အခန်း (၃၇၉-၃၈၀)
Vol. 38 Ch. 379-380
အခန်း (၃၇၉) - လက်တုံ့မနှေးသော ဓားချက် ၊နက်နဲသော အနီရောင်အလင်းတန်း ၊ တားမြစ်ချက်ကို ဖျက်ဆီး၍ ထွက်ပေါ်လာခြင်း ၊ ဒုက္ခပင်လယ် တန်ခိုးစွမ်းအား
ဤသည်မှာ အလွန်ပင် အားကောင်းလှသော တာအိုဂိုဏ်း၏ အစီရင်အတတ်ပညာ တစ်ခုပင် ဖြစ်သည်။
မြေအောက်မီးဓာတ်ကို ဆွဲယူကာ မိစ္ဆာများကို နှိမ်နင်းခြင်း ဖြစ်သည်။
တောင်ဘက်အရပ်မှ ကျူးချွယ်မီးနတ်ဘုရား အစီရင်ကြီးကို တည်ဆောက်ရန်အတွက် မြေအောက်ကမ္ဘာ၏ ဗဟိုချက်ဖြစ်သော မြေအောက်မီးတောက် ရှိရန် လိုအပ်ပေသည်။
ထို့အပြင် အားကောင်းသော မီးဓာတ်ဆိုင်ရာ ရတနာများကိုလည်း အစီရင်၏ အချက်အခြာအဖြစ် အသုံးပြုရသေးသည်။
သတ်မှတ်ချက်များမှာ အလွန်ပင် တင်းကျပ်လှသော်လည်း...
သို့သော်လည်း...
ထိုနေရာသည် လီယန်ချူအတွက်မူ ထူးဆန်းနက်နဲနေခြင်း မရှိတော့ချေ။
အကြောင်းမှာ စောစောကပင် တားမြစ်ပိတ်ပင်ခံထားရသော မိစ္ဆာမှာ အပြင်သို့ ခေတ္တထွက်ပေါ်လာခဲ့ဖူးသောကြောင့်ပင်။
သူသည် ချိကဲဘက်ဂိုဏ်း၏ အကြွင်းအကျန်များကို သုတ်သင်ခြင်းဖြင့် ကုသိုလ်အမှတ် ၁၃,၀၀၀ ကို ရရှိခဲ့သည်၊
သူ၏ အကြည့်မှာ မြေပြင်ပေါ်တွင် လဲလျောင်းနေသော ဆုန့်ယာ၏ အလောင်းထံသို့ ကျရောက်သွားသည်။
ထို့နောက် ဆိုင်ရှင်မဘက်သို့ လှည့်ကာ မေးလိုက်သည်
"ဒီလူက ဘာဖြစ်တာလဲ"
ဆိုင်ရှင်မက ဂရုမစိုက်ဟန်ဖြင့် ပြန်ဖြေသည်
"လက်ပါးစေလေး တစ်ယောက်ပါ၊ ကျွန်မ ရိုက်သတ်လိုက်တာ"
လီယန်ချူက အသာအယာ ခေါင်းညိတ်လိုက်သည်။
ဆိုင်ရှင်မတွင် အဘယ်ကြောင့် ကျင့်ကြံမှုစွမ်းအားများ ရှိနေသနည်းဆိုသည်ကို သူအတိအကျ မသိသော်လည်း အနည်းငယ်တော့ ရိပ်မိထားသည်။
သူမ၏ ကံကြံမ္မာအရှိန်အဝါမှာ အရှိန်အဝါကြည့်အတတ် ၏ မြင်ကွင်းထဲတွင် လွန်စွာတောက်ပဝေဖြာနေသော်လည်း အစစ်အမှန် ကျင့်ကြံမှုအဆင့်ကိုမူ ခန့်မှန်း၍ မရနိုင်ချေ။
သို့သော် ဆိုင်ရှင်မ၏ တည်ငြိမ်အေးဆေးသော အမူအရာကို ကြည့်ရသည်မှာ...
မြေပြင်ပေါ်က ထိုအမျိုးသမီးမှာလည်း သိပ်ပြီး အစွမ်းထက်ပုံမရချေ။
ရှစ်ပုံတစ်ပုံလောက်ကတော့ အမှိုက် သာ ဖြစ်ပေလိမ့်မည်။
သူ၏ အကြည့်မှာ ထိုတားမြစ်ပိတ်ပင်မှု ဆီသို့ ရောက်ရှိသွားသည်၊ သူသည် (၅) ကြိမ်တိုင်တိုင် အဆင့်မြှင့်တင်ထားသော လင်ကွမ်းဖိတ်ခေါ်အဆောင် ကို အသုံးပြုထားပါလျက် ချိကဲဘက်ဂိုဏ်း အကြွင်းအကျန် နှစ်ယောက်တည်းကိုသာ သတ်လိုက်ရခြင်းမှာ အနည်းငယ် ရှုံးနိမ့်နေသကဲ့သို့ ခံစားရသည်။
အားမရသေးချေ
တားမြစ်ချက်ရဲ့ နောက်ကွယ်မှာ အကောင်ကြီးတစ်ကောင် ရှိနေတာ မဟုတ်ပါလား
စောစောက ထိုဘိုင်သခင်မ၏ ပုံစံကို ကြည့်ရသည်မှာ အလောင်းတောင်၊ သွေးပင်လယ်ကို နင်းဖြတ်ကာ ကြွလာခြင်းဖြစ်ပြီး မိစ္ဆာအငွေ့အသက်များမှာ ကောင်းကင်သို့ ထိုးတက်နေသည်။
တကယ့်ကို အရှိန်အဝါ အပြည့်ရှိသည့် ဗီလိန်ကြီး တစ်ဦးပင်
ဤကဲ့သို့သော မိစ္ဆာမျိုးကို လွှတ်ပေးလိုက်မည်ဆိုလျှင် လူသားတို့အတွက် အန္တရာယ်ကြီးမားလှပေမည်။
"ရှင်က တားမြစ်ချက်ကို ဖျက်ဆီးပြီး အထဲဝင်ကာ အဲဒီဘိုင်သခင်မကို သတ်ဖို့ ကြံနေတာတော့ မဟုတ်ပါဘူးနော် "
ဟု ဆိုင်ရှင်မက မေးလိုက်သည်။
"မလုပ်တော့ပါဘူး၊ ဒီတားမြစ်ချက်က အတော်လေး ခိုင်မာတယ်၊ အဲဒီဘိုင်သခင်မကလည်း တန်ခိုးစွမ်းအား ကြီးမားပုံရတယ်၊ အခုလောလောဆယ်တော့ မလောသေးပါဘူး"
ဟု လီယန်ချူက ပြုံးကာ ပြောလိုက်သည်။
ဆိုင်ရှင်မက အသာအယာ ခေါင်းညိတ်သည်။
တားမြစ်ချက်အတွင်းမှ ဘိုင်သခင်မမှာ ထိုစကားကို ကြားသောအခါ မနေနိုင်ဘဲ သက်ပြင်းချကာ စိတ်အေးသွားရသည်။
သို့သော် နောက်တစ်ခဏ၌...
