← Chapters

အခန်း (၂၉၈)

Vol. 30 Ch. 298

အခန်း (၂၉၈)

Vol. 30 Ch. 298

အပိုင်း (၂၉၈)

ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၌ ကောင်းကင်တာအို၏ ထိန်းချုပ်မှုအောက်တွင် ဝိညာဉ်စွမ်းအင် အရည်အသွေးကို ပြောင်းလဲရန် လုံးဝ မဖြစ်နိုင်ပေ။ ကျင့်ကြံသူတစ်ဦး၏ ပါရမီသည် ဝိညာဉ်စွမ်းအင်၏ အရည်အသွေး သတ်မှတ်ချက်များနှင့် ကိုက်ညီသည်ဖြစ်စေ၊ ဝိညာဉ်စွမ်းအင်ကို သန့်စင်ပေးနိုင်သော ကျင့်စဉ်နည်းစနစ်များကို ရရှိထားသည်ဖြစ်စေ ထိုအချက်ကို ပြောင်းလဲနိုင်ခြင်း မရှိချေ။ ရှေးဟောင်းခေတ်မှ ကောင်းကင်သားတော်များနှင့် ဧကရာဇ်များပင်လျှင် များပြားလှသော ကံကောင်းမှုများရှိခဲ့သော်လည်း သူတို့၏ ဝိညာဉ်စွမ်းအင် အရည်အသွေးကို အမြင့်ဆုံးအနေဖြင့် ကျောက်စိုင်အဆင့် အထိသာ မြှင့်တင်နိုင်ခဲ့ကြလေသည်။

အစစ်အမှန်နဂါးအဆင့် နှင့် ကောင်းကင်တာအိုအဆင့် တို့ကိုမူ စိတ်ကူးယဉ်၍ပင် မရနိုင်ချေ။ ထိုသည်က ကောင်းကင်တာအို၏ စည်းမျဉ်းနိယာမများ ချို့ယွင်းချက်ကြောင့် ဖြစ်ကာ ကျင့်ကြံအားထုတ်မှုတစ်ခုတည်းဖြင့် ချိုးဖျက်နိုင်သော အရာမျိုး မဟုတ်ပေ။

သို့သော်လည်း ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်း၌မူ ထိုကန့်သတ်ချက်များကို ချိုးဖျက်နိုင်ခဲ့ဟန် ရှိပေသည်။ ယခုအခါ ကျုံးရှန်၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်များသည် ရုန်းကန်လှုပ်ရှားလာကာ သန့်စင်လှသော အဖြူရောင်မှသည် စိမ်းပြာရောင်သို့ တဖြည်းဖြည်းပြောင်းလဲလာ၏။ သူ၏ ဝိညာဉ်စွမ်းအင် အရည်အသွေး အဆင့် မြင့်တက်လာခြင်းဖြစ်ကာ မြူမှုန်အဆင့်၏ ပထမအလွှာမှသည် ကိုးလွှာမြောက်အထိ တိုးတက်သွားလေသည်။

ဝိညာဉ်စွမ်းအင်များသည် ပိုမို သိပ်သည်း ကျစ်လျစ်လာသဖြင့် ခန္ဓာကိုယ်အတွင်း သိုလှောင်နိုင်သော ဝိညာဉ်စွမ်းအင် ပမာဏသည်လည်း ယခင်ကထက် နှစ်ဆနီးပါးခန့် ပိုမို များပြားလာသည်။

ကျုံးရှန်၏ မူလခန္ဓာကိုယ်၏ ပြောင်းလဲမှုများကြောင့် သူ၏ ခန္ဓာကိုယ်အတွင်း ကျင့်ကြံထားသော အစစ်အမှန်အတ္တအမှုန်အမွှားများအတွင်းရှိ ဝိညာဉ်စွမ်းအင် အရည်အသွေးလည်း ထိုနည်းတူစွာပင် မြင့်တက်လာလေသည်။

ထို့အပြင် ဟင်းလင်းပြင်နတ်ဘုရားတံဆိပ် မှ ပြောင်းလဲလာသော ရွှေရောင်ကိုယ်ပွားလေးသည် ရွှေရောင်အလင်းတန်းများ ပိုမို တောက်ပလာပြီး စွမ်းအားကြီးမားလာသည်။

