← Chapters

အခန်း (၄၄၃-၄၄၄)

Vol. 23 Ch. 443-444

အခန်း (၄၄၃-၄၄၄)

Vol. 23 Ch. 443-444

အပိုင်း(၄၄၃) လီချင်းဟွာ၏ စက္ကူစက်ရုံ

အလှအပထိန်းသိမ်းခြင်းနှင့် နုပျိုမှုကို ထိန်းသိမ်းကာ အသက်ရှည်စေခြင်း အကြောင်းကို ပြောလိုက်သည်နှင့် မိန်းကလေးများက ချက်ချင်းပင် စိတ်အားထက်သန်လာကြသည်။

ထိုအကြောင်းအရာကို ဗဟိုပြု၍ သူတို့၏ စကားဝိုင်းက ရုတ်တရက် ရပ်တန့်မသွားတော့ပေ။

စကားဝိုင်းကြားထဲတွင် တင်းယန်က သုံးသပ်ပြလာခဲ့ပြီး ရန်မေ၏ ရေခဲအစွမ်းက အဆင့်တက်သွားပြီးပါက သူမ၏ ဆဲလ်များကို အပူချိန်လျှော့ချပေးနိုင်ကာ ဆဲလ်များ၏ ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးသွားစေနိုင်လိမ့်မည်ဟု ထင်မြင်ချက်ပေးလိုက်သည်။

ထိုသို့ဆိုလျှင် အိုမင်းရင့်ရော်မှုကို အထူးနှေးကွေးစေပြီး အမှန်တကယ် အသက်အရွယ် ရပ်တန့်နေသည့် နတ်သမီးလေး တစ်ပါး ဖြစ်လာနိုင်ပေသည်။

ဆုန့်ဝမ်၏ သစ်တောအစွမ်းကလည်း ကိုယ်တိုင် ပြန်လည်ကုသနိုင်စွမ်း ရှိသည့်အပြင် အိုမင်းနေသော ဆဲလ်များကိုပါ ပြန်လည်ကုသပေးနိုင်သောကြောင့် နုပျိုမှုကို ထိန်းသိမ်းကာ သက်တမ်းကို ဆွဲဆန့်ပေးနိုင်သည့် အစွမ်း ရှိနေပြန်သည်။

ယင်းစကားကြောင့် မိန်းကလေးနှစ်ယောက်လုံး ချက်ချင်းပင် ထိုင်မနေနိုင်တော့ဘဲ သူတို့အနေဖြင့် ဤရှုထောင့်မျိုးကို တစ်ခါမှ မတွေးတောခဲ့ဖူးကြောင်း သိသာနေသည်။

မည်သည့်မိန်းကလေးက ထာဝရနုပျိုခြင်းဆိုသည့် မြှူဆွယ်မှုကို ငြင်းဆန်နိုင်မည်နည်း။

အထူးသဖြင့် ရန်မေက အသက်ရနေပြီဖြစ်သော အမျိုးသမီးတစ်ဦး ဖြစ်သောကြောင့် သူမ၏ ရုပ်ရည်သွင်ပြင်ကို အလွန် ဂရုစိုက်လေသည်။

မည်သို့ပင်ဆိုစေကာမူ သူမက လင်းယွမ်ထက် အသက်တော်တော်လေး ကြီးနေသည့်အတွက် ဤကိစ္စနှင့် ပတ်သက်လျှင် သူမက အနည်းငယ် သိမ်ငယ်စိတ် ဝင်မိနေသည်။

ထို့ကြောင့်သာ သူမကိုယ်သူမ မအိုမင်းအောင် ထိန်းသိမ်းထားနိုင်မည်ဆိုလျှင် သူမက သေချာပေါက် ကြိုးစားချင်နေမည် ဖြစ်သည်။

ဆုန့်ဝမ်၏ အသက်က ထိုအရွယ်သို့ မရောက်သေးသော်လည်း ယခင်က တိုက်ရိုက်ထုတ်လွှင့်သူ တစ်ဦး ဖြစ်ခဲ့ဖူးသောကြောင့် သူမ၏ ရုပ်ရည်နှင့် ပတ်သက်၍ အမြဲတမ်း စိုးရိမ်ပူပန်မှုများ ရှိနေတတ်သည်။

တင်းယန်၏ ခွဲခြမ်းစိတ်ဖြာမှုကို နားထောင်ပြီးနောက် သူမက အချိန်ကြာမြင့်စွာ စိတ်လှုပ်ရှားနေခဲ့ပြီး သူမ၏ အစွမ်းက အလွန်တရာ အစွမ်းထက်လှသည်ဟု ပိုမို ခံစားလာရသည်။

တုံယန်ကမူ မည်သည့်ခံစားချက်မှ မရှိလှပေ။ သူမက အသက်ဆယ့်ကိုးနှစ်သာ ရှိသေးပြီး အသက်နှစ်ဆယ်ပင် မပြည့်သေးသော အရွယ်ဖြစ်ရာ သူမနှင့် အိုမင်းရင့်ရော်ခြင်း အကြောင်း၊ နုပျိုခြင်း အကြောင်းကို ဆွေးနွေးခြင်းက တကယ်ကို ပျင်းစရာကောင်းလှသည်။

အဘယ်ကြောင့်ဆိုသော် သူမကိုယ်တိုင်က ဆယ်ကျော်သက် အရွယ်တွင် ရှိနေသောကြောင့်ပင်။

လင်းယွမ်က သူတို့၏ စကားလမ်းကြောင်း တဖြည်းဖြည်း လွဲချော်သွားသည်ကို ကြည့်ရင်း ရယ်ရခက် ငိုရခက် ဖြစ်နေမိသည်။

သူက အချိန်ကို တစ်ချက်ကြည့်လိုက်ပြီး အမျိုးသမီးများ၏ ဆွေးနွေးမှုကို ဖြတ်ပြောလိုက်သည်။ "သွားကြရအောင်... နေရောင်ခြည်ဇုန်ကို အစည်းအဝေးသွားလုပ်ကြမယ်"

"ဒီတစ်ခေါက် အပြင်ထွက်ခဲ့တာနဲ့ ပတ်သက်ပြီး မျိုးရိုးဗီဇမျိုးစေ့တွေ... ရေပေါ်ကျွန်းတွေ... ပြီးတော့ ကွမ်ဖူက အခြေအနေတချို့အကြောင်းကို အားလုံးနဲ့ ဆွေးနွေးဖို့ လိုတယ်"

"ဒါ့အပြင် ငါခေါ်လာတဲ့ လူတွေကိုလည်း ငါတို့ ထိုက်ယန်တောင် ခိုလှုံရေးစခန်းထဲကို မြန်မြန် ပေါင်းစည်းနိုင်အောင် စီစဉ်ပေးဖို့ လိုသေးတယ်"

တင်းယန်နှင့် ရန်မေတို့က အရေးကြီးကိစ္စကို ကြားလိုက်ရသောအခါ ချက်ချင်းပင် ရပ်တန့်လိုက်ကြပြီး အားလုံးက ပစ္စည်းများကို ချက်ချင်း သိမ်းဆည်းကာ နေရောင်ခြည်ဇုန်ဆီသို့ အတူတကွ ထွက်ခွာသွားကြသည်။

ယခုအခါ နေရောင်ခြည်ဇုန်၏ အတိုင်းအတာက များစွာ ကျယ်ပြန့်လာခဲ့ပြီဖြစ်ပြီး ၎င်းအထဲရှိ သန္ဓေပြောင်း နေကြာပန်းများ၏ စိုက်ပျိုးမှု ပမာဏကလည်း ပိုမို ကျယ်ပြန့်လာခဲ့သည်။

နေရောင်ခြည်ဇုန်ထဲတွင် သုံးလေးထပ်အမြင့်ရှိသော သစ်သားအိမ်များနှင့် ဝါးအိမ်များကို တစ်လုံးပြီးတစ်လုံး ဆောက်လုပ်ထားကာ ဤနေရာက ထိုက်ယန်တောင်၏ အုပ်ချုပ်ရေး ဗဟိုဌာနတစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ရန်မေက မိတ်ဆက်ပေးလိုက်သည်။ "ဒီအဆောက်အအုံတွေ အားလုံးက ဦးလေးမာ ဦးဆောင်ပြီး ဆောက်ထားတာလေ... ပျဉ်ထောင်အိမ်တွေဆိုပြီး အထင်မသေးလိုက်နဲ့... အတွင်းဘက် နံရံတွေနဲ့ ကြမ်းပြင်တွေ အားလုံးကို သုတေသနဌာနက ပံ့ပိုးပေးထားတဲ့ အသံလုံ သင်္ကေတတွေနဲ့ ရေးဆွဲထားလို့ အသံကာကွယ်နိုင်စွမ်းက အရမ်းကောင်းတယ်"

"အသံလုံ သင်္ကေတ" လင်းယွမ်က အံ့အားသင့်သွားသည်။ "ဒါက အသစ်သုတေသနလုပ်ထားတဲ့ သင်္ကေတလား"

"အင်း... ပါမောက္ခ လီဟန်ကျုံးက သားသတ်ရုံဘက်ကနေ ရလာတဲ့ အသံလုံ သင်္ကေတတွေကို တိုးချဲ့ပြီး သုတေသနလုပ်ထားတာလေ"

"အခုဆိုရင် အဆောက်အအုံ တော်တော်များများမှာ အများကြီး သုံးနေကြပြီ"

