အခန်း (၃၈၂-၃၈၄)
Vol. 26 Ch. 382-384
-
အခန်း (၃၈၂) - အင်မော်တယ်များ၊ နတ်ဘုံနတ်နန်း၊ အင်မော်တယ် ကျင့်စဉ်နှင့် အင်မော်တယ် စာပေများ (အပိုင်း ၂)
~သို့သော် ထိုစိန်ခေါ်သူသည် အားနည်းသောသူ မဟုတ်ပေ။ ကိုးဝိညာဉ် မိစ္ဆာ နန်းတော်မှ သူ့ကို ဝိုင်းရံတိုက်ခိုက်ရန် ကြိုးစားတိုင်း၊ ဖမ်းဆီးနိုင်ဖို့ ဝေးစွ၊ သူ့လက်ချက်ဖြင့် မိစ္ဆာ အများအပြား သေဆုံးခဲ့ရပြီး၊ နောက်ဆုံးတွင် ထိုသူက ဝိုင်းရံပိတ်ဆို့မှုကို ဖောက်ထွက်ကာ ပျောက်ကွယ်သွားလေ့ ရှိသည်။
ထိုအကြောင်းကြောင့် ကိုးဝိညာဉ် မိစ္ဆာ နန်းတော်သည် လက်ရှိအချိန်၌ တာ့ယွဲ့ နယ်မြေကို စစ်ပြုရန် မိစ္ဆာများကို စုစည်းဖို့ရာ အာရုံမစိုက်နိုင်တော့ဘဲ အင်အားနည်းပါးနေသည်။
သူတို့ ပိုင်နက်ထဲ ရောက်လာပြီး ပြဿနာရှာနေသော အဲဒီကောင်ကို အရင်ရှင်းဖို့ လိုနေသည် မဟုတ်လား။
တာအိုရုပ်သေး အတွက်တော့ ဒါဟာ တကယ့် သတင်းကောင်းပါပဲ။
ဝိညာဉ်ကြွေ တောင်တန်းတွင် စုမိသားစုဝင် တစ်ယောက်မှ မတွေ့ရှိခဲ့သော တာအိုရုပ်သေးသည်၊ ကိုးဝိညာဉ် မိစ္ဆာ တောင်တန်းတွင် ဖြစ်ပျက်နေသော ရှုပ်ထွေးပွေလီသည့် အခြေအနေကို သိရှိပြီးနောက် တိတ်တဆိတ် ထွက်ခွာလာခဲ့၏။ ဤနေရာမှ မိစ္ဆာများ အချင်းချင်း တိုက်ခိုက်နေကြသော ပြည်တွင်းစစ်ပွဲကြီး ကာလရှည်ကြာ ဆက်လက် ဖြစ်ပွားနေပါစေဟု သူ ဆုတောင်းလိုက်မိသည်။
*
လော့ယွဲ့ မဟာမိတ်အဖွဲ့၏ ကောင်းကင်ဂူ လျှို့ဝှက်နယ်မြေ။
နောက်ထပ် (၁) နှစ် ကုန်ဆုံးသွားခဲ့ပြန်သည်။
ဤ (၁) နှစ်တာ ကာလအတွင်း ပြင်ပလောကတွင် အရာရာ ငြိမ်းချမ်းနေခဲ့၏။ တာအိုရုပ်သေး ပြန်မရောက်လာသေးပေ။ သူသည် စုမိသားစု၏ ဆေးလုံးမျှော်စင် ဂူစံအိမ်နှင့် (၁၀) မိုင်ခန့် အကွာအဝေး၊ မြေအောက် ပေပေါင်း ရာချီ နက်ရှိုင်းသော နေရာတွင် ဂူတစ်လုံး တူးဖော်ပြီး နေထိုင်နေသည်။ ထိုဂူဝတွင် ကာကွယ်ရေး အခင်းအကျင်း အများအပြား ခင်းကျင်းထားပြီး၊ အတွင်း၌ တံခါးပိတ် ကျင့်ကြံကာ ဝိညာဉ်သတ္တုရိုင်းများ၏ အဆီအနှစ်ကို တိတ်တဆိတ် စုပ်ယူပြီး သူ့ကိုယ်ခန္ဓာကို ပြန်လည် ပြုပြင်နေ၏။
လွန်ခဲ့သော နှစ်များစွာအတွင်း အကြီးအကျယ် ထုတ်သုံးခဲ့ရသဖြင့် သူပိုင်ဆိုင်ထားသော တတိယအဆင့် ဝိညာဉ်သတ္တုရိုင်း အများစု ကုန်ခန်းသွားသော်လည်း၊ ထိုသို့ ကုန်ကျရခြင်းမှာ အကျိုးမရှိသည်တော့ မဟုတ်ပေ။
ရုပ်သေးဝိညာဉ်၏ စွမ်းအားသည် တိတ်တဆိတ် တိုးတက်လာခဲ့ပြီး၊ ရွှေအမြုတေ အဆင့် (၅) သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
တာအိုရုပ်သေး၏ "အနီရောင် ရုပ်သေး" ကိုယ်ခန္ဓာသည်လည်း အနည်းငယ် ပြုပြင်ပြီးစီးသွားပြီ ဖြစ်သည်။
ပြုပြင်ပြီးသော အစိတ်အပိုင်း၏ စွမ်းရည်မှာ သာမန် တတိယအဆင့် အလယ်အလတ်တန်းစား ရုပ်သေးတစ်ရုပ်၏ စွမ်းအားထက် မနိမ့်ကျပေ။
ဤသည်မှာ ရုပ်သေးဝိညာဉ်၏ ထူးခြားသော စွမ်းပကားပင်။
ရုပ်သေးကိုယ်ခန္ဓာနှင့် ပေါင်းစပ်လိုက်သည်နှင့် တပြိုင်နက်၊ ရုပ်သေးကို "အင်မော်တယ် ကိုယ်ခန္ဓာ" အဖြစ်သို့ ပြောင်းလဲပေးလိုက်နိုင်သည်။ ပျက်စီးသွားလျှင်တောင်မှ ဝိညာဉ်သတ္တုရိုင်းများကို ဝါးမျိုခြင်းဖြင့် ပြန်လည် ကောင်းမွန်လာအောင် ပြုပြင်နိုင်၏။
အပြင်ဘက် ရောက်နေသော တာအိုရုပ်သေးသည် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့နှင့် ဖုန်းလော့ စံအိမ်တော်တို့၏ လှုပ်ရှားမှုများကို တိတ်တဆိတ် စောင့်ကြည့်နေဆဲ ဖြစ်သည်။
ဤတွင်... ချင်းယွဲ့ တောင်ထွတ်၌...
