အခန်း (၁၃၇၃-၁၃၇၄)
Vol. 138 Ch. 1373-1374
အခန်း (၁၃၇၃) - ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် အလယ်အလတ်
မည်သည့်အချိန်မှစ၍မှန်းမသိ၊ ဟင်းလင်းပြင်ကျယ်ကြီးထဲတွင် အနည်းငယ်သာရှိသော ကြယ်တာရာများသည် တဖြည်းဖြည်း များပြားလာခဲ့သည်။
တစ်ချိန်တည်းမှာပင် ဖန့်ချန်တို့အဖွဲ့သည် အသက်ရှိသော ဟင်းလင်းပြင်သားရဲ တစ်ကောင်ကို ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရသည်။
၎င်းပေါ်လာသည့်အချိန်တွင် မည်သည့်အရိပ်အယောင်မျှမရှိဘဲ အဖွဲ့ကြီး၏ရှေ့တွင် ဟာကွက်လပ်ထဲမှ ဝုန်းခနဲ ပေါ်လာခြင်းဖြစ်သည်။
၎င်းသည် ဟင်းလင်းပြင်ထဲတွင် ရုပ်ခန္ဓာဖြင့် ရပ်တန့်နေပြီး တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များသည် ပေပေါင်းသောင်းချီ ရှည်လျားလှသည်။
အဖွဲ့ကြီးတစ်ခုလုံးသည် ထိုသားရဲကြီးရှေ့တွင် ခြံထွက်ပုရွက်ဆိတ်ငယ်များကဲ့သို့ သေးငယ်လွန်းလှသည်။
ထိုသားရဲကြီးနှင့် တိုးသည့်အခါ လီရှမ်းဇီတို့သည် ချက်ချင်းပင် ဆုံးဖြတ်ချက်ချကာ အရှိန်အပြည့်ဖြင့် ထိုနေရာမှ အမြန်ဆုံး ရှောင်ကွင်းထွက်ပြေးခဲ့ကြသည်။
သားရဲကြီး တုံ့ပြန်ရန် အချိန်မရခင်မှာပင် အဖွဲ့ကြီးသည် အရိပ်အယောင်ပင်မကျန်အောင် ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
သူက တိုက်ခိုက်တာမျိုး မလုပ်ခဲ့ပေမဲ့ သူ့ဆီက ထွက်နေတဲ့ စွမ်းအားက... အမှန်တကယ်ပဲ ဟင်းလင်းပြင်စွမ်းအား ဖန့်ချန်၏ စိတ်ထဲမှ အတွေးကို အတည်ပြုလိုက်နိုင်သည်။
လူတိုင်း ခေါ်ဆိုနေကြသည့် ဟင်းလင်းပြင်သားရဲများ၏ စွမ်းအားသည် ရှုကျင်းထော် က ဟင်းလင်းပြင်ကို ဖောက်ထွင်းပြီး ဟင်းလင်းပြင်လောက မှ ရရှိသည့် စွမ်းအားနှင့် တစ်ထပ်တည်းကျနေသည်။
ရှုကျင်းထော် က ရှေးယခင်ကနေ အခုအထိ ပထမဆုံးလူသားတော့ မဟုတ်တာ သေချာသွားပြီ။
ဟင်းလင်းပြင်စွမ်းအားက အမြဲတမ်း ရှိနေခဲ့တာပဲ၊ ဒါပေမဲ့ မသေမျိုးလမ်းစဉ်က ဒီနယ်ပယ်နဲ့ မထိတွေ့ခဲ့တာပဲ ဖြစ်မယ်။
ဒါပေမဲ့ ရှုကျင်းထော် က သာမန်လူသားခန္ဓာကိုယ်နဲ့ ဟင်းလင်းပြင်ကို ဖောက်ထွင်းပြီး ဟင်းလင်းပြင်လောကနဲ့ ဆက်သွယ်နိုင်တာကတော့ သူ့ရဲ့ပါရမီဟာ လူသားဘုံကိုးခုရဲ့ ထိပ်သီးအဆင့်လို့ ပြောလို့ရတယ်
ဖန့်ချန်၏ အတွေးများ နက်နဲလာသည်။
လီရှမ်းဇီက ထိုသားရဲကြီးကို ရင်ဆိုင်ရဲခြင်းမရှိဘဲ ရှောင်ကွင်းသွားသည့် အမူအရာကို ကြည့်ခြင်းအားဖြင့် ဟင်းလင်းပြင်စွမ်းအားစနစ်သည် မသေမျိုးလမ်းစဉ်စနစ်ထက် မနိမ့်ကျကြောင်း သက်သေပြနေသည်။
ရှုကျက်းထော် လျှောက်လှမ်းနေသည့် လမ်းစဉ်သည် မမှားပေ၊ ဤလမ်းစဉ်သည် အလားအလာ အလွန်ကြီးမားလှသည်။
ယခုအခါ ယင်လောက ရှိ သိုင်းနတ်ဘုရားဌာန ကို တည်ထောင်ခဲ့သည်မှာ နှစ်အနည်းငယ် ရှိပြီဖြစ်ရာ ရှုကျင်းထော်၏ ဦးဆောင်မှုအောက်တွင် လူအများအပြား ထိုလမ်းစဉ်ကို စတင်လျှောက်လှမ်းနေကြပြီ ဖြစ်သည်။
ဝိညာဉ်သုတ်သင်ခြင်းဌာန၏ အကြီးအကဲ ရှောင်းလန် သည်လည်း ထိုသူများထဲမှ တစ်ဦးဖြစ်သည်။
