← Chapters

အခန်း (၂၄၅-၂၄၆)

Vol. 16 Ch. 245-246

အခန်း (၂၄၅-၂၄၆)

Vol. 16 Ch. 245-246

အခန်း ၂၄၅ ။ ကြံ့ခိုင်မှု

အပြင်ပန်းတွင်မူ ယောင်ကျယ်ယွီသည် ဧကရာဇ်ရှေ့တော်မှောက်တွင် မသင့်လျော်သော အပြုအမူကြောင့် ရာထူးလျှော့ချခံရသည်ဟု ပြောဆိုကြသည်။ သို့သော် မနက်ပိုင်းတွင် စုကျယ်ယွီ ကိုယ်ဝန်ပျက်ကျသည့် သတင်းနှင့် ဆက်စပ်ကြည့်လျှင် သံသယဖြစ်စရာ ဖြစ်နေသည်။

သို့သော် အရှင်မင်းကြီးက "နောက်တစ်ခါ မဖြစ်စေနဲ့" ဟု နှုတ်မိန့်ဖြင့်သတိပေးထားသဖြင့် ယောင်မျိုးရိုးကို မျက်နှာသာပေးထားကြောင်း သိသာသည်။ ထို့ကြောင့် မည်သူမျှ ဘာမှမပြောရဲကြပေ။

ယောင်ကျယ်ယွီ ရာထူးကျခြင်းသည် သူမ၏ ကိုယ်ပိုင်အမှားကြောင့်သာ ဖြစ်သည်ဟု လက်ခံထားကြသည်။

ဤတစ်ကြိမ်တွင် တိုက်ကွေ့ဖေးတောင်မှ စိတ်ပူနေသော်လည်း ဝင်မကူညီရဲပေ။

တော်ဝင်မျိုးဆက်နှင့် ပတ်သက်လျှင် အရှင်မင်းကြီးသည် သည်းမခံတတ်ပေ။ အမှားလုပ်မိလျှင် ပိုပြီး အမုန်းခံရနိုင်သည်။

"ရှန်းအာက အမြဲ သတိထားတတ်ပေမဲ့ ဒီနှစ်ခါလုံး ယဲ့မျိုးရိုးလက်ချက်နဲ့ ရှုံးနိမ့်ခဲ့ရတယ်။ ပြီးတော့ရာထူးကျတာ နှစ်ခါလုံး ယဲ့မျိုးရိုးနဲ့ ပတ်သက်နေတယ်။ တကယ်ပဲ အဲ့မိန်းကလေးကို လျှော့တွက်လို့ မရဘူး။”

"ကျွန်တော်မျိုးမ အမြင်အရဆိုရင် ယဲ့မျိုးရိုးကို အမြန်ရှင်းပစ်ရမယ်။ သူသာ ဒီထပ်ပိုပြီးနေရာရလာရင် ယောင်ကျယ်ယွီအတွက် အကြီးမားဆုံး ရန်သူ ဖြစ်လာလိမ့်မယ်။”

ဖေ့ဟွမ်က ပြောလိုက်သည်။

တိုက်ကွေ့ဖေးသည် လက်ထဲမှ ပုတီးစေ့များကို ပွတ်သပ်ရင်း မျက်ဝန်းများ အေးစက်သွားသည်။

"သေချာပေါက် နည်းလမ်းရှာပြီး ရှင်းပစ်ရမယ်။ မဟုတ်ရင် ငါ စိတ်ချနိုင်မှာ မဟုတ်ဘူး"

သူမသည် အသက်ကြီးလာပြီဖြစ်သည်။မယ်တော်ကြီးကလည်းကျန်းမာရေး မကောင်းသလို သူမလည်း သိပ်မခိုင်မာတော့ပေ။

ယခင်ဧကရာဇ်၏အချစ်တော် ကွေ့ဖေးဘဝနှင့် ယခု တိုက်ဖေးဘဝသည် ကွာခြားလွန်းလှသည်။ စားဝတ်နေရေး အဆင့်အတန်း ကျဆင်းသွားသဖြင့် အရာအားလုံးကိုသည်းခံနေရသည်။ ထို့ကြောင့်မျှော်လင့်ချက်အားလုံးကို ယောင်ရှန်းအပေါ်တွင်သာ ပုံအပ်ထားသည်။

ယောင်ရှန်း၏ အတွေးသည်လည်း တိုက်ကွေ့ဖေးနှင့် အတူတူပင်။

အကွက်ဆင်ပြီး တိုက်ခိုက်သည်ထပ်

အဆိပ်ခတ်ပြီး သတ်လိုက်ခြင်းသည် ပို၍လွယ်ကူပေသည်။

ယခုကဲ့သို့ရာထူးကျပြီး ဘွဲ့ထူးဂုဏ်ပုဒ် ရုပ်သိမ်းခံရခြင်းသည် သူမအတွက် ကြီးမားသော အရှက်ကွဲမှု ဖြစ်သည်။ ယဲ့မျိုးရိုးနှင့် ဝူမျိုးရိုးတို့ တစ်ယောက်ချင်းစီ သေချာပေါက်ပြန်ပေးဆပ်ရမည်။