စုယွီသည် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်နှင့် သူ့နောက်လိုက် ကြွက်အုပ်စုကို တဖန်ပြန်လည် ဆင့်ခေါ်လိုက်သည်။ ချင်းယွဲ့ တောင်ထွတ်၏ တောင်ခြေရှိ ထူထပ်သော တောအုပ်ကြီးထဲတွင် စုယွီ၏ ခေါ်ယူမှုကြောင့် မြေကြီးထဲမှ ကြွက်အုပ်စုကြီး တိုးထွက်လာကြ၏။
လွန်ခဲ့သော (၁) နှစ်က စုယွီသည် ကောင်းကင်မိုးကြိုး ကြွက်အုပ်စုကို ခေါ်ဆောင်လာစဉ်က အကောင်ရေ (၁၇၀၀) ကျော်သာ ရှိခဲ့သည်။
ယခုအခါတွင်မူ ကြွက်အုပ်စုသည် အကောင်ရေ (၂၀၀၀) ကျော်အထိ တိုးပွားလာခဲ့ပြီ ဖြစ်၏။ ထိုအထဲတွင် ခရမ်းရောင် အမွှေးပွပွလေးများနှင့် ချစ်စရာ ကောင်းသော ကောင်းကင်မိုးကြိုး ကြွက်ပေါက်စလေး အများအပြား ပါဝင်လာသည်။
ဒါက ကောင်းကင်မိုးကြိုး ကြွက်ဘုရင် အနေနှင့် သာမန် မြေကြွက် သွေးမျိုးဆက် ဘဝကို ပြန်ရောက်သွားသည့် အကောင်တွေကို ဖယ်ရှားပစ်လိုက်ပြီးမှ ကျန်ရှိနေသော အရေအတွက် ဖြစ်၏။
မဟုတ်ရင် (၁) နှစ်အတွင်း ကောင်းကင်မိုးကြိုး ကြွက်အုပ်စုရဲ့ လူဦးရေ (အဲ... ကြွက်ဦးရေ) က နှစ်ဆလောက် တိုးပွားသွားမှာ သေချာသည်။
ယခုအခါ၊ ခန္ဓာကိုယ် အရွယ်အစား သိသိသာသာ ကြီးထွားလာသော ကောင်းကင်မိုးကြိုး ကြွက်ဘုရင်သည် စုယွီ၏ ရှေ့မှောက်သို့ ရိုသေလေးစားစွာ ရောက်ရှိလာပြီး၊ အလွန် လိမ္မာယဉ်ကျေးသော ပုံစံဖြင့် မျက်နှာချိုသွေးကာ ပြောလိုက်၏။
“သခင်ကြီး...”
စုယွီသည် ကောင်းကင်မိုးကြိုး ကြွက်အုပ်စုကို ကြည့်ရှုလိုက်ပြီး သူတို့၏ စွမ်းအင် အပြောင်းအလဲများကို အာရုံခံလိုက်ရာ ကျေနပ်စွာ ခေါင်းညိတ်မိသည်။
(၁) နှစ် ဆိုတဲ့ အချိန်ကာလလေးပဲ ရှိပါသေးသည်။
သို့ရာတွင်၊ သဘာဝ အရင်းအမြစ်တွေ ပေါကြွယ်ဝပြီး ဝိညာဉ်စွမ်းအင် သိပ်သည်းလွန်းလှသော ဒီလို ကောင်းကင်ဘုံ နိဗ္ဗာန်ဘုံမှာ နေထိုင်ခွင့် ရနေတာရယ်၊ ရက်အနည်းငယ် ကြာတိုင်း ဝိညာဉ်အရည်တွေနှင့် ပုံမှန် ပြုစုပျိုးထောင် ပေးနေတာရယ်ကြောင့် ကောင်းကင်မိုးကြိုး ကြွက်အုပ်စုရဲ့ စွမ်းအားတွေက သိသိသာသာ ပြောင်းလဲ တိုးတက်လာခဲ့ပြီ ဖြစ်၏။
ယခင်က ကောင်းကင်မိုးကြိုး ကြွက်အုပ်စုထဲတွင် ဒုတိယအဆင့် မိစ္ဆာသားရဲ အကောင် (၆၀) ကျော်သာ ရှိခဲ့ပြီး၊ ကျန်တာတွေ အားလုံးက ပထမအဆင့် သက်သက်သာ ဖြစ်သည်။
ယခုတော့ ဒုတိယအဆင့် ကောင်းကင်မိုးကြိုး ကြွက် အရေအတွက်က အကောင်ရေ (၁၂၀) ကျော်အထိ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။ လွန်ခဲ့သော တစ်နှစ်ကနှင့် ယှဉ်လျှင် နှစ်ဆလောက် တိုးတက်လာခဲ့တာ ဖြစ်သည်။
ဒုတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော ကောင်းကင်မိုးကြိုး ကြွက် အရေအတွက်ကလည်း (၄) ကောင်အထိ တိုးလာ၏။
အလားတူပင် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်၏ စွမ်းအင်ကလည်း အနည်းငယ် ပြောင်းလဲလာသည်။ ရွှေအမြုတေ အဆင့် (၅) သို့ မရောက်သေးသော်လည်း ရွှေအမြုတေ အဆင့် (၄) အထွတ်အထိပ်သို့ ရောက်ရှိနေသော ကျင့်ကြံသူ တစ်ယောက်နှင့် မတိမ်းမယိမ်း ရှိနေပြီ ဖြစ်၏။
ရွှေအမြုတေ အဆင့် (၅) သို့ ရောက်ရှိရန် သိပ်မလိုတော့ပေ။
ယခုလို စွမ်းအား တိုးတက်မှု နှုန်းထားက ကောင်းကင်မိုးကြိုး ကြွက်ဘုရင် အပြင်လောကမှာ ရှိစဉ်ကထက် နှစ်ဆလောက် ပိုမြန်ဆန်နေသည်။
ဒီအတိုင်းသာ ဆက်သွားမည် ဆိုလျှင် ကောင်းကင်မိုးကြိုး ကြွက်အုပ်စု၏ အနာဂတ်က မှန်းဆ၍ မရနိုင်အောင် ဖြစ်လာလိမ့်မည်။
“မဆိုးဘူး... ရော့... ဒါ ယူလိုက်...”
စုယွီသည် ချန်ခွင်းအိတ် တစ်လုံးကို ကောင်းကင်မိုးကြိုး ကြွက်ဘုရင်ထံ ပစ်ပေးလိုက်ပြီး ပြောလိုက်၏။
“အဲဒီထဲမှာ ပထမအဆင့် နဲ့ ဒုတိယအဆင့် ဝိညာဉ်အရည်တွေ အပြင်၊ တတိယအဆင့် ထိပ်တန်း ဝိညာဉ်အရည် အစက် (၁၀၀) ပါတယ်... မင်းရဲ့ ကြွက်အုပ်စုကို တိုးတက်အောင် ဦးဆောင်ပေးနိုင်တဲ့ အတွက် ဆုချလိုက်တာပဲ...”
