အခန်း (၂၉၆)
Vol. 30 Ch. 296
အပိုင်း (၂၉၆)
''အဆွေက နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံရဲ့ အမွေအနှစ်ကို ဆက်ခံသူ ဖြစ်ထိုက်တန်ပါပေတယ်...''
''ဒီလိုမျိုး ကျယ်ပြောလှတဲ့ စိတ်နှလုံးနဲ့ စွမ်းအားမျိုး ရှိနေတာကတော့ တစ်လောကလုံးကို စိုးမိုးအုပ်ချုပ်နိုင်ဖို့အတွက် အခြေခံကောင်းတွေကို ပိုင်ဆိုင်ထားမှပဲ ဖြစ်နိုင်တာလေ...''
''ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးလို့ ခေါ်တဲ့ မဟာကမ္ဘာကြီးကို တိုက်ခိုက်သိမ်းပိုက်ဖို့ ဆိုတာကလည်း အဆွေအတွက်တော့ သိပ်ပြီး ခက်ခဲတဲ့ ကိစ္စတစ်ခု မဟုတ်တော့ပါဘူး...''
အရာခပ်သိမ်းကျမ်းသည် ကျုံးရှန်ကို ပထမဦးစွာ ချီးမွမ်းစကား ဆိုလိုက်သည်။
ထို့နောက်တွင် သူသည် ကျုံးရှန်အတွက် နိယာမရေနွေးကြမ်း တစ်ခွက်ကို ထပ်မံ၍ ငှဲ့ပေးလိုက်ပြန်သည်။ ဤတစ်ကြိမ်တွင်မူ သူသည် မည်သည့် ကောက်ကျစ်သော နည်းလမ်း သို့မဟုတ် နောက်ကွယ်မှ အစီအစဉ်မျိုးကိုမျှ ထည့်သွင်းထားခြင်း မရှိတော့ဘဲ သာမန် ရေနွေးကြမ်းတစ်ခွက်ကိုသာ လောင်းထည့်ပေးလိုက်ခြင်း ဖြစ်သည်။
ထို့နောက်တွင် သူသည် စကားလမ်းကြောင်းကို ရုတ်တရက် ပြောင်းလဲလိုက်သည်။
''ဒါပေမဲ့လည်း... ကျုပ်အနေနဲ့ လောကထဲကို ထွက်ဖို့အတွက် အချိန် မကျသေးဘူးလို့ ထင်မိတယ်...''
''ဖာလွီသူတော်စင်ရဲ့ ဆင့်ခေါ်မှုကို မရရှိသေးသရွေ့တော့ ကျုပ်အနေနဲ့ ဒီကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကနေ ထွက်ခွာသွားမှာ မဟုတ်သလို... လောကီရေးရာ ကံကြမ္မာ အကျိုးအကြောင်းတွေထဲလည်း ပါဝင်ပတ်သက်ဖို့ အစီအစဉ် မရှိပါဘူး...''
အရာခပ်သိမ်းကျမ်းသည် သူ၏ သဘောထားကို တိကျပြတ်သားစွာ ဖော်ပြလိုက်ခြင်း ဖြစ်ပြီး ကျုံးရှန်၏ ဖိတ်ခေါ်မှုကို တိုက်ရိုက်ပင် ငြင်းပယ်လိုက်သည်။
''ဟဟ...''
ကျုံးရှန်သည် ခေါင်းကို ခါယမ်းကာ အနည်းငယ် ပြုံးလိုက်သည်။
သူသည် လက်ကို ဆန့်ထုတ်ကာ ရေနွေးကြမ်းခွက်ကို လှမ်းယူလိုက်ပြီး နိယာမရေနွေးကြမ်းကို တစ်ကျိုက်ထဲဖြင့် ကုန်အောင် သောက်လိုက်လေသည်။
ထို့နောက်တွင် သူသည် ထိုင်နေရာမှ ရုတ်တရက် မတ်တပ်ရပ်လိုက်ကာ သူ၏ရှေ့မှောက်တွင်ရှိသော အရာခပ်သိမ်းကျမ်းဆီသို့ လက်နှစ်ဖက်ဆန့်ထုတ်လိုက်သည်။ သူ၏ လက်အတွင်း၌ အစွမ်းထက်လှသော စွမ်းအင်များ စုစည်းလာကာ အရာခပ်သိမ်းကျမ်းဆီသို့ လှိုင်းလုံးကြီးများသဖွယ် တိုးဝင်သွားလေသည်။
''အစွမ်းထက်ပေမဲ့... ကျုပ်ကိုဖမ်းဖို့မလုံလောက်သေးဘူး...''
