အခန်း (၇၄၅-၇၄၇)
Vol. 50 Ch. 745-747
အခန်း (၇၄၅) - ပြတ်သားသော ဆုံးဖြတ်ချက် (၃)
~ပို၍ အံ့ဩစရာ ကောင်းသည်မှာ ချီခယ်ချင်း ၏ ကျောဘက်တွင် ထူးခြားသော ဝိညာဉ်ရတနာ တစ်ခု ထွက်ပေါ်လာခြင်းပင် ဖြစ်၏။ ထိုအရာမှာ ခေါက်သိမ်း၍ ရသော မှော်ကြေးမုံပြင် တစ်ခု ဖြစ်နေ၏။
ထို ကြေးမုံပြင်မှာ အလွန် ထူးဆန်းလှပြီး ချီခယ်ချင်း ၏ ကျောဘက် တစ်ခုလုံးကို အပြည့်အဝ ဖုံးကွယ်ထားကာ၊ ၎င်း၏ အခေါက်တိုင်းသည် သူမထံမှ ထွက်ပေါ်လာသော အလင်းတန်းများကို ပိုမို ကောင်းမွန်စွာ ရောင်ပြန်ဟပ်နိုင်စေရန် ဖန်တီးထားခြင်း ဖြစ်ပေသည်။
ထို မျက်တောင်တစ်ခတ်စာ အချိန်လေး အတွင်းမှာပင် ချီခယ်ချင်း ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အဆုံးအစမဲ့ အလင်းတန်းများက ဓမ္မ ကြေးမုံပြင် ၏ ရောင်ပြန်ဟပ်မှုကြောင့် ရှေ့ဘက်ရှိ မီးလျှံငှက် အင်မော်တယ်ဂိုဏ်း ၏ စစ်တပ်ကြီး တစ်ခုလုံးကို အပြည့်အဝ လွှမ်းခြုံသွားတော့သည်။
မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ လူများသည် ဤကဲ့သို့သော မှော်နည်းစနစ်မျိုးကို ယခင်က တစ်ခါမှ မကြုံဖူးခဲ့ကြချေ။ သူတို့က သတိဝီရိယ အပြည့် ရှိနေကြသော်ငြားလည်း ချက်ချင်း တုံ့ပြန်နိုင်စွမ်း မရှိလိုက်ကြပေ။
လူတိုင်းက သူတို့၏ မျက်စိရှေ့တွင် တောက်ပသော အဖြူရောင် အလင်းတန်းကြီး တစ်ခုကိုသာ မြင်တွေ့နေရပြီး အခြား မည်သည့်အရာကိုမျှ မမြင်ရတော့သလို ခံစားလိုက်ကြရသည်။
သူတို့က ဝိညာဉ်အာရုံများကို ဖြန့်ကျက်လိုက်ကြသော်လည်း၊ ထိုအလင်းတန်း၏ လွှမ်းမိုးမှုအောက်တွင် သူတို့၏ ဝိညာဉ်အာရုံများမှာ တွန့်လိမ် ကောက်ကွေးသွားပြီး ထောက်လှမ်းမှု အပိုင်းတွင် ပြဿနာများ ဖြစ်ပေါ်လာတော့သည်။
"သတ်..."
မိမိတို့ရှေ့ရှိ မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ လူများ ထိန်းချုပ်ခံလိုက်ရသည်ကို မြင်သောအခါ ချီခယ်ချင်း ၏ စစ်တပ်ကြီးမှာ ချက်ချင်းပင် စိတ်ဓာတ်များ တက်ကြွလာကြ၏။
သူတို့က ဤအခွင့်အရေးကို ချက်ချင်း အရယူလိုက်ကြပြီး၊ တပ်မှူးများ၏ အမိန့်ပေး ကွပ်ကဲမှုအောက်တွင် တစ်ယောက်နှင့်တစ်ယောက် ချိတ်ဆက်ကာ ပူးပေါင်း တိုက်ခိုက်မှုများကို အဆက်မပြတ် ထုတ်လွှတ်လိုက်ကြတော့သည်။
ကောင်းကင်ယံ အထက်တွင် ယခင်က မျက်စိဖြင့် မမြင်နိုင်သော ကောင်းကင်နှင့် မြေကြီး၏ သဘာဝ စည်းမျဉ်း များက စီးဆင်းနေသော ရေများအလား ဖွဲ့တည်လာပြီး၊ တစ်ခုတည်းအဖြစ် ပေါင်းစပ် ပြောင်းလဲသွားကြသည်။ ထို တာအို စည်းမျဉ်း အခက်အလက်များက အောက်ဘက်ရှိ လူအုပ်ကြီး၏ တိုက်ခိုက်မှုများထဲသို့ ဝင်ရောက် ပေါင်းစပ်သွား၏။
စည်းမျဉ်း ရေစီးကြောင်းများမှာ ရုပ်လုံးပေါ်လာပြီး အရောင်အသွေး စုံလင်လှသော နဂါးကြီး အကောင်အနည်းငယ် အဖြစ်သို့ အသွင်ပြောင်းသွားကာ၊ အစွယ်များကို ဖြဲလျက် လက်သည်းများကို ထုတ်ကာ မီးလျှံငှက် အင်မော်တယ်ဂိုဏ်း ၏ စစ်တပ်ကြီးဆီသို့ တဟုန်ထိုး ပြေးဝင်သွားကြတော့သည်။
"ဝုန်း..."
