အခန်း (၁၆၃-၁၆၅)
Vol. 11 Ch. 163-165
အခန်း (၁၆၃) - မြေပုံအသစ်.. မြို့ထဲ ဝင်ကြစို့၊ ဒါမှ တကယ့် ကျင့်ကြံခြင်း လောက အစစ်ဟေ့
~မွန်းတည့်ချိန်။ ကွေ့ယွမ်ဂိုဏ်း၏ ကျောက်ကွင်းပြင်ကျယ်၌ ၊ နယ်စပ်ဖြတ်ကျော် နေရာရွှေ့ပြောင်း အခင်းအကျင်းကြီး၏ ရှေ့တွင် ဖြစ်၏။
ယနေ့တွင် ကျောက်ကွင်းပြင်ကြီး အတွင်းရှိ လေထုမှာ နှစ်သစ်ကူး ပွဲတော်ထက်ပင် ပိုမို စည်ကား သိုက်မြိုက်နေတော့သည်။
အသစ် ပြုပြင်ထားသော နယ်စပ်ဖြတ်ကျော် နေရာရွှေ့ပြောင်း အခင်းအကျင်းကြီးမှာ ရှေးဟောင်း အငွေ့အသက်များ ထွက်ပေါ်နေပြီး၊ တဝီဝီ မြည်သံများနှင့်အတူ အလုပ်လုပ်နေ၏။ အခင်းအကျင်း၏ အလယ်ဗဟို၌... အမည်မသိ ကမ္ဘာသစ် တစ်ခုဆီသို့ ဦးတည်နေသော အပြာရောင် တံခါးပေါက်ကြီး တစ်ခု ဖြည်းညှင်းစွာ ပွင့်ဟလာတော့သည်။
(ဆာဗာတစ်ခုလုံးသို့ ကြေညာချက်။ မြေပုံအသစ် “အလယ်ပိုင်း တိုက်ကြီး - ထျန်းကျီ (ကောင်းကင်ယန္တရား) မြို့တော်” ကို ယခု ဖွင့်လှစ်လိုက်ပါပြီ။)
(နေရာရွှေ့ပြောင်း အသုံးပြုခ - တစ်ကြိမ်လျှင် ဂိုဏ်း စုဆောင်းမှတ် (၁၀၀) (ဒါက အသွား လက်မှတ် သက်သက်သာ ဖြစ်ပြီး၊ အပြန်အတွက် ကိုယ့်ဘာသာ နည်းလမ်း ရှာဖွေရပါမည်။))
“ညီအစ်ကိုတို့... ချကြစမ်းဗျို့။ မြို့ကြီးပြကြီးကို သွားပြီး ပိုက်ဆံ သွားရှာကြမယ်ဟေ့"
ဝမ်သဲ့ဖာ (ဒီဖရဲသီး မှည့်ပြီလား) သည် ရှေ့ဆုံးမှနေ၍ တစ်ဟုန်ထိုး ပြေးဝင်သွား၏။
ယနေ့တွင် သူသည် အမိုက်စားဆုံး အမည်းရောင် သံမဏိ ချပ်ဝတ်ကြီးကို အထူးတလည် ဝတ်ဆင်ထားပြီး၊ ကျောဘက်တွင် သံမဏိ ဒိုင်းကာကြီးကို လွယ်ထားကာ... သူ၏ ခါးတွင်လည်း ဝိညာဉ်သိုလှောင်အိတ် အများအပြားကို စပျစ်သီးခိုင်များပမာ ချိတ်ဆွဲထားသဖြင့် လမ်းလျှောက်လိုက်တိုင်း “ချွင်... ချွင်...” မြည်နေတော့သည်။
ချက်ချင်းဆိုသလိုပင်... ကောင်းကင်ခွင်း ဓားတစ်လက်၊ ဆောက်လုပ်ရေးခွင်မှ ဦးလေးကျန်း နှင့် ကျောက်ကပ်ကြော် တို့ ကဲ့သို့သော ထိပ်တန်း ကစားသမားများ အပြင်... ‘လမ်းပြ’ အဖြစ် အတင်းအကြပ် ဆွဲခေါ်ခံလာရသော ဆုချင်းကော နှင့် ခရီးစရိတ် လုံလောက်အောင် ရှာဖွေထားနိုင်သည့် အခြား ကစားသမား ရာပေါင်းများစွာမှာ... အိုးထဲသို့ ဖက်ထုပ်များ ပစ်ချလိုက်သည့်အလား အပြာရောင် တံခါးပေါက်ကြီး အတွင်းသို့ တိုးဝှေ့ ဝင်ရောက်သွားကြလေတော့သည်။
---
အလယ်ပိုင်း တိုက်ကြီး။ ထျန်းကျီ မြို့တော်။ ဗဟို နေရာရွှေ့ပြောင်း ကွင်းပြင်ကျယ်၌ ၊
ဤနေရာသည် ကျင့်ကြံခြင်း လောကကြီး တစ်ခုလုံး၏ ဗဟိုချက် ဖြစ်ပြီး၊ တိုင်းပြည် အသီးသီးက လာရောက် ဂါရဝပြုကြသည့် နေရာပင် ဖြစ်သည်။
ကျယ်ပြောလှသော ကွင်းပြင်ကြီးကို ကျောက်စိမ်းဖြူ တစ်တုံးတည်းဖြင့် ခင်းကျင်းထားပြီး၊ ပတ်လည်တွင် ပေတစ်ရာခန့် မြင့်မားသော ရွှေရောင် နဂါးတိုင်ကြီး ဆယ်နှစ်တိုင်ဖြင့် ဝန်းရံထား၏။ ကောင်းကင်ယံထက်ဝယ်... တောက်ပလှသော မှော်လေလှေကြီးများနှင့် ရှားပါး ထူးဆန်းသော ဝိညာဉ်သားရဲများကို စီးနင်းလာကြသည့် အဆင့်မြင့် ကျင့်ကြံသူများမှာ... ကျယ်ပြောလှသော သမုဒ္ဒရာကြီး အတွင်းမှ သက်တန့်များပမာ အဆုံးအစမဲ့ ကူးလူး သွားလာနေကြတော့၏။
လေထုအတွင်း၌... သိပ်သည်းလှသော ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေပြီး၊ တစ်ချက် ရှူရှိုက်လိုက်ရုံဖြင့် လေထဲတွင် လွင့်မျောသွားတော့မည့်အလား ခံစားရစေ၏။
ကွင်းပြင် ပတ်လည်ရှိ အင်အားစု အသီးသီးမှ ကျင့်ကြံသူများမှာလည်း တန်ဖိုးကြီး ဝတ်စုံများကို ဆင်မြန်းထားကြပြီး၊ အမူအကျင့်များမှာလည်း ကျက်သရေရှိလှကာ... နိုင်ငံကြီး တစ်ခု၏ ဟန်ပန်များဖြင့် ပြုံးရွှင်စွာ စကားစမြည် ပြောဆိုနေကြ၏။
ထိုစဉ်မှာပင်...
ကွင်းပြင်၏ ထောင့်တစ်နေရာရှိ အချိန်အတော်ကြာ အသုံးမပြုဘဲ ထားခဲ့သော နေရာရွှေ့ပြောင်း အခင်းအကျင်းလေး တစ်ခုမှာ... မျက်စိကျိန်းမတတ် အပြာရောင် အလင်းတန်းများဖြင့် ရုတ်တရက် တောက်ပလာတော့၏။
“ဝှစ်...”
လေဟာနယ်များ ကမောက်ကမ ဖြစ်သွား၏။
ချက်ချင်းဆိုသလိုပင်... ဆံပင်များ ဖရိုဖရဲ ဖြစ်နေပြီး ထူးဆန်းသော ပုံစံများ ရှိသည့်၊ ရွှံ့နံ့များပင် ထွက်ပေါ်နေသော လူတစ်အုပ်ကြီးမှာ... အန်ထုတ်ခံလိုက်ရသည့်အလား ကျောက်စိမ်းဖြူ ကွင်းပြင်ပေါ်သို့ ဘုန်းခနဲ၊ ဒိုင်းခနဲ ကျရောက်လာကြတော့၏။
“ဝေါ့... ဒီ နေရာရွှေ့ပြောင်း အခင်းအကျင်းကြီးက ခေါင်းမူးလိုက်တာဗျာ။ အဝတ်လျှော်စက်ထဲ ထည့်မွှေခံရသလိုပဲ"
ဝမ်သဲ့ဖာ သည် မြေပြင်ပေါ်သို့ ရောက်သည်နှင့် ဟန်ချက်ပျက်သွားပြီး... နဂါးတိုင်ကြီးကို ဖက်ကာ အန်ချင်သလိုလို ဖြစ်နေတော့သည်။
“အား... ငါ့လက်ကို ဘယ်ကောင် နင်းသွားတာလဲဟ"
“မတွန်းကြနဲ့လေ... ဒါ မြေပုံအသစ်လား။ Loading ဆွဲနေတုန်းပဲလားဗျ"
ဆူညံပွက်လောရိုက်ပြီး တောဆန်လှသော အော်ဟစ် ဆဲဆိုသံများက... ထျန်းကျီ မြို့တော် ကွင်းပြင်ကြီး၏ ကျက်သရေရှိလှသော လေထုကြီးကို ချက်ချင်းပင် ရိုက်ချိုး ဖျက်ဆီးပစ်လိုက်၏။
တရားဓမ္မများ အကြောင်း ဆွေးနွေးနေကြသော ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများမှာ မျက်မှောင်ကြုတ်သွားကြပြီး... အံ့သြမှုများနှင့် အထင်သေးမှုများ ပါဝင်နေသော အကြည့်များဖြင့် လှမ်းကြည့်လိုက်ကြတော့သည်။
သို့သော်လည်း ဤ ‘တောသား’ အုပ်စုကြီးမှာ အသိစိတ် ပြန်လည် ဝင်ရောက်လာပြီး သူတို့ရှေ့ရှိ မြင်ကွင်းကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည့် အခါတွင်မူ...
