← Chapters

အခန်း (၃၈၅-၃၈၇)

Vol. 26 Ch. 385-387

အခန်း (၃၈၅-၃၈၇)

Vol. 26 Ch. 385-387

အခန်း (၃၈၅) - အင်မော်တယ်များ၊ နတ်ဘုံနတ်နန်း၊ အင်မော်တယ် ကျင့်စဉ်နှင့် အင်မော်တယ် စာပေများ (အပိုင်း ၅)

~အဝေးမှနေ၍...

လျှို့ဝှက်နယ်မြေ တစ်ခုလုံးရှိ ကောင်းကင်နှင့် မြေကြီးကြားမှ ဝိညာဉ်စွမ်းအင်များသည် ဧရာမ ဝဲကတော့ကြီး တစ်ခုအသွင် စုစည်းကာ လှုပ်ရှားလာသကဲ့သို့ ဖြစ်ပေါ်နေသည်။ ဝဲကတော့၏ ဗဟိုချက်ဖြစ်သော ခြံဝင်းအတွင်းတွင်မူ ဝိညာဉ်စွမ်းအင်များသည် အရည်အဖြစ်သို့ပင် ပြောင်းလဲစ ပြုနေပြီ ဖြစ်၏။

ယွီခယ်အာနှင့် အခြားသူများသည် ဤကြောက်မက်ဖွယ် မြင်ကွင်းကို ကြည့်ကာ ကြောင်အမ်း မှင်သက်နေကြသည်။

အချိန်ကာလ တစ်ခုလုံး ရပ်တန့်သွားသည့်နှယ်။

စုယွီသည် ဉာဏ်အလင်းပွင့်ခြင်း အခြေအနေမှ နိုးထလာသောအခါ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ ရွှေရောင် အလင်းတန်း နှစ်ခု သူ၏ မျက်ဝန်းထဲမှ တိုးထွက်လာသည်။ သူ့ရှေ့မှ မြင်ကွင်းမှာ ရှေးဟောင်းကာလ လော့ယွဲ့ မဟာမိတ်အဖွဲ့၏ လျှို့ဝှက်နယ်မြေ ဖြစ်သော၊ အိပ်မက်ဆန်သည့် နတ်ဘုံနတ်နန်း မြင်ကွင်းပင် ဖြစ်နေသေး၏။

လက်မမကြီး (၂) ချောင်းစာခန့် ရှိသော ကြေးပြားလေးသည် သူ့ရှေ့ လေထုထဲတွင် တွဲလွဲခိုနေဆဲ ဖြစ်ပြီး၊ ကမ္ဘာလောက တစ်ခုလုံးကို လင်းထိန်သွားစေသော ရွှေရောင် အလင်းတန်းများကို ထုတ်လွှတ်လျက် ရှိသည်။

ထိုအချိန်တွင် စုယွီသည် လက်ကို ဆန့်ထုတ်လိုက်ရာ ကြေးပြားလေးသည် နေရာရွေ့လျားသွားပြီး၊ မျက်စိတစ်မှိတ် အတွင်းမှာပင် စုယွီ၏ လက်ဝါးပေါ်သို့ ကျရောက်လာ၏။

တစ်ချိန်တည်းမှာပင်...

အိပ်မက်ဆန်သော နတ်ဘုံနတ်နန်း၏ အသက်သွေးကြောကို ဆွဲထုတ်လိုက်သကဲ့သို့ ဖြစ်သွားသည်။ ကျယ်လောင်သော မြည်ဟီးသံကြီးနှင့်အတူ ပတ်ဝန်းကျင် တစ်ခုလုံး ပြိုလဲပျက်စီးသွားရာ စုယွီပင် အနည်းငယ် လန့်ဖျပ်သွားရ၏။

လျှို့ဝှက်အခန်း အတွင်း၌...

စုယွီ သတိဝင်လာချိန်တွင် သူ့ရှေ့ရှိ ဝိညာဉ်အပင်ပေါ်မှ အဖြူရောင် ပန်းပွင့်လေး လောင်ကျွမ်းသွားသည်ကို တွေ့လိုက်ရသည်။ ပန်းဖူးလေးများသည် ဖုန်မှုန့်များ အဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် လွင့်ပါး ပျောက်ကွယ်သွားကြ၏။

ဝိညာဉ်အပင်သည်လည်း အရွက်များမှ စတင်ကာ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

နောက်ဆုံးတွင် လက်မ အရွယ်အစားရှိသော အဖြူရောင် အစေ့လေး တစ်ခု ကောင်းကင်ယံမှ ကျဆင်းလာရာ စုယွီက လက်ဖြန့်၍ ဖမ်းယူလိုက်၏။

အစေ့လေးကို ပြန်လည် သိမ်းဆည်းလိုက်ပြီးနောက်၊ စုယွီသည် မှင်သက်နေရာမှ တဖြည်းဖြည်း သတိဝင်လာသည်။ ရွှေအမြုတေ အဆင့် (၂) ထက် များစွာ သာလွန်သော မန္တန်စွမ်းအား အမြောက်အမြား သူ၏ ခန္ဓာကိုယ်ထဲတွင် စီးဆင်း ပျံ့နှံ့နေသည်။ သူ မသိလိုက်ဘဲနှင့် သူ၏ ကျင့်ကြံခြင်းသည် ရွှေအမြုတေ အဆင့် (၃) သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။

စုယွီသည် သူ့ခန္ဓာကိုယ် အတွင်းရှိ ပြောင်းလဲမှုများကို စစ်ဆေးကြည့်လိုက်ရာ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားရသည်။

သူ၏ ဝိညာဉ်သည် နောက်ထပ် တစ်ကြိမ် အသွင်ပြောင်းလဲသွားပုံ ရ၏။

အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုကို သူ ခံစားလိုက်ရသည်။ ယခင်က သူ၏ ဝိညာဉ်စွမ်းအားသည် ရွှေအမြုတေ အလယ်အလတ် အဆင့် (ရွှေအမြုတေ အဆင့် ၅ ဝန်းကျင်) နှင့်သာ ညီမျှ၏။

သို့သော် ယခုအခါ သူ၏ ဝိညာဉ်စွမ်းအားသည် အနည်းဆုံး ရွှေအမြုတေ အဆင့် (၆) နှင့် ညီမျှနေပြီ ဖြစ်ပါသည်။

ရွှေအမြုတေ အဆင့် နှောင်းပိုင်းသို့ ရောက်ရန်ပင် သိပ်မလိုတော့ပေ။

ဒီအဆင့် ရောက်နေမှတော့ ဝိညာဉ်စွမ်းအား အနည်းငယ် တိုးတက်ဖို့ ဆိုတာတောင် မလွယ်ကူလှပေ။ အဆင့်တစ်ဆင့်လုံးစာ တက်သွားဖို့ ဆိုတာကတော့ ပြောစရာပင် မလိုတော့ပါ။ ရွှေအမြုတေ အဆင့် (၄) ကို ခုမှ ချိုးဖြတ် ဝင်ရောက်ကာစ ကျင့်ကြံသူ တစ်ယောက်၏ ဝိညာဉ်စွမ်းအားနှင့်၊ ရွှေအမြုတေ အဆင့် (၄) မှာ အသားကျနေပြီ ဖြစ်သော ဝါရင့် ကျင့်ကြံသူ တစ်ယောက်၏ ဝိညာဉ်စွမ်းအားတောင်မှ ကွာခြားချက် ကြီးမားလှ၏။

သို့သော်၊ ယခုတော့ သူ၏ ဝိညာဉ်စွမ်းအားက ရွှေအမြုတေ အဆင့် (၅) ကို ကျော်လွန်ပြီး၊ ရွှေအမြုတေ အဆင့် နှောင်းပိုင်း နယ်ပယ်ကိုပါ ဦးတည်နေပြီ ဖြစ်သည်။

သူ၏ ဒန်တျန် အတွင်း၌...