သို့သော် လောလောဆယ် အကျယ်ချုပ် သုံးလ ပြည့်အောင် စောင့်ရဦးမည်။ ရာထူးကျသွားသူကို မည်သူမျှ ဂရုမစိုက်ကြပေ။ ယောင်ရှန်း ရာထူးကျခြင်းနှင့် စုကျယ်ယွီ ကိုယ်ဝန်ပျက်ကျခြင်းတို့သည် မကြာမီ ရောက်ရှိလာမည့် နှစ်သစ်ကူးပွဲတော်၏ ပျော်ရွှင်မှုများအောက်တွင် မှေးမှိန်

ပျောက်ကွယ်သွားတော့သည်။

မိဖုရားခေါင်ကြီးသည် လပေါင်းများစွာ အနားယူကုသပြီးနောက် ဒဏ်ရာများ သက်သာပျောက်ကင်းလာပြီ ဖြစ်သည်။

သို့သော် ဒီတစ်ခေါက် အတွေ့အကြုံကြောင့် ပိုမို သတိထားလာပြီး အလုပ်များကို တစ်ယောက်တည်း မလုပ်တော့ဘဲ ခွဲဝေပေးလိုက်သည်။

ရှူးဖေး၊ ကျင်းဖေး နှင့် ဝမ်ရှိုးရီ တို့ကို ခေါ်ယူပြီး နှစ်သစ်ကူးပွဲတော်အတွက် တာဝန်ခွဲဝေပေးသည်။

ဒီနှစ်ပွဲတော် ကျင်းပရာတွင်အနည်းငယ် အခက်အခဲ ရှိနေသည်။ နန်းတွင်းတွင် ကလေးတစ်ယောက် ဆုံးရှုံးသွားသဖြင့် အရမ်းမပျော်ရွှင်သင့်ပေ။ သို့သော် အရှင်မင်းကြီး၏ တောင်ပိုင်းခရီးစဉ် အောင်မြင်မှုကြောင့် နိုင်ငံတော်ဘဏ္ဍာ တိုးပွားလာသဖြင့် ပျော်ပွဲရွှင်ပွဲ ကျင်းပသင့်ပြန်သည်။

နောက်ဆုံးတွင် နင်ချန်၏ ဆုံးဖြတ်ချက်ကို မေးမြန်းလိုက်သည်။

"စည်းကမ်းအတိုင်း လုပ်လိုက်ပါ။ အရမ်းစည်ကားစရာ မလိုသလို၊ ရှောင်ကြဉ်စရာလည်း မလိုပါဘူး။ ဒါပေမဲ့ ကျားစခ်ဒေသဘက်ကို ကျန်းဆုလာဘ်တွေအပြင် စူးမျိုးရိုးရဲ့ မိခင်ကိုပါ ပစ္စည်းတချို့ ပေးပို့လိုက်ပါ။”

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး။ ဒီချန်းချဲ့ နားလည်ပါပြီ"

မိဖုရားခေါင်ကြီး ခေါင်းညိတ်လိုက်ပြီး ဆက်မေးသည်။

"စုကျယ်ယွီကိုရော သီးသန့် ဆုချစရာ လိုမလား။ သူက ကျန်းမာရေး မကောင်းဘဲ ကလေးဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းနေမှာပါ"

စုကျယ်ယွီ ကိုယ်ဝန်ပျက်ကျမှုကို မည်သူ့အပေါ်မှ အပြစ်ပုံချ၍ မရသဖြင့် သူမ၏ အစေခံက မသင့်လျော်သော ဆေးဝါးများ တိုက်ကျွေးမိ၍ဟုသာ ကောက်ချက်ချလိုက်သည်။ ထို့နောက်အစေခံ၏ လိမ်ညာမှုကို ခံလိုက်ရသော သားကောင်အဖြစ် သတ်မှတ်လိုက်သည်။

နင်ချန် မျက်မှောင်ကြုတ်လိုက်ပြီး ငြင်းဆန်လိုက်သည်။

"စည်းကမ်းအတိုင်းပဲ လုပ်လိုက်ပါ။ သူကိုက ကံမကောင်းတာပါ။ အထူးဂရုစိုက်ပေးဖို့ မလိုပါဘူး။ နှစ်သစ်ကူးပွဲတော် တက်ရောက်စရာ မလိုဘဲ အနားယူခွင့် ပေးလိုက်ပါ။”

အတွင်းရေးကို သိထားသော နင်ချန်သည် စူးမျိုးရိုးကို ခွင့်လွှတ်ရန် ဝန်လေးနေသည်။

မိဖုရားခေါင်ကြီး ခေါင်းညိတ်လိုက်ပြီး နောက်ထပ် ကိစ္စတစ်ခုကို တင်ပြသည်။

"နှစ်သစ်ကူးပြီးရင် ရွေးချယ်ပွဲတွေ လုပ်တော့မှဆိုတော့ မကြာခင်လူသစ်တွေ ရောက်လာတော့ပါမယ်။ လက်ရှိ ကိုယ်လုပ်တော်တွေရဲ့ ရာထူးတွေကိုအရင်တိုးပေးလိုက်ရမလား။ အားလုံးက အရှင်မင်းကြီးကို ပြုစုလာတာ ကြာပြီဆိုတော့ လူသစ်တွေ ရောက်လာရင် မျက်နှာမငယ်ရအောင်ပါ။”

