အခန်း (၄၅၇-၄၅၈)
Vol. 23 Ch. 457-458
အပိုင်း(၄၅၇) ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို သန့်စင်ခြင်း
နောက်ရက်အနည်းငယ်အတွင်းတွင် လင်းယွမ်က အကြောင်းအကျိုး လွှဲပြောင်းခြင်း၏ ရလဒ်များကို ဆက်တိုက် စမ်းသပ်နေခဲ့သည်။
အကြိမ်ကြိမ် စမ်းသပ်ပြီးနောက် အကြောင်းအကျိုးကြိုးမျှင်၏ ထိန်းချုပ်နိုင်သော အကွာအဝေးသည် စိတ်စွမ်းအင် လွှမ်းခြုံနိုင်သော အတိုင်းအတာအပေါ် ကန့်သတ်ချက် မရှိကြောင်း သူက တွေ့ရှိသွားခဲ့သည်။
ယင်းအစား အကြောင်းအကျိုး လွှဲပြောင်းခြင်း၏ ထိရောက်မှုသည် စိတ်စွမ်းအင်နှင့် အလွန် ကြီးမားသော ဆက်စပ်မှု ရှိနေလေသည်။
သူ၏ လက်ရှိ စိတ်စွမ်းအင် ၆၄.၅ မှတ်ဖြင့် လွှမ်းခြုံနိုင်သော အကွာအဝေးသည် ပေ ၆၄၀ ခန့်အထိ ရှိနေသည်။
မှတ်သားစရာ ကောင်းသည်မှာ စိတ်စွမ်းအင် အရည်အသွေး ၅၀ မှတ်တွင် အရည်အသွေး ၁ မှတ်တိုးတိုင်း စိတ်စွမ်းအင် လွှမ်းခြုံနိုင်သော အကွာအဝေးက ၃ ပေခန့် ကျယ်ပြန့်သွားလေ့ရှိသည်။
၅၀ မှတ်ကို ကျော်လွန်သွားသောအခါ စိတ်စွမ်းအင် အရည်အသွေး ၁ မှတ်တိုးတိုင်း လွှမ်းခြုံနိုင်သော အကွာအဝေးက ၃၃ ပေအထိ တိုက်ရိုက် မြင့်တက်သွားခြင်းပင် ဖြစ်သည်။
ထို့ကြောင့် ယခုအခါ လင်းယွမ်၏ စိတ်စွမ်းအင် လွှမ်းခြုံနိုင်သော အကွာအဝေးသည် ပေ ၆၄၀ အထိ များပြားလာခြင်း ဖြစ်သည်။
မူလက လင်းယွမ်သည် ဤအကွာအဝေးအပြင်ဘက်သို့ ရောက်သွားပါက အကြောင်းအကျိုးကြိုးမျှင်ကို သူ ထိန်းချုပ်နိုင်တော့မည် မဟုတ်ဟု စိုးရိမ်နေခဲ့မိသည်။
သို့သော် စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် အကြောင်းအကျိုးကြိုးမျှင်တစ်ခု ရစ်ပတ်မိသွားသည်နှင့် အကွာအဝေး အနီးအဝေးကြောင့် သက်ရောက်မှု မရှိနိုင်ကြောင်း သူက တွေ့ရှိခဲ့ရသည်။
သို့သော်လည်း အကြောင်းအကျိုး လွှဲပြောင်းခြင်း၏ ထိရောက်မှုကမူ စိတ်စွမ်းအင်၏ ပြင်းအားအပေါ် များစွာ မူတည်နေသေးသည်။
ကံကောင်းသည်မှာ ဤစက်က ကြီးမားသော တိုက်ခိုက်ရေးစွမ်းအား မလိုအပ်ဘဲ အလွန်အမင်း အားနည်းနေလျှင်တောင်မှ ငါးသတ်၊ ကြက်သတ်ရန်အတွက်မူ လုံလောက်နေပေသည်။
ထိုအချက်က လင်းယွမ်ကို အတော်လေး သက်သာရာရသွားစေသည်။
မျက်စိတစ်မှိတ်အတွင်း လဝက်ခန့် အချိန်ကုန်လွန်သွားပြီး ရာသီဥတုက တဖြည်းဖြည်း ပို၍ အေးခဲလာခဲ့သည်။
ကောင်းကင်မှ ကျဆင်းလာသော မိုးရေများကလည်း တစ်စတစ်စ ပိုမို အေးစက်လာတော့သည်။
ထိုက်ယန်တောင် တစ်ဖက်တွင်မူ လူများစွာက နေရောင်ခြည်ရရှိသော ဧရိယာသို့ ပိုမို သွားလာလိုကြသည်။
လူအများအပြားသည် သန္ဓေပြောင်း နေကြာပန်းများကို ဝယ်ယူကာ အအေးဒဏ်ကို ခုခံရန်နှင့် အစိုဓာတ်ကို ဖယ်ရှားရန်အတွက် ၎င်းတို့၏ အိမ်များတွင် စိုက်ပျိုးလာကြသည်။
ထိုလဝက်အချိန်အတွင်း ရေမှတ်က တစ်ဖန် မြင့်တက်လာခဲ့ပြီး ရေပေါ်တံတား ဆိပ်ကမ်းများလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။
မူလက အနီးနားရှိ တောင်ခါးပန်းတွင် တည်ဆောက်ထားသော ခံတပ်များပင်လျှင် ရေပြင်နှင့် ထိခိုက်တော့မည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤအခြေအနေက လင်းယွမ်၏ စိတ်ထဲတွင် အနည်းငယ် လေးနက်သွားစေသည်။
အကယ်၍ မိုးသက်မုန်တိုင်းသာ မရပ်တန့်ဘဲ ဤအတိုင်း ဆက်သွားနေပါက ထိုက်ယန်တောင်ရှိ ရေလွှမ်းမိုးခံရမည့် နယ်မြေများ ပိုမို များပြားလာမည်ကို သူက စိုးရိမ်မိသည်။
တစ်နေ့တွင် လင်းယွမ်က သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနသို့ ရောက်ရှိလာခဲ့ရာ နောက်ဆုံးတွင် သတင်းကောင်းတစ်ခု ရရှိခဲ့သည်။
"ဆရာလင်း... မျိုးရိုးဗီဇမီးဖိုကို သုတေသနပြုလုပ်တာ အောင်မြင်သွားပါပြီ... ကျွန်တော်တို့ ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့ တစ်စေ့ကို အောင်အောင်မြင်မြင် သန့်စင်နိုင်ခဲ့ပြီ"
တံခါးပေါက်သို့ ဝင်လိုက်သည်နှင့် ပါမောက္ခ လီဟန်ကျုံးက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်သည်။
လင်းယွမ်က ချက်ချင်းပင် အံ့သြဝမ်းသာသွားသော အမူအရာကို ပြသလိုက်ပြီး "ကျွန်တော့်ကို ပြပါဦး" ဟု ချက်ချင်း ပြောလိုက်သည်။
"ဒီဘက်မှာပါ"
လီဟန်ကျုံးက လင်းယွမ်ကို သုတေသနဌာနဘက်သို့ အမြန် ခေါ်ဆောင်သွားခဲ့ရာ မကြာမီမှာပင် သိပ်မကြီးမားလှသော တိကျသေချာသည့် စက်ပစ္စည်းတစ်ခုကို တွေ့လိုက်ရသည်။
ထိုစက်ပစ္စည်းက လူတစ်ဝက်စာခန့်သာ မြင့်ပြီး ငလျင်တိုင်းစက်နှင့် အနည်းငယ် တူညီနေသည်။
ပတ်ပတ်လည်တွင် တိုင်လုံးပုံသဏ္ဍာန် အောက်ခံများဖြင့် ထောက်ကန်ထားပြီး အလယ်တွင် စက်လုံးပုံသဏ္ဍာန် အရာဝတ္ထုတစ်ခု ရှိနေသည်။
စက်လုံးနှင့် တိုင်လုံးများကို ဆန့်နိုင်ကျုံ့နိုင်သော ကြိုးတစ်မျိုးဖြင့် ချိတ်ဆက်ထားသည်။
ထိုစက်လုံးက အကြည်ရောင် ဖြစ်နေသဖြင့် အတွင်းပိုင်းရှိ အခြေအနေကို သေချာစွာ မြင်တွေ့နိုင်ပေသည်။
ပတ်လည်ရှိ တိုင်များနှင့် သတ္တုအောက်ခံပြားပေါ်တွင် သင်္ကေတ အမြောက်အမြားကို ထွင်းထုထားသည်။
လင်းယွမ်က တစ်ချက် ကြည့်လိုက်ရုံဖြင့် ထိုသင်္ကေတများသည် တစ်သားတည်းကျသော သင်္ကေတအမျိုးအစားများ ဖြစ်ပြီး တစ်စုံတစ်ခုသော သင်္ကေတအစီအရင်ကို ဖွဲ့စည်းထားကြောင်း ချက်ချင်း ခွဲခြားသိမြင်လိုက်သည်။
