အခန်း (၂၅၃-၂၅၄)
Vol. 16 Ch. 253-254
အခန်း ၂၅၃ ။ ကြွေရုပ်လေး
"အရှင်မင်းကြီး စိတ်ချပါ။ ကျွန်တော်မျိုးက ဆေးပညာလိုက်စားလာတာ ကြာပါပြီ။ ဒီလောက်တော့ နားလည်ပါတယ်။ အကယ်၍ အရှင်မင်းကြီး စိတ်မချရင် နောက်ထပ် ၁၀ ရက်နေမှ ပြန်စစ်ဆေးကြည့်ပါ့မယ်။ အဲ့ဒီအချိန်ကျရင် သေချာပေါက် ပြောနိုင်ပါပြီ။”
အရှင်မင်းကြီး ပျော်ရွှင်နေသည်ကို ကြည့်ပြီး သမားတော်ကျန်း မနေတတ် ဖြစ်နေသည်။
"ရှောင်ရန်ဆောင်ရန်တွေကတော့... အေးလွန်းတဲ့ အစားအစာတွေ မစားရပါဘူး။ အစပ်လျှော့စားပါ။ ကျန်တာကတော့ ပြဿနာ မရှိပါဘူး။ ရှိုးရုန်ရဲ့ ကိုယ်ဝန်အခြေအနေက ကောင်းမွန်ပါတယ်။ လှုပ်ရှားမှု နည်းနည်းလေး လုပ်ပေးတာ ကောင်းပါတယ်။ အမြဲတမ်း လှဲနေ၊ ထိုင်နေဖို့ မလိုပါဘူး။ နောက်ဆုံးအချက်ကတော့... မိန်းမယောက်ျားကိစ္စ ဆင်ခြင်ဖို့ပါပဲ။”
ထိုစကားကြောင့် နင်ချန် မျက်နှာရဲသွားသည်။ မနေ့ညက အရမ်း ကဲလိုက်မိတာကိုတွေးပြီး ကြောက်စိတ်ဝင်သွားသည်။
ကံကောင်းလို့ ဘာမှမဖြစ်သွားတာ။ နောက်နောင် ဆင်ခြင်မှဖြစ်တော့မယ်။
သမားတော်ကျန်း ထွက်သွားမှ ယဲ့ယွင် သတိပြန်ဝင်လာသည်။ အိပ်မက်မက်နေသလို ခံစားနေရသည်။ ကလေးယူဖို့ ပြင်ဆင်ထားသော်လည်း ဒီလောက် မြန်မြန်ဆန်ဆန်ရလာလိမ့်မည်ဟု မထင်ထားပေ။
အချိန်အတော်ကြာမှ နင်ချန်၏လက်ဖဝါးက သူမ၏ ဗိုက်ပေါ် ရောက်လာသောအခါ သူမ၏ကိုယ်ထဲတွင် အသက်သစ်တစ်ခု ရှင်သန်နေပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။
"ကောင်းတယ်... ကောင်းတယ်။ ဒီနေ့ အားလုံးကို ဆုချမယ်။ ယွီရှို့အဆောင်က လူတိုင်း ငွေစ ၂၀ စီ ဆုချမယ်။”
နင်ချန် လက်ဝှေ့ယမ်းပြီး အမိန့်ပေးလိုက်ရာ ယွမ်ကျိုက ချက်ချင်း လုပ်ဆောင်ရန် ပြင်လိုက်သည်။
ယဲ့ယွင် အမြန် တားလိုက်သည်။
"အရှင်မင်းကြီး... သမားတော်ကျန်း ပြောသွားတာ ကြားတယ်မလား။ တစ်လတောင် မပြည့်သေးဘူးတဲ့။ ဘာလို့ အလျင်လိုနေတာလဲ။ ၁၀ ရက်နေမှ ပြန်စစ်ဆေးပြီး သေချာမှ ကြေညာတာ မနောက်ကျပါဘူး။ အခု ကြေညာလိုက်ရင် လူတွေ ဝိုင်းလာပြီး ဂုဏ်ပြုကြတာနဲ့ ဒီချန်းချဲ့ ကောင်းကောင်း နားရမှာ မဟုတ်ဘူး။”
"ချင်းချင်း ပြောတာ ဟုတ်တယ်။ ကျန်း ပျော်လွန်းလို့ သတိလွတ်သွားတာ။”