လင်းယွမ်၏ စိတ်ထဲတွင် ဝမ်းသာသွားမိသည်။ သူ ထွက်သွားပြီးနောက် ထိုက်ယန်တောင်၏ ဖွံ့ဖြိုးတိုးတက်မှုက ရပ်တန့်မနေဘဲ တစ်နေ့တခြား တိုးတက်ပြောင်းလဲလာကာ အလွန် လျင်မြန်စွာ တိုးတက်လာခဲ့သည်ဟု ထင်ရသည်။

"ဒီအဆောက်အအုံတွေကို နေရောင်ခြည်ဇုန်ထဲမှာ ဆောက်ထားပြီး အားလုံးက အရေးပါတဲ့ လုပ်ငန်းဆိုင်ရာ ဌာနတွေချည်းပဲ... အဲ့ဒီအထဲမှာ ထိုက်ယန်တောင် အုပ်ချုပ်ရေးဗဟိုဌာန... စစ်ဆေးရေးဗဟိုဌာန... ကင်းလှည့်ဗဟိုဌာန... စိုက်ပျိုးရေးဌာန... ဆောက်လုပ်ရေးဌာနတွေ ပါဝင်တယ်"

"တစ်ခုလုံးရဲ့ ဖွဲ့စည်းပုံ အခြေခံကိုလည်း ဝါရင့် အုပ်ချုပ်ရေးဝန်ထမ်း တစ်ယောက်က ကူညီသတ်မှတ်ပေးထားတာ"

"ဒါ့အပြင် ရှင် နောက်ပိုင်း ဒီမှာ အစည်းအဝေး လုပ်တာတို့ ထိုက်ယန်တောင်က အကြီးအသေး ကိစ္စတွေကို ဖြေရှင်းတာတို့ လုပ်ဖို့ အဆင်ပြေအောင် ရှင့်အတွက် သီးသန့် ခေါင်းဆောင်အိမ်တော် တစ်လုံးကိုလည်း ချန်ထားပေးသေးတယ်"

လင်းယွမ်က အံ့အားသင့်သွားမိသည်။ ရက်အနည်းငယ်မျှ ထွက်သွားသည့်အချိန်အတွင်း ထိုက်ယန်တောင် တစ်ခုလုံး၏ စီမံခန့်ခွဲရေး ဖွဲ့စည်းပုံကို ရန်မေတို့က စနစ်တကျ ပြင်ဆင်ထားလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

"ဟင်... သူတို့ ဘာလုပ်နေကြတာလဲ"

နေရောင်ခြည်အိမ်တော် အနီးသို့ ရောက်သည်နှင့် နေရောင်ခြည်အိမ်တော်၏ ဘယ်ဘက်ရှိ တံခါးငယ်တစ်ခုအနီးတွင် လူအုပ်ကြီး တန်းစီကာ ပိတ်ဆို့နေသည်ကို လင်းယွမ် တွေ့လိုက်ရသည်။

ဆုန့်ဝမ်က ထိုမြင်ကွင်းကို မြင်သောအခါ ပြုံးလိုက်သည်။ "သန္ဓေပြောင်း နေကြာပန်း တတိယအသုတ်က အသီးသီးနေပြီလေ... အားလုံးက နေကြာစေ့ လာဝယ်ကြတာ"

လင်းယွမ်က အံ့အားသင့်သွားသည်။ "ဒီလောက်မြန်မြန် တတိယအသုတ် ထွက်လာပြီလား"

ဆုန့်ဝမ်က ခေါင်းညိတ်ပြလိုက်သည်။ "ကျွန်မတို့ အကောင်းဆုံး မျိုးစေ့တွေကို ပြုစုပျိုးထောင်ခဲ့ပြီး ဒုတိယအသုတ်တုန်းက စိုက်ပျိုးခဲ့တာလေ... အခု မြန်မြန်ဆန်ဆန် ပွင့်လာပြီး အသီးသီးနေတဲ့ ဒီတတိယအသုတ်က အဲ့ဒီတုန်းက ရွေးချယ်ထားတဲ့ မျိုးစေ့တွေပဲ"

"ဒီတတိယအသုတ် မျိုးစေ့တွေက ကြီးထွားနှုန်း မြန်ရုံသာမကဘူး အသီးထွက်နှုန်းလည်း ကောင်းတယ်... နေကြာပန်း တစ်ပင်ကို နေကြာစေ့ ၆ ပေါင်လောက် ထွက်တယ်"

"လက်ရှိ မိန်တောင်နဲ့ တခြားနေရာတွေမှာ စတုတ္ထအသုတ် စိုက်ပျိုးနေပြီ... အသုံးပြုတာကလည်း ဒီနေကြာစေ့တွေချည်းပဲ"

လင်းယွမ်က အလွန်အမင်း ဝမ်းသာသွားသည်။ အပြင်ဘက်တွင် တစ်နေ့လုံး မိုးသည်းထန်စွာ ရွာသွန်းနေသည့် အခြေအနေမျိုး၌ နေရောင်ခြည်ကို ထုတ်ပေးနိုင်သော သန္ဓေပြောင်း နေကြာပန်း တစ်ပင်မှာ လူတိုင်း တောင့်တနေသည့် အရာပင် ဖြစ်သည်။

"သူတို့က ဝယ်သွားပြီး ကိုယ်တိုင် စိုက်ကြမှာလား"

ထိုအချိန်တွင် ရန်မေက ပြုံးလိုက်သည်။ "ကိုယ်တိုင် စိုက်ကြမှာပေါ့... အခုဆို အိမ်တိုင်းက အိမ်မှာ နေကြာပန်း နှစ်ပွင့် သုံးပွင့်လောက် စိုက်ထားချင်ကြတယ်လေ... အလင်းရောင်ပေးတဲ့ အာနိသင် ရှိရုံသာမကဘဲ အစိုဓာတ်ကို ဖယ်ရှားပေးပြီး နွေးထွေးမှုကိုပါ ပေးစွမ်းနိုင်တယ်"

"အခုဆို သန္ဓေပြောင်း နေကြာပန်းက အိမ်တိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခု ဖြစ်နေပြီ"

"ကျွန်မတို့ဆီက ကုန်တိုက်ထဲမှာ ဘယ်သူမှ စိတ်မဝင်စားတဲ့ ဆိုလာပြားတွေတောင် အကုန်ရောင်းရသွားတယ်"

"အခုဆို ရေအောက်ရတနာရှာဖွေရေးအဖွဲ့တွေက ရေငုပ်ပြီး ရေနစ်နေတဲ့ လမ်းမီးတိုင်တွေလိုမျိုးတွေကို ရှာဖွေဖို့ သီးသန့် ရေငုပ်နေကြတယ်... နေရောင်ခြည်စွမ်းအင်သုံး ဘက်ထရီပြားတွေ ဖြုတ်ယူလို့ ရမရဆိုပြီး သွားကြည့်ကြတာ"

လင်းယွမ်က အံ့အားသင့်သွားသည်။ "ရေအောက် ရတနာရှာဖွေရေးအဖွဲ့ ဟုတ်လား"

တင်းယန်က ဘေးမှနေ၍ ရှင်းပြလိုက်သည်။ "ဒါက တလောကမှ ခေတ်စားလာတဲ့ အယူအဆ တစ်ခုပါ"

"ကျွန်မတို့ ထိုက်ယန်တောင်က တဖြည်းဖြည်း ပိုမို ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ပိုင်ဆိုင်မှုနဲ့ ပစ္စည်းတွေ အားလုံးက အများပြည်သူပိုင် ပစ္စည်းတွေ ဖြစ်လာတော့... လူတိုင်းက သန္ဓေပြောင်း သတ္တဝါတွေကို ဖမ်းဖို့ နေရာမရှိတော့ဘူးလေ... အဲ့ဒါကြောင့် ရေအောက်မှာ ကပ်ဘေးမတိုင်ခင်က တန်ဖိုးရှိတဲ့ ပစ္စည်းကောင်းတွေ အများကြီး ရှိနေနိုင်တယ်လို့ တစ်ချို့က တွေးမိသွားကြတာ"

"အဲ့ဒါနဲ့ လူအများကြီးက ရေအောက်ထဲငုပ်ပြီး ပစ္စည်းတွေရှာဖို့ သီးသန့် အဖွဲ့လေးတွေ ဖွဲ့လာကြတာပေါ့... အချိန်ကြာလာတော့ ရေအောက်ရတနာရှာဖွေရေးအဖွဲ့တွေ ဖြစ်လာတာပဲ"

"ပြီးခဲ့တဲ့တစ်ခေါက်က ရေဓာတ်အစွမ်းပိုင်ရှင် တစ်ချို့က စီးပွားရေးဇုန်ဘက်က ရေအောက်ထဲမှာ နေရောင်ခြည်စွမ်းအင်ထုတ် စက်ရုံတစ်ခုကို တွေ့သွားပြီး ဘက်ထရီ စက်ပစ္စည်းတွေ အများကြီး သယ်လာနိုင်ခဲ့တယ်... ချက်ချင်းကို ချမ်းသာသွားတာပဲ"

"အဲ့ဒီလူတွေက ကုန်တိုက်မှာ ဆိုင်ခန်းတွေ ငှားရုံတင်မကဘူး... ကျွန်မတို့ဘက်က အချက်အချာကျတဲ့ နေရာမှာ မြေနေရာငှားပြီး အိမ်တွေတောင် ဆောက်လိုက်ကြသေးတယ်"

"ဒီကိစ္စကြောင့်ပဲ ထိုက်ယန်တောင်က လူတော်တော်များများ ရတနာရှာဖွေရေးအဖွဲ့ထဲကို ဝင်လာကြတာ"

"အဲ့ဒါကြောင့်ပဲ ရေအောက်ရတနာရှာဖွေတဲ့ ခေတ်စားမှုကြီး ဖြစ်လာတာပေါ့"

