အခန်း (၃၇၅-၃၇၆)
Vol. 38 Ch. 375-376
အခန်း (၃၇၅) - ချိကဲဘက်ဂိုဏ်း၏ အုပ်ချုပ်သူကြီး ၊ လူငယ်ပညာရှိနှင့် မုတ်ဆိတ်ဗလကြီး၊တားမြစ်ပိတ်ပင်ထားသောနယ်မြေ
ဝမ်အရာရှိ၏ ရင်ဘတ်အတွင်းရှိ အဆောင်သည် ပူလောင်လာကာ အပူချိန်မှာ တစ်ဟုန်ထိုး မြင့်တက်လာနေသည်။
ယင်လေကြမ်းများ အရှိန်အဟုန်ဖြင့် တိုက်ခတ်လာသည်
"ရှူး..."
လူတိုင်းက မနေနိုင်ဘဲ အအေးမိသလို တုန်ရီကာ အသက်ရှူသံများ ပြင်းထန်သွားကြသည်။
"ဝမ်အရာရှိ... ဒီနေရာက တစ်ခုခုတော့ မှားနေပြီဗျ"
ဓားကိုင်ရဲမက်တစ်ဦးက တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်။
ဝမ်အရာရှိ၏ မျက်နှာတွင်လည်း ထိတ်လန့်တုန်လှုပ်မှုများ ပေါ်ပေါက်လာပြီး မိမိကိုယ်ကိုယ် ကာမစိတ်ကြောင့် အမှားကျူးလွန်မိလေခြင်းဟု စိတ်ထဲမှ အကြီးအကျယ် ကျိန်ဆဲနေမိတော့သည်။
"အားလုံး သတိထားကြစမ်း သရဲဆိုတာ ဘာမှတ်လို့လဲ၊ လာသမျှအကောင် အားလုံးကို ငါကိုယ်တိုင် ပိုင်းပစ်မယ် "
ဝမ်အရာရှိက ဟိန်းဟောက်လိုက်သည်။
သို့သော် သူ၏ စိတ်ထဲတွင်မူ အကြီးအကျယ် ကြောက်လန့်နေပြီဖြစ်သည်
စကားပြောပြီးနောက်တွင်...
မည်သူမျှ သူ့ကို ပြန်မထူးကြချေ။
ဝမ်အရာရှိ၏ စိတ်ထဲတွင် "ဒိတ်" ခနဲ ဖြစ်သွားပြီး လည်ပင်းကြီးကို တောင့်တင်းစွာဖြင့် လှည့်ကြည့်လိုက်ရာ...
သူ့ဘေးနားရှိ ညီငယ်လေး လေးယောက်စလုံး ပျောက်ကွယ်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်
"လူတွေ ဘယ်ရောက်ကုန်တာလဲ "
"မင်းတို့ကောင်တွေ ဘယ်ကို သွားကုန်ကြတာလဲ "
ဝမ်အရာရှိသည် ကျောရိုးထဲမှနေ၍ အေးစိမ့်သော အအေးဓာတ်တစ်ခု အပေါ်သို့ ဆက်ခနဲ တက်လာသည်ကို ခံစားလိုက်ရသည်။
"ဟီး... ဟီး... ဟီး..."
နားထဲတွင် စူးရှသော ငိုကြွေးသံများ ကြားလာရသည်။
ဝမ်အရာရှိသည် ချွင် ခနဲ အသံနှင့်အတူ ခါးကြားမှ ဓားရှည်ကို ဆွဲထုတ်လိုက်ကာ ကိုယ်တွင်းရှိ သွေးလေများကို လှုပ်ခတ်လိုက်သည်။
"ဟီး... ဟီး... ဟီး..."
ပတ်ဝန်းကျင်မှ ငိုကြွေးသံများမှာ ပို၍ စူးရှလာပြီး ဝမ်အရာရှိမှာ သူ၏ သွေးများပင် ခဲမတတ် အေးစက်လာသည်ဟု ခံစားရတော့သည်။
ကျွီ...
အခန်းတံခါး ပွင့်သွားပြီး...
အလှပြင်ထားခြင်းမရှိဘဲ အဝတ်အစားများ ဖရိုဖရဲဖြစ်နေသော အမျိုးသမီးတစ်ဦးမှာ အလန့်တကြား ပြေးထွက်လာသည်။
"ကယ်ကြပါဦး အခန်းထဲမှာ သရဲရှိတယ် "
ရွှီသခင်မသည် အလှပျက်မတတ် ထိတ်လန့်နေကာ ဝမ်အရာရှိ၏ ရင်ခွင်ထဲသို့ အတင်းတိုးဝင်လာသည်။
"မကြောက်နဲ့... ကျုပ် ရှိတယ်..."
ဝမ်အရာရှိ၏ စကားပင် မဆုံးသေး...
ရင်ဘတ်ထဲရှိ အဆောင်မှ ပြင်းထန်လှသော ပူလောင်မှုတစ်ခု ထွက်ပေါ်လာသည်။
"အား..."
သူ မနေနိုင်ဘဲ ရွှီသခင်မကို တွန်းထုတ်လိုက်ကာ ရင်ဘတ်ထဲမှ အဆောင်ကို ထုတ်ယူလိုက်ရသည်။
ပူလောင်လွန်းလှသဖြင့် မျက်နှာကြီး ရှုံ့မဲ့နေတော့သည်။
"ကျုပ်ကို အသေပူအောင် လုပ်နေတာပဲ "
ဝမ်အရာရှိ အော်ဟစ်လိုက်မိသည်။
ထို့နောက်...
သူ တစ်ခုခုကို သတိရသွားပြီး...
မျက်လုံးအပြူးသားဖြင့် ရွှီသခင်မကို ကြည့်လိုက်မိသည်။
"ဝမ်အရာရှိ... ဘာလို့ ကျွန်မကို တွန်းထုတ်ရတာလဲ၊ ရှင် ကျွန်မကို ကာကွယ်ပေးမယ်ဆို"
ရွှီသခင်မက ပြောလိုက်သည်။
ဝမ်အရာရှိသည် လက်ထဲရှိ အဆောင်၏ အပူချိန်ကို ခံစားမိကာ ဦးရေပြားများပင် ထုံကျဉ်သွားတော့သည်။
"မင်းက... သရဲလား "
ရွှီသခင်မ၏ မျက်နှာပေါ်တွင် ရုတ်ချည်းပင် ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာသည်။
"ရှင်က ဒီလို မုဆိုးမလေးတွေကို သဘောကျတာ မဟုတ်ဘူးလား၊ လာလေ..."
