အခန်း (၂၉၅)
Vol. 30 Ch. 295
အပိုင်း (၂၉၅)
ကျုံးရှန်သည် စတင်လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် နဂါးမဲ့နှလုံးသားကျင့်စဉ်ကို အသုံးပြုလိုက်ခြင်းဖြစ်သည်။ ထိုသည်မှာ ဒိုတီကျူး ကစားပွဲတစ်ခုကို စတင်လိုက်သည်နှင့် လက်ထဲတွင် ဗုံးများအပြည့်ဖြင့် စတင်လိုက်သကဲ့သို့ ဖြစ်သည်။
အရာခပ်သိမ်းကျမ်းသည် အတိုင်းအဆမရှိသော ဉာဏ်ပညာများကို ပိုင်ဆိုင်ထားသော်လည်း ကျုံးရှန်၏ ရိုးရှင်း၍ ကြမ်းတမ်းလှသော ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်လိုက်ရသောအခါတွင်မူ မည်သို့မျှ တုံ့ပြန်နိုင်စွမ်း မရှိတော့ဘဲ လည်ပင်းတွင် အရိုးနင်သွားသကဲ့သို့ ဖြစ်သွားခဲ့သည်။
နဂါးမဲ့နှလုံးသားကျင့်စဉ် ဟူသည် အရာခပ်သိမ်းသော စည်းမျဉ်းနိယာမတို့ကို ကျော်လွန်သော ကျင့်စဉ်တစ်ခု ဖြစ်သည်။ ထိုကျင့်စဥ်သည် ကောင်းကင်ဘုံ၏ စည်းမျဉ်းနိယာမ ထက်ပင် သာလွန်မြင့်မားလှကာ သက်ရှိအားလုံး၏ မွေးရာပါ အရည်အချင်း ကွာဟချက်များကို လုံးဝ ဥဿုံ ဖျက်ဆီးပစ်နိုင်သော စွမ်းအား ရှိလေသည်။
မွေးရာပါ ညံ့ဖျင်းသူတစ်ဦး ပင်လျှင် နဂါးမဲ့နှလုံးသားကျင့်စဉ်အား ကျင့်ကြံခြင်းဖြင့် ကျင့်ကြံခြင်း လမ်းကြောင်းသစ်တစ်ခုကို ဖော်ဆောင်နိုင်မည်ဖြစ်ကာ လူသားအားလုံး နဂါးတစ်ကောင်ကဲ့သို့ တန်ခိုးခွန်အားကြီးမားလာနိုင်မည့် လောကကြီးကို ဖန်တီးပေးနိုင်စွမ်း ရှိသည်။ ထိုကျင့်စဉ်ဖြင့်ဆိုလျှင်ကောင်းကင်ဘုံ၏ စည်းမျဉ်းနိယာမသည် လူသားတို့၏ လွတ်လပ်မှုကို ထပ်မံ၍ ချုပ်နှောင်ထားနိုင်ခြင်း မရှိတော့ပေ။
နဂါးမဲ့နှလုံးသားကျင့်စဉ်သည် ရှန့်ကျိုးနယ်မြေ၌ ပေါ်ထွန်းခဲ့သော ကျင့်စဉ်တစ်ခု ဖြစ်သဖြင့် ရှန့်ကျိုးရှိ လူသားမျိုးနွယ်များအတွက်မူ ထိုကျင့်စဉ်သည် စည်းမျဉ်းနိယာမတို့၏ ဘုရင်အဖြစ်တင်စားခြင်းခံရ ကာ ရှန့်ကျိုးရှိ ရှေးဟောင်းကျင့်စဉ် အားလုံးကို ဖိနှိပ်နိုင်သောစွမ်းအား ရှိလေသည်။
ဖာကျားဂိုဏ်း အပါအဝင် ထိုခေတ်ကာလတွင် တည်ရှိခဲ့သော မျိုးရိုးမြင့် မိသားစုကြီးများ၏ ကျင့်စဉ်အားလုံး စုပေါင်းလိုက်လျှင်ပင် နဂါးမဲ့နှလုံးသားကျင့်စဉ်၏ ဖိနှိပ်မှုကို ခံရမည်ဖြစ်ကာ ထိုထဲတွင် အရာခပ်သိမ်းကျမ်းလည်း အပါအဝင် ဖြစ်၏။
ကျုံးရှန်သည် စစ်မှန်သော အတ္တ၏ ပုံရိပ်ယောင်ကို ထုတ်ဖော်ပြသလိုက်သည့် အချိန်၌ သူ၏ရှေ့ရှိ ရတနာသိစိတ်ဝိညာဥ်ပင်လျှင် စွမ်းအားများကို စိတ်တိုင်းကျ အသုံးပြု၍ မရနိုင်တော့ကြောင်း ခံစားလိုက်ရသည်။ ထိုသည်က မူလအရင်းအမြစ်မှ လာသော တိုက်ရိုက်ဖိနှိပ်မှုပင် ဖြစ်သည်။
''လွန်လေပြီးတဲ့ ရှေးအချိန်...''
