အခန်း (၇၃၉-၇၄၁)
Vol. 50 Ch. 739-741
အခန်း (၇၃၉) - မဟာမိတ် ဖွဲ့မလား (အပိုင်း ၃)
~"ဒီကောင်လေးကို သေချာပေါက် ပညာပေးမှ ရမယ်"
ချီခယ်ချင်း ကိုယ်တိုင်လည်း အနည်းငယ် စိတ်ဓာတ်ကျသွားသော်လည်း၊ သူမက ချက်ချင်းပင် စိတ်ကို ပြန်လည် အားတင်းကာ လူအုပ်ကြီးကို ပြောလိုက်၏။
"ထားလိုက်ပါတော့... သဘောတူညီမှု မရတာကလည်း သာမန် ကိစ္စတစ်ခုပါပဲ။ ကျွန်မတို့ ဆုံမှတ် ကို ရှာဖို့ပဲ အာရုံစိုက်ကြတာပေါ့"
ထိုစကားကို ကြားလိုက်ရသောအခါ စစ်ခုန်လန် မှာ အလွန်တရာ နေရခက်သွားတော့သည်။
'ကျစ်... အရင်တုန်းက ငါ စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း စစ်တပ်ကို ဦးဆောင်ပြီး သူမဆီ လာပူးပေါင်းတုန်းကကျတော့... သူက ငါ့စစ်တပ်ကို ဖျက်သိမ်းပြီး သူ့စစ်တပ်ထဲ ဝင်ရမယ်ဆိုပြီး အရမ်းကို အာဏာပြခဲ့တာ။ အခု နင်ချီ နဲ့ တွေ့တော့မှ သူက ဘာလို့ ဒီလောက်တောင် သတ္တိကြောင်သွားရတာလဲ'
စစ်ခုန်လန် သည် ချီခယ်ချင်း ၏ စစ်တပ်ထဲမှ ခွဲထွက်ရန် ချက်ချင်း စဉ်းစားလိုက်၏။
မည်သို့ပင်ဆိုစေ ဤအခြေအနေအတိုင်း ဆက်သွားနေမည် ဆိုပါက သူသည် ချီခယ်ချင်း ကို အသုံးချ၍ နင်ချီ ကို ရင်ဆိုင်နိုင်မည့် အခွင့်အရေး ရှိတော့မည် မဟုတ်ချေ။
စစ်ခုန်လန် သည် ယခင်က ဖူယောင် နယ်မြေ မှ လူများ၏ (၃၀) ရာခိုင်နှုန်းကို ဦးဆောင်ခဲ့သူ ဖြစ်၏။ အကယ်၍ သူက ချီခယ်ချင်း ထံမှ ခွဲမထွက်ခဲ့လျှင် နောက်ပိုင်း ဆုံမှတ်များကို သိမ်းပိုက်ရာတွင် သူ ဘယ်လောက်တောင် အကျိုးအမြတ် ရနိုင်တော့မည်နည်း။
ထိုအချက်ကို တွေးမိလိုက်သောအခါ စစ်ခုန်လန် က ဆုံးဖြတ်ချက် တစ်ခု ချလိုက်သည်။ သူတို့ နင်ချီ ၏ အာရုံခံနိုင်စွမ်း အကွာအဝေးမှ လွတ်ကင်းသွားသည်နှင့် တစ်ပြိုင်နက် သူ၏ လူများကို ဦးဆောင်ကာ ချက်ချင်း ထွက်ခွာသွားမည်ဟု စိတ်ပိုင်းဖြတ်လိုက်၏။
ပထမအချက် အနေဖြင့် သူ ကိုယ်တိုင် ဆုံမှတ် တစ်ခုကို သိမ်းပိုက်နိုင်ခဲ့လျှင် ပိုမိုများပြားသော အကျိုးအမြတ်များကို ရရှိနိုင်မည် ဖြစ်၏။
ဒုတိယအချက် အနေဖြင့် သူသည် အခြားသူများကို အသုံးချကာ နင်ချီ ကို ရှင်းလင်းရန် အခွင့်အရေးများကို ရှာဖွေလိုသေးသည်။
အကယ်၍ ချီခယ်ချင်း ထံမှ ထိုအခွင့်အရေးကို မရနိုင်ဘူး ဆိုလျှင်တောင် လန်ယာ နယ်မြေ မှ ကျင့်ကြံသူများ ရှိနေသေးသည် မဟုတ်ပါလော။ သူတို့နဲ့မှ အဆင်မပြေဘူး ဆိုလျှင်တောင် ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူများ ရှိနေသေး၏။
နင်ချီ ကို သေတွင်းပို့ရန် နည်းလမ်း မရှာနိုင်ဘူး ဆိုတာကို စစ်ခုန်လန် လုံးဝ မယုံကြည်ပေ။
နင်ချီ ၏ တိုးတက်မှု အရှိန်အဟုန်မှာ အလွန်တရာ မြန်ဆန်လွန်းလှသည်။ အကယ်၍ သူသာ ဆက်လက် ကြီးထွားလာမည် ဆိုပါက ဘိုးဘေးကြီး ကိုယ်တိုင် ရောက်လာလျှင်တောင်မှ နင်ချီ ကို ဒုက္ခပေးနိုင်စွမ်း ရှိပါဦးမည်လား ဆိုသည်ကို စစ်ခုန်လန် မခန့်မှန်းနိုင်တော့ချေ။
...
ချီခယ်ချင်း ဦးဆောင်သော ရှေ့ပြေးတပ်ဖွဲ့သည် ပင်မ စစ်တပ်ကြီးနှင့် ပြန်လည် ပူးပေါင်းတော့မည့် အချိန်မှာပင်...
