အခန်း (၄၅၉-၄၆၀)
Vol. 23 Ch. 459-460
အပိုင်း(၄၅၉) ရုတ်တရက်ဖြစ်ပွားသော ရောဂါ
ကျိဖုန်းက မူလက ထိုက်ယန်တောင်၏ အစောပိုင်း အင်အားစုကြီး လေးခုထဲမှ တစ်ခုဖြစ်သော ဖုန်းဟွမ်ဘုရားကျောင်းမှ လူတစ်ယောက် ဖြစ်သည်။
သူ၊ ဟန်ပန်းနှင့် ဝမ်ရှောင်တို့ သုံးယောက်က ဖုန်းဟွမ်ဘုရားကျောင်း၏ ကျွမ်းကျင် ခြေမြန်တော် သတင်းပို့သူများအဖြစ် လုပ်ကိုင်ခဲ့ကြဖူးသည်။
ဤသုံးယောက်လုံးက အလျင် အမျိုးအစား အစွမ်းပိုင်ရှင်များ ဖြစ်ကြပြီး အစောဆုံး အချိန်က မီးဝါးတောသို့ လာကာ လင်းယွမ်နှင့် ပေါက်ကွဲမြှားများကိုပင် အရောင်းအဝယ် လုပ်ခဲ့ကြဖူးသည်။
ထို့ပြင် သူက ဥက္ကဌဟုန် အမိန့်ပေး၍ လင်းယွမ်ထံသို့ သတင်းအချက်အလက်များ ပို့ဆောင်ပေးခဲ့ရသော ဆက်သွယ်ရေးမှူးလည်း ဖြစ်သည်။
လင်းယွမ်က ထိုက်ယန်တောင်ကို တစ်ပြေးညီ သိမ်းပိုက်ပြီးနောက်တွင် ဖုန်းဟွမ်ဘုရားကျောင်းမှ လူအများအပြားက လင်းယွမ်၏ လက်အောက်သို့ ဝင်ရောက်လာခဲ့ကြသည်။
ကျိဖုန်းတို့လူစုမှာ အလုပ်ကြမ်းများ လုပ်ကိုင်ပြီးနောက်တွင် သူတို့အပေါ်ရှိ ဖုန်းဟွမ်ဘုရားကျောင်းဟူသော အမှတ်အသားက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပြီး ယခုအခါ ထိုက်ယန်တောင် ကွပ်ကဲရေးဌာန၏ ခြေမြန်တော်တပ်ရင်းမှ ခေါင်းဆောင်တစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။
ခြေမြန်တော်တပ်ရင်းဆိုသည်မှာ အလျင် အမျိုးအစား အစွမ်းပိုင်ရှင်များဖြင့် ဖွဲ့စည်းထားသော တပ်ဖွဲ့တစ်ခု ဖြစ်ပြီး ကင်းထောက်ခြင်း၊ ဆက်သွယ်ခြင်းနှင့် သတင်းအချက်အလက် ပေးပို့ခြင်း စသည့် အလုပ်များကို အဓိက တာဝန်ယူရသည်။
ယခုအချိန်တွင် ကျိဖုန်းက ထိုမျှလောက် စိုးရိမ်တကြီးဖြင့် ရောက်လာပြီး စကားစပြောသည်နှင့် "ဆိုးရွားတဲ့ ကိစ္စကြီး ဖြစ်နေပြီ" ဟု ဆိုလာသည်။
ထိုစကားကြောင့် လင်းယွမ်၏ ရင်ထဲတွင် အမှန်တကယ်ပင် ထိတ်လန့်သွားရပြီး ချက်ချင်း မေးလိုက်သည်။ "ဘာဖြစ်တာလဲ"
ကျိဖုန်း၏ မျက်နှာအမူအရာက စိုးရိမ်တကြီး ဖြစ်နေပြီး လျင်မြန်စွာ ပြောလိုက်သည်။ "ဆရာလင်း... ခိုလှုံရေးစခန်းမှာ ကူးစက်ရောဂါ ဖြစ်နေတယ်... လောလောဆယ် လူဆယ်ဂဏန်းလောက် ရောဂါလက္ခဏာတွေ ပြနေတာကို တွေ့ထားရတယ်... ဒေါက်တာရန်က ခင်ဗျားကို အမြန်လာအကြောင်းကြားခိုင်းလိုက်တာ"
လင်းယွမ်၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး ဘေးနားရှိ တင်းယန်ကလည်း အလွန်အမင်း အံ့အားသင့်သွားကာ မနေနိုင်ဘဲ ပြောလိုက်သည်။ "ဘာ... ကူးစက်ရောဂါ..."
"ဘယ်လို ကူးစက်ရောဂါမျိုးလဲ" လင်းယွမ်က အလျင်အမြန် မေးလိုက်သည်။
ကျိဖုန်းက အလျင်အမြန် ပြောလိုက်သည်။ "ရောဂါဇာစ်မြစ်ကိုတော့ မသိရသေးဘူး... ဒါပေမဲ့ ကူးစက်ခံရတဲ့သူတွေ အများစုက တစ်ကိုယ်လုံး အဖျားတက်ပြီး မကျတော့ဘူး... လန့်ဖြန့်ပြီး သတိလစ်တာတွေ ဆက်တိုက် ချောင်းဆိုးတာတွေ ဖြစ်နေတယ်... တချို့ အခြေအနေ ဆိုးတဲ့သူတွေဆိုရင် သတိလစ်သွားကြပြီ"
လင်းယွမ်က လျင်မြန်စွာ ပြောလိုက်သည်။ "ငါ့ကို ဆေးကုသရေးဌာနဆီ ခေါ်သွား... ဒေါက်တာရန်ဘက်က ဘယ်လိုပြောလဲ"
"ကျွန်မလည်း လိုက်မယ်" တင်းယန်က ချက်ချင်း လိုက်လာခဲ့သည်။
ကျိဖုန်းက လမ်းပြပေးနေရင်းကပင် လျင်မြန်စွာ ပြောလိုက်သည်။ "ဒေါက်တာရန်ကတော့ ဒါက ကူးစက်ရောဂါ အမျိုးအစားသစ်တဲ့... ကမ္ဘာပျက်ကပ်မတိုင်ခင်က ဘယ်ရောဂါမျိုးနဲ့မှ မတူဘူးလို့ ပြောတယ်"
"သန္ဓေပြောင်း သတ္တဝါတွေနဲ့ ဆက်စပ်နေလောက်တယ်"
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ သန္ဓေပြောင်း သတ္တဝါတွေနဲ့ ဆက်စပ်နေတယ်ပေါ့...
သူက ကိစ္စတွေ ရှုပ်ထွေးသွားပြီဖြစ်ကြောင်း ချက်ချင်း သိလိုက်သည်။ မည်သည့် ရောဂါမဆို သန္ဓေပြောင်း သတ္တဝါများနှင့် ဆက်စပ်သွားပြီဆိုလျှင် ၎င်းက သာမန်ရောဂါတစ်ရပ် လုံးဝ ဖြစ်နိုင်တော့မည် မဟုတ်ပေ။
"လင်းယွမ်... တချို့ဗိုင်းရပ်စ်ပိုးတွေ ဆင့်ကဲပြောင်းလဲသွားတာများ ဖြစ်နေမလား" တင်းယန်က ခွဲခြမ်းစိတ်ဖြာ၍ ပြောလိုက်သည်။
လင်းယွမ်က ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။ "မသိဘူး... ဆေးဘက်ဆိုင်ရာ ကိစ္စတွေကို ငါ နားမလည်ဘူး"
"ဒါပေမဲ့ နင် ခွဲခြမ်းစိတ်ဖြာတာကလည်း ယုတ္တိမရှိတာတော့ မဟုတ်ဘူး... တိရစ္ဆာန်တွေနဲ့ အပင်တွေတောင် ဆင့်ကဲပြောင်းလဲနိုင်သေးတာပဲ... ဗိုင်းရပ်စ်ပိုးတွေ ဆင့်ကဲမပြောင်းလဲနိုင်စရာ အကြောင်းမှ မရှိတာ"
သူတို့သုံးယောက်လုံး တစ်လမ်းလုံး ရူးသွပ်စွာ ပြေးလွှားလာခဲ့ကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဆေးကုသရေးဌာနသို့ ရောက်ရှိလာခဲ့ကြသည်။
တင်းယန်က အထဲသို့ ဝင်ရန် ပြင်လိုက်စဉ် လင်းယွမ်က ရုတ်တရက် ခြေလှမ်းတန့်သွားပြီး သူမကို ဆွဲထားလိုက်သည်။
"ခဏနေဦး"
တင်းယန်က သံသယဖြင့် လှည့်ကြည့်လိုက်သည်။ "ဘာဖြစ်လို့လဲ"
"အကာအကွယ် လုပ်ထား"
လင်းယွမ်က အသံနက်ကြီးဖြင့် တစ်ခွန်း ပြောလိုက်ပြီးနောက် ချက်ချင်းပင် စိတ်စွမ်းအင်ကို လှုံ့ဆော်လိုက်ရာ သူ၏ ခန္ဓာကိုယ် ပတ်လည်တွင် လိပ်ခွံစွမ်းအင်အကာအကွယ်က လျင်မြန်စွာ ဖြစ်ပေါ်လာသည်။
ဤသို့ဖြင့် အကယ်၍ တကယ်တမ်း ဗိုင်းရပ်စ်ပိုးတစ်ခုခု ရှိနေပြီး သူ့ကို ကူးစက်ချင်သည်ဆိုလျှင်ပင် သူ၏ လိပ်ခွံစွမ်းအင်အကာအကွယ်ကို ဖျက်ဆီးပစ်နိုင်မှသာ ဖြစ်နိုင်ပေလိမ့်မည်။
ယခုလက်ရှိ သူ၏ စိတ်စွမ်းအင် အတိုင်းအတာဖြင့်ဆိုလျှင် သာမန် ဗိုင်းရပ်စ်ပိုးများက သူ၏ လိပ်ခွံစွမ်းအင်အကာအကွယ်ကို လုံးဝ ဖျက်ဆီးနိုင်မည် မဟုတ်ပေ။