နင်ချန် စိတ်လျော့လိုက်သော်လည်း မျက်ဝန်းထဲတွင် ပျော်ရွှင်ရိပ်များ တောက်ပနေဆဲ ဖြစ်သည်။ ဟွေယွဲ့က တိုးတိုးလေး သတိပေးလိုက်သည်။
"အရှင်မင်းကြီး... ရှိုးရုန်က အိပ်ရာထတာ နောက်ကျနေပါပြီ။ မနက်စာတောင် မစားရသေးပါဘူး။ ကိုယ်ဝန်ရှိနေပြီဆိုတော့ အစာမစားဘဲ နေလို့မဖြစ်ပါဘူး။”
ဒါကို ကြားလိုက်ရမှ နင်ချန် သတိရသွားသည်။
"ဟုတ်သားပဲ။ စားဖိုဆောင်ကို မြန်မြန်သွားပြီး အာဟာရရှိတာတွေ လုပ်ခိုင်းလိုက်။ ငှက်သိုက်ပေါင်း လုပ်ခိုင်းလိုက်။ သွေးငှက်သိုက်ကို သုံးနော်။”
သူ့ရဲ့ စိုးရိမ်ပူပန်မှုကို ကြည့်ပြီး ယဲ့ယွင် သဘောကျကာ ရယ်မောလိုက်မိပြီး ရင်ထဲ နွေးထွေးသွားသည်။ အနည်းဆုံးတော့ နင်ချန်က သူမကို တကယ် ချစ်မြတ်နိုးတာ သေချာတယ်။
စားဖိုဆောင်သို့ သွားရောက်မှာကြားသူမှာ ယွမ်ကျို ဖြစ်သည်။
သူက ပါးနပ်သူပီပီ အရှင်မင်းကြီးက နိုင်ငံရေးကိစ္စတွေကြောင့် ပင်ပန်းနေလို့ အားရှိအောင် စားချင်တာ ဖြစ်ကြောင်း အကြောင်းပြလိုက်သည်။ ယဲ့ယွင်အတွက် မှာတာလို့ ထုတ်မပြောပေ။
သခင်တွေက ဖုံးကွယ်ထားချင်မှတော့ သူက ထုတ်ပြောလိုက်ရင် ခေါင်းပြတ်သွားမှာပေါ့။
မနက်ခင်း တစ်ခုလုံး နင်ချန်သည် ယဲ့ယွင်ကို အသီးခွံ့ကျွေးလိုက်၊ နွားနို့တိုက်လိုက်နှင့် အလုပ်ရှုပ်နေသည်။ လမ်းလျှောက်ခွင့်တောင် မပေးဘဲ ပွေ့ချီသွားချင်နေသည်။
သို့သော် အလုပ်တွေ ရှိနေသဖြင့် ပြန်သွားရတော့မည်။ ယဲ့ယွင်က ယွီရှို့အဆောင်သို့ ပြန်နားချင်ကြောင်း ပြောလိုက်တော့သည်။ နင်ချန်အား အနှောင့်အယှက် မဖြစ်စေချင်၍ ဖြစ်သည်။
နင်ချန် မခွဲချင်သော်လည်း ညနေပိုင်းတွင် အမတ်ကြီးများနှင့် တွေ့ဆုံရဦးမည် ဖြစ်၍ ခွင့်ပြုလိုက်သည်။ ယွမ်ကျိုကို လိုက်ပို့ခိုင်းမလို့ လုပ်သော်လည်း ယဲ့ယွင် ငြင်းဆန်လိုက်သည်။
အရမ်း ထူးခြားနေရင် လူတွေ ရိပ်မိကုန်မှာပေါ့။
...
ယွီရှို့အဆောင် ပြန်ရောက်သောအခါ ပုံမှန်ဆိုရင် အတင်းခုန်တက်တတ်သော ညန်ကောင်းသည် ဒီတစ်ခါ ငြိမ်ကုပ်နေပြီး အမြီးနှံ့ကာ လှည့်ပတ်နေသည်။
"စဉ်းစားကြည့်မှ... ဒီ ၁၀ ရက်လောက်
အတွင်း ညန်ကောင်းက ငါ့ဆီ မခုန်
တက်တော့ဘူးပဲ။”