လီယန်ချူ၏ စကားကြောင့် သူမမှာ ဆဲရေးတိုင်းထွာချင်စိတ်ပင် ပေါက်သွားတော့သည်
"ဒီတားမြစ်ချက်က တော်တော်လေး လျော့ရဲနေပြီ၊ ငါဒါကို ပြန်ပြီး ခိုင်မာအောင် လုပ်ပေးမယ်၊ ပြီးရင် ဒီနေရာမှာပဲ သစ်ငုတ်တိုမှာ ယုန်စောင့်သလို စောင့်နေမယ်ဆိုရင် အခြား ချိကဲဘက်ဂိုဏ်း အကြွင်းအကျန်တွေ လာတာကို မိနိုင်တာပေါ့ "
လီယန်ချူသည် ကျောက်ထျန်းတံဆိပ် ၊ နဂါးငါးပါးစက်ဝန်း နှင့် မီးကျီးကန်းအိုး တို့ကို ထုတ်ယူလိုက်သည်။
ဒဏ္ဍာရီလာ နတ်ဘုရားရတနာများကို အတုယူထားသည့် ထိုပစ္စည်းများမှ နတ်မီးများကို အသုံးပြုကာ...
တောင်ဘက်အရပ်မှ ကျူးချွယ်မီးနတ်ဘုရား အစီရင်ကြီးကို တစ်ဖန်ပြန်၍ ခိုင်မာအောင် ပြုလုပ်ရန် ပြင်ဆင်လိုက်ခြင်းပင်
အစီရင်၏ အချက်အခြာတွင် ထူထပ်လှသော မီးအလင်းတန်းများ လင်းလက်လာပြီး ထိုနတ်ဘုရားရတနာ သုံးပါးနှင့် မမြင်ရသော ဆက်နွှယ်မှုများ ဖြစ်ပေါ်လာသည်။
အစီရင်ရဲ့ အချက်အခြာအဖြစ် သုံးထားတဲ့ ရတနာတွေက အခြားဒဏ္ဍာရီလာ မီးဓာတ်ရတနာ နှစ်ပါးများလား လီယန်ချူ၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။
ဘိုင်သခင်မမှာ အကြီးအကျယ် ဒေါသထွက်သွားရပြီ
ထိုတာအိုဆရာလေးမှာ လူကိုသတ်ရုံတင်မကဘဲ စိတ်ကိုပါ နှိပ်စက်နေခြင်းပင်
ဂယက်... ဝုန်း
အစီရင်၏ အက်ကွဲကြောင်းအတွင်းမှ ပြင်းထန်လှသော ကျင့်ကြံမှုစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
နှုတ်ခမ်းနီနီ၊ မျက်တောင်ကော့ကော့နှင့် မိန်းကလေးငယ်၏ ပုံရိပ်မှာ တစ်ဖန်ပြန်၍ ပေါ်လာပြန်သည်။
"တာအိုမိတ်ဆွေ... ဘာလို့ ဒီလောက်အထိ အဆုံးထိ လိုက်သတ်နေရတာလဲ "
ဘိုင်သခင်မက ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။
"မိစ္ဆာတွေကို သုတ်သင်တာ အမြစ်ပြတ်အောင် မလုပ်လို့ နင့်ကို နှစ်သစ်ကူးဖို့အတွက် ချန်ထားရမှာလား "
လီယန်ချူက အေးစက်စွာ ပြောလိုက်သည်။
"လူကို အရမ်းနှိပ်စက်တာပဲ "
"ကျမက တကယ်ပဲ ရှင့်ကို ကြောက်နေတယ်လို့ ထင်နေတာလား "
ဘိုင်သခင်မက လက်ကို ဝှေ့ယမ်းလိုက်ရာ ပြင်းထန်လှသော ကျင့်ကြံမှုစွမ်းအားများမှာ လိမ့်တက်လာသော သွေးပင်လယ်ကြီးအလား လွှမ်းခြုံလာတော့သည်။
အသက်ရှူကျပ်သွားစေလောက်သည့် ဖိအားကြီးက မျက်နှာဆီသို့ တိုးဝင်လာပြီး...
တစ်ခဏအတွင်းမှာပင် လီယန်ချူကို ဝါးမြိုပစ်တော့မည့်အလားပင်။
ချွန်း
လီယန်ချူမှာ လက်တုံ့မနှေးဘဲ ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။
ဓားအလင်းတစ်ချက် ဝင်းလက်သွားသည်နှင့်...
သွေးပင်လယ်ကြီးမှာ ထက်ပိုင်း ပြတ်တောက်သွားတော့၏။
တောက်ပလှသော ဓားဆန္ဒ တစ်ခု ပေါ်ထွက်လာပြီး...
တားဆီး၍မရသော အရှိန်အဝါဖြင့် ဘိုင်သခင်မ၏ ကိုယ်ထည်ဆီသို့ ဆက်လက် ခုတ်ပိုင်းသွားတော့သည်။
ဝုန်း... ဝုန်း... ဝုန်း
သူတို့နှစ်ဦး၏ တိုက်ပွဲမှာ အရှိန်အဝါ ကြီးမားလှသဖြင့် ဂူအတွင်းပိုင်းများ ကြေမွပျက်စီးကာ ဖုန်တောများ လွင့်စင်နေသည်။
ထူထပ်လှသော သွေးအရှိန်အဝါများကြောင့် လီယန်ချူ၏ ပတ်ပတ်လည်တွင် တောက်ပသောအလင်းများ ဝေဖြာနေပြီး အလွန်ပင် ထည်ဝါလှပေသည်။
ချွင်
သူ၏ နောက်ကျောတွင် ကြီးမားသော ပုံရိပ်ယောင်ကြီးတစ်ခု ပေါ်ထွက်လာပြီး သူ၏ လှုပ်ရှားမှုအတိုင်း လိုက်လုပ်နေသည်
ဓားဖြင့် တစ်ချက် ခုတ်ပိုင်းလိုက်ရာ
ဘိုင်သခင်မ၏ ထိုကျင့်ကြံမှုစွမ်းအားဖြင့် ဖန်ဆင်းထားသော ကိုယ်ပွားမှာ တိုက်ရိုက်ပင် အပိုင်းပိုင်း ပြတ်တောက်သွားတော့သည်။
ကောင်းကင်အနှံ့ လွင့်စင်သွားသော မီးပွားများအဖြစ် ပြောင်းလဲသွားသည်
သူမသည် ထိုဂူအတွင်း၌ တောင်ဘက်အရပ်မှ ကျူးချွယ်မီးနတ်ဘုရား အစီရင်ကြီးဖြင့် ဖိနှိပ်ခံထားရသူဖြစ်ရာ သူမ၏ ကိုယ်ပွားတစ်ခုမှာ လီယန်ချူ၏ ပြိုင်ဘက် မဟုတ်ချေ
အရာအားလုံး ပြီးဆုံးသွားပြီဟု ထင်ရသည့် အချိန်၌...