နင်ချီ သည် သူ ဆောင်ထားသော ဆက်သွယ်ရေး ကျောက်စိမ်းပြား ထံမှ တုန်ခါမှု တစ်ခုကို ခံစားလိုက်ရသည်။
သူက ချက်ချင်း ထုတ်ယူ၍ သတင်းစကားများကို ဖတ်ကြည့်လိုက်ရာ သတင်း နှစ်စောင် ဝင်နေကြောင်း တွေ့လိုက်ရ၏။
ပထမ သတင်းမှာ - "ကိုးလေး... နောက်ဆုံးတော့ တောင်နဲ့ ပင်လယ် ကမ္ဘာ ထဲမှာ မင်းနဲ့ ပြန်ဆုံရပြီပေါ့ကွာ"
ပေးပို့သူ - တာအိုဆရာ လုံရှန်း
ဒုတိယ သတင်းမှာ - "ဂျူနီယာမောင်လေး...ငါနဲ့ ဆရာက ဖူယောင် နယ်မြေ စစ်တပ်ကြီးထဲမှာ ရောက်နေတာ... ငါတို့ ဘယ်တော့လောက် တွေ့ကြမလဲ... အရင်တစ်ခေါက်က နင်.. ကတိပေးထားတဲ့ သေရည်ကိုတော့ မမေ့နဲ့နော်"
ပေးပို့သူ - ယဲ့ချင်းဟယ်
မိတ်ဟောင်းဆွေဟောင်းများထံမှ သတင်းစကားများကို မြင်လိုက်ရသောအခါ နင်ချီ ၏ မျက်နှာပေါ်တွင် ခပ်ပြုံးပြုံး အမူအရာလေး တစ်ခု အလိုအလျောက် ပေါ်လာတော့သည်။
သူက ဖူယောင် နယ်မြေ စစ်တပ်ကြီး ရှိရာဘက်သို့ အကြည့်ပို့လွှတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် သူ၏ ဝိညာဉ်အာရုံကို ဖြန့်ကျက်ကာ ထိုစစ်တပ်ကြီးထဲတွင် ရှာဖွေကြည့်လိုက်ရာ၊ မကြာမီမှာပင် ထိုနှစ်ဦး၏ ပုံရိပ်များကို ရှာတွေ့သွား၏။
ဤအခိုက်အတန့်တွင် ထိုနှစ်ဦးကလည်း နင်ချီ ကို သူတို့၏ ဝိညာဉ်အာရုံများဖြင့် လှမ်း၍ ရှာဖွေနေပုံ ရ၏။
သူတို့ သုံးဦး၏ အာရုံခံမှုများ လေထဲတွင် ဆုံတွေ့သွားကြသောအခါ သူတို့၏ ရင်တွင်း၌ လှိုက်မောဖွယ် ခံစားချက်များ တဟုန်ထိုး မြင့်တက်လာကြတော့သည်။
သို့သော် သူတို့ သုံးဦးစလုံး၏ မျက်နှာသွင်ပြင်များကမူ လုံးဝ ပြောင်းလဲသွားခြင်း မရှိဘဲ အခြားသူများ ရိပ်မိသွားစေမည့် မည်သည့် အရိပ်အယောင်မျှ မပြသခဲ့ကြချေ။
နင်ချီ က သူတို့ တစ်ယောက်စီထံသို့ ပြန်စာ ပို့လိုက်သည်။
"ဆရာ... ဆရာက အရမ်းကို ခန့်ညားလာတာပဲဗျာ။ နောက်ရက်အနည်းငယ် နေရင် တာအိုဆရာ ပိုင်ရှန်နဲ့ ကျွမ်းချန် တို့ကို ခေါ်ပြီး ဆရာ့ဆီ လာခဲ့ပါ့မယ်"
"စီနီယာအစ်မကြီး... ကျွန်တော်တို့ တွေ့ရမယ့်နေ့က သိပ်မဝေးတော့ပါဘူး။ အစ်မ အတွက် သေရည်ကို ကျွန်တော် ကြိုတင် ပြင်ဆင်ထားပြီးပါပြီ"
နင်ချီ ၏ ပြန်စာများကို ရရှိလိုက်သောအခါ တာအိုဆရာ လုံရှန်း နှင့် ယဲ့ချင်းဟယ် တို့က တစ်ယောက်ကို တစ်ယောက် မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီး သူတို့၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများ အထင်အရှား ပေါ်လွင်နေတော့၏။
နင်ချီ သည် မည်သည့်အခါကမျှ လေလုံးမိုးလုံးကြီး မပြောတတ်ချေ။ သူက သိပ်မကြာတော့ဘူးဟု ပြောလျှင် အမှန်တကယ်ပင် သိပ်မကြာတော့ကြောင်း သေချာလှပေသည်။
သူတို့က နောက်ထပ် ပြန်စာများ ထပ်ပို့လိုက်ကြပြန်၏။
"ကိုးလေး... စိမ်းပြာ နက်ရှိုင်း အင်မော်တယ်ဂိုဏ်း က မင်းအပေါ် ရန်ငြိုးထားနေပုံ ရတယ်။ မင်းက သူတို့ကို ဂရုစိုက်မှာ မဟုတ်ဘူး ဆိုတာ ငါ သိပေမဲ့လည်း မင်းအတွက် ငါ စောင့်ကြည့်ပေးထားပါ့မယ်"
"ကိုးလေး... နင်က တကယ် တော်လွန်းပါတယ်။ နောက်တစ်ခါ ငါတို့ တွေ့တဲ့အခါကျရင် ငါနဲ့ ဆရာက နက်ရှိုင်းသော မိန်းမပျို ဂိုဏ်း က လူတွေကို ဦးဆောင်ပြီး နင့်ဆီ တိုက်ရိုက် လာပူးပေါင်းမယ်လေ... အမှောင်ထဲကနေ အလင်းဆီကို ကူးပြောင်းလာတယ်လို့ပဲ သဘောထားလိုက်ပါတော့"
သူတို့ သုံးဦးသည် မရေမတွက်နိုင်သော သတင်းစကားများကို အပြန်အလှန် ဖလှယ်ခဲ့ကြပြီး၊ အစစ်အမှန်သိုင်း ကမ္ဘာ တွင် အတူရှိခဲ့စဉ်က ရရှိခဲ့သော ပျော်ရွှင်မှုများကို တစ်ဖန် ပြန်လည် ခံစားလိုက်ကြရသည်။
...
နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးသည် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ကို ဆင့်ခေါ်သည့် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။
ကောင်းကင်ကြယ် နှင့် မြေကမ္ဘာကြယ် တို့က တစ်ခုနှင့်တစ်ခု ထိပ်တိုက် ရင်ဆိုင်နေကြပြီး ဤနေရာရှိ အခြားသော စွမ်းအင် အားလုံးကို ယင်ယန် အပြန်အလှန် ချေဖျက်သည့် အဆင့်အထိ ဖိနှိပ်ထားလိုက်ကြသည်။