တင်းယန်၏ ပြောစကားများကို နားထောင်ရင်း လင်းယွမ်က ပြုံးရယ်လိုက်မိသည်။

ထိုက်ယန်တောင်၏ အပြောင်းအလဲများက တကယ်ကို တစ်နေ့ထက်တစ်နေ့ ပိုမို ကြီးမားလာပေသည်။

သူ အပြင်ထွက်သွားသည်မှာ ရက်အနည်းငယ်သာ ကြာသေးသော်လည်း ဤမျှများပြားသော ထူးဆန်းသည့် အရာသစ်များ ပေါ်ပေါက်လာခဲ့ပေသည်။

နေရောင်ခြည်ဇုန်ထဲသို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် နေရောင်ခြည်ဇုန် တစ်ခုလုံးက များစွာ ကျယ်ပြန့်လာသည်ကို တကယ်ပင် မြင်တွေ့လိုက်ရသည်။

တောင်ဂူထဲတွင် ထက်ဝက်ကျော် ရှိနေရုံသာမကဘဲ အပြင်ဘက်တွင်လည်း ကြီးမားသော မိုးကာတဲကြီးကို တည်ဆောက်ထားရာ မိုးသက်မုန်တိုင်းများကို ကာကွယ်ပေးနိုင်သည့် တစ်ချိန်တည်းမှာပင် နေရောင်ခြည်ဇုန်ကိုလည်း သုံးဆကျော်အထိ ကျယ်ပြန့်သွားစေခဲ့သည်။

ပတ်ဝန်းကျင် အရပ်လေးမျက်နှာလုံးတွင် နေကြာပန်းများ အပြည့် စိုက်ပျိုးထားရာ နေရောင်ခြည်ဇုန် တစ်ခုလုံးကို နွေးထွေးတောက်ပစွာ လင်းလက်စေသည်။

ထိုသစ်သားအဆောက်အအုံများကလည်း အစီအရီ တည်ဆောက်ထားပြီး အဆောက်အအုံ တစ်ခုစီတွင် သက်ဆိုင်ရာ ထိုက်ယန်တောင် လုပ်ငန်းဌာနများ၏ အမည်များကို ချိတ်ဆွဲထားသည်။

လူအများအပြား ဝင်ထွက်သွားလာနေကြပြီး ကိစ္စရပ်များကို လုပ်ဆောင်နေကြပုံရသည်။

ထိုစဉ် လင်းယွမ်၏ အကြည့်က ရုတ်တရက် အာရုံစိုက်မိသွားသည်။ သူတို့၏ အရှေ့မှ ဖြတ်လျှောက်သွားသော မိန်းကလေးတစ်ဦး၏ လက်ထဲတွင် အထပ်လိုက် ရှိနေသော စက္ကူအထူကြီးများကို ကိုင်ထားသည်ကို သတိပြုမိသွားသည်။

ထိုမိန်းကလေး၏ လက်ထဲမှ စက္ကူများကို မြင်လိုက်ရသောအခါ လင်းယွမ်က သူမကို ချက်ချင်း လှမ်းခေါ်လိုက်သည်။ "ခဏလောက်နေပါဦး"

ထိုမိန်းကလေးက မူလကတည်းက လင်းယွမ်ကို ခိုးကြည့်နေခဲ့ရာ သူမကို လင်းယွမ်က လှမ်းခေါ်လိုက်သည်ကို မြင်သောအခါ ချက်ချင်းပင် အံ့သြဝမ်းသာဖြစ်သွားပြီး လင်းယွမ်ဘက်သို့ ကမန်းကတန်း လှည့်ကြည့်ကာ စိတ်လှုပ်ရှားပြီး ထိတ်လန့်တကြားဖြင့် မေးလိုက်သည်။ "အစ်ကိုလင်း... ကျွန်မကို ခေါ်လိုက်တာလား"

လင်းယွမ်က သူမကို ပြုံးပြကာ ခေါင်းညိတ်လိုက်ပြီး မေးလိုက်သည်။ "မင်း လက်ထဲမှာ ကိုင်ထားတာက ဘာလဲ"

"ရှင်... အော်... ဒါလား" သူမက လက်ထဲရှိ စက္ကူများကို ငုံ့ကြည့်လိုက်ပြီး ကမန်းကတန်း ပြန်ဖြေလိုက်သည်။ "ဒါက အဒေါ်ကြီးလီက ကျွန်မကို ပြင်ဆင်ခိုင်းထားတဲ့ စိုက်ပျိုးရေးဌာနရဲ့ စာရွက်စာတမ်းတွေပါ... အဲ့ဒီအထဲမှာ ဒီနှစ် စိုက်ခင်းတွေနဲ့ မိန်တောင်ရဲ့ စိုက်ပျိုးရေး ထွက်ကုန်တွေ ပါတယ်... အစည်းအဝေး လုပ်တဲ့အချိန် သုံးရမယ်လို့ ပြောတယ်"

ဆုန့်ဝမ်ကလည်း ဝင်ပြောလိုက်သည်။ "အစ်ကိုလင်း... သူက ကျွန်မတို့ စိုက်ခင်းက ရှောင်မင်လေ... သူက အေဒါ်ကြီးလီရဲ့ လက်ထောက်ပေါ့"

လင်းယွမ်က ပြုံးလိုက်သည်။ "စိတ်မလှုပ်ရှားပါနဲ့... ဒီအပေါ်မှာ ဘာရေးထားလဲဆိုတာကို ငါက မေးတာ မဟုတ်ဘူး... ဒီစက္ကူတွေကို ဘယ်ကရလာတာလဲလို့ မေးတာ"

စကားပြောနေစဉ် သူက ရှောင်မင်၏ လက်ထဲမှ မီးခိုးရောင်သမ်းနေသော စက္ကူဖြူများကို လှမ်းယူလိုက်သည်။

ဤစက္ကူများက အနည်းငယ် ထူထဲပြီး ပုံမှန် အေဖိုး စက္ကူများထက် နှစ်ဆခန့် ထူသည်။ အလုံးစုံ ကိုင်တွယ်ကြည့်ရသည့် အထိအတွေ့ကလည်း အလွန် ကြမ်းတမ်းပြီး စက္ကူမျက်နှာပြင် အတွင်း၌ ပေါင်းပင်များကဲ့သို့ အမျှင်အဖတ်များကိုပင် မြင်တွေ့နိုင်သည်။

သို့သော် လင်းယွမ်၏ မျက်နှာပေါ်တွင် အံ့အားသင့် ဝမ်းသာမှုများ အပြည့်အလျှံ ပေါ်ထွက်လာပြီး မေးလိုက်သည်။ "ဒါက... ငါတို့ကိုယ်တိုင် ထုတ်ထားတဲ့ စက္ကူတွေလား"

လင်းယွမ်၏ အနီးရှိ တုံယန်က ချက်ချင်းပင် တခစ်ခစ် ရယ်မောလိုက်သည်။ "အစ်ကိုလင်း... ဒါက လင်းယွင်တောင်စောင်းဘက်က စက္ကူစက်ရုံကနေ ထုတ်ထားတာလေ"

"စက္ကူစက်ရုံ"

"အင်း... ပိုးစာပင်တောအုပ်ဘက်မှာ ရှိတာ... လီချင်းဟွာတို့ အဖွဲ့က လျှောက်လွှာတင်ပြီး လုပ်ထားတာလေ"

"အခု သူတို့ရဲ့ စက္ကူစက်ရုံ အရွယ်အစားက သိပ်မကြီးသေးဘူး... အဓိက ကုန်ကြမ်းတွေက မီးဝါးရွက်တွေရယ်... ပိုးစာရွက်တွေရယ်ပဲ... အခုဆိုရင် ဒီလို အရည်အသွေးမြင့် စာရင်းအင်းသုံး စက္ကူတွေတင်မကဘဲ တခြား အမျိုးအစား စက္ကူတွေကိုပါ ထုတ်လုပ်နေကြတာ... ဝယ်လိုအားတောင် မလောက်ငဘူး ဖြစ်နေတယ်"

လင်းယွမ်က အံ့အားသင့်သွားသည်။ လီချင်းဟွာက ဟင်းလင်းပြင် အစွမ်းပိုင်ရှင် တစ်ယောက် ဖြစ်ပါလျက်နှင့် အဘယ်ကြောင့် ထိုနေရာသို့ သွားပြီး စက်ရုံ ဆောက်လုပ်ရသနည်း။

"သူက ကင်းလှည့်အဖွဲ့မှာ တာဝန်ထမ်းဆောင်နေတာ မဟုတ်ဘူးလား"

တင်းယန်က ဝင်ပြောလိုက်သည်။ "သူ အလုပ်ထွက်လိုက်ပြီ"

"ဘာ"

လင်းယွမ်က အံ့အားသင့်သွားပြီး ဘာဖြစ်ခဲ့သည်ကို အမြန် မေးမြန်းလိုက်သည်။

တင်းယန်က ပြောလိုက်သည်။ "ကင်းလှည့်အဖွဲ့ထဲမှာ လုပ်စရာ သိပ်မရှိဘူးလို့ သူက ထင်နေတာလေ... ထိုက်ယန်တောင် အနီးတဝိုက်က မိစ္ဆာတွေ အားလုံးကိုလည်း ကျွန်မတို့ သုတ်သင်ရှင်းလင်းပြီးသလောက် ဖြစ်နေပြီ... တစ်ခုတည်းသော အန္တရာယ်ကတော့ တစ်လကို တစ်ကြိမ်လာတတ်တဲ့ ပင်လယ်ဒီရေပဲ"

