← Chapters

အခန်း (၃၇၉-၃၈၁)

Vol. 26 Ch. 379-381

အခန်း (၃၇၉-၃၈၁)

Vol. 26 Ch. 379-381

အခန်း (၃၇၉) - မိစ္ဆာကျင့်ကြံသူ အုပ်စု၊ ရိတ်သိမ်းခြင်း (အပိုင်း ၅)

~“ဒီလိုသာဆိုရင်... ကောင်းကင်မိုးကြိုး ကြွက်အုပ်စုကိုသာ ငါ့ဘက်ပါအောင် သိမ်းသွင်းနိုင်ခဲ့မယ်ဆိုရင် အများကြီး အထောက်အကူ ဖြစ်လာနိုင်တယ်... သတင်းထောက်လှမ်းတာပဲ ဖြစ်ဖြစ်၊ ရန်သူနဲ့ တိုက်ခိုက်တာပဲ ဖြစ်ဖြစ် သူတို့က အသုံးဝင်လာမှာ သေချာတယ်...”

စုယွီ စိတ်ထဲမှ တိတ်တဆိတ် တွက်ချက်လိုက်မိ၏။

လက်ရှိ ရေခဲကြေးခွံ ငါးမျိုးနွယ်စုနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင်တော့...

စုယွီက သူတို့ကို အပျင်းပြေ မွေးထားသော အိမ်မွေးတိရစ္ဆာန် သက်သက်အဖြစ်သာ သဘောထားပြီး ကြီးကြီးမားမား မျှော်လင့်ချက် မထားရှိပေ။

သို့သော် ကောင်းကင်မိုးကြိုး ကြွက်အုပ်စုကို မွေးမြူပျိုးထောင်ရန် စဉ်းစားနေရင်း၊ ရေခဲကြေးခွံ ငါးမျိုးနွယ်စုကိုလည်း တပါတည်း မြှင့်တင်ပေးရန် စိတ်ကူးမိလိုက်သည်။

‘,သူတို့လည်း ငါးဘုရင်လိုမျိုး အဆင့်တက်လာပြီး ဝိညာဉ်သားရဲတွေ ဖြစ်လာနိုင်မလား။

တကယ်လို့.. သူတို့သာ ဝိညာဉ်သားရဲတွေ ဖြစ်လာခဲ့မယ် ဆိုရင် သူတို့ရဲ့ ဖုံးကွယ်နေတဲ့ ပါရမီနဲ့ စွမ်းရည်တွေကို လျှော့တွက်လို့ မရနိုင်ဘူး’,

ထိုသို့ အကြံထုတ်ပြီးနောက် စုယွီသည် ဝိညာဉ်သန့်စင်အိုးကို ဆင့်ခေါ်လိုက်၏။ တစ်ချိန်တည်းမှာပင် အစိမ်းရောင် သစ်သားလက်စွပ်ထဲမှ သူ မတော်တဆ ရရှိထားသော အပိုင်းအစလေး တစ်ခုကို ထုတ်ယူလိုက်သည်။

ထိုအပိုင်းအစလေး ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ဝိညာဉ်သန့်စင်အိုးသည် သိသိသာသာ တုန်ခါသွားလေ၏။

မှိန်ဖျော့ဖျော့ အလင်းတန်းတစ်ခု ဝိညာဉ်သန့်စင်အိုး၏ မျက်နှာပြင်ပေါ်မှ ဖြာထွက်လာသည်။

နောက်တစ်ခဏ၌...

"အုန်း"

ဝိညာဉ်သန့်စင်အိုးဆီမှ ဆွဲငင်အားတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ထိုအပိုင်းအစလေးကို ချက်ချင်း စုပ်ယူလိုက်၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုအပိုင်းအစလေးသည် အိုး၏ မျက်နှာပြင်ထဲသို့ အရည်ပျော်ဝင်သွားသကဲ့သို့ ပေါင်းစပ်သွားလေသည်။

ထိုအပိုင်းအစကို မျိုချပြီးနောက် ဝိညာဉ်သန့်စင်အိုးမှ ထွက်ပေါ်နေသော အရှိန်အဝါသည် တရိပ်ရိပ် မြင့်တက်လာပြီး ပိုမို ခမ်းနားထည်ဝါလာ၏။

အစိမ်းရောင် ဗွီဇာပုံစံ အလင်းတန်းများက ဝိညာဉ်သန့်စင်အိုး၏ မျက်နှာပြင်ပေါ်တွင် အားလှိုင်းများသဖွယ် ဖြတ်သန်း စီးဆင်းသွားကြသည်။

နှမြောစရာ ကောင်းသည်မှာ ထိုအလင်းတန်းများသည် ကြာရှည်မခံဘဲ ပြန်လည် မှေးမှိန် ပျောက်ကွယ်သွားခြင်းပင်။

ဝိညာဉ်သန့်စင်အိုး၏ အရှိန်အဝါက သိသိသာသာ တိုးတက်လာသော်လည်း၊ "ထိပ်တန်း မှော်လက်နက်" အဆင့်တွင်သာ ရှိနေသေးသည်။

စုယွီ၏ အာရုံခံစားမှုအရ လက်ရှိ ဝိညာဉ်သန့်စင်အိုး၏ အဆင့်အတန်းသည် ထိပ်တန်း မှော်လက်နက် နှင့် မှော်ရတနာ အစပျိုး အဆင့်ကြားတွင် ရှိနေသည်။ ယခင်က ပျက်စီးနေသော သွေးရောင် နတ်ဘုရား လှံရှည်၏ အဆင့်အတန်းနှင့် သိပ်မကွာခြားလှပေ။

စုယွီ မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။ အချိန်အတော်ကြာ အသုံးပြုပြီးနောက် သူသည် တတိယအဆင့် အဆင့်မြင့် ဝိညာဉ်အရည် တစ်စက်ကို ထပ်မံ သန့်စင် ထုတ်လုပ်လိုက်သည်။

ယခင်က ထုတ်လုပ်ခဲ့သော တတိယအဆင့် အဆင့်မြင့် ဝိညာဉ်အရည်များနှင့် ယှဉ်လျှင် ယခု ရရှိသော ဝိညာဉ်အရည်၏ အရည်အသွေးက သေချာပေါက် သာလွန်နေ၏။

စတုတ္ထအဆင့် အဆင့်နိမ့် ဝိညာဉ်အရည် ဖြစ်လာရန် နီးစပ်နေပြီ ဖြစ်သည်။

“ဟူး...”

“မဆိုးပါဘူး... စတုတ္ထအဆင့် အဆင့်နိမ့် ဝိညာဉ်အရည်ကိုတော့ လောလောဆယ် ငါ မသုံးနိုင်သေးဘူး...”

စုယွီ သက်ပြင်းတစ်ချက် ချလိုက်ရင်း ကိုယ့်ဘာသာ ရေရွတ်လိုက်၏။

အရေးကြီးဆုံး အချက်ကတော့ ထိုအပိုင်းအစကို ပေါင်းစပ်လိုက်ပြီးနောက် ဝိညာဉ်သန့်စင်အိုး၏ သန့်စင်နှုန်း မြန်ဆန်လာခြင်းပင်။ ဒါက အကျိုးမရှိဟု ပြော၍ မရပေ။

ဝိညာဉ်သန့်စင်အိုး၏ ပြောင်းလဲမှုများကို ကျင့်သားရသွားပြီးနောက်၊ စုယွီသည် ပထမအဆင့် အဆင့်မြင့် ဝိညာဉ်အရည် အမြောက်အမြားကို စတင် သန့်စင် ထုတ်လုပ်လိုက်၏။ ဤ ဝိညာဉ်အရည်များဖြင့် ကြာကန်ကို ဖြည့်ဆည်းပေးရန် သူ ရည်ရွယ်ထားသည်။

ကောင်းကင်မိုးကြိုး ကြွက်အုပ်စု အတွက်မူ ပထမအဆင့်နှင့် ဒုတိယအဆင့် ဝိညာဉ်အရည်များကို ရက်ရက်ရောရော ရင်းနှီးမြှုပ်နှံရန် စီစဉ်ထား၏။

ကောင်းကင်မိုးကြိုး ကြွက်အုပ်စုသည် လော့ယွဲ့ မဟာမိတ်အဖွဲ့ လျှို့ဝှက်နယ်မြေထဲမှ အရင်းအမြစ်များကို စားသုံးရင်း၊ ဝိညာဉ်အရည်များ၏ အထောက်အပံ့ဖြင့် သူတို့၏ သွေးမျိုးဆက်ကို သန့်စင်နိုင်ကြပေလိမ့်မည်။

“ဒီနည်းနဲ့ဆိုရင်... (၁) နှစ်၊ (၂) နှစ် အတွင်းမှာ ကောင်းကင်မိုးကြိုး ကြွက်အုပ်စုရဲ့ စွမ်းအားတွေ တစ်ဟုန်ထိုး တိုးတက်လာနိုင်တယ်...”