လွန်ခဲ့သော တစ်နှစ်အတွင်း ကောင်းကင်မိုးကြိုး ကြွက်ဘုရင်သည် အလွန် ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့သည်။ သူ၏ "အချစ်တော် မိဖုရားကြီးများ" နှင့် အကြိမ်ကြိမ် အောင်မြင်စွာ မိတ်လိုက်နိုင်ခဲ့ပြီး၊ ကြွက်မ (၁၀) ကောင်ကျော်ကို ကိုယ်ဝန်ဆောင်စေကာ ကြွက်ပေါက်စ (၁၀) မျိုးဆက်ကျော် မွေးထုတ်ပေးနိုင်ခဲ့၏။
ကြွက်ပေါက်စ အရေအတွက်၏ (၁၀) ပုံ (၁) ပုံလောက်ကသာ ကောင်းကင်မိုးကြိုး ကြွက်ဘုရင်၏ မိုးကြိုး သွေးမျိုးဆက်ကို အမွေဆက်ခံနိုင်ခဲ့ပေမယ့်၊ ကြွက်ဘုရင်၏ ပထမမျိုးဆက် သားသမီးတွေကတော့ မွေးရာပါ စွမ်းရည် အကောင်းဆုံး ဖြစ်ကြသည်။
သူ၏ ကြိုးစားအားထုတ်မှုတွေကို စုယွီ မြင်တွေ့ခဲ့ရ၏။
ထိုတတိယအဆင့် ထိပ်တန်း ဝိညာဉ်အရည် အစက် (၁၀၀) ဆိုတာ သူ၏ ကုန်ခန်းသွားသော ခွန်အားတွေကို ပြန်လည် ဖြည့်တင်းဖို့အတွက် ဆုလာဘ်ဟု သတ်မှတ်နိုင်ပါသည်။
ကောင်းကင်မိုးကြိုး ကြွက်ဘုရင်၏ မျက်လုံးများ တောက်ပသွား၏။
သူသည် ချန်ခွင်းအိတ်ကို စိတ်လှုပ်ရှားစွာ လက်ခံရယူလိုက်ပြီး စုယွီကို ကျေးဇူးတင်စကား ဆိုလိုက်သည်။
“သခင်ကြီးရဲ့ ကျေးဇူးတော်ကို အထူးပဲ ကျေးဇူးတင်ရှိပါတယ် ခင်ဗျာ...”
ထိုအချိန်မှာပင် အဝေးမှ အော်သံတစ်ခု ထွက်ပေါ်လာ၏။
“ကျွီ...”
ထိုအော်သံကို ကြားလိုက်ရသည်နှင့် တပြိုင်နက် ကောင်းကင်မိုးကြိုး ကြွက်ဘုရင် အပါအဝင် ကြွက်အားလုံး အလိုအလျောက် တွန့်ဆုတ်သွားကြသည်။ သူတို့၏ သွေးမျိုးဆက်ထဲတွင် အမြစ်တွယ်နေသော ကြောက်ရွံ့မှုတစ်ခုကို ထိုအသံက နှိုးဆွလိုက်သည့်နှယ်။
သို့သော် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်နှင့် အခြား ကြွက်များက ကြောက်လန့်တကြား ထွက်ပြေးခြင်း မပြုဘဲ၊ ကံတရားကို လက်ခံလိုက်သည့် ပုံစံဖြင့် ငြိမ်သက်နေကြ၏။
ကောင်းကင်မိုးကြိုး ကြွက်ဘုရင်သည် အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ရာ၊ သစ်ပင်ထိပ်ဖျားတွင် ရပ်နားနေသော (၉) ပေခန့် မြင့်မားသည့် မြင့်မြတ်ပြီး လှပသော ဝိညာဉ်ငှက် တစ်ကောင်ကို တွေ့လိုက်ရသည်။ ၎င်း၏ အမွှေးအတောင်များသည် အနီရောင်မှ အစိမ်းရောင်သို့ ပြောင်းလဲသွားပြီး သူတို့ကို စိုက်ကြည့်နေလေ၏။
ကောင်းကင်မိုးကြိုး ကြွက်ဘုရင် လှည့်ကြည့်လာသည်ကို မြင်သောအခါ "ထိုက်ရွှီ" က နောက်တစ်ကြိမ် ထပ်မံ အော်ဟစ်လိုက်သည်။
“ကျွီ...”
မြန်မြန်လုပ်စမ်း...
“ဝုန်း...”
ကောင်းကင်မိုးကြိုး ကြွက်ဘုရင်က အချက်ပြလိုက်ရာ သူ့ဘေးနားရှိ ဒုတိယအဆင့် အထွတ်အထိပ် ကောင်းကင်မိုးကြိုး ကြွက်တစ်ကောင်သည် မိုးကြိုးစွမ်းအားကို ထိန်းချုပ်လိုက်၏။ နောက်တစ်ခဏတွင် ခရမ်းရောင် လျှပ်စီးတန်း တစ်ခုသည် ကြည်လင်သော ကောင်းကင်ယံအောက်မှနေ၍ ဝိညာဉ်ငှက် ထိုက်ရွှီ ထံသို့ ပစ်ခတ်သွားလေသည်။
“ဂျိန်း...”
အဆုံးမဲ့ လျှပ်စီးအလင်းတန်းများ ထိုက်ရွှီ၏ ကိုယ်ပေါ်သို့ ကျရောက်သွား၏။ ထိုဝိညာဉ်ငှက်သည် နာကျင်ခြင်း မရှိသည့်အပြင် အလွန် ဇိမ်တွေ့သွားသည့် ပုံစံဖြင့် အော်ဟစ်လိုက်လေသည်။
“ကျီ... ကျီ... ကျီ…”
အခန်း (၃၈၃) - အင်မော်တယ်များ၊ နတ်ဘုံနတ်နန်း၊ အင်မော်တယ် ကျင့်စဉ်နှင့် အင်မော်တယ် စာပေများ (အပိုင်း ၃)
~လွန်ခဲ့သော (၁) နှစ်တာ ကာလအတွင်းမှာ ထိုက်ရွှီသည် ကောင်းကင်မိုးကြိုး ကြွက်တစ်ကောင်ကို ဖမ်းမိတိုင်း မလွှတ်ပေးမီ မိုးကြိုးဖြင့် အကြိမ်ကြိမ် ပစ်ခတ်ခိုင်းလေ့ ရှိ၏။
မိုးကြိုးစွမ်းအင်ဖြင့် အကြိမ်ကြိမ် ဆေးကြောခံရဖန် များလာသောအခါ ထိုက်ရွှီသည် မိုးကြိုးဒဏ်ကို ခံနိုင်ရည် ရှိလာရုံမက၊ ထိုအရသာကိုပါ နှစ်ခြိုက်သဘောကျလာလေသည်။
သူ့ပုံစံက မိုးကြိုးစွမ်းအားအောက်မှာ အလွန် ဇိမ်တွေ့နေသည့် ပုံပင်။
သို့သော် ထိုသို့ ဇိမ်တွေ့နေချိန်တွင် ထွက်ပေါ်လာသော အသံဗလံများကြောင့် စုယွီ၏ မျက်ခမ်းများ တဆတ်ဆတ် လှုပ်သွားရသည်။
သူသည် ကောင်းကင်မိုးကြိုး ကြွက်ဘုရင်ကို လက်ကာပြလိုက်ပြီး ပြောလိုက်၏။
“သွားကြတော့... ကောင်းကောင်း ကျင့်ကြံကြ...”
