အခန်း (၂၉၉)
Vol. 30 Ch. 299
အပိုင်း (၂၉၉)
ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင် ကဲ့သို့သော လွတ်မြောက်ခြင်းအဆင့် ရှိသည့် ရတနာမျိုးသည်သာ ထိုဝိညာဉ်စွမ်းအင်ဝါးမြိုနိုင်သော ပင်လယ်သတ္တဝါများကို အမှုမထားဘဲ ရင်ဆိုင်နိုင်စွမ်း ရှိပေလိမ့်မည်။ ကျုံးရှန်သည် နတ်ဘုရားနွယ်ပင်ကို လက်တွင် ရစ်ပတ်လိုက်ကာ ကြာပွတ်တစ်ခုကဲ့သို့ အသုံးပြုရန် ပြင်ဆင်လိုက်သည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် သူသည် နွယ်ပင်ကို အသုံးပြု၍ တိုက်ခိုက်ရန် ရည်ရွယ်ခြင်း မဟုတ်ဘဲ ငါးဖမ်းရန်အတွက်သာ ရည်ရွယ်ထားလေသည်။
ကျုံးရှန်သည် ဝိညာဉ်စွမ်းအင်များ ပြည့်နှက်နေသော သားရဲအသားတစ်တုံးကို ထုတ်ယူလိုက်ပြီး နွယ်ပင်၏ အဆုံးတစ်ဖက်တွင် ချိတ်လိုက်သည်။ ထို့နောက် နွယ်ပင်နှင့် စိတ်ချင်း ဆက်သွယ်လိုက်လျှင် နွယ်ပင်၏ အဆုံးပိုင်းသည် ထက်မြက်သော ငါးမျှားချိတ် ပုံသဏ္ဌာန်အဖြစ် ပြောင်းလဲသွားသည်။ ငါးမျှားတံ ရပြီဖြစ်သကဲ့သို့ ငါးစာလည်း ရပြီဖြစ်ရာ ကျုံးရှန်သည် ငါးမျှားရန်အတွက် အသင့်ဖြစ်သွားလေသည်။
သမုဒ္ဒရာအတွင်း၌ သေးငယ်သော အဏုဇီဝသက်ရှိများသာမက အရွယ်အစား ကြီးမားသော ပင်လယ်ငါးများနှင့် ပင်လယ်သတ္တဝါများစွာလည်း ရှိနေကြသည်။ ထိုသက်ရှိ အားလုံးသည် မွေးရာပါဝိညာဉ်စွမ်းအင်ကို ဝါးမြိုနိုင်သော စွမ်းရည်ရှိကြ၏။ ကျုံးရှန်သည် သားရဲအသား ငါးစာ ချိတ်ထားသော ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်ကို ပင်လယ်အတွင်းသို့ ပစ်ချလိုက်သည်။
ယခင်က သူ စမ်းသပ်ခဲ့သည့်အတိုင်းပင် ခဏချင်းအတွင်း၌ သူ၏လက်ရှိ နွယ်ပင်ထက်မှ ပြင်းထန်သောစုပ်ယူအားတစ်ခုကို ခံစားလိုက်ရကာ အလွန် လျင်မြန်စွာပင် အားကောင်းလာလေသည်။ ကျုံးရှန်သည် တုံ့ဆိုင်းခြင်းမရှိဘဲ သစ်သားဖောင်ပေါ်တွင် ခိုင်မာစွာ ရပ်လိုက်ကာ လက်မောင်းတစ်ဖက်ကို အားပြု၍ ဆွဲတင်လိုက်သည်။
ငါးစာနှင့်အတူ ပါလာခဲ့သည်မှာ သားရဲအသားကို အသေအလဲ ကိုက်ထားသော ပင်လယ်ငါး သုံးကောင်နှင့် မီးခိုးရောင် အဏုဇီဝသက်ရှိ အလွှာတစ်ခုပင် ဖြစ်သည်။ ထိုပင်လယ်သက်ရှိများသည် ရေပြင်ပေါ်မှ ဆွဲထုတ်ခြင်း ခံရပြီး စက္ကန့်အနည်းငယ်အတွင်းပင် သေဆုံးသွားလေသည်။ ကျုံးရှန်သည် ထူးဆန်းသော ပုံသဏ္ဌာန်ရှိသည့် ပင်လယ်ငါးတစ်ကောင်ကို ငါးမျှားချိတ်မှဖြုတ်ယူလိုက်သည်။
သူသည် လက်ကို ဝှေ့ယမ်းကာ မီးတောက်တစ်ခု ဖန်တီးလိုက်ပြီး ထိုငါးကို ကင်လိုက်လျှင် သုံးမိနစ်မပြည့်မီ၌ပင် အလွန် မွှေးပျံ့လှသော ရနံ့တစ်ခု ထွက်ပေါ်လာသည်။
ကျုံးရှန်သည် အနည်းငယ် ကျွမ်းသွားသော ငါးအရေခွံကို ခွာလိုက်ကာ ဖြူဖွေးလှသော ငါးသားများကို ကြည့်၍ တစ်လုပ် ကိုက်လိုက်သည်။
''အင်း...''