စုယွီ စဉ်းစားခန်းဝင်ရင်း တီးတိုး ရေရွတ်လိုက်၏။ ကောင်းကင်မိုးကြိုး ကြွက်အုပ်စု၏ အနာဂတ် တိုးတက်မှုကို သူ မျှော်လင့်နေမိပါသည်။

ရက်အနည်းငယ် ကြာပြီးနောက်၊

စုယွီသည် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်ကို ဆင့်ခေါ်လိုက်ပြီး ဝိညာဉ်အရည် အမြောက်အမြား ပေးအပ်လိုက်သည်။ ထို့နောက် ကြွက်အုပ်စု တစ်ခုလုံးကို ခွဲဝေပေးရန် တာဝန် ပေးအပ်လိုက်၏။

ထိုကိစ္စ ပြီးမြောက်သွားသောအခါ စုယွီသည် နောက်ဖေးရှိ ဆေးဖက်ဝင် ဥယျာဉ်ငယ်လေး ဆောက်လုပ်ထားရာ နေရာသို့ ထပ်မံ ရောက်ရှိလာခဲ့သည်။

ကံဆိုးသည်မှာ ဥယျာဉ်ထဲ၌ ဝိညာဉ်အပင်နှင့် ဆေးဖက်ဝင် အပင် အနည်းငယ်သာ ရှိသေးပြီး ဥယျာဉ်ကလည်း သေးငယ်လွန်းနေသည်။

သူသည် နေ့ဝက်ခန့် အချိန်ပေးကာ ဥယျာဉ်ကို ပြန်လည် မွမ်းမံပြီး ချဲ့ထွင်လိုက်၏။ ထိုသို့ ပြုလုပ်နေစဉ် အတွင်းမှာပင် အခင်းအကျင်းများစွာကိုပါ တစ်ပါတည်း ခင်းကျင်းလိုက်သည်။

ထို့နောက် အစိမ်းရောင် သစ်သား နန်းတော်ထဲမှ တဆင့်၊ ချီမြစ် ဂိုဏ်းခွဲ၏ လျှို့ဝှက်စခန်းမှ သူ အမြစ်ပါမကျန် တူးရွှေ့လာခဲ့သော ဝိညာဉ်အပင်များ အားလုံးကို ထုတ်ယူလိုက်ပြီး၊ တစ်ပင်ချင်းစီ သူ့ဥယျာဉ်ထဲ၌ စိုက်ပျိုးလိုက်လေသည်။

ထိုအပင်များထဲတွင် "ရွှေ‌ဓာတ် သစ်သီးပင်" လည်း ပါဝင်၏။

အပွင့် မပွင့်သေး၊ အသီး မသီးသေးသော်လည်း စုယွီက ထိုအပင်ကို အဖိုးတန် ရတနာ တစ်ပါးကဲ့သို့ ဆက်ဆံသည်။

အပင်ကို ပြောင်းရွှေ့ စိုက်ပျိုးပြီးနောက် သစ်သား‌ဓာတ် စွမ်းအင်ဖြင့် ပြုစုပျိုးထောင်ပေးရုံသာမက သိုင်းနည်းစနစ်မန္တန်များ ရွတ်ဖတ်၍ပါ စောင့်ရှောက်ပေး၏။ ထို့အပြင် ရွှေ‌ဓာတ် သစ်သီးပင် စိုက်ပျိုးထားသော မြေနေရာတွင် တတိယအဆင့် အဆင့်နိမ့် ဝိညာဉ်အရည် အနည်းငယ်ကိုပါ တစ်စက်ချင်း လောင်းချပေးလိုက်သည်။ တတိယအဆင့် အဆင့်နိမ့် ဝိညာဉ်အရည်၏ ပြင်းအားက ရွှေ‌ဓာတ် သစ်သီးပင် စုပ်ယူရန်အတွက် အနေတော်ပင် ဖြစ်၏။

ဆေးဖက်ဝင် ဥယျာဉ်ကို ပြုပြင်မွမ်းမံပြီးနောက်၊ စုယွီသည် ဥယျာဉ် တံခါးဝတွင် ရပ်လိုက်သည်။ ဥယျာဉ် အတွင်း၌ ပြည့်နှက်နေသော ဝိညာဉ်အပင်များနှင့် အရည်အသွေးမြင့် ဆေးဖက်ဝင် ပစ္စည်းများကို ကြည့်ရှုရင်း ကျေနပ်ပီတိ ဖြစ်သွားလေ၏။

ဆေးဖက်ဝင် ဥယျာဉ်၏ အံ့မခန်း ပြောင်းလဲမှုကို မြင်လိုက်ရသောအခါ ယွီခယ်အာ၊ လော့ချင်းယာ၊ လန်ရှီးနှင့် လန်ကုန်းတို့အားလုံး အံ့သြမှင်သက် သွားကြလေသည်။

အထူးသဖြင့် ရွှေ‌ဓာတ် သစ်သီးပင်ကို မြင်လိုက်ရသော ယွီချန်ချင်းနှင့် စုချီတို့မှာ ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။

“ရွှေ‌ဓာတ် သစ်သီးပင်...”

“ဦးလေးယွီ... ဦးလေးက... ဦးလေးက ချီမြစ် လျှို့ဝှက်စခန်းထဲက ပစ္စည်းတွေ အကုန်လုံးကို သိမ်းကျုံးယူလာတာလား...”

စုချီက မယုံကြည်နိုင်စွာဖြင့် အာမေဋိတ် သံကြီးဖြင့် အော်ဟစ် မေးမြန်းလိုက်သည်။ သူမ၏ အသက်ရှူသံများပင် မြန်ဆန်လာသည်။

ဒီ ရွှေ‌ဓာတ် သစ်သီးပင်သာ ရှိနေရင်...