ဝမ်အရာရှိမှာ မနေနိုင်ဘဲ နောက်သို့ တစ်လှမ်းဆုတ်လိုက်မိကာ အကြီးအကျယ် ထိတ်လန့်သွားရသည်။
ရုတ်တရက်
ရှေ့တွင်ရှိသော ရွှီသခင်မမှာ ပျောက်ကွယ်သွားတော့သည်။
သို့သော် နားထဲသို့ အေးစက်သော လေငွေ့တစ်ခု တိုးဝင်လာပြီး တစ်စုံတစ်ယောက်က မိမိပခုံးပေါ်တွင် မှီတွယ်နေသကဲ့သို့ ခံစားလိုက်ရသည်
ဝမ်အရာရှိမှာ ကြက်သီးမွေးညင်းများ ထသွားသော်လည်း ကံကောင်းထောက်မစွာပင် ကိုယ်ပေါ်ရှိ မိစ္ဆာနှိမ်နင်းခြင်းအဆောင်မှာ အလင်းတန်းများ လင်းလက်လာသည်။
ထိုအလင်းကြောင့် နောက်ကျောရှိ အရိပ်မှာ ထိတ်လန့်ကာ ထွက်ပြေးသွားတော့သည်
သူ လှည့်ကြည့်လိုက်သောအခါ ခြံဝန်းအတွင်း၌ မုတ်ဆိတ်နှင့် လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် ရက်စက်သော အကြည့်များဖြင့် ရပ်နေသည်ကို တွေ့လိုက်ရသည်။
"မင်း... မင်းက ဘယ်သူလဲ"
ဝမ်အရာရှိ အံ့အားသင့်စွာ မေးလိုက်သည်။
ထိုအခါ လူလတ်ပိုင်း အမျိုးသားမှာ တစ်မျိုးပြောင်းလဲသွားပြန်ပြီး ဓားရှည်ကို ကိုင်ဆောင်ထားသည့် ရုံးတော်အရာရှိတစ်ဦး ဖြစ်သွားသည်။
၎င်းမှာ သူကိုယ်တိုင်ပင် ဖြစ်နေတော့၏။
ဝမ်အရာရှိ၏ စိတ်ထဲတွင် အေးစက်သော အအေးဓာတ်တစ်ခု ပေါ်လာသည်။
အကယ်၍ လက်ထဲရှိ မိစ္ဆာနှိမ်နင်းခြင်းအဆောင်မှ နတ်အလင်းများ ထွက်ပေါ်မနေပါက သူ၏ သွေးများမှာ ထိုခြောက်ခြားဖွယ် မိစ္ဆာအငွေ့အသက်များကြောင့် ခဲသွားလောက်ပြီ ဖြစ်သည်။
"ဂျီး... ဂျီး... ဂျီး..."
ထိုမုတ်ဆိတ်နှင့် လူလတ်ပိုင်းမှာ စူးရှသော မိစ္ဆာဟိန်းသံကြီး ပြုလိုက်ကာ ဝမ်အရာရှိဆီသို့ ပြေးဝင်လာတော့သည်။
ဝမ်အရာရှိမှာ ရွှံ့နွံထဲသို့ ကျရောက်နေသကဲ့သို့ ခံစားရကာ လှုပ်ရှားရခက်ခဲနေသည်။
ပြင်းထန်လှသော လေတိုက်နှုန်းနှင့်အတူ ပုပ်စပ်ညှိဟောင်သော အနံ့ဆိုးကြီး ပါလာသည်
မိမိနှင့် တစ်ပုံစံတည်းတူသော ခြောက်ခြားဖွယ် မျက်နှာကြီးမှာ မျက်စိရှေ့သို့ ရောက်လာတော့မည် ဖြစ်သည်။
ဝုန်း
ပေပေါင်းများစွာ အကွာအဝေးမှနေ၍ ကြီးမားလှသော လက်သီးချက် အရှိန်အဝါတစ်ခု ပြေးဝင်လာသည်
သန့်စင်သော ယန်စွမ်းအင်များ ပါဝင်သည့် ထိုလက်သီးချက်မှာ...
အတုအယောင် ဝမ်အရာရှိကို တိုက်ရိုက်ပင် ရိုက်ခွဲပစ်လိုက်တော့သည်။
ခရက်
အက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်
ပတ်ဝန်းကျင် မြင်ကွင်းများမှာ ပြောင်းလဲသွားပြီး တည်းခိုးခန်း ခြံဝန်းအတွင်းသို့ ပြန်ရောက်လာသည်။
သို့သော်လည်း...
ဝမ်အရာရှိမှာ ခြံဝန်းအတွင်းရှိ ရှစ်မြှောင့်ရေတွင်းဘောင်ပေါ်သို့ ရောက်ရှိနေပြီး နောက်တစ်လှမ်းဆုတ်လိုက်ပါက ရေတွင်းထဲသို့ ကျတော့မည် ဖြစ်သည်။
မုတ်ဆိတ်နှင့် လူလတ်ပိုင်းမှာ သူ့ကို အေးစက်စွာ စိုက်ကြည့်နေဆဲပင်။
"ရှူး..."