နဂါးဟိန်းသံကြီးက ဟိန်းထွက်လာပြီး ၎င်း၏ အသံမှာ ကောင်းကင် တစ်ခွင်လုံး ပဲ့တင်ထပ်သွား၏။
ဤအရာက မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ လူများ၏ အကြားအာရုံကိုပါ နောက်တစ်ကြိမ် ထပ်မံ အနှောင့်အယှက် ပေးလိုက်ပြန်သည်။
မီးလျှံငှက် အင်မော်တယ်ဂိုဏ်း ဘက်တွင်လည်း လျင်မြန်စွာ တုံ့ပြန်နိုင်သူများ ရှိနေ၏။ သူတို့၏ ဝိညာဉ်အာရုံများနှင့် အမြင်အာရုံများ ယာယီ ပိတ်ဆို့ခံလိုက်ရသည်ကို မြင်သောအခါ၊ စစ်တပ်ကြီး တစ်ခုလုံးကို ချက်ချင်း ပြန်လည် စုစည်းလိုက်ပြီး သူတို့၏ အစွမ်းထက်ဆုံး တိုက်ခိုက်မှုများကို ရှေ့ဘက်သို့ အစွမ်းကုန် ထုတ်လွှတ်ရန် အမိန့်ပေးလိုက်ကြသည်။
တစ်ချိန်တည်းမှာပင် သူတို့သည် အစွမ်းထက်ဆုံး ကာကွယ်ရေးများကိုလည်း ပြင်ဆင်ထားရမည် ဖြစ်ပေသည်။
လူအုပ်ကြီးက ချက်ချင်း သဘောတူလိုက်ကြ၏။
သူတို့ တိုက်ခိုက်လိုက်သည်နှင့် တစ်ပြိုင်နက် လူတိုင်း၏ ခန္ဓာကိုယ်များမှ ဝိညာဉ်ချီ စည်းမျဉ်း စွမ်းအားများက တဟုန်ထိုး ပေါက်ကွဲထွက်လာပြီး၊ အလွန်တရာ တောက်ပလှသော မီးလျှံငှက် နတ်ဘုရား အတောင်ပံများ အဖြစ် အသွင်ပြောင်းသွားကာ သူတို့ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားတော့သည်။
စစ်တပ်ကြီးမှာ မျက်တောင်တစ်ခတ် အတွင်း ဝိညာဉ်ငှက် စစ်တပ်ကြီး တစ်ခုအဖြစ် ပြောင်းလဲသွားပြီး၊ သူတို့၏ ခန္ဓာကိုယ်များကို မီးတောက် အတောင်ပံများဖြင့် ကာကွယ်ထားကြ၏။
သူတို့ တစ်ယောက်နှင့်တစ်ယောက် ချိတ်ဆက်သွားကြရာ၊ သုံးပြည်ထောင် ခေတ်က ချီပီ တိုက်ပွဲတွင် ရေတပ်နှင့် ကုန်းတပ် ပူးပေါင်းထားသော စစ်တပ်ကြီး တစ်ခုအလား ခံစားသွားရစေသည်။
ထို့ကြောင့် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများ ပါဝင်နေသော စည်းမျဉ်း နတ်နဂါးကြီးများ ဝင်ရောက်လာမည် ဆိုလျှင်တောင်မှ မီးလျှံငှက် အင်မော်တယ်ဂိုဏ်း အနေဖြင့် လုံးဝ ကြောက်ရွံ့စရာ မလိုတော့ချေ။
သို့သော် မထင်မှတ်ထားသော အဖြစ်အပျက်များက ဖြစ်ပေါ်လာဆဲပင်။
မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ တိုက်ခိုက်မှု အားလုံးက ရှေ့ဘက်သို့ တိတိကျကျ ပစ်မှတ်ထားနိုင်ခဲ့ခြင်း မရှိပေ။ ချီခယ်ချင်း ၏ ကျောက်စိမ်းအလင်း ချီအန်း နည်းစနစ် က သူတို့၏ ဝိညာဉ်အာရုံများကို တွန့်လိမ် ကောက်ကွေးသွားစေခဲ့သည် မဟုတ်ပါလော။
လူအများအပြား၏ တိုက်ခိုက်မှုများမှာ အမှန်တကယ်တော့ ရှေ့သို့ မသွားဘဲ သူတို့၏ ကိုယ်ပိုင် စစ်တပ်အတွင်းသို့သာ ဝင်ရောက်သွားခဲ့၏။
ထို့ကြောင့် စည်းမျဉ်း နတ်နဂါးကြီးများ မရောက်လာခင်မှာပင် မီးလျှံငှက် အင်မော်တယ်ဂိုဏ်း ၏ စစ်တပ်အတွင်းမှ အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။
"ဘယ်သူက ငါ့ကို အနောက်ကနေ လှမ်းလုပ်တာလဲ"
"မင်းတို့က ဘယ်ကို လှမ်းပစ်နေကြတာလဲ"
ဤ တိုက်ခိုက်မှုများက သူတို့ကို အငိုက်မိသွားစေခဲ့ပြီး၊ တူညီသော ဇာစ်မြစ်မှ လာသော တိုက်ခိုက်မှုများ ဖြစ်သဖြင့် သူတို့၏ ကိုယ်ပိုင် လူများကို အလွယ်တကူ ထိခိုက် ဒဏ်ရာရသွားစေတော့သည်။
လူအများအပြား၏ မီးလျှံငှက် အတောင်ပံများ ချက်ချင်း ဖျက်ဆီးခံလိုက်ရပြီး၊ သူတို့၏ ခန္ဓာကိုယ် တစ်ခုလုံး သွေးများဖြင့် ဖုံးလွှမ်းသွား၏။
ကံကောင်းထောက်မစွာဖြင့် မီးလျှံငှက် နတ်ဘုရား အတောင်ပံများ၏ ကာကွယ်မှုကြောင့် မည်သူမျှ အသက် မသေဆုံးခဲ့ကြချေ။ သို့မဟုတ်ပါက ၎င်းသည် အလွန်တရာ ကြီးမားလှသော ဟာသကြီး တစ်ခု ဖြစ်သွားပေလိမ့်မည်။
တစ်ခုတည်းသော ဖြေသိမ့်စရာမှာ သူတို့၏ တိုက်ခိုက်မှု အများစုမှာ လမ်းကြောင်း လွဲချော်သွားခဲ့သော်ငြားလည်း၊ ယေဘုယျအားဖြင့်တော့ ရှေ့ဘက်သို့သာ ဦးတည်နေဆဲ ဖြစ်ခြင်းပင်။
သို့သော် ထိုတိုက်ခိုက်မှုများက အနည်းငယ် ဖရိုဖရဲ ဖြစ်နေပြီး ဟိုတစ်ကွက်၊ ဒီတစ်ကွက် ဖြစ်နေသဖြင့် တစ်ဖက်ရှိ စည်းမျဉ်း နတ်နဂါးကြီးများကို ယှဉ်ပြိုင်နိုင်စွမ်း မရှိတော့ချေ။
ချီခယ်ချင်း ၏ ကျောက်စိမ်းအလင်း ချီအန်း နည်းစနစ် သည် စစ်တပ်ကြီးများကို တိုက်ခိုက်ရန် အထူး ဖန်တီးထားခြင်း ဖြစ်ပြီး၊ ဤမျှ ကျယ်ပြန့်သော ဧရိယာအပေါ် သက်ရောက်မှု ရှိသဖြင့် အချိန်ကြာမြင့်စွာ မခံနိုင်သည်မှာ သဘာဝပင် ဖြစ်၏。