ယခုအချိန်တွင် ထိုစက်လုံးအတွင်း၌ လက်သည်းခွံအရွယ်အစားရှိ ရေခဲပြာရောင် သလင်းကျောက်တစ်ခု လွင့်မျောနေသည်။
ထိုသလင်းကျောက်မှ အေးစက်သော လေထုကို ထုတ်လွှတ်နေပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို လွှမ်းခြုံထားသည်။
စက်လုံး၏ အောက်ခြေတွင် အလွှာလိုက် ဖြစ်နေသော အနီရင့်ရောင် သွေးခဲအချို့ ကျန်ရစ်နေသေးသည်။
လင်းယွမ်က ထိုရေခဲသလင်းကျောက်ကို ကြည့်ကာ "ဒါက မျိုးရိုးဗီဇမျိုးစေ့လား" ဟု မေးလိုက်သည်။
"ဟုတ်ပါတယ်... ကျွန်တော်တို့ရဲ့ အစီအစဉ်အရ ကြိမ်နှုန်းမြင့် တုန်ခါမှုပြီးတဲ့နောက် သွေးထဲမှာရှိတဲ့ မျိုးရိုးဗီဇတွေက အလွှာလိုက် ကွဲထွက်သွားပါတယ်... အဲဒီအထဲမှာ ရေခဲဓာတ် မျိုးရိုးဗီဇ ပါဝင်မှုက အရမ်းများနေတော့ မြန်မြန်ဆန်ဆန်ပဲ အခဲအဖြစ် ပြောင်းလဲသွားတာပါ"
"သွေးရေခဲတုံး ၃၅ ကုဗပေခန့်ကို အသုံးပြုပြီးတဲ့နောက်မှာ ဒီရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို အောင်အောင်မြင်မြင် စုစည်းနိုင်ခဲ့တာပါ"
လီဟန်ကျုံးက တက်ကြွစွာ ပြောလိုက်ပြီး ဘေးတွင်ရှိနေသော ရမ်ကျဲ၊ ဖုချီပေါ်နှင့် အခြားသူများ၏ မျက်နှာပေါ်တွင်လည်း အပြုံးများ ပြည့်နှက်နေကာ အလွန်အမင်း စိတ်လှုပ်ရှားနေကြသည်။
စီမံကိန်းကြီး တစ်ခုကို အောင်မြင်စွာ ကျော်လွှားနိုင်သည့် အချိန်တိုင်းသည် သုတေသနဌာနရှိ လူတိုင်းအတွက် အပျော်ရွှင်ရဆုံး အချိန်အခါပင် ဖြစ်သည်။
လင်းယွမ်က ချက်ချင်း ပြောလိုက်သည်။ "ကျွန်တော့်ကိုပြပါဦး"
လီဟန်ကျုံးက ချက်ချင်း ခေါင်းညိတ်ကာ ရမ်ကျဲကို ကြည့်လိုက်သည်။
ရမ်ကျဲက အရှေ့သို့ တိုးလာကာ စက်လုံးကို အမြန် ဖြုတ်ယူလိုက်ပြီး သူ၏ လက်ပေါ်တွင် အပူချိန်မြင့်မားလာကာ ထိုစက်လုံးကို ချက်ချင်း အရည်ပျော်သွားစေသည်။
ချက်ချင်းပင် လေထုထဲ၌ ပရိုတင်းဓာတ် လောင်ကျွမ်းသွားသော အသားကင်နံ့တစ်ခု ပျံ့နှံ့လာခဲ့သည်။
လင်းယွမ်က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ "ဒါက ဘာပစ္စည်းလဲ"
လီဟန်ကျုံးက ရယ်မောကာ ပြန်ဖြေလိုက်သည်။ "ဒါက သန္ဓေပြောင်း ငါးတစ်ကောင်ရဲ့ မျက်လုံးပါ"
"ဒီသန္ဓေပြောင်း ငါးမျက်လုံးက အကြည်ရောင် ဖြစ်နေရုံတင်မကဘဲ ဆန့်နိုင်ကျုံ့နိုင်စွမ်းလည်း အလွန် ကောင်းမွန်တာကို ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်... ပြီးတော့ သူက တိုက်စားတဲ့ဒဏ်ကိုလည်း ခံနိုင်ရည်ရှိတယ်လေ... ဒါကြောင့် နောက်ဆုံးမှာ သွေးအဆီအနှစ်တွေကို ထည့်ဖို့အတွက် ဒီမျက်လုံးကို ခွက်အနေနဲ့ သုံးဖို့ ဆုံးဖြတ်လိုက်တာ"
"ဒါပေမဲ့ နှမြောစရာကောင်းတာက ဒီသန္ဓေပြောင်း မျက်လုံးကို အကြိမ်ကြိမ် ပြန်သုံးလို့ မရတာပဲ"
"သန္ဓေပြောင်း သားရဲတွေရဲ့ သွေးအဆီအနှစ်တွေကို ကျွန်တော်တို့က အရည်ပုံစံနဲ့ အထဲကို ထိုးသွင်းနိုင်ပြီးတော့ ပင်လယ်မျှော့ရဲ့ အကျိအချွဲကို သုံးပြီး အပေါက်ကို ပြန်ပိတ်လို့ရတယ်"
"ဒါပေမဲ့ အခဲပုံစံ မျိုးရိုးဗီဇမျိုးစေ့ ဖြစ်လာပြီဆိုရင်တော့ အပြင်ကို ထုတ်ယူဖို့ နည်းလမ်း မရှိတော့ဘူး... သူ့ကို ဆုတ်ဖြဲမှပဲ ထုတ်ယူလို့ ရတော့မှာ"
လင်းယွမ်က မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။ "ဒီသန္ဓေပြောင်း မျက်လုံးကို ရဖို့က လွယ်ရဲ့လား"
"အဆင်ပြေပါတယ်... ဒါက မီးခိုးရောင်ဆူးတောင်ငါးရဲ့ မျက်လုံးပါ... ဒီငါးက သူ့ရဲ့ ကြီးမားတဲ့ မျက်လုံးတွေကြောင့် နာမည်ကြီးပြီး မျက်လုံးကနေ စိတ်ဂယောင်ချောက်ချားစေတဲ့ အစွမ်းလည်း ရှိပါတယ်... သူတို့က ရေအောက်က မျက်လှည့်ဆရာတွေပါပဲ"
"ကျွန်တော်တို့ ထိုက်ယန်တောင်ကနေ တစ်လကို အကောင်ရေ ဆယ်ဂဏန်းလောက် ဖမ်းမိနေတော့ ရှာရတာ သိပ်မခက်ဘူး"
ထိုစကားကို ကြားသောအခါ လင်းယွမ်က အနည်းငယ် ခေါင်းညိတ်လိုက်ပြီး "အကောင်အချို့ကို ဖမ်းပြီး ကိုယ်တိုင် မွေးမြူနိုင်မယ့် နည်းလမ်းကို ရှာကြည့်ပါ" ဟု ပြောလိုက်သည်။
လီဟန်ကျုံးက သူ့ခေါင်းကို တစ်ချက်ပုတ်ကာ ပြောလိုက်သည်။ "ဟုတ်သားပဲ... ကျွန်တော် ခဏနေရင် မွေးမြူရေးဌာနဘက်ကို သွားပြီး သတင်းပို့လိုက်ပါ့မယ်"
ရမ်ကျဲက မေးလိုက်သည်။ "ဒါကို မွေးမြူဖို့ လိုသေးလို့လား"
လင်းယွမ်က ခေါင်းညိတ်ကာ လေးနက်သော အသံဖြင့် ပြောလိုက်သည်။ "ရာသီဥတုက တဖြည်းဖြည်း ပိုအေးလာပြီ... မကြာခင် ဆောင်းရာသီကို ရောက်လာတော့မယ်လို့ ထင်တယ်"
"အဲဒီအချိန်ရောက်လို့ ရေပြင်ကြီး ခဲသွားမယ်ဆိုရင် ကျွန်တော်တို့ ငါးဖမ်းရတာ ခက်သွားလိမ့်မယ်"
လီဟန်ကျုံး၊ ရမ်ကျဲနှင့် အခြားသူများအားလုံး ချက်ချင်းပင် အလွန်အမင်း အံ့အားသင့်သွားကြသည်။
"ရေပြင်ကြီးက ခဲသွားနိုင်လို့လား"
"တကယ်လို့ ခဲသွားပြီဆိုရင် ကျွန်တော်တို့က ထိုက်ယန်တောင်ကနေ အပြင်ကို ထွက်လို့ ရသွားပြီ မဟုတ်ဘူးလား"
"ကျွန်တော်ကော မိသားစုကို ပြန်ရှာလို့ ရနိုင်ပြီလား"
သူတို့၏ အမူအရာများက ရုတ်တရက် တက်ကြွသွားကြပြီး ဆောင်းရာသီတွင် ရေခဲသွားနိုင်မည့် အခြေအနေအပေါ် စိုးရိမ်ပူပန်ခြင်း မရှိကြဘဲ ဝမ်းသာအားရ ဖြစ်နေကြသည်။
သို့သော် လင်းယွမ်က သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။ "သေချာပေါက် ရတာပေါ့... ဒါပေမဲ့ ကျွန်တော်တို့ အပြင်ထွက်လို့ ရပြီဆိုရင် တခြားသူတွေလည်း အထဲကို ဝင်လာလို့ ရပြီလို့ ဆိုလိုတာပဲလေ"
