← Chapters

ငွေသစ်ရွက်မြက်

Vol. 3 Ch. 29

ငွေသစ်ရွက်မြက်

Vol. 3 Ch. 29

အနက်ရောင်တောင်ထွဋ်ညီနောင်တို့သည် ထျန်ဖုန်းကို အထင်သေးသောအကြည့်ဖြင့် ကြည့်ကာ လှောင်ပြောင်လိုက်ကြလေသည်။

“ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၇) လောက်ပဲ ရှိတဲ့ကောင်က ငါတို့ညီအစ်ကိုရှေ့မှာ ဘာမို့လို့ ဒီလောက် မောက်မာနေတာလဲ…။”

မုတ်ဆိတ်ဗလပွနှင့် ကြံ့ခိုင်သောလူကြီးက မောက်မာစွာ ပြောလိုက်လေသည်။

“ဟေ့ကောင်... မင်းက ကိုယ့်သေလမ်းကိုရှာနေတာလား…။” ဟုပြောကာ ပိန်လှီသောလူက နှာခေါင်းရှုံ့ လိုက်လေသည်။

သူတို့နှစ်ဦးလုံးမှာ အဆင့် (၈) တွင် ရှိနေကြသဖြင့် အဆင့် (၇) သာရှိသည်ဟု ထင်ရသော ထျန်ဖုန်းကို လုံးဝ ဂရုမစိုက်ကြချေ။ သို့သော် လေဟုန်ခွင်းဓားသွားများ သူတို့အနားသို့ ရောက်ရှိလာချိန်တွင်မူ သူတို့ ၏ မျက်နှာ များ ရုတ်ချည်း ပြောင်းလဲသွားတော့သည်။

“ချီစွမ်းအင်သန့်စင်ခြင်း အဆင့် (၉) လား….။”

“သူက တကယ်ပဲ အဆင့် (၉) မှာ ရှိနေတာလား..။”

မုတ်ဆိတ်ဗလပွလူကြီးက သူ၏ဓားကြီးကို ဝှေ့ယမ်းကာ လေဟုန်ခွင်းဓားသွားကို ခုခံလိုက်သည်။ ပိန်လှီ သောလူက လည်း မီးလုံးတစ်လုံးဖြင့် ပစ်ပေါက်ကာ တားဆီးလိုက်လေသည်။

“ဝုန်း…”

လေဟုန်ခွင်းဓားသွားများ ပျောက်ကွယ်သွားလေတော့သည်။

“ကြည့်ရတာ မင်းကလည်း ထင်သလောက် မဟုတ်ပါလား….။”

“ဟေ့ကောင်... မင်းမှာ ဒီလောက်ပဲ ရှိတာလား…။”

အနက်ရောင်တောင်ထွဋ်ညီနောင်တို့မှာ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်ကြသည်။ သူတို့အမြင် တွင် ဤအဆင့် (၉) ကျင့်ကြံသူမှာ ထင်သလောက် မစွမ်းလှဟု ယူဆလိုက်ကြသည်။

ထျန်ဖုန်းကမူ ဘာမှမပြောဘဲ တည်ငြိမ်နေဆဲပင်။ အမှန်စင်စစ် သူသည် လေဟုန်ခွင်းဓားသွားနည်းစနစ် ကို အလေး အနက် ကျင့်ကြံထားခြင်း မဟုတ်ဘဲ ရန်သူကို သတ်ဖြတ်ရန်အတွက် မှော်အတတ်ကို အားကိုးသူလည်း မဟုတ်ချေ။

သူ၏ လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ နှင်းခဲဓား မှာ လေထဲတွင် အလိုအလျောက် ပေါ်လာတော့ သည်။

“သိုလှောင်အိတ်လား…။”

“ဟေ့ကောင်... အဲဒီသိုလှောင်အိတ်ကို ငါတို့ကို ပေးစမ်း၊ ဒါဆို မင်းအသက်ကို ငါတို့ ချမ်းသာပေး မယ်…။”

အနက်ရောင်တောင်ထွဋ်ညီနောင်တို့မှာ ဝမ်းသာအားရ ဖြစ်သွားကြလေသည်။ သူတို့ညီအစ်ကို နှစ်ယောက်တွင် သိုလှောင်အိတ် တစ်အိတ်သာရှိပြီး အစ်ကိုဖြစ်သူကသာ အသုံးပြုနေခြင်း ဖြစ်သည်။ ယနေ့တွင် ငွေသစ်ရွက်မြက်ကိုသာမက သိုလှောင်အိတ်ပါရှိသော လူငယ်တစ်ဦးနှင့်ပါ တွေ့ဆုံရသဖြင့် သူတို့ အလွန်ပင် ကံကောင်းသည်ဟု ထင်နေကြသည်။

