← Chapters

အခန်း (၁၃၇၇-၁၃၇၈)

Vol. 138 Ch. 1377-1378

အခန်း (၁၃၇၇-၁၃၇၈)

Vol. 138 Ch. 1377-1378

အခန်း (၁၃၇၇) - သုံ့ပန်း

ယခုတစ်ကြိမ်တွင်မူ လူနည်းစုမှလွဲ၍ ကျန်ရှိနေသူအားလုံးမှာ မသေမျိုးလှေ အစီရင် ၏ စစ်မှန်သော စွမ်းပကားကို ပထမဆုံးအကြိမ်အဖြစ် မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။

ယခင်က ဝိညာဉ်သားရဲ များနှင့် ကြုံတွေ့ခဲ့ရဖူးသော်လည်း မြန်နှုန်းဖြင့် ရှောင်တိမ်းနိုင်ခဲ့ကြသည်။

သို့သော် ယခု ရင်ဆိုင်နေရသော တစ်ဖက်ရန်သူ၏ ကရုဏာရှင် လက်တစ်ထောင်ဘုရား ပုံသဏ္ဌာန် မသေမျိုးလှေ အစီရင်မှာမူ မြန်နှုန်းတစ်ခုတည်းဖြင့် ရှောင်တိမ်း၍ ရနိုင်မည်မဟုတ်သည်မှာ သိသာလှသည်။

“မင်းတို့ရဲ့ ဝိညာဉ်စွမ်းအားတွေကို ထုတ်သုံးကြစမ်း၊ လက်တွန့်မနေနဲ့။ ဝိညာဉ်ကျောက်တုံးတွေ၊ ဆေးလုံးတွေ အကုန်ထုတ်သုံးပြီး မသေမျိုးလှေထဲကို စွမ်းအားတွေ သွင်းကြ။ ငါတို့သာ ရှုံးသွားရင် အားလုံး ဒီနေရာမှာတင် အသက်ပျောက်ကြမှာပဲ ”

လီရှမ်းဇီ၏ အသံသည် လူတိုင်း၏ နားထဲတွင် ဟိန်းထွက်လာသည်။

လူငယ်လေး ကလည်း တစ်ပြိုင်နက်တည်း အမိန့်ပေးလိုက်သည်။

အဘယ်ကြောင့်ဆိုသော် အစီရင်ထဲရှိ မသေမျိုးလှေ တစ်ဝက်ခန့်မှာ သူ့နောက်သို့ လိုက်ပါလာသူများ ဖြစ်သောကြောင့်ပင်။

လူတိုင်းမှာ တွေဝေမနေဘဲ မသေမျိုးလှေများထဲသို့ ဝိညာဉ်စွမ်းအားများကို အလုအယက် ထည့်သွင်းကြတော့သည်။

ထိုစွမ်းအားများသည် မသေမျိုးလှေ အသီးသီး၏ အနှစ်သာရဗဟိုချက်များမှတစ်ဆင့် ပင်မလှေကြီးနှစ်စင်းဖြစ်သော နဂါးနက်လှေ များအတွင်းသို့ စီးဝင်သွားကြသည်။

ယခုအချိန်တွင် နဂါးနက်လှေနှစ်စင်းမှာ ခွဲခြား၍မရအောင် ပေါင်းစည်းသွားပြီး သူတို့၏ မသေမျိုးလှေ အစီရင်တစ်ခုလုံး၏ စစ်မှန်သော ဗဟိုချက်မကြီး ဖြစ်လာခဲ့ပြီဖြစ်သည်။

“ကျုပ်တို့က... ဝိညာဉ်စွမ်းအား သွင်းပေးရုံပဲလား ”

လင်းယွမ်သည် စွမ်းအားများ သွင်းပေးရင်း နှစ်ဖက်တိုက်ပွဲကို အကဲခတ်နေသည်။

မသေမျိုးလှေ အစီရင်ကြီးမှာ ရန်သူ့တိုက်စစ်ကို ရှောင်တိမ်းလိုက်၊ ပြန်လည်ထိုးဖောက်ရန် ကြိုးစားလိုက်နှင့် မတည်မငြိမ် ဖြစ်နေရာ ဝိညာဉ်စွမ်းအားဖြင့် ခန္ဓာကိုယ်ကို မြဲမြံအောင် မထိန်းထားပါက လှေအပြင်ဘက်သို့ လွင့်စင်ထွက်သွားနိုင်ခြေ ရှိသည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် အပြင်သို့ လွင့်စင်သွားခြင်းမှာ သေဒဏ်ပေးခံရသည်နှင့် မခြားပေ။

ကြယ်တာရာဟင်းလင်းပြင်ကြီးထဲတွင် ကျင့်ကြံသူ တစ်ဦးစ၊ နှစ်ဦးစ လွင့်ကျန်ရစ်ခဲ့သည်ကို မည်သူကမှ ဂရုစိုက်နေလိမ့်မည် မဟုတ်ချေ။

ကြာနီနတ်မိမယ်ငယ်သည် မသိစိတ်ဖြင့် ဖန့်ချန်အနီးသို့ တိုးကပ်လာပြီး ဝိညာဉ်စွမ်းအား သွင်းပေးနေရင်းမှ ဖန့်ချန်ထံ အသံလွှင့်ကာ ပြောလိုက်သည်