“ဟုတ်ကဲ့ပါ သခင်ကြီး...”
ကောင်းကင်မိုးကြိုး ကြွက်ဘုရင်သည် ကြွက်အုပ်စုကို ဦးဆောင်ကာ မြေကြီးထဲသို့ တိုးဝင်သွားပြီး လျင်မြန်သော အရှိန်ဖြင့် ပျောက်ကွယ်သွားကြတော့သည်။
ထို့နောက်...
စုယွီသည် သူ ယဉ်ပါးအောင် မွေးမြူထားသော မြေကမ္ဘာ မီးလျှံမျောက်ဝံ၊ အမွှေးနက် လင်းယုန်၊ ကောင်းကင် စိမ်းပြာ စပါးအုံးမြွေ တို့ကို ဆင့်ခေါ်လိုက်ပြီး၊ တစ်ကောင်လျှင် တတိယအဆင့် ထိပ်တန်း ဝိညာဉ်အရည် တစ်စက်စီ တိုက်ကျွေးလိုက်သည်။ ပြီးနောက် သူတို့ကို လွတ်လပ်စွာ ကျင့်ကြံရန် ခွင့်ပြုပေးလိုက်၏။
နောက်ဆုံးမှ ရောက်လာသူမှာ တိမ်တိုက်ကျား မကြီးနှင့် ဟူတာ၊ ဟူအာ တို့ ဖြစ်သည်။ စုယွီသည် တိမ်တိုက်ကျား မကြီးထံသို့ ကျောက်စိမ်းပုလင်း တစ်လုံး ပေးအပ်လိုက်သည်။ ထိုပုလင်းထဲတွင် တတိယအဆင့် ထိပ်တန်း ဝိညာဉ်အရည် အစက် (၁၀၀) ပါဝင်၏။
သူမ ကိုယ်ပိုင် ကျင့်ကြံခြင်း အတွက် သုံးစွဲရုံသာမက၊ ဟူတာ နှင့် ဟူအာ တို့ကိုပါ မျှဝေ တိုက်ကျွေးနိုင်ရန်ပင်။
ယခုအခါ ဟူတာ နှင့် ဟူအာ တို့ နှစ်ကောင်စလုံးသည် ဒုတိယအဆင့် အဆင့်မြင့် နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ သူတို့၏ တိုးတက်မှုနှုန်းမှာ အလွန် မြန်ဆန်လှသည်။
သူတို့ ဘယ်အချိန်လောက်များ တတိယအဆင့် မိစ္ဆာသားရဲ အဖြစ် ထိုးဖောက် အောင်မြင်မလဲ ဆိုတာကိုတော့ မသိရသေးပေ။
အကယ်၍ သူတို့သာ အောင်မြင်သွားခဲ့လျှင် ဤ ကျားမိသားစု သုံးကောင်စလုံးသည် တတိယအဆင့် မိစ္ဆာသားရဲများ ဖြစ်လာကြပေလိမ့်မည်။
ထို့နောက် စုယွီသည် ခြံဝင်းအတွင်းရှိ လျှို့ဝှက်ခန်းထဲသို့ ပြန်ဝင်လာခဲ့၏။
သူသည် တင်ပျဉ်ခွေ ထိုင်လိုက်ပြီး ဝိညာဉ်သန့်စင်အိုးကို ထုတ်ယူလိုက်သည်။ အိုးထဲတွင် သန့်စင်နေသော တတိယအဆင့် ထိပ်တန်း ဝိညာဉ်အရည် ရှိနေပြီး၊ စတုတ္ထအဆင့်သို့ ရောက်ရန် ဆံချည်မျှင် တစ်မျှင်စာသာ လိုတော့၏။
ထို ဝိညာဉ်အရည်၏ ဗဟိုချက်တွင် သစ်သီးစေ့ အမြုတေ တစ်ခုသည် စိမ်းဖျော့ဖျော့ အလင်းရောင်များ ထုတ်လွှတ်လျက် ရှိသည်။
ကြီးမားသော အသက်စွမ်းအား တစ်ခုသည် ထို သစ်သီးစေ့ အမြုတေထဲမှ ထွက်ပေါ်လာပြီး၊ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့၏ ချီမြစ် ဂိုဏ်းခွဲမှ စုယွီ သယ်ဆောင်လာခဲ့သော ရွှေဓာတ် သစ်သီးပင်၏ အသက်စွမ်းအားထက်ပင် များစွာ သာလွန်နေသည်။
ရွှေဓာတ် သစ်သီးပင်သည် ထိပ်တန်း ဝိညာဉ်အပင် ဖြစ်ပြီး ရှားပါး ရတနာ တစ်ပါးဟု သတ်မှတ်နိုင်၏။
သို့သော် ဤ သစ်သီးစေ့ အမြုတေမှ ထွက်ပေါ်နေသော အသက်စွမ်းအားနှင့် နှိုင်းယှဉ်လိုက်လျှင် အဆင့်အတန်းချင်း ယှဉ်၍ပင် မရနိုင်ပေ။
လွန်ခဲ့သော (၁) နှစ်တာ ကာလအတွင်း ဤ သစ်သီးစေ့ အမြုတေသည် တတိယအဆင့် ဝိညာဉ်အရည် အမြောက်အမြားကို စုပ်ယူခဲ့ပြီး၊ ၎င်း၏ အသက်စွမ်းအားသည်လည်း အဆမတန် ခိုင်မာ အားကောင်းလာခဲ့သည်။
စုယွီသည် ၎င်းကို ကြည့်ရှုပြီးနောက် ဝိညာဉ်သန့်စင်အိုး ထဲမှ ထုတ်ယူလိုက်၏။ ထို့နောက် ဓာတ်ကြီး ငါးပါး မန္တန်စွမ်းအားကို လည်ပတ်၍ ထိုအထဲသို့ စီးဝင်စေလိုက်သည်။ ဓာတ်ကြီး ငါးပါး မန္တန်စွမ်းအားတွင် ဝိညာဉ်အရည်၌ မပါဝင်သော "သစ်သားဓာတ် မန္တန်စွမ်းအား" ပါဝင်သည်။
ဤ မန္တန်စွမ်းအားသည် သစ်သီးစေ့၏ အသက်စွမ်းအား ကြီးထွားလာစေရန်အတွက် အလွန် အသုံးဝင်၏။
နာရီဝက်ကျော် ကြာပြီးနောက်၊
စုယွီသည် မန္တန်စွမ်းအား သွန်းလောင်းခြင်းကို ရပ်တန့်လိုက်သည်။ သစ်သီးစေ့ အတွင်းမှ ပိုမို ထက်မြက်လာသော အသက်စွမ်းအားကို ခံစားမိလိုက်ပြီးနောက်၊ သူသည် ထိုအစေ့ကို ဝိညာဉ်သန့်စင်အိုး ထဲသို့ ပြန်ထည့်လိုက်ကာ တတိယအဆင့် ဝိညာဉ်အရည်များဖြင့် ဆက်လက် ပြုစုပျိုးထောင်ထားလိုက်၏။
“ဒီအစေ့ရဲ့ အသက်စွမ်းအားက မကြာခင် ပြည့်စုံခြင်း အဆင့်ကို ရောက်တော့မယ်...”