တစ်ခဲနက် တူညီလှသော အာမေဍိတ်သံက ကောင်းကင်သို့တိုင် ထွက်ပေါ်လာပြန်၏။
“ဝှက်သယ်ဖာ့ခ်...”
လူရာပေါင်းများစွာမှာ ပါးစပ် အဟောင်းသားဖြင့်... ကောင်းကင်ယံရှိ လွင့်မျောနေသော နတ်ဘုရား တောင်တန်းကြီးများကိုလည်းကောင်း၊ လေယာဉ်တင် သင်္ဘောများထက်ပင် ကြီးမားလှသော လေလှေကြီးများကိုလည်းကောင်း၊ အထူးပြုလုပ်ချက်များ တပ်ဆင်ထားသည့်အလား တောက်ပနေသော ပတ်ဝန်းကျင်မှ ခရီးသွားများကိုလည်းကောင်း မော့ကြည့်နေကြတော့သည်။
ရုပ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုကြီးက... ဂိမ်းထဲသို့ ပထမဆုံး ဝင်ရောက်လာစဉ်ကထက် အဆပေါင်း ရာချီ ပိုမို ပြင်းထန်နေ၏။
“ဒါ... ဒါကမှ တကယ့် ကျင့်ကြံခြင်း လောက အစစ်ပဲဗျာ"
ကောင်းကင်ခွင်း ဓားတစ်လက် သည် သူ၏ အထက်မှ ပျံသန်းသွားသော ဓားကျင့်ကြံသူ အဖွဲ့၏ သေသပ်လှသော ဓားအခင်းအကျင်းများနှင့် ကျက်သရေရှိလှသော ဟန်ပန်များကို ကြည့်ပြီး... မီးခဲမွှေသည့် သံချောင်းစုတ်ကြီးနှင့် တူနေသော သူ၏ ကိုယ်ပိုင် ဓားပျံကို ပြန်ကြည့်ကာ... ရှက်လွန်းသဖြင့် အတင်း ဖုံးကွယ်ထားလိုက်မိတော့သည်။
“ဇိမ်ခံလွန်းတယ်... တကယ့်ကို အလဟဿ ဖြုန်းတီးလွန်းတယ်"
ဦးလေးကျန်း ၏ အလုပ်အကိုင် ရောဂါမှာ ချက်ချင်းပင် ထလာတော့၏။
သူသည် မြေပြင်ပေါ်၌ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး... သူ၏ ခြေရင်းရှိ မြေပြင်ကို တုန်ယင်နေသော လက်များဖြင့် ပွတ်သပ်ကာ စွဲလမ်းနေသော မျက်နှာထားဖြင့် ဆိုလိုက်သည်။
“ဒါက... စကျင်ကျောက်ဖြူတွေလား။ မဟုတ်ဘူး... ဒါ ကျောက်စိမ်းတွေပဲ။ တစ်ပေါင်ကို ဝိညာဉ်ကျောက်တုံး ဆယ်တုံးလောက် တန်တဲ့ ကျောက်စိမ်းတွေ။ အဲ့ဒါကို... ကြမ်းခင်းဖို့ သုံးထားတယ် တဲ့လား"
“ဘာ... ဒီ ကြမ်းပြင်က တန်ဖိုးကြီးတယ် ဟုတ်လား"
‘တစ်ပေါင်ကို ဝိညာဉ်ကျောက်တုံး ဆယ်တုံး’ ဆိုသည့် စကားကို ကြားလိုက်ရသည့်အခါ ဝမ်သဲ့ဖာ ၏ အန်ချင်နေမှုများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားတော့၏။ သူ၏ ပဲစေ့လောက် မျက်လုံးလေးများမှာ ရုတ်တရက် ပြူးကျယ်သွားပြီး... ဘယ်ကနေ ဘယ်လို ထုတ်လိုက်မှန်း မသိသော ပေါက်ပြား တစ်လက်ကို ဆွဲထုတ်လိုက်သည်။
“ညီအစ်ကိုတို့... ဘာစောင့်နေကြဦးမလဲ။ တူးကြစမ်း။ တစ်ချပ်လောက် တူးရရင်ကို အရင်းကျေပြီဗျို့"
“ရပ်လိုက်။ ရှင်တို့ အကုန်လုံး ရူးနေကြပြီလား"။
ဘေးနားတွင် ရပ်နေသော ဆုချင်းကောမှာ အလွန်တရာ ကြောက်လန့်သွားသဖြင့်... အပြေးအလွှား ရောက်ရှိလာပြီး ဦးလေးကျန်း နှင့် ဝမ်သဲ့ဖာ တို့၏ လက်များကို တင်းကျပ်စွာ ဆွဲထားလိုက်ရ၏။
သူမ၏ မျက်နှာလေးမှာ ငိုထားသည်ထက်ပင် ဆိုးရွားနေတော့၏။ ယခင်က သူတော်စင်မလေး တစ်ဦး ဖြစ်ခဲ့ဖူးသော သူမသည်... ထျန်းကျီ မြို့တော် ဆိုသည်မှာ ဘယ်လို နေရာမျိုးလဲ ဆိုတာကို သေချာပေါက် သိနေသည် မဟုတ်ပါလော။
‘ဒီနေရာသည် ဖြောင့်မတ်သော လမ်းစဉ်၏ နေရာလေ။ မဟာမိတ်တပ်ကြီးရဲ့ ဌာနချုပ် ရှိတဲ့ နေရာ၊ အုတ်ခဲ တစ်လုံးနဲ့ ပစ်ပေါက်လိုက်ရင် ရွှေအမြုတေအဆင့် တစ်ယောက်ကို သွားမှန်နိုင်ပြီး၊ အစွမ်းထက် မူလဝိဉာဉ် အဆင့် ဆရာကြီးတွေ နေရာတိုင်းမှာ ရှိနေတဲ့ နေရာမျိုးလေ။
ဒီလို နေရာမျိုးမှာ ကြမ်းပြင်ကို တူးမယ် ဟုတ်လား။ သေချင်နေကြတာလားဟယ်။’
“ဒီမှာ တရားခံဖမ်း အဖွဲ့တွေ ရှိတယ်လေ။ သူတို့ အကုန်လုံးက အနည်းဆုံး အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်တွေချည်းပဲ။ ပြီးတော့ မူလဝိဉာဉ် အဆင့် ဆရာကြီးတွေလည်း ရှိသေးတယ်။ ရှင်တို့ သေချင်ရင်လည်း... ကျွန်မကို ဆွဲမချကြပါနဲ့ရှင်"
ဆုချင်းကောက တောင်းပန်သော အသံလေးဖြင့် တိုးတိုးလေး ပြောလိုက်ရှာသည်။
“ချီးပဲ... ကပ်စေးနှဲလိုက်တာ"
ဝမ်သဲ့ဖာ သည် သူ၏ ပေါက်ပြားကို မကျေမနပ်ဖြင့် ပြန်သိမ်းလိုက်သော်လည်း... သူ၏ မျက်လုံးများကတော့ ရွှေများ၊ ကျောက်စိမ်းများ ကွပ်ထားသော တိုင်လုံးကြီးများဆီသို့ ရောက်ရှိနေဆဲပင် ဖြစ်၏။
ထိုစဉ်မှာပင်...
