← Chapters

အခန်း (၃၈၈-၃၉၀)

Vol. 26 Ch. 388-390

အခန်း (၃၈၈-၃၉၀)

Vol. 26 Ch. 388-390

အခန်း (၃၈၈) - ထိပ်တန်း ဝိညာဉ်အမြစ်၊ အထူး ခန္ဓာကိုယ်ဖွဲ့စည်းပုံ (အပိုင်း ၂)

အခြား လူငယ်ကျင့်ကြံသူ အမျိုးသားနှင့် အမျိုးသမီးတို့မှာလည်း အံ့သြသည့် အမူအရာများ ဖြစ်ပေါ်သွားကြသည်။

သူတို့သည် ယခုအချိန်တွင် လူလွတ်သွားပြီ ဖြစ်သော စားပွဲဝိုင်းဘက်သို့ စိတ်လှုပ်ရှားစွာ လှည့်ကြည့်လိုက်သော်လည်း ထိုနေရာ၌ မည်သူမျှ မရှိတော့ပေ။

“ငါ မှတ်မိတယ်... ခုနက အဲဒီမှာ ဆံပင်ဖြူဖြူနဲ့ အဘိုးအိုတစ်ယောက် ထိုင်နေတာ မဟုတ်လား...”

မိန်းကလေးက ရုပ်သေး၏ ပုံသဏ္ဍာန်ကို ပြန်လည် အမှတ်ရလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဒုတိယအဆင့် ဝိညာဉ်အရည် နဲ့ ဒုတိယအဆင့် အဆောင်လက်ဖွဲ့တွေကို ဒီလောက် ပေါ့ပေါ့ပါးပါး ပေးသွားနိုင်တယ် ဆိုမှတော့... အဲဒီလူက အနည်းဆုံး အခြေခံတည်ဆောက်ခြင်း အဆင့် ကျင့်ကြံသူ ဖြစ်ရမယ်... ပြီးတော့ သူက ငါတို့နဲ့ ပတ်သက်ဆက်နွယ်မှု တစ်ခုခု ရှိနေလောက်တယ်... ယွင်ကျန်းဂိုဏ်းကလား... ဒါမှမဟုတ် စုမိသားစုကလား... ဘာပဲဖြစ်ဖြစ် ငါတို့ဆီမှာပဲ ကြေးမုံလမင်း အဆောင်လက်ဖွဲ့ ပညာရပ် ရှိတာကိုး... သူ့နာမည်တောင် မသိလိုက်ရတာ နှမြောစရာပဲကွာ...”

ကျန်သော လူငယ်ကျင့်ကြံသူ နှစ်ဦးမှာလည်း စိတ်လှုပ်ရှားနေကြသည်။

ခရီးတစ်ထောက် နားနေရင်း စားသောက်ဆိုင်မှာ ဒီလို ကံကောင်းမှုမျိုး ကြုံရလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ။

ချီစုစည်းခြင်း အဆင့် (၆) ၊ (၇) လောက်သာ ရှိသေးသော သူတို့အတွက်၊ ဒုတိယအဆင့် ဝိညာဉ်အရည် ဆိုသည်မှာ သူတို့၏ ကျင့်ကြံခြင်း စွမ်းအားကို အကြီးအကျယ် တိုးတက်စေနိုင်မည့် ရတနာများ ဖြစ်၏။

ဝိညာဉ်အရည်၏ အကူအညီဖြင့် သူတို့၏ ကျင့်ကြံခြင်း အဆင့်များပင် ချိုးဖြတ် အောင်မြင်သွားနိုင်သည်။

“အခွင့်အရေး ပေးသနားခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ...”

ပစ္စည်းများ ပေးသွားသူ ထွက်ခွာသွားပြီ ဖြစ်သော်လည်း၊ လူငယ် သုံးဦးသည် လူမရှိသော စားပွဲဝိုင်းဘက်သို့ လှည့်ကာ ရိုသေစွာ ဦးညွှတ် ဂါရဝပြုလိုက်ကြ၏။ ထို့နောက် သူတို့လည်း ကပျာကယာ ထွက်ခွာသွားကြလေသည်။

ဤသည်မှာ တာအိုရုပ်သေး အတွက် လက်ဆောင်အသေးအမွှားလေး တစ်ခု ပေးလိုက်ခြင်းမျှသာ ဖြစ်၏။ သူ၏ လက်ရှိ အဆင့်အတန်းဖြင့် ဆိုလျှင် သူ ပေါ့ပေါ့ပါးပါး ထုတ်ပေးလိုက်သော ပစ္စည်းများသည် သာမန် ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် အဖိုးတန် ရတနာများ ဖြစ်နေတတ်သည်။ သူတို့အတွက် ကံကောင်းခြင်း တစ်ခုကို အလွယ်တကူ ဖန်တီးပေးလိုက်ခြင်းပင်။

အခြားတစ်ဖက်တွင်...

သတင်းအချက်အလက် ရရှိပြီးနောက် တာအိုရုပ်သေးသည် သူ၏ လျှို့ဝှက် ဂူစံအိမ်သို့ ပြန်လာပြီး၊ ကိုယ်ခန္ဓာကို ပြုပြင်ရန် ဝိညာဉ်သတ္တုရိုင်းများကို ဆက်လက် စုပ်ယူလေ၏။

‘တာအိုဆရာ ရွှမ်မင် ဆိုတဲ့ကောင် မာန်တက်ပြီး တာ့ယွဲ့ နယ်မြေဘက် ရောက်မလာပါစေနဲ့လို့ ဆုတောင်းရမှာပဲ... မဟုတ်ရင်...’

တာအိုရုပ်သေး တွက်ချက်လိုက်မိ၏။ အကယ်၍ ထိုကဲ့သို့သော မိစ္ဆာကောင် ရောက်လာခဲ့လျှင် အမှန်တကယ်ပင် ကပ်ဘေးဆိုးကြီး ဖြစ်လာပေလိမ့်မည်။

လော့ယွဲ့ မဟာမိတ်အဖွဲ့၏ ကောင်းကင်ဂူ လျှို့ဝှက်နယ်မြေ။

ချင်းယွဲ့ တောင်ထွတ်အောက်၊ တစ်ဝက်တစ်ပျက် ပြိုကျနေသော အင်မော်တယ် ခန်းမဆောင်ကြီး၏ အောက်ဘက်ရှိ ဂူစံအိမ် အတွင်း၌...

စုယွီသည် ‌ဓာတ်ကြီး ငါးပါး ကျင့်စဉ်ကို တစ်နာရီကျော်ကြာ လေ့ကျင့်ပြီးနောက်၊ နေ့စဉ် ကျင့်ကြံခြင်း လုပ်ငန်းစဉ် ပြီးဆုံးသွားသဖြင့် ကျင့်စဉ် လည်ပတ်နေမှုကို ဖြည်းညှင်းစွာ ရပ်တန့်လိုက်၏။ သူ မျက်လုံးများကို ဖွင့်လိုက်ပြီး လေးလေးပင်ပင် သက်ပြင်းချလိုက်သည်။

“ဟူး...”

သူ၏ အာရုံကို ကျွမ်းကျင်မှု မျက်နှာပြင်ပေါ်သို့ ရွှေ့လိုက်သောအခါ မျက်မှောင်အနည်းငယ် ကြုတ်သွား၏။

“‌ဓာတ်ကြီး ငါးပါး ကျင့်စဉ်ရဲ့ ကျွမ်းကျင်မှုက (၀.၀၂) ရာခိုင်နှုန်း ကျော်ကျော်လေး တက်လာပါလား...”