တင်းယန်က ထိုအခြေအနေကို မြင်လိုက်ရသောအခါ အစွမ်းသွင်းခြင်းကို အလျင်အမြန် လှုံ့ဆော်လိုက်ရာ သူမ၏ တစ်ကိုယ်လုံးတွင် ပိုးတောင်ကောင်၏ အတောင်ပံကဲ့သို့ ပါးလွှာသော စွမ်းအင်အကာအကွယ် တစ်လွှာ ဖုံးလွှမ်းသွားပြီး အပြင်လောကနှင့် အဆက်အသွယ် ဖြတ်တောက်လိုက်သည်။
ကျိဖုန်းကမူ တံခါးအပြင်ဘက်တွင်သာ ရပ်နေပြီး အထဲသို့ မဝင်ခဲ့ပေ။
ပြင်ဆင်မှုများ အားလုံး ပြီးစီးသွားမှသာ လင်းယွမ်နှင့် တင်းယန်တို့ နှစ်ယောက်လုံး ဆေးကုသရေးဌာနအတွင်းသို့ ဝင်ရောက်သွားကြသည်။
ယခုအချိန်တွင် ဆေးကုသရေးဌာန၌ လူအများအပြား စုဝေးနေကြပြီး ရန်မေပင် ရောက်ရှိနေသည်။
လင်းယွမ်က ထိုအခြေအနေကို မြင်လိုက်ရသောအခါ ချက်ချင်း မျက်မှောင်ကြုတ်သွားတော့သည်။
"မောင်လေး... နင်ရောက်လာပြီလား"
ရန်မေက အလျင်အမြန် လျှောက်လာခဲ့သည်။
လင်းယွမ်က အသံနက်ကြီးဖြင့် မေးလိုက်သည်။ "အမမေက ဘာလို့ ဒီကို ရောက်နေတာလဲ"
ရန်မေက စိုးရိမ်တကြီး ပြောလိုက်သည်။ "ဟယ်ဇီ ကူးစက်ခံလိုက်ရတယ်... အမ နည်းနည်း စိုးရိမ်လို့"
ဟယ်ဇီက သူမ၏ ရုံးခန်းရှိ အတွင်းရေးမှူးမလေး နှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်ပြီး အချိန်အတော်ကြာကတည်းက သူမ၏ အားကိုးရဆုံး သူတစ်ယောက် ဖြစ်သည်။
"အဓိပ္ပါယ်မရှိလိုက်တာ... ဒါက ကူးစက်ရောဂါလေ... ခင်ဗျားတို့ အားလုံး ဒီမှာ လာစုနေကြတော့ ကူးစက်ခံရဖို့ အန္တရာယ် ပိုများမသွားဘူးလား"
"မသက်ဆိုင်တဲ့လူတွေ အားလုံး အခုချက်ချင်း ပြန်ကြ"
လင်းယွမ်က လျင်မြန်စွာ အော်ဟစ်ဆူပူလိုက်သည်။
ထိုအချိန်တွင် လီရှန်ယန်က မနေနိုင်ဘဲ ပြောလိုက်သည်။ "ဆရာလင်း... ဒေါက်တာရန်က ကျွန်တော်တို့ လူနာတွေနဲ့ ထိတွေ့ထားလို့ ကူးစက်ခံရဖို့ အခွင့်အရေး ရှိနေတယ်တဲ့... ကျွန်တော်တို့ကို ဖြစ်သလို ထွက်သွားခွင့် မပေးဘူး"
လင်းယွမ်က ချက်ချင်း တုန်လှုပ်သွားသည်။ ရန်ဆန်းမင်က ဤသို့ ပြောလိုက်ခြင်းသည် ဤရောဂါ၏ ကူးစက်နိုင်စွမ်း အလွန် ပြင်းထန်ကြောင်းကို ညွှန်ပြနေခြင်း မဟုတ်ပါလော။
ဤနေရာတွင် ရှိနေသူများ အားလုံးက စွမ်းရည် နိမ့်ကျသူများ မဟုတ်ကြပေ။ သူတို့တောင် ကူးစက်ခံရဖို့ ဖြစ်နိုင်ခြေ ရှိနေတယ်ပေါ့...
လင်းယွမ်က ချက်ချင်း တင်းယန်ဘက်သို့ ကြည့်ကာ လျင်မြန်စွာ ပြောလိုက်သည်။ "တင်းယန်... နင် အခုချက်ချင်း သွားပြီး ဦးလေးမာရဲ့ ဆောက်လုပ်ရေးဌာနကို အကြောင်းကြားလိုက်... အရေးပေါ် သီးသန့် လူနာခန်းတွေ အမြန် ထပ်ဆောက်ဖို့ ပြောလိုက်"
တင်းယန်က အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။ "ရှင် သတိထားနော်"
လင်းယွမ်က အင်း ဟု တစ်ချက် ညည်းလိုက်ပြီး လိပ်ခွံစွမ်းအင်အကာအကွယ် သင်္ကေတ အများအပြားကို ထုတ်ယူလိုက်ကာ အသံနက်ကြီးဖြင့် ပြောလိုက်သည်။ "အားလုံး ကိုယ့်ဘာသာကိုယ် အကာအကွယ်တွေ လုပ်ထားကြ... အချင်းချင်း မထိတွေ့ကြနဲ့"
ထိုသို့ပြောရင်း သူက သင်္ကေတများကို ဝေငှပေးလိုက်ရာ လူတိုင်းက မိမိကိုယ်ကို ကာကွယ်ရန်နှင့် သီးသန့်ခွဲနေရန် သတိရသွားကြတော့သည်။
ရန်မေကလည်း လိပ်ခွံစွမ်းအင်အကာအကွယ်ကို အသက်သွင်းလိုက်ပြီး မျက်နှာအမူအရာက အနည်းငယ် စိုးရိမ်တကြီး ဖြစ်နေကာ ပြောလိုက်သည်။ "မောင်လေး... တကယ်ပဲ ဒီလောက်တောင် ဆိုးရွားနေတာလား"
လင်းယွမ်က တည်ကြည်သောအသံဖြင့် ပြောလိုက်သည်။ "ကျွန်တော် အထဲဝင်ကြည့်လိုက်ရင် သိရမှာပေါ့... အားလုံး အပြင်ဘက်ကနေပဲ စောင့်နေကြ"
ထိုသို့ပြောရင်း သူက ဆေးကုသရေးဌာန၏ အတွင်းဘက်ရှိ လူနာခန်းဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် ဝင်ရောက်သွားခဲ့သည်။
ယခုအချိန်တွင် လူနာခန်းအတွင်း၌ လူများ ပြည့်နှက်နေသည်ကို မြင်လိုက်ရပြီး လူအများအပြားက ကုတင်များပင် မရရှိကြဘဲ ကုလားထိုင်များပေါ်တွင် ထိုင်နေကြရသည်။
ရန်ဆန်းမင်နှင့် ထန်ယင်းတို့က အလုပ်ရှုပ်နေကြပြီး လက်နက်အပြည့်အစုံ တပ်ဆင်ထားသော အမျိုးသမီး အများအပြားကလည်း ဆေးများ သယ်ယူပို့ဆောင်ရာတွင် ကူညီပေးနေကြသည်။
လင်းယွမ်က ရန်ဆန်းမင်ကို ရှာတွေ့သွားခဲ့သည်။ သူက မျက်မှောင်ကြုတ်လျက် လူနာတစ်ယောက်ကို သွေးခုန်နှုန်း စမ်းသပ်ပေးနေသည်။
လင်းယွမ်က လျင်မြန်စွာ နှုတ်ဟ၍ မေးလိုက်သည်။ "ဒေါက်တာရန်... ဘယ်လိုဖြစ်တာလဲ"
ရန်ဆန်းမင်က ခေါင်းမော့ကာ လင်းယွမ်ကို ကြည့်လိုက်သည်။ သူကလည်း အကာအကွယ် ဝတ်စုံကို စောစောစီးစီးကတည်းက ဝတ်ဆင်ထားပြီး လက်အိတ်များကို စွပ်ထားကာ သူ၏ ခေါင်းပေါ်တွင်လည်း အလင်းပေါက်နေသော စက်လုံးပုံစံ စွမ်းအင်အကာအကွယ် တစ်ခုကို ဆောင်းထားသည်။
၎င်းမှာ တစ်စုံတစ်ရာသော စိတ်စွမ်းအင် အကာအကွယ်မျိုး ဖြစ်ပြီး အဖြူရောင်အဆင့် သင်္ကေတများမှ တီထွင်ထုတ်လုပ်ထားသော အစွမ်းတစ်ခု ဖြစ်သည်။
လောလောဆယ်တွင် ဤနေရာ၌ ကူညီပေးနေသူများ အားလုံးက ထိုသို့သော သင်္ကေတ စွမ်းအင်အကာအကွယ်များကို တပ်ဆင်ထားကြသည်။
"ဆရာလင်း... အခြေအနေက မကောင်းဘူး... ဒီလို ဗိုင်းရပ်စ်ပိုးမျိုးကို ကျွန်တော် တစ်ခါမှ မမြင်ဖူးခဲ့ဘူး"
"ကူးစက်ခံထားရတဲ့ လူနာတွေ အားလုံးက ရောဂါဖြစ်ပွားမှု အရမ်း မြန်တယ်... ရောဂါပျိုးချိန် သိပ်မရှိဘူး... သုံးရက်အတွင်းမှာ အဖျားတက်ပြီး ချောင်းဆိုးတဲ့ အခြေအနေကို ရောက်သွားမယ်... ငါးရက်အတွင်းမှာ သတိလစ်မေ့မြောတဲ့ လက္ခဏာတွေ ပြလာမယ်... ပြီးတော့ ဒီလို အခြေအနေမျိုးကို ရောက်သွားပြီဆိုတာနဲ့ ကုသဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး"