မသေမျိုးလမ်းစဉ်၊ ယန်ဝိညာဉ်၊ ယင်ဝိညာဉ်၊ ဟင်းလင်းပြင်စွမ်းအား... ဖန့်ချန် စိတ်ထဲတွင် သက်ပြင်းချမိသည်။
မသိလိုက်ဘဲ သူပိုင်ဆိုင်ထားသည့် စွမ်းအားများထဲတွင် နယ်ပယ်အသီးသီး ပါဝင်နေပြီဖြစ်သည်။
ယန်ဝိညာဉ်ဘက်တွင် သူ့အဖိုးတို့ ရှိသည်။
ယင်ဝိညာဉ်ဘက်တွင် ရှစ်လုံ တို့ ရှိသည်။
မသေမျိုးလမ်းစဉ်ကတော့ ပြောနေစရာပင် မလိုချေ။
ဟင်းလင်းပြင်စွမ်းအားတွင်လည်း ရှုကျင်းထော်ကဲ့သို့ တကယ့်ပါရမီရှင်က ဖွံ့ဖြိုးအောင် လုပ်ဆောင်နေသည်။
ဒီကိစ္စတွေပြီးရင် အခွင့်အရေးရရင် ရှုကျင်းထော်ကို ဒီကို ခေါ်လာပြီး ဟင်းလင်းပြင်သားရဲတွေကို ပြရမယ်၊ သူ တစ်ခုခု ထပ်ပြီး နားလည်သွားနိုင်တယ်
တစ်နှစ်တာအချိန်သည် တိတ်တဆိတ် ကုန်ဆုံးသွားခဲ့သည်။
မသေမျိုးလှေကို မောင်းနှင်ရန်အတွက် ဝိညာဉ်စွမ်းအားများ လိုအပ်ခြင်းနှင့် အခြားသော ကိုယ်ပွားများဆီမှ ရံဖန်ရံခါ စွမ်းအားများ ပြန်လည်ရောက်ရှိလာခြင်းတို့ကြောင့် ဖန့်ချန်၏ ကျင့်ကြံခြင်းသည် မသိလိုက်ဘဲ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် အစောပိုင်း ၏ ထိပ်ဆုံးသို့ ရောက်ရှိသွားပြီး ဘေးဒုက္ခသည်လည်း မည်သည့်အရိပ်အယောင်မျှမပြဘဲ ကျရောက်လာခဲ့သည်။
သူသည် ထိုဘေးဒုက္ခကို ဝမ်ချွမ်း မြစ်၏ အကူအညီဖြင့် မခုခံဘဲ မိမိ၏ ကိုယ်ပိုင်စွမ်းရည်ဖြင့်သာ ကျော်ဖြတ်ခဲ့သည်။
ထို့ကြောင့် သူ၏ကျင့်ကြံခြင်းသည် ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် အလယ်အလတ် သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။
ထိုအဖြစ်အပျက်ငယ်လေးသည် ကြီးမားလှသော အဖွဲ့ကြီးထဲတွင် ထူးဆန်းသည့် ကိစ္စမဟုတ်ပေ။
ဖန့်ချန် ဘေးဒုက္ခမကျော်ဖြတ်မီကပင် ယွီထျန်းကော်သည် ဘေးဒုက္ခကို ကျော်ဖြတ်ခဲ့ပြီး ဖြစ်သည်။
သူသည် ဖန့်ချန်ထက်ပင် စော၍ အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားခြင်းဖြစ်သည်။
သူ ထိုမျှ မြန်ဆန်ရခြင်းမှာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများနှင့် နတ်ဆေးလုံးများကြောင့် ဖြစ်ပေလိမ့်မည်။
ဖန့်ချန် ဘေးဒုက္ခကျော်ဖြတ်ပြီး မကြာမီမှာပင် ကြာနီနတ်မိမယ်ငယ်နှင့် အခြားသူများသည်လည်း ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်သို့ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြသည်။
သူတို့သည် နဂိုကတည်းက ဘေးဒုက္ခနှင့် မဝေးတော့သူများဖြစ်ပြီး စစ်ဆေးပွဲပြီးနောက် ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် အခြေခံကို ခိုင်မာအောင် လုပ်ဆောင်ခဲ့ကြသဖြင့် ထိုအဆင့်သို့ ရောက်ရှိခြင်းမှာ ရေအလျဉ်အတိုင်း စီးဆင်းသလိုပင် ဖြစ်သည်။
"ဝူရှန့်ငရဲဘုံကို ရောက်ဖို့ ဘယ်လောက်တောင် လိုသေးတာလဲမသိဘူး၊ တကယ်လို့ အသွားအပြန်က နှစ်ပေါင်း တစ်ရာလောက် ကြာမယ်ဆိုရင် အဖွဲ့ခေါင်းဆောင်ရဲ့ ပါရမီနဲ့ဆို တက်လှမ်းခြင်းအဆင့် ကိုတောင် ရောက်သွားတော့မှာပဲ"
လူအနည်းငယ် စုထိုင်ပြီး စကားစမြည်ပြောနေကြစဉ် လင်းယွမ်က ဖန့်ချန်ကို အားကျသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်သည်။