ဟင်းလင်းပြင်နတ်ဘုရားတံဆိပ်၏ အနှစ်သာရသည် နတ်ဘုရားအမြုတေ၏ အခြေခံ ပုံသဏ္ဌာန်ပင် ဖြစ်သည်။ အကယ်၍ ဟင်းလင်းပြင်နတ်ဘုရားတံဆိပ် အားလုံးကို စုစည်းနိုင်မည် ဆိုပါက ချက်ချင်းပင် နတ်ဘုရားတစ်ပါးအဖြစ်သို့ ရောက်ရှိသွားနိုင်ပေသည်။

ဟင်းလင်းပြင်နတ်ဘုရားတံဆိပ်သည် အခြားသော နတ်ဘုရားအမြုတေများ သို့မဟုတ် ကောင်းကင်တာအိုမှ ပေးအပ်သော နတ်ဘုရားတံဆိပ်များနှင့် မတူညီသော အချက်မှာ အကန့်အသတ်မရှိသော အလားအလာများကို သယ်ဆောင်ထားခြင်း ဖြစ်သည်။ ဟင်းလင်းပြင်နတ်ဘုရားတံဆိပ်သည် ပြိုင်ဘက်ကင်းထင်ရှားသည့် တံဆိပ်အမှတ်အသားပင် ဖြစ်လေသည်။ ကျုံးရှန်အနေဖြင့် ထိုတံဆိပ်အားလုံးကို စုစည်းနိုင်မည် ဆိုပါက သူသည် ပြိုင်ဘက်ကင်းထူးခြားသည့် နတ်ဘုရားအမြုတေနှင့် နတ်ဘုရားဝိညာဉ်ကို ပိုင်ဆိုင်နိုင်မည်ဖြစ်ကာသူ၏ အနာဂတ် အောင်မြင်မှုများသည် အခြားသော နတ်ဘုရားများထက် အဆပေါင်းများစွာ သာလွန်သွားပေလိမ့်မည်။

ယခုအခါ ကျုံးရှန်၏ ဝိညာဉ်စွမ်းအင် အရည်အသွေး ဆင့်ကဲပြောင်းလဲလာသည်နှင့်အမျှ ဟင်းလင်းပြင်နတ်ဘုရားတံဆိပ်၏ အပြောင်းအလဲများသည် ပိုမိုသိသာထင်ရှားလာသည်။ ကျုံးရှန်၏ နတ်ဘုရားဝိညာဉ်အတွင်း၌ ရွှေရောင်ကိုယ်ပွားလေး ကိန်းဝပ်နေခြင်းကြောင့် သူ၏ စိတ်ဝိညာဉ်သည် ထိုက်တောင်ကဲ့သို့ပင် တည်ငြိမ်နေ၏။

ထိုကဲ့သို့သော ပြောင်းလဲမှုများကြောင့် ကျုံးရှန်၏ ခွန်အားသည်လည်း များစွာ မြင့်တက်လာရသည်။

ကျုံးရှန်တစ်ယောက် အထပ်လေးထောင်မြောက် လှေကားထစ်ကို နင်းလိုက်သည့် အချိန်၌ သူ၏ ဝိညာဉ်စွမ်းအင် အရည်အသွေးသည် မြူမှုန်အဆင့်၏ ကိုး လွှာမြောက် အထွတ်အထိပ်သို့ ရောက်ရှိသွားလေသည်။

ကျောက်စိုင်အဆင့်၏ ပထမအလွှာသို့ ရောက်ရှိရန် အနည်းငယ်မျှသာ လိုတော့ပေသည်။ သူ၏ ရှေ့မှောက်ရှိ လှေကားထစ်ပေါ်မှ မဝေးလှသော နေရာ၌ရှိသည့် နေရာကူးပြောင်းခြင်း တံခါးကို ကြည့်ကာ ကျုံးရှန်တစ်ယောက် အနည်းငယ် နှမြောတသ ဖြစ်သွားရလေသည်။ သို့သော်လည်း သူသည် ခြေလှမ်းများကို အရှိန်မြှင့်ကာ တက်လှမ်းသွားပြီး နေရာကူးပြောင်းခြင်း တံခါးအတွင်းသို့ ဝင်ရောက်သွားလိုက်သည်။