'ဝိညာဉ်စွမ်းအင်တွေ ကြွယ်ဝနေတာပဲ...'
'ငါ ခန့်မှန်းခဲ့တဲ့အတိုင်း ဖြစ်နေတာကိုး...'
ကျုံးရှန်၏ မျက်လုံးများ လင်းလက်သွားသည်။
သူသည် ပါးစပ်အတွင်းရှိ ငါးသားများကို အားပါးတရ ဝါးစားလိုက်သည်။ ငါးသား၏ အရသာသည် အလွန်အမင်း ထူးကဲလှသည်ဟု မဆိုနိုင်သော်လည်း ယင်းအတွင်း၌ ကိန်းအောင်းနေသော ဝိညာဉ်စွမ်းအင် ပမာဏသည် အလွန်ပင်ကြွယ်ဝလှသည်။ ထိုဝိညာဉ်စွမ်းအင်သည် ချင်ထျန်းတောင်ထိပ်တွင် မွေးမြူထားသော နှစ်သောင်းချီ သက်တမ်းရှိသည့် ရွှမ်ဟွမ်ကြက်များထက်ပင် သာလွန်နေလေသည်။
နှစ်သောင်းချီ သက်တမ်းရှိသော ရွှမ်ဟွမ်ကြက်များကို မွေးမြူရန်အတွက် နှစ်ပေါင်း တစ်သောင်းတိုင်တိုင် အချိန်ပေးရသကဲ့သို့ မြောက်မြားစွာသော ရတနာများကိုလည်း ကျွေးမွေးရသည်။ ထိုသို့ ကျွေးမွေးမှသာ ကြက်တစ်ကောင်ချင်းစီ၏ အစွမ်းသည် နိယာမနယ်ပယ် အဆင့် ၉ သို့ ရောက်ရှိနိုင်ခြင်း ဖြစ်သည်။
ယခု ပင်လယ်ငါးများကိုမူ ကျုံးရှန်သည် လွယ်ကူစွာပင် မျှားယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ကျယ်ပြောလှသော သမုဒ္ဒရာကြီးအတွင်း၌ ထိုကဲ့သို့သော သတ္တဝါပေါင်း သန်းချီမက ရှိနေမည်မှာ အသေအချာပင် ဖြစ်သည်။
သူ၏ ရှေ့မှောက်တွင်ရှိသော သမုဒ္ဒရာကြီးသည် ယခုအခါ ရတနာတိုက်ကြီးတစ်ခု ဖြစ်လာသည်။ ထိုဝိညာဉ်စွမ်းအင်ဝါးမြို နိုင်သောသတ္တဝါများသည် ကျုံးရှန်အတွက် ဘေးအန္တရာယ်တစ်ခု မဟုတ်တော့ဘဲ တွေ့ရခဲလှသော ရတနာများ ဖြစ်သွားလေသည်။
ကျုံးရှန်သည် သမုဒ္ဒရာကို ပြန်လည် ကြည့်လိုက်သောအခါ သူ၏ မျက်ဝန်းအတွင်း၌ လောဘရိပ် အနည်းငယ် ပေါ်ထွက်လာသည်။ အစောပိုင်းက ထိုသတ္တဝါများသည် ဝိညာဉ်စွမ်းအင်အပေါ် ရူးသွပ်ကြကာ ဝါးမြိုနိုင်စွမ်း ရှိသည်ကို သိလိုက်ရသည့်အချိန်တွင် သူသည် တစ်စုံတစ်ခုကို ခန့်မှန်းမိခဲ့ခြင်း ဖြစ်သည်။
အရာအားလုံး၌ ကောင်းသည့်အခြမ်းနှင့် ဆိုးသည့်အခြမ်းဟူ၍ ဘက်နှစ်ဖက်ရှိပေသည်။ ထိုဝိညာဉ်စွမ်းအင်ဝါးမြိုနိုင်သော သတ္တဝါများသည် ဝိညာဉ်စွမ်းအင်ကို အစာအဖြစ် စားသုံးကြသဖြင့် သူတို့၏ ခန္ဓာကိုယ်သည်လည်း ဝိညာဉ်စွမ်းအင်များ သိုလှောင်ရာ နေရာတစ်ခုဖြစ်လာသည်။ သူတို့သည် ဝိညာဉ်စွမ်းအင်ကြွယ်ဝသော ဖြည့်စွက်စာများ ဖြစ်လာရခြင်းဖြစ်သည်။
