← Chapters

အခန်း (၂၉၃)

Vol. 30 Ch. 293

အခန်း (၂၉၃)

Vol. 30 Ch. 293

အပိုင်း (၂၉၃)

ကျုံးရှန်၏ လက်မောင်းပေါ်တွင် ရစ်ပတ်ထားသော ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်သည် မရပ်မနားလှုပ်ရှားနေခဲ့ကာ သတိအပြည့်ဖြစ်နေသည်။ ထိုနွယ်ပင်သည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်း၌ အခြားသော ရတနာများထက် ပိုမိုသာလွန်သော အားသာချက်များကို ပိုင်ဆိုင်ထားပေသည်။ အဘယ်ကြောင့်ဆိုသော် ယင်းသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်းရှိ ဟင်းလင်းပြင်စွမ်းအင်များကို စုပ်ယူကာ အညှောင့်ပေါက်လာခဲ့သော အရာ ဖြစ်သောကြောင့် ဖြစ်သည်။

သို့ဖြစ်ရာ မျှော်စင်အတွင်းရှိ စည်းမျဉ်းနိယာမများ၏ ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်အပေါ်၌ ဖိနှိပ်နိုင်စွမ်းသည် အလွန်နည်းပါးလှသည်။ ထို့အပြင် ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်သည် လွတ်မြောက်ခြင်းအဆင့်ရှိသော ရတနာတစ်ပါး ဖြစ်သဖြင့် ကျုံးရှန်သည် ယင်းကို လက်နက်တစ်ခုအဖြစ် အသုံးပြုသည့် လမ်းတစ်လျှောက်လုံးတွင် အဟန့်အတားဟူသမျှကို လွယ်ကူစွာ ကျော်လွှားနိုင်ခဲ့လေသည်။

ဤနွယ်ပင်သည် မည်သည့်အရာကိုမဆို ဝါးမြိုဖျက်ဆီးနိုင်စွမ်း ရှိရုံသာမက ကြမ်းတမ်းသောအင်အားသက်သက်ဖြင့်ပင် အရာဝတ္ထုများကို ချေမှုန်းဖျက်စီးနိုင်သည်။

အရွယ်ရောက်ပြီးခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင် သည် သူတော်စင်ကမ္ဘာအတွင်းသို့ ပေါင်းစပ်သွားပါက ယင်း၏ ပိုင်ဆိုင်သော စွမ်းရည်များအနက်တစ်ခုသည် မဟာတာအိုအဆင့်ရှိ ကမ္ဘာကြီးများ၏ ဟင်းလင်းပြင်နံရံများကို ဖောက်ထွက်သွားလာနိုင်ခြင်းပင်ဖြစ်သည်။ ထို့ကြောင့်ပင် ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်သည် တားမြစ်ချက် သို့မဟုတ် အကာအကွယ်အစီအရင်များကိုဖျက်ဆီးရာတွင် အခြားရတနာများနှင့် နှိုင်းယှဉ်၍မရနိုင်သော ထူးကဲသည့် အစွမ်းသတ္တိများ ရှိနေလေသည်။

ယခုအခါ ဖာထျန်းခြံဝင်း၏ အပြင်ဘက်ရှိ တားမြစ်ချက်နှင့် ရင်ဆိုင်ရသောအခါ ကျုံးရှန်၏ လက်ထဲရှိ နွယ်ပင်သည် သူ၏ စိတ်ဆန္ဒကို ဖော်ပြလာသည်။

'သခင်... သန့်စင်လှတဲ့ စွမ်းအင်တွေကို ခံစားနေရတယ်... စားချင်တယ်... ကျွန်တော့်ကို စားခွင့်ပေးပါ...'

