အခန်း (၂၉၇)
Vol. 30 Ch. 297
အပိုင်း (၂၉၇)
ထိုရတနာများသည် ကျုံးရှန်အတွက် အသုံးမဝင်သော်လည်း ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးသို့ ပြန်ရောက်သောအခါတွင်မူ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေမှ မျိုးဆက်သစ်တပည့်များကို လေ့ကျင့်ပေးရန်အတွက် အသုံးပြုနိုင်ပေသည်။ ထို့အပြင် ကျုံးရှန်သည် ကံတရားကျိန်စာ၏ အချုပ်အနှောင်များကို ချိုးဖျက်နိုင်ခဲ့ကာ သူတော်စင်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်လာလျှင် သူ၏ကိုယ်ပိုင် သူတော်စင်ဘုံကို ဖန်တီးနိုင်မည် ဖြစ်သည်။
ထိုအချိန်တွင် သူသည် လွီချပ်ဝတ်များ နှင့် နိယာမဆေးလုံးများကို နီရှန့်ကုန်းချန်နည်းစနစ်ဖြင့် ကိုယ်တိုင် ဖန်တီးနိုင်မည် ဖြစ်ကာ လက်နက်၊ ချပ်ဝတ် နှင့် ဆေးလုံးများကိုပြန်လည် ထုတ်လုပ်နိုင်မည် ဖြစ်သည်။
သူသည် လက်နက်စက်ရုံတစ်ခုကဲ့သို့ ဖြစ်လာကာ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေသို့ အဖိုးတန် ရတနာများကို အစဉ်မပြတ် ထောက်ပံ့ပေးနိုင်မည် ဖြစ်၏။
ကျုံးရှန်သည် လွီချပ်ဝတ်များ နှင့် နိယာမဆေးလုံးများ အားလုံးကို သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဟင်းလင်းပြင်အတွင်းသို့ သိမ်းဆည်းလိုက်သည်။
ဖာထျန်းခြံဝင်းသည် ဖာကျားဂိုဏ်း စံအိမ်တော်တစ်ခုလုံး၏ အချက်အချာကျသော နေရာတစ်ခု ဖြစ်ပေသည်။ နှမြောစရာ ကောင်းသည်မှာ ဖာကျိုးမြို့ပျက်သည် ဖာကျားဂိုဏ်း၏ အပြင်ဘက်ရှိ မြို့တစ်မြို့သာ ဖြစ်ပြီး ဂိုဏ်း၏ အစစ်အမှန် အချက်အချာကျသော အရာခပ်သိမ်းကမ္ဘာအတွင်းရှိ မြို့ မဟုတ်ခဲ့ချေ။
အရာခပ်သိမ်းကျမ်း တည်ရှိနေခဲ့သော အခန်းမှလွဲ၍ ကျန်ရှိသော အခန်းများမှ ရရှိသော ရတနာများနှင့် ပစ္စည်းများသည် နိယာမနယ်ပယ်ရှိ ကျင့်ကြံသူများအတွက်သာ ဖြစ်ကာ ထိုနေရာသည် ဖာကျားဂိုဏ်းမှ နိယာမနယ်ပယ်ရှိ တပည့်များကို လေ့ကျင့်ပေးရန် အသုံးပြုခဲ့သော နေရာတစ်ခုဖြစ်လေသည်။
ထိုပစ္စည်းများသည် ရှေးဟောင်းပစ္စည်းများ ဖြစ်ကြပြီး မြောက်မြားစွာသော ကျင့်စဉ်နည်းစနစ်များနှင့် လက်နက်သွန်းလုပ်ခြင်း နည်းအတတ်ပညာများသည် အနန္တကုန်းမြေတိုက်ကြီးဆီမှ အမွေအနှစ်များ ဖြစ်ကြသည်။
ယင်းတို့သည် ယခုလက်ရှိ ဝမ်ရှန့်နတ်ဘုရားကုန်းမြေရှိ နည်းစနစ် အတတ်ပညာများနှင့် လုံးဝ ဥဿုံ ကွဲပြားခြားနားလှသည်။
အနာဂတ်တစ်ချိန်တွင် ထိုအရာများကို အသေးစိတ်လေ့လာမည် ဆိုပါက အသုံးဝင်သော သတင်းအချက်အလက် မြောက်မြားစွာကို သိရှိလာနိုင်ပေမည်။
