← Chapters

အခန်း (၂၄၇-၂၄၈)

Vol. 16 Ch. 247-248

အခန်း (၂၄၇-၂၄၈)

Vol. 16 Ch. 247-248

အခန်း ၂၄၇ ။ ချွဲနွဲ့သူလေး

"ဟွိုက်အန်း... စိတ်မပူပါနဲ့။ ညန်ကောင်းက လိမ္မာတဲ့ကောင်လေးပါ။ လူကို မကိုက်ပါဘူး။ သူ အရှင်မင်းကြီးကို သဘောကျလို့ ကစားနေတာပါ။ ကျွန်မ ဝင်ခေါ်လိုက်မယ်"

ယဲ့ယွင် နှစ်သိမ့်ပြောကြားပြီး ဂါဝန်စကို မကာ အထဲသို့ ဝင်သွားလိုက်သည်။

ဟွိုက်အန်း တွန့်ဆုတ်နေသော်လည်း အရှင်မင်းကြီးက ခွေးကို ပွတ်သပ်ပေးနေသည်ကို မြင်လိုက်ရမှ စိတ်ချသွားသည်။

တံခါးမပိတ်တော့ဘဲ အပြင်တွင်သာ စောင့်နေလိုက်သည်။

"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"

ယဲ့ယွင် ယဉ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

"ရောက်လာပြီလား"

နင်ချန် မော့ကြည့်လိုက်ပြီး ဘေးနားမှ နေရာလွတ်ကို ညွှန်ပြလိုက်သည်။

"ဒီမှာ လာထိုင်"

ညန်ကောင်းက နားလည်သကဲ့သို့ ယဲ့ယွင်နားသို့ ပြေးသွားပြီး တစ်ပတ်ပတ်ကာ နင်ချန်ဘေးသို့ ပြန်လိုက်ပါသွားပြီး ယဲ့ယွင်၏ ခြေရင်းတွင် ထိုင်ချလိုက်သည်။

လူတစ်ယောက်နှင့် ခွေးတစ်ကောင်ကို ကြည့်ပြီး နင်ချန် အတော်သဘောကျနေသည်။

"မင်းရဲ့ခွေးက တော်တော် လိမ္မာတာပဲ"

"အရှင်မင်းကြီး ပေးထားတဲ့ခွေးပဲလေ။ သေချာပေါက် လိမ္မာမှာပေါ့။ ညန်ကောင်းလေးက သင်ရလွယ်တယ်"

ယဲ့ယွင် မျက်ခုံးပင့်လိုက်ပြီး ခွေးဘက်လှည့်ကာ အမိန့်ပေးလိုက်သည်။

"ညန်ကောင်း... ဂါရဝပြုလိုက်။”

"ဝုတ်... ဝုတ်"

ညန်ကောင်းက အမိန့်နာခံပြီး ခြေထောက်နှစ်ချောင်းထောင်ကာ လက်အုပ်ချီပြလိုက်သည်။

ဒါကို မြင်လိုက်ရတော့ နင်ချန် အံ့ဩဝမ်းသာသွားပြီး မျက်လုံးများ အရောင်တောက်လာသည်။

ခွေးလေ့ကျင့်ပေးသူများ ရှိသော်လည်း အရှင်မင်းကြီးရှေ့တွင် ခွေးလိမ္မာလေးမရှိဖူးပေ။ ထို့ကြောင့် ဆန်းသစ်နေသည်။

သူစိတ်ဝင်စားနေမှန်း သိသဖြင့် ယဲ့ယွင်က သင်ပြပေးလိုက်သည်။

"အရှင်မင်းကြီး လက်ကမ်းလိုက်ပြီး 'လက်ဆွဲမယ်' လို့ ပြောလိုက်။ သူလေးကဘယ်ညာတောင် ခွဲတတ်သေးတယ်"

နင်ချန် မယုံသလို ဖြစ်နေသော်လည်း စိတ်ဝင်စားသဖြင့် စမ်းကြည့်လိုက်သည်။

ကျွမ်းကျင်မှု မရှိသော်လည်း လက်ကမ်းပေးလိုက်သည်။

"ညန်ကောင်း... လက်ဆွဲမယ်"

ချက်ချင်းပင် လက်ဖဝါးပေါ်သို့ ခွေးလက်သည်းတစ်ခုရောက်လာခဲ့သညါ။

ညန်ကောင်းက အမြီးနှံ့ပြီး လျှာထုတ်ကာ ပျော်ရွှင်နေသည်။

"ညာဘက်လက်"