ဤတစ်ကြိမ်တွင်မူ နင်ချီ က လုံးဝ ဝင်ရောက် မစွက်ဖက်တော့ပေ။ သူတို့က ကိုယ်ပိုင် စွမ်းအားကိုသာ အားကိုး၍ ကျန်ရှိနေသော လုပ်ငန်းစဉ် အားလုံးကို အောင်မြင်စွာ ပြီးမြောက်ခဲ့ကြ၏။
ရုတ်တရက် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် က ဆင်းသက်လာပြီး ဆုလာဘ်များကို တစ်ဖန် ခွဲဝေပေးပြန်သည်။
ဤအရာမှာ ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူများ၏ လက်ထဲမှ လုယူခဲ့သော အလယ်အလတ်အဆင့် ဆုံမှတ် တစ်ခု ဖြစ်သည့်အပြင်၊ ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူ အများအပြားကို အနိုင်ယူနိုင်ခဲ့ခြင်းကြောင့် ဖြစ်၏။
ထို့ကြောင့် တောင်နှင့် ပင်လယ် ကမ္ဘာ့ဆန္ဒတော် ထံမှ ရရှိသော ဆုလာဘ်များမှာလည်း ပုံမှန်ထက် များစွာ ပိုမို များပြားနေခဲ့ပေသည်။
အလယ်အလတ်အဆင့် စည်းမျဉ်း အပိုင်းအစ (၁၃) ခု၊ အလွန်သေးငယ်သော စည်းမျဉ်း အပိုင်းအစ (၃၉) ခု။
တစ်ချိန်တည်းမှာပင် နယ်မြေအရှင်သခင် ဖြစ်သော နင်ချီ ကိုလည်း ကမ္ဘာ့စွမ်းအား (၂၀) မျှင် တိတ်တဆိတ် ချီးမြှင့်လိုက်၏။
မီးလျှံငှက် အင်မော်တယ်ဂိုဏ်း ထံမှ ရရှိခဲ့သော အရင်းအမြစ် အမျိုးမျိုးနှင့် ပေါင်းစပ်လိုက်သောအခါ နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးသည် ကြီးမားလှသော အကျိုးအမြတ်ကြီး တစ်ခုကို ထပ်မံ ရရှိသွားခဲ့ပြန်သည်။
အရာအားလုံး ပြီးစီးသွားသောအခါ နင်ချီ က ဝိညာဉ်ရှာဖွေရေး သံလိုက်အိမ်မြှောင် ကို ထုတ်ယူလိုက်ပြီး စစ်တပ်ကြီးကို ဦးဆောင်ကာ နောက်ထပ် ဆုံမှတ် ဆီသို့ ချီတက်သွား၏။
နောက်ထပ် ဆုံမှတ် မှာ ဤနေရာမှ လီတစ်သောင်းကျော် ကွာဝေးသော အရှေ့မြောက် အရပ်တွင် တည်ရှိပေသည်။
နင်ချီ က ရှေ့ဆုံးမှ ဦးဆောင်ပျံသန်းနေရင်း ယခင် ဆုံမှတ် မှ ရရှိခဲ့သော အချက်အလက်များကို အသေအချာ ခွဲခြမ်းစိတ်ဖြာ လေ့လာလိုက်ပြီး၊ ဝိညာဉ်ရှာဖွေရေး သံလိုက်အိမ်မြှောင် ကို အနည်းငယ် ပြုပြင်မွမ်းမံကာ ပိုမို တိကျလာစေရန် ဖန်တီးလိုက်၏။
ယခုအခါ နင်ချီ တွင် အသေးစား ဆုံမှတ် များ၊ အလယ်အလတ်အဆင့် ဆုံမှတ် များနှင့် ရန်သူ့နယ်မြေ တစ်ဝက် များ၏ အချက်အလက်များ ရှိနေပြီ ဖြစ်ရာ၊ ထိုအရာများကို စုစည်းကာ ဝိညာဉ်ရှာဖွေရေး သံလိုက်အိမ်မြှောင် ထဲသို့ အပြည့်အဝ ပေါင်းစပ် ထည့်သွင်းလိုက်သည်။
ထို့ကြောင့် ဝိညာဉ်ရှာဖွေရေး သံလိုက်အိမ်မြှောင် သည် ၎င်းထောက်လှမ်းတွေ့ရှိသော ဆုံမှတ် များမှာ အသေးစားလား၊ အလယ်အလတ်အဆင့်လား ဆိုသည်ကို ခွဲခြား သိမြင်နိုင်လာခဲ့ပြီ ဖြစ်၏။
ကြီးမားသော ဆုံမှတ် တစ်ခုကိုသာ ရှာတွေ့သွားမည် ဆိုပါက နင်ချီ အနေဖြင့် ဝိညာဉ်ရှာဖွေရေး သံလိုက်အိမ်မြှောင် ၏ လုပ်ဆောင်ချက်များကို အပြည့်အဝ ပြည့်စုံ ကောင်းမွန်အောင် ဖန်တီးနိုင်တော့မည် ဖြစ်၏။
သူက ဝိညာဉ်ရှာဖွေရေး သံလိုက်အိမ်မြှောင် ထဲသို့ ဝိညာဉ်ချီ များကို ထပ်မံ သွင်းနှံလိုက်ရာ၊ ၎င်းအပေါ်ရှိ အပ်တံလေးက လှုပ်ခါသွားပြီး နောက်ဆုံးတွင် အရှေ့မြောက် အရပ်ဆီသို့ တည့်မတ်စွာ ညွှန်ပြသွားတော့သည်။
ဤတစ်ကြိမ်မှာ ယခင်နှင့် မတူတော့ချေ။ ယခင်က အရှေ့မြောက်ဘက်သို့ ညွှန်ပြစဉ်က အပ်တံလေးမှာ ယိမ်းယိုင်ကာ မရေမရာ ဖြစ်နေခဲ့သော်လည်း၊ ယခုတစ်ကြိမ်တွင်မူ လုံးဝ တိကျ သေချာသွားခဲ့ပြီ ဖြစ်၏။
နင်ချီ က သံလိုက်အိမ်မြှောင်ကို တစ်ချက် ငုံ့ကြည့်လိုက်ရာ မကြာသေးမီကမှ အသစ် ထည့်သွင်းထားသော ဆုံမှတ် ၏ အရွယ်အစားကို ခွဲခြားသည့် လုပ်ဆောင်ချက်မှာ အလုပ်မလုပ်ကြောင်း သတိပြုမိလိုက်၏။
ဆိုလိုသည်မှာ ၎င်းညွှန်ပြနေသော ဆုံမှတ် အသစ်မှာ သေချာပေါက် ကြီးမားသော ဆုံမှတ် တစ်ခု ဖြစ်ရပေမည်။ အကြောင်းမူကား သူသည် ကြီးမားသော ဆုံမှတ် များ၏ အချက်အလက်များကို သံလိုက်အိမ်မြှောင်ထဲသို့ မထည့်သွင်းရသေးသောကြောင့်ပင်။
"တပ်ဖွဲ့အားလုံး အရှိန်မြှင့်ကြ... နောက်ထပ် ဆုံမှတ် က အကြီးစား ဆုံမှတ် တစ်ခုပဲ"
ထိုစကားကို ကြားလိုက်ရသောအခါ နက်ရှိုင်းသော သစ္စာတရား နယ်မြေ မှ ကျင့်ကြံသူ အားလုံးမှာ တပြိုင်နက်တည်း တုန်လှုပ် သွားကြပြီး၊ သူတို့၏ ပျံသန်းမှု အရှိန်ကို ချက်ချင်းပင် (၃၀) ရာခိုင်နှုန်းခန့် မြှင့်တင်လိုက်ကြ၏။