ကျုံးရှန်သည် မြို့ပျက်ကြီးနှင့် စံအိမ်တော်ကြီးအတွင်း ရက်ပေါင်းများစွာ ကြာအောင် လိုက်လံ ရှာဖွေခဲ့သည်။
ထိုသို့ ရှာဖွေခြင်းဖြင့် စံအိမ်တော်၏ အနက်ရှိုင်းဆုံးသော နေရာ၌ရှိသော နေရာကူးပြောင်းခြင်း တံခါးကို ရှာဖွေတွေ့ရှိခဲ့ လေသည်။ သူသည် ဖာလွီသူတော်စင်၏ စိတ်ဆန္ဒ အချို့နှင့် ပေါင်းစပ်ထားသဖြင့် နေရာကူးပြောင်း တံခါးအတွင်း၌ အရာခပ်သိမ်းကျမ်းစာလိပ် ချန်ထားခဲ့သည့် အငွေ့အသက်များကို အာရုံခံနိုင်လေသည်။
အရာခပ်သိမ်းကျမ်းစာလိပ်သည် ထိုကူးပြောင်းခြင်းတံခါးမှတစ်ဆင့် တတိယအထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာမှ ထွက်ခွာသွားခဲ့ပြီပင် ဖြစ်သည်။
ကိုယ်ပိုင် သိစိတ်ဝိညာဉ်ရှိသော လွတ်မြောက်ခြင်းအဆင့် ရတနာတစ်ခုအနေဖြင့် ယင်းသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ နေရာကူးပြောင်းခြင်း တံခါးများကို စိတ်ကြိုက် အသုံးပြုနိုင်စွမ်း ရှိလေသည်။
ကျုံးရှန်သည် ဖာကျိုးမြို့ပျက်ကြီးအတွင်းရှိ အရာအားလုံးကို သိမ်းဆည်းခဲ့ပြီး ဖြစ်သည်။
နိယာမဆေးလုံးများ နှင့် လွီချပ်ဝတ်များအပြင် လွီဓား အမြောက်အမြားကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ ထိုဓားများသည် သာမန် လူသားတစ်ဦးကို နိယာမနယ်ပယ် အဆင့် ၇ ရှိသော ကျင့်ကြံသူတစ်ဦး၏ တိုက်ခိုက်ရေးစွမ်းအားမျိုးကို ရရှိစေနိုင်စွမ်း ရှိပေသည်။
ထို့အပြင် မြို့အတွင်း၌ အခြားသော ရှေးဟောင်းပစ္စည်းများ နှင့် ထူးခြားသော လက်နက် အကြွင်းအကျန်များကိုလည်း ရှာဖွေတွေ့ရှိခဲ့ကာ ဖာလွီသူတော်စင်ကိုယ်တိုင် ရေးသားထားသော လက်ရေးမူ တစ်ခုပင် ပါဝင်လေသည်။
ထိုအရာများသည် ကျုံးရှန်အတွက် စူးစမ်း လေ့လာရန် အလွန်ပင် တန်ဖိုးရှိလှပေသည်။
သူသည် နေရာ၌ ရပ်တန့်ကာ အသေအချာ စဉ်းစားလိုက်ပြီး တစ်စုံတစ်ရာ ကျန်ရှိခြင်း မရှိတော့ကြောင်း အတည်ပြုပြီးနောက်တွင် နေရာကူးပြောင်ခြင်း တံခါးအတွင်းသို့ လှမ်းဝင်လိုက်လေသည်။
....
မျှော်စင်၏အပြင်ဘက်
ကောင်းကင်တက်လှမ်းခြင်း ကျောက်စာတိုင် ပေါ်ရှိ အချက်အလက်များသည် ထပ်မံ၍ ပြောင်းလဲသွားကာ ကျုံးရှန်၏ တည်နေရာသည်လည်း အသစ် ပြန်လည်၍ ပေါ်ထွက်လာသည်။
''ဟမ်...''
''ဒီ ကျုံးရှန် က တတိယမြောက် အထပ်တစ်ထောင် ဟင်းလင်းပြင်ကမ္ဘာကနေ ထွက်သွားပြီကွ''
''သူက အခု အထပ်လေးထောင် လှေကားထစ်တွေဆီကို အရမ်း မြန်တဲ့ အရှိန်နဲ့ တက်နေတာပဲ''
''ဒီလောက်အထိ မြင့်တဲ့ အထပ်တွေကို...''