နင်ချန် စဉ်းစားပြီးနောက်ပြန်ဖြေလိုက်သည်။

"မိဖုရားခေါင်ကြီး ပြောတာ မှန်ပါတယ်။ ရာထူးတိုးပေးလိုက်ပါ။”

မိဖုရားခေါင်ကြီး ပြုံးလိုက်ပြီး စာအုပ်တစ်အုပ်ကို ကမ်းပေးလိုက်သည်။

"ဒီချန်းချဲ့ စာရင်းပြုစုထားပါတယ်။ အရှင်မင်းကြီး ကြည့်ရှုပေးပါဦး"

နင်ချန် ယူကြည့်လိုက်သည်။

စာရင်းထဲတွင် ကျင်းဖေးကို သယ့်ဖေး၊ ဝမ်ရှိုးရီကို ရွှင်ရုန်၊ ယိရှိုးယွမ်ကို ရှိုးရီ၊ ကျန်းချိုက်ရန်ကို ဝမ်ရုန်၊ ရှမိန်ရန်ကို ကျယ်ယွီ နှင့် ချွေ့ပေါင်လင်ကို ချိုက်ရန်အဖြစ် ရာထူးတိုးပေးထားသည်။

"ကျင်းဖေးက ပထမဆုံး ပြုစုခဲ့တဲ့သူဖြစ်သလို ဒုတိယမင်းသားကိုလည်း မွေးစားထားတော့ သယ့်ဖေး ရာထူးနဲ့ ထိုက်တန်ပါတယ်။ ဝမ်ရှိုးရီကလည်း နှစ်ပေါင်းများစွာ ပြုစုခဲ့ပြီး မင်းသမီးလေး မွေးထားတော့ ရွှင်ရီအဆင့် ပေးလိုက်မယ်။ ကလေးမွေးထားတဲ့ ကုသိုလ်ရှိတော့ အဆင့်ကျော်ပြီး ပေးလည်း ကိစ္စမရှိပါဘူး"

"ရှမျိုးရိုးကိုတော့ ရာထူးမတိုးပေးနဲ့ဦး။ ကျိုးချိုက်ရန်နဲ့ ကျန်းပေါင်လင်တို့နှစ်

ယောက်ကို တစ်ဆင့်စီ တိုးပေးလိုက်။”

မိဖုရားခေါင်ကြီးပြင်ဆင်ထားသောစာရင်းကို ကြည့်ပြီး နင်ချန် ပြင်ဆင်လိုက်သည်။

ကျိုးမျိုးရိုးနှင့် ကျန်းမျိုးရိုးအကြောင်း ယဲ့ယွင် မကြာခဏ ပြောဖူးသဖြင့် နင်ချန် သတိရပြီး ရာထူးတိုးပေးလိုက်ခြင်း ဖြစ်သည်။ သူတို့နှစ်ဦးက ရိုးသားကြသည်။

မိဖုရားခေါင်ကြီးသည် နင်ချန်၏စကားကြောင့် အံ့ဩသွားခဲ့သည်။ နှစ်ပေါင်းများစွာ လစ်လျူရှုခံထားရသော ထိုနှစ်ယောက်ကို အရှင်မင်းကြီးက သတိရနေလိမ့်မည်ဟု မထင်မှတ်ထားပေ။

သို့သော်၎င်းမှာ သေးငယ်သော ကိစ္စရပ်များသာဖြစ်၍ လက်ခံလိုက်သည်။

ဒီနှစ်တွင် နှင်းကျတာ နောက်ကျသော်လည်း အချိန်ကိုက် ကျဆင်းနေသည်။

နှစ်သစ်ကူး ညစာစားပွဲ ကျင်းပနေစဉ် နှင်းပွင့်လေးများ ကျဆင်းလာပြီး နန်းတော်မီးရောင်များအောက်တွင် လှပသော ရှုခင်းကို ဖန်တီးပေးသည်။

ဒီနှစ်ပွဲတော်ကို ယောင်မျိုးရိုး တက်ရောက်ခွင့် မရသဖြင့် ရာထူးတိုးပွဲကို မမြင်တွေ့လိုက်ရပေ။ ဒီတစ်ခေါက်တွင် ဝူမျိုးရိုး (ယိရှိုးယွမ်) သည် အကြီးအကျယ် မျက်နှာပွင့်ခဲ့သည်။ နင်ချန်က သူမကို ရှိုးရီအဆင့်အစား အဆင့်ကျော်ပြီး ရွှင်ရုန်အဆင့်သို့ တိုးမြှင့်ပေးလိုက်သည်။

ကျင်းဖေးသည် သယ့်ဖေး ဖြစ်လာပြီး ကျန်လူများမှာ မူလအတိုင်း ဖြစ်သည်။

အံ့ဩစရာ အကောင်းဆုံးမှာ ကျန်းမျိုးရိုးဖြစ်သည်။ သူမသည် ချိုက်ရန်အဆင့်သို့ တိုးမြှင့်ခံရသည်။ ၎င်းမှာယဲ့ယွင်၏ ကူညီပေးမှုကြောင့်ဖြစ်မှန်း သိလိုက်ပေသည်။

မဟုတ်လျှင် တစ်ခါသာ အိပ်ဆောင်ဝင်ဖူးပြီး မေ့လျော့ခံထားရသူကို အရှင်မင်းကြီးက ဘယ်လိုလုပ် သတိရမှာလဲ။

.....