သို့သော် တစ်ဖက်လူကို မျက်တောင်တစ်ခတ်စာ အချိန်လေးမျှ သက်ရောက်မှု ရှိလိုက်လျှင်ပင်၊ ကျင့်ကြံသူ တစ်ယောက်၏ တိုက်ခိုက်မှု အမြန်နှုန်းအရ ဆိုလျှင် အံ့မခန်း ရလဒ်များကို ရရှိရန် လုံလောက်နေပြီ ဖြစ်၏။
မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ ကျင့်ကြံသူများသည် သူတို့၏ အမြင်အာရုံကို ပြန်လည် ရရှိသွားကြပြီး သူတို့၏ ဝိညာဉ်အာရုံများလည်း ပြန်လည် ကောင်းမွန်လာခဲ့ပြီ ဖြစ်၏။
သူတို့ သတိပြန်ဝင်လာသည့် အခိုက်အတန့်တွင် သူတို့ရှေ့မှ အခြေအနေကို သဘောပေါက်သွားကြတော့သည်။
ဧရာမ နဂါးကြီးများက သူတို့၏ ဖရိုဖရဲ ဖြစ်နေသော တိုက်ခိုက်မှုများကို ရိုက်ချိုး ဖျက်ဆီးလိုက်ပြီး သူတို့အနီးသို့ ရောက်ရှိနေပြီ ဖြစ်၏။
ထိုအခြေအနေကို ရင်ဆိုင်ရန် သူတို့တွင် တိုက်ခိုက်မှုများကို ပြန်လည် ပြင်ဆင်ပြီး သူတို့၏ ကိုယ်ပိုင် ကာကွယ်ရေးများကို အားဖြည့်ရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။
"တပ်ဖွဲ့အားလုံး ငါ့အမိန့်ကို နားထောင်... မီးလျှံငှက် တိုက်ခိုက်ရေး အခင်းအကျင်း ကို ဖွဲ့စည်းပြီး ကာကွယ်ရေး ပုံစံ ပြောင်းလိုက်ကြ"
"မှန်လှပါ"
ချက်ချင်းပင် လူတိုင်းက နောက်သို့ ပြိုင်တူ ဆုတ်သွားကြပြီး၊ တစ်ချိန်တည်းမှာပင် သူတို့၏ နေရာများကို ပြောင်းလဲလိုက်ကြရာ သူတို့၏ အခင်းအကျင်းမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။
ခပ်လှမ်းလှမ်းမှ ကြည့်မည် ဆိုပါက သူတို့သည် ဒဏ္ဍာရီလာ မီးလျှံငှက် ကြီး၏ ပုံသဏ္ဌာန် အဖြစ် အသွင်ပြောင်းသွားသကဲ့သို့ ဖြစ်နေ၏။
လူတိုင်း၏ ခန္ဓာကိုယ်များပေါ်တွင် ဖွဲ့တည်နေသော မီးလျှံငှက် ၏ နတ်ဘုရား အတောင်ပံများက ပိုမို ကြီးမားလာပြီး၊ ဒဏ်ရာရနေသူများ၏ အတောင်ပံများမှာလည်း သူတို့၏ ဒဏ်ရာများနှင့်အတူ ပြန်လည် ကောင်းမွန်လာကြတော့သည်။
မီးလျှံငှက် အင်မော်တယ်ဂိုဏ်း ၏ မီးလျှံငှက် နတ်ဘုရား အတောင်ပံ နည်းစနစ် သည် ကာကွယ်ပေးနိုင်ရုံသာမက ဒဏ်ရာများကိုပါ ကုသပေးနိုင်စွမ်း ရှိကြောင်း သိသာ ထင်ရှားလှပေသည်။
ဒဏ္ဍာရီများအရ မီးလျှံငှက် သည် မီးထဲမှနေ၍ ပြန်လည် ရှင်သန် မွေးဖွားနိုင်သည်ဟု ဆိုကြသည်။ သူတို့က ဒဏ္ဍာရီထဲကအတိုင်း မလုပ်နိုင်ကြသော်ငြားလည်း၊ အသေးစား ဒဏ်ရာများကို ကုသရန် ဆိုသည်မှာ သူတို့အတွက် လုံးဝ အရေးမကြီးသော ကိစ္စလေး တစ်ခုသာ ဖြစ်ပေသည်။
လူတိုင်း၏ ခန္ဓာကိုယ်ပေါ်ရှိ နတ်ဘုရား အတောင်ပံများက ပိုမို ကြီးမားလာပြီး တစ်ခုနှင့်တစ်ခု ချိတ်ဆက်သွားကြကာ၊ ဧရာမ မီးလျှံငှက် နတ်ဘုရား ပုံရိပ်ကြီးကို အတောင်ပံများနှင့် သရဖူတစ်ခုဖြင့် အလှဆင်ပေးလိုက်၏။
ရုတ်တရက် ကောင်းကင်ယံတွင် ပြိုင်ဘက်ကင်း နတ်ဘုရား သားရဲကြီး တစ်ကောင် နိုးထလာပြီး၊ ကောင်းကင်ကို ဖုံးကွယ်ထားနိုင်သော အတောင်ပံကြီးများကို ဖြန့်ကျက်လိုက်သကဲ့သို့ ဖြစ်သွားတော့သည်။ ၎င်း၏ လက်သည်းများက ပြိုင်ဘက်ကင်းလောက်အောင် ထက်မြက်လှပြီး၊ အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် ဟင်းလင်းပြင် ကိုပင် ဆွဲဖြဲပစ်နိုင်စွမ်း ရှိနေ၏။
"ကီး..."
နတ်ဘုရား အသံတစ်ခု ထွက်ပေါ်လာပြီး နဂါးဟိန်းသံကို တန်ပြန်လိုက်၏။
"မီးလျှံငှက် နဲ့ နဂါး ရဲ့ အကြိမ်တစ်ထောင် ထိတိုက်မှု"
မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ လူများ ဖန်တီးထားသော ဧရာမ မီးလျှံငှက် ပုံရိပ်ကြီးသည် တိုက်ခိုက်လာသော စည်းမျဉ်း နတ်နဂါးကြီးများ နှင့် တက်ကြွစွာ ရင်ဆိုင်လိုက်ပြီး၊ သူတို့ အချင်းချင်း အကြိတ်အနယ် တိုက်ခိုက်ကြတော့သည်။
၎င်း၏ လေပြင်းများက ရက်စက် ကြမ်းကြုတ်လှပြီး ၎င်း၏ အရှိန်အဟုန်မှာလည်း အလွန်တရာ ပြင်းထန်လှသည်။ ၎င်း၏ ထက်မြက်သော လက်သည်း နှစ်ဖက်က အလွန်တရာ တိကျလှပြီး၊ မျက်တောင်တစ်ခတ် အတွင်းမှာပင် နဂါး နှစ်ကောင်၏ ခေါင်းကို ထိုးဖောက် ဝင်ရောက်သွားကာ စည်းမျဉ်း နတ်နဂါး နှစ်ကောင်ကို ချက်ချင်း သတ်ဖြတ်ပစ်လိုက်၏။