"အခု ကျွန်မတို့ ထိုက်ယန်တောင်က လူတွေရဲ့ တိုက်ခိုက်ရေး စွမ်းရည်နဲ့ဆိုရင် ပင်လယ်ဒီရေကို ရင်ဆိုင်ဖို့တောင် အများကြီး ပိုလျှံနေပြီ"

"အဲ့ဒါကြောင့် သူက ကင်းလှည့်အဖွဲ့ ခေါင်းဆောင်ရာထူးကနေ သူ့သဘောနဲ့သူ နှုတ်ထွက်လိုက်ပြီး လင်းယွင်တောင်စောင်းဘက်မှာ စက္ကူစက်ရုံ သွားဖွင့်နေတာ"

"နောက်မှ ကျိုးချင်းမင်နဲ့ ဝမ်ကျဲကို ကျွန်မ မေးကြည့်တော့မှ သူ့အိမ်က အရင်တုန်းကလည်း စက္ကူစက်ရုံ ဖွင့်ထားမှန်း သိရတာ... စက္ကူက ထိုက်ယန်တောင်ရဲ့ အနာဂတ်အတွက် မရှိမဖြစ် အရာတစ်ခု ဖြစ်လာမယ်လို့ သူက ယူဆပြီး စက္ကူစက်ရုံ ဖွင့်ဖို့ ဆုံးဖြတ်လိုက်တာတဲ့"

"ဒါနဲ့... ဒီအစည်းအဝေးကို သူလည်း လာခဲ့တယ်... အခုဆို သူ့ရဲ့ ချင်းဟွာ စက္ကူစက်ရုံက ကျွန်မတို့ ထိုက်ယန်တောင်ရဲ့ အသေးစား စက်ရုံတွေထဲမှာ အရေးပါတဲ့ စက်ရုံတစ်ခု ဖြစ်နေပြီ"

လင်းယွမ်က အံ့အားသင့်သွားပြီး ခဏအကြာမှသာ ရယ်ရခက် ငိုရခက် ဖြစ်လာတော့သည်။

"ဟင်းလင်းပြင် အစွမ်းပိုင်ရှင် တစ်ယောက်က သူ့အစွမ်းကို သေချာ မရှာဖွေဘဲ စက်ရုံသွားဖွင့်နေတယ်ပေါ့"

တင်းယန်က ပြုံးလိုက်သည်။ "ကျွန်မကတော့ ကောင်းတယ်လို့ ထင်တာပဲ... သူ့မှာ ဒီလို စက်ရုံဖွင့်နိုင်တဲ့ စွမ်းရည်ရှိနေမှတော့ ဘာလို့ အလဟဿ အဖြစ်ခံမှာလဲ"

"ပြီးတော့ စက်ရုံဖွင့်ပြီးသွားရင် အစွမ်းကို ဆက်မလေ့ကျင့်နိုင်တော့တာမှ မဟုတ်တာ"

"စက်ရုံဖွင့်လိုက်လို့သာ သူက စီးပွားရေးအရ လွတ်လပ်သွားပြီး သူ့ရဲ့ အစွမ်းတွေကို လေ့လာဖို့ အားအင်တွေ ပိုရှိလာတာလေ"

"ဒါဟာ ကျွန်မတို့ ထိုက်ယန်တောင်က ကဏ္ဍပေါင်းစုံမှာ လုံလောက်တဲ့ တက်ကြွမှုတွေ ရှိနေတယ်ဆိုတာကို သက်သေပြနေတာပဲ"

"နောက်တစ်ချက်က ကျွန်မတို့ ထိုက်ယန်တောင်က တကယ်ကို စက္ကူ အမြောက်အမြား လိုအပ်တယ်လေ... မဟုတ်ရင် အိမ်သာတက်ဖို့တောင် သုံးစရာ စက္ကူ မရှိတော့ဘူး"

လင်းယွမ်က ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။ စက္ကူက တကယ်ပင် ဘဝအတွက် မရှိမဖြစ် လိုအပ်သော အရာတစ်ခုပင် ဖြစ်သည်။

"ဒါပေမဲ့ နည်းနည်း နှမြောစရာကောင်းတာက သူတို့က ဒီလို ကြမ်းတမ်းတဲ့ စက္ကူတွေကိုပဲ ထုတ်နိုင်သေးတာ... ပိုပြီး နူးညံ့တဲ့ အိမ်သာသုံး စက္ကူတွေနဲ့ တစ်သျှူးစက္ကူတွေကိုတော့ မထုတ်နိုင်သေးဘူး" ဆုန့်ဝမ်က နှမြောတသစွာ ပြောလိုက်သည်။

လင်းယွမ်က မေးလိုက်သည်။ "ဘာလို့ မထုတ်နိုင်တာလဲ"

"နည်းပညာက မပြည့်စုံသေးသလို စက်ယန္တရားတွေလည်း မရှိသေးလို့ပေါ့" ဆုန့်ဝမ်က အကူအညီမဲ့စွာ ပြောလိုက်သည်။

လင်းယွမ်က တွေးတောလိုက်သည်။ သူ၏ စနစ်က ဤအိမ်သာသုံး စက္ကူများနှင့် အမျိုးသမီးသုံး လစဉ်သုံးပစ္စည်းများကိုပင် မဲနှိုက်ယူနိုင်သေးသောကြောင့် ထိုအရာအတွက်မူ ပူပန်စရာ မလိုပေ။

သို့သော် လီချင်းဟွာတို့၏ ဤစက္ကူစက်ရုံမှ ထုတ်လုပ်လိုက်သော စက္ကူများမှာ စာရေးရန်နှင့် မှတ်တမ်းတင်ရန် ကိစ္စများအတွက်မူ ပြဿနာ မရှိလှပေ။

လမ်းတစ်လျှောက် ဝင်လာခဲ့ရာတွင် အသစ်ပေါ်ပေါက်လာသော အရာများစွာကို လင်းယွမ် တွေ့မြင်ခဲ့ရသည်။

စက္ကူများသာမကဘဲ ကိုယ်တိုင်လုပ်ထားသော ပဲငံပြာရည်နှင့် ပဲပြားကဲ့သို့သော စားသောက်ကုန်များကို ရောင်းချနေသူများပင် ရှိနေသေးသည်။

လင်းယွမ်က မေးမြန်းကြည့်လိုက်ရာမှ ဤအရာများ အားလုံးက မိန်တောင်ဘက်မှ သန္ဓေပြောင်း ပဲပိစပ်များ ရိတ်သိမ်းပြီးနောက် ပေါ်ထွက်လာခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။

မည်သို့ပင်ဆိုစေကာမူ ထိုက်ယန်တောင်၏ ဖွံ့ဖြိုးတိုးတက်မှုက အလွန် လျင်မြန်လှသည်။ လင်းယွမ် အနေဖြင့် ရက်အနည်းငယ်မျှသာ ထွက်ခွာသွားခဲ့သော်လည်း အရာခပ်သိမ်းက ပြန်လည် ရှင်သန်နိုးကြားလာသည့် ခံစားချက်မျိုးကို ခံစားလိုက်ရသည့်အထိ လျင်မြန်လွန်းနေသည်။

လူတိုင်း၏ မျက်နှာပေါ်တွင် အပြုံးများ ပြည့်လျှံနေကြသည်။

ထိုအရာက ဘဝအတွက် မျှော်လင့်ချက်များ အပြည့်အဝ ရှိနေသော အပြုံးများပင် ဖြစ်ပေသည်။

ဆက်ရန်...

အပိုင်း(၄၄၄) ကျောက်ခိုင်နှင့် ဦးလေးမာတို့၏ ရလဒ်များ

လမ်းတစ်လျှောက် လျှောက်လာပြီးနောက် ခေါင်းဆောင်စံအိမ်သို့ ရောက်ရှိလာခဲ့သည်။

ဤခေါင်းဆောင်စံအိမ်ဆိုသည်မှာ သုံးထပ်ရှိသော သစ်သားအိမ်ကြီး တစ်လုံး ဖြစ်သည်။

ပထမထပ်က အလွန် ကျယ်ဝန်းပြီး အိမ်အပြင်အဆင်ကို ရိုးရှင်းမှုအပေါ် အဓိကထားကာ ပတ်ပတ်လည်နှင့် အဓိက လျှောက်လမ်းပေါ်တွင် သန္ဓေပြောင်း နေကြာပန်းများကို စိုက်ပျိုးထားသည်။

ထိုသန္ဓေပြောင်း နေကြာပန်းများက အခန်းတစ်ခန်းလုံးကို နွေဦးရာသီကဲ့သို့ နွေးထွေးသွားစေပြီး နေရောင်ခြည်များကဲ့သို့ တောက်ပနေစေသည်။

အပြင်ဘက်ရှိ သည်းထန်စွာ ရွာသွန်းနေသော မိုးနှင့် ယှဉ်လိုက်ပါက ဤနေရာက ကမ္ဘာနှစ်ခုလိုပင် ကွာခြားနေသည်။

ယခုအချိန်တွင် ပထမထပ်ကို အစည်းအဝေးခန်းမအဖြစ် ပြင်ဆင်ထားပြီး ခုံတန်းများကို သေသပ်စွာ စီစဉ်ထားကာ လူအများအပြားက ကြိုတင် အကြောင်းကြားစာ ရရှိထားသဖြင့် ရောက်ရှိနေကြပြီ ဖြစ်သည်။

လူတိုင်းက အချင်းချင်း နှုတ်ဆက်ကြပြီး လင်းယွမ်က ဤအစည်းအဝေးတွင် မည်သည့်အကြောင်းအရာများကို ဆွေးနွေးမည်ကို ခန့်မှန်းပြောဆိုနေကြသည်။