ထိုအရာကို မြင်လိုက်ရသောအခါ စုယွီ၏ မျက်လုံးများထဲတွင် ဝမ်းသာရိပ်များ ဖြတ်သန်းသွားသည်။

လွန်ခဲ့သော (၁) နှစ်ကနှင့် ယှဉ်လျှင် သူ၏ ကျင့်ကြံနှုန်းသည် (၅၀) ရာခိုင်နှုန်းခန့် တိုးတက်လာခဲ့ခြင်းပင်။

ဤတိုးတက်မှု နှုန်းထားသည် အမှန်တကယ် အံ့သြဖွယ် ကောင်းလှ၏။

ယခင်က ရွှေအမြုတေ အဆင့် (၃) မှ အဆင့် (၄) သို့ တက်လှမ်းရန် (၁၆) နှစ် ကြာမြင့်ခဲ့သည်။ သို့သော် ယခုအခါ (၁၃) နှစ်ခန့်သာ ကြာမြင့်တော့မည် ဖြစ်သည်။

(၁) နှစ်အတွင်း ‌ဓာတ်ကြီး ငါးပါး ကျင့်စဉ်၏ ကျွမ်းကျင်မှု (၇) ရာခိုင်နှုန်းကျော် စုဆောင်းနိုင်မည် ဖြစ်၏။

[ အမည် - စုယွီ ]

[ ကျင့်ကြံခြင်း အဆင့် - ရွှေအမြုတေ အဆင့် (၃) ]

[ သက်တမ်း - (၁၄၂) / (၁၀၁၀) နှစ် ]

[ ကျင့်စဉ်များ - ‌ဓာတ်ကြီး ငါးပါး ကျင့်စဉ် (ရွှေအမြုတေ အဆင့် - ၃ ၊ ကျွမ်းကျင်မှု ၅၁.၈၄%) ၊ မိကျောင်းမိစ္ဆာ ၁၀၈ ကွက် ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ် (အဆင့် - ၂၂ ၊ ကျွမ်းကျင်မှု ၁၀.၁၁%) ၊ သွေးဝေလငါး လမင်းမြို နည်းစနစ် (အဆင့် - ၃ ၊ ကျွမ်းကျင်မှု ၂၀%) ၊ ရွှေပုစဉ်းရင်ကွဲ နည်းစနစ် (အဆင့် - ၃ ၊ ကျွမ်းကျင်မှု ၆၇.၁၉%) ]

[ သိုင်းနည်းစနစ်များ - သစ်နွယ်ရှင် (ပြီးပြည့်စုံခြင်း) ၊ ဝိညာဉ်ပျိုးထောင်ခြင်း (ပြီးပြည့်စုံခြင်း) ... ရေခဲနှင့် မီး ဝိညာဉ်ဆင့်ခေါ်ခြင်း (ပြီးပြည့်စုံခြင်း) ၊ နဂါးပျံ ဖီးနစ် ကကြိုး (ပြီးပြည့်စုံခြင်း) ၊ ရေခဲနှင့် မီး ငရဲဘုံ (ပြီးပြည့်စုံခြင်း) ၊ ယင်ယန် ထွက်ပြေးခြင်း (ပြီးပြည့်စုံခြင်း) ]

“‌ဓာတ်ကြီး ငါးပါး ကျင့်စဉ်ရဲ့ ကျွမ်းကျင်မှုက (၅၁) ရာခိုင်နှုန်း ရောက်နေပြီ... လက်ရှိ တိုးတက်မှုနှုန်းနဲ့ ဆိုရင် ရွှေအမြုတေ အဆင့် (၄) ကို ရောက်ဖို့ (၆) နှစ် ကျော်ကျော်လောက်ပဲ လိုတော့မယ်...”

စုယွီ တွက်ချက်ကြည့်ပြီးနောက် ကိုယ့်ဘာသာ ရေရွတ်လိုက်သည်။

ကိုယ်ခန္ဓာ သန့်စင်ခြင်း ကျင့်စဉ်ကို ပြန်ကြည့်လိုက်သောအခါ အဆင့် (၂၂) သို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ မန္တန်စွမ်းအား ကျင့်ကြံမှု အဆင့်အရ ဆိုလျှင် ရွှေအမြုတေ အဆင့် (၄) နှင့် ညီမျှနေပြီ ဖြစ်သည်။

ယခုဆိုလျှင် စုယွီ၏ ကိုယ်ခန္ဓာ ခံနိုင်ရည် စွမ်းအားသည် သာမန် ထိပ်တန်း ကာကွယ်ရေး မှော်လက်နက်များနှင့် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေလေပြီ။

တတိယအဆင့် အလယ်အလတ်တန်းစား နယ်ပယ်ထဲသို့ ဝင်ရောက်ကာစ မိစ္ဆာသားရဲ တစ်ကောင်နှင့် ရင်ဆိုင်ရလျှင်တောင်မှ၊ သူသည် ကိုယ်ခန္ဓာ အစစ်ဖြင့် တိုက်ရိုက် ရင်ဆိုင်ရဲသည့် အခြေအနေပါပင်။

နောက်ထပ် သူ၏ ဝိညာဉ်စွမ်းအား၊ ရွှေပုစဉ်းရင်ကွဲ နည်းစနစ်သည် တတိယအဆင့်၌ ကျွမ်းကျင်မှု (၆၇) ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ရွှေအမြုတေ အဆင့် အလယ်အလတ်တန်းစား၏ ကန့်သတ်ချက်သို့ ရောက်ရှိလုနီးပါး ဖြစ်နေပြီး၊ ရွှေအမြုတေ အဆင့် နှောင်းပိုင်းနှင့် ညီမျှသော အဆင့်သို့ ရောက်ရှိရန် သိပ်မလိုတော့ပေ။

“မကြာခင် ရောက်တော့မှာပါ...”

စုယွီ ကိုယ့်ကိုယ်ကို အားပေးလိုက်၏။

ကျွမ်းကျင်မှု မျက်နှာပြင်ပေါ်မှ အာရုံကို ရုပ်သိမ်းလိုက်ပြီးနောက်၊ စုယွီသည် သူ၏ ဒန်တျန် အတွင်းပိုင်းကို စစ်ဆေးလိုက်သည်။

ဒန်တျန် အတွင်းရှိ ‌ဓာတ်ကြီး ငါးပါး ဝိညာဉ်အမြစ်ကို ကြည့်လိုက်ရာ၊ လွန်ခဲ့သော (၁) နှစ်ကနှင့် ယှဉ်လျှင် သိသာထင်ရှားသော ပြောင်းလဲမှုများ ဖြစ်ပေါ်နေ၏။ ယခင်က သူ၏ အလယ်အလတ်အဆင့် ‌ဓာတ်ကြီး ငါးပါး ဝိညာဉ်အမြစ်ကို အဆင့်နိမ့် ဝိညာဉ်အမြစ်နှင့် နှိုင်းယှဉ်လျှင် သာမန် ကျောက်စိမ်းတုံးဟု သတ်မှတ်နိုင်ခဲ့သော်လည်း...