မူလက ရွှေအမြုတေ အဆင့် (၃) သို့ ရောက်ရန် လိုအပ်နေသေးသော မန္တန်စွမ်းအားများသည် ယခုအခါ အရည်အသွေးရော ပမာဏပါ ပြည့်ဝနေပြီ ဖြစ်၏။

စုယွီသည် ဤအခြေအနေနှင့် သိပ်မရင်းနှီးသေးသဖြင့် ခဏမျှ ကြောင်နေပြီးမှ ကျွမ်းကျင်မှု မျက်နှာပြင်ကို ကြည့်လိုက်သည်။

[ ကျင့်ကြံခြင်း - ရွှေအမြုတေ အဆင့် (၃) ]

[ ကျင့်စဉ် - ‌ဓာတ်ကြီး ငါးပါး ကျင့်စဉ် (ရွှေအမြုတေ အဆင့် - ၃ ၊ ကျွမ်းကျင်မှု ၄၃.၄၆%) ]

သူ၏ မန္တန်စွမ်းအားသည် ရွှေအမြုတေ အဆင့် (၃) ၏ ထက်ဝက်ခန့်အထိ ပြည့်နေပြီ ဖြစ်၏။

‌ဓာတ်ကြီး ငါးပါး ကျင့်စဉ်၏ ကျွမ်းကျင်မှုကလည်း (၄၃) ရာခိုင်နှုန်းသို့ ရောက်ရှိနေသည်။

“ငါ့ရဲ့ ကျင့်ကြံခြင်းရော ဝိညာဉ်စွမ်းအားပါ အများကြီး တိုးတက်လာခဲ့တာပဲ...” စုယွီ စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်၏။

ထို့ပြင်..၊ စုယွီသည် ဒန်တျန် အတွင်းရှိ ‌ဓာတ်ကြီး ငါးပါး ဝိညာဉ်အမြစ်ကို ကြည့်လိုက်သည်။ ရွှေရောင် ကြေးပြားလေး တစ်ခုသည် ‌ဓာတ်ကြီး ငါးပါး ဝိညာဉ်အမြစ်၏ အပေါ်တွင် ရောက်ရှိနေသည်ကို တွေ့လိုက်ရ၏။

ကြေးပြားလေးက သိပ်မကြီးမားသော်လည်း ၎င်းသယ်ဆောင်ထားသော အရှိန်အဝါသည် ဝိညာဉ်အမြစ်အပေါ် လွှမ်းခြုံထားသည်။

သူ၏ ‌ဓာတ်ကြီး ငါးပါး ဝိညာဉ်အမြစ်၌ သိမ်မွေ့သော ပြောင်းလဲမှုများ ဖြစ်ပေါ်နေသည်ကို သူ ခံစားလိုက်ရ၏။

မူလက အလယ်အလတ်အဆင့်သာ ရှိသော ‌ဓာတ်ကြီး ငါးပါး ဝိညာဉ်အမြစ်သည် ကြေးပြားလေး၏ လွှမ်းမိုးမှုအောက်တွင် အသွင်ပြောင်းလဲနေသည်။

၎င်းသည် ထိပ်တန်းအဆင့် ဝိညာဉ်အမြစ် အဖြစ်သို့ ဦးတည် ပြောင်းလဲနေခြင်းပင်။

ထိုပြောင်းလဲမှုကို သတိထားမိလိုက်သောအခါ စုယွီ၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားပြီး ထိုရွှေရောင် ကြေးပြားလေးကို အာရုံစိုက်လိုက်၏။ သူ အလွန်အမင်း တုန်လှုပ်သွားသည်။

“ဒီ ကြေးပြားလေးက တကယ်တော့ ဘာပစ္စည်းများလဲ...”

ဝိညာဉ်စွမ်းအား၊ ကျင့်ကြံခြင်း အဆင့်နှင့် ဝိညာဉ်အမြစ်တို့ ပြောင်းလဲသွားသည်ကို ထားလိုက်ပါဦး။ ထူးဆန်းသော စာလုံးတစ်လုံးသည် သူ၏ စိတ်အာရုံ နက်ရှိုင်းရာ၌ တည်ရှိနေဆဲ ဖြစ်၏။

စုယွီ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ စွဲမြဲနေသည့်နှယ်။

“ယင်...”

ထူးခြားသော အခြေအနေ တစ်ခုအတွင်း ဉာဏ်အလင်း ပွင့်သွားသည့် ခဏတာ အချိန်လေး၌၊ စုယွီသည် အလင်းရောင် တစ်စက်မျှ မရှိ၊ ထွက်ပေါက် မရှိသော အဆုံးမဲ့ အမှောင်ထု သမုဒ္ဒရာကြီးထဲသို့ နစ်မြုပ်သွားသကဲ့သို့ ခံစားခဲ့ရသည်။

ထိုစာလုံး၏ အဓိပ္ပာယ်ကို သူ အနည်းငယ် နားလည်သဘောပေါက်သွားသည့် အချိန်ကျမှသာ... “ယင်...”

ထိုအချိန်ကျမှသာ သူသည် ထိုထူးခြားသော အခြေအနေထဲမှ ရုန်းထွက်နိုင်ခဲ့ပြီး သတိပြန်ဝင်လာခြင်းပင်။

ဒါက အင်မော်တယ် ကျင့်စဉ် ထဲက စာလုံးတစ်လုံးပဲ။

ထိုစာလုံးကို သယ်ဆောင်လာသော ပစ္စည်းမှာ စုယွီ၏ ဒန်တျန် အတွင်းရှိ ‌ဓာတ်ကြီး ငါးပါး ဝိညာဉ်အမြစ် အပေါ်တွင် ရောက်ရှိနေပြီး၊ ပြောင်းလဲမှုများကို ဖြစ်ပေါ်စေနေသော ကြေးပြားလေးပင် ဖြစ်၏။

ထိုစာလုံး၏ အဓိပ္ပာယ်ကို အနည်းငယ် နားလည်လိုက်ရုံဖြင့်၊ စုယွီသည် "ယင်" ဆိုသည့် သဘောတရားနှင့် ပတ်သက်ပြီး အသစ်တစ်ဖန် နားလည် သဘောပေါက်သွားသကဲ့သို့ ဖြစ်သွားသည်။ ဟင်းလင်းပြင် သဘောတရား ကဲ့သို့ပင်။

သူ အခြေခံ သဘောတရား အနည်းငယ်ကို နားလည်လိုက်သည်။

ဤစာလုံးသည် အနှစ်သာရအားဖြင့် အင်မော်တယ် တာအိုလမ်းစဉ် တစ်ခုပင်။

အင်မော်တယ် ဖြစ်လာမည့် လမ်းစဉ်။

စိတ်ထဲမှ စာလုံးနှင့် ဒန်တျန်ထဲမှ ကြေးပြားလေးကို ကြည့်ရင်း၊ စုယွီသည် အိပ်မက်ဆန်သော နတ်ဘုံနတ်နန်းထဲတွင် မြင်တွေ့ခဲ့ရသည့် မြင်ကွင်းကို ပြန်ပြောင်းသတိရလိုက်သည်။ ဝေဝါးသော ထင်မြင်ချက် တစ်ခု စုယွီ ရင်ထဲတွင် ဖြစ်ပေါ်လာရ၏။

‘ရှေးဟောင်းကာလတုန်းက လော့ယွဲ့ မဟာမိတ်အဖွဲ့ ပျက်သုဉ်းသွားရတဲ့ အကြောင်းရင်းက ဘာများလဲ...’

စုယွီ မျက်မှောင်ကြုတ်ကာ အကြံထုတ်လိုက်သည်။ ရွှေကျောက်စိမ်း နတ်ဘုရား ဂိတ်တံခါး အပျက်အစီးပဲ ဖြစ်ဖြစ်၊ လော့ယွဲ့ မဟာမိတ်အဖွဲ့ အပျက်အစီးပဲ ဖြစ်ဖြစ်၊ နှစ်ခုစလုံးမှာ အတိတ်က တိုက်ပွဲတွေရဲ့ ခြေရာလက်ရာတွေ ကျန်ရှိနေ၏။

တကယ်ပဲ ဖြောင့်မတ်သော ဂိုဏ်းများနှင့် မိစ္ဆာလမ်းစဉ် ဂိုဏ်းများကြားက ပဋိပက္ခကြောင့်ပဲလား။

ဒါမှမဟုတ် ရှေးဟောင်း လော့ယွဲ့ မဟာမိတ်အဖွဲ့ ပြိုလဲသွားရတာက မိစ္ဆာလမ်းစဉ်ကြောင့်ပဲလား။

စုယွီ ခေါင်းငုံ့လိုက်ပြီး လက်ထဲမှ အစေ့လေးဆီသို့ အကြည့် ရွှေ့လိုက်သည်။

သူ့မျက်လုံးများထဲတွင် မသေချာမှုများ ဖြစ်ပေါ်နေရ၏။

စိတ်ထဲမှ စာလုံးနှင့် ဒန်တျန်ထဲမှ ကြေးပြားလေး ပေါ်လာပုံက နည်းနည်းတော့ ထူးဆန်းပြီး စုယွီ မျှော်လင့်ထားသည်ထက် ကျော်လွန်နေသည်။ ဒီအစေ့လေး ကြီးထွားလာပုံကလည်း အံ့သြစရာ ကောင်းလွန်းသည်။

‘ဒီအစေ့လေးကပဲ သူ့ကို အိပ်မက်ဆန်တဲ့ နတ်ဘုံနတ်နန်းဆီ ခေါ်ဆောင်သွားပြီး၊ အင်မော်တယ် စာလုံးနဲ့ ကြေးပြားလေးကို ရရှိစေခဲ့တာများလား။

အချိန်အတော်ကြာပြီးနောက်...