၎င်း၏ အတောင်ပံများက ကောင်းကင် ဓားမကြီးများအလား အလျားလိုက် ခုတ်ပိုင်းသွားပြီး စည်းမျဉ်း နတ်နဂါး သုံးကောင်ကို အပိုင်းပိုင်း အစစ ပြတ်တောက်သွားစေတော့သည်။
သေချာသည်မှာ စည်းမျဉ်း နတ်နဂါးများ အားလုံးကို မီးလျှံငှက် က အပြည့်အဝ ဖိနှိပ်ထားနိုင်ခြင်းတော့ မဟုတ်ချေ။ သူတို့ထဲမှ အများအပြားက မီးလျှံငှက် ၏ ဘေးဘက်သို့ ခုန်ပျံ ဝင်ရောက်သွားကြသည်။
အရွယ်အစား ကြီးမားသော နဂါးများက မီးလျှံငှက် နှင့် စတင် တိုက်ခိုက်ကြ၏။
ကြိုးတစ်ချောင်းအလား သေးငယ်သော နဂါးများကမူ မီးလျှံငှက် ၏ ခန္ဓာကိုယ်ပေါ်သို့ တက်ရောက်သွားပြီး ၎င်းကို အပြည့်အဝ ချုပ်နှောင်ထားရန် ရည်ရွယ်နေကြ၏။
သို့သော် မီးလျှံငှက် ၏ နတ်ဘုရား ပုံရိပ်ကြီးထဲမှ နတ်ဘုရား အတောင်ပံ အချို့ ရုတ်တရက် ပျံထွက်လာပြီး၊ တစ်ခုစီတိုင်းက ကောင်းကင် ဓားပျံများအလား အသွင်ပြောင်းသွားကာ ထိုနဂါးများကို ချက်ချင်း မျိုးတုံး သတ်ဖြတ်ပစ်လိုက်တော့သည်။
မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ လူများ၏ ဤမျှ လျင်မြန်သော တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ နင်ချီ နှင့် ချီခယ်ချင်း တို့ နှစ်ဦးစလုံး အနည်းငယ် အံ့အားသင့်သွားကြ၏။
ကျယ်ပြန့်သော ကမ္ဘာ ၏ အလယ်အလတ်အဆင့် ဝိညာဉ်နယ်မြေ တစ်ခုမှ ကျင့်ကြံသူများ ဆိုသည့် နာမည်နှင့် လိုက်အောင်ပင် သူတို့တွင် အမှန်တကယ်ပင် အစွမ်းထက်သော မှော်နည်းစနစ်များ ရှိနေကြပေသည်။
ချီခယ်ချင်း က အခင်းအကျင်း အတွင်းသို့ ဆင်းသက်သွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"ကျောက်စိမ်းအလင်း သတ်ဖြတ်ခြင်း ခုနစ်ကွက် မဟာ အခင်းအကျင်း ကို လှည့်ပတ်ကြ"
"မှန်လှပါ"
သူမ၏ စကားဆုံးသည်နှင့် သူတို့၏ အခင်းအကျင်းက ပြောင်းလဲသွားပြီး၊ စစ်တပ်ကြီးမှာ ချက်ချင်းပင် အခင်းအကျင်း ခုနစ်ခု အဖြစ် ကွဲထွက်သွားတော့သည်။
အခင်းအကျင်း တစ်ခုစီတိုင်းတွင် ကြယ်အလင်းတန်းများ တလက်လက် တောက်ပနေပြီး၊ တစ်ခုစီတိုင်းက မတူညီသော အရောင်အသွေးများ ရှိနေသော်ငြားလည်း တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေပုံ ရ၏။
"ကြယ်ခုနစ်ပွင့် သတ်ဖြတ်ခြင်း အကြွင်းမဲ့ ဓားချက်"
လူတိုင်းက ပြိုင်တူ ညာသံပြုလိုက်ကြပြီးနောက်၊ ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း စစ်တပ်ကြီးက ကြောက်မက်ဖွယ်ကောင်းသော ခုတ်ပိုင်းမှု တစ်ခုကို ထုတ်လွှတ်လိုက်သည်။
ထို ခုတ်ပိုင်းမှု ခုနစ်ခုက ကောင်းကင်ယံရှိ ဓူဝံကြယ် ခုနစ်ပွင့် ပုံသဏ္ဌာန်အဖြစ် အသွင်ပြောင်းသွားပြီး၊ ကောင်းကင်ပေါ်မှ ကြယ်ကြီး ခုနစ်ပွင့် ပြုတ်ကျလာသည့်အလား ဟိန်းထွက်လာကာ ကောင်းကင် သတ်ဖြတ်ခြင်း စွမ်းအား တစ်ခုအဖြစ် ပြောင်းလဲသွားပြီး မီးလျှံငှက် ဆီသို့ တဟုန်ထိုး ခုတ်ပိုင်းသွားတော့၏။
စည်းမျဉ်း နတ်နဂါးများ နှင့် အကြိတ်အနယ် တိုက်ခိုက်နေဆဲ ဖြစ်သော မီးလျှံငှက် သည်လည်း တစ်ဖက်မှ တိုက်ခိုက်လာသော အစွမ်းထက် တိုက်ခိုက်မှုသစ်ကို အာရုံခံမိသွားလေသည်။
အခန်း (၇၄၆) - ပြတ်သားသော ဆုံးဖြတ်ချက် (၄)
~ရုတ်တရက် ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးမှ အဆုံးအစမဲ့သော မီးတောက်များ ပေါက်ကွဲထွက်လာပြီး ဟင်းလင်းပြင် တစ်ခုလုံးကို လောင်ကျွမ်းသွားစေတော့သည်။
ချက်ချင်းပင် ဧရာမ မီးလုံးကြီး တစ်ခုအလား နတ်ဘုရား မီးတောက် တစ်ပိုက်စာကို ရှေ့သို့ အဟုန်ပြင်းစွာ မှုတ်ထုတ်လိုက်ရာ၊ ဟင်းလင်းပြင် ကို မီးလောင်သွားစေပြီး အပူချိန်မှာ ရုတ်ချည်း ထိုးတက်သွား၏။
ထိုမီးတောက်များက 'ကြယ်ခုနစ်ပွင့် သတ်ဖြတ်ခြင်း အကြွင်းမဲ့ ဓားချက်' နှင့် ဝင်ရောက် ထိတိုက်မိသွားတော့သည်။
ရုတ်တရက် အရောင် ခုနစ်မျိုး ပါဝင်သော အလင်းတန်းများနှင့် မီးတောက်များ အချင်းချင်း အကြိတ်အနယ် တိုက်ခိုက်နေကြသည်ကို တွေ့မြင်လိုက်ရပြီး၊ တစ်ခု၏ စွမ်းအားကို တစ်ခုက အပြန်အလှန် ချေဖျက်ရန် ကြိုးစားနေပုံ ရ၏။
နှစ်ဖက်စလုံးမှ ကျင့်ကြံသူများသည် သူတို့၏ စွမ်းအား အပြည့်အဝကို ထုတ်လွှတ်ကာ တိုက်ပွဲထဲသို့ သွင်းနှံနေကြပြီး၊ အခြေအနေမှာ ယာယီအားဖြင့် လွန်ဆွဲနေသည့် အနေအထားသို့ ရောက်ရှိသွားတော့သည်။