''သူက တကယ်ပဲ သူတော်စင်တစ်ပိုင်းအဆင့် ဟုတ်ရဲ့လား...''
''ငါ့အမြင်အရတော့ ဒီမျှော်စင်က ဓားတစ္ဆေဂူကျဲထူရဲ့ နှောင့်ယှက်မှုကြောင့် တစ်စုံတစ်ရာ ပြောင်းလဲသွားပုံရတယ်... အဲဒါကြောင့် ခက်ခဲမှုတွေက အများကြီး လျော့ကျသွားတာပဲ ဖြစ်ရမယ်...''
''ဒါကြောင့်လည်း အချိန်မတိုင်ခင် ပွင့်လာပြီး အချိန်မတိုင်ခင် ပြန်ပိတ်သွားတာနေမှာပေါ့...''
''သူတော်စင်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးက... ထုံထျန်းဧကရာဇ် ဝင်စားတာဆိုရင်တောင်... ဒီလောက် ကျင့်ကြံခြင်းအဆင့်မျိုးနဲ့ အထပ်သုံးထောင်ကျော်ကိုအလွယ်တကူတက်လှမ်းနိုင်နေတာ လုံးဝ မဖြစ်နိုင်ဘူးလေ...''
ထိုအချိန်၌ ကောင်းကင်တက်လှမ်းခြင်းကျောက်စာတိုင် အနီးတွင် ငရဲဘုံမှ မိစ္ဆာအရှင်သခင်ပေါင်းမြောက်မြားစွာ စုရုံးရောက်ရှိနေကြကာ အပြင်းအထန် ဆွေးနွေးနေကြသည်။
သူတို့သည် သာမန် သူတော်စင်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးက ဤအဆင့်အထိ ရောက်ရှိနိုင်သည်ကို လုံးဝ မယုံကြည်နိုင်ကြပါချေ။ အဆင့် လေးထောင် ဆိုသည်မှာ စစ်မှန်သော နတ်ဘုရားများပင်လျှင် ခက်ခဲစွာ တက်လှမ်းရသော အဆင့် ဖြစ်သည်။
သို့သော်လည်း ကျုံးရှန်၏ အရှိန်သည် လျင်မြန်နေဆဲပင် ဖြစ်ကာ တတိယအထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် အလွန် မြန်သော အရှိန်ဖြင့် အပေါ်သို့ ဆက်လက် တက်လှမ်းနေခြင်း ဖြစ်သည်။
မည်သည့် တုံ့ဆိုင်းမှုမျှ မရှိဘဲ တက်လှမ်းနေသည့်ဖြစ်စဉ်သည် အလွန်ပင် ထိတ်လန့်စရာ ကောင်းလှ၏။
ထိုမိစ္ဆာများသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်း၌ ပြဿနာ တစ်စုံတစ်ရာ ရှိနေသောကြောင့်သာ ဤကဲ့သို့ ဖြစ်ပေါ်လာရခြင်းဟု ယူဆနေကြလေသည်။
''နှမြောစရာပဲ... ငါတို့သာ အဲဒီအချိန်တုန်းက မျှော်စင်ထဲကို အခွင့်ကောင်းယူပြီး ဝင်သွားခဲ့ရင်... အခုဆိုရင် အထွတ်အထိပ်ကို တက်လှမ်းနိုင်မှာ သေချာပေါက်ပဲ...''
ဓားနှစ်လက်ကို ကိုင်ဆောင်ထားသော မိစ္ဆာတစ်ဦးသည် နှမြောတသဖြစ်စွာဖြင့် ဆိုလိုက်သည်။
ထိုအချိန်၌ သူ၏ ဘေးတွင်ရှိသော လက်သုံးဖက် မိစ္ဆာတစ်ဦးသည် လှောင်ပြုံး ပြုံးလိုက်လေသည်။
''ဟဲဟဲ... မင်းက ဘာတွေ လျှောက်တွေးနေတာလဲ...''
''ဒီအဆင့် သတ်မှတ်ချက်ဇယားကို မကြည့်မိဘူးလား... အခု ဘယ်နှစ်ယောက်ပဲ ကျန်တော့လဲဆိုတာ...''
''မျှော်စင်ထဲကို ဝင်သွားတဲ့ မိစ္ဆာအရှင်သခင် တစ်ထောင်ကျော်ထဲမှာ... အဆင့် တစ်ထောင်ကို ကျော်ဖြတ်နိုင်ခဲ့သူတွေထဲက ကျုံးရှန် တစ်ယောက်ကလွဲရင် ဘယ်သူမှ အသက်ရှင်လျက် ထွက်မလာကြဘူးလေ...''
