည့်လိုက်သည်။
“လာပြီးတော့ လောင်ချန်းပေ့ကို နှုတ်ဆက်လိုက်”
ထိုစဉ် မိစ္ဆာဝေဟင်မျှော်နန်းမှ လူများက ကျောင်းယွိနောက်တွင်ရပ်နေသည့် လူလတ်အရွယ်လူတစ်ယောက်ကို ကြည့်လိုက်ကြသည်။ သူက အရပ်ရှည်ရှည် ခပ်ထွားထွားဖြစ်ကာ အံ့မခန်းတည်ရှိမှုမျိုးပိုင်ဆိုင်ထား၏။ သူက မုတ်ဆိတ်မွှေးအနည်းငယ်ရှိပြီး သူ့မျက်လုံးများက ထိုးဖောက်လုမတတ် သတ်ဖြတ်ငွေ့တို့ကို သယ်ဆောင်ထားလေသည်။ သူက တပ်သားတစ်ယောက်၏ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး အနီရောင်အပေါ်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ဓားတစ်ချောင်းလွယ်ထားလေသည်။
“ကျုပ် နာမည်က ရှီချီရှု။ လောင်ချန်းပေ့နဲ့ပတ်သက်ပြီး အများကြီးကြားဖူးပါတယ်။ ဒီနေ့ တွေ့လိုက်မှပဲ ကျုပ် ကြားဖူးထားတဲ့အတိုင်း တကယ်ကို ထူးကဲနေတာပဲ”
ရှီချီရှု၏အသံက အင်မတန်အားကောင်းလှသည်။ သူက တိုက်ပွဲကွင်းပြင်နှင့် သွေးရနံ့များကို အသားကျနေသည့် လူဟောင်းတစ်ယောက်အသွင်ဖြစ်၏။
အားလုံးက ရှီချီရှုသည် မရိုးရှင်းကြောင်းပြောနိုင်လေသည်။
“အာ”
ရှီချီရှုက မင်ရှစ်ရင်ကို ရုတ်တရက်လှည့်ကြည့်လာ၏။
“ညီလေး မင်းရဲ့သတ်ဖြတ်ငွေ့က အတော်လေးအားကောင်းတာပဲ”
လုကျိုးက မင်ရှစ်ရင်ကို မျက်လုံးထောင့်မှ ကြည့်လိုက်သည်။ မင်ရှစ်ရင်၏ သတ်ဖြတ်ငွေ့က ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေသည်။
ထိုစဉ် ကျောင်းယွိက အလျင်စလိုပြောလာခဲ့သည်။
“စစ်သူကြီးရှီ မရိုင်းပါနဲ့”
“စစ်သူကြီးလား” လုကျိုးက ရှီချီရှုအား ကြည့်လိုက်သည်။
ရှီချီရှုက လက်နှစ်ဖက်ယှက်ကာပြောလိုက်၏။
“ကျုပ်က သိုင်းပညာရှင်တစ်ယောက်ပါပဲ။ ကျုပ်ရဲ့လောကဥပဒေက သိပ်ပြီးမကောင်းဘူး။ ဒါကို စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ်။"
လုကျိုးက ရှီချီရှုဆီမှ ကျောင်းယွိသို့ အာရုံပြောင်းလိုက်သည်။
“ငါ့ကို ဘာလို့လိုက်ရှာနေတာလဲ”
“ယဲ့ကျန့်က သေသွားပြီ” ကျောင်းယွိက ပြောလိုက်သည်။ လုကျိုးက အံ့အားသင့်ခြင်းမရှိ။ သူက ခေါင်းညိတ်လိုက်၏။
“အနည်းဆုံးတော့ သူတို့အတွက်ဘာကောင်းလဲဆိုတာ သိသွားတာပေါ့”
“ယန်နန်ကောင်းချီးနယ်မြေရဲ့ အကြီးအကဲလေးယောက်က လောင်ချန်းပေ့နဲ့တွေ့ချင်နေကြတာ။ ဒါပေမဲ့ လောင်ချန်းပေ့ကို ဘယ်လိုရှာရမလဲ မသိလို့ ကျုပ်ကို လာရှာတာ။ အဲ့ကြောင့်မလို့ ကျုပ်က ကိုယ်စားလာရှာပေးတာပဲ” ကျောင်းယွိက ရှင်းပြလိုက်သည်။