ယခုအခါ သူ၏ ‌ဓာတ်ကြီး ငါးပါး ဝိညာဉ်အမြစ်သည် ကြည်လင်တောက်ပနေသော ထိပ်တန်း အရည်အသွေးမြင့် ကျောက်စိမ်းတုံးများ ကဲ့သို့ပင် ဖြစ်နေလေပြီ။

စုယွီသည် သူ၏ ဝိညာဉ်အမြစ် ပြောင်းလဲသွားမှုကို ရှင်းလင်းစွာ ခံစားလိုက်ရ၏။ မူလက သူ၏ ဝိညာဉ်အမြစ်အပေါ် တုံ့ပြန်မှု နည်းပါးသော သဘာဝ ဝိညာဉ်စွမ်းအင်များသည်၊ ယခုအခါ သူ့ပတ်ဝန်းကျင်တွင် တက်ကြွစွာ စုဝေးလာကြပြီး ပိုမို ရင်းနှီးကျွမ်းဝင်လာကြသည်။

ဝိညာဉ်အမြစ်၏ လွှမ်းမိုးမှုအောက်တွင် ထို သဘာဝ ဝိညာဉ်စွမ်းအင်များသည် သူ့ခန္ဓာကိုယ် အတွင်းသို့ ဖြည်းညှင်းစွာ စိမ့်ဝင်လာကြပြီး၊ သူ့ခန္ဓာကိုယ်ကို ပြုစုပျိုးထောင်ပေးနေကြ၏။

ထို့အပြင်...

ကမ္ဘာလောက၏ သဘာဝ စွမ်းအားများကို အာရုံခံနိုင်စွမ်းကလည်း ပိုမို သက်တောင့်သက်သာ ဖြစ်လာသည်။

သူ၏ ‌ဓာတ်ကြီး ငါးပါး ဝိညာဉ်အမြစ်သည် မနေ့ညက လုံးဝ အသွင်ပြောင်းလဲသွားခဲ့ပြီး၊ အလယ်အလတ်အဆင့် ဝိညာဉ်အမြစ်မှ ထိပ်တန်းအဆင့် ဝိညာဉ်အမြစ် အဖြစ်သို့ ကူးပြောင်းသွားခဲ့ခြင်းပင်။

ယခုအခါ စုယွီသည် ထိပ်တန်း ဝိညာဉ်အမြစ် ပိုင်ဆိုင်သော ပါရမီရှင် တစ်ယောက် ဖြစ်ရခြင်း၏ အကျိုးကျေးဇူးများကို နားလည် သဘောပေါက်လာပြီ ဖြစ်၏။

ကမ္ဘာလောကကြီးက ဂရုမစိုက်သော သားဆိုးလေး ဘဝမှ၊ အချစ်တော် သားလေး ဘဝသို့ ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရသည်။

အလယ်အလတ်အဆင့် ဝိညာဉ်အမြစ် ပိုင်ဆိုင်ထားစဉ်က၊ ကမ္ဘာလောက၏ စွမ်းအားများကို အာရုံခံရာတွင် ပါးလွှာသော အမြှေးပါး တစ်ခု ခံနေသကဲ့သို့ ဖြစ်နေခဲ့၏။

သို့သော် ယခုအခါ ကမ္ဘာလောက၏ စွမ်းအင်များကို အာရုံခံရာတွင် ပိုမို ကြည်လင်ပြတ်သားလာပြီး သက်ဝင်လှုပ်ရှားလာသည်။

အရေးကြီးဆုံး အချက်ကတော့ သူ၏ ကျင့်ကြံနှုန်း သိသိသာသာ မြန်ဆန်လာခြင်းပင်။

“ငါ့မှာသာ အစကတည်းက ထိပ်တန်း ဝိညာဉ်အမြစ် ရှိခဲ့မယ်ဆိုရင်၊ အခုလောက်ဆို ငါ့ကျင့်ကြံခြင်းက ရွှေအမြုတေ အဆင့် (၉) ကို ရောက်နေလောက်ပြီ... မူလဝိညာဉ် အဆင့်ကို တက်လှမ်းဖို့ အသင့်ဖြစ်နေလောက်ပြီ...”

စုယွီ စိတ်ထဲတွင် နှမြောတသစွာ ညည်းတွားလိုက်မိ၏။

သူ့ ဝိညာဉ်အမြစ်က အနိမ့်ဆုံး အဆင့်မှ ထိပ်တန်း အဆင့် အထိ ပြောင်းလဲလာလိမ့်မည်ဟု ဘယ်သူ ထင်ထားမညါလဲ။

ကမ္ဘာမြေ ဝိညာဉ်အမြစ်တို့၊ ကောင်းကင် ဝိညာဉ်အမြစ်တို့ ပိုင်ဆိုင်ထားသည့် ပါရမီရှင်တွေ၊ ဘီလူးကောင်တွေနှင့် ယှဉ်၍ မရသေးပေမယ့်၊ စုယွီ အတွက်ကတော့ ထိပ်တန်းအဆင့် ‌ဓာတ်ကြီး ငါးပါး ဝိညာဉ်အမြစ် ပိုင်ဆိုင်ခွင့် ရတာနှင့်တင် ကျေနပ်လွန်းနေပါပြီ။

ဒန်တျန် အတွင်းရှိ ရွှေရောင် ကြေးပြား အပိုင်းအစလေးကို ကြည့်ရင်း၊ စုယွီ၏ မျက်ဝန်းအိမ်များ အနည်းငယ် ကျဉ်းမြောင်းသွား၏။

ဒီပစ္စည်းကို... ငါ မူလဝိညာဉ် အဆင့် ရောက်ရင် ထိတွေ့လို့ ရနိုင်မလား။

အခန်း (၃၈၉) - ထိပ်တန်း ဝိညာဉ်အမြစ်၊ အထူး ခန္ဓာကိုယ်ဖွဲ့စည်းပုံ (အပိုင်း ၃)

~အချိန်အတော်ကြာပြီးနောက်...

စုယွီသည် ခေါင်းကို ဖြည်းညှင်းစွာ ယမ်းလိုက်ပြီး သူ၏ စိတ်အာရုံကို ဉာဏ်ပညာ ပင်လယ် အတွင်းရှိ အင်မော်တယ် ကျင့်စဉ်လုံးဆီသို့ ပို့ဆောင်လိုက်သည်။ သူ၏ စိတ်စွမ်းအားနှင့် ဝိညာဉ်စွမ်းအား အားလုံးကို အသုံးပြု၍၊ ဝင်သက်တစ်ချက်စာမျှသာ ကြာမြင့်သော အချိန်လေးအတွင်း ထိုစာလုံး၏ အနှစ်သာရကို နားလည်သဘောပေါက်ရန် ကြိုးစားလိုက်၏။

ထိုကာလတိုလေး အတွင်းမှာပင် သူ၏ စွမ်းအားများ ကုန်ခန်းလုနီးပါး ဖြစ်သွားသဖြင့်၊ စုယွီသည် မျက်လုံးများကို မှိတ်လိုက်ပြီး ရွှေပုစဉ်းရင်ကွဲ နည်းစနစ်ကို လည်ပတ်၍ အားပြန်ဖြည့်လိုက်ရသည်။

(၃) နာရီခန့် ကြာပြီးနောက်...

စုယွီသည် မျက်လုံးများကို ပြန်ဖွင့်လိုက်၏။ သူ၏ မျက်ဝန်းများ အတွင်း၌ ဝိညာဉ်အလင်းရောင် တစ်ချက် ဝင်းလက်သွားသည်။ သူသည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး၊ ဝိညာဉ်စွမ်းအားနှင့် ‌ဓာတ်ကြီး ငါးပါး မန္တန်စွမ်းအား အမျှင်တန်းလေး တစ်ခုကို လက်ချောင်းထိပ်တွင် စုစည်းလိုက်သည်။ ထို့နောက် သူ၏ ဉာဏ်ပညာ ပင်လယ်ထဲရှိ အင်မော်တယ် ကျင့်စဉ်လုံးကို အတုယူ၍ လေထုထဲတွင် ပုံဖော် ရေးသားလိုက်လေ၏။

“ဝုန်း...”