သူမ ရွှေအမြုတေ အဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေး ရှိလာနိုင်တယ် မဟုတ်လား။

ယခင်ကဆိုလျှင် စုချီသည် ရွှေအမြုတေ အဆင့်ဆိုသည့် ဝေးကွာလှသော ပန်းတိုင်ကို တစ်ခါမှ စိတ်ကူးမယဉ်ရဲခဲ့ပေ။ သူမ၏ ပါရမီကို သူမ ကိုယ်တိုင် သိသည်။ အခြေခံတည်ဆောက်ခြင်း အဆင့်ကို ရောက်ရှိလာတာကပင် သူမအတွက် ကံကောင်းလွန်းနေပြီ ဖြစ်၏။

သူမ ဘာသာသူ ကြိုးစားပြီး ရွှေအမြုတေ အဆင့်ကို တက်လှမ်းဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပင်။

သို့သော် ရွှေအမြုတေ အဆင့် တက်လှမ်းနိုင်မည့် အခွင့်အရေး ဆိုသည်မှာ သာမန် အခြေခံတည်ဆောက်ခြင်း ဆေးလုံးမျိုး မဟုတ်ပေ။

တာ့ယွဲ့ နန်းတော်ကို မဆိုထားနှင့်၊ ယွင်ကျန်းဂိုဏ်း လိုမျိုး အဖွဲ့အစည်းကြီးတောင်မှ ရွှေ‌ဓာတ် ဆေးလုံး တစ်လုံး ရရှိဖို့ ဆိုတာ အလွန် ခက်ခဲလှသည်။

သို့ရာတွင်၊ အခုတော့ အသက်ရှင်နေသော ရွှေ‌ဓာတ် သစ်သီးပင်ကြီး တစ်ပင်လုံးက သူမ မျက်စိရှေ့တည့်တည့်မှာ ရောက်နေပြီ ဖြစ်၏။

ယွီချန်ချင်း၊ စုချီ၊ လော့ချင်းယာ၊ လန်ရှီးနှင့် လန်ကုန်းတို့ အနေဖြင့် လော့ယွဲ့ မဟာမိတ်အဖွဲ့ လျှို့ဝှက်နယ်မြေ အပြင်ဘက်သို့ မကြာခင် ထွက်ခွာနိုင်ဦးမည် မဟုတ်ပေ။ ထို့ကြောင့် စုယွီ အနေဖြင့် သူမတို့က ရွှေ‌ဓာတ် သစ်သီးပင် ရှိနေကြောင်း သိသွားလျှင်လည်း စိတ်ပူစရာ မရှိပေ။

စုယွီက ခေါင်းကို ဖြည်းညှင်းစွာ ညိတ်လိုက်ပြီး ရယ်လိုက်သည်။

“အဲဒီ လျှို့ဝှက်စခန်းထဲမှာ ဆေးဖက်ဝင် ဥယျာဉ်လေး တစ်ခု ရှိနေတာနဲ့... အဲဒါကို ငါ ယူလာလိုက်တာပါ...”

ယွီခယ်အာ၊ ယွီချန်ချင်း၊ စုချီ၊ လန်ရှီးနှင့် လန်ကုန်းတို့အားလုံး စုယွီကို ကြည့်နေသော အကြည့်များထဲတွင် အံ့သြလေးစားမှုများ ပြည့်နှက်နေ၏။

ပါးစပ်က ပြောတော့ လွယ်လွယ်လေး။

‘ဒါပေမဲ့...

ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ ချီမြစ် ဂိုဏ်းခွဲပိုင် လျှို့ဝှက်စခန်းထဲကို ဖောက်ဝင်ပြီး၊ အင်အားကြီး အဖွဲ့အစည်း တစ်ခုရဲ့ ရတနာတွေကို တူးရွှေ့ယူငင်လာတယ် ဆိုတာ လွယ်ကူတဲ့ ကိစ္စတဲ့လား’

သို့သော် သူမတို့ အရှေ့က အမျိုးသားကတော့ ထိုအလုပ်ကို တကယ် လုပ်ဆောင်နိုင်ခဲ့လေပြီ။

အခန်း (၃၈၀) - မိစ္ဆာကျင့်ကြံသူ အုပ်စု၊ ရိတ်သိမ်းခြင်း (အပိုင်း ၆)

~ဆေးဖက်ဝင် ဥယျာဉ်ငယ်လေး၏ ကိစ္စအဝဝကို ယွီခယ်အာနှင့် တခြားသူများထံ လွှဲအပ်ခဲ့ပြီးနောက်၊ စုယွီသည် သူ့ကိုယ်ပိုင် သီးသန့် အခန်းဆီသို့ ပြန်လာခဲ့သည်။ အစိမ်းရောင် သစ်သားလက်စွပ် အတွင်းရှိ ချီမြစ် ဂိုဏ်းခွဲ၏ ဘဏ္ဍာတိုက်မှ ရယူလာသော ပစ္စည်းများကို စတင် စီစစ်လေတော့၏။

ပစ္စည်းအများစုမှာ လက်နက်သွန်းလုပ်ရာတွင် အသုံးပြုသော ကုန်ကြမ်းပစ္စည်းများ ဖြစ်ကြသည်။

သို့သော် ချီမြစ် ဂိုဏ်းခွဲ၏ ဘဏ္ဍာတိုက် အတွင်း၌ သိမ်းဆည်းထားသော ပစ္စည်းများ ဖြစ်သည့်အတွက် အနည်းဆုံးတော့ တတိယအဆင့် အရည်အသွေး ရှိကြပေသည်။

ဝိညာဉ်ဆေးပင်နှင့် ဝိညာဉ်သစ်သီးများ၏ ပမာဏမှာမူ နည်းပါးလှသည်။

မှော်လက်နက် အရေအတွက်မှာ အနည်းငယ် ပိုများပြီး ထိပ်တန်းအဆင့် မှော်လက်နက် (၁၀၀) ကျော်အပြင်၊ ချီမြစ် မျိုးဆက် ကိုယ်တိုင် သွန်းလုပ်ထားသည့် လက်ရာမြောက် မှော်လက်နက် (၁၃) ခုပင် ပါဝင်သေးသည်။

အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး (၅) သန်းကျော်နှင့် အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး (၃၀၀၀၀) ကျော်လည်း ရရှိထားသည်။

“ဒုတိယအဆင့် အဆောင်လက်ဖွဲ့ ပစ္စည်းတွေကတော့... (၁၀၀၀) ကျော်လောက် ရှိမယ်... တတိယအဆင့် အဆောင်လက်ဖွဲ့ ပစ္စည်းတွေကျတော့ နည်းလွန်းတယ်... (၁၀၀) ဝန်းကျင်လောက်ပဲ ရှိတာ... နည်းလိုက်တာကွာ...”

စာရင်းကောက်ယူပြီးနောက် စုယွီ မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။

အဆောင်လက်ဖွဲ့ ပစ္စည်းများရော ဆေးဖော်စပ်ရာတွင် သုံးသည့် ပစ္စည်းများပါ ပေါများခြင်း မရှိပေ။

ဒီလက်နက်သွန်းလုပ်ရေး ပစ္စည်းတွေကိုတော့ ရုပ်သေးရုပ်တွေ ဖန်တီးသည့် နေရာမှာ သုံး၍ ရနိုင်သေးသည်။

သို့သော်၊ ရုပ်သေးရုပ် တစ်ရုပ် ဖြစ်လာဖို့ အချိန်အများကြီး ပေးရဦးမည် ဖြစ်ရာ၊ လောလောဆယ်တွင်တော့ အချိန်အခါ မဟုတ်သေးပေ။

ထိုအရာများကို မျိုးတူရာ ခွဲခြား သိမ်းဆည်းပြီးနောက် စုယွီ၏ အကြည့်သည် ကျောက်စိမ်းပြား အပုံလိုက်နှင့် ရှေးဟောင်း ကျောက်စိမ်းသေတ္တာ အချို့ပေါ်သို့ ကျရောက်သွား၏။

ထိုရှေးဟောင်း ကျောက်စိမ်းသေတ္တာများမှာ ဖွင့်ဖောက်ထားပြီးသား ဖြစ်သော်လည်း သာမန် သိမ်းဆည်းရုံ သက်သက် ပြန်လည် အသုံးပြုထားခြင်း မဟုတ်ပေ။

သူသည် သေတ္တာများအပေါ်ရှိ အကာအကွယ် အခင်းအကျင်းများကို တစ်ခုပြီးတစ်ခု ဖျက်ဆီးကာ ဖွင့်ကြည့်လိုက်သည်။

“ဟင်...”