“ပြီးတော့ ဆရာသခင်ထောပါရဲ့သေဆုံးမှုအပြီးမှာ သူ့တပည့်တွေက ယန်နန်ကောင်းချီးနယ်မြေဆီ သွားပြီးတော့ သောင်းကျန်းခဲ့တယ်လေ။ ယန်နန်က အခု ဖရိုဖရဲအနေအထားရောက်နေတယ်”
မင်ရှစ်ရင်က ပြောလိုက်သည်။
“သူတို့နဲ့ထိုက်တန်တယ်”
“အဲ့လိုပဲပေါ့။ ထုံပါမျိုးနွယ်က ဆရာသခင်ထုံပါသေသွားတာကို မယုံနိုင်ကြဘူးလေ။ သူတို့က ရွှေကြာနယ်မြေအထိပါ လှုပ်ရှားလာလိမ့်မယ်လို့ ခံစားချက်ရနေတယ်” ကျောင်းယွိက ပြောလိုက်သည်။
လုကျိုးက မျက်မှောင်အသာကျုံ့လိုက်၏။
ကျောင်းယွိက ဆက်ပြောလိုက်သည်။ "ဆရာသခင် သူတို့က ဆရာသခင်ချင်နဲ့ အလုပ်တွဲလုပ်နေတယ်ဆိုတာ ကြားတယ်။ တကယ့်ကို မယုံကြည်နိုင်လောက်အောင်ပဲ”
“အိုး ... ချင်ရန်ယွဲ့က အတော်လေးသတ္တိကောင်းတာပဲ” မင်ရှစ်ရင်က ပြောလိုက်သည်။
“ချင်မျိုးနွယ်ရဲ့သခင်လေးက အဲ့ဒီမှာသေသွားတယ်လို့ ကြားတယ်လေ။ သူက လက်စားချေဖို့ အခွင့်အရေးရှာနေတာ။ သူက ...”
ကျောင်းယွိက ရုတ်ခြည်းဆိုသလို ရပ်တန့်သွား၏။ သူက မျက်လုံးအပြူးသားဖြင့် ရုတ်ခြည်း သဘောပေါက်သွားသည်။
“မဖြစ်နိုင်တာ။ ကျုပ် ထင်နေသလိုမျိုးမဟုတ်ဘူးလား”
“ဘာလို့မဟုတ်ရမှာလဲ” မင်ရှစ်ရင်က မျက်ခုံးပင့်ကာ ပြောလိုက်သည်။
“...”
ရှီချီရှုက စကားဝိုင်းအကြောင်း နားမလည်နိုင်ဖြစ်နေမိ၏။ လုကျိုးကလည်း မျက်မှောင်ကျုံ့လိုက်မိသည်။
ကံကောင်းစွာဖြင့် ကျောင်းယွိသည် သူ့ကို စောစောစီးစီး လာရှာခဲ့၏။ မဟုတ်ပါက သူသာ လအနည်းငယ်ဆက်လက်ကျင့်ကြံနေပါက သူ့ဇာတိဖျက်ဆီးခံလိုက်ရသည်ကို သိလိုက်မည်မဟုတ်ပေ။
လုကျိုးက ပြောလိုက်သည်။ ”
"မင်းတို့ဒီရောက်နေတယ်ဆိုမှတော့ ရှေ့ကနေလမ်းပြ”
ထိုစကားကိုကြားသော ကျောင်းယွိ၏အံ့အားသင့်နေသော အမူအရာပျောက်ကွယ်သွားသည်။ ထိုအစား သူ၏မျက်နှာအထက် အပြုံးတစ်ပွင့်ပေါ်ထွက်လာကာ ဦးညွှတ်ပြီးပြောလိုက်သည်။
“လောင်ချန်းပေ့တို့အားလုံးကို ရွှေကြာနယ်မြေအထိ ပို့ဆောင်ပေးနိုင်တဲ့အရာတစ်ခုရှိတယ်”
ထို့နောက် ကျောင်းယွိက သူ့ခါးတွင်ချိတ်ထားသည့် အိတ်ငယ်ထဲမှာ ရောင်စုံအလင်းများ ဝေ့ပတ်နေသည့် ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်။
“ဒါက ကိုး ရွှေရည်ကျောက်စိမ်းပြားအဆောင်ပဲ”
“ဒါက ရတနာပဲ” ခုံဝမ်၏အကြည့်များက တောက်ပလာလေ၏။
“ကျောက်စိမ်းပြားတစ်ခုချင်းစီက အတော်လေး အဖိုးတန်တယ်။ ကျုပ်လက်ထဲမှာ ရှိနေတဲ့အရာက မြို့တစ်ခုနဲ့လဲလို့ရတယ်” ကျောင်းယွိက ပြောလိုက်သည်။