ဘုန်း
လီယန်ချူ၏ နားထဲသို့ လေထုကို ခွဲထွက်လာသည့် အသံကြီးတစ်သံ ကြားလိုက်ရသည်။
နီရဲသောအလင်းတန်း တစ်ခုမှာ ကောင်းကင်မှ ကျဆင်းလာပြီး...
တောင်ဘက်အရပ်မှ ကျူးချွယ်မီးနတ်ဘုရား အစီရင်၏ အက်ကွဲကြောင်းဆီသို့ တိုက်ရိုက် ထိမှန်သွားတော့သည်။
ကွဲ... ကွဲ...
အစီရင်စုကြီးမှာ လက်မချင်း စီ၍ အက်ကွဲသွားပြီး ကြည်လင်သော အက်ကွဲသံများ ထွက်ပေါ်လာတော့သည်။
"ဘယ်သူလဲ"
လီယန်ချူက ဟိန်းဟောက်လိုက်သည်။
မျက်ဝန်းများမှ နတ်အလင်းများ ဝင်းလက်သွားကာ အပြင်ဘက်သို့ ကြည့်လိုက်သည်။
သို့သော်လည်း...
ထိုအနီရောင်အလင်းတန်းမှာ မြန်လွန်းလှပြီး စွမ်းအားမှာလည်း အလွန်ပင် ကြီးမားလှသဖြင့် ရောက်လာသူကို လုံးဝ လိုက်လံခြေရာခံ၍ မရနိုင်ချေ။
သူသည် မျက်မှောင်ကို ပြင်းထန်စွာ ကြုတ်လိုက်သည်။
သူ လိုက်လံဖမ်းဆီးရန် မမီလိုက်ခင်မှာပင်...
ဂူအတွင်းပိုင်းရှိ မပျက်မစီး ကျန်နေသော ကျောက်နံရံကြီးမှာ ဝုန်းခနဲ ပြိုကျသွားတော့သည်။
အလွန်ပင် ထူထပ်လှသော ယင်အငွေ့အသက်များ မှာ တားမြစ်ချက်ကို ဖျက်ဆီးကာ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ဝုန်း
ဘိုင်သခင်မမှာလည်း စောစောက အနည်းငယ် မှင်တက်သွားသော်လည်း မကြာမီမှာပင် အလွန်စိတ်လှုပ်ရှားသွားရသည်။
ထိုအခွင့်အရေးကို အရယူ၍ တားမြစ်ချက်ကို ဖောက်ထွက်လိုက်ပြီ
တောင်ဘက်အရပ်မှ ကျူးချွယ်မီးနတ်ဘုရား အစီရင်ကြီး ပျက်စီးသွားလေပြီ
စောစောက အနီရောင်အလင်းတန်း၏ စွမ်းအားမှာ သာမန်မဟုတ်ချေ
"သောက်နှာခေါင်းကြီး တာအိုဆရာ... ငါနောက်ဆုံးတော့ ထွက်လာနိုင်ပြီ "
နှုတ်ခမ်းနီနီနှင့် မိန်းကလေးငယ်မှာ ပျံသန်းထွက်ပေါ်လာသည်။
သူမ၏ မျက်ဝန်းများထဲတွင် ဖုံးကွယ်၍မရသော ဝမ်းသာရိပ်များ ရှိနေသည်။
သူမသည် လီယန်ချူကို အေးစက်စွာ ကြည့်လိုက်ရာ မျက်ဝန်းထဲတွင် ဖုံးကွယ်၍မရသော သတ်ဖြတ်လိုစိတ်များ ရှိနေသည်။
စောစောက မည်သူက ကူညီခဲ့သည်ဖြစ်စေ...
သူမကို ဓားအဖြစ် အသုံးပြုကာ တံငါသည်က အကျိုးအမြတ်ရယူရန် ကြံစည်နေသည်ပင် ဖြစ်စေဦးတော့။
ထိုတာအိုဆရာလေးကတော့ ယနေ့ သေကိုသေရမည်။
ဝုန်း
ဘိုင်သခင်မက လက်ကို ဝှေ့ယမ်းလိုက်ရာ ကျင့်ကြံမှုစွမ်းအားတစ်ခု ထွက်ပေါ်သွားပြီး တစ်ဂူလုံးကို ကျောက်တုံးကြီးများဖြင့် ချက်ချင်း ပိတ်ဆို့လိုက်တော့သည်။
တောင်ရွှေ့အတတ်
ကျောက်တုံးကြီးများမှာ လီယန်ချူကို အဆက်မပြတ် ဖိသိပ်လာတော့သည်
လီယန်ချူသည် ဆိုင်ရှင်မ၏ သေးကျင်လှသော ခါးလေးကို ဆွဲဖက်လိုက်ကာ...
ချက်ချင်းပင် တိမ်စီး၍ အပြင်သို့ ပျံထွက်လိုက်တော့သည်။
သူသည် ရင်ဘတ်ထဲမှ နဂါးကျား ရွှေအမြုတေ ထုတ်ယူလိုက်ပြီး...
"သူ့ကို ခေါ်သွားပြီး ဘေးကင်းတဲ့နေရာမှာ ဝှက်ထားလိုက် "
လီယန်ချူက ယွန်းနျန်း ဆီသို့ စိတ်ချင်းဆက်သွယ်၍ အမိန့်ပေးလိုက်သည်။
နတ်အလင်းတစ်ခု ဝင်းလက်သွားပြီး...
နဂါးကျားရွှေအမြုတေ မှာ ဆိုင်ရှင်မကို ခေါ်ဆောင်၍ ဤနေရာမှ ထွက်ခွာသွားတော့သည်။
ယွန်းနျန်းသည် နဂါးကျား ရွှေအမြုတေ အတွင်း၌ အချိန်အတော်ကြာအောင် ကျင့်ကြံနေခဲ့ပြီး အပြင်သို့ မထွက်လာခဲ့ချေ၊ ယခုမှ လီယန်ချူ၏ ခေါ်ယူခြင်းကို ခံရခြင်းပင်။
သူမမှာ အလွန်ပင် စိတ်လှုပ်ရှားနေပြီး...