နင်ချန် စိတ်ပါလာပြီး ထပ်ခိုင်းလိုက်သည်။

ယဲ့ယွင် ပြောသည့်အတိုင်းပင် ညန်ကောင်းက ညာဘက်လက်ကို တင်ပေးလိုက်သည်။

နင်ချန် ဆက်ကစားချင်သော်လည်း ကလေးဆန်လွန်းသည်ဟု ထင်ရမည်စိုး၍ ထိန်းချုပ်လိုက်ရသည်။

"ခွေးလေးကိုလေ့ကျင့်ပေးဖို့ အချိန်အများကြီး ပေးထားပုံရတယ်။ နေ့တိုင်း ခွေးနဲ့ပဲ ကစားနေတာလား"

နင်ချန်က ရိုးရိုးသားသား မေးလိုက်ခြင်း ဖြစ်သော်လည်း ယဲ့ယွင် နားထဲတွင် တစ်မျိုးကြီး ဖြစ်နေသည်။ ထို့ကြောင့်မကျေနပ်ပဲမျက်စောင်းထိုးပြီး ပြန်ပြောလိုက်သည်။

"ဒီချန်းချဲ့က အသုံးမကျတော့ ခွေးနဲ့ပဲ ကစားတတ်တာလေ"

"အို... ကျန်းက အဲ့လိုသဘောနဲ့ ပြောတာ မဟုတ်ပါဘူး။ မင်းက တော်တော် စိတ်ကြီးတာပဲ"

နင်ချန် ပါးစပ်က ပြောနေသော်လည်း မျက်လုံးများက ပြုံးရွှင်နေပြီး သူမ၏ ပါးပြင်ကို ဆွဲညှစ်လိုက်သည်။

"ချွဲနွဲ့သူလေး"

"အာ...!"

ယဲ့ယွင် ရှောင်လိုက်သော်လည်း မလွှတ်သည့်အတွက်နှုတ်ခမ်းဆူပြီး ပြောလိုက်သည်။

"အရှင်မင်းကြီးက ခုနကလေးတင်ခွေးလက်ကို ကိုင်ပြီးပြီလေ။ အခု ဒီချန်းချဲ့ရဲ့ ပါးကို လာကိုင်နေပြန်ပြီ"

"မင်းက ရာရာစစကျန်းကို ရွံနေတယ်ပေါ့လေ။ တော်တော် သတ္တိကောင်းနေပါလား"

နင်ချန် မျက်လုံးမှေးလိုက်ပြီး လက်ဆွဲကာ သူမအားရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

မျက်လုံးချင်း ဆုံကြည့်လိုက်သောအခါ ဖီးနစ်ငှက်မျက်ဝန်းများထဲတွင် ဆိုးသွမ်းမှုများ ပါဝင်နေပြီး မိန်းမပျိုလေးကို စနောက်နေသော လူပျိုလှည့်သူနှင့် တူနေသည်။

ခါးကို ဖက်ထားသော လက်က ကလိထိုးလိုက်သဖြင့် ယဲ့ယွင် တခစ်ခစ် ရယ်မောလိုက်သည်။ ခေါင်းလောင်းသံလေးကဲ့သို့ ရယ်သံကို အပြင်ဘက်မှ အစေခံများပင် ကြားလိုက်ရသည်။

အရှင်မင်းကြီးရှေ့တွင် ဒီလောက် လွတ်လွတ်လပ်လပ် ရယ်မောရဲသူ ရှားပါးလှသည်။ မင်ရှိုးရုန်က တကယ် အချစ်ခံရသူပဲ။

သူတို့နှစ်ဦး၏ ရိုမန်တစ်ဆန်မှုကို ကြည့်ပြီး ညန်ကောင်းလေးသည် ခွေးစာမိသွားသည်။ (တစ်ကိုယ်တည်းသမားများ အတွဲများကို ကြည့်ပြီး အားကျရခြင်း)

သခင်နှစ်ယောက်က မိမိရှေ့တွေချစ်ကြည်နူးပြနေသည်ကို မကြည့်နိုင်တော့သဖြင့် ခဏကြာသောအခါ ညန်ကောင်း အပြင်ထွက်သွားလိုက်သည်။

မကြာမီ နေ့လည်စာ ရောက်လာသည်။

ဒီနေ့ ဟင်းပွဲများကို သေချာ စီစဉ်ထားပုံရသည်။ တစ်ဝက်က နင်ချန် ကြိုက်တာတွေ ဖြစ်ပြီး ကျန်တစ်ဝက်က ယဲ့ယွင် ကြိုက်တာတွေ ဖြစ်သည်။

ပဲငံပြာရည်နှပ် ဝက်လက်ကို ယဲ့ယွင် အကြိုက်ဆုံး ဖြစ်ပြီး ပန်းကန်တစ်ဝက်လောက် ကုန်အောင် စားလိုက်သည်။