ဖန့်ချန် ပြင်းပြင်းထန်ထန် ကျင့်ကြံနေသည်ကို မမြင်ရဘဲ ကျင့်ကြံခြင်းအဆင့်က ထိုမျှမြန်ဆန်နေခြင်းကို ပါရမီထူးချွန်လွန်းခြင်းဟုသာ အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။
"နှစ်ပေါင်း တစ်ရာလောက်တော့ မကြာလောက်ပါဘူး၊ ဒါပေမဲ့ နှစ်အနည်းငယ်တော့ ကြာဦးမယ် ထင်တယ်၊ ဒါက နံပါတ် (၁၅၇) တားမြစ်နယ်မြေရဲ့ ဗဟိုချက်ပဲလေ"
ယွီဝူရှီးက သုံးသပ်ပြသည်
"တကယ်လို့ ကျုပ်တို့ရဲ့ ယွမ်လုံနံပါတ်လှေ အရှိန်နဲ့သာဆိုရင်တော့ နှစ်ပေါင်း ထောင်ချီ ကြာနိုင်တယ်"
"ဒါဆိုရင် ကျုပ်တို့လို အပြင်စည်း ကျင့်ကြံသူတွေဟာ အစွန်အဖျားမှာပဲ စူးစမ်းနိုင်ပြီး ဗဟိုချက်ကို လုံးဝ မရောက်နိုင်ဘူးပေါ့၊ ဥပမာ ကျုပ်တို့ အခုရောက်နေတဲ့ နယ်မြေဆိုရင် ကြယ်တာရာမြေပုံ ပေါ်မှာတောင် မပြထားဘူး"
လင်းယွမ်က ဆိုသည်။
မုံချင့်လင်က လှောင်ပြုံးပြုံးလိုက်ပြီး
"ဒါပေါ့၊ မဟုတ်ရင် ဘာလို့ အပြင်စည်းကျင့်ကြံသူလို့ ခေါ်မလဲ ဒါကြောင့်လည်း အမာခံတပည့် ဖြစ်ချင်ကြတာပေါ့၊ ကျမ တို့ရဲ့ ကြာနီမိတ်ဆွေရဲ့ အိပ်မက်ကလည်း အမာခံတပည့် ဖြစ်ဖို့ပဲ မဟုတ်လား"
ကြာနီနတ်မိမယ်ငယ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး အေးစက်စွာ ဆိုသည်
"တကယ်လို့ ငါ အမာခံတပည့် ဖြစ်သွားရင် မင်းကို အရင်ဆုံး မောင်းထုတ်မယ်"
"အမာခံတပည့် မဖြစ်သေးခင်ကတည်းက ငါ့ကို မောင်းထုတ်ဖို့ တွေးနေတာလား "
မုံချင့်လင်က နှာခေါင်းရှုံ့လိုက်သည်
"ဒါဆို အခုပဲ လက်ရည်စမ်းကြည့်ကြမလား "
"လျှောက်မလုပ်နဲ့၊ မသေမျိုးလှေသာ ပျက်စီးသွားရင် ငါတို့ သူများဆီမှာ ခိုကပ်နေရလိမ့်မယ်"
ဖန့်ချန်က သတိပေးလိုက်သည်။
အမျိုးသမီးနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ ဟင်းလင်းပြင်ထဲတွင် လျှပ်စီးများ လက်သွားသကဲ့သို့ပင်။
ထို့နောက်တွင်တော့ တစ်ဖက်သို့ မျက်နှာလွှဲလိုက်ကြပြီး တစ်ဦးကိုတစ်ဦး စကားမပြောတော့ချေ။
တက်လှမ်းခြင်းအဆင့်ကို ရောက်ရင် နတ်ဆေးပင်ကို သုံးလို့ရပြီ။
တကယ်လို့ ငါက အဆင့် ၁ မသေမျိုးလမ်းစဉ်ရဲ့ နတ်ဆေးပင်ကို ပြင်ဆင်ထားမယ်ဆိုရင် ဒီတက်လှမ်းခြင်းအဆင့်မှာ အချိန်အကြာကြီး နေစရာမလိုဘူး။
အမြန်ဆုံးဆို နှစ်သုံးဆယ်၊ နောက်ကျရင်တောင် နှစ်ငါးဆယ်၊ ခြောက်ဆယ်ဆိုရင် မသေမျိုး ဖြစ်နိုင်ပြီ။ ဒါပေမဲ့... ဘယ်မသေမျိုးလမ်းစဉ်ကို ရွေးရမလဲ...
"တပည့်ရေ... အမာခံတပည့် နှစ်ယောက်က မင်းတို့ အသုတ်ရဲ့ ပါရမီရှင်တွေကို လက်ရည်စမ်းခိုင်းချင်နေတယ်။ ပျင်းစရာကောင်းတဲ့ ခရီးလမ်းမှာ အပျော်အပါးလေး ဖြစ်တာပေါ့၊ ငါနဲ့ လိုက်ခဲ့"
လင်းတုန်းသည် မသေမျိုးလှေပေါ်သို့ ရောက်လာပြီး စကားတစ်ခွန်း ချန်ထားကာ ဖန့်ချန်ကို နဂါးနက်လှေဆီသို့ ခေါ်သွားသည်။
"ဪ... မင်းတို့တွေလည်း လိုက်ခဲ့လို့ ရတယ်"
ယွီဝူရှီးတို့သည် ထိုစကားကို ကြားသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှားစွာဖြင့် နောက်က လိုက်သွားကြတော့သည်။