ဝမ်အရာရှိသည် လေကို ပြင်းပြင်းရှူသွင်းလိုက်မိကာ လက်ခြေများ အေးစက်နေပြီး စိတ်ထဲတွင်လည်း ထိတ်လန့်နေမိသည်။
ရုတ်တရက်
ချောမောခန့်ညားသော တာအိုဆရာလေးတစ်ဦးမှာ သူ၏ရှေ့တွင် ပေါ်လာတော့သည်။
ဝမ်အရာရှိမှာ အလွန်ပင် ဝမ်းသာသွားတော့သည်
လီယန်ချူ၏ မျက်နှာမှာ တည်တင်းနေပြီး သတ်ဖြတ်လိုသော အရှိန်အဝါများ အပြည့်ရှိနေသည်။
"မင်းလို တာအိုဆရာလေးက ကျုပ်ရှေ့က ဖယ်စမ်း"
မုတ်ဆိတ်နှင့် လူလတ်ပိုင်းက အေးစက်စွာ ပြောလိုက်သည်။
"ရွှီသခင်မရဲ့ သမီးကို သတ်တာ မင်းပဲ၊ ရွှီအိမ်တော်က လူသတ်မှုကို လုပ်တာလည်း မင်းပဲ"
လီယန်ချူက အသံလေးလေးဖြင့် ပြောလိုက်သည်။
ထိုမုတ်ဆိတ်နှင့် လူလတ်ပိုင်းမှာ ခဏမျှ မှင်တက်သွားပြီးမှ လှောင်ပြုံးပြုံးလိုက်ကာ
"မှန်တယ်၊ ငါက ချိကဲဘက်ဂိုဏ်း ရဲ့ အုပ်ချုပ်သူကြီးပဲ၊ သာမန်လူ နည်းနည်းပါးပါးကို ကစားရတာ ဘာဆန်းလို့လဲ"
သူ၏ ကိုယ်ပေါ်တွင် အေးစက်လှသော ယင်အငွေ့အသက်များ ပေါ်ထွက်လာပြီး သွေးဆာနေသည့် အငွေ့အသက်များက ဝန်းရံနေတော့သည်
ဝမ်အရာရှိမှာ ချက်ချင်းပင် မျက်နှာဖြူလျော့သွားရသည်။
ထိုသတ်ဖြတ်လိုသော အရှိန်အဝါမှာ လူကို စိတ်ဓာတ်ကျဆင်းစေလောက်သည်။
လီယန်ချူ၏ စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်များ တဟုန်ထိုး ပေါ်လာသည်။
သူ့အား ဆရာဦးလေး ပြောပြဖူးသည်မှာ...
ချိကဲဘက်ဂိုဏ်းသည် ဂိုဏ်းချုပ်၊ ကောင်းကင်ဘုရင်၊ အုပ်ချုပ်သူကြီး၊ လက်ထောက်အုပ်ချုပ်သူ စသဖြင့် အဆင့်ဆင့် ရှိကြသည်ဟူ၍ ဖြစ်သည်။
"ငါ့လက်ထဲကိုမှ လာတိုးမိမှတော့ ဒီနေ့ မင်းတို့ရဲ့ ဝိညာဉ်တွေအားလုံးကို ငါကပဲ သုတ်သင်ပေးလိုက်မယ်"
မိမိကိုယ်ကိုယ် ချိကဲဘက်ဂိုဏ်း၏ အုပ်ချုပ်သူကြီးဟု ဆိုသူက ရက်စက်စွာ ပြောလိုက်သည်။
"မင်း တစ်ယောက်တည်းနဲ့လား "
လီယန်ချူက လှောင်ရယ်လိုက်သည်။
သူ၏ သွေးချီ အရှိန်အဝါများမှာ တောက်လောင်နေသော မီးဖိုကြီးတစ်ခုအလား...
သွေးလေများက ဟိန်းထွက်နေတော့သည်
ဝမ်အရာရှိမှာ အသက်ရှင်နေသော လူသားတစ်ဦးဖြစ်ပြီး...
ကိုယ်ခံပညာရှင် တစ်ဦးလည်း ဖြစ်သည်။
သို့သော်လည်း ထိုပြင်းထန်လှသော သွေးချီအရှိန်အဝါကို ခံစားမိကာ...
မနေနိုင်ဘဲ နောက်သို့ ဆုတ်လိုက်ရသည်
ထိုမုတ်ဆိတ်နှင့် လူလတ်ပိုင်း၏ ကိုယ်ပေါ်ရှိ ယင်အငွေ့အသက်များမှာ ခဏချင်းမှာတင် အငွေ့ပျံသွားသကဲ့သို့...
"စီ... စီ..." မြည်ကာ အဖြူရောင်အငွေ့များ ထွက်လာတော့သည်
သူ အလွန်အမင်း နာကျင်နေရချေပြီ
သူ၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများ အတိုင်းသား ပေါ်လာကာ...
နောက်သို့ ရူးရူးမူးမူး ဆုတ်ပြေးတော့သည်
မယှဉ်နိုင်တော့ပေ
သူ ကြောက်သွားလေပြီ
ထို့နောက်...
သူ၏ မျက်လုံးထောင့်မှနေ၍ လီယန်ချူ ဓားဆွဲထုတ်လိုက်သည်ကို မြင်လိုက်ရသည်။
ချွတ်
ဓားအလင်းတန်း ဝင်းခနဲ ဖြစ်သွားသည်
မုတ်ဆိတ်နှင့် လူလတ်ပိုင်းမှာ ခဏချင်းမှာတင် အမြစ်ပြတ် သုတ်သင်ခံလိုက်ရတော့သည်
ဝိညာဉ်မှာ လွင့်စင်ပျောက်ကွယ်သွားပြီ ဖြစ်သည်။
လီယန်ချူ၏ မျက်နှာမှာ တည်ငြိမ်နေပြီး ဘာမှမဟုတ်သည့် အသေးအဖွဲကိစ္စလေးတစ်ခုကို လုပ်လိုက်သကဲ့သို့ပင်။
ချိကဲဘက်ဂိုဏ်း၏ ကောင်းကင်ဘုရင်ကိုပင် သူ သုံးယောက်အထိ သတ်ခဲ့ပြီးပြီဖြစ်သည်။
အုပ်ချုပ်သူကြီး တစ်ယောက်လောက်ကတော့ ဘာပြောကောင်းတော့မည်နည်း။
လီယန်ချူ၏ အကြည့်များမှာ လျှပ်စီးတန်းများကဲ့သို့ စူးရှနေ၏။
ချိကဲဘက်ဂိုဏ်းက အကြွင်းအကျန်တွေက...