ယခုခေတ် ဝက်လက်က အတုံးလိုက် မဟုတ်ဘဲ အလွှာလိုက် လှီးထားခြင်း ဖြစ်သည်။ အရသာ ရှိသော်လည်း ကိုက်စားရတာလောက် အရသာ မရှိပေ။

နောက်တစ်ခါ တစ်ယောက်တည်း စားရရင် တစ်တုံးလုံး ယူခိုင်းပြီး အားရပါးရ ကိုက်စားပစ်အုံးမယ်။

စားပွဲဝိုင်းတွင် အတူစားနေသော နင်ချန်သည် သူမ၏ အရိုင်းဆန်သော စိတ်ကူးကို မသိရှိလိုက်ပေ။ နေ့လည်စာ စားပြီးနောက် လက်ဖက်ရည်သောက်ရင်း အနားယူနေစဉ် နန်းတွင်းရေးရာဌာနမှ လူတစ်

ယောက် ဝင်ခွင့်တောင်းသည်။

နင်ချန်က ယဲ့ယွင်ကို မရှောင်ဘဲ ဝင်ခွင့်ပြုလိုက်သည်။ ဝင်လာသူမှာ မိန်းမစိုးချုပ် လျှိုချွမ်ကျုံးဖြစ်ပြီး ဒူးထောက်အရိုအသေပြုလိုက်သည်။

"အရှင်မင်းကြီး... ဒါက ဒီနှစ် ရွေးချယ်ပွဲ ဝင်ရောက်မယ့် အဆင့်သုံးနဲ့အထက် အရာရှိသမီးတွေ၊ ဂုဏ်သရေရှိ မိသားစုဝင်တွေရဲ့ စာရင်းပါ"

"ထားခဲ့လိုက်ပါ။ ရွေးချယ်ပွဲအတွက် ပြင်ဆင်မှုတွေ ပြီးပြီလား"

"စိတ်ချပါ အရှင်မင်းကြီး။ အားလုံး အဆင်သင့်ပါပဲ။ အခုကဒုတိယအကြိမ် ရွေးချယ်ပွဲဆိုတော့ အတွေ့အကြုံ ရှိနေပါပြီ။ အမှားအယွင်း မရှိစေရပါဘူး။ မိဖုရားခေါင်ကြီးလည်း ကိုယ်တိုင် ကြီးကြပ်နေပါတယ်"

၎င်းကမိဖုရားခေါင်ကြီးကိုပါ မြှောက်ပင့်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

မထူးဆန်းပါဘူး။ မိဖုရားခေါင်ကြီးက အာဏာရှိနေတုန်းပဲလေ။

"ကောင်းပြီ။ သွားတော့"

နင်ချန် လက်ကာပြလိုက်သည်။

ဒီရွေးချယ်ပွဲကို နင်ချန် သိပ်စိတ်မဝင်စားပေ။ သုံးနှစ်တစ်ကြိမ် ကျင်းပရမည့် စည်းကမ်းမို့သာ လုပ်လိုက်ရခြင်း ဖြစ်သည်။

လျှိုချွမ်ကျုံး ထွက်သွားပြီးနောက် စာအုပ်ကို မဖွင့်ကြည့်ဘဲ ဘေးသို့ ပစ်ထားလိုက်သည်။

ယဲ့ယွင် မျက်ခုံးပင့်လိုက်ပြီး စနောက်လိုက်သည်။

"မိဖုရားခေါင်ကြီး ပြောတာတော့ မိန်းမပျိုလေးတွေအားလုံးက လှပပြီး အရည်အချင်းရှိကြတယ်တဲ့။ ပြီးတော့ငယ်လည်း ငယ်ကြတယ်။ အရှင်မင်းကြီးက မကြည့်ချင်ဘူးလား။ ဒါမှမဟုတ် ဒီချန်းချဲ့ ရှိနေလို့ မကြည့်ရဲတာလား။”

"ဘာလဲ... ချင်းချင်းက ကျန်းကိုသဝန်တိုနေတာလား။”

နင်ချန် ပြုံးပြီး မေးလိုက်သည်။

"ဟွန့်... ဒီချန်းချဲ့က အစပ်ကြိုက်တယ်။ အချဉ် (သဝန်တိုခြင်း) မကြိုက်ဘူး"

ယဲ့ယွင် မေးစေ့မော့လိုက်ကာ ထောင်လွှားစွာဖြင့်မိန်းကလေးဆန်ဆန် ချွဲနွဲ့လိုက်ခြင်း ဖြစ်သည်။