စုယွီ တွက်ချက်လိုက်သည်။
ထို့နောက် သူသည် လက်ထဲရှိ မပြီးပြတ်သေးသော အဆောင်လက်ဖွဲ့ ရတနာ အချို့ကို ဆက်လက် ပြုလုပ်လေသည်။
အားလုံး ပြီးစီးသွားသောအခါ စုယွီသည် တတိယအဆင့် ဝိညာဉ်အရည် တစ်စက်ကို မျိုချလိုက်ပြီး၊ ဓာတ်ကြီး ငါးပါး ကျင့်စဉ်ကို လည်ပတ်ကာ ထိုနေ့အတွက် ကျင့်ကြံခြင်းကို စတင်လိုက်လေ၏။
“ဝုန်း... ဝုန်း... ဝုန်း...”
ကောင်းကင်နှင့် မြေကြီးကြားမှ ကြွယ်ဝသော ဝိညာဉ်စွမ်းအင်များသည် စုစည်းလာပြီး သူ့ထံသို့ အလုံးအရင်းဖြင့် တိုးဝင်လာကြသည်။
တစ်နာရီကျော်ကြာ ကျင့်ကြံပြီးနောက် စုယွီသည် သက်ပြင်းတစ်ချက် ဖြည်းညှင်းစွာ မှုတ်ထုတ်လိုက်ပြီး ဓာတ်ကြီး ငါးပါး ကျင့်စဉ် လည်ပတ်နေမှုကို ရပ်တန့်လိုက်သည်။ သူ၏ အကြည့်က ကျွမ်းကျင်မှု မျက်နှာပြင် ပေါ်သို့ ရောက်ရှိသွားသည်။
[ အမည် - စုယွီ ]
[ ကျင့်ကြံခြင်း အဆင့် - ရွှေအမြုတေ အဆင့် (၂) ]
[ သက်တမ်း - (၁၄၁) / (၉၇၀) နှစ် ]
[ ကျင့်စဉ်များ - ဓာတ်ကြီး ငါးပါး ကျင့်စဉ် (ရွှေအမြုတေ အဆင့် - ၂ ၊ ကျွမ်းကျင်မှု ၆၆.၆၈%) ၊ မိကျောင်းမိစ္ဆာ ၁၀၈ ကွက် ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် (အဆင့် - ၂၁ ၊ ကျွမ်းကျင်မှု ၂၁.၁၁%) ၊ သွေးဝေလငါး လမင်းမြို နည်းစနစ် (အဆင့် - ၃ ၊ ကျွမ်းကျင်မှု ၂၀%) ]
[ သိုင်းနည်းစနစ်များ - သစ်နွယ်ရှင် (ပြီးပြည့်စုံခြင်း) ၊ ဝိညာဉ်ပျိုးထောင်ခြင်း (ပြီးပြည့်စုံခြင်း) ... ရေခဲနှင့် မီး ဝိညာဉ်ဆင့်ခေါ်ခြင်း (ပြီးပြည့်စုံခြင်း) ၊ နဂါးပျံ ဖီးနစ်ကကြိုး (ပြီးပြည့်စုံခြင်း) ၊ ရေခဲနှင့် မီး ငရဲဘုံ (ပြီးပြည့်စုံခြင်း) ၊ ယင်ယန် ထွက်ပြေးခြင်း (ပြီးပြည့်စုံခြင်း) ]
“ဓာတ်ကြီး ငါးပါး ကျင့်စဉ်က ကျွမ်းကျင်မှု (၆၆) ရာခိုင်နှုန်းတောင် ရောက်နေပြီပဲ...”
စုယွီသည် ကျွမ်းကျင်မှု မျက်နှာပြင်ကို ကြည့်ရင်း စဉ်းစားလိုက်သည်။ တတိယအဆင့် ဝိညာဉ်အရည်များကို သုံးစွဲခြင်းက သူ့ကျင့်ကြံနှုန်းကို အမှန်တကယ် မြန်ဆန်စေခဲ့သည်။
ဤနှုန်းထားအတိုင်း ဆိုလျှင် ရွှေအမြုတေ အဆင့် (၃) သို့ တက်လှမ်းရန် နောက်ထပ် (၄) နှစ်ခန့်သာ လိုတော့သည်။
ဒီ ကျင့်ကြံနှုန်းက နှေးကွေးသည်ဟု ပြော၍ မရပေ။
သူ၏ ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျွမ်းကျင်မှုကလည်း တိုးတက်လာခဲ့ပြီး၊ ယခု သူ၏ အသက်မှာ (၁၄၁) နှစ် ရှိလေပြီ။
ယေဘုယျအားဖြင့် ကြည့်လျှင် သူ၏ ကျင့်ကြံခြင်း အဆင့်အတန်းသည် ပုံမှန် တိုးတက်နေသည်။
ကျင့်ကြံခြင်း ပြီးဆုံးသွားသောအခါ စုယွီသည် လော့ယွဲ့ မဟာမိတ်အဖွဲ့ လျှို့ဝှက်နယ်မြေ အပျက်အစီးထဲရှိ အခြား ပင်မတောင်ထွတ်များကို စဉ်းစားလိုက်မိ၏။ ထိုတောင်ထွတ် ထက်ဝက်ခန့်ကို သူ သွားရောက် ရှာဖွေခြင်း မပြုရသေးပေ။ အဘယ်ကြောင့်ဆိုသော် သူ လက်ရှိ ပိုင်ဆိုင်ထားသော အရင်းအမြစ်များက သူ့ကျင့်ကြံခြင်း အတွက် လုံလောက်မှု ရှိနေသောကြောင့် ဖြစ်သည်။
ကျန်ရှိနေသော တောင်ထွတ်များသည် အန္တရာယ် ကင်းသည်တော့ မဟုတ်ပေ။ မူလ လျှို့ဝှက်နယ်မြေထဲမှ မိစ္ဆာသားရဲများ ရှိနေနိုင်သလို၊ ကျန်ရစ်ခဲ့သော တားမြစ်ပိတ်ဆို့မှုများ နှင့် အခင်းအကျင်းများသည်လည်း အလွန် အန္တရာယ် များလှသည်။
မသေချာ မရေရာသော အခွင့်အရေးများ အတွက် သူ၏ ခန္ဓာကိုယ် အစစ်ကို ရင်းပြီး စွန့်စားစရာ မလိုပေ။
‘ယဉ်ပါးပြီးသား သားရဲ တစ်ကောင်ကောင် ပြန်ရောက်လာမှပဲ လွှတ်ပြီး ရှာခိုင်းရမယ်…’’
စုယွီ တွေးလိုက်၏။
“ဒီ လော့ယွဲ့ မဟာမိတ်အဖွဲ့ လျှို့ဝှက်နယ်မြေ အပျက်အစီးထဲက အကြီးမားဆုံး အခွင့်အရေး ဆိုတာ ဘာများ ဖြစ်မလဲ... ဆက်ခံသူ တစ်ယောက်လား... ရတနာ တစ်ပါးလား... ဒါမှမဟုတ် ဘာမှ မရှိတာလား...”