ကောင်းကောင်းမွန်မွန် စွမ်းဆောင်ပြရန် ပြင်ဆင်ထားသည်။
လီယန်ချူတွင် စိုးရိမ်စရာ မရှိတော့ချေ၊ သူ၏ မျက်ဝန်းများတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များ ဝင်းလက်လာပြီး ဂူအတွင်းသို့ ကြည့်လိုက်သည်။
ဘုန်း
ဘိုင်သခင်မမှာ မြေပြင်ကို ဖောက်ထွက်လာသည်။
တစ်ခဏချင်းမှာပင် ကောင်းကင်နှင့် မြေကြီးမှာ အရောင်ပြောင်းသွားကာ ယင်လေစိမ်းများ တဖြူးဖြူး တိုက်ခတ်လာတော့သည်
သူမ၏ နောက်ကျောတွင် ကြီးမားလှသော သွေးပင်လယ်ကြီးတစ်ခု ပေါ်ထွက်လာပြီး ထိုအထဲတွင် မရေမတွက်နိုင်သော နာကျည်းနေသည့် ဝိညာဉ်များနှင့် လူသေများ အော်ဟစ်ငိုယိုနေကြသည်။
ကြောက်မက်ဖွယ်ကောင်းသော လူမျက်နှာများမှာ ပေါ်ထွက်လာလိုက်၊ ပျောက်ကွယ်သွားလိုက် ဖြစ်နေပြီး မျက်နှာသွင်ပြင်ကို ရှင်းလင်းစွာ မမြင်ရသော်လည်း သူတို့၏ မကျေနပ်မှုနှင့် နာကျည်းမှု များကို အထင်အရှား ခံစားနေရသည်။
မရေမတွက်နိုင်သော ငိုကြွေးသံများမှာ လီယန်ချူ၏ စိတ်ဝိညာဉ်ကို အဆက်မပြတ် တိုက်ခိုက်နေတော့သည်။
ပို၍ ဆိုးဝါးသည်မှာ...
ထိုသွေးပင်လယ်အတွင်း၌ လီယန်ချူ ရင်းနှီးကျွမ်းဝင်သော လူများ၏ မျက်နှာများမှာလည်း ပေါ်လာလိုက်၊ မြုပ်သွားလိုက် ဖြစ်နေခြင်းပင်။
ဆိုင်ရှင်မ၊ ဖန့်ချင်းလန်၊ ပိုင်ဟုန်ထူ၊ တင်းရုံ ၊ ဒွမ်းမူရွှမ်း၊ ရှူရှို့ယွင်။
တစ်ယောက်ချင်းစီမှာ နာကျင်စွာ အော်ဟစ်နေကြပြီး ပျစ်ချွဲလှသော သွေးပင်လယ်အတွင်း၌ ရုန်းကန်နေကြရသည်။
ဤသည်မှာ ဘိုင်သခင်မ၏ တန်ခိုးစွမ်းအားပင် ဖြစ်သည်။
ဒုက္ခပင်လယ်
၎င်းမှာ လူ၏ စိတ်ဝိညာဉ်ကို ရိုက်ခတ်ဖျက်ဆီးနိုင်ပေသည်။
လီယန်ချူ၏ ဝိညာဉ်အတွင်းမှ အလင်းတန်းများစွာ လင်းလက်လာသည်။
ဝမ်လင်ကွမ်း၏ နတ်ဘုရားအရှိန်အဝါ၊ စိတ်ကြည်လင် စေသော ကျောက်စိမ်းဆွဲပြား၊ ခရမ်းရွှေရောင်အရှိန်အဝါ နှင့် မီးနတ်ဘုရားဂါထာ
ထိုအရာများမှာ သူ၏ ဝိညာဉ်ကို ချက်ချင်းပင် ကာကွယ်ပေးလိုက်သဖြင့်...
ဒုက္ခပင်လယ်၏ လွှမ်းမိုးမှုကို မခံရတော့ချေ။
"လွန်ခဲ့တဲ့ အနှစ်သုံးဆယ်တုန်းက ဝေမြို့က နှာခေါင်းကြီး တာအိုဆရာက ငါ့ကို တားမြစ်ပိတ်ပင်ခဲ့တယ်၊ အနှစ်သုံးဆယ်အကြာမှာတော့ နင်လို တာအိုဆရာပေါက်စက ငါ့ကို ထပ်ပြီး ပိတ်ပင်ချင်နေပြန်ပြီပေါ့ "
"ဒီနေ့ နင်ကို အရင်သတ်မယ်၊ ပြီးရင် ငါဝေမြို့ကို သွားပြီး လူသတ်ပွဲကြီး ကျင်းပမယ်၊ ဒီအမှိုက်လို နေရာကြီးကို သရဲမြို့တော်အဖြစ် ပြောင်းပစ်မယ် "
ဘိုင်သခင်မ၏ လေသံမှာ အလွန်ပင် အေးစက်စက်ရှိလှသည်
ဝေမြို့က နှာခေါင်းကြီး တာအိုဆရာ... လီယန်ချူမှာ မျက်မှောင်ကြုတ်သွားရပြီး အနည်းငယ် အံ့အားသင့်သွားသည်။
ချိကဲဘက်ဂိုဏ်း၏ ဘိုင်သခင်မကို ဝေမြို့က တာအိုဆရာက တားမြစ်ပိတ်ပင်ခဲ့တာတဲ့လား
သူ၏ စိတ်ထဲတွင် ရဲရင့်သော ခန့်မှန်းချက်တစ်ခု ပေါ်လာသည်။
"နင့်ကို ဘယ်သူက တားမြစ်ပိတ်ပင်ခဲ့တာလဲ"
ဘိုင်သခင်မ၏ မျက်နှာမှာ မဲမှောင်သွားပြီး...
"သွားသေလိုက်တော့"
ဝုန်း...
သွေးပင်လယ်မှ ထွက်ပေါ်လာသော ကြီးမားလှသော သွေးတိုင်ကြီး သုံးတိုင်မှာ လီယန်ချူဆီသို့ လွှမ်းခြုံလာတော့သည်၊ ၎င်းမှာ မြစ်ရေလျှံတက်လာသကဲ့သို့ပင် တားဆီး၍ မရနိုင်လောက်အောင် အရှိန်အဝါ ပြင်းထန်လှပေသည်။
လီယန်ချူ၏ နောက်ကျောတွင် ကိုယ်ပွားဝိညာဉ်ပုံရိပ် ပေါ်ထွက်လာသည်။
တစ်ကိုယ်လုံးမှ ရွှေရောင်မီးလျှံများ ထွက်ပေါ်နေပြီး သွေးအရှိန်အဝါမှာ ပင်လယ်ကြီးအလား...
သူသည် လုံးဝ ကြောက်ရွံ့ခြင်းမရှိဘဲ ရှေ့သို့ တိုးဝင်တိုက်ခိုက်လိုက်တော့သည်။
အခန်း (၃၈၀) - ဖေးယန်ဓား ၊ ဝမ်လီချီယွန်းယန် ၊ နတ်ဘုရားစွမ်းအား အထောက်အပံ့ ၊ ဗုဒ္ဓဘာသာ စိပ်ပုတီး
ဓားအလင်းတစ်ချက် ဝင်းလက်သွားသည်
သွေးတိုင်ကြီးတစ်ခုမှာ တစ်ခဏအတွင်း အပိုင်းပိုင်းအစစ ကြေမွသွားတော့သည်။
ထိုပျစ်ချွဲညစ်ညမ်းလှသော သွေးများမှာ ကိုယ်နားသို့ပင် မကပ်နိုင်သေးခင်မှာပင်...