ဘာဖြစ်လို့ ဝေမြို့မှာ ပြန်လှုပ်ရှားနေကြတာလဲ
ဝေမြို့
နန်းတွင်းဝတ်စုံနှင့် အမျိုးသမီးသည် မနေနိုင်ဘဲ မျက်မှောင်အနည်းငယ် ကြုတ်လိုက်မိသည်။
ပခုံးပေါ်တွင် ဇီးကွက်တစ်ကောင် ရပ်နေပြီး ၎င်း၏ မျက်လုံးအစုံမှာ အလင်းများ လင်းလက်နေသည်။
သူမသည် လက်ထဲတွင် ရှေးဟောင်း သံလိုက်အိမ်မြှောင်တစ်ခုကို ကိုင်ထားပြီး လက်တံမှာလည်း တဂျောက်ဂျောက် လည်ပတ်နေသည်။
"သေသွားပြီ... လုံဟူရှန်းက တာအိုဆရာအိုကြီး ဝေမြို့မှာ မရှိဘူး၊ အုပ်ချုပ်သူကြီး ယန်ဖုန်းကို ဘယ်သူက သတ်လိုက်တာလဲ"
"စောစောက တာအိုဆရာလေးများလား "
သူမ မျက်မှောင်ကြုတ်သွားသည်။
ညအမှောင်ထဲသို့ တဖြည်းဖြည်း လမ်းလျှောက်ဝင်သွားရင်း သူမ၏ ကိုယ်ဟန်မှာ ပျောက်ကွယ်သွားတော့သည်။
"ထားလိုက်ပါတော့၊ ယန်ဖုန်းတောင် ပေါ်လာပြီဆိုမှတော့ ဟိုကောင် နှစ်ယောက်လည်း ဝေမြို့မှာ ရှိနေမှာပဲ၊ သူတို့ကို သေချာပေါက် တားဆီးရမယ်"
နန်းတွင်းဝတ်စုံနှင့် အမျိုးသမီးသည် ဖြောင့်မတ်တည်ကြည်သော အရှိန်အဝါများ ရှိနေပြီး အကြည့်များမှာလည်း ခိုင်မာနေသည်။
လောကကြီးတွင် တရားမျှတမှုကို ဆောင်ရွက်နေသည့် တမန်တော်တစ်ဦးအလားပင်။
သို့သော် ပခုံးပေါ်ရှိ ဇီးကွက်မှာမူ သူမနှင့် အနည်းငယ် ကွဲပြားနေပြီး လူတစ်ကိုယ်လုံး၏ ပုံရိပ်ကို ထူးဆန်းခြောက်ခြားဖွယ် ဖြစ်စေသည်။
ဝေမြို့၊ ဝါးဖုန်းလင် တောင်ကုန်း
ဤသည်မှာ သတိမထားမိလောက်သော တောင်ကုန်းလေး တစ်ခုဖြစ်သည်။
တောင်ပေါ်ရှိ ဂူတစ်ခုအတွင်း၌...
လူငယ်ပညာရှိ တစ်ဦးနှင့် မုတ်ဆိတ်ဗလကြီး တစ်ဦးတို့သည် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
ခရက်
မိစ္ဆာမျက်နှာပုံ ပါရှိသည့် ကျောက်စိမ်းပြားလေးတစ်ခု အက်ကွဲသွားသည်။
မှောင်မိုက်နေသော ဂူအတွင်း၌ ထိုအသံမှာ အလွန်ပင် နားဝင်မချိုလှချေ။
"ယန်ဖုန်း သေသွားပြီလား "
မုတ်ဆိတ်ဗလကြီးက အံ့အားသင့်စွာ မေးလိုက်သည်။
လူငယ်ပညာရှိက လှောင်ရယ်လိုက်ကာ
"ကာမရာဂစိတ် ကြီးစိုးနေတဲ့ အဲဒီလူအူကြောင်ကြောင်ကတော့ တစ်နေ့နေ့ မိန်းမကြောင့် သေမှာပဲ"
မုတ်ဆိတ်ဗလကြီးက မျက်မှောင်ကြုတ်ကာ
"ကျန်းကျန့်... မင်း ဘာစကား ပြောတာလဲ အားလုံးက ဂိုဏ်းချုပ်ရဲ့ တားမြစ်ပိတ်ပင်မှုကို ဖြိုခွဲဖို့အတွက် ဝေမြို့မှာ စီစဉ်နေကြတာ၊ ယန်ဖုန်းက မြို့ထဲကို လမ်းသွားကြည့်တာကလည်း ဂိုဏ်းချုပ်ရဲ့ ကြီးမားတဲ့ အစီအစဉ်အတွက်ပဲလေ "
လူငယ်ပညာရှိက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး
"ကျုပ် အစောကြီးကတည်းက ပြောပြီးသား၊ ဝေမြို့မှာ တာအိုပညာရှင်ကြီး ရှိနေတယ်လို့၊ ယန်ဖုန်းလို လူအူကြောင်ကြောင်ကို မလွှတ်ပါနဲ့ဆိုတာကို၊ အခုတော့ ပြဿနာတွေ အများကြီး ဖြစ်လာပြီ၊ ပတ်ဝန်းကျင်က ရွာတွေမှာပဲ လူသတ်ပြီး ဝိညာဉ်သုတ်သင်ရင် ရနေတာကို၊ မင်းတို့က နားမထောင်ဘဲ အခု ပြဿနာဖြစ်မှ ကျုပ်ကို လာအပြစ်တင်နေတာလား "
လူငယ်ပညာရှိက နှာခေါင်းတစ်ချက် ရှုံ့လိုက်စဉ် ဂူအတွင်းမှ ခြေသံများ ရုတ်တရက် ထွက်ပေါ်လာသည်။
ကျော့ရှင်းလှပသော အမျိုးသမီးကြီးတစ်ဦးသည် ဖြည်းညင်းစွာ လမ်းလျှောက်ဝင်လာသည်။
"ရှင်တို့ နှစ်ယောက်လုံး ဒီကိစ္စနဲ့ ဘာတွေ ငြင်းခုံနေကြတာလဲ၊ ယန်ဖုန်းကို သတ်လိုက်တဲ့ တရားခံ ဘယ်သူလဲဆိုတာ ကျမ သိတယ်"
ဟု ထိုအမျိုးသမီးက အေးဆေးစွာ ပြောလိုက်သည်။
"ဟင်"
"ဘယ်သူလဲ "
မုတ်ဆိတ်ဗလကြီးနှင့် လူငယ်ပညာရှိတို့သည် ထိုအမျိုးသမီးကြီးဆီသို့ ပြိုင်တူ ကြည့်လိုက်ကြသည်။
"ဝေမြို့မှာ ချင်းယွန်းကျောင်း ဆိုတာ ရှိတယ်၊ အဲဒီကျောင်းမှာ လုံဟူရှန်းက နတ်ဆရာ ရှိနေရုံတင်မကဘူး၊ လူငယ်တာအိုဆရာ တစ်ယောက်လည်း ရှိနေသေးတယ်၊ ဒါဟာ သေချာပေါက် သူ့လက်ချက်ပဲ"