ထိုစဉ် ရှီချီရှုက ဝင်ပြီးပြောလိုက်သည်။
“သခင်လေးက ဘာလုပ်နေတာလဲ”
“စစ်သူကြီးရှီ ဝင်မစွက်ဖက်နဲ့” ကျောင်းယွိက ရှီချီရှုကိုကြည့်ကာ ပြောလိုက်တော့သည်။
လုကျိုးက ကျောင်းယွိဆိုလိုရင်းကို ချက်ချင်းသဘောပေါက်လိုက်၏။ သူက မေးလိုက်၏။ “မင်းက ဘာလိုချင်တာလဲ”
ကျောင်းယွိအမူအရာက အလေးအနက်ဖြစ်သွားကာ ပြောလိုက်၏။
“နှင်းကြာပွင့်နဲ့ သွေးဂျင်ဆင်း”
“မင်းကတကယ်ကို အရှက်မရှိတာပဲ။ ငါတို့တွေ မပေးဘူးဆိုရင် ဘာလုပ်မှာလဲ။ ကျောက်စိမ်းပြားကိုသာ ပေးလိုက်စမ်း” မင်ရှစ်ရင်က ဝင်ပြောလိုက်သည်။
သူ အလျင်စလိုပြုမူတာကို တားဆီးဖို့ ရှီချီရှုက ဤနေရာကိုမလာခင် သူ့သခင်လေးဆီမှ ညွှန်ကြားချက်အမျိုးမျိုးဖြင့် သတိပေးလိုက်သည်။ အဆုံးသတ်၌ သူက အမူအရာအလေးအနက်ဖြစ်ကာ အကြည့်လွဲလိုက်၏။ သို့သော်လည်း သူ၏အကြည့်လွဲလိုက်သည့်အချိန် ဆရာသခင်လောက်အားကောင်းသည့် လုဝူနှင့်ရင်ဆိုင်လိုက်ရသည်။ သူက ကြောက်လန့်သွားပြီး ထခုန်လုမတတ်ဖြစ်သွားလေ၏။
ကျောင်းယွိက ပိုမိုသတ္တိကောင်းလာကာ ပြောလိုက်သည်။
“ကျုပ်က လူတွေကိုကယ်ဖို့ အဲ့ဒီအရာတွေကို လိုတာ။ တကယ်လို့ မဟုတ်ရင် လောင်ချန်းပေ့နဲ့ ဘယ်လိုညှိနှိုင်းရဲပါ့မလဲ။ လောင်ချန်းပေ့ သဘောတူဖို့ မျှော်လင့်ပါတယ်။"
ထို့နောက် ကျောင်းယွိက လေထဲတွင် ဒူးထောက်ကာ ကျောက်စိမ်းပြားကို လက်နှစ်ဖက်ဖြင့် ပေးလိုက်သည်။
မင်ရှစ်ရင်က ဤတစ်ကြိမ်တွင် ဘာမှမပြောတော့ပေ။ ထိုအစား သူ့ရှစ်စွင်းကိုသာ ကြည့်လိုက်၏။
လုကျိုး၏မျက်နှာအထက် လှိုင်းတွန့်တချို့ ပေါ်ထွက်လာလေ၏။ သူ စဉ်းစားနေသည့်အရာကို မည်သူကမှ မသိကြပေ။ ထိုစဉ် သူက အင်္ကျီလက်ကို ဝေ့ကာပြောလိုက်တော့သည်။
“ငါက မင်းဆီကနေ အခွင့်ကောင်းမယူပါဘူး”
ယန်ကျန်းလော့က လုကျိုး၏ဆိုလိုရင်းကို နားလည်ကာ နှင်းကြာပွင့်နှင့် သွေးဂျင်ဆင်းတစ်ခုစီပေးလိုက်သည်။
ကျောင်းယွိက ထိုပစ္စည်းနှစ်ခုကို လက်ခံရရှိသည့်အခါ မျက်လုံးများနီရဲသွားရသည့် အကြောင်းအရင်းကိုမူ မည်သူမှ မသိကြပေ။ သူက အနည်းငယ်စိတ်လှုပ်ရှားနေပြီး သေချာဂရုတစိုက် သိမ်းဆည်းလိုက်၏။ ထို့နောက် သူက ကျောက်စိမ်းပြားကို ယန်ကျန်းလော့ဆီပေးလိုက်သည်။
ရှီချီရှုက နှင်းကြာပွင့်နှင့် သွေးဂျင်ဆင်းကို မြင်သောအခါ အံ့ဩသွားလေသည်။