စုယွီသည် အစေ့လေးကို ဝိညာဉ်သန့်စင်အိုး ထဲသို့ ပြန်ထည့်လိုက်ပြီး၊ တတိယအဆင့် ထိပ်တန်း ဝိညာဉ်အရည်များဖြင့် ပြန်လည် စိမ်ထားလိုက်သည်။ ဝိညာဉ်သန့်စင်အိုးကို သိမ်းဆည်းပြီးနောက်၊ လော့ယွဲ့ မဟာမိတ်အဖွဲ့ ကောင်းကင်ဂူ လျှို့ဝှက်နယ်မြေ အပျက်အစီးကြီးကို ကြည့်ကာ သူ့ဘာသာ တွက်ချက်လိုက်မိ၏။

“လော့ယွဲ့ မဟာမိတ်အဖွဲ့ အပျက်အစီးထဲက တကယ့် ကံကောင်းမှု ဆိုတာ ဒီ အင်မော်တယ် စာလုံး နဲ့ ရွှေရောင် ကြေးပြားလေးကို ပြောတာများလား…”

အခန်း (၃၈၆) - အင်မော်တယ်များ၊ နတ်ဘုံနတ်နန်း၊ အင်မော်တယ် ကျင့်စဉ်နှင့် အင်မော်တယ် စာပေများ (အပိုင်း ၆)

~’ရှေးဟောင်းကာလတုန်းက လော့ယွဲ့ မဟာမိတ်အဖွဲ့မှာ ဖြစ်ပွားခဲ့တဲ့ ကြီးမားတဲ့ စစ်ပွဲကြီးဟာ ဒီရွှေရောင် ကြေးပြားလေးနဲ့ အင်မော်တယ် ကျင့်စဉ် ကြောင့်များ ဖြစ်ခဲ့လေသလား’

ထိုသို့ပင်၊ စုယွီ

ထင်ကြေးပေးလိုက်မိသည်။

ဒါက ရှေးဟောင်းခေတ် အစွမ်းထက် ကျင့်ကြံသူကြီးတွေ အားလုံး လိုချင်တပ်မက်ခဲ့ကြသော အခွင့်အလမ်းကြီး တစ်ခုပင်။

ဒီအတွေး ဝင်လာတာနှင့် တပြိုင်နက် စုယွီ စိတ်ထဲမှာ ဂဏှာမငြိမ် ဖြစ်လာတော့သည်။

ဒီကံကောင်းမှုကြီးက တကယ်ကို မထင်မှတ်ထားသည့် အရာဖြစ်ပြီး၊ သူလို ရွှေအမြုတေ အဆင့် ကျင့်ကြံသူ သေးသေးလေး အတွက်တော့ ဝန်ပိလွန်းလှ၏။

ကျိုးပဲ့နေသည့် ကြေးပြားလေး တစ်ခုနှင့် အင်မော်တယ် ကျင့်စဉ် တစ်လုံးထဲ ဆိုပေမယ့်ပေါ့။

သို့ရာတွင်၊ ဒီအခွင့်အရေးက သူ့အတွက် အင်မော်တယ် လမ်းစဉ်၏ တစ်စိတ်တစ်ဒေသကို အမှန်တကယ် နားလည် သဘောပေါက်နိုင်မည့် လမ်းစကို ဖွင့်ပေးနိုင်လိမ့်မည်။

မဟုတ်လျှင် ဒီအခွင့်အရေး တစ်ခုတည်းနှင့်တင် ပြင်ပလောကက ကျင့်ကြံသူ မှန်သမျှကို ရူးသွပ်သွားစေဖို့ လုံလောက်နေပြီပင်။

‘မိုးနတ်မင်း.. ကျေးဇူးပါပဲ... ဒါက ရှေးဟောင်း ကျင့်ကြံသူတွေတောင် ရှာမတွေ့ခဲ့တဲ့ အခွင့်အရေးမျိုးပဲ... အချိန်ကာလရဲ့ မြစ်ရေစီးကြောင်းထဲမှာ ဒီလို အခွင့်အရေးမျိုး ပျောက်ကွယ်သွားခဲ့တာ ဖြစ်လောက်တယ်... ငါ ဒီနေရာမှာ ရှေးဟောင်း သိုင်းစာအုပ်တွေ၊ ချန်ခွင်းအိတ်တွေ အများကြီး ရှာတွေ့ခဲ့တယ်... မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ပါးရဲ့ အမွေအနှစ်ကိုတောင် တွေ့ခဲ့သေးတာ... ဒါပေမဲ့ ဘယ်အရာမှာမှ ဒီအခွင့်အရေးနဲ့ ပတ်သက်ပြီး ဖော်ပြထားတာ မပါခဲ့ဘူး...’

စုယွီ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်လိုက်၏။

‘ဒီအရာနဲ့ ပတ်သက်တဲ့ မှတ်တမ်းကို ငါတောင် ရှာမတွေ့ခဲ့ဘူး ဆိုမှတော့၊ လက်ရှိအချိန်မှာ တခြားဘယ်သူကမှ သိနိုင်မှာ မဟုတ်ဘူး...’

စိတ်အေးသွားတော့မှ...

စုယွီ၏ မျက်လုံးတွေ ပိုမို တောက်ပလာရ၏။ စိတ်ကို တည်ငြိမ်အောင် ထားလိုက်ပြီး ရွှေပုစဉ်းရင်ကွဲ နည်းစနစ်ကို အသုံးပြုကာ ဗလာသက်သက် အခြေအနေ ထဲသို့ ဝင်ရောက်သွားသည်။ စိတ်ထဲရှိ အင်မော်တယ် ကျင့်စဉ်လုံးကို အာရုံစိုက် ကြည့်ရှုလိုက်၏။

သို့သော် ဝင်သက်တစ်ချက်စာ အချိန်မပြည့်ခင်မှာပင် သူ့အကြည့်ကို လွှဲဖယ်လိုက်ရသည်။ သူ့စိတ်အာရုံ အလွန်အမင်း ကုန်ခန်းသွားသောကြောင့်ပင်။

ဒီ အင်မော်တယ် ကျင့်စဉ်လုံးကို ဉာဏ်အလင်းပွင့်သော အနေအထားနှင့် ကြည့်ရှုခံစားဖို့ ဆိုတာ ဝိညာဉ်စွမ်းအား အများကြီး လိုအပ်သည်ပင်။

သူ၏ လက်ရှိ ဝိညာဉ်စွမ်းအားနှင့် ဆိုလျှင် အသက်တစ်ရှိုက်စာလောက်တောင် ကြာကြာ မခံနိုင်ပေ။

“ဒီကျင့်စဉ်က ငါ့အတွက် အရမ်း မြင့်လွန်းနေသေးတယ်... ငါ မခံနိုင်သေးဘူး...”

ခေတ္တ အနားယူပြီးနောက် စုယွီသည် အင်မော်တယ် ကျင့်စဉ်လုံးကို လေ့လာမည့် အစီအစဉ်ကို စွန့်လွှတ်လိုက်ရ၏။ သူ့မျက်နှာပေါ်တွင် ခါးသက်သက် အပြုံးတစ်ခု ပေါ်လာသည်။

‘ရှေးဟောင်းကာလတုန်းက လော့ယွဲ့ မဟာမိတ်အဖွဲ့ တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့တာ မဆန်းပါဘူးလေ။

မဟာမိတ်အဖွဲ့ တင်မကဘူး... လော့ယွဲ့ ရေကန် ကျင့်ကြံခြင်း လောက တစ်ခုလုံးကိုတောင် တုန်လှုပ်စေခဲ့လောက်တယ်။

ဒီအရာက တကယ့်ကို ကြောက်စရာ ကောင်းလွန်းတယ်’

စုယွီ မျက်လုံးမှိတ်ပြီး ခေတ္တ အနားယူလိုက်သည်။ ရွှေပုစဉ်းရင်ကွဲ နည်းစနစ်၏ အကူအညီဖြင့် စိတ်အာရုံ ပြန်လည် ပြည့်ဝလာအောင် စောင့်ဆိုင်းလိုက်သည်။ ထိုအချိန်တွင် ဆက်လက် စဉ်းစားခန်း ဝင်နေမိပြီး တီးတိုး ရေရွတ်လိုက်သည်။

“အင်မော်တယ် ကျင့်စဉ်ထဲက စာလုံးတစ်လုံးတည်းနဲ့တင် ဒီလောက် ကြောက်စရာ ကောင်းနေပြီ...”