အရာခပ်သိမ်းကျမ်း၏ မျက်ခုံးအစုံ ပင့်တက်သွားကာ တည်ငြိမ်အေးဆေးစွာ ဆိုလိုက်သည်။
ထို့နောက် ထိုင်နေရာမှ ထရပ်ကာ နောက်သို့ ခြေလှမ်းတစ်လှမ်း ဆုတ်လိုက်ပြီး ကျုံးရှန်၏ တိုက်ခိုက်လာမှုကို ပေါ့ပါးစွာဖြင့် ရှောင်တိမ်းလိုက်သည်။
အရာခပ်သိမ်းကျမ်းသည် လက်မောင်းတစ်ဖက်ကို ဝှေ့ယမ်းလိုက်လျှင် အင်္ကျီလက်အတွင်းမှ အတိုင်းအဆမရှိသော ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး ရှေးဟောင်းသင်္ကေတများ မြောက်မြားစွာသည် ရွှေရောင်လှိုင်းလုံးကြီးများကဲ့သို့ တဟုန်ထိုး ထွက်ပေါ်လာသည်။
အရာခပ်သိမ်းကျမ်းသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်း၌ နှစ်သန်းပေါင်းများစွာ နေထိုင်လာခဲ့သူ ဖြစ်သည်။ ထို့ကြောင့် မျှော်စင်အတွင်း၌ဖြစ်လင့်ကစား သူ၏ မူလစွမ်းအားများကို အခြေအနေတစ်ခုအထိ အသုံးပြုနိုင်စွမ်း ရှိလေသည်။ ထိုအချက်တစ်ခုတည်းဖြင့်ပင် သူသည် တိုက်ပွဲအတွင်း၌ အရှုံးမရှိသော အနေအထားတွင် ရပ်တည်နေနိုင်ပေသည်။
ရွှေရောင်ရှေးဟောင်းသင်္ကေတများသည် အရာခပ်သိမ်းကျမ်းအတွင်း၌ ရှိသော တရားဥပဒေဆိုင်ရာစည်းမျဉ်းနိယာမများပင် ဖြစ်ကြလေသည်။
လောကတွင် စည်းကမ်းမရှိပါက မည်သည့်အရာမျှ စနစ်တကျ ရှိလာမည် မဟုတ်ချေ။ ကောင်းကင်ဘုံ၌ ကောင်းကင်ဘုံ၏ စည်းမျဉ်းနိယာမ ရှိသကဲ့သို့ သက်ရှိအရာအားလုံး၌လည်း သူတို့၏သက်ဆိုင်ရာ အသီးသီးအလျောက် စည်းမျဉ်းများ ရှိကြပေသည်။ တရားမျှတမှုနှင့် စည်းမျဥ်းစည်းကမ်းများသည် လူသားလောက၏ အစီအစဉ်တကျ ရှိမှုကို ထိန်းသိမ်းထားခြင်း ဖြစ်သည်။
ထိုသင်္ကေတများသည် ကျုံးရှန်ဆီသို့ တိုးဝှေ့သွားကာ ရွှေရောင် အတားအဆီး နံရံကြီးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဥပဒေ
စည်းမျဥ်းစည်းကမ်း
ကျင့်ဝတ်ထုံးတမ်း
ထို နိယာမသုံးမျိုး၏ စွမ်းအားများသည် ဒြပ်ထည်အဖြစ် ပြောင်းလဲသွားကာ အရာအားလုံးကို ကန့်သတ်ချုပ်ချယ်နိုင်သော အတားအဆီး နံရံကြီးအဖြစ်အသွင် ပြောင်းလဲသွားခြင်းပင်ဖြစ်သည်။
ကျုံးရှန်သည် ထိုအခြင်းအရာကို မြင်သော်လည်း အံ့ဩတုန်လှုပ်ခြင်း မရှိချေ။ သူသည် ခြေထောက်ကို အနည်းငယ် ကွေးလိုက်ကာ ခါးကို လှည့်၍ လက်မောင်းကို ဝှေ့ယမ်းလိုက်သည်။
လက်ခြောက်ဖက် နဂါးမဲ့နတ်ဘုရားလက်သီး။
နတ်ဘုရားတစ်ပါး၏ အစစ်အမှန်စွမ်းအားကို အပြည့်အဝ ထုတ်ဖော်နိုင်ခြင်းမရှိသေးသော်လည်း သူ၏ ခွန်အားသည် အလွန်ပင် အစွမ်းထက်လှသည်။ ဤလက်သီးချက်သည် ကျုံးရှန်၏ ခွန်အား အထွတ်အထိပ်ပင် ဖြစ်သည်။
သူ၏ လက်သီးချက်တွင် စွမ်းအားများ အမြင့်ဆုံးအဆင့်အထိ စုစည်းလာသောအခါတွင် ဟင်းလင်းပြင်အလွှာများအတွင်း၌ အက်ကွဲသံများထွက်ပေါ်လာလေသည်။
ထိုသည်က တတိယအထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာ၏ ကန့်သတ်ချက်များသည် ကျုံးရှန်၏ စွမ်းအားအောက်တွင် အမြင့်ဆုံးအထိ ဖိအားပေးခြင်း ခံနေရသောကြောင့် ဖြစ်ပေသည်။
''ဝုန်း...''