နင်ချန် နှုတ်ခမ်းထောင့် ကွေးတက်သွားပြီး မျက်လုံးများ မှေးကျဉ်းသွားကာ အသံနှိမ့်ပြီး ပြောလိုက်သည်။

"အချဉ်ကြိုက်ရင် သား၊ အစပ်ကြိုက်ရင် သမီးဆိုတဲ့ စကားရှိတယ်။ ချစ်တဲ့သူက အစပ်ကြိုက်တယ်ဆိုတော့ သမီးလေး မွေးပေးရင်လည်း ကောင်းတာပဲ"

ထိုစကားကြောင့် ယဲ့ယွင် မျက်နှာနီရဲသွားကာ ရှက်ရမ်းရမ်းပြီး မျက်စောင်းထိုးလိုက်သည်။

"နေ့ခင်းကြောင်တောင်ကြီး ဘာတွေ ပြောနေတာလဲ။ ရှက်စရာကြီး"

"ကဲပါ... မပြောတော့ပါဘူး။ ညကျမှ ဆက်ပြောကြတာပေါ့"

ယဲ့ယွင် ပြောစရာ စကားမဲ့သွားသည်။

ဧကရာဇ်က ဘယ်တုန်းကများ ဒီလောက် စကားတတ်သွားတာလဲ။ သူမ မျက်နှာနီရဲနေသည်ကို ကြည့်ပြီး နင်ချန် ကျေနပ်သွားကာ ဆက်မစတော့ပေ။

စားပွဲပေါ်မှ စာအုပ်ကို ယူပြီး လှန်လှောကြည့်လိုက်သည်။

စာရင်းထဲတွင် သတ်မှတ်ထားသူ အချို့ ပါဝင်နေပုံရသည်။ နင်ချန်က ရည်ရွယ်ချက်ရှိရှိ ကြည့်ရှုနေသည်။

ခဏကြည့်ပြီးနောက် စာအုပ်ကို ယဲ့ယွင်ထံ ကမ်းပေးလိုက်သည်။

"ကြည့်ကြည့်ပါဦး"

"ဘာကြည့်ရမှာလဲ။ ဒီချန်းချဲ့အတွက် ရွေးပေးရမှာမှ မဟုတ်တာ"

ယဲ့ယွင် လက်ဖက်ရည်ခွက်ကို ကိုင်ထားပြီး မယူပေ။ နင်ချန်က သူမလက်နားတွင် ချပေးလိုက်သည်။

"မင်း မကြိုက်တဲ့သူ ပါမပါ ကြည့်ထားလေ။ ရွေးမိသွားရင် မင်း အနိုင်ကျင့်နေဦးမယ်"

ယဲ့ယွင် နှုတ်ခမ်းမဲ့လိုက်သည်။

"အရှင်မင်းကြီး ပြောပုံအရဆိုရင် ဒီချန်းချဲ့က ဘီလူးမကြီး ကျနေတာပဲ။ ဘယ်တုန်းက လူတွေကို အနိုင်ကျင့်ဖူးလို့လဲ"

ပြောနေသော်လည်း လက်ဖက်ရည်ခွက်ချပြီး ယူကြည့်လိုက်သည်။

အမှန်တိုင်း ပြောရရင် ဒီစာအုပ်က မိသားစုနောက်ခံလောက်ပဲ ကြည့်လို့ရတာ။ ရုပ်ရည်ကိုတော့ လုံးဝ ကြည့်လို့မရဘူး။

မှင်ချရေးဆွဲထားတာ ဖြစ်ပြီး ရေးဆွဲနည်းကလည်း ရိုးရှင်းလွန်းလို့ အဝတ်အစား၊ ဆံပင်ပုံစံ၊ လက်ဝတ်ရတနာ ကွဲပြားတာကလွဲရင် မျက်နှာတွေက တူတူတွေချည်းပဲ။

သို့သော် ဒီမိန်းကလေး ၁၂ ယောက်၏ မိသားစုနောက်ခံကတော့ တကယ် ကောင်းမွန်ကြသည်။ ၎င်းမှာသီးသန့် ရွေးထုတ်ထားခြင်း ဖြစ်နိုင်သည်။

ဒီ ၁၂ ယောက်ထဲက တော်တော်များများ ပါလာလောက်တယ်။

"ဘယ်လိုလဲ"

နင်ချန် မေးလိုက်သည်။

ယဲ့ယွင် စာအုပ်ပိတ်ပြီး ပြန်ထားလိုက်သည်။

"ဘာမှ မထူးခြားပါဘူး။ လူချင်းတွေ့မှ သိမှာပါ။ ဒါပေမဲ့ ကျန်းဝမ်ရုန်လို စိတ်ဓာတ်မျိုး မရှိရင် ပြီးတာပါပဲ"