“ပြီးပြည့်စုံတဲ့ အင်မော်တယ် ကျင့်စဉ် တစ်စောင်လုံးသာ ဆိုရင်ကော...”

စုယွီ ခဏ တွန့်ဆုတ်သွားပြီး ဆက်မတွေးရဲတော့ပေ။

ပြီးပြည့်စုံသော အင်မော်တယ် ကျင့်စဉ် ဆိုလျှင်တော့၊ သူက ချောင်းကြည့်ဖို့ အရည်အချင်းတောင် မမီလောက်ပေ။

စာလုံးတစ်လုံးတည်းကို တစ်ချက်ကြည့်လိုက်ရုံနှင့်တင် သူ့စိတ်အာရုံတွေ ကုန်ခန်းလုနီးပါး ဖြစ်သွားခဲ့သည်လေ။

ကျင့်စဉ် တစ်စောင်လုံးသာ ဆိုလျှင်တော့ သူ့ကို ချက်ချင်း ဝါးမျို ခြောက်သွေ့သွားစေမှာ မဟုတ်ဘူးလား။

‘"ယင်" ... ဒီစာလုံးက အင်မော်တယ် ကျင့်စဉ်ထဲက စာလုံးတစ်လုံးပဲ... ဘယ်လို အင်မော်တယ် ကျင့်စဉ်မျိုး ဖြစ်မလဲ...’

စုယွီ၏ အတွေးတွေ အနည်းငယ် ရှုပ်ထွေးလာရ၏။

စိတ်အာရုံ ပြန်လည် ပြည့်ဝလာသောအခါ စုယွီ စိတ်ကို ငြိမ်အောင် ထားလိုက်သည်။

စိတ်ထဲက အင်မော်တယ် ကျင့်စဉ်လုံးကို လေ့လာ၍ မရသေးတော့၊ သူ့အကြည့်က ဒန်တျန်ထဲက ကြေးပြားလေးဆီ ရောက်သွားရ၏။

သူ ခန့်မှန်းရသလောက် ဒီအရာက အင်မော်တယ် ကျင့်စဉ်ကို မှတ်တမ်းတင်ထားသည့် ပစ္စည်းရဲ့ အပိုင်းအစ တစ်ခု ဖြစ်လောက်သည်။

အပိုင်းအစ သက်သက်သာ ရှိသေးပေမယ့် သာမန် ပစ္စည်းတော့ မဟုတ်ပေ။

“ငါ ဒါကို ထိန်းချုပ်လို့ ရမလား...”

စုယွီက စမ်းသပ်ရန် သူ့စိတ်အာရုံကို လွှတ်လိုက်၏။ သို့သော် ကြေးပြားလေး အနားသို့ ကပ်လိုက်သည်နှင့် တပြိုင်နက်၊ သူ့ဝိညာဉ်ကို တုန်ခါသွားစေလောက်သည့် အရှိန်အဝါ တစ်ခု ကြေးပြားလေးဆီမှ ထွက်ပေါ်လာသည်။

ထိုအရှိန်အဝါက အလွန် သိမ်မွေ့လှသော်လည်း၊ သူ့စိတ်အာရုံ တိုးကပ်လာမည့် အရေးကို တားဆီးထား၏။

ကြေးပြားလေးကို ထိန်းချုပ်မည့် အစီအစဉ်ကိုပါ စွန့်လွှတ်လိုက်ရုံမှတပါး ရွေးချယ်စရာ မရှိတော့ပေ။

ကြေးပြားလေးဆီမှ အရှိန်အဝါ၏ လွှမ်းမိုးမှုအောက်တွင် ‌ဓာတ်ကြီး ငါးပါး ဝိညာဉ်အမြစ် တဖြည်းဖြည်း ပြောင်းလဲလာနေသည်ကို ကြည့်ရင်း၊ စုယွီ စိတ်ထဲမှ တွက်ချက်လိုက်၏။

“ငါ့ ဝိညာဉ်အမြစ် အရည်အသွေး ပြောင်းလဲသွားဖို့ (၆) လလောက်တော့ ကြာလိမ့်မယ်...”

ဒီအခွင့်အရေးက တကယ်ကို မှန်းဆလို့ မရနိုင်လောက်အောင်ပါပဲ။

သူ့ ဝိညာဉ်အမြစ်က ထိပ်တန်းအဆင့် ‌ဓာတ်ကြီး ငါးပါး ဝိညာဉ်အမြစ် အဖြစ် ပြောင်းလဲသွားနိုင်မည့် အလားအလာကို တွေးမိရင်း၊ စုယွီ ဖော်ပြမတတ်နိုင်အောင် စိတ်လှုပ်ရှားသွားသည်။

မူလတုန်းက သူ့ ဝိညာဉ်အမြစ်က အနိမ့်ဆုံး အဆင့် ပဲ ရှိခဲ့သည်လေ။

အနိမ့်ဆုံး အဆင့်မှ ထိပ်တန်း အဆင့်ကို ပြောင်းလဲသွားခြင်း ဆိုတာ ကျီးကန်းကနေ ဖီးနစ်ငှက် ဖြစ်သွားတာနှင့် အတူတူပါပင်။

သာမန် အဆင့်လောက်သာ ရှိသည့် တာ့ယွဲ့ နယ်မြေ ကျင့်ကြံခြင်း လောကမှာတော့ သူဟာ ထူးခြားသည့် ပါရမီရှင်၊ တက်သစ်စ ကြယ်ပွင့် တစ်ယောက် ဖြစ်နေပြီပင်။

ကျင့်ကြံခြင်း အဆင့် တိုးတက်လာတာနှင့်အမျှ စုယွီရဲ့ သက်တမ်းကလည်း ပြောင်းလဲလာခဲ့၏။

[ သက်တမ်း - (၁၄၁) / (၁၀၁၀) နှစ် ]

“ငါ့သက်တမ်းက တစ်ထောင် ကျော်သွားပြီပဲ... (၁၀၁၀) နှစ် တောင် ရှိသွားပြီ...”

စုယွီ မှင်သက်သွားသည်။

ရွှေအမြုတေ အဆင့် (၉) ရောက်နေသော သာမန် ကျင့်ကြံသူ တစ်ယောက်တောင် နှစ် (၅၀၀) လောက်ပဲ နေရ၏။ သက်တမ်း ရှည်အောင် လုပ်လျှင်တောင် နောက်ထပ် နှစ်ရာဂဏန်းလောက်ပဲ ပိုနေရမည်။

ဒဏ္ဍာရီတွေအရတော့ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ပါးက နှစ်တစ်ထောင်လောက် အသက်ရှည်သည် ဆိုပင်။

သို့သော်၊ ယခုတော့ သူ့သက်တမ်းက သာမန် မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး တစ်ပါးထက်တောင် ကျော်လွန်နေလေပြီ။

သူ့လက်ရှိ အသက်ကို နုတ်လိုက်လျှင်တောင်မှ သူ နောက်ထပ် နှစ် (၈၀၀) ကျော် အသက်ရှင်၍ ရသေး၏။

“ဒါဆိုရင်တော့ ငါ စွန့်စားခန်းတွေ ထွက်နေစရာ မလိုတော့ဘူး...”

စုယွီ တိတ်တဆိတ် တွေးလိုက်၏။

“ငါသာ ကြိုးကြိုးစားစား ကျင့်ကြံနေရင် ရွှေအမြုတေ အဆင့် (၉) ထိ ရောက်ဖို့က မခဲယဉ်းတော့ဘူး... လောလောဆယ် စဉ်းစားစရာ နှစ်ခုပဲ ရှိတော့တယ်... အစိမ်းရောင် သစ်သား နှစ်ပတ်လည် ကွင်း ကျင့်စဉ်

ရဲ့ နောက်ဆက်တွဲ ကျင့်စဉ်ကို ရှာဖို့ပဲ... ငါ့လက်ထဲမှာ (၃) ပတ်လည်၊ (၂၇) ကွင်းစာပဲ ရှိသေးတယ်... ဒါက ရွှေအမြုတေ အဆင့် (၉) အထိ ကျင့်ကြံလို့ ရပြီး၊ ရွှေအမြုတေ အဆင့် (၉) ရောက်ရင် ‌ဓာတ်ကြီး ငါးပါး ကျင့်စဉ်နဲ့ ပေါင်းစပ်လို့ ရတယ်...”