ကျယ်လောင်သောပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာကာ ကျုံးရှန်၏ လက်သီးသည် ရွှေရောင် အတားအဆီး နံရံကြီးဆီသို့ ပြင်းထန်စွာ ထိမှန်သွားသည်။
ထိုအတားအဆီး နံရံအတွင်း၌ အရာခပ်သိမ်းကျမ်း၏ စိတ်ဆန္ဒများ ကိန်းအောင်းနေသကဲ့သို့ ဖာလွီသူတော်စင်ချန်ထားခဲ့သော သူတော်စင် အရှိန်အဝါ အနည်းငယ်လည်း ပါဝင်နေသည်။ လက်သီးနှင့် အတားအဆီး နံရံတို့ ရိုက်ခတ်သွားသော တစ်ခဏတွင် ဟင်းလင်းပြင်အလွှာများတွန့်လိမ်သွားပြီး ကောင်းကင်ယံရှိ မီးခိုးရောင် မြူထုများသည် ပိုမို၍ ထူထပ် မှောင်မိုက်လာလေသည်။
တတိယအထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာ၏ကောင်းကင်ယံတစ်ခုလုံးသည်ပင် ရေကန်တစ်ခုအတွင်းသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ တွန့် လိမ်သွားရလေသည်။
သို့သော်လည်း လက်သီးချက်နှင့်နံရံတွေ့ဆုံသည့်နေရာ၌ အရာအားလုံးသည် ထူးဆန်းစွာပင် တိတ်ဆိတ်ငြိမ်သက်နေကာ လက်သီးနှင့် ရွှေရောင် အတားအဆီး နံရံတို့သည် အေးခဲသွားသကဲ့သို့ တည်ရှိနေသည်။ ထိုကဲ့သို့သော ထူးဆန်းလှသည့် အခြေအနေသည် တစ်စက္ကန့်မျှသာ ကြာမြင့်ခဲ့သည်။
''ခရက်...''