တိုက်ဆိုင်စွာပင် ချီခယ်ချင်း ဦးဆောင်သော ဖူယောင် နယ်မြေ စစ်တပ်ကြီးသည်လည်း အရှေ့မြောက် အရပ်ဆီသို့ ဦးတည် ချီတက်နေကြခြင်း ဖြစ်ပေသည်။
နင်ချီ နှင့် သူ၏ စစ်တပ်ကြီး အနောက်မှ ဒရောသောပါး လိုက်ပါလာသည်ကို မြင်လိုက်ရသောအခါ ချီခယ်ချင်း နှင့် သူမ၏ အဖွဲ့မှာ ချက်ချင်းပင် ရပ်တန့်သွားကြတော့သည်။
အခန်း (၇၄၀) - မဟာမိတ် ဖွဲ့မလား (အပိုင်း ၄)
~ထိုလူအုပ်ကြီးထဲတွင် နင်ချီက ချီခယ်ချင်း၏ အကြံပြုချက်ကို ငြင်းပယ်ခဲ့မိသည့်အတွက် နောင်တရကာ ပြန်လည် ဆွေးနွေးရန် လာရောက်ခြင်း ဖြစ်မည်ဟု ထင်မှတ်နေသူများ အများအပြား ရှိနေသေးသည်။
သို့သော် မကြာမီမှာပင် နင်ချီက သူတို့အနီးသို့ ရောက်ရှိလာသော်ငြားလည်း သူတို့ကို လုံးဝ အရေးမစိုက်ဘဲ ကျော်သွားသည်ကို တွေ့လိုက်ရ၏။
ထို့နောက် နင်ချီက နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးကို ယုံကြည်မှု အပြည့်ဖြင့် ဦးဆောင်ကာ သူတို့အနီးမှနေ၍ တိကျသော အရပ်မျက်နှာ တစ်ခုဆီသို့ တန်းတန်းမတ်မတ် ချီတက်သွားသည်ကို မြင်တွေ့လိုက်ကြရ၏။
လူအများအပြားမှာ နင်ချီ၏ မောက်မာသော အပြုအမူကြောင့် မကျေမနပ် ဖြစ်သွားကြသော်လည်း၊ ပိုမို ဉာဏ်ရည်ထက်မြက်သူများကမူ ထိုလုပ်ရပ်၏ နောက်ကွယ်ရှိ လျှို့ဝှက်ချက်ကို ရိပ်မိသွားကြသည်။
"စီနီယာအစ်မကြီး ချီ... နင်ချီဆီမှာ ဆုံမှတ်တွေရဲ့ နေရာကို ရှာဖွေ ထောက်လှမ်းနိုင်တဲ့ အိမ်မြှောင် တစ်ခု ရှိနေပုံရတယ်" ဟု လူတစ်ယောက်က ရုတ်တရက် ပြောလိုက်သည်။
နင်ချီကို မကျေမနပ် ဖြစ်နေသူ တစ်ဦးက ချက်ချင်း ဝင်ထောက်လိုက်၏။
"နင်ချီက ငါတို့ကို လမ်းမှားအောင် တမင် သက်သက် ဟန်ဆောင်ပြနေတာ မဟုတ်ဘူးလို့ မင်း သေချာလို့လား"
နောက်ထပ် လူတစ်ဦးကလည်း သံသယဖြင့် မေးခွန်းထုတ်လာသည်။
"ဒီစစ်မြေပြင်နယ်မြေ ထဲမှာ စွမ်းအင် သုံးမျိုးက ဖရိုဖရဲ ရောနှောနေတာလေ။ နေရာတိုင်းကလည်း တစ်ခုနဲ့တစ်ခု မတူဘူး။ ဒီလို အခြေအနေမျိုးမှာ အဲဒီလောက်အထိ တိကျအောင် ထောက်လှမ်းနိုင်တဲ့ အိမ်မြှောင်မျိုး တကယ်ပဲ ရှိနိုင်ပါ့မလား"
စစ်ခုန်လန်ကမူ ဘာမှ ဝင်မပြောသော်လည်း ထိုအချက်ကို သူ၏ ရင်တွင်း၌ သေချာစွာ မှတ်သားထားလိုက်၏။
'အကယ်လို့ နင်ချီ ရဲ့ အိမ်မြှောင်က ဆုံမှတ် တွေကို တကယ်ပဲ ရှာဖွေနိုင်စွမ်း ရှိတယ် ဆိုရင်... ငါက ဒီအချက်ကို အသုံးချပြီး နင်ချီ ကို သီးသန့် ပစ်မှတ်ထားမယ့် ထောင်ချောက် တစ်ခု ဆင်လို့ ရနိုင်မလား...'
ချီခယ်ချင်းက ရှေ့မှနေ၍ အနည်းငယ်မျှ မယိမ်းယိုင်ဘဲ ယုံကြည်မှု အပြည့်ဖြင့် ပျံသန်းသွားသော နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးကို ကြည့်ရင်း မျက်မှောင် အနည်းငယ် ကြုတ်သွား၏။
"အမှန်တရားကို သိချင်ရင်တော့... သူတို့နောက်ကို လိုက်သွားကြည့်တာက အကောင်းဆုံးပဲ မဟုတ်လား"
ထိုစကားကို ကြားလိုက်ရသောအခါ လူအများအပြားက ချက်ချင်း ခေါင်းညိတ် ထောက်ခံလိုက်ကြသော်လည်း၊ အချို့ကမူ နင်ချီ၏ နောက်သို့ လိုက်နေရခြင်းမှာ အချိန်ဖြုန်းရာ ကျသည်ဟု ယူဆနေကြသေးသည်။
ချီခယ်ချင်းက ဆက်ပြောလိုက်၏။
"သူ့ရဲ့ အိမ်မြှောင်က ဆုံမှတ်တွေကို တကယ် ရှာနိုင်၊ မရှာနိုင် ဆိုတာကို သေချာအောင် ကျွန်မတို့ စုံစမ်းရမယ်။ အချိန်နည်းနည်း ကုန်သွားရင်တောင် တန်ပါတယ်။ အကယ်လို့ တကယ်ပဲ ရှာနိုင်တယ်ဆိုရင် ဘယ်လိုပဲဖြစ်ဖြစ် နင်ချီဆီကနေ အဲဒီ အိမ်မြှောင် တစ်ခုကို ဝယ်ယူရမယ်"
ဤတစ်ကြိမ်တွင်မူ မည်သူကမျှ မကန့်ကွက်တော့ဘဲ ချီခယ်ချင်း၏ စကားကို အားလုံး သဘောတူလိုက်ကြ၏။
သို့ဖြစ်၍ သူတို့သည် အမှန်တရားကို သိရှိနိုင်ရန်အတွက် ရှေ့မှ နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီး၏ နောက်မှ တိတ်တဆိတ် လိုက်ပါသွားကြတော့သည်။
စစ်ခုန်လန်သည် အစပိုင်းက ချီခယ်ချင်း၏ အုပ်စုမှ ခွဲထွက်ရန် ရည်ရွယ်ထားခဲ့သော်လည်း ယခုအခါ လောလောဆယ် မထွက်ခွာသေးဘဲ သတင်းအချက်အလက် အရင် စုဆောင်းရန် ဆုံးဖြတ်လိုက်၏။
သူတို့၏ လုပ်ရပ်များကို နင်ချီနှင့် အခြားသူများက သဘာဝကျကျပင် သတိပြုမိသွားကြ၏။