အထဲတွင် အဖိုးတန် ဆေးလုံးများ ဖော်စပ်ရာ၌ လိုအပ်သော ပစ္စည်းများ ပါဝင်နေသည်ကို တွေ့လိုက်ရ၏။

အခြေခံတည်ဆောက်ခြင်း ဆေးလုံး အတွက် လိုအပ်သော ပစ္စည်းများမှာ လုံလောက်ရုံမက ကောင်းကင်ဆေးလုံးနှင့် ရွှေအမြုတေ ဆေးလုံး ဖော်စပ်ရန် ပစ္စည်းများပင် ပါဝင်နေသေးသည်။

နောက်ဆုံး ဖွင့်လိုက်သော သေတ္တာအချို့မှ ထွက်ပေါ်လာသော အငွေ့အသက်က စုယွီကို အံ့သြသွားစေ၏။ ၎င်းတို့မှာ "မူလဝိညာဉ် ဆေးလုံး" ဖော်စပ်ရာတွင် အသုံးပြုသော စတုတ္ထအဆင့် အထောက်အကူပြု ဝိညာဉ်ဆေးပင်များ ဖြစ်နေခြင်းကြောင့်ပင်။

“ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင်ကြီးက မူလဝိညာဉ် ဆေးလုံး ဖော်စပ်ဖို့ ဒီပစ္စည်းတွေကို စုဆောင်းနေတာများလား...”

စုယွီ၏ ရင်ထဲတွင် ပျော်ရွှင်မှု လှိုင်းတံပိုးများ ထွက်ပေါ်လာသည်။

တကယ့်ကို မထင်မှတ်ထားသည့် ကံထူးမှုပါပဲ။

နှမြောစရာ ကောင်းသည်မှာ ထိုပစ္စည်းများထဲတွင် "ရွှေအမြုတေ သစ်သီး" တစ်လုံးမှ ပါမလာခြင်းပင်။

သို့သော် "ထိုက်ရွှီ ကြာပန်း" အပါအဝင် ကောင်းကင်ဆေးလုံး တစ်လုံးစာ ဖော်စပ်ရန် လိုအပ်သော ပစ္စည်းအစုံအလင် ကျန်ရှိနေသေး၏။

ဒါက လက်ခံနိုင်စရာ ဖြစ်သလို အနည်းငယ်တော့ စိတ်ဖြေသာစရာ ဖြစ်စေသည်။

အခြေခံတည်ဆောက်ခြင်း ဆေးလုံးအတွက် ပစ္စည်းများကတော့ ပို၍ များပြားပြီး (၁၀) စုံကျော်လောက်ပင် ရှိ၏။

ဒီပစ္စည်းတွေကို ကြည့်ရုံနှင့်တင် အင်အားစု အကြီးနှင့် အသေးကြားက ကွာဟချက်ကို သိသာစေသည်။ အင်အားစု ငယ်လေးတွေ အနေနှင့် ဒီပစ္စည်းတွေကို စုဆောင်းဖို့ အသည်းအသန် ကြိုးပမ်းနေရချိန်မှာ၊ ချီမြစ် ဂိုဏ်းခွဲရဲ့ ဘဏ္ဍာတိုက်ထဲမှာတော့ အချိန်မရွေး ထုတ်သုံးဖို့ အသင့်ရှိနေသော ပစ္စည်း (၁၀) စုံကျော် ရှိနေသည်။

သူတို့က တန်ဖိုးကြီးမားလှသော ကောင်းကင်ဆေးလုံး ဖော်စပ်ဖို့ လိုအပ်သည့် ပစ္စည်းတွေကိုတောင် လက်ဝယ်ထားရှိပြီး မသုံးဘဲ သိမ်းဆည်းထားကြသေး၏။

ရွှေအမြုတေ သစ်သီးကတော့ အလွန် ရှားပါးပြီး တန်ဖိုးကြီးလွန်းတာကြောင့် ဘဏ္ဍာတိုက်ထဲမှာ အပိုမရှိခြင်း ဖြစ်တန်ရာသည်။

သို့သော်၊ သူတို့က စုယွီအတွက် ရွှေအမြုတေ သစ်သီးပင်ကြီး တစ်ပင်လုံးကို လက်ဆောင်ပေးလိုက်ပြီ မဟုတ်ပါလား။

ဒါကို ကြည့်ခြင်းအားဖြင့် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့၏ ချီမြစ် ဂိုဏ်းခွဲသည် အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူများကို လွယ်ကူစွာ မွေးထုတ်ပေးနိုင်ရုံမက၊ ရွှေအမြုတေ အဆင့် အရှင်သခင် တစ်ပါး ဖြစ်လာအောင် ပျိုးထောင်ပေးခြင်းကလည်း သူတို့အတွက် ခက်ခဲသော ကိစ္စ မဟုတ်ကြောင်း ဖော်ပြနေ၏။

ရွှေအမြုတေ သစ်သီးပင်ကို လက်ဝယ်ပိုင်ဆိုင်ထားခြင်းဖြင့် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့သည် ရွှေအမြုတေ အဆင့် ကျင့်ကြံသူများကို အဆက်မပြတ် မွေးထုတ်ပေးနိုင်မည် ဖြစ်သည်။

ဒီလို အရင်းအမြစ်တွေ ရှိနေခြင်းက ချီမြစ် မျိုးဆက်၏ အမွေအနှစ်ကို ခိုင်မာစွာ ဆက်လက် တည်တံ့စေမည့် အာမခံချက်ပင်။

ဒါပေါ့လေ...၊ဒါက အတိတ်က ဖြစ်ရပ်တွေပင်။

အခုတော့ ထိုအရင်းအမြစ်တွေ အားလုံးက စုယွီရဲ့ လက်ထဲကို ရောက်ရှိလာခဲ့လေပြီ။

ရှေးဟောင်း ကျောက်စိမ်းသေတ္တာများကို စစ်ဆေးပြီးနောက် စုယွီသည် ကျောက်စိမ်းပြားများဘက်သို့ အာရုံပြောင်းလိုက်၏။

ခေတ္တမျှ စစ်ဆေးပြီးနောက် စုယွီသည် စတုတ္ထအဆင့် အဆင့်နိမ့် လက်နက်သွန်းလုပ်ခြင်း ပညာရပ်နှင့် သက်ဆိုင်သော မပြည့်စုံသည့် အမွေအနှစ် တစ်ခုကို တွေ့ရှိလိုက်သည်။ ထို့အပြင် ရှေးဟောင်း စာအုပ်များထဲတွင် ရှေးဟောင်း သွေးရောင် သွန်းလုပ်ရေး အင်မော်တယ် ဂိုဏ်းမှ ဆင်းသက်လာသော လက်နက်သွန်းလုပ်နည်း ပညာရပ်များနှင့် သက်ဆိုင်သည့် သင်ခန်းစာများစွာ ပါဝင်နေ၏။

မပြည့်စုံသော စတုတ္ထအဆင့် အဆင့်နိမ့် လက်နက်သွန်းလုပ်ခြင်း ပညာရပ်မှ ကြီးမားလှသော သတင်းအချက်အလက် ပမာဏကို စုပ်ယူပြီးနောက် စုယွီ သတိဝင်လာချိန်တွင် (၂) နာရီကျော်မျှ ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ သူ သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး မျက်လုံးများကို ဖွင့်လိုက်၏။

“ဟူး...”

သူ့မျက်ဝန်းများထဲမှ တောက်ပသော အလင်းတန်းတစ်ချက် ဖြာထွက်သွားသည်။ စုယွီ ခပ်တိုးတိုး သက်ပြင်းချလိုက်သည်။

အချိန်မလောက်ငသောကြောင့် သူသည် လက်နက်သွန်းလုပ်ခြင်း ပညာရပ်ကို လေ့လာလိုက်စားရန် အစီအစဉ် မရှိခဲ့ပေ။

သို့သော် ကံတရားက အခြား အစီအစဉ် တစ်ခု ရှိနေပုံရသည်။ "သွေးရောင် သွန်းလုပ်ရေး ကောင်းကင် လက်နက် ပညာရပ်" ဟု ခေါ်သော မပြည့်စုံသည့် စတုတ္ထအဆင့် အဆင့်နိမ့် လက်နက်သွန်းလုပ်ခြင်း အမွေအနှစ် တစ်ခုကို သူ မမျှော်လင့်ဘဲ ရရှိခဲ့ပြီပင်။

ထိုပညာရပ်၏ အဆင့်အတန်းသည် သူ လက်ရှိ ပိုင်ဆိုင်ထားသော ဆေးပညာ၊ အဆောင်လက်ဖွဲ့ ပညာနှင့် ရုပ်သေးပညာ အမွေအနှစ်များထက် မြင့်မားနေ၏။

ထပ်မံ အကြံထုတ်မနေတော့ဘဲ...