ပတ်ဝန်းကျင်ရှိ မြင်ကွင်းများ လျင်မြန်စွာ ပြောင်းလဲသွားသည်။

အရာအားလုံး ပြန်လည် ကြည်လင်သွားသည့် အချိန်၌ ကျုံးရှန်သည် သမုဒ္ဒရာကြီးတစ်ခုအတွင်း၌ ရောက်ရှိနေလေသည်။ သူ၏ ခြေထောက်အောက်တွင် ရိုးရှင်းလှသော သစ်သားဖောင်လေးတစ်ခု ရှိနေပြီး ဖောင်လေးသည် အလွန်ပင် သေးငယ်လှကာ တစ်ကိုယ်စာ ရပ်ရန်ပင် ခဲယဉ်းလှပေသည်။ ဖောင်လေး၏ အလယ်ဗဟိုတွင် ရိုးရှင်းသော ရွက်တိုင်တစ်ခု ရှိနေကာ ထိုရွက်တိုင်ပေါ်တွင် ဟောင်းနွမ်းစုတ်ပြတ်နေသော ရွက်ဖျင်စတစ်ခုကို ချိတ်ဆွဲထားသည်။

ကျုံးရှန်သည် ထိုသစ်သားဖောင်လေးပေါ်၌ ရပ်နေခဲ့ကာ သူ၏ အောက်ရှိ ဖောင်လေးသည်လည်း ပင်လယ်ရေလှိုင်းများ၏ ရိုက်ခတ်မှုအောက်တွင် နိမ့်တုံမြင့်တုံ ဖြစ်နေသည်။ ကောင်းကင်ယံ၌ နေမင်းကြီး ရှိနေကာ အဆုံးမရှိသော အလင်းနှင့် အပူရှိန်များကို ထုတ်လွှတ်နေလေသည်။ ထိုအပူရှိန်ကြောင့် ကျုံးရှန်ပင်လျှင် အနည်းငယ် ပူလောင်လာသကဲ့သို့ခံစားလိုက်ရသည်။

သူသည် ပတ်ဝန်းကျင်ကိုဝေ့ဝဲကြည့်လိုက်သောအခါ ကောင်းကင်နှင့် ပင်လယ်သည် တစ်သားတည်း ဖြစ်နေကာ အဆုံးသတ်ကိုမြင်တွေ့ရခြင်းမရှိ‌ပေ။ အပြာရောင် ပင်လယ်ရေပြင်သည် နေရောင်အောက်တွင် တလက်လက် တောက်ပနေပြီး ရေလှိုင်းများယှက်ပြေးနေသည်။

'ပင်လယ်လား...'

ကျုံးရှန်သည် မျက်မှောင်ကြုတ်လိုက်သည်။

မျှော်စင်အတွင်းရှိဟင်းလင်းပြင်ကမ္ဘာများ၏ မြင်ကွင်းများသည် ကျိုးကြောင်းဆီလျော်မှုမရှိလှဘဲ သူသည်ပင်လျှင် နောက်ကွယ်၌မည်သည့် နိယာမကန့်သတ်ချက်များရှိသည်ကို သိရှိနိုင်ခြင်း မရှိချေ။ ပထမဆုံးသော ဟင်းလင်းပြင်ကမ္ဘာသည် မြက်ခင်းပြင်ကမ္ဘာဖြစ်ကာ ဒုတိယ ဟင်းလင်းပြင်ကမ္ဘာသည် ဝင်္ကပါမြေမျက်နှာသွင်ပြင်ပုံစံ ဖြစ်ပြီး ထိုနေရာတွင် မျိုးတုံးပျောက်ကွယ်သွားပြီ ဖြစ်သော ရှန့်သားရဲများ နှင့် မျက်လုံးသုံးလုံး ဖျံကို တွေ့ရှိခဲ့ရလေသည်။ ထို့အပြင် တျန်ယောင်း နတ်ဘုရားရေကန် နှင့် လျှို့ဝှက်လှသော မြက်မိုးတဲအိမ်များရှိသည့် ခြံဝန်းငယ်တစ်ခုကိုလည်း တွေ့ရှိခဲ့ရကာ တစ်ကမ္ဘာလုံး၏ သက်စောင့်အားများကို စုပ်ယူထားသော ဖန်ဆင်းခြင်းမျိုးစေ့ကိုလည်း ရရှိခဲ့လေသည်။