ကျောက်ခိုင်၊ လျှိုဖိန်ဖိန်၊ ဦးလေးမာ၊ ချိုင်ကြည်တို့က တစ်စုတစ်ဝေးတည်း ရှိနေကြသည်။ အရင်က ချိုင်ကြည်က အဓိက အဖွဲ့ဝင် တစ်ဦးဟု ဆိုနိုင်သော်လည်း အချိန်တွေ ကုန်လွန်လာသည်နှင့်အမျှ ယခုအခါတွင် အဓိက အဖွဲ့ဝင်မှာ ကျောက်ခိုင် ဖြစ်လာခဲ့သည်။

လီယွဲ့ကျင်းဘက်တွင်မူ ချန်ကျန့်ဖုန်း၊ ယွဲ့ယာဝေ အစရှိသော သိုင်းဘုရင်ဂေဟာမှ မိတ်ဆွေဟောင်းများ စုဝေးနေကြသည်။

ထူလုံဘက်တွင်လည်း နောက်လိုက် အတော်များများ ရှိနေပြီး ကျိဖုန်း၊ ဝမ်ရှောင်၊ ဟန်ပန်းတို့ အပြင် အသစ်ရောက်လာသော ဝမ်ရှောင်ယာနှင့် လူငယ်အဖွဲ့မှ ကျုံးဆန်း၊ ချန်ယန်း၊ နိချီတို့ အားလုံးက သူ့ကို ဗဟိုပြုကာ စကားပြောနေကြသည်။

မိန်တောင်ဘက်တွင်မူ လူအများအပြားက လီရှန်ယန်တို့နှင့် စုဝေးကာ တက်ကြွစွာ စကားပြောနေကြသည်။

ဟန်ရှန်းမန်၏ ဘေးတွင်လည်း လော်ဟုန်မြန်၊ မုန့်ယိုယိုတို့က အတူရှိနေကြသည်။

ထိုက်ယန်တောင်က အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ လူဦးရေကလည်း ပိုမို များပြားလာပြီး မူလက မိသားစုကြီး တစ်ခုအဖြစ် ပေါင်းစည်းထားသော လူများကလည်း သဘာဝကျစွာပင် မိမိတို့၏ ကိုယ်ပိုင်အုပ်စုများကို ပြန်လည် ရှာဖွေတွေ့ရှိသွားကြသည်။

သေချာပေါက်ပင်... ဤသည်မှာ အုပ်စုဖွဲ့ရန် မဟုတ်ဘဲ လူသားတို့၏ ပင်ကိုယ်သဘာဝကြောင့်သာ ဖြစ်သည်။

မည်သည့်နေရာတွင်မဆို အုပ်စုငယ်များက အမြဲတမ်း ရှိနေတတ်စမြဲပင်။

လင်းယွမ်က ဤအချက်ကို နားလည်ထားသဖြင့် တားဆီးရန် မကြိုးစားခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ဤသည်ကို တားဆီး၍ မရနိုင်သောကြောင့် ဖြစ်သည်။ လက်အောက်ငယ်သားများကို မိတ်ဆွေ ဖွဲ့ခွင့်ပင် မပေးဘဲ နေ၍ မရနိုင်ပေ။

ထိုက်ယန်တောင်ရှိ လူဦးရေက ပိုမို များပြားလာပြီး လူတစ်ဦးချင်းစီ၏ ဆက်ဆံရေး ကွန်ရက်များကလည်း ပိုမို ရှုပ်ထွေးလာသည်။

လင်းယွမ် လုပ်ဆောင်ရမည့် အရာမှာ အဓိက လမ်းကြောင်းကြီးကို ထိန်းချုပ်ရန်သာ ဖြစ်ပြီး အောက်ခြေရှိ ကိစ္စရပ်များအတွက် အသေးစိတ် လိုက်လံ မေးမြန်းနေရန် မဖြစ်နိုင်ပေ။

သူက ဤအုပ်စုငယ်လေးများ၏ ခေါင်းဆောင်များက သူ၏အပေါ် သစ္စာရှိစေရန် သေချာစေရန်သာ လိုအပ်သည်။

လင်းယွမ် ရောက်လာသည်နှင့် တစ်ပြိုင်နက် ထိုင်နေသူများက အလျင်အမြန် မတ်တတ်ရပ်ကာ ကိုယ်တိုင်ကိုယ်ကျ နှုတ်ဆက်ကြသည်။

"ဆရာလင်းယွမ် ရောက်လာပြီပဲ"

"မင်္ဂလာပါ ဆရာလင်းယွမ်"

"ဆရာလင်းယွမ်... ထမင်းစားပြီးပြီလား"

......

လင်းယွမ်က ပြုံးပြရင်း တစ်ယောက်ချင်းစီကို ခေါင်းညိတ်ပြလိုက်ပြီး တစ်ခါတစ်ရံ စကားအနည်းငယ် ပြန်လည် ပြောဆိုလိုက်သဖြင့် တစ်ခန်းလုံး၏ လေထုက အလွန် သဟဇာတ ဖြစ်နေသည်။

အဓိက ထိုင်ခုံနေရာသို့ ရောက်သောအခါ လင်းယွမ်က အောက်ဘက်ရှိ လူအုပ်ကြီးကို တစ်ချက် ကြည့်လိုက်ပြီး သက်ပြင်းချလိုက်မိသည်။

တစ်ချိန်က သူက တင်းယန်၊ ကျောက်ခိုင်၊ ဦးလေးမာ အစရှိသော လူအနည်းငယ်ကိုသာ ဦးဆောင်ခဲ့သော်လည်း ယခုအခါ သူ၏ အဖွဲ့က ဤအခန်းထဲတွင် အပြည့်အလျှံ ထိုင်နိုင်သည်အထိ ကြီးထွားလာခဲ့ပြီ ဖြစ်သည်။

ထို့အပြင် ဤအစည်းအဝေးသို့ ဌာနအသီးသီးမှ ကြီးကြပ်သူ အဆင့်အတန်းရှိသူများသာ လာရောက်ကြခြင်း ဖြစ်ပြီး သာမန် ကင်းလှည့်အဖွဲ့ ခေါင်းဆောင်များမှာမူ အစည်းအဝေးသို့ တက်ရောက်ခွင့် မရှိပေ။

လူပေါင်း ဆယ်ဂဏန်းကျော် ရှိနေသော အစည်းအဝေးခန်းမက အနည်းငယ် ကျပ်ညပ်နေသယောင် ရှိသည်။

လင်းယွမ်က ပြုံးကာ ပြောလိုက်သည် "ပြီးခဲ့တဲ့ အခေါက် အစည်းအဝေး ခေါ်တုန်းက ဖီးနစ်သင်္ဘော တရားဝင် ခရီးထွက်တဲ့ အချိန်ကပဲ... မျက်စိတစ်မှိတ်အတွင်း ဘယ်လောက်မှ မကြာသေးဘူး... ကျွန်တော်တို့ ထပ်ပြီး အစည်းအဝေး ခေါ်ရပြန်ပြီ"

လူတိုင်းကလည်း ရယ်မောလိုက်ကြသည်။

လင်းယွမ်က ပြုံးရင်း ဆက်ပြောလိုက်သည် "တကယ်တော့ ကျွန်တော်က အစည်းအဝေး လုပ်ရတာကို သိပ်မကြိုက်ဘူး... ရေကြီးမှုကြီး မဖြစ်ခင်က ကျွန်တော်လည်း ကုမ္ပဏီဝန်ထမ်းလေး တစ်ယောက်ပဲ... အထက်လူကြီးတွေ အပေါ်ကနေ ထိုင်ပြီး အဓိပ္ပာယ်မရှိတာတွေ အရှည်ကြီး ပြောနေတာကို အမုန်းဆုံးပဲ... အနှစ်သာရရှိတဲ့ စကား တစ်ခွန်းမှ မပါဘဲ အစအဆုံး အလကား စကားတွေချည်းပဲ"

"ဒါကြောင့် နောက်ပိုင်း ကျွန်တော်တို့ အစည်းအဝေး လုပ်တဲ့အခါ စည်းမျဉ်းတစ်ခုပဲ ထားမယ်... ပြောစရာရှိတာကို တည့်ပြောမယ်... အားလုံးရဲ့ အချိန်ကို အလဟဿ မဖြုန်းတီးကြနဲ့"

"ဟားဟားဟား"

လူတိုင်းက ချက်ချင်းပင် ထပ်မံ ရယ်မောလိုက်ကြပြီး အချို့က လက်ခုပ်တီးကာ အားပေးကြသည်။

လင်းယွမ်က လက်ကို မြှောက်ကာ အခြေအနေကို အနည်းငယ် ထိန်းချုပ်လိုက်ပြီး ပြုံးရင်း ပြောလိုက်သည်။ "အဲဒီတော့ စကားကို တိုတိုပဲ ပြောကြရအောင်... ထုံးစံအတိုင်းပဲ... ဈေးဝယ်စင်တာဘက်က အရင်ဆုံး လတ်တလော အခြေအနေတွေကို ပြောပြပါ"

ရန်မေက ပြုံးရင်း ပြောလိုက်သည်။ "ဈေးဝယ်စင်တာဘက်မှာတော့ ကြီးကြီးမားမား အပြောင်းအလဲ မရှိပါဘူး... အဓိကကတော့ လတ်တလော ပစ္စည်း သုံးစွဲမှု အခြေအနေတွေနဲ့ တစ်ကိုယ်ရေ စက်ရုံတွေကနေ ထုတ်လုပ်တဲ့ ကုန်ချောတွေရဲ့ ကိုယ်စားလှယ် ရောင်းချမှု ဝင်ငွေ စာရင်းတွေပါပဲ"