“နောက်ဆက်တွဲ ကျင့်စဉ်ကို ရှာမတွေ့ရင်တော့ နည်းနည်း ပြဿနာ ရှိတယ်... တွေ့ရင်တော့ အကောင်းဆုံးပေါ့... မရှိရင်လည်း... တခြား သစ်သား ဝိညာဉ်အမြစ် မူလဝိညာဉ် ကျင့်စဉ် တစ်ခုခုကို ပြောင်းကျင့်ရမှာပဲ...”

“ဘယ်လိုပဲဖြစ်ဖြစ် ကျင့်ကြံခြင်းက အဓိကပဲ...”

“ပြီးတော့ လက်ရှိ ငါ့ရွှေအမြုတေ အရည်အသွေးက အဆင့် (၄) ပဲ ရှိသေးတာ...”

သူ့ ဒန်တျန် အတွင်းရှိ ရွှေအမြုတေကို ခဏတာ အာရုံစိုက် ကြည့်ရှုပြီးနောက် သူ၏ စိတ်အာရုံကို ပြန်လည် ရုပ်သိမ်းလိုက်၏။

‘အချိန်တွေ အများကြီး ရှိပါသေးတယ်။

လောလောဆယ် လောကြီးနေစရာ မလိုသေးဘူး’

သူ့ကိုယ်ခန္ဓာ ပြောင်းလဲမှုများကို ထိန်းချုပ်ပြီးနောက် စုယွီသည် တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာခဲ့ပြီး၊ ယွီခယ်အာ တို့နှင့်အတူ သူ့ကျင့်ကြံခြင်း အဆင့် အောင်မြင်မှုကို အောင်ပွဲခံလိုက်၏။

ယွီခယ်အာ တို့ကတော့ စုယွီ ကျင့်ကြံခြင်း အဆင့် တက်သွားသည်ဟုသာ သိထားကြပြီး၊ ကံတရားကို အံတုနိုင်လောက်သေယ အခွင့်အရေးကြီး ရရှိခဲ့မှန်း မသိကြပေ။

*

နောက်တစ်နေ့တွင်...

ယွီခယ်အာ တို့နှင့် ပျော်ပါးပြီးနောက် စုယွီသည် လျှို့ဝှက်ခန်း အတွင်းသို့ ပြန်ဝင်ပြီး တံခါးပိတ် ကျင့်ကြံခြင်းကို ဆက်လက် ပြုလုပ်လေ၏။ သူ၏ ပုံမှန် လုပ်ရိုးလုပ်စဉ် အတိုင်း ‌ဓာတ်ကြီး ငါးပါး ကျင့်စဉ်ကို အရင်ကျင့်ကြံပြီး၊ ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ်ကို ဆက်လက် လေ့ကျင့်သည်။ ဘာမှ မပြောင်းလဲပေ။

တတိယအဆင့် ထိပ်တန်း ဝိညာဉ်အရည် တစ်စက်ကို မျိုချပြီးနောက်၊ စုယွီသည် ‌ဓာတ်ကြီး ငါးပါး ကျင့်စဉ်ကို စတင် လည်ပတ်လိုက်၏။

“ဝုန်း...”

စုယွီ ‌ဓာတ်ကြီး ငါးပါး ကျင့်စဉ်ကို စတင်လိုက်သည်နှင့် တပြိုင်နက်၊ သူ့ခန္ဓာကိုယ် အတွင်းရှိ ရွှေရောင် ကြေးပြားလေးသည် တုန်ခါသွားသည်။ ‌ဓာတ်ကြီး ငါးပါး ကျင့်စဉ်မှ စုစည်းလိုက်သော မန္တန်စွမ်းအားများ ဒန်တျန် အတွင်းရှိ ရွှေအမြုတေ ထံသို့ စီးဝင်သွားသောအခါ၊ ရွှေရောင် ကြေးပြားလေးသည် မှိန်ဖျော့ဖျော့ ရွှေရောင် အလင်းတန်းများကို ထုတ်လွှတ်ပေးလိုက်၏။

တစ်ခဏအတွင်းမှာပင် စုယွီ၏ ရွှေအမြုတေ အတွင်း၌ သိမ်မွေ့သော ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး၊ တစ်မျိုးတစ်ဖုံ သန့်စင်သွားသကဲ့သို့ ဖြစ်သွားသည်။

ထိုထူးခြားမှုကို သတိထားမိလိုက်သောအခါ စုယွီ အနည်းငယ် အံ့သြသွားပြီး ချက်ချင်း ဝမ်းသာသွားရ၏။

“ဒီကြေးပြားလေးက... ငါ့ ရွှေအမြုတေကို သန့်စင်ပေးနိုင်တာလား...”

လောလောဆယ် ပြောင်းလဲမှုက မသိသာသော်လည်း ကျင့်ကြံခြင်း ဆိုတာ တစ်ရက်တည်းနှင့် ပြီးသည့် ကိစ္စ မဟုတ်ပေ။

နေ့စဉ် စုဆောင်းရရှိမယ့် ရလဒ်တွေက သေချာပေါက် ကြီးမားလာလိမ့်မည်။

ဒါက စုယွီအတွက် ရွှေအမြုတေ အရည်အသွေး အဆင့် (၅)သို့ တက်လှမ်းနိုင်မယ့် မျှော်လင့်ချက်ကို ပေးစွမ်းလိုက်ခြင်းပင်။

ကျွမ်းကျင်မှု မျက်နှာပြင်ကို ပြန်ကြည့်လိုက်သောအခါ၊ နောက်ထပ် တစ်ရက် ကျင့်ကြံပြီးနောက် သူ၏ ‌ဓာတ်ကြီး ငါးပါး ကျင့်စဉ် ကျွမ်းကျင်မှုသည် (၀.၀၁) ရာခိုင်နှုန်းခန့် တိုးတက်လာသည်ကို တွေ့ရ၏။

ဝိညာဉ်အရည် သုံးစွဲထားတာတောင်မှ တိုးတက်မှုနှုန်းက ရွှေအမြုတေ အဆင့် (၁) တုန်းကနှင့် သိပ်မကွာခြားလှပေ။

ဆိုလိုတာက ရွှေအမြုတေ အဆင့် (၃)မှ အဆင့် (၄) ကို ရောက်ဖို့ (၁၆) နှစ်လောက် ကြာလိမ့်မည်။

သို့သော် လက်ရှိ ‌ဓာတ်ကြီး ငါးပါး ကျင့်စဉ် ကျွမ်းကျင်မှုက (၄၃) ရာခိုင်နှုန်း ရှိနေပြီ ဖြစ်သဖြင့်၊ ရွှေအမြုတေ အဆင့် (၄) သို့ ရောက်ရှိရန် နောက်ထပ် (၈) နှစ်၊ (၉) နှစ်လောက်သာ ကြာပေလိမ့်မည်။

ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ်ကို လေ့ကျင့်ပြီးနောက်၊ စုယွီသည် စိတ်ထဲရှိ အင်မော်တယ် ကျင့်စဉ်လုံးကို စိတ်အာရုံဖြင့် ထပ်မံ စူးစမ်းကြည့်လိုက်၏။

သူ့စိတ်အာရုံ ကုန်ခန်းလုနီးပါး ဖြစ်သွားသောအခါ၊ ရွှေပုစဉ်းရင်ကွဲ နည်းစနစ်ကို တိတ်တဆိတ် အသုံးပြုပြီး ပြန်လည် ဖြည့်တင်းလိုက်သည်။

အချိန်အတန်ကြာ ကုန်လွန်ပြီးနောက်...