"သူတို့ကိုယ်တိုင်က အစွမ်းပိုင်ရှင်တွေ မဟုတ်ဘူးဆိုရင် သာမန်လူတွေက အခြေခံအားဖြင့် ငါးရက်အကြာမှာ သေဆုံးသွားလိမ့်မယ်"
လင်းယွမ်၏ မျက်နှာအမူအရာက လေးနက်သွားပြီး လျင်မြန်စွာ မေးလိုက်သည်။ "ကူးစက်တဲ့ ဇာစ်မြစ်ကို ရှာတွေ့နိုင်လား"
"ကျွန်တော် ထန်ယင်းကို လူနာတွေ အားလုံးကို မေးမြန်းခိုင်းထားတယ်"
ရန်ဆန်းမင်က အသံနက်ကြီးဖြင့် ပြောလိုက်သည်။ "ဒီလူနာတွေ အများစုက ဆိပ်ကမ်းဘက်က လာကြတာ... အနည်းအကျဉ်းကတော့ သတ္တုတွင်းဒေသက လာကြတာ... မိန်တောင်ဘက်က လာတဲ့သူတွေလည်း ရှိတယ်... အဲဒီအစား ကျွန်တော်တို့ မီးဝါးတောဘက်က အရမ်းနည်းတယ်"
"လူနာတွေရဲ့ နေရပ် ဖြန့်ကျက်မှု အခြေအနေကို ကြည့်ရမယ်ဆိုရင် ဒါက ရေပြင်ကြီးထဲက လာတဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးလို့ ကျွန်တော် အကြီးအကျယ် သံသယဖြစ်မိတယ်"
"ဆိပ်ကမ်းက လူတွေက ရေပြင်ကြီးနဲ့ အချိန်အကြာကြီး ထိတွေ့နေရတော့ ကူးစက်ခံရဖို့ ဖြစ်နိုင်ခြေ ပိုများတယ်လေ"
"စုံစမ်းစစ်ဆေးမှုတွေအရ သူတို့ ကူးစက်မခံရခင်မှာ အများစုက သန္ဓေပြောင်း ငါးတွေကို စားသုံးခဲ့ကြဖူးတယ်"
"ဒါပေမဲ့ လူတိုင်း စားသုံးခဲ့တဲ့ သန္ဓေပြောင်း ငါးအမျိုးအစားတွေက မနည်းတော့... တိတိကျကျ ဘယ်လို သန္ဓေပြောင်း ငါးမျိုးက ဒီလို ဗိုင်းရပ်စ်ပိုးကို သယ်ဆောင်လာလဲဆိုတာ... ကျွန်တော် မဆုံးဖြတ်နိုင်သေးဘူး"
လင်းယွမ်၏ မျက်နှာက အုံ့မှိုင်းသွားပြီး ပြောလိုက်သည်။ "သူတို့ စားခဲ့တဲ့ ငါးတွေက ထိုက်ယန်တောင် အနီးတစ်ဝိုက်မှာ အတွေ့ရများတဲ့ သန္ဓေပြောင်း ငါးတွေချည်းပဲလေ... အရင်တုန်းကလည်း မစားခဲ့ဖူးတာမှ မဟုတ်တာ... ဘာဖြစ်လို့ အခုမှ ဗိုင်းရပ်စ်ပိုး ကူးစက်တာမျိုးတွေ ဖြစ်လာရတာလဲ"
ရန်ဆန်းမင်က ကြက်သေ သေသွားသည်။ "ဒါ... ကျွန်တော် အဲ့ဒီအထိ မတွေးမိသေးဘူး... ခင်ဗျား ဆိုလိုတာက လူတွေ ဖန်တီးထားတာ ဖြစ်နိုင်တယ်ပေါ့"
လင်းယွမ်က ခေါင်းခါယမ်းလိုက်သည်။ "ကျွန်တော်က သံသယရှိရုံသက်သက်ပါ... သက်သေအထောက်အထားမှ မရှိတာ... စုံစမ်းစစ်ဆေးဖို့ လိုသေးတယ်"
ရန်ဆန်းမင်က လျင်မြန်စွာ ခေါင်းညိတ်ကာ ပြောလိုက်သည်။ "သေချာ စုံစမ်းဖို့တော့ လိုတယ်"
"ဒါပေမဲ့ လောလောဆယ် အရေးကြီးဆုံး ကိစ္စကတော့... ကူးစက်မှုတွေ ပိုမဆိုးလာစေဖို့ လူတွေကို ရောဂါပိုးရှိတဲ့ အရာတွေနဲ့ ထပ်မထိတွေ့စေဖို့နဲ့ သန္ဓေပြောင်း ငါးတွေကို ယာယီ မစားသုံးကြဖို့ အမြန် လုပ်ရမယ်"
"နောက်တစ်ချက်က ကျွန်တော်တို့ ကုသရေး ဆေးဝါးတွေကို သုတေသနလုပ်ဖို့ အချိန်လုရမယ်"
ရန်ဆန်းမင်က လျင်မြန်စွာ ပြောလိုက်သည်။
လင်းယွမ်က ချက်ချင်း မေးလိုက်သည်။ "သင့်သော်တဲ့ နည်းလမ်းများ ရှိလား"
ရန်ဆန်းမင်က ခေါင်းညိတ်လိုက်သည်။ "လောလောဆယ်တော့ ကုသရေး နည်းလမ်းတစ်ခုကို ကျွန်တော် စဉ်းစားမိထားတယ်... အကျိုးသက်ရောက်မှု ရှိနိုင်ပေမယ့် စမ်းသပ်ကြည့်ဖို့တော့ လိုသေးတယ်"
"ကောင်းပြီ... ခင်ဗျား ဘာပဲလိုအပ်လိုအပ် ကျွန်တော့်ကို ချက်ချင်း ပြောပါ... ဒီလူတွေကို မဖြစ်မနေ ကယ်တင်ရမယ်" လင်းယွမ်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။
လင်းယွမ်က ကုသရေး နည်းလမ်း၏ အကြောင်းအရာကို မမေးမြန်းခဲ့ပေ။ ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ကိစ္စရပ်များကို ကျွမ်းကျင်သူများထံ အပ်နှံထားခြင်းက အကောင်းဆုံး ဖြစ်သည်။
"ကောင်းပါပြီ... ကျွန်တော် အစွမ်းကုန် ကြိုးစားပါ့မယ်"
"ဒါဆို ဒီဘက်ကို ခင်ဗျားကိုပဲ အပ်ခဲ့ပြီ... ကျွန်တော် အခုချက်ချင်း လူခေါ်ပြီး ဆိပ်ကမ်းဘက်ကို ကူးစက်မှု ဇာစ်မြစ် သွားစုံစမ်းလိုက်ဦးမယ်"
သူတို့နှစ်ယောက် တိုင်ပင်ဆွေးနွေးပြီးနောက်တွင် လင်းယွမ်က ချက်ချင်းပင် ဤနေရာမှ ထွက်ခွာလာခဲ့ပြီး တစ်ချိန်တည်းမှာပင် အပြင်ဘက်တွင် စောင့်ဆိုင်းနေကြသော ရန်မေနှင့် အခြားသူများကို အထူး ဂရုစိုက် ကာကွယ်ရန်နှင့် လောလောဆယ် အပြင်မထွက်ကြရန် သတိပေး မှာကြားခဲ့သည်။
အခြားတစ်ဖက်တွင်မူ လင်းယွမ်က ကျောက်ခိုင်၊ ဆုန့်ဝမ်နှင့် အခြား ဌာနအသီးသီးမှ ခေါင်းဆောင်များ အားလုံးကို တိုက်ရိုက် ခေါ်ယူကာ အရေးပေါ် အစည်းအဝေးတစ်ခုကို ကျင်းပခဲ့သည်။
အဓိကအားဖြင့် ၎င်းတို့၏ သက်ဆိုင်ရာ ဌာနအသီးသီးမှတစ်ဆင့် အသိပညာပေးမှုများ လုပ်ဆောင်ရန်နှင့် အချင်းချင်း ကူးစက်မှုများကို ရှောင်ရှားနိုင်ရန် လူတိုင်းကို သန္ဓေပြောင်း ငါးများ စားသုံးခြင်းမှ ယာယီ ရပ်နားထားရန်နှင့် မိမိတို့၏ အိမ်များတွင်သာ သီးသန့် ခွဲခြားနေထိုင်ကြရန် မဖြစ်မနေ လုပ်ဆောင်စေခြင်း ဖြစ်သည်။
လင်းယွမ်၏ အမိန့်အရ ထိုက်ယန်တောင် တစ်ခုလုံး၏ လှုပ်ရှားဆောင်ရွက်မှု အရှိန်က အလွန် လျင်မြန်လှသည်။
နေ့လယ်ခင်း အချိန်လေးအတွင်းမှာပင် လူအားလုံး သူတို့၏ အိမ်များတွင်သာ အသင့်အနေအထားဖြင့် နေထိုင်ကြရသည့် အခြေအနေကို ဖန်တီးနိုင်ခဲ့သည်။
သေချာပေါက်ပင် ဤအခြေအနေများက လူအများအပြားကို အလွန်အမင်း ထိတ်လန့်သွားစေခဲ့သည်က သဘာဝပင် ဖြစ်သည်။
သို့သော် ကင်းလှည့်တပ်ဖွဲ့၏ အင်အားသုံး ဖိနှိပ်မှုများကြောင့် လူတိုင်းက အထက်လူကြီးများ၏ အမိန့်ကို လိုက်နာကာ အိမ်ထဲတွင်သာ အသီးသီး နေထိုင်ခဲ့ကြသည်။