''ရှန့်ကျိုးကိုးဆယ့်ကိုးပြည်နယ်ဟာ အနန္တကမ္ဘာကြီးဆီကနေ ခွဲထွက်မသွားခင်တုန်းကပေါ့... အဲဒီခေတ်ဟာ တကယ့်ကို ထူးခြားဆန်းကျယ်ပြီး ရင်သပ်ရှုမောစရာ ကောင်းခဲ့တဲ့ ခေတ်တစ်ခေတ်ပဲ...''
''အနန္တကုန်းမြေတိုက်ကြီးထဲမှာ မဟာကမ္ဘာပေါင်း မြောက်မြားစွာ ရှိခဲ့ပြီး...အဆုံးမဲ့ကုန်းမြေတွေနဲ့ အဆုံးမဲ့ သမုဒ္ဒရာတွေလည်း ရှိခဲ့တာပေါ့...''
''အဲဒီထဲမှာ အလယ်ဗဟို ရှန့်ကျိုး ကိုးဆယ့်ကိုးပြည်နယ်ဟာ အကျယ်အဝန်းအားဖြင့် သိပ်မကြီးမားပေမဲ့ တစ်ကမ္ဘာလုံးမှာတော့ အမြင့်မြတ်ဆုံး တည်ရှိမှုတစ်ခု ဖြစ်ခဲ့တယ်...''
''အနန္တကုန်းမြေတိုက်ကြီးတစ်ခုလုံးရဲ့ ကံကြမ္မာစွမ်းအင်တွေ စုစည်းရာ ဗဟိုချက်ပေါ့...''
''လူသားမျိုးနွယ်ဟာလည်း အနန္တကုန်းမြေတိုက်ကြီးရဲ့ကောင်းကင်တာအိုဆီက ချီးမြောက်ခြင်းခံရတဲ့ အဓိကမျိုးနွယ်စု ဖြစ်ခဲ့ပြီး...''
''ဂိုဏ်းပေါင်းစုံ၊ ပညာရှင်ပေါင်းစုံ ထွန်းကားပြီး ကမ္ဘာကြီးတစ်ခုလုံး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်ခဲ့ကြတယ်...''
''လူသားမျိုးနွယ်တွေ၊ မိစ္ဆာမျိုးနွယ်တွေ၊ လူရိုင်းမျိုးနွယ်တွေ၊ ရွှမ်ဟွမ်နဂါးမျိုးနွယ်တွေ၊ ကြယ်တာရာ ဝင်စားသူတွေ၊ ကမ္ဘာဦးရဲ့ သားတော်တွေ... ပြီးတော့ အဆုံးမဲ့ ငရဲပင်လယ်နဲ့ ဆက်သွယ်ထားတဲ့ အဆုံးမဲ့ မိစ္ဆာနယ်မြေနဲ့ မိစ္ဆာမျိုးနွယ်ပေါင်းစုံလည်း ရှိခဲ့ကြတာပေါ့...''