နွယ်ပင်၏ အသိစိတ်သည် အလွန်ပင် စိတ်လှုပ်ရှားနေဟန် ရှိ၏။

ကျုံးရှန်သည်လည်း ထိုအသံကို ကြားရသောအခါ အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်း မရှိဘဲ လက်ကို ဆန့်ထုတ်လိုက်ကာ ခြံဝင်းရှိရာဘက်သို့ ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်ကို ပစ်လိုက်လေသည်။ နွယ်ပင်လေးသည် လေထဲတွင် ဝဲပျံသွားကာ ခြံဝင်း၏ အထက်၌ ရှိနေသော ရွှေရောင်အလင်းအကာအကွယ်နှင့် ထိတွေ့သွားသည်။

ရွှေရောင်အလင်းတန်းအကာအကွယ်အတွင်း၌ တရားဥပဒေဆိုင်ရာ ရှေးဟောင်းအက္ခရာစာလုံးများ မရေမတွက်နိုင်အောင် ပါရှိနေကြလေသည်။ သို့သော်လည်း ထိုရွှေရောင်အလင်းတန်းများသည် ခေါင်းတီးယက်စ်နွယ်ပင်ကို တွန်းထုတ်ရန်ပင် အချိန်မရလိုက်ပါချေ။ နွယ်ပင်သည် ကျုံးရှန်ပစ်လွှတ်လိုက်သည့်အချိန်တွင်ပင် ရွှေရောင်အလင်းလွှာပေါ်၌ ချက်ချင်းအမြစ်တွယ်လိုက်သည်။

ထိုအခါ အလင်းလွှာသည် တုန်ခါသွားပြီး နွယ်ပင်ကိုခါချရန်ကြိုးစားနေသော်လည်း ခါချနိုင်ခြင်း မရှိတော့ပေ။

ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်၏ အမြစ်များသည် လျင်မြန်လှသော အရှိန်ဖြင့် ပျံ့နှံ့သွားခဲ့ကာ ထူထဲသော အမြစ်များသည် ရွှေရောင်အလင်းအကာအကွယ်တစ်လျှောက် ကြီးထွားလာကြသည်။ မျက်စိတစ်မှိတ်အတွင်း၌ပင်ခြံဝင်းတစ်ခုလုံးကို နွယ်ပင်များဖြင့် မြဲမြံစွာ ရစ်ပတ်လိုက်သည်မှာ အတွင်းဘက်ရှိ ရွှေရောင်အလင်းများကိုပင်ရှင်းလင်းစွာ မြင်တွေ့နိုင်ခြင်းမရှိတော့ချေ။

အဝေးမှ ကြည့်မည်ဆိုပါက ခြံဝင်းတစ်ခုလုံးသည် အစိမ်းရောင် နွယ်ပင်များဖြင့် ရစ်ပတ်ခံလိုက်ရသည့် ပိုးအိမ်ကြီးတစ်ခုအသွင်အဖြစ် မြင်ရပေမည်။ ထိုထူးဆန်းလှသော အခြေအနေသည် ၁၅ မိနစ်ခန့်အထိ ကြာမြင့်ပြီးနောက်တွင် ရွှေရောင်အလင်း အကာအကွယ်သည် မှိန်ဖျော့သွားကာ ပျောက်ကွယ်စပြုလာသည်။

ကျုံးရှန်သည် ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်၏ စားချင်စိတ် မည်မျှ ကြီးမားသည်ကို ကောင်းစွာ သိရှိထားသည်။

ယခင်က ထိုနွယ်ပင်ကို အစောပိုင်း ကြီးထွားမှု အဆင့်သို့ ရောက်ရှိစေရန်နှင့် ကိုယ်ပိုင်အသိစိတ် ပေါ်ထွက်လာစေရန်အတွက် ကျုံးရှန်သည် ထိုက်က်ယီအစစ်အမှန်ရေစင်များ ပြည့်နှက်နေသော ရေကန်တစ်ခုလုံးကို အသုံးချခဲ့ရလေသည်။ ယခုအခါ အကာအကွယ် အလင်းလွှာကို စုပ်ယူရန်အတွက် ၁၅ မိနစ်ခန့် အချိန်ယူခဲ့ရသည် ဖြစ်ရာ ခေါင်းတီးယက်စ်နွယ်ပင်၏ လက်ရှိ စုပ်ယူနိုင်စွမ်းသည် အပင်ပေါက်လေးအဆင့်ထက် များစွာ သာလွန်နေပြီ ဖြစ်ကြောင်း သိသာလှပေသည်။

ဤမျှလောက်သော အချိန်ကို ယူခဲ့ရခြင်းသည် ရွှေရောင်အလင်း အကာအကွယ်အတွင်း၌ ပါရှိသော စွမ်းအင်ပမာဏ မည်မျှ များပြားကြောင်း ဖော်ပြနေခြင်းပင် ဖြစ်သည်။

''ဂေ့...''

