← Chapters

အခန်း (၂၉၁)

Vol. 30 Ch. 291

အခန်း (၂၉၁)

Vol. 30 Ch. 291

အပိုင်း (၂၉၁)

ကျုံးရှန်သည် ဒုက္ခဝေဒနာ ခံစားနေရသော အကျဉ်းသားကို လွတ်မြောက်ခွင့်ပေးခဲ့ပြီးနောက် ထိုသူ ချန်ရစ်ခဲ့သည့် ဟင်းလင်းပြင် လက်စွပ်ကို သိမ်းဆည်းလိုက်သည်။ ထို့နောက် သူသည် ရှေ့သို့ ဆက်လက် လျှောက်လှမ်းကာ အခန်း၏ အနက်ရှိုင်းဆုံး အပိုင်းဆီသို့ ဦးတည်လိုက်၏။ စုပုံနေသော အရိုးစုများကို ဖြတ်ကျော်ပြီးနောက်တွင် စင်္ကြံလမ်း၏ အဆုံးရှိ နံရံပေါ်၌ လူတစ်ကိုယ်စာ ဝင်ဆံ့နိုင်သော အပေါက်ကြီး တစ်ခုကို မြင်တွေ့လိုက်ရသည်။

မြေပြင်ပေါ်၌ ပျက်စီးပြန့်ကျဲနေသော အုတ်ခဲနှင့် ကျောက်တုံးများရှိနေကာ အတွင်းဘက်ရှိ မြေသားများသည်လည်း တစ်စုံတစ်ဦးမှ တူးဖော်ထားသည့် လက္ခဏာများ ထင်ရှားစွာ ရှိနေပေသည်။ သို့သော်လည်း ယခုအခါတွင်မူ ထိုအပေါက်ကို မြေသားများဖြင့် အလောတကြီး ပြန်လည် ဖုံးအုပ်ထားသဖြင့် သိသာထင်ရှားသော အချိုင့်ရာကြီးတစ်ခု ဖြစ်ပေါ်နေလေသည်။ သူ၏ ဘေးတွင် လိုက်ပါလာသော မျက်လုံးသုံးလုံးဖျံသည် တစ်စုံတစ်ရာကို ခံစားမိသွားသကဲ့သို့ ထိုအချိုင့်ရာကြီး၏ ရှေ့တွင် စိတ်လှုပ်ရှားစွာဖြင့် အပြန်အလှန် ပြေးလွှားနေလေသည်။

''ကျိ... ကျိ... ကျိ...''

''ကျိ... ကျိ...''

မျက်လုံးသုံးလုံးဖျံသည် စိတ်လှုပ်ရှားစွာဖြင့် အဆက်မပြတ် မြည်တမ်းနေရာ ထိုအချိုင့်ရာကြီးသည် အကျဉ်းထောင်၏ အပြင်ဘက်သို့ ထွက်ခွာနိုင်သည့် ထွက်ပေါက်ဖြစ်မည်မှာ သေချာလှပေသည်။

ကျုံးရှန်သည် လက်ကို ဆန့်ထုတ်လိုက်ကာ အချိုင့်အတွင်းရှိ မြေသားအချို့ကို ဖယ်ရှားလိုက်သည်။ ဤတွင်းပေါက်သည် လွန်ခဲ့သော နှစ်ပေါင်း ဆယ်သန်းခန့်က ကောင်းကင်တက်လှမ်းခြင်းမျှော်စင်သို့ ဝင်ရောက်လာခဲ့သည့် ကျင့်ကြံသူများ တူးခဲ့ခြင်း ဖြစ်ဟန် တူပေသည်။ သူတို့ ထွက်ခွာသွားပြီးနောက်တွင်မူ အပေါက်နံရံသည် မြေသားများဖြင့် ပြန်လည် ဖုံးအုပ်ခြင်း ခံလိုက်ရခြင်း ဖြစ်ပေသည်။

''ကောင်လေး... ဒီတွင်းပေါက်ကို ပွင့်အောင် သွားလုပ်လိုက်စမ်း''

'ကျွန်တော့်ကို လွှဲထားလိုက်ပါ သခင်...'