တတိယမြောက် ဟင်းလင်းပြင်ကမ္ဘာသည် ရှေးဟောင်းခေတ်မှ ဖာကျားဂိုဏ်း၏ ပျက်စီးနေသော မြို့ပျက်ကြီးတစ်မြို့ ဖြစ်သည်။ ထိုနေရာတွင် ဖာထျန်းခြံဝန်းအတွင်းရှိ စံအိမ်တော်အတွင်း၌ ကျုံးရှန်သည် ဒဏ္ဍာရီလာ အရာခပ်သိမ်းကျမ်းစာလိပ်နှင့် တွေ့ဆုံခဲ့ကာ နှစ်ဖက်သားအပြန်အလှန်တိုက်ခိုက်မှုအတွင်း ဖာလွီသူတော်စင်၏ မှတ်ဉာဏ်အချို့ကို ရရှိခဲ့လေသည်။

ယခု စတုတ္ထမြောက် အထပ်တစ်ထောင်ဟင်းလင်းပြင်ကမ္ဘာတွင် မည်သို့သော ထူးခြားချက်များ ရှိဦးမည်နည်း။

ကျုံးရှန်သည် စိတ်ကို တည်ငြိမ်အောင် ထားလိုက်ကာ ပတ်ဝန်းကျင် အခြေအနေကို စတင် လေ့လာလိုက်သည်။

နတ်ဘုရားအာရုံကို အဝေးသို့ ထုတ်လွှတ်နိုင်ခြင်းမရှိသောကြောင့် သူသည် ရိုးရှင်းသော နည်းလမ်းများကို အသုံးပြု၍ အခြေအနေကို ခန့်မှန်းရန် ဆုံးဖြတ်လိုက်သည်။ ကျုံးရှန်သည် တိုက်ခိုက်သည့် အချိန်၌ အသက်ကိုပင် ပဓာနမထားဘဲ တိုက်ခိုက်တတ်သူဟု ထင်ရသော်လည်း တကယ်တမ်းတွင်မူ သူသည် တစ်ဖက်လူ၏ စွမ်းအားကို အသေအချာ ခန့်မှန်းပြီးမှသာ လုပ်ဆောင်ခြင်း ဖြစ်သည်။ သူ၏လက်ရှိအစွမ်းဖြင့်ဆိုပါက အသက်အန္တရာယ်ပေးနိုင်သည်အထိတိုက်ခိုက်နိုင်သော ပြိုင်ဘက်သည် အလွန်နည်းပါးလှ၏။

ကျုံးရှန်သည် အစီအစဉ်တကျ လုပ်ဆောင်တတ်သူတစ်ဦးပင် ဖြစ်သည်။

သို့မဟုတ်ပါက သူသည် ကံတရားကျိန်စာ တိုက်ခံရပြီးနောက်တွင် နှစ်ပေါင်း တစ်သန်းတိုင်တိုင် တံခါးပိတ် ကျင့်ကြံရန် ဆုံးဖြတ်ခဲ့မည် မဟုတ်ချေ။ အရာအားလုံးသည် သူ၏ကျင့်ကြံခြင်း အခြေခံ ခိုင်မာစေရန်အတွက်သာ ဖြစ်သည်။ အာမခံချက် မရှိသော ကိစ္စရပ်များကို ကျုံးရှန် လုပ်ဆောင်ခြင်း မရှိပေ။

ယခုအချိန်၌လည်း ထိုနည်းတူစွာပင် ဖြစ်သည်။ သူသည် ဖြည်းညှင်းစွာ ထိုင်ချလိုက်ကာ လက်ကို ဆန့်ထုတ်၍ ပင်လယ်ရေအချို့ကို ခပ်ယူလိုက်သည်။

ထိုပင်လယ်ရေကို သူ၏ ရှေ့မှောက်၌ သေသေချာချာ ကြည့်ရှုလိုက်လေသည်။ ပင်လယ်ရေသည် ကြည်လင်ခြင်း မရှိဘဲ ရေအတွင်း၌ သေးငယ်လှသော အမှုန်အမွှားလေးများ ပါဝင်နေသည်ကို သာမန် မျက်စိဖြင့်ပင်လျှင် မြင်တွေ့နိုင်သည်။ ထိုအမှုန်အမွှားလေးများသည် အလွန် သေးငယ်လှသော အဏုဇီဝသက်ရှိလေးများ ဖြစ်ပုံရကာ သူတို့သည် အလွန်တက်ကြွစွာ လှုပ်ရှားနေကြသည်။