“ဒါ နဂါးမင်းကျောင်းတော်က လူတွေပဲ။ သူတို့က စိတ်ဝိညာဥ်နယ်မြေ ထဲမှာ ကျွယ်မင်နန်းတော်နဲ့ ရင်ဘောင်တန်းနိုင်တဲ့ အင်အားစုပဲ။ ကြည့်ရတာ နှစ်ဖက်စလုံးက မျက်နှာပျက်စရာ စကားတွေတောင် ပြောမနေတော့ဘဲ တည့်တည့်ကို တိုက်ခိုက်နေကြတာပဲ။ ကျမ တို့ မရောက်ခင်ကတည်းက ဒီနားမှာ တိုက်ပွဲတွေ ဖြစ်နေတာ အတော်ကြာပုံရတယ်၊ အခုတောင် အဆုံးသတ်ခါနီးနေပြီ ”

ဖန့်ချန်က စကားပြန်မပြောဘဲ ဝိညာဉ်စွမ်းအားကိုသာ တိတ်တဆိတ် ထည့်သွင်းနေသည်။

ကျန်သူများလည်း ထိုနည်းအတိုင်းပင်။ အဆင့် ၁၊ အဆင့် ၂၊ အဆင့် ၃ မသေမျိုးများ အားလုံး ပါဝင်သည်။

ယခုအချိန်တွင် လူနှစ်ဦးသာလျှင် အထူးခြားဆုံး ဖြစ်နေသည်၊ ၎င်းတို့မှာ ကျွယ်မင်နန်းတော်၏ အမာခံတပည့်များဖြစ်သော လီရှမ်းဇီနှင့် လူငယ်လေးတို့ပင်။

သူတို့သည် လူတိုင်း၏ ဝိညာဉ်စွမ်းအားနှင့် မသေမျိုးစွမ်းအင် များကို တိုက်ခိုက်ရေးစွမ်းအားအဖြစ် ပြောင်းလဲပေးနိုင်သည့် ထူးခြားသော နည်းစနစ်တစ်ခုကို ပိုင်ဆိုင်ထားပုံရသည်။

မကြာမီမှာပင် နှစ်ဖက်စလုံး၌ အထိအခိုက်များ စတင်ပေါ်ပေါက်လာသည်။

ပျက်စီးသွားသော မသေမျိုးလှေများသည် မှောင်မိုက်သော ဟင်းလင်းပြင်ထဲမှ မီးပွားလေးများကဲ့သို့ ခဏမျှ လက်သွားပြီး ပျောက်ကွယ်သွားကြရာ အလွန်ပင် သေးငယ်လှသည်ဟု ထင်ရသည်။

ထိုလှေများပေါ်ရှိ ကျင့်ကြံသူများမှာမူ သမုဒ္ဒရာထဲသို့ သဲမှုန်လေးများ ကျသွားသကဲ့သို့ပင် မည်သည့်ဂယက်မျှ မထွက်ဘဲ ငြိမ်သက်စွာ အသက်ပျောက်သွားကြရသည်။

“ကျုပ်တို့ဘက်က မသေမျိုးလှေတွေ အတော်များများ ပျက်စီးသွားပြီ။ အဲဒီပေါ်မှာ အဆင့် ၁ မသေမျိုးတွေတောင် ပါတယ်၊ အားလုံးက နာမည်ကြီး နယ်မြေချဲ့ထွင်ရေးအဖွဲ့တွေချည်းပဲ ”

လင်းယွမ်က တိုက်ပွဲအခြေအနေကို စိုက်ကြည့်ရင်း ရေရွတ်သည်။

“ဒီခံစားချက်က တကယ်ကို အခံရခက်တာပဲ ”

ယွီဝူရှီး၏ မျက်နှာမှာ ညိုမွဲနေသည်။

ယန်ကွမ်တာအိုဂိုဏ်း၏ ပါရမီရှင်တစ်ဦးအနေဖြင့် သူသည် ယခင်က တိုက်ပွဲတိုင်းကို ယုံကြည်မှုအပြည့်ဖြင့် ရင်ဆိုင်ခဲ့သူဖြစ်သည်။

ရှုံးနိမ့်လျှင်တောင် အစွမ်းကုန် တိုက်ခိုက်ခဲ့ဖူးသည်။

သို့သော် ယခုမူ ဝိညာဉ်စွမ်းအား သွင်းပေးရုံမှလွဲ၍ ဘာမျှ မတတ်နိုင်ချေ။

မသေမျိုးလှေ အစီရင်၏ ကွပ်ကဲမှုမှာ အမာခံတပည့် နှစ်ဦး၏ လက်ထဲတွင်သာ ရှိနေပြီး သူတို့၏ အသက်အန္တရာယ်မှာလည်း ထိုသူနှစ်ဦးအပေါ်တွင်သာ မူတည်နေတော့သည်။

လက်ဖက်ရည်တစ်ခွက်စာ ခန့်အကြာတွင် ကရုဏာရှင် လက်တစ်ထောင်ဘုရား ပုံသဏ္ဌာန် အစီရင်ကြီးမှာ ပြင်းထန်သော အလင်းတန်းတစ်ခု၏ တိုက်ခိုက်မှုကို ခံလိုက်ရသည်။

ထိုအလင်းတန်းမှာ နဂါးနက်လှေနှစ်စင်းထံမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် လက်တစ်ထောင်ဘုရား အစီရင်ကြီးမှာ ဗုန်းဗုန်းလဲ ပြိုကွဲသွားသကဲ့သို့ ဖြစ်သွားသော်လည်း ချက်ချင်းပင် ပြန်လည်စုစည်းကာ ဝူရှန့်ငရဲ ဘက်သို့ ဦးတည်၍ ဆုတ်ခွာသွားတော့သည်။

“နိုင်သွားပြီလား”

လူတိုင်း မှင်တက်သွားကြသည်။

သက်ပြင်းပင် မချနိုင်သေးမီမှာပင် လီရှမ်းဇီ၏ အသံက ထပ်မံထွက်ပေါ်လာပြန်သည်

“ဝိညာဉ်စွမ်းအားတွေ ဆက်သွင်းကြ၊ မရပ်နဲ့ ”