မွှေးကြိုင်လှသော လေပြေလေး တစ်ခု တိုက်ခတ်လာသည်။
အရောင်အသွေး စုံလင်လှသော ငှက်မွှေး ဝတ်ရုံများကို ဆင်မြန်းထားသည့် လှပကျက်သရေရှိသော အမျိုးသမီး ကျင့်ကြံသူ အချို့သည်... ခမ်းနားလှသော ကြိုးကြာဖြူကြီးများကို စီးနင်းကာ ကွင်းပြင်ပေါ်သို့ ညင်သာစွာ ဆင်းသက်လာကြ၏။ သူတို့သည် ထျန်းကျီ မြို့တော်ရှိ ထိပ်တန်း ဂိုဏ်းကြီး တစ်ခုဖြစ်သော ‘ပန်းတစ်ရာ နန်းတော်’ မှ အတွင်းစည်း တပည့်များပင် ဖြစ်တော့သည်။
“ဝါး... အလှမယ်လေးတွေ။ တကယ့် အလှမယ်လေးတွေဟေ့"
ကစားသမားများ၏ အာရုံစိုက်မှုများ ချက်ချင်းပင် ပြောင်းလဲသွားတော့၏။
ကာမဂုဏ် လိုက်စားသော ကစားသမား အချို့ဆိုလျှင် မျက်လုံးများပင် ပြူးထွက်နေကြပြီး၊ သွားရည်များပင် ကျလာကြသည်။
အတော်လေး သတ္တိကောင်းသော ကစားသမား တစ်ဦး (နာမည် - ဒါ အချစ်လား) သည်... သူ၏ စုတ်ပြတ်နေသော ဝတ်ရုံကို သေသပ်အောင် ပြင်လိုက်ပြီး၊ ယခုလေးတင် ကောက်ထားသော ဆံပင်ကောက်ကောက်များကို တစ်ချက် ခါလိုက်ကာ... သူ ထင်ထားသည့် အလွန် မိုက်သော ဟန်ပန်ကို ဖမ်းလျက် ခန့်ညားစွာ လျှောက်သွားလေတော့သည်။
“ဟေး... နတ်မိမယ်လေးတို့၊ သူငယ်ချင်း အဖြစ် အပ်လို့ ရမလား။ ကိုယ်က ကွေ့ယွမ်ဂိုဏ်းက အတွင်းစည်း လက်ရွေးစင် တစ်ယောက်လေ။ အိမ်လည်း ရှိတယ်၊ ကား (ဝက်တစ်ကောင် ရှိသည်ကို ဆိုလိုခြင်း ဖြစ်သည်) လည်း ရှိတယ်နော်... စိတ်ဝင်စားလား"
ပန်းတစ်ရာ နန်းတော်မှ အမျိုးသမီး ကျင့်ကြံသူများမှာ တစ်စက္ကန့်ခန့် ကြောင်အမ်းသွားကြပြီးနောက်... ရုတ်တရက် ထွက်ပေါ်လာသော၊ ထူးဆန်းသည့် အနံ့ဆိုးများ ထွက်နေပြီး ဆင့်ကဲပြောင်းလဲမှု မပြီးပြတ်သေးသည့် သတ္တဝါ တစ်ကောင်နှင့် တူသော ထိုအမျိုးသားကို လှည့်ကြည့်လိုက်ကြ၏။
သူတို့၏ မျက်လုံးများထဲတွင် မည်သည့် ရှက်သွေးဖြာမှုမျှ မရှိဘဲ... အညစ်အကြေး တစ်ခုကို မြင်လိုက်ရသည့်အလား နက်ရှိုင်းလှသော ရွံရှာမှုများသာ ပြည့်နှက်နေတော့သည်။
“ဒီ သူတောင်းစားက ဘယ်က ရောက်လာတာလဲ။ ဝေးဝေး သွားစမ်း"
အမျိုးသမီး ကျင့်ကြံသူ တစ်ဦးက သူမ၏ ဝတ်ရုံစကို ရွံရှာစွာ ဝှေ့ယမ်းလိုက်ရာ... ညင်သာသော်လည်း ငြင်းဆန်၍ မရနိုင်သော ဝိညာဉ်စွမ်းအင် လှိုင်းလုံးကြီး တစ်ခု ထွက်ပေါ်လာ၏။
“ဖောင်း...”
ထိုကစားသမားမှာ အနောက်သို့ လွင့်ထွက်သွားပြီး မီတာဆယ်ဂဏန်းခန့် အထိ လွင့်ပျံသွားကာ... ချောမွေ့လှသော ကျောက်စိမ်း ကြမ်းပြင်ပေါ်၌ ကြမ်းတိုက်ဝတ် တစ်ခုပမာ ပွတ်တိုက်သွားပြီး ကြမ်းပြင်ကို သန့်ရှင်းရေး လုပ်ပေးသွားတော့၏။
“ဟား ဟား ဟား ဟား...”
ပတ်ဝန်းကျင်ရှိ ကစားသမားများမှာ ဒေါသထွက်မည့်အစား တဟားဟား အူနာကုန်ကြတော့၏။
“မှတ်ပြီလား။ မိန်းကလေးတွေကို သွားကြောင်တာ... အငြင်းခံလိုက်ရပြီ မဟုတ်လားကွ"
“ဒီ ရူပဗေဒ အင်ဂျင်က တကယ့်ကို အမိုက်စားပဲ။ လျှောတိုက်သွားတဲ့ အကွာအဝေးက ကွက်တိပဲဟေ့"
ဤဆူညံမှုများက နောက်ဆုံးတွင်တော့ ကွင်းပြင် စောင့်ကြပ်ရေး တပ်ဖွဲ့၏ အာရုံစိုက်မှုကို ရရှိသွားသည်။
အလေးချိန် စီးသော ငွေရောင် ချပ်ဝတ်များကို ဝတ်ဆင်ထားပြီး၊ အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အလယ်အလတ်အဆင့် အထိ စွမ်းအား ရှိကြသော မှော်ကျင့်ကြံသူ တပ်ဖွဲ့ တစ်ဖွဲ့သည်... ရင်းနှီးမှု မရှိသော မျက်နှာထားများဖြင့် သူတို့ကို ဝိုင်းရံလာကြတော့၏။
“ဘယ်သူတွေ ဒီမှာ လာပြီး ပြဿနာ ရှာနေတာလဲ။ ထျန်းကျီ မြို့တော်ရဲ့ စည်းကမ်းတွေကို နားမလည်ကြဘူးလား"
တရားခံဖမ်း အဖွဲ့၏ ခေါင်းဆောင်သည် စုတ်ပြတ်နေသော ‘ဒုက္ခသည်’ အုပ်စုကြီးကို စူးရှသော မျက်လုံးများဖြင့် ဝေ့ကြည့်လိုက်ပြီး မျက်မှောင် ပြင်းထန်စွာ ကြုတ်လိုက်သည်။
မကြာသေးမီက ဘယ်နေရာမှာမှ အငတ်ဘေး ဆိုက်တယ်လို့ မကြားမိပါဘူး... ဘယ်လိုလုပ်ပြီး ဒုက္ခသည်တွေ ဒီလောက် အများကြီး ရောက်လာတာလဲ။
“နားလည်မှု လွဲနေတာပါရှင်... အကုန်လုံး နားလည်မှု လွဲနေတာပါ"
ဆုချင်းကောသည် အခြေအနေကို ထိန်းသိမ်းရန် အမြန် ပြေးထွက်လာ၏။ သူမသည် ဘယ်ကနေ ဘယ်လို ရလာမှန်း မသိသော မှတ်ပုံတင် ပြားလေး တစ်ခုကို (အတုအယောင် ပြုလုပ်ထားသော တစ်ကိုယ်တော် ကျင့်ကြံသူ လက်မှတ်) ထုတ်ပြလိုက်ပြီး တောင်းပန်သည့် အပြုံးလေးဖြင့် ဆိုလိုက်၏။
“အရာရှိကြီးရှင်... ကျွန်မတို့က.. ဝေးခေါင်တဲ့ တောင်ပေါ်ဒေသက လာတဲ့ လျှို့ဝှက် တပ်ဖွဲ့ငယ်လေး တစ်ခုပါ။ ဒီမြို့ကို ပထမဆုံးအကြိမ် ရောက်ဖူးတာမို့လို့... စည်းကမ်းတွေကို နားမလည်လို့ပါ။ အခုပဲ ပြန်ထွက်သွားပါ့မယ်ရှင်... အခုပဲ ထွက်သွားပါ့မယ်"
သူမသည် စကားပြောရင်း အနောက်ရှိ ကစားသမားများကို အသည်းအသန် လက်ဟန်ခြေဟန်ဖြင့် အချက်ပြလိုက်၏။
ကစားသမားများမှာ ပုံမှန်အားဖြင့် ဥပဒေကို ဂရုမစိုက်တတ်ကြသော်လည်း... “ဉာဏ်ပညာ ရှိတဲ့သူက အရှုံးပေါ်မယ့် ပွဲကို မတိုက်ဘူး” ဆိုသည့် တာအို သဘောတရားကိုတော့ နားလည်ကြလေသည် (အဓိကကတော့ တစ်ဖက်လူတွေ အကုန်လုံးက အရိုးခေါင်း အဆင့်ရှိတဲ့ နာမည်နီ ဘော့စ်တွေ ဖြစ်နေတာကို မြင်လိုက်ရလို့ပါ)။
“ဟုတ်တယ်... ဟုတ်တယ်ဗျို့။ ကျွန်တော်တို့က တောက လာတာပါ။ သွားကြစို့ဟေ့"
ဝမ်သဲ့ဖာ ဦးဆောင်သော လူတစ်အုပ်ကြီးမှာ... ရယ်မောကာ တွန်းထိုးလျက် ကွင်းပြင်၏ အပြင်ဘက်စွန်းဆီသို့ တိုးဝှေ့ ထွက်ခွာသွားကြ၏။
သို့သော် ဆုတ်ခွာနေစဉ် အတွင်းမှာပင်... ဤ စတုတ္ထကပ်ဘေး အုပ်စုကြီးမှာ အငြိမ်မနေခဲ့ကြပေ။
ဇီဝခွေးလေး သည် အစောင့်များ သတိမထားမိသည့် အချိန်တွင်... ကွင်းပြင်ရှိ ရေပန်းမှ ရေများ(ဝိညာဉ်စမ်းရေများ) ကို ပုလင်းထဲသို့ ခိုးထည့်သွားသည်။ ကျောက်ကပ်ကြော် ကလည်း လမ်းဘေး ပန်းခင်းထဲမှ ကြက်သွန်မြိတ်နှင့် တူသော ဝိညာဉ်အပင် တစ်ပင်ကို ပေါ့ပေါ့ပါးပါး ဆွဲနှုတ်သွားတော့၏။ အခြား ကစားသမား တစ်ဦးမှာလည်း ရွှေရောင် တိုင်လုံးကြီး တစ်ခု အနားမှ ဖြတ်သွားစဉ် မနေနိုင်တော့ဘဲ... တိုင်လုံး၏ အနောက်ဘက်တွင် ပုရွက်ဆိတ်ထက်ပင် သေးငယ်သော စာလုံးအချို့ကို ဓားဖြင့် လျှို့ဝှက်စွာ ထွင်းထုသွားခဲ့သည်။
(ကွေ့ယွမ်ဂိုဏ်း၏ ပထမ တပ်မကြီး ဒီနေရာကို ရောက်ဖူးတယ်ဟေ့)
ကျိုင်းကောင်များပမာ ထွက်ခွာသွားသော ထိုလူရိပ်များကို ကြည့်ရင်း...
