အခန်း (၃၂၁-၃၂၄)
Vol. 17 Ch. 321-324
Chapter 321 : မဟူရာမိစ္ဆာဘုရင်
ထိုအခါ တစ်ဖက်မှလူများ၏ မျက်နှာအမူအယာများမှာ မစင် အတင်းအကြပ် ကျွေးခံရသည့်အလား အလွန်ဆိုးဝါးလာ၍ လူအင်အားမှာလည်း တဖြည်းဖြည်းများပြားလာရာ ဟွားဇယ်နှင့် ကျင်းယွင်ကျောင်းတို့ဘက်ရှိ လူဦးရေနှင့် ယှဥ်ပါက သုံးဆခန့်ပိုများလာသည်။
"ဟွားဇယ်၊ မင်း အသက်ရှင်ရတာ ပင်ပန်းနေပြီလား။ မင်းက ငါတို့ရဲ့ဘော့စ်ကိုတောင် အန္တရာယ်ပေးရဲသေးတယ်ပေါ့လေ"
မျက်နှာချင်းဆိုင်အဖွဲ့မှ လူများက အော်ပြောလာ၏။
ထိုစကားကိုကြားသောအခါ ဟွားဇယ်၏ ရင်ထဲ၌ ခံစားချက်များ ရှုပ်ထွေးသွားသည်။ လက်တွေ့၌ သူသည် မဟူရာသစ်နက်အား တိုက်ခိုက်ရန် ရည်ရွယ်ချက်ပင်မရှိခဲ့သလို မဟူရာသစ်နက်အား ဒဏ်ရာရအောင်လုပ်သည်မှာလည်း သူ့လက်ချက်မဟုတ်ပေ။ သို့သော် သူသည် မည်သူ့ကို အပြစ်တင်ရမည်နည်း၊ သူ့ကံဆိုးမှုကိုပဲ အပြစ်ပုံချရမည်လား။ မဟူရာသစ်နက် အရိုက်ခံနေသည့်အချိန်တွင်မှ သူက ရောက်လာခြင်းဖြစ်ရာ ယနေ့ သူသည် သူတို့အဖွဲ့အား မတိုက်ခိုက်လျှင်တောင်မှ အနာဂတ်တွင် သူသည် မဟူရာသစ်နက်၏ ထိပ်တန်းရန်သူစာရင်း ဝင်သွားပြီဖြစ်၏။
"စောက်ရေးမပါတာတွေ ပြောနေတာကို ရပ်လိုက်။ မဟူရာသစ်နက်ရဲ့မောက်မာမှုတွေကို ငါစိတ်ကုန်နေတာကြာပြီ။ ဒီနေ့ ငါတို့က မင်းတို့ရဲ့ဘော့စ်ကိုတိုက်ခိုက်ပြီးပြီဆိုတော့ စည်းမျဥ်းတွေအရပဲ စာရင်းရှင်းတော့မယ်"
ဟွားဇယ်သည် စိတ်လေးနေသော်လည်း မျက်နှာပေါ်၌မူ ထုတ်မပြချေ။
စည်းမျဥ်းမှာ အလွန်ရိုးရှင်း၍ နိုင်သူစားစတမ်းသာဖြစ်သည်။ လမ်းသရဲဂိုဏ်းများ၏ ပိုင်နက်နယ်မြေများကို တိုက်ခိုက် သိမ်းပိုက်ခြင်းဖြင့်သာ ခွဲဝေဖြေရှင်းတတ်ကြ၍ တိုက်ပွဲပြီးဆုံးသောအခါ အနိုင်ရသူက ရှုံးသွားသည့်ဂိုဏ်းအား သစ္စာရှိနေဆဲ ဂိုဏ်းသားများကို နေရာချပေးရ၏။ အနိုင်ရသောဂိုဏ်း၏ သတင်းကြီးလာသည်နှင့်အမျှ ဂိုဏ်းကို ချဲ့ထွင်ရန် ဂိုဏ်းသားများ ပို၍ လိုအပ်လာသောကြောင့် သူတို့ကို လက်ခံပေးရသည်။ ဤသည်မှာ လမ်းသရဲဂိုဏ်းများကို ချဲ့ထွင်ရာ၌ ဆယ်စုနှစ်ပေါင်းများစွာ မပြောင်းလဲဘဲ တည်ရှိလာသည့် နည်းလမ်းပင်။
သူတို့စကားများ၏ အဓိပ္ပါယ်မှာ ပြတ်သားရှင်းလင်းလွန်းလှပြီး ဆွေးနွေးညှိနှိုင်းနေစရာ အကြောင်းမရှိတော့သဖြင့် ထိုခဏ၌ပင် နှစ်ဂိုဏ်းလုံးသည် တစ်ဖက်နှင့်တစ်ဖက် ကမူးရှူးထိုးပြေးဝင်၍ တိုက်ခိုက်ကြတော့သည်။
ယခုဘဝသည် ကျင်းယွင်ကျောင်း၏ ဒုတိယဘဝဖြစ်သော်လည်း ဤကဲ့သို့သွေးဆူဖွယ်မြင်ကွင်းမျိုးနှင့်ကြုံရသည်မှာ သူမအတွက် ပထမဆုံးအကြိမ်ဖြစ်ရာ သူမ၏ နှလုံးသားသည် စိတ်လှုပ်ရှားလွန်း၍ တဆတ်ဆတ်ခုန်နေ၏။
လူအများက အာဏာပါဝါကို အငမ်းမရ မက်မက်မောမောရှာဖွေကြသည်မှာ အံ့သြစရာမဟုတ်ပေ။ အာဏာနှင့် လုပ်နိုင်စွမ်းမရှိသူများသည် ရှေးခေတ်က ခြေလျင်တပ်များကဲ့သို့ပင် အန္တရာယ်ကြားထဲသို့ ရှေ့ဆုံးမှပြေးဝင်ရကြ၍ အမြောက်စာများအဖြစ် သတ်မှတ်ခံရသည်။ အာဏာရှိ၍ အဆင့်အတန်းတစ်ခုသို့ရောက်အောင် တက်လှမ်းနိုင်သူများမှာမူ ဤကဲ့သို့သောကိစ္စမျိုးတွင် ကိုယ်တိုင်ကိုယ်ကျ ဝင်ပါနေစရာမလိုပေ။
လေအေးများက သူမ၏နားရွက်များကို ဖြတ်သန်းတိုက်ခတ်သွားရာ ကျင်းယွင်ကျောင်းသည် တိုက်ခိုက်နေရင်း ပျော်လာသလို ခံစားလိုက်ရသည်။ ထိုမျှသာမက တစ်ဖက်မှ ရန်သူများကလည်း သူမ၏ အနားတွင် မသိလိုက် မသိဘာသာဖြင့် တဖြည်းဖြည်း များသထက်များလာ၏။
မူလက သူမအား မည်သူကမှ အန္တရာယ်ပေးနိုင်သူဟု မယူဆထားကြဘဲ သူတို့၏ မျက်လုံးထဲ၌ သူမသည် အလွန်အမင်း အားနည်း၍ ထိခိုက်လွယ်ပြီး လက်သီးတစ်ချက်တည်းနှင့်ပင် လဲကျသွားလိမ့်မည်ဟု ထင်ထားကြသည်။ သို့သော် လူဆယ်ယောက်ကျော်ခန့် တိုက်ခိုက်ပြီးသော်လည်း ကျင်းယွင်ကျောင်း၌ ဒဏ်ရာရဖို့ မဆိုထားနှင့်၊ ခြစ်ရာလေးတစ်ခုပင် မထင်သေးကြောင်း မည်သူကထင်ထားမည်နည်း။ ထိုမျှသာမက သူမအား တိုက်ခိုက်ကြသူအားလုံးမှာလည်း မှောက်သွားကြပြီဖြစ်၍ ရန်ပွဲထဲ၌ ပြန်ပါနိုင်တော့မည် မဟုတ်ပေ။