ယခုအချိန်တွင်မူ လင်းယွမ်က ကျောက်ခိုင်၊ ဟန်ရှန်းမန်၊ ထူလုံနှင့် အခြားသူများကို ခေါ်ဆောင်ကာ ဆိပ်ကမ်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဆိပ်ကမ်းသို့ ရောက်သည်နှင့် တစ်ပြိုင်နက် လင်းယွမ်က ဟွမ်ဟန်နှင့် ဆုံတွေ့လိုက်ရသည်။
ဟွမ်ဟန်၏ မျက်လုံးများက အနည်းငယ် နီရဲနေသည်ကို တွေ့လိုက်ရပြီး ယခုလေးတင် ငိုထားခဲ့သည့်အလား ပုံပေါက်နေသည်။
လင်းယွမ်ကို မြင်လိုက်ရချိန်တွင် သူမက ချက်ချင်း ငိုကြွေးကာ ပြောလိုက်သည်။ "ဆရာလင်း... ဒေါက်တာရန်ဘက်က သတင်းထူးပြီလားဟင်... ကျွန်မရဲ့ စပါးအုံးမြွေလေးလည်း ကူးစက်ခံလိုက်ရပြီ"
လင်းယွမ်က ထိုစကားကို ကြားလိုက်ရသောအခါ မျက်နှာအမူအရာက အနည်းငယ် လေးနက်သွားပြီး ပြောလိုက်သည်။ "စပါးအုံးမြွေလည်း ကူးစက်ခံရတယ်ပေါ့"
"ဟုတ်တယ်... လွန်ခဲ့တဲ့ နှစ်ရက်လောက်က အကောင်းကြီး ရှိသေးတာ... မနေ့ကစပြီး သူက လန်းလန်းဆန်းဆန်း မရှိတော့ဘဲ ကျွန်မ အစာကျွေးတာကိုလည်း မစားတော့ဘူး"
"သူ အရမ်း နေရခက်နေတယ်ဆိုတာကို ကျွန်မ ခံစားလို့ရတယ်... ဒါပေမဲ့ ကျွန်မမှာ ဘာမှ မတတ်နိုင်ဘဲ ထိုင်ကြည့်နေရတယ်... အီးဟီး... ဆရာလင်း... တောင်းပန်ပါတယ်... ကျွန်မရဲ့ စပါးအုံးမြွေလေးကို မဖြစ်မနေ ကယ်ပေးပါနော်"
သူမက ပြောရင်းဆိုရင်းဖြင့် အသံထွက်ကာ ရှိုက်ကြီးတငင် ငိုကြွေးလိုက်တော့သည်။
ကမ္ဘာပျက်ကပ်ကြီး အပြီးတွင် မိသားစုဝင်များကို ဆုံးရှုံးခဲ့ရပြီးနောက် ဟွမ်ဟန်အတွက် သူမ၏ အနီးနားတွင် အဖော်ပြုပေးမည့်သူဟူ၍ ဤစပါးအုံးမြွေလေး အိမ်မွေးတိရစ္ဆာန် တစ်ကောင်သာ ကျန်ရှိတော့သည်။
အခြားသူများ၏ ခွေးများနှင့် ကြောင်များက သန္ဓေပြောင်းသွားပြီးနောက်တွင် သူတို့၏ သခင်များကို ပြန်လည် ကိုက်ခဲတတ်ကြပြီး ကိုယ့်သခင်ကိုပင် ပြန်စားသွားတတ်ကြသည်။
သို့သော် သူမ၏ အားဟွမ်လေး တစ်ကောင်တည်းကသာ သန္ဓေပြောင်းသွားပြီးနောက် ဆိုးသွမ်းမသွားခဲ့သည့်အပြင် ရေထဲသို့ဆင်းကာ သူမအတွက် ငါးများပင် အမြဲ ဖမ်းပေးလေ့ရှိသည်။
ဟွမ်ဟန်နှင့် ဤစပါးအုံးမြွေလေး၏ ဆက်ဆံရေးက ရိုးရှင်းသော သခင်နှင့် အိမ်မွေးတိရစ္ဆာန် ဆက်ဆံရေးမျိုး မဟုတ်တော့ဘဲ မိသားစုဝင်များသဖွယ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
လင်းယွမ်က နှစ်သိမ့်ပေးလိုက်သည်။ "စိတ်ချပါ... ဒေါက်တာရန်ဆီမှာ ကုသဖို့ နည်းလမ်း ရှိနေပါပြီ... မကြာခင် နင့်ရဲ့ အားဟွမ်ကို ကယ်တင်ပေးနိုင်တော့မှာပါ"
"ခုတလော သူ ဘာတွေ စားခဲ့လဲဆိုတာကိုရော မင်း သတိထားမိလိုက်လား"
ဟွမ်ဟန်က နီရဲနေသော မျက်လုံးများဖြင့် ငိုကြွေးကာ ပြောလိုက်သည်။ "အားဟွမ်က အစားကြီးတယ်... သူ ပုံမှန် အစာရှာထွက်ရင် ပင်လယ်ထဲကို ကိုယ့်ဘာသာကိုယ် ဆင်းပြီး အစာသွားရှာစားလေ့ရှိတယ်... ကျွန်မက တစ်ခါတလေမှ ကြက်နီတွေ မီးဝါးကြွက်တွေလိုမျိုး အကောင်တွေကို သူ့ကို ကျွေးဖြစ်တာ"
"ဒါပေမဲ့ အများစုကတော့ သူ ပင်လယ်ထဲက ငါးတွေကိုပဲ စားတာများတယ်"
ဘေးနားရှိ ဟန်ရှန်းမန်က မနေနိုင်ဘဲ ပြောလိုက်သည်။ "ပင်လယ်ထဲမှာ သန္ဓေပြောင်း ငါးတွေ အများကြီး ရှိတာ... ဘယ်လို ငါးမျိုးက ရောဂါပိုး သယ်ဆောင်လာတယ်ဆိုတာကို ခွဲခြားသိနိုင်ဖို့ ခက်လိမ့်မယ်"
ကျောက်ခိုင်ကလည်း မနေနိုင်ဘဲ ပြောလိုက်သည်။ "အတွေ့ရများတဲ့ သန္ဓေပြောင်း ငါးတွေကို အကုန် ဖမ်းလာပြီး တစ်ကောင်ချင်းစီ စစ်ဆေးကြတာပေါ့"
လင်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ ၎င်းက အနည်းငယ် တုံးအသော နည်းလမ်း ဖြစ်သော်လည်း လောလောဆယ်တွင် အခြား နည်းလမ်းလည်း မရှိတော့ပေ။
ထိုအချိန်တွင် ဟွမ်ဟန်က ရုတ်တရက် ပြောလိုက်သည်။ "အားဟွမ်က တွေ့သမျှ ငါးတိုင်းကို စားတာ မဟုတ်ဘူး... သူ အကြိုက်ဆုံးက မျက်လုံးနီ ငွေရောင်ငါးတွေရယ်... သန္ဓေပြောင်း ဆာဒင်းငါးတွေလိုမျိုး အရွယ်အစား သေးငယ်တဲ့ သန္ဓေပြောင်း ငါးတွေကိုပဲ"
"ဒီငါးတွေက အရွယ်အစား သေးတော့ ဝါးစားစရာ မလိုဘူးလေ... သူ မျိုချလိုက်ရင်လည်း အစာကြေလွယ်တယ်"
လင်းယွမ်က ထိုစကားကို ကြားလိုက်ရသောအခါ ချက်ချင်းပင် မျက်လုံးများ တောက်ပသွားပြီး လျင်မြန်စွာ မေးလိုက်သည်။ "အရွယ်အစား သေးငယ်တဲ့ ငါးတွေပေါ့... နင် သေချာလား"
"သေချာပါတယ်... အားဟွမ်ရဲ့ စားသောက်တဲ့ အလေ့အကျင့်ကို ကျွန်မ အသိဆုံးပါ" ဟွမ်ဟန်က အလျင်အမြန် ပြောလိုက်သည်။
လူတိုင်းက တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြပြီးနောက် ဟန်ရှန်းမန်က လျင်မြန်စွာ ပြောလိုက်သည်။ "ကျွန်မ ရေဓာတ် အစွမ်းပိုင်ရှင်တွေ အားလုံးကို အခုချက်ချင်း စုစည်းလိုက်မယ်... အရွယ်အစား သေးငယ်တဲ့ သန္ဓေပြောင်း ငါးတွေရဲ့ နမူနာကို ရေထဲဆင်းပြီး သွားဖမ်းခိုင်းလိုက်မယ်"
လင်းယွမ်က ခေါင်းညိတ်လိုက်ပြီး အသံနက်ကြီးဖြင့် ပြောလိုက်သည်။ "လူတိုင်းကို အကာအကွယ်တွေ သေချာ လုပ်သွားခိုင်းလိုက်"
"နားလည်ပါပြီ"
ဟန်ရှန်းမန်က ချက်ချင်း ခေါင်းညိတ်လိုက်ပြီးနောက် ရေဓာတ် အစွမ်းပိုင်ရှင် အများအပြားကို အလျင်အမြန် သွားရောက် ရှာဖွေခေါ်ဆောင်လာခဲ့သည်။
လူတိုင်းက ရေထဲသို့ လျင်မြန်စွာ ဆင်းသွားကြပြီး သန္ဓေပြောင်း ငါးများကို စတင် ဖမ်းဆီးကြတော့သည်။
လင်းယွမ်က အတက်အကျ ဖြစ်ပေါ်နေသော ရေပြင်ကို ကြည့်လိုက်သည်။ ရေလွှမ်းမိုးမှု အောက်တွင် ရေပြင်ထက်၌ လှိုင်းတံပိုးများက လိမ့်တက်နေသည်။
သူ၏ ရင်ထဲတွင် မကောင်းသော ကြိုတင် ခံစားမှု တစ်ခုက ဖြစ်ပေါ်နေခဲ့သည်။
ဤကူးစက်ရောဂါ ဖြစ်ပွားလာမှုက သိပ်တော့ ပုံမှန် မဟုတ်ပေ။
ဆက်ရန်...