ရုပ်ပိုင်းဆိုင်ရာ မဟုတ်သော သင်္ကေတ တစ်ခုသည် သူ့ရှေ့ လေထုထဲတွင် ဖြစ်ပေါ်လာပြီး၊ ကြောက်မက်ဖွယ် ကောင်းလှသော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။

သို့သော် ခဏအကြာမှာပင် ထိုသင်္ကေတသည် ပြိုလဲ ပျက်စီးသွားပြီး လွင့်ပါး ပျောက်ကွယ်သွား၏။

သို့သော်ငြားလည်း ထိုသင်္ကေတ ပျက်စီးသွားချိန်တွင် ထွက်ပေါ်လာသော စွမ်းအားသည်၊ ဂူစံအိမ် ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီးကို မှောင်မိုက်သွားစေခဲ့သည်။ အလင်းရောင် အားလုံးကို ဝါးမျိုလိုက်သည့်နှယ်။

တစ်ခဏ ကြာပြီးနောက်မှ ဂူစံအိမ်သည် ပုံမှန် အခြေအနေသို့ ပြန်ရောက်သွားလေ၏။

စုယွီ တိတ်တဆိတ် အကြံထုတ်လိုက်သည်။

“မငြိမ်သေးဘူး... ဒီ အင်မော်တယ် ကျင့်စဉ်လုံးထဲမှာ မှန်းဆလို့ မရနိုင်တဲ့ စွမ်းအားတွေ ကိန်းအောင်းနေတယ်... ငါသာ ဒါကို ငြိမ်သက်အောင် ထိန်းချုပ်နိုင်ပြီး သေချာ ပုံဖော်နိုင်ခဲ့မယ် ဆိုရင်... အဆောင်လက်ဖွဲ့ တစ်ခုအဖြစ် ဖန်တီးလို့ ရနိုင်လောက်တယ်...”

အင်မော်တယ် ကျင့်စဉ်လုံးအပေါ် သူ၏ ယခုလက်ရှိ အပေါ်ယံ နားလည်ထားမှု အရ၊ အကယ်၍သာ သူ အောင်မြင်ခဲ့လျှင် သူ ဖန်တီးလိုက်သော အဆောင်လက်ဖွဲ့သည် ကျင့်ကြံသူ တစ်ဦး၏ အာရုံခံစားမှု (၆) ပါးစလုံးကို ပိတ်ဆို့ထားနိုင်လိမ့်မည်။

ထိုကျင့်ကြံသူ၏ ကမ္ဘာလောက တစ်ခုလုံးကို အမှောင်ကျသွားစေလိမ့်မည်။

ထိုစွမ်းအားသည် အလွန် ကြောက်စရာ ကောင်းလှ၏။

အာရုံခံစားမှု (၆) ပါးစလုံး ပိတ်ဆို့ခံလိုက်ရသော ကျင့်ကြံသူ တစ်ဦးသည် မျက်စိကန်း၊ နားပင်းသွားပြီး ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်တောက်သွားမည် ဖြစ်ရာ၊ သတ်ဖြတ်ခံရမည့် အချိန်ကိုသာ စောင့်ဆိုင်းနေရသော သိုးသူငယ်လေး တစ်ကောင် အဖြစ်သို့ ရောက်သွားပေလိမ့်မည်။

သို့တိုင်၊...

ဒါက အင်မော်တယ် ကျင့်စဉ်လုံး ဖြစ်နေသည်။ ၎င်း၏ စွမ်းအားကို အပြည့်အဝ နားလည်သဘောပေါက်ဖို့ ဆိုတာ အလွန် ခက်ခဲလှ၏။

ပုံစံတူ ကူးယူဖို့ ကြိုးစားနေတာတောင် (၁) နှစ်လောက် ရှိပြီ ဖြစ်သော်လည်း သူ မအောင်မြင်သေးပေ။

အဆောင်လက်ဖွဲ့ အဖြစ် ပြောင်းလဲဖို့ ဆိုရင်တော့ အချိန်အများကြီး ပိုပေးရပေလိမ့်ဦးမည်။

အင်မော်တယ် ကျင့်စဉ်လုံး အကြောင်း စဉ်းစားရင်း ဝိညာဉ်စွမ်းအားနှင့် မန္တန်စွမ်းအားများကို ပြန်လည် ဖြည့်တင်းပြီးနောက်၊ အချိန်အတန်ကြာမှ စုယွီသည် နောက်တစ်ကြိမ် ထပ်မံ ကြိုးစားကြည့်လိုက်ပြန်၏။

မွန်းလွဲပိုင်းသို့ ရောက်သောအခါ စုယွီသည် ဂူစံအိမ်မှ ထွက်ခွာပြီး အပြင်ဘက်ရှိ ထူထပ်သော တောအုပ်ဆီသို့ သွားရောက်ခဲ့သည်။

အစိမ်းရောင် သစ်သားလက်စွပ် အတွင်းမှ ဒုတိယအဆင့် အဆင့်မြင့် အခင်းအကျင်း အောက်ခံတိုင်များကို တစ်ခုပြီးတစ်ခု ထုတ်ယူလိုက်ပြီး၊ တောအုပ်ထဲတွင် ဒုတိယအဆင့် အဆင့်မြင့် ချုပ်နှောင်ခြင်း အခင်းအကျင်း တစ်ခုကို စတင် ခင်းကျင်း လေ့ကျင့်တော့၏။

ဒုတိယအဆင့် အဆင့်မြင့် ချုပ်နှောင်ခြင်း အခင်းအကျင်း တစ်ခု၏ ခက်ခဲမှုသည်၊ ဒုတိယအဆင့် အလယ်အလတ်တန်းစား အခင်းအကျင်းထက် များစွာ မြင့်မားသည်။ အသုံးပြုရမည့် အခင်းအကျင်း အောက်ခံတိုင် အရေအတွက်သည် အဆပေါင်းများစွာ ပိုများပြီး ပိုမို ရှုပ်ထွေးလှ၏။

ဒုတိယအဆင့် အဆင့်မြင့် အခင်းအကျင်းများကို စတင် လေ့လာနေသည်မှာ (၁) လကျော် ရှိပြီ ဖြစ်သော်လည်း၊ ယနေ့အချိန်ထိ စုယွီသည် ဒုတိယအဆင့် အဆင့်မြင့် အခင်းအကျင်း တစ်ခုကို အောင်မြင်စွာ မခင်းကျင်းနိုင်သေးပေ။ ထို့ကြောင့် သူသည် ဒုတိယအဆင့် အဆင့်မြင့် အခင်းအကျင်း ပညာရှင် အဖြစ် အရည်အချင်း မပြည့်မီသေးပေ။

သို့သော် ဒါက အချိန်ကိစ္စ တစ်ခုသာ ဖြစ်ပါ၏။

(၁၅) မိနစ်ခန့် ကြာပြီးနောက်...

စုယွီသည် တောအုပ် အတွင်းရှိ နေရာအသီးသီးတွင် အခင်းအကျင်း အောက်ခံတိုင်များကို ချထားလိုက်ပြီး လျင်မြန်စွာ လက်သင်္ကေတများ ရေးဆွဲလိုက်သည်။ ‌ဓာတ်ကြီး ငါးပါး မန္တန်စွမ်းအားများကို မြေကြီးထဲသို့ သွန်းလောင်းလိုက်ရာ၊ သဘာဝ ဝိညာဉ်စွမ်းအင်များ၏ တုန်ခါမှုနှင့်အတူ တောအုပ်ထဲမှ ဝုန်းခနဲ မြည်သံတစ်ခု ထွက်ပေါ်လာသည်။ သို့သော် ခဏအကြာတွင် ပြန်လည် ငြိမ်သက်သွား၏။

အခင်းအကျင်း အောက်ခံတိုင် နှစ်ခု ကွဲကြေသွားသံကို ကြားလိုက်ရသဖြင့် စုယွီ တွေးလိုက်မိသည်။

“နေရာ မှားသွားတာလား...”