ကျင်းယွင်ကျောင်းက တိုက်ခိုက်နေစဥ်မှာပင် တစ်ဖက်အဖွဲ့မှလူများသည် သူမ၏ တိုက်ရည်ခိုက်ရည်ကို သိရှိသွားကြ၍ သူမ၏ ဘေးသို့ ပို၍ ဝိုင်းအုံလာကြတော့သည်။
ဟွားဇယ်က သူ့မျက်လုံးရှေ့ရှိမြင်ကွင်းကို တွေ့သွားပြီး ကျင်းယွင်ကျောင်းသည် သူမ၏ စကားအတိုင်း အမှန်တကယ်ပင် တိုက်ရည်ခိုက်ရည်ကောင်းလှရာ သူသည် အံ့သြမှင်သက်နေ၏။ သို့ရာတွင် ဟွားဇယ်သည် သူမ၌ ကိုယ်တိုင်ကိုယ်ကျ ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိသော်လည်း ရန်သူများစွာအား သူမဆီသို့ ဆွဲဆောင်မိသကဲ့သို့ ဖြစ်သွားမည်ကိုလည်း စိုးရိမ်နေသည်။
သို့ရာတွင် မကြာမီမှာပင် ဟွားဇယ်တစ်ယောက် စိုးရိမ်နေစရာမလိုကြောင်း ကျင်းယွင်ကျောင်းက ခပ်မြန်မြန် သက်သေပြလိုက်၏။
သာမန်လမ်းသွားလမ်းလာများ ကင်းမဲ့နေသောလမ်းပေါ်တွင် တိုက်ခိုက်ထိုးကြိတ်သံများနှင့် နာနာကျင်ကျင် ညည်းညူသံများသာ အဆက်မပြတ်ထွက်ပေါ်နေ၍ တိုက်ခိုက်နေသူများအလယ်တွင် အနက်ရောင်ဝတ်ရုံခြုံထားသည့် ပုံရိပ်တစ်ရိပ်သည် နတ်ဘုရားများထံမှ ကောင်းချီးပေးခံထားရသည့်အလား တစ်ဖက်အဖွဲ့မှလူများအား အံ့အားသင့်စေ၍ သူမ၏ လက်သီးချက်တိုင်း၊ ကန်ချက်တိုင်းက ခံရသူများအား ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရစေသည်။
တစ်ဖက်၌မူ အနက်ရောင်ပုံရိပ်၏ ရက်စက်ကြမ်းတမ်းသောတိုက်ခိုက်မှုအောက်တွင် ပြိုင်ဘက်အဖွဲ့မှလူများစွာသည် အတုံးအရုံးလဲကျကုန်သော်လည်း ထိုအနက်ရောင်လူကမူ မောပန်းနွမ်းနယ်ခြင်းမရှိဘဲ ဆက်လက်တိုက်ခိုက်နေ၍ ပို၍ တိုက်ခိုက်လေလေ၊ ပို၍ အားပြည့်လာလေလေဟုပင် ထင်မှတ်ရ၏။
မူလက ဟွားဇယ်သည် စိတ်ပူသောကြောင့် သူမအား ဝင်ကူရန် သူ၏ ညီအစ်ကိုအချို့ကို လွှတ်လိုက်သေးသည်။ သို့ရာတွင် ကူညီရန်လွှတ်လိုက်သော သူ၏ ညီအစ်ကိုများသာ ရန်ပွဲထဲတွင် ကစဥ့်ကလျားဖြင့် တစ်ယောက်တစ်နေရာရောက်သွားသော်လည်း ကျင်းယွင်ကျောင်းကမူ အထိအခိုက်မရှိဘဲ သူမတစ်ယောက်တည်းနှင့် အယောက်တစ်ရာကို ယှဥ်ချနေဆဲပင်။
ကျင်းယွင်ကျောင်း၏ စိတ်အားတက်ကြွမှုများသည် ဟွားဇယ်၏ နောက်လိုက်များကိုပါ ရုတ်တရက် ရိုက်ခတ်သွား၍ သူတို့သည်လည်း သတ္တိသွေးများ ပြည့်လျှံလာကာ စိတ်ဓါတ်တက်ကြွလာကြသည်။
သူမသည် ရှုံးနိမ့်ခြင်းကင်းသော စစ်နတ်ဘုရားတစ်ပါးနှင့်တူ၍ သူမ၏ သတ်ဖြတ်လိုစိတ်များလွှမ်းနေသော အရှိန်အဝါက ပတ်ဝန်းကျင်ရှိလူများအား အသက်ရှုရခက်စေ၏။
ကျင်းယွင်ကျောင်းကိုယ်တိုင်လည်း သူမ ဘယ်လောက်ကြာကြာ တိုက်ခိုက်ခဲ့မှန်း မသိတော့ပေ။ သူမသည် သူမ၏ လမ်းကြောင်းပေါ်သို့ ရောက်လာသမျှ လူတိုင်းကို တိုက်ခိုက်နေ၍ အနာဂတ်၌ သူမအား အန္တရာယ်ပေးမည့် အလားအလာရှိသူတိုင်းကို ရှင်းပစ်ချင်သည်။ သူမ၏ရန်သူသည် မဟူရာသစ်နက်ဖြစ်စေ၊ ပန်းရောင်သစ်နက်ဖြစ်စေ၊ အားလုံးကို ရှင်းပစ်မည်သာဖြစ်၏။
ဤတစ်ညတည်းနှင့်ပင် ဟွားဇယ်၏အမည်သည် လမ်းမများပေါ်၌ ဟုန်းဟုန်းတောက် ကျော်ကြားသွားသည်။
သူတို့၏ဘက်မှ ရယ်စရာကောင်းသော လူပမာဏလေးနှင့် မဟူရာသစ်နက်၏ ဂိုဏ်အား အပြတ်အသတ် အနိုင်ယူနိုင်ခဲ့၍ ထိုဂိုဏ်းသည် အနာဂတ်၌ ပြန်လည်ဦးမော့လာနိုင်တော့မည်မဟုတ်ရာ ဟွားဇယ်၏ ဂိုဏ်းသည် မဟူရာသစ်နက်၏ ဂိုဏ်းနေရာ၌ အစားဝင်နိုင်သွား၏။
သို့ရာတွင် ဤညပြီးသည့်နောက် အကျော်ကြားဆုံးလူပုဂ္ဂိုလ်မှာမူ ကျင်းယွင်ကျောင်းမှလွဲ၍ အခြားမရှိပေ။
သို့ရာတွင် သူတို့သည် သေချာပေါက် ကျင်းယွင်ကျောင်း၏ အမည်ကို မသိကြပေ၊ သူတို့သိသည်မှာ အနက်ရောင်ဝတ်ရုံနှင့် မက်စ်အနက်ရောင်တပ်ထားသူသည် ဟွားဇယ်၏ တိုက်ပွဲအောင်နိုင်ခြင်းနှင့် လက်ရှိ အောင်မြင်ကျော်ကြားမှုကို ရယူနိုင်ခြင်း၏ အဓိကအကြောင်းရင်းပင် ဖြစ်သည်။