ယဲ့ယွင် ရုတ်တရက် သတိထားမိလိုက်သည်။
ဟွေယွဲ့ စဉ်းစားကြည့်တော့မှ ဟုတ်မှန်း သတိရလိုက်သည်။ ဒီရက်ပိုင်း အမှန်တကယ်ခွေးက ထူးဆန်းနေသလို ဖြစ်နေသည်။
ယဲ့ယွင် ပြုံးပြီး ခွေးခေါင်းကို ပွတ်သပ်ပေးလိုက်သည်။
"ခွေးတွေက လူတွေရဲ့ရောဂါနဲ့ ပြောင်းလဲမှုတွေကို အနံ့ခံနိုင်တယ်လို့ ကြားဖူးတာ တကယ် ဟုတ်နေတာပဲ။”
"ရှိုးရုန်... ဘာဖြစ်လို့လဲ။ နေမကောင်းလို့လား။ ဘယ်နား နာနေလို့လဲ"
နန်ကျစ်က အခန်းထဲမှ ထွက်လာပြီး စိုးရိမ်တကြီး မေးလိုက်သည်။ ယဲ့ယွင်နှင့် ဟွေယွဲ့တို့ ကြည့်ပြီး ပြုံးလိုက်ကြသည်။
ဟွေယွဲ့က တိုးတိုးလေး ပြောပြလိုက်သည်။
"မကောင်းတာ မဟုတ်ပါဘူး။ ကောင်းတာပါ။ ရှိုးရုန်မှာ ကိုယ်ဝန်ရှိနေပြီ။”
"တကယ်လား။”
နန်ကျစ် ဝမ်းသာအားရ ဖြစ်သွားပြီး မျက်လုံးပြူးကာ အော်လိုက်သည်။
"တိုးတိုး... တိုးတိုး"
ဟွေယွဲ့က သူမပါးစပ်ကို အမြန် ပိတ်လိုက်သည်။
"တစ်လတောင် မပြည့်သေးဘူး။ ၁၀ ရက်နေမှ ပြန်စစ်ဆေးရမှာ။ အပြင်မပြောနဲ့ဦး။ အခု လူတိုင်းက ဝေ့ရွယ်ဆောင်ကို အာရုံစိုက်နေကြတာ။ ငါတို့ ရှိုးရုန်က တိတ်တိတ်လေး ကိုယ်ဝန်ဆောင်ထားတာ ပိုကောင်းတယ်။”
နန်ကျစ် ခေါင်းညိတ်ပြီး ပါးစပ်ပိတ်ကာ ရယ်မောနေသည်။ အစေခံနှစ်ယောက်က အခန်းထဲရှိ ပစ္စည်းများကို အသစ်လဲချင်ကြသော်လည်း ယဲ့ယွင် တားလိုက်သည်။
နောက်ဆုံးတွင် ဆိုဖာပေါ်က မွေ့ရာကို အနူးညံ့ဆုံးတစ်ခုနှင့် လဲလိုက်ရုံသာ လုပ်လိုက်သည်။ အခုချိန်မှာ ဘာမှမဖြစ်သလို နေတာ အကောင်းဆုံးပဲ။
....
ညရောက်သောအခါ နင်ချန်သည် ယဲ့ယွင်ထံသို့ ထပ်လာသည်။
မနေ့ညကမှ ကိုယ်ဝန်ရှိကြောင်း သိလိုက်ရသော ယောင်ရှန်းသည် ရယ်စရာ ဖြစ်သွားသည်။
နှစ်ရက်ဆက်တိုက် အရှင်မင်းကြီးက သူမဆီ မလာပေ။ ဆုလာဘ်တွေပေးသော်လည်း လူကမူယွီရှို့အဆောင်သို့ရောက်နေသည်။
ဒါက လုံးဝ သူမက်ို ဂရုမစိုက်တာပဲ။
ယောင်ရှန်း ဒေါသထွက်ပြီး လက်ဖက်ရည်ခွက်များကို ရိုက်ခွဲပစ်သော်လည်း ဘာမှ မတတ်နိုင်ပေ။ ဒါက ကံတရားပဲလား။
ဘဝနှစ်ခု ဖြတ်သန်းခဲ့ပေမဲ့ နင်ချန်က သူမကို တစ်ချက်ကလေးတောင်လှည့်မကြည့်ဘူး။ အခွင့်အရေးရတိုင်း အသည်းအသန် ကြိုးစားခဲ့ပေမဲ့ ဒီဘဝက အရင်ဘဝလောက်တောင် အချစ်မခံရဘူး။
....