ထိုအချိန်တွင် ကျင့်ကြံသူ အများအပြားသည် နဂါးနက်လှေဆီသို့ စုရုံးလာကြရာ ယွီထျန်းကော်တို့လည်း ပါဝင်သည်။
"ညီငယ်လေးကတော့ အခွင့်ကောင်းနဲ့ တိုးတာပဲ၊ ငါတို့ အသုတ်တုန်းက ဘယ်အမာခံတပည့်ကမှ ဂရုမစိုက်ခဲ့ဘူး"
ဝမ်ရွှမ်သည်လည်း လူများကို ဦးဆောင်ကာ နဂါးနက်လှေဆီသို့ ပျံသန်းရင်း ရွှီချန့်ကို ပြုံးရွှင်စွာ ပြောလိုက်သည်။
"အခွင့်ကောင်းလို့တော့ ပြောလို့မရသေးဘူး၊ ရင်ဆိုင်ရမယ့် ပြိုင်ဘက်တွေထဲမှာ ငွေဖြူရောင်ကျောက်စိမ်းပြား ရထားတဲ့ ပါရမီရှင်တွေ သေချာပေါက် ပါမှာပဲ"
ရွှီချန့်က ဆိုသည်။
"မျက်နှာပြခွင့်ရရင်ပဲ နိုင်ရှုံးက အရေးမကြီးတော့ပါဘူး၊ ငါသာ အဲဒီလို အခွင့်အရေးမျိုး ရခဲ့ရင် သိပ်ကောင်းမှာပဲ"
ဝမ်ရွှမ်က သက်ပြင်းချရင်း ရေရွတ်လိုက်သည်။
ရွှီချန့်သည် သူမ၏ စီနီယာအစ်ကိုကို မကြည့်ဘဲ မနေနိုင်တော့ချေ။
ထိုစီနီယာအစ်ကို၏ ရည်မှန်းချက်ကို သူမ သိသည်။
သူသည် လင်းတုန်းကဲ့သို့ အစွန်အဖျားဂြိုဟ်ကို စောင့်ကြပ်သူ မဖြစ်လိုဘဲ အစကတည်းက ကျွယ်မင်နန်းတော်၏ အမာခံတပည့်ဖြစ်ကာ အရင်းအမြစ်များစွာဖြင့် လေ့ကျင့်သင်ကြားပေးခြင်းကို ခံယူလိုသူ ဖြစ်သည်။
နဂါးနက်လှေပေါ်တွင် ကျင့်ကြံသူများ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြရာ ဖန့်ချန်သည်လည်း သူ၏ စီနီယာမောင်နှမများကို ပထမဆုံးအကြိမ် စုံစုံလင်လင် မြင်တွေ့လိုက်ရသည်။
ဝမ်ရွှမ်၊ ရွှီချန့်နှင့် အခြားသုံးဦး၊ အားလုံး၏ ခါးတွင် ကြေးနီရောင်ကျောက်စိမ်းပြားများ ရှိနေကြသည်။
ငါးယောက်စလုံးက ဖန့်ချန်ကို နှုတ်ဆက်ကြသော်လည်း အလွန်အမင်း ရင်းနှီးသည့်ပုံစံမျိုးတော့ မဟုတ်ချေ။
ဤသည်မှာလည်း သဘာဝပင်။
သူတို့သည် ငယ်စဉ်ကတည်းက အတူတူ ကျင့်ကြံလာကြသည့် ညီအစ်ကိုများ မဟုတ်ဘဲ ကျွယ်မင်နန်းတော်သို့ ဝင်ရောက်ပြီးမှ လင်းတုန်း၏ အသိအမှတ်ပြုမှုကို ရရှိကာ တစ်လမ်းချင်းမှ လာပြီး တပည့်ဖြစ်လာကြသူများ ဖြစ်သည်။
လင်းတုန်းကိုယ်တိုင်ပင်လျှင် သူတို့ကို တပည့်အစစ်အမှန်ကဲ့သို့ သဘောမထားဘဲ ရင်းနှီးမြှုပ်နှံမှုတစ်ခုကဲ့သို့သာ သဘောထားခြင်း ဖြစ်ပေလိမ့်မည်။
"တပည့်... မင်း ဒီတစ်ခေါက် သေချာ ပြသရမယ်။ လီအမာခံနဲ့ ကျိအမာခံတွေက ကျွယ်မင်နန်းတော်မှာ အဆင့်အတန်း မနိမ့်ဘူး။ တကယ်လို့ သူတို့ မျက်စိကျသွားရင် နောက်နောင် အလားအလာ အရမ်းကောင်းမှာ"
လင်းတုန်းက ဖန့်ချန်ကို ပြုံးရွှင်စွာ သတိပေးလိုက်သည်။
"တပည့် အစွမ်းကုန် ကြိုးစားပါ့မယ်"
ဖန့်ချန်က ဆိုသည်။
"အင်း... အစွမ်းကုန် ကြိုးစားရင် ရပြီ၊ ဒီတစ်ခေါက် တကယ့် ပြိုင်ပွဲကတော့ နှစ်ဖက်စလုံးက ငွေဖြူရောင်ကျောက်စိမ်းပြားရှင်တွေကြားမှာပဲ"
လင်းတုန်းက ရယ်မောရင်း ပြောလိုက်သည်။
ကြီးမားလှသော နဂါးနက်လှေပေါ်တွင် နယ်မြေအသီးသီးမှ လာသော ကျင့်ကြံသူများဖြင့် ပြည့်နှက်နေသည်။
သူတို့အားလုံးမှာ လာရောက် ကြည့်ရှုသူများသာ ဖြစ်သည်။
ယခုအခါ ဤအသုတ်မှ အပြင်စည်းကျင့်ကြံသူပေါင်း တစ်ရာကျော်ခန့် ရှိနေပြီး ထိုအထဲတွင် ငွေဖြူရောင်ကျောက်စိမ်းပြားရှင် အနည်းငယ်ကိုလည်း မြင်တွေ့နေရပြီဖြစ်သည်။