“အချိန်ရမှပဲ ဆက်ပြီး လေ့လာတော့မယ်...” ဟု စုယွီ ကိုယ့်ဘာသာ ရေရွတ်လိုက်သည်။

သူသည် အစိမ်းရောင် သစ်သားလက်စွပ် အတွင်းရှိ နေရာလွတ်ကို ရှင်းလင်းလိုက်ပြီး ပစ္စည်းများကို ချန်ခွင်းအိတ် အသီးသီးထဲသို့ ခွဲဝေ သိမ်းဆည်းလိုက်သည်။ နှစ်များစွာ စုဆောင်းလာခဲ့သော ချန်ခွင်းအိတ်ပေါင်း (၁၀၀) ကျော် ရှိနေ၏။

ထိုအိတ်များသည် ပစ္စည်းများနှင့် ဝိညာဉ်ကျောက်တုံး အားလုံးကို သိမ်းဆည်းရန် လုံလောက်ပါသည်။

လက်စွပ်နှင့် အစိမ်းရောင် သစ်သား နန်းတော် အတွင်းရှိ နေရာလွတ်ကို ရှင်းလင်းပြီးနောက် စုယွီသည် နန်းတော်ထဲမှ ထူးဆန်းသော သားရဲအား ဆင့်ခေါ်လိုက်၏။

ထိုသားရဲသည် သိပ်မကြီးမားလှပေ။ ပေအနည်းငယ်မျှသာ ရှိပြီး ကျင့်ကြံခြင်း အဆင့်မှာလည်း ပထမအဆင့် အဆင့်မြင့် သာ ရှိသေးသည်။ ဒုတိယအဆင့် အဆင့်နိမ့် မိစ္ဆာသားရဲလောက်ပင် မစွမ်းဆောင်နိုင်သေးပေ။

သို့သော် ၎င်း၏ စိတ်ကြီးပုံကတော့ အထင်ကြီးစရာပင်။ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ၎င်း၏ အနီရောင်သမ်းသော မျက်လုံးများဖြင့် စုယွီကို ဒေါသတကြီး စိုက်ကြည့်ပြီး အော်ဟစ်လိုက်၏။

“ဂီး...”

၎င်းသည် စုယွီကို မီးဖြင့် မှုတ်ထုတ် တိုက်ခိုက်တော့မည့်ဟန် ပြင်လိုက်သည်။

"အုန်း"

ရုတ်တရက် ကြောက်မက်ဖွယ် ကောင်းလှသော မီးတောက်တစ်ခု ထွက်ပေါ်လာပြီး လျှို့ဝှက်အခန်း တစ်ခုလုံးကို ချက်ချင်း ပြည့်နှက်သွားကာ ထိုသားရဲကို ဝါးမျိုလိုက်လေသည်။

နိဗ္ဗာန် မန္တန်စွမ်းအား ဖြင့် ဖွဲ့စည်းထားသော မီးပင်လယ်ကြီးသည် ကောင်းကင်ဖီးနစ်၏ ကြောက်မက်ဖွယ် အရှိန်အဝါကို ထုတ်လွှတ်နေ၏။ ထိုသားရဲကို မျက်လုံးပြူးကာ စုယွီအား မယုံကြည်နိုင်စွာ ကြည့်စေလိုက်သည်။

နောက်တစ်ခဏတွင် ထိုသားရဲ၏ မျက်ဝန်းများထဲ၌ ထိတ်လန့်ကြောက်ရွံ့မှုများ အထင်းသား ပေါ်လာသည်။

"ဒုန်း"

ထိုသားရဲသည် မြေပြင်ပေါ်သို့ ပျော့ခွေလဲကျသွားပြီး ထိန်းချုပ်မရနိုင်အောင် တုန်ယင်နေလေသည်။

မိမိ၏ ဘုရင်တစ်ပါးရှေ့တွင် ဒူးထောက် ခစားနေရသည့်နှယ်။

သူ့ရှေ့တွင် တုန်ယင်ကာ ဝပ်ဆင်းနေသော သားရဲကို ကြည့်ရင်း စုယွီက တည်ငြိမ်စွာ မေးလိုက်၏။

“မင်း... ငါ့ကို သခင်အဖြစ် အသိအမှတ်ပြုမလား...”

သားရဲသည် ခေါင်းမော့ကြည့်လိုက်သည်။ ၎င်း၏ ဉာဏ်ရည်မှာ နိမ့်ကျလွန်းခြင်း မရှိပေ။ စုယွီ၏ ဆိုလိုရင်းကို နားလည်သည်။ ၎င်း၏ စွမ်းအားထက် အဆပေါင်းထောင်ချီ ပိုမို အားကြီးသော ကောင်းကင်ဖီးနစ် အရှိန်အဝါ၏ ဖိနှိပ်မှုအောက်တွင် ထိုသားရဲသည် လုံးဝ မခုခံရဲတော့ဘဲ ခေါင်းကို တဆတ်ဆတ် ညိတ်ကာ အော်ဟစ်လိုက်လေ၏။

“ဂီး...”

“လက်ခံပါတယ်... ကျွန်တော် လက်ခံပါတယ်…”

“ဟင်း... ကောင်းပြီ...”

စုယွီ ပြုံးလိုက်ပြီး ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးကာ သားရဲ၏ ခေါင်းပေါ်သို့ လက်တင်လိုက်သည်။ ထို့နောက် "သားရဲထိန်းကျောင်းခြင်း ပညာရပ်" ကို စတင် အသုံးပြုလိုက်၏။

သူ၏ လက်ရှိ သားရဲထိန်းကျောင်းခြင်း ပညာရပ်သည် ဒုတိယအဆင့် အလယ်အလတ်တန်းစား သားရဲကိုပင် ထိန်းချုပ်နိုင်စွမ်း ရှိသည်။

ဤသားရဲမှာ ပထမအဆင့် အဆင့်မြင့်သာ ရှိသေးသောကြောင့် စုယွီသည် လွယ်ကူစွာပင် ယဉ်ပါးအောင် ပြုလုပ်နိုင်ခဲ့၏။

သို့သော် သူ လက်ကို ပြန်မရုတ်လိုက်ပေ။

စိတ်အာရုံ တစ်ချက် လှုပ်ရှားလိုက်သည်နှင့် တပြိုင်နက် ဟိန်းသံကြီး တစ်ခု ထွက်ပေါ်လာသည်။

လျှို့ဝှက်အခန်း အတွင်း ပြည့်နှက်နေသော နိဗ္ဗာန် မီးတောက်များသည် ထိုသားရဲ၏ ကိုယ်ထဲသို့ အလုံးအရင်းဖြင့် တိုးဝင်သွားကြ၏။

“ဘုန်း...”

“ဝုန်း...”

စုယွီသည် "ကောင်းကင်ဖီးနစ် နိဗ္ဗာန် ကျင့်စဉ်" အား လည်ပတ်လိုက်ပြီး၊ လှိုင်းတံပိုးပမာ ကြီးမားသော နိဗ္ဗာန် စွမ်းအားများကို သားရဲ၏ ကိုယ်ထဲသို့ သွန်းလောင်းပေးနေသည်။ သူ၏ ပြိုင်ဘက်ကင်း နိဗ္ဗာန် စွမ်းအားဖြင့် သားရဲ၏ ခြင်ဆီများကို ဆေးကြော သန့်စင်ပေးလိုက်လေ၏။

"ဂီ.."