ယဲ့ယွင်ကတော့ တခြားသူတွေ မုန်းတာ၊ မမုန်းတာ ဂရုမစိုက်ပါဘူး။ အခုချိန်မှာ အရှင်မင်းကြီးက သူမကို ကြွေရုပ်လေးလို သဘောထားပြီး ပွေ့ဖက်ထားသည်။
မနေ့ညက ရေချိုးကန်မှာ ရေချိုးတုန်းက အိပ်ချင်လွန်းလို့ ခေါင်းမလျှော်ခဲ့ရဘူး။ ဒီနေ့ည ရေချိုးတော့မှ လျှော်လိုက်ရသည်။
နင်ချန်က စေတနာအပြည့်နှင့် ခေါင်းသုတ်ပေးသည်။ သူမကို ပေါင်ပေါ်တင်ပြီး ရင်ခွင်ထဲ ထည့်ကာ ဖြည်းဖြည်းချင်း သုတ်ပေးနေသည်။
"ကိုယ်ဝန် သုံးလပြည့်ရင် ရာထူးတိုးပေးမယ်။ နေရာသစ် ပြောင်းပေးမယ်။ မင်းက ကျိုဖင်အဆင့် ရောက်နေပြီဆိုတော့ သီးသန့် အဆောင်တစ်ခုမှာ နေသင့်တယ်။ ယွီရှို့အဆောင်က မဆိုးပေမဲ့ ကလေးမွေးဖို့အတွက်တော့ သေးလွန်းတယ်"
"အရှင်မင်းကြီး သဘောပါပဲ။”
ယဲ့ယွင်သည်မျက်လုံးမှေးပြီး ဇိမ်ခံနေသည်။ ခေါင်းခြောက်သွားပြီး အိပ်ရန် ပြင်သောအခါ ယဲ့ယွင်က နင်ချန်၏ လည်ပင်းကို သိုင်းဖက်လိုက်သည်။
ထို့နောက် ချွဲနွဲ့သလို၊ တောင်းပန်သလို ပြောလိုက်သည်။
"အရှင်မင်းကြီး... ဒီချန်းချဲ့ရဲ့ စိတ်ကို သိပါတယ်။ အရမ်း စိတ်ဆတ်တယ်လေ။ တခြားလူတွေနဲ့ အမြဲ ရန်ဖြစ်နေကျ။ အခု ကိုယ်ဝန်ရှိနေတော့ မဆိုးရဲတော့ဘူး။ ဒါပေမဲ့ အပြင်ထွက်ရင် ပြဿနာတက်မှာ စိုးရိမ်တယ်။ ဒီချန်းချဲ့က တောင့်ခံနိုင်ပေမဲ့ ဗိုက်ထဲက ကလေးလေးကို စိတ်ပူလို့ပါ။”
"အရှင်မင်းကြီးကို တောင်းဆိုချင်တာက... ဒီချန်းချဲ့ကို နေမကောင်းဘူးဆိုပြီး အပြင်မထွက်ခိုင်းဘဲ ထားပေးပါ။ သုံးလပြည့်ပြီး ကိုယ်ဝန်ခိုင်မာမှ ပြန်ထွက်ပါရစေ။ ဖြစ်မလားဟင်။”
နင်ချန် သူမကို ဖက်ထားရင်း ခဏစဉ်းစားပြီး သဘောတူလိုက်သည်။ သို့သော် ချက်ချင်းကြီး နေမကောင်းဖြစ်တာက သဘာဝမကျသဖြင့် အချိန်ယူရမည်။
နောက် သုံးလေးရက်အကြာတွင် မင်ရှိုးရုန် မျက်နှာမကောင်းဘဲ ချောင်းဆိုးနေသည်ကို လူအများ သတိထားမိလာသည်။
ငါးရက်အကြာတွင် မင်ရှိုးရုန် ရာသီဖျားမိပြီး အိပ်ရာထဲ လဲနေကြောင်းသတင်းထွက်လာသည်။
နင်ချန်က ချက်ချင်း အမိန့်ထုတ်ပြီး ယဲ့ယွင်ကို အနားယူစေကာ ဂါရဝပြုပွဲ မတက်ရောက်ရန်နှင့် အပြင်မထွက်ရန် မှာကြားလိုက်သည်။
သို့သော် မျက်နှာလိုက်သလို မဖြစ်စေရန် ဖန်းကျယ်ယွီကိုလည်း ကိုယ်ဝန်သုံးလမပြည့်မချင်း ဂါရဝပြုပွဲ တက်ရောက်စရာမလိုကြောင်း အမိန့်ထုတ်လိုက်သည်။
ဒီအမိန့်နှစ်ခုကြောင့် အနောက်ဆောင်တွင် တုံ့ပြန်မှုအမျိုးမျိုး ထွက်ပေါ်လာသည်။
ယဲ့ယွင် နေမကောင်းဖြစ်ခြင်းက အခြားကိုယ်လုပ်တော်များအတွက် အခွင့်အရေး ဖြစ်လာသဖြင့် ဝမ်းသာနေကြသည်။
ဖန်းကျယ်ယွီကတော့ မနာလိုစရာ ဖြစ်နေသည်။ သူမ ကလေး ပျက်ကျသွားရင် ကောင်းမှာပဲဟု ကျိန်ဆဲနေကြသည်။
ကိုယ်ဝန်မဆောင်ဖူးသူများက မနာလိုရုံသာ ရှိသော်လည်း ကိုယ်ဝန်ပျက်ကျဖူးသူများကတော့ ပိုပြီး ခံစားရသည်။ မိဖုရားခေါင်ကြီး အပါအဝင်ပေါ့။