ဓားဘိုးဘေးကြီးက မေးလိုက်သည်။
"ကိုးလေး... သူတို့က ငါတို့နောက်က လိုက်လာပြီး ဘာလုပ်မလို့လဲ"
နင်ချီက တာအိုဆရာ လုံရှန်းထံမှ သတင်းစကား ရရှိထားပြီး ဖြစ်ရာ ချီခယ်ချင်း၏ အတွေးများကို ကောင်းကောင်း သိထား၏။
"ချီခယ်ချင်းက ကျွန်တော့် လက်ထဲက အိမ်မြှောင်ကို မြင်သွားပြီး တစ်ခုခုကို စမ်းသပ်ချင်နေတာပါ" ဟု ပြန်ဖြေလိုက်၏။
ဓားဘိုးဘေးကြီးနှင့် နက်ရှိုင်းသော သစ္စာတရား နယ်မြေ မှ လူများ ချက်ချင်း သဘောပေါက်သွားကြသည်။
ဓားဘိုးဘေးကြီးက ဟားတိုက်လိုက်ပြီး
"ဒါဆိုလည်း သူတို့ကို ငါတို့နောက်က သက်တော်စောင့် အဖြစ် လိုက်ခွင့် ပြုထားလိုက်ပေါ့။ လမ်းမှာ ကျယ်ပြန့်တဲ့ ကမ္ဘာက ကျင့်ကြံသူတွေနဲ့ တွေ့ရင် သူတို့ရဲ့ အင်အားကို အသုံးချလို့ ရတာပေါ့။ သူတို့က မင်းရဲ့ အိမ်မြှောင်ကို လိုချင်လာတဲ့အခါ ဈေးကြီးကြီးနဲ့ ရောင်းလိုက်... သူတို့ လိုလိုလားလား ဝယ်ကြမှာပါ"
အခြားသူများလည်း မနေနိုင်ဘဲ အသံထွက် ဟားတိုက်လိုက်ကြ၏။
ချီခယ်ချင်းတို့ နောက်မှ လိုက်ပါလာခြင်းကို နင်ချီ သိပ်ဂရုမစိုက်ပေ။ တကယ်တမ်း ဆိုရလျှင် သူမက သူ့ကို တိုက်ရိုက် လာမေးမည် ဆိုပါက သူ ရှင်းပြဖို့ ဝန်လေးမည် မဟုတ်ချေ။
သို့သော် တစ်ဖက်လူက မမေးဘဲ နေခြင်းမှာ သူ့အပေါ် လုံလောက်သော ယုံကြည်မှု မရှိသေးဘဲ ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ စမ်းသပ်လိုခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
နင်ချီက စစ်တပ်ကြီးကို ဦးဆောင်ကာ ပျံသန်းမှု အရှိန်ကို တစ်ဖန် မြှင့်တင်လိုက်၏။
ကျင့်ကြံသူ တစ်ယောက်အတွက် လီတစ်သောင်း ဆိုသော အကွာအဝေးမှာ ဝေးကွာသည်ဟု မဆိုသာပေ။ စစ်မြေပြင်နယ်မြေ အတွင်း၌ သူတို့၏ စွမ်းအားများ ဖိနှိပ်ခံထားရလျှင်ပင် ထိုအကွာအဝေးကို မိနစ်အနည်းငယ် အတွင်း ရောက်ရှိအောင် ပျံသန်းနိုင်စွမ်း ရှိပေသည်။
မိနစ်အနည်းငယ် ကြာပြီးနောက်...
ဖူယောင် နယ်မြေ စစ်တပ်ကြီးကို ဦးဆောင်လာသော ချီခယ်ချင်း သည် ရှေ့မှ နင်ချီနှင့် သူ၏ စစ်တပ်ကြီး ရုတ်တရက် ရပ်တန့်သွားသည်ကို သတိပြုမိလိုက်၏။
လမ်းတစ်လျှောက်လုံးတွင် သူမက ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း မှ အခင်းအကျင်း ပညာရပ်တွင် အကျွမ်းကျင်ဆုံးသော ကျင့်ကြံသူများကို နင်ချီ၏ နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီး၏ ဖွဲ့စည်းပုံကို အကဲခတ် လေ့လာခိုင်းခဲ့ပါသည်။
အမှန်တကယ်တော့ လေ့လာစရာပင် မလိုလောက်အောင် ထင်ရှားလှပေသည်။ သို့သော် လေ့လာပြီးနောက် ထိုကျင့်ကြံသူများက သူမကို ကြောက်မက်ဖွယ်ကောင်းသော အဖြေတစ်ခု ပြန်လည် ပေးအပ်ခဲ့၏။
"စီနီယာအစ်မကြီး ချီ... နက်ရှိုင်းသော သစ္စာတရား နယ်မြေ က ကျင့်ကြံသူတွေရဲ့ အခင်းအကျင်း ဖွဲ့စည်းပုံက အရမ်းကို စနစ်ကျလွန်းတယ်။ ကျွန်တော် သူတို့ရဲ့ မဟာ အခင်းအကျင်းကြီး ရဲ့ အကြမ်းဖျင်း ပုံစံလောက်ကိုပဲ နားလည်နိုင်စွမ်း ရှိတယ်။ အဲဒီအထဲမှာ ကျွန်တော် လေ့လာဖူးတဲ့ အခင်းအကျင်း တွေ အများကြီး ပါဝင်နေပေမဲ့၊ အားလုံး ပေါင်းစပ်သွားတဲ့ အခါကျတော့ လုံးဝကို နားလည်လို့ မရတော့ဘူးဗျ"
ချီခယ်ချင်း အလွန်တရာ အံ့အားသင့်သွားရသည်။
"သူတို့ရဲ့ အခင်းအကျင်းက အဲဒီလောက်တောင် ကောင်းနေတာလား"
ထိုသူက နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးကို မျက်တောင်မခတ်တမ်း ငေးကြည့်နေပြီး သူ၏ မျက်လုံးများထဲတွင် အံ့သြချီးကျူးမှုများ အပြည့်အဝ တောက်ပနေလျက် ပြောပြလာ၏။
"ကောင်းတယ် ဆိုတာထက်ကို အများကြီး ပိုပါတယ်။ ဒီ အခင်းအကျင်းကို ဖန်တီးခဲ့တဲ့ သူက ကောင်းကင်ကိုတောင် အံတုနိုင်လောက်တဲ့ ပါရမီ ရှိတယ်။ သူက သူ့နောက်လိုက်တွေ အားလုံးရဲ့ ပူးပေါင်း ဆောင်ရွက်နိုင်စွမ်း၊ စစ်မြေပြင်နယ်မြေ ထဲက ပတ်ဝန်းကျင် အခြေအနေ အသေးစိတ်က အစ ရန်သူနဲ့ တွေ့တဲ့အခါ ဖြစ်လာနိုင်တဲ့ အခြေအနေ အားလုံးကို အသေးစိတ် တွက်ချက်ပြီး ထည့်သွင်း စဉ်းစားထားတာဗျ"