လီယန်ချူ၏ ကိုယ်ပေါ်မှ ထူထပ်လှသော သွေးအရှိန်အဝါများကြောင့် လောင်ကျွမ်းပြာကျသွားရတော့သည်။
သူသည် ပျက်စီးနေသော ဂူဟောင်းပုံကြီးကို ငုံ့ကြည့်လိုက်ရင်း စိတ်အာရုံကို ညှို့ယူလိုက်သည်။
"လာစမ်း"
ဝုန်း ဝုန်း
တောက်ပသော အနီရောင်အလင်းတန်း နှစ်ခုမှာ အပျက်အစီးများထဲမှ ပျံထွက်လာပြီး လီယန်ချူ၏ လက်ထဲသို့ ကျရောက်လာသည်။
လက်ထဲသို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ဖြောင့်မတ်မှန်ကန်၍ ပူပြင်းလှသော မီးဓာတ်နတ်ဘုရားစွမ်းအားကို ခံစားလိုက်ရသည်။
၎င်းတို့မှာ...
ရှေးဟောင်းဓား နှစ်လက်နှင့်
လေးမြားတစ်စုံပင် ဖြစ်သည်
တောက်လောင်နေသော မီးအလင်းရောင်များမှာ ကောင်းကင်တစ်ဝက်ခန့်ကိုပင် လင်းထိန်သွားစေတော့သည်။
"ဖေးယန်ဓား လား ဝမ်လီချီယွန်းယန် လား "
လီယန်ချူက အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။
ထိုလက်နက်များပေါ်ရှိ အငွေ့အသက်များမှာ ရှေးကျ၍ ပူပြင်းလှပေသည်
ကျောက်ထျန်းတံဆိပ်ပေါ်ရှိ အငွေ့အသက်များနှင့် တစ်ထေရာတည်းပင်။
သူသည် အရာဝတ္ထုထိန်းချုပ်ခြင်းအတတ် ဖြင့် ရှေးဟောင်းဓားနှစ်လက်ကို ထိန်းချုပ်လိုက်ရာ ချက်ချင်းပင် ဓားအလင်းနှစ်တန်းအဖြစ် ပြောင်းလဲသွားပြီး ဘိုင်သခင်မထံသို့ ပျံသန်းသွားတော့သည်။
"အဲဒီဓားနှစ်လက်ပဲ "
ဘိုင်သခင်မ၏ မျက်ဝန်းထဲတွင် အံ့အားသင့်ရိပ်များ ပေါ်လာသည်။
တောင်ဘက်အရပ်မှ ကျူးချွယ်မီးနတ်ဘုရား အစီရင်၏ အချက်အခြာ ရတနာများပင်
ထိုရင်းနှီးနေသော အရှိန်အဝါများက သူမကို ထိတ်လန့်တုန်လှုပ်စေသည်။
ဒေါင် ဒေါင် ဒေါင်
ဘိုင်သခင်မမှာ သူမ၏ ကျင့်ကြံမှုစွမ်းအားများကို ဝှေ့ယမ်းကာ ဖေးယန်ဓား၏ တိုက်ခိုက်မှုများကို ခုခံနေရသည်။
ရှူး
လီယန်ချူ၏ လက်မောင်းကြွက်သားများမှာ တင်းမာသွားပြီး ဝမ်လီချီယွန်းယန် လေးတော်ကို တင်းအောင် ဆွဲလိုက်ရာ...
တောက်ပလှသော မီးအလင်းတန်းတစ်ခု ပျံထွက်သွားတော့သည်
၎င်းမှာ ဘိုင်သခင်မ၏ ရှေ့မှ ကာကွယ်ရေးအလင်းလွှာကို ပြင်းထန်စွာ ထိမှန်သွားသည်။
ဝုန်း
မြေပြင်နှင့် တောင်ကြီးများပင် တုန်ခါသွားတော့သည်
ဘိုင်သခင်မသည် လက်ချောင်းများဖြင့် ဂါထာလက်ကွက် ကို ဖော်ဆောင်လိုက်ရာ...
ကောင်းကင်အနှံ့ လွှမ်းခြုံထားသော သွေးပင်လယ်ကြီးမှာ ပြင်းထန်သော အရှိန်အဝါဖြင့် ဖိနှိပ်ကျဆင်းလာတော့သည်။
"မီးဓာတ်လေဓာတ် နတ်စစ်သည်များ ဝဲယာမှ စောင့်ရှောက်စေ၊ တောင်ဖြိုကျောက်ခွဲ မိစ္ဆာရဲကို ဖမ်းဆီးစေ၊ သုံးဘုံမိစ္ဆာအပေါင်း ဦးညွတ်စေ၊ အရပ်ဆယ်မျက်နှာမှ အပြင်လမ်းစဉ်အားလုံး ခိုလှုံစေ၊ အမိန့်တော်အတိုင်း အမြန်ဆုံး အသက်ဝင်စေ "
လီယန်ချူ၏ အသံမှာ မိုးကြိုးပစ်သကဲ့သို့ ဟိန်းထွက်သွားသည်
စကားဆုံးသည်နှင့်...