ကျုံးရှန်သည် မိမိ၏ စိတ်အတွင်း၌ နွယ်ပင်၏ အသိစိတ်နှင့် ဆက်သွယ်လိုက်ပြီးနောက် သူ၏ လက်မောင်းတွင် ရစ်ပတ်ထားသော ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်ကို မြေသားပြန်အုပ်ထားသော အချိုင့်အတွင်းသို့ လှမ်းပစ်လိုက်လေသည်။ ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်သည် လေထဲ၌ပင် တွန့်လိမ်သွားကာ ချွန်ထက်သော လွန်သွားပုံစံသို့ ပြောင်းလဲသွားသည်။ ထို့နောက် အချိုင့်ရာအတွင်းရှိ မြေသားများကို နာရီလက်တံအတိုင်း အရှိန်အဟုန်ဖြင့် လှည့်ပတ် တူးဖော်လေတော့သည်။ နွယ်ပင်ပေါ်ရှိ အရွက်များသည် လွန်သွား၏ ဓားသွားများကဲ့သို့ထက်ရှသွားပြီး တူးဖော်ရရှိသော မြေသားများကို အပြင်ဘက်သို့ အဆက်မပြတ် ယမ်းထုတ်ပစ် နေသည်။

အပေါက်၏ ဘေးတစ်ဖက်တစ်ချက်တွင် မြေပုံငယ် နှစ်ခု တဖြည်းဖြည်း မြင့်တက်လာလေသည်။

သုံးမိနစ်ခန့် ကြာပြီးနောက်တွင် နံရံအတွင်းမှ အလင်းရောင်သည် အကျဉ်းထောင်အတွင်းသို့ ထိုးဖောက်ဝင်ရောက်လာသည်။

'သခင်... တူးလို့ ပြီးသွားပါပြီ'

ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်သည် နံရံ၏အပေါက်အတွင်းမှ ပြန်ထွက်လာကာ ကျုံးရှန်ထံသို့ အသိစိတ်မှတစ်ဆင့် တင်ပြလိုက်သည်။

ကျုံးရှန်သည် သဘောကျစွာ ပြုံးလိုက်ပြီးနောက် ဝိညာဉ်ရည် တစ်ပုလင်းကို ထုတ်ယူကာ နွယ်ပင်လေးပေါ်သို့ လောင်းချပေးလိုက်သည်။

ဟွမ်ယွမ် ဝိညာဉ်ရည်။

ဤဝိညာဉ်ရည် သည် သူတော်စင်အဆင့်ရှိသော ရတနာတစ်ခု ဖြစ်သည်။ သို့သော်လည်း ယခုအခါ ကြီးထွားနေသော ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်အတွက်မူ ယင်းသည် သူ၏ စားချင်စိတ်ကို ဖြည့်ဆည်းပေးသည့် အစာပြေမုန့်မျှသာ ရှိကာ ကြီးထွားမှုအတွက် များစွာ အထောက်အကူ မပြုနိုင်ချေ။

လွတ်မြောက်ခြင်းအဆင့်ရှိသော အပင်တစ်ပင်အနေဖြင့် ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်သည် ငယ်ရွယ်သော အဆင့်၌ ရှိနေသေးသော်လည်း ကြီးထွားရန်အတွက်မူ အနည်းဆုံး နတ်ဘုရားအဆင့်ရှိ ဝိညာဉ်ရည်များ လိုအပ်ပေသည်။ ထို့အပြင် ဝိညာဉ်ရည်များသာမကဘဲ အစွမ်းထက်လှသော သက်ရှိများ၏ ခန္ဓာကိုယ်များ သို့မဟုတ် အသက်ဓာတ်ပြည့်ဝသည့် အနှစ်သာရစွမ်းအင်များကိုလည်း ကြီးထွားရန်အတွက် အစာအဖြစ် အသုံးပြုနိုင်ပေသည်။