မကြာမီမှာပင် နှစ်ဖက်စလုံး၏ ခန္ဓာကိုယ်များ တုန်ခါသွားပြီး တစ်လီခန့် အကွာအဝေးသို့ နောက်ဆုတ်သွားကြရ၏။
သူတို့က တစ်ယောက်ကို တစ်ယောက် စူးရှသော အကြည့်များဖြင့် ကြည့်လိုက်ကြပြီး၊ နှစ်ဖက်စလုံးမှာ မယုံကြည်နိုင်အောင် ဖြစ်နေပုံ ရ၏။
ချီခယ်ချင်း နှင့် အခြားသူများက ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူများမှာ အလွန်တရာ အစွမ်းထက်လွန်းလှသည်ဟု ခံစားလိုက်ကြရသည်။
သူတို့သည် ယခင်က ကြီးမားသော ဆုံမှတ် တစ်ခုကို သိမ်းပိုက်နိုင်ခဲ့သော်ငြားလည်း ၎င်းမှာ ကံကောင်းခြင်းသက်သက်သာ ဖြစ်ပေသည်။
နောက်ပိုင်းတွင် ကျယ်ပြန့်သော ကမ္ဘာ ရှိ အခြား ဂိုဏ်းများမှ တပ်ဖွဲ့ငယ်များနှင့် အကြိမ်ကြိမ် ထိပ်တိုက် တွေ့ဆုံခဲ့ဖူးသော်လည်း၊ အကြိမ်တိုင်းတွင် သူတို့၏ လူအင်အား သာလွန်မှုကို အသုံးချကာ ရန်သူများကို အနိုင်ယူနိုင်ခဲ့ကြသည်။
သို့သော် ဤတစ်ကြိမ်တွင်မူ အားလုံးက ကွဲပြားခြားနားနေခဲ့ပြီ ဖြစ်၏။
သူတို့ ရင်ဆိုင်နေရသော ကျယ်ပြန့်သော ကမ္ဘာ မှ ကျင့်ကြံသူများသည် ကျယ်ပြန့်သော ကမ္ဘာ၏ အလယ်အလတ်အဆင့် ဝိညာဉ်နယ်မြေများထဲတွင် အင်အားအကြီးမားဆုံး ဂိုဏ်းကြီးတစ်ခုမှ ဖြစ်ကြောင်းကို သူတို့ လုံးဝ မသိရှိခဲ့ကြချေ။
တစ်ဖက်လူ၏ အလယ်အလတ်အဆင့် ဝိညာဉ်နယ်မြေ ဆိုသည်ကပင် သူတို့၏ အဆင့်နိမ့် ဝိညာဉ်နယ်မြေထက် အစကတည်းက သာလွန်နေခဲ့သည် မဟုတ်ပါလော။
ပထမအချက်အနေဖြင့် ယခင်က နင်ချီသည် လင်းချင်း နယ်မြေမှ လူအများအပြားကို သတ်ဖြတ်ခဲ့ဖူးသည်။ ဒုတိယအချက်အနေဖြင့် ချီခယ်ချင်း ကိုယ်တိုင်က ပိုမို အစွမ်းထက်သော ရန်သူများနှင့် ရင်ဆိုင်ရချိန်တွင် ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်းကို ပိုမို ခွန်အားကြီးမားလာစေရန် ဦးဆောင်ပေးနိုင်စွမ်းရှိသော ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေခြင်းကြောင့်ပင်။
မီးလျှံငှက် အင်မော်တယ်ဂိုဏ်းမှ လူများမှာမူ၊ နင်ချီ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော ဗျိုင်းဖြူ အင်မော်တယ်ဂိုဏ်းမှ လူများကဲ့သို့ပင် သူတို့၏ မျက်နှာထက်တွင် သံသယ အရိပ်အယောင်များ ထင်ဟပ်နေကြ၏။
'ငါတို့ တကယ်ပဲ တောင်နဲ့ ပင်လယ် ကမ္ဘာရဲ့ အောက်ခြေဆုံး အဆင့်က ကျင့်ကြံသူတွေနဲ့ ရင်ဆိုင်နေရတာ ဟုတ်ရဲ့လား...'
နှစ်ဖက်စလုံးက လေကို ပြင်းပြင်းရှူသွင်းရင်း သူတို့၏ ခွန်အားများကို လျင်မြန်စွာ ပြန်လည် ဖြည့်တင်းနေကြ၏။
နှစ်ဖက်စလုံးသည် ဝိညာဉ်နယ်မြေ နှစ်ခုကို ကိုယ်စားပြုကာ စစ်ခင်းနေကြခြင်း ဖြစ်ရာ၊ ဤတိုက်ပွဲသည် သေချာပေါက် တစ်ဖက်သေမှ တစ်ဖက်ရှင်မည့် ပွဲတစ်ပွဲသာ ဖြစ်ပေတော့မည်။
ထိုစဉ် ချီခယ်ချင်းထံသို့ အသံလွှင့် သတင်းစကားတစ်ခု ရုတ်တရက် ဝင်ရောက်လာ၏။
"စီနီယာအစ်မကြီး ချီ... ကျွန်တော်တို့ မီးလျှံငှက် အင်မော်တယ်ဂိုဏ်းနဲ့ တကယ်ပဲ ဆက်တိုက်ကြတော့မှာလား ခင်ဗျာ"
ချီခယ်ချင်းက ထိုသတင်းစကား ပို့လိုက်သူကို အကြည့်ပို့လွှတ်လိုက်ရာ၊ ယခင်က အခင်းအကျင်း ကျင့်ကြံသူကို မေးခွန်းထုတ်ခဲ့သော အကြီးအကဲ လီ ဖြစ်နေကြောင်း တွေ့လိုက်ရ၏။
သူမက မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး
"အကြီးအကဲ လီ... ရှင်က ဘာသဘောနဲ့ ပြောတာလဲ။ ရှင်လည်း ကျွန်မကို စစ်တပ်ကြီး ဦးဆောင်ပြီး ထွက်ပြေးစေချင်နေတာလား"
အကြီးအကဲ လီ က ချက်ချင်း ရှင်းပြလိုက်သည်။
"စီနီယာအစ်မကြီး ချီ... ကျွန်တော် အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး ခင်ဗျာ။ ကျွန်တော် ဆိုလိုချင်တာက ကျွန်တော်တို့က အလင်းထဲမှာ ရှိနေပြီး၊ နင်ချီက အမှောင်ထဲမှာ ပုန်းနေတာလေ။ အကယ်လို့ ကျွန်တော်တို့သာ မီးလျှံငှက် အင်မော်တယ်ဂိုဏ်းနဲ့ အသေအလဲ တိုက်ပြီးတဲ့ အချိန်ကျမှ သူတို့က အချောင်ဝင်နှိုက်သွားရင်... ကျွန်တော်တို့ရဲ့ ကြိုးစားမှုတွေ အားလုံး သဲထဲရေသွန် ဖြစ်သွားမှာ မဟုတ်ဘူးလား"
သူက စကားကို ခဏရပ်လိုက်ပြီးမှ ဆက်ပြောသည်။