နဂါးနက်အစီရင်ကြီးမှာ အရှိန်အဟုန်ကို အဆုံးအစွန်အထိ မြှင့်တင်ကာ ထွက်ပြေးသွားသော လက်တစ်ထောင်ဘုရား အစီရင်နောက်သို့ လိုက်လံတိုက်ခိုက်တော့သည်။

ရန်သူက လမ်းပိတ်ဆို့ပြီး စကားတစ်ခွန်းမျှ မပြောဘဲ တိုက်ခိုက်ခဲ့ရာမှ ယခုအခါ ရှုံးနိမ့်သွားခြင်း ဖြစ်သည်။

လူတိုင်းမှာ ယခင်ကထက် ပို၍ အားစိုက်ထုတ်ကြတော့သည်။

ယခုအခါ အခြေအနေမှာ ရေနစ်သူကို ဝါးကူထိုးရမည့် အခြေအနေဖြစ်ရာ အားလုံး၏ စိတ်ဓာတ်မှာ တက်ကြွနေကြသည်။

အစီရင်ကြီး နှစ်ခုမှာ တစ်ခုက လိုက်၊ တစ်ခုက ပြေးရင်း ကြားထဲတွင် အကြိမ်အနည်းငယ်မျှ ထိတွေ့တိုက်ခိုက်ကြသေးသည်။

နောက်ဆုံးတွင် လက်တစ်ထောင်ဘုရား အစီရင်၏ ဗဟိုချက်မ ပျက်စီးသွားပုံရပြီး ပြန်လည်မစုစည်းနိုင်တော့ဘဲ ဖရိုဖရဲ ဖြစ်သွားတော့သည်။

“ဟားဟားဟား ”

လီရှမ်းဇီက အားရပါးရ ရယ်မောလိုက်ပြီး အစီရင်ကြီးကို စိတ်လှုပ်ရှားစွာ ကွပ်ကဲကာ ဖရိုဖရဲ ထွက်ပြေးနေသော လှေများကို ဂရုမစိုက်တော့ဘဲ ဗဟိုချက်မဆီသို့သာ ဦးတည်တိုက်ခိုက်သည်။

၎င်းမှာ နဂါးနက်လှေထက်ပင် တစ်ဆိုဒ်ခန့် ပိုကြီးသော မသေမျိုးလှေကြီးဖြစ်ပြီး အပေါ်တွင် ဗုဒ္ဓရုပ်ပွားတော် ရာပေါင်းများစွာကို ထွင်းထုထားသည်။

ယခုအခါ အကွာအဝေး နီးကပ်လာသဖြင့် ထိုရုပ်ပွားတော်များမှာ အစီရင်များစွာ ဖြစ်နေသည်ကို လူတိုင်း မြင်တွေ့လိုက်ရသည်။

နဂါးနက်အစီရင်မှ ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းကို စုစည်းလိုက်ချိန်တွင် ထိုလှေကြီးမှာ ထွက်ပြေးခြင်းကို ရပ်တန့်လိုက်သည်။

ထို့နောက် ရဟန်းပျိုတစ်ပါးသည် လေဟာနယ်ထဲသို့ ပျံတက်လာပြီး နဂါးနက်အစီရင်ဘက်သို့ လှည့်ကာ ဗုဒ္ဓဂါထာကို ရွတ်ဆိုလိုက်သည်

“အမိတာဘာ...ကိုယ်တော် နဂါးမင်းကျောင်းတော်က ယွမ်ကွမ်း ပါ၊ ကျွယ်မင်နန်းတော်က အမာခံတပည့် နှစ်ဦးကို နှုတ်ခွန်ဆက်သပါတယ် ”

အခြားပုံရိပ်အချို့လည်း လေဟာနယ်ထဲသို့ ပျံတက်လာပြီး ယွမ်ကွမ်းရဟန်း၏ အနီးတွင် ရပ်လိုက်ကြသည်။

အားလုံးမှာ အဆင့် ၃ အထက် မသေမျိုးများ ဖြစ်ကြပြီး ၎င်းတို့ထဲတွင် အဆင့် ၅ မသေမျိုး တစ်ဦးလည်း ပါဝင်သည်။

ယခုအချိန်တွင် သူတို့၏ မျက်ဝန်းထဲ၌ စိုးရိမ်ထိတ်လန့်မှုများ ပြည့်နှက်နေသည်။

“နဂါးမင်းကျောင်းတော်က ဘုန်းကြီးတွေက များလွန်းတော့ မင်းနာမည်ကို ငါ မကြားဖူးဘူး။ ဒါပေမဲ့ မင်း ခုနက စကားတစ်ခွန်းမှ မပြောဘဲ ငါတို့ကို တိုက်ခိုက်ခဲ့တာကို ကြည့်ရင် ကျွယ်မင်နန်းတော်နဲ့ မင်းတို့ကျောင်းတော်ဟာ အခု အကြီးအကျယ် တိုက်ပွဲဖြစ်နေပြီလို့ ဆိုလိုတာလား ”

လီရှမ်းဇီက ခနဲ့တဲ့တဲ့ ပြုံးရင်း ဆိုသည်။

သူသည် အဝေးရှိ ဝူရှန့်ငရဲ ဘက်သို့ လှမ်းကြည့်လိုက်သည်။

အကွာအဝေး ဝေးလွန်းသဖြင့် အခြေအနေမှန်ကို မမြင်ရသော်လည်း ထိုနေရာ၌ အလွန်အမင်း ဖရိုဖရဲ ဖြစ်နေလိမ့်မည်ကို ခန့်မှန်းမိသည်။