ခမ်းနားထည်ဝါလှသော နတ်ဘုရားအရှိန်အဝါတစ်ခုမှာ ဟင်းလင်းပြင်ထဲမှ ကျဆင်းလာတော့သည်။
သူသည် အသုံးမကျွမ်းကျင်သေးသော ဒဏ္ဍာရီလာ ရတနာအတုများကို ပြန်သိမ်းလိုက်ပြီး၊ ကောင်းကင်ဘုံရှိ နတ်အုပ်ချုပ်သူ ငါးရာ၏ အကြီးအကဲဖြစ်သော ဝမ်လင်ကွမ်း ၏ နတ်ဘုရားစွမ်းအားကို တစ်ဖန်ပြန်၍ ပင့်ဖိတ်လိုက်ခြင်းပင်
သူ၏ မျက်ဝန်းအစုံတွင် တောက်ပသော နတ်အလင်းများ ထွက်ပေါ်လာပြီး အရှိန်အဝါမှာ ရှေးကျ၍ သန့်စင်မွန်မြတ်လှပေသည်။
"သတ်စမ်း "
လီယန်ချူ၏ လက်ထဲရှိ ကျန့်ကျောင်းဓားမှာ ပြင်းထန်စွာ ခုတ်ပိုင်းချလိုက်သည်။
ဝုန်း
ဘိုင်သခင်မ၏ ကိုယ်ပေါ်မှ သွေးပင်လယ်ကြီးမှာ တစ်ခဏအတွင်း ထက်ပိုင်းပြတ်သွားပြီး မရေမတွက်နိုင်သော နာကျည်းနေသည့် ဝိညာဉ်များမှာလည်း ဓားအလင်းအောက်တွင် ပျောက်ကွယ်သွားကြတော့သည်။
သူမ၏ ကိုယ်မှာလည်း ပြင်းထန်စွာ နောက်သို့ လွင့်ထွက်သွားရပြီး၊ ဖြူစင်ဝင်းပသော နဖူးပြင်နှင့် ရင်ဘတ်ပေါ်တွင် ဓားဒဏ်ရာများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာကာ သွေးများလည်း အဆက်မပြတ် စီးကျလာတော့သည်။
သူမ၏ ကိုယ်တွင်းရှိ တောင်ကြီးတစ်လုံးကဲ့သို့ ထူထပ်လှသော ကျင့်ကြံမှုစွမ်းအားများဖြင့် ဒဏ်ရာများကို အဆက်မပြတ် ပြန်လည်ကုသနေသော်လည်း ထိုစူးရှလှသော ဓားအလင်း၏ ဒဏ်ကိုမူ ဖယ်ရှားရန် ခက်ခဲနေဆဲပင်။
"သောက်ကျိုးနည်း"
ဘိုင်သခင်မ၏ အသံမှာ စူးရှနာကျင်နေသည်၊
လွန်ခဲ့သော အနှစ်သုံးဆယ်က ထိုတာအိုဆရာပင်လျှင် သူမကို တားမြစ်ပိတ်ပင်ရုံသာ တတ်နိုင်ခဲ့ပြီး သူမ၏ အခြေခံစွမ်းအားကို မထိခိုက်စေခဲ့ချေ။
သို့သော် ဤတာအိုဆရာလေးကမူ သူမကို အပြင်းအထန် ဒဏ်ရာရစေခဲ့ပြီ
"လာစမ်း "
လီယန်ချူ၏ မျက်ဝန်းအစုံတွင် အေးစက်သော သတ်ဖြတ်လိုစိတ်များ ပေါ်ထွက်လာပြီး တိုက်ခိုက်လိုစိတ်များမှာလည်း ပို၍ ပွက်ပွက်ဆူလာတော့သည်။
သူသည် ခြေလှမ်းကျဲကြီးများဖြင့် လှမ်းလိုက်ရာ တစ်ကိုယ်လုံးမှာ ဟောဟိုရှေးဦးကာလမှ ကြောက်မက်ဖွယ်ရာ သားရဲကြီးတစ်ကောင်အလား...
ဒုန်း ဒုန်း ဒုန်း
မြေပြင်မှာ တုန်လှုပ်ချောက်ချားနေပြီး ပြင်းထန်လှသော ခွန်အားကြောင့် မြေပြင်မှာ လက်မချင်းစီ အက်ကွဲသွားရသည်။
ချွင်
ဓားအလင်းမှာ တစ်ဖန်ပြန်၍ ထွက်ပေါ်လာပြန်သည်
သွေးပင်လယ်၏ သုံးပုံတစ်ပုံမှာ ထိုဓားအလင်းကြောင့် ပြတ်တောက်သွားပြီး သူ၏ အရှိန်အဝါဖြင့် ပြန်လည်အငွေ့ပျံသွားရပြန်သည်။
ဘိုင်သခင်မ၏ စိတ်ထဲတွင် လေးလံသွားရသည်။
သူမသည် ကျင့်ကြံမှုစွမ်းအားများကို စုစည်းကာ လီယန်ချူဆီသို့ အဆက်မပြတ် ဖိသိပ်လိုက်သည်။
သူမသည် တတိယအဆင့် ယန်ဝိညာဉ် ပညာရှင်ဖြစ်သည်၊ ယခုအချိန်တွင် သူမ၏ စွမ်းအားများ အပြည့်အဝ ပြန်မရသေးသော်လည်း ကောင်းကင်နှင့် မြေကြီး၏ အရှိန်အဝါ ကိုမူ အသုံးပြုနိုင်သေးသည်။
"နှိမ်နင်းစမ်း "
ဘိုင်သခင်မက အေးစက်စွာ ဟိန်းဟောက်လိုက်ရာ...
ကောင်းကင်နှင့် မြေကြီးကြားရှိ ထူထပ်လှသော ယင်အငွေ့အသက်များမှာ စုစည်းသွားပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည့် အနက်ရောင် ပိုက်ကွန်ကြီးတစ်ခုအဖြစ် လီယန်ချူဆီသို့ အုပ်မိုးသွားတော့သည်။
"ပညာရှင်ရှေ့မှာ လာပြီး လှည့်ကွက်ပြနေတာလား "
လီယန်ချူ၏ အသံမှာ သတ်ဖြတ်လိုစိတ်များဖြင့် ထည်ဝါလှပေသည်
ကောင်းကင်စွန်းမှ တလိမ့်လိမ့် တက်လာသော မိုးကြိုးသံကြီးအလား
အရပ်ဆယ်မျက်နှာမှ မိစ္ဆာအပေါင်းကို တုန်လှုပ်စေတော့သည်။
သူသည် လက်သီးဖြင့် တစ်ချက် ထိုးနှက်လိုက်ရာ ခမ်းနားလှသော လက်သီးပုံရိပ်မှာ ကောင်းကင်ယံကိုပင် ရိုက်ခွဲတော့မည့်အလားပင်
ဝုန်း
သူ၏ နောက်ကျောတွင် သန့်စင်မွန်မြတ်လှသော ရွှေရောင်ပုံရိပ်ယောင်ကြီးတစ်ခု ပေါ်ထွက်လာသည်
ယင်အငွေ့အသက်များဖြင့် ဖွဲ့စည်းထားသော ပိုက်ကွန်ကြီးမှာ တိုက်ရိုက်ပင် အပိုင်းပိုင်းအစစ ကြေမွသွားရပြီး၊ နောက်ဆက်တွဲအဖြစ် အေးစက်လှသော ဓားအလင်းတစ်ခု လိုက်ပါလာတော့သည်။
ဘိုင်သခင်မ၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းသွားပြီး...
ပန်းခြင်းတစ်ခုကို ထုတ်ယူကာ...
ထိုဓားအလင်းကို တိုက်ရိုက်ပင် သိမ်းဆည်းလိုက်တော့သည်
"တာအိုဆရာလေး... နင်က ငါတကယ်ပဲ နင်ကို ကြောက်နေတယ်လို့ ထင်နေတာလား "
ဘိုင်သခင်မသည် ပန်းခြင်းကို ကိုင်ဆောင်ထားရင်း စိတ်ထဲတွင် ယုံကြည်ချက်များ ပြန်လည်ဝင်လာတော့သည်။
ထိုရတနာမှာ တိုက်ခိုက်လာသော အတတ်ပညာမှန်သမျှကို သိမ်းဆည်းနိုင်သည့် အရာပင်
အလွန်ပင် ထူးဆန်းနက်နဲလှပေသည်
ယခင်က ဗုဒ္ဓဘာသာ သားတော် ကို မိစ္ဆာလမ်းစဉ်သို့ ဆွဲဆောင်စဉ်ကပင် ဆရာတော်ကြီး၏ နဂါးနှိမ်ကျားဖမ်း ဗုဒ္ဓလက်ဝါး ကိုပင် ဘိုင်သခင်မက ထိုပန်းခြင်းဖြင့် သိမ်းဆည်းခဲ့ဖူးသည်။
ယန်ဝိညာဉ်အဆင့်ကိုပင် မရောက်သေးသော တာအိုဆရာလေးတစ်ယောက်က...