မပျက်စီးဘဲ ကျန်ရှိနေသော အောက်ခံတိုင်များကို ပြန်လည် သိမ်းဆည်းရင်း၊ သဘာဝ ဝိညာဉ်စွမ်းအင်များ၏ ပြင်းထန်သော တုံ့ပြန်မှုကြောင့် ကွဲကြေသွားသော အောက်ခံတိုင် နှစ်ခုကို သူ လေ့လာလိုက်၏။ သူ၏ ကျရှုံးရသည့် အကြောင်းရင်းကို သုံးသပ်ကြည့်လိုက်သည်။

အကြိမ်ကြိမ် ကြိုးစားပြီးနောက် နောက်ထပ် အောက်ခံတိုင် အချို့ ထပ်မံ ပျက်စီးသွားသောအခါ၊ စုယွီသည် ပစ္စည်းအားလုံးကို အစိမ်းရောင် သစ်သားလက်စွပ် အတွင်းသို့ ပြန်သိမ်းလိုက်၏။ ထို့နောက် တောအုပ်မှ ထွက်ခွာပြီး နောက်တစ်နေ့မှ ထပ်မံ လေ့ကျင့်ရန် ရည်ရွယ်ကာ ခြံဝင်းအတွင်းသို့ ပြန်လာခဲ့လေသည်။

ညဥ့်နက်ပိုင်းသို့ ရောက်သောအခါ...

သူမ အခန်း၏ ကာကွယ်ရေး အခင်းအကျင်း အတွင်း၌ ယွီခယ်အာသည် နွေးထွေးသော သက်ပြင်းတစ်ချက် ချလိုက်၏။ သူမသည် စုယွီကို ကြည့်ကာ ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။

“ငါ.. ကောင်းကင်မိုးကြိုး ကြွက်ဘုရင်ကို အကူအညီတောင်းပြီး တတိယအဆင့် အဆင့်နိမ့် မိစ္ဆာသားရဲ တစ်ကောင်လောက် ရှာခိုင်းထားတာ... သူက အရှေ့ဘက်က ချိုင့်ဝှမ်းတစ်ခုထဲမှာ အမြီးသုံးချောင်း မီးမြေခွေး တစ်ကောင် တွေ့ထားတယ်တဲ့... အဲဒါ..ငါ.. အဲဒီကို သွားပြီး ယဉ်ပါးအောင် သွားလုပ်မလားလို့...”

စုယွီက မေးလိုက်သည်။

“ယုံကြည်မှု ရှိရဲ့လား...”

ယွီခယ်အာက ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး ချွဲနွဲ့စွာ ပြန်ပြောလိုက်၏။

“ငါက ရွှေအမြုတေ အဆင့် (၂) ကို ရောက်နေပြီလေ... ပြီးတော့ တိမ်တိုက်ကျားကြီးနဲ့ ကောင်းကင်မိုးကြိုး ကြွက်ဘုရင်ရဲ့ အကူအညီလည်း ပါဦးမှာ ဆိုတော့... တတိယအဆင့် အဆင့်နိမ့် မီးမြေခွေး တစ်ကောင်ကို ယဉ်ပါးအောင် လုပ်ဖို့က လွယ်လွယ်လေးပါ...”

“တကယ်လို့ အောင်မြင်ခဲ့ရင်... ငါ တတိယအဆင့် အဆင့်နိမ့် သားရဲထိန်းကျောင်းသူ ဖြစ်လာပြီပေါ့...”

ထိုစကားကို ကြားလိုက်ရသောအခါ စုယွီက ပြုံးပြီး ပြန်ပြောလိုက်သည်။

“ဒါဆိုရင်တော့... တတိယအဆင့် အဆင့်နိမ့် သားရဲထိန်းကျောင်းသူ နတ်သမီးလေး နဲ့ ဒုတိယအဆင့် အဆင့်မြင့် သားရဲထိန်းကျောင်းသူ နတ်သမီးလေး ကြားက ကွာခြားချက်ကို ကိုယ် စောင့်ကြည့်ရတော့မှာပေါ့...”

“အာ... နင်နော်... ဘာတွေ ပြောနေတာလဲ...” ယွီခယ်အာ ရှက်သွေးဖြာပြီး ဒေါသတကြီး ပြန်ပြောလိုက်သည်။

“အော်... ခယ်အာ က ကိုယ့်ကို အထင်လွဲနေတာပါ... မင်းဘာသာမင်း လျှောက်တွေးနေတာ...”

တစ်ရက် ကုန်ဆုံးသွားခဲ့ပြန်၏။

နောက်တစ်နေ့ မနက်ခင်းတွင် ယွီခယ်အာသည် ကြည်လင်တောက်ပစွာဖြင့် တိမ်တိုက်ကျားမကြီးနှင့်အတူ ထွက်ခွာသွားလေသည်။ ကောင်းကင်မိုးကြိုး ကြွက်ဘုရင်နှင့် သူ့အဖွဲ့၏ ကာကွယ်စောင့်ရှောက်မှု ရှိနေသဖြင့် စုယွီ သူမ၏ ဘေးကင်းရေး အတွက် မပူပန်ပေ။

စိတ်အေးလက်အေးဖြင့်ပင် စုယွီသည် တောင်ထွတ်အောက်ရှိ ဂူစံအိမ်သို့ သွားရောက်ကာ သူ၏ နေ့စဉ် ကျင့်ကြံခြင်းများကို ပြုလုပ်လေ၏။

မွန်းတည့်ချိန်သို့ ရောက်သောအခါ...

ယွီခယ်အာသည် အဖြူရောင် အမွှေးပွပွ ဧရာမ အမြီးသုံးချောင်း မြေခွေးကြီး တစ်ကောင်နှင့်အတူ ပြန်ရောက်လာသည်။

မူလပုံစံဖြင့် ဆိုလျှင် မြေခွေးကြီးသည် (၂) မီတာခန့် မြင့်မားပြီး၊ အရှိန်အဝါ အရ ဆိုလျှင် ရွှေအမြုတေ အဆင့် (၂) ရှိသော ယွီခယ်အာ နှင့် ယှဉ်နိုင်စွမ်း ရှိ၏။

သို့သော် အရွယ်အစားကို သေးငယ်အောင် ချုံ့လိုက်သောအခါ၊ ယွီခယ်အာ၏ ရင်ခွင်ထဲတွင် ချစ်စဖွယ် ကောင်းစွာ ခွေနေပြီး လူရော တိရစ္ဆာန်ပါ အန္တရာယ်မပြုမည့် ပုံစံလေး ဖြစ်နေသည်။

သို့သော်ငြားလည်း ယွီခယ်အာ ထိုမြေခွေးကို ဖမ်းဆီးခဲ့သော ချိုင့်ဝှမ်းမှာမူ မြေကန္တာရ တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

မြေခွေး၏ မီးတောက်များကြောင့် ထိုနေရာ တစ်ခုလုံး မီးလောင်ကျွမ်းပြီး ပြာပုံအတိ ဖြစ်သွားခဲ့ရ၏။

ဒီ မြေခွေးမလေးကို ယဉ်ပါးအောင် လုပ်ရတာ လွယ်ကူသော ကိစ္စတော့ မဟုတ်ခဲ့ပေ။

ယွီခယ်အာက သူမကို "ပိုင်လင်း" ဟု အမည်ပေးလိုက်သည်။ ညဘက်တွင် စုယွီ ပြန်ရောက်လာပြီး တစ်ချက် လှမ်းကြည့်လိုက်သောအခါ၊ မူလက ယွီခယ်အာ အနားတွင် ခွေနေသော ပိုင်လင်းသည် ရုတ်တရက် မတ်တတ်ထရပ်လိုက်၏။ အဖြူရောင် အမွှေးများ အားလုံး ထောင်ထသွားကာ အခန်းထဲမှ အလျင်အမြန် ခုန်ထွက် ပြေးသွားလေတော့သည်။