ယွမ်ကွမ်းရဟန်းမှာ ရန်သူ့စစ်ကူများကို ဖြတ်တောက်ရန် ဤနေရာတွင် စောင့်ကြိုနေခြင်းသာ ဖြစ်ပေလိမ့်မည်။

ယွမ်ကွမ်းရဟန်းက လီရှမ်းဇီ၏ စကားကို ပြန်မဖြေဘဲ ထိုသို့သာ ဆိုသည်

“စိတ်ဝိညာဥ်နယ်မြေရဲ့ တားမြစ်နယ်မြေ လုပွဲဆိုင်ရာ သဘောတူညီချက်အရ... ကျုပ်တို့ကို သုံ့ပန်းအဖြစ် ဖမ်းဆီးပြီး လဲလှယ်မှု ပြုလုပ်နိုင်ပါတယ် ”

“ဒီသဘောတူညီချက်သာ မရှိရင် မင်းနဲ့ မင်းဘေးက မသေမျိုးတွေဟာ အခု ပြာဖြစ်နေလောက်ပြီ ”

လီရှမ်းဇီက ငေါ့တော့တော့ ပြောလိုက်သည်။

ထို့နောက် လူငယ်လေးနှင့် တိုင်ပင်ကာ ယွမ်ကွမ်းရဟန်းတို့တစ်စုကို နဂါးနက်လှေပေါ်သို့ ခေါ်ဆောင်လာရန် စီစဉ်လိုက်သည်။

သူတို့၏ လှေကြီးကိုလည်း လီရှမ်းဇီက ကိုယ်တိုင် သိမ်းဆည်းလိုက်သည်။

ထိုဗဟိုချက်မ လှေကြီးကို ဆုံးရှုံးသွားပြီ ဖြစ်ရာ ခုနကကဲ့သို့ လက်တစ်ထောင်ဘုရား မသေမျိုးလှေ အစီရင်မျိုး ထပ်မံပေါ်ပေါက်လာနိုင်တော့မည် မဟုတ်ပေ။

နောက်ထပ် လဝက်ခန့် ကုန်ဆုံးပြီးနောက်တွင်မှ လူတိုင်းသည် ဝူရှန့်ငရဲ နယ်မြေသို့ အမှန်တကယ် နီးကပ်လာကြသည်။

အစောပိုင်းက လက်တစ်ထောင်ဘုရား အစီရင်ကြောင့် ကျင့်ကြံသူများ တုန်လှုပ်ခဲ့ရသည်ဆိုလျှင် ယခု မြင်တွေ့ရသော မြင်ကွင်းမှာမူ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။

ထိုနေရာတွင် ထိုကဲ့သို့သော အစီရင်ပေါင်းများစွာ ရှိနေပြီး မည်သူက မည်သူ့ကို တိုက်ခိုက်နေသည်ကိုပင် ခွဲခြား၍မရတော့ချေ။

အစီရင်တစ်ခုကို အခြားအစီရင် အများအပြားက ဝိုင်းဝန်းတိုက်ခိုက်နေပြီး မသေမျိုးလှေ ထောင်ပေါင်းများစွာ တစ်စင်းမှ မလွတ်ဘဲ နေရာတင် ပြာကျသွားသည်ကိုပင် သူတို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။

“ဟို... ဟိုဘက်ကလည်း နဂါးနက်လှေ မဟုတ်ဘူးလား ကျွယ်မင်နန်းတော်က အမာခံတပည့် တစ်ယောက် သေသွားပြီလား ”

လင်းယွမ်သည် ထိတ်လန့်တကြားဖြင့် ယွီဝူရှီး၏ လက်မောင်းကို ဆွဲကိုင်လိုက်မိသည်။

ယွီဝူရှီးကလည်း ပြန်လည်ရုန်းကန်ခြင်း မပြုချေ။

အဘယ်ကြောင့်ဆိုသော် သူသည်လည်း ထိုမြင်ကွင်းကြောင့် တုန်လှုပ်ချောက်ချားနေပြီး စိတ်ထဲတွင် အေးစိမ့်မှုကို ခံစားနေရသောကြောင့်ပင်။

“ဒီအစီရင်တွေထဲမှာ ဘယ်ဟာက ဝိညာဉ်နတ်ဘုရားဂိုဏ်း ၊ ဘယ်ဟာက ဝိညာဥ်သုတ်သင်ခြင်းဌာန လဲ...”

ဖန့်ချန်က တိုက်ပွဲမြေပြင်ကို အသေအချာ လေ့လာနေသည်။

ခဏအကြာတွင် မသေမျိုးလှေ အချို့ နီးကပ်လာသဖြင့် လူတိုင်း၏ အာရုံမှာ ထိုဘက်သို့ ရောက်သွားကြသည်။

ကံကောင်းသည်မှာ ထိုအစီရင်များ၏ ဗဟိုချက်မမှာ နဂါးနက်လှေများ ဖြစ်နေကြသဖြင့် အားလုံး သက်ပြင်းချနိုင်သွားသည်။

မိမိတို့ဘက်တော်သားများပင်။

အစီရင်များ တစ်ခုနှင့်တစ်ခု နီးကပ်သွားပြီးနောက် လီရှမ်းဇီနှင့် လူငယ်လေးတို့သည် လူအချို့ကို ခေါ်ဆောင်ကာ အခြားနဂါးနက်လှေ တစ်စင်းပေါ်သို့ တက်သွားကြသည်ကို ဖန့်ချန်တို့ မြင်တွေ့လိုက်ရသည်။

“ငါ ခဏလောက် တရားထိုင်ပြီး နားဦးမယ် ”