သူမက မကြာသေးမီ ရက်များအတွင်း မည်သည့်စက်ရုံများကို ဖွင့်လှစ်ခဲ့ကြောင်း ရှင်းပြခဲ့ပြီး လီချင်းဟွာ၏ စက္ကူစက်ရုံက အလားအလာ ကောင်းမွန်ကြောင်း အထူးပြု ပြောကြားခဲ့ကာ လူတိုင်းကို စက်ရုံများ တည်ထောင်ရန်နှင့် ထိုက်ယန်တောင်၏ စီးပွားရေးကို မြှင့်တင်ရန် တိုက်တွန်းသည့် မူဝါဒများကိုလည်း ပြောကြားခဲ့သည်။

ယခုအခါ စက်ရုံများမှ ထုတ်လုပ်သော ကုန်ပစ္စည်းများ အားလုံးသည် ဈေးဝယ်စင်တာဘက်ရှိ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဌာနသို့ သွားရောက်ကာ ခွင့်ပြုချက် ရယူရမည် ဖြစ်ပြီး ထုတ်လုပ်လိုက်သော ကုန်ပစ္စည်းများကို သတ်မှတ်ထားသော ကိုယ်စားလှယ် ရောင်းချသည့် နေရာများသို့ စုစည်း၍ ရောင်းချရမည် ဖြစ်သည်။

ထိုက်ယန်တောင်ဘက်ရှိ ကိုယ်စားလှယ် ရောင်းချသည့် နေရာမှာ ဈေးဝယ်စင်တာ၏ ဈေးဝယ်စင်တာပင် ဖြစ်သည်။

အခြားသော နေရာ အနည်းငယ်တွင်လည်း ဘဏ်ခွဲများကို ဖွင့်လှစ်ထားပြီး သီးသန့် တစ်ကိုယ်ရေ ကိုယ်စားလှယ် ရောင်းချသူများလည်း ရှိသည်။

သေချာပေါက်ပင်... ဤကိုယ်စားလှယ် ရောင်းချသူများအနေဖြင့် အာမခံကြေးနှင့် အခြားသော အရာများကို ပေးဆောင်ရမည် ဖြစ်သည်။

ဥပမာအားဖြင့် ကျွမ်းရှုယွမ်၏ အဖွဲ့ငယ်လေးတွင် ပိုင်ကျစ်လဲ့က သတ္တုတွင်းနယ်မြေနှင့် ဆိပ်ကမ်းတို့၌ ကိုယ်စားလှယ် ရောင်းချခွင့်ကို လျှောက်ထားခဲ့ပြီး ယခုအခါ ကောပိုင်ကျွမ်းက အာဟာရဖြည့်ရည်များကို သီးသန့် ရောင်းချခြင်း မဟုတ်တော့ဘဲ စူပါမားကတ်ငယ်လေး တစ်ခုကိုပင် ဖွင့်လှစ်ထားပြီ ဖြစ်သည်။

သေချာပေါက်ပင်... ဤစူပါမားကတ်ငယ်လေးက ဈေးဝယ်စင်တာ၏ အခွန်အခ ဌာနသို့ အခွန်ပေးဆောင်ရမည် ဖြစ်သည်။

ယခုအခါ ထိုက်ယန်တောင်၏ ကူးသန်းရောင်းဝယ်ရေး ဈေးဝယ်စင်တာ တစ်ခုလုံးက အုပ်ချုပ်ရေးယန္တရားများကိုပါ ပေါင်းစပ်ထားသော ကြီးမားသည့် အဖွဲ့အစည်း တစ်ခုအဖြစ် တိတ်တဆိတ် ပြောင်းလဲလာခဲ့ပြီ ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် ဤအဖွဲ့အစည်းများကို နေရောင်ခြည်ခန်းဘက်တွင် သီးခြား တည်ဆောက်ထားပြီး ဌာနတစ်ခုစီတွင် ကိုယ်ပိုင် ကြီးကြပ်သူများ ရှိကြသည်။

ရန်မေက အတွင်းရေးမှူးချုပ်နှင့် ခပ်ဆင်ဆင် တူပြီး လင်းယွမ်ကို ဤအသေးအဖွဲ ကိစ္စရပ်များ ဖြေရှင်းရာတွင် ကူညီပေးနေသည်။

လင်းယွမ်က ထိုက်ယန်တောင်၏ ယခု အပြောင်းအလဲများကို နားထောင်ရင်း ခေါင်းကို အသာအယာ ညိတ်လိုက်မိသည်။

တစ်ချိန်တည်းမှာပင် ရန်မေ၏ ဖိအားကိုလည်း သူ ခံစားလိုက်ရသည်။

ဤမျှများပြားလှသော ကိစ္စရပ်များကို သာမန်လူ တစ်ယောက်အနေဖြင့် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

ရေကြီးမှုကြီး မဖြစ်ပွားမီက ရန်မေက သာမန် အိမ်ရှင်မ တစ်ဦးသာ ဖြစ်ပြီး စာရင်းကိုင် အလုပ်ကို အနည်းငယ် တတ်ကျွမ်းသူသာ ဖြစ်သည်။

ယခု သူမကို ဤမျှ ကြီးမားလှသော ကိစ္စရပ်များကို တာဝန်ယူခိုင်းထားခြင်းက တကယ်ကို ခက်ခဲလှသည်။

ကံကောင်းထောက်မစွာဖြင့် ရန်မေက သူမ၏ စွမ်းအင်များကို အစွမ်းများ လေ့ကျင့်ရာတွင် အသုံးမပြုခဲ့သော်လည်း စီမံခန့်ခွဲမှုပိုင်းတွင်မူ ပါရမီ အနည်းငယ် ရှိနေပေသည်။

အနည်းဆုံးတော့ ယခုအချိန်အထိ ထိုက်ယန်တောင်ဘက်ရှိ အရာအားလုံးကို သူမက စနစ်တကျ စီမံခန့်ခွဲထားနိုင်ခဲ့သည်။

ရန်မေက နာရီဝက်နီးပါးခန့် ပြောဆိုပြီးမှသာ လတ်တလော ထိုက်ယန်တောင်၏ အရေးကြီး ကိစ္စရပ်များကို အလုံးစုံ ပြောပြနိုင်ခဲ့သည်။

ထို့နောက်တွင် အခြားသူများက ဆက်တိုက်ဆိုသလို အစီရင်ခံစာများ တင်ပြကြသည်။

"မိန်တောင်ဘက်က စစ်စခန်းကို တည်ဆောက်လို့ ပြီးသွားပါပြီ... ယွင်ချွမ်ဘုရားကျောင်းကို ဗဟိုပြုပြီး စစ်တပ်ပုံစံ စီမံခန့်ခွဲရေး စခန်းတစ်ခုကို တည်ဆောက်ထားပါတယ်... အခုဆိုရင် လူဦးရေ တစ်ထောင်ကျော်သွားပါပြီ"

"ပြီးတော့ ကျွန်တော်တို့က နောက်လမှာ လူပျိုလူလွတ်တွေအတွက် တွေ့ဆုံပွဲ တစ်ခုကို ကျင်းပပြီး သူတို့ရဲ့ အိမ်ထောင်ရေး ပြဿနာတွေကို ဖြေရှင်းပေးဖို့ စီစဉ်ထားပါတယ်"

"သူတို့ကို ထိုက်ယန်တောင်မှာ မြန်မြန် အခြေချ နေထိုင်ခွင့်ပေးပြီး ထိုက်ယန်တောင်အပေါ်မှာ အိမ် ဆိုတဲ့ စိတ်ခံစားချက် သံယောဇဉ်တွေ ဖြစ်ပေါ်လာအောင် လုပ်ပေးချင်လို့ပါ"

"ဒီလိုလုပ်လိုက်ရင် သူတို့ကို ထိုက်ယန်တောင်နဲ့ အပြည့်အဝ ပေါင်းစည်းသွားစေပြီး ကျွန်တော်တို့ ထိုက်ယန်တောင်ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်လာစေနိုင်ပါတယ်"

......

ကျောက်ခိုင်က မိန်တောင်တွင် အဓိက လုပ်ဆောင်ရသော အရာမှာ မျက်နှာသစ်များကို စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ပေးရန် ဖြစ်သည်။

လီချင်းဟွာတို့ အဖွဲ့ ထွက်လာပြီးနောက်တွင် ထိုက်ယန်တောင်ဟူသော အုပ်စုကြီးထဲသို့ တရားဝင် ပေါင်းစည်းသွားခဲ့ပြီ ဖြစ်သည်။

လီချင်းဟွာဆိုလျှင် စက်ရုံတစ်ရုံကိုပင် စတင် ဖွင့်လှစ်နေပြီ ဖြစ်သည်။

ထို့နောက် လင်းယွမ်က ယန်ကွမ်းမြို့သစ်နှင့် ခန်ကျားဥယျာဉ် အစရှိသော နေရာများမှ ပြန်လည် ခေါ်ဆောင်လာသည့် လူအုပ်ကြီးထဲတွင် အမျိုးသမီးများနှင့် ကလေးငယ်များ အများအပြား ပါဝင်သည်။