"ကျွန်တော်တို့.. သူတို့ကို ဆွဲထုတ်နိုင်မှ ဖြစ်မယ်... မဟုတ်ရင် ကျွန်တော်တို့ဘက်က အများကြီး နစ်နာသွားလိမ့်မယ်ဗျ"
တကယ်တမ်း ဆိုရလျှင် အကြီးအကဲ လီ ၏ စကားမှာ လူ့သဘာဝအရ ယုတ္တိရှိလှပေသည်။ အကယ်၍ သူသာ အသံထွက်၍ ပြောလိုက်မည် ဆိုပါက လူအများအပြား၏ ထောက်ခံမှုကို သေချာပေါက် ရရှိမည်သာ ဖြစ်၏။ သို့ဖြစ်သော်ငြားလည်း ချီခယ်ချင်းကို လေးစားသောအားဖြင့် သူက အသံလွှင့်၍သာ ပြောဆိုရန် ရွေးချယ်ခဲ့ခြင်း ဖြစ်၏။
ချီခယ်ချင်းက တစ်ခဏမျှ စဉ်းစားခန်း ဝင်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။
"အကြီးအကဲ လီ... ရှင့်ရဲ့ အတွေးကို ကျွန်မ နားလည်ပါတယ်။ ဒါပေမယ့် အဲဒီလို လုပ်ရပ်မျိုးကိုတော့ ကျွန်မ လုံးဝ မလုပ်ချင်ဘူး ရှင်"
ထိုစကားကို ကြားလိုက်ရသောအခါ အကြီးအကဲ လီ မှာ အနည်းငယ် မကျေမနပ် ဖြစ်သွားပြီး တုံ့ပြန်လိုက်၏။
"စီနီယာအစ်မကြီး ချီ... ကျွန်တော်က အစ်မကြီးကို လေးစားလို့သာ ဒီစကားကို ပြောရတာပါ။ အခုက တရားမျှတမှု အကြောင်း လာပြောနေရမယ့် အချိန် မဟုတ်ဘူးလေ။ အသက်နဲ့ သေခြင်းတရားကို ရင်ဆိုင်နေရချိန်မှာ လုပ်ချင်တယ်၊ မလုပ်ချင်ဘူး ဆိုတာ မရှိဘူး။ ရှင်သန်ရမယ် ဒါမှမဟုတ် သေရမယ်... ဒါပဲ ရှိတယ်။ ရှင်သန်ဖို့အတွက် ဆိုရင် ဘယ်လို နည်းလမ်းကိုမဆို သုံးရမှာပဲဗျ"
သူက ချီခယ်ချင်း ငြင်းပယ်သွားမည်ကို စိုးရိမ်နေသည့်အလား ဆက်တိုက် ပြောလိုက်ပြန်သည်။
"အစ်မကြီးက ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်းက လူတစ်ယောက်နော်... ဒီစစ်မြေပြင်နယ်မြေ ထဲက တောင်နဲ့ ပင်လယ် ကမ္ဘာရဲ့ ခေါင်းဆောင် မဟုတ်ဘူး။ ကျောက်စိမ်းအလင်း အင်မော်တယ်ဂိုဏ်း ဒါမှမဟုတ် ဖူယောင် နယ်မြေရဲ့ အကျိုးစီးပွားတွေကိုတော့ အနစ်နာ မခံလိုက်ပါနဲ့ ခင်ဗျာ"
ချီခယ်ချင်းက ပြတ်သားစွာပင် ပိတ်ဟန့်လိုက်တော့သည်။
"တော်ပါတော့ အကြီးအကဲ လီ... ကျွန်မ ဆုံးဖြတ်ပြီးသွားပြီ။ မီးလျှံငှက် အင်မော်တယ်ဂိုဏ်းကို နင်ချီတို့ ရှိနေတယ် ဆိုတာ လုံးဝ သိခွင့် ပေးလို့ မဖြစ်ဘူး"
လူ့သဘာဝ ရှုထောင့်မှ ကြည့်မည် ဆိုပါက အကြီးအကဲ လီ ၏ စကားမှာ လုံးဝ အမှားအယွင်း မရှိကြောင်းကို သူမ ကိုယ်တိုင်လည်း သိထားပြီး ဖြစ်ပေသည်။
သို့သော် ချီခယ်ချင်း၏ အမြော်အမြင် နှလုံးသားမှာ ကျယ်ပြန့် ကြီးမားလှသည်။ သူမသည် နင်ချီနှင့် ပတ်သက်၍ သေချာပေါက် ကောင်းစွာ မသိကျွမ်းသေးသော်ငြားလည်း၊ သူတို့ မီးလျှံငှက် အင်မော်တယ်ဂိုဏ်းနှင့် အသေအလဲ တိုက်ခိုက်ပြီး ပျက်သုဉ်းသွားမည့် အချိန်အထိ နင်ချီက လက်ပိုက် ကြည့်နေမည် မဟုတ်ကြောင်း သူမ အခိုင်အမာ ယုံကြည်ထား၏။
နင်ချီသည်လည်း သူမကဲ့သို့ပင် အခြေအနေ အရပ်ရပ်ကို ခြုံငုံကြည့်မြင်တတ်သော အမြော်အမြင် ရှိသူဟု သူမ ယုံကြည်ထား၏။
အကယ်၍သာ အကြီးအကဲ လီ ပြောသည့်အတိုင်း နင်ချီ၏ နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီး ရှိနေကြောင်း မီးလျှံငှက် အင်မော်တယ်ဂိုဏ်း ကို အသိပေးလိုက်မည် ဆိုလျှင်၊ သို့မဟုတ် ဤအခိုက်အတန့်တွင် သူတို့ကိုပါ တိုက်ပွဲထဲသို့ အတင်းအကျပ် ဆွဲသွင်းလိုက်မည် ဆိုလျှင်၊ နောက်ဆက်တွဲ ဖြစ်ပေါ်လာမည့် စစ်ပွဲမှာ ပိုမို ရှုပ်ထွေးပြီး ခက်ခဲသွားပေလိမ့်မည်။
ချီခယ်ချင်းသည် နင်ချီနှင့် သူ၏ နောက်လိုက်များ၏ လူ့ကျင့်ဝတ်နှင့် ဂုဏ်သိက္ခာအပေါ်တွင်လည်း ယုံကြည်မှု ရှိနေပါသည်။
အကြီးအကဲ လီ က သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် နာကြည်းသော လေသံဖြင့် အသံလွှင့်ကာ ပြောလိုက်၏။
"စီနီယာအစ်မကြီး ချီ... ကျွန်တော် အစ်မကြီးကို ဘာပြောရမှန်းကို မသိတော့ဘူး။ ဒီကိစ္စမှာတော့ အစ်မကြီး စကားကို ကျွန်တော် နားထောင်လိုက်ပါ့မယ်။ ဒါပေမယ့် အဆုံးသတ် ရလဒ်သာ မကောင်းခဲ့ဘူး ဆိုရင်တော့... စစ်ခုန်လန် လိုမျိုးပဲ လူတစ်စုကို ခေါ်ပြီး ဒီစစ်တပ်ထဲကနေ ကျွန်တော် သေချာပေါက် ခွဲထွက်သွားမှာပါဗျာ"
ချီခယ်ချင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အေးစက်စက် လေသံဖြင့် တုံ့ပြန်လိုက်သည်။
"ကောင်းပြီလေ... ရှင့်သဘောပဲ"
...