ထို့ကြောင့် လူအများသည် ကျင်းယွင်ကျောင်းအား ညွှန်းဆိုရန်အတွက် မဟူရာမိစ္ဆာဘုရင်ဟူသော နာမည်ပြောင်ကို ပေးခဲ့ကြ၏။ ကျင်းယွင်ကျောင်းအား မဟူရာမိစ္ဆာဘုရင်ဟု မည်သူက စခေါ်လိုက်မှန်းမသိသော်လည်း ထိုနာမည်ပြောင်မှာမူ အတည်ဖြစ်သွားသည်။
ထိုအချိန်၌ ကျင်းယွင်ကျောင်းသည် နာမည်ပြောင်ကြောင့် စိတ်အနှောက်အယှက်မဖြစ်ဘဲ မဟူရာသစ်နက်ဂိုဏ်း၏ အကြွင်းအကျန်များအား ရှင်းလင်းရန် ဟွားဇယ်ကို ကူညီပြီးနောက်တွင် သူနှင့်အတူ ကိစ္စအချို့ကို ဆွေးနွေးနေ၏။
ယခင်က ဟွားဇယ်သည် ကျင်းယွင်ကျောင်း၏ အစွမ်းအစကို သံသယရှိခဲ့သော်လည်း ယခုအခါ သူသည် လုံးဝပြောင်းလဲသွားသဖြင့် သူမ၏ အစွမ်းအစများကို လှိုက်လှိုက်လှဲလှဲယုံကြည်နေပြီး သူမအပေါ်၌ သူ၏အကြည့်များက မသိစိတ်အလျောက် လေးစားမှုများ ပြည့်နှက်နေသည်အထိပင်။ သူ၏စိတ်ထဲ၌ ကျင်းယွင်ကျောင်း၏ ပုံရိပ်သည် ဝေဝါးသွားနိုင်တော့မည် မဟုတ်ပေ။
Chapter 322 : ကျူပင်ခုတ် ကျူငုတ်မကျန်လား
ဟွားဇယ်သည် ကွမ်ရင်မယ်တော် ကိုးကွယ်သူတစ်ယောက်ဖြစ်၍ သူ၏ ကိုယ်ပိုင်ခွန်အားကိုသာ ယုံကြည်သူဖြစ်သည်။
ကျင်းယွင်ကျောင်းသည် ခွန်အားကြီးသူတစ်ယောက်ဖြစ်၍ သူမအား မည်သူကမှ မဖိနှိပ်နိုင်သည်အထိ သန်မာ၏။ ထို့ကြောင့် ဟွားဇယ်သည် အလိုလိုပင် သူမအား မိန်းကလေးတစ်ယောက်၊ သို့မဟုတ် ညီမငယ်လေးတစ်ယောက်အဖြစ် ထပ်မံ၍ မဆက်ဆံနိုင်တော့ပေ။ အထူးသဖြင့် ယခုအချိန်၌ သူသည် သူမ၏ နတ်ဘုရားဆန်သည့် ကိုယ်ခံပညာစွမ်းရည်ကို မျက်မြင်ကိုယ်တွေ့ကြုံဖူးပြီးသားဖြစ်ရာ ဟွားဇယ်သည် အားကျလွန်း၍ သူမအား ဒူးထောက်ပြီး ဆရာဟုပင် ခေါ်ချင်နေသည်။
ယခု ကျင်းယွင်ကျောင်းအား ကြည့်နေသော သူ့အကြည့်များတွင် ရူးသွပ်မှုအနည်းငယ် ပျော်ဝင်နေ၏။
"မမလေး ကျင်း"
သူက ခပ်တိုးတိုးခေါ်လိုက်သည်။ ကိစ္စများပြီးသွားသည့်နောက်တွင် ဟွားဇယ်သည် လူတိုင်းအား အနီးနားရှိဘားတစ်ခုတွင် ဧည့်ခံနေခြင်းဖြစ်၏။ သူသည် ထိုအခေါ်အဝေါ်နှင့် အနည်းငယ် အသားမကျသော်လည်း များသောအားဖြင့် ကျင်းယွင်ကျောင်းကဲ့သို့သော လူတစ်ယောက်အား အစ်မကြီး သို့မဟုတ် ဘော့စ်ဟုခေါ်ပါက ပို၍ သင့်လျော်လေသည်။ သို့သော် သူမသည် ငယ်လွန်းသောကြောင့် သူသည် အနည်းငယ် ရှက်သလိုခံစားရ၏။ ထို့ကြောင့် သူသည် ထိုအကြောင်းကို သေချာစဥ်းစားလိုက်ပြီး သူမအား ပြင်ခေါ်လိုက်ပြန်သည်။
"အစ်မကြီး ကျင်း"
ကျင်းယွင်ကျောင်းက သီးသွား၏။
"ကျွန်မကို ကျင်းယွင်ကျောင်း၊ ဒါမှမဟုတ် ယွင်ကျောင်းလို့ပဲ တိုက်ရိုက်ခေါ်ပါ"
ကျင်းယွင်ကျောင်းသည် ထိုကဲ့သို့ ကြက်သီးထဖွယ်နာမည်ပြောင်ကို မည်သို့မှ လက်မခံနိုင်ပေ။
ထိုအခါ ဟွားဇယ်က သူမ၏တုံ့ပြန်မှုကို ကြည့်၍ ရယ်လိုက်သည်။
"ယွင်ကျောင်း၊ မင်းရဲ့ကိုယ်ခံပညာက မဆိုးဘူး၊ ငါ့ကို သင်ပေးလို့ရမလား။ ငါ မင်းကို သင်ခပေးပါ့မယ်"
"ရတာပေါ့၊ ရှင် ကျွန်မကို သင်ခပေးစရာမလိုပါဘူး၊ ဒါပေမယ့် တစ်ခုတော့ တောင်းဆိုစရာရှိတယ်"
ကျင်းယွင်ကျောင်းက နှစ်ခါပင် မစဥ်းစားဘဲ ပြန်ဖြေလိုက်သည်။ သူမက ချက်ချင်း သဘောတူလိုက်လိမ့်မည်ဟု ဟွားဇယ် တစ်ခါမှ ထင်မထားခဲ့ပေ။
"ပြောပါ"
ယခုအချိန်တွင် ဟွားဇယ်၌ သူ၏ ပုံမှန် ခပ်ပျင်းပျင်းနှင့် ခပ်ပေါ့ပေါ့စိတ်ထားမျိုး အဘယ်ရှိတော့မည်နည်း။ သူ၏ စိတ်ထားသည် လုံးဝပြောင်းလဲသွားပြီဖြစ်၏။
ယခင်က သူသည် လမ်းသရဲဂိုဏ်းပေါက်စလေး၏ ခေါင်းဆောင်တစ်ယောက်မျှသာဖြစ်သည်။ ယခုမူ အရာရာ ပြောင်းလဲသွားလေပြီ။ သူ၏သြဇာလွှမ်းမိုးမှုအပေါ်အခြေခံ၍ ယခုအခါ သူ၏အမည်မှာ ဟွားနင်ခရိုင်အတွင်း၌ ထိပ်တန်းအဆင့်ဖြစ်၏။
"ရှင့်ရဲ့သြဇာလွှမ်းမိုးမှုကိုဖြန့်ကျက်ဖို့ အရှိန်အမြင့်ဆုံးတင်ပါ။ ရိုက်သင့်တဲ့သူတွေကို ကျွန်မ ကူရိုက်ပေးပါ့မယ်။ ရှင့်ကို ရှင့်ရဲ့နာမည်နဲ့ ထိုက်တန်တဲ့ ဘော့စ်တစ်ယောက် ဖြစ်စေချင်တယ်"