နှစ်သစ်ကူး ပွဲတော်တွင် စကားပြောခွင့် မရသော်လည်း နောက်တစ်နေ့တွင် မိခင်ဖြစ်သူ ချူရှီဝင်ရောက်တွေ့ဆုံခွင့် ရသောအခါ ယဲ့ယွင် သတင်းကောင်း ကြားလိုက်ရသည်။

မရီးဖြစ်သူ ယင်းမျိုးရိုးတွင် ကိုယ်ဝန်ရှိနေပြီ ဖြစ်ပြီး ဒီဇင်ဘာလအစောပိုင်းက သိရှိခဲ့ခြင်း ဖြစ်သည်။

ထိုသတင်းကြောင့် ဒီနှစ် မြို့တော်သို့ ပြန်လာပြီး အစီရင်ခံရမည့် အစ်ကိုဖြစ်သူ ယဲ့ကျယ်သည် ဒုတိယဗိုလ်ချုပ်ကို ကိုယ်စားလွှတ်လိုက်ပြီး ကိုယ်ဝန်ဆောင် ဇနီးသည်ကို စောင့်ရှောက်ရန် နေရစ်ခဲ့သည်။

ယဲ့ယွင် ဝမ်းသာအားရ ဖြစ်သွားပြီး မိခင်ဖြစ်သူကို ပစ္စည်းများစွာ ပေးအပ်လိုက်သည်။ အများစုမှာ ကိုယ်ဝန်ဆောင်နှင့် ကလေးအတွက် ဖြစ်သည်။

နောက်ထပ် သတင်းကောင်းတစ်ခုမှာ ဦးလေး၏ သားသမီးနှစ်ဦး အရွယ်ရောက်လာပြီ ဖြစ်သည်။

သူမထက် တစ်နှစ်ငယ်သော မောင်ဝမ်းကွဲ ယဲ့ဟွိုင်သည် အသက် ၁၈ နှစ် ပြည့်ပြီဖြစ်၍ နောက်နှစ် ဆောင်းဦးရာသီ စာမေးပွဲဝင်ဖြေမည်ဟုဆိုသည်။ တကယိတော်တော် ထူးချွန်တဲ့ ကလေးပဲ။ ယဲ့ယွင်ရဲ့တခြားဝမ်းကွဲအစ်ကိုတွေဆိုရင် အသက် ၂၅ လောက်မှ စာမေးပွဲ ဖြေခွင့်ရကြတာ။

ညီမဝမ်းကွဲ ယဲ့လျန်သည်လည်း ဒီနှစ်တွင် အရွယ်ရောက်ပြီး ( ၁၅ နှစ်) ဖြစ်၍ နောက်နှစ်တွင် အိမ်ထောင်ဘက် ရှာဖွေရတော့မည်။

အဒေါ်ဖြစ်သူ ယန်မျိုးရိုးသည် ယဲ့ယွင် နန်းတွင်းတွင် အခက်အခဲ ရှိနေမည်စိုး၍ ယဲ့လျန်ကို ဂုဏ်သရေရှိ မိသားစုနှင့် လက်ထပ်ပေးပြီး အကူအညီ ရယူလိုနေသည်။

ယန်မျိုးရိုး၏ပူပန်မှုကိုလည်း အပြစ်မဆိုနိုငိ

ပေ။ ယဲ့မိသားစုဝင်များသည် အိမ်ထောင်ခွဲ၍မနေကြပဲ အတူတကွစည်းလုံးစွာနေကြသည့်အပြင်

အိမ်ထောင်ဦးစီးသည် ယဲ့ကျယ်ဖြစ်သည်။

ယဲ့ကျယ်က နယ်စပ်တွင်ရာထူးကြီးစစ်သူကြီးဖြစ်ကာ ယဲ့ယွင်က နန်းတွင်းမှာ ကိုယ်လုပ်တော် ဖြစ်နေသည့်အတွက်

ယန်မျိုးရိုး၏ သားသမီးနှစ်ယောက်မှာသူတို့နှင့်ယှဉ်လျှင် အနောက်တွင်ကျန်ရစ်နေသကဲ့သို့ပင်။ ဘွဲ့ထူးဂုဏ်ပုဒ် ရှိပေမဲ့ သားဖြစ်သူက ယဲ့ကျယ်လောက် ရာထူးမကြီးသည့်အပြင် မရီးဖြစ်သူ ချူရှီရဲ့ အကူအညီ မပါပါက သူမ၏ကလေးနှစ်ယောက်မှဘာမှမဟုတ်ပေ။

သို့သော် ယဲ့ယွင်က သူမ၏ ရှေ့ရေးအတွက် ညီမလေး၏ ဘဝကို စတေးခံမည့်သူ မဟုတ်ပေ။ ယဲ့မိသားစုသည် သမီးမိန်းကလေးများကို အားကိုးပြီး ရပ်တည်ရမည့် အခြေအနေ မဟုတ်ကြောင်း၊ ယဲ့မိသားစု သားယောက်ျားလေးများသည် အိမ်ထောင်ကို ဦးစီးနိုင်စွမ်း ရှိကြောင်း အဒေါ်ဖြစ်သူကို ပြတ်ပြတ်သားသား ပြောလိုက်သည်။ ထိုစကားကြောင့် ယန်မျိုးရိုး စိတ်လှုပ်ရှားသွားပြီး မိသားစု စည်းလုံးမှု ပိုမို ခိုင်မြဲသွားခဲ့သည်။