အပိုင်း(၄၆၀) ရောဂါပိုးအရင်းအမြစ်ကို စုံစမ်းခြင်းနှင့် ကုသရေးအစီအစဉ်
မိုးသည်းထန်စွာ ရွာသွန်းနေပြီး ရာသီဥတုက အလွန်အေးခဲကာ အပူချိန်မှာ ၃၈ ဒီဂရီ ဖာရင်ဟိုက်ခန့် ရှိမည်ဟု ခန့်မှန်းရသည်။
ဤရာသီဥတုက ရေမျက်နှာပြင်ကို အေးခဲသွားစေရန် မလုံလောက်သေးသော်လည်း ရေထဲရှိ အပူချိန်က သာမန်လူများကိုမူ အလွန်အမင်း အေးစက်သွားစေနိုင်သည်။
သို့သော် ထိုက်ယန်တောင်ရှိ ရေဓာတ် သန္ဓေပြောင်း အစွမ်းပိုင်ရှင်များအတွက်မူ ဤအရာက ဘာမှမဟုတ်ပေ။
အစွမ်းပိုင်ရှင်များ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အပူချိန်နိမ့်ကျနေလျှင်တောင်မှ ခုခံနိုင်စွမ်း ရှိကြသည်။
ရေဓာတ် အစွမ်းပိုင်ရှင်များဆိုလျှင် ပို၍ပင် ပြောစရာမလိုတော့ပေ။
မကြာမီမှာပင် လူတစ်ချို့က ရေပေါ်သို့ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြသည်။
ခုံရှန်းက ရေစီးကြောင်းတစ်ခုကို ထိန်းချုပ်ကာ ဖမ်းဆီးထားသော ငါးများအားလုံးကို ဝါးခြင်းတောင်းထဲသို့ ထည့်လိုက်သည်။
ဗိုင်းရပ်စ် ကူးစက်ခံရမည်ကို စိုးရိမ်သောကြောင့် မည်သူကမျှ လက်ဖြင့် တိုက်ရိုက် မကိုင်တွယ်ရဲကြပေ။
ထို့နောက် ဝမ်ရှောင်ယာ၊ ချီတယ်လုံ၊ လီရှောင်ကျွင်းနှင့် အခြားသော ရေဓာတ် အစွမ်းပိုင်ရှင်များက ရေမျက်နှာပြင်ပေါ်သို့ အသီးသီး ပြန်လည် ရောက်ရှိလာကြသည်။
သူတို့က အမျိုးအစားစုံလင်လှသော ငါးငယ်လေးများကို အသီးသီး ယူဆောင်လာခဲ့ကြသည်။
"ဆရာလင်း... ရေအောက်မှာ ငါးသေးသေးလေးတွေ အများကြီးပဲ... ကျွန်တော်တို့ ဖမ်းလို့ရတာ အကုန်ဖမ်းလာခဲ့တယ်... ကြည့်ပါဦး"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ သူ၏ တစ်ကိုယ်လုံးတွင် လိပ်ခွံစွမ်းအင်အကာအကွယ်ကို ဖုံးလွှမ်းထားပြီး ဝါးခြင်းထဲရှိ သန္ဓေပြောင်း ငါးငယ်လေးများကို လေ့လာကြည့်ရှုလိုက်သည်။
သာမန်မျက်စိဖြင့် ကြည့်မည်ဆိုပါက ဤငါးများတွင် မည်သည့်ပြဿနာမှ ရှိမနေပေ။
ရုပ်သွင်ပြင်ပိုင်းတွင် ပြဿနာမရှိရုံသာမက သက်စောင့်စွမ်းအင်များလည်း အလွန် အားကောင်းနေပြီး ထူးထူးခြားခြား သွက်လက်နေကြသည်။
ရောဂါဖြစ်နေသော ငါးများဟူသည့် ခံစားချက်မျိုး လုံးဝ မတွေ့ရပေ။
ဤနေရာရှိ လူအုပ်ကြီးထဲတွင် ဆေးဘက်ဆိုင်ရာနှင့် ပတ်သက်၍ နားလည်သူ တစ်ယောက်မျှ မရှိချေ။
လင်းယွမ်က ကျောက်ခိုင်အား ကြည့်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ကျောက်ခိုင်... မတူညီတဲ့ ငါးအမျိုးအစားတွေကို ရွေးထုတ်ပြီး တစ်မျိုးကို သုံးကောင်စီ ရေခဲရိုက်ထားလိုက်... ပြီးရင် ဒေါက်တာရန်ဆီကို စစ်ဆေးဖို့ ပို့လိုက်"
"မှတ်ထားနော်... တိုက်ရိုက် မထိမိစေနဲ့"
"ဟုတ်ကဲ့... ကျွန်တော် အခုပဲ သွားလိုက်ပါ့မယ်"
ကျောက်ခိုင်က ချက်ချင်း ခေါင်းညိတ်ပြလိုက်ပြီး ရှေ့သို့ တိုးကာ ထိုငါးများကို အမြန်ရွေးချယ်လိုက်သည်။ ထို့နောက် ရေခဲရိုက်၍ သယ်ဆောင်သွားတော့သည်။
ထို့နောက်ပိုင်း အချိန်များတွင် ထိုက်ယန်တောင် တစ်ခုလုံး အထိတ်တလန့် ဖြစ်လာကြပြီး လူတိုင်းက မိမိကိုယ်ကို အန္တရာယ်ကင်းရန် စိုးရိမ်နေကြသည်။
လူတိုင်းက အိမ်ထဲတွင်သာ ကိုယ်တိုင် အသွားအလာ ကန့်သတ်ထားကြသော်လည်း ကူးစက်ခံရသူများ ဆက်လက် ထွက်ပေါ်လာဆဲပင်။
ဆောက်လုပ်ရေးဌာနဘက်မှလည်း အချိန်ပိုဆင်းကာ ယာယီ ကွာရန်တင်း စခန်းများကို တည်ဆောက်ပေးခဲ့ရသည်။
နောက်တစ်နေ့တွင် လင်းယွမ်က ဆေးဘက်ဆိုင်ရာဌာနသို့ လာရောက်ကာ ရန်ဆန်းမင်အား ရှာဖွေ၍ အခြေအနေကို မေးမြန်းလိုက်ရာ မကောင်းသော သတင်းတစ်ခုကိုသာ ရရှိလိုက်သည်။
"ကျွန်တော့်ဆီမှာ လုံလောက်တဲ့ ကိရိယာတွေ မရှိလို့ ရောဂါပိုး အရင်းအမြစ်ကို စစ်ဆေးဖို့ နည်းလမ်းမရှိဘူးဖြစ်နေတယ်"
ရန်ဆန်းမင်က သက်ပြင်းချရင်း ပြောလိုက်သည်။
လင်းယွမ်က အမြန် မေးလိုက်သည်။ "ဘယ်လိုကိရိယာတွေ လိုတာလဲ... ကျွန်တော် နည်းလမ်းရှာပေးမယ်"
"အထူးပြု ကိရိယာတွေ အများကြီး လိုအပ်တယ်... ဆေးဘက်ဆိုင်ရာ အဏုကြည့်မှန်ပြောင်းတွေ၊ ပိုးမွေးတဲ့ခွက်တွေ စတာတွေပေါ့... ကျွန်တော်တို့ဆီမှာ အဲဒါတွေ ဘာမှမရှိဘူး"
"ဒါ့အပြင် ကျွန်တော်က တိုင်းရင်းဆေးဆရာဆိုတော့ စစ်ဆေးရတဲ့ အပိုင်းက ကျွန်တော့်ရဲ့ ကျွမ်းကျင်မှု မဟုတ်ဘူး... ဒီကိရိယာတွေ ရှိနေရင်တောင်မှ သေချာ ခွဲခြမ်းစိတ်ဖြာနိုင်ပါ့မလား မသိဘူး"
လင်းယွမ်၏ မျက်မှောင်များ တွန့်ချိုးသွားပြီး ထိုက်ယန်တောင်၏ ဆေးဘက်ဆိုင်ရာ အခြေအနေက အလွန် အားနည်းနေသေးကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။
ဆေးဘက်ဆိုင်ရာဌာနတွင် ရန်ဆန်းမင် တစ်ယောက်တည်းကိုသာ အားကိုးနေရသဖြင့် ရပ်တည်ရန် အလွန် ခက်ခဲလှသည်။
နောက်တစ်ကြိမ် အပြင်ထွက်လျှင် ဆရာဝန်ကဲ့သို့သော ကျွမ်းကျင်ပညာရှင်အချို့ကို မဖြစ်မနေ ခေါ်လာမှ ဖြစ်မည်ဟု သူ တွေးလိုက်မိသည်။
"ဒါပေမဲ့ ဒီဗိုင်းရပ်စ်ကို ကုသဖို့ နည်းလမ်းကိုတော့ ကျွန်တော် စဉ်းစားလို့ရနေပြီ"
လင်းယွမ်က ချက်ချင်း ဝမ်းသာသွားပြီး အမြန် မေးလိုက်သည်။ "ဘာနည်းလမ်းလဲ"
"ကျွန်တော့်ရဲ့ လေ့လာမှုအရ ဒီဗိုင်းရပ်စ်က သန္ဓေပြောင်း ဗိုင်းရပ်စ် ဖြစ်ဖို့ ရာခိုင်နှုန်း များတယ်... ဒါကြောင့်လည်း ကူးစက်ပြန့်ပွားမှုက ဒီလောက်တောင် မြန်ဆန်နေတာ"