ကျင်းယွင်ကျောင်းက လေးလေးနက်နက် ပြောလိုက်သည်။
ထိုအခါ ဟွားဇယ်က အံ့သြသွား၏။
ဒါက ငါ့ကို အခွင့်ကောင်းတွေ အလကားပေးနေတာ မဟုတ်လား။
"မင်းအတွက်ကရော"
သူက ပွင့်ပွင့်လင်းလင်းပင် မေးလိုက်သည်။
လောကကြီးမှာ အလကားရတဲ့နေ့လည်စာဆိုတာ မရှိဘူးလေ။ သူမမှာလည်း တောင်းဆိုစရာအချို့ရှိနေသင့်တယ် မဟုတ်လား။
"ဒီနေ့ကစပြီးတော့ ဟွားနင်ခရိုင်မှာရှိတဲ့ လမ်းသရဲတွေ ကျွန်မကို မြင်တာနဲ့ ချက်ချင်း ပြန်လှည့်ပြီးတော့ ရှောင်သွားစေချင်တယ်။ ကျွန်မရဲ့ကာကွယ်မှုအောက်မှာရှိစေချင်တဲ့ လူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ရှင့်လက်အောက်က ညီအစ်ကိုတွေကို လုံးဝထိခွင့်မပေးရဘူး"
ကျင်းယွင်ကျောင်းက သူမ၏ ဆန္ဒကို ထုတ်ပြောလိုက်၏။
ယခု သူမ လုပ်နေသောကိစ္စများသည် အနာဂတ်တွင် ပြဿနာဖြစ်လာခြင်းမှ ကာကွယ်ရန်ဖြစ်သည်။
ဒေသတွင်း သြဇာလွှမ်းမိုးသော လူမိုက်တစ်ယောက်၏ ဖြစ်တည်မှုသည် အလွန်လုပ်နိုင်စွမ်းရှိ၏။ တစ်ခါတစ်ရံ၌ ရဲများပင် သူတို့အား ဆုံးဖြတ်ခွင့်ပေးရသည်။ ထို့အပြင် ရဲများ ပြီးစီးအောင် လုပ်ဆောင်နိုင်စွမ်းမရှိသည့် ကိစ္စများစွာကို ဒေသတွင်း သြဇာလွှမ်းမိုးသော လူမိုက်တစ်ယောက်က လုပ်နိုင်၏။
တစ်ယောက်က အလင်းထဲ၌ ရှိနေချိန်တွင် အခြားတစ်ယောက်က မှောင်ရိပ်ထဲ၌ ပုန်းကွယ်နေသည်ဟူသော ဆိုရိုးစကားမှာ အလွန်မှန်သည်။ သင်သည် တိုက်ရိုက်ပစ်သော သေနတ်တစ်ချက်ကို ရှောင်နိုင်သော်လည်း ပုန်း၍ ပစ်သော မြားတစ်စင်းကိုမူ ကာကွယ်နိုင်လိမ့်မည် မဟုတ်ပေ။ သူမသည် အနာဂတ်၌ ဒေသတွင်း သြဇာအကြီးဆုံးလူမိုက်အား ငွေပေး၍ သူမအား အန္တာရယ်ပြုစေတတ်သည့် ကျန်ဝမ်ရှန်းကဲ့သို့သောလူများကို ထပ်မံ၍ အပြစ်ပြုမိကောင်း ပြုမိနိုင်၏။ ထိုအချိန်၌ သူမ မည်မျှပင် သန်မာနေပါစေ၊ သူမ စီစဥ်ထားသမျှ တလွဲဖြစ်သွားသည့်နေ့ကို သေချာပေါက် ကြုံရလိမ့်ဦးမည်သာ။
"မင်းက ဒါကြောင့် ငါ့ကို ကူညီနေတာလား"
ဟွားဇယ်သည် ကိုယ့်နားကိုယ်ပင် မယုံနိုင်ချေ။
သည်လိုမျိုး အင်အားကြီးတဲ့သူတစ်ယောက်က ပေါက်လွှတ်ပဲစား လမ်းသရဲတွေကို ကြောက်နေသေးတာလား။
ဒါ့အပြင် မဟူရာမိစ္ဆာဘုရင်ဆိုတဲ့ သူ့ရဲ့နာမည်အထောက်အထားကိုသာ ထုတ်ပြလိုက်ရင် အဲဒီကောင်တွေက မြားသံကိုကြောက်တဲ့ငှက်တွေလိုမျိုး ချက်ချင်း တပ်ဆုတ်ပြီး ထွက်ပြေးကုန်ကြမှာလေ။
ကျင်းယွင်ကျောင်းသည်လည်း သေချာပေါက် ထိုအကြောင်းကို သိသည်။ သို့သော် သူမ အလိုရှိသည်ကမူ အနည်းငယ် ကွာခြား၏။
သူမသည် အန္တရာယ်ရှိသည့်အလားအလာများကို တစ်ကြိမ်တည်းနှင့် အမြစ်ပြတ်ရှင်းပစ်နိုင်သည့် ဖြေရှင်းနည်းကိုသာလိုချင်၍ ထိုအန္တရာယ်များကို တဖန်ပြန်၍ ရှင်သန်နိုင်မည့်အခွင့်အရေး ဘယ်တော့မှမရှိစေလိုပေ။
(T/N : ကျူပင်ခုတ်၊ ကျူငုတ်မကျန်စေချင်တာပါ။)
ထိုအခါ ကျင်းယွင်ကျောင်းက ခေါင်းညိတ်ပြလိုက်၏။
"ဒီတစ်ပတ်အတွင်း ရှင့်ရဲ့အစီအစဥ်တွေအတွက် ပြင်ဆင်မှုတွေစလုပ်လို့ရပြီ။ ရှင် အကူအညီလိုရင် ကျွန်မကို ဖုန်းဆက်ခေါ်လိုက်လို့ရတယ်။ ဒါပေမယ့် ဟွားဇယ်၊ အခုအချိန်ကစပြီး ကျွန်မတို့ရဲ့ရှေ့မှာရှိတဲ့ မျက်နှာပျက်စရာကိစ္စတွေကို ကျွန်မ ရှင်းရှင်းလင်းလင်း ပြောထားမယ်။ ကျွန်မက တည်ငြိမ်မှုကိုပဲ လိုချင်တာပါ။ အခု ကျွန််မ ရှင့်ကိုကူညီချင်တယ်ဆိုတာကလည်း အခုအချိန်မှာ ရှင်က ကတိတည်တယ်၊ စာရိတ္တကောင်းပြီးတော့ ကျွန်မရဲ့ယုံကြည်မှုနဲ့ ထိုက်တန်လို့။ ဒါပေမယ့် ရှင်က ကျွန်မကို ဆန့်ကျင်လာခဲ့ရင်တော့ ကမ္ဘာကြီးကို ပြောင်းပြန်လှန်ရမယ်ဆိုရင်တောင် ကျွန်မ ရှင့်ကို ရှင့်အမေဗိုက်ထဲအထိ ပြန်ရောက်သွားအောင် ရိုက်ဖို့နည်းလမ်းရှာနိုင်တယ်နော်"
(T/N : အမေ့ဗိုက်ထဲထိ ပြန်ရောက်သွားအောင် ရိုက်တယ်ဆိုတာ အသက်ထွက်အောင်အထိ ရိုက်တာကို ပြောချင်တာပါ။)