နင်ချန် ပြောစရာ မရှိတော့ပေ။သူ၏ ချင်းချင်းက ကျန်းမျိုးရိုးကို မကြိုက်တာပေါ်လွင်နေသည်။

သူမ ပြောဖူးတာ ဘာတဲ့... ကြာပန်းဖြူမလား ပန်းဖြူလား

ဩော်... ဟုတ်ပြီ။ မကြာသေးခင်က နောက်တစ်မျိုး ထပ်တိုးလာသေးတယ်။ မြက်ခြောက်ပင် (ဟိုဘက်ဒီဘက် ယိမ်းနွဲ့သူ) တဲ့။

***

wunzinnosp

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -248

အခန်း ၂၄၈ ။ ပြင်းထန်သော ယှဉ်ပြိုင်မှု

အနောက်ဆောင်မှ အမျိုးသမီးများ၏ စိတ်ထဲတွင် မည်သို့ပင် ရှိစေကာမူ ရွေးချယ်ပွဲကို ပုံမှန်အတိုင်း ကျင်းပခဲ့သည်။

နင်ချန်က စိတ်မဝင်စားသဖြင့် တစ်ခါမှ မသွားရောက်ခဲ့ပေ။ အရာရာကို မိဖုရားခေါင်ကြီးအား လွှဲအပ်ထားပြီး ရှူးဖေးနှင့် သယ့်ဖေးတို့က ကူညီဆောင်ရွက်ပေးကြသည်။ ဒီအခြေအနေက မိဖုရားခေါင်ကြီးကို အာဏာပိုရစေသည်။

ရှူးဖေးနှင့် သယ့်ဖေးတို့သည် သားသမီးရှိကြသော်လည်း အချစ်မခံရသဖြင့် မိဖုရားခေါင်ကြီးကို မယှဉ်နိုင်ကြပေ။

ထို့ကြောင့် နင်ချန်သည် ရွေးချယ်ပွဲမစမီ ဖုန်းရှီးနန်းဆောင်သို့ သွားရောက်ပြီး သတိပေးစကား ပြောကြားခဲ့သည်။

အထူးသဖြင့် ရွေးချယ်သင့်သူများကို မှာကြားခဲ့ခြင်း ဖြစ်သည်။ ဒီတစ်ခေါက်တွင် မယ်တော်ကြီးလည်း စိတ်မဝင်စားပေ။ ချန်မိသားစုမှ မည်သူမျှ ဝင်ရောက်လာမည် မဟုတ်ကြောင်း သိထားသောကြောင့် ဖြစ်သည်။

ဒီကာလအတွင်း မယ်တော်ကြီးသည် ချန်ကျယ်ယွီကို ချီနင်နန်းဆောင်သို့ မကြာခဏ ခေါ်ယူပြီး ပြုစုခိုင်းသည်။ တကယ်တမ်းတွင် ချန်ကျယ်ယွီနှင့် ပထမမင်းသားတို့ သံယောဇဉ်ဖြစ်လာစေရန် ကြိုးစားပေးနေခြင်း ဖြစ်သည်။

ချန်ကျယ်ယွီနှင့် ပထမမင်းသားတို့၏ ဆက်ဆံရေး မည်သို့ရှိသည်ကို မသိရသော်လည်း ပထမမင်းသားနှင့် မယ်တော်ကြီးတို့သည် တကယ့် မြေးအဖွား သံယောဇဉ် ဖြစ်ထွန်းလာကြသည်။

ပထမမင်းသားသည် ကျန်းမာရေး မကောင်းဘဲ မိခင်နှင့် ကွဲကွာနေရသဖြင့် လူကို တွယ်တာတတ်သည်။ နို့ထိန်းသည်များက အစေခံများဖြစ်၍ စည်းကမ်းကို လိုက်နာရသဖြင့် ကလေးနှင့် ရင်းနှီးခွင့် မရကြပေ။ ၎င်းမှာသွေးသားတော်စပ်မှုကြောင့်လည်း ဖြစ်နိုင်သည်။ ပထမမင်းသားသည် မယ်တော်ကြီးကို အလွန်တွယ်တာလာသည်။

မယ်တော်ကြီးသည် အသက်ကြီးလာပြီး အထီးကျန်နေသူ ဖြစ်သည်။ ငယ်စဉ်က နန်းတွင်းပြိုင်ဆိုင်မှုများကြောင့် သားဖြစ်သူ နင်ချန်နှင့် သံယောဇဉ် မရှိခဲ့ပေ။ ယခု အသက်ကြီးလာပြီး စိတ်နှလုံး နူးညံ့လာချိန်တွင် မြေးအရင်းလေးကို တကယ် ချစ်မြတ်နိုးလာသည်။