ဖန့်ချန်က တစ်ချက်ပြောလိုက်ပြီးနောက် နေရာမှာတင် တင်ပလ္လင်ခွေ ထိုင်လိုက်သည်။

သူ၏ စိတ်ဝိညာဉ်မှာ ချက်ချင်းပင် ထိုနဂါးနက်လှေဆီသို့ ခပ်မြန်မြန် ရောက်ရှိသွားတော့သည်။

အခန်း (၁၃၇၈) - အစီရင်ဗဟိုချက်

ထိုနဂါးနက်လှေ၏ ပိုင်ရှင်မှာ ကျင့်ကြံမှုအဆင့်သည် လီရှမ်းဇီနှင့် လူငယ်လေးတို့ထက် များစွာ သာလွန်လှသည်။

သူသည် လူသားခန္ဓာကိုယ် ဖြစ်သော်လည်း ဦးခေါင်းတွင် နဂါးချိုများ ပေါက်နေပြီး သူ၏ အရှိန်အဝါမှာ ယခင်က တွေ့ခဲ့ဖူးသော လုံဝူနှင့် အတော်လေး ဆင်တူသည်။

၎င်းမှာ စစ်မှန်သော နဂါးတစ်ကောင် ဖြစ်နိုင်ခြေ အလွန်များသည်။

“အဆင့် ၅ မသေမျိုး... ဒီလို အစွမ်းမျိုးဆိုရင် အောက်နယ်မြေခြောက်ခုမှာဆို ရှေးဟောင်းမသေမျိုးတွေနဲ့ အဆင့် ၆ မသေမျိုးတွေ ထွက်မလာသရွေ့ ထိပ်တန်းပုဂ္ဂိုလ်ကြီးတစ်ယောက်ပဲ။ သူ့ရဲ့ အဆင့်အတန်းကလည်း ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်ဆိုတော့ ကြယ်မိုးမသေမျိုးထက်တောင် အဆပေါင်းများစွာ သာလွန်နေတာပဲ ”

ဖန့်ချန်က စိတ်ထဲမှ တိတ်တဆိတ် တွေးတောနေမိသည်။

“နန်မင် စီနီယာအစ်ကို”

လီရှမ်းဇီ၏ အမူအရာမှာ အလွန်ပင် ရိုသေကိုင်းရှိုင်းလှသည်။

လူငယ်လေး ကျိရှန့်ကမူ လက်အုပ်ချီ နှုတ်ဆက်ရင်း

“ပဉ္စမစီနီယာအစ်ကို... ဒီနေရာမှာ တတိယစီနီယာအစ်မကို တွေ့ခဲ့မိသေးလားဗျ ”

နန်မင်ရုယွဲ့က ကျိရှန့်ကို အေးစက်စွာ တစ်ချက်ဝေ့ကြည့်လိုက်ပြီး

“ကျိရှန့်... မင်း အမာခံတပည့် ဖြစ်လာတာ မကြာသေးဘူး၊ ဒီလို တားမြစ်နယ်မြေ လုပွဲမျိုးမှာ ပါဝင်ဖို့ မသင့်တော်သေးဘူး ”

ကျိရှန့်က ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူ့ဘေးရှိ ကျိထျန်းကျွင်းကို ရိုးသားစွာ ညွှန်ပြလိုက်သည်

“ဒါက ကျနော့်ရဲ့ မသေမျိုးလောကငယ်က ဆွေမျိုးနောင်တော် တစ်ယောက်ပါ၊ ကျနော်တို့ မိသားစုနှစ်စု အဆက်အသွယ် ပြတ်နေတာ ကြာပြီဆိုပေမဲ့ နောင်တော်ရဲ့ ပါရမီက မဆိုးလှပါဘူး။ အခု ကျနော့်ရဲ့ ရေနက်နယ်မြေချဲ့ထွင်ရေးအဖွဲ့ ထဲကို ဝင်ထားပါတယ်။ ဒီနေရာမှာ တောက်ပသောလောကမသေမျိုး လမ်းစဉ် ပေါ်ထွက်လာမယ်လို့ ကြားမိလို့ သူ့အတွက် ကြိုးစားပေးချင်လို့ပါ။”

“မင်းက မသေမျိုးလောကငယ်ကလာ နာမည်က ဘယ်လိုခေါ်လဲ ”

နန်မင်ရုယွဲ့က ကျိထျန်းကျွင်းကို ကြည့်ကာ စစ်ဆေးလိုသော မျက်ဝန်းများဖြင့် မေးလိုက်သည်။

ကျိထျန်းကျွင်းက လက်အုပ်ချီကာ

“ကျနော့်နာမည်က ကျိထျန်းကျွင်း ပါ”

“မင်း အခုထိ မသေမျိုးလမ်းစဉ်ကို မရွေးချယ်ရသေးဘူးဆိုတော့ ရည်မှန်းချက် မသေးဘူးပဲ။ ဒါပေမဲ့ မင်းက မသေမျိုးလောကငယ်က ဖြစ်ပါလျက်နဲ့ စစ်မှန်သော မသေမျိုး လမ်းစဉ်ကို မရွေးချယ်ခဲ့ဘူးဆိုတာ ဒီလမ်းစဉ်ကို ထိတွေ့နိုင်ခွင့် မရှိသေးလို့ ဖြစ်ရမယ်။ ဒါကြောင့် တောက်ပသောလောကမသေမျိုး လမ်းစဉ်ကို ရွေးချယ်တာကလည်း မဆိုးပါဘူး ”

နန်မင်ရုယွဲ့က သာသာယာယာ ခေါင်းညိတ်ပြသည်။

ကျိထျန်းကျွင်းက ခေါင်းကို ရိုသေစွာ ငုံ့ထားလိုက်သည်။

ကျွယ်မင်နန်းတော်၏ အဆင့် ၅ ဖြစ်သော အမာခံတပည့် ရှေ့မှောက်တွင် သူ၏ မသေမျိုးလောကငယ်သား ဆိုသည့် ဂုဏ်ပုဒ်မှာ ထိုက်သင့်သော အသာစီးရမှုကို ဆုံးရှုံးသွားပုံရသည်။