"သန္ဓေပြောင်း ဗိုင်းရပ်စ်နဲ့ သာမန်ဗိုင်းရပ်စ်ကြားမှာ ဘာကွာခြားလဲဆိုတာ ကျွန်တော် မသိဘူး... ဒါပေမဲ့ သေချာတာတစ်ခုကတော့ သူတို့လည်း သက်ရှင်နေထိုင်နိုင်ဖို့အတွက် သန္ဓေပြောင်းစွမ်းအင်တွေကို မှီခိုနေရတာ သေချာတယ်"
"ကျွန်တော့်ရဲ့ အစီအစဉ်ကတော့ ကွာရန်တင်း စခန်းတွေမှာ စွမ်းအင်ချိတ်ပိတ် အစီအရင်ကို တပ်ဆင်ထားလိုက်မယ်... ပြီးရင် လူနာအားလုံးကို အဲဒီထဲ ပို့ထားမယ်"
"ဒီလိုလုပ်လိုက်ရင် သန္ဓေပြောင်း ဗိုင်းရပ်စ်တွေ ဖိနှိပ်ခံရဖို့ များသွားပြီ... သတ်ပစ်လို့ မရရင်တောင်မှ ဗိုင်းရပ်စ်တွေ ထပ်မပွားလာအောင် တားဆီးပေးနိုင်မှာ သေချာတယ်"
"ဒီဗိုင်းရပ်စ်တွေကို ထိန်းချုပ်ထားနိုင်ပြီဆိုရင် လူနာတွေရဲ့ အသက်ကို ကယ်တင်နိုင်ပြီး ဒီဗိုင်းရပ်စ်တွေကို ဖြေရှင်းဖို့ နည်းလမ်းရှာဖို့ အချိန်ရသွားပြီ"
ထိုစကားကို ကြားလိုက်ရချိန်တွင် လင်းယွမ်၏ မျက်လုံးများက တောက်ပသွားပြီး ပြောလိုက်သည်။ "ဒီနည်းလမ်းက မဆိုးဘူးပဲ... ကျွန်တော် အခုပဲ တီထွင်သုတေသနဌာနက လူတွေကို ကွာရန်တင်း စခန်းတွေဆီ သွားခိုင်းပြီး စွမ်းအင်ချိတ်ပိတ် အစီအရင် တပ်ဆင်ခိုင်းလိုက်မယ်"
ထို့နောက် လင်းယွမ်က အစီအရင် တပ်ဆင်ရန် လူများကို အလျင်အမြန် စီစဉ်ပေးလိုက်သည်။
ယခုအခါ တီထွင်သုတေသနဌာန၏ အရွယ်အစားက ကြီးမားလာပြီ ဖြစ်ပြီး စိတ်စွမ်းအင် အစွမ်းပိုင်ရှင်များစွာကိုလည်း ဌာနတွင်းသို့ ခေါ်ယူခန့်အပ်ထားပြီ ဖြစ်သည်။
ထိုအစွမ်းပိုင်ရှင်များ၏ အဓိက အရည်အသွေးမှာ စိတ်စွမ်းအင် ဖြစ်သော်လည်း ၎င်းတို့ နိုးထလာသော အစွမ်းများမှာ တိုက်ခိုက်ရေး အမျိုးအစား မဟုတ်ဘဲ အထောက်အကူပြု အမျိုးအစားများသာ ဖြစ်ကြသည်။
အချို့မှာ အဘိုးရန်၏ "ပုံတူကူးချအစွမ်း" နှင့် ဆင်တူပြီး အချို့မှာ လီယွဲ့ကျင်း၏ "မိတ္တူကူးအစွမ်း" နှင့် ဆင်တူကာ လီဟန်ကျုံး၏ "စူပါဦးနှောက်" ကဲ့သို့သော အစွမ်းများလည်း ရှိကြသည်။
ထိုသို့သော လူမျိုးများ၏ တိုက်ခိုက်ရေး စွမ်းရည်က အလွန်အမင်း ထက်မြက်လှသည် မဟုတ်သော်လည်း အသိပညာ ဗဟုသုတများကို လေ့လာသင်ယူခြင်းနှင့် သင်္ကေတများ ဖန်တီးခြင်းတို့တွင်မူ အလွန် ကျွမ်းကျင်ကြပေသည်။
လင်းယွမ်က ဤကဲ့သို့သော ထူးချွန်သူများကို စုဆောင်းနေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ယခုအခါ တီထွင်သုတေသနဌာန အဖွဲ့ဝင်များထဲတွင် လီဟန်ကျုံးနှင့် အခြားသော အားထားရသည့် ခေါင်းဆောင်အချို့အပြင် အခြားသူများလည်း ရှိနေပြီ ဖြစ်သည်။
လူသစ် တိုးချဲ့မှု ပမာဏကလည်း လူဆယ်ဂဏန်းကျော်အထိ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
လင်းယွမ်၏ အမိန့်ကို ရရှိပြီးနောက် လီဟန်ကျုံးက ထိုလူများကို ခေါ်ဆောင်ကာ ကွာရန်တင်း စခန်းများဆီသို့ အလျင်အမြန် သွားရောက်၍ စွမ်းအင်ချိတ်ပိတ် အစီအရင်ကို စတင် တပ်ဆင်ကြတော့သည်။
လင်းယွမ် ကိုယ်တိုင်လည်း ၎င်းတို့နှင့်အတူ ပါဝင်ကူညီပေးခဲ့သည်။
သူ၏ စိတ်စွမ်းအင်က အလွန် အားကောင်းသောကြောင့် စွမ်းအင်ချိတ်ပိတ် အစီအရင် တပ်ဆင်ရာတွင် မြန်ဆန်ပြီး ပြီးပြည့်စုံလှသည်။
တီထွင်သုတေသနဌာန တစ်ခုလုံး စွမ်းအင်ချိတ်ပိတ် သင်္ကေတများ တပ်ဆင်သည့် အမြန်နှုန်းက လင်းယွမ် တစ်ယောက်တည်း၏ အမြန်နှုန်းကို မီနိုင်ခြင်း မရှိဟု ဆိုနိုင်ပေသည်။
တစ်နာရီပင် မပြည့်သေးမီ စွမ်းအင်ချိတ်ပိတ် အစီအရင်က အောင်မြင်စွာ တပ်ဆင်ပြီးစီးသွားခဲ့သည်။
ကွာရန်တင်း စခန်း တစ်ခုလုံးကို အစီအရင်ကြီးက ချက်ချင်း လွှမ်းခြုံသွားပြီး အစီအရင်အတွင်း၌ သန္ဓေပြောင်းစွမ်းအင်များ စီးဆင်းနိုင်ခြင်း မရှိတော့ပေ။
မကြာမီမှာပင် ဗိုင်းရပ်စ် ကူးစက်ခံထားရသော လူနာများကို တစ်ယောက်ပြီးတစ်ယောက် အထဲသို့ ပြောင်းရွှေ့ပေးလိုက်ကြသည်။
ရန်ဆန်းမင်လည်း နောက်မှ လိုက်သွားကာ အထဲသို့ ရောက်ရှိသွားသော လူနာများ၏ အခြေအနေကို စတင် လေ့လာစောင့်ကြည့်လိုက်သည်။
နောက်ထပ် တစ်ရက် အချိန်ကုန်လွန်သွားပြန်ရာ မူလက ဗိုင်းရပ်စ် ကူးစက်ခံထားရသော ထိုလူများက အံ့ဖွယ်ကောင်းလောက်အောင်ပင် စိတ်ဓာတ်များ ပြန်လည် တက်ကြွလာကြသည်။
ကူးစက်မှု ပြင်းထန်သော လူအချို့ပင် ပြန်လည် ကောင်းမွန်လာမည့် အရိပ်အယောင်များ ပေါ်ထွက်လာသည်။
ထိုမြင်ကွင်းကြောင့် ရန်ဆန်းမင်နှင့် လင်းယွမ်တို့ နှစ်ယောက်စလုံး သက်ပြင်းချနိုင်သွားကြသည်။
ရန်ဆန်းမင်က ပြောလိုက်သည်။ "ကြည့်ရတာ တကယ့်ကို သန္ဓေပြောင်း ဗိုင်းရပ်စ်ပဲ"
လင်းယွမ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "ထူးဆန်းတယ်... အရင်က ဘာလို့ ဒီဗိုင်းရပ်စ်မျိုး မရှိခဲ့တာလဲ... ရုတ်တရက်ကြီး ပေါ်လာတာလား"
ရန်ဆန်းမင်က ခေါင်းအနည်းငယ် ခါယမ်းပြလိုက်သည်။ "ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီး ရေစီးကြောင်းတွေ တဟုန်ထိုး စီးဆင်းလာတော့ နေရာအနှံ့က သတ္တဝါတွေ အားလုံး လျှောက်သွားနေကြတာပဲ... တခြားဒေသက သတ္တဝါတွေဆီက ပါလာတာလည်း ဖြစ်နိုင်တာပဲလေ"
လင်းယွမ်က မေးလိုက်သည်။ "အခု ကျွန်တော်တို့ရဲ့ အဓိက တာဝန်က ဒါ ဘာဗိုင်းရပ်စ်လဲ၊ ဘယ်ငါးအမျိုးအစားက သယ်ဆောင်လာတာလဲ ဆိုတာကို အတည်ပြုနိုင်ဖို့ နည်းလမ်းရှာရမယ်"