"လူတွေကို ခေါ်လာခဲ့ကြ"
လီရှမ်းဇီ၏ အသံ ဟိန်းထွက်လာတော့သည်။
အခန်း (၁၃၇၄) - အားနာပါတယ် မိတ်ဆွေယွီ
ကျင့်ကြံသူ စုစုပေါင်း တစ်ရာကျော်ကို လူအချို့က လီရှမ်းဇီနှင့် ထိုလူငယ်လေးရှေ့သို့ ခေါ်ဆောင်လာကြသည်။
လူအားလုံး၏ အကြည့်များသည် သူတို့အပေါ်သို့ တညီတညွတ်တည်း ကျရောက်နေကြသည်။
အများစုမှာ ယွီထျန်းကော် နှင့် အခြား ငွေဖြူရောင်ကျောက်စိမ်းပြားရရှိထားသော ပါရမီရှင်နှစ်ဦးကို အကဲခတ်နေကြခြင်း ဖြစ်သည်။
“ခင်ဗျားတို့က စူးစမ်းလေ့လာရေးမှာ မပါဝင်တော့ဘူးဆို... ဘာလို့ ဒီရောက်နေတာလဲ”
လင်းယွမ်သည် ရင်းနှီးသော မျက်နှာအချို့ကို မြင်လိုက်ရသဖြင့် မနေနိုင်ဘဲ အသံလွှင့်ကာ မေးမြန်းလိုက်သည်။
ထိုသူတို့မှာ မျက်နှာအနည်းငယ် နီမြန်းသွားကြပြီး လင်းယွမ်ကို ပြန်မဖြေဘဲ နေလိုက်ကြသည်။
လီရှမ်းဇီသည် ဖန့်ချန်လည်း ရှိနေသည်ကို မြင်သောအခါ အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်ပြီးနောက် ပြုံးလျက် ဆိုသည်
“ဒီတစ်ခေါက် အပြင်စည်းကျင့်ကြံသူတွေထဲမှာ အများစုက ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်ကို တက်လှမ်းပြီးကြပြီ၊ အချို့ဆို အလယ်အလတ်အဆင့်တောင် ရောက်နေပြီပဲ။ ကျိညီလေး... မင်း ဘယ်လိုထင်လဲ ဒီလူတွေကိုပဲ လက်ရည်စမ်းခိုင်းမလား၊ ဒါမှမဟုတ် အောက်က တာအိုပေါင်းစည်းခြင်းအဆင့် တွေကိုပါ ပြိုင်ခိုင်းမလား ”
လင်းယွမ်တို့အဖွဲ့မှာ အသက်ရှူသံများ ပြင်းထန်လာကြသည်။
အကယ်၍ ထိုလက်ရည်စမ်းပွဲတွင် ထူးထူးခြားခြား စွမ်းဆောင်နိုင်ခဲ့ပါက နောင်ရေးအတွက် များစွာ အထောက်အကူဖြစ်မည်မှာ သေချာလှပေသည်။
ယခုအချိန်တွင် လူပေါင်း တစ်ရာကျော်ထဲ၌ တာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ဆယ်ခန့်သာ ကျန်ရှိတော့ပြီး ကျန်သူအားလုံးမှာ ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့်သို့ တက်လှမ်းပြီးကြပြီ ဖြစ်သည်။
ထိုတာအိုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ နှစ်ဆယ်မှာ အနည်းငယ် အနေရခက်နေကြသည်။
သူတို့ တက်လှမ်းနိုင်ခြင်းမရှိသေးသည်မှာ အခြားအကြောင်းပြချက်မရှိဘဲ သူတို့၏ ပါရမီသည် အခြားသူများကို မမှီသောကြောင့်သာ ဖြစ်သည်။
“တာအိုပေါင်းစည်းခြင်းအဆင့်တွေကိုတော့ ထားလိုက်ပါတော့၊ ဖယ်ပေးလိုက်ကြပါ”
လူငယ်လေးက ပြုံးလျက် လက်ဝှေ့ယမ်းလိုက်သည်။
တာအ်ုပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်စုမှာ စိတ်သက်သာရာရသွားသလို ခံစားရသော်လည်း တစ်ဖက်တွင်လည်း စိတ်ပျက်လက်ပျက်ဖြင့် ဘေးသို့ ဆုတ်ခွာပေးလိုက်ကြရသည်။
“ကြေးနီရောင်ကျောက်စိမ်းပြား မရထားတဲ့သူတွေကတော့ အရင်စစ်ဆေးပွဲတုန်းကလိုပဲ အုပ်စုလိုက် ပွဲကြမ်း အရင်တိုက်ကြ။ အဲဒီပွဲပြီးမှ ကျန်တဲ့သူတွေက တစ်ယောက်ချင်းစီ သေကျေအောင် တိုက်ကြတာပေါ့”
လူငယ်လေးက ခပ်အေးအေး ပြုံးကာ ဆက်ပြောသည်
“အဲဒီအချိန်ကျရင် ပထမရတဲ့သူက ငါ့အနားမှာနေပြီး ကျင့်ကြံခွင့်ရမယ်”