ကျုံးရှန်နှင့် ထိုသတ္တဝါများ၏အကြားရှိ အခြေအနေ ပြောင်းလဲသွားလေသည်။ ကျုံးရှန်သည် မူလက သားကောင်ဖြစ်နေရာမှ ယခုအခါတွင် မုဆိုးအဖြစ်သို့ ရောက်ရှိသွားပြီဖြစ်သည်။ အခွင့်အရေးကို လက်လွှတ်မခံတတ်သော ကျုံးရှန်အနေဖြင့် ဤအခွင့်အရေးကို လုံးဝ လက်လွှတ်ခံမည် မဟုတ်ချေ။ သူသည် လောလောဆယ်တွင် ခရီးဆက်ရန်အတွက် စိတ်မလောတော့ဘဲ ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်နှင့် ထပ်မံဆက်သွယ်လိုက်သည်။
နွယ်ပင်ကို အကိုင်းအခက်ပေါင်းမြောက်မြားစွာ ထွက်ပေါ်လာစေကာ ပိုက်ကွန် ပုံသဏ္ဌာန်အဖြစ်ပြောင်းလဲလိုက်သည်။ ထို့နောက် သားရဲအသားများကို ပိုက်ကွန်အတွင်းရှိ ချိတ်တစ်ခုစီတွင်ချိတ်လိုက်ကာ ထူးဆန်းလှသော ငါးဖမ်းပိုက်ကွန်ကြီးတစ်ခုအဖြစ် ဖန်တီးလိုက်လေသည်။ သူသည် အကြီးအကျယ် ဖမ်းယူရန်အတွက် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။
ပင်လယ်ငါးများ၊ ပင်လယ်သတ္တဝါများနှင့် အဏုဇီဝသက်ရှိများသည် အလွန်ပင် အသုံးဝင်လှကာ ဝိညာဉ်စွမ်းအင်ကို ပြန်လည် ဖြည့်တင်းပေးနိုင်သော ဆေးလုံး အမျိုးမျိုးကို ဖော်စပ်နိုင်သကဲ့သို့ ငါးခြောက်ကဲ့သို့သော အစားအစာများအဖြစ်လည်း ပြုလုပ်နိုင်လေသည်။
သူသည် အစောပိုင်းက အကြမ်းဖျင်း ခန့်မှန်းကြည့်လိုက်ရာ ထိုငါးသားတစ်လုပ်စားရုံမျှဖြင့် သာမန် နိယာမနယ်ပယ် ၂၈ အဆင့်ရှိသော သူတော်စင်တစ်ပိုင်း၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင် ရှစ်ဆယ်ရာခိုင်နှုန်းခန့်ကို ပြန်လည် ဖြည့်တင်းပေးနိုင်စွမ်းရှိကြောင်း သိရှိလိုက်ရသည်။ သူတော်စင်အဆင့်ရှိ ပုဂ္ဂိုလ်များအတွက်ပင်လျှင် တစ်စုံတစ်ရာသော အကျိုးကျေးဇူးရှိနိုင်ပေသည်။ အကယ်၍ ထိုအရာများကို အခြားသော အဖိုးတန် ဆေးဖက်ဝင် ပစ္စည်းများနှင့် ပေါင်းစပ်၍ ဆေးလုံးအဖြစ် ဖော်စပ်မည် ဆိုပါက ယင်း၏ အစွမ်းသည် ပိုမို ကြီးမားလာမည် ဖြစ်သည်။
တန်ဖိုးအားဖြင့် ဆိုရလျှင် ဝိညာဉ်စွမ်းအင်ဝါးမျိုနိုင်သော သတ္တဝါများသည် စစ်ဗျူဟာမြောက် အရင်းအမြစ်ပစ္စည်းများဟု ခေါ်ဆိုရန် ထိုက်တန်လှပေသည်။