တရားခံဖမ်း အဖွဲ့၏ ခေါင်းဆောင်မှာ နားမလည်နိုင်စွာဖြင့် ခေါင်းယမ်းလိုက်မိ၏။
‘ကွေ့ယွမ်ဂိုဏ်း တဲ့လား။ တစ်ခါမှ မကြားဖူးပါဘူး။ ဒီခေတ်ကြီးမှာ... သူတောင်းစားတွေတောင် ဂိုဏ်း ဖွဲ့နေကြပြီလားဟ’
သူသည် လုံးဝ (လုံးဝ) မသိရှာပေ။
ဒီ သူတောင်းစားတွေနဲ့ တူတဲ့ လူတွေက... အနာဂတ်မှာ ဘယ်လောက်တောင် ကြောက်စရာကောင်းတဲ့ ဖရိုဖရဲ ပြဿနာကြီးတွေ ဖြစ်လာဦးမလဲ ဆိုသည်ကိုပင်။
အခန်း (၁၆၄) - စီးပွားရေး အခွင့်အလမ်းကြီး ရှာတွေ့သွားခြင်း.. ဒီက ကြက်သွန်မြိတ်လေးတွေရဲ့ ဈေးက... အဲ မဟုတ်ဘူး... ဒီက ကုန်ဈေးနှုန်းက သောက်ရမ်း ပေါနေပါလားဗျာ
~အလယ်ပိုင်း တိုက်ကြီး၊ ထျန်းကျီ မြို့တော်၏ အစွန်အဖျားရှိ တစ်ကိုယ်တော် ကျင့်ကြံသူများ ဈေးကွက်အတွင်း၌ ဖြစ်၏။
ဗဟိုကွင်းပြင်ကြီး၏ ကျောက်စိမ်းဖြူ ကြမ်းခင်းများ၊ မျက်စိကျိန်းမတတ် ရွှေရောင် တောက်ပမှုများနှင့် ယှဉ်လိုက်လျှင် ဤနေရာမှာ အောက်ခြေအဆင့် ကျင့်ကြံသူများ ရောနှောကျက်စားရာ နေရာလေး ဖြစ်၏။ မြို့လယ်ခေါင်လောက် အဆင့်အတန်း မမြင့်သော်လည်း လျိုယွင် ဈေးကွက်ထက်တော့ အဆပေါင်း ဆယ်ချီ၍ ပိုမိုစည်ကားနေဆဲပင်။
‘ကွေ့ယွမ်ဂိုဏ်း ဒုက္ခသည် အုပ်စု’ မှ အဖွဲ့ဝင် အယောက် တစ်ရာကျော်မှာ လမ်းထောင့် တစ်နေရာ၌ ဆောင့်ကြောင့်ထိုင်နေကြပြီး ခေါင်းများ ငိုက်စိုက်ကျကာ စိတ်ဓာတ်ကျနေသည့် ပုံပေါက်နေကြသည်။
ဝမ်သဲ့ဖာ (ဒီဖရဲသီး မှည့်ပြီလား) က လက်ထဲမှ ရိက္ခာခြောက်တုံးကို ကြိတ်မနိုင်ခဲမရ ကိုက်ဖြတ်ရင်း ပွစိပွစိ ရေရွတ်လိုက်သည်။
“တောက်... ဒီ မြို့ကြီးပြကြီးက ကောင်တွေက သောက်ရမ်း ရိုင်းတာပဲကွာ။ ကြမ်းပြင်က အုတ်ကြွပ်ပြားလေး တစ်ချပ် တူးမိတာကိုများ ဓားတွေ၊ လှံတွေ ဆွဲထုတ်ရတယ်လို့ကွာ။ ဟာသဉာဏ်ကို နည်းနည်းလေးမှ မရှိဘူး”..
ကောင်းကင်ခွင်း ဓားတစ်လက် က သက်ပြင်းချလိုက်ပြီး သူတို့ ပတ်ဝန်းကျင်မှ မျက်စိကျိန်းမတတ် တောက်ပနေသည့် ဈေးဆိုင်တန်းများကို လှမ်းကြည့်ကာ ဆိုလိုက်၏။
“တော်စမ်းပါကွာ... ညည်းမနေနဲ့တော့။ ဒီအထိ ရောက်လာမှတော့ လက်ဗလာနဲ့ ပြန်လို့ မဖြစ်ဘူးလေ။ ငါတို့ ဝယ်နိုင်တာလေးတွေ လိုက်ကြည့်ပြီး ဒေသထွက် ကုန်ပစ္စည်းလေးတွေ နည်းနည်းပါးပါးတော့ အိမ်ပြန်သယ်သွားမှ ဒီခရီးက အကျိုးနပ်မှာပေါ့"
သူတို့မှာ ခရီးစရိတ်များ အရမ်းကြီးလွန်းခြင်းနှင့် လက်နက်ကိရိယာများ ဝယ်ရန် ပိုက်ဆံများ အကုန်လုံးနီးပါး သုံးပစ်လိုက်ခြင်းကြောင့် လေပြတ်နေသည့် သူတို့၏ ဝိညာဉ်သိုလှောင်အိတ်လေးများကို စမ်းကြည့်လိုက်ကြပြီး ဈေးထဲ လျှောက်လည်ရန် လေးလံသော ခြေလှမ်းများဖြင့် မတတ်သာဘဲ မတ်တတ်ရပ်လိုက်ကြရသည်။
အစပိုင်းတွင် အားလုံးမှာ ဝယ်မည့်သူများ မဟုတ်ဘဲ ငေးကြည့်ရုံ သက်သက်သာ ဖြစ်၏။ သို့သော် ‘ဆေးပင်တစ်ရာ ဆေးဆိုင်’ ဟု နာမည်ပေးထားသော ပထမဆုံး ဆေးဆိုင်လေးထဲသို့ ဝင်သွားပြီး ကောင်တာပေါ်မှ ဈေးနှုန်းစာရင်းကို မြင်လိုက်ရသည့် အချိန်တွင်မူ အားလုံး၏ ခြေထောက်များမှာ ကြမ်းပြင်၌ အမြစ်တွယ်သွားသလိုမျိုး လုံးဝ ဆက်လျှောက်၍ မရတော့ပေ။
ဝမ်သဲ့ဖာ က သူ၏ မျက်လုံးများကို အတင်းပွတ်သပ်လိုက်ပြီး ကောင်တာပေါ်မှ အလွန်သာမန် ဆေးပုလင်းလေး တစ်လုံး ဖြစ်သည့် [အားဖြည့် ဆေးလုံး] ကို လက်ညှိုးထိုးကာ အသံများ ဆတ်ဆတ်တုန်လျက် မေးလိုက်သည်။
“အိုး... သူဌေး... ဒီဟာက ဘယ်လောက်လဲဗျ"
ကောင်တာ အနောက်ဘက်မှ ဆိုင်ဝန်ထမ်းမှာ ဤတောသားတစ်အုပ်ကြီးကို အထင်သေးသည့် အကြည့်ဖြင့် တစ်ချက်ဝေ့ကြည့်လိုက်ပြီး ပျင်းရိပျင်းတွဲ လက်ဟန်ခြေဟန် ပြလိုက်သည်။
“တစ်ပုလင်းကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးဆယ်။ ဆစ်လို့ မရဘူး"
ဝမ်သဲ့ဖာမှာ နေရာ၌ပင် ခုန်ပေါက်မလို ဖြစ်သွား၏။
“ဘယ်... ဘယ်လောက်။ ငါးဆယ် ဟုတ်လား။ ဒီပုလင်းထဲမှာ ဆယ်လုံးပဲ ပါတာလေ။ တစ်လုံးကို ဝိညာဉ်ကျောက်တုံး ငါးတုံး တောင် ကျနေတာပေါ့။ ခင်ဗျားတို့ ဓားပြတိုက်နေတာလားဗျာ"
ကွေ့ယွမ်ဂိုဏ်း၏ စနစ်ဆိုင်ခန်းထဲမှာ ဖြစ်စေ၊ လျိုယွင် ဈေးကွက်မှာ ဖြစ်စေ ဤသို့သော အဆင့်နိမ့် ကုသရေး ဆေးရည် တစ်ပုလင်းမှာ အများဆုံးမှ ဝိညာဉ်ကျောက်တုံး တစ်တုံးသာ ပေးရခြင်း ဖြစ်၏။ ပရိုမိုးရှင်း ကာလများတွင်ဆိုလျှင် ထိုထက်ပင် ပိုမိုသက်သာသေးသည်။ ယခု ဤနေရာတွင် ငါးဆတောင် ပိုကြီးနေသည် မဟုတ်ပါလော။
ဆိုင်ဝန်ထမ်းက မျက်စောင်းထိုးရင်း နှာခေါင်းရှုံ့လိုက်သည်။
“ဝယ်ရင် ဝယ်... မဝယ်ရင် သွားစမ်းပါကွာ... ငမွဲကောင်တွေ"
ကစားသမားများမှာ မယုံနိုင်သေးဘဲ အခြား ပစ္စည်းများကိုပါ လိုက်ကြည့်ကြပြန်သည်။
သွေးတိတ် ဆေးပင်မှာ ကွေ့ယွမ်ဂိုဏ်း၏ တောင်နောက်ဘက်တွင် နေရာတိုင်း တွေ့ရပြီး ဘယ်သူမှ ဂရုမစိုက်သည့် ပေါင်းပင်စုတ်များ ဖြစ်သော်လည်း ဤနေရာ၌ တစ်ပင်လျှင် ဝိညာဉ်ကျောက်တုံး သုံးတုံး ဖြစ်နေသည်။ သံမဏိ သတ္တုရိုင်းမှာ ဦးလေးကျန်း မိုင်းတူးရင်း ဘေးထွက်ပစ္စည်းအဖြစ် ရလာသည့် အရာများ ဖြစ်သော်လည်း ဤနေရာ၌ တစ်ပေါင်လျှင် ဝိညာဉ်ကျောက်တုံး ဆယ်တုံး ဖြစ်နေ၏။