သူရည်ညွှန်းသည်မှာ သူ၏အဖွဲ့မှ အပြင်စည်းကျင့်ကြံသူများကို ဖြစ်ပြီး ဖန့်ချန်တို့အဖွဲ့ မပါဝင်ချေ။
သို့သော် ထိုစကားကို ကြားလိုက်ရသည့် လူငယ်လေးဘက်မှ အပြင်စည်းကျင့်ကြံသူများမှာ မျက်လုံးများ ပြူးကျယ်သွားကြပြီး အသက်ရှူသံများ တထိတ်ထိတ် ဖြစ်ကုန်ကြသည်။
အမာခံတပည့်တစ်ဦး၏ အနားတွင် နေခွင့်ရခြင်းမှာ ဝေးလံသောဂြိုဟ်များတွင် အချိန်ဖြုန်းနေရခြင်းထက် အဆပေါင်းများစွာ သာလွန်ပေသည်။
ဤသည်မှာ လှေကားထစ်များစွာကို တိုက်ရိုက်ကျော်တက်လိုက်ခြင်းဖြစ်ပြီး နှစ်ပေါင်းရာချီ ကြိုးစားအားထုတ်ရမည့် အချိန်ကို သက်သာစေမည် ဖြစ်သည်။
“ငါတို့ဘက်က ဘယ်သူပထမရမလဲ... ပထမရတဲ့သူကို ငါကိုယ်တိုင် မသေမျိုးကျောက်တုံး ၁၀ တုံး ဆုချမယ်”
လီရှမ်းဇီကလည်း ပြုံးလျက် ဆိုသည်။
ယွီထျန်းကော်သည် စိတ်ထဲမှ အနည်းငယ် စိတ်ပျက်သွားမိသည်။
အကယ်၍ လီရှမ်းဇီသည်လည်း ထိုလူငယ်အမာခံတပည့်ကဲ့သို့ အနားတွင် ခေါ်ထားမည်ဟု ပြောလျှင် သိပ်ကောင်းမည်ဟု တွေးနေမိသည်။
လီရှမ်းဇီသည် ကိုယ်တိုင် လက်ဖျစ်တီးကာ နယ်မြေတစ်ခုကို သတ်မှတ်လိုက်ပြီး ယွီဝူရှီးနှင့် လင်းယွမ်တို့ အုပ်စုလိုက် တိုက်ခိုက်နိုင်ရန် ပြင်ဆင်ပေးလိုက်သည်။
အုပ်စုလိုက်တိုက်ပွဲတွင်သာ ပါဝင်ရသဖြင့် အနည်းငယ် စိတ်မကောင်းဖြစ်ရသော်လည်း ယွီဝူရှီးနှင့် လင်းယွမ်တို့မှာ စိတ်ဓာတ်ကို ပြန်လည်မြှင့်တင်လိုက်ကြသည်။
“ငါတို့ လေးယောက် အတူတူနေမယ်၊ အဲဒီအချိန်ကျရင် မိုးကြိုးမီးတောက် မသေမျိုးစစ်သည် ခုနစ်ပါးသတ်ဖြတ်ခြင်းစစ်သည် အစီရင် ကို သုံးမယ်၊ နင်တို့က ငါ့ကို ဝိုင်းကူပေးရင် ရပြီ”
မုံချင့်လင်က တိုးတိုးလေး အသံလွှင့်ကာ ပြောလိုက်သည်။
ကြာနီနတ်မိမယ်ငယ်သည် ဤပြိုင်ပွဲကို စိတ်ဝင်စားပုံမရသော်လည်း လက်ရှိအခြေအနေအရ ငြင်းပယ်ရန် မဖြစ်နိုင်သဖြင့် ပါဝင်လိုက်ရသည်။
အဖွဲ့ကြီး စတင်ဝင်ရောက်သွားပြီး လီရှမ်းဇီ၏ အမိန့်ပေးသံနှင့်အတူ အုပ်စုလိုက်တိုက်ပွဲကြီး စတင်လေတော့သည်။
ဖန့်ချန်သည် လင်းတုန်း၏ ဘေးတွင် ရပ်လျက် ကြာနီနတ်မိမယ်ငယ်တို့ လေးဦး ပူးပေါင်းတိုက်ခိုက်နေသည်ကို စောင့်ကြည့်နေသည်။
သို့သော် သူတို့ ရင်ဆိုင်ရသည့် ပြိုင်ဘက်များသည် ပါရမီရှင်များထဲမှ ပါရမီရှင်များ ဖြစ်ကြသည်။
မုံချင့်လင်သည် ခုနစ်ပါးသတ်ဖြတ်ခြင်းစစ်သည် အစီရင် ကို အသုံးပြုသော်လည်း ပြိုင်ဘက်များ၏ အရှိန်အဟုန်ကြောင့် မကြာမီမှာပင် ရှုံးနိမ့်ကာ ကွင်းပြင်မှ ထွက်လာခဲ့ရသည်။
“တော်သေးတာပေါ့... သိပ်တော့ အရှက်မကွဲပါဘူး၊ အနည်းဆုံးတော့ အချို့ကို အလဲထိုးနိုင်ခဲ့သေးတယ်”
လင်းယွမ်က နှာခေါင်းကို ပွတ်ရင်း ဖန့်ချန်အနားသို့ ပြန်ရောက်လာသည်။
“မင်းတို့ရဲ့ အင်အားတွေက သိပ်မကွာကြဘူး၊ အဲဒါကြောင့်ပဲ အနည်းငယ်ကွာဟမှုက အခြေအနေကို ပြောင်းလဲသွားစေနိုင်တာ။ ခုနက မင်းတို့ ခုနစ်ပါးသတ်ဖြတ်ခြင်းစစ်သည် အစီရင် ကို သုံးတဲ့အချိန်မှာ ပြိုင်ဘက်က စစ်သည် ကို စစ်သည် နဲ့ ပြန်ဖြိုခွင်းသွားတာ၊ အဲဒါကြောင့် စစ်သည် ရဲ့ တကယ့်စွမ်းအားကို မထုတ်နိုင်ခဲ့တာပဲ။ မဟုတ်ရင် ဒီထက်ပိုပြီး တောင့်ခံနိုင်ဦးမှာပါ”