ချီနင်နန်းဆောင်မှ လူတိုင်း သိကြသည့်

အချက်မှာမယ်တော်ကြီးသည် ယခုအခါ ပိုမို ပြုံးရွှင်လာသည်။

မြေးလေးကို ဂရုစိုက်နေရသဖြင့် နင်ချန်၏ နိုင်ငံရေးနှင့် အနောက်ဆောင်ကိစ္စများကို ဝင်ရောက်စွက်ဖက်မှု နည်းပါးလာပြီး သားအမိဆက်ဆံရေး တိုးတက်လာသည်။

ပထမမင်းသားသည် မယ်တော်ကြီးထံတွင် နေထိုင်ရပြီး လူရှုပ်သက်သာသဖြင့် အနားယူခွင့်ရကာ ကျန်းမာရေး တိုးတက်လာသည်။ ဒါတွေက မမျှော်လင့်ထားသော ကောင်းကျိုးများ ဖြစ်သည်။

အနောက်ဆောင်သို့ ပြန်ကြည့်လိုက်လျှင် လေးလကြာ လစ်လျူရှုခံထားရသော ယောင်ရှန်းသည် ပြန်လည်နိုးထရန် အခွင့်အရေး ရရှိလာသည်။

ဘဝနှစ်ခုစာ အတွေ့အကြုံကို အသုံးပြုပြီး မိသားစုထံ စာပို့ကာ အကြံပေးလိုက်သည်။

အခွန်အတုတ် ကိစ္စနှင့် ပတ်သက်ပြီး သူမ၏ ဖခင်နှင့် အစ်ကိုတို့သည် ထူးချွန်ပြောင်မြောက်သော အကြံဉာဏ်များ တင်ပြနိုင်ခဲ့ကြသည်။

ယောင်မိသားစု တင်ပြသော နည်းလမ်းသည် ဆန်းသစ်ပြီး ပြည့်စုံသဖြင့် နင်ချန်နှင့် အမတ်ကြီးများ တစ်လကြာ အဖြေရှာမရ ဖြစ်နေသော ပြဿနာကို ဖြေရှင်းပေးနိုင်ခဲ့သည်။

ဒီကိစ္စကြောင့် နင်ချန်သည် ယောင်ရှန်းကို ဆက်လက် လစ်လျူရှုထားရန် မဖြစ်နိုင်တော့ပေ။ ယောင်ရှန်းသည် နင်ချန်၏ စိတ်ကို ကောင်းစွာ နားလည်သဖြင့် မည်သို့ ပြုမူရမည်ကို သိသည်။

ထို့ကြောင့် နင်ချန်သည် ဝေ့ရွယ်ဆောင်တွင် နှစ်ရက်ဆက်တိုက် အိပ်စက်ခဲ့ပြီး ယောင်ရှန်း၏ ခက်ခဲသော လေးလတာ ကာလ ပြီးဆုံးသွားသည်။

ယဲ့ယွင်အတွက် မထူးဆန်းပေ။ ယောင်မိသားစု မပြိုလဲသရွေ့ ယောင်ရှန်းတွင် အားကိုးစရာ ရှိနေမည်ဖြစ်ပြီး လစ်လျူရှုခံရခြင်းသည် ခေတ္တသာ ဖြစ်သည်။

လက်ရှိ နိုင်ငံရေး အခြေအနေကို ကြည့်လျှင် မိဖုရားခေါင်ကြီး၏ မိသားစု အင်အားလျော့နည်းလာသည်။

ချန်မိသားစုတွင် ယင်းကော်ကုန်း နှင့် အရည်အချင်းရှိသော မယားငယ်သား ချန်ရှန်ယီတို့ ရှိနေသည်။ ယောင်မိသားစုက အခုမှ မျက်နှာပွင့်လာသည်။ ယိရွှင်ရုန်၏ ဝူမိသားစုလည်း အင်အားကြီးမားသည်။

ယဲ့ယွင်၏ အစ်ကို ယဲ့ကျယ်သည် ယောက္ခမ ယင်းမိသားစု၏ ထောက်ခံမှုဖြင့် လင်ကျိုးစစ်တပ်တွင် အာဏာရရှိထားပြီး အဘိုး၏ ချူမိသားစုလည်း နိုင်ငံရေးတွင် နေရာရလာပြီဖြစ်သည်။