လူအများက အအေးနန်းဆောင်ထဲက ကျောက်မျိုးရိုးကို မေ့နေကြသော်လည်း မိဖုရားခေါင်ကြီးကတော့ မမေ့နိုင်ပေ။
ကျောက်မျိုးရိုးက မကောင်းဆိုးဝါး ပစ္စည်းတွေ ယူလာလို့သာ သူမ ကိုယ်ဝန်ပျက်ကျခဲ့ရတာလေ။ လင်းမျိုးရိုးသေသွားပြီမို့ အသက်ရှင်ကျန်ရစ်သူ ကျောက်မျိုးရိုးသည် မိဖုရားခေါင်ကြီး၏ နှစ်ဆတိုးသော အမုန်းတရားကို ခံစားရတော့မည်။
***
wunzinnosp
အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC) -254
အခန်း ၂၅၄ ။ ပဋိပက္ခ
အချိန်သည် လျင်မြန်စွာကုန်လွန်သွားပြီး ၁၀ ရက် အချိန်ပြည့်သွားခဲ့သည်။
သမားတော်ကျန်းသည် သမားတော်ရှန်ကိုခေါ်ပြီး ယဲ့ယွင်ကို စစ်ဆေးရန် ရောက်လာသည်။ ဒီတစ်ခေါက် စစ်ဆေးရာတွင် ယဲ့ယွင်၌ ကိုယ်ဝန် တစ်လကျော်ရှိနေပြီဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။ တွက်ကြည့်လျှင် ၈လပိုင်း အစောပိုင်းက ရရှိခဲ့ခြင်းဖြစ်သည်။
နင်ချန်သည် ညီလာခံပြီးသည်နှင့် ယွီရှို့အဆောင်သို့ အပြေးရောက်လာပြီး ပျော်ရွှင်နေသည်။ သူက မကြာခဏ လာချင်သော်လည်း ယဲ့ယွင်က ခွင့်မပြုပေ။
"အပြင်လူတွေက ဒီချန်းချဲ့ နေမကောင်းဘူးလို့ သိထားကြတာ။ အရှင်မင်းကြီးက မကြာခဏလာနေရင် ရောဂါကူးမှာ မကြောက်ဘူးလားလို့ ပြောနေကြလိမ့်မယ်။ စိတ်ပူရင် ယွမ်ကျိုကိုပဲ လာကြည့်ခိုင်းလိုက်ပါ။”
နင်ချန်သည် သူမ၏ မထွက်သေးသော ဗိုက်ကလေးကို ပွတ်သပ်ကြည့်ပြီး စိတ်မကောင်း ဖြစ်မိသော်လည်း သားအမိနှစ်ယောက် ဘေးကင်းရေးအတွက် သဘောတူလိုက်ရသည်။
ထို့ကြောင့် နောက်ပိုင်းရက်များတွင် မင်ရှိုးရုန်သည် နေမကောင်းဖြစ်ပြီး လစ်လျူရှုခံရမည်ဟု ထင်မှတ်ထားကြသော်လည်း အရှင်မင်းကြီးက သူမ၏ ရောဂါအခြေအနေကို အထူးဂရုစိုက်နေကြောင်း တွေ့ရှိရသည်။
နှစ်ရက်၊ သုံးရက်တစ်ခါ ယွမ်ကျို သို့မဟုတ် ဟွိုက်အန်းကို ယွီရှို့အဆောင်သို့ စေလွှတ်လေ့ရှိသလို တစ်ခါတလေ သမားတော်ရှန်ကိုလည်း ကျိုချန်နန်းဆောင်သို့ ခေါ်ယူမေးမြန်းလေ့ရှိသည်။
ယဲ့ယွင်ကလည်း တကယ် နေမကောင်းဖြစ်နေသကဲ့သို့ အဆောင်တံခါးမထွက်ဘဲ နေသည်။ အပြင်လူများကိုတော့ အားနည်းနေသဖြင့် အိပ်ရာထဲတွင်သာ နေရကြောင်း ပြောထားသည်။
မိဖုရားခေါင်ကြီး သံသယဝင်လာပြီး လူလွှတ်စုံစမ်းသော်လည်း အရှင်မင်းကြီးက နှုတ်ပိတ်ခိုင်းထားသဖြင့် မည်သူမျှ မပြောရဲကြပေ။
သမားတော်ကျန်းကလည်း တချို့လူတွေက ကျန်းမာရေးကောင်းလွန်းရင် တစ်ခါတလေ ဖျားနာတတ်ကြောင်း၊ ဖျားရင်လည်း ပိုပြင်းထန်တတ်ကြောင်း ရှင်းပြသည်။
ဒီအကြောင်းပြချက်က ယုတ္တိရှိသဖြင့် မိဖုရားခေါင်ကြီး သံသယကင်းရှင်းသွားသည်။ တကယ်တမ်းတွင် နေမကောင်းဖြစ်နေသူ တစ်ယောက်ကို ဘယ်သူမှ သိပ်ဂရုမစိုက်ကြပေ။ အချစ်ခံရဖို့က ပိုအရေးကြီးတယ်လေ။