ပြင်းထန်လှသော တိုက်ပွဲများအတွင်း၌ လူတိုင်းသည် ကျုံးရှန်ကဲ့သို့ အကန့်အသတ်မရှိသော ဝိညာဉ်စွမ်းအင်များကို ပိုင်ဆိုင်ထားကြသည်မဟုတ်ချေ။ ဝိညာဉ်စွမ်းအင်များ ကုန်ခမ်းသွားသောအခါ မည်သည့်ဘက်က ပိုမို လျင်မြန်စွာ ပြန်လည် ဖြည့်တင်းနိုင်သနည်း ဆိုသည့်အချက်သည် တိုက်ပွဲ၏ အရှုံးအနိုင်ကို ဆုံးဖြတ်ပေးသွားမည် ဖြစ်သည်။ ထို့ကြောင့်ပင် ဝိညာဉ်စွမ်းအင်ဝါးမျိုနိုင်သော သတ္တဝါများသည် နိယာမနယ်ပယ်ရှိ ကျင့်ကြံသူများအတွက် အလွန် အရေးပါလှသည်။
ယခုအခါတွင် အနှီပစ္စည်းများကို သေချာစွာမစုဆောင်းပါလျှင် အခွင့်အလမ်းကောင်းကို လက်လွတ်လိုက်ရခြင်းဖြစ်ပေမည်။
ထို့အပြင် ကျုံးရှန်သည် ကျောက်လေလံပွဲအတွင်းမှ ဝမ်ဟွာရွှံ့နွံမြောက်မြားစွာကို ရရှိထားခဲ့သေးသည်။ ထိုရွှံ့နွံများသည် အချင်းချင်း ဆန့်ကျင်နေသော ဓာတ်သဘာဝများကို ဟန်ချက်ညီအောင် ညှိပေးနိုင်စွမ်း ရှိလေသည်။ အချိန်ကျလျှင် သူသည် ဝိညာဉ်စွမ်းအင်ဝါးမျိုနိုင်သောသတ္တဝါများကို အခြားသော အဆိပ်အတောက် ဖြစ်စေနိုင်သည့် ရတနာများနှင့် ပေါင်းစပ်လိုက်မည် ဖြစ်သည်။
ယင်းတို့၏ ဝါးမြိုနိုင်သော ဂုဏ်သတ္တိကို ထိန်းသိမ်းထားကာ ဝါးမြိုနိုင်စွမ်းရှိသော အဆိပ်ဆေးလုံးများကို ဖော်စပ်နိုင်ပေလိမ့်မည်။
အချုပ်အားဖြင့် ဆိုရလျှင် ကျုံးရှန်၌ စတုတ္ထအထပ်တစ်ထောင် ဟင်းလင်းပြင်ကမ္ဘာ၏သမုဒ္ဒရာအတွင်းရှိ ဝိညာဉ်စွမ်းအင်ဝါးမြိုနိုင်သောသတ္တဝါများကို ဖမ်းယူသိမ်းဆည်းရန် အကြောင်းအရင်း မြောက်မြားစွာ ရှိနေလေသည်။ ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်သည် သူ၏ လက်အတွင်း၌ အဆက်မပြတ် ရှည်ထွက်လာခဲ့ကာ နောက်ဆုံးတွင် သမုဒ္ဒရာအတွင်းသို့ မီတာ ဆယ်ဂဏန်းခန့်အထိ ရှည်ထွက်သွားကာ ကြီးမားလှသော ငါးဖမ်းပိုက်ကွန်တစ်ခု ဖြစ်လာသည်။
သူသည် သမုဒ္ဒရာအတွင်း၌ပစ်ချလိုက်ကာ တစ်ပတ်ပတ်လိုက်ပြီး စက္ကန့်အနည်းငယ် အကြာတွင် သူ၏ ခွန်အားကို အသုံးပြု၍ သစ်သားဖောင်ပေါ်သို့ ပြန်လည် ဆွဲတင်လိုက်သည်။ နွယ်ပင်ပိုက်ကွန်အတွင်း၌ ပင်လယ်သတ္တဝါများနှင့် ပင်လယ်ငါး မြောက်မြားစွာပါလာလေသည်။ ထိုအထဲတွင် လူတစ်ရပ်စာခန့် ရှိသော ထူးဆန်းသည့် ပင်လယ်သတ္တဝါများလည်း ပါဝင်နေ၏။
ယင်းတို့သည် ချွန်ထက်သော သွားများရှိကြကာ တစ်ကိုယ်လုံးတွင် စိမ်းဖန့်ဖန့် အကျိအချွဲများဖြင့် ဖုံးလွှမ်းနေသည်။