''သခင်... ကျွန်တော် ဗိုက်ဝသွားပြီ...''

ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်၏ အသိစိတ်သည် ကျုံးရှန်၏ စိတ်အတွင်း၌ ကျေနပ်အားရနေသော လေသံဖြင့် ပြောလိုက်သည်။

ရွှေရောင်အလင်းအကာအကွယ်သည် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ကာ အကာအကွယ်အတွင်းရှိ စွမ်းအင်အားလုံးသည် နွယ်ပင်၏ ကြီးထွားမှုအတွက် အရင်းအမြစ်ဖြစ်သွားလေသည်။ ကျုံးရှန်သည် သဘောကျစွာ ပြုံးလိုက်ကာ လက်ကို ဝှေ့ယမ်းလိုက်ပြီး နွယ်ပင်ကို သူ၏ ကိုယ်တွင်းဟင်းလင်းပြင်အတွင်းသို့ ပြန်လည် သိမ်းဆည်းလိုက်သည်။

ကျုံးရှန်၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ရောက်ရှိသွားသောအခါတွင် ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်သည် ယင်း၏ အစစ်အမှန်ခန္ဓာကိုယ်ကိုထုတ်ဖော်လိုက်သည်။ ပေတစ်ထောင်ခန့် မြင့်မားကာ ဆယ်တောင်ခန့် တုတ်ခိုင်သော ကြီးမားလှသည့် နွယ်ပင်ကြီးသည် ကျုံးရှန်၏ ကိုယ်တွင်းဟင်းလင်းပြင်အတွင်း၌ ယိမ်းထိုးလှုပ်ရှားနေသည်။ ဖာထျန်းခြံဝင်း၏ တားမြစ်ချက် စွမ်းအင်များကို စုပ်ယူပြီးနောက်တွင် ယင်း၏ အရွယ်အစားသည် ပိုမို ကြီးမားလာခဲ့လေသည်။

ထိုအရွယ်အစားသည် ရှေးဟောင်းမှတ်တမ်းများတွင် ဖော်ပြထားသော ကောင်းကင်နှင့် မြေကြီးကို ဆက်သွယ်ထားသည့် ပုံစံမျိုးသို့ ရောက်ရှိရန်မူ များစွာ လိုအပ်နေသေးချေသည်။ သို့သော်လည်း ကျုံးရှန်အနေဖြင့် သေချာစွာ ပြုစုပျိုးထောင်မည် ဆိုပါက အနှီနွယ်ပင်သည် အပြည့်အဝ ရင့်ကျက်သော အဆင့်သို့ မလွဲမသွေ ရောက်ရှိလာ ပေလိမ့်မည်။

ရွှေရောင် တားမြစ်ချက်များ ပျောက်ကွယ်သွားပြီ ဖြစ်သဖြင့် ဖာထျန်းခြံဝင်း၏ အပြင်ဘက်တွင် မည်သည့် အဟန့်အတားမျှ မရှိတော့ချေ။ ကျုံးရှန်သည် လက်ကို ဆန့်ကာ အသာအယာ တွန်းလိုက်လျှင် ခြံဝင်းတံခါး ပွင့်သွားကာ အတွင်းသို့ ဝင်ရောက်သွားလိုက်လေသည်။

ခြံဝင်းအတွင်း၌မူ ပြင်ပလောကနှင့် မတူညီဘဲ ဆန်းကြယ်လှသော မြင်ကွင်းတစ်ခု ရှိနေသည်။ ငှက်လေးများသည် သစ်ကိုင်းများပေါ်တွင် သီချင်းဆိုနေကာ သားရဲငယ်လေးများသည်လည်း ဘေးတစ်ဖက်တစ်ချက်တွင် ခေါင်းပြူကာ ကြည့်ရှုနေကြသည်။ မြေပြင်တစ်ခုလုံးသည် စိမ်းလန်းသော သစ်ပင်များ ၊ နီရဲသော ပန်းမန်များဖြင့် ပြည့်နှက်နေသည်မှာ ယင်းမြင်ကွင်းသည် ခြံဝင်းအပြင်ဘက်ရှိ ဖာကျိုးမြို့ပျက်ကြီးနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေလေသည်။