ယဲ့ယွင် အိပ်ဆောင်မဝင်နိုင်သဖြင့် သူမ၏ နေရာကို တခြားသူများ ခွဲဝေယူသွားကြသည်။
လူသစ်များထဲတွင် ချီဝမ်ရုန်နှင့် ဝမ်ဝမ်ရုန်တို့ အချစ်ခံရဆုံး ဖြစ်ပြီး ဟိုချိုက်ရန်က ဒုတိယလိုက်သည်။ ယွီပေါင်လင်က မိဖုရားခေါင်ကြီးကို အားကိုးပြီး အခွင့်အရေး ရနေသည်။ ကျန်လူများကတော့ သိပ်နေရာမရကြပေ။ လူဟောင်းများထဲတွင် ရှမိန်ရန် နေရာမရတော့ပေ။ ကျန်းဝမ်ရုန်လောက် မစွမ်းဆောင်နိုင်ပေ။
ယဲ့ယွင် နေမကောင်းဖြစ်နေသဖြင့် ယိရွှင်ရုန်တစ်ယောက်တည်းသာ နေရာရနေသည်။
လူဟောင်းများအားလုံး မျက်နှာငယ်နေကြသည်။
ချီဝမ်ရုန်သည် ချန်ကျယ်ယွီနှင့် မရင်းနှီးနိုင်ပေ။ တကယ်တမ်းတွင် သူမသည် အေးစက်စက်နိုင်သဖြင့် ဘယ်သူနဲ့မှ မရင်းနှီးပေ။
အားလပ်ချိန်များတွင် စာဖတ်ခြင်း သို့မဟုတ် ဥယျာဉ်တော်ထဲ လမ်းလျှောက်ခြင်းဖြင့်သာ ကုန်ဆုံးလေ့ရှိသည်။
အစေခံများ ပြောစကားအရ ချီမျိုးရိုးသည် နန်းတွင်းဝင်လာစဉ် အဝတ်အစား၊ လက်ဝတ်ရတနာ သိပ်မပါလာဘဲ စာအုပ်သေတ္တာကြီး တစ်လုံးသာ ပါလာသည်ဟု ဆိုသည်။
နင်ချန်က သူမ စာဖတ်ဝါသနာပါသည်ကို သိသဖြင့် စာအုပ်များစွာ ဆုချလေ့ရှိသည်။
အတိုချုံးပြောရလျှင် သူမသည် အချစ်ခံရသူ ဖြစ်သည်။ အချစ်ခံရသူ များလာလျှင် ပြဿနာ များလာတတ်သည်။ လူသစ်များအကြား ပထမဆုံးအကြိမ် ပဋိပက္ခ စတင်လာသည်။
အကြောင်းရင်းက ရိုးရှင်းသည်။ ၎င်းမှာမက်မွန်ပွင့်အလွှာကိတ် တစ်ပန်းကန်ကြောင့် ဖြစ်သည်။
ဒီမုန့်နာမည် ကြားရုံနဲ့ လုပ်ရခက်မှန်း သိသာသည်။ မုန်လာဥနီအရည်ဖြင့် ဂျုံနယ်ပြီး ပန်းရောင်ဂျုံသား ရအောင် လုပ်ရသည်။ ထို့နောက် အလွှာပါးပါးလေးများရအောင် လှိမ့်ပြီး အထပ်ထပ် ဖြစ်အောင် လုပ်ရသည်။ မက်မွန်ပွင့်ပုံစံဖော်ပြီး ဆီသုတ်ကာ မီးဖိုငယ်လေးဖြင့် ဖုတ်ရသည်။ အချိန်ကုန် လူပင်ပန်းသဖြင့် သခင်မများ မမှာလျှင် လုပ်လေ့မရှိပေ။
ချီဝမ်ရုန်သည် ပထမနေ့က ကျိုချန်နန်းဆောင်တွင် မင်သွေးပေးရင်း ဒီမုန့်ကို စားဖူးပြီး သဘောကျသွားသည်။ ဒုတိယနေ့တွင် ထပ်စားချင်သဖြင့် အစေခံကို မှာခိုင်းလိုက်သည်။ မုန့်ကလုပ်ရတာ ကြာသည့်အပြင် တိုက်ဆိုင်စွာပင် ဝမ်ဝမ်ရုန်လည်း ထိုမုန့်က်ို တစ်နေ့ တည်းမှာစားခဲ့သည်။
ဝမ်ဝမ်ရုန် မှာထားသော မုန့်က ကျက်နေပြီ ဖြစ်သည်။ စားဖိုဆောင်မှ လူများက ချီဝမ်ရုန်၏ မိသားစုသည် မြို့တော်မှ ဖြစ်သဖြင့် ဝမ်ဝမ်ရုန်ထက် အရှိန်အဝါ ကြီးသည်ဟု တွေးကာ ချီဝမ်ရုန်ကို ဦးစားပေးလိုက်သည်။ ထို့ကြောင့် ဝမ်ဝမ်ရုန်အတွက် လုပ်ထားသော မုန့်ကို ချီဝမ်ရုန်အား ပေးလိုက်သည်။
ဝမ်ဝမ်ရုန်၏ အစေခံ ရောက်လာသောအခါ မုန့်မရသေးကြောင်း ပြောလိုက်သည်။
ကြာနေပြီ ဖြစ်သော်လည်း မရသေးသဖြင့် ဝမ်ဝမ်ရုန် သံသယဝင်သွားသည်။
စုံစမ်းကြည့်လိုက်သောအခါ သူမ၏မုန့်ကို ချီဝမ်ရုန် ယူသွားမှန်း သိလိုက်ရပြီးဒေါသထွက်သွားသည်။
......