ကြည်လင်သောအသံတစ်သံ ထွက်ပေါ်လာကာ အရာခပ်သိမ်းကျမ်း၏ မျက်နှာထက်၌ ရှိနေသော အပြုံး ရပ်တန့်သွားလေသည်။
ထို့နောက်တွင် ရွှေရောင် အတားအဆီး နံရံကြီးသည် ရုတ်တရက်ပင်အစိတ်စိတ်အမွှာမွှာ ကွဲအက်လွင့်စင်သွားသည်။ ကျုံးရှန်၏ လက်သီးထက်တွင် နီရဲသော သွေးအချို့ စီးကျလာကာ ဒဏ်ရာ ရရှိသွားသည်။ ဤသည်မှာ အပြင်လောကအတွင်းသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီးနောက်ပိုင်းတွင် ပထမဆုံးအကြိမ် ထိခိုက်ဒဏ်ရာရခြင်း ဖြစ်သည်။
တိုက်ပွဲသည် ကျင့်ကြံခြင်းအဆင့်တူညီသောပြိုင်ဘက်နှစ်ဦးအကြားရှိ တိုက်ပွဲတစ်ခု မဟုတ်ခဲ့ချေ။
ကျုံးရှန်သည် မိမိ၏ ခန္ဓာကိုယ် ခွန်အားနှင့် လက်ခြောက်ဖက် နဂါးမဲ့နတ်ဘုရားလက်သီးကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်ပြီး အရာခပ်သိမ်းကျမ်းသည် သူ၏ မူလစွမ်းအားများကို အသုံးပြု၍ ခုခံခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ကျုံးရှန်သည် သူ၏ဒဏ်ရာကို ဂရုစိုက်ခြင်းမရှိဘဲ လက်ကို ဆန့်ထုတ်ကာ လက်သီးပေါ်မှ သွေးများကို သုတ်ပစ်လိုက်သည်။ ထို့နောက်တွင် သူ၏ နတ်ဘုရား အာရုံကို ထုတ်လွှတ်လိုက်ကာ ရွှေရောင် အတားအဆီး အပိုင်းအစများအတွင်းသို့ စိမ့်ဝင်သွားစေလိုက်လေသည်။
ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်း၌ သူ၏ နတ်ဘုရား အာရုံသည် မီတာအနည်းငယ်မျှသာ ထွက်ပေါ်နိုင်သော်လည်း ယခုအချိန်၌ ထိုအကွာအဝေးသည်ပင် သူ၏ အစီအစဉ်ကို အကောင်အထည်ဖော်ရန် လုံလောက်လှသည်။
အရာခပ်သိမ်းကျမ်းသည် ထိုအခြင်းအရာများကို ဂရုမစိုက်နိုင်တော့ချေ။ ရွှေရောင် အလင်းတန်းများ လင်းလက်သွားလျှင် သူသည် ရွှေရောင်ကျမ်းစာလိပ် အဖြစ်သို့ ပြန်လည် ပြောင်းလဲသွားပြီး ဖာကျားဂိုဏ်း၏ စံအိမ်တော် အတွင်းပိုင်းဆီသို့ အလျင်အမြန် ပျံသန်း ထွက်ပြေးသွားလေသည်။
ကျုံးရှန်သည်လည်း လိုက်လံတိုက်ခိုက်ခြင်း မရှိဘဲ နေရာ၌သာရပ်နေခဲ့သည်။ သူတို့နှစ်ဦး၏စွမ်းအားများထိပ်တိုက် တွေ့ဆုံမှုအရ သူသည် မိမိ၏အခြေအနေကို သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ အရာခပ်သိမ်းကျမ်း၏ စွမ်းအားများကို ချေဖျက်နိုင်ခဲ့သော်လည်း ယင်းစာလိပ်ကို အလွယ်တကူ သိမ်းပိုက်ရန်စွမ်းဆောင်နိုင်ခြင်းမရှိသေးပေ။ မည်သို့ပင်ဆိုစေကာမူ စာလိပ်သည် မျှော်စင်အတွင်းမှ အလိုအလျောက် ထွက်ခွာသွားနိုင်ခြင်း မရှိသဖြင့် ကျုံးရှန်အနေဖြင့်လည်း အလျင်စလိုလုပ်ဆောင်ရန်မလိုအပ်ချေ။
အစောပိုင်းတိုက်ခိုက်မှုတွင် ကျုံးရှန်သည် ရွှေရောင် အတားအဆီး နံရံအတွင်းမှ အရာခပ်သိမ်းကျမ်း၏ စိတ်ဆန္ဒများသာမက ဖာလွီသူတော်စင်၏ စိတ်ဆန္ဒ အနည်းငယ်လည်း ပါဝင်နေသည်ကို သတိထားမိသဖြင့် အနည်းငယ်စုပ်ယူခဲ့လေသည်။ ထိုအပိုင်းအစများကို စုပ်ယူခြင်းအားဖြင့် ဖာလွီသူတော်စင်၏ မှတ်ဉာဏ်များနှင့် လျှို့ဝှက်ချက် အချို့ကို သိရှိနိုင်လိမ့်မည်ဟု ယူဆထားသောကြောင့်ဖြစ်သည်။
မကြာမီ အချိန်အတွင်း၌ပင် ကျုံးရှန်သည် ထိုအပိုင်းအစများကို သူ၏နတ်ဘုရား အာရုံဖြင့် အကုန်အစင် စုပ်ယူနိုင်လိုက်ကာ မျက်နှာထက်၌ တစ်စုံတစ်ခုကို နားလည်သွားသည့် အရိပ်အယောင်ပေါ်ထွက်လာသည်။
''ဒီလိုကိုး... ဖာလွီသူတော်စင်က ကောင်းကင်တာအိုနဲ့ ပေါင်းစပ်သွားတဲ့ အခြေအနေကနေ တကယ်ပဲပြန်လည်နိုးထလာနိုင်ခဲ့တာပဲ... သူက လူသားမျိုးနွယ်ထဲမှာ စစ်မှန်တဲ့ပါရမီရှင်ထဲကပါရမီရှင်တစ်ဦးပဲ...''