ကျင်းယွင်ကျောင်း စကားပြောနေစဥ်တွင် သူမထံမှ လူသတ်လိုသော အငွေ့အသက်များ ထူထပ်များပြားလွန်း၍ နေရာအနှံ့စိမ့်ဝင်ပျံ့နှံ့နေရာ ဟွားဇယ်သည် ကြောက်ရွံ့တုန်လှုပ်သွား၏။
"မင်း စိတ်ချလက်ချနေပါ။ ကွမ်ရင်မယ်တော်က ငါတို့ကို ကောင်းကင်ဘုံကနေ စောင့်ကြည့်နေတာပဲ။ ငါ ဘယ်လိုလုပ်ပြီး ဒါမျိုးလုပ်ရဲမှာလဲ"
ဟွားဇယ်က ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိရှိဖြင့် ကတိပေးလိုက်သည်။
ကျင်းယွင်ကျောင်း၏ လုပ်ရပ်များကို မြင်ပြီးပါက ဤတစ်သက်၌ မည်သူကမှ သူမနှင့် ဆန့်ကျင်ဘက်တွင် နေရဲတော့မည် မဟုတ်ကြောင်း သူသည် လူတိုင်းအား အခိုင်အမာပြောနိုင်၏။
ဤမိန်းကလေးသည် အရှင်အာစူရာ၏ငရဲမှ ထွက်ပေါ်လာသည့် သတ်ဖြတ်ခြင်း နတ်ဘုရားတစ်ပါးနှင့်တူ၍ သူတို့၏ ဘေးပတ်လည်ရှိ ပြိုင်ဘက်များကို တစ်ချိန်လုံး အပြတ်ရှင်းနိုင်သည်။ မဟူရာမိစ္ဆာဘုရင်ဟူသော နာမည်ပြောင်သည် သူမနှင့် သင့်လျော်လွန်းလှ၏။
Chapter 323 : မင်းက လူလား သရဲလား
ဟွားဇယ်နှင့် သဘောတူညီမှုယူပြီးသည့်နောက်တွင် ကျင်းယွင်ကျောင်းသည် လူရှုပ်သောနေရာများ၌ မနေချင်သောကြောင့် ဘား၏ အနောက်ပေါက်မှ ထွက်လာခဲ့၏။
သို့ရာတွင် ဘား၏ အပြင်ဘက်တွင်မူ မှောင်မည်းမနေတော့ဘဲ မနက်အရုဏ်တက်၍ နေအလင်းရောင်ပင် ထွက်ပေါ်နေပြီဖြစ်သည်။
ကျင်းယွင်ကျောင်းသည် တစ်ညလုံး မအိပ်လိုက်ရသော်လည်း သူမကဲ့သို့ ကျန်ဝမ်ရှန်းသည်လည်း ညလုံးပေါက် ထိုကိစ္စကို စဥ်းစားနေ၍ အိပ်မပျော်ပေ။ သူသည် မဟူရာသစ်နက်၏ ရက်စက်ကြမ်းကြုတ်ပုံကို သိထားသောကြောင့် မတော်တဆ လက်လွန်၍ ကျင်းယွင်ကျောင်းအား သတ်မိသွားမည်ကို စိုးရိမ်နေသော်လည်း တစ်ချိန်တည်းမှာပင် ကျင်းယွင်ကျောင်း၏ လှပသောရုပ်ရည်ကြောင့် မဟူရာသစ်နက်က သူမအား လွှတ်ပေးလိုက်မည်ကိုလည်း စိတ်ပူနေ၏။
ကျင်းယွင်ကျောင်းက သူ့ရဲ့ရုပ်လှလှလေးကိုအသုံးချ၊ မဟူရာသစ်နက်ကို မြူဆွယ်ပြီး ငါ့ကို အတိုက်အခံ ပြန်လုပ်ခိုင်းရင်ရော။ ငါတော့ ငါးပါးမှောက်တော့မှာပဲ။
သို့သော် သေသေချာချာ စဥ်းစားပြီးသည့်နောက် သူသည် ကျင်းယွင်ကျောင်း၏ ခြေလက်များကို ချိုးရန်အတွက် မဟူရာသစ်နက်အား ယွမ်သုံးသိန်းပေးထားပြီးသားဖြစ်ရာ ထိုသို့မဖြစ်နိုင်ကြောင်း ကျန်ဝမ်ရှန်း ခံစားလိုက်ရ၏။ ယခု မဟူရာသစ်နက်သည် လူအင်အားအများအပြားသုံးရန် လိုအပ်လျှင်တောင်မှ သူပေးထားသော ပမာဏသည် ကုန်ကျစရိတ်ထက်ပင် ပိုများနေသေးသည်။ ထိုမျှသာမက မဟူရာသစ်နက်က ကျန်ဝမ်ရှန်း ပေးသောငွေများကို လက်ခံပြီးသားဖြစ်ရာ သူသာ ပေးထားသော တာဝန်ကို ကျေအောင်မလုပ်နိုင်ပါက သူ၏ နာမည်ဂုဏ်သတင်းနှင့် ပုံရိပ်သည် သေချာပေါက် စွန်းထင်းသွားလိမ့်မည်ဖြစ်၏။
ထို့ကြောင့် ကျန်ဝမ်ရှန်းသည် အာရုံတက်သည်နှင့် အိပ်ရာမှထ၍ မျက်ကွင်းများမှာလည်း ညိုမဲနေကာ မဟူရာသစ်နက် ဖုန်းခေါ်လာမည်ကို စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေသည်။
မကြာမီ မိုးစင်စင်လင်းတော့မည်ဖြစ်၍ မူလပထမလက်ဖက်ရည်ဆိုင်၏ တံခါးများကို ဖွင့်ထားသော်လည်း ဧည့်သည်မရှိသည့်အတွက် ဝန်ထမ်းများလည်း မရောက်လာကြသေးရာ လက်ဖက်ရည်ဆိုင်သည် အေးစက်၍ ခြောက်ကပ်နေ၏။
"ဒီကောင် မဟူရာသစ်နက်ကတော့ကွာ၊ ဘာလို့ ငါ့ကို အခုထိ မဆက်သွယ်သေးတာလဲ"
ကျန်ဝမ်ရှန်းက စိတ်ရှုပ်နေသော မျက်နှာထားဖြင့် ရေရွတ်ညည်းတွားလိုက်သည်။
ထိုအချိန်၌ ကျင်းယွင်ကျောင်းသည် လက်ဖက်ရည်ဆိုင်ထဲသို့ ဝင်လာ၏။
ကျန်ဝမ်ရှန်းက လူတစ်ယောက် ဝင်လာသံကြား၍ ခေါင်းမော့ကြည့်လိုက်ရာ နေရာ၌ပင် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ တောင့်တောင့်ကြီး ရပ်နေမိသည်။
ဘာတွေဖြစ်နေတာလဲ။ ကျင်းယွင်ကျောင်းက ဘာလို့ ဒီကိုရောက်နေတာလဲ။