ဥပမာအားဖြင့် သေဆုံးသွားသော နတ်ဘုရားသားရဲများ သို့မဟုတ် နတ်ဘုရားအဆင့် ကျင့်ကြံသူများ၏ အသားများကို အစာအဖြစ် ကျွေးနိုင်ပေသည်။

ကမ္ဘာဦးခေတ်က ပျောက်ကွယ်သွားခဲ့သော ဟောင်ကူးသားရဲများ သို့မဟုတ် ရှေးဟောင်း သက်ရှိရတနာများဖြစ်ကြသည့် ရှေးဟောင်း ဖီးနစ်၊ နဂါးစစ်စစ် သို့မဟုတ် ချီလင် ကဲ့သို့သော သတ္တဝါများ၏ အသားနှင့် သွေးများသည်လည်း ကောင်းမွန်သော အစာအာဟာရအရင်းမြစ်များ အဖြစ်ပါဝင်ပေသည်။ ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်ကို အပြည့်အဝ ကြီးထွားရင့်ကျက်စေရန်အတွက် နတ်ဘုရားအဆင့်မှသည် မဟာတာအိုအဆင့်အထိ မြောက်မြားစွာသော ရတနာများကို ကြီးထွားမှုအရင်းအမြစ်အဖြစ် အသုံးပြုရန်လိုအပ်ပေသည်။

ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်သည် ဟွမ်ယွမ် ဝိညာဉ်ရည်များကို အကုန်အစင် စုပ်ယူလိုက်ပြီးနောက် ပျော်ရွှင်စွာဖြင့် ကျုံးရှန်၏ လက်မောင်းတွင် ပြန်လည် ရစ်ပတ်လိုက်သည်။

ကျုံးရှန်သည် မျက်လုံးသုံးလုံးဖျံကိုလည်း ဆုလာဘ်အဖြစ် သားရဲဝိညာဉ်ဆေးလုံးတစ်လုံး ကျွေးလိုက်ပြီးမှ အပေါက်အတွင်းသို့ ဝင်ရောက်သွားလိုက်သည်။

နံရံ၏အပေါက်သည် အထက်သို့ အနည်းငယ် စောင်းကာ တက်သွားခြင်း ဖြစ်ပြီး ဆယ်မီတာခန့်သာ ရှည်လျားသည်။ ပြင်ပမှ အလင်းရောင်များ ထိုးဖောက်ဝင်ရောက်နေသဖြင့် သူယူဆောင်လာသော မီးတောက်သည် မလိုအပ်တော့ချေ။

ကျုံးရှန်သည် ကိုယ်ကို အနည်းငယ် ကိုင်းညွတ်ကာ တွင်းပေါက်မှ လျင်မြန်စွာ ထွက်ခွာလိုက်သောအခါ ဟောင်းနွမ်းပျက်စီးနေသည့် အိမ်ဝန်းငယ်တစ်ခုအတွင်းသို့ ရောက်ရှိသွားသည်။

သူသည် ခေါင်းကို မော့ ကြည့်လိုက်လျှင် ကောင်းကင်သည် မီးခိုးရောင်သန်းနေကာ မှိုင်းညို့နေပြီး တိမ်တိုက်များ ၊ နေနှင့် လတို့ကို မမြင်တွေ့ရချေ။ မျှော်စင်၏စည်းမျဉ်းနိယာမဖိနှိပ်မှုများ ပြည့်နှက်နေသော မီးခိုးရောင် အလင်းတန်းများ ကောင်းကင်မှ ကျဆင်းနေခြင်းကြောင့်သာ ဟင်းလင်းပြင်ကမ္ဘာလောကကြီးတစ်ခုလုံး မှောင်မိုက်မသွားခြင်း ဖြစ်သည်။ အိမ်ဝန်းအတွင်း၌ ခြောက်သွေ့နေသော သစ်ရွက်များနှင့် မြေသားနံ့ ရောယှက်နေသည့် ဆွေးမြည့်နေသော မြေဆီလွှာများ နေရာအနှံ့ ရှိနေသည်။