''ဒါကို ကြည့်ရင် မင်းက ပြဿနာကို မရိပ်မိသေးဘူးလား...''
သူ၏ စကားကြောင့် ဓားနှစ်လက်ကိုင်ဆောင်ထားသော မိစ္ဆာသည် တုန်လှုပ်သွားကာ မျှော်စင်အတွင်းရှိအခြေအနေကို ရိပ်မိသွားလေသည်။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင်လည်း ချွေးအေးများ စီးကျလာ၏။
''မင်းပြောချင်တာက... အဲဒီ မိစ္ဆာအရှင်သခင်တွေနဲ့ အင်အားကြီး ဂိုဏ်းတွေက ပါရမီရှင်တွေ အားလုံးက... အဆင့် ၁ မှာ ရှိနေတဲ့ ကျုံးရှန် ရဲ့ လက်ချက်နဲ့...''
သူသည် စကားကို အဆုံးထိ မပြောတော့ဘဲ လက်ကို လည်ပင်းနားတွင် ထားကာ လည်လှီးပြသည့် ပုံစံကို ပြုလုပ်ပြလိုက်သည်။ စကားလုံးဖြင့် ထုတ်ဖော်ပြောဆိုရန်ပင် ကြောက်လန့်နေဟန် ရှိပေသည်။
လက်သုံးဖက် မိစ္ဆာသည် ခေါင်းညိတ်လိုက်သည်။
''ဒါကို စိုးရိမ်မနေပါနဲ့... ကောင်းကင်ပြိုရင်တောင်မှ အထက်က လူတွေက ထမ်းထားပေးလိမ့်မယ်...''
''ငရဲဘုံက နှစ်သန်းပေါင်းများစွာ ပိတ်ဆို့ခံထားရပေမဲ့ အဲဒါကြောင့်ပဲ အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တွေ အများကြီး ရှိနေတာပဲ...''
''ငါတို့ဆီမှာ အထွတ်အထိပ် မိစ္ဆာအရှင်သခင်ကြီးတွေ အများကြီး ရှိတယ်...''
''အကယ်၍ လောကကြီး ပြောင်းလဲသွားရင်တောင်မှ အဲဒီ ပုဂ္ဂိုလ်တွေက ရှေ့ကနေ ရင်ဆိုင်ပေးကြမှာပဲ... ငါတို့ကတော့ အခြေအနေအရ မီးစင်ကြည့်ကရတာပေါ့"
လက်သုံးဖက်ရှိသော မိစ္ဆာသည် အခြားသူများထက် ပိုမို၍ အမြော်အမြင် ရှိပုံရပေသည်။
''အင်း... ဒါလည်း ဟုတ်တာပဲ...''
....
မျှော်စင်အတွင်း၌
ကျုံးရှန်သည် အပေါ်သို့ ဆက်လက်၍ တက်လှမ်းနေသည်။
အဆင့် သုံးထောင်မှ လေးထောင်အထိ ရှိသော ဖိအားများသည် သူအတွက်မူ သက်ရောက်မှုသိပ်မရှိပါချေ။ ယခုအခါတွင် သူသည် နတ်ဘုရားတစ်ပိုင်းအဆင့်၏ ကန့်သတ်ချက်ဖြစ်သော အဆင့် သုံးထောင်ကို ကျော်လွန်ခဲ့ပြီ ဖြစ်သည်။
သူသည် ယခင်ထက် ၃၂ ဆ ပိုမို များပြားသော စွမ်းအင်အမှုန်များ၏ ပံ့ပိုးမှုအောက်တွင် ခန္ဓာကိုယ် ကြံခိုင်မှု အကန့်အသတ်များကို အဆက်မပြတ် ချိုးဖျက်နေလေသည်။
ကျုံးရှန်၏ အရိုးအဆစ်များ နှင့် ကြွက်သားများသည် ကျယ်လောင်သော မြည်သံများကို ထုတ်ဖော်နေကြကာ ခန္ဓာကိုယ်အတွင်းရှိ သွေးစက်များ၊ ဆဲလ်များ နှင့် ဝိညာဉ်စွမ်းအင်အားလုံးသည် အစဉ်မပြတ် သန့်စင်ခြင်းခံနေရသည်။ ဤကဲ့သို့ ခန္ဓာကိုယ်ကို အကန့်အသတ်မရှိ မြှင့်တင်ပေးနိုင်သော ကောင်းကင်တက်လှမ်းခြင်း စွမ်းအားသည် အမှန်တကယ်ပင် ထူးခြားဆန်းကျယ်လှပေသည်။