"ရေကြီးနေတဲ့ ရေပြင်ကြီးက ခဲသွားတာနဲ့ တစ်ပြိုင်နက် ထိုက်ယန်တောင်ဆီကို အသက်ရှင်ကျန်ရစ်သူတွေဆီကနေ အကူအညီတောင်းခံမှုတွေ ပိုပိုပြီး ရောက်လာလိမ့်မယ်"
"ပြီးတော့ ဆောင်းရာသီ ရောက်လာရင် အပင်တော်တော်များများကို စိုက်ပျိုးလို့ မရတော့ဘူး... ကျွန်တော်တို့ရဲ့ စားနပ်ရိက္ခာ သိုလှောင်မှုတွေကိုလည်း ထပ်ဖြည့်ထားဖို့ လိုအပ်သေးတယ်"
"ရာသီဥတုက အေးလာပြီး မိုးသက်မုန်တိုင်းတွေသာ မရပ်တန့်ဘူးဆိုရင် နှင်းတွေကျလာပြီး မိုးသီးတွေတောင် ကျလာနိုင်တယ်"
"သဘာဝဘေးအန္တရာယ်က ပိုပြီး ဆိုးရွားလာဖို့ပဲ ရှိတယ်"
လင်းယွမ်၏ ခွဲခြမ်းစိတ်ဖြာမှုများကြောင့် လူအနည်းငယ်၏ စိတ်လှုပ်ရှားနေသော ခံစားချက်များက ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။
၎င်းကို မြင်သောအခါ လင်းယွမ်က ရုတ်တရက် ရယ်မောကာ ပြောလိုက်သည်။ "ကဲပါ... အဲ့ဒီလောက် မျက်နှာပျက်နေစရာ မလိုပါဘူး... အခုဆိုရင် ကျွန်တော်တို့ ထိုက်ယန်တောင်မှာ အခြေခံအုတ်မြစ်တွေ ရှိနေပြီလေ... ဒီပြဿနာတွေကို ဖြေရှင်းဖို့ နည်းလမ်းတွေလည်း ရှိပြီးသားပါ"
"နောက်ပြီးတော့ ဆောင်းရာသီ ရောက်လာတာက အကျိုးကျေးဇူးလည်း ရှိပါတယ်... အနည်းဆုံးတော့ အစားအစာတွေကို ပိုပြီး ကောင်းကောင်းမွန်မွန် သိမ်းဆည်းထားနိုင်တာပေါ့"
"ကျွန်တော်တို့ ထိုက်ယန်တောင်ရဲ့ လက်ရှိ စားနပ်ရိက္ခာ သိုလှောင်မှုနဲ့ဆိုရင် ပြဿနာ သိပ်မကြီးပါဘူး"
"ရမ်ကျဲ... မျိုးရိုးဗီဇမျိုးစေ့ ကျွန်တော့်ကို ပေးကြည့်ပါဦး"
ရမ်ကျဲက သတိပြန်ဝင်လာပြီး မျိုးရိုးဗီဇမျိုးစေ့ကို လင်းယွမ်ထံသို့ အမြန် ကမ်းပေးလိုက်သည်။
လင်းယွမ်က မျိုးရိုးဗီဇမျိုးစေ့ကို သေချာစွာ စစ်ဆေးကြည့်လိုက်ရာ ဤမျိုးရိုးဗီဇမျိုးစေ့တွင် ပြဿနာ မရှိနိုင်ကြောင်း တွေ့ရှိလိုက်သည်။
၎င်း၏ အပူချိန်နိမ့်ပါးသော လက္ခဏာက အလွန် သိသာထင်ရှားနေပြီး လက်ထဲတွင် ကိုင်ထားပါက အေးစက်သော ခံစားချက်ကိုပင် ခံစားသိရှိနိုင်ပေသည်။
လင်းယွမ်က ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။ "ဒီမျိုးရိုးဗီဇမျိုးစေ့ကို တကယ် စားလို့ရမရဆိုတာ ကျွန်တော် ယူပြီး စမ်းသပ်ကြည့်လိုက်မယ်"
"ခင်ဗျားတို့ဘက်ကလည်း မျိုးရိုးဗီဇမျိုးစေ့တွေကို အများအပြား ဆက်ထုတ်လုပ်ထားကြပါ... ကုန်ကြမ်း မလောက်ဘူးဆိုရင် ကျွန်တော့်ဆီက လာယူလို့ ရတယ်"
"ဟုတ်ကဲ့ပါ ဆရာလင်း"
လူအုပ်ကြီးက အလျင်အမြန် ခေါင်းညိတ်လိုက်ကြသည်။
ယခုအချိန်တွင် ထိုက်ယန်တောင်ရှိ ရေခဲဓာတ် အစွမ်းပိုင်ရှင် အရေအတွက်မှာ သိပ်မများပြားလှပေ။ ကျောက်ခိုင်နှင့် ရန်မေတို့သည်သာ ဝါရင့်သူများ ဖြစ်ပြီး အသစ်ရောက်လာသော လူများထဲတွင်လည်း အစွမ်းနိုးထလာသူများ အစဉ်တစိုက် ရှိနေခဲ့သည်။
ထိုအထဲတွင် ရေခဲဓာတ် အစွမ်းပိုင်ရှင် အချို့ ပါဝင်သော်လည်း ၎င်းတို့၏ အဓိက အရည်အသွေးများက ၅၀ မှတ် အဆင့်သို့ ရောက်ရှိရန် အလှမ်းဝေးနေသေးသည်။
သေချာသည်မှာ အကျိုးဆက်ကို ထည့်မတွက်ပါက ဂိုဏ်းကြီးသုံးခု၏ နည်းလမ်းအတိုင်း ၄၅ မှတ် ရှိသော အစွမ်းပိုင်ရှင်များကို ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့များ စတင် စားသုံးခိုင်းခြင်းဖြင့် "အရောအနှော" မျိုးရိုးဗီဇ အစွမ်းပိုင်ရှင် အများအပြားကို မွေးထုတ်ပေးနိုင်မည် ဖြစ်သည်။
သို့သော် ထိုသို့ပြုလုပ်ပါက နာမည်ဆိုးဖြင့် ကျော်ကြားသွားပေလိမ့်မည်။
လင်းယွမ်က ထိုသို့ မလုပ်ချင်ခဲ့ပေ။ ယခုအချိန်၌ ထိုအဆင့်အထိ မရောက်သေးပေ။
"ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့ အရေအတွက် တစ်ခုအထိ စုဆောင်းမိသွားရင်... ကွမ်ဖူဘက်ကို တစ်ခေါက်သွားပြီး တခြား အရည်အသွေးရှိတဲ့ မျိုးရိုးဗီဇမျိုးစေ့တွေနဲ့ လဲလို့ ရမရ သွားကြည့်ရမယ်"
လင်းယွမ်က အိမ်သို့ အမြန် ပြန်လာခဲ့ပြီး မြေလျှိုးအစွမ်းဖြင့် တောင်တန်းအတွင်းရှိ လျှို့ဝှက်ခန်းဆီသို့ ဝင်ရောက်သွားသည်။
ကျင့်ကြံခြင်း၏ လျှို့ဝှက်မှုကို ထည့်သွင်းစဉ်းစားကာ သူသည် ထိုက်ယန်တောင်တန်း အတွင်းပိုင်း၌ သူကိုယ်တိုင် ကျင့်ကြံရန်အတွက် နေရာတစ်ခုကို အသစ်တဖန် တူးဖော်ခဲ့သည်။
အခြား မြေဓာတ် အစွမ်းပိုင်ရှင်များ တွေ့ရှိမည်ကို ကာကွယ်ရန်အတွက်ပင် ဤနေရာကို ဖုံးကွယ်ရန် နံရံများပေါ်တွင် ပုံရိပ်ယောင် သင်္ကေတများကို ရေးဆွဲကာ သင်္ကေတ အစီအရင်ကြီး တစ်ခုကို သီးသန့် ပြင်ဆင်ထားခဲ့သည်။
လိုဏ်ဂူထဲသို့ ဝင်ရောက်သွားပြီးနောက် လင်းယွမ်က ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို ထုတ်ယူလိုက်သော်လည်း တိုက်ရိုက် မစားသုံးသေးဘဲ သန္ဓေပြောင်းစွမ်းအင် စစ်ဆေးခြင်း အစွမ်းကို အသက်သွင်းလိုက်သည်။
ဒြပ်စင် ခွဲခြမ်းစိတ်ဖြာခြင်း - မျိုးရိုးဗီဇအုပ်စု သလင်းကျောက်ကိုယ်ထည်
စွမ်းအင် အမျိုးအစား - ရေခဲဓာတ်
သိပ်သည်းဆ - အလွန် မြင့်မားသည်
လင်းယွမ်က ချက်ချင်းပင် ကောက်ချက်ချလိုက်သည်။ ၎င်းသည် တကယ်ကို စားသုံး၍ရသော ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့ တစ်စေ့ ဖြစ်ပေသည်။
"အခုဆိုရင် ငါက အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ မျိုးရိုးဗီဇမြေပုံကို စုစည်းနိုင်ခဲ့ပြီး အတိုင်းအတာ တစ်ခုအထိ တိုးတက်မှု ရှိနေပြီ"
"ဒီရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို အသုံးချပြီး မျိုးရိုးဗီဇမျိုးစေ့ အသွင်ပြောင်းလို့ ရမရဆိုတာကို စမ်းသပ်ကြည့်လို့ ရနိုင်ပြီ"
အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ မျိုးရိုးဗီဇ၏ အပြင်းထန်ဆုံး အချက်မှာ အသွင်ပြောင်းလဲခြင်းနှင့် လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်နိုင်စွမ်းပင် ဖြစ်သည်။
လင်းယွမ်က သူ၏ အသွင်တစ်ရာ မျိုးရိုးဗီဇသည် ဤရေခဲဓာတ် မျိုးရိုးဗီဇကို ပုံတူကူးချနိုင်ခြင်း ရှိမရှိကို သိချင်နေသည်။
၎င်းမှတစ်ဆင့် ရေခဲဓာတ် မျိုးရိုးဗီဇမြေပုံ တစ်ခုကို ထုတ်ဖော်ချင်နေခြင်း ဖြစ်သည်။
ထိုသို့တွေးမိသောအခါ သူက တွန့်ဆုတ်နေခြင်း မရှိဘဲ ဤမျိုးရိုးဗီဇမျိုးစေ့ကို ပါးစပ်ထဲသို့ တိုက်ရိုက် မျိုချလိုက်သည်။
မျိုးရိုးဗီဇမျိုးစေ့သည် ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်နှင့် တစ်ပြိုင်နက် ရေခဲဓာတ် မျိုးရိုးဗီဇ အမြောက်အမြားက လင်းယွမ်၏ ခန္ဓာကိုယ်ထဲသို့ ချက်ချင်း ပေါင်းစပ်ဝင်ရောက်သွားသည်။
လင်းယွမ်က တုံ့ဆိုင်းခြင်း အလျဉ်းမရှိဘဲ သူ၏ အသွင်တစ်ရာ မျိုးရိုးဗီဇကို အသက်သွင်းလိုက်သည်။
ချက်ချင်းပင် လင်းယွမ်၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး တစ်ကိုယ်လုံးမှ ရေခဲမြူခိုး အမြောက်အမြား ထွက်ပေါ်လာသည်။
ထို့နောက် သူ၏ အသွင်တစ်ရာ မျိုးရိုးဗီဇက ထိုရေခဲဓာတ် မျိုးရိုးဗီဇများကို လျင်မြန်စွာ ပေါင်းစပ် စုပ်ယူလာတော့သည်။
သူ၏ အသွင်တစ်ရာ မျိုးရိုးဗီဇသည် ပုတ်သင်ညို တစ်ကောင်ကဲ့သို့ ပုံသဏ္ဍာန် လျင်မြန်စွာ ပြောင်းလဲသွားပြီး ရေခဲဓာတ် မျိုးရိုးဗီဇ၏ လားရာအတိုင်း အသွင်ပြောင်းသွားသည်။
လင်းယွမ် တစ်ကိုယ်လုံးကို ရေခဲမြူခိုးများဖြင့် လွှမ်းခြုံထားပြီး မြူခိုးများကြားမှ "ဂျွတ်... ဂျွတ်" ဟူသော ရေခဲတုံးများ ကွဲကြေသွားသည့် အသံများ ထွက်ပေါ်လာတတ်သည်။
အချိန်မည်မျှ ကြာသွားသည်ကို မသိရဘဲ ရုတ်တရက် ရေခဲမြူခိုးများ လှိမ့်တက်လာကာ မြူခိုး အမြောက်အမြားက လျင်မြန်စွာ ကျုံ့ဝင်သွားသည်။
မျက်စိတစ်မှိတ်အတွင်း ထိုမြူခိုးများ အားလုံး လင်းယွမ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားတော့သည်။
ထိုအချိန်တွင် လင်းယွမ်၏ ပုံပန်းသဏ္ဍာန်က ကြီးမားစွာ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။
သူ၏ ဆံပင်များက ရေခဲပြာရောင်အဖြစ် ပြောင်းလဲသွားပြီး အသားအရေက အတော်လေး ဖြူဖျော့သွားကာ တစ်ကိုယ်လုံးမှ ပြင်းထန်သော အေးစက်သည့် လေထုကို ထုတ်လွှတ်နေသည်။
လင်းယွမ်က မျက်လုံးကို ဖွင့်လိုက်ရာ သူ၏ မျက်ဝန်းများထဲတွင် ရေခဲပွင့် သင်္ကေတများ မှိန်ဖျော့ဖျော့ ရှိနေသကဲ့သို့ ဖြစ်နေသည်။
"ရေခဲမြေရိုင်းဝက်ဝံလား"
လင်းယွမ်က အနည်းငယ် အံ့အားသင့်သွားသည်။ သူက ဤရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့ထဲမှ ရေခဲမြေရိုင်းဝက်ဝံ ဟုခေါ်သော မျိုးရိုးဗီဇ အမွေအနှစ် တစ်မျိုးကို ရရှိခဲ့ခြင်း ဖြစ်သည်။
ရေခဲမြေရိုင်းဝက်ဝံ၏ မျိုးရိုးဗီဇမြေပုံကိုပင် ရရှိခဲ့သေးသည်။
"ငါ့ရဲ့ ခွန်အား အရည်အသွေးက အရမ်းမြင့်နေလို့... အနီးကပ်တိုက်ခိုက်ရေး အမျိုးအစား မျိုးရိုးဗီဇမြေပုံကို နားလည်သွားတာများလား"
လင်းယွမ်က အနည်းငယ် အံ့ဩဖွယ်ကောင်းသည်ဟု ခံစားလိုက်ရသည်။ လက်ရှိအချိန်တွင် သူ၏ ခန္ဓာကိုယ်ထဲရှိ မျိုးရိုးဗီဇများ အမှန်တကယ်ပင် ရေခဲဓာတ် မျိုးရိုးဗီဇများအဖြစ် ပြောင်းလဲသွားကြောင်း သူ ခံစားသိရှိနိုင်ပေသည်။
သူ လက်ဆန့်ထုတ်လိုက်ရာ လက်ထဲ၌ အေးစက်သော လေထုများ စုစည်းလာခဲ့သည်။
နောက်တစ်ခဏတွင် ရေခဲသလင်းကျောက်များဖြင့် စုစည်းထားသော သံကြိုးတစ်ချောင်းက "ခလွမ်... ခလွမ်" ဟူသော အသံနှင့်အတူ လည်ပတ်ပျံသန်းလာကာ သူ၏ ကိုယ်ပတ်လည်တွင် ထွက်ပေါ်လာသည်။
ရေခဲသလင်း သံကြိုးများ ထွက်ပေါ်လာသောအခါ လင်းယွမ်က လက်ရှိ ရေခဲသလင်း သံကြိုးကို ခံစားကြည့်လိုက်ရာ သူ ယခု အသုံးပြုလိုက်သော ရေခဲသလင်း သံကြိုးက အရင်က အသုံးပြုခဲ့သည်ထက် အလျင် ပိုမြန်ရုံသာမက တိုက်ခိုက်ရေးစွမ်းအားကလည်း ပိုမို အားကောင်းနေပုံရကြောင်း တွေ့ရှိလိုက်သည်။
သူက သံကြိုးကို တစ်ချက် ခါယမ်းလိုက်သည်။
"ခလွမ်... ခလွမ်"
ရေခဲသလင်း သံကြိုးက ချက်ချင်းပင် ပေါက်ကွဲထွက်သွားတော့သည်။
"ဝုန်း"
ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်ခုနှင့်အတူ အရှေ့ဘက်ရှိ ကျောက်နံရံက ပေါက်ကွဲထွက်သွားပြီး ရေခဲများ ပြန့်နှံ့သွားတော့သည်။
လင်းယွမ်က မျက်ခုံးပင့်ကာ ရယ်မောလိုက်သည်။ "ယေဘုယျ စွမ်းအားတွေက တကယ်ပဲ မြင့်တက်လာတာပဲ"
"ဒါပေမဲ့ ရေခဲဓာတ်အဖြစ် အသွင်ပြောင်းနိုင်ပေမဲ့လည်း ကျွမ်းကျင်မှု အပိုင်းမှာတော့ ကိုယ်တိုင် လေ့လာသင်ယူဖို့ လိုအပ်သေးတယ် ထင်တယ်"
"ဒီအခြေအနေက ငါ့ရဲ့ ရေခဲဓာတ် အစွမ်းတွေကို စွမ်းအား မြင့်တက်လာအောင် ကူညီပေးရုံ သက်သက်ပဲ"
"ငါ့ရဲ့ အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ မျိုးရိုးဗီဇမြေပုံကို ဆက်လက် ထုတ်ဖော်လို့ အဆင့်တစ်ခုကို ရောက်သွားတဲ့အခါကျရင်... ရေခဲမြေရိုင်းဝက်ဝံရဲ့ မျိုးရိုးဗီဇမြေပုံကို ဆက်ပြီး ထုတ်ဖော်လို့ ရမလားဆိုတာတော့ မသိသေးဘူး"
ဆက်ရန်...