အရာခပ်သိမ်းကျမ်း၏ မျက်နှာထက်၌ အတိတ်ကို ပြန်လည် တမ်းတနေသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။
''နှမြောစရာကောင်းတာက လူသားတွေရဲ့ စိတ်နှလုံးက စည်းလုံးဖို့ ခဲယဥ်းလွန်းတာပဲ..."
"ဂူမိသားစုထွက်ပေါ်လာမှုနှင့်အတူ မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်လာခဲ့တယ်...''
''အဲဒီနောက်မှာ အနန္တကမ္ဘာကြီးရဲ့ ကောင်းကင်တာအိုဟာ ဂူမိသားစုရဲ့ အိမ်တော်သခင် ဂူထာရှန်းနဲ့ ပေါင်းစည်းသွားပြီး ပြောင်းလဲမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာခဲ့တယ်... အဲဒီနောက် အနန္တကုန်း မြေတိုက်ကြီးရဲ့အလယ်ဗဟိုနယ်မြေဖြစ်တဲ့ ရှန့်ကျိုးဟာ အနန္တကုန်းမြေကနေ သီးခြားကွဲထွက်သွားပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးလို့ ခေါ်တဲ့ မဟာကမ္ဘာကြီးနဲ့ပေါင်းစပ်သွားခဲ့တာပဲ...''
''ရှန့်ကျိုးဟာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေကြီးနဲ့ ပေါင်းစပ်သွားခဲ့ပေမဲ့ ကမ္ဘာတစ်ခုလုံးရဲ့ ကံကြမ္မာစွမ်းအားစုစည်းရာဗဟိုချက်မအဖြစ် ဆက်လက်တည်ရှိနေခဲ့တယ်...''
''ဒါပေမဲ့ ကျုပ်အမြင်အရ ပြောရရင်တော့ ဒါဟာ ကောင်းတဲ့ကိစ္စ မဟုတ်ဘူး... အဆင့်အတန်း နိမ့်ကျသွားတာလို့ပဲ မြင်တယ်... တစ်နည်းပြောရရင်တော့ ပြည်နှင်ဒဏ် အပေးခံလိုက်ရသလိုမျိုးပေါ့...''
အရာခပ်သိမ်းကျမ်းသည် ပိုမို စိတ်လှုပ်ရှားလာလေသည်။
သူသည် ရှည်လျားလှသော အတိတ်ကာလအကြောင်းအရာများကို ပြန်လည် ပြောပြနေရသဖြင့် မိမိကိုယ် မထိန်းချုပ်နိုင်ဘဲ ခံစားချက်များအတွင်း စီးဝင်နစ်မြောသွားသည်။
''ဂူမိသားစုလား...''
ကျုံးရှန်သည် တစ်စုံတစ်ခုကို ပြန်လည် သတိရသွားဟန် ရှိကာ မိမိရောက်ရှိနေသော ကမ္ဘာကြီးအပေါ်၌ ပိုမို၍ နားလည်လာလေသည်။
နဂါးမဲ့နှလုံးသားကျင့်စဉ်ကို ရရှိခဲ့စဉ်တွင် သူသည် ထိုအရာများကို ခန့်မှန်းရုံသာ ခန့်မှန်းနိုင်ခဲ့သော်လည်း ယခုအခါတွင်မူ အချက်အလက်များကိုအသေအချာအတည်ပြုနိုင်သွားပြီ ဖြစ်သည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးသည် သာမန်မဟာကမ္ဘာကြီးတစ်ခု၏ဖြစ်တည်မှုမျိုးမဟုတ်ပေ။
ယင်းသည် ရိုးရှင်းသော ကမ္ဘာတစ်ခု မဟုတ်ဘဲ မြောက်မြားစွာသော ကမ္ဘာများ၊ မြောက်မြားစွာသော ဖော်မပြနိုင်သည့် ဆုံမှတ်များ စုဆုံရာ ဗဟိုချက်မတစ်ခု ဖြစ်နေသည်။ သို့ဖြစ်ရာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ အဆင့်အတန်းသည် မဟာကမ္ဘာ ဆိုသည့် အသုံးအနှုန်း ဖြင့် ဖော်ပြရန် လုံးဝ မလုံလောက်ပါချေ။
သူ၏ရှေ့မှောက်တွင်ရှိသော အရာခပ်သိမ်းကျမ်းပင်လျှင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ အစစ်အမှန် အခြေအနေကို သိရှိနိုင်ခြင်းမရှိပေ။
''အဆွေက ဂူမိသားစုအကြောင်းကို သိနေတာလား...''