ဒီခေတ်ကြီးထဲတွင် ခင်ပွန်းသည် မရှိဘဲ ရပ်တည်ရန်အလွန်ခက်ခဲပေသည်။ ယဲ့ကျယ်က လျင်မြန်စွာအရွယ်ရောက်လာပြီး ယဲ့ယွင်ကလည်း ထက်မြတ်စွာကြီးပျင်းလာခဲ့၍ မိသားစု မပြိုကွဲဘဲ တောင့်ခံနိုင်ခဲ့ခြင်းဖြစ်သည်။ မဟုတ်ပါက ချူရှီနှင့်ယန်မျိုးရိုးတို့ အမျိုးသမီးနှစ်ယောက်သည် ကလေးလေးယောက်နှင့်တော်ဝင်မြို့တော်တွေရပ်တည်နိုင်မည်မဟုတ်ပေ။

ဖခင်မရှိတော့သည့်အတွက် ယဲ့မိသားစု ကလေးများသည် ရွယ်တူများထက် ပိုမို ကြံ့ခိုင်သန်စွမ်းကြသည်။

***

wunzinnosp

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-246

အခန်း ၂၄၆ ။ ပြောင်းလဲခြင်း

အချိန်များလျင်မြန်စွာကုန်လွန်ပြီးနောက် နှစ်သစ်ကူးပမတ်လအစောပိုင်းသို့ရောက်လာခဲ့သည်။

ဖေဖော်ဝါရီလကတည်းက ရွေးချယ်ပွဲကျင်းပမည့်ရက်ကို သတ်မှတ်ထားပြီ ဖြစ်သည်။ မတ်လ ၁၂ ရက်နေ့တွင် စတင်ပြီး တစ်လကြာ ကျင်းပမည် ဖြစ်သည်။

ထို့ကြောင့်မတ်လအစောပိုင်းတွင် မြို့တော်၌ စည်ကားသိုက်မြိုက်နေခဲ့သည်။

ဒေသအသီးသီးမှ ရောက်လာသော လှပျိုဖြူလေးများသည် မြို့တော်ရှိ အဝတ်အစားဆိုင်၊ လက်ဝတ်ရတနာဆိုင်များတွင် ပြည့်နှက်နေကြသည်။

နန်ချီတွင် အကောင်းဆုံး အချက်တစ်ခုမှာ ရွေးချယ်ပွဲ ဝင်ရောက်ခြင်းသည် မိမိဆန္ဒသဘောထားအရသာဖြစ်ပြီး အရာရှိသမီးများကို မဖြစ်မနေ ဝင်ရောက်ရမည်ဟု အတင်းအကျပ် မလုပ်ပေ။

မဟုတ်လျှင် ဒီနှစ်တွင် အရွယ်ရောက်လာသော ယဲ့လျန်လည်း ရှောင်လွှဲနိုင်မည် မဟုတ်ပေ။

နင်ချန်သည် အလုပ်များနေသဖြင့် အနောက်ဆောင်သို့ မလာသည်မှာ လဝက်ခန့် ရှိပြီဖြစ်သည်။ အရှင်မင်းကြီး မလာသဖြင့် ငြိမ်သက်နေသော အနောက်ဆောင်သည် ရွေးချယ်ပွဲ ကျင်းပတော့မည် ဆိုသောကြောင့် လှုပ်ရှားလာသည်။

ဂါရဝပြုပွဲတွင် မိဖုရားခေါင်ကြီးက ရွေးချယ်ပွဲအကြောင်း စ၍ပြောလာသည်။

"ဒီနှစ် ဝင်ပြိုင်မယ့် မိန်းမပျိုစာရင်းတွေရောက်လာပြီ။ ပန်းကုန်းကြည့်ရသလောက်တော့ အားလုံးက ရုပ်ရည်ရော အရည်အချင်းရော ပြည့်စုံကြတယ်။ လူသစ်တွေ ရောက်လာရင် အားလုံး သဘောထားကြီးကြဖို့ အကြံပေးချင်တယ်။ အနိုင်မကျင့်ကြနဲ့နော်ဟုတ်ပြီလား။ ပန်းကုန်းတို့ အနောက်ဆောင်မှာ မိသားစုဝင်တွေတိုးလာတာကလည်း ကောင်းပါတယ်"

"အို... မယ်မယ် ဒီစကားကို မင်ရှိုးရုန်ကိုပဲ ပြောလိုက်ပါ။ ချန်းချဲ့တို့က ဘယ်သူ့ကိုမှ အနိုင်မကျင့်ပါဘူး။ ဒီထဲမှာစိတ်အဆက်ဆုံးက မင်ရှိုးရုန်ပဲလေ"