ခြံဝင်းအတွင်း၌ ကြီးမားသော အဆောက်အဦး အချို့ ရှိနေသည်။ အလယ်ဗဟို၌မူ ခန်းမဆောင်ကြီး တစ်ခု တည်ရှိနေကာ အခြားသော နေရာများသို့ သွားလာနိုင်သည့် စင်္ကြံလမ်းများလည်း ရှိနေသည်။ ခန်းမဆောင်ကြီး၏ သစ်သားတံခါးသည် အနည်းငယ် ဟနေပြီး လုံးဝ ပိတ်ထားခြင်း မရှိသည်ကို တွေ့လ်ိုက်ရသည်။

''ဧည့်သည်တော် ရောက်လာတာပဲ...''

''ဒါက ငါတို့ လူသားမျိုးနွယ်ရဲ့ ပါရမီရှင်တစ်ယောက်ပဲ မဟုတ်လား...''

''ရှားပါးလှတဲ့ ဧည့်သည်ပါပဲ...''

''အရာခပ်သိမ်းကျမ်း ရဲ့ တားမြစ်ချက်တွေကို ဖျက်ဆီးနိုင်တယ်ဆိုမှတော့... အဆွေက တကယ့်ကို ထူးကဲလှတဲ့ ပါရမီရှင်တစ်ယောက် ဖြစ်မှာ သေချာတယ်...''

''အထဲကို ဝင်ပြီး စကားစမြည် ပြောကြရင် မကောင်းဘူးလား...''

ကြည်လင်ပြတ်သားလှသော လူကြီးလူကောင်းတစ်ဦး၏ အသံသည် ခန်းမဆောင်အတွင်းမှ ထွက်ပေါ်လာသည်။ ကျုံးရှန်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း တွန့်ဆုတ်ခြင်း တစ်စုံတစ်ရာမရှိဘဲ ခန်းမဆောင်ဆီသို့ လျှောက်လှမ်းသွားလိုက်သည်။

''ကျွီ...''

ကျုံးရှန် တံခါးဝသို့ ရောက်ရှိသွားသောအခါ တံခါးသည် အလိုအလျောက် ပွင့်သွားလေသည်။

ခန်းမအတွင်း၌ မီးခိုးရောင် ဝတ်ရုံကို ဝတ်ဆင်ထားကာ ရှည်လျားလှသော မုတ်ဆိတ်မွေးများ ရှိသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် လက်ဖက်ရည် စားပွဲတစ်ခု၏ ဘေး၌ ထိုင်နေသည်ကို တွေ့လိုက်ရ၏။ ထိုသူ၏ ရုပ်ရည်သည် အလွန်အမင်း ထူးခြားလှသည် မဟုတ်သော်လည်း တည်ငြိမ်သော အရှိန်အဝါ တစ်ခုကို ပိုင်ဆိုင်ထားသည်။

ထိုသူကို ကြည့်ရှုခြင်းအားဖြင့် စည်းမျဉ်းများ၊ ဥပဒေများနှင့် တရားမျှတမှုများကို မြင်တွေ့နေရသကဲ့သို့ ခံစားရလိုက်ကာ စိတ်အေးချမ်းတည်ငြိမ်မှုကိုပေးစွမ်းလေသည်။

ကျုံးရှန် ချဉ်းကပ်သွားသော အချိန်တွင် ထိုသူသည် ရေနွေးကြမ်းခွက် နှစ်ခွက်ကို ငှဲ့လိုက်သည်။

''ထိုင်ပါဦး...''

သူသည် အင်္ကျီလက်စကို အသာအယာ မကာ ကျုံးရှန်ကို ဖိတ်ခေါ်လိုက်လေသည်။ ကျုံးရှန်သည် ခေါင်းငြိမ့်ပြလိုက်ကာ သူ၏ ရှေ့တည့်တည့်တွင် ဝင်ထိုင်လိုက်သည်။

''ဒါကတော့ နိယာမရေနွေးကြမ်းလို့ခေါ်တယ်.. .ဒီရေနွေးကြမ်းကို သောက်သုံးခြင်းအားဖြင့် အကျိုးကျေးဇူးအများကြီး ရှိစေမှာပဲဖြစ်တယ်...''