အရာခပ်သိမ်းကျမ်းသည် မျက်မှောင်ကြုတ်လိုက်သော်လည်း ခဏချင်းပင် ပြန်လည် ပြေလျော့သွားသည်။
''အဆွေက အသွင်အပြင်အရ အသက်ငယ်ပုံရပြီး...ကျင့်ကြံစဉ်ကလည်း သူတော်စင်တစ်ပိုင်း အဆင့်ပဲ ရှိသေးပေမဲ့... နဂါးမဲ့နှလုံးသားကျင့်စဉ်ကို တတ်မြောက်ထားတာဆိုတော့ ရှေးဟောင်း ဂူမိသားစုအကြောင်းကို သိနေရင်လည်း အံ့ဩစရာ မဟုတ်တော့ပါဘူးလေ...''
အရာခပ်သိမ်းကျမ်းသည် ခေါင်းညိတ်လိုက်ကာ ဆက်လက် ပြောကြားလိုက်သည်။
''ရှန့်ကျိုးဟာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေနဲ့ ပေါင်းစပ်သွားပြီးတဲ့နောက်မှာ အဲဒီခေတ်က ကျန်ရစ်ခဲ့တဲ့ အစွမ်းထက် ပုဂ္ဂိုလ်ကြီးအချို့လည်း ဝမ်ရှန်နတ်ဘုရားကုန်းမြေကို အတူတူ ရောက်ရှိလာခဲ့ကြတယ်...''
''သူတို့က ဝမ်ရှန့်နတ်ဘုရားကုန်းမြေရဲ့ မျိုးနွယ်ခြား နတ်ဘုရားတွေနဲ့ နှစ်ပေါင်းများစွာကြာအောင် စစ်ပွဲတွေ ဖြစ်ပွားခဲ့ကြပြီး...နောက်ဆုံးမှာတော့ အခုလက်ရှိ လူသားမျိုးနွယ်တွေ ထွန်းကားလာတဲ့ အခြေအနေကို ဖန်တီးနိုင်ခဲ့ကြတာပဲ...''
''နှမြောစရာကောင်းတာက အဲဒီခေတ်က ဖာလွီသူတော်စင်နဲ့ တခြား မိသားစုကြီးတွေက သူတော်စင်ကြီးတွေ၊ နတ်ဘုရားတွေကတော့ပါမလာခဲ့ကြဘူး...''
''ဒါပေမဲ့ ဖာကျိုးပြည်နယ်၊ အရာခပ်သိမ်း တရားလောကနဲ့ အရာခပ်သိမ်းတရား စီရင်ကွင်း လို့ ခေါ်တဲ့ ရတနာတွေကတော့ ရောက်လာခဲ့တယ်...''
''ကြည့်ရတာ အဲဒီအချိန်တုန်းက အတားအဆီးတစ်ခုခုက သူတို့ကို ရှန့်ကျိုးနဲ့အတူ ပါမလာအောင် တားဆီးထားခဲ့ပုံရတယ်...''
အရာခပ်သိမ်းကျမ်းသည် တည်ငြိမ်စွာ ပြောကြားနေသော်လည်း သူ၏လေသံတွင် စိတ်လှုပ်ရှားမှုအရိပ်ယောင်များ ပါဝင်နေလေသည်။
ထိုသည်က ရတနာသိစိတ်ဝိညာဥ်သည်လိမ်ညာနေခြင်း မဟုတ်ကြောင်း ထင်ရှားလှ၏။
ကျုံးရှန်သည် ခေါင်းကို အနည်းငယ် စောင်းလိုက်ကာ တစ်စုံတစ်ခုကို စဉ်းစားနေဟန် ရှိသည်။
''စီနီယာက ဒီကောင်းကင်တက်လှမ်းခြင်းမျှော်စင်ထဲမှာ ပုန်းအောင်းနေတာက တစ်စုံတစ်ရာကို စောင့်ဆိုင်းနေတာမျိုးလား...''