အပိုင်း(၄၅၈) အမှတ်တစ်သန်းနှင့် ရူးသွပ်ဖွယ်ရာ အမှတ်ပေါင်းထည့်ခြင်း
အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ၏ မျိုးရိုးဗီဇမြေပုံက အဓိကအားဖြင့် အသွင်ပြောင်းလဲခြင်း လမ်းစဉ်ပေါ်တွင်သာ အခြေခံထားသည်။
တကယ်တမ်း တိုက်ခိုက်ရမည်ဆိုလျှင် အခြားသော အစွမ်းများကိုသာ အားထားရမည် ဖြစ်သည်။
အကယ်၍ သူသာ မည်သည့် မျိုးရိုးဗီဇမြေပုံ အသွင်ကိုမဆို ပြောင်းလဲနိုင်မည်ဆိုပါက သူ၏ စွမ်းအားများက အမှန်တကယ်ပင် ကောင်းကင်ဘုံကိုပင် အံတုနိုင်စွမ်း ရှိလာပေလိမ့်မည်။
"ရှေ့ဆက်ရမယ့် အချိန်တွေမှာ ငါ ရေခဲဓာတ် အစွမ်းတွေကို ပိုပြီး စုဆောင်းရတော့မယ်နဲ့ တူတယ်"
"စိတ်စွမ်းအင်က ငါ့ရဲ့ အားသာချက်ပဲ... ရေခဲဓာတ်ပါတဲ့ စိတ်စွမ်းအင် အမျိုးအစား အစွမ်းတွေကိုလည်း ပိုပြီး လေ့လာသင့်တယ်"
လင်းယွမ်က သူ၏ နောက်တစ်ဆင့် စွမ်းအားမြှင့်တင်ရန်အတွက် အစီအစဉ်တစ်ခုကို ချမှတ်လိုက်သည်။
"ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့နဲ့ ပတ်သက်ပြီး ပြဿနာမရှိဘူးဆိုတာ သေချာသွားပြီ... နောက်ထပ်ကတော့ ကျောက်ခိုင်ရဲ့ အရေအသွေးမှတ် ၅၀ ပြည့်သွားမယ့်အချိန်ကို စောင့်ရုံပဲ"
"အမမေတို့ဘက်ကတော့... အချိန်နည်းနည်း ထပ်စောင့်ရဦးမယ် ထင်တယ်"
လက်ရှိတွင် ရန်မေ၏ အဓိက အရေအသွေးမှတ်က ၄၀ မှတ်သာ ရှိသေးရာ ၎င်းကပင် သူမ အလွန် ကြိုးစားထားသော ရလဒ်ဖြစ်ပေသည်။
တကယ်တမ်းတွင် သူမက ယခင်ကတည်းက အခြားသူများထက် အများကြီး နောက်ကျကျန်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် ကျောက်ခိုင်ကမူ မကြာသေးမီက လေ့ကျင့်ခြင်းတွင်သာ အာရုံစိုက်နေခဲ့ရာ ယခုအခါ အရေအသွေးမှတ် ၄၉ မှတ်အထိ ရောက်ရှိနေပြီ ဖြစ်သည်။
နောက်ထပ် တစ်မှတ်သာ လိုအပ်တော့ပြီး ၎င်းဆိုလျှင် ၅၀ မှတ် ပြည့်သွားတော့မည် ဖြစ်သည်။
ထိုအချိန်ကျလျှင် ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့ကို သုံးစွဲလိုက်သည်နှင့် ထိုက်ယန်တောင်တွင် ဒုတိယမြောက် မျိုးရိုးဗီဇမျိုးစေ့ အစွမ်းပိုင်ရှင် တစ်ယောက် ထွက်ပေါ်လာတော့မည် ဖြစ်သည်။
သေချာသည်မှာ နောက်ပိုင်းတွင် အဆင့်တက်ရန် ပို၍ နှေးကွေးလာမည်ဖြစ်ရာ လင်းယွမ်က ကျောက်ခိုင်ကို သန္ဓေပြောင်း သတ္တဝါများ၏ သွေးသားများကို တတ်နိုင်သမျှ မစားသုံးရန်နှင့် စွမ်းအင် ကျင့်စဉ်ကိုသာ အားပြု၍ လေ့ကျင့်ရန် မှာကြားထားသည်။
ဤလဝက်ခန့် အချိန်အတွင်း ကျောက်ခိုင် ၄၉ မှတ်အထိ ရောက်ရှိလာခြင်းက သူ၏ အလွန် ပြင်းပြင်းထန်ထန် ကြိုးစားအားထုတ်ခဲ့မှုကြောင့်သာ ဖြစ်ပေသည်။
လင်းယွမ်က သူ၏ ရေခဲဓာတ် အခြေအနေကို ထပ်မံ၍ ခံစားကြည့်လိုက်ရာ ရေခဲဓာတ် အစွမ်းများမှလွဲ၍ အခြားသော အစွမ်းများကို အခြေခံအားဖြင့် အသုံးပြု၍ မရတော့ကြောင်း တွေ့လိုက်ရသည်။
လင်းယွမ်က စိတ်ထဲမှ အနည်းငယ် တွေးတောလိုက်ရာ မျိုးရိုးဗီဇ ပြောင်းလဲသွားပြီး ရေခဲဓာတ် သွင်ပြင်လက္ခဏာများက လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။
အသွင်တစ်ရာ မျိုးရိုးဗီဇက မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားပြီး အစွမ်းများကလည်း မည်သည့် ဓာတ်မှ မပါဝင်သော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။
သူ၏ ဆံပင်များက အနက်ရောင်အဖြစ် ပြန်လည်ပြောင်းလဲသွားပြီး မျက်ဝန်းများနှင့် အရေပြားကလည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
လင်းယွမ်က အနည်းငယ် ပြုံးလိုက်ပြီး မြေလျှိုးအစွမ်းကို ထပ်မံ အသုံးပြုကာ သူ၏ ကိုယ်ခန္ဓာကို လိုဏ်ဂူထဲမှ လျင်မြန်စွာ ထွက်ခွာသွားစေလိုက်သည်။
သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဌာနသို့ ပြန်လည်ရောက်ရှိလာပြီးနောက် လင်းယွမ်က တားမြစ်အခန်းထဲသို့ ဝင်ရောက်ကာ ရေခဲဓာတ် သင်္ကေတ အရိုးများကို အဓိကထား၍ ရှာဖွေလိုက်သည်။
အဖြူရောင် အဆင့်ရှိ သင်္ကေတ အရိုးများကိုမူ သူ ဆက်လက် ကြည့်ရှုနေခြင်း မရှိတော့ပေ။
အစိမ်းရောင် အဆင့်ရှိ သင်္ကေတ အရိုးများကိုသာ အဓိကထား၍ အာရုံစိုက်နေခဲ့သည်။
မျိုးရိုးဗီဇမျိုးစေ့ အဆင့်သို့ ရောက်ရှိလာချိန်တွင် အဖြူရောင် အဆင့်ရှိ အစွမ်းများက အမှန်တကယ်ပင် နောက်ကျကျန်နေခဲ့ပြီ ဖြစ်သည်။
အဓိကအားဖြင့် အဖြူရောင် အဆင့်ရှိ အစွမ်းများ၏ စွမ်းအားက အနည်းငယ် နိမ့်ကျနေပြီး မျိုးရိုးဗီဇမျိုးစေ့ အဆင့်ရှိ တိုက်ပွဲများတွင် ထိရောက်မှု ရှိရန် အလွန် ခက်ခဲသောကြောင့် ဖြစ်သည်။
သေချာသည်မှာ စွမ်းအားမြှင့်တင်ပေးသော အစွမ်းများကတော့ ချွင်းချက် ဖြစ်ပေသည်။
ဥပမာအားဖြင့် လင်းယွမ်၏ ကြွက်သားပေါက်ကွဲအစွမ်းက အဖြူရောင် အဆင့်သာ ဖြစ်သော်လည်း ပေါက်ကွဲအားကို မြှင့်တင်ပေးနိုင်ရာ မျိုးရိုးဗီဇမျိုးစေ့ အဆင့်တွင်ပင် အသုံးဝင်နေဆဲ ဖြစ်သည်။
ထို့ပြင် သူ၏ အလင်းရောင် အစွမ်းက အစိမ်းရောင် အဆင့်ရှိ အစွမ်းဖြစ်သော်လည်း အစွမ်း အသုံးပြုမှု စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရာ ၎င်းကလည်း စွမ်းအားမြှင့်တင်ပေးသော အစွမ်း အမျိုးအစားတွင် ပါဝင်ပြီး မိမိအနေဖြင့် မည်သည့် အဆင့်တွင်မဆို အသုံးပြုနိုင်ပေသည်။
ယေဘုယျအားဖြင့် ဤအစွမ်း အမျိုးအစားများက မိမိ၏ စွမ်းအား နည်းပါးနေချိန်တွင် စွမ်းအားမြှင့်တင်မှု အာနိသင်က ပို၍ ကောင်းမွန်ပေသည်။
နောက်ပိုင်းတွင် မိမိ၏ စွမ်းအားများ ပိုမို အားကောင်းလာသည်နှင့်အမျှ စွမ်းအားမြှင့်တင်မှု အာနိသင်က အားနည်းသွားမည် ဖြစ်သည်။