ရန်ဆန်းမင်က ခေါင်းညိတ်လိုက်သည်။ "အမှန်ပဲ... ရောဂါပိုး အရင်းအမြစ်ကို ရှာတွေ့မှပဲ ထိရောက်တဲ့ ကာကွယ်မှု အစီအစဉ်တွေကို ဖန်တီးနိုင်မှာ"
လင်းယွမ်က အနည်းငယ် စဉ်းစားလိုက်ပြီး မေးလိုက်သည်။ "ခင်ဗျားဆီမှာ ဒီဘက်ပိုင်းနဲ့ ပတ်သက်ပြီး သိတဲ့ ကျွမ်းကျင်ပညာရှင်တွေများ ရှိလား"
ရန်ဆန်းမင်က အနည်းငယ် စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ "လင်ကျန်း တွဲဖက်ဆေးရုံကြီးက ကျန်းဇီယန်ဆိုတာ ကျွန်တော်တို့ ဆေးရုံရဲ့ ပိုးမွှားကျွမ်းကျင်ပညာရှင်ပဲ... အဲ့ဆရာမက မနှစ်ကမှ နိုင်ငံခြားကနေ ပြန်လာတာ... ကျွန်တော်တို့ ဆေးရုံရဲ့ အထက်လူကြီးတွေက လစာအများကြီးပေးပြီး ငှားထားတာ"
"တွဲဖက်ဆေးရုံကြီးက သူ့အတွက် ကျွမ်းကျင်ပညာရှင်အဖွဲ့ကို ဖွဲ့စည်းပေးထားရုံတင်မကဘူး သီးသန့် ဓာတ်ခွဲခန်းနဲ့ မှတ်ပုံတင် ကောင်တာကိုပါ စီစဉ်ပေးထားတာ"
"သူသာ ရှိနေရင်တော့ နည်းလမ်းရှိလောက်တယ်"
လင်းယွမ်၏ ရင်ထဲတွင် လှုပ်ရှားသွားပြီး ချက်ချင်း ထပ်မေးလိုက်သည်။ "သူက ဘယ်မှာလဲ"
ရန်ဆန်းမင်က ပြောလိုက်သည်။ "မြို့လယ်ကောင်မှာ... သူ့ရဲ့ အိမ်လိပ်စာ ကျွန်တော့်ဆီမှာ ရှိတယ်... ဒါပေမဲ့ ရေကြီးတာ ဒီလောက် ကြာသွားပြီဆိုတော့ သူ အဲဒီမှာ နေသေးလား... မနေတော့ဘူးလား ဆိုတာတော့ သေချာ မပြောတတ်ဘူး"
လင်းယွမ်က လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ယောက်ကိုတော့ ရအောင် ရှာရမယ်"
"သူ့ရဲ့ ရုပ်ရည်နဲ့ အခြေခံ အချက်အလက်တွေကို ကျွန်တော့်ကို အကြမ်းဖျင်းလောက် ပြောပြပေးပါဦး"
ရန်ဆန်းမင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဒေါက်တာကျန်းရဲ့ ရုပ်ရည်က ခွဲခြားရ အင်မတန် လွယ်ကူတယ်... သူက ကပြားမလေး... လူဖြူသွေး တစ်ဝက်ပါတယ်... အရမ်းလည်း လှတယ်... သူ့ကို မြင်တာနဲ့ ဆရာလင်း ချက်ချင်း သိသွားမှာပါ"
"ကပြားမလေး ဟုတ်လား... ဒါဆိုရင်တော့ ရှာရလွယ်တာပေါ့"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ ပြည်တွင်းတွင် ကပြားများက သိပ်အတွေ့ရမများသဖြင့် အနည်းငယ် မေးမြန်းကြည့်ရုံဖြင့် သိနိုင်ပေလိမ့်မည်။
"သူ ဘယ်မှာနေတာလဲ"
"ရှင်းဟိုင် ဥယျာဉ်စံအိမ်ရာမှာ"
လင်းယွမ်က ချက်ချင်း မျက်ခုံးပင့်လိုက်သည်။ "မြို့လယ်ကောင်က စံအိမ်လား"
ရန်ဆန်းမင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ "သူ့အိမ်ရဲ့ အခြေအနေက တော်တော် ကောင်းလောက်တယ်... မဟုတ်ရင် နိုင်ငံခြားမှာ ပါရဂူဘွဲ့ရတဲ့အထိ တက်ပြီးမှ နိုင်ငံပြန်လာမှာ မဟုတ်ဘူးလေ"
"သာမန် မိသားစုတွေဆိုရင် နိုင်ငံခြားက ကျောင်းလစာတွေကို ပံ့ပိုးပေးနိုင်မှာ မဟုတ်ဘူး"
လင်းယွမ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ခဏနေရင် မြေပုံတစ်ခု ရှာပေးပါ... ကျွန်တော် ရှာရလွယ်အောင် မြေပုံပေါ်မှာ အမှတ်အသားလေးတွေ လုပ်ထားပေး"
ရန်ဆန်းမင်က ခေါင်းညိတ်လိုက်ပြီးနောက် ချက်ချင်း ပြောလိုက်သည်။ "ဆရာလင်း မြန်မြန်သွားပြီး မြန်မြန် ပြန်လာမှဖြစ်မယ်... စွမ်းအင်ချိတ်ပိတ် အစီအရင်က ဗိုင်းရပ်စ်တွေကို ထိန်းချုပ်ထားနိုင်တယ်ဆိုပေမဲ့ ဗိုင်းရပ်စ်တွေက သေသွားတာ မဟုတ်ဘူး... လူ့ခန္ဓာကိုယ်ထဲမှာ ကိန်းအောင်းနေတာ"
"စွမ်းအင်ချိတ်ပိတ် အစီအရင်ထဲကနေ ထွက်သွားတာနဲ့ တစ်ပြိုင်နက် သူတို့က ပြန်ပြီး ပေါက်ကွဲလာဦးမှာပဲ"
လင်းယွမ်က ခေါင်းညိတ်လိုက်သည်။ "သိပြီ... ကျွန်တော် အမြန်ဆုံး ပြန်လာခဲ့မယ်"
"ဒါ့အပြင် အားလုံးကို လောလောဆယ် ငါးမစားဖို့ ပြောထားဦး... အနီရောင်အသားတွေကိုပဲ တတ်နိုင်သမျှ စားခိုင်းထား" ရန်ဆန်းမင်က ထပ်ပြောလိုက်သည်။
"အင်း... ကျွန်တော် လူတွေကို စီစဉ်ခိုင်းထားပြီးပါပြီ"
ရန်ဆန်းမင်က အနည်းငယ် တုံ့ဆိုင်းသွားပြီး မေးလိုက်သည်။ "ကျွန်တော်တို့ဆီမှာ စားနပ်ရိက္ခာတွေ လုံလောက်ရဲ့လား"
ထိုစကားကို ကြားသောအခါ လင်းယွမ်က ချက်ချင်း ပြုံးလိုက်သည်။ "စိတ်ချပါ... ပြဿနာ မရှိပါဘူး"
အခြား ခိုလှုံရေးစခန်းများသာဆိုလျှင် ငါးမစားရမည့် ဤကဲ့သို့ အခြေအနေမျိုး ကြုံတွေ့ရပါက စောစောစီးစီးပင် ထိတ်လန့် ဝရုန်းသုန်းကား ဖြစ်နေလောက်ပြီ ဖြစ်သည်။
သို့သော် လင်းယွမ်အတွက်မူ သူက စနစ်ထဲမှနေ၍ ရိက္ခာများစွာကို လဲလှယ်နိုင်စွမ်း ရှိပေသည်။
စားသောက်ရေးနှင့် ပတ်သက်၍ သူ စိုးရိမ်ပူပန်နေစရာ မလိုပေ။
အခြေအနေက အရေးပေါ်ဖြစ်နေသဖြင့် လင်းယွမ်က လူအင်အားကို အလျင်အမြန် စုစည်းလိုက်ပြီး တစ်ဖက်တွင် ထိုက်ယန်တောင်၏ အတွင်းပိုင်း ကာကွယ်ရေး အဆောက်အအုံများကို အားဖြည့်ပေးလိုက်သည်။
အခြားတစ်ဖက်တွင်မူ သူက လူများကို အလျင်အမြန် စီစဉ်ပေးကာ ပတ်ဝန်းကျင်ရှိ ရေပြင်ဧရိယာများတွင် စတင် တပ်စွဲထားလိုက်သည်။
နောက်ဆုံးတွင် သူက ကျောက်ခိုင်ကို သွားရှာလိုက်သည်။
"အစ်ကိုလင်း... ကျွန်တော့်ကို ရှာနေတာလား"
"မင်းရဲ့ အဓိက အရည်အသွေးက အမှတ် ၅၀ ပြည့်သွားပြီလား" လင်းယွမ်က မေးလိုက်သည်။
ကျောက်ခိုင်က ခေါင်းညိတ်လိုက်သည်။ "မနေ့ကမှ အမှတ် ၅၀ ပြည့်သွားတာ... ဒါပေမဲ့ ဒီကူးစက်ရောဂါ ကိစ္စတွေကြောင့် ကျွန်တော် ပြောဖို့ အချိန်မရလိုက်ဘူး"
လင်းယွမ်က အပြုံးတစ်ခုကို ထုတ်ဖော်ပြသလိုက်သည်။ "ကောင်းတယ်... ငါ ထိုက်ယန်တောင်ကနေ ခဏလောက် ထွက်သွားရမယ်... ဗိုင်းရပ်စ် ကျွမ်းကျင်ပညာရှင် တစ်ယောက်ကို သွားရှာမလို့"