နင်ချီနှင့် အခြားသူများမှာမူ စစ်မြေပြင် နှစ်ခုလုံးတွင် အကြိတ်အနယ် တိုက်ခိုက်နေကြသည်ကို ဘေးမှနေ၍ စောင့်ကြည့်နေကြ၏။
သူတို့၏ စစ်တပ်ကြီးမှာ အကောင်းဆုံး အခြေအနေတွင် ရှိနေပြီး အချိန်မရွေး ဝင်ရောက် တိုက်ခိုက်ရန် အသင့်ပြင်ထားပြီး ဖြစ်သည်။
ဓားဘိုးဘေးကြီးက မေးလိုက်၏။
"ကိုးလေး... ငါတို့ လှုပ်ရှားဖို့ အချိန်မတန်သေးဘူးလား"
နင်ချီက အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ သူက နောက်ကွယ်ရှိ လူအုပ်ကြီးကို အကြည့်ပို့လွှတ်လိုက်ရာ လူတိုင်း၏ မျက်လုံးများထဲတွင် မာန်မာန မီးတောက်များ ဟုန်းဟုန်းတောက်နေပြီး သူ၏ အမိန့်ပေးမှုကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြကြောင်း တွေ့လိုက်ရ၏။
သေချာသည်ကတော့ အချို့သော လူများက အကောင်းဆုံးသော အခြေအနေ တစ်ရပ်ကို ရရှိရန်အတွက် အချိန်ပိုကြာကြာ စောင့်ဆိုင်းချင်နေကြဆဲ ဖြစ်၏။
မီးလျှံငှက် အင်မော်တယ်ဂိုဏ်း နှင့် အခြား တစ်ဖက်တို့ အသေအပျောက် များပြားကာ ပြိုလဲသွားမည့် အချိန်ရောက်မှ သူတို့က ဝင်ရောက် လှုပ်ရှားမည် ဆိုပါက မည်သည့် အားစိုက်ထုတ်မှုမျှ မလိုဘဲ အချောင် နှိုက်နိုင်မည် မဟုတ်ပါလော။
သို့သော် နင်ချီက သူတို့၏ အတွေးများကို ရိုက်ချိုးပစ်လိုက်ပြီး ထက်ရှသော အသံဖြင့် ဆော်ဩလိုက်တော့သည်။
"အားလုံး လှုပ်ရှားဖို့ အသင့်ပြင်ထားကြပါ"
ထိုအခါ၊ ဓားဘိုးဘေးကြီး ၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွား၏။ သူသည် အမြဲတမ်း ပွင့်လင်း ဖြောင့်မတ်သူ တစ်ဦး ဖြစ်ရာ၊ ချီခယ်ချင်း၏ စစ်တပ်က မီးလျှံငှက် အင်မော်တယ်ဂိုဏ်း နှင့် အသေအလဲ တိုက်ခိုက်နေချိန်တွင် သူတို့က ဘေးမှနေ၍ တိတ်တဆိတ် စောင့်ကြည့်နေရသည်ကို သိပ်ဘဝင်မကျလှပေ။
သေချာသည်မှာ သူ၏ ထိုဖြောင့်မတ်သော စိတ်ဓာတ်ကို ထိုက်တန်သော သူများအပေါ်တွင်သာ ပြသလေ့ ရှိခြင်းပင် ဖြစ်၏။
အကယ်၍ တိုက်ပွဲမှ ထွက်ပြေးသွားသော စစ်ခုန်လန် လို လူမျိုးသာ ဖြစ်နေမည် ဆိုပါက... ဓားဘိုးဘေးကြီး အနေဖြင့် သေချာပေါက် လက်ပိုက်ကာ ဆက်လက် စောင့်ကြည့်နေမည်သာ ဖြစ်ပေသည်။
အခန်း (၇၄၇) - ပြတ်သားသော ဆုံးဖြတ်ချက် (၅)
~ဓားဘိုးဘေးကြီး က ဆက်မေးလိုက်သည်။
"ငါတို့ ဘယ်နေရာကို အရင် ဝင်တိုက်ကြမလဲ"
နင်ချီတွင် သူ၏ အင်အားများကို နှစ်ပိုင်းခွဲကာ နေရာနှစ်ခုကို တစ်ပြိုင်နက် တိုက်ခိုက်ရန် ရည်ရွယ်ချက် လုံးဝ မရှိချေ။ သူ၏ အစီအစဉ်မှာ အင်အား အားလုံးကို တစ်နေရာတည်းတွင် စုစည်းပြီး ထိုနေရာကို အပြတ်အသတ် သိမ်းပိုက် ခြေမှုန်းရန်သာ ဖြစ်၏။
သူက လက်ညှိုးညွှန်ပြကာ ပြောလိုက်၏။
"ဒီနေရာကို အရင် တိုက်မယ်ဗျာ။ ချီခယ်ချင်း ကတော့ လောလောဆယ် တောင့်ခံထားနိုင်ဦးမှာပါ။ ဒီဘက်က ကိစ္စကို ရှင်းပြီးတာနဲ့ သူတို့ကို သွားကူညီကြတာပေါ့"
ဓားဘိုးဘေးကြီး က ချက်ချင်း သဘောတူလိုက်သည်။
"ကောင်းပြီလေ"
နင်ချီ၏ အမိန့်ပေးသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် လူတိုင်းက လက်ဝါးချင်း ပွတ်ကာ စိတ်အား ထက်သန်နေကြပြီး၊ ယခင်က ကျယ်ပြန့်သော ကမ္ဘာမှ အခြား ကျင့်ကြံသူများကို ရင်ဆိုင်ခဲ့စဉ်ကကဲ့သို့ပင် သူတို့၏ အခင်းအကျင်းကို ဖြန့်ကျက်ကာ တိုက်ခိုက်ရန် ပြင်ဆင်လိုက်ကြ၏။ မျက်တောင် တစ်ခတ်စာ အချိန်အတွင်းမှာပင် သူတို့သည် အောက်ဘက်တွင် နယ်မြေများ ပင်လယ် မှ ကြမ်းကြုတ်သားရဲများနှင့် တိုက်ခိုက်နေသော မီးလျှံငှက် အင်မော်တယ်ဂိုဏ်း ၏ တပ်ဖွဲ့ကို အပြည့်အဝ ဝန်းရံ ပိတ်ဆို့လိုက်ကြတော့သည်။
လူတိုင်းက အသက်ရှူဖို့ပင် မေ့လျော့နေကြပြီး နင်ချီ၏ နောက်ဆုံး အမိန့်ပေးမှုကိုသာ စောင့်ဆိုင်းနေကြ၏။
နင်ချီ သည် အလယ်ဗဟို အကျဆုံး နေရာသို့ ရောက်ရှိသွားပြီးနောက် သူ၏ လက်ကို ရုတ်တရက် ဝှေ့ယမ်းကာ အမိန့်ပေးလိုက်တော့သည်။
ဓားဘိုးဘေးကြီး က ရှေ့ဆုံးမှ ဦးဆောင်ကာ သူ၏ ဓားကို အားကုန် လွှဲခုတ်လိုက်၏။ သူက အကောင်းဆုံးသော ထောင့်ချိုး တစ်ခုကို ရွေးချယ်လိုက်ပြီး အောက်ဘက်ရှိ မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ အထွတ်အထိပ် ဘိုးဘေးကြီး သုံးပါးဆီသို့ တည့်မတ်စွာ ပစ်မှတ်ထားလိုက်ခြင်းပင် ဖြစ်ချေသည်။
“ရွှီး…”
အေးစက်ပြီး တိတ်ဆိတ်လှသော ဤဓားချက်သည် မည်သည့် အသံမျှ ထွက်ပေါ်မလာခဲ့ပေ။ အဆုံးအစမဲ့သော ဓားဆန္ဒများနှင့် ကျောချမ်းဖွယ် ကောင်းလှသော ဓားအလင်းတန်းများသာ လင်းလက်သွားတော့သည်။
ဓားသွား ဖြတ်သန်းသွားရာ လမ်းကြောင်း တစ်လျှောက်တွင် ဟင်းလင်းပြင်ကြီး ပင်လျှင် ထိုးဖောက် စုတ်ပြဲသွား၏။