အဆင့်နိမ့် မိစ္ဆာသားရဲ သားရေမှာ အဆင့်တောင် မသတ်မှတ်ရသေးသည့် သားရေစုတ်များ ဖြစ်သော်လည်း ဤနေရာ၌ တစ်ချပ်လျှင် ဝိညာဉ်ကျောက်တုံး ငါးတုံးနှင့် ရောင်းနေရသည်။
ဆောက်လုပ်ရေးခွင်မှ ဦးလေးကျန်း မှာ ရူးကုန်ပြီဟု ညည်းတွားရင်း မိုင်းတွင်းထဲ၌ အမှတ်တမဲ့ ကောက်ရလာပြီး စားပွဲခြေထောက် ခုရန် ရည်ရွယ်ထားသည့် အနက်ရောင် သံတုံး တစ်တုံးကို တုန်ယင်နေသော လက်များဖြင့် ဆွဲထုတ်လိုက်ကာ ဆိုင်ရှင်ကို မေးလိုက်သည်။
“ရူးကုန်ပြီ... ဒီ လောကကြီးရဲ့ ကုန်ဈေးနှုန်းတွေ လုံးဝ ရူးကုန်ပြီပဲ... ညီလေး... ဒါလေး တစ်ချက်လောက် ကြည့်ပေးပါဦး... ယူလားဗျ"
ဆိုင်ရှင်က တစ်ချက်လှမ်းကြည့်လိုက်ပြီး သူ၏ မျက်လုံးများ အနည်းငယ် အရောင်တောက်ပသွားသည်။
“ဝါး... ဒါ သံဓာတ် အများကြီး ပါတဲ့ သတ္တုရိုင်းစစ်စစ် ပါလား။ အညစ်အကြေးတွေ နည်းနည်း များပေမယ့် အရေအတွက်ကတော့ တော်တော် များမယ့်ပုံပဲ။ တစ်ပေါင်ကို ဝိညာဉ်ကျောက်တုံး နှစ်တုံး ပေးမယ်ကွာ... ဘယ်လောက် ရှိရှိ အကုန် ယူတယ်"
ဦးလေးကျန်း မှာ လန့်ဖြတ်သွားပြီး ပါးစပ်ထဲမှ ဆေးတံကြီးပင် ပြုတ်ကျသွား၏။
ဤအမှိုက်စုတ်မှာ ကွေ့ယွမ်ဂိုဏ်း၏ စနစ်ထဲ၌ဆိုလျှင် စုဆောင်းမှတ် ၀.၁ မှတ် (ဝိညာဉ်ကျောက်တုံး ၀.၀၁ တုံးခန့်) သာ ရခြင်း ဖြစ်၏။
“နှစ်... နှစ်တုံး ဟုတ်လား"
အမြတ်က အဆ နှစ်ရာတောင် ဖြစ်နေသည်ပင်။ တစ်စက္ကန့်လောက်အတွင်း ကစားသမား အားလုံး၏ ဦးနှောက်များ လုံးဝ ဗလာကျင်းသွားကြပြီးနောက် သူတို့၏ ကိုယ်ခန္ဓာ တစ်လျှောက် လျှပ်စစ်စီးကြောင်းကြီး တစ်ခု ဖြတ်သန်းသွားသလို ခံစားလိုက်ကြရသည်။
သူတို့ အချင်းချင်း မျက်လုံးချင်း ဆုံကြည့်လိုက်ကြရာ တစ်ယောက်၏ မျက်လုံးထဲ၌ နောက်တစ်ယောက်၏ ‘ချက်ချင်း သူဌေးဖြစ်တော့မည့်’ ရူးသွပ်နေသော မီးတောက်ကြီးများကို မြင်တွေ့လိုက်ကြရတော့၏။
ဝမ်သဲ့ဖာ က တံတွေးကို အသံမြည်အောင် မျိုချလိုက်ပြီး စိတ်လှုပ်ရှားလွန်း၍ အက်ကွဲနေသော အသံဖြင့် ဆိုလိုက်သည်။
“ညီအစ်ကိုတို့ရေ... ငါတို့တွေ သောက်ရမ်း ကြီးမားတဲ့ ဘတ်ဂ်ကြီး တစ်ခုကို ရှာတွေ့သွားပြီ ထင်တယ်ကွ။ ဒီက ကောင်တွေက သောက်ရမ်း ချမ်းသာကြတယ်... ဒါပေမဲ့ သူတို့ဆီမှာ အရင်းအမြစ်တွေ ရှားပါးနေတယ်လေ။ အထူးသဖြင့် အောက်ခြေအဆင့် အရင်းအမြစ်တွေပေါ့။ ငါတို့ ကွေ့ယွမ်ဂိုဏ်းကကော ဘယ်လို နေရာမျိုးလဲ။ ဆင်းရဲလွန်းလို့ အရင်းအမြစ်တွေ (အမှိုက်တွေ) ကလွဲရင် ဘာမှ မရှိတော့တဲ့ နေရာလေကွာ”
ဇီဝခွေးလေး ၏ တုံ့ပြန်မှုက ပို၍ပင် မြန်နေသေးသည်။ သူက ကျောပိုးအိတ်ထဲမှ စိမ်းဖန့်ဖန့် အရောင်ထွက်နေသော မိစ္ဆာအကျိအချွဲ အနှစ် ပုလင်းကြီး တစ်လုံးကို ဆွဲထုတ်လိုက်ပြီး အခင်းအကျင်း ကုန်ကြမ်းများ ဝယ်ယူနေသည့် ဆိုင်ခန်းတစ်ခု ရှေ့သို့ တစ်ဟုန်ထိုး ပြေးသွားကာ ကြွေးကြော်လိုက်၏။
“သူဌေးကြီး... ဒါလေး ကြည့်လိုက်စမ်းပါ။ ဒါဟာ အနောက်ဘက်စွန်းက အနက်ရှိုင်းဆုံး ချောက်ကမ်းပါး လိုဏ်ဂူတွေထဲကနေ ရလာတဲ့ အထူးထုတ် ကုန်ပစ္စည်း... ‘ချောက်နက်ကြီးရဲ့ ဂျယ်လ်’ ပဲဗျို့။ အလွန် ပြင်းထန်တဲ့ ကော်စေး အာနိသင် ပါဝင်ပြီး ဝိညာဉ်စွမ်းအင် လျှပ်ကူးနိုင်စွမ်းလည်း သောက်ရမ်း ကောင်းတယ်နော်။ မန္တန်တွေ ဆွဲဖို့နဲ့ အခင်းအကျင်းတွေ ချဖို့အတွက် အကောင်းဆုံး ရွေးချယ်မှုပဲဗျ"
ထိုအခါ၊ ပစ္စည်းကျွမ်းကျင်သူဖြစ်သည့် ဆိုင်ရှင်က ကောက်ကိုင်ပြီး နမ်းကြည့်လိုက်သည်။
အနံ့မှာ နည်းနည်းစူးရှနေသော်လည်း အထဲ၌ ပါဝင်နေသော ထူးခြားသည့် မှော်အာနိသင်များကို ခံစားလိုက်ရသည့်အခါ သူ ချက်ချင်းပင် အံ့သြသွားတော့သည်။
“ဒါ... ဒါဟာ ဒဏ္ဍာရီလာ မိစ္ဆာသားရဲတွေရဲ့ ကိုယ်တွင်း အရည်တွေလား။ တကယ့်ကို အံ့မခန်းပါပဲလား။ အလယ်ပိုင်း တိုက်ကြီးမှာ ဒီလို ကုန်ကြမ်းမျိုးတွေက အင်မတန် ရှားပါးတာ။ တာအိုရောင်းရင်း... ဘယ်လောက်လဲ"
ထိုအခါ၊ ဇီဝခွေးလေး က မျက်မှန်ကို ပင့်တင်လိုက်ပြီး မတန်တဆဈေးကို မျက်နှာပြောင်တိုက်၍ ခေါ်လိုက်သည်။
“ဟီးဟီး... တစ်ပုလင်းကို ဝိညာဉ်ကျောက်တုံး ငါးဆယ်ပဲဗျို့။ ဈေးဆစ်လို့ မရဘူးနော်"
ဆိုင်ရှင်က တစ်ဖက်လူ စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် ပိုက်ဆံကို ချက်ချင်း ထုတ်ပေးလိုက်ပြီး သဘောတူလိုက်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့် အခါတွင်မူ ကစားသမားများ အကုန်လုံး လုံးဝ ရူးသွပ်သွားကြပြီ ဖြစ်၏။
“ဘုရားရေ..ငါလည်း ရောင်းမယ်ဟေ့"
“သူဌေးကြီး... ကျုပ်ဟာကိုလည်း ကြည့်ပါဦး။ ဒါဟာ ‘ခွန်အားကြီး တောဝက်ရဲ့ အစွယ်’ ပဲဗျို့"“သူဌေး... ဒါက ရှားပါးတဲ့ ‘စစ်မြေပြင်မှာ ပျက်စီးသွားတဲ့ ဝတ်ရုံစုတ်’ ဗျ။ အစွမ်းထက်တဲ့ စစ်သည်တော် တစ်ယောက်ရဲ့ အရှိန်အဝါတွေ အပြည့်အဝ ပါဝင်နေတယ်နော်"