သူတို့အားလုံးသည် အနောက်ဆောင်တွင် ရောက်ရှိနေသော ပထမတန်းစား မိသားစုများ ဖြစ်ကြသည်။

လူသစ်များ ရောက်လာလျှင် လက်ရှိ အင်အားစုများ ပြောင်းလဲသွားမလား မသိနိုင်ပေ။ အတိုချုံးပြောရလျှင် ပြိုင်ဆိုင်မှု ပြင်းထန်နေသည်။

ယနေ့ ဂါရဝပြုပွဲသည် ရွေးချယ်ပွဲ၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ မနက်ဖြန်တွင် နောက်ဆုံးအဆင့် ရွေးချယ်ပွဲ ကျင်းပမည် ဖြစ်သည်။

"မနက်ဖြန် နောက်ဆုံးအဆင့် ရောက်ပြီ။ အယောက် ၄၀ ကျန်သေးတယ်။ အားလုံးက အရည်အချင်းရှိကြတယ်။ ဘယ်နှစ်ယောက် အရွေးခံရမလဲ မသိဘူး"

မိဖုရားခေါင်ကြီး ပြုံးလျက် ပြောလိုက်သည်။

ရှူးဖေး မျက်နှာမကောင်းပေ။ မနေ့ညက ကောင်းကောင်း မအိပ်ရသဖြင့် မျက်ကွင်းညိုနေပြီး စိတ်တိုနေသည်။

"ဘာမှ နားမလည်တဲ့ ကောင်မလေးတွေကို မယ်မယ်က အထင်ကြီးလွန်းနေပါပြီ"

သူမ စိတ်ဆိုးရခြင်းမှာ အကြောင်းရှိသည်။ မနေ့က လူသစ်တစ်ယောက်ကြောင့် အရှက်ကွဲခဲ့ရသည်။

ယွီကျိုးဒေသမှ ရောက်လာသော ဟိုမျိုးရိုးဖြစ်သည်။ သူမသည် အဆင့်သုံး ဗိုလ်ချုပ် ဟိုဖျင်ပေ၏ ညီမဖြစ်ပြီး အသက် ၁၈ နှစ် ရှိပြီး ငယ်ရွယ်သူ မဟုတ်တော့ပေ။ နန်ချီနိုင်ငံ၏ ရွေးချယ်ပွဲ သတ်မှတ်ချက်မှာ ၁၅ နှစ်မှ ၁၈ နှစ် ဖြစ်သဖြင့် အသက်အကြီးဆုံး စာရင်းဝင် ဖြစ်သည်။

ရှူးဖေး၏ လက်အောက်မှ ကျန်းဝမ်ရုန်သည် မိဖုရားခေါင်ကြီးဘက် ကူးပြောင်းသွားသဖြင့် လူသစ်များထဲမှ တစ်ယောက်ကို ဆွဲခေါ်ရန် ကြိုးစားခဲ့ပြီး သူမနှင့် ဇာတိတူသော ဟိုမျိုးရိုးကို သဘောကျနေသည်။

မနေ့ညနေက ချန်ချွန်းနန်းဆောင်သို့ လာလည်ရန် လူလွှတ်ဖိတ်ခေါ်သော်လည်း ဟိုမျိုးရိုးက နေမကောင်းဟု အကြောင်းပြပြီး ငြင်းဆန်လိုက်သည်။

မနေ့ကအထိ ကောင်းနေပြီး ဒီနေ့မှ ရုတ်တရက် နေမကောင်းဖြစ်တာ မဖြစ်နိုင်ပေ။ သူမကို မျက်နှာမပေးချင်မှန်း သိသာနေသည်။ ထို့ကြောင့်ရှူးဖေး ဒေါသထွက်ပြီး အရှက်ကွဲခဲ့ရသည်။

"အစ်မတော် ပြောတာ ဟုတ်ပါတယ်။ ဘယ်သူကများ ကောင်မလေးဘဝကနေ မဖြတ်သန်းဖူးလို့လဲ။ နောက်ဆုံးအဆင့်ထိ ရောက်လာတဲ့သူတွေက သာမန်တော့ မဟုတ်လောက်ပါဘူး"

ကျင်းသယ့်ဖေးက ဝင်ပြောလိုက်သည်။

သို့သော် သူမ၏ မျက်ဝန်းထဲတွင် လှောင်ပြောင်မှုများ ပါဝင်နေသဖြင့် ရှူးဖေး ပိုဒေါသထွက်သွားသည်။