ဖန့်ချန်က အေးအေးလူလူ မှတ်ချက်ပေးလိုက်သည်။
မုံချင့်လင်၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားသည်
“တစ်ဖက်လူက စစ်သည် အစီရင် ပညာရပ်မှာ ကျွမ်းကျင်လိမ့်မယ်လို့ မထင်ထားမိဘူး”
“နင် ကြိုတင်တွက်ဆထားသင့်တာပေါ့၊ နောက်ထပ် နည်းလမ်းတွေကိုလည်း ပြင်ထားရမယ်။ တကယ့်တိုက်ပွဲမှာ ပြိုင်ဘက်ရဲ့ အခြေအနေကို ကြိုသိဖို့ဆိုတာ ခဲယဉ်းတယ်လေ”
ကြာနီနတ်မိမယ်ငယ်က ဆိုသည်။
မုံချင့်လင်သည် သူမကို တစ်ချက်ကြည့်လိုက်သော်လည်း ယခုတစ်ခေါက်တွင်မူ ပြန်မချေပတော့ချေ။
သူမ အမှန်တကယ်ပင် ပေါ့ဆသွားခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော စစ်ဆေးပွဲတုန်းက ဖန့်ချန်၏ နည်းလမ်းမသိရဘဲ အစီရင်ဖြိုခွင်းခံရသည်မှာ ထားလိုက်ပါတော့၊ ယခုတစ်ခေါက်တွင်လည်း စစ်သည်အစီရင် ဖြင့်ပင် ပြန်လည်ဖြိုခွင်းခံရပြန်သည်။
အမှန်ပင် လောကကြီးတွင် ကိုယ့်ထက်တော်သူများ အမြဲရှိနေသည်မှာ အမှန်ပင်။
လင်းကွေ့ကြယ်တာရာနယ်မြေထဲက မိုးကြိုးမီးတောက်မသေမျိုးဂိုဏ်း တစ်ခုတည်းကသာ စစ်သည်အစီရင်ပညာ ကျွမ်းကျင်သည် မဟုတ်ပေ။
“အဖွဲ့ခေါင်းဆောင်... ခင်ဗျားကော ဒီတစ်ခေါက် ဘယ်နှစ်ဆင့်လောက်အထိ ရောက်မယ်ထင်လဲ ”
လင်းယွမ်က စပ်စုကာ မေးလိုက်သည်
“ကျုပ် ခုနက ကြည့်ပြီးပြီ၊ ကျုပ်တို့ဘက်မှာ ငွေဖြူရောင်ကျောက်စိမ်းပြားရထားတာ မိတ်ဆွေယွီ တစ်ယောက်ပဲ ရှိတယ်၊ ဟိုဘက်မှာ နှစ်ယောက်ရှိတယ်။ တကယ်လို့ ဟိုဘက်က နှစ်ယောက်စလုံး ကွင်းထဲဆင်းလာရင် ပထမ သုံးနေရာကို သူတို့ပဲ ယူသွားကြမှာ။ ဒါပေမဲ့ ကျုပ်တို့ဘက်မှာ အဖွဲ့ခေါင်းဆောင် အပါအဝင် ကြေးနီရောင်ကျောက်စိမ်းပြားရထားသူ ကိုးယောက်ရှိတယ်၊ ဟိုဘက်မှာ ခုနစ်ယောက်ပဲ ရှိတာဆိုတော့ အဲဒီအချက်ကတော့ ကျုပ်တို့ သာတယ်”
“အားလုံးကို ရောနှောပြီး ပြန်စီစဉ်တာလည်း ဖြစ်နိုင်တယ်”
ဖန့်ချန်က ဆိုသည်။
“အဲဒါဆိုရင်တော့... ခင်ဗျားလည်း မိတ်ဆွေယွီနဲ့ ထိပ်တိုက်တွေ့နိုင်တာပေါ့ ”
ယွီဝူရှီးက စိတ်လှုပ်ရှားသွားသည်။
ထိုသို့ဆိုလျှင် အဆင့်သတ်မှတ်ချက်ကို ခန့်မှန်းရ ခက်ခဲသွားပေလိမ့်မည်။
ကံမကောင်းပါက ပထမအချီမှာတင် ပြုတ်သွားနိုင်ပြီး အမာခံတပည့် နှစ်ဦးရှေ့တွင် မျက်နှာပြခွင့် ဆုံးရှုံးသွားပေလိမ့်မည်။
နာရီအနည်းငယ် ကြာပြီးနောက်... အုပ်စုလိုက်တိုက်ပွဲမှ ကျင့်ကြံသူများသည် တစ်ဦးပြီးတစ်ဦး ရှုံးနိမ့်ထွက်ခွာသွားကြရာ နောက်ဆုံးတွင် အသည်းအသန် တောင့်ခံနေသူ နှစ်ဦးသာ ကျန်ရှိတော့သည်။
ကြည့်ရသည်မှာ သူတို့သည် ဝိညာဉ်စွမ်းအား အားပြိုင်သည့် အဆင့်သို့ ရောက်နေပြီး ခဏချင်းအတွင်း နိုင်ရှုံးခွဲရန် ခဲယဉ်းနေသည်။
“တော်ပြီ... မင်းတို့ နှစ်ယောက်ကို ပူးတွဲ ပထမအဖြစ် သတ်မှတ်ပေးလိုက်မယ်”
လီရှမ်းဇီက လက်ကို ဝှေ့ယမ်းလိုက်ရာ မသေမျိုးစွမ်းအား တစ်ခုက ထိုနှစ်ဦးကို ခွဲထုတ်ပေးလိုက်သည်။
နှစ်ဦးစလုံးမှာ အနည်းငယ် စိတ်ပျက်သွားကြသည်၊ ပူးတွဲပထမဆိုသည်မှာ တစ်ဦးတည်း ပထမရခြင်းလောက် မကောင်းပေ။