ဤမေးခွန်းကို ကြားလိုက်ရသောအခါ အရာခပ်သိမ်းကျမ်းသည် ရုတ်တရက် ပြုံးလိုက်သည်။
သူ၏ မျက်နှာထက်၌ ကြည်ညိုလေးစားသော အရိပ်အယောင်များ ပေါ်ထွက်လာသည်။
''ကျုပ်က ဖာလွီသူတော်စင်... ကျုပ်ကို အနန္တကမ္ဘာကြီးဆီ ပြန်ခေါ်သွားဖို့ စောင့်နေတာပါ...''
သန်းပေါင်းများစွာသော နှစ်ကာလများ ကုန်လွန်သွားခဲ့သော်လည်း အရာခပ်သိမ်းကျမ်းသည် ဖာလွီသူတော်စင်အပေါ်၌ ရိုသေမှုနှင့် သစ္စာရှိမှုကို ဆက်လက် ထိန်းသိမ်းထားဆဲ ဖြစ်ကြောင်း ထင်ရှားလှပေသည်။
''ဟားဟားဟားဟား''
ကျုံးရှန်သည် ရုတ်တရက် ဗိုက်ကိုနှိပ်ကာ အကျယ်ကြီး ရယ်မောလိုက်သည်။
သူသည် ရှေ့သို့ နောက်သို့ လှုပ်ခါနေအောင် ရယ်မောနေခြင်း ဖြစ်ပြီး မျက်ရည်များ ထွက်လာတော့မည့်အလား ဖြစ်နေသည်။
ကျုံးရှန် ဤကဲ့သို့ ရယ်မောနေသည်ကို မြင်သောအခါ အရာခပ်သိမ်းကျမ်းသည် မျက်မှောင်ကြုတ်လိုက်ကာ မကျေမနပ် ဖြစ်သွားလေသည်။
''အဆွေက ဘာကို ရယ်တာလဲ...''
''ကျုပ်ကတော့ ဖာလွီသူတော်စင်ကို အခုထိ အာရုံခံလို့ ရနေတုန်းပဲ...''
''သူက သေဆုံးသွားတာ မဟုတ်ဘူး... တစ်နေ့နေ့မှာ သူ ဒီကို လာဖို့ နည်းလမ်း ရှာမှာ အသေအချာပဲ...''
သူသည် ခိုင်မာပြတ်သားစွာဖြင့် ထပ်လောင်း ပြောကြားလိုက်သည်။
ကျုံးရှန်သည် ရယ်သံကို ရပ်လိုက်သော်လည်း မျက်လုံးထောင့်များတွင်မူ စိုစွတ်မှုများ ကျန်ရှိနေဆဲ ဖြစ်သည်။ သူသည် ခေါင်းကို ခါယမ်းလိုက်၏။
''စီနီယာက တကယ့်ကို သစ္စာရှိလွန်းတာပဲ...''
''အခုဆိုရင် အပြင်ကကမ္ဘာကြီးရဲ့ ကောင်းကင်တာအိုမှာ အပြောင်းအလဲတွေ ဖြစ်နေပြီလေ...''
''အရင်တုန်းက အနန္တကမ္ဘာကြီးလိုမျိုးပဲပေါ့...''
''ဒါဟာ ဘေးဒုက္ခတစ်ခု ဖြစ်နိုင်သလို အခွင့်အရေးတစ်ခုလည်း ဖြစ်နိုင်တယ်...''
''စီနီယာက ဒီနေရာမှာ ပုန်းအောင်းနေတာဟာ အခွင့်အရေးတွေကို လက်လွတ် ဆုံးရှုံးနေရတာနဲ့ အတူတူပဲ...''
''အဲဒီအစား ကျုပ်နောက်ကို လိုက်ပြီး လောကထဲကို တစ်ကျော့ပြန် မဝင်ချင်ဘူးလား... ကမ္ဘာတည်သရွေ့ တည်တံ့မယ့် အောင်မြင်မှုတွေကို အတူတူ တည်ဆောက်ကြတာပေါ့...''