''နှမြောစရာ ကောင်းတာက ငါ စုပ်ယူလိုက်တဲ့ စိတ်ဆန္ဒ အပိုင်းအစ သိပ်ပြီး မများတဲ့အတွက် ဖာလွီသူတော်စင်ရဲ့ အရေးကြီးတဲ့ လျှို့ဝှက်ချက်တွေကို မရဘဲ.. အပေါ်ယံ အချက်အလက် အနည်းငယ်လောက်ကိုပဲ ရလိုက်တာပဲ...''
''ဒါပေမဲ့လည်း မဆိုးပါဘူး...သူ့ရဲ့ လျှို့ဝှက်ချက်တွေကို အပြည့်အဝရမယ်ဆိုရင်... ဒဏ္ဍာရီလာ အနှိုင်းမဲ့ကျီကျိုက်ခန္ဓာကိုယ် ကို မရရှိခဲ့ရင်တောင်မှ... ဖာလွီသူတော်စင်ရဲ့ ကောင်းကင်တာအိုအပေါ် နားလည်မှုတွေကို အသုံးချပြီး ကံတရား ကျိန်စာရဲ့အချုပ်အနှောင်တွေကို တိုက်ရိုက် ချိုးဖျက်နိုင်မယ်လို့ခန့်မှန်းမိတာပဲ...''
ကျုံးရှန်သည် နှမြောတသစွာဖြင့် ရေရွတ်လိုက်သည်။
သို့သော်လည်း ယေဘုယျအားဖြင့် ပြောရလျှင် ဤတစ်ကြိမ်၌ သူသည် အရှုံးမရှိပါချေ။ ဖာလွီသူတော်စင်၏ စိတ်ဆန္ဒ အချို့နှင့် ပေါင်းစပ်သွားပြီးနောက်တွင် သူ၏ စွမ်းအားများသည်ပင် အလိုအလျောက် တစ်ဆင့် မြင့်တက်လာလေသည်။
ကျုံးရှန်သည် တရားဥပဒေ၏ စွမ်းအားများကို သူ၏ကျင့်စဉ်များအတွင်းသို့ ပေါင်းစပ်လိုက်ကာ ကျင့်စဉ်များသည် ကောင်းကင်တာအို၏စည်းမျဉ်းနိယာမအချို့နှင့်အညီ ဟန်ချက်ညီစွာပြောင်းလဲသွားသည်။ အကယ်၍ ယခင်က ကျုံးရှန်၏ ကျင့်စဉ်များသည် စနစ်တကျ မရှိသော ပြောက်ကျားတပ်ဖွဲ့များကဲ့သို့တစ်ကွဲတစ်ပြားစီ ဖြစ်ခဲ့မည် ဆိုပါက ယခုအခါတွင်မူ သူသည် စံပြစစ်တပ်တစ်ခုအသွင်သဏ္ဌာန်ကို ရရှိသွားလေသည်။ စည်းကမ်းများဖြင့်စနစ်တကျတည်ဆောက်ထားသော စစ်တပ်သည် ပြောက်ကျားတပ်ဖွဲ့များထက် တိုက်ခိုက်ရေးစွမ်းရည် ပိုမိုမြင့်မားလေသည်။
ထို့ကြောင့် သူသည် အကျိုးကျေးဇူး မြောက်မြားစွာကို ရရှိခဲ့သည်ဟု ဆိုနိုင်ပေသည်။
ကျုံးရှန်သည် ဖာလွီသူတော်စင်၏ စိတ်ဆန္ဒများကို အကုန်အစင် စုပ်ယူပြီးသောအခါ လက်သီးပေါ်ရှိ ဒဏ်ရာသည်လည်း အလိုအလျောက် ပျောက်ကွယ်သွားပြီဖြစ်သည်။ အရာခပ်သိမ်းကျမ်းသည် အဝေးသို့ ထွက်ပြေးသွားသဖြင့် မည်သည့်နေရာသို့ ရောက်သွားသည်ကို မသိရှိနိုင်ချေ။