“ပဉ္စမစီနီယာအစ်ကို... တတိယစီနီယာအစ်မက နံပါတ် (၁၅၇) တားမြစ်နယ်မြေထဲမှာ အခု တကယ်ရှိနေတာလား ”

ကျိရှန့်က မနေနိုင်ဘဲ ထပ်မံ မေးမြန်းပြန်သည်။

နန်မင်ရုယွဲ့က လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ပြီး

“ငါတို့ ကျွယ်မင်နန်းတော်က တားမြစ်နယ်မြေ ၂၃ ခုကို ထိန်းချုပ်ထားရတာဆိုတော့ အရမ်းအလုပ်များတယ်။ တတိယစီနီယာအစ်မက ဒီကိုလာဖို့ လောလောဆယ် အချိန်မအားဘူး၊ လာမှာလည်း မဟုတ်ဘူး။ ဒီက ကိစ္စတွေကို စီနီယာအစ်မကြီးကိုပဲ ဆုံးဖြတ်ဖို့ လွှဲထားပြီးပြီ။ ငါတို့ လုပ်ရမှာက စီနီယာအစ်မကြီးနဲ့ ပူးပေါင်းပြီး ရန်သူအားလုံးကို နှိမ်နင်းဖို့ပဲ။ အကြီးအကဲတွေရဲ့ ခန့်မှန်းချက်အရ ဒီ နံပါတ် (၁၅၇) ရှေးဟောင်းတားမြစ်နယ်မြေကနေ အစီရင်ဗဟိုချက် ၂၀ ကျော်လောက် ထွက်လာနိုင်ခြေ ရှိတယ် ”

“ဟူး”

အစီရင်ဗဟိုချက် ၂၀ ကျော်

လီရှမ်းဇီနှင့် ကျိရှန့်တို့တစ်စုမှာ သိသိသာသာပင် အသက်ရှူမှားသွားကြပြီး ဖန့်ချန်သည်လည်း သူတို့အနီးရှိ အခြားသော လွတ်လပ်သောမသေမျိုး များ၏ မျက်နှာတွင် အမူအရာ ပြောင်းလဲသွားသည်ကို သတိထားမိလိုက်သည်။

သူတို့၏ တိုတောင်းလှသော စကားဝိုင်းမှတစ်ဆင့် ဖန့်ချန်သည် အလွန်ထူးခြားသော သတင်းအချက်အလက် အချို့ကို ရရှိခဲ့သည်။

ပထမဦးဆုံးအနေဖြင့် ထိုနန်မင်စီနီယာမှာ လီရှမ်းဇီ ပြောခဲ့ဖူးသော ပဉ္စမစီနီယာအစ်ကိုပင် ဖြစ်သည်။

ထိုစဉ်က ကျိရှန့်သည် တတိယစီနီယာအစ်မနောက်သို့ လိုက်ပြီး သူကိုယ်တိုင်မှာမူ ပဉ္စမစီနီယာအစ်ကိုနောက်သို့ လိုက်သည်ဟု ပြောခဲ့ဖူးသည်။

ဆိုလိုသည်မှာ ကျွယ်မင်နန်းတော်၏ အမာခံတပည့်များကြားတွင်ပင် တင်းကျပ်လှသော အဆင့်အတန်း ခွဲခြားမှုများ ရှိနေဆဲ ဖြစ်သည်။

ဒုတိယအချက်မှာ ကျွယ်မင်နန်းတော်တွင် အကြီးအကဲ ဟု ခေါ်သော ပုဂ္ဂိုလ်များ ရှိနေခြင်းဖြစ်သည်။

သူတို့သည် ရှေးဟောင်းမသေမျိုးများ ဖြစ်နေနိုင်မလား ဖြစ်နိုင်ခြေ အလွန်များသည်။

တတိယအချက်မှာ ဤပဉ္စမစီနီယာအစ်ကို၏ မသေမျိုးလောကငယ်အပေါ် ထားရှိသော သဘောထားမှာ... ယခင်က ချင်းယွီမသေမျိုးဂိုဏ်းမှ ကျင့်ကြံသူများက သူ့အပေါ် ထားရှိခဲ့သော သဘောထားနှင့် အတော်လေး ဆင်တူနေသည်။

၎င်းမှာ အထက်စီးဆန်သော သဘောထားဖြစ်ပြီး မိမိကိုယ်တိုင်ပင် သတိမထားမိသည့် အထင်သေးမှု အနည်းငယ် ပါဝင်နေသည်။

တကယ်တမ်းဆိုလျှင် မသေမျိုးလောကငယ်သည် နတ်ဘုရားလောက မဟုတ်သော်လည်း နတ်ဘုရားလောက မှ ခွဲထွက်လာခြင်း ဖြစ်ရာ ထိုနေရာမှ ပုဂ္ဂိုလ်များမှာ ရှေးခေတ်လူများ၏ အယူအဆအရ စစ်မှန်သော မသေမျိုး များ ဖြစ်ကြသည်။

ထိုခေတ်က လူ့လောကကိုးခု တွင် မသေမျိုးဖြစ်လိုသူတိုင်း နတ်ဘုရားလောက သို့ သွားကြရသည်ချည်းပင်။

နန်မင်ရုယွဲ့၏ ထိုအထင်သေးမှုသည် ကျွယ်မင်နန်းတော်ကြောင့်လော သို့မဟုတ် အထက်နယ်မြေသုံးခုကြောင့်လော သူ၏ မာနတရားမှာ အဘယ်က ဆင်းသက်လာသနည်း

နောက်ဆုံးအချက်မှာ...