သားရဲသည် နာကျင်စွာ အော်ဟစ်လိုက်သည်။ စုယွီ၏ လက်အောက်တွင် မခံမရပ်နိုင်အောင် နာကျင်မှုကြောင့် ရုန်းကန်နေရှာသည်။

သို့သော် နာရီဝက်ခန့်ပင် မကြာလိုက်ပေ။

“ဝုန်း...”

သားရဲ၏ ခန္ဓာကိုယ်မှ မီးတောက်အသစ် တစ်ခု ထွက်ပေါ်လာ၏။ အစွမ်းထက်သော သက်စောင့်စွမ်းအားများ သယ်ဆောင်ထားသည့် စိမ်းဖျော့ဖျော့ မီးတောက်များသည် သားရဲ၏ သွေးကြောများထဲမှ တဖန် ပြန်လည် နိုးထလာခြင်းပင်။

တစ်ချိန်တည်းမှာပင် မူလက ပထမအဆင့် အဆင့်မြင့်သာ ရှိသော သားရဲ၏ အရှိန်အဝါသည် သိသိသာသာ ပြောင်းလဲသွား၏။ ဒုတိယအဆင့် သားရဲ၏ အဟန့်အတားကို ဖောက်ထွက်ကာ ဒုတိယအဆင့် အဆင့်နိမ့် နယ်ပယ်သို့ ရောက်ရှိသွားလေသည်။

"ဂီ.."

သားရဲသည် ကြည်လင်ပြတ်သားသော အသံဖြင့် အော်ဟစ်လိုက်ရာ အခန်းတစ်ခုလုံး ပဲ့တင်ထပ်သွားသည်။ ငှက်များ၏ ဘုရင်ဟူသော ဂုဏ်ဒြပ်က ပိုမို ပေါ်လွင်လာ၏။

စုယွီ၏ လက်အောက်မှ စိမ်းဖျော့ဖျော့ မီးတောက်များဖြင့် ခြံရံထားသော ထိုသားရဲသည် မီးထဲမှ တဖန် ပြန်လည် မွေးဖွားလာသကဲ့သို့ မတ်တတ်ရပ်လိုက်သည်။

၎င်း၏ ကိုယ်ပေါ်ရှိ အရှိန်အဝါသည် ဆက်လက် မြင့်တက်နေဆဲပင်။

(၆) နာရီခန့် ကြာပြီးနောက် လျှို့ဝှက်အခန်း အတွင်းရှိ လှုပ်ရှားမှုများ ရပ်တန့်သွားပြီး မီးတောက်များလည်း ပျောက်ကွယ်သွား၏။

(၈) ပေခန့် မြင့်မားပြီး လှပသော အမွှေးအတောင်များဖြင့် ဖုံးလွှမ်းနေသော ထူးဆန်းသည့် သားရဲတစ်ကောင် စုယွီ၏ ရှေ့တွင် ရပ်နေသည်။ အနီရောင်နှင့် အစိမ်းရောင် အမွှေးများ ရောနှောနေပြီး၊ အမြီးပိုင်းတွင် ခရမ်းရောင်၊ အပြာရောင်နှင့် အစိမ်းရောင် အမွှေးများဖြင့် တန်ဆာဆင်ထားသည်။ ဝိညာဉ်ငှက် တစ်ကောင်နှင့် တူသလို၊ ဝိညာဉ်ကြက် တစ်ကောင်နှင့်လည်း (၃) ပုံ (၁) ပုံခန့် ဆင်တူနေ၏။

၎င်းသည် မာန်မာန ထောင်လွှားစွာဖြင့် ခေါင်းမော့ထားပုံမှာ လှောင်ပြောင်နေသော ဝိညာဉ်ကြက် တစ်ကောင်အလားပင်။

ထိုသားရဲကို ကြည့်ရင်း စုယွီ ခဏမျှ စဉ်းစားလိုက်ကာ တီးတိုး ရေရွတ်လိုက်သည်။

“လိုတာတွေ အများကြီး ရှိနေသေးတယ်... ဒီကောင်လေး ရှေးဟောင်း ကောင်းကင်ဖီးနစ်ရဲ့ ကျက်သရေကို တစွန်းတစလောက် ဖမ်းဆုပ်နိုင်မယ့် အခွင့်အရေးများ ရှိလာမလား...”

အခန်း (၃၈၁) - အင်မော်တယ်များ၊ နတ်ဘုံနတ်နန်း၊ အင်မော်တယ် ကျင့်စဉ်နှင့် အင်မော်တယ် စာပေများ

~“နောက်ဆို မင်းနာမည်က 'ထိုက်ရွှီ' ပဲ...”

စုယွီသည် ထိုထူးဆန်းသော သားရဲကို "ထိုက်ရွှီ" ဟု အမည်ပေးလိုက်သည်။ အကြောင်းမှာ ၎င်းသည် ဇီကွမ်း နယ်မြေရှိ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့မှ ရောက်ရှိလာခြင်းကြောင့် ဖြစ်သည်။

ထို့ပြင် မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး ဖြစ်သော ထိုက်ရွှီ မဟာမိတ် ခေါင်းဆောင်ကြီးသည် အားနည်းသူများကို အနိုင်ကျင့်ခဲ့သည့်အတွက် စုယွီက အငြိုးအတေး ထားရှိလေ၏။ ထိုသားရဲကို "ထိုက်ရွှီ" ဟု ခေါ်ဆိုခြင်းဖြင့် ထိုလူကို အမြဲ သတိရနေစေရန် ရည်ရွယ်ခြင်းပင်။

အစိမ်းရောင် သစ်သားလက်စွပ် အတွင်းရှိ နေရာလွတ်ကို ရှင်းလင်းပြီးနောက်၊ စုယွီသည် လက်စွပ်ကို တာအိုရုပ်သေးထံ ပြန်ပေးလိုက်၏။ တာအိုရုပ်သေးသည် လော့ယွဲ့ မဟာမိတ်အဖွဲ့ လျှို့ဝှက်နယ်မြေ အပျက်အစီးမှ တဖန် ပြန်လည် ထွက်ခွာသွားလေသည်။

ယခုတစ်ကြိမ်တွင်မူ တာအိုရုပ်သေး၏ ဦးတည်ရာ ခရီးလမ်းမှာ ကိုးဝိညာဉ် မိစ္ဆာ နန်းတော် ပိုင်နက်ဆီသို့ ဖြစ်သည်။ ကိုးဝိညာဉ် မိစ္ဆာ နန်းတော်၏ ဖမ်းဆီးခြင်း ခံထားရသော သာမန် စုမိသားစုဝင်များကို ရှာဖွေ ကယ်တင်ရန်ပင်။

သို့သော် ထိုခရီးမစတင်မီ ယွင်ကျန်းဂိုဏ်း နယ်မြေသို့ ခဏတာ ဝင်ရောက်ပြီး၊ စုမိသားစုနှင့် ယွင်ကျန်းဂိုဏ်းကို စောင့်ကြည့် ထောက်လှမ်းနေကြသော သူလျှိုများကို ရှင်းလင်း သုတ်သင်ရပေဦးမည်။

တာအိုရုပ်သေးသည် လျှို့ဝှက်နယ်မြေမှ ထွက်ခွာသွားပြီးနောက် စုယွီသည် သူ၏ နေ့စဉ် ကျင့်ကြံခြင်း လုပ်ငန်းစဉ်များကို ပြန်လည် စတင်လိုက်၏။

သူသည် ‌ဓာတ်ကြီး ငါးပါး ကျင့်စဉ်အပေါ် နားလည်သဘောပေါက်မှုကို မြှင့်တင်ရင်း၊ ‌ဓာတ်ကြီး ငါးပါး ကျင့်စဉ်နှင့် ကိုယ်ခန္ဓာ သန့်စင်ခြင်း နည်းစနစ်များကို ပုံမှန် လေ့ကျင့်လေသည်။ တစ်ချိန်တည်းမှာပင် ဝိညာဉ်သန့်စင်အိုးမှ ရရှိသော ဝိညာဉ်အရည်များကို အသုံးပြု၍ သူ၏ သားရဲများ၊ ကောင်းကင်မိုးကြိုး ကြွက်အုပ်စုနှင့် ရေခဲကြေးခွံ ငါးမျိုးနွယ်စုတို့ကို ပြုစုပျိုးထောင်ပေးလေသည်။

ပြင်ပလောကတွင်မူ...