"ရဲရဲဝံ့ဝံ့ ပြောရရင်... ကျွန်တော်တို့ ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း က အခင်းအကျင်း ပညာရပ်မှာ အကျွမ်းကျင်ဆုံး ဖြစ်တဲ့ သဟဇာတဖြစ်ခြင်း နယ်ပယ် ဘိုးဘေးကြီး တွေနဲ့ ဖူယောင် နယ်မြေ ထဲက အခင်းအကျင်း ကျင့်ကြံသူတွေ အားလုံး ပေါင်းလိုက်ရင်တောင်မှ ဒီ အခင်းအကျင်း ရဲ့ စွမ်းအား ၅ ပုံ ၃ ပုံ လောက်ကိုတောင် ဖော်ထုတ်နိုင်မှာ မဟုတ်ဘူး"
နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီး၏ အခင်းအကျင်းကို ဤမျှအထိ ချီးကျူး ပြောဆိုနေသည်ကို ကြားလိုက်ရသောအခါ လူအများအပြားက စစ်တပ်အတွင်းရှိ အခြားသော အခင်းအကျင်း ကျင့်ကြံသူများကို အကြည့်ပို့လွှတ်လိုက်ကြသည်။
သို့သော် နောက်ဆုံးတွင် သူတို့ ရရှိလိုက်သော အဖြေမှာ လုံးဝ တူညီနေခဲ့၏။
လူတိုင်းမှာ နောက်တစ်ကြိမ် သိမ့်သိမ့်ခါသွားအောင် လှုပ်ယမ်းခံလိုက်ရပြန်သည်။
သူတို့က ရှေ့သို့ မျှော်ကြည့်လိုက်သောအခါ နင်ချီ၏ စစ်တပ်ကြီးမှာ ဟင်းလင်းပြင်ထဲတွင် လေထဲသို့ ပျောက်ကွယ်သွားသကဲ့သို့ သူတို့ မျက်စိရှေ့မှောက်တွင်ပင် ရုတ်ချည်း ပျောက်ကွယ် သွားသည်ကို တွေ့လိုက်ကြရ၏။
ဤမြင်ကွင်းကို ကြည့်ရင်း လူတိုင်းမှာ ကျောချမ်းသွားကြပြီး သူတို့ အဖွဲ့ထဲရှိ အခင်းအကျင်း ကျင့်ကြံသူများ ပြောခဲ့သော စကားများမှာ အမှန်တကယ်ပင် မှန်ကန်နေကြောင်း နောက်ဆုံးတွင် သဘောပေါက်သွားကြတော့သည်။
အခန်း (၇၄၁) - ဘေးမှနေ၍ စောင့်ကြည့်ခြင်း
~ချီခယ်ချင်း ဦးဆောင်သော ဖူယောင် နယ်မြေ စစ်တပ်ကြီးသည် နင်ချီ နှင့် သူ၏ နောက်လိုက်များ သူတို့ မျက်စိရှေ့မှောက်တွင်ပင် ရုတ်ချည်း ပျောက်ကွယ်သွားသည်ကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရ၏။
သူတို့က ရှေ့ဘက်ရှိ လွတ်ဟာနေသော ဟင်းလင်းပြင်ကြီးကို ငေးကြည့်ရင်း သူတို့၏ ရင်တွင်း၌ မရေမတွက်နိုင်သော ခံစားချက်များက ရောထွေး ပြင်းထန်နေတော့သည်။
အထူးသဖြင့် ယခုလေးတင် နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီး၏ အခင်းအကျင်းကို သံသယဝင်ကာ မေးခွန်းထုတ်ခဲ့ကြသူများမှာ အလွန်တရာ အရှက်ကွဲသွားသလို ခံစားလိုက်ကြရ၏။
သူတို့က သူတို့၏ ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ပတ်ဝန်းကျင် တစ်ဝိုက်ကို အသေအချာ စူးစမ်း ထောက်အကြည့်ပို့လွှတ်ကြသော်လည်း မည်သည့်အရာကိုမျှ မတွေ့ရှိခဲ့ကြချေ။
အချိန်အတော်ကြာပြီးနောက်တွင်မှ လူတိုင်း သတိပြန်ဝင်လာကြပြီး အကူအညီမဲ့နေသော ခံစားချက်ဖြင့် သက်ပြင်းချလိုက်ကြ၏။
ထိုအထဲတွင် အစွမ်းအထက်ဆုံး ဖြစ်သော ချီခယ်ချင်း ပင်လျှင် နင်ချီ တို့ ဘယ်ရောက်သွားမှန်း အာရုံခံ၍ မရနိုင်ခဲ့သဖြင့် သူမက အခင်းအကျင်း ကျင့်ကြံသူကို မေးလိုက်သည်။
"သူတို့ ဘယ်နားမှာ ရှိနေလဲဆိုတာ မင်း အာရုံခံလို့ ရလား"
အခင်းအကျင်း ကျင့်ကြံသူက ခေါင်းခါပြလိုက်ပြီး
"စီနီယာအစ်မကြီး ချီ... ကျွန်တော် သူများကို အထင်ကြီးပြီး ပြောနေတာ မဟုတ်ပါဘူး... နင်ချီ ရဲ့ အခင်းအကျင်း ပညာရပ် ကျွမ်းကျင်မှုက ကျွန်တော်တို့ထက် အများကြီး သာလွန်လွန်းနေလို့ပါ။ သူတို့ရဲ့ အရိပ်အယောင်ကိုတောင် ကျွန်တော် လုံးဝ ရှာမတွေ့နိုင်ဘူးဗျ" ဟု ဖွင့်ဟဝန်ခံလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း နောက်တစ်ကြိမ် အံ့အားသင့် တုန်လှုပ်သွားကြပြန်သည်။
ဤမျှ ကြီးမားလှသော စစ်တပ်ကြီး တစ်ခုလုံး သူတို့ မျက်စိရှေ့တွင် အသံတိတ် ပျောက်ကွယ်သွားခြင်းက တစ်ပိုင်း ဖြစ်သော်လည်း၊ တစ်ဖက်လူ၏ အရိပ်အယောင် အနည်းငယ်ကိုမျှ သူတို့ လုံးဝ ထောက်လှမ်း၍ မရနိုင်ခြင်းက အနည်းငယ် ကြောက်စရာ ကောင်းမနေဘူးလော။
ကံကောင်းထောက်မစွာဖြင့် ထို အခင်းအကျင်း ကျင့်ကြံသူက သူတို့အတွက် မျှော်လင့်ချက် ရောင်ခြည်လေး တစ်ခုကို နောက်ဆုံးတွင် ပြသပေးခဲ့၏။
"ကျွန်တော်တို့ သူတို့ရဲ့ ခြေရာကို ရှာနေစရာ မလိုပါဘူး။ သူတို့ အရင်က သွားနေတဲ့ လမ်းကြောင်းအတိုင်း ဆက်ပြီး လိုက်သွားမယ် ဆိုရင် တစ်ခုခုတော့ တွေ့နိုင်မှာပါ"
လူအုပ်ကြီးထဲမှ အကြီးအကဲ တစ်ဦးက ဝင်ပြောလိုက်သည်။