နောက်ထပ် သုံးရက် ကုန်လွန်သွားပြီးနောက် ရေခဲဓာတ် မျိုးရိုးဗီဇမျိုးစေ့ တစ်စေ့ကို ထပ်မံ ဖော်စပ်နိုင်ခဲ့သည်။
ဤသို့ လုပ်ဆောင်နိုင်မှု စွမ်းဆောင်ရည်က မြန်ဆန်သည်ဟု ဆိုနိုင်ပေသည်။
သို့သော် လင်းယွမ်က အလွန် နှေးကွေးနေသေးသည်ဟု ခံစားနေရဆဲ ဖြစ်ပြီး သူ၏ လက်ထဲတွင် သွေးရေခဲများ အလွန် များပြားနေသောကြောင့် အရှိန်မြှင့်တင်ကာ အားလုံးကို မျိုးရိုးဗီဇမျိုးစေ့များအဖြစ် ပြောင်းလဲပစ်ရန် လိုအပ်နေသည်။
ထို့ကြောင့် သူက သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဌာနကို မျိုးရိုးဗီဇမီးဖိုများ ထပ်မံ တည်ဆောက်ရန် အမိန့်ပေးလိုက်သည်။
မျိုးရိုးဗီဇမီးဖို အများအပြား တစ်ပြိုင်နက်တည်း အလုပ်လုပ်လာသောအခါ လင်းယွမ်က သုံးရက်လျှင် မျိုးရိုးဗီဇမျိုးစေ့ အများအပြားကို ရရှိနိုင်မည် ဖြစ်သည်။
သေချာသည်မှာ ဤလုပ်ငန်းစဉ်အတွင်း ကျရှုံးမှုများလည်း ရှိခဲ့ပေသည်။
ကျရှုံးရသည့် အဓိက အကြောင်းရင်းများမှာ သွေး၏ သန့်စင်နှုန်း မလုံလောက်ခြင်း၊ မျိုးရိုးဗီဇမီးဖို ပျက်စီးသွားခြင်း သို့မဟုတ် မျိုးရိုးဗီဇ ညစ်ညမ်းသွားခြင်းတို့ကြောင့် ဖြစ်နိုင်ပေသည်။
မည်သို့ပင်ဖြစ်စေ ဤကျရှုံးမှု အတွေ့အကြုံများက အလွန် တန်မီးဖိုးရှိပြီး ဓာတ်ခွဲခန်းအတွက် စမ်းသပ်မှု ဒေတာ အများအပြားကို ပံ့ပိုးပေးနိုင်ခဲ့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် လဝက်ခန့် ကုန်လွန်သွားခဲ့ပြန်သည်။
ဤလ၏ ရေလှိုင်းဒီရေများအတွက် လင်းယွမ် ကိုယ်တိုင် ပါဝင်တိုက်ခိုက်ရန် မလိုအပ်တော့ဘဲ ကြီးကြပ်ရေးအဖွဲ့၊ မဟာဗျူဟာဌာနနှင့် ထိုက်ယန်တောင် အစောင့်တပ်ဖွဲ့ ကဲ့သို့သော တိုက်ခိုက်ရေး ဌာနများက အားလုံးကို တာဝန်ယူ ဖြေရှင်းပေးခဲ့ကြသည်။
လင်းယွမ်ကလည်း သောင်တင်နေသော ငါးလေးများနှင့် ပုစွန်လေးများကို ထပ်မံ၍ သတ်ဖြတ်ရန် ပျင်းရိနေခဲ့ပြီ ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ နောက်ဆုံးတွင် ၎င်းတို့ အားလုံးက သားသတ်ရုံသို့ ရောက်ရှိသွားမည်ဖြစ်ပြီး အမှတ်များက သူ၏ ကိုယ်ပေါ်သို့ ရောက်ရှိလာမည်သာ ဖြစ်သည်။
တစ်လတည်းသော အချိန်အတွင်းမှာပင် လင်းယွမ်၏ လက်ထဲရှိ အမှတ်များက အမှတ်တစ်သန်း အတိုင်းအတာကို ထပ်မံ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
ထိုအထဲတွင် ရေလှိုင်းဒီရေများကြောင့် ရရှိခဲ့သော ကြီးမားသည့် အမှတ်များလည်း ပါဝင်ပေသည်။
ထို့ပြင် နေ့စဉ် စုဆောင်းရရှိသော သောင်းဂဏန်းရှိ အမှတ်များလည်း ပါဝင်သည်။
အချုပ်အားဖြင့်ဆိုရလျှင် လင်းယွမ်က နောက်တစ်ကြိမ် ချက်ချင်း သူဌေးကြီး ဖြစ်လာခဲ့ပြန်သည်။
ဤတစ်ကြိမ်တွင်မူ သူက ယခင်အကြိမ်က သင်ခန်းစာကို ရယူထားပြီးဖြစ်ရာ အမှတ်များကို ထပ်မံ၍ ရမ်းသန်း သုံးစွဲတော့မည် မဟုတ်ပေ။
သူက သူ၏ အရေအသွေးများ အားလုံးကို တစ်ဟုန်ထိုး မြှင့်တင်ပစ်ချင်နေသည်။
အမှတ်တစ်သန်းက သူ့အတွက် အရေအသွေးမှတ် ၁၀၀ အထိ ထောက်ပံ့ပေးနိုင်ပေသည်။
လင်းယွမ်က အနည်းငယ်မျှ တွေဝေခြင်း မရှိဘဲ ကံစမ်းမဲများကို တိုက်ရိုက် ဆက်တိုက် နှိုက်ယူလိုက်တော့သည်။
"စနစ်... သတ်မှတ် အရည်အသွေးမှတ် ကံစမ်းမဲနှိုက်မယ်"
နောက်တစ်ခဏတွင် စနစ်၏ ကံစမ်းမဲဘီးက ချက်ချင်း လည်ပတ်သွားတော့သည်။
[ဒင်... သင် ခန္ဓာကိုယ်ကြံ့ခိုင်မှု အရေအသွေးမှတ် ၁ မှတ် မဲပေါက်သွားပါသည်]
[ဒင်... သင် အလျင် အရေအသွေးမှတ် ၁ မှတ် မဲပေါက်သွားပါသည်]
……
ရုတ်တရက် အသိပေးသံများ ပြည့်နှက်စွာ ထွက်ပေါ်လာပြီး မျက်စိတစ်မှိတ်အတွင်း အသိပေးချက် တစ်ရာခန့် ထွက်ပေါ်လာတော့သည်။
အမျိုးမျိုးသော အရေအသွေးမှတ်များ ထွက်ပေါ်လာသည်ကို ကြည့်ရင်း လင်းယွမ်က ချက်ချင်း ရယ်မောလိုက်ပြီး
ဤတစ်ကြိမ် နှိုက်ယူခဲ့သော အမှတ် ၁၀၀ ကံစမ်းမဲ ရလဒ်များကို အလျင်စလို စစ်ဆေးကြည့်လိုက်သည်။
ကြည့်လိုက်သည့်အခါ သူ၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားတော့သည်။
ခန္ဓာကိုယ်ကြံ့ခိုင်မှု ၂၆ မှတ်၊ ခွန်အား ၃၁ မှတ်၊ အလျင် ၂၄ မှတ်၊ စိတ်စွမ်းအင် ၁၄ မှတ်၊ ဘုံအရည်အသွေးမှတ်များ ၅ မှတ်။
"ဘယ်လိုဖြစ်ရတာလဲ... စိတ်စွမ်းအင်က ၁၄ မှတ်ထဲလား"
လင်းယွမ်က ချက်ချင်း ဆွံ့အသွားရသည်။ အမှတ်တစ်ရာကို ပျမ်းမျှ ခွဲဝေကြည့်ပါက တစ်ခုလျှင် အမှတ် ၂၀ ခန့် ရရှိမှသာ မှန်ကန်ပေလိမ့်မည်။
ယခုမူ စိတ်စွမ်းအင်နှင့် ဘုံအရည်အသွေးမှတ်များက ဤမျှအထိ ကျဆင်းနေခဲ့ပေသည်။
တစ်ခါတစ်ရံတွင် ကံကောင်းခြင်းကလည်း စွမ်းအား တစ်မျိုးဖြစ်ကြောင်း ဝန်ခံရမည်သာ ဖြစ်သည်။
အထူးသဖြင့် လင်းယွမ်၏ ကံစမ်းမဲနှိုက်သည့် စနစ်ရှေ့တွင် ကံကောင်းခြင်းက အလွန် အရေးကြီးပေသည်။
အရေအသွေးမှတ်များ အားလုံး သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်း အသီးသီးသို့ အလိုအလျောက် ခွဲဝေဝင်ရောက်သွားပြီးနောက်
လင်းယွမ်၏ အခြေခံ အရည်အသွေးများက ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
အမည် - လင်းယွမ်
ခန္ဓာကိုယ်ကြံ့ခိုင်မှု - ၈၂
ခွန်အား - ၉၂
အလျင် - ၈၀
စိတ်စွမ်းအင် - ၇၈.၅
ဘုံအရည်အသွေးမှတ်များ - ၅
မျိုးရိုးဗီဇမျိုးစေ့ - အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ၊ ရေခဲမြေရိုင်းဝက်ဝံ
မျိုးရိုးဗီဇမြေပုံ - အသွင်တစ်ရာ မျောက်ဝံမိစ္ဆာ (အခြေခံအဆင့်)၊ ရေခဲမြေရိုင်းဝက်ဝံ (အခြေခံအဆင့်)
ပင်ကိုယ်အစွမ်း - မျိုးရိုးဗီဇ အသွင်တစ်ရာ
အစွမ်းများ - ကြွက်သားပေါက်ကွဲအစွမ်း...