သို့သော်လည်း သူတို့သည် ပထမဆုအဖြစ် မသေမျိုးကျောက်တုံး တစ်တုံးစီ ရရှိလိုက်ကြသည်။
ဘေးဒုက္ခဖြတ်ကျော်ခြင်းအဆင့် ကျင့်ကြံသူများအတွက် ဤသည်မှာ မသေးလှသော ပမာဏ ဖြစ်သည်။
“ကောင်းပြီ... အခုမှ တကယ့်ပြိုင်ပွဲ စတာ”
လီရှမ်းဇီက ပြုံးလျက် လူငယ်လေးကို ကြည့်ကာ ဆိုသည်
“လူဦးရေက မညီမျှတော့ ဘယ်လိုပြိုင်ကြမလဲ ”
“ဒီလိုလုပ်ရအောင်... အကုန်လုံးကို ရောနှောလိုက်မယ်၊ မင်းလူ ငါ့လူ ခွဲမနေနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် အားလုံးက ကျွယ်မင်နန်းတော်ရဲ့ အပြင်စည်းကျင့်ကြံသူတွေပဲလေ”
လူငယ်လေးက ဆိုသည်
“ပထမရတဲ့သူကို မင်းက မသေမျိုးကျောက်တုံး ၁၀ တုံးပေး၊ ငါက ငါ့အနားမှာ ခေါ်ထားမယ်”
“ဒါက သိပ်တော့ မဟုတ်သေးဘူး”
လီရှမ်းဇီက ခပ်အေးအေး ပြုံးလိုက်သည်
“မင်းက မသေမျိုးကျောက်တုံး ၁၀ တုံးပေးပြီး ငါက ငါ့အနား ခေါ်ထားရင်ကော မကောင်းဘူးလား”
လူငယ်လေးက ရယ်မောလိုက်သည်
“ဒါဆိုရင် လီစီနီယာပဲ အစီအစဉ်ဆွဲလိုက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ဆုလာဘ်ကတော့ ပေးရမှာပဲ။ သူတို့က နောက်ဆို မသေမျိုးဖြစ်လာနိုင်သလို မင်းနဲ့ ငါ့ရဲ့ နယ်မြေချဲ့ထွင်ရေးအဖွဲ့ထဲကိုလည်း ဝင်လာနိုင်တာပဲ”
“ရောနှောပြီး ပြိုင်တာကိုတော့ သဘောတူတယ်။ ဒါပေမဲ့ ဆုလာဘ်ကတော့ မင်းဟာမင်းပေး၊ ငါဟာငါပေးမယ်။ ငါ သူတို့ကို ခေါ်လာပြီးမှ ငါ့ဆီက ပါရမီရှင်တွေကို မင်းလက်ထဲ အလကား သက်သက် အပ်လိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒီလိုဆိုရင် ငါ့ကို လူတွေက ဝိုင်းဆဲကြမှာပေါ့”
လီရှမ်းဇီက ဆိုသည်။
“ကောင်းပြီလေ... ကိုယ့်ဆုနဲ့ကိုယ်ပဲ ပေးကြတာပေါ့။ အရင်ပြိုင်ကြတာပေါ့”
လူငယ်လေးက ခေါင်းညိတ်လိုက်သည်။
ထို့နောက်တွင် ဖန့်ချန်တို့အဖွဲ့ကို ရောနှောလိုက်ပြီး မဲနှိုက်သည့်စနစ်ဖြင့် ပြိုင်ဘက်များကို ဆုံးဖြတ်လိုက်ကြသည်။
မကြာမီမှာပင် ပထမဆုံးအချီအတွက် လူစာရင်း ထွက်ပေါ်လာသည်။
လူစာရင်းကို ဖတ်ကြားလိုက်သောအခါ ယွီဝူရှီးတို့ အားလုံး မှင်တက်သွားကြသည်။
“ကြည့်ရတာ... ငါတို့ရဲ့ ဒီညီငယ်လေးရဲ့ ကံဇာတာကလည်း သိပ်တော့ မကောင်းလှဘူးပဲ...”
ဝမ်ရွှမ်က ရယ်မောလျက် ဆိုလိုက်သည်။
ဖန့်ချန်၏ ပြိုင်ဘက်မှာ ယွီထျန်းကော် ဖြစ်နေသည်။
သူတို့ဘက်မှ ငွေဖြူရောင်ကျောက်စိမ်းပြားရှင် ဖြစ်သည်။
လင်းတုန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး ယွီထျန်းကော်၏ ဘေးတွင်ရပ်နေသော အဆင့် ၅ မသေမျိုးကို တစ်ချက်ကြည့်လိုက်သည်။
ထို့နောက် ဖန့်ချန်ကို ပြုံးပြကာ
“စိတ်ထဲမထားနဲ့၊ မျက်နှာပြရုံလို့ပဲ သဘောထားလိုက်၊ ရှုံးလည်း ကိစ္စမရှိဘူး”
“တပည့်... အစွမ်းကုန် ကြိုးစားပါ့မယ်”
ဖန့်ချန်သည် ယွီထျန်းကော်ကို လှမ်းကြည့်လိုက်ရာ တစ်ဖက်လူကလည်း သူ့ကိုကြည့်ကာ ပြုံးလျက် ခေါင်းညိတ်ပြနေသည်။
အားနာပါတယ်... မိတ်ဆွေယွီ
ဖန့်ချန် စိတ်ထဲမှ တိုးတိုးလေး ဆိုလိုက်သည်။
ဒီတစ်ကြိမ်တွင် သူသည် လီရှမ်းဇီနှင့် နီးစပ်ခွင့်ရရန် သေချာပေါက် မျက်နှာပြရမည် မဟုတ်ပါလား။