ရွှေကျောက်စိမ်း နတ်ဘုရား ဂိတ်တံခါး အပျက်အစီးတုန်းကတော့ အဓိက ရတနာ သုံးပါး ရရှိခဲ့သည်။ "ရွှေပိုးကောင် နိယာမ" ၊ "ရုပ်သေးဝိညာဉ်" နှင့် ပျက်စီးနေသော စတုတ္ထအဆင့် ရုပ်သေး အစိတ်အပိုင်းများ ဖြစ်၏။
သူက ဒီ လော့ယွဲ့ မဟာမိတ်အဖွဲ့ လျှို့ဝှက်နယ်မြေကို အကုန်အစင် မရှာဖွေရသေးသဖြင့်၊ အတွင်းထဲတွင် ရှိနေမည့် "ပင်မ ရတနာ" က ဘာလဲ ဆိုတာကို တကယ် မသိသေးပေ။
သိုင်းနည်းစနစ် တစ်ပုဒ်လောက်ပဲ ရမယ် ဆိုရင်တောင်မှ သူ့အတွက်တော့ "ပင်မ ရတနာ" ဟု သတ်မှတ်နိုင်ပါသည်။
ဘယ်လိုပဲဖြစ်ဖြစ် စုယွီက လောဘကြီးသူ မဟုတ်ပေ။
နောက်ထပ် (၂) လ ကုန်ဆုံးသွားခဲ့ပြန်၏။
*
ဤညသည် လပြည့်ည ဖြစ်သည်။
အေးစက်ပြီး ကြည်လင်သော လရောင်သည် ပိုးသားပါးပါး လွှမ်းခြုံထားသကဲ့သို့ ခြံဝင်းအတွင်း ဖြာကျနေ၏။
လျှို့ဝှက်ခန်း အတွင်း၌ ရှိနေသော စုယွီသည် ရုတ်တရက် နိမိတ်တစ်ခုကို ခံစားလိုက်ရပြီး၊ ဝိညာဉ်သန့်စင်အိုး ထဲမှ သစ်သီးစေ့ အမြုတေကို ကပျာကယာ ထုတ်ယူလိုက်သည်။ ၎င်းကို တတိယအဆင့် ဝိညာဉ်အရည်များကြားတွင် စိမ်ထားခြင်းပင်။
ထို သစ်သီးစေ့ အမြုတေ ထွက်ပေါ်လာသည်နှင့် တပြိုင်နက်၊ ၎င်း၏ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင် လေထုထဲတွင် အားလှိုင်းများ ထွက်ပေါ်လာ၏။
စိမ်းဖျော့ဖျော့ အလင်းရောင် တစ်ချက် ယှက်ဖြာသွားပြီးနောက်၊ စုယွီကို မျက်နှာပျက်သွားစေနိုင်လောက်သည့် ကြီးမားသော အသက်စွမ်းအားကြီး တစ်ခုသည် သစ်သီးစေ့ အမြုတေထဲမှ ဖြာထွက်လာလေတော့သည်။
အခန်း (၃၈၄) - အင်မော်တယ်များ၊ နတ်ဘုံနတ်နန်း၊ အင်မော်တယ် ကျင့်စဉ်နှင့် အင်မော်တယ် စာပေများ (အပိုင်း ၄)
~“ဝုန်း...”
နောက်တစ်ခဏ၌...
လမင်း၏ အလင်းတန်း တစ်ခုသည် လျှို့ဝှက်အခန်း၏ အထက်ကောင်းကင်ယံတွင် ထွက်ပေါ်လာပြီး အံ့မခန်း မြင်ကွင်းတစ်ရပ်ကို ဖန်တီးလိုက်သည်။ လပြည့်ည၏ လမင်းအမြုတေ အဆီအနှစ်များသည် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ သစ်သီးစေ့ အမြုတေပေါ်သို့ ကျရောက်လာလေ၏။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စုယွီ၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားရသည်။ ယခင်က သစ်သီးစေ့ အမြုတေ ကြီးထွားစဉ် နှစ်ကြိမ်စလုံးတွင် ဤကဲ့သို့သော ထူးဆန်းသည့် မြင်ကွင်းမျိုး တစ်ခါမှ မဖြစ်ပေါ်ခဲ့ဖူးပေ။
တစ်ချိန်တည်းမှာပင်...၊လရောင်၏ လွှမ်းခြုံမှုကို ခံယူလိုက်ပြီးနောက် သစ်သီးစေ့ အမြုတေသည် လေထဲမှ မြေပြင်ပေါ်သို့ ကျရောက်သွားပြီး၊ ကြီးမားသော အသက်စွမ်းအား လှိုင်းတံပိုးကြီး ပေါက်ကွဲထွက်ပေါ်လာ၏။
မျက်စိတစ်မှိတ် အတွင်းမှာပင် သစ်သီးစေ့ အမြုတေသည် အမြစ်တွယ်ကာ အညှောင့်ထွက်လာလေသည်။
ထွက်သက်ဝင်သက် အနည်းငယ်မျှသော အချိန်တိုအတွင်း၌၊ ၎င်းသည် လက်မအရွယ် အစေ့လေး ဘဝမှ (၁၀) ပေခန့် မြင့်မားသော ဝိညာဉ်အပင် တစ်ပင်အဖြစ်သို့ ကြီးထွားလာလေ၏။ ဤအပင်သည် ယခင် အပင်များနှင့် လုံးဝ မတူညီပေ။
ယခင် ဝိညာဉ်အပင်များ၏ ပင်စည်သည် ကွေ့ကောက်ပြီး ကြံ့ခိုင်ကာ၊ သစ်သားအကွက်အထပ်များသည် ကြေးခွံများသဖွယ် တစ်ခုပြီးတစ်ခု ဖုံးအုပ်ထားသည်။
အရွက်များသည် ကြီးမားပြီး ရှေးကျသော၊ လောကဓံကို ကြံ့ကြံ့ခံခဲ့သော အငွေ့အသက်မျိုး ပေးစွမ်း၏။
သို့သော် ယခုတစ်ကြိမ် သစ်သီးစေ့ အမြုတေမှ ပေါက်ဖွားလာသော ဝိညာဉ်အပင်သည် ဖြောင့်မတ်ရှည်လျားပြီး ပင်စည်ပေါ်တွင် မှိန်ဖျော့ဖျော့ လရောင်များ ဖြာထွက်နေသည်။ ချောမွေ့ပြောင်လက်နေပြီး သစ်သားအကွက်အထပ်များ လုံးဝ မရှိပေ။