အမှတ် - ၂၂၈၉
……
"အရေအသွေးမှတ် လေးခုထဲမှာ... အခု စိတ်စွမ်းအင်က အောက်ဆုံး ရောက်သွားပြီပဲ"
လင်းယွမ်က အနည်းငယ် ဆွံ့အသွားရသည်။
စိတ်စွမ်းအင်က အမြဲတမ်း သူ၏ အားသာချက် ဖြစ်ခဲ့သော်လည်း ယခုအခါ အောက်ဆုံးသို့ ရောက်ရှိသွားသောကြောင့် သူ့ကို အမှန်တကယ်ပင် ဆွံ့အသွားစေခဲ့သည်။
အခြားသော အရေအသွေးမှတ်များကို ကြည့်လိုက်သည့်အခါ ခွန်အားက ၉၂ မှတ်အထိ ကျော်လွန်ရောက်ရှိနေပြီ ဖြစ်သည်။
"အရေအသွေးမှတ်တွေရဲ့ နောက်တစ်ဆင့် ကန့်သတ်ချက်က ဘယ်နေရာမှာလဲ မသိဘူး... အမှတ်တစ်ရာများ ဖြစ်နေမလား"
လင်းယွမ်က စိတ်ထဲမှ တိတ်တဆိတ် ခန့်မှန်းလိုက်သည်။
မျိုးရိုးဗီဇမြေပုံကို ကြည့်လိုက်သည့်အခါ လက်ရှိတွင် အသွင်တစ်ရာ မျောက်ဝံမိစ္ဆာနှင့် ရေခဲဝက်ဝံ မျိုးရိုးဗီဇမြေပုံတို့က အခြေခံအဆင့်တွင်သာ ရှိနေသေးပြီး များစွာ တိုးတက်လာခြင်း မရှိသေးပေ။
လင်းယွမ်က အနည်းငယ် အံ့အားသင့်သွားမိသည်။ တကယ်ပဲ အရေအသွေး တစ်ခုခုက အမှတ် ၁၀၀ ကျော်လွန်သွားမှ မျိုးရိုးဗီဇမြေပုံက အဆင့်တက်သွားမှာလား။
ထိုအကြောင်းကို တွေးမိသောအခါ လင်းယွမ်က သူ၏ ဘုံအရည်အသွေးမှတ်များကို ထပ်မံ ကြည့်ရှုလိုက်သည်။
ဤ ၅ မှတ်ကို စိတ်စွမ်းအင်တွင် ပေါင်းထည့်လိုက်ပါက စိတ်စွမ်းအင်ကို အမှတ် ၈၀ အထိ ကျော်လွန်သွားစေနိုင်သည်။
သို့သော် လင်းယွမ်က အရေအသွေးတစ်ခုခု အမှတ် ၁၀၀ ကျော်လွန်သွားပါက မည်သို့ ပြောင်းလဲသွားမည်ကို သိချင်နေခဲ့သည်။
ထို့ကြောင့် သူက ဤဘုံအရည်အသွေးမှတ်များကို ခွန်အားတွင် ပေါင်းထည့်ချင်နေမိသည်။
ထိုသို့လုပ်လိုက်ပါက ခွန်အားက ၉၇ မှတ်အထိ ကျော်လွန်သွားမည်ဖြစ်ပြီး နောက်ထပ် ၃ မှတ်သာ လိုအပ်ပါက အမှတ် ၁၀၀ အထိ ရောက်ရှိသွားမည် ဖြစ်သည်။
"လောစရာမလိုဘူး... ငါ့မှာ အချိန်တွေ အများကြီး ရှိသေးတယ်... ထိုက်ယန်တောင်ရဲ့ လက်ရှိ တိုးတက်မှု အခြေအနေအရဆိုရင် ငါ လတိုင်း အမှတ်တစ်သန်း ရနိုင်တယ်လေ"
"အရေအသွေးမှတ် အားလုံး အမှတ် ၁၀၀ ကျော်ဖို့ဆိုတာ အနှေးနဲ့အမြန်ပဲ"
"အရင်ဆုံး စိတ်စွမ်းအင်ကို အရင် မြှင့်တင်ရမယ်"
လင်းယွမ်၏ အစွမ်းများစွာက စိတ်စွမ်းအင်နှင့် တိုက်ရိုက် သက်ဆိုင်နေပေသည်။
ကပ်ပါးမျိုးစေ့ဖြစ်စေ၊ အကြောင်းအကျိုး သက်ရောက်သော အစွမ်းများဖြစ်စေ၊ သို့မဟုတ် အခြားသော ဓာတ်ကြီးလေးပါး အစွမ်းများဖြစ်စေ အခြေခံအားဖြင့် စိတ်စွမ်းအင်နှင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုအပေါ်တွင်သာ မှီခိုနေရပေသည်။
ထို့ကြောင့် စိတ်စွမ်းအင်ကို လုံးဝ လျစ်လျူရှုထား၍ မရပေ။
လင်းယွမ်က ချက်ချင်းဆိုသလို မည်သို့မျှ တွေဝေခြင်း မရှိဘဲ ဘုံအရည်အသွေးမှတ်များ အားလုံးကို စိတ်စွမ်းအင်ထဲသို့ တိုက်ရိုက် ပေါင်းထည့်လိုက်တော့သည်။
နောက်တစ်ခဏတွင် စိတ်စွမ်းအင်က ၈၃.၅ အထိ ချက်ချင်း မြင့်တက်သွားတော့သည်။
ထိုသို့ဖြင့် လင်းယွမ်၏ အမှတ်များ အားလုံး ကုန်ခမ်းသွားခဲ့ပြီး ၂၂၈၉ မှတ်သာ ကျန်ရှိတော့သည်။
လင်းယွမ်က ချက်ချင်းပင် ဟာလာဟင်းလင်း ဖြစ်သွားသကဲ့သို့ ခံစားလိုက်ရပြီး သူ၏ တစ်ကိုယ်လုံးရှိ အရာအားလုံး ထုတ်ယူခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် သူ၏ ကိုယ်ခန္ဓာတွင်မူ အရေအသွေးများ အားလုံး ရုတ်တရက် မြင့်တက်သွားသောကြောင့် ယခင်က မကြုံဖူးသော စွမ်းအားများ ပြည့်နှက်နေပေသည်။
စိတ်ထဲမှ ဟာလာဟင်းလင်း ဖြစ်နေမှုနှင့် ကိုယ်ခန္ဓာထဲမှ ပြည့်နှက်နေမှုတို့က ထူးဆန်းသော ခံစားချက် တစ်ခုကို ဖြစ်ပေါ်စေခဲ့သည်။
သူ၏ မျက်လုံးများက အနည်းငယ် တောက်ပသွားသည်။ "ငါ့ရဲ့ လက်ရှိ စွမ်းအားတွေနဲ့ အသားကျသွားအောင် နေရာတစ်နေရာ ရှာမှဖြစ်မယ်"
……
ထိုက်ယန်တောင်၏ နက်ရှိုင်းသော သစ်တောအုပ်ထဲတွင်။
"ဝုန်း"
အလွန် ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာသည်။
မြေကြီးက တုန်ခါသွားပြီးနောက် သစ်ပင်ကြီးများစွာက ဖိနှိပ်ခံရကာ ဝုန်းခနဲ ပြိုကျသွားတော့သည်။
"ဝုန်း... ဝုန်း"
သစ်တောအုပ်ထဲတွင် ကြီးမားလှသော သတ္တဝါကြီး တစ်ကောင်က မြေပြင်ပေါ်၌ ပြင်းထန်စွာ လူးလှိမ့်နေသကဲ့သို့ ဖြစ်နေသည်။
ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံကြီးများ ထွက်ပေါ်လာသည်။
သို့သော် နောက်တစ်ခဏတွင် ဟိန်းဟောက်သံကြီးများက အနည်းငယ် ထိတ်လန့်နေသော အူသံများအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ပေလေးဆယ်ကျော်ခန့် မြင့်မားသော မျောက်ဝံကြီး တစ်ကောင်ကို လူတစ်ယောက်က လက်တစ်ဖက်တည်းဖြင့် မ,တင်ထားပြီး ကောင်းကင်ယံသို့ ဆက်တိုက် ပျံတက်သွားသည်ကို မြင်လိုက်ရသည်။
ထိုလူက အခြားသူမဟုတ်ဘဲ လင်းယွမ်ပင် ဖြစ်သည်။
လင်းယွမ်၏ အရပ်က ခြောက်ပေကျော်ခန့်သာ ရှိသော်လည်း ယခုအခါ ပေလေးဆယ်ခန့် မြင့်မားသော ရွှေနက်မျောက်ဝံကြီးကို မ,တင်ထားပေသည်။
သူက ကောင်းကင်ယံသို့ ဆက်တိုက် ပျံတက်သွားပြီး အထက်သို့ ထိုးတက်သွားသည်။
အဝေးမှ ကြည့်လိုက်လျှင် လူတစ်ယောက်က အဆောက်အအုံ မြင့်ကြီး တစ်ခုကို ထမ်းထားသကဲ့သို့ ဖြစ်နေပေသည်။
ထိုက်ယန်တောင်၏ တောင်ထိပ်သို့ ရောက်ရှိသွားချိန်တွင် လင်းယွမ်က လက်ထဲမှ မျောက်ဝံကြီးကို ပစ်ချလိုက်သည်။
ဘုန်းခနဲ မြည်သံနှင့်အတူ ရွှေနက်မျောက်ဝံကြီး၏ ကြီးမားလှသော ကိုယ်ခန္ဓာကြီးက မြေပြင်ပေါ်သို့ ချက်ချင်း ကျရောက်သွားတော့သည်။
တောင်ပေါ်ရှိ သစ်တောများ တုန်ခါသွားပြီး သစ်ပင် မည်မျှ ပြိုကျသွားမှန်းပင် မသိနိုင်တော့ပေ။
"ဝူး... ဝူး... ဝူး"