တာ့ယွဲ့ နန်းတော်၏ အမိန့်အရ စုဇီသည် တာ့ယွဲ့ အင်မော်တယ် မြို့တော်သို့ ရောက်ရှိလာသည်။ တာအိုဆရာ ရှုဟိုင်၊ ချင်းချွမ်နှင့် ရှုယွီတို့က သူမကို ခရီးဦးကြို ပြုကြသည်။

တာအိုဆရာ ရှုယွီသည် ယခုထိတိုင် ဝမ်းနည်းပူဆွေးမှု အရိပ်အယောင် မကင်းသေးသော စုဇီ၏ မျက်နှာကို ကြည့်ကာ သံသယဖြင့် မေးလိုက်သည်။

“ဂိုဏ်းချုပ်စုရဲ့ မျက်နှာက သိပ်မကောင်းပါလား... တာအို ဆရာမ ယွီနဲ့ သူ့တပည့်မလေးတို့ ကယ်တင်ခံလိုက်ရပြီလို့ သတင်းကြားပါတယ်... ဘာဖြစ်လို့ ဂိုဏ်းချုပ်စုက စိတ်မချမ်းမသာ ဖြစ်နေရတာလဲ...”

စုဇီ မျက်မှောင်ကြုတ်လိုက်ပြီး ပြော၏။

“ချန်ချင်း နဲ့ ချီလေး တို့ ပြန်မရောက်လာကြသေးဘူး...”

“ပြီးတော့ သူတို့ကို ကယ်သွားတဲ့ လျှို့ဝှက်လူသား ဆိုတာက ဘယ်သူလဲ ဆိုတာလည်း ကျွန်မ မသိရဘူး...”

ယခင် ကြုံတွေ့ခဲ့ဖူးသော အတွေ့အကြုံကို ပြန်ပြောင်းသတိရရင်း တာအိုဆရာ ရှုဟိုင်က အကြံပြုလိုက်သည်။

“အဲဒီလူက ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ ရှာဖွေမှုကို ရှောင်တိမ်းဖို့ ပုန်းအောင်းနေတာ ဖြစ်နိုင်ပါတယ်... ဒါကြောင့် ကြန့်ကြာနေတာ နေမှာပါ... အချိန်တန်ရင် သူတို့ ပြန်ပေါ်လာကြမှာပါ...”

စုဇီက သက်ပြင်းချလိုက်၏။

“ကျွန်မလည်း အဲဒီလိုပဲ မျှော်လင့်ပါတယ်...”

ရုတ်တရက် တာအိုဆရာမ ချင်းချွမ်က ဝင်မေးလိုက်သည်။

“ဒါနဲ့ တာအိုဆရာ စုယွီကရော... သူ့ဆီက ဘာသတင်းမှ မကြားရဘူးလား...”

စုဇီက ခေါင်းယမ်းလိုက်ပြီး ပြန်ဖြေ၏။

“ယွီလေးက တံခါးပိတ် ကျင့်ကြံမယ်လို့ ပြောသွားတယ်... အခု သူက ရွှေအမြုတေ အဆင့်ကို ရောက်နေပြီ ဆိုတော့ ရှေ့ဆက်တိုးတက်ဖို့က အရမ်း ခက်ခဲသွားပြီလေ... ဒါကြောင့် မကြာခင် အချိန်အတွင်းမှာတော့ သူ တံခါးပိတ် ကျင့်ကြံရာကနေ ထွက်လာမှာ မဟုတ်ဘူး...”

ထိုသို့ ပြောပြီးနောက် စုဇီသည် တာအိုဆရာ ရှုဟိုင်နှင့် ချင်းချွမ်တို့ဘက် လှည့်ကာ မေးမြန်းလိုက်သည်။

“အရှင်တို့ နှစ်ယောက်ကရော... ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို စီစဉ်ထားကြသလဲ...”

တာအိုဆရာ ရှုဟိုင်က သက်ပြင်းချလိုက်၏။

“ကျွန်တော်တို့လည်း မသေချာသေးပါဘူး... ဒါပေမဲ့ တာအိုဆရာ စု စိတ်ချပါ... ကျွန်တော်တို့ တာ့ယွဲ့ နန်းတော် အနေနဲ့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ နဲ့ တခြား အင်အားစုတွေ တာ့ယွဲ့ နယ်မြေထဲမှာ ထင်ရာစိုင်းတာကို လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး... ဒီစာရင်းကို ကျွန်တော်တို့ မကြာခင် ရှင်းရမှာပါ...”

စုဇီသည် တာ့ယွဲ့ နန်းတော်တွင် ဆက်လက် နေထိုင်ပြီး တာ့ယွဲ့ နယ်မြေရှိ အင်အားစုများနှင့် ပူးပေါင်းကာ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ကို စစ်ပြုရန် ပြင်ဆင်မှုများကို ဆွေးနွေး တိုင်ပင်လေသည်။

ယွင်ကျန်းဂိုဏ်း နယ်မြေ။

ပျံသန်းရေး ယာဉ်ပျံကို ထိန်းချုပ်မောင်းနှင်ရင်း တာအိုရုပ်သေးသည် ဤနေရာသို့ ပြန်လည် ရောက်ရှိလာ၏။ ထို့နောက် စုမိသားစု၏ ဆေးလုံးမျှော်စင် တောင်တန်းနှင့် ယွင်ကျန်းဂိုဏ်း အနီးတဝိုက်တွင် ပုန်းအောင်းနေသော ကျင့်ကြံသူများနှင့် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများကို တွေ့ကရာ ရှင်းလင်း သုတ်သင်တော့သည်။

ဖမ်းမိသူများကို စစ်ဆေး မေးမြန်းပြီး၊ တာ့ယွဲ့ နယ်မြေမှ မဟုတ်သော ကျင့်ကြံသူ မှန်သမျှကို ချက်ချင်း ကွပ်မျက်လိုက်၏။

မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများ အတွက်မူ အခြေအနေက ပို၍ ရိုးရှင်းသည်။ တွေ့တာနှင့် အသေသတ်သည်။

(၂) လ မပြည့်ခင် အချိန်တိုအတွင်း၌...