“အသုံးပြုတဲ့အခါ ဒီကျောက်စိမ်းပြားကို ခြေမွပစ်ဖို့ပဲလိုတယ်။ ဒါပေမဲ့ လုဝူက အရွယ်အစားကြီးမားလွန်းတော့ ကူးသန်းပြောင်းရွှေ့ဖို့ မလွယ်လောက်ဘူး။ တကယ်လို့ လူအရေအတွက်ကို လျော့ချမယ်ဆိုရင်တော့ သူကောလိုက်လာဖို့ ပြဿနာမရှိလောက်ဘူး”
လုဝူက ပြောလိုက်သည်။ ”
"ငါက တနေရာရာသွားဖို့ ပျင်းတယ်”
တွမ့်မူရှန်းက လုဝူ၏ကျောပေါ်မှဆင်းကာ တခြားသူနားရပ်လိုက်သည်။ ထို့နောက် နတ်ခြင်္သေ့နှင့်ချုံချီအပါအဝင် အားလုံးက ယန်ကျန်းလော့ဘေးတွင်ရပ်လိုက်ပြီး ကျောက်စိမ်းပြားကို ခြေမွလိုက်ကြ၏။
ကျောက်စိမ်းပြားက အဖြူရောင်အလင်းတန်းအသွင် ပြောင်းလဲသွားကာ လူအုပ်စုရှေ့ရောက်ရှိလာပြီး အလင်းစက်ဝန်းအသွင် ပြောင်းလဲသွားသည်။ အလင်းတန်းက ကောင်းကင်အထက် မြင့်တက်သွားကာ လူအုပ်စုကို လွှမ်းခြုံသွား၏။ အလင်းတိုင်လုံးပျောက်ကွယ်သွားသည့်အခါ အားလုံးက ပျောက်ကွယ်သွားကြသည်။ လုဝူက ဗလာကျင်းနေသည့် ကောင်းကင်ကြီးကို ကြည့်လိုက်၏။
ထို့နောက် ထိုအရာကလှည့်ကာ တောအုပ်မဟုတ်တော့သည့် တောအုပ်ထဲ လှည့်ကြည့်လိုက်သည်။
...
၁၅မိနစ်ကြာမြင့်ပြီးသည့်နောက်တွင် အားလုံးက တိမ်တိုက်ရင်ပြင်ရှေ့ ရောက်ရှိလာ၏။
နေက ကောင်းကင်ယံမြင့်တက်နေကာ ကောင်းကင်ကြီးက အပြာရောင်ဖြစ်နေသည်။
“ရှစ်စွင်း အဲဒါ နေပဲ” ရှောင်ယွမ်အာက ကောင်းကင်ကိုလက်ညှိုးထိုးကာ ပြောလိုက်တော့၏။ သူမက အတော်လေး စိတ်လှုပ်ရှားနေသည်။
အမည်မသိကုန်းမြေတွင် ပိတ်မိခံနေရသည့် ခံစားချက်က ယခုအခါ နေအလင်းရောင်ကြောင့် ချက်ချင်းဆိုသလို ပျောက်ကွယ်သွားလေ၏။
အားလုံးက လောဘတကြီးဖြင့် နေပူဆာလှုံလိုက်ကြသည်။
“ဒါက အစိမ်းရောင်ကြာနယ်မြေပဲ။ ဒါက တော်ဝင်မိသားစုရဲ့ တိမ်တိုက်ရင်ပြင် ဒါပေမဲ့ ကျောက်စိမ်းပြားအဆောင်ရဲ့ ရှားပါးမှုကြောင့် ဘယ်သူကမှ မသုံးနိုင်ကြဘူး။ အဲဒါကြောင့် ကောင်းကောင်းလုပ်မထားရသေးဘူး။ ရထားလုံးပျံတစ်ခုကို ကြိုတင်ပြင်ဆင်ထားတယ်။ အားလုံး ကျုပ်နဲ့လာပါ” ကျောင်းယွိက ပြောလိုက်၏။
တိမ်တိုက်ရင်ပြင်မှ ထွက်ပေါက်ရှေ့တွင် ရထားလုံးပျံတစ်ခုရှိနေ၏။ ရထားလုံးပျံက သိပ်မကြီးမားဘဲ လူဒါဇင်ချီကို အလွယ်တကူ သယ်ဆောင်နိုင်သည်။
မိစ္ဆာဝေဟင်မျှော်နန်းမှ လူများက ရထားလုံးပျံဆီသွားလိုက်ကြသည်။
ထိုစဉ် ရှီချီရှုက ကျောင်းယွိလက်ကိုဆွဲကာ ပြောလိုက်တော့သည်။
“သခင်လေးကျောင်း တော်ဝင်မိသားစုက နောက်ဖြစ်ပျက်လာတဲ့ကိစ္စကို ပါဝင်ပတ်သက်မှာ မဟုတ်ဘူး”
“ဒါက ...”