သူမကို ဤမျှအထိ ဖိအားပေးနိုင်ခြင်းမှာ...
ကမ္ဘာကြီးကို တုန်လှုပ်စေလောက်သည့် ဖြစ်ရပ်ပင် ဖြစ်ပေတော့မည်
လီယန်ချူ၏ မျက်ဝန်းများမှာ အေးစက်နေပြီး ဆက်လက်မခုတ်ပိုင်းတော့ဘဲ ရင်ဘတ်ထဲမှ ပေတံ တစ်လက်ကို ထုတ်ယူလိုက်သည်။
ငါးရောင်ခြည် နတ်အလင်းများကို ထုတ်လွှတ်လိုက်ရာ
ရှူး
ပန်းခြင်းမှာ ဘိုင်သခင်မ၏ လက်ထဲမှ လွတ်ကျသွားတော့သည်
နောက်တစ်ခဏ၌...
သူ၏ အဝေးမှ ပစ္စည်းလှမ်းယူအတတ် ဖြင့် ထိုပန်းခြင်းကို သိမ်းယူလိုက်တော့သည်။
"..." ဘိုင်သခင်မ
ကျောက်စိမ်းပေတံ လား
သူမသည် လက်ဝါးကို ဖြန့်လိုက်ရာ ဖြူဖွေးလှသော ဓားရှည်တစ်လက် ပေါ်ထွက်လာသည်၊
၎င်းမှာ စစ်မှန်သော ကျင့်ကြံမှုစွမ်းအားများဖြင့် ဖွဲ့စည်းထားခြင်းပင်
ချွန်း
ဓားရှည်မှာ ဟင်းလင်းပြင်ကို ခွဲထွက်သွားသည်
ဓားအလင်းမှာ မြေပြင်ကို ခြစ်မြတ်သွားပြီး ကျောက်တုံးများမှာလည်း လွင့်စင်နေတော့သည်
ကျောက်စိမ်းပေတံသည် ရတနာများကို ချွေချနိုင်သော်လည်း...
ပြိုင်ဘက်၏ ထူထပ်လှသော ကျင့်ကြံမှုစွမ်းအားနှင့် တန်ခိုးစွမ်းအားများကိုမူ ခုခံရန် လိုအပ်ဆဲပင်
အမျိုးသမီးတစ်ဦးအနေဖြင့် ယန်ဝိညာဉ်အဆင့်သို့ ရောက်ရှိနိုင်ပြီး အဓိကဂိုဏ်းကြီးများ၏ ရန်မှ ဘာမှမဖြစ်ဘဲ လွတ်မြောက်နိုင်ခြင်းမှာ...
ဘိုင်သခင်မ၏ တိုက်ခိုက်မှုစွမ်းရည်မှာ အလွန်ပင် ကြီးမားလှပြီး ပြောင်းလဲမှုများစွာ ရှိနေသောကြောင့်ပင် ဖြစ်သည်။
ဒေါင်
ကောင်းကင်နှင့် မြေကြီးကြားတွင် ကြီးမားလှသော ခေါင်းလောင်းသံကြီးတစ်ခု မြည်ဟီးသွားသည်
နားစည်ပင် ကွဲထွက်သွားစေလောက်ပေသည်
လီယန်ချူမှာ ထိုဓားအလင်းကို လုံးဝ လျစ်လျူရှုလိုက်ပြီး အတင်းပင် ရှေ့သို့ အဟုန်ဖြင့် တိုးဝင်သွားတော့သည်။
သူမမှာ မျက်လုံးများပင် ပြူးသွားရတော့သည်
ကျင့်ကြံသူအချင်းချင်း ဒီလိုမျိုးကြီး တိုက်ခိုက်လို့ ရတာလား
ထိုသို့ မှင်တက်သွားသည့် ခဏအတွင်းမှာပင် ဓားအလင်း ဝင်းလက်သွားသည်
လီယန်ချူမှာ လက်တုံ့မနှေးဘဲ ဓားဖြင့် ခုတ်ပိုင်းလိုက်ရာ...
ဘိုင်သခင်မ၏ ဦးခေါင်းမှာ လွင့်စင်သွားတော့သည်။
သူမ၏ ကိုယ်ထည်မှာလည်း တစ်ခဏအတွင်း ပြာအဖြစ် ပြောင်းလဲသွားပြီး ကမ္ဘာမြေကြားတွင် ပျောက်ကွယ်သွားတော့သည်။
နောက်တစ်ခဏ၌
သူမ၏ အစစ်အမှန်ကိုယ်မှာ ကောင်းကင်ထက်၌ ပေါ်ထွက်လာပြီး...
စိတ်ထဲတွင် ထိတ်လန့်နေဆဲပင်
အခုခေတ် နောက်မျိုးဆက်တွေက ဒီလောက်အထိ ကြမ်းတမ်းနေကြတာလား
ဘိုင်သခင်မမှာ ခေတ္တမျှ စဉ်းစားလိုက်ပြီး ချက်ချင်းပင် လှည့်ထွက်၍ ထွက်ပြေးတော့သည်
လီယန်ချူ၏ ခြေထောက်အောက်တွင် တိမ်တိုက်များ ပေါ်ထွက်လာပြီး ချက်ချင်းပင် တိမ်စီး၍ လိုက်လံဖမ်းဆီးတော့သည်။
ဘိုင်သခင်မမှာ မနေနိုင်ဘဲ နောက်သို့ လှည့်ကြည့်လိုက်ရာ မျက်လုံးများပင် ဝိုင်းသွားရသည်။
ဝိညာဉ်ပုံရိပ် လား
မဟုတ်ဘူး
ဒါက တကယ်ပဲ ကိုယ်တိုင် တိမ်စီးပြီး ပျံသန်းနေတာလား
ဘိုင်သခင်မ၏ နှုတ်ခမ်းများမှာ တုန်ခါသွားရသည်၊ ဒါက ဘယ်ကထွက်လာတဲ့ သတ်ဖြတ်ခြင်းနတ်ဘုရားလဲ
စောစောက လီယန်ချူ ဂူအတွင်းမှ ထွက်သွားစဉ်က သူမမှာ မြေလျှိုအဆောင် တစ်ခုခုကို သုံးသွားသည်ဟု ထင်ခဲ့ခြင်းဖြစ်သော်လည်း ယခုတော့ တိမ်စီးအတတ်ကို တိုက်ရိုက်ပင် တတ်မြောက်ထားခြင်း ဖြစ်နေသည်။
"တာအိုမိတ်ဆွေ ခေတ္တစောင့်ပါဦး၊ ကျမ ကို တစ်ကြိမ်လောက် လွှတ်ပေးပါဦးလား "
စောစောကပင် ငါ ဟု မိမိကိုယ်ကို ခေါ်ဝေါ်ခဲ့သော်လည်း ယခုအခါ အသနားခံသည့်အနေဖြင့် ကျမ ဟု ပြောင်းလဲခေါ်ဝေါ်နေပြီ။
ဘိုင်သခင်မကဲ့သို့ တတိယအဆင့် ယန်ဝိညာဉ် ပညာရှင်ကြီးမျိုးကို လီယန်ချူအနေဖြင့် ပထမဆုံးအကြိမ် တွေ့ဖူးခြင်းပင်။
"မိစ္ဆာလမ်းစဉ် အကျွင်းအကျန်တွေဆိုရင် လုံးဝ မညှာတာဘူး "
လီယန်ချူ၏ အသံမှာ မိုးကြိုးသံအလား ဟိန်းထွက်သွားသည်
ကျောက်ထျန်းတံဆိပ်မှာ လေထဲတွင် ကြီးမားလာပြီး...