(၂) နှစ်တာ ကာလ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့၏။

တစ်နေ့တွင် စုယွီသည် သူ၏ ဂူစံအိမ်ထဲ၌ ကျင့်ကြံနေစဉ် သူ့ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့် မြေကြီး ဝိညာဉ်စွမ်းအင်များ ရုတ်တရက် ရပ်တန့်သွားသည်ကို ခံစားလိုက်ရသည်။ စုယွီ မျက်လုံးများကို ဖွင့်လိုက်ရာ အံ့သြရိပ် တစ်ခု ဖြတ်သန်းသွားပြီး၊ ဂူစံအိမ်ထဲမှ ချက်ချင်း ပျောက်ကွယ်သွားကာ အပြင်ဘက်သို့ ရောက်ရှိသွား၏။

အပြင်ဘက် ကောင်းကင်ယံတွင် ပေါ်လာသော စုယွီ၏ မျက်လုံးများထဲ၌ နတ်ဘုရား အလင်းတန်းများ စုစည်းနေသည်။ ချင်းယွဲ့ တောင်ထွတ်ကို ဖုံးလွှမ်းထားသော မြူခိုးများနှင့် တိမ်တိုက်များကို ဖောက်ထွင်း၍ ကြည့်ရှုလိုက်ရာ၊ တောင်ခြေတွင် ရှိနေသော ဧရာမ အစိမ်းရောင် ဝံပုလွေကြီး တစ်ကောင်ကို လှမ်းမြင်လိုက်ရ၏။

စုယွီ၏ မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားပြီး မျက်နှာထား လေးနက်သွားသည်။

“တတိယအဆင့် အဆင့်မြင့် မိစ္ဆာသားရဲကြီး...”

ဒါက အရင်တုန်းက တာအိုရုပ်သေးကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့ဖူးသည့် ဝံပုလွေကြီးပဲ။ ၎င်း၏ အရှိန်အဝါသည် အလွန် ကြီးမားလှပြီး တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသည်မှာ သေချာသည်။

ထိုက်ရွှီ အင်မော်တယ် မဟာမိတ်အဖွဲ့ ခေါင်းဆောင်ကြီး ဖြစ်သော ချီမြစ် ဂိုဏ်းခွဲ ခေါင်းဆောင်ထက်ပင် မနိမ့်ကျဟု စုယွီ ခံစားလိုက်ရသည်။

အခန်း (၃၉၀) - ထိပ်တန်း ဝိညာဉ်အမြစ်၊ အထူး ခန္ဓာကိုယ်ဖွဲ့စည်းပုံ (အပိုင်း ၄)

~ယခုအချိန်တွင်မူ ထိုဧရာမ အစိမ်းရောင် ဝံပုလွေကြီးသည် ချင်းယွဲ့ တောင်ထွတ်၏ တောင်ခြေရှိ သစ်တောအုပ်ထဲသို့ ကျူးကျော် ဝင်ရောက်လာခဲ့လေပြီ။

စုယွီ ယခင်က တောင်ခြေတစ်လျှောက် ခင်းကျင်းထားခဲ့သော ပထမအဆင့် သတိပေး အခင်းအကျင်း အားလုံးသည်၊ ထိုဧရာမ ဝံပုလွေကြီး၏ လက်သည်းတစ်ချက် အဝှေ့မှာတင် အကုန် ပျက်စီးသွားလေ၏။

အစိမ်းရောင် ဝံပုလွေကြီး တောင်ပေါ်သို့ တက်လာတော့မည့် အခြေအနေကို မြင်လိုက်ရသောအခါ၊ စုယွီ၏ မျက်ဝန်းထဲ၌ စူးရှထက်မြက်သော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။

သူသည် သူ၏ စိတ်စွမ်းအားနှင့် ဝိညာဉ်စွမ်းအား အားလုံးကို စုစည်းလိုက်ပြီး၊ စိတ်ထဲရှိ အင်မော်တယ် ကျင့်စဉ်လုံး ဆီသို့ လှုံ့ဆော် သွန်းလောင်းပေးလိုက်၏။

တစ်ခဏချင်း အတွင်းမှာပင်...

ထို အင်မော်တယ် ကျင့်စဉ်လုံးဆီမှ အလင်းမျှင်တန်းများ ဖြာထွက်လာပြီး၊ စိတ်ကူးဖြင့် မှန်းဆ၍ မရနိုင်သော ကြီးမားသည့် အရှိန်အဝါ တစ်ခု စုယွီ၏ ခန္ဓာကိုယ်မှ ရုန်းကြွလာသည်။ သူ၏ မျက်ဝန်းများသည် အဆုံးအစမဲ့ နက်ရှိုင်းသော တွင်းနက်ကြီးများ အသွင် ပြောင်းလဲသွားသည့်နှယ်။ သူ၏ အရှိန်အဝါသည် လုံးဝ အခြားလူတစ်ယောက် အဖြစ် ပြောင်းလဲသွားသကဲ့သို့ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှ၏။

အင်မော်တယ် နတ်ဘုရားတစ်ပါး လူ့ပြည်သို့ ဆင်းသက်လာသည့်နှယ်။

“ဆုတ်မယ်...”

စုယွီက အသံ ခပ်အုပ်အုပ်ဖြင့် အမိန့်ပေးလိုက်၏။

"အုန်း"

သူ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး၊ တစ်ကိုယ်လုံးရှိ ဝိညာဉ်စွမ်းအင်နှင့် မန္တန်စွမ်းအားများကို အသုံးပြုကာ လေထုထဲတွင် စာလုံးတစ်လုံးကို ရေးဆွဲ ပုံဖော်လိုက်သည်။

နောက်တစ်ခဏ၌...

‘ယင်’ ဆိုသော အင်မော်တယ် စာလုံးသည် ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး ချင်းယွဲ့ တောင်ထွတ်ကို ဖုံးလွှမ်းထားသော တိမ်တိုက်မြူခိုးများကို ထိုးဖောက်သွားသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုစာလုံးသည် အခင်းအကျင်းများကို ဖျက်ဆီးကာ တောင်ပေါ်သို့ တက်လာနေသော ဝံပုလွေကြီး၏ ခေါင်းပေါ်သို့ ကျရောက်သွားလေ၏။

ဧရာမ ဝံပုလွေကြီး၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားသည်။ ၎င်း၏ မျက်လုံးများ သိသိသာသာ ပြောင်းလဲသွားသည်။ ယခင်က အေးစက်ပြီး လူသတ်လိုသော အကြည့်များ နေရာတွင်၊ ယခုအခါ အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့မှုများ အထင်းသား ပေါ်လာသည်။ ၎င်း၏ ကိုယ်ပိုင် အရှိန်အဝါများလည်း ဖရိုဖရဲ ဖြစ်သွားရ၏။

အသက်တစ်ရှိုက်စာ အချိန်ခန့် တစ်နေရာတည်းတွင် ကြက်သေသေကာ ရပ်တန့်နေပြီးနောက်၊ အစိမ်းရောင် ဝံပုလွေကြီးသည် နောက်လှည့်ကာ ထွက်ပြေးလေတော့သည်။

“ဂျွတ်…”

ပြင်းထန်သော လေပြင်းများ တိုက်ခတ်သွားပြီး ရှေးဟောင်း သစ်ပင်ကြီးများ ကျိုးပဲ့လဲပြို ကုန်၏။ မျက်စိတစ်မှိတ် အတွင်းမှာပင် အစိမ်းရောင် ဝံပုလွေကြီးသည် အလင်းတန်း တစ်ခုအသွင် ပြောင်းလဲကာ ချင်းယွဲ့ တောင်ထွတ်မှ အဝေးသို့ ထွက်ပြေး လွတ်မြောက်သွားလေသည်။

တောင်ပေါ်တွင်မူ...