ကျုံးရှန်သည် ထိုခွက်ကို စိုက်ကြည့်နေမိသည်။

သူသည် လက်ကို ဆန့်ကာ နိယာမရေနွေးကြမ်းထည့်ထားသည့်ခွက်ကို ကိုင်မြှောက်လိုက်ပြီးနောက် အသေအချာ ကြည့်ရှုနေလေသည်။

''ဘာလဲ... မသောက်ရဲဘူးလား...''

ဝတ်ရုံဝတ် အမျိုးသားသည် ကျုံးရှန်၏ အမူအရာကို ကြည့်ကာ သူ၏ မျက်ဝန်းအတွင်း၌ ဂုဏ်ယူဝင့်ကြွားသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

နိယာမ ရေနွေးကြမ်းအတွင်း၌ သူ၏ စိတ်ဆန္ဒအချို့ ကိန်းအောင်းနေခြင်း ဖြစ်သည်။ ထင်ရှားလှသော ထောင်ချောက်တစ်ခု ဖြစ်သကဲ့သို့ စမ်းသပ်မှုတစ်ခုလည်း ဖြစ်ပေသည်။

ကျုံးရှန်၏ ကျင့်စဉ်အဆင့်သည် နတ်ဘုရားနယ်ပယ်အောက်ရှိ သူတော်စင်တစ်ပိုင်းအဆင့် မျှသာ ရှိသည်ကို သူ သတိပြုမိထားခဲ့ကာ ကျုံးရှန်သည် ၁၅ မိနစ်အတွင်း၌ တားမြစ်ချက်ကို ဖျက်ဆီးနိုင်ခဲ့ခြင်းဖြစ်သဖြင့် သူ၏ စွမ်းအားသည် သာမန်မဟုတ်ကြောင်း ပြသနေသည်။ ထို့ကြောင့်ပင် သူသည်ကျုံးရှန်ကို စမ်းသပ်ရန် လိုအပ်နေခြင်း ဖြစ်သည်။

ကျုံးရှန်သည် သတိမထားဘဲ ထိုလက်ဖက်ရည်ကို သောက်လိုက်ပါက သူသည် ရေနွေးကြမ်းအတွင်းရှိကိန်းအောင်းနေသောစိတ်ဆန္ဒများမှတစ်ဆင့် ကျုံးရှန်၏ မှတ်ဉာဏ်အချို့နှင့် သတင်းအချက်အလက်များကို သိရှိနိုင်မည် ဖြစ်သည်။ အကယ်၍ ကျုံးရှန် မသောက်ပါက ကျုံးရှန်အနေဖြင့် သူ့ကို အောင်နိုင်ရန် ယုံကြည်ချက် မရှိကြောင်း ပြသနေခြင်း ဖြစ်ပေလိမ့်မည်။

ထို့အပြင် ကျုံးရှန်သည် တစ်စုံတစ်ရာကို စိုးရိမ်ခြင်း မရှိဘဲ သောက်လိုက်မည် ဆိုပါက ထိုသည်မှာ ပို၍ပင် မကောင်းလှချေ။အဘယ်ကြောင့်ဆိုသော် ကျုံးရှန်၌ သူ့ကို နှိမ်နင်းနိုင်သော စွမ်းအား ရှိနေခြင်းကို ပြသရာ ရောက်သောကြောင့် ဖြစ်လေသည်။

သို့သော်လည်း ကျုံးရှန်သည် ထိုသူ၏ စကားကို ကြားသောအခါ လှောင်ပြုံးတစ်ချက် ပြုံးလိုက်လေသည်။

''ဖာလွီသူတော်စင်က အလွန် ကောက်ကျစ်တယ်လို့ အပြောများကြတယ်... ဒါပေမဲ့ အရာခပ်သိမ်းကျမ်း ရဲ့ သိစိတ်ဝိညာဉ်ကတောင် ဒီလောက်အထိ ကောက်ကျစ်လိမ့်မယ်လို့ ငါ မထင်ထားမိဘူး...''