နောက်တစ်နေ့ ဂါရဝပြုပွဲတွင် ချီဝမ်ရုန်ကို စကားနာထိုးတော့သည်။
ချီဝမ်ရုန်သည် စကားများရန် မကြိုက်သော်လည်း အကြိမ်ကြိမ် စော်ကားခံရသဖြင့် သည်းမခံနိုင်တော့ပေ။
"ဝမ်မျိုးရိုး... နင်က ဘာသဘောလဲ။ တခြားနေရာမှာ စိတ်ဆိုးလာရင် ငါ့ဆီလာပြီး ရမ်းကားမနေနဲ့။”
စကားလုံးများက ပြင်းထန်လွန်းသဖြင့် ဝမ်ဝမ်ရုန် ဒေါသပေါက်ကွဲသွားသည်။
"ငါက ဘယ်သူ့ဆီမှာ စိတ်ဆိုးရမှာလဲ။ နင်က အပြင်ပန်းကြည့်ရင် အေးဆေးသလိုလိုနဲ့ နောက်ကွယ်မှာတော့ ညစ်ပတ်တာပဲ။ ငါ့ရဲ့ မုန့်တစ်ပန်းကန်ကို လုယူစားပြီး အခုကျတော့ မသိချင်ယောင် ဆောင်နေတယ်။ ရွှေကျောင်းပြောင် ဘုရားတည်ဆိုတာ နင့်လိုလူမျိုးကို ပြောတာပဲ။”
"နင် လျှောက်မပြောနဲ့။ ငါ ဘယ်တုန်းက နင့်မုန့်ကို လုစားလို့လဲ။ မနေ့က ငါ့အစေခံက..."
ချီဝမ်ရုန် စားပွဲကို ရိုက်ပြီး ပြန်ပြောသော်လည်း စကားတစ်ဝက်တွင် ရပ်တန့်သွားသည်။
"မနေ့က ဘာဖြစ်လဲ။ ချီဝမ်ရုန် သတိရပြီလား။”
ဝမ်မျိုးရိုး အေးစက်စွာ ရယ်မောလိုက်သည်။
"ချီမိသားစုက ဂုဏ်သရေရှိ မိသားစုကြီးပါ။ မုန့်တစ်ပန်းကန်လောက်ကို ဒီလောက်တောင် ငတ်မွတ်နေသလား။ ကိုယ့်အလှည့် ရောက်တဲ့အထိတောင် မစောင့်နိုင်ဘဲ သူများဟာ လုစားရသလား။”
ဒီအချိန်မှာ ချီဝမ်ရုန် သဘောပေါက်သွားကာ မျက်မှောင်ကြုတ်ပြီး ဘေးနားက အစေခံ ယွီဆော်ကို မေးလိုက်သည်။
"ယွီဆော်... မနေ့က စားဖိုဆောင်မှာ မုန့်သွားယူတုန်းက ဘာဖြစ်ခဲ့တာလဲ။”
ယွီဆော် ကြောက်လန့်တကြား ဖြေရှင်းတော့သည်။
"ကျွန်တော်မျိုးမ မုန့်သွားယူတုန်းက တာဝန်ခံ မိန်းမစိုးက အဆင်သင့်ရှိနေတယ်ဆိုပြီး ပေးလိုက်တာပါ။ ကျွန်တော်မျိုးမ ဘာမှ မသိပါဘူး"
ချီဝမ်ရုန် မျက်နှာပျက်သွားသည်။ ရှက်ရွံ့စွာဖြင့် မျက်လွှာချလိုက်ပြီး ဝမ်မျိုးရိုးကို မကြည့်ရဲတော့ပေ။ တိုးတိုးလေး ပြောလိုက်သည်။
"အောက်လက်ငယ်သားတွေ အမှားလုပ်မိတာပါ။ ဝမ်ဝမ်ရုန်ရဲ့ မုန့်ကို မှားယူမိတာ ဖြစ်မယ်။ တောင်းပန်ပါတယ်"
"အို... မလိုပါဘူး။ ဒီချန်းချဲ့က မခံယူဝံ့ပါဘူး။”
ဝမ်မျိုးရိုး လှောင်ပြောင်လိုက်သည်။
"အောက်လက်ငယ်သား အမှားဆိုရင် သူတို့အမှားပေါ့။ ဒီချန်းချဲ့ကအောက်လက်ငယ်သားတွေနဲ့ ဖက်ပြိုင်စရာ မလိုပါဘူး။”