စုယွီ၏ မျက်နှာသည် အနည်းငယ် ဖြူဖျော့နေ၏။ စိတ်ထဲရှိ အင်မော်တယ် ကျင့်စဉ်လုံး၏ အရှိန်အဝါကို လှုံ့ဆော် အသုံးပြုလိုက်ရခြင်းက သူ၏ ဝိညာဉ်စွမ်းအားနှင့် စိတ်စွမ်းအား အများစုကို ကုန်ခန်းသွားစေခဲ့သည်။

အင်မော်တယ် စာလုံး၏ အရှိန်အဝါကြောင့် ကြောက်လန့်တကြား ထွက်ပြေးသွားသော ဝံပုလွေကြီးကို မြင်လိုက်ရမှသာ သူ သက်ပြင်းချနိုင်တော့၏။ သူ၏ မျက်လုံးများထဲတွင် ဝမ်းသာရိပ်များ ယှက်သန်းနေသည်။

“ခြောက်ထုတ်လိုက်နိုင်ပြီပဲ...”

သူ့ကိုယ်ပိုင် ဝိညာဉ် အခြေအနေကို ပြန်လည် စစ်ဆေးပြီးနောက် စုယွီ ခပ်တိုးတိုး သက်ပြင်းချလိုက်မိ၏။

‘နှမြောစရာ ကောင်းတာက ငါ့မှာ လုံလောက်တဲ့ စွမ်းအား မရှိတာပဲ... အင်မော်တယ် စာလုံးရဲ့ အရှိန်အဝါ အနည်းငယ်လောက်ကိုပဲ ထုတ်သုံးနိုင်သေးတယ်... မဟုတ်ရင်...’

ခုနက ထွက်ပြေးသွားသည့် ဝံပုလွေကြီး၏ အခြေအနေကို သူ ပြန်စဉ်းစားလိုက်မိ၏။

အကယ်၍ သူသာ အင်မော်တယ် စာလုံးအပေါ် နားလည်သဘောပေါက်မှု ပိုမို နက်ရှိုင်းခဲ့မည် ဆိုလျှင်၊ အဲဒီ ကြောက်မက်ဖွယ် အရှိန်အဝါကို အသုံးပြုပြီး တတိယအဆင့် အထွတ်အထိပ် မိစ္ဆာသားရဲကြီးကို ယဉ်ပါးအောင် ဖိနှိပ် ချုပ်ကိုင်နိုင်လောက်၏။ ဒါက အင်မော်တယ် စာလုံး ဖြစ်နေသည်ကိုး။

ဒါပေါ့လေ...

လက်ရှိ စုယွီ ပိုင်ဆိုင်ထားသော အင်မော်တယ် စာလုံး၏ အရှိန်အဝါက ဟန်ပြ သက်သက်ပါပင်။

ဒါက လွန်ခဲ့သည့် (၂) နှစ်အတွင်း အင်မော်တယ် စာလုံးကို လေ့လာရင်း သူ တတ်မြောက်ထားသည့် နည်းလမ်းသစ် တစ်ခုသာ ဖြစ်သည်။

ရန်သူကို ခြိမ်းခြောက် ဟန့်တားတာကလွဲလျှင် တခြား ဘာမှ သုံးမရသေးပေ။

“ကိစ္စ မရှိပါဘူး... အနည်းဆုံးတော့ တတိယအဆင့် အထွတ်အထိပ် မိစ္ဆာသားရဲ တစ်ကောင်ကို ဟန်ပြသက်သက်နဲ့ ခြောက်ထုတ်နိုင်ခဲ့တာပဲ...”

စုယွီသည် ဤနည်းလမ်း၏ ခြိမ်းခြောက်နိုင်စွမ်းအပေါ် အတော်အတန် ကျေနပ်အားရနေမိသည်။ သူ့ကြိုးစားအားထုတ်မှုတွေ အလကား မဖြစ်ခဲ့ပေ။

တတိယအဆင့် အထွတ်အထိပ် မိစ္ဆာဝံပုလွေကြီး ထွက်ပြေးသွားပြီးနောက်၊ ချင်းယွဲ့ တောင်ထွတ် အနီးတဝိုက်တွင် မည်သည့်အခါမျှ ပြန်ပေါ်မလာတော့ပေ။

ချင်းယွဲ့ တောင်ထွတ် ပတ်ဝန်းကျင်သည် ယခင်ကထက် များစွာ ဘေးကင်းလုံခြုံသွားလေ၏။

(၃) နှစ် ကြာပြီးနောက်၊

ရုတ်တရက် ဆိုသလိုပင် ခြံဝင်း၏ နောက်ဖေးတွင် ကောင်းကင်နှင့် မြေကြီး ဝိညာဉ်စွမ်းအင်များ ဆူပွက်လှုပ်ရှားလာသည်။ ဒုတိယအဆင့် အထွတ်အထိပ် မှ တတိယအဆင့် အဆင့်နိမ့် သို့ ထိုးဖောက် တက်လှမ်းနေသော အစွမ်းထက် မိစ္ဆာသားရဲ အရှိန်အဝါ တစ်ခု ထွက်ပေါ်လာ၏။ ထိုအရှိန်အဝါကြောင့် ချင်းယွဲ့ တောင်ထွတ် တစ်ခုလုံးမှ သဘာဝ ဝိညာဉ်စွမ်းအင်များသည် နောက်ဖေးဆီသို့ စုဝေးရောက်ရှိလာကြပြီး ဧရာမ ဝိညာဉ်စွမ်းအင် ဝဲကတော့ကြီး တစ်ခု ဖြစ်ပေါ်လာလေသည်။

စုယွီ၊ ယွီခယ်အာ၊ လော့ချင်းယာ၊ ယွီချန်ချင်း၊ စုချီ နှင့် အခြားသူများအားလုံး ထိတ်လန့်သွားကြပြီး၊ အခန်းအသီးသီးမှ ထွက်လာကာ နောက်ဖေးဘက်သို့ မျှော်ကြည့်လိုက်ကြ၏။

တတိယအဆင့် အဆင့်နိမ့်သို့ တက်လှမ်းရန် ကြိုးပမ်းနေသော အရှိန်အဝါကို အာရုံခံမိလိုက်ပြီးနောက် ယွီခယ်အာက တအံဘတဩ ရေရွတ်လိုက်သည်။

“ဒါ နောက်ဖေးက ရေခဲကြေးခွံ ငါးဘုရင် မလား... သူက အဆင့်တက်ဖို့ ပိတ်ဆို့နေတဲ့ အဟန့်အတား ကို ချိုးဖြတ်ပြီး တတိယအဆင့် အဆင့်နိမ့်ကို တက်လှမ်းနေတာပဲ...”