ထိုလူများကိုလည်း စစ်စခန်းသို့ ပို့ဆောင်ကာ ကာလတို ပညာပေး သင်တန်းများ ပေးခဲ့သည်။

ဤလုပ်ငန်းစဉ်အတွင်း ကျောက်ခိုင်က တစ်ချိန်က ရပ်ကွက်ရုံးမှ ဝါရင့်ဝန်ထမ်းဖြစ်သူ အဒေါ်ကြီးလီကို ဖိတ်ခေါ်ကာ ထိုအမျိုးသမီးများကို စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်များ ပေးရန် အကူအညီ တောင်းခဲ့ပြီး ထိုက်ယန်တောင်တွင် အိမ်ထောင်ဖက်ကို စောစီးစွာ ရွေးချယ်နိုင်ရန်နှင့် တည်ငြိမ်စွာ နေထိုင်နိုင်ရန် အကောင်းဆုံး လုပ်ဆောင်ပေးခဲ့သည်။

အဒေါ်ကြီးလီက ရပ်ကွက်ရုံး၏ ဝါရင့်ဝန်ထမ်း တစ်ဦး ဖြစ်သဖြင့် ဤကဲ့သို့သော အလုပ်မျိုးကို လုပ်ဆောင်ရာတွင် အလွန် ကျွမ်းကျင်လှသည်။

မကြာမီမှာပင် ဌာနအသီးသီးသို့ ဆက်သွယ်ကာ ဤကိစ္စကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သည်။

လက်ရှိတွင် ဤကိစ္စကို နောက်လအစတွင် ပြုလုပ်ရန် သတ်မှတ်ထားသည်။

လင်းယွမ်က နားထောင်ပြီးနောက် ရယ်မောလိုက်မိသည်။

"ဒီအကြံအစည်က တော်တော်လေး ကောင်းတာပဲ... လူတွေရဲ့ စိတ်ဓာတ် တည်ငြိမ်မှ ထိုက်ယန်တောင်က လျင်လျင်မြန်မြန် ဖွံ့ဖြိုးတိုးတက်လာနိုင်မှာ"

"ဒီတွေ့ဆုံပွဲကို ကျင်းပရင် နေရောင်ခြည်ဇုန်ဘက်မှာပဲ လုပ်လိုက်ကြ... အမမေ... အချိန်ကျရင် အမက ဌာနအသီးသီးနဲ့ တိုင်ပင်ပြီး နေရောင်ခြည်ဇုန်ကို နေရာ ဖယ်ထားပေးလိုက်"

"ဒါပေမဲ့ စည်းမျဉ်းတစ်ခုတော့ ရှိတယ်... ကျောက်ခိုင်... အရာအားလုံးက ကိုယ်ပိုင် ဆန္ဒအပေါ်မှာပဲ အခြေခံရမယ်... ဘယ်သူ့ကိုမှ အတင်းအကျပ် ပါဝင်ခိုင်းလို့ မရဘူး... နားလည်လား"

ကျောက်ခိုင်၏ မျက်နှာအမူအရာက လေးနက်သွားပြီးနောက် ပြန်ဖြေလိုက်သည် "ကျွန်တော် နားလည်ပါပြီ"

လင်းယွမ် ဘာကို စိုးရိမ်နေသလဲ ဆိုသည်ကို သူ ကောင်းကောင်း နားလည်သည်။ ထိုအမျိုးသမီး အများစုမှာ သာမန်လူများသာ ဖြစ်ပြီး ခုခံနိုင်စွမ်း သိပ်မရှိကြပေ။

လင်းယွမ်က ထိုအမျိုးသမီးများကို အတင်းအကျပ် ဖိအားပေးခံရသဖြင့် ဤတွေ့ဆုံပွဲသို့ လာရောက်ရမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။

သို့သော် လက်တွေ့တွင်မူ ကျောက်ခိုင်က ဤအမျိုးသမီးများ၏ အခြေအနေကို ကောင်းကောင်း သိထားသည်။

ယခုအခါ ဤအမျိုးသမီးများက သာမန်လူများသာ ဖြစ်ပြီး အမှတ်များ ရှာဖွေနိုင်စွမ်း သိပ်မရှိကြပေ။

ဤသည်က ကမ္ဘာပျက်ကပ် မတိုင်မီ အချိန် မဟုတ်တော့ပေ။ အမျိုးသမီးများက ကောင်းကင်တစ်ဝက်ကို ထမ်းထားနိုင်သည့် ခေတ်က ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။

ရေကြီးမှုခေတ်တွင် တစ်ကိုယ်ရေ စွမ်းအားများက အကန့်အသတ်မရှိ ကြီးမားလာခဲ့သည်။

အမျိုးသမီးများက ဤဘက်တွင် မွေးရာပါ အားနည်းချက်များ ရှိနေပြီး ဤသည်မှာ တတ်နိုင်သည့် ကိစ္စ မဟုတ်ပေ။

အထူးသဖြင့် ဤအမျိုးသမီးများက အခြေခံအားဖြင့် ကမ္ဘာပျက်ကပ် ဘေးအန္တရာယ်၏ ဖျက်ဆီးမှုကို အလူးအလဲ ခံစားခဲ့ရသူများ ဖြစ်သည်။

ယခုအချိန်တွင် ယုံကြည်ရသော အမျိုးသား တစ်ဦး၏ ကာကွယ်စောင့်ရှောက်မှုကို ရှာဖွေတွေ့ရှိနိုင်ခြင်းက သူတို့အတွက် တကယ်ကို ဆန္ဒရှိလှသည်။

အနည်းဆုံးတော့ ကျောက်ခိုင်က အဒေါ်ကြီးလီထံမှ ရရှိထားသော သတင်းအရ အမျိုးသမီး အများစုက ဤတွေ့ဆုံပွဲကို ပါဝင်ချင်နေကြသည်။

ဤသည်ကပင် သူတို့၏ စိတ်ထဲရှိ အတွေးများကို ဖော်ပြရန် လုံလောက်နေပြီ ဖြစ်သည်။

ယခုခေတ်တွင် အမျိုးသမီးများက အမျိုးသားများ၏ ကာကွယ်စောင့်ရှောက်မှု မရှိပါက ရှင်သန်ရန် တကယ်ကို ခက်ခဲလှသည်။

သူတို့ကိုယ်တိုင်က စွမ်းအားကြီးမားသော အစွမ်းပိုင်ရှင်များ ဖြစ်နေမှသာလျှင် ချွင်းချက် ဖြစ်သည်။

ထိုသို့ဆိုလျှင်တော့ သဘာဝကျကျပင် ဂရုစိုက်စရာ မလိုပေ။

ထိုအချိန်တွင် အဒေါ်ကြီးလီက ရုတ်တရက် စကားစလိုက်သည် "ပြဿနာ တစ်ခုတော့ ရှိတယ်... အခု အဒေါ်တို့ ထိုက်ယန်တောင်ဘက်မှာ ယောကျ်ားနဲ့ မိန်းမ လူဦးရေ အချိုးအစားက သိပ်မညီမျှဘူး... ယောကျ်ားက များပြီး မိန်းမက နည်းနေတယ်"

ကျောက်ခိုင်က ခဏတာ စဉ်းစားလိုက်ပြီးနောက် မေးလိုက်သည် "ဒါဆိုရင် ယောကျ်ားလေးတွေ ပါဝင်နိုင်မယ့် အချက်တွေကို ကန့်သတ်လိုက်ရင်ရော"

အဒေါ်ကြီးလီက ပြောလိုက်သည် "ကောင်းမယ် ထင်တယ်... ဘာပဲဖြစ်ဖြစ် ပိုင်ဆိုင်မှု အနည်းအကျဉ်း ဒါမှမဟုတ် အမှတ်ရှာနိုင်စွမ်းလေးတော့ ရှိရမယ် မဟုတ်လား"

"မဟုတ်ရင် ဒီသနားစရာ ကလေးမလေးတွေကို အဒေါ်က ဘယ်လိုလုပ်ပြီး ရှင်းပြရမလဲ"

ကျောက်ခိုင်ကလည်း လင်းယွမ်ကို မေးခွန်းထုတ်လိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။

လင်းယွမ်က ခဏတာ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည် "အဒေါ်ကြီးလီ စဉ်းစားတာကလည်း ယုတ္တိရှိပါတယ်... အမှတ်ရှာနိုင်စွမ်း မရှိတဲ့သူတွေက တွေ့ဆုံပွဲမှာ အောင်မြင်သွားရင်တောင် တစ်ဖက်လူကို ကျွေးမွေးဖို့ ခက်ခဲလိမ့်မယ်"

"ဒီလိုလုပ်ကြရအောင်... အချိန်ကျရင် ယောကျ်ားလေးတွေရဲ့ တစ်ကိုယ်ရေ ပိုင်ဆိုင်မှုတွေနဲ့ ကန့်သတ်လိုက်... ဒါမှမဟုတ် အမှတ်ရှာနိုင်စွမ်း အတိုင်းအတာ တစ်ခု ရှိရမယ်လို့ သတ်မှတ်လိုက်"

"နားလည်ပါပြီ အစ်ကိုလင်း"

ကမ္ဘာပျက်ကပ်သို့ ရောက်နေသည့်တိုင်အောင် အရည်အချင်းမရှိသော အမျိုးသားများက မိန်းမ ရနိုင်ဦးမည် မဟုတ်ပေ။

လင်းယွမ်က အရည်အချင်း မရှိသော အမျိုးသားများကို အထင်သေးနေခြင်း မဟုတ်ဘဲ ကမ္ဘာကြီးက ဤသို့ပင် လည်ပတ်နေခြင်း ဖြစ်သည်။

ခွန်အားကြီးသူများက အမြဲတမ်း အိမ်ထောင်ဖက် ရွေးချယ်ခွင့် အခွင့်အရေးကို ဦးစားပေး ရရှိကြစမြဲပင်။

ကမ္ဘာပျက်ကပ် မတိုင်မီကနှင့် ယှဉ်လိုက်ပါက အနည်းဆုံးတော့ ယခုအချိန်တွင် လူတိုင်းက တူညီသော စတင်ရာမျဉ်းပေါ်တွင် ရှိနေကြသည်။