ထို့အပြင် အိမ်ဝန်းအတွင်းရှိ ခန်းမဆောင်တစ်ခု၏ အလယ်ဗဟို၌ သစ်ပင်ကြီးတစ်ပင် ပေါက်ရောက်နေပြီး လူတစ်ဖက်စာမျှပင် မကဘဲ ကြီးမားလှပေသည်။ ထိုသစ်ပင်သည် အိမ်၏ ထုပ်တန်းများကို ကွေ့ဝိုက်ကာ အမိုးကို ဖောက်ထွက်လျက် သစ်ကိုင်း သစ်ခက်များ ထွက်ပေါ်နေပြီး ခန်းမဆောင်သည်လည်း ဘေးတစ်ဖက်သို့ တိမ်းစောင်းနေသည်။

ကျုံးရှန်သည် ဆူးများရှိသော ချုံပုတ်များကို ကျော်ဖြတ်ကာ ခန်းမဆောင်အတွင်းသို့ ဝင်ရောက်သွားလာလိုက်သည်။ အခန်းအတွင်းရှိ အရာအားလုံးသည် မူယင်းပုံစံများ ပျောက်ကွယ်နေခဲ့ကာ ပရိဘောဂများသည် ဆွေးမြည့်သော အမည်းရောင် ရွှံ့နွံခဲများကဲ့သို့ ဖြစ်နေကြသည်။

သို့သော်လည်း ကျုံးရှန်သည် ခန်းမဆောင်အတွင်း၌ တစ်စုံတစ်ရာသော သဲလွန်စများကို တွေ့လိုက်ရသည်။

အခန်း၏ အလယ်တွင် လက်ဖဝါးအရွယ်ခန့်သာရှိသော နတ်ဘုရားရုပ်ထုတစ်ခုကို တွေ့လိုက်ကာ ရုပ်ထုတစ်ခုလုံးသည် ထူထဲလှသော ဖုန်မှုန့်များဖြင့် ဖုံးလွှမ်းနေသည်။ ကျုံးရှန်သည် သူ၏အင်္ကျီလက်စဖြင့် ဖုန်မှုန့်များကို သုတ်လိုက်သောအခါ နတ်ဘုရားရုပ်ထု၏ မူလပုံစံ ပေါ်ထွက်လာသည်။ ထိုရုပ်ထုသည် လက်တစ်ဖက်တွင် စက်ဝိုင်းကွင်းတစ်ခုကို ကိုင်ဆောင်ထားကာ အခြားလက်တစ်ဖက်တွင် စာလိပ်တစ်ခုကို ကိုင်မြှောက်ထားသည်။

ထိုစာလိပ်ပေါ်၌ စာလုံးငယ်အချို့ကို ရေးထိုးထားသည်ကို တွေ့ရ၏။

''အရာခပ်သိမ်းကျမ်း''

ကျုံးရှန်သည် ထိုစာလုံးများကို ဖတ်လိုက်ပြီးနောက်တွင် နတ်ဘုရားရုပ်ထု၏ မူလဇစ်မြစ်ကို ချက်ချင်း သိရှိသွားခဲ့သည်။

'ဒါက ရှန့်ကျိုးနယ်မြေမှာရှိတဲ့ ဖာကျားဂိုဏ်း ရဲ့ အကြီးမြတ်ဆုံး ဖာလွီသူတော်စင် မဟုတ်လား...'

'သူက လူသားမျိုးနွယ်ရဲ့ တရားဥပဒေ စနစ်အားလုံးကို စတင်တည်ထောင်ခဲ့သူလို့ ကျော်ကြားခဲ့တာပဲ...'