ဟု အမျိုးသမီးကြီးက အသံလေးလေးဖြင့် ပြောလိုက်သည်။
"သူက လုံဟူရှန်း က တပည့်လား "
လူငယ်ပညာရှိက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
အခန်း (၃၇၆) - ချင်းဟွမ်ဂိုဏ်းမှ ဆုန့်ယာ၊ ရုပ်ဖျက်အတတ်နှင့် မွေးရာပါညှို့ဓာတ် ၊ လောကုတ္တရာအလှနတ်မိမယ်
အမျိုးသမီးကြီးက ခေါင်းယမ်းလိုက်ကာ
"သူက ဝေမြို့ဒေသခံ ချင်းယွန်းကျောင်းက တာအိုဆရာပါ၊ လုံဟူရှန်းက နတ်ဆရာကြီးကတော့ ဒီမှာ ခေတ္တခဏ လာတည်းခိုနေရုံသက်သက်ပဲ"
ထိုစကားကြောင့် လူငယ်ပညာရှိရော မုတ်ဆိတ်ဗလကြီးပါ သက်ပြင်းချနိုင်သွားကြသည်။
"လုံဟူရှန်း တပည့်မဟုတ်ဘူးဆိုရင်တော့ နယ်မြို့လေးက တာအိုဆရာပေါက်စတစ်ယောက်က ဘယ်လောက်များ စွမ်းနိုင်မှာမလို့လဲ"
ဟု မုတ်ဆိတ်ဗလကြီးက နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။
"ကျမယောကျ်ားဟာ ဒုတိယအဆင့်နှောင်းပိုင်းအထိ ရောက်နေတာတောင် အဲဒီတာအိုဆရာလေးကို မယှဉ်နိုင်ခဲ့ဘူး၊ ဒီတစ်နှစ်အတွင်းမှာတင် အတော်များများက ဝေမြို့မှာ အသက်ပျောက်ခဲ့ကြရတာ"
အမျိုးသမီးကြီးက သက်ပြင်းရှည်ကြီးကို ချလိုက်မိသည်။
သူမသည်ကား ကျင်းကွမ်းဘုရားကျောင်း မှနေ၍ ကလဲ့စားချေရန် ရောက်ရှိလာသည့် ချင်းဟွမ်ဂိုဏ်း ဂိုဏ်းချုပ်၏ ဇနီးပင် ဖြစ်သည်။
မုတ်ဆိတ်ဗလကြီးနှင့် လူငယ်ပညာရှိတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကာ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
"တကယ်ပဲ အဲဒီကောင်လေးက ယန်ဖုန်းကို သတ်လိုက်တာလား၊ ယန်ဖုန်းက အုပ်ချုပ်သူကြီး အစစ်အမှန်ပဲလေ"
မုတ်ဆိတ်ဗလကြီးက တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဒါက အကြောက်စရာအကောင်းဆုံး မဟုတ်သေးဘူး၊ ရှင်တို့ သတိမထားမိတာ တစ်ခုရှိတယ်၊ အဲဒီတာအိုဆရာလေးက မိစ္ဆာတွေ သုတ်သင်နေတာတောင် ချင်းယွန်းကျောင်းက လူသူကင်းမဲ့နေတုန်းပဲ၊ ဒီကောင်လေးကလည်း သိပ်မကျော်ကြားတဲ့အပြင် လူတွေရဲ့ အာရုံစိုက်မှုကနေတောင် လွတ်နေတတ်တယ်"
အမျိုးသမီးကြီးက အသံလေးလေးဖြင့် ပြောလိုက်သည်။
"မင်း ဆိုလိုတာက..."
လူငယ်ပညာရှိက ဖြတ်မေးလိုက်သည်။
"တစ်စုံတစ်ယောက်က ကြီးမားတဲ့ အစွမ်းနဲ့ ကောင်းကင်လျှို့ဝှက်ချက်တွေကို ပိတ်ပင်ထားပြီး အဲဒီတာအိုကျောင်းနဲ့... အဲဒီကောင်လေးရဲ့ အရှိန်အဝါကို ဖုံးကွယ်ပေးထားတာပဲ"
ဆုန့်ယာ၏ စကားကြောင့် လူတိုင်း ထိတ်လန့်သွားကြသည်။
"ဒီကောင်လေးရဲ့ နောက်ကွယ်မှာ ယန်ဝိညာဥ် ပညာရှင်ကြီး ရှိနေတာလား "
လူငယ်ပညာရှိက အလန့်တကြား အော်ဟစ်လိုက်မိသည်။
"သူ့ဆရာကတော့ အခြေအနေမဟန်တဲ့ သာမန်တာအိုဆရာအိုကြီး တစ်ယောက်ပါ၊ ယန်ဝိညာဥ် ပညာရှင်တော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီကောင်လေးရဲ့ ကိုယ်ပေါ်မှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတယ်၊ တကယ်လို့ သူ့ကို အမြစ်မဖြတ်နိုင်ရင် ပဘိုင်သခင်မ ရဲ့ တားမြစ်ပိတ်ပင်မှုကို ဖြိုခွဲမယ့် အစီအစဉ်ကြီးကို သေချာပေါက် ထိခိုက်စေလိမ့်မယ် "
အမျိုးသမီးကြီးက ဖြည်းညင်းစွာ ပြောလိုက်သည်။
ဂူအတွင်း၌ ခဏမျှ တိတ်ဆိတ်သွားသည်။
လူငယ်ပညာရှိနှင့် မုတ်ဆိတ်ဗလကြီးတို့မှာ စကားမဆိုနိုင်တော့ချေ။
ရှေ့မှ အမျိုးသမီးမှာ အတွေးအမြင် အလွန်နက်နဲလှရာ သူတို့ပင် အကဲမခတ်နိုင်တော့ပေ။
ဤအမျိုးသမီးက သူတို့နှင့် လာရောက်ပူးပေါင်းခြင်းမှာ အမှန်တကယ် မည်သည့်ရည်ရွယ်ချက် ရှိနေသနည်း။
အချိန်အတော်ကြာမှ...