ပြီးပြည့်စုံ၍ အပြစ်အနာဆာကင်းစင်သော မျက်နှာသည် လူအများ မျက်နှာမလွှဲနိုင်လောက်အောင်ပင် လှလွန်း၏။ တစ်ခုတည်းသောပြဿနာမှာ ကျိုးသွားပြီဟု ထင်ထားသော သူမ၏ခြေလက်များက အကောင်းပကတိရှိနေခြင်းပင်။ ဆိုင်ထဲသို့ ဝင်လာပြီးနောက် ကျင်းယွင်ကျောင်းက ကျန်ဝမ်ရှန်အား လျစ်လျူရှု၍ ဆိုင်ထောင့်ရှိ စားပွဲတစ်ခု၌ သရဲတစ်ကောင်အလား ဝင်ထိုင်လိုက်သည်။
သရဲလား။ မဖြစ်နိုင်ဘူး မဟုတ်လား။
ထိုသို့တွေးမိလိုက်သည်နှင့် ကျန်ဝမ်ရှန်းသည် ကြောက်ချွေးများ ရွှဲနစ်လာ၏။
သို့ရာတွင် ဤကဲ့သို့ နေသာ၍ လင်းထိန်နေသော နေ့တစ်နေ့၌ သရဲတစ်ကောင်က အဘယ်ထွက်လာရဲမည်နည်း။
ကျန်ဝမ်ရှန်းသည် မကောင်းမှုကျူးလွန်ထားသူဖြစ်ရာ အလိုလိုစိတ်မလုံဖြစ်နေ၍ ယခု ကျင်းယွင်ကျောင်းက ခံစားချက်မရှိသည့် အေးစက်စက်မျက်နှာဖြင့် ဤနေရာသို့ရောက်ရှိလာပြီး အသံတစ်ချက်မှပင် မထွက်ရာ သူသည် သူမအား အမှန်တကယ်ပင် မကောင်းဆိုးဝါးဝိညာဥ်တစ်ကောင်ဟု တွေးလိုက်ပြီး တုန်တုန်ယင်ယင် ဖြစ်လာတော့သည်။
အစောပိုင်းက သူသည် လက်ဖက်ရည်ဆိုင်ထဲ၌ တစ်ယောက်တည်းဖြစ်နေသောကြောင့် လေဝင်လေထွက်ကောင်းစေရန် ပြတင်းပေါက်များဖွင့်ထား၏။ ထို့ကြောင့် လေအဝေ့၌ လက်ဖက်ရည်ဆိုင်ထဲရှိ ခန်းဆီးစများသည် တဖျတ်ဖျတ် ခါယမ်းနေသည်။
တစ်ဖက်၌ ကျင်းယွင်ကျောင်းသည် လက်ဖက်ရည်ဆိုင်သို့မလာမီ သူမ၏ နေရာလွတ်နယ်မြေထဲသို့ဝင်၍ ကန်ထဲ၌ ရေချိုးခဲ့သောကြောင့် သူမ၏ ပုံပန်းသွင်ပြင်မှာ အနည်းငယ် မသပ်မရပ်ဖြစ်နေ၏။
ထို့ကြောင့် သူမ၏ အနက်ရောင်ဆံနွယ်ရှည်များသည် လေထဲ၌လွင့်နေပြီး ဝိညာဥ်တစ်ကောင်နှင့်တူနေရာ ကျန်ဝမ်ရှန်းအား အမှန်တကယ်ပင် ကြောက်ရွံ့တုန်လှုပ်သွားစေသည်။
ကျန်ဝမ်ရှန်းသည် အနီးနားရှိ စားပွဲတစ်လုံး၏ အရှေ့မှ ခွေးခြေခုံလေးတစ်လုံးကို ဆွဲယူ၍ ကျင်းယွင်ကျောင်းဆီသို့ တရွေ့ရွေ့ ချဥ်းကပ်လာ၏။
"မ...မင်းက လူလား...သရဲလား"
ထိုအခါ ကျင်းယွင်ကျောင်းက ခေါင်းမော့၍ သူ့အား တစ်ချက်ကြည့်လာသည်။
ထိုခဏ၌ ကျန်ဝမ်ရှန်းသည် သူ၏ တစ်ကိုယ်လုံးအား ရေအေးကန်ထဲ ပစ်ချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။ လူတစ်ယောက်၏ မျက်ဝန်းများသည် အဘယ်ကြောင့် ဤမျှနက်မှောင်အေးစက်၍ အသက်မဲ့နေပြီး ခံစားချက်တစိုးတစိမှပင် ရှိမနေသည်ကို သူ သိချင်မိ၏။ ထိုမျက်ဝန်းများအား ခပ်ဖျော့ဖျော့မျက်နှာ၊ နီစွေးနေသော နှုတ်ခမ်းများနှင့်တွဲဖက်ထားသည်။
တကယ်တမ်းတွင် ယခုအချိန်၌ ကျန်ဝမ်ရှန်းသည် အကြောက်တရားနှင့် အပြစ်ရှိစိတ်တို့၏ ထိန်းချုပ်မှုကို ခံနေရခြင်းသာဖြစ်သည်။ လက်တွေ့၌ ကျင်းယွင်ကျောင်းသည် မူလကတည်းက ခပ်ဖျော့ဖျော့ အသားအရေရှိ၍ သူမ ရွေးလိုက်သောခုံသည် ဆိုင်ထဲရှိအခြားခုံများထက် မှောင်ရိပ်ကျသော်လည်း ပြတင်းပေါက်များအကုန်ဖွင့်ထား၍ အလင်းရောင်ရှိနေသေးသည်ဖြစ်ရာ သူမ၏ပုံစံသည် ယခင်ကထက် ပို၍ နူးညံ့သိမ်မွေ့နေခြင်းပင်။ ကျန်ဝမ်ရှန်းအား စိုက်ကြည့်နေသည့် သူမ၏ အကြည့်များထဲတွင်လည်း သူ၏ အသုံးမကျမှုအား ကရုဏာသက်သည့် အရိပ်အယောင်များ ရောယှက်နေ၏။ သို့သော် ကျန်ဝမ်ရှန်းက သူမအား လူလား၊ သရဲလားဟု မေးလိုက်သောအခါ သူမသည် အမှန်တကယ်ပင် ဆွံ့အသွားတော့သည်။
နှုတ်ခမ်းများ နီစွေး၍ သွားများဖြူဖွေးနေခြင်းက သူမ၏ အပြစ်လား။
"ကျန်ဝမ်ရှန်း၊ ဒီနေ့ ကျွန်မကို ရှင့်ရဲ့လက်ဖက်ရည်ဆိုင်ထဲမှာ မြင်လိုက်လို့ လန့်နေတာလား"
ကျင်းယွင်ကျောင်းက ခပ်တိုးတိုး မေးလိုက်ရာ ကျန်ဝမ်ရှန်းက သူမအား လက်ညှိုးငေါက်ငေါက်ထိုး၍ ပြန်ပြောလာသည်။
"အဓိပ္ပါယ်မရှိပြောနေတာတွေ ရပ်စမ်း။ ဒါက အားလုံး မင်းရဲ့အပြစ်တွေပဲ။ ငါ့ရဲ့လက်ဖက်ရည်ဆိုင်ထဲကထွက်သွား။ ငါ မင်းကို မကြောက်ဘူး"
ထိုအခါ ကျင်းယွင်ကျောင်းက မျက်မှောင်ကြုံ့၍ တွေးလိုက်မိ၏။
ကျန်ဝမ်ရှန်းက တကယ်ပဲ ငါ့ကိုသေပြီးသားလို့ တွေးနေတာလား။
သူက ဆန်ကုန်မြေလေးဖြစ်နေတာ မဆန်းတော့ပါဘူး။