ကျောင်းယွိက ပြဿနာတက်နေဟန်ပေါ်သည်။
ရှီချီရှုက ဆက်ပြောလိုက်သည်။
“ကျုပ်တို့ဆီမှာ နှင်းကြာပွင့်၊ သွေးဂျင်ဆင်းနဲ့ မီးကြာပွင့်တို့ရှိပြီ။ အသက်ကိုကယ်ဖို့က ဒါကထက်ပိုပြီး အရေးကြီးတယ်”
ကျောင်းယွီက နှင်းကြာပွင့်နှင့် သွေးဂျင်ဆင်းကို ထုတ်ကာ ရှီချီရှုဆီပေးပြီးပြောလိုက်တော့သည်။
“သူတို့ကို ယူသွားလိုက်ပါ။ ကျုပ်က လောင်ချန်းပေ့တို့နောက် လိုက်သွားလိုက်မယ်”
“အဲဒါက မသင့်တော်လောက်ဘူးလို့ထင်တယ်။ မင်းကို ဘေးကင်းကင်းပြန်ခေါ်လာမယ်လို့ ကတိပေးထားတာ” ရှီချီရှုက ပြောလိုက်သည်။
ထိုစဉ် ကုန်းပတ်ပေါ်တက်နေသည့် လုကျိုးက လှမ်းခေါ်လိုက်၏။
“ကျောင်းယွိ”
“ကျုပ် လာပြီ”
ကျောင်းယွိက ရှီချီရှု၏လက်မှ ရုန်းထွက်ကာ ပြောလိုက်သည်။
"စိတ်မပူနဲ့ ကျုပ် အဆင်ပြေမှာပါ”
ထိုသို့ဖြင့် ကျောင်းယွိက ရထားလုံးပျံပေါ် ရောက်ရှိသွားလေသည်။ ရထားလုံးပျံက ကောင်းကင်အထက် မြင့်တက်လာပြီး ယန်နန်ကောင်းကင်ကို ဦးတည်လိုက်သည်။
ရထားလုံးပျံက တိမ်တိုက်ထဲ နောက်တွင် ရှီချီရှုက နှင်းကြာပွင့်နှင့် သွေးဂျင်ဆင်းကိုကြည့်ကာ ပြုံးလိုက်တော့၏။ ထို့နောက် သူက သွေးဂျင်ဆင်းကိုယူကာ အားရပါးရကိုက်စားလိုက်သည်။
“လူငယ်လေး မင်းက ဘာမှမသိသေးပါဘူး”
ရှီချီရှုက သူ့ခန္ဓာကိုယ်ထဲမှ စွမ်းအားမြှင့်တက်လာသည်ကို ခံစားမိပြီး သူ့ကိုယ်သူရေရွတ်လိုက်၏။
“မယုံနိုင်စရာပဲ တကယ့်ကို သွေးဂျင်ဆင်းအစစ်ပဲ”
ထို့နောက် သူက နှင်းကြာပွင့်နှင့် ကျန်ရှိနေသေးသည့် သွေးဂျင်ဆင်းကို သိမ်းဆည်းကာ မျက်စိတစ်မှိတ်အတွင်းပျောက်ကွယ်သွားလေသည်။