မုတ်ဆိတ်ဗလကြီးက မေးလိုက်သည်
"မင်းက ငါတို့ကို ဘာလုပ်စေချင်တာလဲ"
အမျိုးသမီးကြီး၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များ ဝင်းလက်သွားကာ
"ဒီလူက အလွန်ရက်စက်ပြီး စိတ်နှလုံးကလည်း အေးစက်တယ်၊ သာမန်တရားမျှတမှုကို အသုံးချပြီး ခြိမ်းခြောက်တဲ့နည်းလမ်းတွေက ထိရောက်မှာ မဟုတ်ဘူး..."
"ဒါပေမဲ့ ဝေမြို့ထဲမှာ သူ့ရဲ့ အမျိုးသမီးတစ်ယောက် ရှိနေတယ်၊ သူက မျက်နှာချင်းဆိုင်က ထိုင်ဖင် တည်းခိုးခန်း ပိုင်ရှင်ပဲ၊ ငါတို့ သူမကို ဖမ်းဆီးပြီး တားမြစ်နယ်မြေထဲကို မျှားခေါ်သွားမယ်၊ အဲဒီကျရင်တော့ သခင်မကိုယ်တိုင် သူ့ကို ကိုင်တွယ်လိမ့်မယ်"
"မင်းက ဘာလို့ အဲဒီပိုင်ရှင်အဖြစ် ရုပ်ဖျက်ပြီး သူ့ကို မလှည့်စားတာလဲ၊ အဲဒါက ပိုပြီး စိတ်ချရတာ မဟုတ်ဘူးလား "
မုတ်ဆိတ်ဗလကြီးက မေးလိုက်သည်။
ဒီကောင်မှာလည်း ဉာဏ်တော့ နည်းနည်းရှိသားပဲ... အမျိုးသမီးကြီးက မျက်မှောင်ကြုတ်ကာ
"အဲဒီတာအိုဆရာလေးမှာ ဆန်းကြယ်တဲ့ အတတ်ပညာတွေ ရှိနေတယ်၊ အမှားအယွင်း တစ်ခုခု ဖြစ်သွားရင် ရိပ်မိသွားလိမ့်မယ်၊ အဲဒီနည်းက မသေချာဘူး"
"မင်းက ဒီလောက်တောင် သတင်းတွေ အများကြီး သိနေရင် ဘာလို့ ကိုယ်တိုင်မလုပ်ဘဲ ငါတို့ကို လာရှာရတာလဲ "
မုတ်ဆိတ်ဗလကြီးက အေးစက်စွာ မေးလိုက်သည်။
အပြင်ပန်းက ကြမ်းတမ်းပုံရသော်လည်း မုတ်ဆိတ်ဗလကြီး၏ မေးခွန်းတိုင်းမှာ အချက်ကျလှသည်။
အမျိုးသမီးကြီးက ဖြည်းညင်းစွာ ပြန်ဖြေသည်
"ကျမ... ကျမ သူ့ကို ကြောက်တယ်၊ ရှင်တို့ အဲဒီ တာအိုဆရာလေးနဲ့ မတွေ့ဖူးသေးလို့ပါ၊ သခင်မလို ပုဂ္ဂိုလ်မျိုးမှပဲ သူ့ကို ကိုင်တွယ်နိုင်လိမ့်မယ်"
မုတ်ဆိတ်ဗလကြီးနှင့် လူငယ်ပညာရှိတို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြန်သည်။
"ဒီကိစ္စကို အရင်ဆုံး ဂိုဏ်းချုပ်ကို တင်ပြရမယ်၊ အခု တားမြစ်ပိတ်ပင်မှုက လျော့ရဲနေပြီဆိုတော့ ဂိုဏ်းချုပ်က ငါတို့ရဲ့ တင်ပြချက်ကို လက်ခံရရှိနိုင်တယ်"
ဟု လူငယ်ပညာရှိက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
အမျိုးသမီးကြီးမှာ ယန်ဖုန်းကို ရုတ်တရက် သတိရသွားမိသည်၊ ယန်ဖုန်းသာဆိုလျှင် သူနှင့် တစ်ညအိပ်ပေးလိုက်ရုံဖြင့် အရာရာ ပြီးမြောက်နိုင်သည် မဟုတ်ပါလား။
သူမသည် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိ၏။
လူငယ်ပညာရှိသည် ရင်ဘတ်ထဲမှနေ၍ ထူးဆန်းသော အင်းစာသားများ ရေးဆွဲထားသည့် အဆောင်တစ်ခုကို ထုတ်ယူလိုက်သည်၊ ၎င်းမှာ လမ်းမှန်မှ အဆောင်မဟုတ်သည်မှာ သိသာလှသည်။
ထိုအဆောင်သည် လေမတိုက်ဘဲ အလိုအလျောက် လောင်ကျွမ်းသွားပြီး...
လူငယ်ပညာရှိမှာလည်း လက်နှစ်ဖက်ကို ယှက်ကာ ခေါင်းငုံ့၍ ဆုတောင်းနေတော့သည်။
တာအိုဂိုဏ်း၏ အဆောင်၊ ပညာရှိဝတ်စုံနှင့် ဗုဒ္ဓဘာသာ၏ လက်ဟန်... ဤအရာများမှာ ကျန်းကျန့် ဟုခေါ်သော လူငယ်ပညာရှိအား တစ်မျိုးတစ်ဖုံ ထူးဆန်းနေစေသည်။
သို့သော်ငြားလည်း...
ထိုသူ၏ အရှိန်အဝါမှာ အလွန်ပင် ထူထပ်လေးလံလှပြီး အောက်ခြေမမြင်နိုင်လောက်အောင် နက်နဲလှသည်။
အထူးသဖြင့် သူ၏ မျက်ဝန်းအစုံမှာ လူ၏ ဝိညာဉ်ကို ဖမ်းစားနိုင်သည့် မှော်စွမ်းအား ရှိနေသကဲ့သို့ပင်။
မကြာမီမှာပင်...