ထို့နောက် ကျင်းယွင်ကျောင်းက ခုံပေါ်၌ ဆက်ထိုင်ရင်း ပြောလိုက်သည်။
"အခုအချိန်ကစပြီး ရှင်ကြုံရတော့မယ့် ကံဆိုးမှုတွေကိုကြည့်ဖို့ ကျွန်မ ဒီနေရာကို ရောက်လာတာလေ"
စကားဆုံးသည်နှင့် သူမက ကျန်ဝမ်ရှန်းအား ခပ်ဖျော့ဖျော့ပြုံးပြလိုက်၏။ သို့ရာတွင် ကျန်ဝမ်ရှန်းအတွက်မှာမူ သူမ၏ အပြုံးသည် မကောင်းဆိုးဝါးဆန်လှ၍ လက်မောင်းနှစ်ဖက်၌ ကြက်သီးမွေးညှင်းများပင် ထလာသည်။
Chapter 324 : မကောင်းပြုထားသူသည် ကောင်းကောင်းမွန်မွန် မရှင်သန်သင့်
ကျန်ဝမ်ရှန်း၏ အမူအယာသည် ကြောက်ရွံ့ခြင်းနှင့် စိတ်ပျက်အားငယ်ခြင်းများ ရောယှက်သွားပြီး ထိုအချိန်မှာပင် လူတစ်စုသည် တံခါးမှ တရကြမ်းဝင်လာပြီးနောက် တစ်စက္ကန့်မှပင် တုံ့ဆိုင်းခြင်းမရှိဘဲ သူ့အား ဆက်တိုက် ရိုက်နှက်ကြတော့သည်။
ကျင်းယွင်ကျောင်းသည် ဘေးမှရပ်ကြည့်နေပြီး ကျန်ဝမ်ရှန်းက သူ၏ ခြေလက်များကို ကာကွယ်ထားခြင်းရှိ၊ မရှိ စောင့်ကြည့်နေ၏။
သူတို့ကြားရှိရန်ကြွေးမှာ ကိုယ်ရေးကိုယ်တာနှင့်သက်ဆိုင်သော ရန်ကြွေးတစ်ခုထက် မပိုပေ၊ သို့သော် သူသည် သူမ၏ ခြေလက်များကို မသန်မစွမ်းဖြစ်စေရန်အလို့ငှာ ရက်စက်သောနည်းလမ်းများကို အသုံးပြု၍ လက်စားချေရန်အထိ အဘယ့်ကြောင့် လိုအပ်သနည်း။ ဘုရားသခင်အား လိမ်ညာပါက ဘုရားသခင်က ခွင့်လွှတ်ပေးနိုင်သော်လည်း မိမိကိုယ်ကို လှည့်စား၍ ဖျက်ဆီးပါက အသက်ရှင်နိုင်လိမ့်မည် မဟုတ်ပေ။
ရောက်လာသောအုပ်စုတွင် လူများများစားစားမပါဘဲ ခုနစ်ယောက်သာရှိ၏။ သို့သော် သူတို့၏လှုပ်ရှားမှုများက လျင်မြန်ဖျတ်လတ်လှသည်။ ဆိုင်ထဲသို့ဝင်လာပြီးနောက် သုံးယောက်က ကျန်ဝမ်ရှန်းအား ရက်ရက်စက်စက်ရိုက်နှက်နေ၍ ကျန်လေးယောက်က ဆိုင်အတွင်းပိုင်းအားဖျက်ဆီးခြင်းကို အာရုံစိုက်၍ လုပ်ဆောင်နေကြ၏။ သူတို့ ဤနေရာသို့မလာမီ ဟွားဇယ်က ကိစ္စများကို မြန်နိုင်သမျှ မြန်မြန်လုပ်ရန် မှာလိုက်သောကြောင့် သူတို့သည် ကျင်းယွင်ကျောင်းအား သတိထားမိသော်လည်း မည်သူကမှ သူမကို မောင်းမထုတ်ကြချေ။ ထို့အပြင် သူမသည် ယမန်နေ့ညက တစ်လမ်းလုံးရှိလူများအား အပြတ်ရှင်းခဲ့သော မဟူရာမိစ္ဆာဘုရင်မှန်းလည်း မည်သူကမှ သေချာပေါက် မှတ်မိကြလိမ့်မည် မဟုတ်ပေ။
ထိုလူခုနှစ်ယောက်လုံးသည် ဟွားဇယ်၏ နံဘေးရှိ ရက်စက်ကြမ်းကြုတ်သောလူများဖြစ်ကြ၍ မက်စ်များတပ်ထားကြသည်။ သူတို့၏ လှုပ်ရှားမှုများမှာ လျင်မြန်လွန်းလှပြီး ကျန်ဝမ်ရှန်းအား ကြမ်းပြင်၌ ဖိထားကာ ခွေးခြေတစ်လုံးကို ဆွဲယူလာပြီးနောက် သူ၏ခြေထောက်များအား ထိုခုံဖြင့် ရိုက်ချိုးတော့၏။ သူတို့သည် ထိုခွေးခြေခုံဖြင့် အကြိမ်ဖန်များစွာရိုက်နှက်၍ ကျန်ဝမ်ရှန်း၏ ခြေလက်များ သွင်သွင်ကျိုး၍ လုံးဝ သုံးစားမရတော့ကြောင်း အတည်ပြုပြီးမှသာ ဆိုင်ထဲမှ ထွက်သွားကြတော့သည်။
ထိုအခါ ကျင်းယွင်ကျောင်းက မသိမသာပြုံးလိုက်ပြီး သူမ၏ အကြည့်များမှာ မခန့်မှန်းနိုင်အောင်ပင် နက်နဲလွန်းလှ၏။
ယခင်ကနှင့်ယှဥ်ပါက သူမ၏ နှလုံးသားသည် ပို၍ မာကြောလာသကဲ့သို့ ခံစားနေရသည်။ ယခင်ဘဝက သူမသည် လူသတ်မှုဖြင့် ထောင်ကျခဲ့သော်လည်း ထိုလုပ်ရပ်သည် မိမိကိုယ်ကို ကာကွယ်ခြင်းသာဖြစ်၏။ ယခုအခါ သူမ၏ရှေ့ရှိလူသည် သူမကြောင့် ဤမျှ စုတ်ပြတ်သတ်သွားသည်အထိ ရိုက်နှက်ခံလိုက်ရသည်။ ထို့အပြင် သူမသည် သမားတော်တစ်ယောက်ဖြစ်သောကြောင့် ကျန်ဝမ်ရှန်း၏ ခြေထောက်သည် ပြန်ကောင်းမလာနိုင်တော့မှန်းလည်း သိထား၏။
သို့ရာတွင် သူမ နောင်တမရပေ။
ထိုလူများထွက်သွားသည်နှင့် အခန်းသည် ချက်ချင်း တိတ်ဆိတ်သွားသည်။ ထို့နောက် ကျင်းယွင်ကျောင်းက အပျက်အဆီးများကို ဖြတ်လျှောက်လာ၍ ကျန်ဝမ်ရှန်း၏ရှေ့၌ မတ်တပ်ရပ်လိုက်ပြီး သနားကြင်နာသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်၍ မေးလိုက်၏။
"ဦးလေးကျန်၊ နာလား"