“အစီရင်ဗဟိုချက် ဒါက ဘာကြီးလဲ အစီရင်... အစီရင်...”

ဖန့်ချန်၏ ဉာဏ်ထဲတွင် လီရှမ်းဇီတို့နှင့် နဂါးမင်းကျောင်းတော်တို့ တိုက်ခိုက်ခဲ့စဉ်က မြင်ကွင်းများကို ရုတ်တရက် ပြန်လည် မြင်ယောင်လာသည်။

မသေမျိုးလှေများစွာသည် ဗဟိုချက်တစ်ခုမှတစ်ဆင့် ပေါင်းစည်းကာ နဂါးနက်ကြီး ဖြစ်လာခဲ့သည်။

မသေမျိုးလှေများစွာသည် ဗဟိုချက်တစ်ခုမှတစ်ဆင့် ပေါင်းစည်းကာ လက်တစ်ထောင်ဘုရားကြီး ဖြစ်လာခဲ့သည်။

ထိုပဉ္စမစီနီယာအစ်ကို ပြောနေသော အစီရင်ဗဟိုချက် ဆိုသည်မှာ ၎င်းတို့နှင့် ပတ်သက်နေသလား

ဖန့်ချန်အနေဖြင့် ထိုအရာကို လောလောဆယ်တွင် အသေအချာ နားမလည်သေးသော်လည်း အစီရင်ဗဟိုချက် သည် အလွန်အရေးကြီးကြောင်း၊ ရှေးဟောင်းတားမြစ်နယ်မြေ၏ စစ်မှန်သော တန်ဖိုးမှာ ထိုအရာပင် ဖြစ်နိုင်ကြောင်း သူ အသေအချာ သိလိုက်သည်။

သို့မဟုတ်ပါက လီရှမ်းဇီတို့နှင့် လိုက်ပါလာသော အဆင့် ၅ မသေမျိုးများသည် အစီရင်ဗဟိုချက် ဆိုသည့် စကားကို ကြားလိုက်ရုံဖြင့် အဘယ်ကြောင့် အသက်ရှူသံများ ပြင်းထန်လာရသနည်း။

“တတိယစီနီယာအစ်မသာ မလာဘူးဆိုရင်...”

ကျိရှန့်က မျက်ခုံးများကို အနည်းငယ် တွန့်လိုက်ရင်း

“အခြေအနေက သိပ်မလွယ်တော့ဘူးပဲ။ စီနီယာအစ်မကြီးက စကားပြောရ သိပ်လွယ်တဲ့သူ မဟုတ်ဘူး၊ သူက တောက်ပသောလောကမသေမျိုး လမ်းစဉ်ကို အလွယ်တကူ ပေးချင်မှာ မဟုတ်ဘူး ”

“ပထမအချက်အနေနဲ့ တောက်ပသောလောကမသေမျိုး လမ်းစဉ်က ငါတို့လက်ထဲကို ရောက်လာမယ်လို့ အသေအချာ မပြောနိုင်သေးဘူး။ ဒုတိယအချက်က တားမြစ်နယ်မြေ လုပွဲမှာ ငါတို့ အနိုင်ရနိုင်ခြေက ၂၀ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ ဒါပေမဲ့ မင်းရောက်လာပြီဆိုမှတော့ ငါတို့နဲ့အတူ လိုက်ခဲ့ပြီး စီနီယာအစ်မကြီးကို အရင်သွားရှာပြီး လူစုရမယ်"

"ဒီတစ်ခေါက်မှာ အသွေးအသားနန်းတော်၊ ထိုက်ယီမသေမျိုးဂိုဏ်း၊ ကြယ်တစ်သောင်းနန်းတော်၊ နဂါးမင်းကျောင်းတော်၊ ဝိညာဉ်နတ်ဘုရားဂိုဏ်း၊ ဝိညာဉ်သုတ်သင်ခြင်းဌာန က အမာခံတပည့်တွေ အများကြီး ရောက်နေကြတယ်။ သူတို့ထဲက တချို့က တော်တော်လေး လက်ပေါက်ကပ်တယ်၊ စီနီယာအစ်မကြီးတောင် သူတို့လက်ထဲမှာ အရှုံးပေးခဲ့ရတာမျိုး ရှိတယ်"

"အဲဒါအပြင် အခြားလူတချို့ကလည်း ဒီထဲကနေ အကျိုးအမြတ် လာခွဲယူချင်နေကြသေးတယ်။ သူတို့ရဲ့ အစီရင်ဗဟိုချက်တွေက အားမကောင်းသလို အစီရင်မသေမျိုးအတတ် ကို သုံးနိုင်တဲ့သူလည်း သိပ်မရှိဘူးဆိုပေမဲ့ တိုက်ပွဲအခြေအနေကိုတော့ သက်ရောက်မှု ရှိနိုင်တာမို့လို့ လျှော့တွက်လို့ မရဘူး”

ထိုသို့ ပြောပြီးနောက် နန်မင်ရုယွဲ့က ကျိထျန်းကျွင်းဘက်သို့ လှည့်ကြည့်ကာ

“မင်းတို့ မသေမျိုးလောကငယ်ကလူတွေက ငါတို့ အထက်နယ်မြေသုံးခုရဲ့ အစီရင်ပညာရပ်ကို အမြဲတမ်း နှိမ်ချတတ်ကြတယ်။ အကယ်၍ မင်းက ကျိရှန့်ရဲ့ အဖွဲ့ထဲကို တောက်ပသောလောက မသေမျိုး လမ်းစဉ် တစ်ခုတည်းအတွက် ဝင်လာတာဆိုရင်၊ အဲဒီလမ်းစဉ်ကို ရခဲ့ရင်တောင် ကျိရှန့်က မင်းအတွက် အဲဒါကို သိမ်းပိုက်ပေးဖို့ ငါ ကူညီမှာမဟုတ်ဘူး ”