လူငယ်ပညာရှိသည် မျက်လုံးကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
"သခင်မက ခွင့်ပြုလိုက်ပြီ"
အမျိုးသမီးကြီးမှာ ဝန်ထုပ်ဝန်ပိုးကြီး ကျသွားသကဲ့သို့ သက်ပြင်းချလိုက်နိုင်သည်။
သို့သော် လူငယ်ပညာရှိ၏ အကြည့်မှာ စူးရှသွားကာ အေးစက်စွာ ပြုံးလိုက်ပြီး
"ဒါပေမဲ့... အဲဒီအမျိုးသမီးကိုတော့ မင်းကိုယ်တိုင် သွားဖမ်းရမယ်"
အမျိုးသမီးကြီး၏ စိတ်ထဲတွင် လေးလံသွားရသည်။
ထိုက်ဖင် တည်းခိုးခန်း
ဤနေရာသည်ကား လောကီလူသားတို့၏ အငွေ့အသက်များဖြင့် ပြည့်နှက်နေသော နေရာတစ်ခုဖြစ်သည်။
ကုန်သည်များ၊ ခရီးသွားများ၊ သိုင်းသမားများနှင့် ပညာရှိများ... အားလုံးသည် ထိုတည်းခိုးခန်းအတွင်း၌ ဆုံတွေ့ကြရသည်။
အဆင့်အတန်းမျိုးစုံ စုဝေးရာ နေရာဟု ဆိုနိုင်သည်။
တည်းခိုးခန်း ဆိုင်ရှင်မမှာမူ အလွန်ပင် ဆွဲဆောင်မှုရှိလှပြီး သူမ၏ ရင့်ကျက်သော အလှတရားမှာ လူတို့၏ ဝိညာဉ်ကိုပင် ဖမ်းစားနိုင်လောက်သည်။
တစ်ချက်ကြည့်လျှင် အသက်သုံးဆယ်ကျော်ဟု ထင်ရသော်လည်း သေသေချာချာ ကြည့်ပြန်လျှင်မူ ဆယ့်ခုနစ်၊ ဆယ့်ရှစ်နှစ် အရွယ်လေးအလားပင်။
ဖြူစင်မှုနှင့် ဆွဲဆောင်မှုရှိမှုတို့မှာ သူမ၏ ကိုယ်ပေါ်တွင် အချိုးကျစွာ ပေါင်းစပ်နေသည်။
ထွင်းထုထားသည့်အလား လှပသော မျက်နှာလေးမှာ အပြစ်ပြောစရာ မရှိချေ။
ငုံ့ကြည့်လျှင်ပင် ခြေဖျားကို မမြင်ရလောက်အောင်ပင် ကိုယ်လုံးကိုယ်ပေါက်မှာလည်း လောကုတ္တရာ အလှနတ်မိမယ်အလားပင် ဖြစ်သည်။
ရုံးတော်မှ ရဲမက်တစ်ဦးမှာ အမောတကော ပြေးဝင်လာပြီး...
"ဆိုင်ရှင်မ... ဒုက္ခရောက်ကုန်ပြီ၊ လီယန်ချူနဲ့ ဝမ်အရာရှိတို့ အလုပ်သွားလုပ်ရင်း ပျောက်ကွယ်နေလို့၊ အခု ဝမ်အရာရှိ တစ်ယောက်ပဲ ဒဏ်ရာတွေနဲ့ ပြန်ရောက်လာတယ်၊ ရုံးတော်ကို အမြန်လိုက်ခဲ့ပါဦး"
"ဘာပြောတယ်"
ဆိုင်ရှင်မမှာ အံ့အားသင့်သွားရသည်။
သူမသည် တည်းခိုးခန်း အလုပ်များကို ချက်ချင်းပစ်ထားခဲ့ကာ ရဲမက်နောက်သို့ အပူတပြင်း လိုက်သွားတော့သည်။
တည်းခိုးခန်းမှ အလုပ်သမားလေးမှာလည်း ထိုစကားကို ကြားပြီး ထိတ်လန့်သွားရ၏။
တာအိုဆရာလေး လီယန်ချူ ပျောက်ဆုံးသွားပြီတဲ့လား
ခဏအကြာတွင်...
ဝမ်အရာရှိနှင့်အတူ အပြင်၌ သောက်စားပြီး ပြန်လာသော လီယန်ချူအား...
တည်းခိုးခန်း အလုပ်သမားလေးက အမှတ်မထင် တွေ့လိုက်ရသည်။
"တာအိုဆရာလေး... ပြန်လာပြီပဲ၊ တော်သေးတာပေါ့"
အလုပ်သမားလေးက ဝမ်းသာအားရ ပြောလိုက်သည်။
"ဟင်"
လီယန်ချူ မျက်မှောင်ကြုတ်လိုက်ကာ
"ဘာဖြစ်လို့လဲ"
အလုပ်သမားလေးမှာ မှင်တက်သွားပြီး
"စောစောက ရုံးတော်က လူတွေလာပြီး ပြောသွားတယ်လေ၊ တာအိုဆရာလေးနဲ့ ဝမ်အရာရှိတို့ ပျောက်ဆုံးနေလို့ဆိုပြီး၊ အခု ဆိုင်ရှင်မက အခြေအနေသွားကြည့်ဖို့ ရုံးတော်ကို လိုက်သွားပြီလေ"
လီယန်ချူ ထိတ်လန့်သွားကာ ထပ်မံမေးမြန်းလိုက်သည်
"သွားတာ ဘယ်လောက်ကြာပြီလဲ"
"တစ်နာရီလောက် ရှိတော့မယ်"
ဟု အလုပ်သမားလေးက ဖြေလိုက်သည်။
ထို့နောက်...
သူ၏ မျက်စိရှေ့တွင်ရှိသော လီယန်ချူမှာ ရုတ်တရက် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရသည်။
ရှူး...