တစ်ကြိမ်တည်းဖြင့် ပင်လယ်ငါးနှင့် သတ္တဝါပေါင်း ရာကျော်ကို ရရှိခဲ့သဖြင့် သေးငယ်လှသော သစ်သားဖောင်လေးသည် မြှုပ်လုနီးပါးဖြစ်လာရသည်။ ကံကောင်းသည်မှာ ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင်သည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ စည်းမျဉ်းနိယာမများကို အခြေအနေတစ်ခုအထိ ခုခံနိုင်စွမ်း ရှိသဖြင့် ချက်ချင်းပင် ကြီးမားလှသော ပင်လယ်သတ္တဝါများကို လေထဲတွင် လွင့်မျောစေလိုက်သည်။
ထို့နောက် ကျုံးရှန်သည် ထိုသတ္တဝါများကို သူ၏ ဟင်းလင်းပြင်အတွင်းသို့ သိမ်းဆည်းလိုက်ကာ ဖောင်နစ်မြုပ်မည့် ပြဿနာကို ပြည့်စုံစွာ ဖြေရှင်းလိုက်သည်။ သူ၏ ကိုယ်တွင်းဟင်းလင်းပြင်အတွင်း၌အချိန်ကာလ ဟူသည် မရှိသဖြင့် ပစ္စည်းများ ပုပ်သိုးပျက်စီးသွားမည်ကို စိုးရိမ်ရန် မလိုအပ်ချေ။ ကျုံးရှန်သည် ဤနည်းလမ်းအတိုင်းပင် ထပ်ခါတလဲလဲငါးဖမ်းခြင်းကို လုပ်ဆောင်နေလိုက်သည်။
သူသည် ဝိညာဉ်စွမ်းအင်ဝါးမြိုနိုင်သော သတ္တဝါများကို အပင်ပန်းခံ ဖမ်းယူနေသော ငါးဖမ်းသမားတစ်ဦးအသွင်သို့ ပြောင်းလဲသွားကာ အောင်မြင်မှု၏ ပျော်ရွှင်မှုကို ခံစားနေလေတော့သည်။
တစ်ပတ်ခန့် ကြာပြီးနောက်တွင်။
ကျုံးရှန်၏ သစ်သားဖောင်လေးသည် ရေစီးကြောင်းအတိုင်း လွင့်မျောနေခဲ့ကာ မူလနေရာနှင့် အလွန်ပင် ဝေးကွာသွားပြီ ဖြစ်သည်။ သမုဒ္ဒရာအတွင်းရှိ ငါးများသည် အဆုံးမရှိသကဲ့သို့ပင် ဖြစ်၏။ ကျုံးရှန်အနေဖြင့် နှစ်ပေါင်း ရာထောင်ချီ၍ ဆက်လက် ဖမ်းဆီးမည် ဆိုလျှင်ပင် ကုန်ဆုံးသွားမည့် အရိပ်အယောင် မရှိချေ။
သူသည် ယခုမှပင် တစ်စုံတစ်ခုကို နားလည်သွားကာ သူ့ခေါင်းကို ရိုက်လိုက်သည်။
သူသည် အနည်းငယ် လောဘကြီးသွားခဲ့ခြင်းဖြစ်သည်။ တစ်ပတ်အတွင်း၌ ဖမ်းယူရရှိခဲ့သော ပင်လယ်သတ္တဝါများ၊ ပင်လယ်ငါးများနှင့် အဏုဇီဝသက်ရှိများသည် ဝိညာဉ်အားဖြည့်ဆေးလုံး သန်းပေါင်းများစွာ ထုတ်လုပ်ရန်အတွက် လုံလောက်လှပေသည်။ ထို့အပြင် သူသည် မျှော်စင်၏ အထွတ်အထိပ်သို့ ရောက်ရှိသွားမည် ဆိုပါက ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကို ထိန်းချုပ်နိုင်မည့် အခွင့်အရေး ရရှိလာမည်ဖြစ်သည်။
ထိုအချိန်ရောက်သောအခါမှပင် စိတ်တိုင်းကျ ပြန်လည် လာရောက် ဖမ်းယူလျှင်လည်း ရနိုင်သည် မဟုတ်ပါလော။