အရွက်များသည်လည်း သေးငယ်ပြီး လေတိုက်ခတ်လိုက်တိုင်း ထွက်ပေါ်လာသော အသံသည် လရောင်အောက်တွင် ကခုန်နေသော အိပ်မက်လိပ်ပြာငယ်လေးများ တောင်ပံခတ်သံ ကဲ့သို့ပင်။
ဝိညာဉ်အပင် ကြီးထွားလာသည်နှင့် တပြိုင်နက် ကောင်းကင်ယံမှ လရောင်များသည် တစ်နေရာတည်းသို့ စုဝေးရောက်ရှိလာကြ၏။ မူလက မှိန်ဖျော့ဖျော့သာ ရှိသော လျှို့ဝှက်အခန်းသည် ယခုအချိန်တွင် နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားပြီး၊ မျက်စိပင် ကျိန်းစပ်
သွားစေလောက်အောင် တောက်ပနေလေသည်။
အဆုံးမဲ့ လမင်းအမြုတေ အဆီအနှစ်များသည် စုစည်းလာပြီး၊ ဝိညာဉ်အပင်၏ အကိုင်းအခက်များနှင့် အရွက်များကြားတွင် စီးဆင်းသွားကာ သစ်ကိုင်းတစ်ခုပေါ်တွင် တဖြည်းဖြည်း ပေါင်းစပ်သွားကြ၏။ (၁၅) မိနစ်ခန့် ကြာပြီးနောက် စူးရှတောက်ပသော လရောင်များ တဖြည်းဖြည်း မှေးမှိန်သွားပြီး၊ ဗောဓိသီး အရွယ်အစားရှိသော အဖြူရောင် ပန်းပွင့်တစ်ပွင့် ပွင့်လာခဲ့သည်။
ယစ်မူးဖွယ်ရာ ကောင်းသော ထူးခြားသည့် ရနံ့တစ်မျိုးသည် လျှို့ဝှက်အခန်း တစ်ခုလုံးကို ချက်ချင်း ပြည့်နှက်သွားလေ၏။
ဤရနံ့ကို ရှူရှိုက်မိလိုက်သည်နှင့် စုယွီ၏ ဝိညာဉ်သည် အနည်းငယ် ယစ်မူးသွားပြီး အိပ်မက်ဆန်သော နတ်ဘုံနတ်နန်း တစ်ခုထဲသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
ကောင်းကင်ယံ အထက်မှနေ၍ စုယွီသည် အောက်ဘက်ရှိ ကမ္ဘာလောကကြီးကို အံ့သြမှင်သက်စွာ ငေးကြည့်နေမိ၏။ ဤ အိပ်မက်ဆန်သော နတ်ဘုံနတ်နန်းသည် လော့ယွဲ့ မဟာမိတ်အဖွဲ့ လျှို့ဝှက်နယ်မြေ အပျက်အစီးများနှင့် မခြားနားလှသော်လည်း၊ လက်ရှိ ပျက်စီးယိုယွင်းနေသော အခြေအနေနှင့်တော့ လုံးဝ မတူညီပေ။
ဤ အိပ်မက်ဆန်သော လော့ယွဲ့ မဟာမိတ် လျှို့ဝှက်နယ်မြေသည် အလွန် ခမ်းနားထည်ဝါလှပြီး၊ မယုံနိုင်လောက်အောင် ကြွယ်ဝသော သဘာဝ ဝိညာဉ်စွမ်းအင်များသည် တိမ်စီးမြူခိုးများသဖွယ် လျှို့ဝှက်နယ်မြေ အတွင်း ရစ်သိုင်းနေကြ၏။
အလွန် စွမ်းအားကြီးမားသော ဝိညာဉ်ကြိုးကြာငှက်ကြီး အများအပြားသည် လျှို့ဝှက်နယ်မြေ အတွင်း ပျံသန်းနေကြသည်။
ထို့ပြင် တတိယအဆင့်၊ စတုတ္ထအဆင့်ထက် မနိမ့်ကျသော ဧရာမ သားရဲကြီးများသည် တောင်ကုန်းငယ်လေးများပမာ လျှို့ဝှက်နယ်မြေ အတွင်း လှည့်လည်သွားလာနေကြ၏။
ရှေ့ခပ်လှမ်းလှမ်းတွင် တိမ်တိုက်များကြား၌ ရေတွက်၍ မရနိုင်သော ကောင်းကင်နန်းတော်များသည် ခမ်းနားသော ပင်မတောင်ထွတ်ကြီးပေါ်တွင် တည်ရှိနေကြသည်။
ထို ကောင်းကင်နန်းတော်များဆီမှ ထွက်ပေါ်နေသော ကြောက်မက်ဖွယ် အရှိန်အဝါကို ခံစားလိုက်ရသောအခါ၊ စုယွီသည် လော့ယွဲ့ မဟာမိတ်အဖွဲ့၏ အထွတ်အထိပ် ရောက်ခဲ့ဖူးသော ကျက်သရေရှိသည့် အချိန်ကာလကို ချောင်းမြောင်းကြည့်ရှုလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
စုယွီ တုန်လှုပ်သွား၏။
“ဘာတွေ ဖြစ်ကုန်တာလဲ...”
သူ နားမလည်နိုင် ဖြစ်နေစဉ်မှာပင်၊ လက်မ (၂) ချောင်းစာ အရွယ်အစားရှိသော ရွှေရောင် ကြေးပြားလေး တစ်ခုသည် ရှေ့မျက်နှာစာရှိ လျှို့ဝှက်နယ်မြေ၏ ကောင်းကင်ယံတွင် ထွက်ပေါ်လာသည်။
ရွှေရောင် ကြေးပြားလေးသည် လော့ယွဲ့ မဟာမိတ် လျှို့ဝှက်နယ်မြေ၏ အလယ်ဗဟိုတွင် တွဲလွဲခိုနေပြီး၊ လျှို့ဝှက်နယ်မြေ တစ်ခုလုံးကို လင်းထိန်သွားစေသော ရွှေရောင် အလင်းတန်းများ ထုတ်လွှတ်လျက် ရှိ၏။
စုယွီက သူ၏ နတ်ဘုရား အာရုံ ဖြင့် စစ်ဆေးကြည့်လိုက်သောအခါ၊ သူ၏ မျက်နှာထားကို ပြောင်းလဲသွားစေနိုင်သော စွမ်းအားတစ်ခု ထိုကြေးပြားလေးဆီမှ ပေါက်ကွဲထွက်ပေါ်လာသည်။
“ဝုန်း...”