ကောင်းကင်အနှံ့ နတ်မီးများဖြင့် လွှမ်းခြုံတိုက်ခိုက်လိုက်တော့သည်
ဘိုင်သခင်မ၏ ကိုယ်ပေါ်တွင် ကျင့်ကြံမှုစွမ်းအားများ ဝင်းလက်နေသော်လည်း တစ်ခဏအတွင်းမှာပင် နတ်မီးများ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။
"သောက်ကျိုးနည်း... စောစောက စိတ်လိုက်မာန်ပါ လုပ်မိသွားတယ်၊ အစွမ်းတွေ ပြန်ပြည့်မှ ဒီတာအိုဆရာကို ပြန်လာသတ်သင့်တာ "
ဘိုင်သခင်မ နောင်တရသွားပြီ။
ဒုတိယအဆင့် ကျင့်ကြံသူတစ်ယောက်က တတိယအဆင့် ကျင့်ကြံသူကို လိုက်လံသတ်ဖြတ်နိုင်လိမ့်မည်ဟု မည်သူကမှ ထင်မှတ်ထားမည် မဟုတ်ချေ
အတိအကျ ပြောရမည်ဆိုလျှင်...
သူမသည် ယန်ဝိညာဉ် ပညာရှင်များအတွက် မျက်နှာပျက်စရာပင်
ပတ်ဝန်းကျင်ရှိ အရှိန်အဝါများကို ခံစားလိုက်ရသောအခါ သူမ၏ မျက်ဝန်းများ အေးစက်သွားသည်။
ချက်ချင်းပင် ပြင်းထန်လှသော ကျင့်ကြံမှုစွမ်းအားတစ်ခုကို ထုတ်လွှတ်လိုက်ပြီး...
လီယန်ချူ၏ လမ်းကို ပိတ်ဆို့ရန် ဒုက္ခပင်လယ်တန်ခိုးစွမ်းအားကို ဖော်ဆောင်လိုက်တော့သည်
ကြီးမားလှသော ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်၏ နောက်ကွယ်၌...
ဆိုင်ရှင်မမှာ ထိုနေရာတွင် ပုန်းကွယ်နေပြီး သူမ၏ ဘေးတွင်မူ အပြာရောင်ဝတ်စုံကို ဝတ်ဆင်ကာ ဆံပင်ကို ထုံးထားသည့် ယွန်းနျန်း ရှိနေသည်။
ထိုနေရာမှာ ဟွမ်ဖုန်းတောင်နှင့် အတော်လေး ဝေးကွာလှသဖြင့် ယွန်းနျန်းမှာ ဘာမှမဖြစ်တော့ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။
သို့သော် တတိယအဆင့် ယန်ဝိညာဉ် ပညာရှင်မှာပင် အသက်လု၍ ထွက်ပြေးနေရပြီး ထွက်ပြေးသည့် အမြန်နှုန်းမှာလည်း ဤမျှ မြန်လိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ
ပြင်းထန်လှသော ကျင့်ကြံမှုစွမ်းအားတစ်ခုမှာ အပေါ်မှ ကျဆင်းလာသည်ကို မြင်လိုက်ရသည်။
ယွန်းနျန်းမှာ အံကို ကြိတ်လိုက်ပြီး သူမ၏ လက်ကောက်ဝတ်မှ စိပ်ပုတီးတစ်ကုံးကို ချွတ်လိုက်သည်။
ထို့နောက် တိုက်ရိုက်ပင် လှမ်းပစ်လိုက်တော့သည်
ပြီးနောက် ဆိုင်ရှင်မကို ဆွဲကာ အမြန်ထွက်ပြေးတော့သည်
ဆိုင်ရှင်မမှာ မှင်တက်သွားရသည်၊ ဒီအမျိုးသမီးက ဘာလို့ ဒီလောက်တောင် အကြောက်အကန် လုပ်နေရတာလဲ
ဘိုင်သခင်မ၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။
သူမက အထင်သေးစွာဖြင့် လှောင်ပြုံးလိုက်ပြီး...
စိပ်ပုတီးလေး တစ်ကုံးတည်းနဲ့လား
ငါ့လမ်းကို ပိတ်ဆို့ချင်နေတယ်ပေါ့
ဝုန်း
သူမ ထင်မှတ်မထားသည်မှာ ထိုစိပ်ပုတီးပေါ်တွင် အလွန်ပင် ထူထပ်လှသော ဗုဒ္ဓဘာသာ၏ ဆွမ်းတော်တင် အလှူဒါန ဆုတောင်းစွမ်းအား များ ပေါ်ထွက်လာခြင်းပင်
တစ်ခဏချင်းမှာပင် အလင်းတန်းပေါင်း သောင်းခြောက်ထောင် ဝင်းလက်သွားတော့သည်
နားထဲတွင်လည်း ခမ်းနားလှသော ဗုဒ္ဓတရားသံများ ပျံ့လွင့်လာတော့သည်
ကျင့်ကြံမှုစွမ်းအားဖြင့် တိုက်ခိုက်မှုများမှာ သန့်စင်ခြင်းခံလိုက်ရရုံတင်မကဘဲ သူမ၏ စိတ်ထဲရှိ သတ်ဖြတ်လိုစိတ်များပင် သန့်စင်သွားတော့သည်။
သူမ၏ စိတ်ထဲတွင် ငါတကယ်ကို ရက်စက်လှချည်လား၊ ဘာလို့ ဒီအပြစ်မဲ့တဲ့ အမျိုးသမီးနှစ်ယောက်ကို ဖမ်းချင်နေရတာလဲ ဆိုသည့် နောင်တစိတ်များ ပေါ်လာတော့သည်။
သို့သော် သူမမှာ တစ်ခဏအတွင်း သတိပြန်ဝင်လာသည်။
မျက်ဝန်းများမှာ ထူးဆန်းနေတော့သည်
ဒီတာအိုဆရာလေးရဲ့ ဘေးနားမှာရှိတဲ့ လူတွေက ဘယ်လိုလူတွေလဲ။