မူလက ‘ပစ္စည်း လာဝယ်ရန်’ ရောက်လာကြသော ကစားသမားများမှာ မျက်စိတစ်မှိတ်အတွင်း၌ ‘ပစ္စည်းလာသွင်းသည့် ကုန်သည်ကြီးများ’ အဖြစ် ပြောင်းလဲသွားကြတော့သည်။ သူတို့မှာ ဝိညာဉ်သိုလှောင်အိတ်ထဲ၌ နေရာယူလွန်း၍ လွှင့်ပစ်ရန် နှမြောနေပြီး ရောင်း၍လည်း မရသည့် အမှိုက်များကို အကုန်လုံး ပုံအော၍ ထုတ်ရောင်းကြတော့သည်။
ကျိုးနေသည့် ပေါက်ပြားစုတ် တစ်လက်၊ ဆေးဖိုထဲမှ ထွက်လာသည့် အမည်းရောင် ပြာများ၊ တောင်နောက်ဘက်၌ ဖမ်းမိလာသည့် မျိုးဗီဇ ပြောင်းလဲနေသည့် ပုရစ်များ အပါအဝင် ဖြစ်၏။
စည်ကားလှသော်လည်း အရင်းအမြစ်များကို လက်ဝါးကြီးအုပ်ခံထားရသည့် ထျန်းကျီ မြို့တော်၌ ဤ ‘တောရိုင်းဒေသ’ မှ လာသော ထူးဆန်းသည့် အရာများသည် လူကြိုက်အများဆုံး ရှားပါးရတနာများ ဖြစ်လာခဲ့ပြီတည်း။
နာရီဝက်ခန့်အတွင်းမှာပင် စောစောကမှ အစောင့်များ၏ နှင်ထုတ်ခြင်းကို ခံခဲ့ရသည့် ‘ဒုက္ခသည်’ အုပ်စုကြီး၏ ဝိညာဉ်သိုလှောင်အိတ်များမှာ ယခုအခါ ဝိညာဉ်ကျောက်တုံးများနှင့် ဖောင်းအစ်လာကြပြန်သည်။
ဝမ်သဲ့ဖာမှာ အမှိုက်များ ရောင်းပြီး ရလာသည့် ဝိညာဉ်ကျောက်တုံး ရာချီကို ရေတွက်ရင်း ရယ်မောလွန်း၍ သူ၏ မျက်နှာမှ အဆီများတောင် တုန်ခါနေတော့၏။
“ငါတို့တော့ ချမ်းသာပြီကွ။ ဒါက ဘော့စ်တွေကို လိုက်သတ်နေတာထက် အများကြီး ပိုမြန်တာပဲကွ"
သို့သော် သူက မကြာခင်မှာပင် ဒီလောက်နှင့် အားမရနိုင်တော့ဘဲ ဘေးနားရှိ ‘ထျန်းကျီ စံအိမ်’ ဟု နာမည်ပေးထားသည့် သတင်းအချက်အလက်များနှင့် ရှားပါးလက်နက်များကို သီးသန့်ရောင်းချသည့် အဆင့်မြင့် ဆိုင်ကြီးတစ်ဆိုင်ကို လှမ်းကြည့်ကာ ဆိုလိုက်သည်။
“ညီအစ်ကိုတို့... ငါတို့ အမှိုက်ချည်းပဲ ရောင်းနေလို့တော့ မရဘူးဟေ့။ အဆင့်မြင့် ပစ္စည်းတွေဘက်ကို ပြောင်းရမယ်ကွ။ ဒီ ထျန်းကျီ မြို့တော်က ကျင့်ကြံသူတွေကို ကြည့်စမ်း။ အကုန်လုံးက အသားဖြူဖြူ နုနုရွရွလေးတွေ... တကယ့် ‘အကြမ်းစား အလုပ်တွေ’ ဆိုတာ ဘာမှန်း သူတို့ သေချာပေါက် မြင်ဖူးမှာ မဟုတ်ဘူး။ ကျောက်ကပ်ကြော် ရေ... မင်းရဲ့ အဆိပ်ဆေးလုံးတွေ ဘယ်မှာလဲ။ ထုတ်ပေးစမ်း။ ဒီ အလယ်ပိုင်း တိုက်ကြီးက အ တ တ တောသားတွေကို ‘ဇီဝဓာတု လက်နက်ရဲ့ တုန်လှုပ်မှု’ လေး နည်းနည်းလောက် ပေးလိုက်ကြရအောင်ကွာ။ ငါတို့ ကွေ့ယွမ်ဂိုဏ်းရဲ့ ‘အထူးထုတ် ကုန်ပစ္စည်း’ တွေကို ဇိမ်ခံ ပစ္စည်း ဈေးတွေနဲ့ ရောင်းစားကြမယ်ဟေ့"
ထျန်းကျီ မြို့တော်၏ ကုန်ဈေးနှုန်း စနစ်ကြီးကို ပစ်မှတ်ထားကာ အချိန်အတော်ကြာ ကြိုတင်စီစဉ်ထားခဲ့သော ‘အတိုင်းအတာ တစ်ခုလုံးကို နိမ့်ကျသွားစေမည့် တိုက်ခိုက်မှု’ နှင့် ‘အမှိုက်ပုံ ဈေးကွက်ရှာဖွေရေး စစ်ဆင်ရေးကြီး’ မှာ သတိမထားမိနိုင်သော ဤလမ်းထောင့်လေးမှနေ၍ တရားဝင် စတင်သွားခဲ့လေပြီ ။
အခန်း (၁၆၅) - ဆာဗာဖြတ်ကျော် ကုန်သည်ကြီးများ.. အဆိပ်တွေကို နတ်ဆေးအဖြစ် ပြောင်းလဲရောင်းချခြင်း
အလယ်ပိုင်းတိုက်ကြီး။ ထျန်းကျီမြို့တော်၏ တစ်ကိုယ်တော်ကျင့်ကြံသူများ ဈေးကွက်ထောင့်။
ပထမဆုံးအသုတ် "အမှိုက်" ပစ္စည်းများ ကုန်စင်သွားပြီးနောက်တွင်... ကစားသမားများ၏ ဆိုင်ခန်းရှေ့၌ စပ်စုလိုသော ကျင့်ကြံသူအမြောက်အမြား စုရုံးလာကြတော့သည်။
သူတို့ရောင်းချသော ပစ္စည်းများမှာ ကြည့်ရသည်မှာ အလွန်ကြမ်းတမ်းသော်လည်း "အနောက်ဘက်စွန်းတောရိုင်းဒေသ" မှလာသော ရှားပါးပစ္စည်းများ ဖြစ်နေခြင်းနှင့် သောက်ရမ်းပေါလှသော ဈေးနှုန်းများကြောင့် အောက်ခြေအဆင့် ကျင့်ကြံသူများမှာ မနေနိုင်မထိုင်နိုင် စိတ်လှုပ်ရှားနေကြရ၏။
"အဟမ်း... တာအိုရောင်းရင်းတို့ရေ။ ခုနကဟာတွေက အမြည်းပဲ ရှိသေးတာဗျို့။"
ဝမ်သဲ့ဖာ (ဒီဖရဲသီးမှည့်ပြီလား) သည် သစ်သားသေတ္တာတစ်လုံးပေါ်သို့ တက်ရပ်လိုက်ပြီး ရှေးဟောင်းဒီဇိုင်းနှင့် (တကယ်တော့ အတုပြုလုပ်ထားခြင်းသာဖြစ်သည်) ကျောက်စိမ်းပုလင်းလေးတစ်လုံးကို မြှောက်ပြလိုက်သည်။
ထိုပုလင်းထဲမှ ထူးဆန်းသော အစိမ်းရောင်မီးခိုးများ ထွက်ပေါ်နေ၏။ သူသည် ချောင်းတစ်ချက်ဟန့်ကာ အထီးကျန်ဆရာကြီးတစ်ဦး၏ ဟန်ပန်ကို ဖမ်းလျက် ဆိုလိုက်၏။
"အခု တကယ့်အစီအစဉ်ကောင်းကြီး စတော့မယ်ဟေ့။"
"ကျင့်ကြံခြင်းလမ်းစဉ်ဆိုတာ ကောင်းကင်ဘုံကို အာခံရတာဖြစ်ပြီး... အတားအဆီးတွေ အများကြီးရှိတယ်ဆိုတာ လူတိုင်းသိကြမှာပါ။ ဘယ်လောက်တောင် ပါရမီထူးတဲ့ ပါရမီရှင်တွေဟာ အဲ့ဒီစက္ကူပါးလောက်ပဲရှိတဲ့ အတားအဆီးကို မကျော်ဖြတ်နိုင်လို့ တစ်သက်လုံး နောင်တတွေနဲ့ နေသွားခဲ့ရသလဲဗျာ။"
ပတ်ဝန်းကျင်ရှိ တစ်ကိုယ်တော်ကျင့်ကြံသူများမှာ ထိုစကားကိုကြားသော် ခံစားချက်ချင်း တိုက်ဆိုင်သွားသဖြင့် ခေါင်းတငြိတ်ငြိတ် လုပ်နေကြတော့သည်။