ရှူးဖေးက စောင်းမြောင်း ပြောလိုက်သည်။

ယဲ့ယွင် သူမကို ကြည့်လိုက်ပြီး အေးစက်စွာ ပြုံးလိုက်သည်။

"ချန်းချဲ့ရဲ့ စိတ်က ငယ်ငယ်ကတည်းက ဒီအတိုင်းပဲဆိုတာ မသိတာကျလို့ရှင်။ နန်းတွင်းရောက်တာ သုံးနှစ်ရှိပြီးအကျင့်ကိုမပြုပြင်ဘူးဆိုပေမဲ့ ဒီချန်းချဲ့က ကိုယ့်ကို အရင်မထိရင် ဘယ်သူ့ကိုမှဦးအောင်သွားမထိခိုက်ဖူးပါဘူး။ ပြောချင်တာကတော့ ချန်းချဲ့ကို လာမရှုပ်သရွ့ဘယ်သူ့ကိုမှ ဂရုစိုက်မှာမဟုတ်ဘူး။”

ထို့နောက် အဓိက ထိုင်ခုံဘက် လှည့်ကြည့်လိုက်သည်။

"ဒါပေမဲ့ တစ်ယောက်ယောက်က စည်းကမ်းဖောက်ဖျက်ပြီး လာရှုပ်ရင်တော့ ဒီချန်းချဲ့လည်း ငြိမ်ခံနေမှာ မဟုတ်ပါဘူး။ ဟုတ်တယ်မလား မယ်မယ်"

သူမဆိုလိုရင်းက ရှင်းပါသည်။ ကိုယ့်ကို မထိရင် ပြန်မထိဘူး။ လာထိရင်တော့ ညှာတာမှာ မဟုတ်ဘူး။ အကျင့်ကိုအာဏာနဲ့လာပြင်ခိုင်းနေတာလား။ ဒီဘဝမှာ စဉ်းကိုမစဉ်းစားနဲ့တော့။

မိဖုရားခေါင်ကြီး မျက်လွှာချလိုက်ပြီး ရယ်မောကာ ခေါင်းခါလိုက်သည်။

"မင်းကတော့လေ... အရှင်မင်းကြီး သဘောကျတာ မဆန်းပါဘူး။ အမြဲတမ်း ကလေးစိတ်နဲ့ ရိုးသားတယ်။ နန်းတွင်းမှာက အမှားအမှန် ခွဲခြားဖို့ လိုတယ်။ မင်ရှိုးရုန်

လည်း သတိထားပေါ့။”

"ကျေးဇူးတင်ပါတယ် မယ်မယ်။ ဒီချန်းချဲ့ စည်းကမ်းလိုက်နာပါ့မယ်"

ယဲ့ယွင် ပြုံးပြီး ခေါင်းညိတ်လိုက်သည်။

ထို့နောက် မိဖုရားခေါင်ကြီးသည် အခြားတစ်ဖက်သို့ လှည့်လိုက်သည်။

"သယ့်ဖေး... ဒုတိယမင်းသား နေကောင်းရဲ့လား။ မတွေ့ရတာ ကြာပြီ"

"ကျေးဇူးတင်ပါတယ် မယ်မယ်။ ဒုတိယမင်းသားက ကျန်းမာသန်စွမ်းပြီး အရပ်မြန်မြန် ရှည်လာတယ်။ လမ်းလျှောက်တာလည်း ငြိမ်နေပြီ။ စကားတောင် ပြောတတ်နေပြီ။ မနေ့က ဒီချန်းချဲ့ကို 'မယ်မယ်' လို့ ခေါ်လိုက်လို့ ပျော်သွားတာ"

ပြောနေစဉ် ကျင်းသယ့်ဖေး၏ မျက်နှာတွင် နူးညံ့ပျော့ပျောင်းမှုများ လွှမ်းခြုံနေပြီး မျက်ဝန်းထဲတွင် မိခင်မေတ္တာ အပြည့်ရှိနေသည်။ ကြည့်ရသည်မှာ ဒုတိယမင်းသားကို သားအရင်းကဲ့သို့ ချစ်နေပုံရသည်။

သို့သော် ဒီမြင်ကွင်းက မိဖုရားခေါင်ကြီး၏ မျက်စိထဲတွင် စူးခလုတ်သဖွယ်ဖြစ်နေသည်။

သူမ ကိုယ်ဝန်ပျက်ကျဖူးသော်လည်း ယခုအချိန်ထိကလေးမွေးစားခွင့်မရသေးပေ။ သယ့်ဖေးကတော့ ဒုတိယမင်းသားကိုအဆင်ချောစွာ ရရှိလိုက်သည်။ သူမ လိုချင်ခဲ့သော လမ်းကြောင်းကို သူများ ယူသွားသဖြင့် မကျေမနပ် ဖြစ်နေသည်။

သို့သော် ဟန်ဆောင်ပြုံးကာ ပြောလိုက်သည်။

"ကောင်းပါတယ်။ သယ့်ဖေးက ကိုယ်တိုင် မမွေးဖူးတော့ ကလေးထိန်းတာ ပထမဆုံးအကြိမ်ဆိုတော့ ပင်ပန်းမှာပဲ။ သားရင်း မဟုတ်ပေမဲ့ ကျွေးမွေးပြုစုရတာကလည်း ကျေးဇူးကြီးတာပဲ။”