ရွှေနက်မျောက်ဝံကြီး၏ မျက်နှာပေါ်တွင် နာကြည်းနေသော အရိပ်အယောင်များ ပေါ်ထွက်လာပြီး ကြောက်လန့်တကြားဖြင့် မြေပြင်ပေါ်တွင် မှောက်လျက်သား ဖြစ်နေကာ မလှုပ်ရှားရဲတော့ပေ။
လင်းယွမ်က ခေါင်းယမ်းလိုက်မိသည်။ "အရမ်း ပျော့ညံ့လွန်းတယ်"
ရွှေနက်မျောက်ဝံကြီး၏ ခွန်အားက ၅၀ မှတ်ဝန်းကျင်သာ ရှိလောက်ပြီး မျိုးရိုးဗီဇမျိုးစေ့ကိုပင် ဖန်တီးနိုင်ခြင်း မရှိသေးပေ။
ဤသို့သော အဆင့်ရှိသည့် ခွန်အားက ယခုလက်ရှိ လင်းယွမ်၏ အရှေ့တွင် မည်သို့မျှ ခုခံနိုင်စွမ်း မရှိပေ။
"ငါ့ရဲ့ လက်ရှိ စွမ်းအားတွေနဲ့ဆိုရင်... ကွမ်ဖူဘက်မှာ ဘယ်အဆင့်လောက် ရောက်မလဲ မသိဘူး"
လင်းယွမ်က တောင်ထိပ်တွင် ရပ်ကာ ကျယ်ပြောလှသော ရေပြင်ကြီးကို ကြည့်ရင်း အနည်းငယ် တွေးတောနေမိသည်။
သူက ကွမ်ဖူသို့ မရောက်ဖူးသော်လည်း ကွမ်ဖူဘက်မှ သတင်းများက နည်းလမ်း အမျိုးမျိုးဖြင့် ရောက်ရှိလာခဲ့ရာ ထိုဘက်ရှိ တိုးတက်မှု အတိုင်းအတာက ထိုက်ယန်တောင်ထက် များစွာ ကျော်လွန်နေပြီဖြစ်ကြောင်း သူ နားလည်ထားသည်။
ကွမ်ဖူတွင် လူဦးရေ အလွန် များပြားပြီး ရေကြီးရေလျှံမှုများ မဖြစ်ပွားမီက ထိုနေရာတွင် စက်ရုံများနှင့် စီးပွားရေး လုပ်ငန်းများစွာ ရှိခဲ့ပေသည်။
၎င်းတို့က ရေကြီးရေလျှံမှု ဒဏ်ကို နောက်ကျမှ ခံစားခဲ့ရခြင်းဖြစ်ရာ အချိန်မီ တုံ့ပြန်နိုင်ခဲ့မည်ဆိုပါက လူအများအပြား အသက်ရှင် ကျန်ရစ်နိုင်ပေသည်။
ထို့ကြောင့် လူဦးရေအရဖြစ်စေ၊ နည်းပညာ အဆင့်အတန်းအရဖြစ်စေ၊ သို့မဟုတ် အခြားသော ကဏ္ဍစုံမှဖြစ်စေ ထိုဘက်က ထိုက်ယန်တောင်ထက် ပိုမို တိုးတက်မြန်ဆန်နေမည်မှာ ကြိုတင် ခန့်မှန်းထားနိုင်သော ကိစ္စပင် ဖြစ်သည်။
မြူခိုးမြို့တော် ခရီးစဉ်မှ ကြည့်မည်ဆိုပါက ထိုဘက်တွင် သိုင်းပညာရှင်များ အလွန် များပြားပြီး မျိုးရိုးဗီဇမျိုးစေ့ အစွမ်းပိုင်ရှင်များပင် နည်းပါးမည် မဟုတ်ပေ။
ဂိုဏ်းကြီးသုံးဂိုဏ်း၏ ရူးသွပ်ဖွယ်ရာ လုပ်ရပ်များကြောင့် မျိုးရိုးဗီဇမျိုးစေ့ အစွမ်းပိုင်ရှင် အမြောက်အမြားကို မွေးထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။
ဤသို့သော အခြေအနေမျိုးတွင် ကွမ်ဖူ၏ သိုင်းပညာရှင် အရေအတွက်က ထိုက်ယန်တောင်ထက် များစွာ သာလွန်နေမည်မှာ သေချာပေသည်။
"နည်းနည်း ထပ်စောင့်ကြည့်ရအောင်... ကျောက်ခိုင်က ဒီနှစ်ရက်အတွင်း ၅၀ မှတ် ပြည့်သွားလောက်တယ်... အဲဒီအချိန်ကျရင် မျိုးရိုးဗီဇမျိုးစေ့ ဖန်တီးပြီး မျိုးရိုးဗီဇမျိုးစေ့ အစွမ်းပိုင်ရှင် ဖြစ်လာလိမ့်မယ်... အဲဒီအခါကျရင် ငါ ကွမ်ဖူကို တစ်ခေါက်လောက် သွားကြည့်ရမယ်"
လင်းယွမ်က စိတ်ထဲမှ ဆုံးဖြတ်ချက်ချလိုက်ပြီး သူ၏ ကိုယ်ခန္ဓာက လှုပ်ရှားသွားကာ ရွှေနက်မျောက်ဝံကြီး၏ အနီးသို့ ရောက်ရှိသွားသည်။
ငါးနှင့် ပုစွန် အမြောက်အမြားကို ကျွေးမွေးလိုက်ပြီးနောက်မှသာ ၎င်း၏ နာကြည်းနေသော စိတ်ခံစားချက်များကို နှစ်သိမ့်ပေးနိုင်ခဲ့သည်။
ခိုလှုံရေးစခန်းသို့ ပြန်ရောက်လာသောအခါ တင်းယန်က လင်းယွမ်ထံသို့ ကိုယ်တိုင် ရောက်ရှိလာခဲ့သည်။
"လင်းယွမ်... ကျွန်မ ခုတလော ဘယ်လောက်ပဲ စွမ်းအင် ကျင့်စဉ်ကို လေ့ကျင့်လေ့ကျင့် အစွမ်းတွေ ထပ်မတိုးလာတော့ဘူးလို့ ခံစားနေရတယ်"
"ပြီးတော့ ကျွန်မ ခေါင်းထဲမှာ တစ်ခုခု ပိုလာသလိုပဲ... ရှင် ပြောခဲ့တဲ့ မျိုးရိုးဗီဇ အမွေအနှစ် အချက်အလက်တွေလားတော့ မသိဘူး"
"ကျွန်မရဲ့ အခု အဓိက အရေအသွေး အခြေအနေကို နည်းနည်းလောက် ကြည့်ပေးပါဦး"
လင်းယွမ်က ကြားလိုက်ရသောအခါ ချက်ချင်း ပြောလိုက်သည်။ "ငါ ကြည့်ပေးမယ်"
သူက စွမ်းအင်တိုင်းမျက်မှန်ကို ထုတ်ယူကာ တင်းယန်ကို ကြည့်လိုက်သည်။
မကြာမီမှာပင် စွမ်းအင်တိုင်းမျက်မှန်မှ ကိန်းဂဏန်းများ ထွက်ပေါ်လာရာ လင်းယွမ်က ပြုံးလိုက်သည်။
တင်းယန်က ချက်ချင်း စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။ "ဘယ်လိုနေလဲ"
"ဂုဏ်ယူပါတယ်... နင် အမှတ် ၅၀ ပြည့်သွားပြီ"
တင်းယန်က ချက်ချင်း ဝမ်းသာသွားပြီး သူမ၏ တစ်ကိုယ်လုံး သက်ပြင်းချလိုက်နိုင်ကာ မနေနိုင်ဘဲ ဆက်မေးလိုက်သည်။ "ကျွန်မရဲ့ အဓိက အရေအသွေးက ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ ဒုတိယ အရေအသွေးက စိတ်စွမ်းအင်ဆိုတော့... ရှင် ပြောသလိုဆိုရင် မျိုးရိုးဗီဇမျိုးစေ့ကို ဖန်တီးမီးဖို့အတွက် ခန္ဓာကိုယ်ကြံ့ခိုင်မှု အမျိုးအစား သန္ဓေပြောင်း သတ္တဝါတွေကို သွားသတ်ရမှာလား"
လင်းယွမ်က ခေါင်းဆတ်လိုက်သည်။ "ဟုတ်တယ်... ဒီလိုလုပ်... နောက်ရက် သုံးလေးရက်နေရင် ငါ အပြင်သွားစရာ ရှိတယ်... အဲဒီအချိန်ကျရင် နင် ငါနဲ့ အတူတူ လိုက်ခဲ့... ငါတို့ ဒီလိုမျိုး သန္ဓေပြောင်း သတ္တဝါတွေ ရှိမရှိ သွားရှာကြတာပေါ့"
တင်းယန်က ချက်ချင်း ပြုံးလိုက်သည်။ "ကောင်းပြီလေ"
လင်းယွမ်က တင်းယန် ရရှိခဲ့သော မှတ်ဉာဏ် အမွေအနှစ် အကြောင်းအရာများကို ထပ်မံ မေးမြန်းလိုက်သည်။
တင်းယန်ကလည်း အမှန်အတိုင်း ပြောပြလိုက်သည်။
၎င်းက မျိုးရိုးဗီဇမျိုးစေ့ ဖော်စပ်သည့် အမွေအနှစ် တစ်မျိုးဖြစ်ပြီး မျိုးရိုးဗီဇအတွင်း၌ မည်သည့် မျိုးရိုးဗီဇမျိုးစေ့ အမျိုးအစား လိုအပ်ကြောင်း အချက်အလက်များ ပါဝင်နေပေသည်။
၎င်းက တင်းယန်အတွက် အနာဂတ် စူးစမ်းရှာဖွေရေး ခရီးစဉ်များတွင် သန္ဓေပြောင်း သတ္တဝါများကို သူမ လိုအပ်သော အမျိုးအစား ဟုတ်မဟုတ် ပထမဆုံး အချိန်မှာပင် ခွဲခြားသိမြင်နိုင်စေမည် ဖြစ်သည်။
သူတို့နှစ်ယောက် စကားပြောနေစဉ်မှာပင် ကျိဖုန်းက အလျင်စလို ရောက်ရှိလာခဲ့သည်။
"ဆရာလင်း... ဒုက္ခပါပဲ... ပြဿနာ တက်ပြီ"
ဆက်ရန်...