"နင်ချီ က ငါတို့ကို လမ်းမှားအောင်.. တမင် သက်သက် လုပ်သွားတာ မဟုတ်ဘူးလို့.. မင်း ဘယ်လို လုပ် သိမှာလဲ။ အကယ်လို့ သူက ကိုယ်ယောင်ဖျောက်ပြီးတဲ့ အချိန်ကျမှ လမ်းကြောင်း ပြောင်းသွားရင်ကော ဘယ်လို လုပ်မလဲ"
အခင်းအကျင်း ကျင့်ကြံသူက နှာခေါင်းရှုံ့လိုက်ပြီး ထိုစကားကို အလွန် မကျေမနပ် ဖြစ်သွားပုံ ရ၏။
"အကြီးအကဲ လီ... ကျွန်တော် ပြောတဲ့ စကားက ရာခိုင်နှုန်းပြည့် မှန်ကန်တယ်လို့ အာမမခံနိုင်ပါဘူး။ ဒါပေမယ့် စီနီယာအစ်မကြီး ချီ က သူတို့ကို ဆက်ပြီး လိုက်ချင်သေးတယ် ဆိုရင်တော့... ရှေ့ကို ဆက်သွားတာက အဖြစ်နိုင်ဆုံး လမ်းကြောင်းပါပဲ"
သူက ချီခယ်ချင်း ကို အကြည့်ပို့လွှတ်လိုက်ပြီး ဆက်ပြောသည်။
"စီနီယာအစ်မကြီး ချီ... ကျွန်တော် ပြောစရာ ရှိတာ အကုန် ပြောပြီးပါပြီ။ ဒီနောက်ပိုင်း ဘာဆက်လုပ်မလဲ ဆိုတာကတော့ အစ်မကြီး အပေါ်မှာပဲ မူတည်ပါတယ်ဗျ"
စကားဆုံးသည်နှင့် အခင်းအကျင်း ကျင့်ကြံသူက သူ၏ မူလ နေရာသို့ ပြန်သွား၏။
သူ အသံထွက် မပြောခဲ့သော အချက်တစ်ခု ရှိသေးသည်။ ၎င်းမှာ နင်ချီ က သူတို့ နောက်မှ လိုက်ပါလာခြင်းကို လုံးဝ ဂရုမစိုက်ဘဲ အရပ်မျက်နှာ တစ်ခုဆီသို့ ပေါ်ပေါ်တင်တင် သွားနေခဲ့ခြင်း ဖြစ်၏။
သို့သော် ဤနေရာသို့ ရောက်သောအခါ နင်ချီ နှင့် သူ၏ နောက်လိုက်များက ရုတ်တရက် ပျောက်ကွယ်သွားကြ၏။
ဤအချက်က နင်ချီ သည် သူသွားလိုသော ပစ်မှတ် နေရာသို့ နီးကပ်လာပြီ ဖြစ်သောကြောင့် ရုတ်တရက် ကိုယ်ယောင်ဖျောက်သွားခြင်း ဖြစ်ကြောင်း အထင်အရှား ပြသနေပေသည်။
ချီခယ်ချင်း ကမူ ခပ်လှမ်းလှမ်းသို့ ငေးကြည့်ရင်း အတွေးပေါင်း မြောက်မြားစွာကို စဉ်းစား တွက်ချက်နေပြီး နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်၏။
"ရှေ့ကို ဆက်သွားကြမယ်"
နင်ချီ နှင့် စတင် ဆုံတွေ့ခဲ့ချိန်မှစ၍ နှစ်နာရီပင် မပြည့်သေးသော်ငြားလည်း၊ ဤလူငယ်လေး၏ ပတ်လည်တွင် အဆုံးအစမဲ့သော လျှို့ဝှက်ချက်များ လွှမ်းခြုံနေပြီး သူမကို အဆက်မပြတ် အံ့အားသင့်စေခဲ့သည်ဟု ချီခယ်ချင်း ခံစားနေရသည်။
နင်ချီ ၏ လက်ထဲရှိ အိမ်မြှောင်သည် ဆုံမှတ် ကို တကယ်ပဲ ရှာဖွေနိုင်စွမ်း ရှိမရှိ ဆိုသည်ကို သူမ သိချင်နေမိသည်။
သို့မဟုတ် ထိုထက်ပိုသော အရာများကို သူမ ဖော်ထုတ် သိရှိချင်နေခြင်းလည်း ဖြစ်နိုင်ပေသည်။ ထိုအကြောင်းပြချက်များကပင် ချီခယ်ချင်း ကို ရှေ့သို့ ဆက်လက် ချီတက်ရန် တွန်းအားပေးနေတော့သည်။
မကြာမီမှာပင် ရှေ့ဘက်ရှိ မြင်ကွင်းက ပြောင်းလဲသွား၏။
ကမ္ဘာ နှစ်ခု၏ ကမ္ဘာ့စွမ်းအားများ ပေါင်းစပ် ဖွဲ့စည်းထားသော စစ်မြေပြင်နယ်မြေ ၏ မြေမျက်နှာသွင်ပြင်မှာ ညီညာ ပြန့်ူးနေခြင်း မရှိသလို၊ အလွန် ထူးခြားသော ရှုခင်းများ ရှိနေသည်လည်း မဟုတ်ချေ။
သို့သော် ဤအခိုက်အတန့်တွင် ချီခယ်ချင်း က လီတစ်ရာခန့် အကွာအဝေး၌ အလွန်တရာ ထူးခြားသော နေရာတစ်ခု ရှိနေကြောင်း အာရုံခံမိလိုက်သည်။
ထိုဒေသရှိ ဝိညာဉ်ချီ များမှာ မြူခိုးများအလား သိပ်သည်း ထူထပ်နေပြီး၊ ခပ်လှမ်းလှမ်းမှ ကြည့်မည်ဆိုပါက ထိုဒေသ တစ်ခုလုံး မြူခိုးများ လွှမ်းခြုံနေကာ ကောင်းကင်နှင့် မြေကြီးကို ဆက်စပ်ပေးထားသကဲ့သို့ ထင်ရ၏။
သူမ၏ ဝိညာဉ်အာရုံဖြင့်ပင် ထိုအထဲကို ရှင်းလင်းစွာ မမြင်နိုင်ချေ။
ချီခယ်ချင်း က ချက်ချင်း ညွှန်ကြားလိုက်သည်။
"ရှေ့မှာ အကြီးစား ဆုံမှတ် တစ်ခု ရှိနေပုံရတယ်... သတိထားပြီး ဆက်သွားကြ"
ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်းက သူတို့၏ ကိုယ်ပိုင် အခင်းအကျင်းများကို ချက်ချင်း စတင် ဖွဲ့စည်းလိုက်ကြ၏။
သူတို့သည် နင်ချီ ကဲ့သို့ စစ်တပ်ကြီး တစ်ခုလုံးကို အပြည့်အဝ ကိုယ်ယောင်ဖျောက်နိုင်စွမ်း မရှိသော်ငြားလည်း၊ တစ်ဝက်တစ်ပျက် ကိုယ်ယောင်ဖျောက်သည့် အခြေအနေကိုတော့ ဖန်တီးနိုင်စွမ်း ရှိကြပေသည်။
တစ်ဝက်တစ်ပျက် ကိုယ်ယောင်ဖျောက်ခြင်း ဆိုသည်မှာ အဘယ်နည်း။ ၎င်းမှာ တစ်ဖက်လူက အသေအချာ စူးစမ်း ထောက်လှမ်းခြင်း မပြုသရွေ့ သူတို့၏ တည်ရှိမှုကို သတိမထားမိနိုင်ခြင်းပင် ဖြစ်၏။
သို့သော် အသေအချာ စစ်ဆေးကြည့်မည် ဆိုပါက သူတို့ကို သေချာပေါက် ရှာတွေ့သွားမည်သာ ဖြစ်ချေသည်။
...