မိဖုရားခေါင်၏စကားကို ကြားလိုက်ရသောအခါ ကျင်းသယ့်ဖေး၏ အပြုံးများ မှေးမှိန်သွားသော်လည်း အထိုက်အလျောက်ပြန်ဖြေလိုက်သည်။

"မယ်မယ် စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်။ ဒီချန်းချဲ့က ကံမကောင်းလို့ ကိုယ်ဝန်မရနိုင်တော့ပေမဲ့ အရှင်မင်းကြီး ပေးသနားတဲ့အတွက် အခုလိုဒုတိယမင်းသားနဲ့ သားအမိတော်စပ်ခွင့် ရတာပါ။ ချန်းချဲ့က ကိုယ်တိုင် မွေးနိုင်တဲ့ မယ်မယ်နဲ့တော့ ယှဉ်လို့မရပါဘူး။”

မိဖုရားခေါင်ကြီး မျက်ဝန်းများ အေးစက်သွားသော်လည်း ဆက်လက်ပြုံးထားပြီး အသံကတော့ တည်ငြိမ်သွားသည်။

"ပန်းကုန်းက မိဖုရားခေါင်ကြီးလေ။ မင်းသား၊ မင်းသမီး အားလုံးက ပန်းကုန်းသားသမီးတွေပါပဲ။ မွေးမွေး၊ မမွေးမွေး ပန်းကုန်းရဲ့ သားသမီးတွေလို့ပဲသက်မှတ်ထားတာ။”

"ဟုတ်ကဲ့ပါ မယ်မယ်"

ကျင်းသယ့်ဖေး ပြုံးပြီး ခေါင်းညိတ်လိုက်သည်။ ဘေးမှ နားထောင်နေသူများ အားလုံး သယ့်ဖေး၏ အပြောင်းအလဲကို သတိထားမိလိုက်ကြသည်။

ယခင်က ကျင်းသယ့်ဖေးသည် လူတိုင်းအပေါ် ကောင်းမွန်ပြီး ဘယ်သူ့ကိုမှ မဆန့်ကျင်တတ်ပေ။ အထက်လူကြီးကို ရိုသေပြီး အောက်လက်ငယ်သားကို ကြင်နာတတ်သည်။ သို့သော် ယနေ့တွင် မိဖုရားခေါင်ကြီးကို ပြန်လှန်ပြောဆိုရဲလာသည်။

လူတွေက တကယ်ကိုပြောင်းလဲတတ်ကြတာပဲ။ ဒုတိယမင်းသားကို ပြုစုခွင့်ရတဲ့အပြင် အဆင့်တစ် ဖေး ဖြစ်လာသဖြင့် သယ့်ဖေး၏ ယုံကြည်မှု တိုးပွားလာခြင်း ဖြစ်သည်။

ထို့နောက် မိဖုရားခေါင်ကြီးသည် သယ့်ဖေးကို ဆက်မမေးတော့ဘဲ အခြားမင်းသား၊ မင်းသမီးများအကြောင်း မေးမြန်းသည်။

တတိယမင်းသား၏ တစ်နှစ်ပြည့်မွေးနေ့ပွဲ ဒီလထဲ ကျင်းပရမည် ဖြစ်သည်။

ယိရွှင်ရုန်သည် ကိုယ်တိုင် စီစဉ်ခွင့် ရှိသော်လည်း မိဖုရားခေါင်ကြီးက ဝင်ရောက်စွက်ဖက်ချင်နေသည်။ သို့သော် ယိရွှင်ရုန်သည် ဧကရာဇ်၏မျက်နှာသာပေးခံရသူ၊ သားရှိသူ၊ မိသားစုအင်အားကြီးသူ ဖြစ်သဖြင့် ကျောရိုးတောင့်တင်းသည့်အတွက် လိမ္မာပါးနပ်စွာ ငြင်းပယ်လိုက်သောကြောင့် မိဖုရားခေါင်ကြီး လက်လျှော့လိုက်ရသည်။

ဂါရဝပြုပွဲ ပြီးဆုံးသွားသောအခါ မိဖုရားခေါင်ကြီးသည် ကျန်းဝမ်ရုန်တစ်ယောက်တည်းကို ချန်ထားခဲ့သည်။

ရှူးဖေး ဒေါသထွက်နေသော်လည်း ဘာမှ မတတ်နိုင်ပေ။ ကျန်းဝမ်ရုန်သည် မနှစ်က သူမကို ကျော်ခွပြီး မိဖုရားခေါင်ကြီးဘက် ကူးပြောင်းသွားခဲ့သည်။ ရှူးဖေးက အနိုင်ကျင့်ချင်သော်လည်း မိဖုရားခေါင်ကြီး ကာကွယ်ထားသဖြင့် မအောင်မြင်ခဲ့ပေ။

လောလောဆယ် ကျန်းဝမ်ရုန်လက်ထဲတွင် သူမ၏ အားနည်းချက် မရှိသည်ကို ကျေးဇူးတင်ရမည်။ ထို့ကြောင့်အရှက်ကွဲရုံကလွဲပြီး တခြားဆုံးရှုံးမှု မရှိပေ။

....