လူတစ်ကိုယ်လုံး ပျောက်ကွယ်သွားပြီ ဖြစ်သည်
လီယန်ချူမှာ အလွန်ပင် စိုးရိမ်နေမိသည်။
တည်းခိုးခန်းဆိုင်ရှင်မမှာ သာမန်လူ မဟုတ်ဘဲ ကျင့်ကြံမှု ရှိနေသော်လည်း ဤသည်မှာ သေချာပေါက် ထောင်ချောက်တစ်ခု ဖြစ်နေသည် မဟုတ်ပါလား
သူသည် မနေ့ညက ရွှီအိမ်တော်ကိစ္စကို ပြီးစီးအောင် လုပ်ပြီးနောက် ချင်းယွန်းကျောင်းသို့ တန်းပြန်ခဲ့ခြင်း ဖြစ်သည်။
ဒီနေ့မနက်တွင် ဝမ်အရာရှိက လာခေါ်သဖြင့် ရွှီအိမ်တော်ရှိ နာကျည်းချက်အငွေ့အသက်များကို အတူတကွ သုတ်သင်ပြီးနောက် စားသောက်ဆိုင်တွင် သောက်စားကာ ယခုမှ ပြန်ရောက်လာခြင်း ဖြစ်သည်။
ရုံးတော်ကလူများ လာရောက်အကြောင်းကြားသည်ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ချေ
သူ၏ စိတ်ထဲတွင် အေးစက်သော ခံစားမှုတစ်ခု ပေါ်လာသည်၊ တစ်ဖက်လူမှာ သူ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေခြင်း ဖြစ်ရမည်။
ထိုသို့မဟုတ်ပါက အချိန်မှာ ဤမျှအထိ ကွက်တိကျနိုင်မည် မဟုတ်ပေ။
"မဖြစ်နိုင်တာ...ဒိုချန်ပုတီးကို ဆောင်ထားသလို၊ ကပ်ဘေးကင်းစေတဲ့ အတတ်ကိုလည်း သုံးထားတာပဲ၊ အမှောင်ဖုံးအတတ်လည်း ရှိနေတာကို... ဘာလို့ ဒုက္ခရောက်ရတာလဲ"
သူသည် စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
သူသည် ကိုယ်တွင်းရှိ စွမ်းအားများကို ဒိုချန်ပုတီး ထဲသို့ ထည့်သွင်းလိုက်ကာ ကပ်ဘေးကင်းစေသည့် အတတ်ကို ထပ်မံ အသုံးပြုလိုက်သည်။
ဆိုင်ရှင်မအပေါ် ကျရောက်နေသည့် ဘေးဆိုးများကို ဖယ်ရှားပေးနိုင်ရန် သူ မျှော်လင့်နေမိသည်။
ဝေမြို့၊ ဝါးဖုန်းတောင်
ရဲမက်ဝတ်စုံနှင့် လူငယ်တစ်ဦးသည် ဓားကို ခါးတွင်ချိတ်ကာ တောင်တက်လမ်းအတိုင်း အရှိန်အဟုန်ဖြင့် လျှောက်လှမ်းနေသည်။
သူ၏ ဘေးတွင်မူ ရင့်ကျက်လှပသော အမျိုးသမီးတစ်ဦး ပါလာ၏။
ရုပ်ဖျက်အတတ်နှင့် မှော်အတတ်များကို ကျွမ်းကျင်လှသော ချင်းဟွမ်ဂိုဏ်း ဂိုဏ်းချုပ်ကတော်အတွက်မူ...
တည်းခိုးခန်း ဆိုင်ရှင်မတစ်ဦးကို ဖမ်းဆီးရန်မှာ လက်ဖျားခါလောက်အောင် လွယ်ကူလှသည်။
ရဲမက်အသွင်ယူထားသော လူငယ်မှာ လှည့်ကြည့်လိုက်ပြီး...
ဆိုင်ရှင်မကို တစ်ချက် ကြည့်လိုက်သည်။
ထို့နောက် သူ၏ မူလရုပ်သွင်သို့ ပြန်လည်ပြောင်းလဲလိုက်ရာ...
ညှို့ဓာတ်အပြည့်ရှိသော အမျိုးသမီးကြီးတစ်ဦးအဖြစ် ပေါ်ထွက်လာတော့သည်။
သူမသည်ကား ချင်းဟွမ်ဂိုဏ်းမှ ဆုန့်ယာ ပင် ဖြစ်သည်။
သို့သော်လည်း...
ဆိုင်ရှင်မ၏ အလှတရားနှင့် ယှဉ်လိုက်လျှင်မူ ဆုန့်ယာမှာ သာမန်ကာလျှံကာမျှသာ ဖြစ်သွားတော့သည်။
"တကယ်ကို လောကုတ္တရာ အလှနတ်မိမယ်ပါလား၊ ကြည့်လေလေ ပိုပြီး ရင်ခုန်ဖို့ ကောင်းလေလေပဲ"
ဆုန့်ယာမှာ အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။
ထိုအမျိုးသမီး၏ ကိုယ်ပေါ်တွင် မွေးရာပါ ညှို့ဓာတ်တစ်ခု ကိန်းအောင်းနေသည်၊
အမျိုးသမီးချင်းဖြစ်သည့် သူမပင်လျှင် ရင်ခုန်သွားရသည်မှာ...
အမှန်တကယ်ပင် အံ့သြဖွယ် ကောင်းလှချေသည်။
"ဒီလို တည်းခိုးခန်းလေး တစ်ခုထဲမှာ ဒီလောက်လှတဲ့ အမျိုးသမီး ရှိနေလိမ့်မယ်လို့ မထင်ထားမိဘူး"
ဆုန့်ယာသည် ဆိုင်ရှင်မကို အနီးကပ် မမြင်ဖူးခဲ့ချေ။
ယခု ရုပ်ဖျက်အတတ်နှင့် စိတ်ညှို့အတတ်ကို အသုံးပြုကာ ဆိုင်ရှင်မကို တောင်ပေါ်သို့ ဖမ်းခေါ်လာနိုင်မှသာ ထိုကဲ့သို့ အနီးကပ် မြင်တွေ့ခွင့် ရခြင်းဖြစ်သည်။
ဆုန့်ယာ၏ ရင်ဘတ်ထဲတွင် အလွန်လှပစွာ ထွင်းထုထားသည့် ကျောက်စိမ်းပိပါ တစ်ခု ရှိနေပြီး ၎င်းမှာ တစ်ပေခန့် ရှည်လျားသည်။
ဤသည်မှာ ချင်းဟွမ်ဂိုဏ်း၏ ဘိုးဘေးများ ချန်ထားရစ်ခဲ့သည့် ရတနာနှစ်ပါးအနက် တစ်ခုဖြစ်သည်။
သူမသည် ထိုဝိညာဉ်ရတနာကို အားကိုးခြင်းဖြင့် လီယန်ချူ၏ ဘေးဥပဒ်ဖယ်ရှားခြင်းနှင့် အမှောင်ဖုံးခြင်း အတတ်များ၏ အကျိုးသက်ရောက်မှုကို လွတ်မြောက်နိုင်ခဲ့ခြင်း ဖြစ်သည်။