ကြိုးစားချင်စိတ် ရှိပြီး အသက်စွန့်ရဲပါက အခွင့်အရေး ရရှိနိုင်သေးသည်။

လင်းယွမ်က အစွမ်းပိုင်ရှင်များကိုသာ တွေ့ဆုံပွဲသို့ တက်ရောက်ခွင့်ပြုရန် ကန့်သတ်မထားပေ။

သာမန်လူများထဲတွင်လည်း အသက်စွန့်ကာ ကြိုးစားနေသူများ ရှိကြသည်။ ဥပမာအားဖြင့် ဟူဝေမင်တို့လိုလူမျိုး ဖြစ်သည်။ သူတို့ မိသားစုထဲတွင် မည်သူမှ အစွမ်းများ နိုးထလာခြင်း မရှိသော်လည်း အမှတ်များကို ရှာဖွေနိုင်ပြီး မိသားစု တစ်စုလုံးကို ကျွေးမွေးနိုင်ကြသည်။

ဤသည်က လင်းယွမ်က အဘယ်ကြောင့် အစွမ်းများကို မကန့်သတ်ဘဲ ပိုင်ဆိုင်မှုများကို ကန့်သတ်ရသည့် အကြောင်းရင်းပင် ဖြစ်သည်။

အရည်အချင်းရှိသော အမျိုးသား တစ်ဦးက အစွမ်းမရှိသည့်တိုင်အောင် ထိုက်ယန်တောင်ကဲ့သို့ လုံခြုံသော ပတ်ဝန်းကျင်တွင် ကြိုးစားအားထုတ်မှု ရှိပါက အမှတ်များ မရှာနိုင်စရာ အကြောင်း လုံးဝ မရှိပေ။

အခွင့်အရေးက လူတိုင်းမှာ ရှိသော်လည်း မိမိကိုယ်တိုင်က မကြိုးစားပါက မည်သို့မျှ တတ်နိုင်မည် မဟုတ်ပေ။

ကျောက်ခိုင်၏ အစီရင်ခံစာ အပြီးတွင် အခင်းဖြစ်ပွားရာ နေရာရှိ လူပျိုလူလွတ် အမျိုးသားများ၏ မျက်လုံးများက ချက်ချင်းပင် တောက်ပသွားကြသည်။

သူတို့ထဲမှ အများစုက ရေကြီးမှုကြီးအတွင်း ဆွေမျိုးများကို ဆုံးရှုံးခဲ့ရပြီး အချိန်ကြာမြင့်စွာ တစ်ကိုယ်တည်း နေထိုင်လာခဲ့ရသဖြင့် သာမန်လူ တစ်ယောက်အနေဖြင့် သည်းခံနိုင်စွမ်း မရှိကြပေ။

သို့သော် ထိုက်ယန်တောင်တွင် စည်းကမ်းများ ရှိပြီး အကြောင်းမဲ့ သောင်းကျန်းရန် မဖြစ်နိုင်ပေ။

ယခုကဲ့သို့ အခွင့်အရေးမျိုး ရှိလာသောအခါ လူအတော်များများက ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြသည်။

လင်းယွမ် ပြီးခဲ့သည့်အကြိမ်က ခေါ်ဆောင်လာခဲ့သော အမျိုးသမီးများမှာ လိုင်ကျစ်ရုံတို့အဖွဲ့၏ အကျဉ်းချထားခြင်းကို ခံရနိုင်သည်အထိ အနည်းငယ်တော့ ရုပ်ရည်သွင်ပြင် ရှိကြမည်မှာ သေချာသည်။

ထို့ကြောင့် လူတိုင်းက လှုပ်လှုပ်ရွရွ ဖြစ်နေကြသည်ကိုလည်း နားလည်ပေးနိုင်ပါသည်။

ကျောက်ခိုင်၏ အစီရင်ခံစာ တင်ပြမှု ပြီးစီးလုနီးပါး ဖြစ်သွားပြီးနောက် ဦးလေးမာက သူ၏ လက်ရှိ အလုပ်ရလဒ်များကို အစီရင်ခံစာ တင်ပြလိုက်သည်။

လင်းယွမ် ထွက်ခွာသွားသော ဤရက်များအတွင်း ဦးလေးမာက နေရောင်ခြည်ဇုန်၊ လင်းယွင်တောင်စောင်း၏ ခံတပ်နှင့် လီချင်းဟွာ၏ စက္ကူစက်ရုံတို့ကို အသီးသီး ပြုပြင်မွမ်းမံခဲ့သည်။ မိန်တောင်ရှိ ယွင်ချွမ်ဘုရားကျောင်း၏ စစ်စခန်းကိုလည်း သူက လူများကို ဦးဆောင်ကာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ဈေးဝယ်စင်တာရှိ ဤတောင်ကြားထဲတွင် အထပ်မြင့် အဆောက်အအုံသစ် အများအပြားကို တောင်စောင်းကို အမှီပြု၍ တည်ဆောက်ထားပြီး အိမ်များလည်း အများအပြား ရှိကာ ဧရိယာအားဖြင့် ယေဘုယျအားဖြင့် စတုရန်းပေ ၆၄၀ ခန့် ရှိသည်။

ထိုက်ယန်တောင်၏ လူဦးရေက အဆက်မပြတ် တိုးပွားလာသည်နှင့်အမျှ မြေယာအရင်းအမြစ်များက ပိုမို ကြပ်တည်းလာခဲ့သည်။

လက်ရှိတွင် ထိုက်ယန်တောင်၌ တစ်ကိုယ်ရေ အိမ်ရာများကို ကိုယ်ပိုင် တည်ဆောက်ခွင့် မပြုတော့ဘဲ ဆောက်လုပ်ရေး ဌာနသို့ လာရောက်ကာ အိမ်ဝယ်ယူရန် လျှောက်ထားရမည် ဖြစ်သည်။ ထို့နောက် အိမ်ဝယ်ယူရန် အမှတ်များ ပေးဆောင်ရမည် ဖြစ်ပြီး မိသားစုဝင် လူဦးရေအလိုက် အိမ်များကို ခွဲဝေချထားပေးမည် ဖြစ်သည်။

ဤသို့ဆိုလျှင် မြေယာအရင်းအမြစ်များကို အလွန် ထိရောက်စွာ အသုံးချရာ ရောက်ပေသည်။

ယခင်က နေရာယူကာ တည်ဆောက်ထားသော တစ်ကိုယ်ရေ အိမ်ရာများမှာမူ အခွင့်အရေးကြီး တစ်ခုကို ရရှိသွားခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် ဆောက်လုပ်ရေး ဌာနသို့ ကိုယ်တိုင် သွားရောက်၍ အထပ်မြင့် အဆောက်အအုံများအဖြစ် ပြုပြင်မွမ်းမံရန် လျှောက်ထားနိုင်ကာ ငှားရမ်းခြင်းများကိုပါ ပြုလုပ်နိုင်ပေသည်။

ဤသည်ကလည်း လင်းယွမ်တို့က အစောပိုင်း ကာလများတွင် သူတို့ထံသို့ လာရောက် ပူးပေါင်းခဲ့သော လူအုပ်စုကို ပေးအပ်သည့် အထူး ခံစားခွင့်များပင် ဖြစ်သည်။

တောင်ဂူထဲတွင် တူးဖော်ထားသော အိမ်များမှာမူ ဖွဲ့စည်းပုံကို ပြောင်းလဲရန် နည်းလမ်း မရှိပေ။

သို့သော် ဤကဲ့သို့သော အိမ်မျိုးများကိုလည်း အတွင်းပိုင်း နေရာများကို ဆက်လက် တိုးချဲ့ခွင့် မပြုတော့ကြောင်း ရှင်းလင်းစွာ တားမြစ်ထားသည်။

လက်ရှိတွင် ဦးလေးမာက မြေဓာတ်အစွမ်းကို နိုးထလာခဲ့သဖြင့် ဆောက်လုပ်ရေး အင်ဂျင်နီယာ ဌာနဘက်တွင် ထိပ်ဆုံးနေရာ၌ အခိုင်အမာ ရပ်တည်နေပြီ ဖြစ်သည်။

ယခုအခါ လက်အောက်တွင် ခွန်အား အမျိုးအစား အစွမ်းပိုင်ရှင် အများအပြားကို သူနှင့် အတူ အလုပ်လုပ်ရန် ခေါ်ယူထားသဖြင့် အာဏာကလည်း မသေးလှပေ။

ထို့ကြောင့် ဤဆောက်လုပ်ရေး ပြုပြင်ပြောင်းလဲမှုတွင် ရန်မေ၊ တင်းယန်၊ ကျောက်ခိုင် အစရှိသော အထက်လူကြီးများ၏ ထောက်ခံမှု ရှိနေပြီး ခိုလှုံရေးစခန်းရှိ လူဟောင်းများအပေါ် အထူး ခံစားခွင့် မူဝါဒများလည်း ရှိနေသည်။

ထို့ကြောင့် ဤပြုပြင်ပြောင်းလဲမှု အကောင်အထည်ဖော်ရာတွင် ကြီးမားသော အတားအဆီးများကို မကြုံတွေ့ရသလောက်ပင် ဖြစ်ပြီး အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့သည်။

လင်းယွမ် ထွက်သွားသော ဤရက်များအတွင်း ထိုက်ယန်တောင်၏ အကြီးမားဆုံး အပြောင်းအလဲမှာ ဤအဆောက်အအုံများပင် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။

ဆက်ရန်...

All Chapters