ကျင့်ကြံသူနှင့် မိစ္ဆာ (၁၀၀) ကျော် တာအိုရုပ်သေး၏ လက်ချက်ဖြင့် အသက်ပျောက်ခဲ့ကြရ၏။ ထို့ပြင် မိစ္ဆာတစ်ကောင်၏ ဝိညာဉ်ကို ရှာဖွေ စစ်ဆေးရာမှ တဆင့်၊ သာမန် စုမိသားစုဝင်များကို ဖမ်းဆီးသွားသော မိစ္ဆာအုပ်စုနှင့် ပတ်သက်သည့် သတင်းကို သူ ရရှိလိုက်သည်။

ကိုးဝိညာဉ် မိစ္ဆာ နန်းတော်သည် တာ့ယွဲ့ နယ်မြေ အနီးတဝိုက်တွင် အင်အားအကြီးဆုံး မိစ္ဆာအဖွဲ့အစည်း ဖြစ်ပြီး၊ တာ့ယွဲ့ နန်းတော်နှင့် ယှဉ်လျှင် အင်အား မနိမ့်ကျပေ။

ကိုးဝိညာဉ် မိစ္ဆာ နန်းတော်၏ ပိုင်နက် နယ်မြေကို "အင်မော်တယ် စံအိမ်တော်" ဟု အမည် မတပ်ထားပေ။ အကြောင်းမှာ ထိုနေရာသည် အဆိပ်မြူများဖြင့် ရစ်ပတ်ရှုပ်ထွေးနေပြီး ဝိညာဉ်စွမ်းအင် ခေါင်းပါးသောကြောင့် ဖြစ်၏။ ထိုနေရာတွင် သာမန် ကျင့်ကြံသူများ မရှိဘဲ၊ မိစ္ဆာလမ်းစဉ် ကျင့်ကြံသူများနှင့် လုယက်သူများသာ စုဝေး နေထိုင်ကြသည်။

အချိန်ကြာလာသောအခါ ထိုနေရာကို "ကိုးဝိညာဉ် မိစ္ဆာ တောင်တန်း" ဟု လူသိများလာ၏။

ကိုးဝိညာဉ် မိစ္ဆာ တောင်တန်း၏ ဗဟိုချက်ကို သိမ်းပိုက်ထားသော မိစ္ဆာအင်အားစုမှာ ကိုးဝိညာဉ် မိစ္ဆာ နန်းတော် ဖြစ်သည်။

ယခုတစ်ကြိမ် စုမိသားစုဝင်များကို ဖမ်းဆီးသွားသော မိစ္ဆာများမှာ ကိုးဝိညာဉ် မိစ္ဆာ နန်းတော်၏ လက်အောက်ခံ "ဝိညာဉ်ကြွေ တောင်တန်း" ဟု ခေါ်သော အဖွဲ့မှ ဖြစ်သည်။

ထိုအဖွဲ့၏ ခေါင်းဆောင်မှာ ရွှေအမြုတေ အဆင့် (၆) ရှိသော ဝါရင့် မိစ္ဆာလမ်းစဉ် ကျင့်ကြံသူ ဖြစ်ပြီး၊ လက်အောက်တွင် အားကောင်းမောင်းသန် မိစ္ဆာ (၅၀၀) ကျော် ရှိ၏။

ထိုသတင်းကို ရရှိသည်နှင့် တပြိုင်နက် တာအိုရုပ်သေးသည် ယွင်ကျန်းဂိုဏ်း နယ်မြေမှ ချက်ချင်း ထွက်ခွာပြီး ကိုးဝိညာဉ် မိစ္ဆာ တောင်တန်းဆီသို့ ဦးတည်လိုက်လေသည်။

သို့သော်...

တာ့ယွဲ့ နယ်မြေနှင့် မဝေးလှသော၊ အဆိပ်မြူများ ဖုံးလွှမ်းနေသည့် ကိုးဝိညာဉ် မိစ္ဆာ တောင်တန်းသို့ ရောက်ရှိချိန်တွင်၊ ထိုနေရာ၌ မကြာသေးမီက ဖြစ်ပျက်ခဲ့သော အပြောင်းအလဲကြီးများကို အတွင်းရှိ မိစ္ဆာများ၏ မှတ်ဉာဏ်မှတဆင့် တာအိုရုပ်သေး သိရှိလိုက်ရ၏။

တာအိုရုပ်သေး အလွန်အမင်း အံ့သြသွားပြီး ကိုယ့်ဘာသာ တီးတိုး ရေရွတ်လိုက်မိသည်။

“ရှေးဟောင်း မိစ္ဆာ ဘုရင် ဝင်စားသူလို့ ကိုယ့်ကိုယ်ကိုယ် ကြေညာထားတဲ့ လူငယ် မိစ္ဆာကျင့်ကြံသူ တစ်ယောက် ရုတ်တရက် ပေါ်လာပြီး... မိစ္ဆာ တောင်တန်း တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်လိုက်တယ် ဟုတ်လား...”

“ပြီးတော့ ‘ငါ့ကို လိုက်နာရင် အသက်ရှင်မယ်... ငါ့ကို ဆန့်ကျင်ရင် သေရမယ်’ လို့တောင် ကြေညာထားတယ်တဲ့လား...”

ရှေးဟောင်း မိစ္ဆာ ဘုရင် ဝင်စားသူ...

ဒါ အစစ်လား... အတုလား...

သို့သော် တာအိုရုပ်သေး အနေဖြင့် ထိုကိစ္စကို အကြံထုတ်နေရန် အချိန်မရှိပေ။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်ကြွေ တောင်တန်း အဖွဲ့သည် ထို ရှေးဟောင်း မိစ္ဆာ ဘုရင် ဝင်စားသူ ဆိုသည့် လူ၏ လက်ချက်ဖြင့် ပျက်စီးသွားပြီ ဖြစ်သောကြောင့်ပင်။

ထိုအချက်ကို သိလိုက်ရသောအခါ တာအိုရုပ်သေး၏ မျက်နှာထားသည် မတည်မငြိမ် ဖြစ်သွားပြီး ဝိညာဉ်ကြွေ တောင်တန်း တည်ရှိရာ အရပ်ဆီသို့ အလျင်အမြန် ပြေးလွှားသွားလေသည်။

မိစ္ဆာကောင်တွေ သေတာ ရှင်တာကို သူ ဂရုမစိုက်ပေ။

သို့သော်၊ အဖမ်းခံထားရသော သူ့ရဲ့ စုမိသားစုဝင်တွေကရော... ဘယ်လို အခြေအနေ ရှိနေပါမည်နည်း။

ကိုးဝိညာဉ် မိစ္ဆာ တောင်တန်း အတွင်းပိုင်းသို့ နက်ရှိုင်းစွာ ဝင်ရောက်လာလေ၊ ရှေးဟောင်း မိစ္ဆာ ဘုရင်နှင့် ပတ်သက်သော သတင်းများကို ပိုမို ကြားသိလာရလေ ဖြစ်၏။ ထိုလူသည် ကိုယ်ပိုင် အင်အားစုကို စတင် တည်ထောင်နေပြီး၊ ကိုးဝိညာဉ် မိစ္ဆာ တောင်တန်း အတွင်းရှိ ပါရမီရှိသော မိစ္ဆာများကို ရှာဖွေကာ သူ့လက်အောက်ခံ သို့မဟုတ် မိစ္ဆာအစောင့်အရှောက်များ အဖြစ် ဖိအားပေး သိမ်းသွင်းနေသည်ဟု ဆိုသည်။

ဤလုပ်ရပ်သည် ကိုးဝိညာဉ် မိစ္ဆာ နန်းတော်ကို အကြီးအကျယ် ဒေါသထွက်စေ၏။ အကြောင်းမှာ ထိုလူသည် ရက်စက်ကြမ်းကြုတ်ပြီး စည်းကမ်းမဲ့လွန်းကာ၊ ကိုးဝိညာဉ် မိစ္ဆာ နန်းတော် ရှိနေသည်ကိုပင် လျစ်လျူရှုထားသောကြောင့် ဖြစ်သည်။ မိစ္ဆာ အများအပြားလည်း သူ့လက်ချက်ဖြင့် သေဆုံးခဲ့ရပြီးပြီ ဖြစ်သည်။

ထိုအထဲတွင် ဝိညာဉ်ကြွေ တောင်တန်း ကဲ့သို့သော ကိုးဝိညာဉ် မိစ္ဆာ နန်းတော်၏ လက်အောက်ခံ အဖွဲ့များလည်း ပါဝင်၏။

သို့သော် ထိုလူသည် ရုတ်တရက် ထွက်ပေါ်လာသူ ဖြစ်သဖြင့် ကိုးဝိညာဉ် မိစ္ဆာ နန်းတော်မှာ အကြပ်ရိုက်နေပြီး၊ သူ့ကို လိုက်လံ ဖမ်းဆီး ဝိုင်းရံရန် အစွမ်းထက် မိစ္ဆာများကို စေလွှတ်ထားရလေသည်။

All Chapters