'မှတ်တမ်းတွေအရဆိုရင် သူက ကောင်းကင်တာအိုနဲ့ တစ်သားတည်း ဖြစ်သွားတဲ့ အခြေအနေကနေ ပြန်လည် နိုးထလာနိုင်ခဲ့တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ဖြစ်ပြီး လွတ်မြောက်ခြင်းအဆင့်ရဲ့အထက်ကိုကျော်လွန်သွားတဲ့ပုဂ္ဂိုလ်တစ်ပါးပဲ'

ကျုံးရှန်သည် နတ်ဘုရားရုပ်ထုကို မူလနေရာတွင် ပြန်ထားလိုက်သည်။

သူ၏ စိတ်ထဲ၌ တစ်စုံတစ်ရာကို စဉ်းစားမိသွားကာ ကိုယ်ကို အသာအယာ လှုပ်ရှားလိုက်ပြီး အိမ်ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်သည်။ အိမ်ခေါင်မိုးပေါ်တွင် ရပ်လိုက်သောအခါ ပတ်ဝန်းကျင် ရှုခင်းများကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရသည်။ ကျုံးရှန် ယခု ရောက်ရှိနေသော နေရာသည် ကြီးမားလှသော မြို့ပျက်ကြီးတစ်မြို့၏ခြံဝန်းတစ်ခုအတွင်း၌ ဖြစ်သည်။

မြို့၏ အကျယ်အဝန်းသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရှိ လူသားမျိုးနွယ်များ၏ မြို့တော်ကြီးများနင့်ယှဥ်လျှင်ပင် သေးငယ်ခြင်း မရှိချေ။ ဤကဲ့သို့သော မြို့ပျက်ကြီးသည် တတိယမြောက် အထပ်တစ်ထောင် ဟင်းလင်းပြင်ကမ္ဘာကို ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ယခင်က သူရောက်ရှိခဲ့သော အကျဉ်းထောင်သည် မြေအောက်၌ တည်ရှိသည့် အစိတ်အပိုင်းသာ ဖြစ်ပေသည်။

ထိုအကျဉ်းထောင်သည် မြို့အတွင်းရှိ ချမ်းသာသောမိသားစုတစ်စု သို့မဟုတ် အစိုးရ အဖွဲ့အစည်း တစ်ခု၏ အကျဉ်းထောင် ဖြစ်နိုင်ပေသည်။

ခန်းမဆောင်အတွင်း၌ ပူဇော်ထားသော ဖာလွီသူတော်စင်၏ ရုပ်ထုကို ကြည့်ခြင်းအားဖြင့် ဤနေရာသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးမှ ခွဲထွက်မသွားမီတည်ရှိခဲ့သော နတ်ဘုရားပြည်နယ် ကိုးဆယ့်ကိုးခုအနက်မှတစ်ခုဖြစ်သည့် ဖာကျိုးစီရင်စု၏ အစိတ်အပိုင်းတစ်ခု ဖြစ်နိုင်ပေသည်။

အကယ်၍ ဖာကျိုးစီရင်စုအတွင်းရှိ မြို့တစ်မြို့ မဟုတ်လျှင်ပင် ဖာလွီသူတော်စင်နှင့် နက်ရှိုင်းသော ဆက်နွယ်မှု ရှိသည့် နေရာတစ်ခု ဖြစ်ပေလိမ့်မည်။

သို့သော်လည်း ကျုံးရှန်အနေဖြင့် မြို့ပျက်ကြီးသည် အဘယ်ကြောင့် ကောင်းကင်တက်လှမ်းခြင်းမျှော်စင် အတွင်း၌ ရောက်ရှိနေသနည်း ဆိုသည်ကိုမူ နားမလည်နိုင်ဘဲ ရှိနေ၏။ သူသည် အိမ်ခေါင်မိုးပေါ်၌ ခဏမျှ စဉ်းစားနေပြီးနောက် မြို့ပျက်ကြီးအတွင်း၌ ရှာဖွေစူးစမ်းရန် ဆုံးဖြတ်လိုက်သည်။ ယခုအခါ သူ ရောက်ရှိနေသော အိမ်ခြံဝန်းငယ်သည် မြို့လယ်ခေါင်၏ အစွန်အဖျားတွင် တည်ရှိနေသည်။