ဤ အင်မော်တယ် ကျင့်စဉ်လုံးမှ တဆင့် သူ၏ ဝိညာဉ်ကို လေ့ကျင့်ပေးနိုင်ကြောင်း တွေ့ရှိလိုက်ရ၏။

စိတ်အာရုံ ကုန်ခန်းခြင်းနှင့် ပြန်လည် ပြည့်ဝလာခြင်း ကြားကာလတွင်၊ ရွှေပုစဉ်းရင်ကွဲ နည်းစနစ်၏ ကျွမ်းကျင်မှုသည် ပိုမို လျင်မြန်စွာ တိုးတက်လာပြီး၊ သူ၏ ဝိညာဉ်ကို ပိုမို ကြီးမား ကျယ်ပြန့်လာစေသလို ပိုမို သန့်စင်လာစေသည်။

ထို့ပြင် အင်မော်တယ် ကျင့်စဉ်လုံးမှ တွေးခေါ်၍ မရနိုင်သော အရှိန်အဝါ သို့မဟုတ် ဝိညာဉ်ဖိအား တစ်ခု ရစ်ိုင်းနေသည်။ ထို ဝိညာဉ်ဖိအားက စုယွီကို ဉာဏ်အလင်း ပွင့်စေသည်။

သိထားရမည်မှာ ကျင့်ကြံသူ တစ်ဦးသည် ရွှေအမြုတေ အဆင့် ရောက်မှသာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို စတင် နားလည် သဘောပေါက်လာခြင်းပင်။

ဝိညာဉ်ဖိအား ဆိုတာ ၎င်းနှင့် နက်နက်ရှိုင်းရှိုင်း ပတ်သက်ဆက်နွယ်နေလေ၏။

အင်မော်တယ် ကျင့်စဉ်၏ ဝိညာဉ်ဖိအားကို နားလည် သဘောပေါက်ခြင်းဖြင့်၊ သူသည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ပိုမို သိမ်မွေ့စွာ ထိန်းချုပ်လာနိုင်ပြီး သူ၏ ကိုယ်ပိုင် စွမ်းအားကို မြှင့်တင်နိုင်ပေလိမ့်မည်။

အချိန်များ ကုန်ဆုံးသွားခဲ့ပြန်သည်။ စုယွီသည် ကျင့်ကြံခြင်း၌သာ အာရုံစိုက် နှစ်မြှုပ်နေခဲ့၏။

အပြင်လောကတွင်...

ကိုးဝိညာဉ် မိစ္ဆာ တောင်တန်းမှ တာအိုရုပ်သေး ပြန်ရောက်လာပြီး (၁) နှစ် အကြာတွင်၊ တုန်လှုပ်ဖွယ်ရာ သတင်းတစ်ပုဒ်ကို ကြားလိုက်ရသည်။

“ကိုးဝိညာဉ် မိစ္ဆာ တောင်တန်းမှာ ဗရုတ်သုတ်ခ လုပ်ခဲ့တဲ့ 'ရှေးဟောင်း မိစ္ဆာ ဘုရင် ဝင်စားသူ' ဆိုတဲ့ကောင်ကို ကိုးဝိညာဉ် မိစ္ဆာ နန်းတော်က ဇီကွမ်း နယ်မြေ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ပိုင်နက်ထဲထိ လိုက်လံ တိုက်ခိုက်နေသတဲ့... ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ လက်အောက်ခံ အင်မော်တယ် မြို့ငယ်လေး တစ်မြို့လုံး အဲဒီ မိစ္ဆာကျင့်ကြံသူရဲ့ သွေးယဇ်ပူဇော်ခြင်း ခံလိုက်ရတယ်တဲ့လား...”

‘အင်မော်တယ် မြို့တစ်မြို့လုံးကို သွေးယဇ်ပူဇော်လိုက်တာ…’

ထိုသတင်းကို ကြားလိုက်ရသောအခါ စုယွီ ကြက်သီးထသွားရသည်။

:'ရှေးဟောင်း မိစ္ဆာ ဘုရင် ဝင်စားသူ' လို့ ကိုယ့်ကိုယ်ကိုယ် ကြေညာထားတဲ့ ဒီလူက ဒီလောက်တောင် ရူးသွပ်ပြီး ရက်စက်ရတာလား။

သတ္တိလည်း အတော်ကောင်းတဲ့ ကောင်ပဲ။

ကိုးဝိညာဉ် မိစ္ဆာ နန်းတော်က လိုက်သတ်နေတာတောင်မှ ဇီကွမ်း နယ်မြေက ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ကို သွားပြီး ရန်စရဲသေးတယ်..

သူက ထိုက်ရွှီ မဟာမိတ် ခေါင်းဆောင်ကြီး နဲ့ ကိုးဝိညာဉ် မိစ္ဆာ နန်းတော် သခင်ကြီး ဆိုတဲ့ မူလဝိညာဉ် အဆင့် အရှင်သခင်ကြီး နှစ်ပါးစလုံး သူ့နောက် လိုက်လာအောင် ကြံစည်နေတာများလား’

ဆက်လက် စဉ်းစားရင်း စုယွီ၏ မျက်နှာထားသည် ထူးဆန်းလာ၏။

‘တကယ်လို့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့သာ ဒီကောင်ကြောင့် ဗရုတ်သုတ်ခ ဖြစ်သွားမယ်ဆိုရင်၊ တာ့ယွဲ့ နယ်မြေကို စစ်တိုက်ဖို့ အင်အား စိုက်ထုတ်နိုင်ပါဦးမလား။

ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့သာ မလှုပ်ရှားရင်၊ တခြားကောင်တွေလည်း ထင်ရာစိုင်းရဲမှာ မဟုတ်ဘူး။

သူတို့ လှုပ်ရှားရဲမှသာ...

အဲဒီအချိန်ကျရင် သူတို့က တာ့ယွဲ့ နယ်မြေကို တိုက်ခိုက်မှာလား၊ ဒါမှမဟုတ် တာ့ယွဲ့ နယ်မြေကပဲ ပြန်ပြီး သူတို့ကို ရှင်းလင်းပစ်ရမလား ဆိုတာ စောင့်ကြည့်ရမှာပေါ့’

ကိုးဝိညာဉ် မိစ္ဆာ နန်းတော်နှင့် ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ နှစ်ခုစလုံးကို တစ်ပြိုင်နက် ရန်စရဲပြီး၊ အင်မော်တယ် မြို့တစ်မြို့လုံးကို သွေးယဇ်ပူဇော်ရဲသည့် 'ရှေးဟောင်း မိစ္ဆာ ဘုရင် ဝင်စားသူ' ဆိုသည့် မိစ္ဆာကျင့်ကြံသူကို စုယွီ အနည်းငယ် သတိထားနေသော်လည်း၊ ဒီလူက တကယ့် မိစ္ဆာကြီး ဆိုတာတော့ သေချာ၏။

သို့သော် လက်ရှိ အခြေအနေအရ ဆိုလျှင်တော့ စိတ်သက်သာစရာ ရသွားသည်။

:ဘယ်သူမှ မလှုပ်ရှားတာ အကောင်းဆုံးပဲ။

ဒါမှလည်း သူ အေးအေးဆေးဆေး ကျင့်ကြံပြီး စွမ်းအား မြှင့်တင်ဖို့ အချိန်ရမှာပေါ့’

အခန်း (၃၈၇) - ထိပ်တန်း ဝိညာဉ်အမြစ်၊ အထူး ခန္ဓာကိုယ်ဖွဲ့စည်းပုံ (အပိုင်း ၁)

~မိစ္ဆာတောင်ထွတ် ရှစ်ခု ဈေးကွက်။

ဈေးကွက်အတွင်း လူအစည်ကားဆုံး စားသောက်ဆိုင်ကြီး၏ ပထမထပ်၊ ထောင့်တစ်နေရာတွင် တာအိုရုပ်သေးသည် တစ်ိတ်တဆိတ် ထိုင်နေသည်။ စားပွဲပေါ်တွင် ဆိုင်၏ နာမည်ကြီး ဝိညာဉ်အပင် ဟင်းလျာအချို့ကို မှာယူထား၏။

ဝိညာဉ်ဝိုင် ခွက်ငယ်လေးကို မကြာခဏ မော့သောက်ရင်း၊ ရှားပါး ဟင်းလျာများကို မြည်းစမ်းနေသည့်ဟန် ပြုလုပ်နေသော်လည်း၊ တကယ်တမ်းတွင်မူ သူ့ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ ပေါ့ပေါ့ပါးပါး စကားပြောသံများကို နားစွင့်နေခြင်းသာ ဖြစ်သည်။

ရုပ်သေးတစ်ရုပ် ဖြစ်သည့်အားလျော်စွာ သူ့တွင် စားချင်သောက်ချင်စိတ် ဟူ၍ မရှိပေ။ သူ ဒီနေရာကို ရောက်နေရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ ပြင်ပကမ္ဘာမှ သတင်းအချက်အလက်များကို စုဆောင်းရန်ပင်။

“လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ဆီက သတင်းထွက်လာသေးတယ်... သူတို့ ကျင့်ကြံသူတွေကို စုစည်းပြီး ငါတို့ တာ့ယွဲ့ နယ်မြေကို စစ်လာတိုက်မယ် ဆိုလား... ငါဖြင့် ကြောက်လွန်းလို့ ပထမအဆင့် အဆင့်မြင့် အကာအကွယ် အဆောင်တွေတောင် အပြေးအလွှား ဝယ်ထားလိုက်ရသေးတယ်... ဒါပေမဲ့ အခုကြားရတဲ့ သတင်းကျတော့ တစ်မျိုး ကွ...”