သူတို့၏ အမြင်တွင် အဆင့် (၉) ကျင့်ကြံသူမှာ အနည်းငယ် ကိုင်တွယ်ရ ခက်ခဲနိုင်သော်လည်း သူတို့ညီ အစ်ကိုနှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကိုမူ မည်သို့မျှ ယှဉ်နိုင်လိမ့်မည် မဟုတ်ဟု ယူဆထားကြ လေသည်။ ထိုအချိန်တွင် အဝေးသို့ ထွက်ပြေးသွားသော အမျိုးသမီးမှာ ပြန်လည်ရောက်ရှိလာခဲ့လေ သည်။

ထျန်ဖုန်းမှာ အဆင့် (၉) ကျင့်ကြံသူ ဖြစ်နေသည်ကို သိလိုက်ရသဖြင့် သူမ အလွန်ပင် ဝမ်းသာသွားတော့ သည်။

“ကျွန်မ ရှင်ကို ကူညီပါ့မယ်…။”

သူမသည် ထျန်ဖုန်းနှင့် ပူးပေါင်းကာ ထိုညီအစ်ကိုနှစ်ဦးကို သတ်ဖြတ်ရန် ပြင်ဆင်လိုက်သည်။

“မလိုပါဘူး…။”

ထျန်ဖုန်းက တိုတိုတုတ်တုတ်ပင် ငြင်းဆန်လိုက်ပြီးနောက် အနက်ရောင်တောင်ထွဋ်ညီနောင်တို့ထံသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။ ယခင်က ယွမ်လီ၏ လိုက်လံဖမ်းဆီးမှုကို ခံခဲ့ရဖူးသဖြင့် သူ၏ မိုးတိမ်ခြေလှမ်းမှာ ယခုအခါ အထွတ်အထိပ်သို့ ရောက်ရှိနေပြီ ဖြစ်၏။

သူ၏ အဆင့် (၉) စွမ်းအားနှင့် ပေါင်းစပ်လိုက်သောအခါ မျက်စိတစ်မှိတ်အတွင်းမှာပင် ပိန်လှီသောလူ၏ ရှေ့သို့ ရောက်ရှိသွားလေတော့သည်။

“မြန်လိုက်တာ….”

အမျိုးသမီးမှာ အံ့ဩလွန်း၍ ရေရွတ်လိုက်မိသည်။

“မကောင်းတော့ဘူး….။”

အနက်ရောင်တောင်ထွဋ်ညီနောင်တို့၏ မျက်နှာများ ဖြူလျော့သွားသည်။ မုတ်ဆိတ်ဗလပွလူကြီးက သူ၏ညီကို ကာကွယ်ရန် ဓားဖြင့် အမြန်ဝင်ကာလိုက်သော်လည်း အချိန်မမီတော့ချေ။ ပိန်လှီသော လူကလည်း အသက်လုကာ လက်နှစ်ဖက်ဖြင့် မီးလျှံများကို ထုတ်လွှတ်လိုက်သည်။

ထျန်ဖုန်းသည် ထိုမီးလျှံကို ထိပ်တိုက်မရင်ဆိုင်ဘဲ ခန္ဓာကိုယ်ကို နှိမ့်ကာ မြေပြင်နှင့် ကပ်၍ ရှောင်တိမ်း လိုက်သည်။ ထို့နောက် ပိန်လှီသောလူ၏ ဘေးဘက်သို့ ရောက်ရှိသွားကာ ထိုလူ၏ ထိတ်လန့်နေသော မျက်ဝန်းများရှေ့မှာပင် သူ၏ ခါးကို ဓားဖြင့် ခုတ်ချလိုက်တော့သည်။

“ရွှပ်...”