"ဒါပေမဲ့..." ဝမ်သဲ့ဖာ၏ အသံမှာ ရုတ်တရက် မြင့်တက်သွား၏။
"ငါတို့ ကွေ့ယွမ်ဂိုဏ်းမှာတော့... လျှို့ဝှက်နတ်ဆေး တစ်မျိုး ရှိတယ်ဗျ။ အဲ့ဒါကတော့ အတားအဆီးဖြတ်ဆေးလုံးပဲ (အမှန်တော့ 'ပြုံးလျက် သေဆေး' ဖော်စပ်ရာတွင် ကျရှုံးထားသည့် အရာဖြစ်ပါသည်)။"
"ဒီဆေးက အစွမ်းထက်လွန်းလို့... အထဲမှာ အသက်အန္တရာယ်ရှိတဲ့ အဆိပ်တွေတောင် ပါဝင်နေတာဗျို့။ ဒါပေမဲ့ 'သေမင်းတံခါးဝရောက်မှ အသက်ပြန်ရှင်တယ်' ဆိုတဲ့ စကားရှိတယ် မဟုတ်လား။ မင်းတို့မှာ အသက်ကိုရင်းပြီး အဆင့်တက်ချင်တဲ့ စိတ်ဆန္ဒသာ ရှိမယ်ဆိုရင်... ဒီဆေးကို သောက်လိုက်တာနဲ့ အဲ့ဒီပြင်းထန်တဲ့ ဆေးအာနိသင်က မင်းတို့ရဲ့ အတားအဆီးတွေကို အတင်းအကြပ် ရိုက်ချိုးပေးလိမ့်မယ်။"
"လုပ်ငန်းစဉ်မှာ နည်းနည်းတော့ နာကျင်ရလိမ့်မယ် (သုံးရက်လောက် ဝမ်းလျှောခြင်းကို ဆိုလိုခြင်းဖြစ်သည်)။ ဒါပေမဲ့ အဲ့ဒါဟာ အောင်မြင်ဖို့အတွက် ဖြတ်လမ်းပဲဗျို့။"
ကြည့်နေသူများကြားတွင် ဆူညံပွက်လောရိုက်သွားတော့၏။
"အဆိပ်ပြင်းတယ် ဟုတ်လား။ ဒါကို တကယ်စားလို့ ရလို့လားဗျ။" "သေတွင်းထဲ ရောက်မှ ပြန်ရှင်လာမယ်ဆိုတော့... ကြည့်ရတာ အဓိပ္ပာယ်တော့ ရှိသားပဲ။"
လူအချို့မှာ စိတ်လှုပ်ရှားနေကြသော်လည်း အများစုမှာတော့ သံသယရှိနေကြဆဲပင်။ ဘာပဲဖြစ်ဖြစ် ဒီဆေးက ကြည့်ရတာ အဆိပ်နဲ့ အတော်လေး တူနေသည် မဟုတ်ပါလော။
ဤအချိန်တွင်... သြဇာရှိသော "ကုန်ပစ္စည်းသံတမန်" တစ်ဦး ထွက်ပေါ်လာရန် လိုအပ်နေပြီ ဖြစ်သည်။
(ညီမလေး ဆုဆု... နင့်အလှည့်ရောက်ပြီဟေ့။)
ဝမ်သဲ့ဖာသည် အနောက်ဘက်သို့ လှည့်ကာ... လူအုပ်အနောက်တွင် ပုန်းကွယ်ပြီး သူတို့ကို မသိချင်ယောင်ဆောင်နေသော ဆုချင်းကောကို မျက်စိတစ်ချက် မှိတ်ပြလိုက်၏။
ဆုချင်းကောမှာ အကူအညီမဲ့စွာ သက်ပြင်းချလိုက်ရရှာသည်။
သူမ၏ လက်ရှိဇာတ်ရုပ်မှာ ကွေ့ယွမ်ဂိုဏ်း၏ တပည့်ဖြစ်နေသဖြင့်... အခုသာ သူတို့ကို ဒုက္ခပေးလိုက်လျှင် အိမ်ပြန်ရောက်သည့်အခါ သေချာပေါက် အဆူခံရတော့မည် မဟုတ်ပါလော။
သူမမှာ မတတ်သာဘဲ အံကိုကြိတ်ကာ ရှေ့သို့ ထွက်လာခဲ့ရတော့၏။
ဖြူလွလွ ဝတ်ရုံလေးကို ဆင်မြန်းထားပြီး... လောကီနှင့် ကင်းကွာနေသည့် အရှိန်အဝါများ၊ ပြိုင်ဘက်ကင်းလှသော မျက်နှာထားရှိသည့် နတ်မိမယ်လေး တစ်ပါး ပေါ်ထွက်လာသည့်အခါ... ဈေးကွက်တစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားတော့သည်။
"ဘုရားရေ..လှလိုက်တဲ့ ကျင့်ကြံသူမလေးဗျာ။"
"ဒီအဆင့်အတန်းမျိုးဆိုရင်... သေချာပေါက် ဂိုဏ်းကြီး တစ်ခုက သမီးတော်ပဲ ဖြစ်ရမယ်။"
"ဒါဆိုရင် ဒီဆေးက တကယ် အစွမ်းထက်တာများလား။"
ဝမ်သဲ့ဖာသည် အခွင့်ကောင်းကို ချက်ချင်းဖမ်းဆုပ်ကာ ဆုချင်းကောကို လက်ညှိုးထိုးပြလျက် အော်ဟစ်လိုက်တော့၏။
"အားလုံးပဲ ကြည့်ကြစမ်းပါ။ ဒါဟာ ကျုပ်ရဲ့ ညီမလေးပဲဗျို့။ လွန်ခဲ့တဲ့ တစ်လလောက်ကတင်... သူမဟာ ချီစုစည်းမှု အဆင့် (၃) ပဲရှိတဲ့ အမှိုက်မလေး တစ်ယောက်ပါပဲ။ ဒါပေမဲ့ ဒီနတ်ဆေးကို သောက်လိုက်ပြီးကတည်းက... ကျင့်စဉ်တွေ တစ်ဟုန်ထိုး တက်လာရုံတင်မကဘူး... ရုပ်ရည်ကလည်း ဒီလောက်အထိ တောက်ပလာခဲ့တာဗျ။"
"ဒါဟာ သက်ရှိသက်သေပဲဗျို့။"
ဆုချင်းကောမှာတော့ နေရာမှာတင် သေချာပေါက် သေချင်စိတ်ပေါက်နေပြီ ဖြစ်၏။
(ငါက အခြေခံအုတ်မြစ် တည်ဆောက်ခြင်း အဆင့်လေ ။ ငါက နဂိုကတည်းက လှပြီးသားလေ။ ဘာ... 'အမှိုက်ကနေ နတ်ဘုရားမ ဖြစ်လာတာ' ဟုတ်လား။ နင်တို့ ပြောတဲ့ ဇာတ်လမ်းတွေက နည်းနည်းလောက်တော့ ယုတ္တိရှိအောင် လုပ်ကြစမ်းပါဦးဟယ်။)
သို့သော်လည်း ဝိုင်းကြည့်နေကြသော မျက်လုံးပေါင်းများစွာကြောင့်... သူမမှာ အရှက်တရားကို ဖိသိပ်ကာ ဖြည်းညှင်းသော အသံလေးဖြင့် ခေါင်းညိတ်ပြလိုက်ရရှာတော့သည်။
"အင်း... စီနီယာအစ်ကို ပြောတာ မှန်ပါတယ်။ ဒီဆေးလုံးက... တကယ်ပဲ... ထူးခြားတဲ့ အာနိသင်တွေ ရှိပါတယ်ရှင်။"
ကြည့်နေသူများအတွက်မူ... ထိုဝေဝါးသော စကားလေးမှာ လုံးဝငြင်းပယ်၍မရသော သက်သေကြီး ဖြစ်သွားခဲ့ပြီ ဖြစ်၏။
"နတ်မိမယ်လေးကိုယ်တိုင် ပြောပြီဆိုမှတော့ သေချာပြီဗျို့။"
"ဝယ်မယ်... ငါလည်း ဝယ်မယ်။ ငါ အဆင့်တက်ချင်ပြီဟေ့။"
"ငါလည်း နတ်မိမယ်လေးလို လှချင်တယ်"
လူအုပ်ကြီးမှာ ရူးသွပ်စွာ အော်ဟစ်လိုက်ကြတော့၏။
"ငါ့ကို တစ်လုံးပေး။ ဘယ်လောက်လဲ။"
"ကျုပ် ဆယ်လုံး ယူမယ်ဗျာ။ အခြေခံအုတ်မြစ် တည်ဆောက်ဖို့အတွက် အကုန်အောမယ်။"
ဝမ်သဲ့ဖာမှာ ပြုံးဖြီးဖြီးဖြင့် ပိုက်ဆံများ သိမ်းကာ ဆေးများကို အလုအယက် ထုတ်ပေးနေတော့သည်။
"အထူးဈေးနဲ့ ရောင်းပေးနေတာနော်။ တစ်လုံးကို ဝိညာဉ်ကျောက်တုံး တစ်ရာပဲ။ ရိုးသားဖြောင့်မတ်တဲ့ ဈေးဗျို့။"
တစ်ချိန်တည်းမှာပင်၊ အခြားတစ်ဖက်ရှိ ဆိုင်ခန်း၌မူ... ဆောက်လုပ်ရေးခွင်မှ ဦးလေးကျန်း သည်လည်း သူ၏ "ယဉ်ကျေးမှု တင်ပို့ခြင်း" အလုပ်ကို လုပ်နေ၏။