''ကောင်းကင်တာအိုရဲ့ အထွတ်အထိပ်ကို ရောက်သွားတဲ့အခါကျမှ အနန္တကမ္ဘာကြီး ရှိတဲ့နေရာကို ပြန်ရှာပြီး ဖာလွီသူတော်စင်ကို သွားရှာရင်လည်း ဖြစ်တာပဲ မဟုတ်လား...''
ကျုံးရှန်သည် တစ်လုံးချင်း တည်ငြိမ်စွာ ပြောလိုက်လျှင် သူ၏ လေသံသည် အလွန် စစ်မှန်လှပေသည်။
'ဒီကောင်လေးနောက်ဆုံးတော့... သူ့ရဲ့အမြီး ကိုထုတ်ပြလာပြီပဲ...'
အရာခပ်သိမ်းကျမ်းသည် ကျုံးရှန်၏စကားများကို ကြားလိုက်ရသောအခါ စိတ်ထဲတွင် ထိတ်ခနဲ ဖြစ်သွားပြီး သတိပြန်ဝင်လာသည်။ အတိတ်ကို လွမ်းဆွတ်တမ်းတခြင်းများသည်လည်း ပျောက်ကွယ်သွားလေသည်။
'ဒီကောင်လေးရဲ့ ရည်ရွယ်ချက်က ငါ့ကို မက်လုံးပေးစည်းရုံးပြီး... သူ့အတွက် အသုံးချချင်နေတာပဲ...'
'ဒါပေမဲ့ နှစ်ပေါင်းများစွာ ကြာအောင် ကျင့်ကြံခဲ့ပြီးတဲ့နောက်မှာ ငါက မဟာတာအိုအဆင့်ကို ကျော်လွန်ပြီး လွတ်မြောက်ခြင်းအဆင့်ကို ရောက်နေပြီလေ...'
'ဒီကောင်လေးရဲ့ နိမ့်ကျတဲ့ ကျင့်ကြံစဉ်အဆင့်နဲ့ဆိုရင်...သူက နဂါးမဲ့နှလုံးသားကျင့်စဉ်ကို တတ်မြောက်ထားရင်တောင်မှ...ငါသဘောမတူရင် အတင်းအကြပ် မလုပ်နိုင်ပါဘူး...'
အရာခပ်သိမ်းကျမ်းသည် အရာအားလုံးကို ချက်ချင်း နားလည်သွားသည်။
အစောပိုင်းတွင် သူသည် ကျုံးရှန်၏ ထူးခြားလှသော စွမ်းဆောင်ရည်များကြောင့် တုန်လှုပ်သွားခဲ့ရခြင်း ဖြစ်ကာ စိတ်ခံစားချက် အပြောင်းအလဲများကြောင့် ကျုံးရှန်၏ အစီအစဉ်နောက်သို့ မျောပါခဲ့ရခြင်း ဖြစ်သည်။
'သူ့ရဲ့ ရည်ရွယ်ချက်ကို သိပြီဆိုပေမဲ့လည်း... တိုက်ရိုက် ငြင်းလို့တော့ မဖြစ်သေးဘူး...'
'ဟုတ်ပြီ... ဒီအခွင့်အရေးကို အသုံးချပြီး ဒီကောင်လေးဆီကနေ နဂါးမဲ့နှလုံးသားကျင့်စဉ်ရဲ့ လျှို့ဝှက်ချက်တွေကို ဘာလို့ မစူးစမ်းကြည့်ရမှာလဲ...'
အရာခပ်သိမ်းကျမ်း၏ စိတ်အတွင်း၌ အတွေးပေါင်းများစွာနှင့် အစီအစဉ်ပေါင်းများစွာ ဖြတ်ပြေးသွားသည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင် သူသည် ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်ကာ သူ၏ မျက်နှာထက်ရှိ အမူအရာသည် ပိုမိုရင်းနှီးဖော်ရွေသော ပုံစံသို့ ပြောင်းလဲသွားလေသည်။