မြေကမ္ဘာ မီးလျှံမျောက်ဝံ၊ အမွှေးနက် လင်းယုန်၊ ကောင်းကင် စိမ်းပြာ စပါးအုံးမြွေ စသည့် ဝိညာဉ်သားရဲများသည် စုယွီ ပေးသနားသော တတိယအဆင့် ထိပ်တန်း ဝိညာဉ်အရည်များကို သောက်သုံးပြီး သူတို့၏ မိစ္ဆာစွမ်းအားများကို ပြုစုပျိုးထောင်ခဲ့ကြ၏။

သို့သော် နောက်ဖေး ရေကန်ထဲတွင် တိတ်တဆိတ် နေထိုင်နေသော ရေခဲကြေးခွံ ငါးဘုရင်က ဦးဆုံးအနေဖြင့် တတိယအဆင့် အဟန့်အတားကို ချိုးဖြတ်နိုင်လိမ့်မည်ဟု ဘယ်သူမှ ထင်မှတ်မထားခဲ့ကြပေ။

ရေခဲကြေးခွံ ငါးဘုရင်၏ တိုးတက်လာသော အရှိန်အဝါကို ခံစားရင်း စုယွီ၏ မျက်နှာပေါ်တွင် အပြုံးပန်း တစ်ခု သီးဝေလာ၏။

“တကယ် မလွယ်ကူပါဘူး... နှစ်တွေ အများကြီး ကြာပြီးမှ နောက်ဆုံးတော့ တစ်ကောင်က တတိယအဆင့် အဟန့်အတားကို ချိုးဖြတ်နိုင်ခဲ့ပြီပဲ...”

နောက်ဖေးကို လှမ်းကြည့်ရင်း စုချီ ဟူသော မိန်းကလေးငယ်၏ မျက်လုံးများထဲတွင် အံ့သြမှုနှင့် အားကျမှုများ ရောပြွမ်းနေရ၏။

ဤ ကောင်းကင်ဂူ လျှို့ဝှက်နယ်မြေထဲသို့ စတင် ရောက်ရှိလာစဉ်က သူမသည် အခြေခံတည်ဆောက်ခြင်း အဆင့် (၄) သာ ရှိသေးသည်။

နှစ်အနည်းငယ် ကုန်လွန်သွားပြီးနောက်၊ ဤနေရာ၏ သိပ်သည်းလှသော ဝိညာဉ်စွမ်းအင်များနှင့် စုယွီ ထောက်ပံ့ပေးသော အစွမ်းထက် အရင်းအမြစ်များကြောင့် သူမသည် အခြေခံတည်ဆောက်ခြင်း အဆင့် (၆) သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။

သို့သော် တတိယအဆင့် မိစ္ဆာသားရဲနှင့် ညီမျှသော ရွှေအမြုတေ အဆင့် သို့ ရောက်ရှိရန် ဘယ်လောက် ကြာဦးမည်ကိုတော့ သူမ မခန့်မှန်းနိုင်ပေ။

ရုတ်တရက် စုချီက အတွေးတစ်ခု ဝင်လာပြီး စုယွီကို မေးလိုက်၏။

“ဦးလေးယွီ... သမီးတို့ ကျင့်ကြံသူတွေ ရွှေအမြုတေ အဆင့်ကို တက်လှမ်းရင် ကပ်ဘေး သုံးပါး ကို ဖြတ်ကျော်ရတယ်လေ... မိစ္ဆာသားရဲတွေကရော တတိယအဆင့်ကို တက်ရင် ကပ်ဘေး သုံးပါး ကြုံရလားဟင်...”

စုယွီ ခဏမျှ စဉ်းစားလိုက်ပြီး ပြန်ဖြေလိုက်သည်။

“သူတို့မှာတော့ ကပ်ဘေး နှစ်ပါးပဲ ရှိလောက်တယ်... တစ်ခုက မိစ္ဆာဝိညာဉ် အသွင်ပြောင်းလဲခြင်း နဲ့ နောက်တစ်ခုက တတိယအဆင့် မိစ္ဆာအမြုတေ စုစည်းခြင်းတို့ပဲ...”

စုယွီ၊ ယွီခယ်အာနှင့် အခြားသူများ၏ စောင့်ကြည့်မှုအောက်တွင် ရေခဲကြေးခွံ ငါးဘုရင်၏ အဆင့်တက်ခြင်း လုပ်ငန်းစဉ်သည် (၅) ရက် ကြာမြင့်ခဲ့၏။

(၅) ရက် ကြာပြီးနောက်၊ ကောင်းကင်နှင့် မြေကြီး ဝိညာဉ်စွမ်းအင်များ ပြန်လည် ငြိမ်သက်သွားသည်။

သို့သော် ရေခဲကြေးခွံ ငါးဘုရင်၏ အဆင့်တက်ခြင်းက မပြီးဆုံးသေးပေ။ ၎င်းသည် ရေကန်အောက်ခြေတွင် ငြိမ်သက်စွာ နေထိုင်ရင်း မိစ္ဆာဝိညာဉ် အသွင်ပြောင်းလဲခြင်း အဆင့်ကို ဖြတ်သန်းနေ၏။ ထိုအဆင့် ပြီးဆုံးမှသာ စစ်မှန်သော တတိယအဆင့် မိစ္ဆာသားရဲ တစ်ကောင် ဖြစ်လာပေလိမ့်မည်။

ရေခဲကြေးခွံ ငါးဘုရင် တတိယအဆင့်သို့ တက်လှမ်းနေစဉ်မှာပင်၊ ထိုရေကန်ထဲရှိ ရေခဲကြေးခွံ ငါးမျိုးနွယ်စုထဲမှ နောက်ထပ် ငါး (၃) ကောင်သည်လည်း သွေးမျိုးဆက် ကန့်သတ်ချက်ကို ချိုးဖြတ် အောင်မြင်သွားကြ၏။ ဒါက စုယွီ၏ ပုံမှန် ဝိညာဉ်အရည် တိုက်ကျွေး ပြုစုပျိုးထောင်မှုကြောင့် ဖြစ်သည်။ လက်ရှိတွင် တစ်ကောင်က ဒုတိယအဆင့် အဆင့်နိမ့်သို့ ရောက်ရှိနေပြီး၊ ကျန်နှစ်ကောင်က ပထမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေကြ၏။

ကောင်းကင်မိုးကြိုး ကြွက်အုပ်စုနှင့် မတူသည်မှာ၊ ရေခဲကြေးခွံ ငါးမျိုးနွယ်စုသည် သွေးမျိုးဆက် ထူးခြားပြီး "ဝိညာဉ်သားရဲ" ဖြစ်လာရန် ပိုမို နီးစပ်ကြသည်။

မိစ္ဆာသားရဲ နှင့် ဝိညာဉ်သားရဲ ကြား ကွာခြားချက်မှာ ကြီးမားလှ၏။ မိစ္ဆာသားရဲများ၏ သွေးမျိုးဆက်သည် သိပ်မသန့်စင်ဘဲ အဆင့်တက်ရန် ခက်ခဲသည်။

သို့သော် ဝိညာဉ်သားရဲများတွင် မွေးရာပါ အားသာချက်များစွာ ရှိသည်။ သူတို့သည် ကောင်းကင်နှင့် မြေကြီး ဝိညာဉ်စွမ်းအင်များကို စုစည်းနိုင်စွမ်း ရှိ၏။ နေရာတစ်ခုတွင် ကြာရှည်စွာ နေထိုင်ပါက ထိုနေရာကို ဝိညာဉ်စွမ်းအင် ကြွယ်ဝသော "ကောင်းချီးမင်္ဂလာ မြေ" အဖြစ်သို့ပင် ပြောင်းလဲပေးနိုင်၏။

နေရာတစ်နေရာတည်းတွင် ငြိမ်သက်စွာ နေထိုင် ကျင့်ကြံခြင်းဖြင့် သူတို့သည် လွယ်ကူစွာ အဆင့်တက်နိုင်ပြီး၊ သူတို့၏ ကြီးထွားနိုင်စွမ်း အလားအလာသည် တိုင်းတာ၍ မရနိုင်ပေ။

All Chapters