ထိုအခါ ကျန်ဝမ်ရှန်းသည် အံကြိတ်၍ နာနာကျင်ကျင် ညည်းညူနေသော်လည်း သူ၏ အကြည့်များထဲ၌ အသနားခံမှု တစ်စွန်းတစ်စ ပါရှိနေသေးသည်။
"တကယ်လို့ ရှင်သာ ဒီလိုမျိုး ရှင့်ရဲ့ခြေလက်တွေအချိုးခံရတဲ့အရသာကို စောစောစီးစီးသိခဲ့ရင် ကျွန်မကို အခုလိုမျိုး ရက်ရက်စက်စက် အန္တရာယ်ပေးခိုင်းဦးမှာလားဆိုတာ ကျွန်မ သိချင်မိတယ်"
ထိုအခိုက်တွင် သူမ၏ အကြည့်များထဲ၌ အစောပိုင်းကရှိနေသည့် သူ့အပေါ် သနားကြင်နာမှုများ လုံးဝကွယ်ပျောက်သွား၍ ပုံမှန်အတိုင်း အေးစက်စက်မျက်ဝန်းများသာ ရှိနေ၏။
"ရှင့်ရဲ့လက်ဖက်ရည်ဆိုင် စီးပွားပျက်ရတဲ့အကြောင်းရင်းက ကျွန်မကြောင့်မှ မဟုတ်တာ။ ရှင့်ရဲ့စီမံခန့်ခွဲမှုညံ့ဖျင်းတာနဲ့ ရင်ကွဲမြက်ကို မှားထည့်တာကြောင့်လေ။ တကယ်တမ်း ပြောကြကြေးဆို ကျွန်မသာ အဲ့သည်လူသုံးယောက်ကို ကယ်ဖို့ ရောက်မလာခဲ့ရင် ရှင် သူတို့ကို နစ်နာကြေးပေးရမယ့်ပမာဏက ယွမ်ခြောက်သန်းတင် မဟုတ်ဘူးနော်။ အဲ့အတွက် ရှင် ကျွန်မကို ကျေးဇူးမတင်ရင် နေပါ၊ ဒါပေမယ့် ရှင်က မဟူရာသစ်နက်ကိုတောင် ငှားလိုက်သေးတယ်"
ထို့နောက် ကျင်းယွင်ကျောင်းက ရုတ်တရက်ပြုံးလိုက်၍ သူ့အား နှစ်သိမ့်လိုက်ပြန်သည်။
"ကောင်းတဲ့ဘက်ကကြည့်ရင်တော့ မဟူရာသစ်နက်က အခု ရှင့်ထက်တောင် အခြေအနေဆိုးသေးတယ်။ တာဝန်ကျေအောင် မလုပ်နိုင်လို့ သူ့ကိုအပြစ်မတင်ပါနဲ့။ သူ အကောင်းဆုံးကြိုးစားခဲ့ပါတယ်"
စကားဆုံးသည်နှင့် ကျင်းယွင်ကျောင်းက သူ့အား တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်လာခဲ့၍ လမ်း၌ နောက်ဆုံးလောကဝတ်ပြုသည့်အနေဖြင့် ဆေးရုံကားကို ဖုန်းဆက်ခေါ်ပေးလိုက်၏။
ထိုခြေလက်များသည် မည်သည့်နည်းနှင့်မှ ပြန်မကောင်းနိုင်တော့ပေ။ ထို့ကြောင့် သူသည် ကျန်ရှိသည့်ဘဝသက်တမ်း၌ ဒုက္ခိတတစ်ယောက်အဖြစ် ရှင်သန်သွားရမည်ဖြစ်သည်။
လက်ဖက်ရည်ဆိုင်ထဲမှထွက်လာပြီးနောက် သူမ ပထမဦးဆုံးလုပ်သည့်အရာမှာ သူမ၏ လည်တိုင်ပေါ်ရှိ ကျောက်စိမ်းဆွဲသီးလေးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်မိလိုက်ခြင်းပင်။
ထိုကျောက်စိမ်းဆွဲသီးလေးကြောင့်သာ မဟုတ်ပါက သူမသည် ဆေးပညာကို သင်ယူနိုင်မည်မဟုတ်သလို ကိုယ်ခံပညာကိုလည်း သင်ယူနိုင်မည် မဟုတ်ပေ။ အကယ်၍ သူမသာ ထိုအခြေအနေတွင် ကျန်ဝမ်ရှန်းနှင့် မဟူရာသစ်နက်အား အပြစ်ပြုမိပါက သူမသည် ယခင်ဘဝကထက် ပို၍ ဆိုးရွားသောဘဝမျိုးတွင် သေချာပေါက် နေထိုင်သွားရလိမ့်မည်။
တစ်နာရီခန့်ကြာပြီးနောက် ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်ထဲရှိ ဝန်ထမ်းများသည် အချင်းချင်း တီးတိုးအတင်းပြောနေကြ၏။
"ဟဲ့...ဘော့စ်ကျန်ကို လူတစ်ယောက်က ရိုက်သွားလို့တဲ့ ငါကြားလာတယ်။ ကြောက်စရာကောင်းချက်ပဲ၊ ဆေးရုံက ငါ့သူငယ်ချင်းပြောတာကတော့ သူရဲ့လက်ရော ခြေထောက်ရောက မသန်မစွမ်းဖြစ်သွားတာတဲ့"
"သူတို့ဆိုင်ကလည်း ဆိုးဆိုးရွားရွား အဖျက်ဆီးခံလိုက်ရတာတဲ့၊ အထဲက ပစ္စည်းတွေအားလုံးကလည်း ကျိုးပဲ့လို့တဲ့။ ပြီးတော့ ဘော့စ်ကျန် အရိုက်ခံနေရတာကို မမလေးကျင်းက ဆိုင်ရှေ့ကဖြတ်သွားရင်း တွေ့လိုက်တာလို့ ငါကြားတယ်။ မမလေးက ဆေးရုံကားကိုတောင် ဖုန်းဆက်ခေါ်ပေးလိုက်သေးတယ်တဲ့။ အဲ့လိုမှမဟုတ်ရင် သူ အဲ့ဒီနေရာမှာတင် ဘယ်လောက်ကြာကြာ လဲနေမယ်ဆိုတာ ဘယ်သူသိမှာလဲဟယ်"
"အဲဒါ ဟုတ်ရဲ့လား။ ခုနလေးတင်ကမှ ရဲက မမလေးရဲ့ထွက်ဆိုချက်ကို လာယူသွားတာ မဟုတ်လား။ မမလေး ကျင်း ပြောတာကတော့ သူက ဘော့စ်ကျန်ကို အဲ့လိုပုံစံမျိုးမြင်လိုက်ရတော့ အရမ်းကြောက်သွားတယ်တဲ့။ ပြီးတော့ အဲ့လူတွေက မက်စ်တွေတပ်ထားတာကိုပဲ မြင်လိုက်ရတော့ တရားခံကို အတည်မပြုနိုင်ဘူးတဲ့"
ထိုအချိန်၌ ကျင်းယွင်ကျောင်းသည် အပေါ်ထပ်၌ ထိုင်နေပြီး လက်ဖက်ရည်ကို စိတ်အေးလက်အေးသောက်ရင်း ထိုစကားဝိုင်းကို နားစွင့်နေသည်။