“ကိုးဝိညာဉ် မိစ္ဆာ တောင်တန်းက ‘တာအိုဆရာ ရွှမ်မင်’ ဆိုတဲ့ မိစ္ဆာကောင်က ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ပိုင် ဇီကွမ်း နယ်မြေထဲ ထွက်ပြေးသွားပြီး၊ အဲဒီက အင်မော်တယ် မြို့တစ်မြို့လုံးကို သွေးယဇ်ပူဇော် ပစ်လိုက်သတဲ့...”

“တွေးကြည့်ရင်တော့ ကြောက်စရာကြီးကွ... ဒါပေမဲ့ ဟားဟား... အဲဒါ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ မြို့လေကွာ... အခုတော့ ထိုက်ရွှီ ဘက်က ကျင့်ကြံသူတွေ ဒေါသထွက်ပြီး အဲဒီ ‘တာအိုဆရာ ရွှမ်မင်’ ဆိုတဲ့ကောင်ကို အရှင်လတ်လတ် အရေခွံခွာပစ်ချင်နေကြပြီ ဆိုပဲ...”

“ဒီလိုဆိုရင်တော့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ အနေနဲ့ ငါတို့ဘက်ကို စစ်တိုက်ဖို့ အာရုံစိုက်နိုင်တော့မယ့်ပုံ မပေါ်ပါဘူး...”

ချီစုစည်းခြင်း အဆင့် နှောင်းပိုင်းသို့ ရောက်ရှိနေသော ဆံပင်ဖြူဖြူနှင့် အဘိုးအို ကျင့်ကြံသူ တစ်ဦးသည် သူ့မိတ်ဆွေ နှစ်ဦးနှင့် စကားပြောရင်း ရယ်ပွဲဖွဲ့နေလေသည်။

ထိုအချိန်တွင် ဘေးစားပွဲဝိုင်းမှ ဝဝဖိုဖို ကျင့်ကြံသူ တစ်ဦးက ခေါင်းလှည့်လာပြီး ဝင်ပြောလိုက်၏။

“ခင်ဗျားတို့ကလည်း စောစောစီးစီး ပျော်မနေကြပါနဲ့ဦးဗျာ... တာအိုဆရာ ရွှမ်မင် က ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ မြို့သေးသေးလေး တစ်မြို့ကို သွေးယဇ်ပူဇော်လိုက်တယ် ဆိုတာလောက်ပဲ ခင်ဗျားတို့ သိတာပါ... သူ့နောက်ခံ သမိုင်းကြောင်းကို မသိကြဘူးမလား...”

ဆံပင်ဖြူ ကျင့်ကြံသူက မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်သည်။

“ဟေ... ဟုတ်လား... ကျုပ်ထက် ပိုသိနေတဲ့ ပုံပါလား...”

“သိတာပေါ့...”

ဝဝဖိုဖို ကျင့်ကြံသူက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

“ကျွန်တော့် ဆရာသခင်က ပိုင်ယွဲ့ အင်မော်တယ် မြို့တော်ရဲ့ အခြေခံတည်ဆောက်ခြင်း အဆင့် ကိုယ်စားလှယ် တစ်ယောက်လေ... ကျွန်တော် မသိတဲ့ သတင်းဆိုတာ ရှိလို့လား...”

“စားပွဲထိုး... ဒီမိတ်ဆွေကြီး အတွက် ‘နွေဦးမိုးကြိုး ဝိညာဉ်ဝိုင်’ အကောင်းစား တစ်အိုး ချပေးလိုက်ကွာ...”

သတင်းထူး ကြားရမည် ဆိုသဖြင့် ဆံပင်ဖြူ ကျင့်ကြံသူ၏ မျက်လုံးများ တောက်ပသွားသည်။ သူသည် ဆိုင်ဝန်ထမ်းကို အော်ဟစ် မှာကြားလိုက်ပြီးနောက်၊ ဝဝဖိုဖို ကျင့်ကြံသူဘက်သို့ လှည့်ကာ ပြောလိုက်

တော့၏။

“ကဲ... မိတ်ဆွေ... ဆက်ပြောပါဦး...”

ဝဝဖိုဖို ကျင့်ကြံသူ၏ မျက်နှာထားသည် ရုတ်တရက် လေးနက်သွားပြီး အမူအရာက အလွန် တည်ကြည်သွားသည်။ သူ့ပုံစံကြောင့် စားသောက်ဆိုင် အတွင်းရှိ သတင်းစိတ်ဝင်စားသော အခြား ကျင့်ကြံသူများပါ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြီး လေထုက တင်းမာသွားလေ၏။

သူက အသံကို နှိမ့်ချလိုက်ပြီး ပြောပြလာသည်။

“တာအိုဆရာ ရွှမ်မင် ဆိုတဲ့ လူက သူ့ကိုယ်သူ ရှေးဟောင်း မိစ္ဆာဘုရင် ဝင်စားသူလို့ ကြေညာထားတာ... သူ မွေးမွေးချင်းမှာပဲ ကိုးဝိညာဉ် မိစ္ဆာ တောင်တန်းက မိစ္ဆာပေါင်းများစွာကို သတ်ဖြတ်ပစ်ခဲ့တယ်... သူ့ရဲ့ ခွန်အားနဲ့ ကျင့်ကြံခြင်း အဆင့်က ယမ်းခွဲသလို ထိုးတက်လာပြီး၊ သူ့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဂုဏ်သတင်းက ကိုးဝိညာဉ် မိစ္ဆာ တောင်တန်း တစ်ခုလုံး ပျံ့နှံ့သွားရော...”

“ကိုးဝိညာဉ် မိစ္ဆာ နန်းတော်ကလည်း သေချာပေါက် ဒေါသထွက်တာပေါ့... မူလက သူတို့က ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ နဲ့ ပေါင်းပြီး ငါတို့ တာ့ယွဲ့ နယ်မြေကို တိုက်မလို့လေ...”

“ဒါပေမဲ့ တာအိုဆရာ ရွှမ်မင် ကြောင့် ကိုးဝိညာဉ် မိစ္ဆာ နန်းတော်က ကိုယ့်ကိုယ်ကိုယ်တောင် မကာကွယ်နိုင် ဖြစ်နေတာ... ရွှမ်မင်ကို ရှာဖွေ ဝိုင်းရံဖို့ အကြိမ်ကြိမ် ကြိုးစားပေမယ့်၊ သူတို့လူတွေပဲ အများကြီး သေဆုံးကုန်ကြပြီး၊ ရွှမ်မင်ကတော့ အမြဲတမ်း ထွက်ပြေး လွတ်မြောက်သွားလေ့ ရှိတယ်... အထိနာတာက သူတို့ဘက်ကချည်းပဲ...”

“ဒါက မိစ္ဆာလောကမှာ ဖြစ်ခဲ့တာနော်... အခု ငါတို့ ကျင့်ကြံသူလောက ဘက်မှာ ပိုဆိုးလာပြီ... ကြည့်လေ... တာအိုဆရာ ရွှမ်မင် က ကိုးဝိညာဉ် မိစ္ဆာ တောင်တန်းကနေ ထွက်လာတာနဲ့ ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ရဲ့ အင်မော်တယ် မြို့တစ်မြို့လုံးကို သွေးယဇ်ပူဇော် ပစ်လိုက်တာ...”

“ဒီလို မိစ္ဆာကောင်သာ အစွမ်းအကုန် ကြီးထွားလာရင်၊ ငါတို့ ကျင့်ကြံသူတွေထဲက ဘယ်သူက သူ့ကို တားဆီးနိုင်မှာလဲ... တကယ်လို့ သူသာ တာ့ယွဲ့ နယ်မြေဘက် ရောက်လာရင်... ဟာ... ဖတ်... ဖတ်... နိမိတ်မရှိ နမာမရှိ... သူ့ကို လုံးဝ မလာစေချင်ဘူးဗျာ...”

ထိုစကားကို ကြားလိုက်ရသောအခါ ဆံပင်ဖြူ ကျင့်ကြံသူနှင့် ဆိုင်ထဲရှိ အခြားလူများ၏ မျက်နှာများ ဖြူဖျော့သွားကြသည်။ ကြောက်လန့်တကြား တုန်လှုပ်ကုန်ကြ၏။

“သူက ရှေးဟောင်း မိစ္ဆာဘုရင် ဝင်စားသူ ဟုတ်လား...”

“ဒါ အစစ်လား... အတုလား...”