ဝိညာဉ်ရှာဖွေရေး သံလိုက်အိမ်မြှောင် ၏ လမ်းညွှန်မှုအောက်တွင် နင်ချီ က နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးကို ဦးဆောင်ကာ ဤ ကြီးမားသော ဆုံမှတ် ကို ရှာဖွေတွေ့ရှိခဲ့ပြီ ဖြစ်၏။
ယခုအခါ သူတို့သည် ထို ကြီးမားသော ဆုံမှတ် ၏ လီငါးဆယ် အကွာအဝေး အတွင်းသို့ ရောက်ရှိနေကြပြီ ဖြစ်၏။
ဤ လီငါးဆယ် နယ်နိမိတ် တစ်ခုလုံးမှာ ဝိညာဉ်မြူခိုးများဖြင့် အပြည့်အဝ ဖုံးလွှမ်းနေ၏။
သူတို့က ဟင်းလင်းပြင်ထဲတွင် ကိုယ်ယောင်ဖျောက်ထားရင်း လေကို ညင်သာစွာ ရှူသွင်းလိုက်ရာ၊ မြူခိုးများအလား သိပ်သည်းနေသော ဝိညာဉ်ချီ များကို ခံစားလိုက်ရပြီး သူတို့၏ စိတ်ဝိညာဉ်များပင် လန်းဆန်း သွားကြတော့သည်။
ဤ ကြီးမားသော ဆုံမှတ် ၏ အံ့မခန်း စွမ်းအင်များက တကယ်ကို ရင်သပ်ရှုမောဖွယ် ကောင်းလှကြောင်း သူတို့ မချီးကျူးဘဲ မနေနိုင်အောင် ဖြစ်သွားကြရ၏။
အောက်ဘက်မှနေ၍ သားရဲများ၏ ဟိန်းဟောက်သံများ အဆက်မပြတ် ထွက်ပေါ်လာနေပြီး၊ ကောင်းကင်ယံတွင်ပင် ဝေဝါးသော အော်ဟစ်သံများကို ကြားနေရ၏။
နင်ချီ က ရှေ့သို့ အကြည့်ပို့လွှတ်လိုက်ရာ ကြည်လင်သော အလင်းတန်း တစ်ခု ထွက်ပေါ်နေသည်ကို တွေ့လိုက်ရသော်လည်း၊ ဝိညာဉ်မြူခိုးများ ကြောင့် အများစုမှာ ဖုံးကွယ်ခံထားရပြီး ရှင်းလင်းစွာ မမြင်ရချေ။
သူက သူ၏ ဝိညာဉ်အာရုံကို တိတ်ဆိတ်စွာ ဖြန့်ကျက်လိုက်ရာ၊ မည်သည့် အကာအကွယ်ကမှ သူ့ကို ဆက်လက် မတားဆီးနိုင်တော့ဘဲ အရာအားလုံးက သူ၏ အာရုံခံမှု အောက်တွင် အပြည့်အဝ ထင်ရှား ပေါ်လွင်လာတော့သည်။
ဤ အလယ်ဗဟို ဆုံမှတ် ကို သူ ပထမဆုံး ရှာတွေ့ခဲ့ခြင်း မဟုတ်ချေ။
လောလောဆယ်တွင် အလယ်ဗဟို၌ တပ်ဖွဲ့တစ်ခု နေရာယူထားပြီး ဤနေရာရှိ နယ်မြေများ ပင်လယ် မှ ကြမ်းကြုတ်သားရဲများကို လိုက်လံ သတ်ဖြတ်နေကြ၏။
သူတို့၏ လှုပ်ရှားမှုများမှာ အလွန်တရာ လျှို့ဝှက် သိုသိပ်လှပြီး၊ တိုက်ခိုက်မှုတိုင်းကို အသေအချာ ထိန်းချုပ်ထားကာ သူတို့၏ တည်ရှိမှု ပေါက်ကြားသွားပြီး ရန်သူများကို ဆွဲဆောင်မိမည်ကို ကြောက်ရွံ့နေသည့်အလား ဖြစ်နေပေသည်။
ဤစစ်တပ်၏ အရေအတွက်မှာ နက်ရှိုင်းသော သစ္စာတရား နယ်မြေ မှ ကျင့်ကြံသူများထက်ပင် များပြားနေပြီး၊ သူတို့၏ ဝတ်စုံများကို ကြည့်ခြင်းအားဖြင့် သူတို့ အားလုံးမှာ မီးတောက်များပမာ နီရဲတောက်ပနေသော ဝတ်ရုံများကို ဆင်မြန်းထားကြရာ ကျယ်ပြန့်သော ကမ္ဘာ ၏ ဝိညာဉ်ငှက်နယ်မြေ မှ မီးလျှံငှက် အင်မော်တယ်ဂိုဏ်း က ကျင့်ကြံသူများ ဖြစ်ကြောင်း ထင်ရှားလှပေသည်။
ယခင်က နင်ချီ သည် မီးလျှံငှက် အင်မော်တယ်ဂိုဏ်း ၏ တပ်ဖွဲ့ငယ် တစ်ခုကို မျိုးတုံး သတ်ဖြတ်ခဲ့ဖူးသည်။ သူတို့သည် ဤကျယ်ပြောလှသော ဒေသမှတစ်ဆင့် စစ်မြေပြင်နယ်မြေ ထဲသို့ ဝင်ရောက်လာခဲ့ကြပုံ ရ၏။
ထို့ကြောင့် နင်ချီ အနေဖြင့် မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ လူများနှင့် ထပ်ခါတလဲလဲ ဆုံတွေ့နေရခြင်းမှာ သဘာဝပင် ဖြစ်ချေသည်။
ယခင်က တွေ့ခဲ့ရသော မီးလျှံငှက် အင်မော်တယ်ဂိုဏ်း ၏ တပ်ဖွဲ့ငယ်မှာ နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီး၏ သုံးပုံတစ်ပုံခန့်သာ ရှိခဲ့သော်လည်း၊ ယခုအခါတွင်မူ သူတို့၏ အရေအတွက်က နက်ရှိုင်းသော သစ္စာတရား နယ်မြေ မှ လူများထက်ပင် များပြားနေပြီ ဖြစ်၏။
မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ ကျင့်ကြံသူများသည် ဤနေရာတွင် လာရောက် စုဝေးနေကြသည်မှာ ထင်ရှားလှပေသည်။
သူတို့က ဤ ကြီးမားသော ဆုံမှတ် ကို သိမ်းပိုက်ရန် ရောက်ရှိနေခြင်းလား၊ သို့မဟုတ် သူတို့ ခွဲထုတ်လိုက်သော တပ်ဖွဲ့ငယ် မျိုးတုံး သတ်ဖြတ်ခံလိုက်ရသည်ကို အာရုံခံမိသွားသဖြင့် အတူတကွ ပြန်လည် စုစည်းလိုက်ကြခြင်းလား ဆိုသည်ကိုတော့ သေချာ မသိရသေးချေ။
နင်ချီ က မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ အဖွဲ့ဝင် အားလုံးကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး သူတို့၏ ကျင့်ကြံခြင်း အဆင့်အတန်းများကို တိတ်ဆိတ်စွာ ကဲဖြတ်လိုက်သည်။
ခဏအကြာတွင် အခြေအနေ အားလုံးကို သူ အပြည့်အဝ နားလည် သဘောပေါက်သွားတော့သည်။
သူတို့အထဲတွင် ပေါင်းစည်းခြင်း နယ်ပယ် အဆင့်ရှိ အထွတ်အထိပ် ဘိုးဘေးကြီး (၉) ပါး၊ ထိပ်တန်း ဘိုးဘေးကြီး (၂၀)၊ သာမန် ဘိုးဘေးကြီး (၅၀) နှင့် အခြားသော ပေါင်းစည်းခြင်း နယ်ပယ် ကျင့်ကြံသူ (၆၀) ပါဝင်နေပေသည်။
ဟင်းလင်းပြင် လမ်းစဉ် နယ်ပယ် နှင့် မူလဝိညာဉ် နယ်ပယ် အောက်ရှိ သူများမှာမူ နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးနှင့် အကြမ်းဖျင်းအားဖြင့် အရေအတွက် တူညီ၏။