နယ်မြေများ ပင်လယ် မှ မဟာ မိစ္ဆာဘုရင်ကြီး ငါးပါးနှင့် အကြိတ်အနယ် တိုက်ခိုက်နေကြသော အထွတ်အထိပ် ဘိုးဘေးကြီး သုံးပါးမှာ မျက်စိတစ်မှိတ် အတွင်းမှာပင် ထို ဓားချက်၏ ရိုက်ခတ်ခြင်းကို မရှူမလှ.. ခံလိုက်ကြရတော့သည်။
မဟာ မိစ္ဆာဘုရင်ကြီး ငါးပါးစလုံး အလွန်တရာ အံ့အားသင့် မှင်သက်သွားကြ၏။
မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ လူများမှာလည်း ထိတ်လန့် တုန်လှုပ်သွားကြတော့သည်။
သူတို့ ထိတ်လန့် ငိုင်သက်သွားသည့် ထို အခိုက်အတန့်လေး အတွင်းမှာပင်၊ နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီးက သူတို့၏ ပူးပေါင်း တိုက်ခိုက်မှုများကို ထုတ်လွှတ်လိုက်ကြပြီး အောက်ဘက်ဆီသို့ ရေခဲ မှော်နည်းစနစ် မုန်တိုင်းကြီး တစ်ခုကို တဟုန်ထိုး ရိုက်ခတ်စေလိုက်၏။
ချက်ချင်း ဆိုသလိုပင် နောက်ထပ် ရေသဘာဝ တိုက်ခိုက်မှု တစ်ခုက ဧရာမ သမုဒ္ဒရာကြီး တစ်ခုအလား စုစည်း ဖွဲ့တည်လာပြီး အောက်ဘက်သို့ အရှိန်အဟုန်ပြင်းစွာ ပြိုကျလာတော့သည်။
ထိုအထဲတွင် မိုးကြိုး သဘာဝ စွမ်းအင်များကို ပိုင်ဆိုင်ထားသော ကျင့်ကြံသူများကလည်း ချက်ချင်း ပူးပေါင်း ပါဝင်လာကြပြီး၊ ထို ရေလှိုင်း သမုဒ္ဒရာကြီးထဲသို့ မရေမတွက်နိုင်သော မိုးကြိုး လျှပ်စီးတန်းများကို အဆက်မပြတ် ပစ်ခတ် ထည့်သွင်းလိုက်ကြ၏။
“ဖြောင်း... ဖြောင်း…ဖြောင်း…”
ထို ကြောက်မက်ဖွယ် တိုက်ခိုက်မှု သုံးခုစလုံးသည် အချိန်ကိုက် နီးပါး ရောက်ရှိလာကြပြီး မျက်တောင် တစ်ခတ်စာ အချိန်အတွင်းမှာပင် အောက်ဘက်သို့ တဟုန်ထိုး ကျဆင်းသွားတော့သည်။
အောက်ဘက်တွင် အသေအလဲ တိုက်ခိုက်နေကြသော နှစ်ဖက်စလုံးသည်... သူတို့၏ အနီးအနားတွင် ကြီးမားလှသော စစ်တပ်ကြီး တစ်ခုက တိတ်ဆိတ်စွာ ပုန်းအောင်းနေပြီး အကောင်းဆုံး အခွင့်အရေးကို စောင့်ဆိုင်းနေလိမ့်မည်ဟု အိပ်မက်ထဲတွင်ပင် ထင်မှတ်မထားခဲ့ကြချေ။
သူတို့သည် အောင်မြင်မှု သေချာပြီဟု မယုံကြည်ရသရွေ့ လုံးဝ မလှုပ်ရှားကြပေ။ သို့သော် လှုပ်ရှားလိုက်ပြီ ဆိုသည်နှင့် မျက်တောင်တစ်ခတ် အတွင်း အပြတ်အသတ် မျိုးတုံး သတ်ဖြတ်ခြင်းသာ ဖြစ်ပေ၏။
မျက်စိတစ်မှိတ် အတွင်းမှာပင်၊ မီးလျှံငှက် အင်မော်တယ်ဂိုဏ်း မှ ကျင့်ကြံသူများ ဖြစ်စေ၊ နယ်မြေများ ပင်လယ် မှ ကြမ်းကြုတ်သားရဲ ငါးကောင် ဖြစ်စေ... အားလုံးသည် နက်ရှိုင်းသော သစ္စာတရား နယ်မြေ စစ်တပ်ကြီး၏ တိုက်ခိုက်မှုများအောက်တွင် လုံးလုံးလျားလျား လွှမ်းမိုး ဝါးမြိုခံလိုက်ကြရတော့သည်။
ချက်ချင်းပင် မရေမတွက်နိုင်သော သက်ရှိများ၏ သက်စောင့်စွမ်းအင် အရှိန်အဝါများမှာ လုံးဝ ပျက်သုဉ်း ပျောက်ကွယ်သွားကြ၏။
ဤနေရာမှ ပေါက်ကွဲမှု အသံလှိုင်းများမှာ အလွန်တရာ ကြီးမား ပြင်းထန်လှသဖြင့် ချီခယ်ချင်း တို့ အဖွဲ့၏ အာရုံကို သဘာဝကျကျပင် ဖမ်းစားသွား၏။
သူတို့၏ တိုက်ခိုက်မှုများ ခေတ္တ ရပ်တန့်သွားကြပြီး၊ လူတိုင်းက ဤ မြင်ကွင်းကို မယုံကြည်နိုင်လောက်အောင် မှင်သက်စွာ ငေးကြည့်နေကြတော့သည်။
ချီခယ်ချင်း နှင့် အခြားသူများမှာမူ နင်ချီ နှင့် သူ၏ အဖွဲ့က အနီးအနားတွင် ပုန်းအောင်းနေကြောင်းကို ကြိုတင် သိရှိထားပြီး ဖြစ်ကာ၊ ယခင်ကလည်း နင်ချီက မီးလျှံငှက် အင်မော်တယ်ဂိုဏ်း ၏ အခြား တပ်ဖွဲ့ငယ် တစ်ခုကို သတ်ဖြတ်ခဲ့သည်ကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ဖူးသဖြင့် အနည်းငယ် အခြေအနေကို လက်ခံနိုင်ကြပါသေးသည်။
သို့သော် လူအများအပြားကမူ နင်ချီ ဤအချိန်ကြီးတွင် ဝင်ရောက် လှုပ်ရှားလာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ကြချေ။
အထူးသဖြင့် အကြီးအကဲ လီ ပင် ဖြစ်၏။
သူသည် မျက်နှာပူပြီး အလွန်တရာ အရှက်ရသွားသလို ခံစားလိုက်ရသည်။ ယခုလေးတင် သူက ချီခယ်ချင်း ကို နင်ချီ တို့၏ နေရာကို ထုတ်ဖော် ပြောပြရန် ဆွဲဆောင်နေခဲ့သည် မဟုတ်ပါလော။
အကယ်၍သာ သူတို့က တစ်ဖက်လူကို သတင်းပေးလိုက်မိမည် ဆိုလျှင်၊ နင်ချီ၏ စစ်တပ်ကြီး အနေဖြင့် ယခုကဲ့သို့ ဝင်ရောက် တိုက်ခိုက်နိုင်စွမ်း ရှိပါဦးမည်လော။
ချီခယ်ချင်းက နင်ချီ ရှိရာဘက်သို့ အကြည့်ပို့လွှတ်လိုက်သည့် အခိုက်၊ သူမ၏ မျက်လုံးများထဲတွင် အလင်းရောင်များ တလက်လက် တောက်ပနေ၏။
သူမ ထင်ထားသည့် အတိုင်းပင် ဖြစ်ပါသည်။
နင်ချီ သည် စစ်ခုန်လန် ကဲ့သို့သော အောက်တန်းကျသည့် လူယုတ်မာ တစ်ယောက် လုံးဝ မဟုတ်ကြောင်း သေချာသွားခဲ့ပြီ ဖြစ်၏။