“ဒီမိစ္ဆာက ကိုးဝိညာဉ် မိစ္ဆာ တောင်တန်းမှာ စပြီး သတ်ဖြတ်တယ်... အပြင်ထွက်လာတော့လည်း အင်မော်တယ် မြို့တစ်မြို့လုံးကို သွေးယဇ်ပူဇော်တယ် ဟုတ်လား... ဘယ်လို မိစ္ဆာမျိုးမို့လို့ လူတွေ အများကြီး သတ်တာတောင် ရူးမသွားရတာလဲ...”

“မကြောက်ကြပါနဲ့ကွာ... ဒီလောက် မာန်တက်နေမှတော့ ဒီကောင် သက်တမ်း သိပ်ရှည်မှာ မဟုတ်ပါဘူး...”

စားသောက်ဆိုင် အတွင်းရှိ ကျင့်ကြံသူများသည် ထိတ်လန့်တကြားဖြင့် အမျိုးမျိုး ဆွေးနွေး ငြင်းခုံနေကြလေသည်။

ထိုအချိန်တွင် ဆိုင်၏ အခြားထောင့်တစ်နေရာ၌ ထိုင်နေသော အမျိုးသား နှစ်ဦး၊ အမျိုးသမီး တစ်ဦး ပါဝင်သည့် လူငယ် ကျင့်ကြံသူ သုံးယောက် အနက်မှ တစ်ဦးက ပေါ့ပေါ့ပါးပါး ဝင်ပြောလိုက်၏။

“ခင်ဗျားတို့ သွေးယဇ်ပူဇော်တဲ့ သတင်းလောက်ပဲ သိထားကြတာကိုး...”

“ဇီကွမ်း နယ်မြေကနေ နောက်ဆုံးရတဲ့ သတင်းအရ အဲဒီမိစ္ဆာက နောက်ထပ် ကျင့်ကြံသူ မိသားစုကြီး နှစ်စုကို ထပ်ပြီး မျိုးဖြုတ် သတ်ဖြတ်လိုက်ပြန်ပြီတဲ့... အဲဒီ မိသားစု နှစ်စုစလုံးက ရွှေအမြုတေ အဆင့် ဘိုးဘေးတွေ ပိုင်ဆိုင်ထားတဲ့ အင်အားကြီး မိသားစုတွေချည်းပဲ...”

ဘုရားရေ...

ဝိုင်းဖွဲ့ နားထောင်နေသူများ ထံမှ အာမေဋိတ် သံများ ထွက်ပေါ်လာသည်။

“ရွှေအမြုတေ အဆင့် အရှင်သခင်တွေ ရှိတဲ့ မိသားစုကြီး နှစ်စုတောင် အသတ်ခံလိုက်ရတာလား...”

စားသောက်ဆိုင် တစ်ခုလုံး ဆူညံပွက်လောရိုက်သွားပြီး အချို့သော ကျင့်ကြံသူများမှာ ကြောက်လွန်းသဖြင့် မျက်နှာများ သွေးဆုတ် ဖြူဖျော့ကုန်ကြ၏။

တာအိုရုပ်သေးသည် ထိုလူငယ် ကျင့်ကြံသူများကို တစ်ချက် လှမ်းကြည့်လိုက်ရာ သူတို့ ဝတ်ဆင်ထားသော ယွင်ကျန်းဂိုဏ်း ဝတ်စုံများကို သတိထားမိလိုက်သည်။

အမျိုးသားများက ရုပ်ရည်သန့်ပြန့် ခန့်ညားပြီး၊ အမျိုးသမီးငယ်လေးက ချစ်စဖွယ်ကောင်းကာ နွဲ့နှောင်း၏။

သို့သော် သူတို့အားလုံးသည် အတွေ့အကြုံ ရင့်ကျက်သူများ မဟုတ်ကြဘဲ၊ ဝါရင့် ကျင့်ကြံသူများ၌ မရှိတော့သော တက်ကြွလန်းဆန်းသည့် လူငယ်သွေးများ ရှင်သန်နေသည်ကို တွေ့မြင်နေရသည်။

သူတို့၏ နုနယ်သော မျက်နှာလေးများကို ကြည့်ရင်း တာအိုရုပ်သေး၏ စိတ်အာရုံသည် အတိတ်ကာလဆီသို့ ပြန်လည် လွင့်မျောသွား၏။ ယွင် တောင်တန်း ဈေးကွက်တွင် ချန်စီစီ၊ လော့ချန်ယွီ နှင့် ယွီချန်ချင်း တို့ကို စတင် တွေ့ဆုံခဲ့စဉ်က အချိန်ကာလလေးကို သတိရသွားမိသည်။

‘အဲဒီတုန်းက ချန်စီစီ၊ လော့ချန်ယွီ နဲ့ ယွီချန်ချင်း တို့ကလည်း အခု ငါ ကြည့်နေတဲ့ ယွင်ကျန်းဂိုဏ်းက တပည့်မလေးလိုမျိုး ဝတ်စုံတွေ ဝတ်ဆင်ထားခဲ့ကြတာပဲ’

လွင့်မျောနေသော အဖြူရောင် ဂါဝန်လေးများနှင့် သူတို့၏ အမူအရာသည် ရင့်ကျက်မှု မရှိသေးသော်လည်း၊ သာမန်လူများနှင့် မတူသော ထူးခြားသည့် အရည်အသွေးများ ထင်ဟပ်နေခဲ့၏။

ဘေးပတ်ဝန်းကျင်မှ ဆူညံသော ဆွေးနွေးသံများနှင့် အာမေဋိတ်သံများကို နားထောင်ရင်း၊ တာအိုရုပ်သေးသည် အတွေးနယ်ချဲ့နေရာမှ သတိပြန်ဝင်လာသည်။ သူသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ကျသင့်ငွေ ရှင်းကာ ဆိုင်ထဲမှ ထွက်ခွာသွားလေ၏။

သိပ်မကြာခင်မှာပင်...

ဆိုင်ဝန်ထမ်းသည် ယွင်ကျန်းဂိုဏ်းမှ လူငယ် သုံးဦး၏ စားပွဲဆီသို့ ရောက်ရှိလာပြီး၊ ချန်ခွင်းအိတ် တစ်လုံးကို ရိုသေစွာဖြင့် ကမ်းပေးလိုက်သည်။

“အင်မော်တယ် လူငယ်မောင်မယ်တို့ ခင်ဗျာ... ခုနလေးတင် ပြန်သွားတဲ့ ဧည့်သည်တစ်ယောက်က ဒီပစ္စည်းတွေကို လူငယ်တို့အတွက် လက်ဆောင် ပေးခဲ့ပါတယ်...”

စောစောက ကြွားဝါပြောဆိုခဲ့သော ယွင်ကျန်းဂိုဏ်းသား လူငယ်သည် အံ့သြသွားပြီး၊ ဆိုင်ဝန်ထမ်း ကြည့်သည့် နေရာသို့ လိုက်ကြည့်လိုက်ရာ လူလွတ်နေသော စားပွဲဝိုင်းကိုသာ တွေ့လိုက်ရ၏။

“ဘယ်သူက ပေးတာလဲ... အထဲမှာ ဘာတွေ ပါလဲ...”

သူ နားမလည်နိုင် ဖြစ်သွားပြီး ချန်ခွင်းအိတ်ကို ဖွင့်ကြည့်လိုက်၏။

အထဲတွင် ကျောက်စိမ်းပုလင်းငယ် သုံးလုံးနှင့် အဆောင်လက်ဖွဲ့ သုံးခု ပါရှိသည်။

ကျောက်စိမ်းပုလင်း တစ်လုံးစီတွင် ဒုတိယအဆင့် အဆင့်နိမ့် ဝိညာဉ်အရည် (၁၀) စက်စီ ပါဝင်ပြီး၊ အဆောင်လက်ဖွဲ့များမှာ ဒုတိယအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင်လက်ဖွဲ့များ ဖြစ်ကြ၏။

ထိုပစ္စည်းများကို မြင်လိုက်ရသောအခါ ကျင့်ကြံခြင်း လမ်းကြောင်းပေါ်သို့ ရောက်ရှိကာစ လူငယ် သုံးဦးမှာ အံ့သြမှင်သက် သွားကြလေတော့သည်။

“ဒါ... ဒါက တကယ့်ကို သန့်စင်လွန်းတဲ့ ဝိညာဉ်အရည်တွေပဲ...”

“အဆောင်လက်ဖွဲ့တွေ... ဟာ... ဒါ ဒုတိယအဆင့် အဆင့်နိမ့် ကြေးမုံလမင်း အဆောင်လက်ဖွဲ့တွေပဲ... ကျွတ်... ကျွတ်...”

“ဒီရတနာတွေ အကုန်လုံးက... ငါတို့အတွက်တဲ့လား…”

All Chapters