မလှမ်းမကမ်းသော နေရာတွင်မူ အလွန်ပင် ကျယ်ဝန်းလှသော စံအိမ်တော်ကြီး တစ်ခု တည်ရှိနေသည်ကို မြင်တွေ့ရ၏။ ထိုနေရာသည် မြို့အတွင်းရှိ အဓိက အဖွဲ့အစည်း သို့မဟုတ် အာဏာရှိသူများ နေထိုင်ရာ နေရာ ဖြစ်နိုင်ပေသည်။ ကျုံးရှန်သည် ဆုံးဖြတ်ချက်ချပြီးသည်နှင့် ချက်ချင်းပင် လှုပ်ရှားလိုက်ကာ အိမ်ခေါင်မိုးများပေါ်၌ ဟန်ချက်ညီစွာ ခုန်ကူးသွားသည်။

သူသည် ငှက်ငယ်တစ်ကောင်ကဲ့သို့ ပေါ့ပါးသောခြေလှမ်းများဖြင့် စံအိမ်တော်ကြီးဆီသို့ဦးတည်လိုက်ခြင်းဖြစ်သည်။

မကြာမီတွင် သူသည် စံအိမ်တော်ကြီး၏ အပြင်ဘက်သို့ ရောက်ရှိသွားသည်။ ခမ်းနားလှသော တံခါးကြီး၏ အပြင်ဘက်တွင် ရပ်နေလိုက်ကာ ဘေးတစ်ဖက်တစ်ချက်တွင် ထောင်ထားသည့် ကဗျည်းပြားများကို ကြည့်ရှုရင်း တစ်စုံတစ်ရာကို စဉ်းစားနေမိသည်။

''တရား... တရား... တရား... အရာခပ်သိမ်းသော တရား၏ တရား...''

''ကောင်းကင်... ကောင်းကင်... ကောင်းကင်... အဆုံးမဲ့သော ကောင်းကင်၏ ကောင်းကင်...''

''ဖာကျားဂိုဏ်း''

ကျုံးရှန်သည် ကဗျည်းပြားပေါ်ရှိ စာသားများကို အသံထွက်ကာ ဖတ်လိုက်သည်။ မြို့ပျက်ကြီးသည် ဖာကျားဂိုဏ်းနှင့် ဆက်နွယ်မှုများ ရှိနေသည်ကို သူ အတည်ပြုနိုင်သွားလေသည်။

''ဒီဖာကျားဂိုဏ်းကတော့ တကယ့်ကို အပြောကြီးတာပဲ...''

''ဒါပေမဲ့ ဒီလို ဖြစ်တာကလည်း ပုံမှန်ပါပဲလေ...''

''အကယ်၍ ဒါကနတ်ဘုရားကုန်းမြေတိုက်ကြီးရဲ့ ဖာကျားဂိုဏ်းအစစ်အမှန်ဆိုရင်တော့... နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံ ပေါ်ထွန်းခဲ့တဲ့ ခေတ်ထက်တောင် ပိုပြီး ရှေးကျဦးမှာပဲ...''

''ဒီဂိုဏ်းက လူသားမျိုးနွယ်ရဲ့ တရားဥပဒေ စနစ်ကို စတင်တည်ထောင်ခဲ့တဲ့ သူတွေပဲ မဟုတ်လား...''

ကျုံးရှန်သည် စဉ်းစားနေရင်းမှ ဝမ်ရှန်နတ်ဘုရားကုန်းမြေတိုက်၏ လျှို့ဝှက်ဆန်းကြယ်လှသော ရှေးဟောင်း သမိုင်းကြောင်းများကို ပြန်လည် သတိရမိသွားလေသည်။

ဖာလွီ သူတော်စင်က ဓားသူတော်စင်တို့လို ဘွဲ့နာမည်ပါဗျ။

All Chapters