အေးစက်သော ဓားရောင် တစ်ချက် လက်သွားလေသည်။ သွေးများ ပန်းထွက်လာကာ ပိန်လှီသောလူ၏ ကိုယ်ခန္ဓာမှာ အပေါ်ပိုင်းနှင့် အောက်ပိုင်း နှစ်ခြမ်းဖြစ်ကာ မြေပေါ်သို့ လဲကျသွားတော့သည်။

“ညီလေး...။”

မုတ်ဆိတ်ဗလပွလူကြီးမှာ သူ၏ညီဖြစ်သူ နှစ်ခြမ်းကွဲကာ သေဆုံးသွားသည်ကို မြင်လိုက်ရသဖြင့် ချွေးစေးများ ပြန်လာတော့သည်။

ရန်သူက အလွန်မြန်လွန်းလှသည်။ မည်သို့မျှ ပြန်လည် မခုခံနိုင်ချေ။ သို့သော် ထျန်ဖုန်းက သူ့ကို အချိန် မပေးတော့ဘဲ ရှေ့သို့ ထပ်မံ တိုးဝင်လိုက်ပြန်သည်။ သူက ဓားကို လက်တစ်ဖက်ဖြင့် ခုတ်ချလိုက်သည်။

“ခလွမ်း…”

ထျန်ဖုန်းမှာ မလှုပ်မယှက် ရှိနေသော်လည်း မုတ်ဆိတ်ဗလပွလူကြီးမှာမူ ဓားဒဏ်ကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားရသည်။ သူ၏ ဓားကိုင်ထားသော လက်မှာလည်း ကွဲအက်သွားကာ သွေးများ စိုရွှဲလာတော့သည်။ ထျန်ဖုန်းက ထိုအခွင့်အရေးကို လက်မလွှတ်ဘဲ ရန်သူ၏ ရင်ဘတ်ဆီသို့ ဓားဖြင့် တိုက်ရိုက် ထိုးသွင်းလိုက်သည်။

မြန်ဆန်၊ တိကျပြီး ရက်စက်လှသော တိုက်ကွက်ပင်။

“စွပ်… ”

နှင်းခဲဓားသည် ရန်သူ၏ ရင်ဘတ်ကို ဖောက်ထွက်သွားတော့သည်။

“မင်း... မင်းက...”

မုတ်ဆိတ်ဗလပွလူကြီးမှာ ထိတ်လန့်နေတော့သည်။ ဤလူငယ်မှာ အလွန်ပင် အစွမ်းထက်လွန်း လှသည်။ သူသည် လေလွင့်ကျင့်ကြံသူ မဟုတ်ဘဲ ဂိုဏ်းကြီးတစ်ခုခုမှ တပည့်ဖြစ်ရမည်ဟု သူ ယူဆလိုက်မိသည်။

သူသည် နောက်ဆုံးအသက်ကို အသုံးချကာ ဓားဖြင့် ပြန်တိုက်ရန် ကြိုးစားသော်လည်း ထျန်ဖုန်းက အချိန်မပေးတော့ဘဲ နှင်းခဲဓားကို ပြန်ဆွဲထုတ်ကာ ထိုလူ၏ ခေါင်းကို ဖြတ်ပစ်လိုက်တော့သည်။

အနက်ရောင်တောင်ထွဋ်ညီနောင်တို့ သေဆုံးသွားပြီ ဖြစ်သည်။

“သူတို့ကို အနက်ရောင်လေညီနောင်လို့ ခေါ်တာ မဟုတ်ဘူးလား…။”

​ထျန်ဖုန်းက သိချင်စိတ်ဖြင့် မေးလိုက်လေသည်။

“သူတို့ လေကို သုံးတာ မတွေ့မိလို့လေ…။”

“သူတို့နာမည်က အနက်ရောင်တောင်ထွဋ်ညီနောင်ပါ၊ တောင်ထွဋ်ကို ပြောတာပါ….။”

​ဟု အမျိုးသမီးက အဝေးမှနေ၍ ရှင်းပြလိုက်လေသည်။

“ကျွန်မနာမည်က ချန်ယွင်ပါ။ ကျွန်မအသက်ကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် တာအို ရောင်းရင်း…။”

“ကျွန်တော်က ထျန်ဖုန်းပါ။ တွေ့ရတာ ဝမ်းသာပါတယ် တာအိုရောင်းရင်း ချန်ယွင်…။”

ထျန်ဖုန်းက ပြန်လည်ဂါရဝပြုလိုက်ပြီး မေးမြန်းကြည့်လိုက်လေသည်။

“ဒါနဲ့... ခုနက အဲဒီလူတွေက ဘာလို့ ခင်ဗျားနောက်ကို လိုက်နေကြတာလဲ….။”

“ဒါကတော့...”