သူသည် မီးခိုးရောင်ဝတ်ရုံဝတ် အမျိုးသား၏ မျက်လုံးများကို တည့်တည့် စိုက်ကြည့်ရင်းမှ ပြောလိုက်သည်။

ထို့နောက်စကားအဆုံးတွင် ကျုံးရှန်သည် နိယာမရေနွေးကြမ်းကို တစ်ကျိုက်တည်းနှင့် ကုန်စင်အောင် သောက်လိုက်လေသည်။ ရေနွေးကြမ်းကို သောက်လိုက်သည်နှင့် တစ်ပြိုင်နက် ကျုံးရှန်၏ ခန္ဓာကိုယ်အတွင်းရှိ မရေမတွက်နိုင်သော စစ်မှန်သော အတ္တအမှုန်အမွှား များသည် ထိုလက်ဖက်ရည်နှင့်အတူ ပါလာသော စိတ်ဆန္ဒကို ချက်ချင်းပင် ဖျက်ဆီးပစ်လိုက်ကြသည်။

ထိုစိတ်ဆန္ဒ၏ သေးငယ်သောအစိတ်အပိုင်းအချို့ပင်ကျန်ရစ်ခဲ့ခြင်း မရှိပါချေ။ ထိုအခါမှသာ ဝတ်ရုံဝတ် အမျိုးသား၏ မျက်နှာ သည်ပျက်ယွင်းသွားခဲ့၏။

''အဆွေက ဖာလွီသူတော်စင်အကြောင်းကို သိနေတာလား...''

''အဆွေကလည်း အနန္တကုန်းမြေတိုက်ကြီးက လာတဲ့ လူသားမျိုးနွယ်ပဲလား...''

''ပြီးတော့... ငါ့ရဲ့ မူလခန္ဓာကိုယ်ကိုလည်း သိနေတယ်ပေါ့...''

သူသည် အလွန်အမင်း တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။

သူ၏ ရှေ့မှ သူတော်စင်တစ်ပိုင်းအဆင့် ကျင့်ကြံသူသည် သူ့ကို များပြားလှသော ထိတ်လန့်မှုများကို ပေးစွမ်းနေလေသည်။ တားမြစ်ချက်ကို လွယ်ကူစွာ ဖျက်ဆီးနိုင်ရုံသာမက နိယာမရေနွေးကြမ်းကိုလည်း တစ်စုံတစ်ရာ စိုးရိမ်ခြင်း မရှိဘဲ သောက်သုံးနိုင်ကာ သူ၏ စိတ်ဆန္ဒကိုပင် ချက်ချင်း ချေမှုန်းပစ်လိုက်ခြင်း ဖြစ်သည်။

သူ၏ နည်းစနစ်များအရ ထိုနိယာမရေနွေးကြမ်းကို မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃ ကျင့်ကြံသူတစ်ဦး သောက်မိလျှင်ပင် သူ၏စိတ်ဆန္ဒများ၏ သက်ရောက်မှုအောက်သို့ကျရောက်သွားမည်ဖြစ်သည်။ သူသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်လျှင် ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး အလင်းပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

အလင်းတန်းများ ပျောက်ကွယ်သွားသောအခါ ရွှေရောင် စာလိပ်ကြီး တစ်ခုသည် ကျုံးရှန်၏ ရှေ့မှောက်တွင် ပေါ်ထွက်လာလေသည်။ ဤသည်မှာ ဝတ်ရုံဝတ် အမျိုးသား၏ အစစ်အမှန် ပုံစံပင် ဖြစ်သည်။

အရာခပ်သိမ်းကျမ်း။

ကျုံးရှန်မြင်တွေ့ခဲ့ရသော လူကြီးလူကောင်း ပုံစံသည် အရာခပ်သိမ်းကျမ်း၏ မူလသခင်ဖြစ်ခဲ့သော ဖာလွီသူတော်စင်၏ ရုပ်သွင်သာ ဖြစ်ပေတော့သည်။

All Chapters