တွေးခေါ်၍ မရနိုင်လောက်အောင် ကြောက်မက်ဖွယ် ကောင်းလှသော စွမ်းအားတစ်ခု ကြေးပြားလေးဆီမှ ဖြာထွက်လာ၏။ စုယွီ၏ စိတ်အာရုံက ကြေးပြားလေးနှင့် ထိတွေ့လိုက်မိသော အခိုက်အတန့်တွင်၊ သူ့စိတ်ထဲ၌ နွေဦးမိုးကြိုး ပစ်ချလိုက်သကဲ့သို့ ကျယ်လောင်သော မြည်ဟီးသံကြီး ထွက်ပေါ်လာပြီး ဝိညာဉ်ကို တုန်ခါသွားစေသည်။
စူးရှတောက်ပသော ရွှေရောင် အလင်းတန်းများသည် သူ့စိတ်အာရုံ တစ်ခုလုံးကို လွှမ်းခြုံသွား၏။ နောက်တစ်ခဏတွင် ဖော်ပြ၍ မရနိုင်သော၊ ရှုပ်ထွေးနက်နဲသော "နတ်ဘုရား စာလုံး" တစ်လုံး ကောင်းကင်မှ ဆင်းသက်လာပြီး စုယွီ၏ စိတ်အာရုံ နက်ရှိုင်းရာသို့ တိုးဝင်သွားလေသည်။
ထိုစာလုံး ပေါ်လာသည့် အခိုက်အတန့်တွင် စုယွီသည် ကြောက်မက်ဖွယ် ကောင်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်သွား၏။
ဤစာလုံး တစ်လုံးတည်း၏ အရှိန်အဝါသည်၊ စုယွီ ကျင့်ကြံခြင်း လောကထဲသို့ ဝင်ရောက်လာပြီးနောက် တွေ့ကြုံဖူးသမျှ အစွမ်းထက် ကျင့်ကြံသူ အားလုံးထက် သာလွန်နေသည်။
စာကြည့်တိုက်မှ အဘိုးအို ပင်လျှင် ဤစာလုံး၏ အရှိန်အဝါ ရှေ့မှောက်တွင် ပုရွက်ဆိတ်လေး တစ်ကောင်ပမာ သေးနုပ်သွားသည်ဟု သူ ခံစားလိုက်ရသည်။
ဤခံစားချက်သည် သေမျိုးနှင့် အင်မော်တယ် ကြားမှ ကွာခြားချက် ကဲ့သို့ပင်။
ဤစာလုံးသည် သေမျိုးလူသားများ၏ စာလုံး မဟုတ်ဘဲ၊ "အင်မော်တယ် စာပေ" တစ်ခု ဖြစ်တန်ရာ၏။
“ယင်...”
"အုန်း"
စာလုံး ဆင်းသက်လာသည်နှင့်အတူ အချိန်မြစ်ကို ဖြတ်သန်း စီးဆင်းလာသော ရေရွတ်သံ တစ်ခုသည် စုယွီ၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။ ထိုအခိုက်အတန့်၌ စုယွီသည် တစ်စုံတစ်ခုကို ရေးသားနေသော ကြောက်မက်ဖွယ်ရာ ဖြစ်တည်မှုကြီး တစ်ခုကို ချောင်းမြောင်းကြည့်ရှုနေရသကဲ့သို့ ဖြစ်သွားသည်။
ထို ရေရွတ်သံသည် ထိုပုဂ္ဂိုလ်ကြီးက စာရေးနေစဉ် ရေရွတ်လိုက်သော အသံပင်။
ထို ရေရွတ်သံသည် ဧရာမ ခေါင်းလောင်းကြီး တစ်လုံးကို ထိုးခတ်လိုက်သကဲ့သို့ စုယွီ၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားပြီး၊ ဖော်ပြ၍ မရနိုင်သော ဉာဏ်အလင်းပွင့်ခြင်း အခြေအနေ တစ်ခုသို့ ရုတ်တရက် ရောက်ရှိသွားစေလေ၏။
အပြင်လောကတွင်...
“ဘုန်း...”
လျှို့ဝှက်နယ်မြေ အတွင်းရှိ သိပ်သည်းလှသော သဘာဝ ဝိညာဉ်စွမ်းအင်များသည် ဒီရေလှိုင်းပမာ ထကြွလာပြီး၊ စုယွီ၏ ခန္ဓာကိုယ်သည် ရွှေရောင်နှင့် အဖြူရောင် ရောယှက်နေသော အလင်းတန်းများဖြင့်
လွှမ်းခြုံထားခံလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်က အဆုံးမဲ့ သဘာဝ ဝိညာဉ်စွမ်းအင်များကို ဝါးမျိုလိုက်သည်နှင့်အမျှ၊ သူ၏ အရှိန်အဝါသည် လျင်မြန်စွာ မြင့်တက်လာလေ၏။
မကြာမီ အချိန်အတွင်းမှာပင်...
ကြောက်မက်ဖွယ် ကောင်းလှသော ဆွဲငင်အားကြောင့် လျှို့ဝှက်အခန်း အတွင်းရှိ သဘာဝ ဝိညာဉ်စွမ်းအင်များသည် ဝိညာဉ်အရည်များ အဖြစ်သို့ ပြောင်းလဲသွားကြသည်။
လျှို့ဝှက်အခန်း၏ အပြင်ဘက် လျှို့ဝှက်နယ်မြေ အတွင်း၌...
ယွီခယ်အာ၊ လော့ချင်းယာနှင့် ယွီချန်ချင်းတို့ အားလုံးသည် ထိုလှုပ်ရှားမှုကြောင့် ကျင့်ကြံနေရာမှ လန့်နိုးလာကြ၏။ သူမတို့၏ ကျင့်စဉ်များကို ရပ်တန့်လိုက်ပြီး၊ အသက်ရှူနှုန်းကို ထိန်းညှိကာ သူတို့၏ အခန်းအသီးသီးမှ အပြင်သို့ ကပျာကယာ ထွက်လာကြသည်။
“ဘာဖြစ်တာလဲ...”
“ဦးလေးယွီရဲ့ ကျင့်ကြံခြင်း အဆင့် တက်သွားတာများလား...”
“ဒါ ကြောက်စရာ ကောင်းလိုက်တာ... လျှို့ဝှက်နယ်မြေ တစ်ခုလုံးက ဝိညာဉ်စွမ်းအင်တွေ ဆူပွက်လာပြီး ဒီနေရာကို စုဝေးရောက်ရှိလာသလိုပဲ...”
ယွီခယ်အာ၊ စုချီနှင့် လန်ရှီးတို့၏ မျက်နှာများ ဖြူဖျော့သွားကြ၏။
စုယွီ၏ လျှို့ဝှက်အခန်း အတွင်းမှ အစွမ်းထက်သော အရှိန်အဝါတစ်ခု ထိုးထွက်လာပြီး၊ အခင်းအကျင်း အတားအဆီးများကို ဖောက်ထွက်ကာ ပျံ့နှံ့လာသောအခါ၊ စုချီ၊ လော့ချင်းယာနှင့် ယွီချန်ချင်းတို့၏ မျက်နှာထားများ ပျက်ယွင်းသွားပြီး ထိုနေရာမှ အနောက်သို့ အလျင်အမြန် ဆုတ်ခွာလိုက်ကြသည်။
ထို ကြောက်မက်ဖွယ် အရှိန်အဝါကို သူတို့၏ အခြေခံတည်ဆောက်ခြင်း အဆင့် စွမ်းအားဖြင့် တောင့်ခံနိုင်စွမ်း မရှိပေ။
ယွီခယ်အာ ပင်လျှင် ခဏမျှ တောင့်ခံပြီးနောက် ခြံဝင်းအတွင်းမှ မဖြစ်မနေ ထွက်ခွာလိုက်ရလေ၏။