အမျိုးသမီးက ပြောရန် တွန့်ဆုတ်နေသည်ကို မြင်သောအခါ ထျန်ဖုန်းက လက်ကာပြကာပြောလိုက်၏။

“ခင်ဗျား မပြောချင်လည်း ရပါတယ်၊ ထားလိုက်ပါတော့…။”

ချန်ယွင်က ခေတ္တစဉ်းစားပြီးမှ “အမှန်အတိုင်း ပြောရရင် ကျွန်မ ငွေသစ်ရွက်မြက် တစ်ပင်ကို ရှာတွေ့ ခဲ့တာပါ။ အဲဒီလူတွေက မြင်သွားပြီး အတင်းလုယူဖို့ ကြိုးစားတာကြောင့် ကျွန်မ ထွက်ပြေးနေရတာပါ”

ပြောရင်းပင် သူမ၏ အိတ်ထဲမှ တစ်ပေခန့်ရှိသော မြက်ပင်လေးတစ်ပင်ကို ထုတ်ပြလိုက်လေသည်။

ထျန်ဖုန်း ကြည့်လိုက်ရာ ထိုမြက်ပင်မှာ ငွေရောင်တောက်ပနေသည်မှအပ ထူးထူးခြားခြား မရှိသော် လည်း စိတ်ဝိညာဉ်စွမ်းအင်မှာမူ အလွန်သိသာလှသည်။

“ဒီမြက်ပင်က ဘာအတွက် သုံးတာလဲ…။”

ထျန်ဖုန်းက တကယ်ပင် သိချင်စိတ် ဖြစ်ပေါ်နေသည်။ သူသည် ယနေ့တွင် လူသတ်လုယက်မှုများကို မြင်တွေ့ခဲ့ရဖူးခြင်းမရှိသကဲ့သို့ ဤကဲ့သို့ ရှားပါးသော ဆေးဖက်ဝင်အပင်မျိုးကိုလည်း တစ်ခါမှ မမြင် ဖူးခဲ့ချေ။

“ရှင်…။”

ချန်ယွင်က ထျန်ဖုန်းကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်လိုက်သည်။

“ဘာဖြစ်လို့လဲ…။”

“ဒါက ကျွန်မတို့လို ချီစွမ်းအင်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတွေအတွက်တော့ အရေးကြီးဆုံးဖြစ်တဲ့ ချီစုဆောင်းခြင်း ဆေးလုံး ကို သန့်စင်တဲ့နေရာမှာ အဓိကပါဝင်တဲ့ ပစ္စည်းလေ…။”

ချန်ယွင်က ရှင်းပြရင်း ထျန်ဖုန်းသည် အင်အားကြီးဂိုဏ်းတစ်ခုခုမှ တပည့်ဖြစ်ရမည်ဟု စိတ်ထဲမှ ခန့်မှန်း လိုက်သည်။ အဘယ်ကြောင့်ဆိုသော် လေလွင့်ကျင့်ကြံသူတိုင်းမှာ ဤအပင်အကြောင်းကို သိထားကြ ​သောကြောင့် ဖြစ်လေသည်။

“အော်... အခုမှပဲ နားလည်တော့တယ်…။”

ထျန်ဖုန်းက ခေါင်းငြိမ့်လိုက်ပြီးနောက် ရန်သူများထံမှ ရတနာများကို စတင်သိမ်းဆည်းလေတော့သည်။

“တာအိုရောင်းရင်း... တခြားကိစ္စ မရှိတော့ရင် ကျွန်မ ခွင့်ပြုပါဦး။ ဒီနေ့အတွက် ကျေးဇူးကို နောင် တစ်ချိန်မှာ ပြန်ဆပ်ပါ့မယ်…။”

ချန်ယွင်က နှုတ်ဆက်စကား ပြောကာ ထွက်သွားလေသည်။ သူမသည် ဤငွေသစ်ရွက်မြက်ကို ရရှိထားပြီဖြစ်ရာ ဆေးသန့်စင်သူတစ်ဦးထံ သွားရောက်ကာ ဆေးလုံးဖော်စပ်ရန် စီစဉ်နေခြင်း ဖြစ်၏။

သူမသည် လက်ရှိတွင် အဆင့် (၈) ၌ ရှိနေသဖြင့် ဤဆေးလုံးကို အသုံးပြုပါက အဆင့် (၉) သို့ တက်လှမ်းနိုင်လိမ့်မည်ဟု မျှော်လင့်နေခဲ့လေသည်။

All Chapters