ကျိထျန်းကျွင်းက ပြုံးလိုက်ပြီး

“တကယ်တော့ ကျနော်လည်း မသေမျိုးလောကငယ်က လူကြီးတွေရဲ့ ရှေးရိုးစွဲဝါဒဟာ မဟာတာအိုလမ်းစဉ်အတွက် ဘာမှ အကျိုးမရှိဘူးလို့ ထင်ပါတယ်။ အခု ကျနော် မသေမျိုးလောကငယ်ကနေ ထွက်လာပြီး ကျိရှန့်ရဲ့အဖွဲ့ထဲ ဝင်လာတာဟာ လောကကြီး ဘယ်လောက်ကျယ်သလဲဆိုတာကို သိချင်လို့ပါ။ ဖြစ်နိုင်ရင် ကျနော်လည်း ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့် ဖြစ်အောင် ကြိုးစားပြီး ဒီ အစီရင်လမ်းစဉ် ကို လျှောက်လှမ်းကြည့်ချင်ပါတယ် ”

“ဒီလို အတွေးရှိတာ ကောင်းပါတယ်။ အကြီးအကဲတွေကလည်း မင်းတို့ မသေမျိုးလောကငယ်သားတွေကို အဲဒီနေရာကျဉ်းကျဉ်းလေးထဲကနေ ထွက်လာပြီး လောကကြီး ဘယ်လောက် ကျယ်ပြောသလဲဆိုတာကို မြင်စေချင်နေတာ။ အခုခေတ်က အရင်လို မဟုတ်တော့ဘူး၊ ခေတ်ကာလတွေ တိုးတက်လာပြီ။ ငါတို့ ကျင့်ကြံသူတွေဟာ အခက်အခဲမျိုးစုံကို ကျော်ဖြတ်ပြီး ဒီအဆင့်အထိ ရောက်လာကြတာဆိုတော့ ပြောင်းလဲမှုကို လက်ခံရမယ်။ အထက်နယ်မြေသုံးခုက ဖော်ထုတ်ထားတဲ့ ဒီ အစီရင်လမ်းစဉ် ဟာ နောင်အနာဂတ် မဟာတာအိုရဲ့ ဗဟိုချက်မပဲ ”

နန်မင်ရုယွဲ့က အသာအယာ ခေါင်းညိတ်လိုက်သည်

“ကဲ... ငါတို့ အတူတူ ဆက်သွားကြမယ်၊ တားမြစ်နယ်မြေထဲကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ဝင်သွားပြီး စီနီယာအစ်မကြီးကို စောစောရှာတွေ့အောင် လုပ်ရမယ်။ ဒီတစ်ခေါက် တားမြစ်နယ်မြေ လုပွဲက နှစ်အတော်ကြာ တိုက်ရနိုင်ခြေ ရှိတယ်၊ မင်းတို့ စိတ်ဓာတ် ပြင်ဆင်ထားကြ ”

ကြီးမားလှသော အဖွဲ့အစည်းကြီးများသည် ကြယ်တာရာဟင်းလင်းပြင်ထဲတွင် စတင် ချီတက်ကြတော့သည်။

ရန်သူနှင့် တွေ့လျှင် စုပေါင်း တိုက်ခိုက်ကြပြီး မိမိတို့လူနှင့် တွေ့လျှင် အဖွဲ့ထဲသို့ ဆွဲသွင်းကာ အင်အား တောင့်တင်းအောင် ပြုလုပ်ကြသည်။

ဖန့်ချန်၏ စိတ်ဝိညာဉ်မှာ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိသွားပြီ ဖြစ်သော်လည်း သူ၏ စိတ်ထဲတွင် သံသယတစ်ခု ပေါ်ပေါက်လာသည်။

အစီရင်လမ်းစဉ်

ဆိုလိုသည်မှာ ထိုတိုက်ခိုက်ရေး နည်းစနစ်မျိုးသည် ယခင်က မရှိခဲ့ဘဲ ယခုခေတ် အထက်နယ်မြေသုံးခုမှ အစဉ်တစိုက် ပြောင်းလဲကြိုးစားရင်း ပေါ်ထွက်လာခြင်းလော

အကယ်၍ ဤအတိုင်းသာ မှန်ကန်ပါက အထက်နယ်မြေသုံးခုသည် အောက်နယ်မြေခြောက်ခုနှင့် လုံးဝ ကွဲပြားခြားနားနေပြီဟုသာ ဆိုရပေလိမ့်မည်။

သူတို့သည် မသေမျိုးလမ်းစဉ်၏ ရှေ့တန်းမျက်နှာစာသို့ ရောက်ရှိနေကြပြီ ဖြစ်သည်။

သို့သော် ထိုအရာအားလုံး၏ အနှစ်သာရမှာ ထိုသူတို့ ပြောနေသော အစီရင်ဗဟိုချက် နှင့် ကင်းကွာ၍ ရနိုင်မည်မဟုတ်ချေ။

ယခုအချိန်တွင် လူအများက သူ့ကို စောင့်ကြည့်နေသဖြင့် မှန်လေး ကို အစီရင်ဗဟိုချက် အကြောင်း မေးမြန်းရန် အဆင်မပြေသေးပေ။

သို့သော် သူ၏ ထိုအဖွဲ့ကြီးထဲတွင် ဆရာတစ်ယောက် ရှိနေသည် မဟုတ်ပါလား။

All Chapters