သူသည် လုံးခြေထားသော စာရွက်စုတ်ကြီး တစ်ရွက် (အရင်က သူဖျက်ဆီးခဲ့သော တရားမဝင် အဆောက်အဦး ဒီဇိုင်းဖြစ်ပါသည်) ကို ကိုင်ကာ... မုတ်ဆိတ်ဗရပွနှင့် အခင်းအကျင်း ဆရာကြီး တစ်ဦးကို ကြွားလုံးထုတ်နေတော့၏။
"တာအိုရောင်းရင်း... ဒီလိုင်းတွေကို ကြည့်စမ်းပါ။ ဒီဖွဲ့စည်းပုံ၊ ဒီကြီးကျယ်တဲ့ စိတ်ကူး... ဒါဟာ သေချာပေါက် ရှေးဟောင်းအပျက်အစီးတွေထဲက ဗိသုကာ ပုံစံကားချပ် အစစ်ပဲဗျို့။"
"ဒီ 'S' ပုံသဏ္ဍာန် ခံနိုင်ရည်နံရံ ဒီဇိုင်းကို ကြည့်ဦး။ ဒါဟာ ကောင်းကင်ဘုံတာအိုရဲ့ လျှို့ဝှက်ချက်တွေကို လိုက်နာထားတာဗျ။ ပြီးတော့ ဒီ ဇောက်ထိုးဆောက်ထားတဲ့ မျှော်စင်ကို ကြည့်စမ်း... အဲ့ဒါက မြေကြီးရဲ့ မိစ္ဆာစွမ်းအင်တွေကို စုပ်ယူဖို့အတွက်လေ။"
အခင်းအကျင်း ဆရာကြီးမှာ မျက်မှောင်ကြုတ်ကာ ကြည့်နေပြီး... ဖတ်လေလေ ပို၍ နက်နဲလေလေဟု ခံစားနေရတော့သည်။
"အံ့မခန်းပါလား... တကယ်ပဲ လုပ်နေကျ နည်းလမ်းတွေကို ပြောင်းပြန်လုပ်ထားတာလား။ စည်းကမ်းတွေကို ရိုက်ချိုးထားတာပါလား။ ဒါဟာ ဒဏ္ဍာရီလာ 'ယင်နဲ့ယန် ပြောင်းပြန်အခင်းအကျင်း' များလားဗျာ။"
အခင်းအကျင်း ဆရာကြီး၏ စကား အဆုံး၌၊ ဦးလေးကျန်းက သူ၏ ပေါင်ကို ဖြန်းခနဲ ပုတ်လိုက်၏။
"ခင်ဗျားက တကယ့် ပညာရှင်ပဲဗျာ။ တစ်ချက်ကြည့်ရုံနဲ့ သိတယ်နော်။ ဒါဟာ အလွန်ရှားပါးတဲ့ မူရင်းစာအုပ်ဗျ။ ကျုပ် အပျက်အစီးတွေထဲကနေ မနည်းယူလာခဲ့ရတာ။ ဝိညာဉ်ကျောက်တုံး ငါးရာပဲ ပေးဗျာ... သူငယ်ချင်းဖြစ်သွားအောင်။"
အခင်းအကျင်း ဆရာကြီးမှာ အလွန်တရာ ဝမ်းသာသွားပြီး ချက်ချင်းပင် ဝယ်ယူလိုက်တော့သည်။
သူသည် ဦးလေးကျန်းကို အကြိမ်ကြိမ် ကျေးဇူးတင်စကား ပြောနေပြီး... မိမိကိုယ်မိမိ အမြတ်ကြီး ရလိုက်သည်ဟု ထင်မှတ်နေတော့၏။
*
ထောင့်တစ်နေရာတွင်မူ...
ဇီဝခွေးလေး သည်လည်း သူ၏ [မိစ္ဆာအကျိအချွဲ အမြုတေ] အချပ်များကို ရောင်းချနေ၏။
"လာကြစမ်းဗျို့... အနောက်ဘက်စွန်းက အထူးထုတ် ကုန်ပစ္စည်း။ 'ချောက်နက်ဂျယ်လ်' ရပြီဟေ့။"
"ဒါဟာ ထိပ်တန်း လက်နက်ထုတ်လုပ်ရေး ကုန်ကြမ်းတင် မကဘူးဗျ... ခန္ဓာကိုယ်ကျင့်ကြံသူတွေ အတွက်လည်း နတ်ဆေးပဲ။ ကိုယ်ပေါ်မှာ သုတ်လိုက်တာနဲ့ အရေပြားရဲ့ ခံနိုင်ရည်ကို မြှင့်တင်ပေးရုံတင် မကဘူး (တကယ်တော့ ဂျယ်လ်အလွှာတစ်ခု ကပ်သွားခြင်းဖြစ်သည်)... အနည်းငယ် တိုက်စားတဲ့ ခံစားချက်ကနေတစ်ဆင့် ခန္ဓာကိုယ်ရဲ့ အလားအလာတွေကိုပါ လှုံ့ဆော်ပေးတာဗျို့။"
ခန္ဓာကိုယ် ကျင့်ကြံနေကြသော လူသန်ကြီး အချို့မှာ မျက်လုံးများ အရောင်တောက်လျက် နားထောင်နေကြပြီး... အားလုံးပင် ပိုက်ဆံထုတ်ကာ ဝယ်ယူကြတော့သည်။ အချို့ဆိုလျှင် နေရာမှာတင် ကိုယ်ပေါ် သုတ်ကြည့်ကြပြီး... သာယာနာကျင်သော (တကယ်တော့ နာကျင်နေခြင်းဖြစ်သည်) အော်ဟစ်သံများကို ထုတ်ဖော်နေကြတော့၏။
နာရီဝက်ခန့်အတွင်းမှာပင်။
ကွေ့ယွမ်ဂိုဏ်း၏ "ဆာဗာဖြတ်ကျော် ကုန်သည်ကြီးများ" သည်... သူတို့၏ ပြောင်မြောက်လှသော သရုပ်ဆောင်ချက်များ၊ အရှက်မရှိ လိမ်ညာမှုများနှင့် ဆုချင်းကော၏ "နာမည်ကြီး အရှိန်အဝါ" ကြောင့်... အမှိုက်ပုံကြီးကို မတန်တဆဈေးနှုန်းများဖြင့် အောင်မြင်စွာ ရောင်းချနိုင်ခဲ့ပြီ ဖြစ်၏။
လက်ထဲမှ လေးလံလှသော ဝိညာဉ်ကျောက်တုံးအိတ်ကို ကြည့်ကာ... ဝမ်သဲ့ဖာမှာ ခံစားချက်များ ပြည့်နှက်နေတော့၏။
"ဒီပိုက်ဆံတွေက ရတာ အရမ်း လွယ်လွန်းနေတယ် မဟုတ်ဘူးလား။"
"ဘာလို့ ဒီ အလယ်ပိုင်းတိုက်ကြီးက ကျင့်ကြံသူတွေက... ငါတို့ဆီက မွန်းစတားတွေထက်တောင် ပိုပြီး အနုရွနေကြတာလဲဟာ"
ထိုစဉ်၊ ကောင်းကင်ခွင်း ဓားတစ်လက် သည် အဝေးမှ တိုးလာနေသော တရားခံဖမ်းအဖွဲ့များကို ကြည့်ကာ တည်ငြိမ်စွာ သတိပေးလိုက်၏။
"တော်လောက်ပြီ... အမြတ်ရတုန်း လက်စသိမ်းကြစို့။ ငါတို့ ရောင်းတဲ့ဟာတွေက လူတော့ မသေစေနိုင်ပေမယ့်... တကယ်တမ်းကျတော့ အသုံးမဝင်တဲ့ ဟာတွေချည်းပဲလေ။ သူတို့တွေ ရိပ်မိသွားရင် ငါတို့တော့ ဒုက္ခရောက်ကုန်မယ်။"
"ဆုတ်ကြစမ်း။ လေပြင်းတိုက်တုန်း လစ်ကြစို့ဟေ့။"
ဝမ်သဲ့ဖာက လက်ဝှေ့ယမ်းလိုက်ရာ... လူတစ်အုပ်လုံး ဆိုင်ခန်းများကို အမြန်သိမ်းကာ၊ လူအုပ်ကြားထဲ တိုးဝင်ပျောက်ကွယ်သွားကြတော့သည်။
အဆိပ်ဆေးလုံးတွေ၊ စက္ကူစုတ်တွေနှင့် ရွှံ့တုံးတွေကို ကိုင်ကာ ကျန်ရစ်ခဲ့ကြသော "ကံကောင်းသူများ" ကတော့... ကောင်းကင်ဘုံကို အာခံပြီး သူတို့ရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်တော့မည်ဟု အိပ်မက်မက်နေကြဆဲပင်။
ဤနေ့တွင် ထျန်းကျီမြို့တော်၏ အောက်ခြေဈေးကွက်မှာ ဘေးဒုက္ခကြီးတစ်ခုနှင့် ကြုံတွေ့ခဲ့ရပြီ ဖြစ်၏။
တစ်ချိန်တည်းမှာပင်... "လျှို့ဝှက်ဆန်းကြယ်လှသော အနောက်တိုင်း ကွေ့ယွမ်ဂိုဏ်း" နှင့် သူတို့၏ "အံ့မခန်း" အထူးထုတ်ကုန်များအကြောင်းမှာ တစ်ကိုယ်တော်ကျင့်ကြံသူများကြားတွင် စတင်ပျံ့နှံ့သွားခဲ့ပြီ ဖြစ်လေသည်။