ကျုံးရှန်သည် ထိုစံအိမ်တော်ကြီးအတွင်းလှည့်ပတ် ကြည့်ရှုလိုက်သောအခါ အဖိုးတန် ရတနာ မြောက်မြားစွာကို တွေ့ရှိလိုက်ရလေသည်။ ဥပမာအားဖြင့် သူတို့ သောက်ခဲ့သော နိယာမရေနွေးကြမ်းများ ၊ သူတော်စင်အဆင့် သို့မဟုတ် ဖန်တီးခြင်း နတ်ဘုရားအဆင့်ရှိ ရတနာများပင်ဖြစ်သည်။
သူသည် အခန်းအတွင်းရှိ ရတနာအားလုံးကို သိမ်းဆည်းလိုက်ပြီးနောက်တွင် ဖာထျန်းခြံဝင်းအတွင်းရှိ အခြားသော အခန်းများကိုလည်း လိုက်လံ ရှာဖွေလိုက်သည်။ ထိုအခါ ခန္ဓာကိုယ်ကြံခိုင်မှုကို မြှင့်တင်ပေးနိုင်သော ဆေးလုံး မြောက်မြားစွာကို ရှာဖွေတွေ့ရှိလိုက်သည်။
နိယာမဆေးလုံး။
ထိုဆေးလုံးများအပြင် သူသည် တာအိုအဆင့် လွီချပ်ဝတ် အမြောက်အမြားကိုလည်း ရရှိခဲ့လေသည်။ ထိုချပ်ဝတ်များသည် ရှေးယခင် ဖာကျားဂိုဏ်းမှ သူတို့၏ မျိုးဆက်သစ်များကို လေ့ကျင့်ပေးရန်အတွက် အထူး ဖန်တီးထားခဲ့သော အရာများ ဖြစ်ကာ ယင်းတို့၏ အစွမ်းသတ္တိသည် အံ့မခန်းပင်ဖြစ်သည်။
တာအိုအဆင့်ရှိ လွီချပ်ဝတ်ကို သာမန် စစ်သည်တော် အဆင့်ရှိ လူသားတစ်ဦး ဝတ်ဆင်လိုက်မည် ဆိုပါက ထိုသူသည် မည်သည့်လက်နက်များ၏ ထိုးဖောက်မှုမဆို ခံနိုင်ရည်ရှိသွားမည်ဖြစ်ကာ လေထဲတွင် ပျံသန်းနိုင်မည် ဖြစ်သကဲ့သို့ အတိုင်းအဆမရှိသော ခွန်အားများကိုလည်း ပိုင်ဆိုင်လာနိုင်ပေမည်။ သာမန် လူသားတစ်ဦးမှသည် နိယာမနယ်ပယ် အဆင့် ၇ ရှိသော ကျင့်ကြံသူတစ်ဦး၏ စွမ်းအားမျိုးကို ချက်ချင်း ရရှိသွားစေနိုင်ခြင်းပင် ဖြစ်သည်။
နိယာမဆေးလုံးများသည်လည်း ခန္ဓာကိုယ်၏ အခြေခံဖွဲ့စည်းပုံကို ကြံခိုင်စေသော အစွမ်းထက် ဆေးလုံးများ ဖြစ်ကြသည်။ ယင်းသည် သာမန် လူသား ကျင့်ကြံသူတစ်ဦးကို နိယာမနယ်ပယ်သို့ ရောက်ရှိသွားစေရန် အခွင့်အလမ်း ပေးနိုင်စွမ်း ရှိလေသည်။ အကယ်၍ နိယာမနယ်ပယ်ရှိ ကျင့်ကြံသူများ သောက်သုံးမည် ဆိုပါက သူတို့၏ သွေးကြောများကို ပိုမို ကျယ်ပြန့်လာစေကာ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များ၏ အရည်အသွေးကို မြှင့်တင်ပေးနိုင်သည့် ထူးခြားသော အစွမ်းများ ရှိလေသည်။