'အောက်လက်ငယ်သား' ဆိုတဲ့ စကားလုံးကို အလေးပေး ပြောလိုက်ပုံက အဓိပ္ပာယ် ပါနေသည်။ ချီဝမ်ရုန် အမှားလုပ်မိထားသဖြင့် ပြန်မပြောနိုင်ဘဲ သည်းခံလိုက်ရသည်။
သူမတို့နှစ်ဦး ရန်ဖြစ်နေသည်ကို အားလုံးက ကြည့်နေကြသည်။
မိဖုရားခေါင်ကြီးက တမင် မတားဘဲ လွှတ်ထားလေသည်။ သူတို့နှစ်ယောက်ရဲ့ စိတ်ဓာတ်အမှန်ကို သိချင်လို့ ဖြစ်သည်။
ပုံမှန်အချိန်မှာ ဟန်ဆောင်နေကြပေမဲ့ စိတ်ဆိုးလာရင် စရိုက်မှန် ပေါ်လာတတ်တယ်လေ။ ဒီပွဲမှာ ချီဝမ်ရုန်က ရိုးသားပြီး စကားနိုင်မပြောတတ်သူ ဖြစ်ကြောင်း၊ ဝမ်မျိုးရိုးကတော့ ထက်မြက်ပြီး စကားလုံး ပြင်းထန်သူ ဖြစ်ကြောင်း သိလိုက်ရသည်။
ဝမ်မျိုးရိုးက အလွယ်တကူ အရှုံးပေးမည့်သူ မဟုတ်ပေ။ စိတ်ဆတ်တာ ကောင်းပါတယ်။ ယဲ့မျိုးရိုး ပြန်ကောင်းလာရင် သူတို့နှစ်ယောက် ထိပ်တိုက်တွေ့ကြမှာ။ အဲ့ဒီကျရင် ပွဲကောင်းပြီ။
မိဖုရားခေါင်ကြီးသာမက အခြားသူများလည်း ထိုသို့ တွေးမိကြသည်။
.....
ယွီရှို့အဆောင်တွင် ယဲ့ယွင်သည် ကိုယ်ဝန်ဆောင် အနားယူနေသော်လည်း အပြင်လောက အကြောင်းများကို သိရှိနေသည်။
ဒီနေ့ ဖုန်းရှီးနန်းဆောင်တွင် ဝမ်ရုန်နှစ်ပါး ရန်ဖြစ်သည့်ကိစ္စကိုလည်း ကြားသိရသည်။
ယဲ့ယွင် သုံးသပ်မိသည်မှာ ဝမ်မျိုးရိုးသည် အသည်းအသန်ဖြစ်မှသာ ရန်ရှာတတ်သူ ဖြစ်သည်။ သူမလို တွေ့ကရာလူကို ရန်ရှာတတ်သူ မဟုတ်ပေ။
ပြောရလျှင် ဝမ်မျိုးရိုးက ပျော့တဲ့အသီးကို ရွေးညှစ်တတ်သူ (အနိုင်ကျင့်ရလွယ်သူကို ရွေးပြီး အနိုင်ကျင့်သူ) ဖြစ်ပြီး သူမကတော့ ပျော့ပျော့မာမာ အကုန်ညှစ်တတ်သူဖြစ်သည်။
မာတဲ့အရိုးဆိုရင် ဓားနဲ့ ခုတ်ပစ်လိုက်ရုံပဲ။ ဘယ်တော့မှ အရှုံးမခံဘူး။ သို့သော် သူမ၏အတွေးများကို အပြင်သို့ ပေါက်ကြားခွင့် မပေးပေ။
ယွီရှို့အဆောင်သို့ သတင်းဝင်လာနိုင်သော်လည်း သတင်းပြန်ထွက်ခွင့် မရှိပေ။ ဒီအချက်ကြောင့် မဟာမိတ်များဖြစ်သော ဝမ်ရွှင်ရုန်နှင့် ကျိုးဝမ်ရုန်တို့ စိတ်မရှည်နိုင် ဖြစ်လာကြသည်။
တစ်လခန့် စောင့်ဆိုင်းပြီးနောက် ၁၀လပိုင်းလတွင် ကျရောက်သော ယဲ့ယွင်၏ မွေးနေ့တွင် အခွင့်အရေး ရရှိလာသည်။
လူမမာမေးရင်း မွေးနေ့ ဂုဏ်ပြုရန် ရောက်လာကြသည်။
***