ကျုံးရှန်သည် ထိုအရာများကို လက်ဖြင့် ခပ်ယူလိုက်သည့် တစ်ခဏ၌ ယင်းတို့သည် စုရုံးလာကြကာ သူ၏ လက်ချောင်းများဆီသို့ ကပ်တွယ်လာသည်။

ကျုံးရှန်သည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်တစ်ချို့ ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသည့်အချိန်တွင် သူ၏ဝိညာဉ်စွမ်းအင်များသည် အဏုဇီဝသက်ရှိလေးများ၏ ဝါးမြိုခြင်းကို ခံလိုက်ရပြီဖြစ်သည်။ သူ၏ လက်ချောင်းကြားမှ ပင်လယ်ရေများ စီးကျသွားလျှင် ထိုအဏုဇီဝသက်ရှိလေးများသည် လျင်မြန်စွာ ခြောက်သွေ့ သေဆုံးသွားကြသည်။

'ဝိညာဉ်စွမ်းအင်တွေကို ဝါးမြိုနိုင်တာလား... ဒါက ဘာလဲ...'

ကျုံးရှန်သည် ဗဟုသုတ ကြွယ်ဝသူတစ်ဦး ဖြစ်ပါသော်လည်း ဤကဲ့သို့သော အရာမျိုးကို တစ်ခါမျှ မြင်တွေ့ဖူးခြင်း မရှိချေ။ သူ၏ ခန္ဓာကိုယ်သည်ပင်လျှင် ထိုအဏုဇီဝသက်ရှိလေးများ၏ ဝိညာဉ်စွမ်းအင် ဝါးမြိုမှုကို တားဆီးနိုင်ခြင်း မရှိခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဤသည်မှာ လက်ဖြင့် ခပ်ယူလိုက်သော ရေအနည်းငယ်အတွင်း၌သာ ဖြစ်ပေသည်။

သူ၏ရှေ့ရှိနက်ရှိုင်းလှသော သမုဒ္ဒရာအတွင်းသို့ ပြုတ်ကျသွားမည် ဆိုပါက ကျုံးရှန်၏ ခန္ဓာကိုယ်အတွင်းရှိ ၈၁၀ သန်းသော အမှုန်အမွှားများ နှင့် ဓာတ်ကြီးငါးပါး နတ်ဘုရားနန်းတော် ငါးခုအတွင်း၌ စုစည်းထားသော ဝိညာဉ်စွမ်းအင်များသည် ထိုအရာများအတွက် အရသာရှိလှသော အစာတစ်ခု ဖြစ်သွားပေလိမ့်မည်။

ထိုအချိန်တွင် သူသည် အရှင်လတ်လတ်ဖြင့်ပင် ဝိညာဉ်စွမ်းအင်များ ကုန်စင်သည်အထိ စုပ်ယူခံလိုက်ရမည်ဖြစ်သည်။ ထို့ကြောင့် ကျုံးရှန်သည် ပင်လယ်အတွင်းသို့ ဆင်းရန် စိတ်ကူးကိုချက်ချင်း ဖျက်သိမ်းလိုက်သည်။

ဝိညာဉ်စွမ်းအင်ကို ဝါးမြိုသော သက်ရှိများသည် အလွန် ကြောက်မက်ဖွယ် ကောင်းလှသဖြင့် ရန်သူကို တိုက်ခိုက်ရာတွင် အသုံးပြုရန် အလွန် သင့်တော်လှပေသည်။ သို့သော်လည်း ကျုံးရှန်သည် အနှီသမုဒ္ဒရာ၏ အခြေအနေမှန်ကို မသိရှိသေးမီတွင် ထိုရေများကို သူ၏ ဟင်းလင်းပြင်အတွင်းသို့ အလောတကြီး သိမ်းဆည်းရန် စိတ်ကူး မရှိချေ။

သူသည် သစ်သားဖောင်လေးပေါ်၌ ထိုင်ကာ ခဏမျှ စဉ်းစားလိုက်လေသည်။ ထို့နောက်တွင် သူသည် တစ်စုံတစ်ခုကို လုပ်ဆောင်ရန် ဆုံးဖြတ်လိုက်ကာ သူ၏ကိုယ်တွင်း ဟင်းလင်းပြင်မှ ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင် ကို ထပ်မံ ထုတ်ယူလိုက်လေတော့သည်။

All Chapters