ယွီရှို့အဆောင်။

ယဲ့ယွင် လမ်းလျှောက်ပြန်လာသည်။

မတ်လ အစောပိုင်း နွေဦးကာလတွင် ပန်းများ လှပစွာ ပွင့်နေသဖြင့် လှပသော ပန်းအချို့ ခူးယူလာခဲ့ပြီး ပန်းအိုးထိုးရန်စီစဉ်ခဲ့သည်။

ယွီရှို့အဆောင် ရောက်ပြီး မကြာမီ ကျိုချန်နန်းဆောင်မှ လူတစ်ယောက်ရောက်လာပြီး နေ့လည်စာ စားရန် အရှင်မင်းကြီး ခေါ်တော်မူကြောင်း လျှောက်တင်ခဲ့သည်။

သို့သော်အချိန်စောသေးသဖြင့် လေးနာရီလောက် လိုသေးသည်။ အချိန်ရသည့်အတွက် ယဲ့ယွင်ကိုယ်တိုင်အေးဆေးလုပ်ကိုင်နေကာ လူလွှတ်လိုက်ပြီး ကိုယ်ပိုင်အလုပ်များကို ဆက်လုပ်နေသည်။

လွန်ခဲ့သော နှစ်ရက်က စာအုပ်ညှပ်လုပ်

ချင်စိတ်များပေါ်လာခဲ့သည်။

ဒီနေ့ ပန်းခူးလာတာနဲ့ အတော်ပဲ။ ပန်းခြောက် စာအုပ်ညှပ် လုပ်ရင် လှမှာ သေချာတယ်။

ဟွေယွဲ့ နှင့် နန်ကျစ်တို့က ကူညီပေးခဲ့ကြပြီးစက္ကူထူ၊ သစ်သားပြားများ ရှာဖွေပြီး အလုပ်ရှုပ်နေကြသည်။

အချိန်နီးလာမှ အဝတ်အစားလဲပြီး ကျိုချန်နန်းဆောင်သို့ သွားရန် ပြင်ဆင်သည်။

လမ်းလျှောက်သွားရန်စီစဉ်

ထားသည့်အတွက် အချိန်စောပြီးထွက်ခွါခဲ့သည်။

အခုရက်ပိုင်းဝေါယာဉ်စီးတာ များ၍လှုပ်ရှားမှု နည်းပါးကာ နန်းတော်၏အစားအသောက် ကောင်းမွန်နေသဖြင့် နှစ်သစ်ကူးပြီးနောက် ကိုယ်အလေးချိန် တက်လာသလို ခံစားနေရသည်။ ထို့ကြောင့်လေ့ကျင့်ခန်း မလုပ်ပါကအမှန်ပင်ဝဖြိုးလာတော့မည်။

ယဲ့ယွင် လမ်းလျှောက်သွားချိန်တွင်

ညန်ကောင်းက အမြီးတနှံ့နှံ့ဖြင့် လိုက်ပါလာသည်။ ခေါင်းလေးမော့ကော လမ်းပြနေသကဲ့သို့ ရှေ့က သွားနေသည်။

ပိုင်ရှုက ပြန်မောင်းသော်လည်း ခွေးက လိမ္မာပါးနပ်စွာဖြင့် ရှောင်ထွက်သွားပြီး လူလာမှ ပြန်ကပ်လာကာ ဆော့ကစားနေသကသို့ဖြစ်နေသည်။ နောက်ဆုံးတွင် ယဲ့ယွင် ရယ်မောလိုက်ပြီး ခေါ်သွားလိုက်တော့သည်။

ထို့ကြောင့် ကျိုချန်နန်းဆောင် အပြင်ဘက်တွင် စောင့်နေသော ဟွိုက်အန်းသည် မင်ရှိုးရုန်၊ ဟွေယွဲ့၊ ပိုင်ရှု နှင့် ခွေးဖြူကြီးတစ်ကောင် လာနေသည်ကို အဝေးမှ လှမ်းမြင်လိုက်ရသည်။

မင်ရှိုးရုန် ခွေးမွေးထားမှန်း သိသော်လည်း အရှင်မင်းကြီးကို လာတွေ့တာ ခွေးပါ ခေါ်လာရသလား။

ယဲ့ယွင်ကတော့ တည်ငြိမ်စွာပင် ရောက်လာပြီး ပြုံးကာ ပြောလိုက်သည်။

"ဟွိုက်အန်း... အရှင်မင်းကြီးနဲ့ နေ့လည်စာ စားဖို့ လာပါတယ်လို့ လျှောက်တင်ပေးပါ"

"ရှိုးရုန် ဝင်ပါတော့။ အရှင်မင်းကြီး စောင့်နေပါတယ်။ နေ့လည်စာ ရောက်တော့မှာပါ"

ဟွိုက်အန်း တံခါးဖွင့်ပေးလိုက်သည်။

တံခါးပွင့်သည်နှင့် ညန်ကောင်းလေးက ဦးစွာပြေးဝင်သွားခဲ့သည်။

ဟွိုက်အန်း လန့်ဖျပ်သွားပြီး လိုက်ကြည့်ရာ ညန်ကောင်းသည် စာကြည့်စားပွဲနားတွင် အမြီးနှံ့ကာ အရှင်မင်းကြီးကို ပတ်ပြေးနေသည်ကို တွေ့လိုက်ရသည်။

***

All Chapters