ကျုံးရှန်သည် သူ၏ ခန္ဓာကိုယ် အခြေအနေကို အသေအချာ သိရှိလေသည်။
ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်းသို့ မဝင်ရောက်မီအချိန်ကပင် သူ၏ ခန္ဓာကိုယ်သည် အကန့်အသတ်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ပြီး မဟာတာအိုအဆင့်ရှိ အဖိုးတန် ဆေးများပင်လျှင် သူ၏ ခန္ဓာကိုယ်ကို ထပ်မံ၍ မမြှင့်တင်ပေးနိုင်တော့ချေ။ သူ၏ ခန္ဓာကိုယ် ကြံခိုင်မှု တစ်ခုတည်းဖြင့်ပင် စစ်မှန်သော နတ်ဘုရားများနှင့် ယှဉ်နိုင်စွမ်း ရှိနေခြင်းဖြစ်သည်။
သို့သော်လည်း ယခုအခါတွင် သူ၏ ကျင့်ကြံခြင်းအဆင့်နှင့် မလိုက်ဖက်လောက်အောင်ပင် ခန္ဓာကိုယ်သည် ထပ်မံ၍ လျင်မြန်စွာ အားကောင်းလာပြန်သည်။
ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်း၌ ကျုံးရှန်ပင်လျှင် နားမလည်နိုင်သော စွမ်းအားများ ရှိနေဆဲ ဖြစ်သည်။ ထိုစွမ်းအားများ၏ ရှေ့မှောက်တွင် သူ၏ခန္ဓာကိုယ် အလားအလာများသည် အကန့်အသက်မရှိတိုးမြင့်ခြင်းခံနေရသကဲ့သို့ ခံစားနေရသည်။
အပေါ်သို့ တက်လှမ်းလာသည်နှင့်အမျှ ကျုံးရှန်သည် သူ၏ ခန္ဓာကိုယ်သာ ပိုမို အစွမ်းထက်လာသည်မဟုတ်ဘဲ ဝိညာဉ်စွမ်းအင်များ၏ အရည်အသွေးလည်း ပိုမို သန့်စင်လာသည်ကို ခံစားမိလေသည်။
ဝိညာဉ်စွမ်းအင် အရည်အသွေးကို အဓိကအားဖြင့် အမျိုးအစား လေးမျိုး ခွဲခြားထားသည်။
မြူမှုန်အဆင့် ၊ ကျောက်စိုင်အဆင့် ၊ အစစ်အမှန်နဂါးအဆင့် နှင့် ဒဏ္ဍာရီထဲတွင်သာ တည်ရှိပြီး နဂါးမဲ့နတ်ဘုရားဘုရင် တစ်ဦးတည်းသာ ရောက်ရှိခဲ့သည့် ကောင်းကင်တာအိုအဆင့် တို့ ဖြစ်ကြလေသည်။
ထိုမှတ်တမ်းများသည် ရှန့်ကျိုးလူသားမျိုးနွယ်တို့မှ မြစ်ဖျားခံလာသောသတင်း အချက်အလက်များ ဖြစ်သည်။
ဝမ်းနည်းစရာ ကောင်းသည်မှာ ရှန့်ကျိုးနယ်မြေသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေနှင့် ပေါင်းစပ်သွားပြီးနောက်တွင် ထိုကဲ့သို့သော ဝိညာဉ်စွမ်းအင် အရည်အသွေး ကွာဟချက်များ ပျောက်ကွယ်သွားခဲ့ပြီး အစွမ်းအထက်ဆုံး ပါရမီရှင်တစ်ဦး ပင်လျှင် မြူမှုန် အဆင့်တွင်သာ ရှိတော့သည်။
ကျုံးရှန်သည်လည်း ထိုနည်းတူစွာပင် ဖြစ်သည်။ သို့သော်လည်း ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ မြှင့်တင်ပေးမှုအောက်တွင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင် အရည်အသွေးသည် စတင်၍ ပြောင်းလဲလာလေသည်။
ကြီးမားလှသော အပြောင်းအလဲ တစ်ခုသည် အချိန်မရွေး ဖြစ်ပေါ်လာပေတော့မည်။