သယ့်ဖေး ပြောတာ မှန်နေသဖြင့် ပြန်ပြောစရာ မရှိဘဲ နှာမှုတ်ပြီး ငြိမ်နေလိုက်ရသည်။

မိဖုရားခေါင်ကြီး လက်ဖက်ရည်ခွက် ချလိုက်ပြီး ဆုံးမစကား ပြောလိုက်သည်။

"ကဲပါ... ရှူးဖေးရယ်။ သဘောထားကြီးပါဦး။ ကလေးတွေနဲ့ ဘာလို့ ဖက်ပြိုင်နေတာလဲ။ ပထမမင်းသမီးလေးတောင် ခြောက်နှစ် ရှိနေပြီ။ နင်လည်း တည်ငြိမ်သင့်ပြီ"

အသက်ကြီးပြီး စိတ်သဘောထား သေးသိမ်ကြောင်း ထင်ရှားစွာ ပြောလိုက်သဖြင့် ရှူးဖေး မျက်နှာနီရဲသွားသည်။

ကျန်းဝမ်ရုန် မရှိတော့သဖြင့် သူမသည် ပြန်လည်တုံ့ပြန်နိုင်စွမ်း မရှိတော့ပေ။

ရှူးဖေး အရှက်ကွဲနေသည်ကို ကြည့်ပြီး မိဖုရားခေါင်ကြီး စိတ်ကျေနပ်သွားကာအပြုံးပန်းများ ဝေဆာလျက် လက်ကာပြလိုက်သည်။

"ဒီနေ့တော့ ဒီလောက်ပဲ။ အားလုံး ပြန်ကြတော့"

အားလုံး အရိုအသေပြုပြီး အစဉ်လိုက် ပြန်လည်ထွက်ခွာကြသည်။ ဖုန်းရှီးနန်းဆောင် အပြင်ဘက်တွင် ဝမ်ရွှင်ရုန်သည် ယဲ့ယွင်နှင့် ကျိုးချိုက်ရန်တို့ကို လှမ်းခေါ်လိုက်သည်။

"ညီမလေးတို့ နေပါဦး။ ဟုန်တုက မုန့်အသစ်တွေ လုပ်ထားတယ်။ အရသာ ကောင်းတယ်။ ယီမေ့နန်းဆောင်ကို လိုက်ခဲ့ကြပါလား"

ယဲ့ယွင် ပြုံးလိုက်သည်။

"ညီမက စားသောက်ရတာ ကြိုက်တယ်။ အစ်မတော် မငြိုငြင်ရင် လိုက်ခဲ့ပါမယ်"

ကျိုးချိုက်ရန်လည်း သဘောတူသည်။

"ညီမက အားနေတာဆိုတော့ အစ်မတော်တို့နဲ့ စကားပြောရင်း အပျင်းဖြေရတာပေါ့"

သုံးယောက်သား ယီမေ့နန်းဆောင်သို့ ထွက်ခွာသွားကြသည်။ လက်ဖက်ရည်သောက်ရုံ သက်သက် မဟုတ်ဘဲ ဆွေးနွေးစရာ ရှိနေပုံရသည်။

သူမတို့တင် မဟုတ်ဘဲ မိဖုရားခေါင်ကြီးနှင့် ယိရွှင်ရုန်တို့လည်း လူသစ်ကိစ္စ စဉ်းစားနေကြသည်။ အခုတစ်သုတ်ထဲတွင် မိသားစုနောက်ခံ နိမ့်သော်လည်း ရုပ်ရည်ချောမောသူများ ပါဝင်နေသဖြင့် မိဖုရားခေါင်ကြီး မျက်စိကျနေသည်။

သူမတွင် ကျန်းဝမ်ရုန် တစ်ယောက်တည်းနှင့် မလုံလောက်ပေ။ သူမ၏ နေရာကို ခိုင်မာစေရန် ထိန်းချုပ်ရလွယ်ကူသော လူများကို လိုအပ်သည်။

ယိရွှင်ရုန်ကတော့ မိသားစုနောက်ခံ ကောင်းမွန်သော လူသစ်များကို စိတ်ဝင်စားနေသည်။ အဘယ်ကြောင့်ဆိုသော် သူမတွင် သားရှိနေပြီ ဖြစ်သည်။ တတိယမင်းသား၏ အနာဂတ်အတွက် အင်အားကြီးမားသော မဟာမိတ်များကို လိုအပ်သည်။

အဲ့ဒီလူသစ်တွေက သားမွေးပြီး သူမကို မကူညီတော့ရင်ရော ဆိုတာကတော့ နောက်မှ စဉ်းစားရမယ့် ကိစ္စပင်။

ဒီနန်းတော်ထဲမှာ ကိုယ်ဝန်ရဖို့တောင် ခက်ခဲတာ၊ မွေးဖို့ဆိုတာ ပိုခက်ခဲသေးတယ်။

***

All Chapters