"အစ်ကိုလင်း... ကျွမ်းကျင်ပညာရှင်က ဘယ်မှာရှိလဲဆိုတာ အစ်ကို သိလို့လား" ကျောက်ခိုင်က ဝမ်းသာသွားပြီး အမြန် မေးလိုက်သည်။
"အင်း... ဒေါက်တာရန်ဆီကနေ လူတစ်ယောက်အကြောင်း သိထားတယ်... ငါတို့ရဲ့ လက်ရှိ အခြေအနေအတွက် အကူအညီ နည်းနည်း ရနိုင်လောက်တယ်"
"ဒါပေမဲ့ ထိုက်ယန်တောင်ကနေ မထွက်သွားခင် မင်းက မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိတဲ့ အစွမ်းပိုင်ရှင်တစ်ယောက် ဖြစ်လာဖို့ လိုတယ်... ဒါမှ ငါလည်း စိတ်ချလက်ချ ထွက်သွားနိုင်မှာ"
ကျောက်ခိုင်က ကြက်သေ သေသွားပြီး မေးလိုက်သည်။ "အစ်ကိုလင်း... အစ်ကိုက ထိုက်ယန်တောင်ရဲ့ လုံခြုံရေးကို စိုးရိမ်နေတာလား"
လင်းယွမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။ "ဒီဗိုင်းရပ်စ် ရောက်လာတာ ထူးဆန်းတယ်လို့ ငါ အမြဲ ခံစားနေရတယ်... ဒါပေမဲ့ အခုလောလောဆယ် စုံစမ်းဖို့ အချိန် မရှိသေးဘူး"
"အချုပ်ပြောရရင် မင်းက မျိုးရိုးဗီဇမျိုးစေ့ အဆင့်ကို ချိုးဖောက်နိုင်ပြီး ထိုက်ယန်တောင်မှာ မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိတဲ့ အစွမ်းပိုင်ရှင် တစ်ယောက်က ကြီးကြပ်ပေးထားနိုင်မှပဲ စိတ်ချလက်ချ ထွက်သွားနိုင်မှာ"
"ဒါ့အပြင် မင်းက မျိုးရိုးဗီဇမျိုးစေ့ အဆင့်ကို ချိုးဖောက်ပြီးသွားရင် သွေးရေခဲကို ဆက်ပြီး သန့်စင်လို့ ရပြီ... စွမ်းရည်ကို မြှင့်တင်နိုင်တယ်"
"တခြားသူတွေက အမှတ် ၅၀ မပြည့်ကြသေးတော့ မျိုးရိုးဗီဇမျိုးစေ့ကို စုစည်းလို့ မရသေးဘူး... ငါ ထွက်သွားပြီးရင် ထိုက်ယန်တောင်က မင်းကိုပဲ အားကိုးရတော့မယ်"
ကျောက်ခိုင်က မနေနိုင်ဘဲ ပြောလိုက်သည်။ "အစ်ကိုလင်း... အစ်ကို ဘယ်တော့လောက် ပြန်လာမလဲ"
"မြန်ရင် တစ်ရက်၊ နှစ်ရက်ပေါ့... နှေးရင်လည်း အများဆုံး တစ်ပတ်ပဲ... ငါ အပြင်မှာ အကြာကြီး မနေပါဘူး"
ထိုစကားကို ကြားသောအခါ ကျောက်ခိုင်က သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။ "တစ်ပတ်ဆိုရင်တော့ သိပ်ပြဿနာ မရှိလောက်ဘူး... ရန်သူက ဘယ်လောက်ပဲ အစွမ်းထက်ပါစေ... ကျွန်တော်တို့ လူအင်အား ဒီလောက်များတာ... တစ်ပတ်လောက်တော့ အေးဆေး တောင့်ခံထားနိုင်မှာ သေချာတယ်လို့ ယုံကြည်တယ်"
"ပေါ့ပေါ့ဆဆ မနေနဲ့ဦး... ငါ့နောက်လိုက်ခဲ့... အခု မင်း အရင်ဆုံး မျိုးရိုးဗီဇမျိုးစေ့ အဆင့်ကို တက်ဖို့လိုတယ်"
"ဟုတ်ကဲ့"
လင်းယွမ်က ကျောက်ခိုင်ကို ထိုက်ယန်တောင်၏ အတွင်းပိုင်း အနက်ရှိုင်းဆုံး နေရာသို့ ခေါ်ဆောင်သွားပြီး သူကိုယ်တိုင် အကာအကွယ်ပေးကာ ကြီးကြပ်ပေးလိုက်သည်။
ကျောက်ခိုင်ကလည်း လင်းယွမ်အပေါ် အလွန် ယုံကြည်မှု ရှိလှပေသည်။ လင်းယွမ် ကိုယ်တိုင် ဘေးမှနေ၍ ကြီးကြပ်ပေးနေသဖြင့် သူ၏ စိတ်ထဲတွင် မည်သည့် အနှောင့်အယှက်မှ ရှိမနေပေ။
ချက်ချင်းပင် ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့ တစ်စေ့ကို ထုတ်ယူကာ တိုက်ရိုက် မြိုချလိုက်တော့သည်။
ဒီတစ်လကျော် အချိန်အတွင်းတွင် တီထွင်သုတေသနဌာနက ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့ ဆယ့်နှစ်စေ့ကို ထပ်မံ သန့်စင်နိုင်ခဲ့သည်။
ယခုအခါ ထိုအရာအားလုံးက လင်းယွမ်၏ လက်ထဲတွင် ရှိနေပေသည်။
"စပြီ"
လင်းယွမ်၏ အကြည့်များက စူးရှသွားပြီး ကျောက်ခိုင်၏ တစ်ကိုယ်လုံးတွင် ရေခဲမြူခိုးများ အမြောက်အမြား စတင် ထွက်ပေါ်လာသည်ကို သတိထားမိလိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ တစ်ကိုယ်လုံးကို ရေခဲမြူခိုးများက လွှမ်းခြုံသွားတော့သည်။
အေးစက်သော လေပြင်းများက ရူးသွပ်စွာ ပျံ့နှံ့ထွက်ပေါ်လာသည်။
မြေပြင်ပေါ်ရှိ ရေခဲပွင့်များက အရပ်မျက်နှာ အနှံ့အပြားသို့ အလျင်အမြန် ဖုံးလွှမ်းသွားပြီး ရေခဲစိုင်များကို အလျင်အမြန် စုစည်းဖြစ်ပေါ်လာစေသည်။
မြေပြင်ပေါ်ရှိ ရေအိုင်များနှင့် ကောင်းကင်ယံမှ မိုးရေများကလည်း ဤအေးစက်သော လေပြင်းများနှင့် ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် ရေခဲတုံးများအဖြစ်သို့ ပြောင်းလဲသွားကြတော့သည်။
လင်းယွမ်က ဤအေးစက်သော လေပြင်းများကို ခံစားမိလိုက်ရာ ထိုအရာက ကျောက်ခိုင် ပုံမှန် ထုတ်လွှတ်နိုင်သော အမြင့်ဆုံး အပူချိန် ကန့်သတ်ချက်ကို ကျော်လွန်သွားပြီ ဖြစ်ကြောင်း သိလိုက်သည်။
ယင်းက ကျောက်ခိုင်၏ စွမ်းရည်မှာ အလျင်အမြန် တိုးတက်လာနေပြီ ဖြစ်ကြောင်း ပြသနေခြင်းပင်။
"ကျောက်ခိုင် နိုးထလာမယ့် မျိုးရိုးဗီဇမြေပုံက ဘယ်လိုမျိုး ဖြစ်မလဲ မသိဘူး"
လင်းယွမ်၏ မျက်လုံးများက အနည်းငယ် တောက်ပသွားပြီး ဤမြင်ကွင်းကို မျှော်လင့်တကြီးဖြင့် ကြည့်ရှုနေလိုက်သည်။
ဆက်ရန်...
(နောက်တစ်အုပ်မှာ ကျောက်ခိုင်အဆင့်တက်ပြီး ဘယ်လောက်တောင် စွမ်းသွားမလဲ၊ ဒီရောဂါပြန့်ပွားတဲ့ကိစ္စကရော နောက်ကွယ်မှာ ဘယ်လိုရည်ရွယ်ချက်တွေရှိနေမလဲ၊ လင်းယွမ် ဆရာဝန်သွားရှာတဲ့ခရီးမှာ ဘယ်လိုအတားအဆီးတွေ တိုက်ပွဲတွေ ကြုံရမလဲ၊ ဂိုဏ်းကြီးသုံးဂိုဏ်းနဲ့ရော ကြုံရဦးမှာလား၊ ထိုက်ယန်တောင်ကရော သူမရှိတဲ့အချိန်မှာ လုံခြုံပါ့မလား စတာတွေကို ဆက်ပြီးစောင့်မျှော်အားပေးကြပါဦးနော်)